Sunday, July 31, 2011

ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောက်ျားမဟုတ်ဘူး


















ကျမ စိတ်ရောဂါဆရာဝန်တစ်ယောက်နဲ့ ပြသင့်နေပြီလို့ ကျမကိုယ်ကျမ ထင်နေမိတယ်၊ ဒါမှမဟုတ် စိတ်ပညာရှင်တစ်ယောက်နဲ့ သွားတိုင်ပင်ချင်သည့် စိတ်တွေလည်းဖြစ်ပေါ်နေသည်၊ ကိုယ်ဟာရောဂါသည်တစ်ယောက်ဖြစ်နေပြီလား၊ ရောဂါသည်တစ်ယောက်ဖြစ်အောင် အစပျိုးမှု့တွေဖြစ်နေပြီလား၊ ဒါမှမဟုတ် ကိုယ်ကိုကိုယ်ရောဂါသည်တစ်ယောက်လို့ ထင်မြင်မိနေတာလား၊ လားပေါင်းများစွာဖြင့် ကိုယ်ကိုကိုယ်ပြန်လည်သုံးသပ်ရင်းနဲ့ပင် ဆရာဝန်နဲ့မပြဖြစ်ခဲ့၊ စိတ်ပညာရှင်နဲ့ မတိုင်ပင်ဖြစ်ခဲ့၊ နောက်ထပ်အကြောင်းပြချက်တွေကတော့ ကိုယ်ခံစားနေရတာကို ရေလည်အောင်ပြောပြဘို့ကလည်း ဘာသာစကား အားနည်းချက်က ကိုယ်ဘက်မှာရှိနေသည်၊ နောက်ပြီးကိုယ်ကိုတိုင်ကလည်းဆရာဝန်တစ်ယောက် ဖြစ်ခဲ့ဘူးသည်မဟုတ်ပါလား။

ကုလားသေကုလားမောအိပ်နေသည်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုသလဲ ကျမ မသိပါ၊ ခုလိုလူတစ်ယောက် ကုလားသေကုလားမောအိပ်ပျော်နေချိန်မှာ ကျမတစ်ယောက် ကွန်ပြူတာနဲ့ မျက်နှာအပ်ထားခဲ့သည် ဖေ့ဘွတ်၊ ချပ်တင်း၊ဂျီတော့၊ဘလောက်ဂင်းထဲမှာကျမရဲ့ ညတစ်ဝက်ကျော်ကျော်လောက် အမြဲတမ်းကုန်းဆုံးသွားခဲ့ရလေသည်၊ ကုလားသေကုလားမောအိပ်နေသူထက် ကျမရဲ့အွန်လိုင်းပေါ်ကမိတ်ဆွေများနဲ့ ပိုရင်းနှီးလာသည်ဟု ကျမထင်မြင်မိနေပြန်သည်၊ ကျမ၏ကုန်ဆုံးခဲ့သောညတွေကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုရင် အဓိပ္ပါယ်မရှိသောအဓိပ္ပါယ်ရှိခြင်းများနဲ့ပြည့်နေပေလိမ့်မည်၊ ဒီလိုဖြစ်ခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲ၊ ရှေ့ဒီလိုပဲဆက်သွားမလား ဘာတွေကိုဘယ်လိုလုပ်ရမလဲ စတဲ့အတွေးတွေဝင်လာမိရင်၊ ဘလောက်ထဲကစာတွေအကုန်လိုက်ဖတ်၊ ဖေ့ဘွတ်တွေလျှောက်လည်နဲ့ အွန်လိုင်းထဲမှာ ချာချာလည်လို့ ကျမအတွက်အဖြေသည် မရှိဖြစ်ခဲ့ရသည်။

……………………………………………………
ကျမတွင်ရည်စားတစ်ယောက်ရှိခဲ့ဘူးပါသည်၊ တကယ်ချစ်သလားမချစ်သလား ကျမပြန်လည် မစဉ်းစားမိခဲ့ပါ၊ ကျောင်းပို့ ကျောင်းကြို၊ ရုပ်ရှင်ကြည့် ဘုရားသွား၊ ဟိုသွားဒီသွား၊ ငါ့ဘဲကဘယ်လို နင့်ဘဲကဘယ်လို၊ ငါ့လူကဒီလို နင့်လူကဒီလို ပြောဘို့ပြောလို့ရသည်၊ ကျမမှာရည်စားတစ်ယောက်ရှိသည်ပေါ့၊ ကျမရည်းစားသည် ရည်းစားတာဝန်ကျေပြွန်ခဲ့ပါသည်၊ ကျောင်းပြီးအလုပ်ဝင်ပြီးမကြာခင်မှာပင် ကျမနဲ့ကျမရည်းစားတို့လမ်းခွဲဘို့ ကြုံလာခဲ့သည်၊ အထူးအဆန်းတော့မဟုတ်ပါ၊

မိဘတို့ဝတ္တရားရှိသည့်အတိုင်း ကျမကိုအိမ်ထောင်ချပေးကြမည်ဆို၍ဖြစ်ပါသည်၊ “အိမ်ကငါကိုအိမ်ထောင်ချပေးတော့မယ်၊ ငါလည်းသဘောတူလိုက်ရတယ်၊ ဒီနေ့ ငါနဲ့နင် နောက်ဆုံးတွေ့ခြင်းပဲ၊” ဒီလိုနဲ့ နောက်တော့ မတွေ့ဖြစ်တော့၊ ကျမရည်းစားလည်း သူ့လမ်းသူလျှောက်သွားခဲ့သည်၊ ကျမသည်လည်း ကျမရွေးချယ်ရာလမ်းကိုလျှောက်ဖြစ်ခဲ့သည်။

ကျမနဲ့အိမ်ထောင်ပြုရမိသူသည် ကျမထက် ၇ နှစ်ကြီးပါသည်၊ သင်္ဘောအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ကုန်းပေါ်တွင်အခြေချရန် ကြံစည်နေသူတစ်ယောက်ဖြစ်သည်၊ ဒီလိုပဲ အိမ်ကစီစဉ်ပေးလို့ စေ့စပ်ပေးလို့ ယူဖြစ်သွားတဲ့သူတွေ ကျမတို့အသိုင်းဝိုင်းတွင် အများအပြားပင်၊ ထိုအတွက်လည်း ထိုသူနဲ့အိမ်ထောင်ပြုဘို့ ကျမနက်နက်နဲနဲ မတွေးမိခဲ့ပါ၊ ၆လအတွင်းမှာပင် ကျမတို့မင်္ဂလာဆောင်ဖြစ်ခဲ့ကြပြီး တစ်နှစ်အတွင်းမှာပင် သူအခြေချနေထိုင်ရာစင်္ကာပူသို့ ကျမရောက်လာခဲ့သည်၊ အများစုကတော့ ကျမကို ကံကောင်းလိုက်တာလို့ ဆိုကြပါသည်၊ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်သူတစ်ယောက်ကို လက်ထပ်လိုက်ရပြီး ထိုနိုင်ငံသို့လိုက်ပါလာရခြင်းကို ကံကောင်းသည်ဟုဆိုကြပါသလား၊ ဒီလိုဆိုရင် ကံကောင်းသည်ဟုဆိုသောအဓိပ္ပါယ်ကို ပြန်လည်သုံးသပ်သင့်သည်ဟု ကျမထင်မြင်မိပါသည်။

………………………………………………………….
အရာရာကို သိပ်လေးလေးနက်နက် မတွေးတတ်သူကျမအတွက် စင်္ကာပူရောက်ခါစကျမသည် အစစအဆင်ပြေခဲ့သည်ဟုဆိုနိုင်ပါသည်၊ ကျမတို့နှစ်ယောက်သည် ပထမတွင် သူများငှါးထားသောအိမ်တွင် အခန်းငှါးနေထိုင်ကြပါသည်၊ အဆင်ပြေသလိုနေတတ်သောကျမအတွက် ဘာမှမဖြစ်သော်လည်း၊ သူ၏တစ်ခါတစ်လေ လွတ်လပ်စွာနေချင်တယ်ဆိုသော အကြောင်းပြချက်ဖြင့် ကျမတို့ကိုယ်ဟာကိုယ် အိမ်တစ်အိမ်လုံးငှါးနေဖြစ်ခဲ့ပါသည်၊ ပြောရဦးမည် သူကကျမကိုညီမဟုခေါ်ပြီး၊ သူကိုယ်သူအစ်ကိုကြီးလို့ဆိုပါသည်၊ ဘယ်သူကိုမှ အိမ်ငှါးမတင်သောကျမတို့အတွက် ဒီငှါးနေသောအိမ်လေးသည် ညီမနှင့်အစ်ကိုကြီးတို့ရဲ့ အိမ်ကလေးဆိုရင်မှန်ပါပေလိမ့်မည်။


မဟာရန်ကုန်နယ်ပယ်ထက်ပင် မကြီးသောစင်္ကာပူနိုင်ငံလေးသည် တစ်နှစ်ကျော်ကျော် နေထိုင်လာသောကျမအတွက် သွားစရာနေရာမကျန်တော့ပါ၊ ဒီလိုနဲ့ ကျမအလုပ်ဝင်လုပ်ဖြစ်ခဲ့သည်၊ ကျမတို့ခေတ်က ပညာရေးပရောဖက်ရှင်နယ်လိုင်းတွင် ဆရာဝန်လိုင်းရဘို့မလွယ် တကယ်စာတော်မှ ကြိုးစားမှ ဆရာဝန်ဖြစ်လာနိုင်သည်၊ ဒါပေမဲ့ ဒီဆရာဝန်တွေကို ဒီနိုင်ငံတွေမှာအသိအမှတ်မပြု၊ ဒီမှာဆရာဝန်တစ်ယောက်ဖြစ်နိုင်ဘို့ ရပ်တည်နိုင်ဘို့ အဆင့်ဆင့်ထပ်ကြိုးစားရဦးမည်၊ စာကိုဆက်လက်သင်ယူလိုစိတ်မရှိသောကျမအဖို့ ဆရာဝန်တစ်ယောက်အဖြစ် နိုင်ငံခြားတွင်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ချေ၊ နောက်ပြီးကျမအင်္ဂလိပ်စကားပြောညံ့ပါသည်၊ စကားပြောညံ့သည့်ကြားမှာပင် ကျမသည် ဆေးနှင့်ဆေးပစ္စည်းရောင်းသော ကုမ္ပဏီတစ်ခုတွင် အလုပ်ရခဲ့ပါသည်၊ အလုပ်ကတော့စာရွက်စာတမ်းများနှင့် ဆေးအညွှန်းများကို အရောင်းဌာနအတွက် အထောက်အကူလုပ်ပေးရန်ဖြစ်သည်၊ အလုပ်လုပ်နေရင်းနဲ့ပင် ကျမတို့လင်မယားနှစ်ယောက်သည် မလေးရှားဘက်သို့ အလုပ်အားရက်များတွင် အလည်လွန်ဖြစ်ခဲ့သည်၊ မလေးရှားမှ လည်စရာနေရာတွေဖြစ်သော ပီနန် ကေအယ်လ် မှသည် ကင်မရွန် မလက္ကာနှင့် ဂျန်းတင်းတို့သည်လည်းထပ်လာခဲ့သည်၊ အလုပ်သွားအိမ်ပြန် စားလိုက်သောက်လိုက် အိပ်လိုက် အလုပ်သွား ဒီလိုနဲ့ ပတ်လည်ကြီးကိုရိုက်၍ ကျမတို့သည်အချိန်များကိုလည်ပတ်စေခဲ့ကြသည်။

ဒီလို ၃ နှစ်ကျော်လောက် လည်ပတ်နေရာမှ ဘဝဆိုတာဘာလဲလို့ ကျမစဉ်းစားမိချိန်မှာတော့၊ ကျမဘဝအတွက်ပြောင်းလည်မှု တစ်ရပ်ဖြစ်လာခဲ့သည်၊ ကျမမှာကိုယ်ဝန်ရှိခဲ့လေသည်၊ အလုပ်ရှင်ကလည်းဈေးပေါပေါနဲ့ရထားသည့် ကျမကို ကိုယ်ဝန် ၇လထိလုပ်ခွင့်ပေးခဲ့သည်၊ ဒီလိုနဲ့ ကျမတို့နှစ်ယောက်ကြားကို သမီးလေးဝင်ရောက်လာသည်၊ ထိုအချိန်မှစ၍ ကျမတို့နှစ်ယောက်၏ အခေါ်အဝေါ်များလည်းပြောင်းလည်းလာခဲ့သည်၊ တစ်ယောက်ကိုတစ်ယောက် အမေကြီး၊ အဖေကြီး ဆိုပြီးခေါ်ဖြစ်ခဲ့ကြသည်။

သမီးလေးတစ်ယောက် ရရှိလိုက်ခြင်းသည် ကျမဘဝကို ပြန်လည်အသက်ဝင်စေခဲ့သည် ဆိုလျှင် မှန်ပါပေလိမ့်မည်၊ ညီမဘဝမှ အမေကြီးအဆင့်သို့ ရာထူးတိုးခံရသလို၊ အစ်ကိုကြီးသည်လည်း အဖေကြီးဖြစ်ခဲ့ကြသည်၊ သမီးလေးကိုအသဲပိုသော ကျမတို့နှစ်ယောက်သည် အချိန်အားလုံးနီပါးကို သမီးလေးအတွက်ဖြစ်စေခဲ့သည်၊ သမီးလေးနာမည်ကိုလည်း မြန်မာလို သဲသဲ၊ တရုတ်လို စင်း Xin လို့အမည်ပေးခဲ့သည်၊ ကျမကတော့ သဲသဲလို့ပင်ခေါ်မိပါသည်၊ အနှီးထဲမှာတုန်းကလည်းအသဲပို လေးဘက်သွားကာစကလည်း အသဲပို၊ လမ်းလျှောက်စခါစကလည်းအသဲပို၊ စကားစပြောခါစကလည်းအသဲပို နေ၍ သမီးလေးကို ကျမရဲ့ မသဲပိုလို့ ခေါ်ရမလိုဖြစ်ခဲ့ပါသည်။

သမီးလေးစကားစပြောကတည်းက ကျမအတွက် ရင်ဆိုင်မှုအချို့ကို ကြုံခဲ့ရသည်၊ သမီးအတွက် အစ ပျိုးခဲ့တဲ့ ကျမအတွက်စိမ်ခေါ်မှုတွေဖြစ်ပေလိမ့်မည်၊ ကျမသည် တစ်ခါတစ်လေ တစ်ချို့နေရာတွေမှာ ခေါင်းမာသည်လို့ဆိုရမလား တစ်ဇွတ်ထိုးနိုင်သည်လို့ဆိုရမလား ကိုယ်ဖြစ်ချင်တာကိုဇွတ်လုပ်တတ်ပါသည်၊ အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်က အဖေနှင့်အမေကို ပါးပါး မားမား၊ ဒယ်ဒီ မာမီ၊ အပါး အမားတွေကို လှိုင်လှိုင်ခေါ်နေချိန်မှာ ကျမရဲ့သမီးလေးကို ကျမကို မေမေလို့ပဲခေါ်စေချင်သလို၊ သူ့အဖေကိုလည်း ဖေဖေလို့ပဲခေါ်စေချင်ပါသည်၊ နောက်ဆုံးတော့ သမီးလေးက ကျမကို မေမေလို့ပဲခေါ်ခဲ့သည် ယနေ့အထိပင်၊ သူ့အဖေကိုတော့ ကျမခေါ်သလို အဖေကြီးတဲ့၊ ကျမရဲ့ ဝမ်းအသာဆုံးများတွင် သမီးလေးက မေမေလို့ခေါ်တာလည်း ပါဝင်ခဲ့သည်။

စင်္ကာပူနိုင်ငံတွင် ကလေးတစ်ယောက်ကို သူများတန်းတူ ပြုစုပျိုးထောင်ဘို့ကလွယ်လွယ်တော့ မဟုတ်ပါချေ၊ စားစရိတ်များတက်လာသော ဒီနိုင်ငံမှာ ကလေးစရိတ်သည် တကယ်ကြီးကြောင်း ကျမကိုယ်တွေ့သိလာရသည်၊ အကြောင်းတိုက်ဆိုင်သည်လို့ ပြောရမလား ကျမတို့မိသားစုလေး ဒီနိုင်ငံတွင် PR အမြဲတမ်းနေထိုင်ခွင့်ရရှိခဲ့သည်၊ ဒီဟာနှင့်အတူ သမီးလေးအတွက် အထိုက်အလျှောက် အခွင့်အရေးတစ်ချို့ရရှိခဲ့သည်၊ သူ့အဖေရဲ့ ရွေးချယ်မှုအရ သမီးလေးကို ကလေးထိမ်းကျောင်းထားခဲ့သည်၊ အနောက်နိုင်ငံကလာဖွင့်သောကျောင်း ဖြစ်သဖြင့် ကလေးတွေကို ငါးနှစ်မပြည့်မချင်း အခြေခံစာကိုမသင်ပေးပါ၊ သမီးလေးသည် တစ်ခါလုံး သီချင်းဆို၊ ပုံစွဲ၊ အကတွေနဲ့ပင် အချိန်ကုန်စေသည်၊ ကျမက တခြားကလေးတွေလို့ A B C တတ်စေချင်ပြီ၊ 1 2 3 ဂဏန်းတွေ ရေးတတ်စေချင်ပြီ၊ ဒါပေမဲ့ သမီးလေး အင်္ဂလိပ်လို ပြောတတ်လာသည်ကိုတော့ ကျမဂုဏ်ယူဝမ်းမြောက်မိပါသည်။

တစ်နှစ်အကြာမှာတော့ သူ့အဖေနဲ့အတိုက်အခံလုပ်ကာ မူလတန်းကြိုကျောင်းကိုပြောင်းထား နိုင်ခဲ့သည်၊ ဒီကျောင်းမှာထားနိုင်ဘို့အရေး ကျမတော်တော်ကြိုးစားယူခဲ့ရသည်၊ သမီးလေးသည် ကေတူးလို့ခေါ်သည့် အတန်းမှာပင် အင်္ဂလိပ်စာ၊ တရုတ်စာကို အခြေခံသိရှိနေပြီဖြစ်သည်၊ ပန်းကလေးကို တရုတ်လို့ ဝှာ အင်္ဂလိပ်လို့ ဖလားဝါးဟု ဆိုလာသောအခါ၊ ကျမပျော်လိုက်ရသည်ဖြစ်ခြင်း၊ ဝမ်းသာလိုက်ရသည်ဖြစ်ခြင်း၊ သူ့အဖေကတော့ ဘာမှမဖြစ်သလိုပင်၊ ကလေးပဲကွာ ကျောင်းကသင်ပေးတာတတ်မှာပေါ့တဲ့၊ ဒါပေမဲ့ ထိုဝမ်းသာကြည်နူးမှုသည် တစ်ချိန်မှာ ကျမအတွက် လွန်စွာဝမ်းနည်းစရာ စိတ်ထိခိုက်စရာဖြစ်လာလိမ့်မည်ဟု ထိုအချိန်က ကျမလုံးဝမထင်ခဲ့မိပါ။

သမီးလေးမှုလတန်းကျောင်သို့ပြောင်းရတော့ တွေ့ရတဲ့အခက်အခဲတွေက လူကိုစိတ်ပျက်စရာကောင်းပါသည်၊ ဘာပဲဖြစ်ဖြစ် သမီးလေးကို အိမ်နားက မှုလတန်းကျောင်းမှာပဲ ထားချင်သည်၊ တကယ်တန်းတော့မလွယ် ဝန်ကြီးဌါနလည်းရောက်ခဲ့ရသည်၊ သွားလိုက်ရသည့် ကျောင်းများကာအကြိမ်ကြိမ်၊ နောက်ဆုံးအိမ်နဲ့ မနီးမဝေး မှုလတန်းကျောင်းတစ်ခုမှာ သမီးလေးပညာသင်ကြားခွင့်ရခဲ့သည်၊ တော်သေးတာပေါ့ သူများတွေလို ပါလီမန်အမတ်မင်းနဲ့ သွားတွေ့စရာမလိုခဲ့ပေ၊ ဘာဖြစ်လို့ စကာင်္ပူလို နိုင်ငံတစ်ခုက မှုလတန်းကျောင်းနေဘို့ ခက်ခဲနေရပါသနည်း၊ ထောက်ပြသူတစ်ချို့က ဒါကို စကာင်္ပူပညာရေးစနစ်ရဲ့ အားနည်းချက် တစ်ခုလို့ဆိုကြသည်၊ အစိုးရ၏ပြောင်းလဲနေသော ပညာရေးစနစ်မှာ ဒီအချက်ကိုပါပြုပြင်ဘို့ ထည့်သွင်းထားသည်ဟုဆိုသည်၊ ဘယ်လိုပဲဖြစ်ဖြစ် စကာင်္ပူ အခြေခံလူတန်းစားမိဘတွေ ကြုံတွေ့ရသော သားသမီးတွေအတွက် ပညာရေးအခက်အခဲ အစကို ကျမကိုယ်တိုင်ကြုံတွေ့ခဲ့ရပေသည်။


ဆက်လက်ဖေါ်ပြပါမည်၊

Tuesday, July 5, 2011

မန္တလေးကို ခါးစောင်းတင် ခံစားကြည့်ဘူးသလား


ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်ဟု ပြောရမလားပင်၊ ဖြစ်ပေါ်လာသော ဒေါသတစ်ချို့နဲ့ ရှေ့ကရဲအရာရှိကို တံတွေးဖြင့်ထွေးပစ်လိုက်သည်၊ မထင်မှတ်သော လုပ်ဆောင်ချက်ကြောင့်၊ ဟေ့ကောင် မင်းဘာလုပ်တာလဲဆိုပြီး ကျနော့်ကို ထထိုးသည်၊ အလိုက်သင့်ရှောင်လိုက်ပြီး သူ့လက်ကိုပုတ်ချလိုက်သည်၊ ကျန်ရဲအရာရှိတစ်ချို့ချက်ချင်းဆို နှစ်ဦးနှစ်ဖက်ကိုလှမ်းဆွဲလိုက်သည်၊ ယာဉ်ထိန်းရဲအရာရှိက ဗိုလ်ကြီးအေးအေးဆေးဆေးနေလိုက်ပါ၊ ဒီကလေးကိစ္စ ကျနော့်တာဝန်ထားပါဆိုပြီး၊ ထိုအရာရှိအား လှမ်းပြောလိုက်သည်၊ ပြီးနောက် ကျနော့်ကိုတခြားအခန်းထဲသို့ ခေါ်ထုတ်သွားသည်၊ ထိုရဲအရာရှိကို သတ်ချင်လောက်သော အကြည့်တွေနဲ့ အဆက်မပြတ်ကြည့်ရင်း တခြားခန်းထဲသို့ ကျနော်ဒရွတ်တိုက်ပါသွားခဲ့သည်၊
ဒီလူအမေ့ကိုစော်ကားလိုက်တာ
ဒီလူကျနော့်ကိုစော်ကားလိုက်တာ
ကျနော့် အမေ ဘာပဲဖြစ်ဖြစ်၊ ကျနော့် အဖေ ဘာပဲဖြစ်ဖြစ်၊ ဒီလိုပုတ်ခပ်ပြောစရာမလို လူဆိုတာ သူ့အကြောင်းနဲ့သူပဲ မဟုတ်ပါလား၊
ပိုဆိုးတာက ဒီလိုအရာရှိတစ်ယောက် ယောက်ျားရင့်မာကြီးတစ်ယောက်က ပြောဆိုလိုက်ခြင်းပင်၊
“တောက်” ဆိုသော ကျနော့် တောက်ခတ်သံသည် ထိုအခန်းထဲ၌ ကျန်ရစ်ခဲ့ပေလိမ့်မည်။

ဒီနေရာကို ရောက်ခဲ့ရခြင်းက ကျနော်အပြစ်လို့ဆိုရင် ဝန်ခံပါသည်၊ စီမံချက်နဲ့ပဲလုပ်လုပ်၊ တာဝန်ကြောင့်ပဲလုပ်လုပ်၊ လုပ်ပိုင်ခွင့်ထဲကပဲလုပ် လုပ်ထုံးလုပ်နည်းအတိုင်းပဲလုပ် ဒီလိုကြောသလို ငါသနားမှဆိုတဲ့ပုံစံမျိုး လာမလုပ်နဲ့၊ ခေတ်ကပြောင်းနေပြီဆိုတာ ဒီလိုအရာရှိကြီးတွေသိဘို့လိုသည်၊ ဘယ်သူတွေ ပြောင်းပြောင်းမပြောင်းပြောင်း ကျနော့်တို့ လူငယ်တွေက ကိုယ်ဟာကိုယ်ပြောင်းပြီးသားဖြစ်သည်၊
ကားပြိုင်ပွဲကျင်းပလို့၊ ပြိုင်ကားမောင်းလို့ စီမံချက်နဲ့ဖမ်းပြီး ကျနော်တို့ဒီနေရာကို ရောက်လာကြခြင်းဖြစ်ပါသည်၊ ကျနော်အပါအဝင် ခုနှစ်ယောက်က ကားမောင်းသူတွေ၊ ကျန်ဆယ်ယောက်က ပတ်သတ်သူတွေဖြစ်သည်၊ စုစုပေါင်း ၁ရ ယောက် မိန်းခလေး ၅ ယောက်ပါသည်၊ နောက်ဆက်တွဲ ဘယ်သူတွေပါလာဦးမလဲ မသိသေးပါ၊ ကျနော်တို့အားလုံး အိမ်ကလူတွေကို စောင့်နေကြခြင်းဖြစ်သည်၊ ကျနော်တို့ ၇ စီးမှာ ၃ စီးက without တွေဖြစ်သည်၊ ကျနော့်ကားကတော့ အစစ် အဖေဝယ်ပေးထားတာ၊ ကျနော့်ကားကိုမြင်ရင် ကျနော်ဘယ်သူ ဘယ်က စသဖြင့် မန္တလေး တစ်မြို့လုံးသိသည်။

စစဖမ်းခြင်းမှာပင် ဒီကောင်လေးက လမ်း ၈၀ ကောင်းကင်စတိုးဆိုင်က ကိုသော်ကြီးသားလေဆိုပြီး၊ ယာဉ်ထိန်းရဲအရာရှိတွေ အချင်းချင်းပြောသံကိုကြားပြီးပြီဖြစ်သည်။

ကျနော်သည် ကားအမြန်မောင်းရခြင်းကိုနှစ်သက်သည်၊ ပြိုင်ကားမောင်းရခြင်းကိုကြိုက်သည် ကျနော်စိတ်တွေ အရှိန်တွေနဲ့အတူ လွင့်မြောသွားလျှင်၊ ကျနော့်ရင်မှာပေါ့သွားသလို ခံစားရသည်၊ ဂိမ်းကစားလျှင်လည်း ပြိုင်ကားမောင်းခြင်းနဲ့ ပစ်တဲ့ဂိမ်းတွေပဲကြိုက်သည်၊ ပစ် ရန်သူတွေကို မနိုင်နိုင်အောင်ပစ် ၊ ဂိမ်းထဲမှာ ကြိုက်သလောက် ပစ်လို့ရသည်၊ သေ ကျနော်မကြိုက်တဲ့သူတွေ အားလုံးသေ၊ ဒီလိုပစ်နေရလျှင် အဲဒီလိုသေနေကြလျှင် ကျနော့်ရင်မှာပေါ့သွားသလို ခံစားရသည်၊
ဒါကို ခင်ဗျားတို့ခံစားဘူးမှ သိကြမှာပါ။

…………………………………………………………………………………………………….

လူဆိုး လူပေလေးဖြစ်နေမှာပေါ့၊
အဖေ ကလည်းခဏခဏ ခရီးထွက်နေ၊
အမေကလဲ လင်ငယ်နေ၊
ဆိုဆုံးမတဲ့သူ မရှိပဲဖြစ်နေမှာပေါ့၊
ဘေးပတ်ဝန်းကျင်မှာ ပြောလာရင်၊ နောက်ကွယ်မှာ ပြောလာရင်
ကျနော့်ဒေါသတို့သည် အမြင့်ဆုံးသို့ရောက်ခဲ့ရပေသည်၊
ကျနော် ဆိုးပေနေခြင်းသည် ဘယ်သူ့ကိုမှာမထိခိုက်ပေ၊ ဒါကကျနော်အထင်၊
ဆိုဆုံးမတဲ့သူ မရှိဘူး။ ဒီစကားလုံးဝမမှန် အဖေရော အမေရော ဒီနေ့အထိ ကျနော်ကို ဆုံးမနေဆဲဖြစ်သည်၊
အမေကလဲ လင်ငယ်နေသည်၊ ဒီလိုသုံးဘို့မသင့် အမေသည် အဖေနှင့် တရားဝင်ကွာရှင်းကာ နောက်အိမ်ထောင်ပြုသွားခြင်းဖြစ်သည်၊ ဒီလို နောက်အိမ်ထောင်ပြုထားသူများ ကမ္ဘာပေါ်မှာ ဒုနှင့်ဒေးရှိမည်ထင်သည်။

အမေသတင်းကြားကာစက ကျနော် ဒေါသထွက်သည်၊ ဝမ်းနည်းသည်၊ ယူကျုံးမရဖြစ်ရသည်၊ တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ချင်သည်၊ အမေရဲ့ လင်အသစ်ကိုပြေးသတ်ချင်သည်၊ အထူးသဖြင့် ညီမလေး ဆယ်တန်းရောက်တဲ့နှစ်မှာ အမေဒီလိုလုပ်သွားရက်သည်၊ အမေ့ကိုမုန်းသည်၊ အမေ့ကိုမုန်းသည်၊ အမေ့ကိုမုန်းသည်၊ ဆိုပြီးခဏခဏ ရေရွတ်နေမိသည်၊ ဒါကိုလည်း ခင်ဗျားတို့ခံစားဘူးမှ သိကြမှာပါ။

အမေ၏နောက်အိမ်ထောင်က ကျနော်တို့စတိုးဆိုင်နား လက်ဖက်ရည်ဆိုင်က အလုပ်သမားဖြစ်သည်၊ အဖေသည် အမေ့ကို တော်တော်ချစ်သည်၊ အမေ့ကို မြို့သစ်ကအိမ်၊ ခြံတွေနဲ့ ပိုက်ဆံသိန်းထောင်ပေါင်းများစွာပေးလိုက်သည်၊ ထိုအတွက် မန္တလေး တစ်မြို့လုံးက အဖေကိုအပြစ်ဆိုကြသည်၊ အဖေသည် အမေ့ကိုနားလည်းပေးခဲ့သည်ဆိုသည်၊ အမေ ကျနော်တို့နှင့်ခွဲခွာသွားပြီးနောက် အဖေသည် ကျနော်တို့နှစ်ယောက်ကို ပိုဂရုစိုက်လာသည်၊ အလိုလိုက်လာသည်။

အဖေသည်လည်း အမေနဲ့မယူခင်က ရှမ်းပွဲကအဖိုး၏ လက်ဖက်ရည်ဆိုင်မှာ လုပ်ခဲ့သည်၊ အမေကိုခိုးပြေးပြီးနောက် ဒီလမ်း ၈၀ ပေါ်မှာ ကောင်းကင် စတိုးဆိုင်လေးကို စဖွင့်ခဲ့သည်၊ အဖေနှင့်အမေကို အမေဘက်က သဘောမတူခဲ့ပေ၊ နောက်ဆုံးအဖေ၏ ကြိုးစားမှု နှင့် ကောင်းကင်စတိုးဆိုင်လေး အောင်မြင်လာချိန်တွင် အမေဘက်ကပြန်ခေါ်ခဲ့သည်၊ ကိုယ်ထက်ငယ်တဲ့သူ သူဌေးသမီးကိုယူခဲ့သောအဖေသည် အများပြောယူရအောင် အမေ့ကိုအလိုလိုက်ခဲ့သည်။

ထိုမှစ၍ အဖေသည် စတိုးဆိုင်လေးမှ စတိုးဆိုင်ကြီး ဖြစ်လာကာ တခြားအရောင်းအဝယ်လုပ်ငန်းများလည်း အောင်မြင်ခဲ့သည်၊ မန္တလေးတွင်လူသိထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာသည်၊ အမေသည် ဆိုင်ကိုဦးစီးလုပ်ကိုင်ရင်း ကျနော်တို့ မိသားစုငါးယောက်သည် ပျော်ရွှင်ဖွယ်ရာမိသားစုလေးဖြစ်လာပါသည်၊ မန္တလေးလမ်း ၈၀ ပေါ်မှာ ကောင်းကင် စတိုးဆိုင်သည် မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့သည်၊ လုပ်ငန်းအောင်မြင်လာမှုနှင့်အတူ အဖေသည် မကြာခဏ နယ်စပ်သို့၎င်း ထိုင်း၊ စင်္ကာပူနိုင်ငံများသို့၎င်း ခရီးထွက်လေ့ရှိလာသည်။

ဒီလို အောင်မြင်ပျော်ရွှင်နေသော ကျနော်တို့မိသားစုလေးကို ကံဆိုးသောမုန်တိုင်းတစ်ခုက တိုက်ခိုက်လာခဲ့သည်၊ ကျနော့်ညီမလေး အလတ်မသည် တစ်နေ့တွင်အပြင်းဖျားတော့သည်၊ အဖျားသည်ပြန်မကျ ဒီတော့အဖေတို့သည် ညီမလေးကို အထူးကုဆေးရုံသို့တင်လိုက်သည်၊ ထိုအချိန်ကညီမလေးသည် အသက် ၁၄ နှစ်မပြည့်သေးပေ၊ ဆေးရုံကြီးက ပထမငှက်ဖျား၊ နောက်တော့ တိုက်ဖွိုက်ဆိုသည်၊ သုံးပတ်အတွင်းမှာ ညီမလေးဆုံးသွားသည်၊ ညီမလေးရဲ့ နှာခေါင်း၊မျက်စိ၊ နားတွေက သွေးတွေကျလာသည်၊ သေခါနီးမှ ညီမလေးသွေးလွန်တုတ်ကွေးဖြစ်မှန်းသိကြသည်တဲ့၊ ညီမလေးသည် ကျနော်နဲ့နီးကပ်သည်၊ ကျနော်၏ကစားဖေါ်ဖြစ်သည်၊ ကျနော်၏တီတိုးဖေါ်ဖြစ်သည်၊ ကျနော့်ရဲ့ အမြတ်နိုးဆုံး၊ အချစ်ဆုံးတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်၊ ကျနော် ယူကျုံးမရဖြစ်ရသည်၊ ညီမလေးကို ဒီဆရာဝန်တွေသတ်လိုက်တာ၊ ထိုအချိန်မှစ၍ ဆရာဝန်များကို ကျနော်မုန်းခဲ့သည်၊ ကလေးလူငယ် တစ်ယောက်အနေဖြင့် ကျနော်ခံပြင်းသည်၊ ထိုဆရာဝန်တွေကို လက်စားချေချင်သည်၊ တာဝန်မဲ့သော ပရောဖက်ရှင်နယ် မဆန်သော လူသားမဆန်သော ဒီဆရာဝန်တွေကိုသတ်ချင်သည်၊ ငယ်ရွယ်သော ကလေးငယ်တစ်ယောက်၏ တောက်ခတ်သံသည် ထိုအထူးကုဆေးရုံထဲ၌ ကျန်ရစ်ခဲ့ပေလိမ့်မည်။
မြန်မာပြည်မှာ တီဘီလား၊ ငှက်ဖျားလား၊ တိုက်ဖွိုက်လား၊ သွေးလွန်တုတ်ကွေးလား ခွဲမတတ်သော ဆရာဝန်တွေ ဘယ်လောက်ရှိနေသလဲဆိုတာ၊ ဒါကို ခင်ဗျားတို့ခံစားဘူးမှ သိကြမှာပါ။

………………………………………………………………………………….

အဖေသည် သေဆုံးသွားပြီဖြစ်သော ညီမလေး ကုသိုလ်ရရန် ဆရာဝန်ကိုကျေအေးခဲ့သည်၊ အထူးကုဆေးရုံ၏ တောင်းပန်မှုကိုလက်ခံခဲ့သည်၊ အဖေကပြောသည် ဘယ်လောက်ပဲ လျှော်ကြေးတွေပေးပေး၊ ဆရာဝန်ကိုထောင်ချချ ညီမလေးသည် ဒီလောကကြီးက မထွက်ခွာသင့်ပဲ ထွက်ခွာသွားခဲ့ပြီတဲ့၊ အစားထိုးလို့မရတဲ့ လူသားမှားယွင်းမှုတစ်ခုကို အကောင်းဖြင့် အဆုံးသတ်လိုက်ရအောင်တဲ့၊ အဖေ၏ဆုံးဖြတ်ချက်ကို အမေရော ကျနော်ပါ သိပ်မကျေနပ်ချင်၊ အဖေသည် ကျနော်တို့အားကိုးရာဖြစ်သောကြောင့် အဖေသဘောအတိုင်းဖြစ်စေခဲ့သည်။

ညီမလေးဆုံးသွားပြီးနောက် အမေသည် တငိုင်ငိုင်နဲ့ဖြစ်နေသည်၊ အမေ့မျက်လုံးတွေက ကြိတ်ငိုနေကြောင်းသိသာသည်၊ အမေသည်အဝတ်အစားကို ဖိုသီဖတ်သီဝတ်လာသည်၊ ကာရာအိုကေဆိုင်များသို့ အသိများနဲ့ သီချင်းလိုက်ဆိုခြင်းများလုပ်လာသည်၊ ကျနော်ကိုလည်း လိမ်လိမ်မာမာနေဘို့ အချိန်ရတိုင်းပြောနေသည်၊ အဖေကိုအရွဲ့တိုက် ရန်ဖြစ်မှုများဖြစ်လာသည်၊ အော်ကြီးဟစ်ကျယ်ရန်ဖြစ်တတ်လာသည်၊ ဆိုင်ဝန်ထမ်းများကို အပြစ်ရှာ ဟောက်သည်၊ တစ်ခါတစ်လေ သူ့သူငယ်ချင်းအိမ်တွင် သွားငိုတတ်သည်ဟုကြားရသည်။

ကျနော်သည်လည်း အိမ်မှာမပျော်တော့၊ အပြင်သို့ထွက်နေသည်ကများသည်၊ ဆိုင်ကယ်အမြန်လိုက်မောင်းနေရခြင်းကို နှစ်သက်လာမိသည်၊ ထိုနောက်တဆင့်တက်ကာ အဖေကားကိုယူမောင်းတော့သည်၊ စာမေးပွဲအောင်ရင် ဘာဝယ်ပေးညာဝယ်ပေးဖြင့် ကျနော်ပြိုင်ကားလိုချင်ကြောင်း ပူဆာခဲ့သည်။

ဒီလိုနဲ့ တစ်နေ့မှာ အမေသတင်းကိုကြားရသည်၊ ဒီစားပွဲထိုးဆိုတဲ့အကောင်က အချောင် အမေအားနည်းချက်ကိုသိ၍ အပီကြံသွားခြင်းဖြစ်မည်၊ ကျနော်သည်၎င်း ညီမအငယ်ဆုံးလေးသည်၎င်း ပတ်ဝန်းကျင်ကို ဘယ်လိုရင်ဆိုင်ရမလဲမသိ၊ ရှက်ခြင်း၊ ရွံခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်းများ တစ်ပြိုင်နက်ခံစားရသည်၊ ဒီကြားထဲ ကျနော်ယာဉ်တိုက်မှုဖြစ်သဖြင့် ဆွေမျိုးတွေက ကျနော်ကိုဝိုင်းထိန်းကြည့်ရှုနေသည်၊ အဖေက ကျနော်တို့ မောင်နှမနှစ်ယောက်ကို အမေသည်ဒီမိသားစုထဲက ခွဲထွက်သွားပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အမေဟာအမေပဲဖြစ်ကြောင်း၊ အမေ၏ဆုံးဖြတ်ချက်ကို လေးစားစေချင်ကြောင်းပြောသည်၊ ကျနော်သည် ထိုနေ့မှစ၍ လူတော်တော်များများကို မုန်းတတ်လာသည်၊ အထူးသဖြင့် မိန်းမတွေကိုမုန်းလာသည်။

အဖေကိုလည်း မကျေနပ်၊ အမေကိုလည်း မကျေနပ်၊ လူတော်တော်များများကို မကျေနပ် ရန်ပွဲတွေဖြစ်တတ်လာသည်၊ ကောင်မလေးတွေကို တစ်လလောက်တွဲပြီးပစ်တတ်လာသည်၊ အဖေသည် ဖျောင်းဖျသည့်အနေဖြင့် ကျနော်ကို ပြိုင်ကားဝယ်ပေးခဲ့သည်၊ ထိုနေ့မှစ၍ ပြိုင်ကားသည် ကျနော့်ချစ်သူဖြစ်လာခဲ့သည်။

တစ်နေ့ ပြိုင်ကားအမောင်းလွန်သွားသောကြောင့် ကျနော်အအေးမိကာ ဖျားသည်၊ အဖေသည်စိုးရိမ်မဆုံး၊ အမေသည်အပြေးရောက်ချလာသည်၊ အမေလာသည်ကို ကျနော်မျက်စိလုံးဝဖွင့်မကြည့်ပါ၊ ဒါပေမဲ့အမေလာသည်ကိုကြိုက်နေမိသည်၊ တကယ်တော့ ကျနော်အမေကိုလွမ်းနေသည်လား၊ အမေကိုဖက်လိုက်ချင်သည်၊ အမေရင်ခွင်ထဲငိုလိုက်ချင်သည်၊ ကျနော်မလုပ်ခဲ့၊ အမေ့မျက်ရည်တို့ကျနော့် ပါးပြင်ပေါ်ကျလာသောအခါ၊ ကျနော်မထိန်းနိုင်တော့၊ ငိုမိသည်၊ အမေက သားလေး ခံစားနေရလား၊ အလတ်မလေးလိုမဖြစ်ပါစေနဲ့ဟုပြောကာ ကျနော်မျက်ရည်တွေကို လက်ဖဝါးနဲ့သုတ်ပေးတော့၊ ကျနော်မထိန်းနိုင်တော့၊ အမေ့လက်ဝါးနှစ်ဖက်တွင် မျက်နှာအပ်ကာ ကျနော်ချုံးပွဲချငိုကြွေးလိုက်မိသည်၊ ဘယ်လောက်ထိငိုကြွေးလိုက်မှန်းမသိ ကျနော်အိပ်ပျော်သွားခဲ့သည်၊ မနက်မိုးလင်းလာတော့ ကျနော်အဖျားပျောက်နေပြီ၊ ရင်ထဲတွင်လည်းပေါ့ပါးကာတစ်စုံတစ်ရာက ဖိဆီးမှုမရှိတော့သလို ခံစားရသည်၊
ထိုနေ့က အမေကိုနားလည်လိုက်သည်ဟုထင်မိသည်၊ အမေဆိုသည်မှာ ဘယ်လိုပင်ဖြစ်ဖြစ် နွေးထွေးစရာပါလားလို့ သိလိုက်ရသည်၊ ဒါကိုလည်း ခင်ဗျားတို့ခံစားဘူးမှ သိကြမှာပါ။

………………………………………………………………………

အဖေအလာကိုစောင့်နေရင်း လူတွေအကြောင်းကိုတွေးမိနေသည်၊ ယခုကျနော်တို့ကို ဖမ်းထားသော ရဲအရာရှိများသည်၊ ကျနော်တို့ဆီက အကြိမ်ကြိမ် ပိုက်ဆံယူဖူးသူများဖြစ်သည်၊ စီမံချက်ပါ ငါညီတို့ရေ၊ ဟိုဂျာနယ်တွေကရေး၊ ဟိုအင်တာနက်မှာပါနဲ့ ငါတို့လည်း အလုပ်များ၊ လူကြီးတွေလည်း အထုခံရနဲ့ မလုပ်မဖြစ်လို့ပါ၊ ဘယ်လိုဆိုရမလဲ အဲဒီအချိန်မှာ ထူးဆန်းသောစိတ်တစ်ခု ကျနော်မှာဖြစ်ပေါ်လာသည်၊ ထိုရဲအရာရှိများကိုနားလည်ပေးလိုက်သည်၊ နားလည်ပေးစွမ်းနိုင်ရှိသော အဖေ့ကိုလည်း နားလည်ပေးချင်စိတ် ဖြစ်ပေါ်လာသည်။

ကျနော်ပို၍တွေးမိသွားသည်၊ မန္တလေးမြို့ကလူတွေ၊ နောက်ပြီးကုန်သည်တွေ ပွဲစားတွေ၊ လုပ်ငန်းရှင်တွေ၊ ဆိုင်ပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်ဆိုတဲ့လူတွေ၊ ဂျာနယ်သမားတွေ၊ အင်တာနက်သမားတွေ၊ မီဒီယာသမားတွေ၊ နယ်စပ်ကလူတွေ၊ ကုလားပြည်ကလူတွေ၊ တရုတ်ပြည်က ဘာကျွမ်းကျင်သူ ညာကျွမ်းကျင်သူတွေ၊ ယပလက် တို့ ယူရုပ်တို့ စတိတ်တို့က အော်ကြီးဟစ်ကျယ်သမားတွေ၊ စလုံးတို့အော်ဆီတို့က ဘာမှမဟုတ်တာတွေ……..

သူတို့အားလုံးကို ဝိုင်းစုခိုင်သိန်း VCDခွေထဲမှာ နောက်ဆုံးပြောသွားတဲ့ စကားနှစ်လုံးကို ပြောပြစ်လိုက်ချင်တယ်၊

နောက်ပြီးအော်ဟစ်နေတဲ့ အထက်မြန်မာပြည်နှင့် မန္တလေးက ဆမ အသင်းဝင်တွေကို ဝိုင်းစုခိုင်သိန်းလို ပြောပစ်လိုက်ချင်တယ်……


ိမ်” တွေလို့။

ဒါကိုလည်း ခင်ဗျားတို့ခံစားဘူးမှ ပြောဖြစ်ကြမှာပါ။


တိုက်ဆိုင်မှုရှိရင် တိုက်ဆိုင်သွားသည်လို့ မှတ်ပါ။