Friday, March 18, 2011

ရင်ခုန်သံအသစ် အချစ်စစ်လား


 

‘Hello, Hello, Hi’

‘အဲ ဒီမှာ ဒီမှာ’
“Yes”
‘Sorry, I think you are Burmese’
‘ခုနကမြန်မာလိုများပြောတာကြားမိသလိုလိုဖြစ်သွားလို့ sorry sorry’
မြန်မာလိုရော အင်္ဂလိပ်လိုပါ ရောထွေးပြောလိုက်မိသည်၊
“you are right ကျနော်ကမြန်မာတိုင်းရင်းသားတစ်ယောက်ပါ”
‘ဒါနဲ့များ လူကို ကြောင်အောင်လုပ်လိုက်တယ်’
“ကျနော် Yes လို့ပြောပါတယ်၊ ကဲထားလိုက်ပါတော့ ကျနော်နာမည် စောရဲလင်းသူ ပါ၊
ရှေ့ကလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်မှာလုပ်ပါတယ်၊ ဘာများအကူအညီလိုလို့လဲခင်ဗျား၊”
‘တို့နာမည်က ခင်မျိုးမြင့်သူ၊’ ‘အင်း အင်း’
“သြော် အစ်မက မြန်မာပြည်ကို စာထည့်မလို့လား၊ ဒီလိုပဲ ဒီ UN ရုံးချုပ်ကြီးကိုရောက်ကြရင် ရောက်ကြောင်းအမှတ်တရ ပို့စကဒ်လေးတွေ အိမ်ကိုပြန်ပို့လေ့ရှိကြပါတယ်”။
‘ခက်တော့တာပဲ တို့ကမြန်မာပြည်က မဟုတ်ဘူး စင်္ကာပူက၊’
“သြော်”
‘နောက်ပြီး မင်းက အစ်မ လို့ခေါ်ရအောင် တို့ကတော်တော်ကြီးနေလို့လား၊’
ရဲလင်းသူ ခုမှဒီကောင်မလေးကို အသေအချာကြည့်လိုက်မိသည်၊
“သြော် Sorry ကျနော်ခန့်မှန်းပြီး ပြောလိုက်တာပါ၊ ဟုတ်ကဲ့ တော်တော်မကြီးပါဘူး၊”
‘ဘာပြောတယ် နင်ငါကိုကြည့်ပြီးတော့’
“စိတ်မဆိုးပါနဲ့ အသက်ခန့်မှန်းချင်လို့ပါ၊ ကျနော်ကို သူသူ လို့ပဲခေါ်ပါ၊”
‘ဟွန်းခက်တော့တာပဲ’
“ဘာဖြစ်လို့လဲခင်ဗျာ”
‘တို့ကိုလဲ ခင်တဲ့သူတွေအားလုံးက သူသူ လို့ခေါ်တယ်၊’
“ဟာ စင်္ကာပူက သူသူနဲ့ ဒီ UNက သူသူတို့ တွေ့ကြပြီ၊ ကျနော်အင်္ဂလိပ်နာမည် ရှိပါတယ်၊ တိုနီတဲ့၊ ခေါ်တဲ့သူနည်းတယ်၊”
‘တိုနီ၊ တိုပြီးတော့နီ’
“ဟာ အစ်မ အဲလိုမပြောနဲ့လေ၊”
‘ဘာလာပြန်ပြီလဲ အစ်မ၊ နင်တို့ အမေရိကတို့ UN တို့ကလူတွေက ခန့်မှန်းပြီး ရမ်းတုတ်နေကြပါလား၊’
“မဟုတ်ရပါဘူး၊ Sorry ၊ ကျနော်ထက်တော့ နည်းနည်းကြီးမယ်ထင်တယ်၊ အသက်ပြောတာပါ၊
ရပ်နေတာကြာပြီ ဟိုကော်ဖီဆိုင်သွားရအောင် အမှတ်တရဖြစ်အောင် ကျနော်ကပဲတိုက်မယ်လေ၊”
‘ဟာ လာပြန်ပြီ အမှတ်တရ၊ အိုကေလေ၊’
“Sorry ကျနော်က အမှတ်တရ ပစ္စည်းရောင်းတဲ့ဆိုင်မှာလုပ်တာလေ၊”
UN ကော်ဖီဆိုင်တွင် စင်္ကာပူက သူသူနဲ့ အမေရိကက သူသူ တို့ထိုင်မိကြသည်၊
ရဲလင်းသူက နှစ်ယောက်လုံးအတွက် ရိုးရိုးကော်ဖီသွားယူလာခဲ့သည်၊

‘တို့ခုနက guide နဲ့ အပေါ်တစ်ပတ်လိုက်ကြည့်ပြီးပြီ၊ မြန်တာရယ်ကြည့်ချင်တဲ့နေရာလေးတွေသေချာ မကြည့်ခဲ့ရဘူး၊ တို့မေးတဲ့မေးခွန်းတွေကိုလည်း guide ကပြန်မဖြေနိုင်ပါဘူး၊ သူက guide ပဲလေ၊ policy ပိုင်းနဲ့ပတ်သက်ရင် ဘယ်သူမဆိုစာရေးလို့ရပါတယ်ဆိုပြီး လိပ်စာပေးတယ်၊ email ပို့လို့မရဘူးဆိုတယ်၊ ဘာမှမသေချာပဲနှင့် အောက်ပြန်ရောက်လာတာပဲ၊ အောက်မှာစာတိုက်နှင့် ဆိုင်တွေရှိတယ်ဆိုတာနဲ့ အောက်ကို ရောက်လာတယ်၊ မြန်မာလိုပြောတဲ့ သူတစ်ယောက်တွေတော့ တို့မေးချင်တာတွေမေးလို့ရပြီဆိုပြီး၊ ဝမ်းသာသွားခဲ့တယ်၊ အဲမှာနင်နဲ့တွေ့တာပဲ၊ အဆင်မပြေလိုက်ပုံများ၊ ကဲထားလိုက်တော့၊ နင်ကိုတို့က တိုတို လို့ခေါ်မယ်လေ၊’ ခင်မျိုးမြင့်သူက ရယ်၍ပြောလိုက်သည်၊
“ဟာမလုပ်ပါနဲ့၊ မကောင်းဘူး၊ ဒီလိုလုပ်လေ ကျနော်က အစ်မကို၊ Sorry Sorry၊ လေးစားတဲ့အနေနဲ့ မသူလို့ခေါ်မယ်၊ မသူက ကျနော့်ကို သူသူလို့ခေါ်ပေါ့၊”
‘UN ကလူလည်ကြီးရယ် မတရားဘူးထင်တယ်နော်၊’
“အဆင်ပြေအောင်လို့ပါ၊”
‘ဒီလိုလုပ် နင်ကတို့ကို မျိုးသူလို့ခေါ် တို့လက်ခံတယ်၊ တို့ကလည်းနင့်ကို ငသူ၊ နည်းနည်းမကောင်းဘူး၊ ကဲဒါဆို လင်းသူလို့ပဲ ခေါ်မယ်၊ ကောင်းတယ်မဟုတ်လား၊’
“ မျိုးသူ လင်းသူ ကောင်းပါပြီ မျိုးသူ၊ ဒါနဲ့ဘာလို့ တို့က တို့ကလို့ပြောရတာလဲ၊”
‘အွန်း၊ အဲဒါတော့မသိဘူး၊ တို့က အလယ်တန်းကျောင်းသူဘဝထဲက ပြောလာတာ၊ ဘာထူးဆန်းလို့လဲ၊ ဘာဖြစ်လို့မေးတာလဲ၊’
“ဘာမှမဟုတ်ပါဘူး၊ တို့က အဲယောင်လို့ ကျနော်ကဒီအတိုင်း မေးကြည့်တာပါ၊ ဗဒင်သီချင်းထဲကလို လိုက်ဆိုရင် ပြောတာမှတ်လို့”
‘အဲဒါပဲကြည့် UN ကလူတွေက ဘာမဟုတ်တာတွေကိုပဲ မေးနေကြတာ၊’
“ဟိုးဟိုး ကျနော်က UN မှာလုပ်တာ၊ UN ကမဟုတ်ဘူး၊ အမေရိက ကပါ၊ နယူးယောက် ကပါ၊”
‘အတူတူပဲ၊’
‘နယူးယောက်နှင့် ကယ်လီဖိုးနီးယားနဲ့ ဘာကွာလို့လဲ၊’
“East coast နှင့် West coast ကွာတယ်၊ ကျနော်ကတော့ နယူးယောက်ကာ ဖြစ်ရတာကို ဂုဏ်ယူတယ်၊” ပြောရင်းနဲ့ မျက်ခုံးမွှေးတွေကို အပေါ်ကိုပင့်လိုက်သည်၊
‘အဲဒါပြောတာမဟုတ်ဘူး၊ လူတွေဘာကွာသလဲမေးတာ၊’
“အမေရိကန်တွေတော့ မသိဘူး၊ မြန်မာတွေတော့ ကွာတယ်၊”
‘ဘယ်လိုကွာတာလဲ၊’
“အဲဒါကိုပြောရင် UN Secretariat building ကို အပေါ်ဆုံးထပ်ကနေ၊ အောက်ထိ လမ်းလျှောက်ဆင်းသလိုဖြစ်နေပါမယ်၊
အစ်မနေကြည့်၊ သိလိမ့်မည့်တဲ့၊” ပြောလည်းပြော ရယ်လည်းရယ်ဖြစ်သည်၊
‘လာပြန်ပြီအစ်မ၊’
“Sorry Sorry မျိုးသူ၊”
‘နင်တို့ UN တို့ အမေရိကတို့ ကလူတွေက Sorry Sorry နဲ့တော်တော်ပြောတာပဲ၊ အင်းလေ လွတ်လပ်စွာပြောခွင့်ရှိကြတာကိုး၊’
“မျိုးသူ စင်္ကာပူက အမျိုးသမီးတွေက စွာလားဟင်၊”
‘နင်က တို့ကို စွာတယ်လို့ပြောတာပေါ့လေ၊ စွာမှတော်ရုံကြမှာ၊ တရုတ်တွေကုလားတွေကြားထဲလုပ်နေရတာ၊’
“ဒီမှာလည်း ကုလားတွေအများကြီးပဲ၊ ဒါနဲ့ မျိုးသူက ဘာတွေသိချင်လို့လဲ၊ ကျနော်က အရောင်းစာရေးအဆင့်ပဲရှိတာ၊”
‘တတ်နိုင်ဘူးလေ၊ တို့လူပေါင်းမှားတာပေါ့၊ သိသလောက်ပဲပြောပေါ့၊ အပေါ်တစ်ခေါက်ပြန်တက်ချင်တယ် လင်းသူ၊’
“ဒါဆို မျိုးသူ အပေါ်တစ်ခေါက်ပြန်တက်ရအောင်စီစဉ်ကြည့်မယ်၊ ကျနော်လဲလိုက်မယ်လေ၊ နေဦး ကျနော်ဆူပါဗိုင်ဆာ နှင့် ကျနော့်အဒေါ်ကိုပြောရဦးမယ်၊ အဒေါ်ကပဲလုပ်ပေးလို့ရတာ၊ သူရဲ့ ဧည့်သည်ပေါ့”။

ရဲလင်းသူတစ်ယောက် ဘာဖြစ်လို့ ခုမှတွေ့ဘူးသော ကောင်မလေးတစ်ယောက်ကို အကူအညီပေးချင်နေလည်းမသိ၊ နောက်ပြီး ဒီကောင်မလေးက စင်္ကာပူမှာ နေရတာကို ဘဝင်မြင့်နေသည်ပုံစံ၊ စင်္ကာပူက အမျိုးသမီးတွေက ဟိုမရောက်ဒီမရောက် ခပ်ကြောင်ကြောင်ဆိုတာမှန်လောက်သည်၊
ရဲလင်းသူကတော့ ရွယ်တူ မြန်မာမိန်းကလေး တစ်ယောက်နှင့် စကားမပြောဖြစ်တာ တော်တော်ကြာသွား၍ဖြစ်မည်ထင်သည်၊ စိတ်ကိုလွတ်လပ်ခွင့်ပေးလိုက်တော့မည်၊ ဒီမှာရောက်၍ကြီးပြင်းလာသော သို့မဟုတ် ဒီမှာမွေးသော မြန်မာမိန်းကလေးတွေနဲ့ သူရင်မခုန်၊ စိတ်မကူးရဲ၊ အမေရိကန်မြန်မာဟိုက်စကူးကျောင်းသူတစ်ယောက်က သူ့သူငယ်ချင်းတွေကို၊ Amazing! ငါ့အမေကသူ့ဘဝတစ်လျှောက်လုံးမှာ ငါ့အဖေနဲ့ပဲချစ်ဘူးတာတဲ့ Oh I wonder! ဆိုတာတွေကိုတော့ ကိုယ်ကိုကိုယ်အတွေးသိမ်သည်လို့ပဲ၊ သဘောထားလိုက်ပါသည်၊ ဒီအသိုင်းအဝိုင်းမှာ ဒါမျိုးတွေကပုံမှန်ပင်ဖြစ်နေသော်လည်း၊ မြန်မာစရိုက်နည်းနည်းကျန်နေသောသူ့အတွက် အဖြစ်တစ်ချို့ကိုသူလက်ခံ၍မရ၊ You r crazy, it is not big deal, what up ဆိုပေမဲ့၊ သူ့ရဲ့အားနည်းချက်ပင်ဖြစ်သည်၊ ရောမပြည်ရောက်ပြီး ရောမလိုမကျင့်နိုင်ခဲ့။
…………………………………………………………………………………………….

အားလုံးစီစဉ်ပြီးသွား၍ ရဲလင်းသူတစ်ယောက် ဆိုင်တွင်စောင့်နေသော ခင်မျိုးမြင့်သူကို လာခေါ်သည်၊

ကျနော်တို့သွားကြရအောင်၊
အပေါ်သို့တက်လာခဲ့သည်၊ ဧည့်စားပွဲရှေ့တွင် လူဆယ်ယောက်လောက် ရှိသော အဖွဲ့Group ဆီသို့ ခင်မျိုးမြင့်သူကို ခေါ်လာခဲ့သည်၊
“မျိုးသူ ဒီအဖွဲ့က ဝန်ထမ်းတွေရဲ့ဆွေမျိုးတွေကိုလိုက်ပို့တဲ့အဖွဲ့ဖြစ်တယ်၊ ဒီအဖွဲ့နဲ့လိုက်တော့ ကိုယ်ဟာကိုယ်ရှင်းပြ အချိန်ယူလို့ရတယ်၊ နည်းနည်းလွတ်လပ်ပါတယ်၊”
‘ကျေးဇူးပဲ လင်းသူရေ’၊
“ဟေး အယ်နီ၊ ဟေး သူသူ”၊ guide လုပ်မဲ့သူက ရဲလင်းသူကိုနူတ်ဆက်လိုက်သည်၊
“သူကကျနော်တို့ကို ဦးဆောင်ခေါ်သွားမှာ၊ ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံရေးအရ ကျနော်တို့စာရင်းပေးရပါလိမ့်မယ်၊” ရဲလင်းသူက ပြောလိုက်သည်၊
‘တို့စိတ်ဝင်စားတာက ညီလာခံကျင်းပတဲ့နေရာ၊ လူအခွင့်အရေးစာတမ်းတွေနေရာ၊ ယူနက်စကိုနဲ့ပတ်သက်တဲ့နေရာတွေပါ လင်းသူ၊’ ခင်မျိုးမြင့်သူက ရဲလင်းသူကိုကြည့်ပြီးပြောလိုက်သည်၊
“ဟုတ်ကဲ့၊ အဲဒီနေရာတွေကြရင် ကျနော်တို့ အသေးစိပ်ကြည့်ကြတာပေါ့”။
ရဲလင်းသူက “စကားမစပ်၊ မျိုးသူ ဒီကိုရောက်တာကြာပြီလား၊”
‘အစ်ကိုနောက်လိုက်ပြီးလာလည်တာ၊ ဒီနေ့ဆိုသုံးရက်မြောက်၊ ဆယ်ရက်လောက်နေမယ်စိတ်ကူးတယ်၊ Liberty တို့ Time square နှင့် Empire State တို့ရောက်ပြီးပြီ၊ အစ်ကိုလိုက်ပို့တာပါ၊ ၊ အစ်ကိုကအလုပ်နဲ့ဆိုတော့၊ လိုက်မပို့ပေးနိုင်ဘူး၊ ဒါကြောင့် ဒီနေ့တစ်ယောက်ထဲဒီကိုရောက်လာတာ၊ လိုက်မယ်ဆိုကတည်းက NY တင်ပဲဆိုတဲ့ ကတိပေးလိုက်ရတယ်၊ Tour နဲ့ လိုက်မယ်ဆိုတော့လည်း တစ်ယောက်ထဲမလွတ်ဘူးတဲ့၊ နောက်တစ်ခေါက်မှာ ကိုယ်ဟာကိုယ် လာဖြစ်အောင်ကြိုးစားမယ် တစ်လလောက် အမေရိက အနှံလျှောက်လည်မယ်၊’ ခင်မျိုးမြင့်သူ ပြန်ဖြေလိုက်သည်၊

‘ဒါနဲ့ လင်းသူက ဖားအံဘက်ကလား’ ခင်မျိုးမြင့်သူ မေးလိုက်သည်၊
“မျိုးသူကျနော်နာမည်ကြည့်ပြီး ကရင်တွေဆို ဖားအံကလို့ ပြောလိုက်တာမဟုတ်လား၊ ဒါကြောင့်ပြောကြတာ စင်္ကာပူက လူတွေကို နည်းနည်းလေးသိတာနဲ့ အကုန်လုံးသိသလိုလို ဘာလိုလို ညာလိုလို ဆရာကြီးတွေလုပ်၊ ဆရာမကြီးတွေလုပ်နေကြတာ၊ ကျနော်ပြောတာမဟုတ်ဘူးနော် လူတွေပြောကြတာ၊” လင်းသူက အကွက်မိသွားတဲ့လေသံနဲ့ ပြောလိုက်သည်၊
‘ဒါလေးမှားသွားတာကို နင်က တို့ကိုပြန်ခြေတယ်ပေါ့လေ၊ ငါတို့ စင်္ကာပူကအဲလိုမဟုတ်ပါဘူး၊ အင်း တစ်ချို့တော့ဖြစ်ပါလိမ့်မယ်၊’
“ဟဲဟဲဟဲ၊” ရဲလင်းသူ သဘောကျစွာရယ်နေသည်၊
“ကျနော်က ရန်ကုန်ကပါ၊ ကြို့ကုန်းသား၊ ကြို့ကုန်းမှာမွေး ကြို့ကုန်းမှာကြီးတာ၊ ကျောင်းတက်တော့ မရမ်းကုန်း ၁ မှာတက်တယ်၊ ဒီကို ရှစ်တန်းအောင်ပြီးမှ ရောက်လာတာပါ၊ နောက်ပြီးကျနော်က ကရင်တစ်ဝက်ပဲပါတာ၊ အဖေက မော်လမြိုင် ကမာဝက်က၊ BPI မှာလုပ်တယ်၊ အမေက ခဝဲခြံက၊ အဖေက မွန်တရုတ်၊ အမေက ကရင်၊ ကျနော်က မြန်မာဖြစ်သွားရော၊ ကျနော်မှာ အစ်ကိုတစ်ယောက်ရှိတယ် သင်္ဘောလိုက်နေတယ်၊ သူကတော့ သူကိုယ်သူ တရုတ်သိပ်ဖြစ်ချင်တာ၊ အိမ်နာမည်တောင် အန်းကူ လို့ပေးထားတယ်၊ နောက်တော့ ကရင်ဆရာဝန်မလေးနဲ့လည်းရရော ကရင်ဖြစ်သွားရော၊”
ဟာဟာဟား၊ နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိကြသည်၊
“ကျနော်ဒီကိုရောက်လာဖြစ်ပုံကလည်း၊ ဒီမှာ ကျနော်အဒေါ်ရှိတယ်၊ သူ့ယောက်ျားရော သူရော UN မှာလုပ်ကြတယ်၊ အဒေါ်က အရာရှိကြီးပါ၊ ဟဲဟဲကြွားတာ၊ သူတို့မှာ ကလေးမရှိဘူး၊ ဒါနဲ့ကျနော်လည်းမွေးစားသားဖြစ်ပြီး ဒီကိုရောက်ရော၊ ရောက်ရောက်ခြင်း ပြောမနေနဲ့ တွေ့လိုက်ရတဲ့ အခက်အခဲ၊ ကျနော်က အင်္ဂလိပ်လိုတော်တော်ညံ့တာ၊ ဒါပေမဲ့ကြာလာတော့ အဆင်ပြေသွားရော၊” ရဲလင်းသူ ပြောရင်းနဲ့ပြုံးနေမိသည်၊
‘တို့ကလည်း ရန်ကုန်ကပဲ၊ ဗိုလ်တစ်ထောင်က၊ ဒါပေမဲ့ တို့ကရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတာဟုတ်ဘူး၊ ရန်ကုန်မှာအခြေချကြတာ၊ တို့ကိုတောင်ကြီးမှာမွေးတာ၊ အဖေကလခစားဆိုတော့ အမြဲတမ်းပြောင်းနေရတယ်၊ အဖေက အင်းလေးက၊ အမေက မန္တလေးက၊ တို့လည်းမြန်မာဖြစ်သွားရော၊ ဟားဟားဟား၊’
သဘောကျစွာပြောနေသော ခင်မျိုးမြင့်သူကို ရဲလင်းသူတစ်ယောက် သေချာကြည့်နေမိသည်၊
‘ဒီလိုနဲ့ ဆယ်တန်းအောင်ရော၊ စင်္ကာပူမှာ ပေါ်လီတက်ကနစ်ကျောင်းတက်ဖြစ်ရော၊ နင်ပြောသလို တို့လည်း ရောရောနေပြီ ဟားဟားဟား၊ တို့ပေါ်လီပြီးလို့ အလုပ်လုပ်နေတာ လေးနှစ်ကျော်ပြီ၊’
“ဒါဆို မျိုးသူ ငွေတော်တော်စုမိနေပြီပေါ့၊” ရဲလင်းသူမေးလိုက်သည်၊
‘တို့လား စုထားတာ ရန်ကုန်မြို့တောင်ဝယ်လို့ရနေပြီ၊ နောက်တာ အသင့်တင့်တော့ရှိပါပြီ၊ ဘွဲ့တစ်ခုရအောင် ကျောင်းတက်မလို့လေ၊’ ခင်မျိုးမြင့်သူ ပြန်ဖြေလိုက်သည်၊
“ဟဟ ဒါဆိုကျနော်နဲ့ အတူတူပဲ၊ ကျနော်လည်း city college ပြီးထားတာ၊”

ထိုအချိန်တွင် ကျနော်တို့ အလှည့်ရောက်ပြီ ဖြစ်ကြောင်း အယ်နီ လာခေါ်သည်၊ ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် အယ်နီနောက်ကိုလိုက်ခဲ့ကြသည်။

………………………………………………………………………………………………………..


“ဒါက လက်ရှိ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ပုံတူ၊

ဒါက အထွေထွေအတွင်းရေးမှူးတွေရဲ့ ဓါတ်ပုံတွေ၊ ဦးသန့်ပုံလည်းပါတယ်၊ အီရန်က လုပ်ပေးထားတာ၊”
‘ခုလို guideက မြန်မာလို ရှင်းပြပေးတဲ့အတွက်၊ ကျမကလည်းကျေးဇူးတင်ပါတယ်လို့ ဟီဟီ၊’
“မျိုးသူကလည်း မနောက်နဲ့လေဗျာ၊”
‘အင်းပါအင်းပါ၊ တော်ကြာစိတ်ဆိုးပြီး ရှင်းပြမဲ့သူမရှိလို့ နောက်တစ်ခေါက် တက်ရကျိုး မနပ်ပဲနေပါဦးမယ်၊’
ပြောရင်းကြည့်ရင်းနဲ့ပင် အထွေထွေညီလာခံကျင်းပသည့်နေရာရောက်လာသည်၊
‘ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးတစ်ဦးက အထွေထွေအတွင်းရေးမှူးဖြစ်ဘူးတာကို ဂုဏ်ယူမိတယ်၊’ ခင်မျိုးမြင့်သူက ပြောလိုက်သည်၊
“ကျနော်လည်း အဲလိုပဲ၊ မျိုးသူ ဟိုမှာတွေ့လား Myanmar လို့ရေးထားတာ၊ မြန်မာကိုယ်စားလှယ်တွေထိုင်တဲ့နေရာ၊
ဒီနေရာတွေကတော့၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း၊ အစိုးရလို့အသိအမှတ်အပြုမခံရတဲ့သူတွေနဲ့၊ လေ့လာသူတွေ၊ အငြင်းပွားနေဆဲသူတွေရဲ့ ကိုယ်စားလှယ်တွေထိုင်တဲ့နေရာ၊ ဥပမာ တိုင်ဝမ်၊ ပါလက်စတိုင်း၊ ကိုဆိုဗို စသဖြင့်ပေါ့၊ မဲပေးပိုင်ခွင့်မရှိဘူး၊” ရဲလင်းသူဆက်ပြောနေသည်၊
‘အဲဒီစင်မြင့်ပေါ်မှာ ခုပြဿနာဖြစ်နေတဲ့ ကဒါဖီ အရှည်ကြီးတက်ပြောသွားတာ၊ နောက်ပြီး အီရန်သမ္မတ၊ ဒီမှာက ပြောဘို့အချိန်သတ်မှတ်ပေးထားတာ၊ အဲဒီအတွက် ထုချေလွှာတွေ တင်လိုက်ကြရတယ်၊ ဒီနေရာလေးက အမေရိကန်နှင့် သူရဲ့မဟာမိတ်တွေ ထပြီးလျှေက်ထွက်သွားတဲ့လမ်း၊ သတင်းထောက်တွေက ဒီနေရာကိုချိန်ထားပြီးဖြစ်တယ်၊ ဒါမှသူတို့ ဆန္ဒပြတာသိမှာပေါ့၊”

‘လင်းသူ တို့ Myanmar ဆိုတာနဲ့ ဓါတ်ပုံရိုက်ချင်လို့၊’ ခင်မျိုးမြင့်သူ အရေးဆိုလိုက်သည်၊
“ဟုတ်ကဲ့ ကျနော်ရိုက်ပေးမယ်၊” ရဲလင်းသူတစ်ယောက် ခင်မျိုးမြင့်သူကို ဓါတ်ပုံနှစ်ပုံလောက်ရိုက်ပေးလိုက်သည်၊
‘“မင်းတို့ကို ငါရိုက်ပေးမယ်၊’” ပြောလိုက်သူက လုံခြုံရေး ဂျွန်ဖြစ်သည်၊
“ဟေးဂျွန်၊ ကျေးဇူးပဲ၊”
ရဲလင်းသူနှင့် ခင်မျိုးမြင့်သူတို့နှစ်ယောက် ညီလာခံစင်မြင့်ကို နောက်ခံထား၍ ဓါတ်ပုံရိုက်ဖြစ်ကြသည်။

‘လင်းသူရေ ဒီနှစ်ကို UN က 2011 International Year of Forests လို့သတ်မှတ်ထားတယ်၊ ဒါပေမဲ့ ခုကြည့်လာရတဲ့ ဆင်စွယ်တွေနဲ့ လုပ်ထားတဲ့ တရုတ်ပြည်က ပန်းပုလက်ရ ကတော့ ပြသလို့မကောင်းဘူးလို့ထင်တယ်၊ သစ်တောတွေထဲမှာ နေထိုင်တဲ့ ဆင်အကောင်ပေါင်းများစွာကို သတ်ပြီးမှ ဒီဆင်စွယ်ရုပ်ထုကြီးဖြစ်လာရတာ၊ ဟိုတိရိစ္ဆာန်အခွင့်အရေးသမားတို့ ဘာတို့က ဆန္ဒတွေမပြကြဘူးလား၊’
“ကြားတော့ကြားပါတယ်၊” ရဲလင်းသူပြန်ဖြေလိုက်သည်၊
‘ဘယ်လိုပဲဖြစ်ဖြစ်လေ၊ တရုတ်ပြည်က လောလောဆယ် အင်အားကြီး၊ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာ သုံးလို့ရတယ်ဆိုတော့၊ နားလည်လိုက်ပါတယ်၊’
‘နောက်ပြီး ကာရေဗီယံ ပစ္စည်းတွေကထားတော့၊ ယိုးဒယားက သူ့ Royal replica ကိုပြလို့ရအောင် နည်းမျိုးစုံ သုံးလိုက်တယ်ဆိုပဲ၊ UN နဲ့ လုပ်စားနေကြနိုင်ငံဆိုတော့ ဒီလောက်တော့ သူတို့အတွက် လွယ်လွယ်လေးပဲ၊’ ခင်မျိုးမြင့်သူ ဆိုလိုက်သည်၊
“အဲဒါလဲကြားလိုက်သလိုပဲ၊ မျိုးသူက တော်တော်သိတာပဲ၊” ရဲလင်းသူပြန်ပြောလိုက်သည်၊
‘အစ်ကို့ သူငယ်ချင်းပြောတာလေ၊ သူက ဒီ သတင်းနဲ့ပြန်ကြားရေးမှာလုပ်တယ်၊’
“ဒါဆို မျိုးသူ၊ UNHCR, UNESCO, UN Human Right တို့ကို ဘယ်လိုထင်သလဲ၊” ရဲလင်းသူမေးလိုက်သည်၊
‘မျှဝေယူနေကြတယ်လို့ထင်တယ်၊ လင်းသူ သေချာကြည့်လိုက်ပါ၊ ၂၆ နှစ်ရှိတဲ့ တို့သက်တမ်းမှာ UN ကကျမတို့ကို ထိထိရောက်ရောက် ဘာလုပ်ပေးခဲ့သလဲ၊ Nothing ၊ အကူအညီပေးတဲ့ စာရင်းထဲမှာ သေချာကြည့်လိုက် မြန်မာနိုင်ငံလောက် မလိုအပ်တဲ့ နိုင်ငံတွေ ရလိုက်ကြတာ၊ အစိုးရကြောင့်လို့ပြောလို့မရဘူး၊ direct အကူအညီပေးလို့ရတာတွေ အများကြီး၊ ဒါကတော့ တို့ကရတဲ့ဘက်ကပဲကြည့်တာကိုး UN policyကို တို့ကမသိဘူး၊’ ခင်မျိုးမြင့်သူ ဆိုလိုက်သည်၊
“UN အဲဒီအကြောင်းပြောရရင် ကိုယ်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်တော့မယ်၊ ကျနော်က UN မှာလုပ်ခဲ့ပါတယ်၊ ခုကျောင်းတက်ဘို့ ဆိုင်မှာဝင်လုပ်နေတာ၊ ကျောင်းပြီးရင်ပြန်လုပ်ဘို့ စိတ်ကူးရှိတယ်၊ UN ကလည်းတခြား office တွေလို office politic တော့ရှိတာပေါ့၊ တစ်ချို့နေရာတွေမှာ တော်တော်ပြင်းထန်တယ်၊ သူ့အုပ်စု ငါ့အုပ်စု ဖြစ်နေကြတာ၊ တကယ်တော့ လူအမျိုးမျိုး စရိုက်အမျိုးမျိုးကို စီမံခန့်ခွဲဘို့က သိပ်တော့မလွယ်ဘူး၊ နောက်ပြီး UNက စစ်နိုင်တဲ့နိုင်ငံတွေက စဖွဲ့ခဲ့ကြတာ၊ “The United Nations: From War to Development” ဆိုပြီး၊ ဒီလို အခြေအနေမျိုးရလာတာကိုပဲ အကောင်းဆုံးလို့ ကျနော်ထင်တယ်၊ အလုပ်ရဘို့လည်း သူအဆက်နဲ့သူ၊ လွဲချော်နေတာတော့ အများကြီးပဲ၊ တလောက နေရာရဘို့ အပေးအယူ တွေတောင်ဖြစ်သွားသေးတယ်၊ အရေးယူခံရတဲ့သူတွေလည်း မနည်းပါဘူး၊” ရဲလင်းသူဆက်ပြောနေသည်။
“တစ်ခါတစ်လေလည်း အလှူရှင် အကြိုက်လုပ်ရတာတွေရှိပါတယ်၊ တရားမျှတခြင်း Fair လို့ ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ Fair မဖြစ်တဲ့နေရာတွေ အများကြီးပါ၊ အဆိုးဆုံးထဲက အကောင်းဆုံးတွေ လုပ်နေကြတာလို့ပဲ အကောင်းမြင်လိုက်ပါ၊ ဒီမှာ နံရံမှာကပ်ထားတာတွေကတော့ The Universal Declaration of Human Rights ပဲ၊ ဘရာဇီးက Octavio Roth ကဒီဇိုင်းလုပ်ထားတာ၊ အခု ၃၀ ရှိတယ်၊”

‘ဟို စိတ်ဝင်စားမိတယ်၊ ဒီဟာလေးနဲ့ တို့ကို ဓါတ်ပုံရိုက်ပေး၊’
“အိုကေ၊ ရပြီ၊” ရဲလင်းသူတစ်ယောက် ခင်မျိုးမြင့်သူကို ဓါတ်ပုံရိုက်ပေးလိုက်သည်၊
“မျိုးသူရေ Declaration of Human Rights ဆိုတာ စလုပ်ကတည်းက အသံတွေထွက်ပေါ့၊ ကျနော် အထင်တော့ ဒီအချက် ၃၀ လုံးကို လိုက်နာတယ်နိုင်ငံဆိုလို့ ဘယ်နိုင်ငံမှ မရှိပါဘူး၊ ပိုဆိုးတာက ဒီနိုင်ငံက ချိုးဖေါက်တယ်လို့ပြောရင်၊ ဟိုနိုင်ငံကချိုးဖေါက်တာတော့ ဘာလို့မပြောသလဲ၊ အဲမှာ Fair ဆိုတာဝင်လာတာပဲ၊ ငါနဲ့တည့်သူက ချိုးဖေါက်ရင် ငြိမ်နေမယ်၊ ကိုယ်နဲ့မတည့်တဲ့သူဆိုရင် စွာကျယ်စွာကျယ်လုပ်ပြီ၊ အဲ့ဒီမှာ ဗီတိုအာဏာဆိုတာဝင်လာတာပဲ၊”
‘လင်းသူက ဒီအကြောင်းတော်တော်သိတာပဲ၊’ ခင်မျိုးမြင့်သူ မှတ်ချက်ချလိုက်သည်၊
“ဝင်လုပ်မလားဆိုပြီး လေ့လာထားတာပါ၊ UN မှာလုပ်ဘို့ဆိုပြီးတော့ မြန်မာဆန်ဆန် လေ့လာထားတာရှိတယ်၊ ဥပမာ 24 October ကိုသိရမယ်၊ First Secretary-General Trygve Lie ရယ်၊ Mrs. Roosevelt သူက Declaration of Human Rights ကိုကျေညာတာ၊ တို့ကိုသိရမယ်၊ နောက်ပြီး အတွင်းရေးမှုးတွေထဲမှာ တာဝန်ထမ်းဆောင်ရင်းသေသွားတဲ့ Dag Hammarskjold ကိုသိရမယ်၊ နောက်ဆုံး ဒီနေရာနှင့် အဆောက်အဦးကြီးကို လှူသွားတဲ့သူ Rockefeller family ကိုသိရမယ်၊ သူတို့ကြောင့် New York City မှာ UN က နေရာတစ်နေရာနဲ့ International territory ဖြစ်လာတာ၊”
‘ဟာများလိုက်တာ တော်ပြီ UN မှာမလုပ်တော့ဘူး၊ နေဦး လုပ်ချင်ရင်တော့ ပြန်လာခဲ့မယ်၊ ကူညီမယ်မဟုတ်လား၊’ ခင်မျိုးမြင့်သူ မေးလိုက်သည်၊
“လာခဲ့ပါ၊ ဆိုင်တွေမှာ နေရာလွတ်တွေရှိတယ်၊” ရဲလင်းသူပြန်ဖြေလိုက်သည်၊
‘တို့ကို မနောက်နဲ့နော် လင်းသူ၊’
ဟာဟာဟား၊ နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိကြသည်၊
သူတို့နှစ်ယောက် Security Council ဘက်ကိုကျော်လာခဲ့သည်။

‘တကယ် တို့က UNကိုသိပ်ကျေနပ်တာမဟုတ်ဘူး၊ ဝေဖန်လို့ရတယ်မဟုတ်လား၊ လွတ်လပ်စွာပြောခွင့်ရတယ် မဟုတ်လား၊’ တို့ကမြန်မာပြည်နဲ့ စလုံးကလာတော့ ရှေ့ပြောနောက်ကြည့်ရတယ်၊ ခင်မျိုးမြင့်သူ ဆိုသည်၊
“ဟုတ်ကဲ့၊ ရပါတယ် ရပါတယ်၊” ဆိုပြီး ရဲလင်းသူ ပြန်ဖြေလိုက်သည်၊
‘တို့ကတော့ မြန်မာပြည်ကို ထောက်ပံ့တယ်ဆိုတာ တလွဲတွေဖြစ်နေတယ်ထင်တာပဲ၊ အိမ်နီးချင်းနိုင်ငံတွေလက်ထဲရောက်ကုန်ရော၊ လွှတ်လိုက်တဲ့လူတွေကိုကြည့်ဦး၊ ကိုယ်ပြည်မှာ ဇာတ်ခွဲခြားမှုတောင်မနိုင် ပြဿနာသောင်းနှင့်ချီ ဒီလိုလူမျိုးတွေ၊ လူ့အခွင့်အရေး ပြား၃၀ တောင်မပြည့်၊ အရောင်ခွဲခြားမှုတွေ၊ လူမိုက်ဂိုဏ်းကြီးစိုး၊ ကြီးနိုင်ငယ်ညှင်းအများဆုံး နိုင်ငံကလူက မြန်မာပြည် ဘာဖြစ်တယ် ညာဖြစ်တယ် လာပြောနေတော့၊ ဘယ်လိုလုပ်ပြီးလေးစားရမလဲ၊ ဘာများလုပ်ပေးနိုင်မှာလည်း၊ အချိန်ကျလစာရ လခစားတွေပဲမဟုတ်လား၊’ ခင်မျိုးမြင့်သူ ဆက်ပြောနေသည်၊
‘ဝတ္တရားအရပြောနေရတာကို အဟုတ်ကြီးထင်နေကြတဲ့ သူတွေလည်းရှိတယ်၊’
‘ကြည့်လိုက်ပါဦး၊ ခုထိ ကမ္ဘာပေါ်မှာ၊ ကြိမ်ရိုက်ပြီးအပြစ်ပေးနေတဲ့ နိုင်ငံတွေ၊ မိန်ကလေး စာမသင်ရဆိုတဲ့ နိုင်ငံတွေ၊ ဘာသာပြောင်းခွင့်မရှိတဲ့ နိုင်ငံတွေ အဲဒါမျိုးတွေ အများကြီးပဲ၊ အဲဒါကြောင့်ပြောတာ Fair ဆိုတဲ့စကား ဖီဖာမှာတောင်မရှိဘူး၊’ ခင်မျိုးမြင့်သူ ပြောရင်းရပ်လိုက်သည်၊

“မျိုးသူပြောလိုက်တာနဲ့ ကျနော်တောင် ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီ၊ UN ဝန်ထမ်းတွေကို ဘယ်နိုင်ငံကလည်းလို့မကြည့်ပဲ၊ UN ကဆိုပြီးကြည့်ရင် အမြင်ရှင်းပါတယ၊် UN ဝန်ထမ်းကလည်း၊ ကိုယ်နိုင်ငံကိုမေ့ထားပြီး ငါ့ UNကလို့ပြုမူရင် ပိုကောင်းပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာမလွယ်ပါဘူး၊ ဒီ UNရုံးကြီးထဲမှာကိုက နိုင်ငံစွဲ၊ ဒေသစွဲတွေတော်တော်များပါတယ်၊ ဒီလိုပဲလေး ဒီတစ်ချို့ အခွင့်အရေးအခြေခံအချက်တွေက ခေတ်နဲ့အညီ ပြန်ဆန်းသစ်သင့်ပြီပေါ့၊ ကြာခဲ့ပြီကို၊ ခုမှပေါ်လာတဲ့ အင်တာနက်အခွင့်အရေးတို့ ဘာတို့ပါထည့်သင့်တာပေါ့၊ right to Internet access လဲ ဝီကီလိဒ်ပေါ်လာတာနဲ့ အဲဒီစလုပ်တဲ့ နိုင်ငံတွေကိုက ပိတ်ပင်မှုတွေလုပ်လာတယ်၊ တရုတ်တို့ မြန်မာတို့ဆို ဘယ်ပြောကောင်းမလဲ၊ အဆိုးရွားဆုံးပေါ့၊” ရဲလင်းသူ ပြောပြလိုက်သည်၊
“တရားတာကိုကြည့်မယ်ဆိုရင်၊ ဒီဓါတ်ပုံတွေကိုကြည့်လိုက် လူတွေသိန်းနဲ့ချီ အစုလိုက်အပြုံလိုက်သေသွားကြတယ်၊ Nagasaki နှင့် Hiroshima ပါ၊ စစ်ကြီးပြီးသွားအောင် ဒီလူတွေကိုသတ်လိုက်တာတဲ့၊ သတ်လိုက်တဲ့လူသတ်သမားလည်း အရေးယူမခံရဘူး၊ ဒီလူတွေဘက်ကကြည့် တရားသလား၊
ခုန ကျနော်ပြောသလိုပဲ အဆိုးဆုံးထဲက အကောင်းဆုံးတွေ လုပ်နေကြတာလို့ပဲ အကောင်းမြင်လိုက်ပါ၊ အဓိကကတော့ UNရဲ့ Millennium Development Goals တွေပြည့်ဘို့ရယ် စစ်ပွဲတွေရပ်ဘို့ပဲ၊ နောက်ဆုံး အရေးကြီးဆုံးကတော့ အလှူရှင်တွေ ထည့်ဝင်ငွေ မှန်မှန်ထည့်ဘို့ပဲ၊ အဲဒါမရှိပဲ ဘာမှလုပ်လို့မရဘူး၊” ရဲလင်းသူ ပြောရင်းရပ်လိုက်သည်၊
‘လင်းသူကိုကျေးဇူးတင်လိုက်တာ၊ အကုန်ပြောပြတာကို၊ စစ်နှင့်အမုန်းဟာလုံးဝမကောင်းဘူး၊’ ခင်မျိုးမြင့်သူ မှတ်ချက်ချလိုက်သည်၊
‘စစ်လည်းမကောင်းဘူး၊ အမုန်းလည်းမကောင်းဘူး၊ တစ်ချို့ အစိုးရကိုမကြိုက်ဘူး၊ ဆန့်ကျင့်တယ်၊ အဲဒီကနေတဖြေးဖြေး တိုင်းပြည်ကို ဆန့်ကျင့်တယ်၊ နောက်တော့ လူမျိုး၊ အကောင်းဘာမှမပြောတော့ဘူး၊ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးနှင့်မြန်မာကို မကောင်းပြောတာ အများဆုံးက မြန်မာလူမျိုးတွေပဲ၊ ရှက်ဖို့ကောင်းပါတယ်၊ အဟုတ်ကြီးလုပ်နေကြတာ၊’
ခင်မျိုးမြင့်သူပြောတာကို နားထောင်ရင်း ရဲလင်းသူ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်၊
“လွတ်လပ်စွာပြောခွင့်ရလို့ ဝေဖန်တဲ့သူတွေဟာ၊ အဝေဖန်ခံရဲရမယ်၊ ကိုယ်ကိုကိုယ်လည်း လွတ်လပ်စွာပြန်ဝေဖန်ရဲရမယ်၊ ကိုယ်မကောင်းတာကိုလည်းပြောရဲရမယ်၊ ဒါသမ္မတ အိုဘားမားပြောခဲ့တာပါ၊ အတိုက်အခံ ရီပတ်ပလင်ကင်တွေကိုပြောတာ၊” ရဲလင်းသူ မှတ်ချက်ပေးလိုက်သည်၊
ဒီလိုနဲ့ ရဲလင်းသူတို့နှစ်ယောက် အောက်သို့ပြန်ရောက်ရှိလာသည်။

………………………………………….

“ခု မျိုးသူ တည်းတဲ့နေရာပြန်တော့မှာပေါ့၊”
‘ဟုတ်တယ် တို့ အစ်ကိုနဲ့ ချိန်းထားတယ်၊ ညစာစားဘို့’
“မနက်ဖြန် ဘာအစီအစဉ်တွေရှိလည်း၊”
‘ပြတိုက်တွေလိုက်သွားမလားလို့ လင်းသူပါလာရင် သိပ်ကောင်းမှာပဲ၊ မနက်ဖြန်အားလား၊’
“ကျနော်မနက်ဖြန် ရက်အားပါ၊ လိုက်ပေးမယ်လေ၊ ဒါနဲ့ဘယ်ကိုသွားမှာလဲ၊”
‘တို့တော့ပျော်စရာကောင်းသွားပြီ၊ ဟိုလေ ရုပ်ရှင်ထဲကပြတိုက်ကိုသွားမယ်၊’




ခဏနားပါမည်၊
ဝထ္ထုဇာတ်လမ်းလေးတစ်ပုဒ်ပါ၊


အမည်တူများ၊ အကြောင်းအရာတူများရှိခဲ့လျှင်တိုက်ဆိုင်မှုသာဖြစ်ပါသည်၊


Sosegado 











တရုတ်ပြည်က ဆင်စွယ်ပန်းပုလက်ရ


 

The Universal Declaration of Human Rights



Nobel ဆု


ဆိုင်တွေ



19 comments:

အင်္ဂါဟူး said...

‘ဝတ္တရားအရပြောနေရတာကို အဟုတ်ကြီးထင်နေကြတဲ့ သူတွေလည်းရှိတယ်၊’
‘ကြည့်လိုက်ပါဦး၊ ခုထိ ကမ္ဘာပေါ်မှာ၊ ကြိမ်ရိုက်ပြီးအပြစ်ပေးနေတဲ့ နိုင်ငံတွေ၊ မိန်ကလေး စာမသင်ရဆိုတဲ့ နိုင်ငံတွေ၊ ဘာသာပြောင်းခွင့်မရှိတဲ့ နိုင်ငံတွေ အဲဒါမျိုးတွေ အများကြီးပဲ၊ အဲဒါကြောင့်ပြောတာ Fair ဆိုတဲ့စကား ဖီဖာမှာတောင်မရှိဘူး၊’

လွှတ်လိုက်တဲ့လူတွေကိုကြည့်ဦး၊ ကိုယ်ပြည်မှာ ဇာတ်ခွဲခြားမှုတောင်မနိုင် ပြသာနာသောင်းနှင့်ချီ ဒီလိုလူမျိုးတွေ၊ လူ့အခွင့်အရေး ပြား၃၀ တောင်မပြည့်၊ အရောင်ခွဲခြားမှုတွေ၊ လူမိုက်ဂိုဏ်းကြီးစိုး၊ ကြီးနိုင်ငယ်ညှင်းအများဆုံး နိုင်ငံကလူက မြန်မာပြည် ဘာဖြစ်တယ် ညာဖြစ်တယ် လာပြောနေတော့၊ ဘယ်လိုလုပ်ပြီးလေးစားရမလဲ၊

ကမ္ဘာပေါ်မှာ မြန်မာလူမျိုးနှင့်မြန်မာကို မကောင်းပြောတာ အများဆုံးက မြန်မာလူမျိုးတွေပဲ၊ ရှက်ဖို့ကောင်းပါတယ်၊

ဆက်ရန်လေးကိုမျှော်နေပါသေးသည်။

ကျောက်လင်းသူ said...

ကောင်မလေးနာမည်က မျိုးလင်းသူ မဟုတ်လို့ တော်ပါသေးရဲ့...
ကိုင်း..UN gift shop က ရဲလင်းသူရေ..ဒီတခါ ဘန်ကီမွန်းနဲ့ တွေ့ရင် ဖဲ မဖြစ်ကြောင်း..ပြောသာပြောဟေ့...
အရင်ဇတ်လမ်းလိုတော့ ဇွတ်ဇာတ်မသိမ်းနဲ့ ကိုဆုံဆီရေ့..

Anonymous said...

ဖတ်လို့ကောင်းနေတုန်းပါပဲ၊ စောင့်ရဦးမှာပေါ့
UN မှာအလုပ်ရနည်းလေးပြောပါဦး၊ မျှဝေယူချင်လို့၊
MM

ahphyulay said...

အင်း...
ဒီပို့ (စ)လေးကတော့  ဖတ်နေရင်းနဲ့ 
လွင်ပြင်ကျယ်ကြီးထဲ ရောက်သွားသလိုပဲဗျ.။
ကုလသမဂ္ဂ အဖွဲ့ ကြီးရဲ့ နောက်ကွယ်က တကယ့် 
အဖြစ်ကလေးတွေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။
မရောက်ဖူး မမြင်ဖူးတာတွေလည်း မြင်လိုက်ရတယ်။
ဇာတ်အိမ်တည်တာ ခိုင် တယ်လို့  မြင်တယ်ဗျာ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဓာတ်ပုံတွေကြည့်ရင်း ဇာတ်လမ်းရဲ့ ဆွဲခေါ်ရာကို လိုက်ပါသွားပါတယ်... UN ထဲ ရောက်ခွင့်ရလိုက်ပြီး အကြောင်းအရာတစ်ချို့သိခွင့်ရလိုက်လို့ ကျေးဇူးပါ။
တရားမျှတမှုအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးအတွင်းမျာတောင် Fair ဆိုတဲ့စကား ရှာမတွေ့မှတော့ ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာမှာ လိုက်ရှာရမယ် မသိ...

LP said...

ဇာတ်လမ်းကခုမှ အစကို၊ ဒါပေမဲ့တစ်ဝကြီးဖတ်လိုက်ရတယ်

nyan gyi said...

UN ဗဟုသုတတွေ နဲ့စထား၊ စောင့်ရဦးမှာပေါ့၊ ဘယ်လိုရင်ခုန်မလဲ

ဟန်ကြည် said...

ကောင်းတယ် အချစ်ဝထ္ထုဖြစ်ပေမယ့် နိုင်ငံတကာ ဗဟုသုတ UN နောက်ခံရယ် စာရေးသူရဲ့ အမြင်နဲ့ ရှုထောင့်ရယ်ပါ ရက်ဖောက်ထည့်ထားတော့ ရုပ်လုံးကြွနေတယ် ဆက်ရေးမှ ဆက်ဖတ်ဦးမယ်...

blackcoffee said...

ပြည်ပမှာ မြန်မာအချင်းချင်း ရိုင်းပင်းကူညီတာတွေ တွေ့ တော့ ဝမ်းသာတယ်ဗျာ...
ဆက်ရန်ကို မျှော်နေပါတယ်...
ဖတ်ရတာ ဗဟုသုတ ရတဲ့အပြင် စိတ်လဲဝင်စားလာတယ်။

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဇတ်လမ်းကအခြေခိုင်ခိုင်နဲ့ပျိုးထားပြီ-ဇတ်လမ်းတွဲတွေဖတ်
ရတော့မယ်ပေါ့-မရေးတာကြာပြီနော်-အင်း---
ကျနော်လည်းရောက်ဖူးချင်လိုက်တာ-
စင်္ကာပူကလူတွေကိုတော့တော်တော်ကလေးပြောထားတာ
ဘဲ-ဘာဘဲဖြစ်ဖြစ်မြန်မာတွေကိုတရားပွဲများများသွားကြ
တာတွေ့ ရပြီးဆရာတော်ဟောတဲ့တရားတော်တွေအတိုင်း
တော့တကယ့်“ကျင့်”ဖို့ လိုအပ်နေပါပြီ-(မကျင့်သေးတဲ့
သူများကိုဆိုလိုပါတယ်ခင်ဗျာ)

အဖြူရောင်နတ်သမီး said...

UN ရဲ့ လျှို့ဝှက်ချက်လေးတွေ..ဟိ
မြန်မာတွေများ..ပြောချင်ပါဘူး...
အင်္ဂါဟူးပြောသလိုပဲ...

မြစ်ကျိုးအင်း said...

မရောက်သေးတဲ့နေရာကို ထဲထဲဝင်ဝင် ပုံလေးတွေနဲ့ ဇာတ်လမ်းဆင်ထားတော့ ရသ နှစ်မျိုးရစေပါတယ်။
ဆက်ပါအုံး။

ယမင်း said...

စာတွေလည်းဖတ် ဓါတ်ပုံတွေလည်းကြည့်
ဆက်ရန်လည်းရှိ ဒီတစ်ခါ အမေရိက ပတ်ဦးမလား၊
ယမင်း

စော(အဝါရောင်မြေ) said...

အကိုက ဟိုမရောက်၊ ဒီမရောက်နှင့်တွေဖူးတယ်ထင်တယ်နော်။
ကျတော်တော့ ကိုယ်နေထိုင်နေတဲ့ ကမ္ဘာပေါ်က မြေနေရာတစ်ခုလို့ ပဲထင်ပါတယ်။
ပြီးရင်တော့ သေဘို့ လဲ တစ်နေရာရာ ဖြစ်ဦးမှာပေါ့လေ။

noblemoe said...

ဗဟုသုတတွေပိုစ့်လေး
ဆက်ရန်ကိုမျှော်နေကြောင်းပါ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မြတ်မွန် said...

စောင့်ဖတ်နေပါတယ် ကိုဆိုဆီ..
မျက်ဝန်းလဲ့ပြာရီလို ဇာတ်လမ်းတွဲကြီးပဲလားဟင်..
ညန်ညန်ရေးနော်..။

ကိုဇော် said...

ကမ္ဘာပေါ်မှာ မြန်မာလူမျိုးနှင့်မြန်မာကို မကောင်းပြောတာ အများဆုံးက မြန်မာလူမျိုးတွေပဲ၊ ရှက်ဖို့ကောင်းပါတယ်၊

ဒီစကားကိုတော့ အတော်ကို နှစ်သက်တယ်ဗျို့။ ကိုယ့်ရင်ထဲက ပြောချင်နေတဲ့ စကားကို ဝင်ပြောပေးသွားသလိုပဲ။ ဇာတ်လမ်းဆင်ထားတာရော ၊ ဗဟုသုတ ထည့်ထားတာရောတော့ နောက်ဆက်ရန်ကို မျှော်တလင့်လင့် ဖြစ်နေစေတာပဲ။ မျှော်လျက်. . .

လင်းခေတ်ဒီနို said...

သိပ်ကောင်းတယ် အရေးအသားတွေ အတွေးအမြင်တွေ ဖတ်ရတာတချက်မှ အာရုံလွင့်သွားတယ် မရှိဘူး သိပ်ကောင်းတယ်ဗျာ

ခင်မင်စွာဖြင့်
ဗညားရှိန်

pandora said...

ဖတ်ရတာ ဗဟုသုတတွေလည်းရတယ်။ မျက်စိထဲလည်း ပေါ်လွင်လာတယ်။
ဆက်ဖတ်နေပါမယ်။
အသစ်တက်တိုင်းသိအောင်လို့ Link ထားလိုက်တယ်နော်။း)