Friday, October 18, 2013

မပြီးခဲ့သော သင်ခန်းစာ


Behavioral Science သင်တန်းတစ်ခုကို သွားတက်ခဲ့စဉ်၊ ပါမောက္ခ ဆရာတစ်ယောက်က သင်တန်းအစမှာပင်၊ သင်ကြားမှု အခြေခံဖြစ်အောင် Case Study လေ့လာခြင်း တစ်ပုဒ် ပေးလိုက်ပါသည်၊   ဆရာပေးလိုက်သော Case Study သည်၊ ကျနော်တို့အတွက် ရိုးရိုးလေ့လာစရာ တစ်ခုဖြစ်ပေမဲ့၊ လူမျိုးစုံ နယ်ပယ်အသီးသီးက သူတွေ တက်ရောက်ခဲ့သော သင်တန်းတွင် အသံတွေ ကျယ်လောင်ခဲ့ပါသည်။

ဆရာသင်သော Behavioral Science ကို၊ ကျနော်တို့နှင့်အတူ နိုင်ငံရေးသိပ္ပံ (PS) ကျောင်းသားများ၊ လူထုဆက်ဆံရေး(PR) ကျောင်းသားများ၊ စီးပွားရေး သင်တန်းသားများ၊ စသဖြင့် စုံစွာ တက်ရောက်ကြပါသည်၊ ဆရာ၏ နောက်ထပ် အတန်းတစ်တန်းကိုလည်း ကျနော်တို့ တက်ရပါသည်၊ ထိုသူတွေမပါတော့ပါ၊ ဒါကတော့ Practice of EQ (emotional intelligence) ဖြစ်ပါသည်။

နောက်ပိုင်း ဆရာသည်၊ ထို Case Study လေ့လာခြင်း ကို၊ အသုံးချသင်ခန်းစာ တစ်ခုအနေဖြင့် ကျနော်တို့ကို သင်ကြားပေးခဲ့ပါသည်၊ ဆရာပေးခဲ့သော Case Studyကို သူငယ်ချင်းမိတ်ဆွေများကို ပြောပြချပြ သောအခါ၊ အသုံးချ Behavioral Science ကို ကျနော်ပိုနားလည်း ခဲ့ရပါသည်၊ Behavioral Science၏ အခြေခံသည်၊ လူတွေရဲ့ အမှုအရာ လှုပ်ရှားပုံကို ဖတ်ခြင်း လေ့လာအသုံးချခြင်း၊ မိမိ၏ အမှုအရာ လှုပ်ရှားပုံကို တစ်ခြားသူတွေ ဖတ်လေ့လာလို့ မရအောင်ပြုမှုခြင်းတို့ ဖြစ်ပါသည်။

Case Studyကို လေ့လာကြည့်ကြပါ။
 
………………………………………………


Fast Food စားသောက်ဆိုင် တစ်ခုတွင်ဖြစ်ပါသည်၊
ကလေးသုံးယောက်ပါသော မိသားစု နှစ်စု သီးခြားစီ စားသောက်နေကြပါသည်၊
မိသားစု တစ်ခု၏ ဖခင်မှာ မစ္စတာ သောမတ်စ် (Thomas) ဖြစ်ပါသည်၊ နောက်မိသားစု၏ ဖခင်မှာ မစ္စတာ ဝူ (Wu) ဖြစ်ပါသည်၊
ထိုမိသားစု နှစ်စုလုံးတွင် အသက်ကိုးနှစ်အရွယ် သမီးတစ်ယောက်စီ ပါဝင်ပါသည်၊ ထိုသမီးနှစ်ယောက်စလုံးသည် အကြီးဆုံးကလေးများဖြစ်ကြသည်၊
အဖေဖြစ်သူ သောမတ်စ်နှင့် သမီးကြီးတို့သည် အစားအသောက်များကို မှာယူခဲ့ကြပါသည်၊
ထို့အတူ ဝူနှင့် သမီးကြီးတို့သည် အစားအသောက်များကို မှာယူခဲ့ကြပါသည်၊
အစားအသောက်များ နေရာချပြီးသောအခါ


ဝူက သူ၏ သမီးကြီးကို အချဉ် Ketchup ကစ်ချပ် အမျိုးအစားကို အားလုံးအတွက် သွားယူဖို့ ပြောလိုက်ပါသည်၊
ထို့အတူ သောမတ်စ်ကလည်း သမီးကြီးကို အချဉ် Ketchup ကစ်ချပ် အမျိုးအစားကို အားလုံးအတွက် သွားယူဖို့ ပြောလိုက်ပါသည်၊

ဝူ၏ သမီးကြီးသည် ယူလာသော အချဉ်ပန်းကန်ပြားလေးများကို အားလုံးရှေ့ကို ချပေးလိုက်ပါသည်၊ ဝူသည် ယူလာသော အချဉ် ပန်းကန်ကိုကြည့်ပြီး သမီးကြီးကို
‘မင်းတကယ် အသုံးမကျတာပဲ၊ အချဉ်တွေမှားယူလာတယ်၊ ငါသေချာပြောလိုက်တာပဲ ကစ်ချပ်အချဉ်ကို ယူခဲ့ပါလို့၊ ခုတော့အကုန် ငရုတ်ဆီချည်းပဲ’၊ ‘မင်းတော်တော်ညံ့ဖျင်းတာပဲ’ စိတ်ဆိုးမာန်ဆိုးနဲ့ ဆူပူကြိမ်းမောင်းလေသည်၊
ဝူ၏ သမီးကြီးသည် ဘာမျှပြန်မပြောပဲ အဖေဆူသမျှကို ခေါင်းလေးငုံ့ကာ နေလေသည်။

သောမတ်စ်၏ သမီးကြီးသည်လည်း ယူလာသော အချဉ်ပန်းကန်ပြားလေးများကို အားလုံးရှေ့ကို ချပေးလိုက်ပါသည်၊ သောမတ်စ်သည် ယူလာသော အချဉ် ပန်းကန်ကိုကြည့်ပြီး သမီးကြီးကို
“သမီး အချဉ်တွေ မှားယူလာပြီး ထင်တယ်၊ သမီးသေချာ မကြည့်ခဲ့ဘူးထင်တယ်   ခုတော့အကုန် ငရုတ်ဆီချည်းပဲ” ဆိုပြီးပြောလေသည်၊
သောမတ်စ်၏ သမီးကြီးသည် ‘အို ဘုရားသခင် ငါသေချာယူခဲ့ပါတယ်၊ ဘယ်လိုဖြစ်သွားတာပါလိမ့်၊ ဘာဖြစ်လို့ ငါဒီလိုမှားသွားပါလိမ့်’ ဆိုပြီး အဖေကို ပြန်ပြောလိုက်သည်။

ဝူသည် သမီးကြီးကို ဆူပြီးသော အခါ သူကိုယ်တိုင် အချဉ်ကိုထယူလေသည်၊ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ‘နေရာတကာ အဖေမပါရင် မပြီးဘူး’ ဆိုပြီးပြောလို့နေသည်၊
သောမတ်စ်သည်လည်း သမီးကြီးကို ‘သမီးနေလိုက်တော့ အဖေသွားယူပါမယ်’ဆိုပြီး သူကိုယ်တိုင် အချဉ်ကိုထယူလေသည်။

ဝူသည် ယူလာသော အချဉ်ပန်းကန်ပြားလေးများကို အားလုံးရှေ့ကို ချပေးလိုက်ပါသည်၊ ထိုအချိန်တွင် ကလေးများက အဖေ အဖေယူလာတဲ့ အချဉ်တွေကလည်း ငရုတ်ဆီတွေပါပဲ၊ ထိုအခါကြမှ ဝူသည် အချဉ်တွေကို သေချာစွာကြည့်ပြီး ခဏ ငြိမ်သက်လို့နေသည်၊ သမီးကြီးသည် ဘာမှပြန်မပြောပဲ အဖေကို စိုက်ကြည့်လို့နေသည်၊

သောမတ်စ်သည် အချဉ်ပန်းကန်ပြားလေး တစ်ခုကိုသာယူလာပြီး သမီးကြီးရှေ့ချလိုက်သည်၊ ထိုနောက် “တောင်းပန်ပါတယ်သမီး၊ အဖေသမီးကို ပြောဆိုခဲ့မိတယ်ဆိုရင်၊ တကယ်တော့ သမီးမမှားပါဘူး၊ အချဉ်တွေထည့်ထားတာ မှားနေတာပါ၊ သမီးကစစ်ဖို့ပဲလိုသွားတာပါ”၊
‘ကျေးဇူးပါအဖေ၊ နောင်ဆို သမီးဂရုစိုက်ပါမယ်’လို့ သမီးကြီးက ပြန်ပြောလိုက်တယ်၊ “နောက်လူတွေ ဆက်မမှားအောင် ငါတို့ ဆိုင်ဝန်ထမ်းတွေကို ပြောပြရမယ်” ဆိုပြီး သောမတ်စ်က ပြောလိုက်လေသည်။


ဝူသည် ဒေါသထွက်နေသော မျက်နှာဖြင့် ‘ဒါဆိုင်ကမှားတာ၊ ငါသေချာသွားကြည့်မယ်’၊ ‘ဆိုင်တစ်ဆိုင်လုံး ဖွင့်ထားပြီး ဒါလေးတောင် သေချာအောင် မလုပ်နိုင်ဘူး’ဆိုပြီး တတွတ်တွတ်နဲ့ပြောရင်း အချဉ်ထားရာ နေရာသို့ထွက် လာလေသည်။

သောမတ်စ်သည် ဆိုင်အလုပ်သမား တစ်ယောက်ကို ခေါ်လိုက်လေသည်၊ ‘ဟေ့ချာတိတ် မင်းနာမည် ဘယ်လိုခေါ်သလဲ’၊ “ကျနော် နာမည် စတီဗင်ပါ”၊ ‘အိုကေ စတီဗင် ဒီမှာ အချဉ်တွေက တတ်ထားတဲ့ လေဘယ်စာတွေနဲ့ မကိုက်ဘူး၊ အားလုံးဟာ ငရုတ်ဆီချည်းပဲဖြစ်နေတယ်၊ ကစ်ချပ်မရှိဘူး’၊ စတီဗင်က “ဝမ်းနည်းပါတယ် ကျနော်ခုပဲ တာဝန်ရှိသူကို သွားပြောလိုက်ပါမယ်”၊ ထိုဝန်ထမ်းလေး ထွက်သွားသည်၊

 
ဝူသည် တင်းမာသော မျက်နှာပေးဖြင့် အချဉ်ထားရာ နေရာဘေးရှိ ဝန်ထမ်းတစ်ဦးကို၊ လှမ်းမေးလိုက်သည်၊ ‘ဟေ့ဒီမှာ လာဦး၊ ဘယ်မှာလဲ ကစ်ချပ်အချဉ်’၊ ထိုဝန်ထမ်းက လေဘယ်စာကို လက်ညှိးထိုးပြပြီး ဒီမှာပါလို့ ပြန်ဖြေလိုက်သည်၊ ဝူသည် အချဉ်တွေကို ဖိထုတ်လိုက်ပြီး ‘ဒါလား ကစ်ချပ်၊ မင်းသေချာကြည့်စမ်း ငရုတ်ဆီတွေ မဟုတ်လား၊ မင်းသေချာကြည့်စမ်း’ ခပ်မာမာပြောဆိုလိုက်သည်၊ စကားသံသည် ကြိမ်းမောင်းနေသလို ဖြစ်နေသည်၊ ထိုဝန်ထမ်းသည် ချက်ချင်းပင် ‘ဝမ်းနည်းပါတယ် ဒါကျနော်တို့ အမှားပါ၊ ခု ကျနော်တို့ ပြင်လိုက်ပါမယ်’၊ ဝူသည် မရပ်သေးပဲ၊ ‘မင်းတို့ပြင်တာ နောက်ကျသွားပြီး ခုငါတို့ ငရုတ်ဆီတွေ စားမိကြပြီ၊ ငရုတ်ဆီတွေ မဟုတ်ပဲ တခြားအရာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ ငါမန်နေဂျာကို တွေ့ချင်တယ်’၊ ဆက်၍ မကျေနပ်ကြောင်း ပြောဆိုနေပါသည်၊ ဝူ၏ပြောဆိုမှုများကြောင့် ဆိုင်သည် ဆူညံဆူညံ ဖြစ်လို့သွားခဲ့သည်။

ထိုအချိန်တွင် ရည်ရည်သန့်သန့် လူငယ်တစ်ဦးထွက်လာပြီး၊ ‘အားလုံးငြိမ်ပေးကြပါ ခင်ဗျာ၊ ကျနော်နာမည် ချန်းပါ၊ ဆိုင်ရဲ့ မန်နေဂျာပါ ခင်ဗျာ’၊ ‘ဝမ်းနည်းပါတယ် ခုလို့ဖြစ်ရတာ စိတ်မကောင်းပါဘူး’၊ ‘အားလုံးကို တောင်းပန်းပါတယ်’၊ ‘ကျနော်တို့ရဲ့ အမှားပါ ခွင့်လွတ်ပေးကြမယ်လို့ ထင်ပါတယ်၊ ဒီအတွက် ခုစားသောက် နေသူအားလုံးကို ကျနော်တို့ဆိုင်က အားလူးကြော် တစ်ပွဲဆီပေးပါမယ်’၊ ‘ဝမ်းနည်းပါတယ် ခင်ဗျာ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ’၊ ဆိုပြီး လူအားလုံးကို ခေါင်းငုံ့တောင်းပန်လေသည်။

  
သောမတ်စ်တို့ မိသားစုသည် တပြိုင်နက် ဟေးလို့အော်လိုက်ပြီး၊ အားလုံးဆီက ကျေးဇူးပါချန်း ဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာသည်၊
ဝူတို့ မိသားစုသည် မျက်နှာပုံစံ အမျိုးမျိုးဖြစ်လို့နေသည်၊ ဝူက ‘တွေ့လား ငါကြမ်းလိုက်တာ၊ အားလူးကြော် တစ်ပွဲထွက်လာခဲ့တယ်’၊ လို့ပြောဆိုလိုက်သည်၊
ဝူ၏ သမီးကြီးသည် အပြုံးတစ်ခု ပြုံးလို့နေပါသည်။

ဆရာပေးတဲ့ Case Study ဖြစ်ပါသည်၊ ကျနော်တို့ ကိုယ်ဟာကို Case Study ထဲက Behavior တွေကို လေ့လာပြီး နောက်အချိန် စာသင်ခန်းထဲတွင် ဆွေးနွေးကြမည်ဆိုသည်။

 
……………………………………………………


 
စာသင်ခန်းထဲတွင် ဆွေးနွေးကြသည့်အချိန် ရောက်သောအခါ၊
နိုင်ငံရေးသိပ္ပံ (PS)သမား များက ဒီလေ့လာမှုသည် Racist လူမျိုးခွဲခြားမှု ဖြစ်နေ၍၊ ဆက်၍ မဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်၊ ဆရာ၏ Case Studyသည် အရှေ့တိုင်းသားတို့ကို သေးသိမ်အောင် ပြုလုပ်သဖြင့် ရှုပ်ချကြောင်း အဆိုကိုတင်သွင်းလာသည်၊ ဆရာ၏ Case Studyတွင် အသုံးအနူန်းများကို ဥပဒေသများ ပြင်သကဲ့သို့ ပြင်စေချင်ကြောင်း ဥပမာ မိသားစု A ၊ မိသားစု B စသဖြင့် ပြင်သင့်ကြောင်း ထောက်ပြကြသည်၊ ဆရာသည် ဒီ Case Studyကို ဆက်လက်သင်ကြား ဆွေးနွေးခြင်းမပြုရန်၊ အကယ်၍ ဆက်ဆွေးနွေးနေရင် လိုအပ်ပါက ဆရာ၏ရုံးခန်းရှေ့တွင် ကန့်ကွက်ဆန္ဒပြကြမည်လို့ နိုင်ငံရေးသိပ္ပံ ကျောင်းသားတစ်ယောက်က ထုတ်ဖေါ်ပြောဆိုလာသည်။

လူထုဆက်ဆံရေး(PR)ကျောင်းသားများက ဆရာ၏ Case Study သည် Racist လူမျိုးခွဲခြားမှု မဟုတ်ကြောင်း နေစဉ်တွေ့ကြုံနေရသော ပတ်ဝန်းကျင်ကို အခြေခံထားသော၊ လက်တွေ့ကျသော ပတ်ဝန်းကျင်လေ့လာမှု တစ်ခုဖြစ်၍ ဆက်၍ဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်၊ နောက်ပြီး ဆရာ၏ Case Studyတွင် ကိုယ်စားပြုစံချိန်စံညွှန်းများ မပါ၍ ဘယ်အုပ်စုကို ကိုယ်စားပြုတယ် ဆိုတာ သေချာမဆိုလို နိုင်ကြောင်း ထောက်ပြကြသည်၊ ထိုနောက် အဖေများ၏ နာမည်ကို ထည့်ခြင်းသည် common life experiences နှင့် Case Studyကို ပိုမိုလေးနက်စေကြောင်း ဆွေးနွေးလိုသည်များကို အထောက်အကူဖြစ်စေကြောင်း တင်ပြလာသည်။

စီးပွားရေးသင်တန်းသားများက၊ မိမိတို့သည် ဆရာ၏ Case Studyကို B to C လို့ ရှုမြင်ပါကြောင်း၊ ဆရာ၏ Case Study ပါ အကြောင်းအရာများသည် Personal Factors များဖြစ်ပါသည်၊ ထို့အတွက် ဆက်၍ဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်၊ မန်နေဂျာ၏ ဆုံးဖြတ်မှုကိုလည်း မိမိတို့ အပြည့်အဝ မဟုတ်တောင် ထောက်ခံပါကြောင်း၊ စားသောက်ဆိုင်၏ စစ္စတန် စနစ်ကိုပိုသေချာအောင် လုပ်သင့်ကြောင်း ထောက်ပြကြသည်၊
နောက်ပြီး အချဉ်များ ဆုံးရှုံးမှု၊ အာလူးကြော်များအတွက် အပိုထွက်ငွေများကို Value vs Cost တွက်ချက်မှုဖြင့် လေ့လာသင့်ပါကြောင်း တင်ပြလာသည်။


ဆရာသည် ထိုကျောင်းသားများ၏ ဆွေနွေးတင်ပြမှု များကို ခေါင်းတညိတ်ညိတ်နဲ့ ပြုံးကာ စိတ်ဝင်စားစွာ နားထောင်နေပါသည်၊ အတန်းချိန် နှစ်နာရီ ပြည့်သွားသဖြင့် ကျနော်တို့ မဆွေးနွေးလိုက်ရပါ၊ တကယ်တော့ ကျနော်တို့တစ်တွေ Case Study ထဲတွင်ပါသော အဖေနှင့်သမီးများ၏ Behavior အမှုအရာ လှုပ်ရှားပုံများကို လေ့လာ ဆွေးနွေးရမည် မဟုတ်ပါလား။

နောက်မှာတော့ ဆရာသည် ထို Case Study ဆွေးနွေးမှုကို အခြေခံ၍ Behavioral Science ကို စသင်ပါတော့သည်၊ နောက်ပြီး နိုင်ငံရေးသိပ္ပံ ကျောင်းသားများ၊ လူထူဆက်ဆံရေး ကျောင်းသားများ၊ စီးပွားရေးသင်တန်းသားများမှတဆင့် နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ စီးပွားရေးသမားများ၏ Behavior များကို ဆရာက ဆွေးနွေးပါသည်၊
နောက်ဆုံး ဆရာနှင့် ကျနော်တို့ ဆက် ဆွေးနွေးဖြစ်ကြသည်မှာ တကယ်လိုရင်းကို မရောက်ပဲ ကျနော်တို့ ဘာလို့ အချိန်တွေ ကုန်သွားရပါသနည်း၊ ဆိုတာကိုပဲ ဖြစ်ပါသည်။


 
တစ်ခါတစ်လေ လူအများသည် အခြေခံနှင့် လိုရင်းကို မေ့နေတတ်ကြပါသည်၊
"If you want to make an apple pie from scratch, you must first create the universe."


လိုရင်းနှင့်အသုံးချနိုင်သော အတွေးအခေါ်များသည် လက်တွေ့မကျစေကာမှု ကြီးကျယ်သော အောင်မြင်မှုကို ဖြစ်စေပါသည်။
A Yale University management professor in response to student Fred Smith's paper proposing reliable overnight delivery service;
"The concept is interesting and well-formed, but in order to earn better than a 'C', the idea must be feasible."
Later Smith went on to found Federal Express Corp. FedEx.


 
……………………………………………..


 
ကျနော်တို့ ဆရာ၏ Case Studyကို ဆက်ဆွေးနွေးကြပါစို့
ကျနော်တို့ ဘာတွေနဲ့ ဘယ်လို အချိန်တွေ ကုန်သွားရပါသနည်း
အချိန်တွေ မကုန်ကြပါစေနဲ့…………………………………….



 
sosegado