Sunday, May 30, 2010

အကောင်းအတိုင်းဖြစ်စေသည် အပိုင်း(၁)

“ရွာသူရွာသားတို့သည် ချီးမွမ်းကဲ့ရဲ့ကြကုန်၏၊
ယောနသန်လည်း ရောက်ရှိလာသည်၊
ဒေးဗစ်သည်ကား တောင်ပေါ်မှကြည့်၍နေသည်၊
သူတို့ကို ငါကား သူရဲကောင်းဟုမသတ်မှတ်၊
ဥာဏ်နီဥာဏ်နက်များသူ၊ အခွင့်အရေးသမားတွေဖြစ်လတ္တံ။
မြက်ခင်းတို့သည် ဝါညှိရောင်သန်း၍ ခြောက်ကပ်ကုန်၏၊
သစ်ပင်တို့ကား အရွက်လုံးဝမရှိ၊ အမွှေးမရှိသောသိုးတစ်ကောင်သည် ပြေး၍နေသည်၊
ဧလာတောင်ထိပ်မှ အော်ဟစ်သံများကား ဆူညံကုန်၏၊
ငါသည် အရာရာကို အကောင်းတိုင်းဖြစ်စေသည်။”

အသက် ၃၀ ကျော် အမြည်းမပေါက်တာကိုပဲ ပြောစရာတစ်ခုဖြစ်နေသလား၊ စကားဝိုင်းဖွဲ့ပြောကြရင် နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်သည်၊
ဟေ့ကိုမောင် ဘယ်တော့စားရမှာလဲ၊ ရှာလို့တွေ့ပြီလား၊ နေနိုင်လှချီလား၊ ဒီလိုပဲအရိုးထုတ်တော့မှာလား၊
ဒီလိုအမေးတွေက ကျနော့်အတွက်ရိုးနေပါပြီ၊ ဒါတောင် ၃၀ ကျော်ပဲရှိသေးတာ၊ ၄၀ ကျော်ဆို ဘယ်လောက်ပြောခံရမယ်မသိ၊
တစ်ခါတစ်လေတော့တွေးမိပါတယ် လူပျို လူလွတ် တစ်ယောက်ရဲ့ လွတ်လပ်ခြင်း အရသာကို ကျနော်ပျော်မွေ့နေတာလား၊ အချစ်ကို မတွေ့ရှိသေးလို့လား၊ နဖူးစာက ဘယ်ကိုရွာလည်ဦးမှာလည်း စသဖြင့်ပေါ့၊ သူတို့ပြောသလို ငါကြိုက်မဲ့သူ မမွေးသေးဘူး ဆိုတာလဲ ဖြစ်နိုင်ပါတယ်၊ တကယ်တော့ ကျနော်မှာ အလုပ်နှင့်အိမ် အိမ်နှင့်အလုပ် အချိန်ရှားပါးမှု့ ကြောင့် အများဆုံးဖြစ်နိုင်ပါသည်။

ဒီနေ့ ညနေရောင်းရင်းတွေနဲ့ ချိန်းထားသည်၊ Holland V မှာ ကျနော်ကပဲပြုစုရမည်၊ ကျနော်အပါအဝင် စုစုပေါင်း ၆ယောက်၊ ကျွေးရတဲ့ အကြောင်းရင်းက၊ ကျနော်အလုပ်အသစ်ကို မန်နေဂျာရာထူးနဲ့ ပြောင်းရွှေ့ခြင်းအထိမ်းအမှတ်ပါပဲ၊ ဒီသူငယ်ချင်း ၅ ယောက်က NUS မှာခင်ခဲ့တဲ့ ၂ ယောက်၊ မြန်မာပြည် မှာခင်ခဲ့တဲ ၂ ယောက် နှင့် ငယ်ပေါင်း တစ်ယောက် စင်္ကာပူမှာ အဖွဲ့တောင့်တယ်လို့ပြောနိုင်ပါတယ်၊ ပြောမနာဆိုမနာ ရင်းနီးကြသည်၊ ဒီထဲမှာ လူပျို လူလွတ် ၂ ယောက်ပါသည်၊ ကျနော်နှင့် မင်းသန့်စင်၊ သန့်စင်က ၃၀ မပြည့်သေး ငယ်သူလို့သတ်မှတ်ကာ ကျနော်ကို လူပျိုကြီးရာထူးပေးထားသည်၊ ကိုဝင်းနိုင်က ကလေးမရှိ တစ်ဝက်လွတ်လပ်သည်၊ ကျန် ကိုစိုးအောင်၊ ကိုစိုင်းလုံ နှင့် ဘိုးတော် ခေါ်မြဝင်း တို့ကတော့ တိုးလို့တွဲလောင်းတွေနဲ့၊ မစခင်ထဲက ငါတို့က ၁၀ နာရီခွဲ ပြန်ရမှာ မိသားစုတာဝန် ဘာညာတွေနဲ့ စကားစထားသည်၊ ကျနော်တို့ကလည်း ဘယ်ရမလဲ အရင်ပြန်တဲ့သူ တစ်ဝက်ရှင်း ဆိုထားလိုက်သည်၊ ကျနော်တို့ဆိုတာ ကျနော်ရယ် သန့်စင်နှင့် ကိုဝင်းနိုင်တို့ဖြစ်သည်၊ ဒီလိုနဲ့ စားကြသောက်ကြသည်။

ကျနော်ဆိုထားတဲ့အတိုင်း နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်သည်၊ ကိုဝင်းနိုင်က သူ့ခယ်မနှင့် ပေးစားသည်၊ သူပိုင်တာကြနေတာပဲ၊ ဘိုးတော်က သူ့မိန်းမ သူငယ်ချင်း အကြောင်းသိတွေနှင့်စပ်သည်၊ မိန်းမ မယူချင်တဲ့ထဲမှာ ဘိုးတော် မိန်းမကိုကြည့်ပြီးတော့လို့ဆိုတော့၊ အားလုံးဝိုင်းရယ်ကြသည်၊ ကျနော်နှင့် ဘိုးတော်က ငယ်ပေါင်းတွေ၊ ကိုစိုးအောင်က မောင်မောင်,မင်းကငယ်တာပဲကြိုက်တယ်ဆိုရင် ငါ့သမီး အကြီးစောင့်ကွာ၊ သူငယ်ချင်း ယောက္ခမ ဆိုပြီး ရယ်ဖြစ်ကြပြန်သည်၊ အလုပ်အသစ်အကြောင်း နည်းနည်းပြောပြဖြစ်သည်၊ အလုပ်ထဲမှာ မဒီ လေးတွေများတယ်၊ စလုံးများတယ် ဘိုမတွေတောင်ပါတယ်လို့ ပြောတော့၊ ဒီကောင် ဖြူချင်နေတာကိုး၊ ဘိုနဲ့စပ်ပြီးမွေးလာတဲ့ မင်းကလေးတွေကြည့်ချင်သေးတယ်…. သောက်ရင်းပြောရင်းနဲ့ ၁၁ နာရီထိုးမှာပြန်ဖြစ်ကြသည်။
----------------------------------------------------------------------------

ဒီအလုပ်ကိုလက်ခံလိုက်ကတည်းက challenge တွေနှင့် အသစ်အဆန်းတွေ ကြုံရမယ်ဆိုတာ တွက်ချက်ပြီးဖြစ်သည်၊ အရင်တုန်းက အင်ဂျင်နီယာ ဆိုတော့ အခက်အခဲတွေ့လာရင် ဖြေရှင်းပေးဘို့ ကိုယ်ရှေ့မှာ မန်နေဂျာရှိသည်၊ ခုကိုယ်က မန်နေဂျာ ဆိုတော့ တာဝန်ယူရတဲ့ အပိုင်းကို ပိုနားလည်လာသည်၊ အရင်အလုပ်က ကိုယ်ရဲ့မန်နေဂျာ ကိုလည်း ခုမှ ကိုယ်ချင်းစာမိသည်၊ ဘတ်ဂျက် မပေးသော သူ့ကို အမြဲအပစ်မြင်မိသည်၊ ကျနော်က သူ့ထက်ပိုဆိုးမည်၊ ကျနော့်အောက်မှာ အင်ဂျင်နီယာ မရှိ၊ အင်ဂျင်နီယာယင်းလက်ထောက် နှင့် ကိုအော်ဒီနေတာ coordinator တစ်ယောက် ဒါပဲရှိသည်၊ Regulatory ဒါရိုက်တာ နှင့် GM ကို သတင်းပို့ရမည်ဆို၏၊ အကြမ်းဖျင်းပြောလိုက်ရင် အလုပ်ကလွယ်လွယ်လေးလို့ထင်ကြမည်၊ စက်ရုံက ဆေးရုံသုံး instruments တွေကိုထုတ်သည် အားလုံးနီးပါး ကွန်ပြူတာကွန်ထရို ဖြစ်၍ ဆော့ဝဲလ်ခေါ် စစ္စတန် system များပါသည်၊ ကျနော် အလုပ်က ဒီ system တွေကို user requirements နှင့် regulation ကိုက်ညီမှု့ရှိမရှိ စစ်ဆေးရန် နှင့် ဗယ်လေဒိရှင်း validation လုပ်ရန်ဖြစ်သည်၊ တခြား system မန်နေဂျာများနဲ့တော့ကွာပါသည်။

တစ်လပြည့်လို့ ပြန်ပြီးစီစစ်ကြည့်တဲ့အခါ၊ ကျနော် ဘယ်နေရာမှာလိုအပ်နေတယ်၊ ဘာအခက်အခဲတွေ ရှိသလဲ မှတ်ချက်တွေရေးမှတ်ပြီး GM ဆီတင်လိုက်သည်၊ ဒီ instruments တွေ ဘယ်မှာသုံးလည်း ဘယ်လိုဘယ်သူတွေသုံးသလဲ ဒီ ‘ဘ’ တွေကိုတော့ ထပ်လေ့လာရမည်၊ ဒါကလဲလုပ်လို့ရသည် product training တက်၊ လိုအပ်ရင်ဆေးရုံတွေထိသွားရမည်၊ ဆော့ဝဲလ် နှင့် ပရိုဂရမ်တွေ ဒါကတော့ 3rd party အခြားကုမ္မဏီကို ကန်ထရိုက်ပေးထား၍ သူတို့ကိစ္စသူတို့နိုင်သည်၊ ကျနော်ပိုင်သည့် အပိုင်းလည်းဖြစ်သည်၊ ကိုအော်ဒီနေတာကလည်း လုပ်နိုင်သည်၊ user requirements နှင့် regulation အဲဒီမှာ ပြသာနာရှိလာသည်၊ စာရွက်စာတမ်းတွေ documents လုပ်ရခြင်းဖြစ်သည်၊ regulation တွေကအမြဲချိန်းတတ်သည်၊ user requirements ကလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူ၊ တစ်ချို့နိုင်ငံတွေမှာ ဆရာဝန်တွေမှ ကိုင်ရသည်၊ တစ်ချို့နိုင်ငံတွေကတော့ နပ်စ် မဟုတ်ရင် တတ်ကျွမ်းသူ တွေကိုင်တွယ်သည်၊ ဒါကြောင့် user requirements, Standard Operating Procedure (SOP) တွေအမြဲ update လုပ်နေရသည်၊ regulation တွေ ကလည်း တစ်နိုင်ငံတစ်မျိုး သြစတေးလျ ကနေ တရုတ်ပြည်ထိ TGA, HSA, FDA, SFDA စုံလို့၊ တစ်နိုင်ငံ document တစ်စုံ၊ တစ်ခုခုပြောင်းတိုင်း ဗယ်လေဒိရှင်းလုပ်ရသည်၊ မလုပ်လျှင် QA ကလာမည်၊ ဗယ်လေဒိရှင်းလုပ်တိုင်း စာရွက်စာတမ်းတွေ ချိန်းရသည်၊ စာရွက်စာတမ်းတွေ ကိစ္စက ကျနော်အတွက် headache တစ်ခုပါပဲ၊ အင်ဂျင်နီယာယင်းလက်ထောက် နှစ်ယောက်က သူတို့အကန့်နှင့်သူတို့ ပိုခိုင်း၍မရ၊ ကိုအော်ဒီနေတာ ကောင်မလေးကတော့ ဆရာ လူတစ်ယောက် ထပ်ခေါ်ပါလားလို့ဆိုသည်။

ကိုအော်ဒီနေတာ ကောင်မလေးက အယ်နီ တန်၊ ပေါ်လီကကျောင်းပြီးထားသည်၊ သူရဲ့ ပထမဦးဆုံးအလုပ်ဟုဆိုသည်၊ လောလောဆယ် ရည်းစားနဲ့ကွဲကာ အချစ်နာကျနေသည်တဲ့၊ သူ့ကောင်လေး စစ်မူထမ်းNS မှပြန်လာပြီး တစ်လအကြာကွဲကြသည်၊ သူကလည်း သူ့ကောင်လေး စစ်မူထမ်းနေတုန်း တခြားတစ်ယောက်နှင့် တွဲသွားတွဲလာ ရှိသည်ဆို၏၊ ဒါကလည်း သန့်ရှင်းရေးလုပ်တဲ့ အဖိုးကြီးဆီက မမေးပဲသိရသည်၊ ဒီမှာက ရုံးကလူတွေအကြောင်း သိချင်ရင် သန့်ရှင်းရေးလုပ်တဲ့ အဖွားကြီး အဖိုးကြီး တွေက သတင်းအစုံဆုံးပါပဲ။

GM က ဒီနေ့ခေါ်တွေ့သည်၊ ကျနော်၏ လစဉ်တင်ပြချက် monthly report ကိုဆွေးနွေးကြခြင်းဖြစ်သည်၊ ‘မစ္စတာ မောင် ဒီလိုရှင်းရှင်းလင်းလင်းရေထားတာကောင်းတယ် အရင်လူက ဘာမှမပြောပဲ မလုပ်နိုင်တော့ဘူးဆိုပြီး ထပြန်သွားတယ်၊’
အရင်လူက အမျိုးသမီးဖြစ်ပြီး အမေရိကန်လူမျိုးဖြစ်သည်၊ အလုပ်ထဲမှာ မန်နေဂျာ တွေက အဖြူတွေများသည်၊ ကျနော်ရယ်၊ GM ရယ်၊ HR မန်နေဂျာ နှင့် Finance မန်နေဂျာတို့သည် local ဌါနေများဖြစ်သည်၊
GM က ‘မင်းမှာလူတစ်ယောက်လိုတယ်ဆိုရင် ငါတို့ Admin ဘက်မှာ ထွက်ခိုင်းထားတဲ့ Admin assistant တစ်ယောက်တော့ ရှိတယ်၊ အဓိကကတော့သူ့မန်နေဂျာပဲ၊ မကြိုက်တာက ခဏခဏ ခွင့်ယူ ဆေးခွင့်ယူ အလုပ်ပျက်လို့ပဲ၊ သူမကတော့ ဒီအလုပ် ဒီကုမ္မဏီကို သူကြိုက်ပါတယ်၊ နောက်ဆုံးအခွင့်အရေးပေးပါပေါ့၊ သူ့မန်နေဂျာကလည်း ရွေးစရာလမ်းမရှိတော့ဘူးလေ၊ တခြားဝန်ထမ်းတွေ လိုက်လုပ်ရင် ပိုဆိုးမယ်ဆိုပြီး၊ ထွက်ခိုင်းလိုက်ရတာပေါ့၊ မင်းလိုချင်ရင်တော့ မင်းအင်တာဗျုးကြည့်ပေါ့၊ ဒီအလုပ်ထဲကပဲဆိုတော့ မင်းသုံးလို့ရမလားလို့၊’
ကျနော်ကလည်း ရတုန်းယူထားမှာ လူပိုတစ်ယောက် တောင်းဆိုရတာမလွယ်ဘူး၊ ‘ဟုတ်ကဲ့ ကျနော်အင်တာဗျုးချင်ပါတယ်၊’ ‘ဒါဆိုငါ HRကိုပြောလိုက်မယ်’ ။

“ဒေါက်ဒေါက်”
အခန်းတံခါးခေါက်သံကြားရသည်၊ ‘ဝင်ခဲ့ပါ’
အမျိုးသမီးတစ်ယောက်ဝင်လာသည်၊ ကောင်မလေးတစ်ယောက်ဆိုရင်ပိုမှန်ပါလိမ့်မည်၊
‘မစ္စတာ မောင်မောင်ဇော်၊ ကျမနာမည် အန်ဂျီလာ ၊ အန်ဂျီလာ ချွာ (Angela Chau) ပါ၊ HRကလွှတ်လိုက်တာပါ၊’
‘ကောင်းပြီ၊ ထိုင်ပါဦး၊ ငါကို အချိန်မိနစ် အနည်းငယ်ပေးပါ၊’
ကောင်မလေးက ‘ကျေးဇူး’ ဆိုပြီး ကျနော်စားပွဲရှေ့ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်၊
ကျနော်လည်း ခုမှ HR ကပေးထားသော ကိုယ်ရေးရာဇဝင်ကို စဖတ်မိသည်၊
Chau Lay Hong, အန်ဂျီလာ အသက် ၂၄ နှစ်မပြည့်သေး၊ ပညာအရည်အချင်း GCE O level ၊ Admin ဆိုင်ရာ ITE ကလက်မှတ်တစ်ခု၊ BC က English Skill လက်မှတ်တစ်ခု၊ လက်ရှိလစာ ၁၄၀၀၊ မှတ်ချက် ဒီကုမ္မဏီ ထောက်ပံ့ငွေဖြင့် MIDS တွင် Business Administration ဒီပလိုမာတက်နေသည်၊
CV ကိုဖတ်လိုက် သူမကိုကြည့်လိုက်နဲ့ လူပုံစံကို အကဲခတ်နေမိသည်၊
ရိုးရိုး စလုံး တရုတ်မလေး တစ်ယောက်ပါပဲ၊ မျက်မှန်မတတ်၊ နှာခေါင်းမပြား၊ မျက်နှာသွယ် ဆွဲဆောင်မှု့တော့ရှိသည်၊ တစ်ခါတစ်လေ ကျနော်ကိုပြန်ကြည့်သည်၊ မျက်လုံးများက အသနားခံနေသယောင်၊
ကျနော်ကပဲစပြီး ‘ကဲ အန်ဂျီလာ ဒီကိုဘာလို့ရောက်လာသလဲ သိပြီးပြီပေါ့၊
မင်းကပဲ စပြီး မင်းအကြောင်း၊ မင်းရှေ့ဆက်ဘာလုပ်ချင်သလဲ ပြောပြပါလား၊’
မဲ့ပြုံးလေးပြုံးပြီး၊
‘မစ္စတာ ..ဇော်..မောင်…’
‘မစ္စတာ မောင် လို့ခေါ်ပါ၊ မင်းပြောချင်သလိုပြော၊’
‘ကျမ ဝေ့လည်ကြောင်ပတ် ပေါက်ကရတွေပြောရမလား၊ တိုတိုပဲပြောရမလား’
‘ကျမရဲ့ CV ကိုဖတ်ပြီးသွားလို့ ကျမ အရည်အချင်းကိုလည်းသိလောက်ပြီထင်ပါတယ်၊
ကျမ ဒီကုမ္မဏီမှာ လုပ်ခဲ့တာ သုံးနှစ်ရှိပါပြီ၊ ပြီးခဲ့တဲ့ ၆ လလောက်က ကျမ ကိုယ်ရေးကိုယ်တာ ကိစ္စတွေများခဲ့တယ်၊ ခွင့်တွေ ဆေးခွင့်တွေယူခဲ့တယ်၊ ခွင့်မဲ့တောင်ပါလိုက်သေးတယ်၊ ကျမကို မစ္စစ် အမ်းက သတိပေးခဲ့ပေမဲ့၊ ကျမ မတတ်နိုင်ခဲ့ဘူး၊ ပြဿနာတွေက အနယ်ထိုင်လောက်တဲ့ အချိန်မှာ မစ္စစ် အမ်း ကျမကို တစ်လ အချိန်ပေးပြီးအလုပ်ထုတ်ပါတယ်၊ သူ့ဒီလိုမလုပ်ရင် အခြားသူတွေအတွက် စံပြဖြစ်သွားလိမ့်မယ်တဲ့၊ မစ္စစ်အမ်းကို ကျမစိတ်မဆိုးပါဘူး၊ သူဟာ ကျမရဲ့ကျေးဇူးရှင်ပါ၊ သူ့ကျမကို အလုပ်ခန့်ခဲ့တယ်၊ သင်တန်းတွေပေးတက်ပြီး မြေတောင်မြှောက်ပေးခဲ့တယ်၊’
ကျနော်ကလည်း၊ ‘သိပ်ကောင်းတာပဲ အဲလိုပွင့်လင်းတာ၊’
‘ဒါနဲ့ မင်း ပြဿနာတွေက အနယ်ထိုင်လောက်ပြီပေါ့၊’
‘ဟွန်…ကျမထင်ပါတယ်၊’
‘အေး မင်းလုပ်ရမဲ့ အလုပ်က စာရွက်စာတမ်းတွေ documentation ပဲ၊ record, checklist နှင့် Procedure တွေပဲ၊ အသေးစိပ်က လုပ်ရင်းနဲ့ပဲပြောနိုင်မယ်၊’
‘နောက်ပြီးတော့ ငါ မင်းဆီက ၁၀၀% မကလိုချင်တယ်၊’
‘ကျမ အစွမ်းကုန်ကြိုးစားပါမယ်၊’
‘ပွင့်ပွင့်လင်းလင်းထပ်ပြောရရင်၊ ကျမ ဝမ်းနည်းနေရတယ်၊ ဘာဆက်လုပ်ရမှန်း မသိဘူးဖြစ်နေတဲ့ အချိန်၊ ဒီအလုပ်က လုံးဝမထွက်ချင်ဘူး၊ ဆရာက အင်တာဗျုးချင်တယ်ဆိုတော့၊ တစ်စုံတစ်ရာက ကျမကို ကယ်တင်လိုက်ပုံပါပဲ၊’
‘မနက်ဖြန်ဒီကိုအလုပ်လာဆင်းပေါ့၊’
ကောင်မလေးက ‘ကျေးဇူး’ ဆိုပြီးထွက်သွားသည်။

အန်ဂျီလာ ထွက်သွားပြီးတာနဲ့၊ အယ်နီ ဝင်လာသည်၊
ဆရာ ခုနထွက်သွားတာ အန်ဂျီလာ မဟုတ်လား၊ အယ်နီမေးလိုက်သည်၊
ဟုတ်တယ်၊ သူ ငါတို့ဌါနကို မနက်ဖြန် ပြောင်းလာလိမ့်မယ်၊ ကျနော်လဲပြန်ဖြေလိုက်သည်၊
အယ်နီကတဖန် ဆရာ သူ့အကြောင်းသိလို့လား၊
သူ့ စီဗွီ ကြည့်ပြီး ငါတို့အတွက် လိုအပ်တာ လုပ်နိုင်မယ်ထင်တယ်၊ ဘာဖြစ်လို့လဲ၊ ကျနော်လဲပြန်မေးလိုက်သည်၊
'အန်ဂျီလာက အလျှန်း ("Ah Lian") လေ၊ အလျှန်းဆိုတာ ဂိုဏ်းတွေဘာတွေနဲ့ ပတ်သက်ဘူးတယ်၊' အယ်နီကဆိုသည်၊
'အန်ဂျီလာက ဒီမှာ သုံးနှစ်တောင်လုပ်ခဲ့ပြီးပြီ၊ သူလုပ်နိုင်မှာပါ၊' ကျနော်ပြန်ဖြေလိုက်သည်၊
အယ်နီ တစ်ယောက် ကျနော်ကို ပုခုန်းလှုပ်ပြပြီး၊ ဆရာ ကျမတို့ ထမင်းသွားစားရအောင်
အိုကေ သွားကြရအောင်။

နောက်နေ့ ကျနော်ရုံးရောက်သွားတော့၊ လူစုံနေပြီ အန်ဂျီလာတစ်ယောက် မစ္စတာဝူရဲ့ စားပွဲရှေ့ ထိုင်ခုံလွတ်တွင်ထိုင်နေသည်၊ ဝတ်လာသည်ကလည်းကြည့်ဦး တိုလိုက်တဲ့ စကပ်၊ အန်ဂျီလာကို ဘယ်မှာထိုင်ရမလဲ နေရာမချရသေး၊ HRကို အယ်နီရဲ့ဘေးတွင် စားပွဲစီစဉ်ထားခိုင်းပြီးဖြစ်သည်၊
ကျနော်ကပဲ အားလုံးကို၊ ‘ဒီနေ့ အန်ဂျီလာ ကျနော်တို့ဆီကို ပြောင်းလာတယ်၊ အန်ဂျီလာ ဒါက ဝူ၊ မစ္စတာဝူ၊
ဟိုဘက်က အဲရစ်တန်၊ ဒါကတော့ အယ်နီတန်၊ ဒီမှာ တန် နှစ် တန်ရှိတယ်၊’
အားလုံးပြုံးစိစိဖြစ်ကုန်ကြသည်၊ အန်ဂျီလာကိုနေရာပြပေးပြီး၊ နေရာချပြီးရင် အယ်နီနှင့် ရုံးခန်းထဲလာဘို့မှာလိုက်သည်။

ခဏနေ အန်ဂျီလာနှင့်အယ်နီတို့ဝင်လာသည်၊ အယ်နီကို မနေ့ထဲက စာရွက်စာတမ်းတွေနှင့် ဖိုင်တွေကို ထုတ်ထားခိုင်းပြီးဖြစ်သည်၊ အယ်နီကို ဖိုင်တွေအကြောင်း ရှင်းပြခိုင်းလိုက်သည်၊ အယ်နီထွက်သွားပြီး၊ ကျနော်အလှည့်ရောက်သည်၊ လုပ်ပုံလုပ်နည်းတွေ ရှင်းပြပြီး၊ ဒီနေ့စလုပ်ရမည့် အလုပ်ကို စပေးလိုက်သည်၊ ခုမှသေချာကြည့်မိသည်၊ ကောင်မလေးက သူဟာနဲ့သူတော့လှသည်၊ စကပ်ကို အဲဒီလောက်တိုတို မဝတ်သင့်၊ ဘယ်လိုပြောရမလဲ စဉ်းစားနေမိသည်၊ ခြေသလုံးမှာလည်း ဂျပန်ပန်းခက်ပုံ ဆေးမှင်ကြောင်ထိုးထားသည်၊ ကင်းခြေများပုံလည်းပါသည်၊ နားကပ်တွေကလည်း ဒီဘက်မှာ နှစ်ခု၊ ဟိုဘက်မှာသုံးခု၊ ဖြည်းညင်းစွာခေါင်းခါမိသည်၊ ‘ကဲ ဘာမေးစရာရှိသေးလဲ၊ မရှင်းရင်လာပြန်မေးလို့ရတယ်၊’
‘ဟုတ်ကဲ့ ဆရာ၊’
‘ကောင်းပြီ မင်းသွားလုပ်တော့၊’
‘ဆရာ’ အန်ဂျီလာက ကျနော်ကိုခေါ်လိုက်သည်၊ ‘ဘာမေးစရာရှိလို့လဲ၊’
‘မဟုတ်ပါဘူးဆရာ၊ ကျမ ရုံးဝတ်စရာ ဘောင်းဘီ ငါးစုံပဲရှိပါတယ်၊ မနေ့ကမှာ washing လုပ်ထားတာ၊’
‘နောက်ဆို ဆင်ခြင်ပါမယ်၊ ဆရာလဲ ကျမကို သွန်သင်လမ်းပြပေးပါ၊’
‘အိုကေ၊ ကောင်းပြီ၊’
ကျနော်သူကို ဘယ်လောက်ထိကြည့်လိုက်မိလည်းမသိ၊ ဘာပဲဖြစ်ဖြစ် ကျနော်ရင်ပေါ့ သွားသည်၊ နောက်မို့ဆို အဲဒီ့အလုပ်တွေ၊ ကျနော်နှင့် အယ်နီလုပ်ရမည်၊ ကျနော်ပဲအများဆုံးလုပ်ရမည်၊ အခြားအရေးကြီးသော အလုပ်တွေပြီးမှာမဟုတ်တော့၊ ဒီကောင်မလေး အဆင်ပြေအောင်လုပ်နိုင်ပါစေ။

သန့်ရှင်းရေးလုပ်တဲ့ အဖိုးကြီး ကျနော်ကို ထူးဆန်းအံ့သြသည့်ပုံနှင့် ကြည့်နေသည်၊ 'ဆရာ အန်ဂျီလာကို ဆရာ့ဆီခေါ်လိုက်တယ်ဆို၊'
'ဟုတ်တယ်လေ၊ အားလုံးအဆင်ပြေသွားအောင်ပေါ့၊ သူကအေးအေးလေးပါ စကားလည်းနည်းတယ်၊'
'သူစကားပြောတာ ဆရာတွေ့ဘူးလို့လား၊ သူက ဂိုဏ်းစတား၊ ဆရာထိန်းနိုင်မလား၊'
'သူနဲ့နေ့တိုင်း အလုပ်လုပ်နေတာပဲ၊ အဲဒါတွေက အရင်တုန်းကလေ၊ လောလောဆယ် ခွင့်ပြဿနာပဲရှိတယ်၊ ဒါလဲအဆင်ပြေမယ်လို့ထင်ပါတယ်၊'
'ဆရာမသိဘူးနော်၊ မစ္စစ် အမ်းကြောင့် သူဒီမှာမြဲနေတာ၊ ဘာပဲဖြစ်ဖြစ် ဆရာအဆင်ပြေပါစေ၊'
ကျေးဇူးပါဆိုပြီး ကျနော်ထွက်လာသည်၊
အဖိုးကြီးပြောပုံအရ အန်ဂျီလာက ဒီလောက်ထိဆိုးသလား၊ ကျနော်တွေးမိသည်၊ အန်ဂျီလာ အကြောင်းကိုလည်း စိတ်ဝင်စားလာသည်၊ ကိုယ်ဘက်ကလည်း မကြိုက်ရင် ထုတ်ပစ်လို့ရသည်။

ဒီနေ့ ရုံးကို စောစောရောက်သွားသည်၊ ဘယ်သူမှ မရောက်သေး၊ အခန်းထဲဝင်ပြီး အီမေးလ်တွေ စစ်နေဖြစ်သည်၊ ခဏနေကြာ အပြင်ဘက်က ဒုန်း ဘုတ် စာအုပ်တွေကို ခပ်ကြမ်းကြမ်းပစ်ချလိုက်သည့် အသံကြားရသည်၊ ဒီနောက် တစ်ယောက်ထဲ စကားပြောသံထွက်လာသည်၊ အန်ဂျီလာဖြစ်သည်၊ fucking ပဲ ဘယ်bus driver မှအချိုးမပြေဘူး၊ ဆိုဆွေ (so suay ကံမကောင်းဘူး)၊ ပိုက်ဆေ (Paisehအနှောက်အရှက်တွေ အဆင်မပြေဘူး)
လမ်းမှာဘာဖြစ်လာတယ်မသိ၊ ဆင်းဂလိနှင့် ဟုတ်ကင့် တရုတ်စကားနှင့် ပြောနေခြင်းဖြစ်သည်၊ ဟုတ်ကင့် တရုတ်စကားသည် စင်္ကာပူတွင် အများဆုံးသုံးသော အရပ်ပြောစကားဖြစ်သည်၊ အချို့မလေးတွေတောင်နားလည်သည်၊
ခဏနေ ကျနော်အခန်းပြင်သို့ ထွက်လိုက်သည်၊ အန်ဂျီလာ အလန့်တကြားနဲ့ ကျနော်ကိုကြည့်ပြီး၊
'မောနင်းဆရာ၊ ဆရာရောက်နေမှန်း ကျမ မသိလိုက်ဘူး၊ ဆောရီးဆရာ၊'
ဘာကို ဆောရီးလုပ်မှန်းမသိ၊ 'ကော်ဖီသွားသောက်လိုက်ဦးမယ'် ဆိုပြီး ရုံးကင်တင်းသို့ ထွက်လာသည်။

SGH စင်္ကာပူအထွေထွေဆေးရုံကြီးတွင် နည်းပညာ ရှင်းပြပွဲလုပ်ရန်အတွက် အစည်းအဝေး အပြီးတွင်၊ မစ္စစ်အမ်း နောက်မှ လိုက်လာပြီး၊ စကားနည်းနည်းပြောချင်တယ်ဆို၏၊
'ပထမဦးဆုံး မစ္စတာမောင် ကို အန်ဂျီလာအတွက် ကျေးဇူးတင်ပါရစေ၊'
'ကျမက ဒီမှာ ဗော်လန်တီယာ ကောင်ဆယ်လင်းလုပ်တယ်၊ ဝါသနာပေါ့၊
အန်ဂျီလာက နှစ်လသုံးလလောက် ကျမနှင့် အတူနေဖြစ်တယ်၊ ခုတော့ သူ့အဖွားနှင့်နေတယ်၊
ဒီအလုပ်ကို ကျမခေါ်လာတာ HR ရဲ့ခွင့်ပြုချက်၊ ကျမတာဝန်ယူခဲ့တယ်၊ ဒါကြောင့်မို့လည်း ကျမသူကို ထွက်ခိုင်းရတာပါ၊ ခုတော့ အန်ဂျီလာ မစ္စတာမောင်ဆီ ရောက်နေပြီ၊'
'အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တယ်၊ သင်ပေးရင်တတ်လွယ်တယ်၊ ဒီလိုဖြစ်အောင် ကျမတော်တော်ကြိုးစားခဲ့ရတယ်၊ ကြုံရင် မစ္စတာမောင် ကို လာပြောပြပါဦးမယ် သိထားသင့်တယ်ထင်လို့၊'
မစ္စစ်အမ်း ဒီလောက်လေးပဲပြောပြီး MD ရုံးခန်းထဲဝင်သွားသည်၊
ကျနော် ကျနော့်ရုံးခန်းဘက်သို့ လျှောက်လာရင်းတွေးမိသည်မှာ၊ အန်ဂျီလာကဘာလဲ၊ လူတွေကငါ့ကို ဘာလို့လာပြောနေကြတာလဲ၊ မေးခွန်းတွေနဲ့၊ ကျနော် ကိုယ်တိုင် အန်ဂျီလာအကြောင်းပိုသိချင်လာသည်။


အပိုင်း (၁)နားပြီ၊


မှတ်ချက်၊
သူငယ်ချင်းတစ်ယောက်အကြောင်း နောက်ခံ၍ ဇာတ်လမ်းဆင်ထားပါသည်၊
ဒေသသုံး စကားများကို ဆီလျှော်အောင်ရေးထားပါသည်၊
ဥပမာ boss ကို ဆရာ၊ မရေးတတ်သည်များကို ဒေသသုံးအတိုင်းရေးပါမည်။

Sunday, May 23, 2010

ကြိုးတန်း ဗိုက်ဗိုက်ဗိုက် နှင့် လန်းတယ်


အလုပ်ကလည်း ခုတလောတော်တော်များသည်၊ ဘလော့ဂ်လည်းမရေးဖြစ်၊ ကြားထဲ မလေးရှားနှင့် ဘရူနိုင်း သွားလိုက်ရသေးသည်၊ သူများရေးတာတွေပဲ လိုက်ဖတ်ဖြစ်နေပါသည်။

လောလောဆယ်တော့ ရုပ်ရှင်ကြည့်ခြင်းပါပဲ၊ ရုပ်ရှင်ဆို ရုံမှာပဲကြည့်ရတာကြိုက်တယ်၊ မြန်မာကားဆို မကြည့်ရတာနှစ်နဲ့ချီပြီ၊ အရည်အသွေး မကောင်းဘူး ဘာဘူး ညာဘူး စသဖြင့် သူများတွေ ပြောတာနဲ့ အွန်လိုင်းကလည်း မကြည့်ဖြစ် ခွေလည်းမငှါးကြည့် ဖြစ်ခဲ့ပါ။

အသိ အကိုကြီးတစ်ယောက်ကောင်းမှု့နဲ့ ဒီနှစ်ပတ်အတွင်းမှာ ရုပ်ရှင်တွေ ကြည့်ဖြစ်ပါတယ်၊ မြန်မာကား၊ တရုတ်ကား၊ အင်္ဂလိပ်ကား စုံပါသည်၊ ကြည့်ဖြစ်တဲ့ အကြောင်းအရင်းက ဒီလိုပါ။

အဲဒီ အကိုကြီးက ကျွန်တော်တို့ နားမှာနေတာ၊ တစ်နေ့ ဖုန်းဆက်ပြီး ရုပ်ရှင်တွေကြည့်မလားလို့ လှမ်းမေးပါတယ်၊ မြန်မာကား၊ တရုတ်ကား၊ အင်္ဂလိပ်ကားတွေပါတယ် စုံအောင်ပါတယ်၊ ကားနာမည်တွေလည်း ရွတ်ပြတော့ စိတ်ဝင်စားသွားမိသည်၊ အကိုကြီးကို ကောင်းရဲ့လား၊ စီဒီခွေတွေ ဝယ်လှချီလားလို့ မေးလိုက်တော့၊ ခုကြည့်သလောက်တော့တော်တော်ကောင်းတယ်၊ ခွေမဟုတ်ဘူးကွဆို၍ ပိုစိတ်ဝင်စားသွားမိသည်။

ဒီလိုနဲ့ အကိုကြီးအိမ်ကိုပေါက်ချလာသည်၊ ကျွန်တော်လည်း အကိုကြီး ဘယ်မှာလဲ cover တွေကြည့်ရအောင်၊ 14 Blade, Robin Hood, မြန်မာကားတွေလဲပါတယ်ဆို cover အရင်ကြည့်ရအောင်၊
အကိုကြီးက cover မရှိဘူး၊ မင်းမသိဘူးလား၊ ကျွန်တော်ကလည်း ဘာလဲအကိုကြီး ကျွန်တော်မသိဘူး၊
အကိုကြီးက အိတ်ထဲကနေ ၅ လက်မ ပတ်လည် box လေးတစ်ခုထုတ်လိုက်သည်၊ အကိုကြီးက အဲဒီထဲမှာပဲ၊
Movie Box လို့ခေါ်တယ်၊ Hard disc ရှိပြီး၊ ရုပ်ရှင်ဇာတ်လမ်းတွေကိုသွင်းထားတာ၊ HD quality ကွ၊ HDMI ဆက်လို့ရသည်၊ ကျွန်တော်ကလည်း အကိုကြီး ဘယ်လိုရလာသလဲ၊ ငါ ပင်နီဇူလာသုံးထပ်ကငှါးလာတာ၊ တရားဝင်ထင်တာပဲ၊ MDA လိုင်စင်နဲ့ copy right အတွက်တောင် လက်မှတ်ထိုးခဲ့ရသေးတယ်၊ တစ်ကား တစ်ရက် တစ်ကျပ်ပေးရတယ်၊ ၇ ကားယူရင် ၇ ရက်ထားလို့ရတယ်၊ ၁၄ ကားဆိုတော့ ၁၄ ရက်ပြည့်မှ ပြန်အပ်ပေါ့၊ စပေါ်မပေးရဘူး၊ IC copy ပဲယူထားတယ်၊ တစ်ချို့တွေ ကား ၃၀ တစ်လငှါးသွားကြတယ်။

ဒီလိုနဲ့ အဲဒီ ကားတွေထဲမှာ ကျွန်တော်ကြည့်ဖြစ်ခဲ့တဲ့ မြန်မာကား ၅ ကားကတော့၊
ကြိုးတန်း၊ ဗိုက်ဗိုက်ဗိုက်၊ မောင်၊ သူငယ်ချင်းယောက္ခမ နှင့် အချစ်ကလန်းတယ် တို့ဖြစ်ပါသည်၊ ထူးထူးခြားခြားဆိုလို့ ကြိုးတန်း နှင့် ဗိုက်ဗိုက်ဗိုက် တို့ဖြစ်သည်။ ဗိုက်ဗိုက်ဗိုက်က ရယ်ရ၍ဖြစ်သည်၊ ကြိုးတန်းက စိတ်ဝင်စားဘို့ကောင်းသည်၊ အင်္ဂလိပ် စာတမ်းထိုးသည်၊ (ဘာသာပြန်သူ အမည်ရှာမတွေ့ပါ) ခင်ခင်ထူး၏ဇာတ်လမ်းကို နေဝင်းမြင့်က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ မီးပွားရိုက်ကူးသည်၊ ဓါတ်ပုံ အကယ်ဒမီဆုရထားသော ကားဖြစ်သည်၊ မရှိတဲ့ သူတွေရဲ့ ဇာတ်လမ်းဖြစ်သည်၊ ကျော်ဟိန်းက ကိုကျောက်နီ (တစ်ခါတစ်လေ ကိုကြီးကျောက်လို့ခေါ်ကြသည်) မြင်းလှည်း မောင်းရာက တံငါဖြစ်လာသူ၊ စိုးမြတ်သူဇာက သူ့မိန်းမ၊ ကျော်ရဲအောင်က ကိုလှဆောင် လှေသမား တံငါဖြစ်လာသူ၊ ထွန်းအိန္ဒြာဗိုလ်က သူ့မိန်းမ၊ သောင်ကျွန်းလေးမှာနေကြရင်း လောဘကြောင့် ဒေါသဖြစ် အမှန်မမြင်မိတာကို ရိုက်ထားခြင်းဖြစ်သည်၊ ကျော်ဟိန်းနှင့် ကျော်ရဲအောင်တို့ ကွာခြားပုံလေးတွေ့နိုင်သည်၊ HD ဖြစ်၍၎င်း သဘာဝကျအောင်ရိုက်ထား၍၎င်း ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနှင့် ထွန်းအိန္ဒြာဗိုလ် တို့ရဲ့ မျက်နှာတွေကို အဖု အပိန့် အချိုင့်တွေကအစ မြင်ရသည်၊ ဇရာတွေပဲလား၊ တခြားကားတွေထဲက မိုးဟေကိုနှင့် မယ်လိုဒီ မျက်နှာလေးတွေကတော့ ချောမွတ်နေသည် (ဟဲဟဲ)၊ ကြိုးတန်း ဓါတ်ပုံနှင့် ရိုက်ချက်တွေက တော်တော်ကောင်းသည်၊ တိမ်အရောင်၊ အဖြူအမဲ၊ နေဝင်နေထွက်၊ မြစ်ကြောင်းမြစ်ပြင် ရိုက်ထားသည်များတော့ ဂျစ်တူးတို့မှ ပိုသိမည်။

နောက်တစ်ခါယူခဲ့ရင် ကျော်ရဲအောင် နှင့် စိုးမြတ်သူဇာ လွတ်အောင်ယူခဲ့လို့ မှာလိုက်မိသည်၊ သူတို့ကိုတော်တော်အီသွား၍ဖြစ်သည်၊ နောက်တစ်ခါမှပြန်ကြည့်မည်၊ မကြိုက်သော ဒီနှစ် အကယ်ဒမီဆုရထားသော မင်းသားဆိုရင် မယူခဲ့ဘို့အပြီးမှာလိုက်သည်၊ တရုတ်ကားရော အင်္ဂလိပ်ကားတွေရော Home Theater ဖြင့် ဖွင့်လျှင် အသံပိုကောင်းသည်၊ ကွန်ဖြူးရှပ်၊ ကရာတေးကဒ်စ် အသစ်ရရင်ယူလာဘို့မှာလိုက်သည်။

ကြိုးတန်း ဇာတ်လမ်းကို နေဝင်းမြင့်နှင့် မီးပွားက ဒီလိုသိမ်းလိုက်တယ်….

တဏှာလောဘကြောင့် လူတို့သည် ချမ်းသာကင်းသော သံသရာကို မလွန်မြောက်နိုင်ကြချေ။





မှတ်ချက်၊



မြန်မာကားတွေကို မြန်မာကားဆိုပြီးတော့ပဲကြည့်ဖြစ်ပါသည်။

ကြိုးတန်း ရုပ်ရှင်ကား အကြောင်း ဆက်ဖတ်ချင်ရင်
http://www.perfectmagazineonline.com/journal/ent_news/?choice=27&newsID=16


ဓါတ်ပုံကို www.perfectmagazineonline.com/journal/ent_new... ယူသည်၊

Saturday, May 8, 2010

နှစ်နာရီ ဆယ်မိနစ်

ပေါက်ပေါက်တစ်ယောက် နာရီကိုကြည့်လိုက် အိမ်ရှေ့ကိုကြည့်လိုက်နှင့် ပါးစပ်ကလည်း မြည်တွန်တောက်တီးနေသည်၊ လေးနာရီ လာမယ်ပြောထားပြီး ခုထိမရောက်လာသေးဘူး၊ တစ်ယောက်ထဲပြောလိုက်မိသည်၊

ကြားသွားသော အမလုပ်သူက၊ ‘ဟဲ့ နင်ဘယ်သူကိုစောင့်နေတာတုန်း၊ နိုင်ဝင်းဇော်ကိုလား၊ လာပါလိမ့်မယ်၊’
‘ဒါနဲ့နေပါဦး၊ နိုင်ဝင်းဇော်နှင့် နင်ကတွဲလာချည်လား၊ ရည်းစားဆိုလဲ ရည်းစားပေါ့၊ ကိုယ်လည်းသူ့ကိုကြိုက်နေတာပဲ၊ နင်လဲ အသက် ၂၀ ကျော်နေပြီ’
‘မမ ကလည်း အဖြေပေးမလို့၊ အခြေအနေ မပေးသေးလို့ ဇော် က ပေါက်ကို နားလည်ပြီးသား၊’ ပေါက်ပေါက် ပြန်ဖြေလိုက်သည်။
အမလုပ်သူက ‘အေးလေ’ ‘နင်တို့က ကိုးတန်းဆယ်တန်း ထဲကတွဲလာတာ ခု နောက်ဆုံးနှစ်တောင် စားမေးပွဲဖြေပြီးနေပြီ၊ နောက်မှ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ကြားနေရဦးမယ်၊ နိုင်ဝင်းဇော်ထက် နင်ကိုကြိုက်တဲ့သူကို စောင့်နေတာလား၊’
ပေါက်ပေါက်ကရယ်ပြီး ‘မမ ကလည်း အချစ်ဆိုတာ တစ်ခါတစ်လေ ပြောပြစရာ မလိုဘူး၊ နှစ်ယောက်စလုံး နှလုံးသားထဲက သိနေရင်ပြီးတာပဲ၊ မမကသာ ဟို အဝေးကြီးက လူကိုရည်းစားထားတော့ အမြဲလွမ်းနေရတာ၊’
ပေါက်ပေါက်က စကားပြောရင်း နာရီကိုကြည့်လိုက် အိမ်ရှေ့ကိုကြည့်လိုက် လုပ်နေသည်။
‘ဘာလုပ်မလို့၊ ဒီလောက်တောင်လောနေတာ’ အမလုပ်သူက မေးလိုက်သည်၊
‘ဆိုင်ကယ်လိုက်စီးမယ်၊ ပြီးရင်း ကန်တော်ကြီး တက်သေးအင်းမှာ တစ်ခုခုစားမယ်၊’ ပေါက်ပေါက်က ဖြေရင်း မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြလိုက်သည်။
‘ဒါဆိုလည်း Helmet ဆောင်းဘို့မမေ့နဲ့၊ ညည်း အမြဲတမ်းမဆောင်းချင်ဘူး၊’ အမကဆိုသည်။

ဝူး ကရူး၊ ယာမဟာ ဆိုင်ကယ် စက်သံကိုကြားလိုက်ရသည်၊

‘လေးနာရီ နှင့် ဆယ်မိနစ်ရှိပြီ၊ ဆယ်မိနစ် နောက်ကျတယ်၊ မမရေသွားပြီ၊’ ပြောပြီး ပေါက်ပေါက် အိမ်ရှေ့ပြေးထွက်သွားသည်၊
‘ဟဲ့ ဟဲ့ ဒီကောင်မလေး ဦးထုပ်ယူသွားဦး၊’ အမတစ်ယောက် Helmet ဦးထုပ်ကိုင်က အိမ်ရှေ့ထွက်လိုက်လာသည်၊
အိမ်ရှေ့တွင် ပေါက်ပေါက်နှင့် နိုင်ဝင်းဇော်တို့ မရှိကြတော့၊ ဟင်း ဟုသော သက်ပြင်းလေးသာ ကျန်ရစ်ခဲ့သည်။

တကယ်တော့ ပေါက်ပေါက်တို့ အိမ်က မင်္ဂလာလမ်းတွင်ရှိပြီး၊ နိုင်ဝင်းဇော်က မျက်ပါးရပ်တွင် နေသည်၊ မိဘချင်းရင်းနှီး၍ ကလေးတွေ အနေနီးစပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ဝင်းဇော် တစ်ယောက် မင်္ဂလာလမ်းရှိ အင်တာနက်နှင့် ဂိမ်းဆိုင်တွေလာရင်း ပေါက်ပေါက်နဲ့ တွဲဖြစ်ကြသည်။
နိုင်ဝင်းဇော်က တစ်ကယ် ဆိုင်ကယ်သရဲပင်၊ အစီးလည်းကျွမ်းသည်၊ စက်အကြောင်းလည်းနားလည်သည်၊ ဆယ်ကျောက်သက်အရွယ်ထဲက ဆိုင်ကယ်နှင့် ယဉ်ပါးနေသူဖြစ်သည်၊ တတိယနှစ်အောင်တော့ အဖေလုပ်သူက အလိုလိုက်ကာ ဆိုင်ကယ်ကို နယ်စပ်ကမှာကာ ဝယ်ပေးခဲ့သည်။

နိုင်ဝင်းဇော်တို့နှစ်ယောက် မင်္ဂလာလမ်းမှ အေလမ်းဘက်ထွက်လာပြီး၊ မေမြို့သွားတဲ့လမ်းဆီ မောင်းလာကြသည်၊
‘ပေါက်ကလေး ဒီနေ့ ၂၁ မိုင်ထိသွားဦးမလား၊’ နိုင်ဝင်းဇော်မေးလိုက်သည်၊
‘ဟင့်အင်း ဟင့်အင်း၊ ဒီနေ့ စစ်ကိုင်းဘက်သွားမှာ၊ ပြီးရင် ကန်တော်ကြီးမှာ တစ်ခုခုစားမယ်၊ ပြောထားတာကို၊’ ပေါက်ပေါက်ကစိတ်ဆိုးသည့် ပုံစံလေးနှင့်ပြောလိုက်သည်၊
‘အေး ဒါဆို ငါတို့ ဒီဘက်ကပတ်ပြီး သိပ္ပံလမ်းဘက်ကပြန်ဝင်မယ်၊ ပြီးရင် စစ်ကိုင်းလမ်းဘက်ဆက်ကြမယ်၊ နင့်စိတ်ကြိုက်ပေါ့၊’ နိုင်ဝင်းဇော်က ချော့သလို ပြောလိုက်သည်၊
‘ဟေး ဇော် သိပ်လိမ္မာတယ်၊’ ပေါက်ပေါက်ဝမ်းသာအားရအော်လိုက်သည်။

တောင်မြို့ကျော်လာတော့၊ တစ်လမ်းမောင်းဖြစ်သွားသည်၊ ဆိုင်ကယ်သည် စစ်ကိုင်းဘက်ဆီသို့ ဦးတည်ပြေးနေသည်၊ ပေါက်ပေါက် ဆံပင်တို့ လေထဲမှာ လွင့်နေသည်၊ ဒါကို ပေါက်ပေါက်အရမ်းကြိုက်သည်၊ ဒါကြောင့်မို့ ဦးထုပ်မဆောင်းချင် နေကာမျက်မှန်ကြီးကြီးလေးပဲတတ်ချင်သည်၊ ဒက်ဒီ၊မာမီ၊ အမနှင့် ဇော်တို့အတင်းပြောမှသာ ဆောင်းသည်၊
စစ်ကိုင်း ရတနာပုံ တံတားကြီးကိုဖြတ်၊ သံလမ်းကုန်းအောက်မှာ ပြန်ကွေ့ကာ မန္တလေးဘက်သို့ ပြန်လာသည်။

တံတားပေါ်ကအဆင်း သိပ်မကြာမှီ၊ အသံတစ်ခုကြားရပြီး၊ နိုင်ဝင်းဇော်တွန့်သွားသဖြင့် ပေါက်ပေါက်က ဘာဖြစ်တာလဲဟုမေးလိုက်သည်၊ နိုင်ဝင်းဇော်က ဘာမှမဟုတ်ပါဘူး၊ ‘ငါလက်ကစားလိုက်တာ၊’
‘နင်ကလ’ဲ ဟု ပေါက်ပေါက်ကဆိုသည်၊
အပြန်လမ်း၊ ဖရဲသီးရောင်းတဲ့ ဆိုင်တန်းတွေကျော်လာသည်၊
၁၁၀mph ၊ ‘ဇော် နင်ကမြန်နေတာပ’ဲ ပေါက်ပေါက်ကဆိုသည်၊
‘နင်ပဲ ဒီလိုမြန်မြန်လေးမှဆို၊’ နိုင်ဝင်းဇော် ပြန်ပြောသည်၊
‘နည်းနည်းလျှော့ပါဦး၊ သိပ်မြန်ရင် ငါလဲကြောက်တယ်၊’ ပေါက်ပေါက် ပြန်ပြောသည်၊
‘အေးအေး၊ ဒါနဲ့ ပေါက်ကလေး နင်ငါ့ကိုချစ်လား၊’ နိုင်ဝင်းဇော် မေးလိုက်သည်၊
‘ဘာဆိုင်လို့တုန်း၊’ ‘အရှိန်နဲ့ဆိုင်တယ်၊’ ပေါက်ပေါက်မေး၍ နိုင်ဝင်းဇော် ပြန်ဖြေသည်၊
‘လူဆိုး၊ ကဲချစ်တယ်၊ အရှိန်လျှော့၊’ ပေါက်ပေါက် ပြန်ဖြေသည်၊
‘ဟေး’ နိုင်ဝင်းဇော် အော်လိုက်သည်၊
‘ကဲဒါဆို ငါ့ Helmet ကိုဖြုတ်ပြီး နင်ယူဆောင်းလိုက်၊’ နိုင်ဝင်းဇော် ပြောလိုက်သည်၊
‘နင်ကလ’ဲ ဆိုပြီး၊ ပေါက်ပေါက်ယူဆောင်းလိုက်သည်၊
‘သေချာဆောင်း၊’ နိုင်ဝင်းဇော် ပြောသည်၊
‘အေးပါ ဇော် အရှိန်လျှော့၊’ ပေါက်ပေါက် ပြန်ပြောသည်၊
အကွေ့ တစ်နေရာတွင် နိုင်ဝင်းဇော် လမ်းဘေးကဖြတ်မောင်းသည်၊
ဂလုပ် ဒုတ်ဒုတ်၊ ဆိုင်ကယ်က မညီသည်နေရာတွင်၊ နိမ့်ချီမြင့်ချီ၊
‘ဇော် အရှိန်လျှော့၊ ဖြေးဖြေး မောင်းပါဟ၊’ ပေါက်ပေါက်အော်လိုက်သည်၊
၉၀mph ၊ အရှိန်လျှော့ကျသွားသည် မြန်နေတုန်း။

ရှေ့နားမှာ ကန်တော်ကြီးဘက် ဝင်တဲ့လမ်း၊ ကားတွေ ဆိုင်ကယ်တွေရှုပ်တတ်သည်၊ သစ်တင်ကားတွေလဲရှိတတ်သည်၊ နိုင်ဝင်းဇော်တွေးမိသည်၊
‘ပေါက်ကလေး နင်ငါကိုတအား သိုင်းဖက်ထားစမ်းပါ၊’ နိုင်ဝင်းဇော် ပြောလိုက်သည်၊
‘ဇော် နင်ဘာလုပ်ဦးမှာလဲ၊’ ဟုပေါက်ပေါက်မေးလိုက်သည်၊ ပြီးတော့ နိုင်ဝင်းဇော်ကို နောက်ကဖက်ထားလိုက်သည်၊
‘ခုငါပြောသလိုလုပ်၊ နောက်ဆို ပေါက်ကလေးစကား ဇော် တစ်သက်လုံး နားထောင်မှာ၊’ ‘မျက်စိမှိတ်ပြီး၊
နိုင်ဝင်းဇော်ကို ငါချစ်တယ်၊ ဆယ်ခါဆို၊ အဲဒါပြီးရင် အရှိန်လျှော့ပြီ၊’ နိုင်ဝင်းဇော် ပြောလိုက်သည်၊
‘ဆိုချင်ပါဘူး’ ဟုဆိုပြီး ပေါက်ပေါက်တစ်ယောက် နိုင်ဝင်းဇော်ကို ငါချစ်တယ်၊ စရွတ်တော့သည်။

ဘရှုး၊ ဝုန်း၊ ဂလပ်ဂလပ်၊
ဆိုင်ကယ်သည် လမ်းဘေးတွင် လမ်းပြင်ရန်ပုံထားသော သဲပုံကိုဝင်တိုက်သည်၊
ပေါက်ပေါက်က သဲပုံထဲတွင်ကျန်ရစ်ခဲ့သည်၊ ဆိုင်ကယ်နှင့် နိုင်ဝင်းဇော်က သဲပုံအပြင်ဘက်၊ ဆိုင်ကယ်တစ်ခြား လူတစ်ခြား။


×××××××××××××××××××××××××××××××

နောက်တစ်နေ့ သတင်းစာထဲတွင်ပါ၍၎င်း၊ ဘေးပတ်ဝန်းကျင်မှာ လူတွေ ပြောကြသည်မှာ၊ ဖြစ်ပွားတဲ့အချိန်က ညနေ ခြောက်နာရီ နှင့် နှစ်ဆယ်မိနစ်၊ ကောင်လေးက ဖြစ်ဖြစ်ချင်းသတိရှိသေးတယ်တဲ့၊ ကောင်မလေးကတော့ မေ့နေတယ်၊ ကောင်လေးက သူ့ကို လာကူတဲ့သူတွေကို၊ ကျနော် ဆိုင်ကယ် ဘရိတ်ပေါက်ပြီး ဂီယာလည်း မကောင်းတော့ဘူး၊ အရှိန်လျှော့လို့မရဘူး၊ ကျနော့် ကောင်မလေး မသိအောင်၊ သူ့ ကြောက်စိတ် စိုးရိမ်စိတ်တွေမဝင်အောင်၊ သူ ဘာမှ မဖြစ်အောင် ကျနော်ကြိုးစားခဲ့ပါတယ်၊ ရှေ့မှာ လမ်းကရှုပ်တော့မှာမို့ပါ၊ တကယ်လို့ ကျနော် မနေရတော့ဘူးဆိုရင်၊ ကျနော် သူ့ကို တအားချစ်တယ်ဆိုတာပြောပေးပါ၊ အဖေနှင့်အမေကိုလည်း ကျနော်သွားပြီလို့ ပြောပေးပါ၊ ကောင်လေးကို မန္တလေးဆေးရုံကြီးဆီ သယ်လာစဉ် လမ်းမှာ ဆုံးပါးသွားခဲ့ပါတယ်၊ ခေါင်းဒဏ်ရာကလွဲလို့ ဘာဒဏ်ရာမှ မရှိ၊
ကောင်မလေးက ခြေထောက်ကျိုးပြီး နှစ်ရက်လောက်မေ့နေတယ်။
သူတို့ ဝင်တိုက်တဲ့ သဲပုံရဲ့ ဘေးမှာ ကျောက်ပုံသေးသေးလေးတစ်ပုံရှိတယ်တဲ့။

နိုင်ဝင်းဇော်ရဲ့ အသုဘ ကို ရတနာပုံ တက္ကသိုလ်က သူငယ်ချင်းတွေရော၊ ဆိုင်ကယ်စီးဘက် သူငယ်ချင်းတွေရော၊ မိဘ ဆွေမျိုးမိတ်ဆွေတွေ လိုက်ပို့ကြတာ စည်ပါတယ်၊ ပေါက်ပေါက်ကိုတော့ နှစ်ဖက်မိဘတွေက ဆေးရုံမှာပဲနေစေပါတယ်။

ပေါက်ပေါက်ရဲ့ အမ ပိုင်ပိုင်ကတော့၊ ပန်းတွေနဲ့လုပ်ထားတဲ့ Helmet ဦးထုပ်ပုံ လေးကို နောက်ဆုံးလက်ဆောင်အဖြစ်ထည့်ပေးလိုက်ပါတယ်။

×××××××××××××××××××××××××××××××

ပိုင်ပိုင် ရဲ့ စိတ်ထဲမှာတော့၊ နိုင်ဝင်းဇော်ရဲ့ အချစ်ကို တန်ဘိုးထားမိပါတယ်။

ဆိုင်ကယ် ကျွမ်းတဲ့ နိုင်ဝင်းဇော်ဟာ Helmet အရေးပါပုံကိုသိပါတယ်၊ အမြဲတမ်း Helmetနှင့် ဆိုင်ကယ်စီးသူပါ၊ ချစ်သူကို ဘာမှ မဖြစ်စေချင်တဲ့အတွက် သူရဲ့ Helmet ကို ချစ်သူ ပေါက်ကလေးကို ပေးဆောင်းခဲ့ပါတယ်၊ တကယ်လို့ ပေးမဆောင်းခဲ့ရင်၊ ဒါမှမဟုတ် ပေါက်ပေါက်တစ်ယောက် အိမ်က Helmet ဆောင်းသွားခဲ့ရင်၊ အဖြေဟာ တစ်မျိုးဖြစ်သွားမှာပါ၊ Helmet ဆောင်းခိုင်းတိုင်း ရုပ်ရှင်ထဲမှာ ဘယ်သူမှာမဆောင်းဘူး၊ ခဏလေးပါ၊ ဘာမှမဖြစ်ပါဘူးအမရာ စသဖြင့် ဆင်ခြေတွေ အမျိုးမျိုးပေးတတ်တဲ့၊ သူညီမ တစ်ယောက်တော့ တစ်သက်လုံး ရင်ထဲမှာဒဏ်ရာတစ်ခုရရှိသွားပါပြီ၊

တကယ်တော့ အချိန်တွက်ကြည့် လိုက်ရင် နှစ်နာရီ ဆယ်မိနစ် အတွင်းမှာဖြစ်ပျက်သွားတာပါ။

×××××××××××××××××××××××××××××××

ဒါကြောင့်မို့လို့လည်း Helmet ဆောင်းခိုင်းတဲ့ ဥပဒေ ရှိခဲ့တာဖြစ်သည်၊


နောက်သတင်းတစ်ခုကတော့ နိုင်ဝင်းဇော်စီးတဲ့ ဆိုင်ကယ်ဟာ နိုင်ငံခြားမှာ ဘရိတ် ချို့ယွင်းချက်ရှိလို့ စက်ရုံက ပြန်ခေါ်ယူနေတဲ့ ယာမဟာ အမျိုးအစားပါ၊ ဆိုင်ကယ် ကျွမ်းတဲ့ နိုင်ဝင်းဇော် မသိခဲ့သလို၊ မြန်မာပြည်က ဆိုင်ကယ်စီးတဲ့ သူအများစုကသိကြမှာ မဟုတ်ပါဘူး။


Summary Notice
ON CERTAIN MOTORCYCLES, THE REAR BRAKE SHOE MATERIAL COULD SEPARATE DUE TO IMPROPER ADHESIVE CURING.
Consequence
IF SUCH SEPARATION OCCURS DURING OPERATION, BRAKING ABILITY WITH THE REAR WHEEL WILL BE REDUCED OR LOST, WHICH COULD CAUSE A CRASH.
Remedy
DEALERS WILL REPLACE THE REAR BRAKE SHOES. THE RECALL BEGAN ON OCTOBER 8, 2004. OWNERS SHOULD CONTACT YAMAHA.....







Saturday, May 1, 2010

နေဖြစ်သွားတဲ့အိမ်


ဖြစ်နိုင်ရင် ဒီအိမ်မှာ တစ်မိနစ်၊ တစ်နာရီလောက်တောင် မနေချင်၊ ထွက်ပေါက်ကတော့ အလုပ်သွားခြင်းပဲ၊ ဒီမြို့မှာ အလုပ်နှစ်ခုလုပ်တဲ့သူ မရှိသလောက်ပဲ၊ ဒါပေမဲ့ ကျနော်ဆိုတဲ့ကောင်က လုပ်တယ်၊ သူများတွေက အိမ်ပြန်ချိန်ရောက်ရင် ပျော်လို့၊ ငိုင်တိုင်တိုင်နဲ့ မပြန်ချင်သလို ပြန်ချင်သလို အိမ်ကိုပြန်သူကတော့ ကျနော်ပါ၊ တကယ့်ကို အထူးအဆန်းကြီးဖြစ်လို့။


ဒီအိမ်မှာ ကျနော့်မိန်းမဆိုတဲ့ မိန်းမတစ်ယောက်ရှိတယ်၊ သူနှင့်ရထားတဲ့ ကလေးနှစ်ယောက်ရှိတယ်၊ ဟုတ်တယ်၊ အဲဒီမိန်းမဟာ ကမ္ဘာပေါ်မှာ ကျနော် အမုန်းဆုံးမိန်းမပဲ၊ ဒီမိန်းမက ကျနော်ရဲ့ကိုယ်စိတ် နှစ်ခုစလုံးကိုနာကျဉ်စေတယ်၊ မနက်မိုးလင်းကနေ ညထိ သူရဲ့ “ F***** S***** and S*****.” ယုတ်ရင်းကြမ်းတမ်းတဲ့ စကားတွေဟာ ကျနော်ဆီကို ဘက်ပေါင်းစုံက ဝင်ရောက်လာတယ်၊ သူ့ရဲ့နှိပ်စက်မှု့ကတော့ ကျနော်တင်မကဘူး ကျနော့် ကလေးတွေကိုလဲပါတယ်၊ တစ်ခါတစ်လေ ဒီမိန်းမရဲ့ ကိုယ်ထိလက်ရောက်မှု့က ကျနော်ကို မနိုင်ရင် ကလေးတွေကို မဲတော့တာပဲ၊ အဆိုးဆုံးကတော့ သူနဲ့ နည်းနည်းလေး လွဲချော်သွားတာနဲ့ “ ဟေ့ F***** ရဖျူဂျီ၊ ***** ***** *****.” အမည်းတွေသုံးတဲ့ အဆင့်အနိမ့်ဆုံး လမ်ဘေး ဘမ်းစကားတွေနဲ့ ပစ်တော့တာပဲ၊ ငါ ရဖျူဂျီ မဟုတ်ဘူးလို့ ရှင်းပြရင်လည်း၊ ငါမသိချင်ဘူး၊ မင်းရဲ့ ရဖျူဂျီ ကမ့်ကိုပြန်သွား၊ မင်းရဲ့ဂျင်နရေးရှင်းတွေ ပါခေါ်သွား၊ ကလေးတွေဘက် လှည့်တော့တာပဲ၊ အဲဒီမိန်းမဟာ ကျနော်ရဲ့ကလေးတွေကိုချစ်တဲ့ အားနည်းချက်ကိုသိထားတယ်၊ ဒါဆိုမေးစရာရှိပါလိမ့်မည်၊ ဘာဖြစ်လို့ ဒီမိန်းမကိုယူထားတာလဲ၊ ချစ်လို့ယူထားတာလား၊ လုံးဝမဟုတ်ဘူး၊ ချစ်လို့ယူထားတာ လုံးဝမဟုတ်ဘူး၊ အကြောင်းရှိလို့ယူထားရတာပေါ့။

ကျနော့် နာမည်က ဝင်းနိုင်စိန် မော်လမြိုင်က၊ မော်လမြိုင် မောင်ငံမှာ မွေးပြီး မောင်ငံမှာကြီးတာ၊ ဝင်းနိုင်လို့ပဲ ခေါ်ကြတယ်၊ စိန်ကတော့ ဖန်ခွက်စိန်၊ ပုလင်းစိန် တွေကို အမေသဘောကျပြီးထည့်လိုက်တာ။
မတရားဘူးထင်လို့ ကွင်းရပ်က ရပ်ကွက်လူကြီးတစ်ယောက် ကိုရိုက်လိုက်တယ်၊ ကွင်းရပ်ဆိုတာ မောင်ငံရပ်ဘေးက မင်းသမီး နန္ဒလှိုင်တို့ရဲ့အရပ်၊ အဲဒါနဲ့ ကျနော် မော်လမြိုင် မှာနေလို့မရတော့ဘူး၊ ကျနော် နယ်စပ်ကို ရောက်လာခဲ့ရတာပါပဲ၊ မော်လမြိုင်သားပဲ အသိတွေက ဒီဘက်မှာသိပ်ပေါပါတယ်၊ ကျနော်အတွက်လွယ်နေလို့ ရဖျူဂျီကမ့်မှာနေတယ်၊ ရဖျူဂျီကမ့် ဘာလဲဆိုတာ ကျနော် ကောင်းကောင်းသိတာပေါ့၊ နေရာတိုင်းမှာ ရှင်သန်အောင်နေရတဲ့ဘဝ၊ ဘာတွေ ဘယ်လိုလုပ်ကြသလဲ ကောင်းကောင်းသိနေတော့လည်း ဒီနိုင်ငံကို ခိုလှုံခွင့် ရခဲ့တာပေါ့၊ အတု လို့ပြောကြဦးမလား၊ တစ်ဝက်တော့ မှန်ပါလိမ့်မည်။

ဒီမိန်းမနှင့် ပေါင်းလာတာ ဆယ်နှစ်ရှိပြီး သမီးအကြီးလေးက ရှစ်နှစ်၊ သားငယ်က ငါးနှစ်၊ သားနှင့်သမီးက ကျနော့်အသက်ပဲ၊ ဒါကြောင့်လည်း ဆယ်နှစ်ကြာခဲ့တာပေါ့၊ ဒီမိန်းမနှင့်ဆုံလာရတာက ဒီနိုင်ငံရောက်ရောက်ချင်း အဲဒီလိုပဲ စုပြုံနေနေကြတဲ့ နေရာရောက်သွားတာပေါ့၊ ဘာလက်မှတ်၊ ဘာအထောက်အထားမှ မရှိတော့၊ ဝင်ငွေအတွက် အလုပ်ခိုးလုပ်ရပါတယ်၊ အဲဒီအလုပ်ထဲမှာ တွေ့ဖြစ်ကြတာပါ၊ မြှောက်တဲ့သူတွေကလည်းမြှောက်ပေးနဲ့၊ ဒီနိုင်ငံသူ အဖြူမ နဲနဲဝတာကလွဲလို့ မဆိုးဘူးပေါ့လေ၊ အဲဒီတုန်းက တကယ်ကို မဆိုးပါဘူး၊ သူကလည်း သူ့တွက်ကိန်းနှင့်သူ၊ ကျနော်ကလည်း ကျနော့်ရှင်သန်ရေး၊ ဒီလိုနဲု့ဖြစ်သွားတာပါပဲ။

ကျနော့် ဘဝမှာ အကြီးမားဆုံး မှားယွင်းစွာ လက်မှတ်ထိုးခဲ့မူ့ သုံးကြိမ်ပြုလုပ်ခဲ့တယ်၊ ပထမဦးဆုံးက ဒီမိန်းမကို လက်ထပ်ခဲ့တာ၊ အိုင်ဒူး အိုင်ဒူး ဆိုပြီးထိုးခဲ့တယ်၊ နောက်တစ်ခုက ဘာတွေမှန်းမသိတဲ့ ၁၂ မျက်နှာလောက်ရှိမဲ့ အိမ်စာချုပ်ပေါ်မှာ ထိုးခဲ့တယ်၊ နောက်ဆုံးတစ်ခုကတော့ တစ်နှစ်ကျော်လောက်မှာ ဒီမိန်းမဇာတိပြလာပါတယ်၊ ကျနော်ကို ပါးစပ်နှင့်ပါမက ကိုယ်ထိလက်ရောက် တိုက်ခိုက်လာပါတော့သည်၊ ကျနော်လည်း ပြန်လုပ်ပါတယ်၊ မှတ်မှတ်ရရ ၂ ချက်တီးပေးလိုက်တယ်၊ ကျနော်ဆီတော့ အချက်ပေါင်းများစွာ ပစ်လဲသွားတဲ့အထိပါပဲ၊ ဆူညံသံတွေကြောင့်ပဲလား၊ ဘေးကခေါ်လိုက်လို့လား ရဲတွေရောက်လာပါတယ်၊ အဲဒီအချိန်မှာ ကျနော်လည်း ထိချက်တွေမိထားလို့ ပြာတာတာဖြစ်နေပြီ၊ ဒီမိန်းမက နာတယ်ဘာညာ အော်တော့တာပါပဲ၊ ရဲတွေကလည်း ကျနော်ကိုမေး၊ ကျနော်ကလည်း အဲဒီတုန်းက စကားမရသေး၊ ဘာတွေဖြေလိုက်မှန်းမသိပါဘူး၊ လက်မှတ်ထိုးခိုင်းတော့ ထိုးပေးလိုက်ပါတယ်၊ ပြီးတာနဲ့ ကျနော့်ကို လက်ထိပ်ခတ်ပြီး ဖမ်းခေါ်သွားပါတယ်၊ ဖြစ်သွားတာက ခိုလှုံခွင့်ပေးထားတဲ့သူ တစ်ယောက်က ဒီနိုင်ငံသူ မိန်းမကိုယူပြီး နှိပ်စက်တာပေါ့လေ၊ ဒီနိုင်ငံ ဥပဒေတွေက တစ်ချို့နေရာတွေမှာတော်တော် ရယ်စရာကောင်းပါတယ်၊ ကျနော်လည်း အထဲမှာ လေးရက်လောက် နေလိုက်ရတယ်၊ ဒီမိန်းမပဲ ကျနော်ကိုလာပြန်ထုတ်သွားတာ၊ အတွေ့အကြုံတော်တော်ရှိပုံရတယ်၊ နောက်ပိုင်း ရန်ဖြစ်ရင် ရဲမှတ်တမ်းဝင်ထားတာမို့ အမှားက ကျနော်ဘက်မှာပဲ၊ ဒီနိုင်ငံကြီးက ဘာအခွင့်ရေး ညာအခွင့်ရေးတွေနဲ့ လွဲချော်နေတာ အများကြီးပါ။

ဒီအိမ်အတွက် လစဉ် ကျနော်ငွေသွင်းရတယ်၊ ငွေဝင်အောင် အလုပ်ကပင်ပန်းစွာလုပ်ရပါတယ်၊ အိမ်ပြန်ရောက်ရင် ဖလက်ဖြစ်သွားတာပဲ၊ ဒါပေမဲ့မရပါဘူး ညညတွေ ငါလိုချင်တယ်ထထဆိုပြီး အဲဒါနဲ့ ကလေးနှစ်ယောက်ရခဲ့ပါတယ်၊ သမီးလေးကမြန်မာဘက်လိုက်တယ် အသားအရောင်ကစ၊ သားလေးကတော့ ကျနော့်မျက်နှာနှင့် လူဖြူလေး၊ မြန်မာနွယ်အောင် မြန်မာစကားတွေသင်ပေး၊ အဝေးမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုခိုးခိုးပြီးခေါ်သွားပါတယ်၊ ကလေးနှစ်ယောက်လုံးက ကျနော်ကို ‘ဖေဖေ’လို့ မြန်မာလိုခေါ်တယ်၊ ကျနော်ရဲ့အောင်မြင်မူ့ပေါ့။

တစ်ယောက်ထဲ နှိပ်စက်တာအားမရလို့ အမေပါရောက်လာပါတယ်၊ အမေနှင့်သမီး တစ်ပုံစံထဲပါပဲ၊ တကယ်ကို insane တွေပါ၊ ကျနေုာ်ကို အလုပ်ထွက်ခိုင်း၊ ကလေးပြပြီး ထောက်ပံ့ကြေး တောင်းပါတယ်၊ ကျနေုာ်ကို သူတောင်းစားလို့ ပြောတာ သတိရလိုက်မိပါသည်၊
ကြာတော့ ဒီမိန်းမကို အိပ်နေတုန်းသတ်ပစ်ဘို့ ကြံပါသေးတယ်၊ မအောင်မြင်ဘူး၊ ထွက်ပေါက်ကိုတော့ရှာတုန်းပဲ၊ အနေကြာတော့ ဘေးပတ်ဝန်းကျင်နှင့် ကျနော်ရင်းနှီးလာသည်၊ ကျနော်နှင့်ကလေးတွေလွတ်မြောက်ဘို့ တိုင်ပင်ရပါသည်၊ အဖိုးကြီး အချို့ရဲ့အကြံပေးချက်အရ၊ ကောင်ဆာလာ ဆိုတာဆီသွားဘူးပါတယ်၊ ဘာပြောသလဲဆိုရင်၊ အင်္ဂလိပ်လိုပဲ ပြောပြပါမယ်;
‘Basically what I'm saying is, this situation sucks majority and I empathize and hope you can find a solution that benefits you and the kids, in spite of the oppressive laws that are enforced by brain-dead henchmen.’
မိန်းမကို ခေါ်ခဲ့ခိုင်း၊ ဘာသာပြောင်းခိုင်း နှင့် မဖြစ်ပါဘူး ဒီလို ကောင်ဆာလာနဲ့။

ကျနော်လည်း ဘုန်းကြီးကျောင်းသွား ဘုန်းကြီးတွေကို ဒုက္ခပေးပါတယ်၊ ဆရာတော်ကြီးကတော့ မင်းမလဲ ဝဋ်ပါလာတော့ ဒီထိတောင် လာပြီးဆပ်ရတယ်တဲ့၊ မတရားတာတွေကို တရားတွေနှင့် ကျနော်ကိုဆုံးမပါတယ်၊ နောက်မို့ဆို ကျနော် အနှစ် ၆၀ လောက် အထဲရောက်လောက်ပြီ။

ဒီမိန်းမကလည်း အကြံနဲ့၊ ကျနော်က နှိပ်စက်လို့ ကလေးတွေနှင့်သူ ဒုက္ခရောက်ရပါသည်ဆိုပြီး ကျနော်နှင့် ခွဲနေ၊ ပြီးရင် အစီုးရဆီ ထောက်ပံကြေး တောင်းဘို့ဖြစ်သည၊် ဒါကြောင့်ကျနော်သတိထားနေရသည်၊ ကလေးများက ကျနော်ဘက်ပါနေ၍ တော်ပါသေးသည်။

ဒီမိန်းမက အရက်လည်းသောက်တယ်၊ ဆေးလည်းချတယ်၊ ဒီမှာက မားနှင့် ကိုကင်း အပေါဆုံးပဲ အိမ်တိုင်လာရောက် ပို့ပေးတယ်၊ ဒီမိန်းမ ဆေးချနေတုန်းရဲခေါ်လိုက်ရင် ပြီးပြီ၊ ဒါပေမဲ့ ဒီမိန်းမက လည်တယ် ရဲကို ကျနော်လဲပါတယ်၊ ကျနော်ဝယ်ပေးတာလုပ်ဦးမှာ၊ ဒီမိန်းမ အရင် ယောက်ျားက ဆေးမှု့နှင့် နှစ်ရှည်အထဲရောက်နေတာ၊ ဒီမိန်းမ ကောင်းမှု့လို့ ဘယ်သူပြောနိုင်မလဲ။

ဒီမိန်းမအလုပ်လဲမလုပ်၊ ဘေးတစ်အိမ်ကျော်က အမည်းမကို ကျနော် ငွေ ၅၀ ချေးမိပါတယ်၊ ဒီမိန်းမ သိသွားပြီး အမည်းမနှင့် ရန်ဖြစ်ကြတာ
“F***** S***** and S*****.” တွေ မိုးမွန်နေတာပဲ၊ သေနတ်ရှည်ကြီးတလက် ဘယ်ကဆွဲထုတ်လာသလဲ မသိပါဘူး၊ အမည်းမလည်း အသံတိတ်သွားတယ်၊ ကျနော်လည်းလန့်သွာတယ်၊ အမည်းမကို ပြောလိုက်သေးတယ်၊ လူကိုယူ ပိုက်ဆံတော့ မထိနဲ့၊ ဒီလောက်ဆို ကျနော်တို့ရပ်ကွက်ကို သိလောက်ပါပြီ။

ဒီလိုနဲ့ ရှင်သန်နေရာက ကျနေုာ်လည်း ဒီနိုင်ငံသားဖြစ်လာပါတယ်၊ ဒီမိန်းမကိစ္စ ရှေ့နေတွေဘာတွေနဲ့ လုပ်ဘို့တိုင်ပင်၊ ငွေကမလိုက်နိုင် ရှေ့နေက ဘာပြောသလဲဆိုရင်၊ အင်္ဂလိပ်လိုပဲ ပြောပြပါမယ်;
The law places men in the role of 'house assistant'. The only way they will change that?
1- Proof (for example video) of violence by the woman - and not toward you my friend -    toward someone she has an advantage on, like the children.
2- Rare chance. The counselor sees something and somehow gets her to take further testing showing that she is unfit.
3- Evidence of abuse via drugs/alcohol ... not enough ... in the presence of the children.
That is all that will work. Been there, done that.
မလွယ်ပါဘူး၊ ဥပဒေက ကလေးတွေနှင့် ပတ်သက်လာရင် မိန်းမတွေကိုဦးစားပေးသည်၊ ထောက်ပံကြေးဆိုတာကလည်း မိန်းမတွေအတွက်သာ၊ ရှုံးရင် ငွေလည်းကုန်ဦးမည်၊ ကလေးတွေနှင့် ဝေးရမည် ခွဲရမည်၊ ငါ့သားသမီးလေးတွေ အင်ဆိန်း တွေ ဖြစ်သွားမှာ စိုးရိမ်မိသည်၊ ထွက်ပေါက်ကိုတော့ရှာတုန်းပါပဲ။ သားသမီးလေးတွေဟာ ကျနော်အတွက်အဓိကပါ၊ မြေတောင်မြှောက်ရမည်၊ တစ်ချိန်မှာ ဒီနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ဒီ ရဖျူဂျီလို့ဆိုဆို အသနားခံသူတွေလို့ပဲဆိုဆို ဂျင်နရေးရှင်းတွေက ဖြစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။

ဆယ်နှစ်တာအတွင်း ကျနော်လည်းတိုးတက်လာသည်၊ အဖွားကြီးကိုတော့ ကစ်အောင့် လုပ်လိုက်ပြီး၊ မလာရဲအောင်လုပ်ရမည်၊ သူတို့နည်းတွေပြန်သုံးသည်၊ သမီးနှင့်သားကို တနေကုန်ကျောင်းတွေမှာ ရွေးထားသည်၊ အိမ်မှာမရှိနေအောင်၊ ဒီကြားထဲ ဒီမိန်းမ မကြာခဏ နေမကောင်းဖြစ်သည်၊ သူ့အမေကြီးက ကျနော်ပဲ အဆိပ်ခတ် သလိုလို စွပ်စွဲသည်။

ခုကြည့်ပါဦး ကံကြမ္မာ တစ်ပတ်လည်တာလား၊ လောကနိယာမလား၊ Karma ပဲလား၊ ဘုရားသခင်ကပဲ ဒဏ်ခတ်လိုက်တာလား၊ ကျနော်တို့ရဲ့ တရားသဘောနှင့် ကြည့်ပါဦး၊ ဒီမိန်းမ အိပ်ရာထဲလဲနေတာကြာပြီ၊ ကင်ဆာတဲ့ တတိယအဆင့် ရောက်နေပြီ၊ ကျနော်အဆိပ်ခတ်တယ်လို့ စွပ်စွဲလို့မရတော့၊ ကျနော်နှင့်ကလေးတွေ လွတ်မြောက်တော့မည်၊ ကျနော်တို့ရဲ့အောင်မြင်မူ့ပေါ့၊ ဒီမိန်းမ ခု ကျနော်တို့ရဲ့ ရဖျူဂျီဖြစ်နေပြီ၊ ဘယ်လိုကစ်အောင့်လုပ်ရမလဲ စဉ်းစားနေသည်။

ဒါပေမဲ့ ကျနော်ဟာ မြန်မာတစ်ယောက်၊ ခုနောက်ပိုင်း ဘုရားတရားနှင့်လည်း နေထိုင်နေလေတော့၊ ကျနော် သူ့ကိုပြုစုမဲ့သူကို အချိန်ပိုင်းငှါးပေးပါတယ်၊ သမီးနှင့်သားကိုလည်း အမေနားမှာနေနိုင်သလောက်ပြုစုခိုင်း၊ ဒီမိန်းမရဲ့နောက်ဆုံးအချိန်မှာ ဗုဒ္ဓရဲ့ တရားဓမ္မတွေကို ကျနော် တိုက်ကျွေးပါတယ်၊ ပတ်ဝန်းကျင်မှာတော့ ကျနော်ကို တကယ့်အထူးအဆန်းကြီးဖြစ်လို့။

ဆရာတော်ကြီး တစ်ပါးကဆိုတယ် ဘယ်နေရာမှာပဲနေနေ ကိုယ့်နေရာလို့မှတ်ပါ၊
ဘယ်အိမ်မှာပဲနေနေ ကိုယ့်အိမ်လို့မှတ်ပါတဲ့။
ဒီအိမ်ဟာကျနော့် အိမ်ဖြစ်သွားပြီ။
ဒီအိမ်မှာ ဒီနေရာမှာ ကျနော် ဘဝကို ခုမှစရမယ်။

----------------------------------------------------------------------------------



ဇာတ်လမ်းပြောပြသူက သူငယ်ချင်း ဝင်းနိုင်၊
အိုင်ဟိတ်မိုင်ဝှိုက်ကိုမှီငြမ်းပါသည်။

မည်သည့်ကိုမှ ထိခိုက်လိုစိတ်မရှိပါ။


အငြိုး အတေး၊ အဃာတ ထားခြင်း၊ လက်စားချေခြင်း၊ ရန်ကိုရန်ဖြင့် တုန့်ပြန်ခြင်းများဝေး၍၊ တရားဓမ္မတွင် ပျော်ရွှင်ချမ်းမြှေ့ပါစေ။