Monday, July 30, 2012

ကျမ သူ့ကို ဘယ်လောက် ချစ်သလဲ ဆိုရင်

 

ကျမစိတ်ဝင်စားတဲ့သူ

ကျမ၏ ပတ်ဝန်းကျင်တွင် ယောက်ျားတွေ အများကြီး ရှိပါသည်၊ အသက်အရွယ် အမျိုးစုံ၊ အလုပ်အကိုင် အမျိုးစုံ၊ အရည်အချင်း အမျိုးစုံ အပုံပုံ အစုံစုံပါ။

သူသည် သာမန်ထက် အရပ်မြင့်သော မြန်မာအမျိုးသား တစ်ယောက်ဖြစ်ပါသည်၊ အသားလတ်လတ် စိုပြေပါသည်၊ ဆံပင်ကို မတိုမရှည် အနောက်နိုင်ငံက မင်းသားတွေလို ထားတတ်ပြီး အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ ဖီးလိမ်းထားလေ့ရှိပါသည်၊ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ် နှုတ်ခမ်းလွှာ မပါးတစ်ပါးက အားလုံးထဲမှာ တည်ကြည်သော မျက်နှာပိုင်ရှင်လို့ သူ့ကို ကျမ ကောက်ချက်ချမိပါသည်၊  အားကစားနှင့် ကိုယ်ခံပညာ လိုက်စားသဖြင့် သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ယောက်ျားပီသလိုက်တာလို့ မိန်းကလေးများ တီးတိုးပြောရလောက်တဲ့သူ ဖြစ်ပါသည်။

စကားမပြောခင် အပြုံးလေးတစ်ခုပေးပြီးမှ စပြောလေ့ရှိပါသည်၊ စကားပြောလိုက်လျှင် အသံက ချိုသာယဉ်ကျေးပါသည်၊ ဆဲရေးတိုင်းထွာသော ကြမ်းတမ်းသော စကားများ သူ့ထံမှ ဘယ်တော့မှ ကြားရလိမ့်မည် မဟုတ်ပါ၊ စိတ်ဝင်စားစရာနှင့် ရယ်စရာကောင်းသော softy joke များကိုလုပ်လေ့ရှိပါသည်၊ ကျမ အရမ်းသဘောကျသော အရာတစ်ခုဖြစ်ပါသည်၊ စကားဝိုင်းထဲတွင် လိုက်လံဆွေးနွေးနိုင်သော ဗဟုသုတကြွယ်ဝသူ တစ်ယောက်လည်းဖြစ်ပါသည်၊ မေးလိုက်လျှင် အချက်အလက်နဲ့ စိတ်ရှည်သေချာစွာ ရှင်းပြတတ်ပြီး ကျနော်ကတော့ ဒီလောက်ထိပဲ သိတယ်နဲ့ အဆုံးသတ်ပေးလေ့ရှိပါသည်၊ စကားပြော ကောင်းသူတစ်ယောက်လို့ သူ့ကို ကျမက မှတ်ချက်ပေးမိပါသည်။

နောက်ပြီး သူက ဆေးလိပ်မသောက်ပါ၊ ကွမ်းလည်းမစားပါ၊ ဘီယာနှင့်အရက်ကိုတော့ လူမှုရေးအရ သောက်လေ့ရှိသည်လို့ ဆိုပါသည်၊ ဝိုင်တွေအကြောင်း အရက်တွေအကြောင်း ဝတ်စားဆင်ယဉ်မှုနှင့် ဧည့်ခံပွဲထုံးစံတွေကို ရှင်းပြသောအခါ သူ့ကို လူရာဝင်တဲ့သူလို့ ကျမ အမှတ်ပေးခဲ့ပါသည်။

နိုင်ငံရေးကို စိတ်ဝင်စားသော်လည်း နိုင်ငံရေးသမား တစ်ယောက် မဟုတ်ပါဟုဆိုသည်၊ တစ်ဘက်က မှားနေပါစေ ဆန့်ကျင့်ဘက်တွေကို မကောင်းသူတွေအဖြစ် မမြင်တတ်သော၊ အမြင်မတူတွေကို ပုတ်ခတ်ပြောဆိုပြီး အပြစ်ပြောကာ ဂုဏ်ယူတတ်သော လူမျိုးလည်း မဟုတ်ပါ၊ စစ်ပွဲတွေကို တစ်ဘက်ထဲကိုပဲ ရပ်လိုက်ပါ ရပ်လိုက်ပါလို့ မျက်စိမှိတ် ပြောလေ့ရှိသော လူမျိုးလည်း မဟုတ်ပါ၊ နှစ်ဘက်မျှကြည့်တတ်သော ရေရှည် အတွေးအခေါ်ရှိသော လူတစ်ယောက်လည်းဖြစ်ပါသည်၊ စွမ်းဆောင်နိုင်တဲ့ အရည်အချင်း တွေကြောင့် ဦးဆောင်နိုင်မဲ့လူလို့ သူ့ကို ကျမသတ်မှတ်ထားပါသည်။

ကျမအနားမှာ ကျမပတ်ဝန်းကျင်မှာ ဒီလို လူတစ်ယောက် ရှိနေတာကို ကျမ စိတ်မဝင်စားပဲ နေနိုင်မယ်လို့ ရှင်တို့ထင်ပါသလား။
ကျမ စိတ်ဝင်စားခဲ့ပါသည်၊
ကျမ သူ့အကြောင်းတွေ ပိုသိချင်လာသည်၊
ကျမ သူ့ကို ခင်မင်မိပါသည်။
ရှင်တို့ဆိုရင်ကော။



ကျမချစ်တဲ့သူ


ကျမတို့တစ်တွေ အများအားဖြင့် ငါ့ချစ်သူက ဘယ်လိုလူ၊ ငါ့ရီးစားထားရင်တော့ဖြင့် ဆိုပြီး၊ ချစ်သူတွေကို စိတ်ကူးယဉ်ခဲ့ဘူးပါလိမ့်မည်၊ ရင်ခုန်ကြည့်ချင်ကြတာလို့ ဆိုကြဦးမလား၊ ကျမကတော့ စိတ်ကူးယဉ်ခဲ့ပါသည်။
နောက်ပြီး ဘေးပတ်ဝန်းကျင်က ငါ့ကို ဘယ်သူကများ စိတ်ဝင်စားနေမလဲ ဆိုပြီး ဆန်းစစ်မှုတွေ လုပ်ခဲ့ဘူးမယ်လို့ ထင်ပါသည်၊
ကိုယ်ကြိုက်တဲ့သူတွေ့ရင် ရေလာမြောင်းပေး လုပ်သလို၊ အထာလာ အကြောင်းပေး ရှိခဲ့ဘူးကြပါလိမ့်မည်၊ ချစ်သူဟုတ်မဟုတ် ရင်ခုန်လား ရင်မခုန်ဘူးလားနဲ့ အစပြုခဲ့ကြတာ မဟုတ်ပါလား၊ အချစ်ဝထ္ထုတွေ အချစ်သီချင်းတွေ အချစ်ဇာတ်လမ်းတွေ ဖတ် နားထောင် ကြည့်ရှုနေတဲ့ အချိန်တွေတုန်းကပေါ့။

ထူးခြားတဲ့ အချစ်ဇာတ်လမ်း မဟုတ်ခဲ့ရင် ယောက်ျားလေးနဲ့ မိန်းကလေးတို့ သာမန် အချစ်ဇာတ်လမ်းဟာ စိတ်ဝင်စားမှုက စခဲ့တာပဲ မဟုတ်ပါလား၊ ကျမရဲ့ အချစ်ဇာတ်လမ်းမှာလည်း စိတ်ဝင်စားမှုက စခဲ့တာပါပဲ၊ ချစ်ချင်လို့ စိတ်ဝင်စားတာပါလို့ ပြောလာရင် ကျမဝန်ခံလိုက်ပါမည်။

ကျမစိတ်ဝင်စားတဲ့သူသည် ကျမနှင့် ခင်မင်ခဲ့ပါသည်၊ နောက်ပြီးပို၍ ရင်းနှီးခဲ့ပါသည်၊ ခင်မင်ဖြစ်အောင် ရင်းနှီးဖြစ်အောင် ကျမက စလုပ်ခဲ့သလားလို့ မေးလာရင်၊ တစ်ဝက်မှန်ပါလိမ့်မည်ဟု ကျမဖြေပါမည်၊ လူနှစ်ဦး ခင်မင်ရင်းနှီးမှုမှာ နှစ်ဦးစလုံးရဲ့ သဘောပါပါလိမ့်မည်၊ တစ်ဖက်သတ် ခင်မင်မှုတွေတော့ရှိနိုင်ပါသည် တစ်ဖက်သတ် ရင်းနှီးမှုတွေတော့ ရှိလိမ့်မည် မဟုတ်ပါ။

ကျမစိတ်ဝင်စားတဲ့သူသည် အချိန်နှင့်အမျှ ကျမအတွေးထဲမှာ၊ ကျမစိတ်ကူးထဲမှာ စိုးမိုးနေရာ ယူထားပါသည်၊ သူနဲ့တွေ့ရတဲ့ အချိန်လေးတွေသည် ကျမကို သာယာကြည်နူးမှုတွေ ပေးခဲ့ပါသည်၊ ဒီလိုနဲ့ သူနဲ့တွေ့ရမဲ့ အချိန်တွေကို ကျမတမ်းတစောင့်စားမိပါသည်၊ သာယာကြည်နူးမှုတွေကနေ ရင်ခုန်ခံစားမှုတွေအဖြစ် ပြောင်းပေးလိုက်နိုင်တဲ့ အခိုက်အတန့် တစ်ခုမှာတော့၊ ကျမရဲ့ အရာရာကို သူက စိုးမိုးထားစေချင်သည်၊ သူ့ရဲ့ အရာရာကို ကျမ လွှမ်းမိုးထားချင်သည်၊ သူနဲ့ ပတ်သက်ပြီး ရေချိုးခန်းထဲမှာ သီချင်းတွေ ညည်းဆိုတတ်လာတော့ သူ့ကို ကျမချစ်မိနေပြီဆိုတာ မျက်စိမှိတ် သိရှိခဲ့ပါသည်။

အစဉ်အလာ ဇာတ်လမ်းတွေကလို ကျမစိတ်ဝင်စားတဲ့သူသည် ကျမကို ချစ်တဲ့အကြောင်း ပြောလာသောအခါ၊ ကျမက ဘာပြန်ပြောမယ်လို့ ရှင်တို့တွေးကြည့်လိုက်ပါ၊ အနေကြာ အကြောင်းသိတွေ ဖြစ်လာတဲ့ အတွက်လည်း ကျမ သူ့ကိုချစ်နေခဲ့ပါတယ်လို့ အဖြေနှစ်ခါ မတောင်းရပဲ ကျမကြွေခဲ့ရပါသည်၊ ခုတော့ ကျမတို့ နှစ်ဦးက ချစ်သူတွေပေါ့၊ တကယ်တော့ ဟို တောင်ကုန်းမြင့်မြင့်ပေါ်တက်ပြီး ကြွေးကြော်ချင်တာပါ၊ ကျမချစ်ရတဲ့သူသည် ကျမချစ်သူ၊ ကျမကို ချစ်တဲ့သူသည် ကျမချစ်သူလို့။

ကိုကို ခေါ်ရမလား၊ မောင်မောင် ခေါ်ရမလား၊ ချစ်လေးလား အချစ်တုန်းကြီးလား ဝမ်းသာကြည်နူးမှုတွေက ပြောမကုန်ပါ၊ ဒီလိုနဲ့ ကျမတို့ အချစ်ဇာတ်လမ်းလေး အယုအယတွေနဲ့ သမုဒယပွားလို့ ချစ်ခြင်းကို ချစ်ခြင်းထပ်ခဲ့ကြပါသည်၊ ထပ်ခြင်းမြတ်အောင်လို့လည်း နားလည်သလား၊ နားလည်ပေးနိုင်သလား နားလည်သွားပြီလား ဆိုတဲ့ နားလည်မှုတွေကို တည်ဆောက်ခဲ့ကြပါသည်၊ ကျမဘဝရဲ့ ခံစားမှု အရှိဆုံးအချိန်တွေလို့ ကျမ မှတ်ယူပါသည်။

သူရဲကောင်း မပါတဲ့ အချစ်ဇာတ်လမ်းတွေမှာတော့ ချစ်သူတို့ရဲ့ ပန်းတိုင်တစ်ခုဟာ ရယူပိုင်ဆိုင်ခြင်းပါပဲ၊ အတူနေချင်ပြီနဲ့ စလာတဲ့ အချစ်ထပ်မံ ပေါက်ဖွားခြင်းတွေမှာတော့ ကျမအတွက် ဘဝ အမောတွေ စဝင်လာပြီလို့ ကျမ သိရှိခဲ့ပါသည်၊ ဒါပေမဲ့ နှစ်ကိုယ်တူ ချစ်သမျှကိုနဲ့ အလိုတူဖြစ်ခဲ့ရပါသည်၊ ကျမဘဝရဲ့ စွန့်စားဆုံးအချိန်တွေလို့ ကျမ ထုတ်ဖေါ်ပြောဆိုလိုပါသည်။

အဆင်သင့်ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆိုတဲ့ မေးခွန်းတွေနဲ့၊ သေချာမှလာမယ် ဆိုတဲ့ သူတွေနဲ့ ကျမတို့ သဘောခြင်း မတိုက်ဆိုင်ခဲ့ပါ၊
Zero Risk ဆိုတာ ဘယ်နေရာမှာမှ မရှိပါဘူး၊
ကိုကို အဆင်သင့်၊ မမ အဆင်သင့်တွေ မဟုတ်တဲ့အတွက်
ကျမချစ်ရတဲ့သူသည် ကျမချစ်သူ၊ ကျမကို ချစ်တဲ့သူသည် ကျမချစ်သူ ဆိုပြီး
ကျမစွန့်စားဝံ့ခဲ့ပါသည်။
ရှင်တို့ဆိုရင်ကော။



ကျမမြတ်နိုးတဲ့သူ

ကျမစိတ်ဝင်စားတဲ့သူ ကျမချစ်တဲ့သူသည် တူနှစ်ကိုယ် တဲအိုပျက်ဆိုသည်ကို လက်ခံသူ မဟုတ်ပါ၊ ကျမရဲ့ အိမ်မက်တွေကို ပွင့်လန်းစေမဲ့သူ ဖြစ်ပါသည်၊ ကျမရဲ့ စိတ်ကူးတွေ အကောင်အထည် ဖေါ်ရာမှာ ဦးဆောင်ပေးမဲ့ သူတစ်ယောက်ပါ၊ စိတ်ကူးနဲ့ လက်တွေ့တို့ရဲ့ ပေါင်းစပ်မှုတစ်ရပ်ပါပဲ၊ စိတ်ကူးမရှိရင် လက်တွေ့သမားသည် လားရာမဲ့နေပါမည်၊ လက်တွေ့သမား မရှိရင် စိတ်ကူးတို့သည် ရုပ်လုံးပေါ်လာမည် မဟုတ်ပါ၊ နှစ်ဦးနှစ်ဖက် ပေါင်းစပ်ရာတွင် နားလည်မှုက အရေးကြီးသည် မဟုတ်ပါလား၊ ဒီလိုနဲ့ ကျမတို့တွင် အလွန်သာယာဖွယ်ကောင်းသော အိမ်ကလေး တစ်လုံးကို ပိုင်ဆိုင်ခဲ့ပါသည်၊ ကျမကို အလိုလိုက်ဆုံးသူ၊ ကျမကို အလိုက်အသိဆုံးသူသည် သူဖြစ်လာခဲ့ပါသည်၊ အခက်အခဲ အားလုံးအတွက် ကျမအတွက် အဖြေတစ်ခုကို အမြဲရှာပေး နိုင်တဲ့ သူရယ်ပါ၊ သူသည် ကျမကို ကျမထက် ပို နားလည်ပေးနိုင်စွမ်းရှိသူဆိုတာကို ကျမဝန်ခံမိပါသည်။

သာယာချမ်းမြေ့သောဘဝ ဆိုတာ လူတိုင်းကိုရစေသော ဘဝ မဟုတ်ပါ၊ အကုန်လုံးပြည့်စုံနေတိုင်း သာယာချမ်းမြေ့သောဘဝ မဖြစ်နိုင်ပါ၊ သာယာချမ်းမြေ့စွာ နေထိုင်တတ်သော ကျမတို့အတွက် သာယာချမ်းမြေ့မှုကို ပိုင်ဆိုင်ရပါသည်၊ ယုံကြည်မှု၏ အရေးပါမှုကို ကျမသိရှိလာရပါသည်၊ လုံခြုံစိတ်ချစွာ နေနိုင်ရေးကို ပေးစွမ်းနိုင်သူသည် ယုံကြည်အားကိုးရတဲ့သူ မဟုတ်ပါလား။

ချစ်ခြင်းက အစပြုက အားကိုးယုံကြည်စွာဖြင့် မေတ္တာ ပိုလာရသည်ကို သံယောဇဉ်လို့ ကျမက ဆိုပါသည်၊  ကျမတို့နှစ်ယောက် ကူဖေါ်လောင်ဖက်၊ ဆေးပေးမီးယူ တွေလည်းဖြစ်ခဲ့ပါသည်၊ ကျမကို သူပေးနေသော သာယာပျော်ရွှင်မှုများကို၊ ကျမ၏ မြတ်နိုးယုယ ပြုစုခြင်းများဖြင့် တသက်လုံး ပေးဆပ်မည်ဟု ကျမ ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်၊
နားလည်းပေးနိုင်စွမ်းရှိသူ၊ ယုံကြည်အားကိုးရတဲ့သူကို ချစ်ခင်မြတ်နိုးသင့်သည် မဟုတ်ပါလား၊
ကျမ တစ်သက်လုံး မြတ်နိုးချစ်ခင် သွားမှာပါ။
ရှင်တို့ဆိုရင်ကော။



ကျမခင်ပွန်း ကျမအမျိုးသား

သူ ကျမကို စိတ်ဝင်စားခဲ့သလား  ကျမကို ချစ်ခဲ့သလား ကျမ မသိပါ၊ သူသည် ကျမ၏ အိမ်ထောင်ဖက် ခင်ပွန်းဖြစ်ပါသည်၊ ကာမပိုင် လင်ယောက်ျားလို့ ဆိုကြပါသည်။

သူပုံပန်းက အမှတ်ရလွယ်ပါသည် အညာသားကွ ဘာဖြစ်လဲလို့ ပြောလေ့ရှိပါသည်၊ အရပ်က မမြင့်သည့်အပြင် ခပ်ဝဝသူ့မှာ ခုတစ်လော ဗိုက်ကထွက်လာပါသည်၊ သူ့မျက်နှာတွင် ထင်ရှားစေသည်မှာ ကွမ်းစားထားသော သွားများဖြစ်ပါသည်၊
သူ့အပြုံး ချစ်စရာ ကောင်းမကောင်း စဉ်းစားသာ ကြည့်ကြပေတော့။

အိမ်ငှါးခ ကုန်ကျစရိတ်တွေကတော့ သူ့လစာထဲကပေါ့၊ လောက်လား မလောက်လား ဘယ်တော့မှ သူမမေးပါ၊
ခေါင်းကိုက်နေတယ်လို့ ပြောမိရင်၊ ပယ်နယ်ဒေါသောက် မပျောက်ရင် အိမ်ဘေးက ဆေးခန်းသွား ဒီထက်မပိုပါ၊
ကျမ ထမင်းဟင်းချက်တာကို ဘာမှာ  မဝေဖန်ပါ၊ တစ်ခါတစ်ရံ အပြင် သွားစားကြရအောင်လို့တော့ ဆိုပါသည်၊
ကျမနှင့် ပြိုင်ပြီး ဘယ်တော့မှ မငြင်းပါ၊ ငြင်းစရာမှ မရှိပဲကို၊ သူ့ဆီက ဗဟုသုတ ရဖို့နေနေသာသာ သူသည် တီဗီ သတင်းကြည့်ရင်တောင် သတင်းခေါင်းစဉ်ပဲ ကြည့်တတ်လေ့ရှိသည်၊
ကျမ ညည အိပ်မပျော်တာတို့ အင်တာနက်ထဲမှာ တစ်ညလုံးနေနေတာလည်း သူစိတ်မဝင်စားပါ၊
သူကတော့ မနက်ကျရင် အလုပ်ကို ထထ သွားစမြဲဖြစ်သည်၊
တစ်ခါတစ်လေ ကျမ အမေ့အိမ် မကြာခဏ ပြန်နေလည်း ဘာလို့ပြန်သလဲ မမေးပါ၊
ခုလည်း ကျမ youtubeက သီချင်းနားထောင်တော့၊ သူဆီက ယောက်သံတွေ ကြားနေရပါပြီ
ကျမနားထောင်နေတဲ့ သီချင်းလေးကတော့

"When the mellow moon begins to beam,
Ev'ry night I dream a little dream;
And of course Prince Charming is the theme:
The he          For me.
Although I realize as well as you
It is seldom that a dream comes true,
To me it's clear
That he'll appear.

Some day he'll come along,
The man I love;
And he'll be big and strong,
The man I love;
And when he comes my way,
I'll do my best to make him stay.

He'll look at me and smile--
I'll understand;
And in a little while
He'll take my hand;
And though it seems absurd,
I know we both won't say a word.
Maybe I shall meet him Sunday,
Maybe Monday, maybe not
Still I'm sure to meet him one day
Maybe Tuesday will be my good news day


He'll build a little home
Just meant for two;
From which I'll never roam--
Who would? Would you?
And so all else above,
I'm waiting for
The man I love!


Maybe I shall meet him Sunday,
Maybe Monday, maybe not
Still I'm sure to meet him one day
Maybe Tuesday will be my good news day

He'll build a little home, That's meant for two
From which I'll never roam, Who would, would you
And so all else above
I'm dreaming of the man I love"


တစ်ခါတစ်လေမှာ သီချင်းနားထောင်ပြီး စိတ်ကူးယဉ်ရတာ အရမ်းကောင်းပါသည်။






"The Man I Love" is a popular jazz song, with music by George Gershwin and lyrics by Ira Gershwin. I like sign by Barbra Streisand


Photo from The man I love youtube

Friday, July 6, 2012

လန်ဒန်ည သင်ခန်းစာ



လန်ဒန်မှာ တည်းသော ဟော်တယ်ကThe Grosvenor Hotel ဖြစ်သည်၊ အလုပ်သွားရ လွယ်ကူအောင်နှင့် classic ဖြစ်သည်ဆို၍ တည်းလိုက်ခြင်းဖြစ်သည်၊ ရှေးကျသော ဟော်တယ်ကို ခေတ်မှီမွန်းမံဒီဇိုင်းတွေ လုပ်ထားသည်၊ ဒီဟော်တယ်မှာ တစ်ချို့ ရုပ်ရှင်၊ တီဗီ ဇာတ်ကားများ လာရိုက်လေ့ရှိသည်ဆိုသည်၊ ဟော်တယ်အပြင်အဆင်က ပြတိုက်တစ်ခုထဲရောက်သွားသလို ခံစားရသည်၊ service နှင့် အခန်းအသုံးအဆောင်တွေကတော့ ပုံမှန်ပင်ဖြစ်သည်။

အပြင်မှာ မိုးတွေရွာနေသည်၊ သဲကြီးမဲကြီးဖြစ်သည်၊ လေတွေကလည်းတိုက်သဖြင့် ဒီနေ့ည ချိန်းထားသူတစ်ချို့က အစီအစဉ်ကို ဖျက်လိုက်ကြသည်၊ မိုးတွေလေတွေကြားမှာပင် ညစာထွက်စားပြီး တည်းခိုရာဟော်တယ်မှာပဲ ပြန်နားဖို့ဆုံးဖြတ်လိုက်သည်၊ မနက်ဖြန် နံနက်စောစော ခရီးထွက်ရဦးမည်၊ Gibson ရဲ့The Shadow ကို ဖတ်နေမိသည်၊ မနေ့ကလည်း Ellery Queen, The Player on Other Side ကို ဖတ်ခဲ့သေးသည်၊ စိတ်လှုပ်ရှားစရာ ဝထ္ထုတွေပဲ ဖတ်နေသဖြင့် ပျင်းလာသလို ရှိလာ၍ တီဗီဇာတ်လမ်းများကို ကြည့်ရန် တစ်ချယ်နယ်ပြီး တစ်ချယ်နယ် ကြည့်နေမိသည်၊ ဟော်တယ်က အလကားကြည့်နိုင်သော ချယ်နယ် ၃၆ ခုရှိသည်၊ အင်္ဂလိပ်၊ ပြင်သစ် အပြင် အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဘင်္ဂလီနှင့် အာရပ် ချယ်နယ်များပါရှိသည်၊ လန်ဒန်မှာ ဘင်္ဂလီများတော့ သူတို့ချယ်နယ်တစ်ခုတောင်ရှိသည်၊ ပထမတော့ သတင်းချယ်နယ်ပဲကြည့်ဖို့ လုပ်သေးသည်၊ ခုတလော သတင်းတွေကို မကြည့်ချင်ပါ၊ နောက်တော့ တရုတ်ချယ်နယ်က ဇာတ်ကားကို စိတ်ဝင်စားသွားသည်၊ နောက်ဆုံး ဂျပန် သရဲကားကို ကြည့်ဖို့ရွေးချယ်လိုက်သည်၊ အပြင်မှာ မိုးတွေရွာနေသလို အေးလည်းအေးလှသည်၊ ဟော်တယ်က တိတ်ဆိတ် နေသည်ဟုထင်မိသည်။

'ဘတ် ဘတ်၊ ဘတ် ဘတ်'၊
တံခါးကို တစ်ယောက်ယောက်က လာပုတ်သလို အသံကြားလိုက်မိသည်၊ မသေချာ၍ ဒီအတိုင်းပဲနေပြီး ရုပ်ရှင်ဆက်ကြည့်နေလိုက်သည်၊ စိတ်ထဲက ထင်တာပဲလို့ မှတ်ယူလိုက်သည်၊
'ဒေါက် ဒေါက် ဒေါက်၊ ဒေါက် ဒေါက် ဒေါက်'၊
ဒီတစ်ခါတော့ တံခါးကိုလာခေါက်သံ သေချာသွားသည်၊ ဘယ်သူလဲ ငါ့တံခါးကို လာခေါက်တာ၊
မေးခွန်းတွေကို စ စဉ်းစားမိသည်၊
ငါ့ကို လာသတ်မဲ့လူတွေလား၊ ဓါးပြတိုက်မဲ့လူတွေလား၊
လန်ဒန်မှာ ငါ့ကိုသတ်လောက်တဲ့သူ မရှိ၊ လန်ဒန်က ဓါးပြတွေက ဒီလို တံခါးခေါက်ပြီး တိုက်လေ့ရှိသလား၊
ဟော်တယ်ဝန်ထမ်းဆိုရင်လည်း ဖုန်းဆက်ပြီးမှ လာမှာ သေချာသည်၊ ဒါဆို အပြင်က တံခါးခေါက်နေတာ ဘယ်သူလဲ စိတ်ထဲမှာ မေးမိပြန်သည်၊
'ဒေါက် ဒေါက် ဒေါက်၊ ဒေါက် ဒေါက် ဒေါက်'၊ တံခါးကို ဆက်ခေါက်နေပြန်သည်၊
ယိုဒယားမှာလို တရုတ်မှာလို တံခါးခေါက်ခါ အလိုရှိလားဆိုပြီး အရောင်းအဝယ်လုပ်သူတွေ လန်ဒန်မှာရော ရှိသလား၊
မကြားဖူးပါ၊ ဒီလိုဟော်တယ်ကြီးမှာ မရှိနိုင်၊
အတွေးစုံဝင်လာသည်၊ ရုပ်ရှင်တွေ ဝထ္ထုတွေထဲကလို လိုက်စဉ်းစားနေမိသည်၊
ဟော်တယ်ဝန်ထမ်းကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်ရမလား၊ ဒီလိုဆိုရင် မြန်မာတစ်ယောက် သတ္တိကြောင်သည်လို့ ပြောလေမလား၊
ဘာပဲဖြစ်ဖြစ် တံခါးအပေါက်က ချောင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်၊ အပေါက်ကနေ အပြင်ဘက်ကို ကြည့်လိုက်သည် ဘာမှမရှိ၊ ကြက်သီးတွေ ထသွားသည်၊ ဘုရား ဘုရား ဆိုပြီးရွတ်လိုက်မိသည်၊
အပြင်ဘက်က ဘာလဲ၊ အပြင်ဘက်က ဘာဖြစ်မလဲ၊ နာနာဘာဝတွေလား၊ အတွေးတွေ ဝင်လာသည်၊
‘ဟလို ဟလို’ ဆိုပြီး ခေါ်သံကြားရသည်၊ အမျိုးသမီး တစ်ယောက်၏အသံ၊ ငါ တံခါးနားရောက်နေမှန်း သူသိနေသည်ထင်သည်၊ ‘ဟလို ဟလို ငါ မင်းအကူအညီကို လိုအပ်နေလို့ ကျေးဇူးပြု၍ တံခါးဖွင့်ပေးပါ’၊ စကားပြောသံကို ကြားလိုက်ရသည်၊ လှည့်စားနေတာလားလို့ စဉ်းစားလိုက်မိသည်၊ နာနာဘာဝဆိုရင် သူအလိုလို အခန်းထဲ ဝင်လာမည် မဟုတ်ပါလား၊ ကော်ရစ်ဒါမှာပဲ နေလို့ရတဲ့ နာနာဘာဝပဲဖြစ်မယ်၊
ဒါပေမဲ့ လက်ကအလိုလို တံခါးလက်ကိုင်ကိုရောက်နေသည်၊  အကူအညီတောင်းနေသည် မကူညီလိုက်ပါက မကောင်းဟုထင်မိသည်၊ “မင်းဘယ်သူလဲ” ဟုမေးလိုက်မိသည်၊ ‘ငါ မင်းရဲ့အခန်းဘေးကပါ အကူအညီလိုနေလို့ပါ’၊ မဖြစ်သေးဖူး ရုပ်ရှင်တွေထဲကလို မဖြစ်အောင် ကြိုတင်ကာကွယ်မှလို့ တွေးရင်း၊ တံခါးကို အကုန်မဖွင့် ချိန်းကြိုးလေးနဲ့ခပ်ထားသေးသည်၊ အပြင်ကနေ သေနပ်နှင့်ပစ် ဓါးနဲ့မထိုးနိုင်အောင် တံခါးတစ်ဘက်တွင် နေရာယူလိုက်သည်၊ ချိန်းကြိုးအကွာအဝေး တစ်မိုက်လောက် တံခါးကိုဖွင့်လိုက်သည်။

ဟင်
တံခါးပေါက်ဝတွင် ဘယ်သူမှ မရှိ၊
ကြက်သီးတွေထလာပြန်သည်၊ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်၊
“အမယ်လေးဗျ” အော်လိုက်မိသည်၊ အိုးဂေါ့ဆိုသည့် အော်သံလည်းထွက်လာသည်၊
ဖြူဖြူကြီး ရုတ်တရက် အခန်းရှေ့ကို ရောက်လာ၍ဖြစ်သည်၊
ဆံပင်ဖားလား မျက်နှာဖြူ အဖွားအိုကြီးတစ်ယောက် ညဝတ်အင်္ကျီ အပြတ်နဲ့ လက်နှစ်ဘက်ကိုလည်း ရှေ့သို့ဆန့်ကာ တုန်တုန်ရီရီဖြစ်နေသည် ကိုတွေ့ရသည်၊
ဒါကို ရုတ်တရက်တွေ့လိုက်ရလျှင် ဘယ်သူမဆို အထိတ်တလန့် မရှိပဲ နေနိုင်မည်မဟုတ်ပါ၊
ဒါကြောင့်မို့လည်း အမယ်လေးဗျလို့ လန့်အော်လိုက်မိခြင်းဖြစ်သည်၊
သူကလည်း ကိုယ်အော်တော့ အိုးဂေါ့ဆိုပြီး ပြန်အော်သည်၊
ပထမဦးဆုံးပြောဖြစ်လိုက်သည်မှာ “မင်းလူတစ်ယောက်လား” ဆိုသည့်မေးခွန်းပင်ဖြစ်သည်၊
‘ဟုတ်တာပေါ့ ငါဟာလူတစ်ယောက်ပါ၊ ဒါဟာ တစ်စုံတစ်ရာပြဿနာပါလား’၊ သူကပြန်ဖြေ ပြန်မေးလာသည်၊
“မရှိပါဘူး၊ မရှိပါဘူး”၊ ပြန်ဖြေလိုက်သည်၊
‘ဒါပေမဲ့ ငါမှာပြဿနာရှိတယ် မင်းကူညီနိုင်မယ်လို့ ငါထင်ပါတယ်’၊ အဖွားအိုကြီးက ဆိုလာသည်၊
“ကူညီနိုင်ပါတယ်၊ စိတ်မရှိပါနဲ့ ခုနက ငါ သရဲကားကြည့်နေလို့ပါ”၊ တောင်းပန်သလို ပြောလိုက်မိသည်၊
‘ငါဟာ သရဲတစ်ယောက်နဲ့ တကယ်တူနေပါသလား’၊
“မတူပါဘူး၊ မင်းဟာ သရဲနဲ့မတူပါဘူး၊ ဒါဟာငါရဲ့ စိတ်ဖြစ်စဉ်နဲ့ဆိုင်ပါတယ်၊ လူတွေဖြစ်တတ်တဲ့သဘောပါ၊ အထဲဝင်ခဲ့ပါ”၊
တံခါးကို အကုန်ဖွင့်ပေးပြီး ဖွင့်ထားခဲ့သည်၊
အဖွားကြီးမှာ ညဝတ်အင်္ကျီ အပြတ်နဲ့ ချမ်းတုန်၍နေသည်၊ ထိုအတွက် ပိုနေသောစောင်တစ်ထည်ကို ပေးလိုက်သည်၊ စောင်ကို သူကိုယ်ပေါ်ပတ်၍ ကျေးဇူးပါပဲ ဒါတွေဟာငါ့ရဲ့ ပေါ့ဆမှုတွေကြောင့် ဖြစ်ရတာပါဆိုပြီးရေရွတ်နေသည်၊
‘ငါအိပ်မပျော်တာနဲ့ အပြင်ကော်ရစ်ဒါထွက် လမ်းလျှောက်ထွက်ရင်ကောင်းမလားဆိုပြီး အခြေအနေ ထွက်အကြည့်မှာ တံခါးကပြန်ပိတ်သွားတယ်၊ ငါ့မှာ သော့ကဒ်မပါခဲ့ဘူး၊ တံခါးခေါက်ပြီး အခန်းဖေါ်ကိုနိုးပေမဲ့ သူကအိပ်မောကြနေလို့ ဘယ်လိုမှ နိုးလို့မရဘူး၊ ဒီလိုပုံစံကြီးနဲ့လည်း ဧည့်ကြိုကောင်တာကို မသွားချင်ဘူး၊ ငါ့အခန်းဖေါ်ကို တယ်လီဖုန်းနဲ့ နိုးရအောင်၊ မအိပ်သေးတဲ့ အခန်းကိုလိုက်ရှာပြီး အကူအညီတောင်းရအောင် ထွက်ခဲ့တာ မင်းအခန်းထဲက တီဗီအသံကြားတာနဲ့ တံခါးခေါက်ပြီး အကူအညီတောင်းမိတာပါ’၊ အဖွားကြီးက ရှင်းပြသည်၊
“ရပါတယ် မင်းအခန်းကို ဖုန်းဆက်ကြည့်လေ”၊ ခွင့်ပေးလိုက်သည်၊
အဖွားကြီးက အခန်းကို ငါးမိနစ်လောက် ဖုန်းခေါ်သော်လည်း အိပ်နေသော သူ့အခန်းဖေါ်က မနိုးပါချေ၊ နောက်ဆုံး ကျနော်က မန်နေဂျာဆီကို ဖုန်းဆက်ဖို့ အကြံပြုရာ၊ အဖွားကြီးက မန်နေဂျာဆီဖုန်းဆက်ပြီး ရှင်းပြရာ ဝန်ထမ်းတစ်ယောက်လာ၍ သော့ကဒ်တစ်ခု လာပေးမည်ဟုဆိုသည်။

သော့ကဒ်လာပေးမဲ့သူကို စောင့်ရင်း ကျနော်တို့ စကားစမြည်ပြောဖြစ်ကြသည်၊ အမေရိကား အီလီနွှိုက်ကဖြစ်ပြီး အငြိမ်းစားကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း သိရသည်၊ သော့ကဒ်လာပေးသော ဝန်ထမ်းလာသောအခါ ကျနော်ကပဲ ဘောက်ဆူး ငါးပေါင်ပေးလိုက်သည်၊ အဖွားကြီးချမ်းနေ၍ ကော်ဖီဖျော်တိုက်လိုက် ရသေးသည်၊ အဖွားကြီးပြန်သွားသောအခါ ညသန်းခေါင်လောက်ရှိပြီ ဖြစ်သည်၊ အိပ်ဖို့ကြိုးစားရာ ထိတ်လန့်ခဲ့သော စိတ်တွေကြောင့် အိပ်မပျော်ဖြစ်ရသည်၊ ဒီလိုနဲ့ပဲ လက်ဆောင်ပေးရန် ဝယ်လာသော ဂျာမန်ဝိုင်တစ်လုံးကို ဖေါက်လိုက်ရသည် အိပ်ဆေးအတွက်ဖြစ်ပါသည်။

ဝိုင်သောက်ရင်း အိပ်ဖို့ကြိုးစားရင်း ဒီညဖြစ်ခဲ့သော အဖြစ်တို့ကို ပြန်စဉ်းစားမိနေသည်၊
တကယ်တော့ ဖတ်ခဲ့သော စာအုပ်များ၊ ကြည့်ခဲ့သော ရုပ်ရှင်နှင့်တီဗီ ဇာတ်လမ်းများက စိတ်ကိုဖမ်းစားသွားခြင်းဖြစ်သည်၊ သေသေချာချာ ဘာကိုမှ မစဉ်းစားမိတော့ပဲ၊ ဆုံးဖြတ်ချက်တွေလည်း ကိုးယိုးကားယား ဖြစ်သွားခဲ့သည်၊ လူတွေရဲ့ စိတ်သည် ဟန်ဆောင်မှန်းသိလျှက်နဲ့ တကယ့်အဖြစ်လို့ထင်နေမိသည်၊ ညာနေမှန်းသိလျှက်နဲ့ အညာခံချင်ကြသည်၊ မဟုတ်မှန်းသိလျှက်နဲ့ ယုံကြည်တတ်သည်၊ သရုပ်ဆောင် ဟန်ဆောင်နေမှန်းသိလျှက်နဲ့ သနားမိသည်၊ ဝမ်းနည်းမိသည် ဒေါသဖြစ်မိသည်။

ခုလည်းကြည့်ပါ သရဲကားကြည့်နေရင်းနဲ့ အကူအညီလာတောင်းသူ တစ်ယောက်ကို သရဲထင်ပြီး မင်းလူတစ်ယောက်လားလို့ ခပ်ကြောင်ကြောင်မေးဖြစ်ခဲ့သည်မှာ စိတ်ကိုဘယ်လောက် ဖမ်းစားလွှမ်းမိုးသွားသလဲ ဆိုတာသိနိုင်သည်၊ လူ၏စိတ်ကိုဖမ်းယူလို့ရသည်ကို လှည့်စားလို့ရသည်ကို လက်ခံရပေလိမ့်မည်၊ သရဲဇာတ်လမ်းဖန်တီးသူတို့သည်၊ လူတွေ၏ ကြောက်တတ်သော အပြုအမှုတွေကို လေ့လာရသည်၊ ဒါမှ ဘယ်လိုကြောက်သွားမည်၊ ဘယ်လိုစိတ်လှုပ်ရှား ထိတ်လန့်သွားမည်ကို သိရှိဖန်တီးနိုင်မည်ဖြစ်သည်၊ ဘယ်သရဲဇာတ်လမ်းမဆို အဓိက elements ဆယ်ချက်ကို အခြေခံထားသည်၊ အဲဒီဆယ်ချက်ကတော့

  • အိုဟောင်းသော စွန့်ပစ်ထားသော အဆောက်အဦးများ၊ သင်္ချိုင်း၊ ဆေးရုံ လူသေထားသောနေရာများ၊
  • ညအမှောင် တိတ်ဆိတ်သောည
  • ရှေးဟောင်းပစ္စည်း၊ ဓါတ်ပုံ 
  • ရွေ့လျှားနေသော အရာများ Moving Objects
  • လသာည၊ လကွယ်ည ခွေးအူသံများ
  • ဝိညာဉ်ဖြစ်ခြင်း၊ သေဆုံးပုံ သေဆုံးနည်း
  • လူဘဝက အပြီးမသတ်ရသေးသော ကိစ္စများ Unfinished Business
  • အစိမ်းသေ၊  မသေသင့်ပဲသေရသူများ၊ လက်စားချေလိုမှု၊ အမှန်တရားပြလိုမှု
  • ဘုရားသခင်နှင့် ဘာသာရေးအယူအဆများ၊ တန်ခိုးပါဝါရှိသူများ
  • ကလေးများ တိရိစ္ဆာန်များတွင် ဖြစ်လေ့ဖြစ်ထရှိသည် အမြင်များ၊ မြင်နိုင်မှုများ၊
စသည်တို့ဖြစ်သည်။

ပထမဦးစွာ ဂျပန်ဖန်းတီးသူများသည် ထိုဆယ်ချက်မှ ခွဲထွက်လာခဲ့သည်၊ နောက်ဆုံး Hollywood ကပဲ အသစ်အဆန်းများကို ရှာဖွေလာကြသည်၊  အသစ်အဆန်း ဇာတ်လမ်းတို့သည် စိတ်ဝင်စားစရာ ပိုကောင်းလာခဲ့သည်၊
လူတွေရဲ့စိတ်အားနည်းချက်၊ စိတ်စွဲလန်းမှုများကို အနုပညာသမားများက လေ့လာကာ အနုပညာမြောက်အောင်ဖန်တီး အသုံးချလာကြသည်။

ထိုသို့ လူတွေရဲ့စိတ်အားနည်းချက်၊ စိတ်စွဲလန်းမှုများကို ဘာသာရေးနှင့် နိုင်ငံရေးသမားများကလည်း ၎င်းတို့၏ အောင်မြင်နိုင်ရေး၊ လွှမ်းမိုးနိုင်ရေး၊ ကြီးပွားရေးအတွက် အသုံးချလာကြသည်၊ လောလောဆယ် စင်္ကာပူတွင် ဘုရားသခင်ကို အသုံးချကာ ငွေသန်း၅၀ကျော် အလွဲသုံးစားမှုကြီး၌ အစိုးရက ခေါင်းဆောင်နှင့်သက်ဆိုင်သူတွေကို တရားစွဲဆိုနေချိန်တွင် နောက်လိုက်နောက်ပါ ယုံကြည်သူများ၏ ပြောဆိုချက်များသည် ဘယ်လောက်ထိ လွှမ်းမိုးထားသည်ကို ပြသလျှက်ရှိသည်။

ဒီလိုပဲ ပြီးခဲ့တဲ့လက ကမ္ဘာကျော်အခွင့်အရေးအဖွဲ့ကြီး၏ နားလှည့်ပါးရိုက်မှုများ၊ လှုပ်ရှားသောအဖွဲ့အစည်းများ၏ မီဒီယာအခြေခံ လုပ်ကြံဖန်တီးမှုများကို ဘယ်သူတွေက ဘယ်လောက်တောင် ယုံကြည်ကြမည်မသိပေ။

ကျနော်တို့ ကြည့်တတ် မြင်တတ်ဖို့ လိုနေပါပြီ၊ ဟို အဝေးကြီးကို ကြည့်တတ်ဖို့ လှမ်းမြင်တတ်ဖို့ လိုပါပြီ၊
ဒီလန်ဒန်ညက သင်ခန်းစာပေးလိုက်ပါပြီ။

“ကျမတို့ လုပ်စရာတွေ အများကြီးကျန်သေးတယ်”
“ကျမတို့ အဝေးကြီးကို မြင်တတ်ဖို့လိုတယ်……..”

ဆိုတဲ့ပြောခဲ့တဲ့ စကားတွေကို မှတ်မိကြမယ်လို့ ထင်ပါတယ်။



အားလုံး ပျော်ရွှင်အေးချမ်းကြပါစေ။



                                                 အောက်စ်ဖို့ကျောင်းတစ်ကျောင်း
ကိုယ်ပိုင်အမှတ်တရဓါတ်ပုံများ