Wednesday, March 21, 2012

ကျွန်တော် ကျမ ချစ်တဲ့အကြောင်း ( ၂ )


တက္ကသိုလ်ကျောင်းသား တစ်ယောက်၏ ပထမနှစ်သည် ပျော်စရာ အကောင်းဆုံးနှစ်ဖြစ်သည်ဟု ဆိုကြပါသည်၊ ထို ပျော်စရာကောင်းသော ပထမနှစ်ကို ကျနော် တော်တော်ကြီး ပျော်ဖြစ်ခဲ့သည်၊ တက္ကသိုလ် မရောက်ခင်ထဲက ရည်းစားရှိလာသူ ကျနော်အတွက် ထိုမှာဘက်တွင် သွားပျော်လို့မရပါ၊ ဘေးကသူတွေကို မြောက်ပေးမြောက်ကော် လုပ်ခဲ့ပါသည်၊ အထူးသဖြင့် မြတ်စိုး ရည်းစားရရှိရေး စီမံကိန်းကို ကျနော်ဦးဆောင် အကောင်အထည် ဖေါ်ခဲ့သည်၊ တက္ကသိုလ် ကျောင်းတွေသည် မြို့ပြင်တွင်ရှိရမည် ဆိုသည်ကို ကမာ့္ဘနိုင်ငံရေးသမား တစ်ဦးက စခဲ့ရာမှ ကျနော်တို့ တက္ကသိုလ်ကျောင်းသည်လည်း မြို့ပြင်လယ်တောထဲတွင် ရှိသည်၊ ကျနော်ကြားဖူးတာကတော့ တက္ကသိုလ် ကျောင်းတွေသည် သီးသန့်ရှိရမည်ဖြစ်သည်၊ ဒါပေမဲ့ အုပ်ချုပ်သူများ အလိုကျ မြို့ပြင်ဖြစ်ခဲ့ကောင်း ဖြစ်နိုင်သည်၊ ဒါကို ငြင်းခုန်ကြသောအခါ ငါတို့တွေလည်း တစ်ချိန်တွင် အုပ်ချုပ်သူများ ဖြစ်လာနိုင်သည်အဆိုကို လက်ရှိအခြေအနေနဲ့ ယှဉ်၍ လက်ခံခဲ့ကြသည်။

ဘာတွေပဲပြောပြော ကျနော်တို့ တက္ကသိုလ်ကျောင်းသည် စည်ကားပါသည်၊ နောက်ပြီး အစုံအလင်လည်း ရပါသည်၊ ထိုစည်ကားသည့်ထဲတွင် စပွန်ဆာပေးရန်လာသူများနှင့် စပွန်ဆာ စောင့်နေသူများပါသလို၊ ကမ္ဘာပေါ်တွင် မအောင်မြင်တော့သည် စနစ်တစ်ခုကို ပြန်လည် အသက်သွင်းချင်သူများလည်း ပါသည်၊ ထိုသူများကို ကျနော်တို့က ရဲဘော်များဟု ခေါ်ပါသည်၊ ထိုသူများသည် အစဉ်အဆက် ရဲဘော်ဘယ်သူ ရဲဘော်ဘယ်ဝါဖြင့် ခေါ်သုံးခဲ့ကြသည် မဟုတ်ပါလား၊ ကျန်ပါသေးသည် အပြာရောင်ဆိုင်ကယ်ကို အများဆုံး စီးတတ်ပြီး အားလုံးကို စောင့်ကြည့်နေသူများလည်း ပါသည်၊ တစ်ချို့သည် ကျောင်းနားတွင် ဘီယာဆိုင်တောင် ဖွင့်လိုက်သေးသည်၊ ဒီနေ့ခေတ်မှာတော့ ဘီယာဆိုင်သည် သတင်းစုံသည့်နေရာ မဟုတ်ပါလား၊ တိုးတက် ပြောင်းလဲလာသည်ဆိုသော ကျနော်တို့နိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများပါမက ကျောင်းသူများသည်လည်း ဘီယာသောက်လာကြပါသည်။

ကျနော်တို့ တက္ကသိုလ်ကျောင်းတွင် အစုံရသည်ဆိုရာ၌ ကျနော်တို့အတွက် တော်တော်စုံသည်ဟု ပြောနိုင်ပါသည်၊ အပြာရောင် ပန်းရောင် အဖြူရောင် ဆေးပြားလေးများ၊ အဖြူရောင် အမှုန့်များ၊ ရယ်ဒီမိတ် ဆေးထိုးအပ်များ၊ စိမ်းပုတ်ရောင် အရွက်ခြောက်များ၊ ဖြူနီဝါ အရည်ပေါင်းစုံ၊ အသုံးပြုလိုသူတွေအတွက် ရာဘာပေါ်လီမာအစွတ်များ၊ ရက်စွဲနဲ့သောက်ရသည့် ဆေးကဒ်များ ဒီလောက်ဆို နည်းနည်းစုံသွားပြီလို့ ထင်ပါသည်၊ ဒီအပြင် နှစ်လုံး၊ လေးလုံး ဘောလုံး ဝါသနာပါရင် လူပါပေါင်လို့ရသည်၊ အားလုံးကို စောင့်ကြည့်နေသူတွေ ကြားထဲမှာ ဒီလိုစုံလင်စွာ ရရှိနေခြင်းကိုတော့ အထူးအဆန်းအဖြစ် ဘယ်သူမှ မပြောကြပါ။ ထိုကဲ့သို့ အရောင်အသွေးစုံလှသော တက္ကသိုလ်ကျောင်းတော်တွင် ကျနော်သည်လည်း စုံဖြစ်ပါသည်၊ ဘကြီးမှန်တဲဟုခေါ်သော လယ်တောတစ်ခုတွင် ပြုလုပ်သော ပေါက်ကွဲမှုပါတီ အန်ဒါဂရောင်းညကို ကျနော်သွားဖြစ်ခဲ့သည်၊ ကျနော်ဘဝတွင် ပထမဦးဆုံးအကြိမ် ကမ္ဘာပေါ်တွင် လူတော်တော်များများ စွဲလန်းကြိုက်နှစ်သက်သော မြန်မာနိုင်ငံတွင် ပြုလုပ်သည့် ဆေးပြားကို သုံးစွဲခဲ့ပါသည်၊
“ရှိတ် ရှိတ် ရှိတ်ကြစို့ဟေ့
နတ်ပန်းချီးကားလိုမျိုး ဆက်ဆီခါးကိုချိုး
ရှိတ် ရှိတ် ရှိတ်ကြစို့ဟေ့….”
ကကြ ခုန်ကြ ဟစ်ကြနဲ့ မနက်မိုးလင်းတော့ လယ်ကွင်းထဲတွင် ကျနော်တို့ အားလုံး တုံးလုံးပက်လက် ယူဖြစ်ခဲ့ကြသည်၊
အိမ်နှင့် နှင်းအေး ကိုတော့ သူငယ်ချင်း တစ်ယောက်၏ ရွာသို့ အလည်လိုက်သွားသည်လို့ ပြောလိုက်ပါသည်၊ အားလုံးကို စောင့်ကြည့်နေသူတွေကတော့ ဘယ်လိုနေမလဲ မသိပါ၊ ကျနော့်ကို စောင့်ကြည့်နေသူ နှင်းအေးကတော့ သိရှိသွားခဲ့သည်၊ ကတိတွေပေး အသိတွေစာဖတ် ဘဝစကားလုံးတွေနဲ့ ကျနော့်စုံခြင်း ရပ်တန့်သွားခဲ့သည်၊ ထိုအချိန်မှစ၍ ကျနော်သည် အမြဲတမ်း စောင့်ကြည့်ခံရတဲ့သူ ဖြစ်လာပါသည်၊ ချစ်သူ၏ စောင့်ကြည့်ခြင်းကိုပါ။

ဒီလိုနဲ့ ကျနော်တို့သည် ပထမနှစ် စာမေးပွဲကို ဖြေဆိုခဲ့ရပါသည်၊ တကယ်တော့ ကျနော်သည် ပထမနှစ် စာမေးပွဲကို နှစ်ဘာသာ ကျပါသည်၊ တက္ကသိုလ် ကျောင်းသူကျောင်းသားများသည် စားမေးပွဲအောင်ရမည် ဟူသော မှုဝါဒများအရ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ကျနော် ပထမနှစ် အောင်ခဲ့ပါသည်၊ ဒီဟာသည်လည်း ချစ်သူ၏ စွမ်းဆောင်ချက်ပါ၊ ဆရာ ဆရာမ များ၏ လိုအပ်ချက်သည် ဘာဖြစ်သနည်း ဆိုတာကို နှင်းအေး သိရှိခဲ့၍ ဖြစ်ပါသည်။

နှင်းအေးနှင့် ကျနော်သည် မေဂျာမတူသဖြင့် ကျနော်စာများ သင်ခန်းစာများကို နှင်းအေး ဝိုင်းမကူနိုင်ပါ၊ ဒါပေမဲ့ နှင်းအေးသည် ကျနော် အတန်း မတက်သောအခါ လွတ်သွားသောစာများနှင့် ကျုတိုရီယယ်များကို ရအောင် ဖြေပေး ကူးပေးနိုင်ခဲ့သည်၊ ဒီလိုနဲ့ တစ်နေ့ နှင်းအေးသည် ကျောင်းသူတစ်ယောက်နဲ့ ကျနော်ကို မိတ်ဆက်ပေးပါသည်၊ သူကတော့ ချောသည် ဖြောင့်သည်လို့ ဒီကျောင်းမှာ နာမည်ကြီးသည့် ပွင့်ဖြူငယ် ပင်ဖြစ်ပါတော့သည်၊ ‘နင်စာတွေ လုပ်ပေးရအောင် ငါ သူနဲ့ ခင်အောင်လုပ်လိုက်တာ’ လို့ နှင်းအေးကဆိုပါသည်၊၊ ဒီလိုနဲ့ ပွင့်ဖြူငယ်သည် ကျနော်တို့ သူငယ်ချင်းတစ်ယောက် ဖြစ်လာပါသည်၊ နှင်းအေးသည်လည်း ပွင့်ဖြူငယ် အဆောင်သို့ အသွားအလာများလာသည်၊ ပွင့်ဖြူငယ်သည် နှင်းအေး၏ ပထမဦးဆုံး ရင်းနှီးသော မိန်ကလေး သူငယ်ချင်းဖြစ်လာခဲ့သည်၊ နင် ငါဆီတောင် အလာနည်းနေပါလားလို့ ကျနော်ပြောဖြစ်ခဲ့သေးသည်၊ နှင်းအေးက အောင်မယ် ငါ နင်အတွက်သွားနေရတာပါလို့ ဆင်ခြေပေးခဲ့သည်၊
မြတ်စိုးက နှင်းအေးကို ‘ဟေ့ အေးအောင် နင် ပွင့်ဖြူငယ်နဲ့ ဒီလောက်တွဲနေတာ ပွင့်ဖြူငယ်က အရမ်းစွဲဆောင်မှုရှိတာ တော်ကြာ နင်ကောင်ကြီး စိတ်ပြောင်းသွားဦးမယ်’၊
နှင်းအေးက 'ငါက ကိုကို့ ကို စိတ်ချပြီးသား နင်သာစွဲလမ်းလို့ အမြဲတမ်း ကျနော်ချစ်သော မကွေးတိုင်း ဖြစ်နေဦးမယ်’ ဆိုကာ ပြန် စနောက်သည်၊
အမှန်ကို ဝန်ခံရလျှင် တွေ့ကာစက ပွင့်ဖြူငယ်ကို တော်တော်လှတဲ့ စွဲဆောင်မှုရှိသည့် အမျိုးသမီးဆိုပြီး ခိုးကြည့်ခဲ့ဘူးပါသည်၊ သူငယ်ချင်းတွေဖြစ်လာတော့လည်း ပုံမှန်ဖြစ်သွားခဲ့ပြီး စိတ်ထဲတွင် နှင်းအေးရှိနေသည်က လွှမ်းခြုံထားခဲ့ပါသည်။
………………………………………………………….

ဒီနေ့ ကျနော်တို့ သူငယ်ချင်း ကျော်မိုးအောင်၏ မွေးနေ့ဖြစ်သည်၊ ထိုအတွက် သူငယ်ချင်းများစုကာ ကာရာအိုကေ သွားဆိုကြသည်၊ နှင်းအေး၊ ပွင့်ဖြူငယ်နှင့် တခြား မိန်းကလေး သူငယ်ချင်း နှစ်ယောက်လည်းပါသည်၊ စုစုပေါင်း ရှစ်ယောက်ဖြစ်သည်၊ ကျနော်တို့မြို့တွင် ကာရာအိုကေဆိုင်များစွာ ရှိသော်လည်း ဒီဆိုင်တွင် မိသားစုများ သူငယ်ချင်းများ စုကာ အများဆုံးလာဆိုလေ့ရှိကြသည်၊ ကာရာအိုကေအခန်း ရှစ်ခန်းလောက်ပဲရှိကာ မြို့ငယ်လေးအဆင့် ဖြစ်သည်၊ ကျနော်က လင်းလင်း၏ သီချင်းတစ်ပုဒ်နှင့် ကိုင်ဇာ၏ တစ်ဖက်သတ်ကိုကို ကိုဆိုဖြစ်သည်၊ နှင်းအေးရှိလျှက်နဲ့ နင်ဘယ်သူကို တစ်ဖက်သတ် ဖြစ်နေတာလဲ ကိုကိုဆိုပြီး ဝိုင်းနောက်ခံခဲ့ရသည်၊ ဒီနေ့ပွဲတွင် ပွင့်ဖြူငယ်နှင့် တခြား မိန်းကလေးတစ်ဦးတို့ သီချင်းမဆိုသော်လည်း ကျန်သူများအားလုံး တစ်ယောက်ကို အနည်းဆုံး နှစ်ပုဒ်လောက် ဆိုဖြစ်ကြသည်၊
‘ကြည်ပြာရီဝေသော အကြည့်နဲ့ညှို့တဲ့သူ
ကျမရဲ့ ကြင်နာသူ သူ့အကြည့်ဘဝင်မှာဆူ
ရင်ခွင်လွှာကိုပူ အသွေးအသားတွေဆူလို့
အသည်းလေးပေါက်အောင်ကြည့်တဲ့ ကျမ ချစ်သူ
ကြည်ပြာရီဝေသော အကြည့်နဲ့ညှို့တဲ့သူ
သူဟာ ကျမရဲ့ ကြင်နာသူ
သူဟာလေ ကျမရဲ့ ကြင်နာသူ’
နှင်းအေးသည် သီချင်းကို တကယ့်ခံစားနေရသည့်အတိုင်း ဆိုသည်၊ ချမ်းချမ်းဆိုတာထက်တောင် ကောင်းနေသည်၊ သိပ်ကောင်းလွန်း၍ အားလုံးက ဝိုင်းလက်ခုပ်တီး အားပေးဖြစ်ကြသည်၊
ထိုအချိန်တွင် တစ်ဖက်ခန်းမှ
‘ကြည်ပြာရီဝေသော အကြည့်နဲ့ညှို့တဲ့သူ
ကျွန်တော်ရဲ့ ကြင်နာသူ သူ့အကြည့်ဘဝင်မှာဆူ
ရင်ခွင်လွှာကိုပူ အသွေးအသားတွေဆူလို့
အသည်းလေးပေါက်အောင်ကြည့်တဲ့ ကျွန်တော်ချစ်သူ
ကြည်ပြာရီဝေသော အကြည့်နဲ့ညှို့တဲ့သူ
သူဟာ ကျွန်တော်ရဲ့ ကြင်နာသူ
သူဟာလေ ကျွန်တော်ရဲ့ ကြင်နာသူ
ဆိုသော သီချင်းဆိုသံ ထွက်လာသည်၊ ကျနော်တို့အခန်းက ကြားနိုင်လောက်အောင် အသံမြင့်ထားသည်၊ ဒီအခန်းတွေက တစ်ခန်းနှင့်တစ်ခန်းအသံ မလုံပါ၊
မြတ်စိုးက ‘ဒါ ဟိုကောင်တွေဆိုနေတာ ငါတွေ့လိုက်တယ်၊ နေဝင်းထက်ယံတို့ အုပ်စု၊ ဒါ နေဝင်းထက်ယံရဲ့ အသံပဲ’၊
ကျနော်က “ဂရုစိုက်မနေပါနဲ့ ကိုယ်ဆိုချင်တာ ဆက်ဆို” ပြောလိုက်သည်၊
ဒီတစ်ခါနှင်းအေးက ကျမက ချစ်လိုက်ရတာကို ဆိုသည်၊
ဟိုဘက်ခန်းက ဒီသီချင်းကိုပဲဆိုသည် ကျွန်တော်က ချစ်လိုက်ရတာ ဖြစ်သွားသည်၊
မြတ်စိုးက ‘ဒါ တိုက်ဆိုင်တာတော့ မဟုတ်ဘူး၊ ဒီကောင်သက်သက် နှင်းအေးဆိုတာ လိုက်ဆိုနေတာ၊ ဒါ မိန်းကလေးသီချင်းကွ’၊ အားလုံးကလည်း ဒီလိုပဲထင်နေသည်၊
ကျနော်က “နှင်းအေးရေ နင်ပထမဦးဆုံးဆိုတဲ့ သီချင်းပြန်ဆို ငါတို့သိရတာပေါ့ လိုက်ဆိုတာ ဟုတ်မဟုတ်”၊ အဆိုပြုလိုက်သည်၊
နှင်းအေးလည်း ကျနော်ပြောသည့်အတိုင်း ပြန်ဆိုသည်၊
‘ကြည်ပြာရီဝေသော အကြည့်နဲ့ညှို့တဲ့သူ ….. သူဟာလေ ကျမရဲ့ ကြင်နာသူ’
ဟိုဘက်ခန်းကလည်း
‘ကြည်ပြာရီဝေသော အကြည့်နဲ့ညှို့တဲ့သူ ….. သူဟာလေ ကျွန်တော်ရဲ့ ကြင်နာသူ’
ဆိုသော သီချင်းသံ ထွက်လာပြန်သည်၊
အားလုံးဒေါသတွေ ဖြစ်ကုန်တော့သည်၊ မြတ်စိုးက သွားချဲမည် လုပ်သည်၊ သီချင်းတွေက တူတူပဲ ကျွန်တော်နဲ့ ကျမပဲကွာတယ်၊ ကျမကချစ်ရင် ကျွန်တော်ကချစ်လိုက် ဆိုပြီးဒေါသတွေထွက်နေသည်၊
ဒီနေ့တော့ အားလုံးပျော်စရာလေးတွေ ပျောက်ကုန်သည်၊ ကျနော်က “သွားရန်ဖြစ် မနေပါနဲ့၊ သူတို့ကလည်း ဆိုချင်လို့ ဆိုတယ်ဆိုရင် မင်းဘာလုပ်မလဲ၊ ဘာမှလုပ်လို့ မရဘူး”၊
“အဖြေမရေရာတဲ့ ပြဿနာတစ်ခုကို သွားရှာတဲ့သူက အမှားပါ၊ ဘာမှ မဖြစ်သလို ထားလိုက်ရင် ဘာမှ မဖြစ်တော့ဘူး၊ အဲဒါကိုလျစ်လျူရှုတယ်လို့ ခေါ်တယ်၊ ကိုယ်ဘာမှ မဖြစ်တော့ဘူး၊ တစ်ခါတစ်လေမှာ လျစ်လျူရှုလိုက်ရတယ် လာထိတဲ့အရာတိုင်းကို ပြန်ကန်နေမယ်ဆိုရင် လိုရာမရောက်တော့ဘူး၊ ကဲ ငါတို့ပြန်ဆိုကြမယ်၊ ကျော်မိုးအောင်ကစဆို”၊
ဒီလိုနဲ့ ကျနော်တို့ သီချင်းတွေ အပုဒ်များစွာ ဆက်ဆိုဖြစ်ခဲ့ပါသည်၊ မြတ်စိုးရဲ့ ကိုင်ဇာသီချင်းကို မျိုးကြီးအသံနဲ့ ‘မင်းလဲယောက်ျား ငါလည်းယောက်ျား စွမ်းမယ်ထင်လုပ်ကြည့်လိုက်လေ….’ ဆိုပြီး အဆုံးသတ်လိုက်ကြသည်၊ ကျနော်နှင့် နှင်းအေးကတော့ ထပ်မဆိုတော့ပါ၊ သူငယ်ချင်းများကလည်း ထပ်မဆိုခိုင်းပါ၊ နားလည်မှု ဆိုတာကို ကျနော်နားလည်လိုက်ရသည်၊
ကျနော်တို့ပြန်တော့ ဟိုဘက်ခန်းက မပြန်သေးပါ၊ နေဝင်းထက်ယံရဲ့ သီချင်းသံထွက်လာသည် ကျနော်တို့ပြန်တာကို သိလို့ဆိုနေသည် ဖြစ်နိုင်ပါသည်၊ ‘စိတ်မဆိုးပါနဲ့၊ ငါမင်းကိုချစ်လို့ပါ၊ ရင်ခုန်စွာဖြင့် ငါမနေနိုင်ခဲ့ဘူး…….. ငါ ရင်ဆိုင်ဖို့အသင့်ပါပဲ………’ ဘယ်သူသီချင်းမှန်းမသိသော သီချင်းတစ်ပုဒ်ကို ဆိုနေသည်၊
ထိုနေ့က ကျနော်ဆိုင်ကယ်မောင်းပြီး နှင်းအေးက အနောက်ကလိုက်စီးသည်၊ ပထမဦးဆုံးအကြိမ် နှင်းအေးဆိုင်ကယ်ကို မောင်းခြင်းဖြစ်ပါသည်၊ နောက်က လိုက်စီးနေသော နှင်းအေးများ ပြုတ်ကျကျန်နေမလား စိုးရိမ်စိတ်များ မဖြစ်စဖူး ဖြစ်မိပါသည်။
……………………………………………

ဒီလိုနဲ့ ကျနော်တို့တစ်တွေ နောက်ဆုံးနှစ်သို့ ရောက်လာကြသည်၊ ကျောင်းသက်ရင့်လာသည်နှင့်အမျှ အတန်းဘယ်လိုအောင်ရမည်ကို သိလာသဖြင့် ဝါသနာပါသော စီးပွားရေးလုပ်ငန်းကို ကျနော် အစပျိုးခဲ့သည်၊ နာရီစင်နားတွင် ဆိုင်ခန်းတစ်ခန်းငှားကာ ကွန်ပြူတာ၊ ကွန်ပြူတာပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်လေး ကျောင်းတစ်ဖက်နှင့် ဖွင့်ဖြစ်ခဲ့သည်၊ နောင်ကျောင်းပြီးသွားလျှင် အင်တာနက်ကဖေးနှင့် ဂိမ်းစင်တာကို တွဲဖွင့်ဘို့ အစီစဉ်ဆွဲထားသည်၊ ကျနော်ဆိုင်လေးသည် နှစ်ထပ်တိုက်ခန်းလေးဖြစ်သည်၊ ကျောင်းက သူငယ်ချင်းများနဲ့ စည်ကားလျှက်ရှိသည်၊ ကျနော်သည် ဆိုင်တွင်အနေများလာသည်၊ ဆိုင်တွင်အိပ်ဖြစ်သည့် ရက်တွေလည်းရှိလာသည်၊ နှင်းအေးကတော့ ကျနော်ကျောင်းမတက်သောရက်များ များလာသဖြင့် ကျောင်းတွင်ပွင့်ဖြူငယ်နဲ့ အတွဲများလာသည်၊ နောက်ပြီး နှင်းအေးသည် ကျနော်ဆိုင်လေးကို သူ့ဆိုင်သဖွယ် သဘောထားကာ လိုသမျှ အကူအညီပေးသည်၊ ကျနော့်ဆိုင်နှင့် ပွင့်ဖြူအဆောင် ပြေးလွှားရင်း အလုပ်ရှုပ်နေတော့သည်၊ ဒီလိုနဲ့ ဆိုင်အလုပ် ကျောင်းအလုပ်များကို လုပ်ကာ၊ ဆိုင်ကလေးတွင် ကျနော်တို့နှစ်ယောက်နေဖြစ်ခဲ့သည့် အကြိမ်တွေမနည်းတော့ပါ။

တစ်နေ့ ကျနော်ဆိုင်တွင် အိပ်ဖြစ်သည်၊ မနက်မိုးလင်း၍ ဆိုင်တံခါးဖွင့်လိုက်သောအခါ စက္ကူပန်းအိုးလေးနှင့်ခဲတံတစ်ချောင်း ကိုတွေ့လိုက်သည်၊ ခဲတံကိုတော့ ပန်းအိုးထဲတွင် ထိုးစိုက်ထားခြင်းဖြစ်သည်၊ ဘာမှန်းမသိ၍ ပန်းအိုးသေးသေးလေးကိုတော့ ဆိုင်နှစ်ဆိုင်ကြားတွင် ထားလိုက်ပြီး ခဲတံကို ဟိုဘက်ဆိုင်က ကလေးတစ်ယောက်ကို ပေးလိုက်သည်၊ စိတ်ထဲမှာတော့ ဘယ်သူလာထား လာဆော့သွားတာပါလိမ့်လို့ တွေးပြီး စိတ်ထဲက ဖျောက်ပစ်လိုက်သည်၊ နောက်နှစ်ရက်နေတော့ စက္ကူပန်းအိုးလေးနှင့်ခဲတံတစ်ချောင်းကို ဆိုင်ရှေ့တွင် ထပ်တွေ့ပြန်သည်၊ ဒီတစ်ခါတော့ For you ဆိုပြီးရေးထားသော စာရွတ်ကလေးပါသည်၊ ထိုနေ့က နှင်းအေးက စာတွေလုပ်မည်ဆိုကာ ဆိုင်လေးတွင် အိပ်သည်၊ ကျနော်က “နှင်းအေး နင်ကို တစ်ယောက်ယောက်က လာပေးတာနေမှာ”၊ နှင်းအေးက ‘မဟုတ်ရပါဘူး ငါမှ ပန်းမကြိုက်တာ’၊ ဒီလိုနဲ့ တစ်ပတ် နှစ်ခါလောက် မနက်မိုးလင်းလျှင် စက္ကူပန်းအိုးလေးနှင့်ခဲတံတစ်ချောင်း ကျနော် ဆိုင်ရှေ့သို့ရောက်ရောက်လာသည်၊ တစ်စုံတစ်ယောက်က လာထားနေတာသေချာပြီကို ကျနော်ရော နှင်းအေးပါ လက်ခံလိုက်ကြသည်၊ ဘယ်သူလည်း သိအောင်လုပ်ဘို့ ဆုံးဖြတ်လိုက်ကြသည်၊ ဆိုင်နှစ်ဆိုင်ကြားမှာတော့ ပန်းအိုးလေးတွေ များလာခဲ့သည်။

ကျနော်တို့ နှစ်ယောက် ညမအိပ်ပဲစောင့်သော်လည်း ကျနော်တို့ အိပ်ပျော်နေသော အချိန်၊ လစ်ဟသွားသော အချိန်တွင် စက္ကူပန်းအိုးလေးနှင့်ခဲတံတစ်ချောင်း ရောက်လို့နေပါပြီ၊ မသင်္ကာစရာ တစ်ယောက်တော့ရှိပါသည်၊ တစ်ခါတစ်လေ ကျနော်တို့ဆိုင်နားက လက်ဖက်ရည်ဆိုင်တွင် နေဝင်းထက်ယံကို တွေ့ရသည်၊ သူ့ကားကို လမ်းထောင့်တစ်နေရာတွင် ရပ်ထားလေ့ရှိတာလည်း တွေ့ရသည်၊ ဒါပေမဲ့ သူဖြစ်ကြောင်း မပြောနိုင်သေး၊ နှင်းအေးတစ်ယောက် ကတော့ ခိုးကြောင်ခိုးဝှက်လုပ်နေတာ ဒီကောင်ပဲဖြစ်မယ်ဆိုပြီး၊ နေဝင်းထက်ယံကို ဒေါသဖြစ်နေပြီ၊ မိအောင်ဖမ်းပြမယ် မိရင်တော့လား ဆိုပြီး ကြိမ်းဝါးနေသည်၊ ဆိုင်ရှေ့တွင်လည်း ‘အခွင့်မရှိပဲ မည်သူမျှ ဘာပစ္စည်းမှ လာမထားရ’ စာရေးထားလိုက်သေးသည်၊ ဒီအချိန်မှာတော့ လူကိုမမိတော့လည်း ဘယ်သူလဲဆိုတာ မိအောင်လုပ်နည်းကို ပစ္စည်းလေးတွေစုကာ ကျနော်လုပ်ဖြစ်ခဲ့သည်။

လျှို့ဝှက်တတ်ဆင်ထားသော ကင်မရာသေးသေးလေးမှ ရိုက်ယူထားသော ဗီဒီယို ရီကော့ကို ကျနော်တို့ကွန်ပြူတာနဲ့ ဖွင့်ကြည့်လိုက်သည်၊ ကျနော်တို့ ထင်ထားသည့် အတိုင်းပင် ခိုးကြောင်ခိုးဝှက်လုပ်သော သူတစ်ယောက်ကို မိအောင် ဖမ်းနိုင်ခဲ့ပါသည်၊ နှင်းအေးက ငါ သူ့ကိုစိတ်မဝင်စားဘူး ဆိုတာလည်း သိထားတယ်၊ နင်နှင့်ငါနဲ့ ဒီလောက်တွဲနေတာသိလျှက်နဲ့ ဒီကောင် ခုကိုယ်ထိလက်ရောက် လုပ်လာတယ်ဆိုတော့၊ ငါတို့ရှင်းမှဖြစ်တော့မယ်ကိုကို၊ ကျနော်ကလည်း အေးလေ ဒီကောင်နဲ့ တွေ့ပြီး ရှင်းကြတာပေါ့၊ ကျနော်တို့ နေဝင်းထက်ယံနဲ့ တွေ့ဆုံရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။

ကျောင်းအဆောင်တစ်ခုရှေ့ နေဝင်းထက်ယံ တစ်ယောက် လာကြိုသော သူ့ကားပေါ်တက်ဖို့ အလုပ်မှာ ကျနော်တို့ဆိုင်ကယ်လေး သူရှေ့ကို ထိုးရပ်လိုက်သည်၊ နှင်အေးက ‘နေဝင်းထက်ယံ ငါတို့နင်နဲ့ စကားပြောစရာရှိတယ်’၊ နေဝင်းထက်ယံက ဂရုမစိုက်ပဲ ကားပေါ်တက်ဖို့ လုပ်သည်၊ နှင်းအေးက ကားတံခါးကို လက်နဲ့ပိတ် ကာထားလိုက်သည်၊ ‘နင်နဲ့ပြောစရာ ရှင်းစရာရှိလို့ နင်အချိန်ပေးရလိမ့်မယ်’၊ ထိုအခါကြမှ နေဝင်းထက်ယံက ‘ဘာပြဿနာရှိလို့လဲ၊ ဘာဖြစ်ချင်လို့လဲ’ မေးလာသည်၊ ကျနော်က ဝင်၍ “မင်း ပန်းအိုးလေးတွေ လာလာချသွားတဲ့ ကိစ္စလေ”၊ နေဝင်းထက်ယံက နှင်းအေးဘက်လှည့်ကာ ‘မဆိုင်ဘူး ထင်တယ်နော်’ ခပ်တည်တည် ပြန်ပြောသည်၊ ‘နင်လုပ်နေတာ ငါနဲ့ဘာလို့ မဆိုင်ရမလဲ၊ ငါကို နှောက်ယှက်နေတာပဲ၊ ဒီမှာဓါတ်ပုံကြည့်’၊ ကျနော်တို့ ပရင့်လုပ်လာသော ပုံကိုကြည့်ပြီး နေဝင်းထက်ယံတစ်ယောက် လူမိတာကို နားလည်လိုက်ပြီဖြစ်သည်၊ နေဝင်းထက်ယံသည် ကျနော်ကို လုံးဝမကြည့် မျက်နှာချင်းမဆိုင်ချေ၊ နှင်းအေးဘက်လှည့်ကာ ‘ဒါ ကျွန်တော် ခင်ဗျားကို နှောင့်ယှက်တာ မဟုတ်ဘူး၊ ကျွန်တော် အချစ်ကို ကျွန်တော်ပြတာ’၊ နှင်းအေးကတဖန် ‘နင့်အချစ်ကို ပြချင်သလောက်ပြလေ ဒါပေမဲ့ လူတစ်ဖက်သားကို မနှောင့်ယှက်မိစေနဲ့၊ ခိုးကြောင်ခိုးဝှက်လုပ်တဲ့ ကိစ္စဟာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး’၊ နေဝင်းထက်ယံက ‘ခိုးကြောင်ခိုးဝှက်လုပ်တဲ့ ကိစ္စဟာ မကောင်းဘူးဟုတ်လား၊ ခင်ဗျားလဲ ခိုးကြောင်ခိုးဝှက် လုပ်နေပြီးတော့’၊ ဒီတစ်ခါတော့ နှင်းအေးက တဖန် ‘ဘာ’ ဆိုပြီး ဒေါသနဲ့ အော်လိုက်သည်၊ ကျနော်ကလည်း “မင်း အဲဒီလို အောက်တန်းမကျနဲ့ကွ”၊ နေဝင်းထက်ယံက ကျနော်ဘက်မလှည့်ပဲ၊ ‘ကျွန်တော်က အောက်တန်းကျတာ မဟုတ်ဘူး၊ ကျွန်တော် အချစ်ကို ကျွန်တော်ပြတာ’၊ သူလည်းဒေါသထွက်နေသည့်ပုံစံ တုန်တုန်ယင်ယင် ဖြစ်နေပါပြီ၊ နှင်းအေးက ‘မိုက်ရိုင်းလိုက်တာ၊ စောက်သုံးမကျတာ ကိုယ်ကိုကိုယ်မသိတာ၊ လူလိုနားမလည်တဲ့ကောင်’၊ ဆိုပြီး ဒေါသတကြီးနဲ့ ပြောနေသည်၊ ထိုအချိန်မှာပင် ရှေ့ကားတံခါးပွင့်ကာ နေဝင်းထက်ယံအစ်မ ကားပေါ်က ဆင်းလာသည်၊ ‘ဘယ်သူလဲ ငါ့မောင်ကို မိုက်ရိုင်းတယ်၊ လူလိုနားမလည်ဘူးပြောရအောင်၊ ညည်းက ဘာကောင်မလဲ၊ လူကိုက ယောက်ျားလိုလို မိန်းမလိုလိုနဲ့ ယောက်ျားတွေနဲ့ တရုန်းရုန်း၊ ဆပ်ဆလူး၊ လင်မယား မဖြစ်သေးဘူး အတူနေ အတူအိပ်နေပြီး၊ အလကားဟာမ’၊ ပြောကာ ရန်စဖြစ်သည်၊ နှင်းအေးသည် ဒေါသကြီး၍ တုန်နေပြီ၊ နေဝင်းထက်ယံအစ်မဘက်လှည့်ကာ ‘ရှင်ကရော ဘာထူးလဲ၊ အပျိုကြီး အပျိုကြီးနဲ့ ဘယ်လောက်ခိုးစားထားသလဲ၊ အချိန်တန်ပြီး မပွင့်ရတော့ သူများကို မနာလိုလိုက်ဖြစ်နေတာ၊ ဒီမှာ လောကကြီးမှာ အပျိုကြီး လူပျိုကြီးဆိုတာ စောက်သုံးမကျတဲ့သူတွေဖြစ်တာ၊ ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်က ကိုယ်ကိုချစ်လာအောင်၊ ကိုယ်နဲ့အတူနေနိုင်အောင် စွမ်းဆောင်နိုင်မှု မရှိဘုး၊ ဘယ်လောက်ပဲ ချမ်းသာနေပါဦး၊ ပညာတွေတတ်နေပါဦး အပျိုကြီးဆိုတာ ချို့ယွင်းချက်ရှိ အသုံးမကျတဲ့သူတွေ’၊
နေဝင်းထက်ယံအစ်မကလည်း ‘ငါက မရှိတာ၊ မရတာမဟုတ်ဘူး မလိုချင်လို့ဟေ့၊ မယူချင်လို့ဟေ့’
နှင်းအေးကလည်း ‘အဲလို မလိုချင် မယူချင် ဖြစ်နေတာကလည်း ချို့ယွင်းချက်ပဲ’၊
ဒီထက်မက ဆိုးဝါးသော စကားတွေဝင်လာမည်၊ လာခဲ့တဲ့ အကြောင်းရင်းကနေလွဲချော်သွား၍ ကျနော်သည် ကြားဝင်၍၊ “တော်ပြီ အားလုံးတော်ပြီ၊ ငါတို့လိုချင်တာက နေဝင်းထက်ယံ မင်းဆက်မလုပ်ဖို့ပဲ၊ ငါတို့ဖက်က တောင်းပန်းစရာရှိလည်း တောင်းပန်တယ်” ဝင်ပြောလိုက်သည်၊ နေဝင်းထက်ယံကလည်း ‘ကောင်းပြီ ကျွန်တော်ဘက်က လွန်တယ်လို့ဆိုရင်လဲ တောင်းပန်တယ်’ ပြောပြီး ကားပေါ်တက်သွားသည်၊ သူ့အစ်မလည်း ကားပေါ်လိုက်တက်ကာ မောင်းထွက်သွားသည်၊ နှင်းအေးက ‘ဘာဖြစ်လို့ နင်တောင်းပန်လိုက်တာလည်း၊ တောင်းပန်စရာမလိုဘူး၊ ဒီအမျိုးသမီး ငါကို စော်ကားသွားတာ’၊ ကျနော်သည် ဒေါသဖြစ်နေသော နှင်းအေးခေါင်းကလေးကို ဖက်ထားလိုက်ပြီး ဆံပင်လေးတွေကို ပွတ်သတ်ကာ “နှင်းအေး ငါတို့လိုချင်တာက ဒီကောင် ငါတို့ကို ဆက် မနှောင့်ယှက်ဖို့ပဲ၊ သူ့အစ်မကလည်း နင့်ကိုပြော၊ နင်ကလည်း သူ့အစ်မကိုပြန်ပြော၊ ဘယ်သူမှ နင့်ကို ရင့်ရင့်သီးသီးပြောတာ ငါမခံနိုင်ဘူး၊ နောက်ဆက်တွဲတွေ မဖြစ်ရအောင် ငါ ပြီးလိုက်တာ၊ နောက်ပြီး ရည်းစားတစ်ယောက်နဲ့ လက်မထပ်ခင် အတူနေ၊ အတူအိပ်တယ်ဆိုတာ လူတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်ပဲ၊ အဲဒီလိုပဲတစ်ချို့က အပျိုကြီးအဖြစ် လူပျိုကြီးအဖြစ် သူတို့ရွေးချယ်ခဲ့ကြတယ်၊ ဒါလဲ လူတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်ပဲ၊ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ အဲဒီ ရွေးချယ်ပိုင်ခွင့်တွေကို အသိအမှတ်ပြု လေးစားရမယ်၊ လူတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်ကို ပြစ်တင်ရှုပ်ချစရာ မလိုဘူး၊ မပြီးနိုင်တဲ့ အငြင်းပွားမှုတွေကို တောင်းပန်တာနဲ့ အဆုံးသပ်လိုက်တော့ ပြီးသွားတာပေါ့၊ နင်ရော ဘယ်လောက်ထိ ပြောနိုင်မှာလည်း ခုတောင် တော်တော် မောနေပြီ မဟုတ်လား”၊ ကျနော်ပြောကာ ချော့လိုက်မိသည်၊ ‘နင် ငါအတွက်နဲ့ ဘာမှ မဖြစ်စေရပါဘူး’ ဆိုပြီး နှင်းအေးကို ကျနော် တင်းကြပ်စွာဖက်ထားလိုက်သည်။

ထိုနေ့က ဖြစ်သွားသော အဖြစ်အပျက်သည် ကျနော် ချစ်သူကို တန်ဘိုးထားရမည် ဆိုသော အသိတရားတစ်ခုကို ရရှိခဲ့သည်၊ ကျနော်ကြောင့် ကျနော့်ချစ်သူကို မထိခိုက်စေချင်ပါ၊ ကျနော်သည် အဖေကို အရိပ်အမြွက်လောက် ပြောပြသောအခါ၊ အဖေသည် အမေနဲ့တိုင်ပင်ကာ နှင်းအေးတို့ မိဘတွေဆီသွားပြီး နားဖေါက်လိုက်ကြသည်၊ ကျောင်းပြီးတာနဲ့ အိမ်တောင်ချပေးမည့် အစီအစဉ်ကို နှစ်ဖက်မိဘများက လက်ခံသဘောတူလိုက်ကြသည်၊ ဒါပေမဲ့ နှင်းအေးက ကျောင်းပြီး တစ်နှစ်လောက်နေမှ လက်ထပ်ရန်ပြောလာသဖြင့် ဘာကြောင့်မှန်း မသိသော်လည်း ကျနော်လုပ်ငန်းကို ခိုင်မာအောင်လုပ်ရတာပေါ့ ဆိုပြီး နှင်းအေး အလိုကို လိုက်ခဲ့သည်။
…………………………………………………………….

ဒီလိုနဲ့ တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲကို ကျနော်တို့ အားလုံးအောင်မြင်ခဲ့သည်၊ နှင်းအေးနှင့် ပွင့်ဖြူငယ်တို့နှစ်ယောက် ဂုဏ်ထူးတန်း ဆက်တက်ကြမည်ဖြစ်သည်၊ ပြီးလျှင်မဟာတန်းကို မန္တလေးတွင် သွားတက်ရမည်ဖြစ်သည်၊ နှင်းအေးကတော့ ဂုဏ်ထူးတန်းထိပဲ တက်မည်ဟု ကျနော်ကို ပြောလာပါသည်၊ ကျနော်သည် ဆိုင်၏လုပ်ငန်းကို ပိုဂရုစိုက်လုပ်လာသဖြင့် ကျနော်ဆိုင်ခန်းလေးနှင့် ကျနော်အိပ်သောနေရာကို ရှင်းလင်း သပ်သပ်ရပ်ရပ် လုပ်ပေးသောသူသည် နှင်းအေးဖြစ်လာခဲ့သည်၊ ဒီဆိုင်ခန်းလေးသည် ကျနော်တို့နှစ်ယောက်အတွက် အိမ်ကလေးဆိုလျှင်လဲ မဆန်းပါ။

ခုတလော နှင်းအေးကိုကြည့်ရသည်မှာ တစ်မျိုးဖြစ်လို့နေသည်၊ ဘာဖြစ်လို့လဲ မေးသောအခါ၊ ငါ နင့်ကိုထားပြီး မဟာဘွဲ့ မန္တလေးသွား တက်ရမလား မတက်ရဘူးလား ဒွိဟဖြစ်နေလို့ပါ၊ ကျနော်ကတော့ စိတ်ပါရင် သွားတက်ဖို့ အားပေးသည်၊ အဲဒီအခါကြတော့ နှင်းအေးက ငါနင်နှင့်မခွဲနိုင်ဘူး၊ မဟာဘွဲ့ရတော့ ဘာလုပ်မလဲ၊ စိတ်ညစ်ပါတယ်ဟာ လို့ဆိုသည်၊ ကျနော်က ဒီလိုဆိုလဲ လောလောဆယ် စိတ်ညစ်မခံနေနဲ့ ဂုဏ်ထူးတန်းပြီးမှ ဆုံးဖြတ်ကြတာပေါ့လို့ နှစ်သိမ့်ခဲ့ရသည်။

ထိုနေ့ညက မန္တလေးက အိုင်တီသမားတွေနဲ့ ကျနော် ညစာ လိုက်စားဖြစ်သည်၊ အရက်အပြင်းစား နည်းနည်းသောက်လာသဖြင့် ကျနော်ထွေလို့နေသည်၊ ဆိုင်ကိုပြန်ရောက်တော့ နှင်းအေးရှိနေသည်၊ ကျနော်ချစ်သော နှင်းအေးကို နှစ်သက်စွာနမ်းမိသည်၊ တော်တော်ကြာပါပြီ နှင်းအေးကို နမ်းရသည်မှာ အသက်မပါသလိုဖြစ်နေသည်၊ တစ်ခါတစ်လေတော့လည်း စိတ်ပါလက်ပါနဲ့ နှင်းအေးအနမ်းခံသည်၊ သူစိတ်ညစ်နေလို့ နေမကောင်းနေလို့ နေမှာပါ ထင်လိုက်မိသည်၊ ဒီနေ့တော့ ကျနော် အနမ်းထက်ပိုအောင် ကြိုးစားလိုက်သည်၊ နှင်းအေးက စိတ်မပါသလိုဖြစ်နေသည်၊ ကျနော်သက်ပြင်းချလိုက်တော့ ခဏနေဦးဆိုပြီး အဝတ်အစားလဲကာ အိပ်ယာထဲ ရောက်လာသည်၊ ထိုနေ့ညက နှင်းအေးသည် ကျနော်ကို လိုချင်သော သာယာမှုကို အပြည့်အဝပေးခဲ့ပါသည်၊ မနက်ကြတော့ ကျနော်သည် စောစောနိုးလို့နေသည်၊ မျက်နှာသစ်ပြီး ဆိုင်မဖွင့်သေးပဲ ထိုင်ခုံပေါ်တွင် ကျနော်တို့ မင်္ဂလာဆောင်မည့် အစီအစဉ်ကို တွေးလို့နေမိသည်၊ နှင်းအေးတစ်ယောက်ကတော့ သန့်စင်ခန်းထဲမှာဖြစ်သည်၊ ထိုအချိန်တွင် တံခါးကို ဒုံးဒုံးနဲ့ အဆက်မပြတ် လာထုသဖြင့်၊ ဆိုင်တံခါးကို ဖွင့်ပေးလိုက်တော့ ဒေါသတကြီး မျက်နှာနဲ့ ပွင့်ဖြူငယ်ကို တွေ့လိုက်ရသည်။

‘ကိုကို နှင်းအေးရှိလား’၊
“ရှိပါတယ် အိမ်သာထဲမှာ”၊
‘သူ့ပစ္စည်းတွေ ဘယ်နားမှာထားလဲ’၊ ပြောရင်း ကျနော်တို့ အိပ်သည့် အပေါ်ထပ်ကိုတက်သွားသည်၊ ပွင့်ဖြူငယ်အတွက် ကျနော်ဆိုင်သည် ရင်းနှီးနေပါသည်၊
ကျနော် ပွင့်ဖြူငယ်နောက်ကလိုက်ရင်း “ဘာဖြစ်တာလဲ ဘာပစ္စည်းတွေလဲ” မေးလိုက်သည်၊
ပွင့်ဖြူငယ်က မဖြေ ဘီဒိုတွေ ပုံးတွေကို ဖွင့်ရှာနေသည်၊
ထိုအချိန်တွင် နှင်းအေးရောက်လာသည်၊ ‘ဘာလုပ်တာလဲ ပွင့်ဖြူ နင်ဘာလာလုပ်တာလဲ’၊ မေးလိုက်သည်၊
ပွင့်ဖြူငယ်က ‘နင် ငါဘာလာလုပ်သလဲ သိပါတယ်၊ ငါပစ္စည်းတွေ ဘယ်မှာလဲပြော၊ ငါ ဒီနေ့ နင်နဲ့ စာရင်းရှင်းမယ်၊ ငါ နင်နဲ့မပတ်သက်ချင်တော့ဘူး’၊
နှင်းအေးက ‘ငါတောင်းပန်ပါတယ်ပွင့်ဖြူ၊ ငါတို့နောက်မှ ရှင်းကြတာပေါ့ ငါဒီမှာ မရှင်းချင်ဘူး၊ ငါတောင်းပန်ပါတယ်၊ တကယ်ကို ငါတောင်းပန်ပါတယ်’၊
‘ဒီမှာပဲ ရှင်းချင်တယ် ကိုကိုလည်းသိစေချင်တယ်၊ ငါသည်းမခံနိုင်တော့ဘူး’၊
‘ငါကို အဲဒီလိုတော့ မလုပ်လိုက်ပါနဲ့ ပွင့်ဖြူရယ်၊ ငါသေရပါလိမ့်မယ်၊ ငါတောင်းပန်ပါတယ်’၊
သူတို့ပြောနေတာတွေ နားထောင်ပြီး၊ ကျနော် ဘာတွေဖြစ်နေလဲ မသိတော့ပါ၊ တစ်ယောက်က ဒေါသတကြီး ယိုးစွတ်နေပြီး၊ တစ်ယောက်က သေလောက်မတတ် တောင်းပန်နေသည်။

ဒီလိုနဲ့ ပွင့်ဖြူငယ် ကျနော်ကုတင်နားရောက်လာသည်၊
‘ဒါ ငါဟာပဲ၊ ဒါ ကျမဟာပါ၊ လွန်ခဲ့သော သုံးလလောက်က ပျောက်သွားတာ’၊
နောက် ကုတင်နောက်က အဝတ်ခြင်းထဲကြည့်ပြီး ‘ဒီမှာ ငါ ဟိုတစ်နေ့က ပျောက်သွားတာဟာ ကျမတောင် မဝတ်ရသေးဘူး’၊ ဆိုပြီး ကျနော်အဝတ်ခြင်းကို မွေနှောက်နေသည်၊
နှင်းအေးသည် အပြေးရောက်လာပြီး ပွင့်ဖြူငယ်လက်ထဲက အရာများကို လုလို့နေသည်၊ မိန်းမနှစ်ယောက်ကြားမှာ ကျနော် ဘာလုပ်ရမှန်းမသိ၊ ဘာမှ နားမလည်နိုင်အောင်ဖြစ်ရသည်၊ ဘာဖြစ်လို့ ကုတင်တွင် မဝတ်ပဲထားထားသော နှင်းအေး၏ အတွင်းခံဘော်လီကို ပွင့်ဖြူငယ်က သူဟာလို့ပြောနေသနည်း၊ တဆက်ထဲမှာပဲ ကျနော်က နှစ်ယောက်စလုံးကို ရပ်ဖို့ပြောနေပေမဲ့ ဘယ်သူမှ မရပ်ကြ တစ်ခုခုကိုလုနေကြသည်၊
ဝုန်းကနဲ အသံနှင့်အတူ ပွင့်ဖြူငယ်အရှိန်နဲ့ လွင့်သွားပြီး ကုတင်နှင့်ဆောင့်မိသည်၊ ခေါင်းမှ သွေးတွေဖျာကနဲ ထွက်လို့လာသည်၊ လက်ထဲမှာတော့ မနေ့ညက နှင်းအေးဝတ်အိပ်သည့် အတွင်းခံဘောင်းဘီ အနီရောင်ကို ကိုင်ထားသည်၊ ပါးစပ်ကလည်း ‘ဒါ ငါဟာ နာလိုက်တာ ကျွတ်ကျွတ်’ ဆိုပြီး ပြောနေသည်၊ ကျနော်က “ဟာ သွေးတွေ ဘယ်လိုဖြစ်ကြတာလဲ နှင်းအေးဘယ်လိုဖြစ်တာလဲ” ကျနော်လှမ်းမေးလိုက်သည်၊ နှင်းအေးသည် တုန်တုန်ယင်ယင်နဲ့ မျက်ရည်ဝဲနေရမှာ အံကိုကြိတ်လိုက်ပြီး ‘မုန်းတယ်’ ‘မုန်းတယ်’ ဆိုပြီး ပါးစပ်မှ အဆက်မပြတ်ရွတ်ခါ ထွက်ပြေးသွားသည်၊
ထွက်ပြေးသွားသောအသံနှင့် ‘ဟဲ့သမီး ဘာဖြစ်တာလဲ’ ဆိုသော ကျနော့်ယောက္ခမလောင်း ကြီး၏ အသံကို ကြားရသည်၊ ထိုအချိန်မှာ ပွင့်ဖြူငယ်က ‘အား’ ‘နာလိုက်တာ နာလိုက်တာ’ ဆိုပြီး ကိုကိုရေ ထူပါဦးဆိုပြီး ကျနော်ကို လှမ်းဆွဲလိုက်သည်၊ ကျနော်လည်းယိုင်ကာ ပွင့်ဖြူငယ်ပေါ် ပြုတ်ကျသွားသည်၊ ထိုအချိန်တွင် ‘သြော် မင်းတို့က ဒီလိုဖြစ်နေကြတာကိုး’ ‘ဒါကြောင့် ငါသမီးက မျက်ရည်တွေနဲ့ မုန်းတယ် မုန်းတယ် ဆိုပြီး ထွက်သွားတာ’၊ ကျနော်က ထရပ်လိုက်ပြီး “ဦး မဟုတ်ဘူးဦး” ဆိုပြီး ရှင်းပြဖို့အလုပ်မှာ၊ ခွတ်ဆိုပြီး အထိုးခံလိုက်ရသည်၊ ‘မင်းစောက်သုံးမကျတဲ့ကောင်’၊ ‘တော်တော်ယုတ်မာတဲ့အကောင်’ ဆိုပြီး နောက်တစ်ချက် ထပ်ထိုးပြန်သည်၊ ‘သစ္စာမရှိတဲ့ ခွေးလိုကောင်’ ဆိုပြီး ကျနော့်ယောက္ခမလောင်း နှင်းအေးတို့ အဖေထွက်သွားသည်၊ ရှင်းပြခွင့် မရလိုက်၊ ပွင့်ဖြူငယ်လည်း ‘ရှက်လိုက်တာ’ ‘ရှက်လိုက်တာ’ ဆိုပြီးထွက်သွားသည်၊ ကျနော်တစ်ယောက်ထဲ အထိုးခံရ၍ မှုးနောက်ကာ ကျန်ခဲ့သည်၊ ပြီးနောက် နှင်းအေးနောက်ကို လိုက်ရန် ကျနော် အပြင်သို့ထွက်လာခဲ့သည်။

ထိုနေ့က တစ်မြို့လုံး နှင်းအေးကို ကျနော်ရှာဖွေခဲ့သည် မတွေ့ရှိခဲ့ပါ၊ နှင်းအေးတို့အိမ်ကလည်း သူ့သမီး တစ်ခုခုဖြစ်သွားလျှင် ကျနော်ကို သတ်မည်ဟုကြိမ်းသည်၊ ညမိုးချုပ်တော့ ကျနော်ဆိုင်သို့ပြန်လာခဲ့ပါသည်၊ သူငယ်ချင်းတွေကတော့ ရှာလို့ကောင်းတုန်း၊ မြတ်စိုးက သတင်းပို့လာသည် ပွင့်ဖြူငယ်လည်း ဒီမြို့မှာ မရှိတော့ဘူးဆိုသည်၊ ဘာတွေဖြစ်သွားလဲ ဘာဖြစ်လို့ နှင်းအေး၏ အတွင်းခံပစ္စည်းတစ်ချို့သည် ပွင့်ဖြူငယ်ပိုင်ဆိုင်တာတွေ ဖြစ်နေရပါသနည်း၊ ကျနော်နားမလည်နိုင်တော့၊ ခုတော့ လူတွေအားလုံးက ကျနော်သည် ငါးရံ့နှစ်ကောင်ဖမ်းသူ၊ ချစ်သူမိန်းကလေးအပေါ် ယုတ်မာရက်စက်သူ၊ ဖေါက်လွဲဖေါက်ပြန် သစ္စာမရှိသူ တစ်ယောက်ဖြစ်ခဲ့ပါပြီ၊ လူတွေကို ကျနော်ကိုယ်တိုင် မသိသေးသဖြင့် ဘယ်လိုရှင်းပြရမလဲ မသိပါ၊ ဖြေရှင်းပေးနိုင်သည့် သူနှစ်ယောက်သည် ကျနော်နားတွင် မရှိတော့ပါ၊ ထိုနေ့ညသည် ကျနော်ဘဝတွင် ကမ္ဘာပျက်သည့် ညတစ်ည ဖြစ်ခဲ့ပါသည်၊ အဖြေရှာရင်း မိုးဘယ်လိုလင်းခဲ့သလဲ မသိပါ၊ ကြုံဖူးသူတစ်ချို့သိကြမည်ဟု ကျနော်ထင်မြင်မိပါသည်၊ ကျနော်သည် ညကိုမနားခဲ့တော့ နောက်နေ့တွင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ နေခဲ့ပါသည်၊ နှင်းအေးနဲ့ ပတ်သက်နေ၍ သူငယ်ချင်းတွေကိုတောင် ဘာဖြစ်သွားတာလဲ ကျနော်အတိအကျ မပြောခဲ့ပါ၊ အထင်လွဲသွားတာပါလို့ အပေါ်ယံလောက်သာ ပြောပြဖြစ်ခဲ့သည်၊ အဓိက ကတော့ ကျနော်နှင်းအေးကို ရှာဖွေတွေ့ရှိနိုင်ရေးပင် ဖြစ်ပါသည်၊ သေချာတာ တစ်ခုကတော့ ‘မုန်းတယ်’ ‘မုန်းတယ်’လို့ နှင်းအေးပြောသွားခြင်းသည်၊ ကျနော်ကို ပြောသွားခြင်း မဟုတ်တာတော့ သေချာပါသည်။

ညနေစောင်း နည်းနည်းသက်သာလာတော့ ကျနော် ဘုန်းကြီးကျောင်းတွေ၊ မယ်သီလရှင်ကျောင်းတွေပါ လိုက်ရှာသည်၊ ခရစ်ယာန်ဘုရားကျောင်းတွေထဲလည်း ရောက်သည်၊ ရှာလို့ မတွေ့ခဲ့ပါ၊ ကိုယ်ရှာနေတဲ့သူ ဘယ်လိုမှ ရှာမတွေ့ခြင်း ခံစားချက်ကိုတော့ ရှာဖူးသူများသာ သိနိုင်ပါလိမ့်သည်၊ ကျနော်မိသားစုတွေရော သူငယ်ချင်းတွေပါ နှင်းအေးကို ရှာနေကြဆဲ ဖြစ်ပါသည်၊ နှင်းအေးတို့အိမ်ကလည်း လိုက်ရှာနေသည်ဟု ဆိုသည်၊ နှင်းအေး တစ်ယောက်တော့ ဘယ်မှာရှိနေမလဲ မသိပါ၊ ကိုယ်ကိုကိုယ် မယုံကြည်သူများ၊ စိတ်ပျော့ညံ့သူများ၊ အရှုံးပေးလွယ်သူများသည် ဘုရားသခင်များထံ၌ ဆုတောင်းကြသည်ဆို၏၊ ထိုနေ့က ကျနော်သည် ဆုတောင်းမှုတွေ လုပ်ခဲ့ပါသည်၊ နှင်းအေးပြန်လာပါစေ၊ နှင်းအေးတစ်ယောက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပါစေလို့၊ ဒီလိုနဲ့ ညမိုးချုပ် ကျနော်ဆိုင်ပြန်ရောက်တော့ စာတစ်စောင်ရောက်လို့ နေပါသည်၊ နှင်းအေးဆီကတော့ မဟုတ်ပါ ပွင့်ဖြူငယ်ဆီကဖြစ်ပါသည်။

အကျိုးအကြောင်းသိရအောင် စာကို ကျနော်အမြန် ဖေါက်ဖတ်လိုက်မိသည်၊ စာဖတ်ပြီးသော် နားမလည်ခြင်း မယုံကြည်နိုင်ခြင်းများစွာဖြင့် မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဟု ကျနော် အကြိမ်ကြိမ် ရေရွတ်နေမိသည်၊ စာထဲတွင် ပွင့်ဖြူငယ်က သူ၏မထိမ်းနိုင်သော မိုက်မဲသော ဒေါသတွေကြောင့် ဖြစ်သွားရခြင်းဖြစ်ကြောင်း၊ ကျနော်ကိုတောင်းပန်ပါကြောင်း ခွင့်မလွတ်ခဲ့လျှင်လည်း သူအပြစ်ရှိသည်လို့ ခံယူထားပြီးဖြစ်ကြောင်း ဆိုသည်၊ အရင်က နှင်းအေးသည် သူကို ရိုးရိုးခင်သည်ဟု ထင်ခဲ့မိကြောင်း၊ ဒါပေမဲ့ တစ်နေ့မှာတော့ နှင်းအေးသည် သူကိုနမ်းခဲ့ကြောင်း သူငယ်ချင်းအချင်းချင်း နမ်းသည်ထင်၍ ဘယ်လိုမှ မနေခဲ့ကြောင်း၊ နောက်ပိုင်း နှင်းအေး၏အနမ်းများကို မခံနိုင်တော့သဖြင့် သူ နှင်းအေးကို သူ့ကိုမနမ်းရန် တားမြစ်ခဲ့ကြောင်း၊ အဲဒီနောက်ပိုင်း သူ၏ အတွင်းခံပစ္စည်းများ ပျောက်လေ့ရှိလာကြောင်း၊ ပထမတော့ အထားမှားသည်ဟု ထင်ခဲ့ကြောင်း နောက်မှ ခိုးခံရသည်ကို ရိပ်မိလာသည်ဆိုသည်၊ တစ်နေ့သူတို့ မိန်းကလေးဆောင်တွင် သူငယ်ချင်းမွေးနေ့ပွဲ ကျင်းပရာ နှင်းအေးလည်းလာကြောင်း၊ အားလုံး ဘီယာသောက်ကျရာ နှင်းအေးလည်းမူးနေသည်လို့ သူထင်မိကြောင်း၊ သူကတော့ သိပ်မမူးဟုဆိုသည်၊ အဲဒီမှာ နှင်းအေးက သူမှာ မိုးကိုကိုချစ်ခဲ့သော်လည်း တကယ်တမ်း ပွင့်ဖြူငယ်ကို ရင်းနီးခွင့်ရလာသောအခါ သူသည် ပွင့်ဖြူငယ်ကို ချစ်ခင်မြတ်နိုးမိနေကြောင်း ဆိုလာသဖြင့်၊ သူအံ့သြတုန်လှုပ်မိခဲ့သည်ဆိုသည်၊ မိန်းကလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်တယ်ဆိုတာ ဒီအရွယ်မှာ ကျမလက်မခံပါ၊ နောက်နေ့တွေမှာ သူမူးလို့ပြောတာပါပဲဆိုပြီး ဒီအတိုင်းနေခဲ့ပါကြောင်း၊ ခင်မင်မိသောစိတ်ဖြင့် သူနှင်းအေးကို ခွင့်လွတ်ခဲ့သည်ဆိုသည်၊ တစ်နေ့မှာတော့ အတွင်းခံဘောင်းဘီကို ဈေးကြီးပေးကာဝယ်လာပြီး အလွန်ကြိုက်နှစ်သက်သဖြင့် ခိုးခံမထိအောင် သံသေတ္တာထဲ သိမ်းထားခဲ့ကြောင်း၊ နောက်နေ့တွင် ပျောက်သွားသဖြင့် ဒေါသဖြစ်ရသည်ဆိုသည်၊ ထိုသေတ္တာကို နှင်းအေးနောက်ဆုံးဖွင့်တာ သူအမှတ်မထင်မြင်ခဲ့မိသဖြင် အနှစ်နှစ်အလလ ဖြစ်လာခဲ့သည်ကို စိတ်မထိမ်းနိုင်ပဲ နှင်းအေးရှိရာ ကျနော်ဆိုင်ကို လိုက်လာရင်း ဒီလိုဖြစ်ခဲ့ရပါကြောင်း မထင်မှတ်တာတွေဖြစ်ရသည့်အတွက် သူလည်းအရှက်ရပါကြောင်း၊ ရှုပ်ထွေးစရာ ကိစ္စတွေကို မဖြေရှင်းချင်တော့သဖြင့် သူဒီမြို့ကထွက်သွားပြီ ဖြစ်သည်နဲ့ ဒီအသိုင်းအဝိုင်းနဲ့ဝေးရာ စင်္ကာပူတွင် သွားရောက်အခြေချတော့မည် ဖြစ်ကြောင်းရေးထားခဲ့သည်၊ ဒီစာကိုဖတ်ပြီး ကျနော်အတွက် အိပ်၍ရမည်မထင်သော ညတစ်ညကို အတွေးများဖြင့် အဖြေရှာ ဖြတ်သန်းရပါဦးမည်၊ ထိုနေ့ညက မြတ်စိုး ကျနော်နဲ့လာအိပ်သော်လည်း မပြောပြဖြစ်ခဲ့ပါ၊ ကျနော် ချစ်သူကို ကျနော်ကာကွယ်ရမည် မဟုတ်ပါလား။

နှင်းအေးပျောက်သွားတာ သုံးရက်ရှိသွားပြီဖြစ်သည်၊ ဒီနေ့မနက်မှာတော့ လူတစ်ယောက် စာလာပေးပြန်သည်၊ ဒီတစ်ခါတော့ စာပေးလိုက်သူမှာ နေဝင်းထက်ယံ ဖြစ်လို့နေသည်၊ နှင်းအေးနဲ့ ပတ်သက်ပြီး ပြောစရာတွေရှိသဖြင့် မြို့စွန်ကသူတို့ ဂိုဒေါင်တစ်ခုကို တစ်ယောက်ထဲလာခဲ့ရန် ချိန်းသည်၊ ကျနော်ရော မြတ်စိုးပါ အံသြရသည်၊ နှင်းအေးအတွက်ဆို၍ ကျနော်တစ်ယောက်ထဲ သွားရန် ဆုံးဖြတ်လိုက်သည်၊ ဒီကောင်ကဉာဏ်များသဖြင့် ပြင်ဆင်ရမည်များကို ပြင်ဆင်သွားခဲ့သည်။
………………………………………………..

နေဝင်းထက်ယံတို့၏ သီးနှံများ သိုလှောင်ရာ ဂိုဒေါင်များသည် ကျနော်တို့မြို့၏ အစွန်ဆုံးနေရာတွင်ရှိသည်၊ ကျနော် ရောက်သွားသောအခါ လူနှစ်ယောက် ကျနော်ကိုလာခေါ်ပြီး ဂိုဒေါင်ငယ်လေးတစ်ခုဆီ ခေါ်သွားခဲ့သည်၊ ဘာမှ မသိုလှောင်ထားသော နေရာဖြစ်သည်၊ အထဲတွင် ရှင်းရှင်းလင်းလင်းပင်၊ တာလဘတ်များဖြင့် ကာထားသောနေရာ၏ အရှေ့တွင် စားပွဲရှည်တစ်လုံးရှိသည်၊ စားပွဲထိပ်တစ်ဘက်တွင် နေဝင်းထက်ယံထိုင်နေပြီး ကျနော်ကို ဒီဘက်ထိပ်တွင် ထိုင်စေသည်၊ သူ့လူနှစ်ယောက်ကို အပြင်ပြန်ထွက်သွားရန် အချက်ပြလိုက်သဖြင့် ဒီဂိုဒေါင်ငယ်လေးထဲတွင် ကျနော်နဲ့ နေဝင်းထက်ယံတို့သာ ကျန်ရစ်ခဲ့သည်၊ ကျနော်သည် ဘာမှမပြောပဲ သူ၏အပြောကို စောင့်နေသည်။

နေဝင်းထက်ယံသည် ကျနော်ကို စကားမပြောမှီ ကျနော်ကို သနားစရာ သတ္တဝါတစ်ကောင်လို ကြည့်လို့နေသည်၊ သူ၏အပြုံးကလည်း တော်တော်ကြည့်ရခက်သည့် အပြုံးမျိုး၊ နောက်တော့ စကားကို တစ်လုံးချင်းပြောတော့သည်၊ ဇာတ်မင်းသားလိုလို အမူအရာတွေနဲ့ဖြစ်သည်၊
‘မိုးကိုကိုတစ်ယောက် တော်တော် ခံစားနေရတာကိုး၊ မိုးကိုကိုဟာ တော်တော်စိတ်ခိုင်မာတဲ့ လူတစ်ယောက်လို့ ကျွန်တော်ထင်ထားခဲ့တာ’၊ ‘ကျွတ် ကျွတ် ကျွတ်’
ကျနော်ဘာမှ ပြန်မပြောပါ၊ ဆက်၍နားထောင်နေလိုက်သည်၊
‘အချစ်ပျောက်ရှာပုံတော် ဖွင့်နေရတော့လည်း လူလည်းတော်တော်ကျသွားတာပဲ၊ မအိပ်နိုင် မစားနိုင်ဘူးပေါ့၊ ကျွန်တော်လဲ ဒီလိုဖြစ်ဖူးတော့ ကိုယ်ချင်းစာပါတယ်၊ ကျွန်တော်ကတော့ အချစ်ပျောက်တာမဟုတ်ဘူး အချစ်ကိုမှောက်တာ အချစ်ကိုတဖက်သတ်ခံစားတာ၊ ခုကျွန်တော်ပြောမဲ့ အကြောင်းတွေကြားရင် နှလုံးသွေး မရပ်သွားပါနဲ့ဦး ခင်ဗျားသေသွားတာကိုမကြည့်ရက်ဘူး ခင်ဗျားခံစားနေရတာကိုပဲ ကြည့်ချင်တယ်’
‘ဟုတ်တယ် နှင်းနှင်းအေးအောင် ဘယ်မှာရှိသလဲဆိုတာ ကျွန်တော် ခင်ဗျားကို ပြောပြနိုင်ပါတယ်’၊
နေဝင်းထက်ယံ ပြောနေတာကို ကျနော် ဘာမှ နားမလည်နိုင်တော့၊ နှင်းအေးဘယ်မှာရှိသလဲ ဆိုတာကိုပဲ ကျနော့်အတွက် ပိုအရေးကြီးနေသည်၊ “ပြောမယ်ဆိုတာသာ ပြောပါ၊ ကျနော်နားထောင်နေပါတယ်” ပြန်ပြောလိုက်မိသည်၊
နေဝင်းထက်ယံ မပြောသေးပဲ ခဏငြိမ်ပြီး ကျနော်မျက်နှာကို သေချာစိုက်ကြည့်နေသည်၊ ပြီးတော့ ဖြည်းဖြည်းခြင်း မျက်နှာပေး တစ်မျိုးဖြင့်
‘နှင်းနှင်းအေးအောင် ခု ကျွန်တော်ဆီမှာ နေတယ်၊ နောက်ပြီး မနေ့က နှင်းနှင်းအေးအောင်နှင့်ကျွန်တော်တို့ လက်မှတ်ထိုးခဲ့ကြပြီ၊’
“ဘာ မင်း ဘာပြောလိုက်သလဲ၊” ကျနော် ဒေါသတကြီး အော်လိုက်မိသည်၊
‘ဟုတ်တယ် နှင်းနှင်းအေးအောင်ဟာ ကျွန်တော်ရဲ့ တရားဝင်မယားဖြစ်နေပြီ၊ နှင်းနှင်းအေးအောင်ကို ကျွန်တော်ကယ်ခဲ့တာလေ၊ သိပ်အံ့သြသွားတယ် မဟုတ်လား၊’
“မဟုတ်နိုင်ဘူး၊ မဟုတ်နိုင်ဘူး၊ ဒါမဖြစ်နိုင်ဘူး နှင်းအေးက မင်းကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး၊”
ကျနော် ထပ်အော်လိုက်မိသည်၊
‘ဟားဟား ဟားဟား’ နေဝင်းထက်ယံသည် မိန်းမတစ်ယောက်လို ကျယ်လောင်စွာ ရယ်လိုက်သည်၊ နောက်ပြီး
‘ဒီမှာ မိုးကိုကို တစ်ခါတစ်လေမှာ မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ ဖြစ်သွားတတ်တယ် ဖြစ်အောင်လုပ်လို့ရတယ် ဟားဟား ဟားဟား’
‘ဒီမှာ လက်ထပ်စာချုပ်ကော်ပီ သေချာကြည့်လိုက်ပါ၊’
‘ခင်ဗျားကို ဒီထက် အံ့သြသွားစရာတွေကို ကျွန်တော် ရင်နဲ့ရင်းပြီး ပြောပြရဦးမယ်’၊
ကျနော် ဘာမှ မပြောနိုင်တော့ ခန္ဓာကိုယ် တစ်ခုလုံးသည် ရပ်တန့်နေသည့်အလား၊
နေဝင်းထက်ယံ ဆက်ပြောပြန်သည်၊
‘ခင်ဗျားတို့ တစ်ချိန်က ပြောဘူးတယ်မဟုတ်လား သူများရဲ့ရည်စား၊ သူများရဲ့မယားဆို စည်းစောင့်ရမယ်ဆိုတာ၊ ခင်ဗျားကို သတိရစေချင်တယ် ကိုမိုးကိုကို’၊
‘ခု နှင်းနှင်းအေးအောင်ဟာ ကျွန်တော်ရဲ့ မယား၊ ခင်ဗျား စည်းစောင့်ရတော့မှာပေါ့၊ ယဉ်ကျေးတဲ့ သူတစ်ယောက်ဆိုရင် ဟားဟား ဟားဟား’၊
အဖြစ်အပျက်တွေက ဘာမှန်းမသိ၍ ကျနော် သူကို ဘာမှပြန်မပြောနိုင် ပြန်မပြောချင်ပါ၊ ဘာဖြစ်နေသလဲ ဆိုတာကိုပဲ စိတ်ကိုပြန်ထိမ်းနေမိသည်၊
‘စကားတောင် မပြောနိုင်တော့ဘူးလား ကိုမိုးကိုကိုရဲ့၊ နောက်ထပ်ကျွန်တော်ပြောဦးမယ် သေချာနားထောင်ပါ၊ ကျွန်တော်က နှင်းနှင်းအေးအောင်ကို မကြိုက်ဖူး၊ အရမ်းမုန်းတာ ရင်နှင့်အမျှကိုမုန်းတာ၊ ဟင်းဟင်းဟင်း’၊
‘သိပ်အံ့သြသွားပြန်သလား မိုးကိုကို၊ ကျွန်တော် ရင်ထဲက စကားတွေက ခင်ဗျားအတွက် သိပ်အံ့သြသွားမှာပါ၊ နှင်းနှင်းအေးအောင်ကို မုန်းလွန်းလို့ လှည့်စား အကျပ်ကိုင် လက်ထပ်ခဲ့တာ၊ နှင်းနှင်းအေးအောင် ရှော့ဖြစ်နေတဲ့အချိန်မျာ သူရေဆိပ်ကိုသွားခဲ့တယ်၊ တကယ်တော့ ခြေဦးတည့်ရာသွားပြီး ရောက်သွားတာ၊ သူ စိတ်နဲ့လူနဲ့ မကပ်တဲ့အချိန်မှာ ကျွန်တော် ရေထဲတွန်းချလိုက်တယ်၊ ရေထဲမှာ ဝူးဝါး ဝူးဝါးနဲ့ ပြန်သတိရလာချိန်မျာ ကျွန်တော်ကယ်ခဲ့တယ်၊ သူ့အသက်သခင်ဟာ ကျွန်တော်ဖြစ်လာရတာပေါ့၊’
‘နောက်ပြီး ခင်ဗျားတို့ ဆိုင်မှာ ပြဿနာဖြစ်နေတဲ့အချိန် ကျနော်ရှိနေခဲ့တယ်၊ ခိုးကြောင်ခိုးဝှက်လို့ပြောလိုက်ပါဦး၊ နှင်းနှင်းအေးအောင်နှင့် ပွင်ဖြူငယ်တို့အကြောင်းကို သိနေခဲ့တော့၊ ဒီအကြောင်းတွေနဲ့ နှင်းနှင်းအေးအောင်ကို ကျွန်တော် အကြပ်ကိုင် လက်ထပ်စေနိုင်ခဲ့တယ်၊’
ကျနော် တအားအံ့သြရပါပြီ၊ ယုတ်မာရက်စက်သော လူတစ်ယောက်သည် ကျနော်ရှေ့တွင်ရှိနေပြီ၊ သူသည် ကျနော်ချစ်သူ၏ လင်ယောက်ျားဖြစ်၍နေပြီ၊ “မင်းတော်တော် ယုတ်မာရက်စက်တဲ့ကောင် တော်တော်အောက်တန်းကျတဲ့ လူမဟုတ်တဲ့ကောင် တိရိစ္ဆာန်”၊ ကျနော်လက်ညှိးထိုးပြီးပြောလိုက်သည်၊
နေဝင်းထက်ယံက ဒေါသဖြစ်သည့်အသံနဲ့
‘ဟုတ်တယ် အဲဒါတွေအားလုံးဟာ ခင်ဗျားကြောင့်ဖြစ်ရတာ၊ ပြောဦးလေ သိပ်အောက်တန်းကျတယ်လို့ ယုတ်မာတယ်လို့ အောက်တန်းကျလိုက်တာလို့ မယဉ်ကျေးတဲ့သူတွေလို့ ပြောလေဗျာ၊ ဒီအချိန်မှာ တစ်မြို့လုံးက ခင်ဗျားဟာ ယုတ်မာတဲ့သူ၊ သစ္စာမရှိတဲ့သူ၊ အောက်တန်းကျတဲ့သူပဲ၊ နောက်ပြီး ကျွန်တော် ခင်ဗျားပြောသလို ယုတ်မာ ကလိမ်ကကျစ်တတ်လာတာ ခင်ဗျားကြောင့်ပဲ၊’
‘ခင်ဗျားကြောင့်ပဲ’၊ နေဝင်းထက်ယံ ကျနော်ကို ကျယ်လောင်စွာ အော်လိုက်သည်၊
“ဘာ ငါကြောင့်ဖြစ်ရမှာလဲ မင်းကိုယ်တိုင်က စောက်ကျင့်မကောင်းတဲ့ကောင်” ကျနော်ပြန်ပြောလိုက်သည်၊
‘ဟုတ်တယ် ဟုတ်တယ်၊ ယုတ်မာရတာ၊ စောက်ကျင့်မကောင်းရတာ ခင်ဗျားကြောင့် ခင်ဗျားကြောင့်ပဲ၊’
‘ခင်ဗျားကို သိပ်ချစ်လွန်းလို့၊ ခင်ဗျားကို သိပ်မြတ်နိုးလွန်းလို့၊ သိရဲ့လား၊’
‘ဒီမှာ’
ပြောပြောဆိုဆိုနဲ့ နေဝင်းထက်ယံ နောက်က တာလဘတ်ကြီးကို ဆွဲဖယ်လိုက်သည်၊ တာလဘတ်ကြီးရဲ့နောက်မှာတော့ ကျနော်မျက်နှာပုံတူ ခဲပန်းချီးကားများ၊
‘တွေ့လား ဒီမှာ ခင်ဗျားကို သိပ်ချစ်လွန်းလို့၊ ပုံဆွဲပြီးတိုင်း ခဲတံလေးတွေ ခင်ဗျားဆီ အရောက်ပို့ခဲ့တယ်၊ ဒါကို ခင်ဗျားက အောက်တန်းကျတယ်ပြောတယ်၊’
ကျနော်ဘာမှ ပြန်မပြောနိုင် ဒီကောင်တစ်ခုခုမှားနေတဲ့ကောင်လို့ စိတ်ထဲက ပြောနေမိသည်၊ ရင်ထဲမှာ အော်ဂလီဆန်လာသည်၊ ဒီကောင်က ကျနော်ကိုကြိုက်နေသည်တဲ့၊
‘သိပ်တုန်လှုပ်သွားသလား မိုးကိုကို’၊
‘ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တာဆန်းသလား၊ ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို မြတ်နိုးခွင့် မရှိရဘူးလား၊ ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ရယူပိုင်ဆိုင်ခွင့် မရှိရဘူးလား၊ ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်ပိုင်ခွင့်ရှိတယ် မဟုတ်လား၊ ပွင့်လင်းတဲ့လူအဖွဲ့အစည်းလို့ ပြောဦးလေ’၊
‘လူတစ်ယောက်ဟာ လူတစ်ယောက်ကို လွတ်လပ်စွာချစ်ပိုင်ခွင့် အခွင့်အရေးရှိရမှာပေါ၊ ဒါခင်ဗျားတို့ ပြောပြောနေတဲ့ အခွင့်အရေးဆိုတာပဲ၊’
‘ခင်ဗျားကို ချစ်လွန်းလို့ ခင်ဗျားနောက်လိုက်၊ ခင်ဗျားနားမှာ ကျွန်တော်တစ်ဝဲလည်လည် ဖြစ်ခဲ့ရတာ၊ ဒါပေမဲ့ ခင်ဗျား ကျွန်တော်အချစ်ကို အောက်တန်းကျတယ် လို့ပြောခဲ့တယ်၊ ကျွန်တော့်ရင်ကို နာကျင်စေခဲ့တယ်၊ အရမ်းထိခိုက်ခဲ့တယ်၊ ဟိုမိန်းမကလဲ ကက်ကက်လန်အောင် ရန်ဖြစ်ခဲ့တယ်၊ ကျွန်တော်နှင့်အစ်မကို စော်ကားခဲ့ကြတယ်၊ အဲဒီနေ့က ခင်ဗျားတို့ နှစ်ယောက်ဟာ ကျွန်တော်ရဲ့ အမုန်းဆုံးလူတွေ ဖြစ်ခဲ့ရတယ်’၊
‘ဘုရားသခင်က လူသားတွေ ပျော်ရွှင်ဖို့အတွက် အချစ်ကိုဖန်ဆင်းခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်က အဲဒီ ဘုရားသခင်ကို ယုံတဲ့သူမဟုတ်ဘူး၊ အချစ်က ကျွန်တော်အတွက် ဘာမှမဖြစ်လာဘူး၊ အမုန်းကို ကျွန်တော်က ရယူခဲ့တယ်၊’ ‘အဲဒီအတွက် အမုန်းကိုပါ ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို သွားအပြစ်တင်လိုက်ပါ၊’
ကျနော် ဘာမှ ပြန်မပြောနိုင်ပါ၊ “ဒီကိစ္စကို ငါတို့ အေးအေးဆေးဆေး ရှင်းကြရင်ကောင်းမယ်” ပြောလိုက်မိသည်၊
နေဝင်းထက်ယံက ‘ဘာမှ ပြောစရာမလိုဘူး ရှင်းနေပြီ၊ နှင်းနှင်းအေးအောင်ဟာ ကျွန်တော့်မိန်းမ ခင်ဗျား ကင်းကင်းရှင်းရှင်းနေပါ၊ ခင်ဗျား ဒီထက်ပိုပြီး နာမည်ပျက်သွားဦးမယ်၊ အကောင်းဆုံးက ခင်ဗျားလည်း နှင်းပွင့်ဖြူလို ဟိုဝေးဝေးကို ထွက်သွားပေါ့၊ သိပ်မျှော်လင့်မနေနဲ့ နှင်းနှင်းအေးအောင်ဟာ ဘာလဲဆိုတာ ခင်ဗျား သိပြီးသားပါ၊ နောက်ပြီး သူများနဲ့ အိမ်ထောင်ကျပြီးသား မိန်းမတစ်ယောက်ကို ခင်ဗျားယူရဲသလား၊ ဟားဟား ဟားဟား’၊ ပြောရင်း နေဝင်းထက်ယံ နောက်ဆုတ်သွားသည်၊
ကျနော်ရှေ့ကို တိုးလိုက်ရင်း ‘‘ဒီမှာ ငါက တစ်ယောက်ထဲပဲချစ်တယ်၊ ငါချစ်တဲ့သူက နှင်းအေးပဲ၊ သူရဲ့ကောင်းကျိုးဆိုးကျိုးတွေ အားလုံးငါခံမယ်၊ ဘာတွေပဲဖြစ်ဖြစ် ငါချစ်တာကို နှင်းအေးသိတယ်၊ နှင်းအေးချစ်တာကို ငါသိတယ်၊ ခုဟာက မင်းလှည့်စားလို့ဖြစ်ရတာ’’၊
ကျနော်သူနောက်လိုက်နေသဖြင့် နေဝင်းထက်ယံ ကျနော်ကိုရှောင်ရင်း ဘေးနားကခေါင်းလောင်းကို တီးလိုက်သည်၊
ခေါင်းလောင်းသံနှင့်အတူ၊ လူနှစ်ယောက်အပြေးဝင်ရောက်လာပြီး ကျနော်ကိုချုပ်လိုက်သည်၊ နေဝင်းထက်ယံက နောက်ပေါက်သို့ သွားနေသည်၊ ကျနော်က ဆက်၍ “ဟေ့ကောင် မိန်းမတစ်ယောက်ကို စာချုပ်ချုပ်လိုက်တာနဲ့ မင်းပိုင်သွားပြီလို့မထင်နဲ့၊ နှင်းအေးကို ငါဆီရောက်အောင် ငါပြန်လုပ်ပြမယ်”၊
နေဝင်းထက်ယံက ‘ဟားဟား ဟားဟား’ ရယ်ရင်း၊ ‘တစ်မြို့လုံးက ခင်ဗျားဟာ ယုတ်မာတဲ့သူ၊ နောက်ပြီး ခင်ဗျားပြောတာလဲ ခင်ဗျားမှတ်ထားဦးလေ စည်းစောင့်ရမယ်လေ’၊ ပြောပြီးထွက်သွားသည်၊ ကျနော်က “မင်းပြောသလိုပဲ တစ်ခါတစ်လေမှာ မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်သွားတတ်တယ်၊ ဖြစ်အောင်လုပ်လို့ရတယ် မင်းမှတ်ထားပါ”၊ ပြောပြီး ကျနော်လူနှစ်ယောက်နဲ့ နပမ်းလုံးပြီးကျန်ရစ်ခဲ့သည်။
………………………………………………………………………..

မျိုသိပ်နိုင်စွမ်း မရှိတော့သဖြင့် မြတ်စိုးကို ဖွင့်ပြောဖြစ်ခဲ့သည်၊ အခြေအနေတွေကို လေ့လာ အကြံဉာဏ်တွေ ထုတ်နေမိသည်၊ နေဝင်းထက်ယံတို့က ပိုက်ဆံရှိသည် အသိုင်းအဝိုင်းတောင့်သည်၊ သူတို့ဖြန့်ထားသည့်သတင်းက ကျနော်သည် လူယုတ်မာ၊ နေဝင်းထက်ယံသည် အချစ်သူရဲကောင်း ကယ်တင်ရှင်ဖြစ်လို့နေသည်၊ ဒီအချိန်မှာ အားလုံးကို ပြောပြရှင်းပြနေလို့တော့ ဘယ်သူမှ ယုံလိမ့်မည် မဟုတ်ပါ၊ နှင်းအေးတို့အိမ်ကလည်း ကျနော့်ဆိုရင် အသံတောင်မကြားချင်၊ နေဝင်းထက်ယံနှင့် မင်္ဂလာပွဲကို အကြီးအကျယ် လုပ်ဖို့လုပ်နေကြသည်၊ ဒီအချိန်ထိ ကျနော်နှင်းအေးကို မတွေ့ရသေးပေ၊ နေဝင်းထက်ယံတို့ ဘက်ကလည်း လုံခြုံအောင်ထားသည်၊ မြတ်စိုးက နှင်းအေးကို တွေ့ရှိရေးကိုတာဝန် ယူလိုက်သည်၊ ကျနော်သွားလုပ်လို့ မရမှန်းသိသည်၊ ကျနော်ကို စောင့်ကြည့်နေကြမည် ဖြစ်သည်။

အခြေအနေတွေကို သုံးသပ်မိသောအခါ၊ ကျနော်ဘာလုပ်ရမည်ကို သိခဲ့ရသည်၊ အလျှင်စလိုလုပ်လို့ မရပါ၊ မိန်းမလိုမိန်းမရ နိုင်သူတစ်ဦးနဲ့ပြိုင်ရမည်မှာ မလွယ်ပေ၊ ပထမဦးဆုံး မြတ်စိုးတို့ဦးလေး ဒေါက်တာမြင့်စိုးနဲ့သွားတွေ့ တိုင်ပင်ဖြစ်သည်၊ ဒေါက်တာမြင့်စိုးသည် စိတ်ရောဂါဆရာဝန် တစ်ယောက်ဖြစ်သော်လည်း ဆေးမကုပဲ ဆေးဆိုင်ဖွင့်ကာ ဆေးရောင်းစားနေသည်၊ ဒေါက်တာမြင့်စိုးနှင့် စကားပြောကြည့်သောအခါ နှင်းအေးသည် ယောက်ျားတစ်ယောက်လို ကြီးပြင်းခဲ့သည်၊ ယောက်ျားဆန်ဆန် ဖြစ်ချင်သော်လည်း အရွယ်ရောက်ချိန်ကတည်းက သံယောဇဉ်ရှိကာ ချစ်သူဖြစ်ခဲ့သော ကျနော်ကြောင့် ယောက်ျားဆန်ဆန် မဖြစ်သွားခဲ့၊ ဒါပေမဲ့ လှပသော စွဲဆောင်မှုရှိသော ပွင့်ဖြူငယ်နဲ့တွေ့သောအခါ ယောက်ျားဆန်ဆန် စိတ်များဖြစ်ပေါ်ခဲ့သည်၊ နောက်ဆုံး ထိုစိတ်နှစ်ခုကြား လွန်ဆွဲပြီး disorder စဖြစ်လာသည်၊ ကျနော်ကို ချစ်တဲ့စိတ် သာယာစေချင်တဲ့စိတ်တွေကြောင့် ဒီလိုအပြုအမှုတွေ ပြူလုပ်တာ ဖြစ်သည်ဟုဆိုသည်၊ ခုလိုဖြစ်သွားတာ ကောင်းသည် ကြာလာလျှင် bipolar ဖြစ်လာနိုင်သည်ဟုဆိုသည်၊ အရေးကြီးသည်မှာ နေဝင်းထက်ယံ ခုလိုပြုလုပ်နေခြင်းသည် နှင်းအေးအတွက် အခြေအနေ မကောင်းဟုဆိုသည်၊ ကျနော်သည် နှင်းအေးအတွက် အကောင်းဆုံးကုထုံး တစ်ခုလို့ ဆိုသည်၊ ဒီအတွက် ကျနော်သည် လုပ်စရာရှိတာတွေကို မြန်မြန်လုပ်ရန်ဆုံးဖြတ်လိုက်မိသည်။

နှင်းအေးတို့ အသိုင်းအဝိုင်းတွင် နှင်းအေး၏အဒေါ်လတ်အန်တီခင်သည် နည်းနည်းပျော့ပြောင်းသည်၊ ကျနော့် ငယ်ဆရာမလည်း ဖြစ်ခဲ့ဘူးသည်၊ ဒီအတွက်အန်တီခင်ကို ကျနော်ချည်းကပ်ခဲ့သည်၊ ကျနော်က စကားဖြင့်ပြောပြနေသော အခါ အန်တီခင်သည် နားထောင်ရုံသာ နားထောင်နေသည်၊ နောက်ဆုံး ကျနော်တိတ်တိတ် ဖမ်းယူခဲ့သော ကျနော်နှင့် နေဝင်းထက်ယံတို့ စကားပြောနေသည့် MP4ကို ဖွင့်ပြလိုက်သည်၊ နောက်ဒေါက်တာမြင့်စိုး ရှင်းပြသည်များကိုလည်း ပြောပြလိုက်သည်၊ အန်တီခင်တစ်ယောက် အံ့သြတုန်လှုပ်ကာ သူ့တူမအတွက် စိုးရိမ်သွားသည်၊ ကျနော်က နေဝင်းထက်ယံတို့ကို လျှော့တွက်လို့ မရသဖြင့် အကွက်ကျကျ သေချာလုပ်ကြဖို့ ပြောရင်း တိုင်ပင်ဖြစ်ကြသည်။

တစ်နေ့တွင် မြတ်စိုးသတင်းရလာသည်၊ နှင်းအေးတို့ မင်္ဂလာဆောင် ရှေ့တိုးလို့မရ ဖြစ်နေသည်ဆိုသည်၊ ကျနော်တို့ အန်တီခင်နှင့် သွားတွေ့သောအခါ သတင်းနည်းနည်းစုံစုံကို သိရသည်၊ နှင်းအေးသည် နေဝင်းထက်ယံကို မယုံကြည်သဖြင့် လိုက်ကြည့်ရင်း ကျနော်နဲ့ နေဝင်းထက်ယံတို့ ဂိုဒေါင်ထဲ၌ စကားပြောနေကြသည့် နောက်ဆုံးပိုင်းကို ကြားခဲ့ရသည်ဆိုသည်၊ ထိုနောက် နေဝင်းထက်ယံသိသွားပြီး အကျယ်ချုပ်ပုံစံထားခဲ့သည်၊ အသက်ကိုရန်ရှာမည်ဟု ငြိမ်းခြောက်သည်ဟုဆိုသည်၊ နောက်ပိုင်းနှစ်ဖက်မိဘတွေ ဝင်စွက်သဖြင့်၊ နှင်းအေးသည် ယခုနေဝင်းထက်ယံတို့ အိမ်တွင်ရောက်လို့နေပြီ ဖြစ်သည်ဆိုသည်၊ အချိုသတ်၍ လိုက်နေသည် ဖြစ်နိုင်သည်ဆိုသည်၊ အန်တီခင်သည် ကျနော်နဲ့တွေ့ခဲ့ကြောင်းကို နှင်းအေးကို ပြောပြထားပြီးဆိုသည်၊ နေဝင်းထက်ယံတို့ မိဘများသည် မိန်းမဆန်သောသားကို မိန်းမရစေချင်သည်၊ တစ်ချိန်ထဲမှာပဲ နှင်းအေးက နေဝင်းထက်ယံကို ကွာရှင်းခွင့်တောင်းနေသည်ဟု သိရသည်၊ နေဝင်းထက်ယံနှင့် မိဘများက လုံးဝကွာရှင်းခွင့်မပေးချေ။

နောက်ဆုံး ကျနော်သည် နေဝင်းထက်ယံ၏ အစ်မကို မဖြစ်ဖြစ်အောင် တွေ့ရတော့သည်၊ ဒီလိုတွေ့ဖြစ်အောင်လည်း ဒေါက်တာမြင့်စိုးက ကူညီခဲ့သည်၊ နေဝင်းထက်ယံ၏ အစ်မသည်လည်း ပိုက်ဆံဂုဏ်ဖြင့် နည်းနည်းမောက်မာသည်၊ ကျနော်က MP4 ကို ဖွင့်ပြသော အခါ ဘာမှမဖြစ်သည့်ပုံစံဖြင့် ကြိုက်တာလုပ်လေဆိုသည်၊ ရှေ့နေအတော်ဆုံးတွေရှိကြောင်း၊ တရားသူကြီးကို ဘယ်လောက်ပိုင်ကြောင်း၊ တိုင်းမှူးနဲ့ ဘယ်လိုရင်းနှီးကြောင်း လျှောက်ပြောနေသည်၊ ကျနော်က ဘာပဲဖြစ်ဖြစ် ဒါလူသတ်ရန်ကြံစီမှုဖြစ်ပြီး လိုအပ်လျှင် တစ်မြို့လုံး စီဒီကူးပြီးဖြန့်မည်ဆိုပြီး ပြောဆိုကာပြန်လာခဲ့သည်။
…………………………………………………………….

ဒီနေ့မနက် ကျနော် ကိုးနာရီလောက်မှ နိုးသည်၊ ဒီလိုပဲ နေနှင့် ညနှင့်မကွဲခဲ့တာ အတော်ကြာခဲ့ပြီဖြစ်သည်၊ ထိုအချိန်တွင် မြတ်စိုးတစ်ယောက် ဆိုင်ကယ်နဲ့ရောက်ချလာသည်၊ ‘ဟေ့ကောင် ကိုကို ခုတရားရုံးမှာ နေဝင်းထက်ယံက အေးအောင်(နှင်းအေး)ကို ကွားရှင်းပေးနေပြီတဲ့၊ လာ ငါတို့မြန်မြန်သွားရအောင်’၊ ‘အန်တီခင်ကလည်း မင်း လာဖြစ်အောင် လာဖို့မှာလိုက်တယ်’၊ ကျနော် ဝမ်းသာ သွားခဲ့သည်၊ ချစ်သူကို ပြန်တွေ့ရတော့မည်၊ ပျော်ရွှင်မိသော စိတ်ကို မထိမ်းနိုင်ခဲ့ပါ၊ မြတ်စိုးဆိုင်ကယ်ပေါ် နောက်ကတက်ခွလိုက်သည်၊ မောင်းမြန်မြန် ဆိုပြီး တရားရုံးဘက် ထွက်ခဲ့ကြသည်၊ ဆိုင်ကယ်လေးသည် မိန်းလမ်းမကြီးပေါ် အရှိန်နဲ့ပြေးလျှက်ရှိသည်၊ မြတ်စိုးက နေဝင်းထက်ယံ တစ်ယောက် နိုင်ငံခြားထွက်တော့မှာတဲ့ အင်္ဂလန်ဆိုလားဘာလားပဲ၊ မင်းနဲ့ အေးအောင်တို့ရဲ့ အချစ်စစ်ဆိုတာကို သူနားလည်လောက်ပြီထင်တယ်၊ ကျနော်ကတော့ နေဝင်းထက်ယံ အစ်မကို MP4ဖွင့်ပြခဲ့တာ မြတ်စိုးကို မပြောခဲ့ပါ၊ သူငယ်ချင်းနှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြသည်၊ ဒီလိုနဲ့ တရားရုံးဘက်လမ်းကို ရောက်လာ၍ ကွေ့ဝင်လိုက်သည်၊ ဒီအချိန်မှာ ဟိုဘက်က အရှိန်ဖြင့် မောင်းလာသော တိုက်ဂါးတစ်စီးကို တွေ့လိုက်ရသည်၊ ဟေ့ကောင် မြတ်စိုး ရှေ့မှာကား၊ ကျနော်ပြောတာ နောက်ကျသွားခဲ့ပါပြီ။

ဝုန်း ဆိုသော ဆိုင်ကယ်နှင့် ကားတိုက်သံ တရားရုံးရှေ့မှာ ထွက်ပေါ်လာသည်၊
လမ်းမထက်မှာတော့ လူငယ်နှစ်ဦး သွေးသံရဲရဲဖြင့်လဲနေသည်၊ အရှိန်တော်တော်ပြင်းတယ်လို့ လူတွေက ပြောနေကြသည်။

ထို တိုက်ဂါးကားသည် လူငယ်နှစ်ဦးစီးသည့်ဆိုင်ကယ်ကို မတော်တဆ တိုက်မိတာလား၊ တကယ်ဝင်တိုက်တာလား ဘယ်သူမှ မသိနိုင်ခဲ့ပါ။
…………………………………………………………………….

သည်နေရာလေးသည် မြို့နှင့် တော်တော်ဝေးသည့်နေရာတွင် ရှိသည်၊
တစ်ခါတစ်လေ တတ်ဆိတ်နေတတ်သည်၊
တစ်ခါတစ်လေလည်း လူအများဖြင့် စည်းကားလျှက်ရှိသည်၊
မစည်ကားအပ်သော နေရာလို့ ဆိုကြလေသည်၊
လောကကြီးတွင် ဘာအရာမှ အမြဲမရှိပါဆိုတာကို သက်သေပြနေသော နေရာလေးဖြစ်သည်၊ သည်နေရာလေးသည်လဲ မြို့ကြီးမားလာတိုင်း အမြဲပြောင်းရွေ့ခံရလေ့ရှိသည်၊
သည်နေရာလေးသည်လဲ အမြဲမရှိပါ၊
ထူးထူးခြားခြား ထိုနေရာလေးတွင် လှပသော စိန်ပန်းပင် နှစ်ပင်ရှိသည်၊ တစ်ပင်နှင့်တစ်ပင် သိပ်မဝေးကြပါ၊ ထိုကြားထဲတွင် ကြွေပြားများဖြင့် လှပစွာကပ်ထား ဆောက်ထားသော အုတ်ဂူလေးရှိပါသည်၊ ဒီဇိုင်းကလှပဆန်းကျယ်ပါသည်၊ ဘေးနားတွင်လည်း ပန်းပင်လေးနှစ်ပင် ရှိလေသည်၊ ထိုအုတ်ဂူလေးထဲတွင် လူငယ်တစ်ယောက် လဲလျောင်းလျက် ရှိသည်၊ တစ်ခြား အုတ်ဂူလေးတွေနဲ့မတူ ထိုအုတ်ဂူလေးသည် အမြဲသန့်ရှင်းပြီး အမြဲတမ်းပန်းအိုးထဲတွင် ပန်းများရှိနေတတ်သည်၊ ဒီလို အုတ်ဂူလေး လှပသန့်ရှင်းနေအောင် ဘယ်သူတွေကများ လာလုပ်ပေးနေပါလိမ့်။

ဒီနေ့တော့ ဒီအုတ်ဂူလေးမှာ ပန်းတွေပြည့်နေသည်၊ အုတ်ဂူလေးပေါ်တွင် တင်ထားသည်မှာ ဘောလုံးအသင်းတစ်သင်း၏ ပိုစတာတွေလည်းပါသည်၊ အားကစားဂျာနယ်များ၊ Red Bull ပုလင်းတွေလည်းပါသည်၊ လဲလျောင်းနေသူ လူငယ်လေးအကြိုက်တွေဖြစ်သည်၊ နောက်ပြီး ဖယောင်းတိုင်လေးနှစ်တိုင် ထွန်းလို့ထားသည်၊ နှစ်ပတ်လည်နေ့လို့ဆိုကြပါသည်၊ ထိုနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သော မမေ့ပျောက်နိုင်သူ လူသားနှစ်ဦးသည် ထိုနေရာလေးမှ ဖြည်းညင်းစွာ ထွက်သွားကြပါတော့သည်၊ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သော ထိုနေရာလေးသည် တကယ့်ကို တိတ်ဆိတ်နေပါသည်၊ လေတိုးသံများက လွဲလို့ပေါ့။

မောင်မြတ်စိုး
အသက်၂၅ နှစ်
၂၀၁၂ ခုနှစ် ဧပြီလ တစ်ရက်နေ့တွင်
ကွယ်လွန်သည်။

ထိုနေ့သည် ထိုလူနှစ်ယောက် အတွက် ဧပြီဖူးလ်နေ့ မဟုတ်ခဲ့ပါ။

ပြီးပါပြီ။

Friday, March 9, 2012

ကျွန်တော် ကျမ ချစ်တဲ့အကြောင်း



ကျနော် ထိုင်နေကျ လက်ဖက်ရည်ဆိုင်တွင်၎င်း၊ စားနေကျ စားသောက်ဆိုင်တွင်၎င်း၊ ဖြတ်နေကျ လမ်းတွေထဲမှာတွင်၎င်း ကျနော်ဘေးပတ်ဝန်းကျင်တွင် သေချာပါသည်၊ သူတို့သည် ကျနော့်အကြောင်းကို ပြောနေကြမည်၊ ဒါမှ မဟုတ် ကျနော့်အတင်းကို ပြောနေကြမည်၊ လူအများစုတို့၏ အကျင့်တစ်ခုပဲ မဟုတ်ပါလား၊ ကျနော်ကိုယ်တိုင်ပင် ‘မင်းဟိုကောင် အကြောင်းသိပြီးပြီလား၊ ဒီကောင်မလေးက ဘာဖြစ်တယ်၊ ဟိုဟာမကတော့ဖြင့် ဘယ်လို’ စသဖြင့် ကျနော်တို့ အချင်းချင်း ပြောဖြစ်ခဲ့ကြသေးသည် မဟုတ်ပါလား၊ ပတ်ဝန်းကျင်နှင့် နေ နေသမျှတော့ ကင်းလွတ် နိုင်လိမ့်မည် မဟုတ်ပါ၊ ခုတော့ သူတို့သည် ကျနော့်အကြောင်းကို ပြောကြ ပါလိမ့်မည်၊ ပြောဖြစ်ကြ ပါလိမ့်မည်၊ ပြောစရာကလည်း ဖြစ်နေသည်ကိုး၊ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေ ဘာပြောပြော ဒီကိစ္စသည် ကျနော် ဖြစ်ချင်လို့ ဖြစ်သွားတဲ့ ကိစ္စမဟုတ်ပါ၊ မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုမို့ ကျနော်ရင်ထဲမှာ စူးနစ်စွာ ခံစားခဲ့ရပါသည်၊ ဒီလိုခံစားမှုမျိုးကို ခံစားဘူးသူမှ သိနိုင်မည်မို့ ကျနော် မပြောပြတတ်ပါ၊ ရင်ထဲမှာ ဘယ်လောက်ပင် ခံစားနေရပါစေ ကျနော်သည် ဝမ်းမနည်း ပူဆွေးနေခြင်းမရှိသည့်ပုံစံ နေနေခဲ့ပါသည်၊ တစ်ခါတစ်လေမှာ အမှန်ကို အမှန်အတိုင်းပြောလို့ မရတဲ့အခြေအနေ အကြောင်းအရာတွေ ရှိသည်ကို ကျနော် လက်ခံခဲ့ရသည်၊ ဒီလိုဖြစ်လာအောင် ကျနော်ရွေးချယ်ခဲ့သလားလို့ မေးလာရင် ရွေးချယ်ခဲ့တာတော့ မဟုတ်ပါ၊ မသိခဲ့ခြင်း နားမလည်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်၊ ကျနော်သည် အချစ်ကို သိသယောင်ယောင်နဲ့ အချစ်ကို နားမလည်တဲ့ သူတစ်ယောက်ဆိုတာကို ဝန်ခံမိပါသည်။

ဒီအဖြစ်အပျက်မှာတော့ အများက ကျနော်ဟာ လူကြမ်း၊ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်ခဲ့သည်၊ လူယုတ်မာလို့တောင် ပြောတဲ့သူတွေက ရှိသေးသည်၊ နှစ်ဦးနှစ်ဖက် ပြဿနာတစ်ခုမှာ တစ်ဖက်သတ်ဆိုတာ မရှိဘူး၊ တစ်ယောက်ထဲကြောင့် မဟုတ်ဘူးဆိုတာ ကျနော်လိုပဲ တစ်ချို့သူတွေက လက်ခံပေးလိမ့်မည်ဟု ယုံကြည်မိပါသည်၊ ငါးနှစ်ကျော်ကျော် ချစ်သူတွေအဖြစ် အတူတွဲ အတူလာ နေတဲ့ သူနှစ်ဦးမှာ ရုတ်တရက် ကောင်မလေးက တစ်ခြားတစ်ယောက်နဲ့ အိမ်ထောင်ပြု သွားသည့် ကိစ္စသည် နောက်ဆုံး ကောင်လေးကြောင့်လို့ လက်ညှိးထိုးစရာ ဖြစ်ခဲ့ရပါသည်၊ ဟိုတစ်ယောက်ကတော့ ကယ်တင်ရှင်ကြီးဖြစ်ခဲ့ရသည်၊ တကယ်တော့ သမီးရည်စားနှစ်ယောက် ကွဲသွားတဲ့ ဇာတ်လမ်းလေးပါပဲ၊ ချစ်သူနဲ့ ကွဲဘူးကြပါလိမ့်မည်၊ ချစ်သူရဲ့ စွန့်ပစ်ခြင်းကိုလည်း ခံဘူးကြပါလိမ့်မည်၊ ကျနော်မှာတော့ ချစ်သူက ခွဲသွားခဲ့သည်၊ ချစ်သူက စွန့်ပစ်သွားခဲ့သည်၊ ဒါပေမဲ့ ကျနော်က လူဆိုးလူကြမ်း အဖြစ် ကျန်ရစ်ခဲ့သည်၊ ကျနော့်တစ်သက်မှာ ဘယ်သူကမှ လူဆိုး၊ လူမိုက်၊ လူယုတ်မာလို့ ပြောဆိုခံခဲ့ရခြင်း မရှိပါ၊ ခုတော့ ချစ်သူက ခွဲခွာခြင်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့သော ဂုဏ်ထူး ဘွဲ့ထူးတွေ ဖြစ်ခဲ့ရပါပြီ။

နောက်ပြီး ကျနော် ချစ်သူကို အရမ်းချစ်ကြောင်း ခွဲခွာပြီးမှ သိခဲ့ရပါသည်။

…………………………………….

ကျနော်တို့ မြို့လေးသည် ခေတ်တွေပြောင်းလဲခြင်းနှင့်အတူ ပြောင်းလဲလာခဲ့သည်၊ ယခုတော့ စစ်တိုင်းဌာနချုပ်ပင် အခြေချထားပေသည်၊ ယခင်တုန်းက ကောလိပ်ကျောင်းသည် ယခု တက္ကသိုလ်ဖြစ်သွားခဲ့သည်၊ အရင်တုန်းက အများစုက စက်ဘီးတွေနဲ့ ကျောင်းတက်ကြသည် ခုတော့ ဆိုင်ကယ်တွေနဲ့ ကျောင်းတက်ကြသည်၊ လူကြီးတွေကတော့ အပြောင်းအလဲတွေက ရှုပ်ရှက်ခပ်လွန်းပါတယ်ဟု ပြောကြပါသည်။

နှင်းနှင်းအေးအောင် ဆိုသော ကောင်မလေးတစ်ယောက်သည် ကျနော်တို့ တစ်လမ်းကျော်တွင် နေထိုင်သည်၊ ကျနော်၏ ကစားဖေါ် ဖြစ်ပါသည်၊ ကျနော် ငယ်ငယ်တုန်းက အရမ်းဆော့သည်၊ ဆော့နည်းပေါင်းစုံ ကစားနည်းပေါင်းစုံ ကစားတတ်သည်၊ ဘောလုံးကန်သည်၊ ဘောလီဘောရိုက်သည်၊ ခြင်းခတ်သည် သိုင်းကစားသည်၊ ဒါပေမဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိ၊ ဒါပေမဲ့ အရမ်းပျော်ခဲ့သည်၊ ပျော်ပျော်လည်း နေခဲ့လို့ဖြစ်ပါသည်၊ နှင်းနှင်းအေးအောင်သည် ကျနော်နှင့် ဘောလုံးကန်ဖက်၊ ထုပ်ဆီးတိုးဖက် ဖြစ်သည်၊ ကျောင်းပိတ်ရက်တွေမှာ ကျနော်တို့အိမ်သို့ မနက်ဆိုရောက်လာ ဝအောင်ဆော့ကစားပြီး ညနေဖက်မှ ပြန်လေ့ရှိပါသည်၊ လူပျိုဖေါ် အပျိုဖေါ်ဝင်လာသော အရွယ်ရောက်သောအခါ အနည်းငယ် အနေကျဲသွားပေမဲ့ တွဲသွားတွဲဖေါ်ဖြစ်ခဲ့ပါသည်၊ နှင်းနှင်းအေးအောင်တွင် မိန်ကလေး သူငယ်ချင်းမရှိသလောက်ပင်၊ ကျနော်၏ သူငယ်ချင်းများသည် နှင်းနှင်းအေးအောင်၏ သူငယ်ချင်းများဖြစ်ပါသည်၊ ကျနော်ကငယ်ငယ်ကလို နှင်းအေးဟုခေါ်သော်လည်း သူငယ်ချင်းများက အေးအောင်လို့ စနောက်ခေါ်ရာမှ အေးအောင်လို့ပဲ ခေါ်ဖြစ်သွားကြသည်။

ကျနော်တို့ သူငယ်ချင်းတွေသည် ကိုးတန်းရောက်သောအခါ မိန်းကလေးများကို စိတ်ဝင်စားကြသည့်အတိုင်း၊ နာရီစင်ဖက်၊ မြို့မဈေးဖက်၊ ရုံးကြီးဖက်၊ မြစ်ဆိပ်၊ ဘူတာရုံပါမကျန် မိန်းကလေးများကို လှည့်ပတ်ကြည့်ကြသည်၊ ထိုအခါတွင် ကျနော်တို့နှင့်အတူ နှင်းအေး တစ်ယောက်ပါလာသည်၊ သူငယ်ချင်းတွေက ‘မင်း အေးအောင် ကို ကြည့်ထိန်းကွာ တော်ကြာ ငါတို့ဘယ်ဆော်မှ မကြည်ပဲနေနေဦးမယ်’ ဝိုင်းပြောကြသည်၊ ဒီလိုနဲ့ ကျနော်သည် သူငယ်ချင်းတွေအလိုကျ နှင်းအေးနှင့်ကျန်ခဲ့လိုက် နှင်းအေးနှင့် တစ်နေရာကိုသွားလိုက်နဲ့ နှစ်ယောက်ထဲ ပဲ့ပဲ့နေတတ်သည်၊ ကျနော်က “နှင်းအေး နင်မလိုက်နဲ့ကွာ ငါတို့အတွက် တစ်မျိုးဖြစ်တယ်” ဟု ပြောရာ နှင်းအေးက ‘ဘာဖြစ်လဲ နင်တို့လဲကြည့် ငါလဲကြည့်ပေါ့၊ ငါလည်း နင်တို့ကို အကြံဉာဏ်ပေးနိုင်တာပေါ့’၊ စသဖြင့် ဆင်ခြေများစွာ ပြောကာ လိုက်မြဲလိုက်လို့နေသည်၊ နောက်ဆုံး သူငယ်ချင်းတွေက မင်းမပါရင် အေးအောင်က မလိုက်ဖူး ဒါကြောင့် မင်းနေခဲ့ဆိုလို့ နေခဲ့ရတဲ့အကြိမ်တွေ များလာခဲ့သည်၊ ထိုအခါ နှင်းအေးက ကျနော်ကို သူတို့မပါလည်း ဘာကိစ္စမှ မရှိဘူး၊ ဘယ်နားက ဘယ်အရပ်က ကောင်မလေးက ပိုသားနား ပိုလှတာဆိုပြီး သူအဖေါ်လိုက်ပေးမယ်ဆိုသည်၊ ကျနော်က ငါ နင်နှင့်အတူတူသွားပြီး ဆော်သွားလိုက်လို့ မဖြစ်သေးပါဘူး ပြောကာ ပယ်ချခဲ့ရသည်။

ဘယ်ကောင်မလေးက ဘယ်လိုလှတာ၊ ဘယ်လိုမိတာ၊ ဘယ်လိုသားနားတာ၊ စသဖြင့် မြို့ထဲက ကောင်မလေးအကြောင်းတွေကို နင်စိတ်ဝင်စားလား ဆိုပြီး ကျနော်ကိုပြောပြတတ်သည်၊ သူပြောသော ကောင်မလေးတွေအလှကို နားထောင်ရင်း ကျနော် နှင်းအေးကို သေချာကြည့်မိသည်၊ “နှင်းအေး နင်လည်းလှတာပဲ” လို့ ပြောလိုက်သောအခါ၊ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ‘နင်လှရမဲ့ထဲမှာ ငါမပါဘူးဆိုပြီး’ ရှောင်ထွက်သွားတော့သည်။

နှင်းနှင်းအေးအောင်သည် ဆံပင်ကို ဂုတ်ဝဲလေးပဲထားတတ်သည်၊ တစ်ခါတစ်လေ စတက်ညှပ်ထားပြီး၊ တစ်ခါတစ်လေ အဖြောင့်ထားတတ်သည်၊ အရပ်ငါးပေလေးလက်မသည် မြန်မာမိန်းကလေး တစ်ယောက်အတွက် ပုံမှန်အရပ်အမြင့်ဖြစ်သည်ဟု ကျနော်ထင်ပါသည်၊ နှင်းနှင်းအေးအောင်သည် အနည်းငယ်ပိန်သည်ဟု ပြောလို့ရသည်၊ ကျနော့်အမြင်မှာတော့ မျက်နှာလေးက ချစ်စနိုးဦးနဲ့ ဆင်သည် တစ်ခါတစ်လေ ခိုင်သင်းကြည်နဲ့ တူသလိုလိုပင်၊ အထူးသဖြင့် ပြုံးလိုက်တဲ့အခါတိုင်းတွင် ဖြစ်ပါသည်၊ ဘယ်လိုအချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျနော်ကိုတွေ့လျှင် အရင်ပြုံးပြတတ်သည်မှာ ငယ်ငယ်လေးထဲကပင်ဖြစ်သည်၊ နားကပ်ကို တစ်ခါတစ်လေမှ ဝတ်လေ့ရှိပြီး စိတ်ကူးပေါက်လျှင် ပါးတွင်ပါးကွက် ကွက်လာတတ်သည်၊ တီရှပ်ဝတ်ရတာကို အနှစ်သက်ဆုံးဟု ဆိုပါသည်၊ နောက်ပိုင်း ဂျင်းဘောင်းဘီကို အဝတ်များလာသည်၊ တစ်ခြားမိန်းကလေးများနှင့်မတူသော ကိုယ်နံ့သူမှာ ရှိပါသည်၊ ငယ်ငယ်တုန်းက ကျနော်သူကို ကုန်းပိုးခဲ့ဘူးပါသည်။

ကိုးတန်းစာမေးပွဲပြီး၍ ကျောင်းပိတ်ထားသော အချိန်တွင် ကျနော်သည် မိန်းလမ်းက GTC ပထမနှစ်တက်နေသော မီမီအောင်ကို ရည်းစားစကား လိုက်ပြောခဲ့ပါသည်၊ ကျနော့်ထက် အသက်ကြီး၍ ကျနော်က မမလို့ခေါ်ကာ မမကို စွဲလန်းနေခဲ့ကြောင်း ချစ်နေပြီဖြစ်ကြောင်း ရင်ထဲနှလုံးထဲကလာတာ ဖြစ်ကြောင်း သိသမျှ၊ ကြားဖူးသမျှ၊ စကားတွေကို ဗီဒီယိုတွေထဲကလို ဒွေးလိုပြောလိုက် နေတိုးလိုပြောလိုက် ပြောဖြစ်ခဲ့သည်၊ မီမီအောင်ကလည်း ကျနော်ပြောတာကို အေးအေးဆေးဆေး လက်ခံစကားပြောသည်၊ ကျနော်ပြောပြီးသွားသောအခါ မီမီအောင်က ‘ကိုကိုက ချောပါတယ်၊ စကားပြောတာလည်း ချစ်စရာကောင်းတယ်’လို့ အစချီပြီး ‘ဘေးနားမှာ နှင်းနှင်းအေးအောင် တစ်ယောက်လုံးရှိနေပြီး ဒီစကားတွေ ဘာလို့ သူကိုလာပြောတာလည်း’ ပြန်မေးခွန်းထုတ်ပါတော့သည်၊ ပြီးတော့ ‘မိုးကိုကိုနှင့် နှင်းနှင်းအေးအောင် ဆိုတာသိပ်လိုက်တဲ့ အတွဲတစ်တွဲ ဆိုတာ တစ်မြို့လုံး သိပါတယ်’လို့ ဆိုသည်၊ ကျနော်က နှင်းနှင်းအေးအောင် ဆိုတာ ကျနော့်ငယ်သူချင်းသာဖြစ်ကြောင်း ရှင်းပြပါသည်၊ ကျနော်ချစ်တာက မမကိုပါ ဆိုပြီးဆက်ပြောခဲ့ပါသည်၊ မီမီအောင်က ‘အချစ်ကိုဘယ်လိုနားလည်သလဲ ကိုကို’၊ ‘အချစ်ဟာရုပ်ရှင်တွေထဲကလို မဟုတ်ဘူး၊ ဝထ္ထုတွေထဲကလို မဟုတ်ဘူး၊ အချစ်က လက်တွေ့ကျတယ်၊ စမ်းသပ်ယူလို့ရတယ်’ မေးခွန်းတွေနဲ့ ကျနော်ကို အချစ်အကြောင်းတွေ ပြောပါတော့သည်၊ တော်တော် စာဖတ်တဲ့မိန်းကလေးပဲလို့ စိတ်ထဲကတွေးမိသည်၊ ကျနော်ပြန်မဖြေနိုင်တာတွေ အများကြီးပါ၊ နောက်ဆုံး ‘သေချာစဉ်းစားပါကိုကို၊ ကိုကို အချစ်အကြောင်း နားလည်တဲ့ အချိန်ကျ ပြန်ပြောကြတာပေါ့၊ တို့ မင်းကို ခင်ပါတယ်ကိုကို’၊ ‘ဒီမှာကိုကို စိုင်းထီးဆိုင် သီချင်းလေး တစ်ပုဒ်ကို နားထောင်ကြည့်ပါ၊ သီချင်းခေါင်းစဉ်လေး ပေးလိုက်မယ်’၊ ကျနော် တစ်ယောက် ဟုတ် ဆိုပြီးတော့ သီချင်းခေါင်းစဉ်ရေးထားသော စာရွက်ပိုင်းလေးကို ကိုင်ကာ ပြန်လာခဲ့ရသည်၊ ရည်းစားစကားသွားပြောသူ တစ်ယောက် အချစ်အကြောင်း နားထောင်ကာ ပြန်လာခဲ့ရသည့် အဖြစ်ပါ၊ ကျနော် မီမီအောင်ကို ရည်းစားစကား လိုက်ပြောမဲ့အကြောင်း နှင်းအေးကို အသိမပေးခဲ့ပါ။

မီမီအောင်ကို ရည်းစားစကား လိုက်ပြောမဲ့အကြောင်း နှင်းအေးကို အသိမပေးဖြစ်ခဲ့တာကလည်း ရှိန်လို့ဖြစ်သည်၊ နှင်းအေးသည်လည်း စာဖတ်သူတစ်ယောက်ဖြစ်သည်၊ စကားကို အနိုင်ရအောင် ပြောတတ်သည်၊ အချက်ကျကျ တစ်ခါတစ်လေ ပိသာလေးနဲ့ ထုသလိုပြောတတ်သူ တစ်ယောက်ဖြစ်သည်၊
ဒါပေမဲ့ ကျနော်ကို ပြောတဲ့ အခါများမှာတော့ အေးအေးဆေးဆေးလေး ပြောတာများပါသည်၊ နှင်းအေးနှင့် ကျနော် အငြင်းအခုန်တွေ ဖြစ်ဘူးပါသည်၊ သူငယ်ချင်းတွေ ရုပ်ရှင်သွားကြည့်ကြသော အခါက ဖြစ်သည်၊ အားလုံးကြည့်ဖို့ လက်မှတ်ဝယ်ပြီးသောအခါမှ ငါမကြည့်တော့ဘူး ပြောလာသည်၊ ဘာဖြစ်လို့လဲလို့ မေးရာ ငါ ဟိန်းဝေယံ ကို မကြိုက်ဘူး၊ ဒါကြောင့်မို့ မကြည့်ဘူး၊ ကျနော်က မကပ်နှင့်ကွာ ဟိန်းဝေယံကို အားလုံးက ကြိုက်နေတာပဲ၊ လိုက်ကြည့်ပါ ဇွတ်ပြောသည်၊ မကြည့်ဘူးပဲ လုပ်နေသည်၊ ဒါနဲ့ ဘာလို့ ဟိန်းဝေယံကို မကြိုက်တာလဲ မေးရာ၊ မကြိုက်လို့ မကြိုက်တာ၊ အဲဒီ မကြိုက်တာကို ရှင်းပြရဦးမှာလား၊ လူမှာ ကြိုက်တာရှိသလို မကြိုက်တာလဲရှိတယ်၊ လွတ်လပ်စွာ ကြိုက်ခွင့် မကြိုက်ခွင့် ရှိရမှာပေါ့၊ ခေတ်ပြောင်းနေပြီ အားလုံးကြိုက်တိုင်း လိုက်ကြိုက်ရတဲ့ခေတ် မဟုတ်တော့ဘူး၊ ဒီလိုနဲ့ နှင်းအေးနှင့် ကျနော် မကြည့်ဖြစ်ကြ ကျန်သူငယ်ချင်းတွေ ဝင်ကြည့်ကြသည်။

နှင်းအေး မျက်နှာက ပုတ်နေသည်၊ ဒါပေမဲ့ ကြည့်လို့ ကောင်းပါသည်၊ ကျနော်ကလည်း စိတ်ဆိုးနေသည်၊ ၅မိနစ်လောက် ဘာစကားမှ မပြောဖြစ်ကြပါ၊
နှင်းအေးက စပြီး၊ ‘ငါ ပြေတီဦးကို မကြိုက်ဘူး၊ ဟိန်းဝေယံနှင့် နေမင်းကို မကြိုက်ဘူး’၊
‘နောက်ပြီး ဇာဂနာ ကတုံးနှင့် မှန်ကြောင် အရိုင်းကိုမကြိုက်ဘူး၊ ပန်းသီးညာသီး ဘာအသီးမှ မကြိုက်ဘူး၊ ခုပေါ်နေတဲ့ ငါးယောက်ကိုလည်း မကြိုက်ဘူး၊ သူတို့ပါတဲ့အခွေတွေ ငါကိုမပြနဲ့’၊
‘အဆိုတော်တွေထဲမှာ မျိုးကျော့မြိုင်၊ ဂျေမီ၊ အေသင်ချိုဆွေ၊ ဂျင်းနီနှင့် ဆောင်ဦးလှိုင် မကြိုက်ဘူး၊ နောက်ပြီး ဟိုတစ်ယောက် ဖြူဖြူကျော်သိန်း ကိုလည်း မကြိုက်ဘူး’၊ ‘သိပြီလား၊’
‘ဘာလို မကြိုက်တာလဲ မမေးနဲ့၊ မကြိုက်လို့ မကြိုက်တာ၊ လွတ်လပ်စွာ ကြိုက်ခွင့် မကြိုက်ခွင့် ရှိတယ်မဟုတ်လား’၊
‘ဒါ ငါမကြိုက်တာပဲ နင်ကြိုက်ရင်ကြိုက်နိုင်တဲ့ နင့်သဘော၊ နင့်လွတ်လပ်ခွင့်၊ ဟုတ်ပြီလား’၊
ကျနော်လည်း စိတ်ဆိုးနေ၍ အိုကေ အိုကေ လုပ်လိုက်သည်၊
နှင်းအေးက ‘နင် ငါဘာကြိုက်သလဲ သိသလား’ မေးသည်၊
ကျနော်က “နင် အာဇာနည်၊ ချမ်းချမ်း သီချင်းတွေကြိုက်တယ် နောက်ပြီး….”၊
‘နောက်ပြီးတော့ဘာလဲ’ နှင်းအေးက ထောက်လိုက်သည်၊
ကျနော်က “နင် ခေါပုတ်ကြိုက်တယ်”
ထိုအခါ ရယ်၍ ကျနော်ဘက်လှည့်ပြီး ‘ကောင်စုတ် အဲဒါတော့သိတယ်၊ နင်မကြိုက်တာလဲ ငါသိတယ်’၊
ကျနော်က ဘာလဲ လို့ မေးလိုက်သည်၊
‘နင် ငါ စိတ်ကောက်တာ မကြိုက်ဘူး’၊ ဟာဟာ ဟားဟား နှစ်ယောက်လုံး ရယ်ဖြစ်ကြသည်၊ နှင်းအေးသည် ခေါပုတ်ကြော်ကို အရမ်းကြိုက်သည်၊ ကျနော်ကိုလည်း စိတ်ကောက်ခဲသည်။

ရုပ်ရှင်မကြည့်ဖြစ်သဖြင့် ကျနော်တို့နှစ်ယောက် ကျနော်အိမ်သို့ ပြန်လာခဲ့သည်၊ နှင်းအေးလည်း လိုက်လာခဲ့သည်၊ ကျနော့်အခန်းထဲမှာ ကျနော်သီချင်းဖွင့် နားထောင်နေလိုက်သည်၊ နှင်းအေးက ဒီသီချင်းကို ဘာလို့ဖွင့်တာလဲ ကျနော်ကို မေးလာသည်၊ ကျနော်က နားထောင်ကြည့်တာပါ၊ နှင်းအေးကို ကြည့်ရတာ စိတ်ကောက်ပြေသည့်ဟန် မပေါက်သေး၊ နှင်းအေးက နင် ငါကို တစ်ခုခု ပြောစရာရှိလား မေးလာသည်၊ ကျနော်က မရှိဘူး ဘာဖြစ်လို့လဲ ပြန်မေးလိုက်သည်၊ ဒီတစ်ခါတော့ နှင်းအေး တစ်ယောက် မျက်နှာငယ်လေးဖြင့် ‘နင်နဲ့ငါကြားမှာ လျှို့ဝှက်စရာတွေ ရှိနေပြီပေါ့’ ဆိုလာသည်၊ အဲဒီကျမှ ကျနော်ပြန်စဉ်းစားမိသည်၊ ကျနော် မီမီအောင်ကို စကားလိုက်ပြောတာကို ရည်ရွယ်နေကြောင်း ဖြစ်နိုင်သည်၊ ဒီမြို့အတွင်းမှာ သတင်းက အဲဒီလောက်မြန်လိမ့်မည် မထင်ခဲ့မိပါ၊ ကျနော်လည်း နှင်းအေးကို “ငါ နင်ကို မပြောတာ တစ်ခုပဲရှိတယ် ပြီးခဲ့တဲ့ အပတ်က ငါ မီမီအောင်ကို စကားလိုက်ပြောဖြစ်တယ်”၊ နှင်းအေးက ‘အဲဒီတော့ ဘာဖြစ်လဲ’ ကျနော်ကို မေးလိုက်သည်၊ “ဘာမှမဖြစ်ဘူး ဒီသီချင်းကို နားထောင်ခိုင်းလိုက်တယ်” ကျနော်ပြန်ဖြေလိုက်သည်၊ သီချင်းကို နားထောင်သလိုလို လုပ်ပြီး၊ ‘ပြောရမဲ့လူ၊ ကြိုက်ရမဲ့သူရှားလို့ ဒီလိုကောင်မမျိုးကိုမှ၊ တော်ပြီ ငါပြန်တော့မယ်’ ဆိုပြီး၊ အခန်းထဲက ပြေးထွက်သွားသည်၊
ကျနော်နှင့် သီချင်းသံလေး ကျန်ရစ်ခဲ့သည်၊
“မင်းမကြည့်လို့ မသိတာပါ အချစ်ကမင်းအနားမှာပါ
စိတ်မရှိလို့ မရိပ်မိတာပါ အချစ်ကမင်းအနားမှာပါ
မင်းမဆွဲလို့ မတွဲမိတာပါ အချစ်ကမင်းအနားမှာပါ”
စိုင်းထီးဆိုင်ရဲ့ သီချင်းသံ ကျနော့်အခန်းထက်ကျော်ကာ ပျံ့နှံ့သွားသည်။

နှင်းအေး တစ်ယောက် စိတ်ကောက်သလိုနဲ့ ကျနော်ဆီ မလာတာ နှစ်ပတ်လောက်ရှိသွားခဲ့ပြီဖြစ်သည်၊ တကယ်တော့ နှင်းအေး ကျနော်တို့အိမ်ကို လာပါသည်၊ အဖေ အမေတို့ကို နေကောင်းလားဦးဦးဒေါ်ဒေါ်လုပ်ပြီး၊ ကျနော်ကို မျက်စောင်းလေးထိုးကြည့်ကာ ပြန်ပြန်သွားခြင်း ဖြစ်ပါသည်၊ ဒီလိုနဲ့ တစ်နေ့ ဆယ်တန်းတွေ ကျောင်းပြန်တက်ရမဲ့ အချိန်မှာတော့၊ နှင်းအေးကို သူအဖေက ဆိုင်ကယ်ဝယ်ပေးသည်၊ ဆိုင်ကယ် ရရချင်း ကျနော်ဆီ ရောက်လာသည်၊ တအားပျော်ရွှင်နေသည့်ပုံစံ၊ တကယ်တော့ လာကြွားခြင်း ဖြစ်ပါလိမ့်မည်၊ ကျနော်က မသိချင်ယောင် ဆောင်နေလိုက်သည်၊ နှင်းအေး တစ်ယောက် မနေနိုင်တော့ ‘ကိုကို နင် ငါကို စိတ်ဆိုးနေသလား’၊
ကျနော်က “ဘာလို့စိတ်ဆိုးရမှာလဲ”၊
နှင်းအေးက ‘မသိဖူး နင် ငါကို မခေါ်လို့’၊
“မခေါ်တာက နင်လို့” ကျနော်ပြန်ဖြေလိုက်သည်၊ အဲဒီအခါကြမှ ရယ်ကြဲကြဲလုပ်ပြီး၊ ‘ခု ငါအဖေက ကျုရှင်တွေတက်ဖို့ ဆိုင်ကယ်ဝယ်ပေးတယ်၊ ဟိုမှာတွေ့လား’၊
ကျနော်က ဆိုင်ကယ်ကို ကြည့်လိုက်ပြီး “ဟုတ်လား ဒါဆို နင်အဖေက ဥပဒေ ချိုးဖေါက်တာပေါ့”၊ နှင်းအေးက အလန့်တကြားနဲ့ ‘ဘာ၊ ဘာရယ်’၊
“အသက်မပြည့်သေးတဲ့ သမီးတစ်ယောက်ကို ဆိုင်ကယ်ဝယ်ပေးတာ ဥပဒေ ချိုးဖေါက်တာပဲ”၊ ကျနော်ပြန်ပြောလိုက်သည်၊ ‘နှင်းအေးက ကိုကိုမနောက်နဲ့ကွ၊ ဒါဆိုတစ်မြို့လုံးနီးပါး ဥပဒေကို ချိုးဖေါက်နေပြီ၊ ဒီဥပဒေကို တစ်ခုခုလုပ်သင့်တာပေါ့၊ ခုဟာက ဖေဖေက နင်နှင့် ငါကို ကျုရှင်တူတူတက်ရအောင် ဝယ်ပေးတာ ဟုတ်ပြီးလား’၊
ကျနော်က “သေချာရဲ့လား” ထပ်မေးလိုက်သည်၊ ‘မယုံရင် အဖေကိုသွားမေးကြည့်’၊ ပြီးတော့ရယ်ကာ ‘နင်နှင့်အတူဆိုလို့ ဝယ်ပေးတာ’၊ စကားပြောရင်း ရယ်နေသော နှင်းအေးမျက်နှာလေးကို ကြည့်လိုက်မိသည်၊ ပါးမှာ ပါးကွက်ကလေးနဲ့ လှပါသည်။

နှင်းအေးကမောင်း ကျနော်က နောက်ကထိုင်ပြီး ဆိုင်ကယ်စမ်းစီးကြသည်၊ နှင်းအေးက မောင်းနေရင်းနဲ့ ‘နင် မီမီအောင်နဲ့ စကားပြောဖြစ်သေးလား’၊
“ဟင့်အင်း”၊
‘ဒါဆို နောက်တစ်ယောက်ကို ပြောဖို့ ရွေးထားပြီလား’
“ဟင့်အင်း”၊ ကျနော် ဟင့်အင်းအဖြေတွေကို နားထောင်ရင်း ဒါဆိုဘာကြောင့်လဲ ဟုမေးလာသည်၊ ကျနော်က သီချင်းနားထောင်ပြီးကတည်းက ဘယ်သူကိုမှ မပြောဖူးလို့ ဆုံးဖြတ်လိုက်တယ်၊ ကျနော်ဖြေလိုက်တော့ မပွင့်တစ်ပွင့် ရယ်သံလေး ထွက်လာသည်၊ မြစ်ဆိပ်လမ်းထိပ် ဘယ်သူမှ မရှိတဲ့ နေရာမှာ ကျနော်ဆိုင်ကယ်ကို ရပ်ခိုင်းလိုက်သည်၊ ဘာဖြစ်လို့လဲလို့ ကျနော်ကိုမေးသည်၊ နေမထိထိုင်မသာဖြစ်လို့ ခဏရပ်ပေးပါလို့ ပြောလိုက်သည်၊ နှင်းအေးကတော့ ဆိုင်ကယ်ကိုကြည့်လိုက် ကျနော်ကိုကြည့်လိုက် လုပ်နေသည်၊
ကျနော်က “နှင်းအေး နင် ငါနားထောင်နေတဲ့ သီချင်းလေးကိုသိတယ်နော်”၊ ‘သိတယ်’ ပြန်ဖြေသည်၊ “ကြိုက်သလား”ဟု မေးလိုက်မိသည်၊ ‘မဆိုးပါဘူး’ ဆိုပြီး ကျနော်ကို စိုက်ကြည့်နေသည်၊
“ငါ…”
‘ဘာလဲပြော..’
ကျနော်ရုတ်တရက် နှင်းအေးရဲ့ ပါးကွက်ကလေးနှစ်ခုကို နမ်းလိုက်ပြီး၊ တစ်ကိုယ်လုံးကို သိမ်းဖက်ထားလိုက်မိသည်၊
နှင်းအေး တစ်ယောက် တုန်တုန်ရီရီဖြင့် ‘ကိုကို နင် ငါကိုဘာလုပ်တာလဲ၊ ငါကိုဘာလုပ်တာလဲ၊ လူတွေမြင်ကုန်မယ်’ မေးနေသည်၊
“နှင်းအေး နင်ကို ငါချစ်တယ်”၊ ကျနော်ပြောလိုက်မိသည်၊
‘လွှတ်ပါ လူတွေမြင်ကုန်မယ်’၊ နှင်းအေး ရင်တွေခုန်နေသည်ကို ကျနော်သိလိုက်သည်၊
“နင် ငါကို ချစ်သူအဖြစ်အသိအမှတ်ပြုပေးပါ”၊
‘ချစ်ပါ၊ ချစ်ပါ ခုတော့လွှတ်ပေးပါ ဟိုမှာ လူတွေလာနေပြီ’၊
“ဒါဆို ငါတို့ ချစ်သူတွေဖြစ်သွားကြပြီပေါ့”၊
‘ဟုတ်တယ် ဟိုမှာ လူတွေလာနေပြီ’၊
ကျနော် သူရဲ့နောက်ကလည်တိုင်လေးကို နမ်းပြီး ဖက်ထားတာကို လွတ်ပေးလိုက်သည်၊
ချက်ချင်းဆိုသလို ပြန်ကြမယ် တက်ဆိုပြီး အိမ်ဖက်သို့ နှင်းအေးတစ်ယောက် မောင်းချလာသည်၊
နောက်ခါ ‘ငါ့ကို လမ်းမှာ ဘယ်တော့မှ မနမ်းပါနဲ့’ ဆိုတာကလွဲလို့ ဘာမှ မပြောဖြစ်ကြပါ၊ နှစ်ယောက်စလုံး ရင်ခုန်နေကြပါသည်၊
အိမ်ရောက်တော့ ဆင်းဆိုပြီး၊ ဆင်းခိုင်းကာ ဆိုင်ကယ်ကို သူအိမ်ဘက်သို့ မောင်းထွက်သွားသည်၊ မထွက်သွားမှီ ကျနော့်လက်ဖဝါးလေးတွေကိုညှစ်ပြီး လက်မောင်းကို လက်သီးလေးနဲ့ထိုးသွားခဲ့သည်။

ထိုနေ့က ကျနော်သည် မိန်းကလေး တစ်ယောက်မောင်းသော ဆိုင်ကယ်ကို နောက်က ပထမဦးဆုံး အကြိမ် လိုက်စီးဖူးခြင်းဖြစ်ပါသည်၊ မိန်းကလေး တစ်ယောက်ကို ပထမဦးဆုံး နမ်းဖူးခြင်းလည်းဖြစ်ပါသည်၊ နှင်းနှင်းအေးအောင်သည် ကျနော်၏ ပထမဦးဆုံး ရည်းစားဖြစ်လာခဲ့ပါသည်။
ထိုနေ့ညက ကျနော်သည် သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲ ဖွင့်နေဖြစ်ခဲ့ပါသည်၊
“ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးနံ့လေးတွေနဲ့…..
ရွှေလည်တိုင်ကိုကွယ်……….”။

…………………………………………………….

ဆယ်တန်းကျောင်းသားဘဝတွင် ရည်းစားထားရခြင်းသည် တော်တော် အရသာမရှိဟု ကျနော်ထင်မြင်မိပါသည်၊ အတူကျောင်းတက်၊ ကျုရှင်တက်၊ စာကျက်၊ စာဆွေးနွေးနဲ့ ချစ်သူဘဝကို ဘာရယ်လို့ မသိခဲ့ရပါ၊ ရည်းစားဆိုင်ကယ်မောင်းတာကို လိုက်စီးနေတာ ဒီကောင် တစ်ကောင်ပဲရှိတယ်လို့ တစ်မြို့လုံးရဲ့ အပြောကိုတော့ ခံခဲ့ရပါသည်၊ ကျနော်ကတော့ တက္ကသိုလ် ရောက်မှ ရည်းစားပီသအောင် လုပ်လိုက်မယ်လို့ ဆယ်တန်းစာမေးပွဲကို ဒီလိုရည်ရွယ်ချက်ကြီးကြီးနဲ့ ဖြေခဲ့ပါသည်၊ ဒီလိုနဲ့ပဲ ကျနော်တို့ နှစ်ယောက်စလုံး ဆယ်တန်းကိုအောင်ခဲ့ကြသည်၊ ကျနော်သည် မြန်မာစာဂုဏ်ထူးတောင် ထွက်လိုက်သေးသည်၊ မြန်မာစာဂုဏ်ထူးထွက်သဖြင့် သူငယ်ချင်းများအကြားဝယ် အထူးအဆန်းဖြစ်ခဲ့ရပါသည်၊ မြန်မာစာဂုဏ်ထူးထွက်တာ အထူးအဆန်းဖြစ်လား ကျနော်မသိပါ၊ ဆယ်တန်းအောင်သည့်အတွက် အလွန်ပျော်ခဲ့ပါသည်။

ကျနော်တို့မြို့က တက္ကသိုလ်လို့ သမုဒ်ထားသောကျောင်းတွင် မြန်မာစာဂုဏ်ထူးထွက်သော ကျနော်က သချာင်္ဘာသာတွဲယူပြီး၊ နှင်းအေးက ဓါတုဗေဒဘာသာ ယူခဲ့ပါသည်၊ ကျနော်ပြိုင်စက်ဘီး တစ်စီးကို ဝယ်ခဲ့သဖြင့် နှင်းအေး၏ မော်တော်ဆိုင်ကယ် နောက်သို့ တစ်ခါတစ်လေမှ လိုက်စီးဖြစ်ပါတော့သည်။

အတူပျော်ရွှင်စွာ ကျောင်းတက်နေသော ကျနော်တို့ နှစ်ယောက်ကြားကို လူတစ်ယောက် ပထမဦးဆုံး ဝင်ရောက်လာပါသည်၊ နေဝင်းထက်ယံ ဆိုသောသူတစ်ယောက်ဖြစ်ပါသည်၊ သူသည်လည်း ပထမနှစ် သမိုင်းကျောင်းသား တစ်ဦးဖြစ်ပါသည်၊ ကျနော်တို့မြို့၏ ချမ်းသာသည်ဟု ဆိုနိုင်သော ပွဲရုံကုမ္ပဏီ ပိုင်ရှင်တစ်ဦး၏ သားဖြစ်သည်၊ မန္တလေးတွင် ကျောင်းတက်နေရာမှ ဘာလို့ တက္ကသိုလ်ကို ကျနော်တို့မြို့သို့ လာတက်သလည်း၊ ကျနော်တော့ မသိပါ၊ တစ်တွဲတွဲရှိနေတတ်သော ကျနော်တို့၏ ပတ်ဝန်းကျင်တွင် အမြဲတွေ့နေရတတ်ပြီး၊ အထူးသဖြင့် ကျနော်တို့ လက်ဖက်ရည်ဆိုင်ထိုင်သောအခါ စားပွဲဝိုင်းတစ်ခုမှ ကျနော်တို့ စားပွဲကို ကြည့်နေတတ်သည်။

နေဝင်းထက်ယံသည် အရပ်မြင့်မြင့် အသားဖြူဖြူ ရုပ်ချောပါသည်၊ ဖြိုးငွေစိုးပုံစံလိုမျိုး အမှုအရာက ဇာတ်မင်းသားလိုလို ရုပ်ရှင်မင်းသားလိုလိုနဲ့ တစ်ချို့မိန်းကလေးများ အကြိုက်ဖြစ်သည်၊ ကျောင်းတက်လျှင် ပါဂျာရို ကားကို သူမောင်းလာသလို သူ့အစ်မက မောင်း၍လိုက်ပို့ပေးတတ်သည်၊ သူ့အစ်မသည် သူထက် ၆နှစ် ၇နှစ်လောက် ကြီးမည်ထင်ပါသည်၊ ဘာကြောင့် မောင်နှမနှစ်ယောက် အသက်ကွာနေကြသလည်း ကျနော်လည်းမသိပါ။

ကျနော်တို့ နှစ်ယောက်နောက် တစ်ကောက်ကောက်လိုက်နေခြင်းသည် ကျနော်ကို စော်ကားနေခြင်းဟု ကျနော်ယူဆပါသည်၊ ကျနော့်ချစ်သူ နှင်းအေးကို စိတ်ဝင်စားနေခြင်း ဖြစ်နိုင်သည်၊ သူများရည်းစားကို လိုက်ကြိုက်သော လူတစ်ယောက်ကို ကျနော် အမုန်းဆုံးဖြစ်ပါသည်၊ ကြိုက်စရာရှားလို့ ငါ့နှင်းအေးကိုမှ ကြိုက်ရတယ်လို့ ကျနော်သဝန်တိုမိသည်၊ ကိုယ်ရည်းစားကို သူများလိုက်ကြိုက်တာ ကြုံဘူးကြမည်ဟု ထင်ပါသည်။

ဒီကောင်ကို ချဲလင်းလုပ်မယ်လို့ ပြောတော့၊ သူငယ်ချင်းတွေရော နှင်းအေးကပါ လက်မခံပေ၊ ‘အနေသာကြီးပါ ကိုကိုရာ၊ နင့်မှာ ငါရှိတယ်၊ ငါ့မှာ နင်ရှိတယ၊် အဲဒါဆို ပြီးရောမဟုတ်လား၊ ဂရုစိုက်မနေပါနဲ့၊ နင် သူ့အတွက် ငါကိုယုံစမ်းပါ’၊ နှင်းအေးက ဆိုလာတော့လည်း ကျနော်စိတ်လျှော့ခဲ့ရသည်၊ ဒါပေမဲ့ ကျနော်ကြာကြာ သည်းမခံနိုင်ခဲ့ပါ၊ နှင်းအေးမရှိသောအချိန် နှင်းအေးမသိအောင် ကျနော်နှင့်သူငယ်ချင်း မြတ်စိုး တို့ ဒီကောင်တွေ ထိုင်နေသည့်ဝိုင်းကို သွားခဲ့သည်၊ ဒီကောင်တွေဝိုင်းထဲက တရုတ်နေအောင်ကို ကျနော်တို့သိသည်၊ ဒီကောင်က ကျောင်းတွင်စာရင်းပြပြီး ဆယ်တန်းကို အပြင်ကဖြေသော်လည်း ကျုရှင်တွေတွင် ဆုံဘူးသည်၊ လောလောဆယ်တော့ သူတို့စားပွဲဝိုင်းတွင် နှစ်ယောက်ထဲ ဖြစ်သည်၊
မြတ်စိုးက ‘ဟေ့ကောင် နေအောင် နေကောင်းလား၊’
သူတို့နည်းနည်းတော့ ကြောင်သွားသည်၊ ကျနော်နှင့် မြတ်စိုး ဒီလိုတိုက်ရိုက်ကြီး ဝင်လာလိမ့်မည် မထင်သောကြောင့် ဖြစ်နိုင်သည်၊
နေအောင်က ‘နေကောင်းပါတယ်၊ ဘာကိစ္စရှိလို့လဲ’ ပြန်မေးလိုက်သည်၊
ကျနော်တို့က မဖြေ၊ ‘ထိုင်မယ်နော် ထိုင်ချင်လို့ လာထိုင်တာ’ ကျနော်ပြောလိုက်သည်၊
ကျနော်တို့ ဝင်ထိုင်လိုက်ကြသည်၊ သူတို့ ဘာမှ မပြော၊ မြတ်စိုးက
‘တစ်ကျောင်းထဲသားတွေပဲ တစ်ဦးအကြောင်း တစ်ဦးသိရအောင် မိတ်လာဖွဲ့တာ၊ ဒါမှာ နောင် ရှုပ်ရှုပ်ရှက်ရှက် မဖြစ်ချင်လို့ပါ၊’
နေဝင်းထက်ယံကို ကြည့်ရသည်မှာ ဘာမှ မဖြစ်သလိုပါပဲ၊ သူ့ရဲ့လက်ကိုကြည့်လိုက်တော့ လက်လှုပ်ရှားမှုက တစ်ခုခုဖြစ်နေတာ သေချာပါသည်၊ မျက်နှာကိုကြည့်လိုက်တော့ ခပ်တည်တည်ပါပဲ၊ မျက်နှာကို တော်တော် ထိန်းချုပ်နိုင်တဲ့ လူပါပဲ၊
မြတ်စိုးကပဲ ‘ကျနော်က မြတ်စိုး၊ ဒီကောင်က မိုးကိုကို၊ ကဲဟုတ်ပြီလား’၊
နေအောင်က ‘မင်းတို့ မိတ်ဖွဲ့တော့လည်း၊ ဖွဲ့ရတာပေါ့၊ ငါ့ကိုတော့ မင်းတို့သိပြီးသား၊ သူက နေဝင်းထက်ယံ၊ ငါနဲ့ အမျိုးနည်းနည်းတော်တယ်၊ ဒီနေ့ မလာတဲ့ တစ်ယောက်က ဝေမင်းဟိန်း သူကတပ်ထဲက’၊
မြတ်စိုးကတဖန် ‘ငါတို့အဖွဲ့က ငါးယောက်ရှိတယ်၊ အဲဒီထဲမှာ ကောင်မလေးတစ်ယောက်ပါတယ်၊ နှင်းနှင်းအေးအောင်တဲ့ ငါတို့က အေးအောင်လို့ခေါ်တယ်၊ ဒီကောင် မိုးကိုကိုရဲ့ အချစ်ဆုံး ရည်းစားပေါ့’၊
ကျနော်က ရယ်လိုက်သည်၊
နေဝင်းထက်ယံက ဟင်းဟင်းဟု ရယ်သံပြုပြီး၊ ‘သိပ်လှတဲ့နာမည်လေး၊ ရည်းစားဆိုတော့ လင်မယား မဟုတ်ဘူးပေါ့၊ အင်း ရည်းစားဆိုတာ လင်မယား မဟုတ်ဘူး’၊
ကျနော်က ‘ဘာ၊ ဘာရယ်’ မေးလိုက်မိသည်၊
နေဝင်းထက်ယံက ပြန်မဖြေ၊ ‘ကဲ အားလုံးပဲ ကိုယ့်အတွက် ဒီနေ့ ဒီလောက်လုံလောက်ပြီ၊ သွားတော့မယ်’၊ ဆိုပြီး ခပ်တည်တည် လှည့်ထွက်သွားသည်၊
ဒီကောင်အမှုအရာကို ကျနော် စိတ်ထဲက တော်တော် ခံပြင်းသွားသည်၊ တောက်ခေါက်လိုက်မိသည်၊
နေအောင်က ‘ဟေ့ကောင် ကိုကို မင်းဘာတွေဖြစ်နေတာလဲ’၊
မြတ်စိုးက ‘မင်းသိတဲ့အတိုင်းပဲ အေးအောင်က ဒီကောင်ချစ်သူလေ၊ မင်းအကောင်က ဗလာချည်းဆိုတော့’၊
နေအောင်က တဖန် ‘ဟေ့ကောင်မြတ်စိုး၊ မင်းပြောလိုက်တာ ကြားတယ် မဟုတ်လား၊ ရည်းစားဆိုတော့ လင်မယား မဟုတ်ဘူးပေါ့၊ ဆိုတာ’၊ ‘နောက်ပြီး နေဝင်းက မင်းတို့ကို တိုယ်ထိလက်ရောက် ဘာမှ မနှောက်ယှက်ဘူးနော်’၊
‘လူမှာ လွတ်လပ်ခွင့် ရှိတယ်မဟုတ်လား၊ လွတ်လပ်စွာကြည့်ခွင့်၊ လွတ်လပ်စွာကြိုက်ခွင့် လွတ်လပ်စွာချစ်ခွင့် မရှိတော့ဘူးလား’၊
ကျနော်က “လွတ်လပ်တာတော့ လွတ်လပ်တာပေါ့၊ ဒါပေမဲ့ စည်းရှိရမယ်”၊
နေအောင်က ‘ဘယ်သူက စည်းကျော်နေလို့လဲ၊ ဘယ်သူမှ စည်းမကျော်ဘူး၊ စိတ်လျှော့ သိပ်မရွေ့ကြနဲ့ လွဲကုန်လိမ့်မယ်’၊
ကျနော်က “အေးပေါ့ကွာ၊ ငါတို့ကလည်း အဲဒီစည်း မကျော်စေဖို့ လာပြောတာပဲ၊ ဟေ့ကောင်မြတ်စိုး သွားမယ်ကွာ”၊
နေအောင်က တဖန် ‘သွားပေါ့ မင်းတို့ဟာမင်းတို့ လာတာပဲ၊ စိတ်တော့မဆိုးနဲ့ တစ်ခုတော့ နားထောင်၊ ငါပြောမယ် ငါ့အတွက်တော့ အချစ်ဆိုတာ စည်းတွေဘောင်တွေနဲ့ ထိမ်းချုပ်ထားလို့ မရဘူး၊ အိမ်ထောင်ရှိပြီးသား သူတစ်ယောက်ကိုလည်း ချစ်မိမှာပဲ၊ သူများရည်းစားကိုလည်း ချစ်မိမှာပဲ၊ ဒါကချစ်တာလေ’၊ ‘အချစ်ကလွတ်လပ်တယ်’၊ ‘အချစ်ကကျယ်ပြန့်တယ်’၊ ‘အချစ်ကိုကန့်သတ်လို့မရဘူး’၊ ‘ရယူပိုင်ဆိုင်ဖို့ကတော့ မျှော်လင့်ချက်ပေါ့၊ အဲလို မျှော်လင့်ချက်တွေ ပြည့်ခဲ့သူတွေ ကမ္ဘာပေါ်မှာ အများကြီးပဲ၊ မင်းတို့မကြုံဖူးသေးလို့ပါ’၊
မြတ်စိုးက ‘ငါတို့က အဲဒီလို အောက်တန်းကျစွာ မချစ်ဖူး၊ ချစ်မှာလဲ မဟုတ်ဖူး’၊
နေအောင်က ဟားဟားရယ်၍ ‘အဲဒါ အောက်တန်းကျတာ မဟုတ်ဘူး၊ အချစ်ကို တန်ဘိုးထားတာ၊ အဆင့်မြင့်စွာချစ်ပြတာ၊ ကိုယ့်အချစ်ကို လက်ရှိတစ်ယောက်ထက် သာကြောင်းပြရမှာ မင်းတို့ မကြုံဖူးသေးလို့ပါ’၊
ကျနော်က “အေး ငါတို့ကလည်း အဲလိုချစ်မှာ မဟုတ်ဖူး”၊ “ဒီမှာနေအောင် အချစ်က လွတ်လပ်တယ်၊ ဟုတ်ပါပြီ လွတ်လပ်ခွင့်ဆိုတာ လူတိုင်းမြတ်နိုး လူတိုင်းလိုချင်ကြတာပဲ၊ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်လုပ်ချင်တိုင်း လိုက်လုပ်လို့ မရဘူး၊
ယဉ်ကျေးတဲ့ လူတွေရဲ့ အသိုင်းအဝိုင်းမှာတော့ လွတ်လပ်ခွင့်ဟာ စည်းတွေဘောင်တွေနဲ့ထားတယ် ဒါလွတ်လပ်ခွင့်ကို တန်ဘိုးထားတာ၊ အဲလိုမှ မဟုတ်ရင် အဲဒီ့ လွတ်လပ်ခွင့်ရဲ့ အလွဲသုံးစားလုပ်ခြင်း ခံရမှာပဲ၊ နောက်ဆုံး လွတ်လပ်ခွင့်တောင် ပြန်ဆုံးရှုံးသွားနိုင်တယ်၊”
ဟားဟားဟားဟား နေအောင်အသံထွက်အောင် ရယ်လိုက်သည်၊ ပြီးနောက် ‘ဒါဆို ငါတို့က မယဉ်ကျေးဘူးပေါ့၊ တစ်ခါတစ်လေ အချစ်မှာ ယဉ်ကျေးစရာမလိုဘူး၊ ဘာကြောင့်လဲဆိုတော့ အချစ်ဟာ တားဆီးလို့မရဘူး၊ တကယ်ချစ်လာပြီဆိုရင် အရှိန်တက်လာတဲ့တစ်နေ့ အခြေအနေတစ်ခုမှာ အချစ်ကအရာရာကို လွှမ်းမိုးသွားမယ်၊ အဲဒီအခါကြ မင်းအချစ်ကို လုံးဝကြီး လွတ်လပ်ခွင့် ပေးလိုက်ရလိမ့်မယ်၊ မင်းတို့မကြုံဖူးသေးလို့ပါ’၊
မြတ်စိုးက ‘မင်းက ကြုံဘူးတာပေါ့ ဟုတ်လား၊’ မေးခွန်းပြန်ထုတ်လိုက်သည်၊
နေအောင်က ‘ဒါတွေဟာ ငါတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာလေ၊ ငါတို့က အမြဲစောင့်ကြည့် လေ့လာနေတာ၊’
‘ခုမှပဲ မင်းတို့ဟာ အချစ် စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင်တွေဖြစ်ကြောင်း သိတော့တယ်၊ တကယ့် ရှယ်ပါပဲ၊’ မြတ်စိုးက ပြောလိုက်သည်၊
ကျနော်က “ထားလိုက်ပါတော့ မင်းတို့အမြင်နဲ့ ငါတို့အမြင် ကွဲလွဲခွင့်ရှိမှာပေါ့၊ မင်းအမြင်ကို လက်ခံတဲ့ သူတွေလဲ ရှိမှာပဲ၊ ငါ့အမြင်ကို လက်ခံတဲ့ သူတွေလဲ ရှိမှာပဲ၊ ဒါ လွတ်လပ်မှုပဲ၊ ပွင့်လင်းတဲ့ လူအဖွဲ့အစည်းမှာ အမြင်တွေ ကွဲလွဲခွင့်ကို လက်မခံဘူးဆိုရင် မယဉ်ကျေးတဲ့ သူတွေဖြစ်သွားမယ် မဟုတ်လား၊ မင်းနဲ့စကားပြောရတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်၊ ဒါပေမဲ့ ပြန်လိုက်ဦးမယ်”၊
နေအောင်က ‘ကျေးဇူးလဲတင်ပါတယ် ကိုယ်နဲ့ အမြင်မတူတဲ့သူ တစ်ယောက်ကို မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ၊ ကက်ကက်လန် ရန်မတွေ့၊ ယုတ်မာညစ်ညမ်းတဲ့စကားတွေ မသုံးခဲ့တာ မင်းကို လေးစားပါတယ်၊’
မြတ်စိုးက ‘respectfully civilly fair game ဖြစ်ရမှာပေါ့၊ သွားမယ်ကွာ၊’
နေအောင်တစ်ယောက် အိုကေ ဘိုင်ဘိုင် ဆိုပြီး ကျန်ရစ်ခဲ့သည်၊
ထိုနေ့က ကျနော့်အတွက် တရားဝင် အချစ်စိန်ခေါ်မှုကြီး စတင်ခဲ့တော့သည်။

စိန်ခေါ်မှုတွေနှင့် ချစ်သူကို ချစ်နေရစဉ်မှာပဲ၊ ကျနော်တို့ နှစ်ယောက်ကြားကို နောက်တစ်ယောက် ဝင်ရောက်လာပြန်သည်၊ ဒီတစ်ခါတော့ မိန်းကလေးတစ်ဦးဖြစ်သည်၊ ကျနော်နဲ့ မေဂျာတူသည်၊ ပွင့်ဖြူငယ် ဆိုသော ကောင်မလေး တစ်ယောက်ဖြစ်သည်၊ တကယ်တော့ အဲဒီကောင်မလေးနှင့် တွေ့ဆုံဘို့ နှင်းအေးက ဖန်တီးလာခဲ့ခြင်းဖြစ်သည်၊ ပွင့်ဖြူသည် အဆောင်နေကျောင်းသူ တစ်ယောက်ဖြစ်သည်၊ ကျနော်တို့မြို့နားက မြို့ကလေး တစ်ခုမှဖြစ်သည်၊ မိုးဟေကို လိုပင် ကိုယ်လုံးကိုယ်ပေါက်လှသည်၊ ယောက်ျားတွေအတွက် နှစ်ခါမက ပြန်ကြည့်ခံရသည့် မိန်းကလေးတစ်ဦးဖြစ်သည်၊ စကားပြောလျှင် ပွင့်ဖြူက ပွင့်ဖြူက ဆိုပြီးပြောတတ်သဖြင့်၊ ကျနော်တို့က မကွေးတိုင်းလို့ နာမည်ပြောင်လေး ပေးထားခဲ့သည်၊ ပွင့်ဖြူသည် ကျနော်ဘဝကို တစ်စုံတစ်ခု ဖြစ်စေသည့် မိန်းကလေးတစ်ဦး ဖြစ်လာမည်ကို ထိုအချိန်က ကျနော် မသိရှိခဲ့ပါ။

……………………………………



ဆက်ပါဦးမည်။