Showing posts with label general. Show all posts
Showing posts with label general. Show all posts

Friday, January 5, 2018

500 miles ကိုခံစားခြင်း



Five hundred miles ဆိုသော သီချင်းလေးကို အရမ်းကြိုက်ပါသည်၊
အထူးသဖြင့် ရထားဖြင့် ခရီးသွားနေချိန် လေယာဉ်ဖြင့် အကြာကြီး ခရီးသွားချိန် တွေမှာ နားထောင်ခံစားဖြစ်ပါသည်။ ကျနော်အတွက်တော့ ဒီသီချင်းလေးကို ထူးအိမ်သင်၏ အမေ့အိမ် သီချင်းထက်ပင် ပိုကြိုက်နှစ်သက်ပါသည်။

သီချင်းလေး၏ သက်တမ်းသည် ကျနော်တို့ ထက်ပင်ကြီးပါသည်၊ သို့သော် သီချင်းလေးက ရရှိသော ခံစားမူ ဖီလင် အရသာသည် ယနေ့ထိ လူများ၏ အသဲကို ဖမ်းစားနိုင်လေသည်၊ Intro လေးမှ အစပြုကာ တစ်စစီ တစ်စစီ မြင့်ကာမြင့်ကာ ခံစားရသော သီချင်းဖြစ်ပါသည်။

If you miss the train I'm on, you will know that I am gone……
You can hear the whistle blow a hundred miles,,,,,,
a hundred miles, a hundred miles, a hundred miles, a hundred miles,,,,
You can hear the whistle blow a hundred miles.
Lord I'm one, Lord I'm two, Lord I'm three, Lord I'm four, Lord I'm 500 miles from my home.
500 miles, 500 miles, 500 miles, 500 miles
Lord I'm five hundred miles from my home.

Peter, Paul, Mary တို့မှ Mary ၏ နွဲနွဲအသံလေးသည် စိတ်ထဲက သီချင်းကို လိုက်ဆိုဖြစ်အောင် စွဲဆောင်သွားလေသည်။

ထိုမျှ ကျနော်ကြိုက်နှစ်သက်သော 500 miles ဆိုသော သီချင်းလေးသည် 2017 အကုန် 2018 အကူးမှာတော့၊ ကျနော် ဘယ်လိုပြောရမှန်း မသိသော ခံစားမူတစ်ခုကို ပေးခဲ့လေသည်၊ မိမိမြတ်နိုးရသော အရာတစ်ခု ပျက်စီးသွားသလိုမျိုး ဖျက်ဆီးခံလိုက်ရသလိုမျိုး အရှင်လတ်လတ် ခံစားရသော ခံစားမူမျိုးဖြစ်နိုင်ပါသည်၊ တစ်ဘက်ကပြန်ကြည့်လျှင်လည်း နားထောင်မိသူအမှား ကြည့်မိတဲ့သူအပြစ် ဖြစ်နေပေလိမ့်မည်၊

 တကယ်ပဲ ကျနော်အမှားပါ Angelababy ဖျော်ဖြေသော Happy New Year ညကို ကြည့်မိလိုက်လေသည်
ကျနော်ရဲ့ 500 miles ဆိုသော သီချင်းလေးသည် ဒီအမျိုးအမည် မသိသော ခံစားမူကို ကျနော်ကို ပေးခဲ့လေသည်၊  ရက်စက်ပါပေ့ Angelababy ရေ ………

မနေ့က သူငယ်ချင်း တစ်ယောက်လည်း ဒေါသတွေထွက်လို့နေသည် သူအလွန်တစ်ရာ ကြိုက်နှစ်သက်သော ခင်မောင်တိုး သီချင်းတစ်ပုဒ်ကြောင့်ဖြစ်ပါသည်၊ တကယ်တော့ သူသည် သူ၏မှားယွင်မူကြောင့် ကျနော်လိုပင် အမျိုးအမည် မသိသော ခံစားမူကို ခံစားလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

အဲဒီခံစားမူမျိုး ခံစားချင်ရင်တော့ ခုထွက်နေသော ခင်မောင်တိုး ပြန်ဆိုသီချင်းတွေကို နားထောင်ကြည့်လိုက်ပါတဲ့။

တကယ်တော့ 500 miles ဆိုသော သီချင်းကို ပြန်ဆိုခဲ့ကြသည်မှာ အကြိမ်များစွာပင် ရှိသည်၊ Japan မှ Junko Yamamoto လည်း ဆိုခဲ့ဘူးသည်၊ Justin လည်း ဆိုခဲ့ဘူးသည်၊
Angelababy လောက် ရက်စက်တဲ့သူ မရှိပေ။

သူငယ်ချင်း ကတော့ပြောပါသည် မင်း Angelababyက mood ပါသေးတယ်၊ ငါ့ခင်မောင်တိုးကတော့ သွားရော။

ခံစားနိုင်ကြပါစေ။


Peter Paul and Mary 500 Miles

AngelababyFive Hundred Miles


Friday, October 21, 2016


Looking for downgrade moon

လမင်းငယ်ကိုရှာဖွေခြင်း

ရက်ရက်စက်စက်ပါပဲ ငါ လမင်းငယ်ကို ရှာဖွေခဲ့မိတယ်။
မိုးမိုးမောက်မောက် တောင်တန်းတွေပေါ် သွားပါ ဆိုလို့လည်း ငါသွားခဲ့
မားမားမတ်မတ် ချောက်တွေကျော် အပြီးမှာတော့ ငါ ရေပြင်ကျယ်ကို တွေ့ခဲ့ရ
ကြမ်းကြမ်းထန်ထန် လှိုင်းတွေကြား ငါ သမုဒ္ဒရာကို ဖြတ်
ဝုံးဝုံးဒိုင်းဒိုင်း မုန်တိုင်းတွေကြား ငါ မသေရုံတမယ်၊
အဲဒီကတဆင့် ရှည်ရှည်းလျားလျား ကန္တရတွေ အိုအေစစ် တွေ့မလားလို့ အပြေးသွားမှာတော့
ကျယ်ကျယ်လောင်လောင် စစ် စစ် မဖြစ်ရဘူး လူတွေ အော်ဟစ်၊ တကယ်တော့ ငါက အိုအေစစ်ကိုပြောနေတာပါ၊
သေသေချာချာ နားထောင် ငြိမ်းခြမ်းရေးအတွက် စစ်တိုက်နေတာ  ဒီမှာတွေ့လား စစ်ကြောင့် ငြိမ်းခြမ်းသွားတာ
အိုးမိုင်ဂေါ့ ရေရေလည်လည် နာဂါစကီးကို ငါဖက်ငိုမိပြီ၊
ဆူဆူညံညံ အမေရဲ့ခေါ်သံတွေကြား လူဆိုးတွေရဲ့ အော်သံတွေကြား၊ ဆရာကြီးတွေ ဆရာမကြီးတွေ စစ် တရား စဟောတော့ ငါ အဝေးဆုံးပြေးပြီပေါ့။
ဖြည်းဖြည်းမှန်မှန် အဝေးပြေးလမ်းမပေါ်ပြေး၊ ပြေးရင်း ခေါင်းချင်းဆိုင် တိုက်မှုတွေရှောင်
များများစားစား ရှိတာက မီးလင်းနေတဲ့ မြို့ရွာတွေ စက်ရုံ ကုန်တိုက်ကြီးတွေ မဟုတ်၊ အန်ဂျီအိုတွေ ပရဟိတတွေ
ကောင်းကောင်းမွန်မွန် လူတစ်ချို့နဲ့ တွေ့
ကောက်ကောက်ကျစ်ကျစ် လူတစ်ချို့နဲ့ တွေ့
ရရစားစား ပွဲစား ဝယ်ရောင်းတွေများ မြန်မာပြည်ဖြစ် ဆိုတာ တိတိပပကို ရေကြည့်လို့ရတယ်၊
ဖြစ်ဖြစ်ပျက်ပျက် တည်ပြီးတာနဲ့ပျက်တဲ့ လမ်းတွေ၊ ဆောက်ပြီးတာနဲ့ ပျောက်တဲ့တံတားတွေ။
မှန်မှန်ကန်ကန် အသက်ကို ဖက်နှင့်ထုပ် မဟုတ် တရုပ် ဇာတ်လမ်းတွေကြား လယ်ကွင်းတွေကိုကျော်
စွန့်စွန့်စားစား ရေစီးထန် မြစ်တွေချောင်းတွေ ငါ ဖြတ်ခဲ့တော့
တစ်စုံတစ်ယောက်က ဒါ ရေစီးကြောင်းပါလို့ နက်နက်နဲနဲ ကောက်ချက်ချပြ
ဆိုးဆိုးဝါးဝါး  မဟုတ်ဘူး မဟုတ်ဘူးလို့  နောက်တစ်ယောက်က အော်ဟစ် သူသိတာက သဘာဝတရားတဲ့
ပေါက်ပေါက်ရှာရှာ မငြင်းကြပါနဲ့ မငြင်းကြပါနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်စဉ် ဒါဟာ ဘုရားသခင်က ဖန်တီး တာ
ကြံကြံဖန်ဖန် အမျိုးကိုချစ်ကြပါ အမျိုးကိုချစ်ကြပါ အော်ဟစ်သူလည်း တွေ့ခဲ့ရ
ထိုးထိုးထောင်ထောင် မကသ ပဲဖြစ်ဖြစ် ဗကသ ပဲဖြစ်ဖြစ် မင်းတို့အသက်တွေကြီးနေပြီ အချိန်စီးအောင်လုပ်ကြပါ၊
ဟိုးဟိုးဟားဟား မရယ်လိုက်ပါနဲ့ နှစ်လောင်းပြိုင် သုံးလောင်းပြိုင် ငါးလောင်းပြိုင် မင်းအဘ တွေ လက်သည် မရှာနိုင်ခဲ့ဘူး ဒါသမိုင်းပဲ။
ရေရေရာရာ ဘာမှ မဖြစ် အော်သံတွေ တဖြည်းဖြည်းကျယ် အဆဲတွေက မိုးမွန် ငါ့ကိုရှင်းပြနေတာတဲ့
နီနီရဲရဲ အဖိနှိပ်ခံနင်းပြား ပစ္စည်းမဲ့တော်လှန်ရေး ကိုရဲဘော် မရဲဘော်တို့ ငါ ကွန်မြူနစ်ကို မုန်းတာ သူတို့ မသိ၊
ငိုငိုယိုယို ဒရာမာ ဇာတ်ခင်း ကမ္ဘာ့ ပါဆီကျူတက်လူတွေရဲ့သတင်း၊ တစ်ဘက်မှာတော့ အလာအခါဘာ လုပ်နေကြ
သေသေချာချာ နားထောင်၊ ဒီဇာတ်လမ်းမှာ ပိုက်ဆံနဲ့ သတင်းရေးတဲ့ မီဒီယာရှိတယ်၊
အဘတွေအကြောင်း အကောင်းရေးတဲ့ မီဒီယာရှိတယ်၊ အမှန်တရားသွေး သူတို့နှလုံးသားထဲမှာ မရှိဘူး တိတိကျကျပဲ။
ပြောပြောဆိုဆို တစ်ယောက်က လက်ညိုးထိုးပြောမယ်ဆို၊ တစ်ယောက်က စောက်ရူး စောက်ရူးလို့ပြော၊
အို
ပိုပိုလိုလို မရှိ တကယ်တော့ နောက်ဆုံးပေါ် ဂိမ်းတစ်ခု ငါဆော့နေ၏ လမင်းငယ် ခုလက်ထိ ငါမမိ။

ရက်ရက်စက်စက်ပါပဲ ငါ လမင်းငယ်ကို ရှာဖွေခဲ့မိတယ်။

20/10/2016

Sunday, March 31, 2013

Mission of Burma, Outlaw



အိုး အချစ်ရေ
စိတ်ညစ်စရာ ရေဆိုးတွေဆီက လွတ်ရာ
စိတ်ဓါတ်ကျစရာ အမှောင်တွင်းထဲက လွတ်ရာ
တို့တစ်တွေ နည်းလမ်းရှာကြ
ဒီလောကကြီးထဲ
ဒီကမ္ဘာအတွင်းမှာပဲ
ဒီရှုပ်ထွေးနေတဲ့ အခန်းကျဉ်းလေးထဲကနေပေါ့။

ငါလည်း အကုန် လိုချင်
မင်းလည်း အကုန် လိုချင်
တို့တစ်တွေ အားလုံး အကုန်လုံး လိုချင်
အကုန်လုံး လိုချင်တာ ရရမှာပေါ့…..

မင်းပြောခဲ့တယ် ဒီနေ့ မင်းမွေးနေ့
ဒါဆို ငါတို့ အကောင်းဆုံး အဆုံးသတ်ရအောင်
တည်ငြိမ်အေးချမ်းတဲ့ နေရာလေးကိုပေါ့
ငါတို့ အိမ်လေးလို့ ခေါ်ကြရအောင်၊

ငါလည်း အကုန် လိုချင်
မင်းလည်း အကုန် လိုချင်
တို့တစ်တွေ အားလုံး အကုန်လုံး လိုချင်
အကုန်လုံး လိုချင်တာ ရရမှာပေါ့ …..

ကမ္ဘာနှစ်ခု တိုက်မိကြ
ဆွဲခွာလိုက်ပါ သူတို့ ပူးကပ်နေကြပြီ၊

တကယ်လို့
ကမ္ဘာနှစ်ခု တိုက်မိကြတဲ့ အခါ
သူတို့ ပူးကပ်သွားကြပါသည်၊
 
ကမ္ဘာနှစ်ခု တိုက်မိကြ
ခွဲမရပါ သူတို့ ပူးကပ်နေကြပြီပေါ့၊

ကမ္ဘာနှစ်ခု တိုက်မိကြတဲ့ အခါ
သူတို့ ပူးကပ်သွားကြပါသည်၊

တန်းဆင်း စက်ဝိုင်းဘီးကြီး ပျက်ဆီးသွားခဲ့ပါပြီ
ပူပင် တင်းမာနေတဲ့ စက်ဝိုင်းဘီးကြီး ကျဆုံးသွားခဲ့ပါပြီ၊
 
ငါ အိမ်ကိုပြန်လာပြီ
ငါ အိမ်ကိုပြန်ခဲ့ပါပြီ၊

ပြန်စရာ အိမ်ကို ငါ ရှာဖွေတွေ့ရှိခဲ့ပြီ
ပြန်စရာ အိမ်ကို ငါ ရှာဖွေတွေ့ရှိခဲ့ပါပြီ၊

သူမလည်း အိမ်ကိုပြန်လာနေပါပြီ
သူမလည်း အိမ်ကိုပြန်လာနေပြီ၊

ဒီအရာကို အိမ်လို့ခေါ်ပါသည်
ဒီဟာသည် အိမ်ဖြစ်ပါတယ်။


ဒါကတော့ လောလောဆယ် နားထောင်နေသော မွေးနေ့ သီချင်းလေး ဖြစ်ပါသည်၊ ခုတလော သီချင်းတစ်ချို့ကို နားထောင်ဖြစ်ခဲ့သည်၊ band အဖွဲ့တစ်ခု၏ သီချင်းတွေပါ၊ အရင်တုန်းက နားထောင် ခဲ့ဘူးသော်လည်း ခုလိုစိတ်ဝင်စားစွာ နားမထောင်ဖြစ်ခဲ့ပါ၊ သီချင်းစာသား တွေကြောင့်  ဖြစ်နိုင်ပါသည်၊ သီချင်းတွေက post-punk တွေဖြစ်သည်၊ တီးခတ်ထားသည်က အပြင်းစားများဖြစ်သည်၊ သုံးခေါက်လောက် နားထောင်လိုက်ရင်တော့ နားယဉ်သွားနိုင်ပါသည်၊ band အဖွဲ့ရဲ့ နာမည်က Mission of Burma ဖြစ်ပါသည်။
သူတို့ သီချင်းတွေက ရိုးရိုးပေါက်ကွဲသော၊ လက်ရှိခံစားနေရတာကို ထုတ်ပြလိုက်သော အပြင်းစား သီချင်းများဖြစ်သည်၊ ဥပမာ အားဖြင့် အကြောင်း တစ်ခုခုကြောင့် လောလောဆယ် အိမ်မပြန်ချင် ဖြစ်နေတာကို စာသားတိုတိုလေးတွေဖြင့် ‘အိမ်မပြန်ချင်ဘူး’ ‘အိမ်မပြန်ချင်ဘူး’ အကြိမ်ကြိမ်ဆိုပြီး ‘အိမ်မှာလည်း တစ်ယောက်မှမရှိ ငါမှာအဖေါ်တစ်ယောက် မရှိ သက်ငြိမ်ဖြစ်နေတဲ့ ဒီအိမ်ကြီး ငါမပြန်ချင်သေးဘူး နင်ရောက်တဲ့အချိန် ငါပြန်လာမယ် ခု အိမ်မပြန်ချင်ဘူး’ ဆိုပြီး၊ စာသားတွေကို အကြိမ်ကြိမ်ထပ်ဆိုပြီး အပြင်းတီခတ်ထားသော သီချင်းမျိုးများပါသည်။

Mission of Burma band အဖွဲ့ကို မန်ဆက်ချူးဆပ်ပြည်နယ် ဘိုစတန် Boston မြို့မှာ စတင်ဖွဲ့စီးခဲ့သည်၊ Roger Miller, Clint Conley, Michael တို့ဖြင့် စခဲ့သည်၊ အစောပိုင်းက Moving Parts လို့ အဖွဲ့ကိုခေါ်သည်၊ ထိုအဖွဲ့ပြိုကွဲသွားခဲ့သည်၊  Conleyသည် နယူးယောက်ကို ရောက်သွားသောအခါ သံရုံးအရှေ့က ဆိုင်းဘုတ်ကို ကြည့်ပြီး၊ သူ့အဖွဲ့သစ်ကို Mission of Burma  (MOB)လို့ အမည်ပေးခဲ့လေသည်။

၁၉၇၉ ခုနှစ် ဧပြီလ တစ်ရက်နေ့မှာ Mission of Burma တကယ် အသက်ဝင်လာလေသည်၊ ခုဆို ၃၅နှစ်ရှိခဲ့ပြီ ဖြစ်သည်၊ အမေရိကန် band အဖွဲ့တွေရဲ့ ထုံးစံအတိုင်း ပျက်သွားလိုက် ခွဲထွက်လိုက် ပြန်ပေါင်းလိုက် အဖွဲ့ဝင် အဟောင်းထွက်သွားလိုက် အသစ်ဝင်လာလိုက်နဲ့ ယနေ့တိုင် album တွေထုတ် သီဆိုနေဆဲ ဖြစ်သည်၊ youtube ထဲတွင်လည်း သူတို့ သီချင်းတွေရှိပါသည်၊ သူတို့၏ နောက်ဆုံးထွက်မှာ “UNSOUND’ နှင့်"Dust Devil" ဖြစ်ပါသည်။

သူတို့ သီချင်းများထဲတွင် Funworld, This is not a photograph, The Ballad Of Johnny Burma, weatherbox, That's when I reach for my revolver နှင့် Outlaw တို့ကို ကြိုက်မိသည်၊
On August 18, The Horrible Truth About Burma, The Sound, The Speed and The Light, Academy Fight, Secrets သီချင်းတွေလည်း နာမည်ကြီး စိတ်ဝင်စားစရာကောင်းပါသည်၊

အောက်က Outlaw ဆိုတဲ့ သီချင်းလေးက စိတ်ဝင်စားဖို့ ကောင်းပါသည်၊ စာသားလေး ကူးဖြစ်ခဲ့သည်၊

Outlaw

I have slipped into
I have slipped into
Saw those creatures in the back of my heart
Opened the door and attacked them at the start

Pushed my blood into a deeper trance
It consumes my thought, it alters my stance
I have slipped into a mighty stream
Open my fins, open my scream

I saw you sleeping with your coat on a hill
While my face lay at the windowsill
I walked down the street on the sidewalks so cold
I walked down the street into the coat that folds

You turned around, screamed at the scene
Grabbed my hand and leapt out of the screen
I won't be there when the monster flips
I'll have it buried with an axe and a pick

I have seen you in your jacket
Now I am an outlaw
Outlaw
…………………………………………………

ဒါအပြင်

I said my mothers dead
Well I don't care about it
I said my father's dead
Well I don't care about it
It happens anyway
It happens anyway
On the edge of Burma
We're on the edge of Burma
I said my baby twists
She twists the night away
I swear she twists so good
And then she turned to me
And then she turned to me
And then I heard her say
"Well, that's the way I like it
that's the way I like it
I like it too much."

အေးချမ်းပျော်ရွင်ကြပါစေ။
 sosegado
ကိုးကား http://missionofburma.com/

Thursday, January 10, 2013

ဝယ်ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ် “ဒေါင်းကတဲ့နေ့”



ကဗျာ စာအုပ်လေးတစ်အုပ် ဝယ်ဖြစ်ခဲ့ပါသည်၊ ငယ်စဉ်ကပင် ကြိုက်နှစ်သက်ရသော ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ စာအုပ်လေးပါပဲ။

စင်္ကာပူမှာ ရိုက်နှိပ်ပြီး၊ Future Foundation ကထုတ်ဝေခြင်းဖြစ်သည်၊ ဒုတိယအကြိမ်ထုတ်စာအုပ် ဆိုပေမဲ့ ပထမအကြိမ်နဲ့ ခေါင်းစဉ်မတူ ကဗျာတွေပိုလို့ပါသည် ဟုဆိုသည်၊ ကဗျာ စာအုပ်လေး နာမည်ကတော့ “ဒေါင်းကတဲ့နေ့” ဖြစ်ပါသည်။

အတွင်းဒီဇိုင်းတွေကို မြင့်မောင်ကျော်က သရုပ်ဖေါ်ထားသည်၊ အချို့ ကဗျာများတွင် စာရွက် နောက်ခံအရောင်ကြောင့် ကဗျာစာသားများ မှိန်နေသည်ဟု ထင်မိပါသည်၊ တစ်ချို့ စာလုံးပေါင်းတွေလည်း စာစီကျန်ခဲ့သလား မသိပါ။

သူရဲကောင်းဆိုတဲ့ ကဗျာတိုလေးတွေနဲ့ အစပြုထားပြီး၊ မဟာသူရဲကောင်းများ၊ ဒေါင်းတို့ရဲ့စောင်း ကဗျာရှည်တွေနဲ့ အဆုံးသတ်ထားပါသည်၊ အချစ်အကြောင်း၊ ဘဝအကြောင်း နိုင်ငံရေးအမြင်တွေနဲ့ ပြည့်နေတဲ့ ကဗျာစာအုပ်လေးပါပဲ၊ စာပေဟောပြောပွဲ များတွင် ဆရာရွတ်နေကြ ကဗျာတွေလည်း ပါပါသည်။

ကျနော်ကြိုက်သော ကဗျာလေးနှစ်ပုဒ်ကို ကူးရေးလိုက်ပါသည်၊ ဒီနေ့အချိန်အခါနဲ့ ကိုက်ညီသည်ဟုထင်ရတဲ့ ကဗျာအပိုင်းအစလေးတွေကိုလည်း ကူးရေးလိုက်ပါသည်၊ ဖတ်ပြီး ခံစားရသော ကျနော်ခံစားချက်များသည် ဆရာရေးသော ခံစားချက်နဲ့ မတူနိုင်သလို တခြားဖတ်သူတွေရဲ့ ခံစားချက်နဲ့ တူနိုင်မည် မဟုတ်ပါ။

-----------------------------

ဘဝအဖေါ် မဖြစ်ပေမဲ့
ခဏအပျော်ချစ် မဟုတ်ခဲ့ပါ။

မာနသိက္ခာ အရှုံးထား
နှလုံးသားမှာ ကမ္ဗည်းထိုး
မြတ်နိုးတွယ်တာ။

မခေါ်သင့်ပါဘူး
မျှော်လင့်လျှင် မျှော်သူအမှားရယ်လို့
ကိုယ်တရားနဲ့ ကိုယ်ဖြေကာ
ဝေဒနာက မြားလိုစူး။

သူသိမှာလား
အပူရှိသူ ဘယ်လိုမောတယ်လို့
ဘယ်လိုပြော ဘယ်လိုကြည့်
ဘယ်လိုထိ ဘယ်လိုတွေ့
သူ့ကိုယ်ငွေ့မှာ ကိုယ်ပျော်ဝင်
သူ့ဆံပင်မှာ မျက်နှာအပ်
တစ်သက်တာ အမှတ်တရတွေ….ထင်..ထင်…ထင်ရဲ့
ရင်…ရင်မှာ သမုဒယဆူးတွေကြောင့်
အချစ်ရယ်….
အခုဘဝတော့ ရူး….။

ကဗျာလေးက ‘အခါလွန်မိုး’ ဖြစ်ပါသည်။
နောက်ပြီး ‘လွမ်းရက်’ နှင့် ‘ရှင်ခန်းဖြတ်’ ကဗျာတို့ကိုလည်း တိုက်ဆိုင်ခံစားမိပါသည်။

---------------------------------

ဒူးမတုန်နဲ့ ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘဝရဲ့ ပထမခြေလှမ်း
မင်းစပြီး လှမ်းရမှာ။

ကြောက်စိတ်မဝင်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင် ပြဲမယ်
လဲရင် ပြန်ရပ်
နောက်ထပ် ခြေလှမ်းတွေ စမယ်။

လေးဖက်တွားရင်း ကျေနပ်
ထပြီး မရပ်ပဲ နေမယ့်အစား
ရပ်စမ်း လဲစမ်း
ရဲရဲလှမ်း ကလေး
ပြီးရင်
ပြေးလမ်းပေါ်တက်ကြရအောင်။

ဒီ ‘ပန်းတိုင်ရှိရာ’ ကဗျာလေးကိုတော့ ကျနော်က ဒီနေ့မြန်မာပြည်ကို ပြောနေတာရယ်လို့ ခံစားလိုက်ပါတယ်။ ‘မျက်မှန်’၊ ‘သမုဒယကျောင်း’နှင့် ‘နရပတိစည်သူ’ ကဗျာလေးတွေကိုလည်း ကြိုက်နှစ်သက်မိပါသည်။

---------------------------

“ဒီမိုကရေစီ”
ရောင်နီပျို့အက်၊ အာရုဏ်တက်ပြီ…..
လက်တကမ်းမှာ၊ အလင်းဖြာလိမ့်
အာရုဏ်ကို ရိုကျိုး
မြတ်နိုးစွာ ထိန်းသိမ်း
ငြိမ်းချမ်းစွာ စောင့်ရှောက်
ဒီကမ္ဘာမှာ….

‘ပြည်သူလောက် ကြီးမြတ်သောအရာသည် မရှိ’ …….

စသဖြင့် ဆရာရဲ့ ၁၉၈၈ နောက်ခံ “မဟာသူရဲကောင်းများ”၊ ကဗျာရှည်ကြီးကိုလည်း မြင်ကွင်းမှာ ပြန်မြင် နေရသလို ခံစားလိုက်ရပါကြောင်း။


sosegado

Wednesday, May 11, 2011

ချွန်းဖိုး

မြန်မာစကားတွင် တစ်ချို့ ကိစ္စ၊ ဖြစ်ရပ်များကို စကားများ စကားပုံများ စကားထာများဖြင့် ပြောဆိုတင်ပြလေ့ရှိသည်၊ ပိုမိုလေးနက်စေရန် သို့မဟုတ် လှပစေရန်အတွက်ဖြစ်သည်ဟုဆို၏၊ ဒီအတွက် ချစ်စရာကောင်းသော မြန်မာစာလို့ ကျနော့်၏ မြန်မာစာ ဆရာတစ်ယောက်က ဆိုပါသည်။

ထိုအထဲတွင် ‘ဆင်ဖိုးထက် ချွန်းဖိုးကကြီး’ဆိုသော စကားရှိပါသည်၊ မည်သို့ဖြစ်ပေါ်လာသည်၊ မည်သို့အနက်ရသည်၊ မည်သည့်အခါတွင်သုံးသည် စသည်တို့ကို သေချာမသိ၍ မပြောပြလိုတော့ပါ၊

ကျနော်နားလည်လိုက်ရသည့် ချွန်းဖိုးကိုတော့ သူငယ်ချင်းပြောပြသော ဇာတ်လမ်းလေးနဲ့ တင်ပြလိုက်ရပါသည်။

……………………………………………………………..

ကျုရှင်အပြီး သူငယ်ချင်းအိမ်မှ ဂိမ်းခွေ(CD)သွားယူပြီးအပြန် အိမ်သို့ရောက်ခါနီးတွင် အိမ်ရှေ့လမ်းမကြီးတွင် မီးသတ်များက လမ်းပိတ်ထားသည်ကို တွေ့ရသည်၊ မီးသတ်ကားနှစ်စီး ရပ်ထားသည်ကိုလည်းတွေ့ရသည်၊ မီးသတ်တွေနောက်မှာတော့ ရဲတွေသေနတ်တွေနဲ့ စောင့်နေကြသည်၊ မီးလောင်သည့်အရိပ်အရောင်လည်းမတွေ့ရ၊ ဘာဖြစ်တာပါလဲလို့စိတ်ထဲက စပ်စုလိုက်မိသည်၊ ဆိုင်ကယ်ပေါ်ကဆင်း ဆိုင်ကယ်ကိုတွန်းကာ ဖြတ်ဝင်မည်အလုပ်၊
‘ညီလေးမသွားရဘူး ဒီမှာပြဿနာဖြစ်နေတယ်၊’
“ကျွန်တော်အိမ်က ဒီထဲမှာဗျ၊ ဘာများဖြစ်လို့လဲ၊”
‘အနုကြမ်းစီးတာ၊ ဒမြတိုက်မှုဖြစ်နေလို့ပါ၊ သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းနေလို့ ဘယ်သူမှဝင်ခွင့် ဖြတ်သန်းခွင့် မရှိပါဘူး၊ အန္တရာယ်လည်းများပါတယ်၊’
“ဘယ်မှာဖြစ်တာလဲခင်ဗျာ၊”
‘ပါကီးရွှေဆိုင်လေ၊’
“ဗျာ၊ အဲဒါ ကျွန်တော်အိမ်ပဲလေ၊ အဲဒါ ကျွန်တော်တို့ဆိုင်လေ၊ ဘယ်သူတွေဘာဖြစ်သွားသေးသလဲ၊”
မီးသတ်အကြပ်ကြီးက ရဲတွေဘက်လှည့်ပြီး၊ ဆရာတို့ဒီမှာ ရွှေဆိုင်ကကောင်လေး၊
ကျွန်တော်ရင်ထဲမှာ ဗလောင်ဆူသွားသည်၊ အိမ်မှာ အဖေရယ် အမေရယ် ညီမလေးရယ် အလုပ်သမားတွေရယ် စိုးရိမ်မှုတွေပိုလို့သွားသည်၊
ဆိုင်ကယ်ကိုအတင်းတွန်းပြီး မီးသတ်တွေကိုကျော်ဖြတ်နေမိသည်၊ မီးသတ်နှစ်ယောက်ကကျွန်တော့်ကို လိုက်ဆွဲနေသည်၊ ဒီလိုနဲ့ ရဲတွေနားရောက်လာသည်၊
ရဲအရာရှိတစ်ယောက်က ‘ဟေ့မင်းဘယ်သူလဲ၊’ ကျွန်တော့်ကိုလှမ်းမေးသည်၊
“ကျွန်တော်ပါကီးရွှေဆိုင်ကပါ၊ အိမ်မှာ အဖေ၊ အမေနှင့် ညီမလေးတို့ရှိတယ်၊ ကျွန်တော့်ကသားပါ၊”
‘အဝါး၊ ဒီကောင် အဝါး၊ ပိုင်ရှင်ရဲ့သားပါ၊’ ရပ်ကွက်ထဲကစွမ်းအားရှင်လိုလို အရံမီးသတ်လိုလို တစ်ယောက်က ဝင်ဖြေလိုက်သည်၊
ဒီအချိန်မှာ ရဲအရာရှိက အပြုံးတစ်မျိုးပြုံးပြီး၊ ‘ဒီလိုငါညီရေ၊ မင်းတို့ဆိုင်ကို ဓါးပြဝင်တိုက်တယ်၊ ဗုံးတွေရော သေနတ်တွေနဲ့ရောပေါ့ကွာ၊ ခုတော့ငါတို့ ရဲကွန်မန်ဒိုတွေက အခြေအနေကိုထိန်းထားနိုင်ပါပြီ၊
လုံခြုံရေးအလုပ်သမားတစ်ယောက် ဒဏ်ရာရတာကလွဲလို့ ဘာမှမဖြစ်ပါဘူး၊ လာမင်းငါနောက်ကလိုက်ခဲ့၊’
ရဲအရာရှိ ဒုရဲအုပ်ခေါ်ရာနောက်သို့ ကျွန်တော်လိုက်သွားသည်။

ဆိုင်ထဲသို့ရောက်လျှင် ဒုရဲအုပ်က ‘အန်ကယ်၊ အန်ကယ်သားကျနော်ခေါ်လာခဲ့တယ်၊’
အမေက ကျေးဇူးပဲ ရဲမှူးကြီးရယ်လို့ဆိုလိုက်သည်၊ အဖေ၊ အမေ၊ ညီမလေးနှင့် အလုပ်သမားတွေဆီက စစ်ချက်ယူနေသော အရပ်ဝတ်၊ ယူနီဖေါင်းဝတ်များစွာကိုတွေ့ရသည်၊ ရဲကွန်မန်ဒိုလေးယောက်လောက် အိမ်ထဲတွင်ကျန်နေသေးသည်၊ ပထမဦးဆုံးအကြိမ် ရဲကွန်မန်ဒိုတွေကိုမြင်ဖူးခြင်းဖြစ်သည်၊ ခေါင်းစွတ် မျက်မှန်နက်၊ နက်ပြာရောင်ကျည်ကာလိုအစွပ်တွေ၊ မရှင်းဂန်း၊ ပစ်စတိုသေနပ်နှင့် ဒါးမြှောင်က ခါးမှာ သူတို့ကအသင့်အနေထားနဲ့ ရုပ်ရှင်တွေထဲကအတိုင်း၊ SWAT ဇာတ်လမ်းကိုသတိရလိုက်သည်၊ ဆိုင်အရှေ့တံခါးမြောက်ခြမ်း ပျက်စီးနေသည်၊ ဘေးထွက်ပေါက်လည်းပျက်စီးနေသည်၊ ရွှေသမားတစ်ချို့ အမေကို ဖျော်ရည်တိုက်နေသည်၊ အပြင်ဘက်ကိုထွက်ကြည့်လိုက်တော့ ရဲတွေမီးသတ်တွေနောက်မှာ ဝိုင်းကြည့်နေကြသော လူအုပ်ကြီးကိုတွေ့လိုက်ရသည်၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေက လမ်းကိုပြည့်နေသည်၊ ဘုန်းကြီးတွေလည်းအများကြီးပင် မန္တလေးရဲ့ ထုံးစံပဲမဟုတ်ပါလား၊ ခဏနေကြာတော့ ရွှေသမား အချို့နဲ့ အမျိုးတွေရောက်လာကြသည်၊ ကိုးကွယ်သော ဆရာတော်ဘုန်းကြီးလည်းကြွလာသည်၊ ညဆယ့်တစ်နာရီလောက် စစ်ဆေးတာအားလုံးပြီးစီးသွားသည်၊ လုံခြုံရေးတာဝန်ယူမည့် ရဲလေးယောက်ကလွဲ၍ ကျန်မီးသတ်၊ ရဲအဖွဲ့အစည်းအားလုံးပြန်သွားကြသည်၊ ရွှေသမားများ အကူအညီဖြင့် ပျက်စီးနေသော တံခါးများကို ညတွင်းချင်းပြုပြင်ကြသည်၊ လူအများက အစုလိုက်အစုလိုက် လာကြည့်နေကြဆဲဖြစ်ပါသည်။
………………………………………………..

အမေနှင့် ညီမလေးတို့ပြန်ပြောပြသည်မှာ

ဆိုင်ပိတ်ပြီဖြစ်၍ အရောင်းအကူများ အားလုံးပြန်သွားကြပြီဖြစ်သည်၊ အမေ ညီမလေးနှင့် လုံခြုံရေးအလုပ်သမားနှစ်ယောက်သာ ကျန်တော့သည်၊ လုံခြုံရေးအလုပ်သမား ကိုမြကြီးက ဆိုင်ရှေ့ တံခါးကိုပိတ်သည်၊ တံခါးသည်လျှပ်စစ်တံခါးဖြစ်ပြီး တဖြည်းဖြည်းအပေါ်ကကျလာသည်၊ တံခါးပိတ်ရန် ၂ပေခန့်အလိုတွင်၊ လူနှစ်ယောက်လှိမ့်ဝင်လာသည်၊ အားလုံးကြောင်နေစဉ်မှာပင် ထိုလူနှစ်ယောက်ထလာပြီး သေနတ်များထုတ်ချိန်ကာ၊ ငွေတွေနဲ့ ဆိုင်ထဲက ရွှေငွေလက်ဝတ်လက်စားများကိုတောင်းသည်၊ ဖြစ်ဖြစ်ချင်း ညီမလေးက ကလေးဆိုတော့၊ အလန့်တကြားအော်လိုက်မိသည်၊ သေနတ်နဲ့ချိန်ခံရသောအခါ ဆက်မအော်တော့၊ ညီမလေးအော်သဖြင့် ဓါးပြတစ်ယောက်က အိတ်ထဲက လက်ပစ်ဗုံးကိုထုတ်ပြီး၊ ပြောတဲ့အတိုင်းလုပ်ရန် မလုပ်ပါက ဗုံးဖေါက်လိုက်မည်ဟု ခြိမ်းခြောက်သည်၊ အမေနှင့် လုံခြုံရေးအလုပ်သမား မောင်မောင်အေးတို့ ပိုက်ဆံနဲ့ ရွှေထည်များကို သူတို့ပေးသော အိတ်ထဲထည့်ခိုင်းသည်၊ ကိုမြကြီးနှင့်ညီမလေးကို ဆောင့်ကြောင့်ထိုင်ခိုင်းထားသည်၊ သူတို့ပေးသော အိတ်မဆန့်တော့၊ အိတ်ရှာခိုင်းသည်၊ ဓါးပြများက စကားဝဲနေသဖြင့် တလွဲတွေဖြစ်ရသည်။

ဓါးပြများသည် ဆိုင်နောက်ထဲသို့ချက်ချင်းဝင်မကြည့်၊ ဓါးပြများဝင်လာချိန်တွင် အဖေသည် ဆိုင်နောက်ထဲတွင်ရှိသည်၊ ညီမလေး အော်သံကြောင့် ဓါးပြတိုက်နေပြီကိုသိလိုက်သည်၊ တံခါးပိတ်သွားပြီမို့ အပြင်ကလူတွေကသိနိုင်မြင်နိုင်မည်မဟုတ်ပေ၊ အဖေသည်ဆိုင်နောက်ထဲကနေ အိမ်ပေါ်ထပ်တက်သွားပြီး၊ ရွှေသမား မိတ်ဆွေများကို အကူအညီတောင်းသည်၊ ထိုမှာတဆင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားဖြစ်သည်၊ သေနတ်တွေဗုံးတွေပါသဖြင့် စစ်ဆင်ရေးကို တိုင်းရဲတပ်ဖွဲ့က ဦးစီးသည်။

ရဲကွန်မန်ဒိုတွေက အိမ်၏ထွက်ပေါက်ဝင်ပေါက်၊ လောလောဆယ် ဓါးပြနှစ်ဦး၏နေရာနှင့် အခြေအနေကိုမေးသောအခါ၊ အဖေအတွက်စွန့်စားမှုပင်၊ သူရှိနေတာသိရင် အခြေအနေပြောင်းသွားနိုင်သည်၊ ဇနီးနဲ့သမီးအတွက်လည်းစိုးရိမ်သည်၊ နောက်ဆုံးစွန့်စားမှုလုပ်ကာ အောက်ထပ်ဆင်းကြည့်ပြီး ဓါးပြနှစ်ဦး၏နေရာကို ရဲတပ်ဖွဲ့ကိုပြောပြနိုင်ခဲ့သည်၊ ဆိုင်တံခါးမကြီးကို အသေပိတ်သော်လည်း၊ မြောက်ဘက်တွင် မလွယ်ပေါက်ရှိသည်၊ သားတော်မောင်ပြန်လာရင် အတွင်းကပင်ဂျက်ဖွင့်ပေးရုံသာဖြစ်သည်၊ သားတော်မောင်အတွက်လည်းစိုးရိမ်လိုက်သည်၊ ဒီအချိန်အတွင်းမှာ တိုက်တိုက်ဆိုင်ဆိုင်ပြန်လာရင် ပစ်ကြခတ်ကြမည်။

ရဲကွန်မန်ဒိုတွေအတွက် အခက်အခဲဖြစ်ရပုံက အိမ်ထဲကိုဘယ်လိုဝင်မလဲ၊ အဝင်မတော်ရင် အိမ်ထဲရှိသူများ ပစ်ကြခတ်ကြပြီး သေဆုံးသွားနိုင်သည်၊ ဗုံးနဲ့ဓါးပြတစ်ယောက်က မလွယ်ပေါက်ကိုမျက်နှာမှုထားသည်၊ ကျန်တစ်ယောက်က ဆိုင်နောက်ဖက်ကို မျက်နှာမှုထားသည်၊ အိမ်ရှေ့ကလည်းဝင်လို့မရ၊ အပေါ်ထပ်နဲ့နောက်ဘက်ကလည်းဝင်လို့မဖြစ်၊ ဘေးဘက်ကလည်းဝင်လို့မရ၊ နောက်ဆုံးသူတို့ဝိုင်းထားပြီဖြစ်ကြောင်း၊ တောင်းသမျှပေးလိုက်ရန်ပြောသည်၊ ထွက်လာမှ ဖမ်းမည်ဖြစ်ကြောင်းအကြောင်းကြားသည်၊ အဖေသည် တထိတ်ထိတ်နဲ့ အခြေအနေများကို စောင့်ကြည့်နေရသည်။

ကြွပ်ကြွပ်အိတ်ခြောက်အိတ်၊ ပလပ်စတစ်အိတ်ငါးအိတ်၊ မြွေရေခွံအိတ်ကြီးတစ်အိတ်၊ ခရီးသွားအိတ်ကြီးတစ်အိတ်နဲ့ ဓါးပြများ ဘယ်လိုသယ်မလဲ အလုပ်ရှုပ်နေကြသည်၊ ထိုအချိန်တွင်ဆောင့်ကြောင့်ထိုင်နေသော ကိုမြကြီး လက်ပစ်ဗုံးနှင့်ဓါးပြကိုဝင်လုံးသည်၊ ပါးစပ်ကလည်း အတူတူသေရအောင်ဆိုပြီး ထိုးကြကြိတ်ကြသည်၊
အဖေလည်း ရဲတွေကို မြကြီးလုံးနေပြီ ဝင်ကြပါတော့လို့ လှမ်းပြောတော့သည်၊ ရဲကွန်မန်ဒိုတစ်ချို့ မလွယ်ပေါက်ကိုဖျက်ပြီး ဝင်သည်၊ တစ်ချို့နောက်ဖေးပေါက် အဖေဖွင့်ပေးသည်ကဝင်သည်၊ တစ်ချို့ဘေးတံခါးကိုဖျက်ပြီးဝင်သည်၊ အခြေအနေကရှုပ်ထွေးနေသည်။

ရဲကွန်မန်ဒိုများ ဘယ်သူမြကြီးလဲ ဘယ်သူဓါးပြလဲခွဲလို့မရ၊ ဘယ်သူမြကြီးလဲ ဘယ်သူမြကြီးလဲ၊ ကွန်မန်ဒိုတစ်ယောက်ကအော်သည်၊ ညီမလေးက ဗုံးကိုင်ထားတာမြကြီးလို့ပြန်အော်သည်၊ မြကြီးနှင့်လုံးနေသောဓါးပြ မလွယ်ပေါက်ကနေထွက်ပြေးသည်၊ ရဲကွန်မန်ဒိုများ အတင်းထိန်းချုပ်ဖမ်းဆီးလိုက်သည်၊ ထိုအချိန်တွင် မြကြီးလက်ထဲကဗုံးအပြင်သို့လိမ့်ထွက်သွားသည်၊
လိမ့်ထွက်လာသောဗုံးသည် ရွှေသမားများဘက်ရောက်သွားသည်၊ ရွှေသမားတစ်ယောက်က တည့်တည့် ကန်ထုတ်လိုက်သည်၊ ထိုဗုံးသည်စွမ်းအားရှင်တွေဘက်ရောက်သွားသည်၊ စွမ်းအားရှင်တစ်ယောက်ဗုံးကို ဆလိုက်ထိုးကန်ထုတ်ပြီး ရေမြောင်းထဲဆင်းဝပ်လိုက်သည်၊ ထိုဗုံးသည်မီးသတ်နှင့်ရဲတွေဘက်ရောက်သွားသည်၊ မီးသတ်တစ်ယောက် ကြောက်အားလန့်အားနဲ့ လက်နဲ့ပုတ်ထုတ်လိုက်သည်၊ ဗုံးသည်ဘယ်မှ မသွားပဲ အလည်မှာ လည်နေသည်၊ (မန္တလေး ရတနာပုံ ဘောလုံးအသင်း ဒီကအစပြုခြင်း ဖြစ်နိုင်သည်) ဗုံးကို ရဲကွန်မန်ဒိုတစ်ယောက်ကောက်ယူလိုက်ပြီး ပင်မဖြုတ်ရသေးဘူးလို့ဆိုလိုက်သည်၊ ဗုံးနဲ့ပစ်နေတယ်ဆိုသော သတင်းသည်၊ ကြည့်နေသည့် လူထုထဲသို့ချက်ချင်းရောက်ရှိသွားပြီး၊ ကြောက်လန့်တကြားပြေးကြရာ၊ စက်ဘီးတွေလဲ၊ ဆိုင်ကယ်တွေလဲ၊ ဒူးပြဲသူပြဲ၊ လက်ကွဲသူကွဲနဲ့ ဘိနပ်ပေါင်းများစွာ၊ လမ်းပေါ်မှာကျန်ခဲ့သည်၊ ဗုံးကိုရဲတွေရသွားပြီ၊ ဓါးပြတွေကိုအရှင်မိသွားပြီ ဆိုတဲ့ သတင်းနဲ့အတူ ထိုလူအုပ်ကြီးသည်ပြန်ရောက်လာသည်၊ ထိုအထဲတွင် ဘိနပ်ရှာနေသူများလည်းပါသည်။

အချုပ်ဆိုရသော ကံကောင်းခြင်းမေးခွန်းတစ်ချို့ကျန်ရစ်ခဲ့သည်၊
ဓါးပြများ၏ သေနတ်တစ်လက်မှာ အတုဖြစ်နေခြင်း၊
ဓါးပြနှစ်ယောက်သည် ဗုံး ကိုမြကြီးလက်ထဲရောက်သွားသောအခါ ကိုမြကြီးဗုံးဖေါက်၍ သူတို့ပါသေမည်စိုး၍ ကိုမြကြီးလက်ထဲကဗုံးကို လုကြခြင်းဖြစ်နိုင်သည်၊ ဒီ့အတွက် သေနတ်ဖြင့်ပစ်ရမည်ကို မေ့နေကြခြင်း၊
အဖေသည် ထိုအချိန်တွင် ဆိုင်နောက်ဘက်သို့ရောက်ရှိနေခြင်း၊ တံခါးတွင် မလွယ်ပေါက်လုပ်ထားခြင်း၊
နောက်ဆုံးရဲတွေဝင်လာမှ ဓါးပြတစ်ယောက် အပေါ်ဆုံးထပ်သို့ တက်ပြေးခြင်းတို့ဖြစ်သည်၊ ဓါးပြများမသိသည်မှာ ကိုမြကြီးသည် ‘သေလိုက်ပါလား၊’ ‘လာသွားသေရအောင်၊’ ‘အတူတူသေမလား’ ‘သေရဲလို့လား’ စသခြင့် သေကြောင်းကို အလွယ်တကူပြောတတ်ခြင်း၊ ပြောလေ့ရှိခြင်းတို့ဖြစ်သည်၊
အဖြေမရှိသည်မှာ ကိုမြကြီးကိုယ်တိုင် ဘာလို့ဗုံးကိုဝင်လုသလဲမသိခြင်း၊ အပြင်သို့ဗုံးကို တမင်ပစ်လိုက်သည်လား မသိခြင်းတို့ဖြစ်သည်။
……………………………………………………..

အဖေကို လူတွေက ကိုကျော်ကီး ခင်ဗျားဆိုင် ဓါးပြဝင်တိုက်တာ ဘာမှမပါသွားဘူးဆို တော်သေးတာပေါ့၊ ခင်ဗျားတို့သိပ်ကံကောင်းတယ်ဟု ဆိုရင် အဖေသည် အပြုံးတစ်ခုပြုံးပြတတ်သည်၊ အဖေ၏ အပြုံးနောက်ကွယ်တွင် ပြန်မပြောသော စကားတစ်ချို့ရှိနေပါသည်၊ ဇနီးနှင့် သားသမီးတွေဘာမှ မဖြစ်ရင် ပြီးတာပဲလို့ တွေးဖြေနေပုံရသည်။
 
ကျွန်တော်ကတော့ အဖေလိုမဟုတ်၊ ဟုတ်ကဲ့ ဘာမှမပါသွားဘူး ဒါပေမဲ့……………..
 
ကိုမြကြီးအား ဆုချငွေ                                 ကျပ် ၁၀၀၀၀၀ နှင့် ရွှေတစ်ကျပ်သား


ကိုမြကြီးမိန်းမအား                                      ရွှေဘတ်ကြိုးတစ်ကုံး


ကိုမောင်မောင်အေးအား ဆုချငွေ                     ကျပ် ၅၀၀၀၀ နှင့် တစ်မတ်သား ရွှေလက်စွပ်

တိုင်းရဲနှင့်အထူးတပ်ဖွဲ့အား ဆုချငွေ                   ကျပ် ၂၀၀၀၀၀၀


သတင်းနှင့်ထလရတပ်ဖွဲ့အား ရန်ပုံငွေထည့်ဝင်ငွေ ကျပ် ၁၀၀၀၀၀၀


မြို့နယ်ရဲတပ်ဖွဲ့အား ဆုချငွေ                           ကျပ် ၅၀၀၀၀၀


မီးသတ်တပ်ဖွဲ့ ရန်ပုံငွေထည့်ဝင်ငွေ                   ကျပ် ၂၀၀၀၀၀


မဝတ နှင့် ရဝတ ရန်ပုံငွေထည့်ဝင်ငွေ               ကျပ် ၅၀၀၀၀၀


ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အရံမီးသတ်ရန်ပုံငွေ            ကျပ် ၂၀၀၀၀၀


ရွှေလုပ်ငန်းရှင်များ ညစာစားပွဲ                       ကျပ် ၁၀၀၀၀၀


ကိုမြကြီးဆေးဖိုး၊ သွားအတုဖိုး                       ကျပ် ၅၀၀၀၀


(ကိုမြကြီး သွားသုံးချောင်းကျိုးသွားပါသည်)

အဖေအလှူဒါနပြုလုပ်ခဲ့ပါသည်၊ ထိုအချိန်က ငွေတစ်သိန်းသည် အတော်အသင့် တန်ဘိုးရှိပါသေးသည်၊
ဘာပဲဖြစ်ဖြစ် အဖေသည်ရုံးဌာနများတွင် မျက်နှာပွင့်ပါသည်၊ ဦးကျော်ကီးက အရမ်းရက်ရောတယ်လို့ဖြစ်ပါသည်၊ TV ကလာသည့် အလှူဒါနပြုကြသူငှာ ထဲတွင် အဖေမပါခဲ့ပါ။

နောက်ဆက်တွဲ အဖြစ်တွေရှိပါသေးသည်၊ ဓါးပြများအား အမှုစစ်ဆေးရာတွင် အမေအားခဏခဏ ဆင့်ခေါ်နေ၍၊
အမှုလိုက်ဆွဲချအား ဆုချငွေ ကျပ် ၁၀၀၀၀၀
တရားရေးဝန်ထမ်းများရန်ပုံငွေ ကျပ် ၁၀၀၀၀၀ နှင့်အပြတ်ဖြတ်လိုက်ရပါသည်။

………………………………………………………….

ကျနော့် သူငယ်ချင်းပြောပြသော ဖြစ်ရပ်ဇာတ်လမ်းလေးတွင် ချွန်းဖိုးကို ကျနော်အဲလိုနားလည်လိုက်ရပါသည်၊ ကျနော်နားလည်မှုသည် လွဲမှားကောင်းမှားနေပါမည်၊ ခေတ်သည်လည်းပြောင်းနေပြီဟုသိရပါသည်၊ ဝန်ကြီးချုပ်သည် သမတဖြစ်လာသလို၊ သမတသည် လူဝတ်ကြောင် တစ်ယောက်ဖြစ်ကြောင်း ပြောကြပါသည်။

ဒါဆိုရင် ချွန်းဖိုး မဟုတ်ရင် ဘာဖိုးလည်းဆိုတာကိုတော့ ပြောပြကြလိမ့်မည်ဟုထင်မိပါသည်။


Note; လူဝတ်ကြောင်=အရပ်သား



Wednesday, February 16, 2011

ကျနော့်နာမည် ခန် (My name is Khan)


နာမည်တစ်ခုကို အစပြုပြီးဖြစ်သွားတဲ့ ဇာတ်လမ်းလေးကိုရိုက်ထားတဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ပါသည်၊ ပြသသွားတာ တစ်နှစ်ရှိပေမဲ့ ခုမှကြည့်ဖြစ်ပါသည်၊ post 9/11 America ရဲ့အခြေအနေတစ်ချို့ကိုတင်ပြသွားသလို၊ အစ္စလာမ်နှင့် တစ်ခြားသူတွေရဲ့ခြားနားမှုတွေကို ပြသွားသလို၊ အစွန်းရောက်တွေရဲ့ လွဲမှားတဲ့အမြင်တွေကို ဖေါ်ပြသွားသည်၊ ဥပမာ ဂျီဟတ် နှင့် ကိုရာဘာနီ စကရီဖိုင်းတွေကိုရှင်းပြသွားသည်၊ ခရစ်ယာန်တွေကိုပဲ လူရာသွင်းချင်သော အမေရိကန်အသိုင်းအဝိုင်း အချို့ကို ထောက်ပြသွားတာက အကြိုက်တွေ့စရာပါပဲ၊ အထူးသဖြင့် လူသားနှစ်ဦးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုတွေကို ထိခိုက်စွာတင်ပြသွားတဲ့ ဒါရိုက်တာ Karan Johan ကိုလေးစားမိပါသည်၊ သရုပ်ဆောင်ကောင်းတဲ့ ရှရွတ်ခန် Shah Rukh Khan နှင့် ကာဂျို Kajol တို့ အပီသရုပ်ဆောင်နိုင်ကြပါသည်။


ဇာတ်လမ်းအကျဉ်းကတော့၊ ကုလားပြည်က ကိုလိုနီနာမည်ဘုံဘေမှ မူဘိုင်းလို့ ပြောင်းထားတဲ့မြို့စွန်လေးဆီက အဖွားကြီးတစ်ယောက်မှာ သားနှစ်ယောက်ရှိသည်၊ သားကြီးကပုံမှန်မဟုတ် ဒါပေမဲ့သူမှာထူးခြားချက်တွေရှိတယ်၊ ပြင်တာပြုတာဝါသနာပါသည်၊ သားငယ်က စာတော်သည်၊ လူတွေကအရူး ကျပ်မပြည့်လို့သတ်မှတ်ထားတဲ့ သားကြီးကိုပဲဦးစားပေးတဲ့အမေကို သားငယ်ကသိပ်မကျေနပ်၊ သားငယ် ၁၈နှစ်အပြည့်မှာ အမေရိကကို စကောလားရှစ် ပညာသင်ခွင့်ရပြီး အဲဒီမှာပဲအခြေချနေထိုင်ဖြစ်ခဲ့သည်၊ အိမ်ထောင်ကျတော့ အမေကို အမေရိကကိုခေါ်ရာ၊ သားကြီးမပါရင်မလိုက်ဟုဆိုခဲ့သည်၊ ခေါ်ယူဘို့စီစဉ်နေတုန်းမှာပဲ အမေဆုံးပါးသွားခဲ့သည်၊ ဒီလိုနဲ့ သားကြီး ရစ်ဗန် Rizwan Khan တစ်ယောက် ညီ ဇခရာ Zakir Khan စီရောက်လာခဲ့သည်။


ရစ်ဗန်၏အလေ့တစ်ခုမှာ စကားတွေကို အမှတ်ရစေသည်၊ တစ်ခါတစ်လေ ထပ်တလဲလဲပြောသည်၊ နဖူးထိပ်က ဆံပင်လေးကို ကိုင်လေ့ရှိသည်၊ လက်ထဲတွင် ကျောက်ခဲလေးတွေကိုလှည့်ပြီး ပုတီးစိတ်သလို လုပ်နေလေ့ရှိသည်၊ ညီစီရောက်ရောက်ချင်းမှာပဲ ညီရဲ့မိန်းမ ဟာဆီယာက ဆလမ်မာလေးကွမ်းဘိုင် ဟုနှုတ်ဆက်ရာမှအစပြုပြီး ရစ်ဗန်သည် Asperger’s Syndrome ဝေဒနာခံစားနေသူဖြစ်ကြောင်း သိရှိသွားသည်၊ ဟာဆီယာသည် နယူးယောက် ဘရွက်ကလင်းကဖြစ်ပြီး စိတ်ပညာရှင်ဆရာမတစ်ယောက်ဖြစ်သည်၊ ဟာဆီယာ၏ အကူအညီဖြင့် ရစ်ဗန်တစ်ယောက် တိုးတက်မှုရှိလာသည်၊ ဟာဆီယာက သူ့ကိုဗွီဒီယိုကင်မရာလေးဝယ်ပေးသည်၊ လူတွေကြောက်သည်အခါ သုံးရန်ဖြစ်သည်၊ ဘာလို့လဲဆိုတော့ သူကလူတွေကိုဘယ်တော့မှ တည့်တည့်မကြည့်၊ ညီ ဇခရာ ၏အကူအညီဖြင့် Herbal products ရောင်းသူဖြစ်လာသည်၊ သူ၏ပြင်းပြသော အသံတွေကြောက်ရွံ့မှု၊ အဝါရောင်ကို ကြောက်ရွံ့မှုတွေက ဆံပင်ညုပ်တဲ့ကောင်မလေး မန်ဒရာ Mandira နဲ့တွေ့ဆုံစေခဲ့သည်။

တကယ်တော့ မန်ဒရာသည် divorce လုပ်ထားသော သားတစ်ယောက်၏အမေဖြစ်သည်၊ မန်ဒရာသည် မိဘပေးစားသော သူကိုလက်ထပ်ပြီး အမေရိကရောက်လာသည်၊ ထိုနောက်သူ့ခင်ပွန်းက တခြားမိန်းမကိုကြိုက်ပြီး အိမ်ထောင်ပြိုကွဲသွားသည်၊ သူ့တွင် ဆာမိခေါ် ဆမ်ဟုခေါ်သော သားတစ်ယောက်ရှိသည်၊ ဆမ်သည် သူ့အတွက် အသက် ဘဝဖြစ်သည်။


ညီဖြစ်သူ ဇခရာ က ဟိန္ဒူအမျိုးသမီးတစ်ယောက်ကို လက်မထပ်ရန် တားနေသည့်ကြားက ရစ်ဗန်သည် မန်ဒရာနှင့် လက်ထပ်ဖြစ်ခဲ့သည်၊ တစ်ယောက်က အလာကိုရှစ်ခိုးနေစဉ်မှာ၊ တစ်ယောက်က သီဝဘုရားကို ပူဇော်ကာ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ရင်း အဆင်ပြေစွာနေထိုင်ခဲ့ကြသည်၊ မန်ဒရာ နှင့်ဆမ်တို့သည် သူတို့၏ ဆာနိမ်းများကို မန်ဒရာခန်နှင့် ဆာမီရာခန်အဖြစ်ပြောင်းလဲခဲ့သည်၊ သူတို့သည် အိမ်နှီးနားချင်းဖြစ်သော ဆာရာ၊ မက်ခ် တို့နှင့် ရင်းနှီးစွာနေထိုင်ကြသည်၊ သူတို့၏သား ရီဆီနှင့် ဆမ်တို့သည် အရင်းနီးဆုံး သူငယ်ချင်းများဖြစ်ကြသည်၊ ထိုသို့ပျော်ရွင်စွာနေထိုင်ခဲ့ကြသော မိသားစုဘဝများသည် 9/11 အဖြစ်အပျက်များက ပြောင်းလဲပစ်လိုက်သည်၊ 9/11နောက်ပိုင်း အမေရိကန်လူဖြူများသည် တောင်အာရှသားများကို အညိုးထားရန်ရှာ ဖျက်ဆီးမှုများလုပ်လာကြသည်၊ အိမ်နီးချင်း မက်ခ်တစ်ယောက် အာဖဂန်မှာ တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားသည်၊ ထိုအတွက် ရီဆီက သူ့အဖေကို မွတ်ဆလင်များသတ်လိုက်သည်ဟု အယူစွဲ၍ ဆမ်ကိုမခေါ်တော့ပေ၊ ဆမ်ကအတင်းလိုက်ခေါ်ရာမှ ဘောလုံးကွင်းတွင် လူငယ်တစ်စု၏ Racial တိုက်ခိုက်မှုကြောင့်သေဆုံးသွားသည်။


မန်ဒရာတစ်ယောက် သားသေဆုံးမှုအတွက် ယူကြုံးမရဖြစ်ရသည်၊ သူ့ကိုယ်သူအပြစ်တင်ရင်း သူသာမွတ်ဆလင် ခန်နှင့် လက်မထပ်ခဲ့ရင်၊ ဆာနိမ်းများကို မန်ဒရာခန်နှင့် ဆာမီရာခန်အဖြစ်မပြောင်းလဲခဲ့ရင် သားဆမ်တစ်ယောက်ဒီလို ရက်စက်စွာ အသတ်ခံရမည်မဟုတ်ဟု ထင်မြင်ပြီး ရစ်ဗန်ခန်ကိုအမုန်းပွားကာ သူ့ရှေ့ကထွက်သွားဘို့တောင်းဆိုလိုက်သည်၊ ရိုးသားသောရစ်ဗန်က သူထွက်သွားပါမည်၊ ဘယ်အချိန်ခါပြန်လာရမလဲမေးရာ၊ လူတွေကိုလိုက်ပြောလိုက်၊ ပြီးရင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကိုပြောလိုက် ငါ့နာမည်ခန်၊ ငါဟာအကြမ်းဖက် သမားတစ်ယောက် မဟုတ်ဘူးလို့၊ My name is Khan, I am not a terrorist ပြီးရင်ပြန်လာခဲ့လို့ဆိုလိုက်သည်။


ထိုနေ့ကစပြီးရစ်ဗန်တစ်ယောက် သမ္မတကို My name is Khan, I am not a terrorist လို့ပြောရန် ခရီးစထွက်လာသည်၊ လမ်းခရီးတွင် အမေရိကန်မွတ်ဆလင် တစ်ယောက်၏ 9/11နောက်ပိုင်း ခွဲခြားခံရမှုတွေကို ကြုံရသော်လည်း စိတ်မပျက်ခဲ့ပဲ သမ္မတကိုတွေ့ရန်ခရီးဆက်ခဲ့သည်၊ LA ဗလီတွင် အစွန်းရောက်မွတ်ဆလင်များ၏ လှုပ်ရှားမှုများကို FBI ကိုသတင်းပေးခဲ့သည်၊ LA တွင် သမ္မတကိုတွေ့၍ သမ္မတကြီးခင်ဗျား ငါ့နာမည်ခန်၊ ငါဟာအကြမ်းဖက် သမားတစ်ယောက် မဟုတ်ဘူးလို့၊ ပြောနေချိန်မှာပဲ လုံခြုံရေးတွေရဲ့ ရိုက်နှက်ဖမ်းဆီးခြင်းခံရသည်၊ terrorist ဆိုတာနဲ့ကြောက်ကြပုံ အမေရိကန်သမ္မတဂျော့ဘွတ် သေမှာကြောက်ပုံတွေက အမှတ်ရစေသည်၊ ဒါပေမဲ့သူ့ရဲ့ပြောဆိုပုံကို အလုပ်သင် သတင်းထောက်တွေက ရိုက်ယူခဲ့သည်။


ထိုအလုပ်သင် သတင်းထောက်တွေရဲ့ကြိုးပမ်းမှုကြောင့် ရစ်ဗန်တစ်ယောက် မီဒီယာတွင်ထင်ပေါ်လာပြီး နှိပ်စက်မေးမြန်းခံနေရာမှ လွတ်မြောက်လာသည်၊ လူတွေက သူဘာဖြစ်လို့ သမ္မတနှင့် တွေ့ချင်သလဲကို စိတ်ဝင်တစား သိချင်လာကြသည်၊ ရစ်ဗန်တစ်ယောက်ကတော့ သမ္မတနဲ့တွေ့နိုင်ရန် ခရီးဆက်ဆဲပါပဲ၊ ဒီလိုနဲ့ အမေရိကန်မှာ မော်လီမုန်တိုင်းကြီးကျရောက်လာပါသည်၊ ဂျော့ဘွတ်အစိုးရသည် ထိထိရောက်ရောက် ကူညီခဲ့ခြင်းမရှိ မီဒီယာမှ တင်ပြလာမှ နှောင့်နှေးစွာအကူအညီများ လုပ်ဆောင်ခဲ့သည်၊ အထူးသဖြင့် လူမဲအများဆုံးနေထိုင်ရာ ဒေသများကို ကူညီမှုနှေးကွေးခဲ့သည်၊ ထိုအထဲတွင် ဂျော့ဂျီယာက ဝီဟီမိနားဒေသလည်းပါသည်၊ ရစ်ဗန်တစ်ယောက် သူခင်မင်မိတ်ဆွေဖြစ်ခဲ့ရသော မာမာဂျယ်နီ နှင့် ပြောင်ချော်ချော်ဆံပင် ဂျိုးလ် တို့ကိုကူရန်ထွက်လာခဲ့သည်၊ သတင်းထောက်များ ထောက်ခံသူများလိုက်လာပြီး အစိုးရအကူအညီမပါပဲ ကိုယ်ထူကိုယ်ထ ဝီဟီမိနားကိုပြန်လည်ထူထောင်ကြသည်၊ သတင်းထောက်များက ရစ်ဗန်တစ်ယောက် ဘာဖြစ်လို့ သမ္မတနဲ့ တွေ့ချင်တာလဲကို ဖေါ်ထုတ်နိုင်ခဲ့ကြသည်၊ မန်ဒရာတစ်ယောက် ထိုသတင်းကြားပြီး ရစ်ဗန်ရှိရာ ဝီဟီမိနားသို့လိုက်လာသည်၊ တစ်ဘက်တွင်လည်း သား ဆမ်ကိုသတ်သော လူငယ်များကို ရီဆီ၏ဝန်ခံချက်ကြောင့် ဖေါ်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်၊ ရစ်ဗန်၏ကြိုးပမ်းမှုကိုကြည့်ပြီး ရီဆီတစ်ယောက် သူထိမ်ချန်ထားသော ဆမ်သေဆုံးမှုကို ဝန်ခံခြင်းဖြစ်သည်၊ ထူထောင်ရေးလုပ်ငန်း ပြီးခါနီးတွင် သမ္မတပြောင်းတော့မည်ဖြစ်၍ သမ္မတနှင့်တွေ့ရန် ခရီးဆက်ဘို့ အသွားမှာ မန်ဒရာရှေ့မှာပင် မွတ်ဆလင်အစွန်းရောက် တစ်ဦး၏ဒါးဖြင့်ထိုးခြင်းကိုခံလိုက်ရသည်။


ပြန်လည်သတိရလာသောအခါ အမေရိကတွင် သမ္မတအသစ်ဖြစ်နေပေပြီ၊ လင်မယားနှစ်ယောက် သမ္မတနှင့်တွေ့ဆုံရန်ကြိုးစားရာ နောက်ဆုံး သမ္မတ အိုဘားမားနဲ့တွေ့ဆုံခွင့်ရခဲ့သည်၊ ပြီးတော့ My name is Khan, I am not a terrorist ဟုပြောခွင့်ရခဲ့သည်။


ကြည့်၍ကောင်းသော ရုပ်ရှင်တစ်ခုသာဖြစ်ပါသည်၊ ဇာတ်လမ်းထဲတွင် ကြိုက်သောအခန်းများမှာ အမေကသားကို အယူမမှားစေရန်အတွက် ပုံလေးဆွဲပြီး ကမ္ဘာပေါ်မှာ လူနှစ်မျိုးပဲရှိတယ်၊ ကောင်းတာလုပ်သော လူကောင်းများနှင့် ဆိုးတာလုပ်သော လူဆိုးများပဲဖြစ်တယ်၊ ဘယ်ဘာသာကိုးကွယ်ကိုးကွယ် ကောင်းတာလုပ်ရင် လူကောင်း၊ ဆိုးတာလုပ်ရင် လူဆိုးပဲဖြစ်တယ် ဆိုတာကိုပြထားသည်။


နောက်တစ်ခုက သမ္မတဘွတ် George W. Bush ရဲ့ အာဖရိကရန်ပုံငွေပွဲတွင် ခရစ်ယာန်မဟုတ်၍ တက်ရောက်ခွင့်မပေးသောအခါ $500 ပေးပြီး Honey Keep it ‘This is for those who are not Christians in Africa.’ အမေရိကန်ရဲ့ ခရစ်ယာန်ဦးစားပေးမှုကိုလှောင်ခဲ့ပုံ။


ကိုးကွယ်တဲ့ ဘာသာမတူပေမဲ့ ငြိမ်းချမ်းစွာအတူနေထိုင်နိုင်တယ်ဆိုတာကို မွတ်ဆလင်ခင်ပွန်း၊ ဟိန္ဒူအမျိုးသမီး၊ ခရစ်ယာန်အသိုင်းအဝိုင်းနဲ့ လှပစွာပြထားပြီး၊ ဝီဟီမိနားမှာရစ်ဗန်အတွက် church မှာ ပြောင်ချော်ချော်ဆံပင် ဂျိုးလ်တို့က သီချင်းဝိုင်းဆိုပေးတာတွေက ချစ်စရာကောင်းပါသည်။


ပြင်းထန်တဲ့ အမေရိကန်လူဖြူတစ်ချို့က ဒီရုပ်ရှင်ကားကို အဆိုးဝေဖန်မှုတွေလုပ်ခဲ့ပါတယ်၊ အချို့နိုင်ငံတွေမှာ ဆင်ဆာ အဖြတ်များသဖြင့် ဒါရိုက်တာ စိတ်ပျက်ခဲ့သည်ဟုဆိုပါသည်၊ ဒါရိုက်တာ ပေးချင်တာကိုလည်း ကျနော်လည်း ဆင်ဆာဖြတ်လိုက်ပါသည်။


အပြစ်မဲ့လူသားတစ်ယောက်အကြောင်းမဲ့ သေဆုံးခြင်းဟာ လူသားထူကြီးတစ်ရပ်လုံးသေဆုံးခြင်းပါပဲ ဆိုတာကိုပါပဲ။ အမေရိကန်မွတ်ဆလင် တစ်ယောက်၏ 9/11နောက်ပိုင်း ခွဲခြားခံရမှုတွေက၊ အမေရိကမှာ တကယ်ပဲလွတ်လပ်စွာ ကိုးကွယ်မှုရှိပါသလား၊ ဒါဆိုရင် နယူးယောက်မှာ ဗလီတစ်ခုဆောက်ခွင့်ကို ဘာလို့ကန့်ကွက်ကြပါသလဲ၊ ဘယ်လိုပဲဖြစ်ဖြစ်လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကြောင့်လို့ဆိုကြပါတယ်၊ ဒါဆိုရင် တစ်ခြားနိုင်ငံတွေသွားပြီး ဘာလို့ church တွေဆောက်ခဲ့ကြပါသလဲဆိုတဲ့ မေးခွန်းတွေကျန်ခဲ့ပါသည်။


အတွေးထဲမှာတော့ ပြင်းထန်တဲ့ အမေရိကန်လူဖြူတွေလက်ခံရမှာက မွတ်ဆလင်တစ်ဦးရဲ့သား၊ ကျွန်မျိုးနွယ်စုကဆင်းသက်လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းဟာ နိုင်ငံဦးသျှောင် သမ္မတတစ်ယောက်ဖြစ်နေပါပြီ၊ ပြီးတော့သူဟာ အာဖရိကန်သွေးတစ်ဝက်ပါပါတယ်၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သမိုင်းမှာ ရာဇဝင်တင်ခဲ့ပါပြီ၊ ဒါအမေရိကန် ဒီမိုကရေစီပါ။

ဒါပေမဲ့ဘုရားသခင်ကလွတ်လိုက်တာဆိုပြီး ရေကူးပြီးတော့ ကျနော်တို့ဆီကိုတော့မလာခဲ့ပါနဲ့လို့။


ရုပ်ရှင်တစ်ကားကိုခံစားခြင်းသာဖြစ်ပါသည်၊ မည်သည့်ဘာသာကိုမှာရည်ညွှန်းခြင်းမရှိပါ။

Saturday, July 24, 2010

2D 3D နှင့် မယ်လိုဒီ


ဘာရယ်မှ မဟုတ်ပါဘူး၊ ဒီနေ့ဝယ်လာတဲ့ samsung 55 TV က 2D တွေကို 3D ပြောင်းလို့ရတယ်ဆိုလို့၊ မြန်မာခွေတွေကို စမ်းကြည့်မိတယ်၊ မြန်မာ 3D ကားရှာမတွေ့တာကြောင့်လည်းဖြစ်ပါတယ်၊


သီချင်းခွေတွေကို အရင်စမ်းကြည့်တယ်၊ ရဲလေး၊ အေသင်ချိုဆွေ၊ လေးဖြူ၊ မျိုးကြီး၊ ထွန်းအိန္ဒြာဗိုလ်၊ ကြက်ဖ၊ သီရီဆွေ သီချင်းတွေပါ။

မဆိုးတာနဲ့၊ နောက်ထပ် လွင်းမိုးခရီးသွားနေသည်၊ မယ်လိုဒီရဲ့ ရုပ်ရှင်ကားကို 3Dနဲ့ကြည့်တာ မဆိုးပါဘူး၊
DVD တာမကဘူး VCD တွေလည်း 3D ရနေတာတွေ့ရတယ်၊ ကူးခွေတွေကတော့ မထင်ရှားပါဘူး၊ အော်ရီဂျင်နယ် 3D ကားတွေလောက်တော့ ဘယ်ကောင်းလိမ့်မလဲ။

လက်ကလိထားတာလေး တင်လိုက်ပါတယ်၊ 3D TV ပုံတွေကိုရိုက်ထားတာဝါးနေပါတယ်၊ မယ်လိုဒီက 3D နဲ့လိုက်တယ်လို့ပြောရမှာပဲ၊ ကြည့်တာလွန်သွားလို့ မျက်မှန်တောင် ဓါတ်အားပြန်သွင်းရတယ်။

ရဲလေး
 ရဲလေး + ဂျင်းနီး

အေသင်ချိုဆွေ



 ဂျောက်ဂျက်+ အေသင်ချိုဆွေ

 လေးဖြူ၊ မျိုးကြီး၊

လွင်းမိုးခရီးသွားနေသည်၊
 
 ကြက်ဖ၊
 မယ်လိုဒီ


Sunday, May 23, 2010

ကြိုးတန်း ဗိုက်ဗိုက်ဗိုက် နှင့် လန်းတယ်


အလုပ်ကလည်း ခုတလောတော်တော်များသည်၊ ဘလော့ဂ်လည်းမရေးဖြစ်၊ ကြားထဲ မလေးရှားနှင့် ဘရူနိုင်း သွားလိုက်ရသေးသည်၊ သူများရေးတာတွေပဲ လိုက်ဖတ်ဖြစ်နေပါသည်။

လောလောဆယ်တော့ ရုပ်ရှင်ကြည့်ခြင်းပါပဲ၊ ရုပ်ရှင်ဆို ရုံမှာပဲကြည့်ရတာကြိုက်တယ်၊ မြန်မာကားဆို မကြည့်ရတာနှစ်နဲ့ချီပြီ၊ အရည်အသွေး မကောင်းဘူး ဘာဘူး ညာဘူး စသဖြင့် သူများတွေ ပြောတာနဲ့ အွန်လိုင်းကလည်း မကြည့်ဖြစ် ခွေလည်းမငှါးကြည့် ဖြစ်ခဲ့ပါ။

အသိ အကိုကြီးတစ်ယောက်ကောင်းမှု့နဲ့ ဒီနှစ်ပတ်အတွင်းမှာ ရုပ်ရှင်တွေ ကြည့်ဖြစ်ပါတယ်၊ မြန်မာကား၊ တရုတ်ကား၊ အင်္ဂလိပ်ကား စုံပါသည်၊ ကြည့်ဖြစ်တဲ့ အကြောင်းအရင်းက ဒီလိုပါ။

အဲဒီ အကိုကြီးက ကျွန်တော်တို့ နားမှာနေတာ၊ တစ်နေ့ ဖုန်းဆက်ပြီး ရုပ်ရှင်တွေကြည့်မလားလို့ လှမ်းမေးပါတယ်၊ မြန်မာကား၊ တရုတ်ကား၊ အင်္ဂလိပ်ကားတွေပါတယ် စုံအောင်ပါတယ်၊ ကားနာမည်တွေလည်း ရွတ်ပြတော့ စိတ်ဝင်စားသွားမိသည်၊ အကိုကြီးကို ကောင်းရဲ့လား၊ စီဒီခွေတွေ ဝယ်လှချီလားလို့ မေးလိုက်တော့၊ ခုကြည့်သလောက်တော့တော်တော်ကောင်းတယ်၊ ခွေမဟုတ်ဘူးကွဆို၍ ပိုစိတ်ဝင်စားသွားမိသည်။

ဒီလိုနဲ့ အကိုကြီးအိမ်ကိုပေါက်ချလာသည်၊ ကျွန်တော်လည်း အကိုကြီး ဘယ်မှာလဲ cover တွေကြည့်ရအောင်၊ 14 Blade, Robin Hood, မြန်မာကားတွေလဲပါတယ်ဆို cover အရင်ကြည့်ရအောင်၊
အကိုကြီးက cover မရှိဘူး၊ မင်းမသိဘူးလား၊ ကျွန်တော်ကလည်း ဘာလဲအကိုကြီး ကျွန်တော်မသိဘူး၊
အကိုကြီးက အိတ်ထဲကနေ ၅ လက်မ ပတ်လည် box လေးတစ်ခုထုတ်လိုက်သည်၊ အကိုကြီးက အဲဒီထဲမှာပဲ၊
Movie Box လို့ခေါ်တယ်၊ Hard disc ရှိပြီး၊ ရုပ်ရှင်ဇာတ်လမ်းတွေကိုသွင်းထားတာ၊ HD quality ကွ၊ HDMI ဆက်လို့ရသည်၊ ကျွန်တော်ကလည်း အကိုကြီး ဘယ်လိုရလာသလဲ၊ ငါ ပင်နီဇူလာသုံးထပ်ကငှါးလာတာ၊ တရားဝင်ထင်တာပဲ၊ MDA လိုင်စင်နဲ့ copy right အတွက်တောင် လက်မှတ်ထိုးခဲ့ရသေးတယ်၊ တစ်ကား တစ်ရက် တစ်ကျပ်ပေးရတယ်၊ ၇ ကားယူရင် ၇ ရက်ထားလို့ရတယ်၊ ၁၄ ကားဆိုတော့ ၁၄ ရက်ပြည့်မှ ပြန်အပ်ပေါ့၊ စပေါ်မပေးရဘူး၊ IC copy ပဲယူထားတယ်၊ တစ်ချို့တွေ ကား ၃၀ တစ်လငှါးသွားကြတယ်။

ဒီလိုနဲ့ အဲဒီ ကားတွေထဲမှာ ကျွန်တော်ကြည့်ဖြစ်ခဲ့တဲ့ မြန်မာကား ၅ ကားကတော့၊
ကြိုးတန်း၊ ဗိုက်ဗိုက်ဗိုက်၊ မောင်၊ သူငယ်ချင်းယောက္ခမ နှင့် အချစ်ကလန်းတယ် တို့ဖြစ်ပါသည်၊ ထူးထူးခြားခြားဆိုလို့ ကြိုးတန်း နှင့် ဗိုက်ဗိုက်ဗိုက် တို့ဖြစ်သည်။ ဗိုက်ဗိုက်ဗိုက်က ရယ်ရ၍ဖြစ်သည်၊ ကြိုးတန်းက စိတ်ဝင်စားဘို့ကောင်းသည်၊ အင်္ဂလိပ် စာတမ်းထိုးသည်၊ (ဘာသာပြန်သူ အမည်ရှာမတွေ့ပါ) ခင်ခင်ထူး၏ဇာတ်လမ်းကို နေဝင်းမြင့်က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ မီးပွားရိုက်ကူးသည်၊ ဓါတ်ပုံ အကယ်ဒမီဆုရထားသော ကားဖြစ်သည်၊ မရှိတဲ့ သူတွေရဲ့ ဇာတ်လမ်းဖြစ်သည်၊ ကျော်ဟိန်းက ကိုကျောက်နီ (တစ်ခါတစ်လေ ကိုကြီးကျောက်လို့ခေါ်ကြသည်) မြင်းလှည်း မောင်းရာက တံငါဖြစ်လာသူ၊ စိုးမြတ်သူဇာက သူ့မိန်းမ၊ ကျော်ရဲအောင်က ကိုလှဆောင် လှေသမား တံငါဖြစ်လာသူ၊ ထွန်းအိန္ဒြာဗိုလ်က သူ့မိန်းမ၊ သောင်ကျွန်းလေးမှာနေကြရင်း လောဘကြောင့် ဒေါသဖြစ် အမှန်မမြင်မိတာကို ရိုက်ထားခြင်းဖြစ်သည်၊ ကျော်ဟိန်းနှင့် ကျော်ရဲအောင်တို့ ကွာခြားပုံလေးတွေ့နိုင်သည်၊ HD ဖြစ်၍၎င်း သဘာဝကျအောင်ရိုက်ထား၍၎င်း ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနှင့် ထွန်းအိန္ဒြာဗိုလ် တို့ရဲ့ မျက်နှာတွေကို အဖု အပိန့် အချိုင့်တွေကအစ မြင်ရသည်၊ ဇရာတွေပဲလား၊ တခြားကားတွေထဲက မိုးဟေကိုနှင့် မယ်လိုဒီ မျက်နှာလေးတွေကတော့ ချောမွတ်နေသည် (ဟဲဟဲ)၊ ကြိုးတန်း ဓါတ်ပုံနှင့် ရိုက်ချက်တွေက တော်တော်ကောင်းသည်၊ တိမ်အရောင်၊ အဖြူအမဲ၊ နေဝင်နေထွက်၊ မြစ်ကြောင်းမြစ်ပြင် ရိုက်ထားသည်များတော့ ဂျစ်တူးတို့မှ ပိုသိမည်။

နောက်တစ်ခါယူခဲ့ရင် ကျော်ရဲအောင် နှင့် စိုးမြတ်သူဇာ လွတ်အောင်ယူခဲ့လို့ မှာလိုက်မိသည်၊ သူတို့ကိုတော်တော်အီသွား၍ဖြစ်သည်၊ နောက်တစ်ခါမှပြန်ကြည့်မည်၊ မကြိုက်သော ဒီနှစ် အကယ်ဒမီဆုရထားသော မင်းသားဆိုရင် မယူခဲ့ဘို့အပြီးမှာလိုက်သည်၊ တရုတ်ကားရော အင်္ဂလိပ်ကားတွေရော Home Theater ဖြင့် ဖွင့်လျှင် အသံပိုကောင်းသည်၊ ကွန်ဖြူးရှပ်၊ ကရာတေးကဒ်စ် အသစ်ရရင်ယူလာဘို့မှာလိုက်သည်။

ကြိုးတန်း ဇာတ်လမ်းကို နေဝင်းမြင့်နှင့် မီးပွားက ဒီလိုသိမ်းလိုက်တယ်….

တဏှာလောဘကြောင့် လူတို့သည် ချမ်းသာကင်းသော သံသရာကို မလွန်မြောက်နိုင်ကြချေ။





မှတ်ချက်၊



မြန်မာကားတွေကို မြန်မာကားဆိုပြီးတော့ပဲကြည့်ဖြစ်ပါသည်။

ကြိုးတန်း ရုပ်ရှင်ကား အကြောင်း ဆက်ဖတ်ချင်ရင်
http://www.perfectmagazineonline.com/journal/ent_news/?choice=27&newsID=16


ဓါတ်ပုံကို www.perfectmagazineonline.com/journal/ent_new... ယူသည်၊