မွေတော်ကက္ကူစေတီတွေရဲ့ အရှေ့ဘက်မှာ ရွှေဝက်မင်းရုပ်ထုရှိပါသည်၊ ဒေသခံနှင့်ဘုရားဖူးတွေက ဖယောင်းတိုင်၊ ပန်း၊ အစားအစာတွေ ပူဇော်လေ့ရှိပါသည်၊ တန်ဆောင်မုန်း နှင့် တပေါင်းလပြည့်နေ့တွေမှာ မွေတော်ကက္ကူဘုရားပွဲကျင်းပကြပါသည်၊ ခုတော့ ဘုရားပွဲချိန်ဆိုရင် လှည်းပေါင်းမိုးတွေအပြင် ပစ်ကပ်ကားတွေ၊ ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေနဲ့ ပြည့်ကြပ်နေပါသည်၊ဘုရား ပတ်လည်ရှိ ညောင်ပင်ရိပ် အပင်ကြီးရိပ်တွေမှာ စခန်းချ ရပ်နားကြပါတယ်။ တစ်ရွာလုံးနီးပါး တစ်အိမ်လုံး လာတဲ့အလေ့ရှိပါသည်၊ အညာဘုရားပွဲလိုပါပဲ ညနေချိန်ရောက်ရင်တော့ ဖီးလိမ်းပြင်ဆင်ပြီး ဘုရားပွဲခင်းထဲသို့လာကြပါသည်၊ အများအားဖြင့် ရိုးရာ ဝတ်စုံကို အများဆုံးဝတ်ဆင်လေ့ရှိပါသည်၊ ယောက်ျားလေးနဲ့ မိန်းကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချစ်ကြိုက်ကြတဲ့ ပွဲတော်လည်း ဖြစ်ပါသည်၊ ရိုးရာကစားပွဲများ၊ ဇာတ်ရုံများ စတိတ်ရှိုးများနဲ့ စည်းကားလှပါသည်၊ လောင်းကစားဝိုင်းများလည်းရှိပါသည်။
အထူးသဖြင့် ဘုရားပွဲဈေးသည် စည်းကားလှပါသည်၊ ပွဲတော်လာသူတွေဟာ ဒေသထွက်ကုန်ပစ္စည်းတွေကို ယူဆောင်လာပြီး ပွဲတော်မှာ ရောင်းကြဝယ်ကြပါသည်၊ တူညီတာတစ်ခုကတော့ ဘုရားပွဲလာသူအားလုံး မွေတော်ကက္ကူဘုရားကို ပန်း ဆီမီး သစ်သီး ဆွမ်း ကပ်လှူပူဇော်ကြခြင်းဖြစ်ပါသည်၊ ရဟန်း၊ သံဃာတွေက ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ခြင်း မေတ္တာပို့ဆုတောင်းခြင်းနှင့် သီလပေးတရားဟောခြင်းများ ပြုလုပ်ပေးပါသည်၊ ဘုရားဝင်းထဲမှာ တပေါင်းလပြည့်နေ့ အာရုဏ်ဆွမ်းကပ်ကြတာတော့ ကြိတ်ကြိတ်တိုးပါပဲ၊ ရိုးရာဝတ်စုံ မဲမဲ မဲမဲတွေနဲ့ အလွန်ချစ်စရာကောင်းသော အချိန်ပါ၊ ပြီးရင်ဆွမ်းလောင်းပွဲစပါသည်၊ ဗုံသံဆိုင်းသံတွေနဲ့ တကယ့်ရိုးရာဓလေ့ပါပဲ။
မွေတော်ကက္ကူစေတီတွေရဲ့ထူးခြားချက်တွေရှိပါတယ်၊ စေတီများ၏ ထီးတော်များ၊ ဖေါင်းရစ်များ၊ စေတီတွင်ရှိသော ရုပ်ပွားတော်တွေ နှင့် ရုပ်တုများဖြစ်ပါသည်၊ ပုဂံခေတ်မှသည် အမရပူရခေတ်ထိ တည်ထားကိုးကွယ် ပြင်ဆင်ကိုးကွယ်မှုများကြောင့် လက်ရာကွဲများကိုတွေ့ရသည်၊ ရှေးမြန်မာ ပန်းတော့၊ပန်းတမော့၊ ပန်းပု ပညာတွေကိုထိုနေရာတွင် ထင်ရှားစွာတွေ့ရသည်၊ ထိုရုပ်တုများမှတဆင့် ရှေးခေတ် ဝတ်စားဆင်မှု နှင့် သမိုင်းတို့ကိုပြန်လည်လေ့လာနိုင်သည်၊ ခေါင်းလောင်းစာ ကမ္ဗည်းစာများက ဒေသရဲ့သမိုင်း နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးတို့၏သမိုင်းကို ပြန်ပြောပြနေသည်။

ကက္ကူစေတီတော်ရဲ့ ပြင်ပက မွမ်းမံခြယ်သထားမှုတွေဟာရိုးရှင်းပါသည်၊ ကနဦးတည်ခဲ့တဲ့သူတွေဟာ ကျက်သရေရှိရေးကိုသာ အထူးအာရုံပြုပြီး ဆောင်ရွက်ခဲ့ပုံရပါသည်၊ တချို့စေတီတွေမှာတော့ အပြောက်အမွမ်းတွေ ဆင်ယင်ထားသည်၊ ရိုးရာကနုတ်ပန်းတွေနဲ့ ယှက်နွယ်ထားတဲ့ ပုံသဏ္ဍာန်မျိုးရယ်၊ ပင်စည်ရိုးတံတွေ လိမ်ထားတဲ့ ပုံသဏ္ဍာန်တွေကို ရိုးရာပညာနှင့် ဖော်ကျူး ဆင်ယင်ထားပါသည်၊ အမြင့်ဆုံး အနုပညာလက်ရာမြောက်မှုတွေကို အနုစိတ်ဖန်တီးထားတာကို မြင်ရပါလိမ့်မည်၊ လက်ရာအမြောက်ဆုံးကတော့ အင်္ဂတေမှ ထွင်းထုထားတဲ့ ရုပ်လုံးရုပ်ကြွတွေ ဖြစ်ပါသည်၊ ဆေးရောင်တွေလည်းချယ်ထားပါသည်၊ နဂါး၊ ဂဠုန်၊ ခြင်္သေ့ တွေရဲ့ လက်ရာတွေက တစ်မျိုးထူးခြားပါသည်၊ ဆင်ခံဘုရားနှင့် မြင်းရုပ်ကြီးတွေလဲရှိသည်၊ တချို့ ရှေးဟောင်းရုပ်ပွားတော်တွေကို လိုင်ခေါင်း ထွင်းထားပြီး အတွင်းမှာ ထည့်သွင်းပူဇော်ထားတဲ့ နေရာတွေရဲ့ဘေးမှာ ဘုရားရှင်ကို ငြိမ်သက်စွာ ပူဇော်နေတဲ့ ပုံစံမျိုး တည်ထားပါသည်၊ ကချေသည် ရုပ်တုတွေ သီဆိုတီးမှုတ်နေတဲ့ ဂီတအနုပညာသည်နှင့် နတ်သမီးရုပ်တုတွေဟာ ကျွမ်းကျင်တဲ့ အနုပညာနှင့် ထုလုပ်ထားတာကို တွေ့ရပါသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး ကုန်သွယ်စီးဆင်းမှုဖွံဖြိုးလာသဖြင့် ပအိုပ်းလူငယ်လေးများကြားတွင် မြို့ယဉ်ကျေးမှုပျံနှံ့ခဲ့သည်၊ ခေတ်ပေါ်ပအိုပ်းအဆိုတော်များကို ကြိုက်ကြသလို အင်းထဲက လေးဖြူ၊ အငဲနှင့် စိုင်းစိုင်းခမ်းလှိုင်တို့ကိုလည်း ခုံမင်နှစ်သက်ကြသည်၊ အထူးသဖြင့် တောင်ကြီး၊ မန္တလေးနှင့် ကျိုင်းတုံဘက်က အမူအကျင့်များ နီးစပ်သလိုဝင်ရောက်လာသည်။
ဦးဇင်းက “အရက်ဆိုင်နဲ့ဓါတ်ဆီဆိုင် အများဆုံးမြို့ဆိုရင် မန္တလေးလို့ပြောရမှာပဲ၊ ဒီလိုပဲရန်ကုန်မှာ အစည်ဆုံးက အရက်ဆိုင်တွေ၊ အဲဒီ့အရက်ဆိုင်ယဉ်ကျေးမှု ရွာထဲကိုရောက်လာမှာ အစိုးရိမ်ဆုံးပဲ၊ တောင်ကြီးမှာလည်းတူတူပဲ နောက်ဆေးပြားတွေသုံးကြတာ ဒါလဲ အစိုးရိမ်ဆုံးပဲ၊ လူတွေရဲ့ သီလနှင့် စာရိတ္တကိုပျက်စေတယ်၊ နောက်ပြီးချဲထီတို့ နှစ်လုံးတို့ မောင်းလောင်းတာတွေ ရှိသေးတယ်၊ ဒါတွေလည်းမကောင်းဘူး၊ ဝေးတဲ့ဒေသမှာ ဘိန်းစိုက်ကြတယ်၊ ဘိန်းစိုက်သူ ဝယ်သူ ပွဲစားတွေကြားမှာ ပြဿနာတွေဖြစ် သတ်ကြသေကြတယ်၊ အမှုအခင်းတွေဖြစ်တော့ ကြီးနိုင်ငယ်ညှင်းမှုတွေရှိလာတယ်၊ သံဝေဂ ရစရာနှင့် စိတ်မကောင်းစရာတွေအများကြီးပဲ၊ ကိုယ်ကမလုပ်ပေမဲ့ ဆွယ်ကြတယ်၊ ပိုက်ဆံလွယ်လွယ်ရတော့ ပါသွားတယ်၊” ဦးဇင်းကပြောရင်း ခဏရပ်လိုက်သည်၊ ကျနော်စိတ်ထဲမှာတော့ နယ်မြေဒေသတိုးတက်မှုနှင့် နောက်ဆက်တွဲပါလာတာတွေက မနည်းပါလားလို့တွေးမိခြင်း ဖြစ်ပါသည်။
ဦးဇင်းကဆက်၍ “ဒီတော့ ဦးဇင်းတို့က တရားဟောရတယ်၊ ကိုယ်ယဉ်ကျေးမှု မပျက်အောင် မပြောက်အောင်၊ ကောင်းတာကိုယူ ဆိုးတာကိုထားခဲ့၊ သီလမြဲအောင်၊ သီလဟာအဓိကပဲ၊ ပိုက်ဆံနောက်လိုက်သွားရင် ပိုက်ဆံယဉ်ကျေးမှုပဲဖြစ်သွားမှာ၊ အဲဒီမှာ အုပ်ချုပ်တဲ့သူတွေကိုပြောရတယ် လူရိုသေရှင်ရိုသေအောင်နေလို့ ဒါမှထိန်းရသိန်းရလွယ်မှာ၊ အနည်းဆုံးငါးပါးသီလကို ဖြစ်နိုင်အောင်စောင့်၊ အုပ်ချုပ်တဲ့သူ သီလမြဲရင် လူရိုသေရှင်ရိုသေဖြစ်မယ်၊ ထိန်းရသိမ်းရလွယ်မယ်၊ နယ်မြေအေးချမ်းမယ်၊ ဖွံဖြိုးတိုးတက်မှုတွေ နောက်ကလိုက်လာမယ်၊ အုပ်ချုပ်တဲ့သူ သီလမမြဲလို့ကတော့ သွားပြီသာမှတ် လူရိုသေရှင်ရိုသေမဖြစ်ရင် ဘယ်လိုသွားထိမ်းမလဲ၊ ဓားမိုးပြီးအုပ်ချုပ်နေဦး နေရာတိုင်းမှာ ဓားမိုးတိုင်းလဲမရဘူး၊ ပရမ်းပတာနဲ့ပျက်ပြီသာမှတ်ပေတော့၊ ဒါကြောင့် ဦးဇင်းတို့နယ်မြေမှာ အုပ်ချုပ်တဲ့သူတွေကို သီလစောင့်ခိုင်းတယ်၊ ဘုရားမှာ သစ္စာဆိုစေတယ်၊ ဟုတ်တယ်မဟုတ်လား အုပ်ချုပ်တဲ့သူတွေ အနည်းဆုံး ငါးပါးသီလစောင့်၊ ဘုရားမှာသစ္စာဆိုသင့်တာပေါ့ ဒါမှလည်း လူရိုသေရှင်ရိုသေဖြစ်မယ်။”
“လူမျိုးတစ်မျိုး အဆင့်မြင့်တာ မမြင့်တာကို ကိုယ်ကျင့်တရားနှင့်တိုင်းရတယ်၊ ဘယ်လောက်ပဲခေတ်မှီတိုးတက်နေပါစေ ရုပ်ဝထ္ထုတွေပေါ်ပါစေ ကိုယ်ကျင့်တရားမကောင်းတဲ့လူမျိုး ဘာမှ အထင်ကြီးစရာမရှိဘူး၊ မန္တလေးကဆရာတော် တစ်ပါးကပြောပါတယ် ဒီလိုဗုဒ္ဓရဲ့ တရားဓမ္မတွေ ဟောဘို့ဆိုရင်မှာ ခွင့်ပြုချက်ယူရတာတို့ ဘာဟောမယ် ဘယ်လိုဟောမယ်တင်ပြရတယ် ဒါဆိုရင် ဒီခေတ်ပျက်တာပဲ၊ အဲဒီ့ဆရာတော်ကြီးတွေ ဟောတဲ့တရားကြောင့် တစ်ယောက်ယောက်က တရားရသွားနိုင်တယ်၊ နတ်တွေကလည်းတရားနာဖို့စောင့်နေကြတယ်၊ အဲဒါကိုအကြောင်းအကျိုးမသိပဲ တားမြစ်လိုက်ရင်၊ အဲဒီတားမြစ်လိုက်တဲ့ ပုဂ္ဂိုလ်ဟာ သံသာရာအဆက် ဘာအပြစ်တွေဖြစ်သွားသလဲ စဉ်းစားကြည့်ပေတော့၊” ဦးဇင်း တရားလိုလို ဘာလိုလိုပြောသွားတာကို နားထောင်ရင်း ကျနော် လေပူတချက်မှုတ်ထုတ်လိုက်မိပါသည်။
“ဦးဇင်းတို့ ပအိုပ်းတွေက မြန်မာပြည်နေရာအနှံ့ရှိတာ၊ ဒီရှမ်းပြည်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ကနေ ကယားပြည်နယ်ထိပေါ့၊ ဒီရှမ်းပြည်ဘက်မှ တိုးတက်အောင်စလုပ်နိုင်ပြီ၊ ဝေးလံဒေသတွေနှင့် အခြားဒေသတွေကို တိုးတက်အောင် အပြုသဘောနဲ့ ဆက်လုပ်သွားရမှာပါ၊ ဦးဇင်းတို့မှာစီမံကိန်းတွေရှိပါတယ်၊ ဟိုပုံးလမ်း၊ ဆီဆိုင်လမ်း ကျောက်ဆည်ထိသွားမယ်၊ လမ်းပန်းဆက်သွယ်ရေးကို အဓိကထားလုပ်မယ်၊ နောက်ကဒေသဖွံ့ဖြိုးမှု လိုက်လာမယ်၊ ခုလိုဂျပန်တွေလာကူညီတာကို ကျေးဇူးတင်တယ်၊ သူတို့ကို မေတ္တာပို့ပါတယ်၊ ရွာထဲမှာတိုက်အိမ်တွေ တစ်လုံးပြီးတစ်လုံး၊ နောက်ဆုံးပေါ်ကားတွေ၊ ဆိုင်ကယ်တွေ ပေါလာတယ် ပေါ်လာတယ်၊ ဦးဇင်းတို့ ဝမ်းသာပါတယ်၊ ဒကာတွေအဆင်ပြေ ချမ်းသာလာကြတာ၊ ဒါပေမဲ့ သမာအာဇီဝဖြစ်ပါစေပေါ့၊” ဦးဇင်းရဲ့စကားကို ဒီမှာတင်ရပ်လိုက်ပါသည်၊ သာမညတောင်ဆရာတော်ဘုရားကြီးဟာ ပအိုပ်းလူမျိုးဖြစ်ကြောင်း ကျနော်ခုမှသိရပါသည်။
များမကြာမှီ အရှေ့တောင်အာရှ နှင့် အိမ်နီးချင်းနိုင်ငံတွေမှာ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေဈေးကောင်းလာပါမည်၊ စိုက်ပျိုးမွေးမြူရေးလုပ်တဲ့ ပအိုပ်းတွေအတွက်ရွှေခေတ်ဖြစ်ပေလိမ့်မည်၊ နည်းပညာအကူအညီရရှိမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် infrastructure တည်ဆောက်မှုသည် အဓိကကျပေသည်၊ ငြိမ်းချမ်းရေးမြတ်နှိုး၍ သီလသမာဓိနှင့် နေထိုင်ချင်သော ပအိုပ်း တိုင်းရင်းသားတွေဟာ ဒေသဖွံဖြိုးမှုကို အပြုသဘောနဲ့ လုပ်ဆောင်လျှက်ရှိပါသည်။
တစ်ဖက်မှာလည်း ပြောင်းလည်းလာသော အခြေအနေနဲ့အတူ အသစ်အဆန်းများ ဝင်ရောက်လာမှု၊ စီးပွားရေးလောဘသမားများ ဝင်ရောက်လာမှု၊ သီလမြဲသူနဲ့ မမြဲသူ၊ သမာအာဇီဝနှင့် ဖြတ်လမ်းလိုက်လိုသူ စတဲ့ ဝိရောဓိတွေကို ရင်ဆိုင်ရပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပအိုပ်း တိုင်းရင်းသားတွေကတော့ အသွင်ပြောင်းနေပါပြီ၊ ချစ်စရာကောင်းတဲ့ ယဉ်းကျေးမှု မပျောက်ပဲ တိုးတက်ကြီးပွားနိုင်ကြပါစေလို့……………………………………။
ပြီးပါပြီ။
ပန်းတမော့ အကြောင်းပြောပြသော ပန်းဆယ်မျိုးကျောက်အားကျေးဇူးတင်ပါသည်၊
အနုပညာလက်ရာများ