Thursday, February 9, 2012

ထမိန် တိုင်းပြည်


တအင့်အင့် ငိုသံကြား၍ ကျမဆိုင်ရှေ့သို့ ထွက်လာခဲ့သည်၊
ဆိုင်ရှေ့ လမ်းမပေါ်မှာတော့၊ ဆယ်ကျော်သက်ပုံစံ ဝတ်ဆင်ထားသော အသက် ၅၀ ကျော် အမျိုးသမီးတစ်ယောက်၊ ကျမကို မျက်စောင်းထိုးကြည့်ပြီး ကားတံခါးကို ဆောင့်ပိတ်ကာ ကားပေါ်တက်သွားသည်၊ ဒီနောက် ၆ ဂငယ် နံပါတ် တိုယိုတာ လင့်ခရုစာကားက ဆောင့်ကြီးတငင်ဖြင့် ကျမဆိုင်ရှေ့က မောင်းထွက်သွားသည်။

‘သမီးဘာဖြစ်လို့ ငိုနေတာလဲ’ဟု ကျမက ကျမရဲ့ ဆိုင်းရောင်းသူလေးကို မေးလိုက်သည်၊
“ဟိုဘွားတော်ကြီး (မိန်းမကြီး) သမီးကို ဆဲဆူသွားတယ်၊ တွန်းလဲတွန်းသွားသေးတယ်” ကလေးမလေးက ပြန်ဖြေသည်၊
‘ဘာများဖြစ်သွားသေးသလဲ သမီး’လို့ ကျမ ထပ်မေးလိုက်ပြန်သည်၊
“ဘာမှတော့မဖြစ်ပါဘူး၊ သူကို အသစ်တွေရှိလျှက်နဲ့ ၅၀၀ကျပ်တန် အဟောင်းတွေ ပြန်အမ်းလို့၊ ပိုက်ဆံတွေနဲ့ ပေါက်ပြီး နင်ဒီလောက် အသစ်တွေလိုချင်လျှင် ဟိုဆိုင်မှာသွားလုပ် အသစ်တွေချည်းပဲရမယ်၊ အပျိုပါ ကျောင်းသူလို့သာပြော ဆင် အသစ်တွေ အထပ်လိုက် ကျလာလိမ့်မယ်ဆိုပြီး သမီးကို ဒီထက်ဆိုးတဲ့ ယုတ်ယုတ်မာမာတွေပြောသွားသေးတယ်”၊ ကလေးမလေးက ပြောပြသည်၊
“သြော်သမီးရယ် အရက်မူးသမား တစ်ယောက်မူးရမ်းပြီး ဈေးလာဝယ်တယ်လို့ မှတ်လိုက်ပါကွယ်၊ နားထဲကဖျောက် စိတ်ထဲက ထုတ်ပစ်လိုက်၊ ဒီလိုလူမျိုးတွေက ဒီလိုပဲ သမီးရယ်”၊
“ကိုယ်ကိုပြောလာတဲ့စကား ကိုယ်ကမယူရင် ကိုယ်စီမရောက်ဖူးပေါ့” ဆိုပြီး ကလေးမလေးကို ချော့မော့ရှင်းပြလိုက်ရသည်၊ ဒီနေ့ခေတ်ကြီးမှာ ကျမတို့အတွက် ဒါမျိုးတွေကတော့ မဆန်းတော့ပါချေ၊ ကျမတို့ မန္တလေးဘက်မှာ ပိုက်ဆံနှင့် မောက်မာသူတွေက အများသား မဟုတ်လား၊
ဒီကလေးမလေးကတော့ရိုးသည်၊ သူကလေး၏ ဂုဏ်သိက္ခာကို တိုက်ရိုက်ထိခိုက်သွား၍ ဝမ်းနည်းသွားခြင်း ဖြစ်နိုင်ပါသည်၊ ထိုအမျိုးသမီးကတော့ သိလိုက်မည်မဟုတ်ပါ အမှတ်ရမည်လည်း မဟုတ်ပါ၊ လူတစ်ယောက် ခံစားမှုသည် သူတို့လို လူမျိုးတွေအတွက် အရေးထားစရာ ကိစ္စလို့ ထင်လိမ့်မည် မဟုတ်ပါ။

ကျမတို့ အိမ်ကလေးသည် လမ်းမကြီးပေါ်တွင်ရှိသဖြင့် အပိုဝင်ငွေလေးများရမလားလို့ အိမ်ရှေ့တွင် တနိုင်စတိုးဆိုင်ကလေး ဖွင့်ထားခဲ့သည်၊ ဆိုင်ကလေးသည် မထင်မှတ်ပဲ ရောင်းကောင်းခဲ့သည်၊ ကိုယ်လက်ရှိအလုပ်တွေနဲ့ မနိုင်သဖြင့် ဆိုင်အကူရောင်းရန် အသိတွေထဲက ကလေးမလေး နှစ်ယောက်ကို ခန့်ထားမိသည်၊ ယခု ကလေးမလေးက စဥ့်ကိုင်ဖက်က ကျောင်းဆရာ တစ်ယောက်ရဲ့သမီးဖြစ်ပြီး မိဘ၏သွန်သင်မှုအောက်တွင် ကြီးပြင်းလာသူဖြစ်သည်၊ မန္တလေးတွင် ကျောင်းတက်နေစဉ် ကာလအတွင်း တဘက်ကဝင်ငွေရကာ မိဘကို ကူညီသည့် သဘောဖြင့် ကျမဆိုင်လေးတွင် ဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်ပါသည်။

ထိုကားပေါ် တက်သွားသော အမျိုးသမီးကို ကျမသိပါသည်၊
မန္တလေးတမြို့လုံးနီးပါး သိပါလိမ့်မည်၊
ကျမအတွက်တော့ လူတွေအကြောင်းကို သိချင်လျှင် ဒီအမျိုးသမီးကိုကြည့်လို့ ဆိုချင်ပါသည်၊
တကယ်လို့ ကျမတစ်ယောက် စာရေးဆရာတွေလို စားရေးတတ်ခဲ့ရင် ထိုအမျိုးသမီးရဲ့ ဇာတ်လမ်းစုံတွေကို ရေးမယ်ဆိုပါက ဝထ္ထုတွေ ဘယ်နှစ်ပုဒ်များ ရလာမလဲမသိပါ။

တကယ်တော့ ဒီအမျိုးသမီးလည်း ဒီလိုဆိုင်လေးဖွင့်ခဲ့ဖူးပါသည်၊ ပြီးနောက် ခုလိုကြီးပွားခဲ့သည်ပဲ မဟုတ်ပါလား၊
လွန်ခဲ့သော ၁၅ နှစ်ခန့်က၊ ကျမကျောင်းတက်နေသော အချိန်ကပေါ့၊
အေလမ်းက ထမိန်တိုင်းပြည် ဆိုသည့် သူမ၏ ဆိုင်တွင်၊ ကျမ လုံချည်တွေ ဝယ်ခဲ့ဘူးပါသည်၊ ထိုအချိန်က ကျမတို့တတွေက ထမိန်တွေပဲ အဝတ်များသည် မဟုတ်ပါလား၊ ခုခေတ်လို စကတ်တွေ၊ ဘောင်းဘီတွေ မဝတ်သလောက်ပင်၊ အများအားဖြင့်တော့ အမေ၊ အစ်မ၊ ဆရာမတွေကို ကန်တော့ဖို့ လက်ဆောင်ပေးဖို့ အဲဒီ ထမိန်တိုင်းပြည် ဆိုင်ကလေးကပင် ဝယ်ကြခြင်းဖြစ်ပါသည်။

ခေတ်ကို မြင်တတ်သူလား၊ အကွက်ကို မြင်တတ်သူလား ကျမ မပြောတတ်ပါ ထမိန်တိုင်းပြည် ဆိုင်ပိုင်ရှင် ထိုအမျိုးသမီးသည် ကြွယ်ဝချမ်းသာသွားခဲ့သည်၊ သူဘယ်လို ချမ်းသာသွားသလဲဆိုတာတော့ မန္တလေးတမြို့လုံးနီးပါးသိပါလိမ့်မည်၊ သူ့လို ချမ်းသာသွားတဲ့သူတွေ အများကြီးမို့ သူကြီးပွားချမ်းသာသွားမှုကို ကျမဘာမှ မပြောချင်ပါ၊ သူများကြီးပွားချမ်းသာ တာကို မနာလိုဖြစ်တတ်သူလို့ ကျမကိုယ်ကျမ မဖြစ်စေချင်ပါ၊ သူ၏ အခွင့်အရေး Right ရပိုင်မှုပဲလေဆိုပြီး ကိုယ်ပိုင် အခွင့်အရေးကို လေးစားသူ တစ်ယောက်အနေဖြင့်လည်း ကျမ ထိုအမျိုးသမီးကို မဝေဖန်ချင်ပါ။

ဒါပေမဲ့ သူရဲ့ အပြူအမူတွေဟာ တခြားသူတွေနဲ့ မတူ ပြောစရာဖြစ်ရပါသည်၊ ဒီနေ့ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် ကျမ တစ်ချို့ကိုတော့ ပြောရပါတော့မည်၊ ခုအချိန်တွင် ထိုအမျိုးသမီးသည် လုပ်ငန်းတွေ အများကြီး လုပ်ကိုင်နေသော တိုက်တာအိမ်ခြံမြေတွေ အများကြီးပိုင်ဆိုင်နေသော အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဆိုသည်ကို ကျမ လက်ခံပါသည်၊ ၅၈ လမ်းဘက်မှာဆောက်နေသော တိုက်ခန်းတွဲတွေ၊ ပြီးစီးသွားသော ဆိုင်ခန်းတွဲတွေ၊ ဗိုလ်ချုပ်ရွာထဲက ရောင်းဝယ်ထားတာတွေက သူမသည် မန္တလေးမြို့ရဲ့ ခေတ်သစ်မျက်နှာဖုံး သူဌေး တစ်ယောက်ဆိုတာကို ထင်ရှားစေပါသည်၊ ဒါပေမဲ့ ဘယ်လို မျက်နှာဖုံး ထားတာလဲကိုတော့ ထိုအမျိုးသမီးသည် သူကိုသူ ဝေဖန်မှုရော ပြုခဲ့မိလေသလား ကျမ မထင်ပါ၊ အပေးအကမ်း အလှူအတန်းက ပေးကမ်းတတ်ပါဘိ၊ လှူတတ်ပါဘိလို့ ပြောယူရမလောက်ပေ၊ ဘယ်အဖွဲ့အစည်း ရန်ပုံငွေဘယ်လောက်၊ ဘယ်လူမှုရေး အဖွဲ့ကိုဘယ်လောက်၊ ဘယ်ကျောင်းကြီးကို ဘယ်လောက် မတည်လိုက်တယ်၊ ဘယ်ဘုန်းကြီးကို ဘယ်လိုအကုန်ကျခံ သိက္ခာထပ်၊ ထပ်လည်းထပ်နိုင်လွန်းပါတယ်၊ အပေးနဲ့အယူ ကောင်းကောင်းတွက်ချက်တတ်သူပါ၊ ပေးကမ်းခြင်းသည် အောင်မြင်နိုင်၏ ဆိုတာကို လက်ခံထားတဲ့ သူတွေထဲက တစ်ယောက်ပါ။

ဘယ်လိုပင် မျက်နှာဖုံး ထားပါစေ သူကို နိုင်ငံတော်က သုဓမ္မသိင်္ဂီ ဘွဲ့အပ်နှင်းလိုက်သည်၊
သြော် သုဓမ္မသိင်္ဂီ ဆိုတာ ဒီလိုမိန်းမတွေကို ပေးတာပါလားလို့ ကျမမှတ်ချက်ချမိပါသည် ဝမ်းမြောက်ဂုဏ်ယူ ဆုတောင်းပေးကြသူတွေကလည်း သတင်းစာတွေထဲမှာအပြည့် ဇာတ်တူသားတွေ အချင်းချင်း ရိုင်းပင်းကြတာများလား၊ ထိုအမျိုးသမီးကြောင့် ကျမအတွက်တော့ သုဓမ္မသိင်္ဂီတွေဟာ ဘုရားကြီးအဝင်က အဖွားအိုကြီးတွေလောက် မပိုတော့ပါ၊ တကယ်တန်း ထိုက်တန်စွာရတဲ့ သူတွေအတွက်တော့ ကျမဝမ်းနည်းပါတယ်၊ ဒီလိုပြောလို့ ကျမကို မနာလိုဖြစ်တာလားလို့ မေးနိုင်ပါတယ်၊ သေချာတာကတော့ မနာလိုဖြစ်တာမဟုတ်ပါဘူး လူတွေလိုနေတာကို ပြောချင်လို့ပါပဲ၊ လှူကြတိုင်း တန်းကြတိုင်း ဂုဏ်ထူးဘွဲ့ထူးတွေ ပေးမယ်ဆိုရင် သေချာပေးစေချင်ပါတယ် ပါဝါအာဏာကြောင့် လှူကြတာလား၊ လှူဖို့ငွေတွေဘယ်ကရလာသလဲ၊ ရယူလိုလို့ လှူကြတာလား၊ စေတနာ သဒ္ဒါတရား တကယ်ထက်သန်လို့လားပေါ့၊ ပြောသာပြောရတာ ဒီလိုအလှူတွေက ကျမတို့ မန္တလေးဘက်မှာအများကြီး၊ ဘုရားကြီးကို သွားမလား၊ မန္တလေးတောင်ပေါ် တက်မလား မေမြို့ပိတ်ချင်းမြှောင်ကို သွားမလား ကဗျည်းထိုးထားတဲ့ အလှူရှင်တွေကြည့်လိုက် ဘယ်သူတွေလဲဆိုတာ သိကြပါလိမ့်မယ်၊ တစ်ဗိုလ်ကျ တစ်ဗိုလ်ဆင်းပေါ့၊ သူတို့ကိုယ်စား ကျမတော့ရှက်မိပါတယ်၊ ခေတ်ပြောင်းနေပါပြီ ဆိုပေမဲ့ ဓါတ်ပုံအကြီးကြီးတွေက မဖြုတ်သေးပါဘူး၊ ဂေါပကအဖွဲ့တွေကပဲ အကဲပိုကြတယ် ထင်ပါသည်၊ ဂေါပကအဖွဲ့တွေလည်း ပြောင်းဖို့ကောင်းနေပါပြီ၊ မပြောင်းချင်ကြတဲ့ သူတွေထဲမှာ သူတို့လိုလူတွေပါမှာပါ၊
ထိုအမျိုးသမီးအကြောင်းကလည်း မန္တလေးမြို့ တစ်မြို့လုံးနီးပါးသိနေတဲ့ ကိစ္စဆိုတော့
ကျမ မနာလိုဖြစ်တာ မဟုတ်တော့ဘူးနော်။

ထမိန်တိုင်းပြည် ဆိုတဲ့ အထည်ဆိုင်လေးကနေ၊ ဒီလောက်ချမ်းသာလာအောင် လုပ်ငန်းရှင်ကြီးဖြစ်လာအောင် ထိုအမျိုးသမီးဘယ်လိုကြိုးစားခဲ့သလဲ ဘာတွေလုပ်ခဲ့သလဲ ပြန်ကြည့်ကြရအောင်၊ သူကတော့ ပေးဆပ်ခဲ့တာလို့ ပြောချင်ပြောမှာပဲ၊ ကိုယ်ရေးခဲ့တဲ့ ကိုယ်သမိုင်းကိုတော့ ပြန်ဖျက်လို့မရပါဘူး၊ အိမ်ခြံမြေရောင်းဝယ်လုပ်ရာကနေ အပွင့်တွေအတွက်၊ အကွက်တွေ ဖန်ပေးတတ်လာသည်၊ နောက်တော့ အပွင့်ကြီးတွေ၊ အပွင့်ကြီးကြီ်းတွေနှင့်အတူ
အကွက်တွေဖန်လာသည်၊ ကြီးတွေ မှူးတွေ အဆင့်လောက်ဆို အရာမသွင်းချင်တော့ပါဘူး၊ နယ်စပ်ကလူတွေနဲ့ ဈေးတွေကစားပြီး ဈေးထိုးတက်သွားတဲ့ အချိန်မှာတော့ လက်ထဲမှာ အထုပ်နဲ့အထည်နဲ့ဖြစ်နေပါပြီ၊ ပိုက်ဆံရမဲ့ကိစ္စတွေ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရင်းနဲ့ပဲ၊ ကလေးဘက်က ပြောင်းလာတဲ့ အပွင့်ကြီး တစ်ယောက်နဲ့ ဘာလိုလို အသံတွေထွက်လာသည်၊ နောက်ဆုံးတော့ တစ်သက်လုံး လက်တွဲလာတဲ့ သူယောက်ျားကို ကွာရှင်းလိုက်ပါတယ်၊ အဲဒီ အပွင့်ကြီး လည်း အပွင့်ကြီးကြီ်းဖြစ်ပြီးမှ ပြုတ်ပြန်သည်၊ လင်ငယ်၊ မယားငယ်ဘဝကနေ အတူနေဖြစ်သွားကြတယ် ဆိုပါသည်၊ နန်းတွင်းအရှုပ်တော်ပုံကြီးပေါ့၊ ဒီလိုဖြစ်လာဖို့ ထိုအမျိုးသမီးက သူ့မိသားစုကို ပေးဆပ်ခဲ့တာပါပဲ၊ အပွင့်ကြီးတွေအတွက် ဘယ်လိုဖန်ပေးခဲ့သလဲ ကြံပေးခဲ့သလဲ သူ့ဆိုင်လုပ်ဘူးတဲ့ ကောင်မလေးတွေ အကုန်သိကြပါသည်၊ အသက်၅၀ မိန်းမကြီးက မိတ်ကပ်တွေနဲ့ ကျစ်ဆံမြီး နှစ်ဘက်ဘေးချ ဘောင်းဘီတိုလေးဝတ်ထားတာ မြင်ကြည့်ကြပါတော့။

ကျမနှင့် ထိုအမျိုးသမီးက ရေစက်ပါတယ်လို့ ပြောရမှာပါပဲ၊
အဲဒီ ထမိန်တိုင်းပြည် ဆိုတဲ့ အထည်ဆိုင်လေး ဖွင့်ခါစပေါ့၊ ကျမလုံချည်တစ်ထည် သွားဝယ်ခဲ့ပါသည်၊ ငွေပြန်အမ်းတဲ့အခါမှာ ရောင်းတဲ့ကောင်မလေးက ကျမကို အမ်းမဲ့ငွေတွေကို ယူလာပါသည်၊ ဆိုင်ရှင် ထိုအမျိုးသမီးကဖြတ်ပြီး ဘာလို့သစ်နေတာတွေ ပြန်အမ်းတာလဲ၊ အဟောင်းဆုံးတွေ ရွေးအမ်းဆိုပြီး ပြောသံဆူသံကြားရပါတယ်၊ ကောင်မလေးကလည်း ဆူလိုက်တဲ့အတွက် ကျမကို အဟောင်းဆုံးတွေလာအမ်းပါသည်၊ ကျပ်၅၀ တန်နှင့် အကြွေတစ်ချို့ပေါ့၊
ကျမတို့အတွက်တော့ ငွေဟောင်းဟောင်း သစ်သစ် သုံးလို့ရလျှင်ပြီးပါပြီ၊
ထိုအမျိုးသမီးရဲ့ ပိုက်ဆံမြင်တတ်ပုံကို ကျမမှတ်မိနေပါတယ်၊ ကျမမှာ ဒီလို လူမျိုးတွေရဲ့ အပြုအမှုတွေဆို အမှတ်ရစေတဲ့ အကျင့်ရှိပါသည်၊
ထိုအမျိုးသမီးကတော့ မှတ်မိမယ် မထင်ပါဘူး၊ သူရဲ့မှတ်အသိ ထဲမှာ ပိုက်ဆံတွေပဲမြင်နေမှာပေါ့၊
ဒီလိုပဲ ဒီနေ့ ကျမဆိုင်က ကလေးမလေးကို ပြောဆိုသွားတာတွေလည်း သူမှတ်မိမယ် မထင်ပါဘူး၊
သူမှတ်အသိ ထဲမှာ ပိုက်ဆံတွေပဲမြင်နေမှာပါ။

အသက်တွေလည်းကြီးလာပါပြီ
ခေတ်တွေလည်း စပြောင်းလာပြီ ပြောကြပါသည်
ဒီလိုပဲ ထိုအမျိုးသမီးရဲ့ မှတ်အသိထဲမှာ ပိုက်ဆံတွေပဲမြင်နေရင်တော့……..

သေရင် ဒီဂုဏ်ထူးဘွဲ့ထူးတွေလည်း သယ်သွားလို့မရပါဘူး
သေရင် ဒီပိုက်ဆံတွေလည်း ယူသွားလို့မရပါဘူး
သေရင် အလှူမမြောက်တဲ့အလှူတွေလည်း ပါမသွားပါဘူး

ထိုအမျိုးသမီးကို ကြည့်ပြီး ကျမ အသိတရားလေးရလိုက်ပါတယ်၊
ခွင့်လွတ်တတ်သူ ကျမကတော့ ထိုအမျိုးသမီးကို ကျမသိထားတဲ့ အသိတရားတွေကို သိစေချင်ပါတယ်။



အလှူမြောက်တဲ့အလှူတွေ လှူနိုင်ကြပါစေ။

တိုက်ဆိုင်သွားလျှင် တိုက်ဆိုင်သွားသည်သာ ဖြစ်ပါကြောင်း…………………………………