Saturday, July 24, 2010

2D 3D နှင့် မယ်လိုဒီ


ဘာရယ်မှ မဟုတ်ပါဘူး၊ ဒီနေ့ဝယ်လာတဲ့ samsung 55 TV က 2D တွေကို 3D ပြောင်းလို့ရတယ်ဆိုလို့၊ မြန်မာခွေတွေကို စမ်းကြည့်မိတယ်၊ မြန်မာ 3D ကားရှာမတွေ့တာကြောင့်လည်းဖြစ်ပါတယ်၊


သီချင်းခွေတွေကို အရင်စမ်းကြည့်တယ်၊ ရဲလေး၊ အေသင်ချိုဆွေ၊ လေးဖြူ၊ မျိုးကြီး၊ ထွန်းအိန္ဒြာဗိုလ်၊ ကြက်ဖ၊ သီရီဆွေ သီချင်းတွေပါ။

မဆိုးတာနဲ့၊ နောက်ထပ် လွင်းမိုးခရီးသွားနေသည်၊ မယ်လိုဒီရဲ့ ရုပ်ရှင်ကားကို 3Dနဲ့ကြည့်တာ မဆိုးပါဘူး၊
DVD တာမကဘူး VCD တွေလည်း 3D ရနေတာတွေ့ရတယ်၊ ကူးခွေတွေကတော့ မထင်ရှားပါဘူး၊ အော်ရီဂျင်နယ် 3D ကားတွေလောက်တော့ ဘယ်ကောင်းလိမ့်မလဲ။

လက်ကလိထားတာလေး တင်လိုက်ပါတယ်၊ 3D TV ပုံတွေကိုရိုက်ထားတာဝါးနေပါတယ်၊ မယ်လိုဒီက 3D နဲ့လိုက်တယ်လို့ပြောရမှာပဲ၊ ကြည့်တာလွန်သွားလို့ မျက်မှန်တောင် ဓါတ်အားပြန်သွင်းရတယ်။

ရဲလေး
 ရဲလေး + ဂျင်းနီး

အေသင်ချိုဆွေ



 ဂျောက်ဂျက်+ အေသင်ချိုဆွေ

 လေးဖြူ၊ မျိုးကြီး၊

လွင်းမိုးခရီးသွားနေသည်၊
 
 ကြက်ဖ၊
 မယ်လိုဒီ


Friday, July 16, 2010

မနေ့တစ်နေ့က ငယ်ရုပ်ပုံလွှာ

ငယ်ငယ်တုန်းက သူငယ်ချင်းတွေအကြောင်း စဉ်းစားကြည့်လျှင် တော်တော်များများမေ့လောက်ပါပြီ၊ ငယ်ငယ်တုန်းက သူငယ်ချင်းဟူ၍ ကျနော်တွင် နှစ်မျိုးနှစ်စားရှိပါသည်၊ ကျောင်းနေဖေါ် သူငယ်ချင်း၊ ရပ်ကွက်ထဲမှ ကစားဘက် သူငယ်ချင်းဟူ၍ဖြစ်သည်၊ မေ့လောက်နေပြီဖြစ်သော ငယ်ငယ်တုန်းက သူငယ်ချင်းတွေထဲက အမှတ်တရလေးတွေကို ပြန်စဉ်းစားကြည့်ရင် တစ်ချို့အဖြစ်အပျက်လေးတွေက မနေ့တစ်နေ့ကလိုပါပဲ။

ကျနော်သည် မူလတန်းကို လာရှိုးမှ စနေပြီး တစ်ဝက်မှာပင် မော်လမြိုင်သို့ ရောက်ရှိခဲ့ပါသည်၊ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း တွေကို ထူးထူးထွေထွေ ကျနော်မမှတ်မိတော့ပါ၊ အမေပြောသည်မှာ လက်ရေးအလွန်ညံ့၍ လက်ရေးလှစာအုပ်များကို ဖြုန်းတီးသူတစ်ယောက်ဖြစ်ပါသည်၊ သုံးတန်းခေါ်တတိယတန်းသို့ ရောက်ရှိသောအခါ အမှတ်တရဖြစ်ရသည်မှာ၊ ဘယ်လိုအကြောင်းကြောင့်ရယ်မှန်းမသိ အတန်းထဲက ကျောင်းသားတစ်ယောက်ကို ကြည့်မရပါ၊ တစ်နေ့သောအခါ သူ့ကို ကျနော်ကျောင်းလှေခါးပေါ်မှ တွန်းချလိုက်ပါသည်၊ ဘာဖြစ်လို့ ဘာကြောင့် တွန်းချဖြစ်သည်ကို မမှတ်မိပါ၊ နှစ်ပေလောက်သာမြင့်၍ ဘာမှမဖြစ်သွားသော်လည်း သူကြောက်လန့်သွားခဲ့သည်၊ သူ့နာမည်က သက်ဦးဖြစ်ပါသည်၊ ထိုအတွက် ကျနော်အပြစ်ပေးခံရပါသည်၊ ကျောင်းအုပ်ဆရာကြီး၏ ကြိမ်လုံးစာမိပါသည်၊ ဘယ်နှစ်ချက်လည်း ကျနော်မမှတ်မိပါ၊ ကျနော်အမေလည်း ဆရာကြီး၏ အဆူကိုခံရပါသည်၊ ဒါပေမဲ့ ဒေါသဖြစ်နေသော သက်ဦး၏အမေကို ကျနော်ကြိတ်ပြုံးလေးပြုံးပြခဲ့သည်ကို အမှတ်ရပါသည်၊ သက်ဦးနှင့် ကျနော် သူငယ်ချင်းဖြစ်မလာခဲ့ပါ၊ လေးတန်းအောင်၍ အထက်တန်းကျောင်းသို့ ပြောင်းသောအခါ ကျောင်းချင်းလည်းမတူတော့ပါ၊ သက်ဦးသည်ကျနော်ကို ငယ်ကြောက်ဖြစ်သွားခဲ့သည်၊ တကယ်တော့ သက်ဦး၏အမေကို ကြည့်မရ၍ လုပ်လိုက်ခြင်းဖြစ်သည်၊ မှောင်ခိုလုပ်ငန်းဖြင့်ကြီးပွားနေသော သက်ဦး၏အမေသည် ကျောင်းသို့လာ၍ စောင့်ကြွားစောင့်ကြွားလုပ်ခြင်းကြောင့်ဖြစ်သည်။

လေးတန်းတွင် မှတ်မှတ်ရရ တစ်ခုရှိပါသည်၊ ပထမအစမ်း စာမေးပွဲတွင်ဖြစ်သည်၊ စာမေးပွဲမေးခွန်းတွင် ငါးပုဒ်လုံးဖြေပါဟုရေးထား၍ ကျနော်က ဆရာမကို ဘာလို့လဲဟုထမေးရာ၊ ဆရာမက တပုဒ်ကို အမှတ်၂၀ စုစုပေါင်းငါးပုဒ် အမှတ်တစ်ရာပေးတယ် အမှတ်၄၀ ရရင် အောင်ပြီ ဟုဆိုသည်၊ စာမေးပွဲပြီး၍ အမှတ်များထွက်သောအခါ ဆရာမက ကျနော်ကို ဘာလို့လေးပုဒ်ထဲဖြေသလည်း မေးသည်၊ ကျနော် မဖြေသည့် မေးခွန်းသည် ပြည်ထောင်စုနေ့အကြောင်းဖြစ်သည်၊ ဒီအတွက် ဆရာမက မင်းပြည်ထောင်စုနေ့ အကြောင်းမသိဘူးလားဟု ထပ်မေးသည်၊ ကျနော်ကသိပါတယ် ဆရာမ၊ ဒါဆိုရွတ်ပြဆို၍ ကျနော်လည်းနူတ်တိုက်ဖြေလိုက်သည်၊ ရရဲ့သားနဲ့ ဘာလို့မဖြေတာလဲဟုထပ်မေးရာ၊ ကျနော်က ကျနော် အမှတ်၄၀ မကရနေပြီလေဆရာမဟုဖြေလိုက်သည်၊ ဒီတစ်ခါတော့ ဆရာမက ပျော့ပြောင်းသော လေသံဖြင့် မဟုတ်ဘူးကွဲ့ မင်းအကုန်လုံးဖြေတော့ အမှတ်အများကြီးရမှာပေါ့၊ ကျနော်ကလည်း အမှတ်အများကြီးရတော့ ဘာဖြစ်လဲဆရာမ၊ ဆရာမကတဖန် အမှတ်အများကြီးရတော့ အဆင့် တစ်ရတာပေါ့ မင်းလူတော်ဖြစ်ပြီ၊ ကျနော်ကလည်းထပ်ဆင့်၍ လူတော်ဖြစ်တော့ကော ဘာဖြစ်လဲဆရာမ၊
လူတော်ဖြစ်တော့ ကောင်းတာပေါ့ကွဲ့ ဆရာမပြန်ဖြေသည်၊ ကျနော်ကဆက်၍ ဒါဆိုမတော်တဲ့သူတွေ မကောင်းတဲ့သူတွေ အများကြီးပေါ့ဆရာမ၊ ဆရာမက ဟုတ်တယ်မင်းတော်အောင်လုပ်၊ ကျနော် မတော်ချင်ဘူးဆရာမ အများလိုပဲနေချင်တယ်၊ နောက်ဆုံးဆရာမက အေးကွယ်မင်းမတော်ချင်ပေမဲ့လည်း နောက်ဆုံးဖြစ်အောင် မလုပ်နဲ့၊ ဒါကြောင့်အကုန်ဖြေနော် ဟုဆိုကာ ရပ်လိုက်သည်၊ ကျနော်ကတော့ သိပ်မကျေလည်ခဲ့ပါ၊ ဒီနောက်ဆရာ၊ဆရာမတော်တော်များများကို ဒီမေးခွန်းမေးဖြစ်ခဲ့ဘူးသည်။
မူလတန်းများတွင် ကျနော်အတွက် ထူးထူးထွေထွေ ကျောင်းနေဖေါ် သူငယ်ချင်း မရှိခဲ့ပါ။

အထက်တန်းကျောင်းသို့ ပြောင်းသော အခါ ကျနော်သည် မော်လမြိုင် အမှတ်(၁) အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့သည်၊ ယခင် နော်မန်ဟိုက်စကူးဖြစ်သည်၊ မော်လမြိုင် အထက ၁ ကျောင်းသည် ယောက်ျားလေးကျောင်းဖြစ်သည်၊ ငါးတန်းနှင့် ခြောက်တန်း အတန်းတော်တော်များသည်၊ ခပ်ညံ့ညံ့ရောက်လာသော ကျနော်အတွက် (F)တန်းတွင်နေရသည်၊ အတန်းပိုင်ဆရာမှာ ပင်စင်ယူပြီးမှာ ကျောင်းကဆရာ မလောက်၍ ပြန်ခေါ်ထားသော မွန် ဆရာကြီးဖြစ်သည်၊ ဆရာကြီးသည် အေးအေးဆေးဆေးရှိပြီး ကျနော်ကြိုက်သော ဆရာတစ်ယောက်ဖြစ်ပါသည်၊ ဆရာကြီးပြောပြခဲ့သော မွတ်မလိန်း ခေါ် မော်လမြိုင်သမိုင်း၊ မွန်ပုံပြင်များ၊ ဘီးလူးကျွန်း ဇာတ်လမ်းများကား ယနေ့တိုင် ကျနော် အမှတ်တရ ရှိနေဆဲပါ၊ မော်လမြိုင် အထက ၁ ကျောင်းသည် တကယ့်အထက်တန်းကျောင်းကြီးပင်၊ အဆောင်ဟောင်းနှင့် အဆောင်သစ်ဟု၍ရှိသည်၊ ကြားထဲတွင် တိုက်နီဆောင်တစ်ဆောင်ရှိသေးသည်၊ အဆောင်ဟောင်းနှင့်တိုက်နီဆောင်တို့သည် အင်္ဂလိပ်ခေတ်ကဆောက်ထားခြင်းဖြစ်သည်၊ ထိုစဉ်က ဘောလုံးကွင်းသုံးကွင်း၊ အားကစားရုံ၊ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်း၊ ကျွမ်းဘားရုံ၊ ကဇာတ် တင်ဆက်နိုင်သော ဟောခမ်းမ၊ ပန်းချီခန်း၊ စက်မူခန်း၊ ဓါတ်ခွဲခန်းများ နှင့် အဆောင်သစ်ဘက်တွင် ဘုရားခန်းတို့တည်ရှိသည်၊အင်္ဂလိပ်စတိုင် အထက်တန်းကျောင်းကြီးဖြစ်သည်၊ ငါးတန်း Fသည် တိုက်နီဆောင်တွင်ရှိသည်၊ ထူးခြားသည်မှာတိုက်နီဆောင်ဘေးတွင် ညောင်ပင်အိုကြီးတစ်ပင်ရှိသည်၊ ကျောင်းသားတိုင်း ထိုညောင်ပင်တွင် တစ်စုံတစ်ရာရှိသည်ဟုယုံကြည်ကြသည်၊ သို့သော်လည်း ကျောင်းသားများမှာ တက်ဆော့ကြမြဲဖြစ်သည်၊့ တစ်နေ့၌ ထိုညောင်ပင်မှကျောင်းသားတစ်ယောက်ပြုတ်ကျသည်ဆို၍ သွားကြည့်ရာ ခုနှစ်တန်းမှာ ကျနော့်အစ်ကိုဝမ်းကွဲဖြစ်နေသည်၊ အယူသည်းသော ဆရာမ တစ်ဦးမှာ ရေမီးပူဇော်ခြင်း ရှစ်ခိုးတောင်းပန်ခြင်းများလုပ်ပေးနေသည်ကို တွေ့ရသည်၊ှ

ငါးတန်းသည် ကျောင်းကြီးကို လိုက်ကြည့်ရင်းနဲ့ပင် ကုန်ဆုံးခဲ့သည်၊

ငါးတန်းတွင် ကျနော်အတွက် ထူးထူးထွေထွေ ကျောင်းနေဖေါ် သူငယ်ချင်း မရှိခဲ့ပါ။ ငါးတန်းစာမေးပွဲအောင်ရာ၌ (F)တန်းတွင် အတော်ဆုံး ၁၀ ရောက်တွင်ပါသဖြင့်၊ ခြောက်တန်း ရောက်လာသောအခါ (A)တန်းတွင်နေရပါသည်၊ ဇော်အောင် ဆိုသော ကျောင်းသားတစ်ယောက်နှင့် တွဲထိုင်ရသည်၊ ဇော်အောင်သည် ပထမဦးဆုံး ကျနော်၏ အတွဲဆုံး ကျောင်းနေဖေါ် သူငယ်ချင်းဖြစ်ခဲ့ပါသည်၊ ခြောက်တန်းတွင် မှတ်မှတ်ရရ တစ်ခုရှိပါသည်၊ ကျနော်တို့ အတန်းပိုင်ဆရာမ မလာ၍ (C)တန်းမှ ဆရာမ အတန်းခဏဝင်ထိန်းပေးပါသည်၊ ဆရာမသည် မွန်ပြည်နယ်ကောင်စီအကြီးအကဲ၏ ဇနီးဖြစ်ပါသည်၊ ထိုအချိန်ကရိုးရိုးအေးအေးနေပါသည်၊ ယခုခေတ် ကတော်တွေနဲ့ တစ်ခြားစီပါ၊ ဆရာမက ကျောင်းသားတွေကို သမိုင်းစာတွေကို ဖတ်ထားရန်မှာပြီးထွက်သွားပါသည်၊ သမိုင်းစာအုပ်ကို လိုက်လှန်ရင်း ကျနော်သည် ၁၃၀၀ ပြည့် အရေးတော်ပုံ ကိုဖတ်နေမိပါသည်၊ တစ်နေရာရောက်သောအခါ ကျနော်အသံထွက်ဖတ်လိုက်ပါသည်၊
ကျနော်ဖတ်သည်ကို အားလုံးစိတ်ဝင်စားသွားပြီး လိုက်ဖတ်ကြသည်၊ ဘေးနားက ထွန်းလှအောင်မှ ကဲ အားလုံး ညီညီညာညာ လိုက်ဆိုဟုဆို၍ သံပြိုင်ဟစ်ကြရာ ဟိန်းထွက်သွားပါသည်၊ အဲဒါကတော့ သပိတ်သပိတ် မှောက်မှောက်၊ သခင်မျိုးဟေ့ ဒို့ဗမာ၊ လာမဲ့ဘေး ပြေးတွေ့၊ ကြောက်မွေးပါ ဇာဂနာနဲ့နုတ်၊ ဖြစ်ပါသည်၊
အဲဒါကိုပင် ကျနော်တို့ သံပြိုင်လိုက်ဆိုနေကြပါသည်၊ ဆိုလို့အော်လို့ကောင်းနေတုန်းမှာပင် PT ဆရာရောက်လာပါသည်၊ သူနောက်က ရှစ်တန်းက ဆရာတစ်ယောက်လည်းပါလာသည်၊
'ဟေ့ကောင်တွေ ရပ်ကြစမ်း၊ ရပ်ကြစမ်း၊'
PT ဆရာက ဘယ်သူဆိုခိုင်းတာလဲကွ၊ ကျနော်တို့ကို စဟောက်ပါသည်၊
အားလုံးငြိမ်နေကြပါသည်၊ ထိုနောက်ဆရာက ပြောကြစမ်း ပြောကြစမ်းဆိုပြီး တုတ်ဖြင့် ကျောက်သင်ပုန်းကို ရိုက်ပါသည်၊
ထွန်းလှအောင်သည် ကျနော်တို့ထဲတွင် အကြီးဆုံးတစ်ယောက်ဖြစ်ပါသည် ဒီအတွက် အားလုံးငြိမ်နေကြပါသည်၊ ဆရာက ရှေ့ဆုံးစားပွဲကို တစ်ချက်လှမ်းရိုက်လိုက်ပါသည်၊
ထိုအချိန်တွင် ဇော်အောင်က ကျနော်ဘက်လှည့်၍ သူစဆိုတာ ဆရာ ဟုဆိုလိုက်ရာ၊
'ဟေ့ကောင်ထ' ဟုဆို၍ ကျနော်ထလိုက်ရသည်၊ ကျနော်လည်း ဆရာမက ဖတ်ဆိုလို့ဖတ်တာပါ၊ ဆရာက ဒါဆိုဘာလို့ အော်တာလဲ၊ ကျနော်ကလည်း ဖတ်တာပါဆရာ၊ ဆရာက ဘာဖတ်တာလည်း တစ်ကျောင်းလုံးကြားတယ်၊ ကျနော်ကလည်း ဖတ်တာလို့ဆက်ငြင်းနေပါတယ်၊ အဲဒီအချိန်မှာပဲ၊ ထွန်းလှအောင်ထပြီး 'ကျနော်စအော်တာပါဆရာ' လို့ဖြေလိုက်သည်၊ PTဆရာကလည်း ဒါဆိုမင်းရှေ့ထွက်ခဲ့၊ ထွန်းလှအောင် အတန်းရှေ့သို့ထွက်လာသည်၊ ထိုအချိန်မှာပင် ဆရာမ ပြန်ရောက်လာသည်၊ ဆရာနှစ်ယောက်ကလည်း သက်ပြင်းချလိုက်သည့်ပုံစံ၊ ဆရာမ ကလည်း ကလေးတွေဘာဖြစ်ကြတာလဲ၊ တစ်တန်းလုံးသံပြိုင် အော်လို့ပါဆရာမ၊ အဲဒီနောက် ဆရာမနှင့် ဆရာတွေ စကားအနည်းငယ်ပြောပြီး၊ ဆရာတွေထွက်သွားကြသည်၊ ဆရာမ အတန်းဘက်ကိုလှည့်ကာ အားလုံးပြန်ထိုင်မယ်ဆို၍၊ အားလုံးနှင့်ရောကာ ကျနော်လည်းပြန်ထိုင်လိုက်သည်၊ ထွန်းလှအောင်လည်း သူနေရာသို့ပြန်ဝင်ထိုင်လိုက်သည်၊ ပြီးတော့ 'ကလေးတို့က စာကိုအော်ဖတ်ချင်ကြတာကိုး၊ စာကိုပဲဖတ်ဖတ် ကဗျာကိုပဲဖတ်ဖတ် သူ့နေရာနဲ့သူ ဖတ် အော်ရတယ်၊ ကိုယ်ထင်တာကိုပဲ ဖတ်လို့ကောင်းတာကိုပဲ ထပ်တလဲလဲ အော်နေလို့တော့ အော်တာပဲ အဖတ်တင်မယ် ဘာမှအကျိုးမရှိလာဘူးကွယ်၊' 'ခု ဆရာမ ကဗျာတစ်ပုဒ်ပေးလိုက်မယ် မင်းတို့အော်ဖတ်ကြပေတော့၊ ဒါပေမဲ့ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင် ဒုက္ခရောက်အောင်မလုပ်မိဘို့ သတိထား၊ တခြားအခန်းတွေက စာသင်နေကြတာ သူတို့ကို အနှောက်အယှက်မဖြစ်စေနဲ့ပေါ့' ဟုပြောကာ ထွက်သွားသည်၊ ကျနော်တို့အားလုံးကဗျာကို အသံထွက်ဖတ်ကြတော့လည်း မအော်ကြတော့ပါ၊ ထိုကဗျာကို စိတ်မဝင်စားသဖြင့် မမှတ်မိပါ၊ ထိုနေ့မှစ၍ ဇော်အောင်သည် ပွကြီးမည်သော နာမည်တစ်ခု ထပ်တိုးခဲ့ပါသည်၊ မှတ်မှတ်ရရ ကျနော်ပေးခဲ့ခြင်းဖြစ်ပါသည်၊ ထွန်းလှအောင်တစ်ယောက် ကတော့ ဇော်အောင်ကို သည်နေ့ထိ ချီးထုပ်ဟုခေါ်နေဆဲဖြစ်ပါသည်။

ဒီလိုနဲ့ ကျနော်လည်း ခုနှစ်တန်းသို့ရောက်ခဲ့ပါသည်။

ခုနှစ်တန်းမှာလည်း (A)တန်းမှာပင် နေရသည်၊ ဇော်အောင်သည် ရှေ့ဆုံးမှာထိုင်ချင်သည်ဟုဆိုကာ ရှေ့တန်းသို့ပြောင်းသွားသည်၊ ထိုအတွက် ကျနော်သည် ကျောင်းသားသစ် တစ်ယောက်နဲ့ထိုင်ရသည်၊ သူ နာမည်က စောခရစ္စတိုဖါ ဖြစ်သည်၊ စောခရစ္စတိုဖါ သည်အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ကျနော်၏ ကျောင်းနေဖေါ် သူငယ်ချင်း တစ်ယောက်ဖြစ်လာပါသည်၊ မော်လမြိုင်တွင်ရှစ်တန်းထိ ကျောင်းနေခဲ့ရစဉ် ခုနှစ်တန်းသည် ကျနော်အပျော်ဆုံးအတန်းဖြစ်ပါသည်။




ပူးတေတို့ မရွှေစင်တို့ရဲ့ ငယ်အကြောင်းတွေဖတ်ရင်း သတိရလာ၍ ရေးဖြစ်ခဲ့ပါသည်။

Saturday, July 3, 2010

လမ်းပေါ်မှာ


ဖုန်းဆိုးမြေတွေကိုဖြတ်ပြီး၊ စိမ်းဝါရောင်ခပ်ခြောက်ခြောက် တောအုပ်အစပ်မှာ၊
လမ်းဆုံကို ရောက်ခဲ့တယ်၊
ကျီးကန်းတွေ တအာအာအော်၊ လင်းတတွေပျံဝဲလို့၊
စွန်ရဲက ကောင်းကင်မှ ထိုးစိုက်ဆင်းလာတယ်၊
အောက်မှာ ခွေးတွေက မဟောင်ပဲအူ၊ ကျားသစ်တွေကတစွတ်ထိုး၊
သမင်တွေပြေးလို့ မြေခွေးက အငိုက်ကိုချောင်း ဇာတ်ကြမ်းခင်းမဲ့ သဏ္ဍန်ပေါ့၊
ရှားရှားပါးပါးပါပဲ၊ ဥယျာဉ်မမည်တဲ့ ချုံနွယ်ပင်အုပ်ထဲမှာ
ပန်းတစ်ချို့ပွင့်လို့ လိပ်ပြာတွေရစ်ဝိုင်း
ဇီဝစိုး ထအော်တော့ ဆက်ရက်တွေက သူတပါးကျွေးမဲ့အစာကို စောင့်
တော်လည်းသံကို ကြားလိုက်ရတယ်၊
အတိတ်နိမိတ်ကို ကောက်တတ်သူနဲ့
အရိပ်အထိန့်ကို ကြောက်တတ်သူဆိုရင်
သွေးလန့်ပြီး အဲဒီမှာတင် ရပ်တန့်သွားနိုင်တယ်။

ခရီးသွား တစ်ယောက်အနေနဲ့ ရပ်ပြီးတော့ကြည့်မိ ဘယ်လမ်းကို ဆက်ရပမသိ၊ ဝမ်းနည်းစရာကောင်းတာက တလမ်းထဲပဲ သွားခွင့်ရှိ၊
အခွင့်အရေးတစ်ခု လမ်းတလမ်းဆီကို အစမ်းတစ်ခါ တည သွားခွင့်ရှိလေတော့၊
ညကုန်မိုးလင်းရင် မရမက လမ်းဆုံကိုပြန်ရောက်ရမယ်ပေါ့ ၊
အစမ်းမသွားခင်မှာတော့ လှမ်းကြည့်တာ ဓမ္မတာမို့၊
အဝေး ဝေးနိုင်သမျှဝေးအောင်၊ အကြည့် ကြည့်နိုင်သမျှကြည့်မိတယ်၊
ဒီဘက်လမ်းမှာတော့ အစိမ်းရောင် အလံကိုလွင့်လို့၊
အပြာရောင်ဆိုင်းဘုတ်နဲ့ ဤနေရာမှ သွားရသည်တဲ့၊
အကွေ့အကောက် ထွေထောက်နေတဲ့ဆူးလမ်း
တောင်စောက်တောင်မတ်တွေနဲ့ တမြော်တခေါ်ကြီးပါလား၊
ဟိုဘက်လမ်းမှာတော့ အနီရောင် အလံကိုလွင့်လို့၊
အဝါရောင်ဆိုင်းဘုတ်နဲ့ ဤနေရာမှ သွားလာခွင့်မပြုတဲ့၊
ဖြောင့်ဖြူးတဲ့လမ်း ကောက်ကိုင်းတာတောင်မမြင်ဘူး
မြက်ခင်းစိမ်း ရေကန်တွေနဲ့ ပြေပြစ်တဲ့ တောင်တန်း
ပြေးသွားရင် နေ့ချင်းရောက်မဲ့ပုံ။

ယုံကြည်စရာအကြောင်းမရှိပေမဲ့ အချိန်အခါလာ လမ်းစပေးသူတွေက
သမိုင်း အစဉ်အလာမကောင်းကြလေတော့
ညွှန်းထားတဲ့လမ်းဟာ အစွန်းဝင်္ကပါချောက်ကမ်းပါး ဖြစ်ဘို့များတယ်၊
နေ့မှာတောင်လမ်းပျောက် လိုရာကိုမရောက်ပဲ
အလိုတော်ကြ ဆိုနေရတာက လမ်းဆုံးမရှိတဲ့လမ်းလို့
အများသုံးပေတံ အမြင်နဲ့ရမ်းပြောရင် ပြောနိုင်တယ်၊
အတွေ့အကြုံဆိုတာ ငါတို့မှာ ပြားစေ့လောက်ပဲ ရှိတာမို့ ၊
အများပြောတဲ့လမ်း ဖြောင့်ဖြူးနေတဲ့လမ်း သွားခွင့်မပြုတဲ့လမ်း
ပြေးသွားရင် နေ့ချင်းရောက်မဲ့လမ်း၊
ရဲရဲနီစွာနဲ့ အစမ်းခရီးနှင်ကာ ထွက်လာခဲ့တယ် ပန်းသီးတစ်လုံးကိုကိုက်လို့ပေါ့၊
နားထဲမှာတော့ လက်ခုပ်တီး သြဘာသံတွေကြားလိုက်ရတယ်။

လမ်းထဲကို စစလျှောက်ချင်းမှာပဲ
ဖြဖြအားပေးသံလို အသံတွေဆူညံသွားတယ်၊ ဗရာဘို တော်တော်ဟုတ်တဲ့ငါ၊
မြက်ခင်းပေါ်ဖြတ်လျှောက်တော့ ဘေးနားမှာ အရိုင်းပန်းတွေပွင့်လို့
ပျားပိတုန်းတွေဝဲ လိပ်ပြာကို ငါရှာလို့မတွေ့ပါဘူး၊
လူတစ်ယောက် သူရူးပမာပြေးနေတယ် ဝိညဉ်တွေ ဝိညဉ်တွေတဲ့၊
သူခြေထောက်နှစ်ချောင်း သွေးချင်းချင်းနီရဲ၊
ဒီမြက်တွေဟာရှတတ်တယ်ဆိုတာ အဝေးကကြည့်တော့ မမြင်နိုင်၊
ငါလည်း အရှခံသွေးတွေထွက်နေပေမဲ့ သြဘာသံကြားမှာနစ်မြုပ်လို့ ရှေ့တိုးခဲ့တယ်၊
ရေကန်အိုင်စပ်မှာ လူတစ်စုရှိတာနဲ့ စနည်းနာဘို့ ခပ်သုတ်သုတ်ထွက်လိုက်တာ
ရှောခနဲ မြွေတစ်ကောင်ထွက်လာ လှမ်းအပေါက်မှာ တန်းဆုတ်တာမြန်လို့
ရှေ့မှာတွေ့တဲ့ဟာကိုပေါက် ရန်သူလား မိတ်ဆွေလားမသိတဲ့မြွေမျိုး၊
ပေါလိုက်တဲ့မြွေတွေ မြွေတွေ အဝေးကကြည့်တော့ မမြင်နိုင်၊
ပိတုန်းတစ်ချို့ကလည်း သွေးညှီနံ့ကြောင့်လား၊ ပိတုန်းပီသအောင်လား ငါကိုကိုက်ခဲလိုက်တာ၊
ကိုက်တတ်တဲ့ပိတုန်းတွေ အဝေးကကြည့်တော့ မမြင်နိုင်၊
နာတာကိုနာတယ်လို့မှတ်ပြီး နေရာတကာ ဘုရားနဲ့ကိုင်ပေါက်တဲ့ လူတစ်ချို့ကို သတိရ
ငါလည်း အိုင်စပ်နားကလူစုဆီရောက်ခဲ့တယ်။

ဒီလူစုဟာ သူတို့ရဲ့ နတ်ဘုရားအတွက် ဆုတောင်းပွဲလုပ်နေကြတယ်၊
တစ်ကယ်တော့ လူတစ်စု မဟုတ်ဘူး အစုတွေ အစုတွေနဲ့ လူအစုတွေ
စုနေတဲ့လူတွေကို အဝေးကကြည့်တော့ မမြင်နိုင်၊
အဖွဲ့တွေကွဲ ပြောနေ ပြောနေကြတာတွေကလည်း တောမှာသွားပြောရင်တောင်
မိအေးတို့ ယုံမဲ့ပုံ မပေါ်ဘူး၊ အဖျားလည်းရှုးသွားလိုက်ကြတာ၊ တစ်ခါလာလဲ ဒီပုတ်ထဲကဒီပဲ၊
လမ်းမှန် လမ်းမှန်နဲ့ အကြမ်းပန်းကန်ထဲ ထည့်ပြော ဖိုးဖိုးတို့ဖွားဖွားတို့ရယ်
အသက်တွေလည်း ကြီးကုန်ပါပြီ၊
ရုတ်တရက် ပွဲဆူသွားတာနဲ့ ဘာဖြစ်တာပါလဲလို့ ဖုတ်ဖက်ခါထအကြည့်မှာ
အိင်္ကျီပြာ မျက်မှန်ထူ အဖိုးကြီးတစ်ယောက်ထွက်လာ
နှစ်လေးဆယ်ဇာတ်လမ်းတွေပြော အသစ် အသစ် အဆန်းတွေမပါတာနဲ့
ကတုံးစတောက်နှင့် လူက နှစ်နှစ်ဆယ်က အသံတွေနဲ့နှော
ဖါးပြုတ်တွေထလို့အော် ပုတ်လို့ကျော်တာတဲ့ ထုတ်နုတ်ကော်ကာ ကနေတဲ့ အရပ်ဇာတ်ပါပဲ၊
အဖွားကြီးတွေ လက်ခုပ်တီး အဖိုးကြီတွေ လက်မောင်းတန်း
ပြာပြာသလဲနဲ့ ဘုမသိဘမသိတွေထအော်လိုက်တာ မိုးတွေတောင်ခြိမ်းဆိုပဲ၊
ဂျောက်ဂျက် စိုင်းစိုင်း သီချင်းကြိုက်တဲ့သူတွေကတော့ တော်ရုံတန်ရုံ ညည်းကြတာ မဟုတ်ပေမဲ့လဲ
အဖိုးတို့က ကာရံမညီ တလွဲတွေဖြစ်နေတော့
တစ်ရံတစ်ခါဆီတွေးနေမဲ့အစား လောလောဆယ် မှန်မကြည့်ကြဘူးလားတဲ့၊
ပြောနေ ဟောနေ ရောနေ ကြတာတွေ အဝေးကကြည့်တော့ မမြင်နိုင်၊
အရင်တုန်းကဟာတွေ အမြဲတမ်းမှန်နေမယ်ဆိုရင် နာဂစ်တောင် ဝင်လာစရာ အကြောင်းမရှိ၊
ဆရာ ဆရာလို့ ခေါ်လိုက်တော့ ဗျာဗျာလို့ အော်သံတွေမဆဲ ရှင် ရှင်လို့ဆိုတာတောင်ပါသေး၊
ဒါပေမဲ့ ဆရာဖြစ်နိုင်တဲ့သူ မတွေ့သေး၊
နေရာတကာမှာ ဆရာတို့ လူကိုပဲ အကောင်းဆုံးမြင်နေတော့၊ တစ်ခါတစ်ရံမှာ ဆရာတို့ လူထက် ကောင်းတဲ့လူလည်း ရှိသေးတယ်ဆိုတာ သတိလေးထားဦး၊
ဆရာတို့လူကိုထိရင် အကန်းအရိုင်းပြန်ရိတာမို့ မှန်ကြည့်ပြီးတော့ ကိုယ်ကိုယ့်ကိုယ် ပြန်ကြည့်လိုက်ဦး၊ ဆရာ ဆရာ ဆရာ တို့ရယ် ဆရာ ဆရာ ဆရာ ဆိုပြီး ၁၈ ကြိမ်ခေါ်ပါတယ်၊
အဲဒီအချိန်မှာပဲ ပုရစ်တွေကထခုန် အဖြစ်တွေကစုံနေတော့
ပုရွက်ဆိတ်အိမ်ကို တုတ်နှင့်ထိုး မီးရှို့ဘို့ကြံတဲ့ ခပ်ညံ့ညံ့ လူယုတ်တစ်ချို့တွေ့ခဲ့ပါတယ်၊
သူတို့ခေါင်းဆောင်က အတော်ယုတ် သတိထား၊ ဗိုလ်ချုပ်ပုံကို နေရာတိုင်းမှာ ကပ်ထားတယ်။

အဖြူတစ်ဝက် အမည်းတစ်ဝက် ငပွကြီးခေါင်းဆောင်က အဆူမပျက်လေအောင်
ရမ်းသမ်းပြီးလှမ်းပစ် အနှစ်မပါတော့လည်း ထိချက်ကလွဲ၊
သူ့အရင် စစ်ဆင်ချင်နေတဲ့ အထီးမှန်းအမမှန်းမသိတဲ့ကောင် ကောင်းဘွိုင်လိုလိုဘာလိုလိုဆို ဒီထက်တောင်ပိုလို့ဆိုး၊
ဝတ္တရားအရပြောနေရတာကို အဟုတ်လားမှတ်နေသူတွေကတော့ ဟွန်းတယောနဲ့ သံပြိုင်ဆွဲ၊
ဖါးပြုတ်မကြီးဆိုပိုဆိုး အသေဆိုးဘာဆိုးနဲ့ ဆဲဆိုနေလိုက်တာလဲမိုးမွန်
ရောရောင်ပြီး လိုက်ဟောင် အသိုက်ပြောင်းချင်တယ်ဆိုလဲ ပြောင်းပေါ့ ဒါပေမဲ့ မင်းတို့ရဲ့ အမှိုက်ဟောင်းတွေကိုတော့ မထားခဲ့နဲ့ စရိုက်မကောင်းဘူးဆိုတာ လူတိုင်းသိတယ်၊
ယင်ကောင်တွေများလာတော့ ထင်တာတွေမှားနေပြီဆိုတာ
ငါလည်းဒီမှာ အသေအချာကိုသိလိုက်တယ်၊
ရေကန်ကို ကြည့်လိုက်တော့ မူမမှန်တာတွေကိုတွေ့တယ်၊ မာယာတွေပေါ့၊
ကင်းခြေများတွေကတော့ ငါ့အပေါ်တက်နေပေမဲ့ မကိုက်သေးဘူး၊
ငှက်တစ်အုပ်ထပျံသွား ကျွေးတာစားနေရတော့ ပေးတာနဲ့ ပျံကြ
တနွယ်ငင်တစ်စင်ပါတော့ ဟိုအဝင်လှမ်းလည်းမလှပါဘူး၊ စားနေကြတာတော့ မြိန်ရည်ရှက်ရည်
ကန်စပ် ကန်ပါး ကန်အလယ် ကန်နား မှာတော့ မြူပ်ချီပေါ်ချီနဲ့
ဟိုတစ်စု ဒီတစ်စု ဟိုတစ်ကွဲ ဒီတစ်ကွဲ လမ်းပျောက်နေကြတာ အဝေးကကြည့်တော့ မမြင်နိုင်၊
အရမ်းဟုတ်နေကြပြီထင်ပြီး လှမ်းတုတ်ကာ အော်နေကြဆဲ။

ကိုယ်လူလည်းကိုယ်မစည်းရုံးနိုင် သူ့လူလည်းကိုယ်မစည်းရုံးနိုင် ဝရုန်းသုန်းကားဖြစ်နေတာကို
ဆရာတို့က အတင်းရုန်းစမ်းပါလုပ်နေတာကတော့ ဆရာတို့အလွန်ပေါ့၊
ဒီလမ်း ဒီစခန်း ဒီမှန်းတာ မှန်ပေမဲ့ ဒီသရန်းတွေနဲ့ ဒီအတိုင်းတော့ မဖြစ်ဘူးလေ
ကန်စပ်မှာ တစ် နေကြတာကို ပြန်လှပ်ကာ အသေအချာ ပြန်မကြည့်ကြဘူး
သံချပ်ကာတွေကိုပဲ အပြစ်ပြောနေမယ်ဆိုရင် နံရံတစ်ချပ်သာ ခြားပေမဲ့လည်း
အမှန်တစ်ရပ်တော့ဖြစ်မလာပဲ မခံမရပ်နိုင်တာတွေနဲ့ ကမရတဲ့ဇာတ် ဖြစ်နေလိမ့်မယ်၊
ပြေးသွားရင် နေ့ချင်းရောက်မဲ့လမ်းဟာ တွေးထားတာတွေနဲ့ တခြားသို့၊
လိုရင်းမရောက်နိုင်တာမို့ လှည့်ပြန်ဘို့ လမ်းဆုံကိုဦးတည်လိုက်တယ်၊
မိုးးမလင်းမှီ ရောက်ရမှာမို့ ပြေးအပြန်မှာ ဘေးနံရံကဆဲသံတွေ ထူမွန်သွားတယ်
အသေသတ်ဘို့ လေသေနပ်နဲ့ လိုက်ပစ်နေတဲ့သူတွေလည်းပါ၊
ငါတို့နဲ့မပေါင်း မကောင်း၊ ငါတို့နောက်မလိုက် လူမိုက်၊ ငါတို့နဲ့ခွဲ ငရဲ၊ ငါတို့နဲ့မတူ ရန်သူ ဒီလိုထုံးနှလုံးသွင်းသူတို့ကတော့ ကုန်းရုန်းပြီးအော်ကာ ရန်သူတော်ကြီးပေါ့၊
အရပ်သိ အတွင်းသိ အပြတ်သိတွေကြားမှာ
အောက်တန်းကျတာတွေကို အဝေးကကြည့်တော့ မမြင်နိုင်၊
ခွေးအတွေက ငါနောက်ကလိုက် တော်သေးတာပေါ့ မြင်းရိုင်းတွေထွက်လာလို့
ရှားရှားပါးပါး လိပ်ပြာတစ်ကောင်က လမ်းပြလို့ လမ်းဆုံကိုပြန်ရောက်လာခဲ့တယ်၊
အနောက်က ဝိညဉ်တွေ ပါလာတာကို အဲဒီရောက်မှာ သိမိတယ်
ကျွတ်ချိန်တန်သွားကြပြီပေါ့။

အဲဒီညမှာပဲ တစ်ခြားလမ်းကို ခရီးထွက်ခဲ့တယ် စုတ်တသပ်သပ်နဲ့ ရှုတ်ချနေကြတာတဲ့
အပြတ်ယိမ်းနေကြသူတွေကတော့ ငါကို မျက်နှာစိမ်းလို လှမ်းကြည့်ကြတယ်
မလှမ်းမကမ်းက ကြည့်ခြင်းခံနေရသလို တောင်းရမ်း အကဲစမ်းတဲ့ သူလည်းပါတယ်၊
နေကာမျက်မှန်တတ်ပြီး ခပ်တည်တည်နဲ့လေချွန် လေးဖြူသီချင်းတောင် ညည်းလိုက်သေး၊
အယ်ဇေးရှင်းတွေ ဟောင်နေပေမဲ့ ပြထားတဲ့ နှစ်ကောင်ထဲ
ကျန်တာတွေက ကြိုးဖီရင်ကိုက်မဲ့ ငတ်ပြတ်နေကြတဲ့ ပါလာရာခွေး
ကျွဲတွေနွားတွေက ကွင်းပြင်မှာအင်အားပြလို့ ထောက်ခံတဲ့ပွဲဆိုလား၊
ထူးထူးဆန်းဆန်းပါပဲ ဝက်တွေကို တွေ့ခဲ့တယ် စားကောင်းလို့ဗိုက်ဆူ စရိုက်တွေကအတူတူ
အရင် စားလွန်းတဲ့ဗိုက်တွေ ရိုက်နှက်ပြီးသတ်ဖြတ် အဆုံးသတ် မကောင်းခဲ့တာလည်းမမှု့ စားကောင်းနေကြဆဲ၊
အိုကြီးအိုမတွေက အစ်ကိုကြီးညီလေးတွေကို လက်အုပ်လေးချီ ကြွပါလို့ပြော
မတော်တရော်တွေဖြစ်နေကြတာ တော်တန်ရုံသိတာနဲ့ပဲ ပြောပဲပြောတတ်ကြတယ်၊
အတွင်းမှာ ဘာရှိသလဲဆိုတာ အဝေးကကြည့်တော့ မမြင်နိုင်၊
သစ်ပင်တွေက လေတိုက်လည်းငြိမ်နေတယ်၊ သာလိကာတွေက သင်ထားတဲ့အတိုင်းပြော
ငြိမ်တိုင်းကောင်းတယ်ထင်နေတဲ့သူတွေက အချိန်တိုင်းပြောင်းပြန် ရတက်မအေးနိုင်ဘူး၊
အဲဒါရွေ့နိုင်တဲ့ ကျားကွက်တွေပဲ။

မျောက်တွေသင်မှတော့ လောက်တွေပဲထွက်လာမယ်ဆိုပြီး ပြောချင်သလိုပြော
ထောက်ကူပြီး တောက်ပြောင်အောင် လုပ်ပေးနိုင်ရင်
လောက်တွေဟာ အရယူပြီး တကယ့်ဆူပါတွေထွက်လို့
အရပ်ကူပါ မလိုတော့ဘူးပေါ့၊ တစ်သက်ပူစရာ မလိုတာတွေကို
ဒီပါအရပ်ရပ်က စီကာမကြည့်ဘူးဆိုရင် အဝေးကကြည့်တော့ မမြင်နိုင်၊
ယုန်ဖမ်းတဲ့ပွဲမှာ ကျားကိုသုံးတယ်ဆိုတော့
ခြောက်တတ်တဲ့သူတွေဟာ ဘယ်လောက်ကြောက်တတ်ကြသလဲဆို မလိုလည်းဂူအောင်းပြီးနေသတဲ့၊
ကလိမ်ကကျစ်တွေနဲ့ ငြမ်းဆင်ထားတဲ့လမ်းမှာ မတိမ်မနစ်ပဲ
သူတို့သွားတဲ့အတိုင်းသွားရင် ဘာဆူးမှာ မရှိ၊
ဆူးပင်တွေဆိုတာ အရူးကိုယဉ်အောင် လုပ်ပေးနိုင်တဲ့ ဇီးပင်တွေဆိုတော့
အသုံးချတတ်ရင် အပြုံးလှလှလေးရတတ်တာမို့ သေသေချာချာတွေးရအောင်
မရေရာတာတွေကို အဝေးကကြည့်တော့ မမြင်နိုင်၊
မြက်ခင်းအတုပေါ်မှာ စက္ကူပန်းတွေ ကြဲထားလိုက်ကြတာ
ပိတုန်းကောင်တောင် ယိမ်းယောင်တိမ်းစောင်ပြီးမူးလဲ၊
ပူးပြီးသတ်ရမှာကို အရူးကြီးချီးပန်းလို လိုက်ပြောနေရုံနဲ့
အကြီးအကဲဆိုတာတွေက အသီးပဲစားတတ်တဲ့သူတွေ မဟုတ်ဘူး
ငါကတော့ မထူးကဲပါပဲ ကြုံလို့ ဝါးစိမ်းအရက်ကို သောက်ပြီး တောင်ပေါ်သို့ထွက်ခဲ့တယ်၊
ဥသြတွေကတော့ တွန်နေဆဲ။

အံ့သြလောက်အောင်ပါပဲ တောင်တွေက မြင့်မားလိုက်တာ၊
အနားရောက်တော့ တစီစီ အသံတွေကြားရ၊ အဝီဝီနဲ့ ဆေးဆိုးပန်းရိုက်လုပ်နေသလား
လားလား ဒီတောင်ကြီးကခြတောင်ဘို့ကြီးပါလား အားပါးပါး မယုံကြည်စရာပဲ၊
ခြတွေရဲ့အိမ် ရွတ်တွနေတဲ့တောင်ကြီး အဝေးကကြည့်တော့ မမြင်နိုင်၊
သင်းခွေချပ် ပတတ်နှင့် ပုတ်သင်ညို တွေက ဒီအတိုင်းရပ်ကြည့်နေကြတယ်
ခပ်မှန်မှန် ဆက်လျှောက်လာတော့ ကောင်းကင်မှာ တောက်လျှောက်ပျံနေတဲ့ သိမ်းငှက်
ငါကို စောင့်ကြည့်နေတာပေါ့၊ ပုစဉ်းတွေနဲ့ မိတ်ဆွေဖြစ် ခြတွေအကြောင်း ကောင်းကောင်းနားလည်
တောင်းတောင်းပန်ပန် ပြောစရာမလိုပါဘူး အကြောင်းကံတရားတွေက
ခြအုံကြီးဟာ တွန်းတာနဲ့လဲမှာပဲ၊
အတင်းကတ်သတ်နေစရာ မလိုပါဘူး ကင်းချက်တတ်ဘို့ပဲလိုတယ်၊ အဲဒါမတွေ့နိုင်တဲ့ အချက်တစ်ရပ်ပဲ၊
ခြတောင်ကြီးပြိုရင် လမ်းပေါက်ပြီမို့ ဆာလောင်ပြီး စောင့်နေစရာ မလိုပါဘူး
ဖြိုတတ်ဘို့ပဲလိုတယ်၊
ရိုသေစွာနဲ့ ကြိုတွက်ထားတဲ့သူတွေက ဖြိုဘို့အတွက် ငိုဖို့ပဲသိတယ်
ကျားကွက်လည်းမရွေ့ မတရားတာပဲပြောနေကြတယ် သူတို့ဇယားကွက်တွေကလည်းမမှန်
တစ်ယောက်ထဲကိုပဲ အားကိုး အရောက်မလှမ်းနိုင်တဲ့အကျိုးတွေလိုပဲ စုံလုံးကန်းနေကြသလား၊
လေးဆယ့်သုံး လေးဆယ့်ငါး ငါးဆယ် ခြောက်ဆယ့်ငါး ဂဏန်းတွေ ငါကိုလာရွတ်မပြနေနဲ့
ခုနှစ်ဆယ့်ငါး တစ်ရာဖြစ်ဦး ဘာမှမဖြစ်ရင် ဘာမှမဖြစ်တာမို့၊
အဲဒီ့ ဘာမှမဖြစ်ခဲ့တာကို သိဘို့လိုနေကြပြီ၊
ဘာမှမဖြစ်ရင် အလကားမို့ ငါလည်း အကန်းတွေကိုမယုံလို့ လမ်းကြုံလိုက်ဖို့
အဖေါ်တွေကိုရှာရင်း သိသွားတာက ဒီနေရာမှာ ခြင်္သေ့ လိုနေတယ်၊
ခြင်္သေ့ ဆိုရင် ကျွဲတွေနွားတွေလည်းလိုက် ခွေးတွေကျားတွေလည်းမကိုက်
မြွေတွေဆိုလည်းတွင်းအောင်း အခြေအနေတွေဆိုလည်းပြောင်းလို့ အဖြေတွေကောင်းသွားနိုင်တယ်
ခြင်္သေ့ တစ်ခါဟောက်လိုက်ရင် ခြတွေပြားပြားဝတ် အသွင်တွေပြောင်းလို့ တောင်ဘို့တောင်ဖြိုစရာမလိုဘူး၊
ဒီလိုနဲ့ ငါလမ်းဆုံကို ပြန်ရောက်ခဲ့တယ်၊
လမ်းဆုံမှာ သွားကြုံရတာက လှမ်းမြင်ကာကြည့်တတ်တဲ့ အကောင်းမြင် ကတ္တီပါ ဂိုဏ်းသားတွေ
ကြောင်းကျိုးကို ဆင်ခြင်ကာရှုလို့ ခြင်္သေ့ကိုစောင့်နေကြတာတဲ့။

ခြင်္သေ့ကိုစောင့်နေကြတာသိတော့ ပုံရိပ်ကိုဖမ်းအထာရှိတဲ့ လူတစ်စုက ခြင်္သေ့ အရောင်ပြောင်းလို့ ဘောင်းဘီတွေချွတ်ကြတာ ပြောင်ပြောင်တင်းတင်းပါပဲ
ဘယ်လောက်ပင် အရောင်ပြောင်းစေဦးတော့ သူတို့ အသွင်သဏ္ဍန်မကောင်းပေါ့
အများအမြင်ပြောနေကြတာက သောင်းနဲ့ဦးကတော့ ပြောင်းလည်းထူးမဲ့ကောင်တွေ မဟုတ်ဘူးတဲ့၊
ဒီခြင်္သေ့အတုကို မပြတ်အစဉ်ရှုဘို့လိုတဲ့ ခပ်မြင်မြင်သမားတွေ ငါတို့လိုအပ်နေပြီ၊
ဒီကြံ့ခြင်္သေ့ဟာ ပန့်တွေဆင်ထားတာမို့ အရပ်အမြင် မတည့်တာကို
သိရက်နဲ့ အခက်ခွင်မဖမ်းနိုင်ရင်တော့ တော်တော်ညံ့တဲ့ အထက်ကတ္တီပါ ဂိုဏ်းသားတွေပါပဲ ၊
သူတို့ထုံး သူတို့ရုံးနှင့် သူတို့ရှုံးမဲ့ ပွဲမှာ အတုံးတုံးတွေကိုကျွေးပြီး
အကွက်မြင်ကာ ပျိုးပျိုးပြီးလုပ်ရမှာကို တသက်စာမထင်ပဲ ဘာလာလာ နိုးနိုးပဲလုပ်နေရင်တော့
တရေးသွားအိပ်လိုက်ကြဦး၊ ဟိုဘက်ကပြုံးနေလိမ့်မယ်၊
လမ်းမြင်ရပေမဲ့ လမ်းစဉ်ကမသိ ကျွမ်းကျင်တာလည်းမရှိ
လမ်းပေါက်ဘို့ လမ်းဖေါက်ဘို့လိုတယ် ခြင်္သေ့ကိုစောင့်နေစရာမလိုပါဘူး၊
အသင်တို့ရေ အထာကျွမ်းတဲ့ သူတွေကိုခေါ် တတ်ပြီးတော့မြင်တဲ့ သူတွေနဲ့ဆိုရင် လမ်းကရောက်ပါပြီပဲ၊
ဒါပေမဲ့လည်း ဒီအရပ် ဒီဇာတ်နဲ့ပဲ ကရမှာဆိုတော့ သတိတော့ထားဦး
ငါတို့လိုနေတာ ဒလိုင်းလားမား မဟုတ်ဘူး မင်ဒဲလားလည်းမဟုတ်ဘူး၊
လီကွမ်ယု မျက်မှန်တတ်ပြီး မဟာသီယာ ဘိနပ်စီး
ဆိုနီယာ အတွေးကိုဝတ်ထားတဲ့သူတွေ
ဘယ်မှာလဲ…. ဘယ်မှာလဲ….. ဘယ်မှာလဲ…..

လမ်းပေါ်မှာပဲ…..။


sosegado
27/06/2010



ရှည်တာကို အဆုံးထိဖတ်ရင်ပဲ ကြိုတင်ကျေးဇူးတင်ပါသည်။
Robert Frost ရဲ့ ကဗျာတွေကို ခံစားပြီး ရေးလိုက်သည်။ ပုဂ္ဂလိက ထင်မြင်ခံစားချက်တစ်ခုပါ၊



The route I never take, Mountain, The people waiting for lion

ပုံတွေကို google.com ideachampions.com iqmatrix.com မှယူပါသည်