Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Thursday, October 4, 2012

ယုံလား မယုံဘူးလား အမေရိကန်များ နှင့် Mystery Spots



ဆာရစ်ချပ်ဘရန်ဆန် ကပြောသည်၊ အမေရိကန်တွေဟာ ရယ်စရာကောင်းသည်တဲ့၊ ဒါကို ရောဘတ်ဆန် ကပြန်ပြောပါသည် အမေရိကန်တွေက fun ကိုသိပ်ကြိုက်လွန်းလို့ funny ဖြစ်နေတာလို့ ဆိုပါသည်။
ကျနော် အထင်ကတော့ လူသဘာဝအတိုင်း funnyဖြစ်တဲ့ အမေရိကန်နဲ့ funnyမဖြစ်တဲ့ အမေရိကန်တို့ ရှိပါလိမ့်မည်၊ အမေရိကန်တွေ funny ဖြစ်မဖြစ် ခရီးစဉ်တစ်လျှောက်တွင် သူတို့မေးသော မေးခွန်းတစ်ချို့ကို ကြည့်လျှင် သိနိုင်ပါသည်။ 


ကျနော်တွင် အလွန်ခင်မင်သော အမေရိကန်မိတ်ဆွေ နှစ်ဦးရှိပါသည်၊ တစ်ယောက်က Bill ဘေးလ်လို့ခေါ်တဲ့ အသက် ၅၀ ကျော် လုပ်ငန်းရှင် တစ်ယောက်ပါ၊ တစ်ယောက်ကတော့ Jan ယန်လို့ခေါ်တဲ့ အသက် ၃၀ ကျော် လေတပ်မှာ တာဝန်ထမ်းဆောင်နေသော အရပ်ဘက်ဝန်ထမ်းတစ်ဦးပါ၊ ဒီလူနှစ်ယောက်နဲ့ ပတ်သက်၍၎င်း၊ ကျနော်ရောက်သွားသော နေရာတစ်ခုနဲ့၎င်း ကျနော်အတွက် အလွန်ချစ်စရာကောင်းသော အတွေ့အကြုံတစ်ခုကို ရရှိခဲ့ပါသည်။

အမေရိကန်တွေက ပျော်ရွှင်မှုကို ကြိုက်သည် ဆိုရာ၌ တစ်ချို့က ပျော်စရာကောင်းသော၊ တစ်ချို့က သည်းထိတ်ဖွယ်ကောင်းသော၊ တစ်ချို့က လျှို့ဝှက်ဆန်းကြယ်သော အရာများကို နှစ်သက်ကြခြင်း ဖြစ်ပါသည်၊ ဒီအတွက် လူတို့၏ အကြိုက်ကို လိုက်သော ဈေးကွက်များ ပေါ်ပေါက်လာခဲ့သည်၊ ရုပ်ရှင် တီဗီနှင့် ဖျော်ဖြေရေးများတွင် ထိုအစီအစဉ်များ ရေပန်းစားလာခဲ့သည်။ 


…………………………………………………………………

လေတပ်ဝန်ထမ်း မိတ်ဆွေ ယန်က သူ့ နေ့အားရက်တွင် ကျနော်ကို အလွန် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို ခေါ်သွားမည်ဟု ဆိုလာသည်၊ မင်း သင်ခဲ့ဘူးတဲ့ ရူပဗေဒ၊ ဘူမိဗေဒနှင့် မြို့ပြ အင်ဂျင်နီယာ ဘာသာရပ် သီအိုရီတွေဟာ မှားနေကြောင်း မင်းသိလာရလိမ့်မယ်၊ သိပ္ပံပညာဟာ အရာအားလုံးထိ မပြည့်စုံသေးဘူး ဆိုတာကို မင်းသိရလိမ့်မယ်ဟု ဆိုသည်၊ ကျနော်လည်း သိပ်စိတ်ဝင်စားပါတယ် အဲဒီနေရာကို ရောက်ဖူးချင်ပါသည်လို့ ဆိုလိုက်သည်၊ သူ ကျနော်ကို လိုက်ပို့မည့် နေရာကတော့ ကယ်လီဖိုးနီးယားပြည်နယ် Santa Cruz မှာရှိတဲ့၊ Mystery Spot လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်သော နေရာ ဖြစ်ပါသည်၊ အလုပ်များနေသည့် အတွက် သူလိုက်ပို့မည့် နေရာကို ကျနော်သည် ကြိုတင်လေ့လာမှုများ မပြုလုပ်ခဲ့ပါ၊ သူ့နောက်လိုက်မှာပဲလေ ဆိုပြီး ခပ်ပေါ့ပေါ့ နေခဲ့ပါသည်။
ကျနော်တို့နှစ်ယောက် သူ့ကားလေးနဲ့ ခရီးထွက်ခဲ့သည်၊ San Francisco ကနေ သိပ်မသွားရပါ၊ ကျနော်တို့သည် San Jose ဘက်ကို မသွားပဲ Santa Cruz ဘက် ဆင်းလာခဲ့သည်၊ လမ်းတွင် ယန်က ကျနော်အား မေးလာသည် ‘မင်း ကမ္ဘာ့ဆွဲအား gravity အကြောင်းကို သိတယ် မဟုတ်လား’၊ ကျနော်ကလည်း “သိပါတယ် ကျောင်းနေတုန်းကလည်း သင်ရပါတယ်”လို့ ပြန်ဖြေလိုက်သည်၊
‘ခု တို့သွားမဲ့နေရာက ကမာ့္ဘဆွဲအား မမှန်တဲ့နေရာ၊ အဲဒီနေရာမှာ ကမ္ဘာ့ဆွဲအားဟာ တစ်ခုခုဖြစ်နေတယ်ကွ၊ ဗိုးတက်အ် Vortex စွမ်းအားတွေ သက်ရောက်နေတဲ့ နေရာပေါ့၊ တစ်ချို့ကလည်း ဘုရားသခင်က အထူးဖန်ဆင်းထားတဲ့နေရာ၊ ဒေသခံတွေကတော့ နတ်ဘုရားရဲ့ ကျိန်စာသင့်နေတဲ့နေရာ၊ တစ်ချို့ကတော့ ဂြိုလ်သားတွေ ရောက်ခဲ့တဲ့နေရာ ဒီလိုပြောဆိုကြတယ်’၊ ကျနော်က နားမလည်ဘူးလို့ ပြောလိုက်သည်၊ ‘တကယ် လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိတဲ့နေရာပါ ရောက်ရင် မင်းသိသွားမှာပါ’ လို့ဆိုသည်။

Scotts Valley အလွန် တောင်တွေ ရက်ဝုဒ် Redwoods တောကြီးတွေ ဖြတ်ပြီးမှာတော့၊ ရက်ဝုဒ် တောအုပ်ထဲက တောင်ခြေတစ်နေရာတွင် Mystery Spot ကိုလှမ်းမြင်ရသည်၊ ကားကို ကားရပ်ကွင်း တွင် ရပ်ထားခဲ့ပြီး၊ ဧည့်သည်တွေ စာရင်းပေးရမည့်နေရာကို ထွက်ခဲ့ကြသည်၊ အလွန်လှပသော နေရာတစ်ခုဖြစ်သည်လို့ မှတ်ချက်ချမိပါသည်၊ ယန်က ကြိုတင်လက်မှတ်ကို အွန်လိုင်းက ဝယ်ထားခဲ့သည်၊ မိနစ်၂၀လောက် လိုက်ပြမဲ့သူ guide ကိုစောင့်ရင်း၊ ပြခန်းတွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေ လိုက်ကြည့်ဖြစ်သည်၊ ကျနော်တို့နဲ့အတူ လာရောက်သော ဧည့်သည် ၁၅ယောက် ပြည့်မည်မထင်ပါ၊ ကျနော်တို့ရှေ့တွင် အယောက်၂၀ အုပ်စုတစ်စု ဝင်သွားသည်ကို တွေ့ရပါသည်။

ဧည့်ကြိုဆောင်တွင် ကျနော်တို့အဖွဲ့ စုစုပေါင်း ၁၂ ယောက်ကို၊ ကျနော်တို့ကို လိုက်ပြမဲ့သူ guideက ဒီနေရာအကြောင်း ရှင်းပြပြီး သူလိုက်ပို့မဲ့ အစီအစဉ်လေးကိုပြောပြပါသည်၊ ၁၉၃၀ လောက်ထဲက ဒီနေရာလေး၏ သမိုင်းစခဲ့သည်ဆို၏၊ လှည့်ပတ်ကြည်ရှုချိန် အနည်းဆုံး ၄၅ မိနစ်ကြာမည်တဲ့၊ သူ့နာမည်က မိုက်ကယ်ဖြစ်သည် အသက်၂၅နှစ်လောက်ရှိမည်၊ ရီစရာတွေကို ပြောနေသော်လည်း တစ်ချို့ရီစရာမကောင်းပါ၊ အဖွဲ့တွင် ပါလာသော ကလေးသုံးယောက်ကတော့ ဘာပြောပြော လိုက်ရီနေကြပါသည်။

တကယ်တော့ တောင်နှစ်လုံးကြားက လျှိုလို့ခေါ်နိုင်သည့် နေရာက သစ်သားအိမ်ကလေးတစ်လုံးဆီသို့ သွားကြခြင်းဖြစ်ပါသည်၊ ထိုအိမ်ကလေးရှိရာ ပေ ၁၅၀ ပတ်ဝန်းကျင်သည် Mystery Spot ဖြစ်ကြောင်း ပြောပါသည်၊ အိမ်လေးသို့ သွားရာလမ်းကို ဖြောင့်ဖြောင့်တန်းတန်း မဖေါက်ထားပါ၊ ဇီဇက် အကွေ့အကောက် တွေလုပ်ထားပါသည်၊ ဘေးမှာ ရက်ဝုဒ် Redwoods နှင့် ယူကလစ် Eucalyptus ပင်တွေကြားမှာဖြစ်သည်၊ ပထမဦးစွာ မိုက်ကယ်က လယ်ဗယ်မီတာလေးနဲ့ ရေချိန်ညီကြောင်းပြသည်၊ ဒါပေမဲ့ လယ်ဗယ်မီတာတင်ထားသည် သစ်သားပြားကလေးက စောင်းနေသည်၊ ဒီနေရာတွင် သိလိုက်ရသည်မှာ စောင်းနေသည့်အရာများသည် အတည့်ဖြစ်သည် ဆိုခြင်းကိုပင်၊ အမြင်အရ စောင်းနေသည်၊ လယ်ဗယ်မီတာလေးနဲ့ ချိန်လိုက်လျှင် အတည့်ဖြစ်နေသည်ကို ဆိုခြင်းဖြစ်ပါသည်။

ပြီးနောက် ကျနော်တို့ သစ်သားအိမ်ကလေးဆီသို့ ထွက်လာခဲ့သည်၊ သစ်သားအိမ်ကလေးကို စောင်းပြီး ဆောက်ထားသည်၊ မိုက်ကယ်က တကယ်တော့ ဒါဟာတည့်တည့် ဆောက်ထားတာပါလို့ ပြောသည်၊ အိမ်ထဲကို ဝင်သွားသော အခါ မိုက်ကယ်က ကမ္ဘာဆွဲအားအကြောင်း အနည်းငယ်ရှင်းပြသည်၊ နယူတန်ကိုပင် ဟာသပြောလိုက်သေးသည်၊ သာမာန်အိမ်တွေမှာဆိုရင် အိမ်ဘားတန်းကို တွယ်ခိုစီးလိုက်လျှင် ခန္ဓာကိုယ်သည် အောက်သို့ တည့်တည့်ဖြစ်နေမည်ဖြစ်သည်၊ ဒီမှာတော့ အိမ်ဘားတန်းကို တွယ်ခိုစီးလိုက်လျှင် ခန္ဓာကိုယ်သည် တဘက်သို့စောင်းနေသည်၊ လာရောက်သူအားလုံးနီးပါး တွယ်ခိုစီးကြသည်၊ ဒီနောက်မှာတော့ အစောင်းတွေသည်အတည့် အတည့်တွေသည် အစောင်းဖြစ်နေသည့်အတွက် အိမ်နံရံများပေါ်တွင် မတ်တပ်ရပ်လို့ ရကြောင်းပြသည်၊ အဲဒီလို စောင်းစောင်းရပ်နေကြတာကို ဓါတ်ပုံရိုက်ကြသည်၊ ပုံမှန်အားဖြင့် လူသည် တည့်တည့်မတ်မတ် လမ်းလျှောက်သွားသော်လည်း ဒီမှာ စောင်းစောင်းမတ်မတ် လမ်းလျှောက်သွားနေသလိုဖြစ်သည်။

တစ်နေရာရောက်သောအခါ ချိန်သီးကြီး တစ်ခုကိုတွေ့ရသည်၊ ပုံမှန်အားဖြင့် ချိန်သီးတို့သည် လွှဲလိုက်လျှင် အလယ်ကနေ ဟိုဘက်ဒီဘက် တူညီစွာလွဲလေ့ရှိသည်၊ မိုက်ကယ်က ဒီချိန်သီးကြီးကိုကြည့်ဆိုပြီး လွှဲလိုက်သည်၊ ချိန်သီးကြီးသည် တစ်ဘက်ထဲသို့ တစ်ဘတ်သတ် လွှဲနေတော့သည်၊ လူတော်တော်များများ ‘အိုး’ ကနဲ့ ဖြစ်သွားကြသည်၊ ပြီးတော့ တစ်နေရာကို ခေါ်သွားပြန်သည်၊ မိုက်ကယ်က ဒီပျဉ်ပြားက စောင်းနေတယ် ဒါပေမဲ့သူက လယ်ဗယ်ညီနေတယ် ဆိုပြီး လယ်ဗယ်မီတာလေးနဲ့ ချိန်ပြသည်၊ တစ်ယောက်နှစ်ယောက်က အပေါ်ကိုတက်ရတာနဲ့ အောက်ကိုဆင်းရတာ ဘာကွာသလဲ လာစမ်းကြည့်ကြပါ ဆိုသည်၊ လေးငါးယောက်လောက် စမ်းကြည့်ကြသည်၊ တစ်ချို့က ဘာမှာ မကွာဘူးပြောသည်၊ တစ်ချို့က အောက်ဆင်းရတာ အားစိုက်ရတယ်လို့ ပြောသည်၊ ကျနော်ကတော့ ဘာမှ မကွာဘူးလို့ထင်မိသည်၊ တကယ်ဆို အပေါ်တက်ရမှ အားစိုက်ရမည် မဟုတ်ပါလား။

ဒီလိုနဲ့ အိမ်နောက်ပေါက်ကို ရောက်လာကြသည်၊ မိုက်ကယ်က မေးသည် 'ရေက ဘယ်လိုစီးဆင်းပါသလဲ' ကလေးတွေက မြင့်ရာက နိမ့်ရာကို စီးပါသည်လို့ ချက်ချင်းပင်ဖြေကြသည်၊
ဘာကြောင့်လဲလို့ ထပ်မေးတော့ ကမာ့္ဘဆွဲအားကြောင့်လို့ တော်တော်များများ ဖြေကြပါသည်၊
မိုက်ကယ်က ဒါဆို မင်းတို့ကို တစ်ခုပြစရာရှိတယ် ဆိုပြီး သစ်သားပြားကလေးကို ထုတ်လိုက်သည်၊ သစ်သားပြားကလေး၏ အလယ်တွင် အူလမ်းကြောင်းကလေးပါသည်၊ ပြတင်းပေါက်တစ်ခုတွင် သစ်သားပြားကလေးကို ထောင်လိုက်သည်၊ အားလုံးသည် စိတ်ဝင်စားစွာ ကြည့်နေကြသည်၊
မိုက်ကယ်သည် သူ့အိတ်ထဲက ဘေ့စ်ဘော ဘောလုံးလေးကို ထုတ်လိုက်သည်၊ ပြီးနောက် ဘောလုံးလေးကို သစ်သားပြားအပေါ်ကနေ အောက်ကိုလိမ့်ချလိုက်သည်၊ ဘောလုံးလေးသည် သစ်သားပြား အပေါ်ကနေအောက်ကို ဆင်းသွားပြီး တစ်နေရာရောက်သော ရပ်ကာ နောက်ကိုအရှိန်နဲ့ ပြန်လှည့်လာသည်၊ နောက်သစ်သားပြားပေါ်က ကျသွားသည်၊ လူတွေအားလုံး ‘အိုး’ ကနဲ့ ဖြစ်သွားပြန်သည်၊ ဒီမှာကြည့်ဆိုပြီး မိုက်ကယ်က ဘောလုံးလေးကိုကောက်ပြီး သစ်သားပြားအောက်ပိုင်းသို့ ချလိုက်ရာ ဘောလုံးလေးသည် သစ်သားပြားအပေါ်သို့ လိမ့်ပြီးတက်လာသည်၊ နောက်တစ်ခါ မိုက်ကယ်က ကျနော်တို့ဆီမှာ လိမ့်လိုရတာပါသလားမေးရာ အမျိုးသမီးတစ်ယောက်က သူ့မိတ်ကပ်ဘူးလေးကို ထုတ်ပေးသည်၊ မိုက်ကယ်က မိတ်ကပ်ဘူးလေးကို သစ်သားပြားအောက်ပိုင်းသို့ ချလိုက်ရာ သစ်သားပြားအပေါ်သို့ လိမ့်ပြီးတက်လာသည်ကို တွေ့ရသည်၊ အားလုံး ‘အိုး’ ကနဲ့ ဖြစ်သွားပြန်သည်။

ပြီးနောက် မိုက်ကယ်က ဘယ်သူ့မှာ ရေဘူးပါသလဲမေးရာ၊ ကလေးတစ်ယောက်က သူ့ရေဘူးကို ထုတ်ပေးလိုက်သည်၊ မိုက်ကယ်က ငါရေတွေကို သွန်မှာနော်လို့ပြောတော့ ကလေးက ခေါင်းငြိမ့်သည်၊ မိုက်ကယ်သည် ရေဘူးထဲကရေတွေကို သစ်သားပြားအောက်ပိုင်း အူလမ်းကြောင်းလေးထဲသို့ ဖြေးဖြေးချင်း သွန်ချလိုက်သည်၊ ရေတို့သည် အူလမ်းကြောင်းလေးအတိုင်း သစ်သားပြားအောက်ပိုင်း ကနေ အပေါ်သို့ စီးလာသည် ပြီးနောက် အောက်သို့စီးကျကုန်သည်၊ အားလုံး ‘အိုး’ ကနဲ ဖြစ်သွားပြန်သည်၊ ကလေးတွေက လက်ခုပ်တီးကြသည်၊ မိုက်ကယ်က ကြည့် ရေက ဒီလိုစီးတယ်လို့ ပြောလိုက်သည်၊ ဒီနေရာတွင် သိလိုက်ရသည်မှာ အပေါ်သည် အောက်ဖြစ်နေပြီး၊ အောက်သည် အပေါ်ဖြစ်နေပါသည်။

ဒီနောက် မိုက်ကယ်သည် အိမ်နောက်ပေါက်နဲ့ သိပ်မကွာသည့် နေရာလေးကို ခေါ်သွားသည်၊ ဆင်ခြေလျှော တစ်ခုဖြစ်သည့် ပျဉ်ပြားကြီးတစ်ချပ်ကို စောင်းပြီးထောင်ထားခြင်းဖြစ်သည်၊ မိုက်ကယ်က ဒီပျဉ်ပြားက စောင်းနေတယ် ဒါပေမဲ့ ပျဉ်ပြားရဲ့ အောက်ပိုင်းက မြင့်တယ်၊ အထက်ပိုင်းကနိမ့်နေတာ ဆိုပြီး လယ်ဗယ်မီတာလေးနဲ့ ချိန်ပြသည်၊  ပြီးနောက် ကျနော်တို့ထဲက အရပ်ပုသူတစ်ယောက်နဲ့ အရပ်မြင့်သူတစ်ယောက်ကို ခေါ်ထုတ်ပြီး တဘက်စီမှာ ရပ်ခိုင်းသည်၊ ပြီးတော့ဘက်ပြောင်းပြီး အရပ်ကို နှိုင်းယှဉ်ကြသည်၊ အရပ်ပုသူသည် အနိမ့်ကိုဆင်းသွားသောအခါ အရပ်မြင့်သွားပြီး၊ အရပ်မြင့်သူသည် အမြင့်ကိုတက်သွားသောအခါ အရပ်နိမ့်သွားကြောင်းပြလိုက်သည်၊ ဒီနေရာတွင် သိလိုက်ရသည်မှာ အရွယ်တူနေပါစေ အမြင့်မှာရပ်နေသောသူသည် အရပ်နိမ့်ပြီး၊ အနိမ့်မှာ ရပ်နေသာသူသည် အရပ်မြင့်ကြောင်းသိလိုက်ရသည်။

မိုက်ကယ်က ဓါတ်ပုံရိုက်ဖို့ အချိန်ငါးမိနစ်ပေးကာ အစီအစဉ်ကို အဆုံးသတ်လိုက်သည်၊ တစ်ယောက်စီကို ကားကြော်ငြာစတစ်ကာ bumper sticker တစ်ခုစီလက်ဆောင်ပေးပါသည်၊ အမေရိကန် ထုံးစံအတိုင်း လိုက်ပြသူ guideကို တစ်ပ် လက်ဖက်ရည်ဖိုး ပေးရပါသည်၊ ငါးဒေါ်လာပေးလိုက်ရတာ တန်သည်ဟု ထင်မိပါသည်၊  မပြန်ခင် ကျနော်တို့ တောင်ပေါ်တက်၍ ရှုခင်းတွေ ကြည့်ခဲ့ကြပါသေးသည်၊ လမ်းတွင် ယန်က ဘယ်လိုလဲ မင်းစိတ်ဝင်စားလားလို့ မေးသည်၊ ကျနော်က ကျနော့်အတွက် အထူးအဆန်းတွေပါပဲ ဒီနေရာမှာ ကမာ့္ဘဆွဲအား ဖြစ်ပျက်နေတာ စိတ်ဝင်စားမိပါတယ်လို့ ပြောလိုက်သည်၊ ယန်က ဒါကို လူတွေက optical illusion လှည့်စားထားတာလို့ ပြောတယ်၊ မျက်လှည့်လိုပေါ့၊ gravity ကိုနားလည်တဲ့သူတွေက အင်ဂျင်နီယာ ပညာရပ်တွေပေါင်းပြီး လှည့်စားခဲ့တာပါ၊ ဒါပေမဲ့ ဒီနေရာမှာ အထူးအဆန်းကတော့ သံလိုက်အား သက်ရောက်မှုကြောင့် သံလိုက်အိမ်မြှောင်တွေ မီတာတွေ အလုပ်မလုပ်ဘူးပေါ့၊ ယန်ပြောပြတော့ ကျနော် အံ့သြသွားမိသည်၊ ထူးခြားတဲ့ အချက်ကလေးတစ်ချက်နဲ့ အထူးအဆန်းကြီးဖြစ်အောင် လူတွေဖန်တီးတတ်ကြပါလားလို့ စဉ်းစားမိလိုက်သည်။

…………………………………………………………………

နောက်နေ့တွင် ကျနော် ယန်နှင့် ဘေးလ်တို့ ကော်ဖီဆိုင် အတူတူထိုင် ဖြစ်ကြသည်၊ ကျနော်က ယန်ကို မနေ့က ထူးဆန်းတဲ့နေရာ Mystery Spot လိုက်ပို့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလိုက်သည်၊ ဘေးလ်က ‘ဘာထူးဆန်းတဲ့နေရာလည်း အဲဒါ လူလိမ်တွေ ညာနေတဲ့နေရာ၊ မင်း သူကို ခေါ်မသွားသင့်ဘူး’၊

ယန်ကလည်း ‘ဘာမို့လဲ၊ အဲဒီနေရာက ပညာရပ်နဲ့ ဖန်တီးထားတဲ့နေရာကွ အားလုံးမှ ဒေါ်လာ ၅၀ လောက်ပဲကုန်တာ’

ဘေးလ်က ‘အဲဒါပေါ့ မင်းတို့က တစ်ယောက်ကို ငါးဒေါ်လာ ဆယ်ဒေါ်လာနဲ့ ဒီလိုပဲ လုပ်စားတဲ့သူတွေ ကြီးပွားသွားတာ၊ ဘုရားသခင်ကလိုလို ဂြိုလ်သားကလိုလို သတင်းလွှင့်သေးတယ်’၊
ယန် ကလည်းမခံ ‘ဒါက ဟိုး အတိတ်ကပါကွာ၊ ခုသူတို့က ဒီလိုမပြောတော့ပါဘူး’၊
ဘေးလ်ကလည်း ‘အေးပေါ့ကွာ မင်းတို့လိုလူတွေရှိလို့ လုပ်စားတဲ့သူတွေရှိတာ’၊
‘မင်းငါ့ကို ဒီလိုမပြောနဲ့’ ယန်ကပြန်ပြောသည်၊

ကျနော်က အခြေအနေကြီးထွားလာမည် စိုး၍၊ ကြားက မင်းတို့ ရန်မဖြစ်ကြပါနဲ့လို့ ဝင်တောင်းပန်လိုက်သည်၊

ဘေးလ်ရော ယန်ရော ‘ငါတို့ ရန်ဖြစ်နေကြတာ မဟုတ်ဘူး အငြင်းပွားနေကြတာပါ’၊ ‘ငါတို့ရဲ့ သဘောထား ကွဲလွဲမှုအတွက် အငြင်းပွားနေကြတာပါ၊ ငါတို့ ဘယ်တော့မှာ ရန်မဖြစ်ဘူး’ စသဖြင့် ကျနော်ကို ပြန်ပြောကြသည်၊

ယန်က ‘ငါတို့က အငြင်းပွားနေကြကွ၊ ဒါမှ တစ်ယောက်နဲ့တစ်ယောက် နားလည်မှာ၊ သူဘယ်လိုမြင်လည်း ကိုယ်ဘယ်လိုမြင်သလဲပေါ့၊ မင်းကြည့်လေ ဘေးလ်ပြောတာလည်း မမှားဘူး ကယ်လီဖိုးနီးယားက စလိုက်တဲ့ ဒီ Mystery Spot ဟာ၊ အမေရိကန်တပြည်လုံးမှာ အများကြီးဖြစ်နေပြီ မလျှို့ဝှက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုပေါ့’၊

ဘေးလ်က ‘အဲဒါကို လုပ်စားတာလို့ခေါ်တာ’၊
ယန်က တစ်ဖန် ‘လုပ်စားတယ်လို့ပဲဆိုဆို ညာတာပဲဆိုဆို ငါတို့အမေရိကန်တွေ နှစ်သက်ကြတယ် fun ပေါ့’၊
ဘေးလ်ကလည်း ‘ဒါကြောင့်လည်း လိမ်မှန်းသိလျှက်နဲ့ တစ်ချို့က အလိမ်ခံဖို့သွားကြတယ်၊ ဒီလိုနဲ့ ဒေးဗစ်ကောဖါဖီးလ်လည်း ချမ်းသာသွားတယ်၊ လူတွေရဲ့ အကြိုက်ကို သိရင် လုပ်စားရလွယ်ပါတယ်’၊ ဘေးလ်ကဆက်၍ ‘နည်းပညာတွေ တိုးတက်လာတော့ တစ်ခါတစ်လေ လျှို့ဝှက်ဆန်းကြယ်တယ် ဆိုတာတွေ ယုံရခက် မယုံရခက်ပေါ့’
‘အေးလေ နည်းပညာနဲ့ လူတွေကို ဘယ်လိုလှည့်စားတယ်ဆိုတာ မင်းသွားကြည့်သင့်တာပေါ့ ’၊ ဆိုတော့သည်၊
ကျနော်အတွက်တော့ သူတို့ရဲ့ ပွင့်လင်းသော သဘောထားကွဲလွဲမှုကို သိလိုက်ရသည်။

ကျနော်ကတော့ သွားကြည့်ပြီးမှ ဒီ Mystery Spot အကြောင်းလေ့လာဖြစ်သည်၊ Mystery Spots များသည် ဖန်တီးထားသော illusion များ ဖြစ်သည်ကို အများကသိကြပါသည်၊ ဒီလျှို့ဝှက်ချက်များကို ဖေါ်ထုတ်သူများလည်း ရှိပါသည်၊ ဒါပေမဲ့ လူတွေသွားရောက် လည်ပတ်ကြပါသည်၊ ဘယ်သူကမှ မင်းတို့ညာနေတယ်လို့် လာရန်တွေ့သူမရှိ၊ ကြိုက်သူသွား၍ မကြိုက်တဲ့သူ မသွားပဲနေနိုင်သည်၊ ကိုယ်နှစ်သက်ရင် ကိုယ်သွားမယ် ကိုယ်မနှစ်သက်ရင် ကိုယ်မသွားနဲ့ပေါ့၊ မကြိုက်တဲ့သူများက သွားရောက်တဲ့သူများကို ရန်မလုပ် မဆဲဆိုပါ၊ သွားတဲ့သူများကလည်း မကြိုက်၍ မသွားတဲ့သူများကို ဘာမှမပြော၊ ပွင့်လင်းသော လူအဖွဲ့အစည်း၏ အားသာချက်ကို တွေ့လိုက်ရသည်၊ ကိုယ်မကြိုက်၍ သူများပါ မကြိုက်ရဘူးဆိုသော ကိုယ်မသွား၍ သူများပါ မသွားရဘူးဆိုသော စိတ်ထားရှိသူများ အတော်နည်းပါးပါသည်၊ နောက်ဆုံး ယုံလား မယုံးဘူးလား ဆိုတာ အဓိကမကျ၊ ထိုသွားသောအချိန်လေးမှာ စိတ်ပျော်ရွင်မှု ရသွားခြင်းသည် တန်ဖိုးဟု သတ်မှတ်ထားကြသည်၊ တစ်ချို့က
‘I didn't even care that "it's a scam," "not real," "optical illusion," etc. Stop trying to ruin it for the people who actually enjoyed it. This was so friggin interesting, mind boggling, scratch your head type fun!’ ဆိုသည်၊                                                        
အများအားဖြင့် ဒါကို ငါတို့သိပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီကိုလာရတာ ပျော်စရာကောင်းတယ်’ လို့ဆိုကြသည်၊
‘fun’ ကိုသိပ်ကြိုက်လွန်းလို့ ‘funny’ ဖြစ်သည်ဆိုသည့်  အမေရိကန်တွေကို ချီးကျူးမိပါသည်။

 …………………………………………………………………

ကျနော် မြန်မာပြည်ပြန်ပြီး Mystery Spots တွေဖွင့်ပြီး ဒီနည်းပညာကိုပြစားရင် ကောင်းမလားလို့ စဉ်းစားမိသည်၊ ဒါပေမဲ့ ကျနော်တွေးလိုက်မိသည်၊ ဒီအချိန်မှာ အဲဒီလို ကျနော်ပြစားလျှင် တော်ကြာ လူလိမ်လူညာ တွေပါလို့ မီဒီယာတွေကရေး၊ လုပ်စားတဲ့ သူတွေပါဆိုပြီး လူစုလူအုပ်ကြီးက ဆန္ဒတွေပြ၊ ဆန့်ကျင်ရေးအဖွဲ့တွေဖွဲ့၊ ဆန့်ကျင့်ဟောပြောပွဲတွေလုပ်၊ နောက်ဆုံး လူလိမ်လူညာ တွေပါလို့ ဆိုပြီး လူစုလူအုပ်ကြီးရောက်လာ ဝင်ဖျက်ဆီး၊ ဒီလိုနဲ့ ကျနော်ရဲ့Mystery Spots တွေ ပျောက်သွားရပါလိမ့်မည်၊ ဒါက ကျနော်ထင်မြင်ချက်သာဖြစ်ပါသည်။

လူတစ်ချို့သည် ထိုသို့ လုပ်ရသည်ကို အဟုတ်ကြီးထင်နေတတ်ပါသည်၊ သူတို့ အဟုတ်ကြီးထင်သည့် အရာများသည် ဘာမှမဟုတ်သည့် အရာများ ဖြစ်နေတတ်ပါသည်။

မကြာမှီ အချိန်မှာပေါ့ လူတစ်ချို့သည် နားလည်သင့်သည်တို့ကို နားလည်သွားခဲ့ကြလျှင် ကျနော် Mystery Spots တွေ ဖွင့်ပြီးပြဖြစ်ပါလိမ့်မည်။

sosegado






                                ရေချိန်


                                    ချိန်သီး

                                အလွန်လှတဲ့နေရာလေးပါ



 လူထုခေါင်းဆောင်ရဲ့ ပထမ ရည်မှန်းချက် အမြန်အောင်မြင်ပါစေလို့ ဆုတောင်းလိုက်မိပါသည်။


ဓါတ်ပုံ ZSO


Thursday, June 9, 2011

၁၃၅ အင်းလျားဆောင်

‘သေချာလို့လားအစ်မကြီး၊’

“ငါကိုယ်တိုင်ဖြစ်ခဲ့တာ ဘာလို့မသေချာရမလဲ၊ နင်တို့က တက္ကသိုလ်ရဲ့ အရသာ၊ အဲဒီတုန်းက အဆောင်သူတွေရဲ့ဘဝကို မသိတော့ ပြောရခက်ပါတယ်၊”
‘အို ကျနော်တို့စိတ်ဝင်စားပါတယ် ပြောပြပါအစ်မကြီးရယ်၊’
ဒီလိုနဲ့ ခင်မင်ရသော ကျနော်တို့၏ အစ်မကြီးသည် သူ့၏အတွေအကြုံ တစ်ချို့ကို ကျနော်တို့ကိုပြောပြခဲ့သည်။

………………………………………..

အစ်မကြီးသည် တစ်ချိန်တုန်းက ရန်ကုန်တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်သည်၊ အစ်မကြီးသည် မန္တလေးကဖြစ်သော်လည်း သူယူရသော ဘာသာရပ်သည် မန္တလေးတက္ကသိုလ်တွင် မရှိသဖြင့် ရန်ကုန် တက္ကသိုလ်သို့ တတိယနှစ်မှရောက်ရှိလာခြင်းဖြစ်သည်၊ ရန်ကုန် တက္ကသိုလ်တွင် ဂုဏ်ထူးတန်းထိ သုံးနှစ်နေခဲ့ရာ၊ သုံးနှစ်လုံးလုံး အင်းလျားဆောင်တွင် နေထိုင်ခွင့်ရခဲ့သည်။

သူတို့ကျောင်းတက်သောအချိန်တွင် စစ်တွေသည် ဒီဂရီကောလိပ်သာရှိသေး၍ ရခိုင်ကျောင်းသူ ကျောင်းသားအချို့သည် စစ်တွေဒီဂရီကောလိပ်တွင် မရှိသော ဘာသာရပ်များအတွက် ရန်ကုန် တက္ကသိုလ်သို့ လာတက်ရသည်၊ ထို့အတွက် အင်းလျားဆောင်၏ လေးပုံတစ်ပုံသည် ရခိုင်ကျောင်းသူများဖြစ်ကြသည်၊ ကျန်ကျောင်းသူများမှာ အနယ်နယ်အရပ်ရပ် မှာလာသော တိုင်းရင်းသားပေါင်းစုံဖြစ်သည်၊ ထို့အတွက် အနယ်နယ်အရပ်ရပ်မှ လာသူများနဲ့ ရင်းနှီးနေခွင့်ရခဲ့ခြင်းသည် သူ့ဘဝအတွက် အမှတ်တရ အရှိဆုံးအချိန်ဟု အစ်မကြီးကပြောပြသည်။

ပထမဦးဆုံး အင်းလျားဆောင်သူ ဘဝမှာ အစ်မကြီးသည် အထဲဘက် ရှစ်ယောက်ခန်းတွင်နေရသည်၊ တကယ်တော့ ဆယ်ယောက်ခန်းဖြစ်သည်၊ ဘုရားဆောင်နဲ့နီးသည်၊ ထိုရှစ်ယောက်ထဲတွင် မေဂျာတူသုံးယောက်၊ အီးမေဂျာနှစ်ယောက်၊ လောဂျစ်ကတစ်ယောက် အနယ်နယ်မှဖြစ်ပြီး ကျန်နှစ်ယောက်မှာ ရခိုင်ကျောင်းသူများဖြစ်ကြသည်၊ ရောက်စနှစ်မှာ ထုံးစံအတိုင်း အူကြောင်ကြောင်နဲ့ အဆောင်မှူးကိုကြောက်၊ ဟောကျူတာကိုကြောက် အချင်းချင်းလည်းပြန်ကြောက်နဲ့ ဆယ်ကျော်သက်ကျောင်းသူဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း တစ်နှစ်ဘယ်လို ကုန်ခဲ့မှန်းမသိပေ၊ ထိုအချိန်က ဟော(hall)နေရသူ တစ်ယောက်အနေနဲ့ အပြင်ရိုး(row)က အခန်းနေရသူတွေကို သဘောကျသည်၊ အားကျသည်၊ အပြင်ရိုးနေရသူတွေသည် အပြင်က သီချင်းလာဆိုရင် ကောင်းကောင်းကြားရသည်၊ ကိုယ့်အသိ ကိုယ့်ကြိုက်တဲ့ အသံရှင်ဆိုရင် အဆောင်စောင့်နဲ့ပေါင်း၍ လက်ဖက်သုပ်လေး မုန့်လေးပေးခိုင်းလို့ရသည်၊ သီချင်းဆိုသံများအပြင် တစ်ခါတစ်လေ အသဲကွဲသူတို့ အမုန်းပွားသူတို့ လာငိုချင်းချသံ ဆဲဆိုသံများလည်းကြားရသည်၊ ထမင်းစားချိန်တွင် မနေ့က ဘယ်သူ့အတွက်လာဆိုသွားတာ၊ ဘယ်သူကဖြင့် အဆဲခံရတာ၊ ဘယ်သူကဖြင့် ကဗျာရွတ်ခံရတာ စသဖြင့်မိန်းမပီပီ ဖေါက်သည်ပြန်ချလို့ရသည်၊ ဟောနေရသူတွေကတော့ သူတို့ပြောတာနားထောင်ယုံပင်။

ဟောနေရသူတွေကတော့ အပြင်ကသီချင်းဆိုသံကို သဲသဲကွဲကွဲမကြားရပေမဲ့ အပြင်ရိုးနေရသူတွေအတွက် အားကျစရာတွေရှိသည်၊ ဖျာလိပ်နတ်မေးခြင်း၊ သရဲခေါ်ခြင်း၊ ဗေဒင်လက္ခဏ ဟောခြင်း ပိုကာဒေါင်းနိုင်ခြင်းတို့လုပ်လို့ရသည်၊ ဖျာလိပ်နတ်မေးခြင်း၊ သရဲခေါ်ခြင်းတို့တွင်လည်း ကချင်နည်း၊ ယောနည်း၊ မြစ်ဝကျွန်းပေါ်နည်း၊ ရခိုင်နည်း စသဖြင့် အနယ်နယ်အရပ်ရပ်က နည်းမျိုးစုံသုံးလို့ရသည်၊ ဒါအပြင် ရှမ်းပြည်ကရွှေလိမ္မော်၊ ကချင်၊ ချင်း ခေါင်ရည်တွေနဲ့ စတင်မိတ်ဆက်ရာနေရာလည်းဖြစ်သည်။

အစ်မကြီးသည် အဆောင်ရောက်ပြီး ပထမနှစ်ကုန်ခါနီးတွင် အပြင်ရိုး၏ အတွေ့အကြုံကို ထိတွေ့ခွင့်ရခဲ့သည်၊ ကျောင်းပြီးတော့မည် စီနီယာတစ်ယောက်သည် ရွာမှာကျန်ရစ်ခဲ့သူနဲ့ ခုမှကျောင်းမှာတွေ့ရတဲ့သူ ဘယ်လိုရွေးမလဲ အခက်တွေ့နေသည်၊ အစ်မကြီးတို့အခန်းထဲမှ မြစ်ဝကျွန်းပေါ်သူသည် ဖျာလိပ်နတ်နှင့် ဗေဒင်လက္ခဏ ဟောရာတွင် နာမည်အသင့်တင့်ရသည်၊ ထိုအတွက် စီနီယာသည် သူ ဖျာလိပ်နတ်နှင့် ဗေဒင်လက္ခဏမေးရန်အတွက် အစ်မကြီးနှင့် တစ်ည အခန်းလဲကြသည်၊ အဆောင်မှူးနှင့် ဟောကျူတာတွေမသိအောင်လည်း လုပ်ရသည်၊ စီနီယာ၏ အခန်းနံပတ်သည် ၁၃၅၊ ဒီမှာ အစ်မကြီးသည် အခန်း ၁၃၅ နှင့် စတင်ရင်နှီးခွင့်ရရှိခဲ့သည်။

အခန်း ၁၃၅ သည် အင်းလျားဆောင်၏ အရှေ့မျက်နှာစာတွင်ရှိသည်၊ အင်းလျားလမ်းကိုမျက်နှာမူထားသည်၊ အဆောင်ပါလာနဲ့လည်းနီးသည်၊ အဆောင်ရှေ့သီချင်းဆိုသံများကို အနီးဆုံးကြားရသော အခန်းဖြစ်သည်၊ အဆောင်စောင့်ကို အချိန်မရွေး ခေါ်နိုင်ပြုနိုင်သော နေရာလည်းဖြစ်သည်၊ တစ်ခါတစ်လေ အဆောင်မှူးစိုက်ထားသော ပန်းပင်များမှ ပန်းရနံ့လေးတွေကိုရသောနေရာလည်းဖြစ်သည်၊ အခန်း ၁၃၅ သည် ဟောခန်းကြီးကို နှစ်ယောက်နေအခန်းလေးခု ဖွဲ့ထားခြင်းဖြစ်သည်၊ ထိုအတွက်အခန်းနရံများ၏အပေါ်ပိုင်းသည် မျက်နှာကျက်ထိမရောက်ပဲလွတ်နေသည်၊ နောက်ပြီး ၁၃၅ ဆိုသည်က ၁+၃+၅=၉ ဖြစ်သည်၊ ၉ အခန်းဖြစ်သည်၊ ဘေးအခန်း ၁၃၆လို ဘူအခန်းမဟုတ်ပေ။

ထိုညက အစ်မကြီးသည် တကယ့်စိတ်လှုပ်ရှားမိသည်၊ ညမိုးချုပ်သည်နဲ့ သီချင်းသံတို့ထွက်ပေါ်လာသည်၊ စီနီယာ၏ အခန်းဖေါ်က သီချင်းမကြိုက်သော်လည်း ဘယ်သူတွေလဲ၊ ဘယ်အဖွဲ့လဲ၊ ဒီအဖွဲ့ကဖြင့် ညနှစ်နာရီကြပြန်လာလိမ့်မယ် စသဖြင့် သူကို ပြောပြသည်၊ ထိုညက အစ်မကြီးသည် သီချင်းဆိုသံများကို နားထောင်ရင်း ညနှစ်နာရီကျော် လောက်မှ အိပ်ပျော်သွားသည်ထင်သည်၊ မနက် စီနီယာ၏ အခန်းဖေါ်နိုးမှ နိုးတော့သည်၊ ဒီလိုနဲ့ အစ်မကြီးသည် အခန်း ၁၃၅ အိပ်ဖြစ်ခဲ့သော ညတွေမနည်းခဲ့ပါ။

…………………………………….

နောက်နှစ်ကျောင်းပြန်ဖွင့်တော့ အစ်မကြီးသည် အခန်းပြောင်းရသည်၊ တိုက်ဆိုင်သည်ဟုပြောရမလား သူရသည့်အခန်းက အပြင်ရိုးအခန်း ၁၃၅ ဖြစ်နေသည်၊ အစ်မကြီး၏ အခန်းဖေါ်သည် မုံရွာကဖြစ်ပြီး၊ အစ်မကြီးကို အရမ်းခင်အလိုလိုက်သည်ဆို၏၊ အခန်း ၁၃၅ သည် အစ်မကြီး၏အခန်းဖြစ်လာသောအခါ နှစ်ယောက်နေရမည့် အခန်းသည် အနည်းဆုံးညညကြရင် သုံးယောက်လောက်ဖြစ်နေတတ်သည်၊ ဒီနေ့ကျမကောင်လေး သီချင်းလာဆိုမလို့တဲ့ဆိုရင် အစ်မကြီးက လာခဲ့လေ အားလုံးအိပ်ချိန်ပေါ့နဲ့ ဒီလိုဖြင့် ၁၃၅ သည်စည်ကားခဲ့သည်၊ ထိုအတူ အသံတိုးညှင်းစွာဖြင့် စကားအများကြီးပြောတတ်သော အကျင့်ကိုရခဲ့သည်၊ အဆောင်မှူးမကြားစေရန် ဘေးအခန်းတွေကို မနှောက်ယှက်မိစေရန်ဖြစ်သည်၊ ၁၃၅ အတွက်ဆိုပြီး သီချင်းတောင်းဆိုမှု သီဆိုမှုများပင်ရှိလာသည်၊ အဆောင်ရှေ့လာဆိုလေ့ရှိကြသော နာမည်ကြီးအဆိုတော်များပင် ၁၃၅ ကိုသိလို့နေပြီ၊ သီချင်းသစ်များ၏ သီချင်းစာသားလိုချင်ရင် ၁၃၅ မှာယူလို့ရတယ်အထိဖြစ်ခဲ့သည်၊ ဒီလိုနဲ့ စာသင်နှစ်တစ်နှစ်သည်လည်း ပြီးဆုံးလို့သွားခဲ့သည်။

…………………………………….

နောက်တစ်နှစ်ကျောင်းပြန်ဖွင့်တော့ အစ်မကြီးသည် အံ့သြမှုကိုကြုံရပြန်သည်၊ အဆောင်မှူးသည် အစ်မကြီးကိုခေါ်၍ အခန်း ၁၃၅တွင်ပဲ ပြန်နေရန်ပြောသည်၊ အစ်မကြီးသည်လည်း အဆောင် အီးစီအဖွဲ့ဝင်လည်းဖြစ်နေပြီဖြစ်သည်၊ ဒီလိုနဲ့ အခန်း ၁၃၅ သည် မနှစ်ကလို ရှင်သန်လှုပ်ရှားနေပြန်သည်။

မှတ်မှတ်ရရ ဒီဇင်ဘာ ၂၄ ရက် ခရစ်စမတ်အကြိုညတွင် ကချင်ကျောင်းသူတစ်ယောက် အပြင်ကဝိုင်အရက်ယူလာသည်၊ သူနဲ့အတူ ခရစ်စမတ်အကြိုဆင်နွဲဖို့ပြောသည်၊ အဆောင်မှူးဒီညမရှိကြောင်း သတင်းရထားပြီဖြစ်သည်၊ ထိုအတွက် သူငယ်ချင်းလေးယောက်စုပြီး ၁၃၅ တွင်ဒီညဝိုင်းဖွဲ့ရန် ဆုံးဖြတ်လိုက်ကြသည်၊ ကျန်နှစ်ယောက်ကိုလည်း အားတဲ့အချိန်လာခဲ့ရန် ဖိတ်လိုက်သည်။

ဝိုင်းကို စောစောပင် ညကိုးနာရီခွဲလောက်မှာ စဖြစ်သည်၊ မြေပဲလှော်၊ ရခိုင်ငါးလေးကြော်၊ ဝက်အူချောင်းကြော်၊ ခရမ်းချဉ်သီးသုပ်နဲ့ အမြည်းသည်မြိုင်နေသည်၊ အခန်းမီးကိုမဖွင့်ပဲ၊ ဓါတ်မီးကို စက္ကူအုပ်ဆောင်းလုပ်ကာ ဖွင့်ထားသည်၊ ဝိုင်အရက်နှစ်ပုလင်းက နိုင်ငံခြားကလာသည်၊ ခြောက်ယောက်လုံးအနည်းဆုံး တစ်ငုံစီတော့သောက်ရသည်၊ အစ်မကြီး၊ ကချင်ကျောင်းသူနှင့် ကျန်နှစ်ယောက် အများဆုံးသောက်ကြသည်၊ ညတစ်နာရီကျော်သောအခါ အားလုံးမူးနေကြပြီဖြစ်သည်၊ နှစ်ယောက်အခန်းပြန်ပြီး အမြည်းအတွက် ပဲကြော်သုပ်သွားသုပ်သည်၊ အဆောင်ရှေ့မှာတစ်ယောက်က ထူးအိမ်သင်သီချင်းလာဆိုနေသည်၊ ထူးအိမ်သင်သီချင်းတွေကို အစ်မကြီးကြိုက်သည်၊ မူးမူးနဲ့ အသံမထွက်တစ်ထွက်လေး လိုက်ဆိုမိနေသည်။

လရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ်......
…….. တွေးကြည့်ရင် ကိုယ်သိပ်ပျော်တာပဲ……
ချစ်သူရဲ့ အရိပ်ကလေးဖြစ်ချင်တယ်.....
ဆွေးတယ်.....အိုးအိုးအိုဆွေးတယ်.....

သီချင်းလိုက်ဆိုနေသော အစ်မကြီး အသံတိတ်သွားသည်၊ မျက်လုံးဖွင့်ပြီး ပါးစပ်ကဟထားသည်၊ မျက်နှာကပြုံးနေသည်၊ ကချင်ကျောင်းသူက မင်းမနောက်နဲ့ကွာ ဆိုပြီး လက်မောင်းကိုတွန်းလှုပ်သည်၊ အစ်မကြီးက ဘာမှမတုန့်ပြန် အဲလိုပုံစံကြီးနဲ့ ကြက်သေသေနေသည်၊ ဒီကောင်တော်တော်နောက်တဲ့ကောင်ဆိုပြီး ရယ်ရယ်မောမောလုပ်နေကြသည်၊ လေးငါးမိနစ်ကြာသောအခါ အတူနေမုံရွာသူက ဒီကောင်တစ်ခုခုဖြစ်နေပြီလို့ပြောလိုက်တော့၊ အားလုံးကြောင်နေကြသည်၊ အသက်ရှုသေးရဲ့လားအမေးများနဲ့၊ ခြေမချိုးစသဖြင့် အစ်မကြီး၏ ကိုယ်လုံးနှင့် မျက်နှာကိုကိုင်ကာ လှုပ်နှိုးနေကြသည်။

အစ်မကြီးသည် သီချင်းကိုလိုက်ဆိုနေရင်း သတိလစ်သလိုခံစားလိုက်ရသည်၊ သတိပြန်ရလာသောအခါ၊ အစ်မကြီးသည် ပေါ့ပါးသလိုခံစားရသည်၊ ကြည့်လိုက်သောအခါ အောက်တွင် သူ့သူငယ်ချင်းများ သူ့ကို လှုပ်နှိုးနေသည်ကိုတွေ့ရသည်၊ သူသည်အခန်း၏အရှေ့ထောင့် မျက်နှာကြက်ပေါ်တွင်ရောက်နေသည်၊ သူပြန်ဆင်းရန် သူကိုယ်ထဲပြန်ဝင်ရန်ကြိုးစားကြည့်သည်၊ မရ၊ ထိုအချိန်တွင် ပဲကြော်သုပ်လာသော သူငယ်ချင်းတံခါးဖွင့်ဝင်လာသည်၊ ဘာလို့တံခါးဖွင့်လိုက်တာလဲ၊ မြန်မြန်ပြန်ပိတ်ဆိုတဲ့ အခန်းဖေါ်၏အော်သံကိုကြားရသည်၊ ပွင့်လာသောတံခါးမှ အစ်မကြီးအပြင်သို့ထွက်လိုက်သည်။

အစ်မကြီးအပြင်သို့ရောက်သော် လေးယောက်ခန်းကိုကျော်ကာ ပါလာဘက်ထွက်လိုက်သည်၊ ပါလာခုံတန်းပေါ်တွင် ကျောင်းသူနှစ်ယောက်ထိုင်နေကြသည်၊ ဒီအချိန်ကြီးပါလာမှာ ဘာလို့ထိုင်နေကြသလဲ သူတွေးမိသည်၊ သူတို့သည် ဆံပင်အရှည်များနဲ့ဖြစ်သည်၊ ဝတ်စားဆင်ယဉ်မှုသည် လွန်ခဲ့သောအနှစ်၂၀ ခန့်က၊ မျက်နှာများကိုသဲကွဲစွာ မမြင်ရ၊ ဖြူဖတ်ဖတ်ပုံစံတွေမှန်းတော့သိသာသည်၊ ပါလာကျော်လာသော်လည်း တံခါးပိတ်ထား၍ ဆင်ဝင်သို့ထွက်မရပေ၊ အထဲမြက်ခင်းဘက်သို့သွားဘို့အပြင် အပေါ်ထပ်လှေခါးဘက်သို့ ကြည့်လိုက်မိသည် လှေခါးတွင် စောင့်ကြောင့်ထိုင်၍ သူ့ကိုကြည့်နေသော အမျိုးသမီးတစ်ဦးကိုတွေ့ရသည်၊ ဆံပင်ကဖားလားချထားသည်၊ သူ့ကိုကြည့်နေသော မျက်လုံးများကား နီရဲနေသည်ကို အမှောင်ထဲမှပင်မြင်ရသည်၊ အစ်မကြီးကြောက်လန့်သွားသည်၊ ထိုအချိန်မှာ သူငယ်ချင်းတစ်ယောက် သုတ်သုတ်နဲ့ သူတို့အခန်းဘက်ကိုလာနေတာတွေ့၍ ပြန်လိုက်သွားသည်၊ အပြင်ဘက်တွင် မနေရဲတော့၊ ထိုသူငယ်ချင်းက အခန်းထဲကကျန်သူတွေကို တံခါးဖွင့်ခိုင်းပြီး အခန်းထဲဝင်လိုက်သည်၊ အစ်မကြီးလည်းလိုက်ဝင်လိုက်သည်၊ အခန်းထဲတွင် သူခန္ဓာကိုယ်ကိုနည်းမျိုးစုံနှင့် လှုပ်နိုးနေကြသော သူငယ်ချင်းများကို တွေ့ရသည်၊ သူတို့၏မျက်နှာတွင် အမူးများပျောက်လို့နေပြီ၊ အစ်မကြီးသည် အပေါ်ကနေ အားလုံးကိုတွေ့နေရသည်။

ထိုအချိန်တွင် အေးစက်ခြင်းကိုခံစားလိုက်ရသည်၊ ဝူးဝါး ဝူးဝါး အော်လိုက်မိသည်၊ ‘သတိရလာပြီ’ ‘သတိရလာပြီ’ ဆိုသော အသံများ၊ သူငယ်ချင်းများ၏ ဝမ်းနည်းဝမ်းသာငိုသံ အော်သံများကို ကြားလိုက်ရသည်၊ အစ်မကြီးကတော့ အသက်ကို ဝအောင်ရှုနေဆဲ၊ ဘာမှပြန်မပြောဖြစ်၊
လုပ်မိလုပ်ရာ အခန်းဖေါ်မုံရွာသူက ပရိတ်ရေနဲ့ပက်လိုက်ခြင်းဖြစ်သည်။

နောက်နေ့ အဖြစ်အပျက်ကို အစ်မကြီးတို့ သူငယ်ချင်းတသိုက်ပြန်ပြောဖြစ်ကြသည်၊ ကျောင်းပြီးသွားသည့်အချိန်အထိ သူငယ်ချင်းခြောက်ယောက် ညအပြင်မထွက်ရဲတော့၊ မဖြစ်မနေထွက်ရလျှင် အနည်းဆုံးသုံးယောက်ထွက်ဖြစ်သည်၊ အစ်မကြီးသည် အဆောင်အပေါ်ထက်သို့ တက်စရာရှိလျှင် ပါလာဘေးက လှေခါးကိုရှောင်တော့သည်၊ ထိုအပြင် အစ်မကြီးတို့ သူငယ်ချင်းခြောက်ယောက် ဘာသာရေးကို ပိုလုပ်ဖြစ်လာကြသည်ဟုဆိုသည်။

အစ်မကြီး၏ ဘဝတွင် အင်းလျားဆောင်နှင့် အခန်း ၁၃၅ ကိုမမေ့နိုင်တော့ပေ။…။

…………………………………………



အင်းလျားဆောင်သူ တစ်ယောက်၏ သူ့၏ကိုယ်တွေ့ OBE ကို ပြန်ပြောပြသည်ကို ရေးပြလိုက်ရပါသည်။

Wednesday, May 11, 2011

ချွန်းဖိုး

မြန်မာစကားတွင် တစ်ချို့ ကိစ္စ၊ ဖြစ်ရပ်များကို စကားများ စကားပုံများ စကားထာများဖြင့် ပြောဆိုတင်ပြလေ့ရှိသည်၊ ပိုမိုလေးနက်စေရန် သို့မဟုတ် လှပစေရန်အတွက်ဖြစ်သည်ဟုဆို၏၊ ဒီအတွက် ချစ်စရာကောင်းသော မြန်မာစာလို့ ကျနော့်၏ မြန်မာစာ ဆရာတစ်ယောက်က ဆိုပါသည်။

ထိုအထဲတွင် ‘ဆင်ဖိုးထက် ချွန်းဖိုးကကြီး’ဆိုသော စကားရှိပါသည်၊ မည်သို့ဖြစ်ပေါ်လာသည်၊ မည်သို့အနက်ရသည်၊ မည်သည့်အခါတွင်သုံးသည် စသည်တို့ကို သေချာမသိ၍ မပြောပြလိုတော့ပါ၊

ကျနော်နားလည်လိုက်ရသည့် ချွန်းဖိုးကိုတော့ သူငယ်ချင်းပြောပြသော ဇာတ်လမ်းလေးနဲ့ တင်ပြလိုက်ရပါသည်။

……………………………………………………………..

ကျုရှင်အပြီး သူငယ်ချင်းအိမ်မှ ဂိမ်းခွေ(CD)သွားယူပြီးအပြန် အိမ်သို့ရောက်ခါနီးတွင် အိမ်ရှေ့လမ်းမကြီးတွင် မီးသတ်များက လမ်းပိတ်ထားသည်ကို တွေ့ရသည်၊ မီးသတ်ကားနှစ်စီး ရပ်ထားသည်ကိုလည်းတွေ့ရသည်၊ မီးသတ်တွေနောက်မှာတော့ ရဲတွေသေနတ်တွေနဲ့ စောင့်နေကြသည်၊ မီးလောင်သည့်အရိပ်အရောင်လည်းမတွေ့ရ၊ ဘာဖြစ်တာပါလဲလို့စိတ်ထဲက စပ်စုလိုက်မိသည်၊ ဆိုင်ကယ်ပေါ်ကဆင်း ဆိုင်ကယ်ကိုတွန်းကာ ဖြတ်ဝင်မည်အလုပ်၊
‘ညီလေးမသွားရဘူး ဒီမှာပြဿနာဖြစ်နေတယ်၊’
“ကျွန်တော်အိမ်က ဒီထဲမှာဗျ၊ ဘာများဖြစ်လို့လဲ၊”
‘အနုကြမ်းစီးတာ၊ ဒမြတိုက်မှုဖြစ်နေလို့ပါ၊ သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းနေလို့ ဘယ်သူမှဝင်ခွင့် ဖြတ်သန်းခွင့် မရှိပါဘူး၊ အန္တရာယ်လည်းများပါတယ်၊’
“ဘယ်မှာဖြစ်တာလဲခင်ဗျာ၊”
‘ပါကီးရွှေဆိုင်လေ၊’
“ဗျာ၊ အဲဒါ ကျွန်တော်အိမ်ပဲလေ၊ အဲဒါ ကျွန်တော်တို့ဆိုင်လေ၊ ဘယ်သူတွေဘာဖြစ်သွားသေးသလဲ၊”
မီးသတ်အကြပ်ကြီးက ရဲတွေဘက်လှည့်ပြီး၊ ဆရာတို့ဒီမှာ ရွှေဆိုင်ကကောင်လေး၊
ကျွန်တော်ရင်ထဲမှာ ဗလောင်ဆူသွားသည်၊ အိမ်မှာ အဖေရယ် အမေရယ် ညီမလေးရယ် အလုပ်သမားတွေရယ် စိုးရိမ်မှုတွေပိုလို့သွားသည်၊
ဆိုင်ကယ်ကိုအတင်းတွန်းပြီး မီးသတ်တွေကိုကျော်ဖြတ်နေမိသည်၊ မီးသတ်နှစ်ယောက်ကကျွန်တော့်ကို လိုက်ဆွဲနေသည်၊ ဒီလိုနဲ့ ရဲတွေနားရောက်လာသည်၊
ရဲအရာရှိတစ်ယောက်က ‘ဟေ့မင်းဘယ်သူလဲ၊’ ကျွန်တော့်ကိုလှမ်းမေးသည်၊
“ကျွန်တော်ပါကီးရွှေဆိုင်ကပါ၊ အိမ်မှာ အဖေ၊ အမေနှင့် ညီမလေးတို့ရှိတယ်၊ ကျွန်တော့်ကသားပါ၊”
‘အဝါး၊ ဒီကောင် အဝါး၊ ပိုင်ရှင်ရဲ့သားပါ၊’ ရပ်ကွက်ထဲကစွမ်းအားရှင်လိုလို အရံမီးသတ်လိုလို တစ်ယောက်က ဝင်ဖြေလိုက်သည်၊
ဒီအချိန်မှာ ရဲအရာရှိက အပြုံးတစ်မျိုးပြုံးပြီး၊ ‘ဒီလိုငါညီရေ၊ မင်းတို့ဆိုင်ကို ဓါးပြဝင်တိုက်တယ်၊ ဗုံးတွေရော သေနတ်တွေနဲ့ရောပေါ့ကွာ၊ ခုတော့ငါတို့ ရဲကွန်မန်ဒိုတွေက အခြေအနေကိုထိန်းထားနိုင်ပါပြီ၊
လုံခြုံရေးအလုပ်သမားတစ်ယောက် ဒဏ်ရာရတာကလွဲလို့ ဘာမှမဖြစ်ပါဘူး၊ လာမင်းငါနောက်ကလိုက်ခဲ့၊’
ရဲအရာရှိ ဒုရဲအုပ်ခေါ်ရာနောက်သို့ ကျွန်တော်လိုက်သွားသည်။

ဆိုင်ထဲသို့ရောက်လျှင် ဒုရဲအုပ်က ‘အန်ကယ်၊ အန်ကယ်သားကျနော်ခေါ်လာခဲ့တယ်၊’
အမေက ကျေးဇူးပဲ ရဲမှူးကြီးရယ်လို့ဆိုလိုက်သည်၊ အဖေ၊ အမေ၊ ညီမလေးနှင့် အလုပ်သမားတွေဆီက စစ်ချက်ယူနေသော အရပ်ဝတ်၊ ယူနီဖေါင်းဝတ်များစွာကိုတွေ့ရသည်၊ ရဲကွန်မန်ဒိုလေးယောက်လောက် အိမ်ထဲတွင်ကျန်နေသေးသည်၊ ပထမဦးဆုံးအကြိမ် ရဲကွန်မန်ဒိုတွေကိုမြင်ဖူးခြင်းဖြစ်သည်၊ ခေါင်းစွတ် မျက်မှန်နက်၊ နက်ပြာရောင်ကျည်ကာလိုအစွပ်တွေ၊ မရှင်းဂန်း၊ ပစ်စတိုသေနပ်နှင့် ဒါးမြှောင်က ခါးမှာ သူတို့ကအသင့်အနေထားနဲ့ ရုပ်ရှင်တွေထဲကအတိုင်း၊ SWAT ဇာတ်လမ်းကိုသတိရလိုက်သည်၊ ဆိုင်အရှေ့တံခါးမြောက်ခြမ်း ပျက်စီးနေသည်၊ ဘေးထွက်ပေါက်လည်းပျက်စီးနေသည်၊ ရွှေသမားတစ်ချို့ အမေကို ဖျော်ရည်တိုက်နေသည်၊ အပြင်ဘက်ကိုထွက်ကြည့်လိုက်တော့ ရဲတွေမီးသတ်တွေနောက်မှာ ဝိုင်းကြည့်နေကြသော လူအုပ်ကြီးကိုတွေ့လိုက်ရသည်၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေက လမ်းကိုပြည့်နေသည်၊ ဘုန်းကြီးတွေလည်းအများကြီးပင် မန္တလေးရဲ့ ထုံးစံပဲမဟုတ်ပါလား၊ ခဏနေကြာတော့ ရွှေသမား အချို့နဲ့ အမျိုးတွေရောက်လာကြသည်၊ ကိုးကွယ်သော ဆရာတော်ဘုန်းကြီးလည်းကြွလာသည်၊ ညဆယ့်တစ်နာရီလောက် စစ်ဆေးတာအားလုံးပြီးစီးသွားသည်၊ လုံခြုံရေးတာဝန်ယူမည့် ရဲလေးယောက်ကလွဲ၍ ကျန်မီးသတ်၊ ရဲအဖွဲ့အစည်းအားလုံးပြန်သွားကြသည်၊ ရွှေသမားများ အကူအညီဖြင့် ပျက်စီးနေသော တံခါးများကို ညတွင်းချင်းပြုပြင်ကြသည်၊ လူအများက အစုလိုက်အစုလိုက် လာကြည့်နေကြဆဲဖြစ်ပါသည်။
………………………………………………..

အမေနှင့် ညီမလေးတို့ပြန်ပြောပြသည်မှာ

ဆိုင်ပိတ်ပြီဖြစ်၍ အရောင်းအကူများ အားလုံးပြန်သွားကြပြီဖြစ်သည်၊ အမေ ညီမလေးနှင့် လုံခြုံရေးအလုပ်သမားနှစ်ယောက်သာ ကျန်တော့သည်၊ လုံခြုံရေးအလုပ်သမား ကိုမြကြီးက ဆိုင်ရှေ့ တံခါးကိုပိတ်သည်၊ တံခါးသည်လျှပ်စစ်တံခါးဖြစ်ပြီး တဖြည်းဖြည်းအပေါ်ကကျလာသည်၊ တံခါးပိတ်ရန် ၂ပေခန့်အလိုတွင်၊ လူနှစ်ယောက်လှိမ့်ဝင်လာသည်၊ အားလုံးကြောင်နေစဉ်မှာပင် ထိုလူနှစ်ယောက်ထလာပြီး သေနတ်များထုတ်ချိန်ကာ၊ ငွေတွေနဲ့ ဆိုင်ထဲက ရွှေငွေလက်ဝတ်လက်စားများကိုတောင်းသည်၊ ဖြစ်ဖြစ်ချင်း ညီမလေးက ကလေးဆိုတော့၊ အလန့်တကြားအော်လိုက်မိသည်၊ သေနတ်နဲ့ချိန်ခံရသောအခါ ဆက်မအော်တော့၊ ညီမလေးအော်သဖြင့် ဓါးပြတစ်ယောက်က အိတ်ထဲက လက်ပစ်ဗုံးကိုထုတ်ပြီး၊ ပြောတဲ့အတိုင်းလုပ်ရန် မလုပ်ပါက ဗုံးဖေါက်လိုက်မည်ဟု ခြိမ်းခြောက်သည်၊ အမေနှင့် လုံခြုံရေးအလုပ်သမား မောင်မောင်အေးတို့ ပိုက်ဆံနဲ့ ရွှေထည်များကို သူတို့ပေးသော အိတ်ထဲထည့်ခိုင်းသည်၊ ကိုမြကြီးနှင့်ညီမလေးကို ဆောင့်ကြောင့်ထိုင်ခိုင်းထားသည်၊ သူတို့ပေးသော အိတ်မဆန့်တော့၊ အိတ်ရှာခိုင်းသည်၊ ဓါးပြများက စကားဝဲနေသဖြင့် တလွဲတွေဖြစ်ရသည်။

ဓါးပြများသည် ဆိုင်နောက်ထဲသို့ချက်ချင်းဝင်မကြည့်၊ ဓါးပြများဝင်လာချိန်တွင် အဖေသည် ဆိုင်နောက်ထဲတွင်ရှိသည်၊ ညီမလေး အော်သံကြောင့် ဓါးပြတိုက်နေပြီကိုသိလိုက်သည်၊ တံခါးပိတ်သွားပြီမို့ အပြင်ကလူတွေကသိနိုင်မြင်နိုင်မည်မဟုတ်ပေ၊ အဖေသည်ဆိုင်နောက်ထဲကနေ အိမ်ပေါ်ထပ်တက်သွားပြီး၊ ရွှေသမား မိတ်ဆွေများကို အကူအညီတောင်းသည်၊ ထိုမှာတဆင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားဖြစ်သည်၊ သေနတ်တွေဗုံးတွေပါသဖြင့် စစ်ဆင်ရေးကို တိုင်းရဲတပ်ဖွဲ့က ဦးစီးသည်။

ရဲကွန်မန်ဒိုတွေက အိမ်၏ထွက်ပေါက်ဝင်ပေါက်၊ လောလောဆယ် ဓါးပြနှစ်ဦး၏နေရာနှင့် အခြေအနေကိုမေးသောအခါ၊ အဖေအတွက်စွန့်စားမှုပင်၊ သူရှိနေတာသိရင် အခြေအနေပြောင်းသွားနိုင်သည်၊ ဇနီးနဲ့သမီးအတွက်လည်းစိုးရိမ်သည်၊ နောက်ဆုံးစွန့်စားမှုလုပ်ကာ အောက်ထပ်ဆင်းကြည့်ပြီး ဓါးပြနှစ်ဦး၏နေရာကို ရဲတပ်ဖွဲ့ကိုပြောပြနိုင်ခဲ့သည်၊ ဆိုင်တံခါးမကြီးကို အသေပိတ်သော်လည်း၊ မြောက်ဘက်တွင် မလွယ်ပေါက်ရှိသည်၊ သားတော်မောင်ပြန်လာရင် အတွင်းကပင်ဂျက်ဖွင့်ပေးရုံသာဖြစ်သည်၊ သားတော်မောင်အတွက်လည်းစိုးရိမ်လိုက်သည်၊ ဒီအချိန်အတွင်းမှာ တိုက်တိုက်ဆိုင်ဆိုင်ပြန်လာရင် ပစ်ကြခတ်ကြမည်။

ရဲကွန်မန်ဒိုတွေအတွက် အခက်အခဲဖြစ်ရပုံက အိမ်ထဲကိုဘယ်လိုဝင်မလဲ၊ အဝင်မတော်ရင် အိမ်ထဲရှိသူများ ပစ်ကြခတ်ကြပြီး သေဆုံးသွားနိုင်သည်၊ ဗုံးနဲ့ဓါးပြတစ်ယောက်က မလွယ်ပေါက်ကိုမျက်နှာမှုထားသည်၊ ကျန်တစ်ယောက်က ဆိုင်နောက်ဖက်ကို မျက်နှာမှုထားသည်၊ အိမ်ရှေ့ကလည်းဝင်လို့မရ၊ အပေါ်ထပ်နဲ့နောက်ဘက်ကလည်းဝင်လို့မဖြစ်၊ ဘေးဘက်ကလည်းဝင်လို့မရ၊ နောက်ဆုံးသူတို့ဝိုင်းထားပြီဖြစ်ကြောင်း၊ တောင်းသမျှပေးလိုက်ရန်ပြောသည်၊ ထွက်လာမှ ဖမ်းမည်ဖြစ်ကြောင်းအကြောင်းကြားသည်၊ အဖေသည် တထိတ်ထိတ်နဲ့ အခြေအနေများကို စောင့်ကြည့်နေရသည်။

ကြွပ်ကြွပ်အိတ်ခြောက်အိတ်၊ ပလပ်စတစ်အိတ်ငါးအိတ်၊ မြွေရေခွံအိတ်ကြီးတစ်အိတ်၊ ခရီးသွားအိတ်ကြီးတစ်အိတ်နဲ့ ဓါးပြများ ဘယ်လိုသယ်မလဲ အလုပ်ရှုပ်နေကြသည်၊ ထိုအချိန်တွင်ဆောင့်ကြောင့်ထိုင်နေသော ကိုမြကြီး လက်ပစ်ဗုံးနှင့်ဓါးပြကိုဝင်လုံးသည်၊ ပါးစပ်ကလည်း အတူတူသေရအောင်ဆိုပြီး ထိုးကြကြိတ်ကြသည်၊
အဖေလည်း ရဲတွေကို မြကြီးလုံးနေပြီ ဝင်ကြပါတော့လို့ လှမ်းပြောတော့သည်၊ ရဲကွန်မန်ဒိုတစ်ချို့ မလွယ်ပေါက်ကိုဖျက်ပြီး ဝင်သည်၊ တစ်ချို့နောက်ဖေးပေါက် အဖေဖွင့်ပေးသည်ကဝင်သည်၊ တစ်ချို့ဘေးတံခါးကိုဖျက်ပြီးဝင်သည်၊ အခြေအနေကရှုပ်ထွေးနေသည်။

ရဲကွန်မန်ဒိုများ ဘယ်သူမြကြီးလဲ ဘယ်သူဓါးပြလဲခွဲလို့မရ၊ ဘယ်သူမြကြီးလဲ ဘယ်သူမြကြီးလဲ၊ ကွန်မန်ဒိုတစ်ယောက်ကအော်သည်၊ ညီမလေးက ဗုံးကိုင်ထားတာမြကြီးလို့ပြန်အော်သည်၊ မြကြီးနှင့်လုံးနေသောဓါးပြ မလွယ်ပေါက်ကနေထွက်ပြေးသည်၊ ရဲကွန်မန်ဒိုများ အတင်းထိန်းချုပ်ဖမ်းဆီးလိုက်သည်၊ ထိုအချိန်တွင် မြကြီးလက်ထဲကဗုံးအပြင်သို့လိမ့်ထွက်သွားသည်၊
လိမ့်ထွက်လာသောဗုံးသည် ရွှေသမားများဘက်ရောက်သွားသည်၊ ရွှေသမားတစ်ယောက်က တည့်တည့် ကန်ထုတ်လိုက်သည်၊ ထိုဗုံးသည်စွမ်းအားရှင်တွေဘက်ရောက်သွားသည်၊ စွမ်းအားရှင်တစ်ယောက်ဗုံးကို ဆလိုက်ထိုးကန်ထုတ်ပြီး ရေမြောင်းထဲဆင်းဝပ်လိုက်သည်၊ ထိုဗုံးသည်မီးသတ်နှင့်ရဲတွေဘက်ရောက်သွားသည်၊ မီးသတ်တစ်ယောက် ကြောက်အားလန့်အားနဲ့ လက်နဲ့ပုတ်ထုတ်လိုက်သည်၊ ဗုံးသည်ဘယ်မှ မသွားပဲ အလည်မှာ လည်နေသည်၊ (မန္တလေး ရတနာပုံ ဘောလုံးအသင်း ဒီကအစပြုခြင်း ဖြစ်နိုင်သည်) ဗုံးကို ရဲကွန်မန်ဒိုတစ်ယောက်ကောက်ယူလိုက်ပြီး ပင်မဖြုတ်ရသေးဘူးလို့ဆိုလိုက်သည်၊ ဗုံးနဲ့ပစ်နေတယ်ဆိုသော သတင်းသည်၊ ကြည့်နေသည့် လူထုထဲသို့ချက်ချင်းရောက်ရှိသွားပြီး၊ ကြောက်လန့်တကြားပြေးကြရာ၊ စက်ဘီးတွေလဲ၊ ဆိုင်ကယ်တွေလဲ၊ ဒူးပြဲသူပြဲ၊ လက်ကွဲသူကွဲနဲ့ ဘိနပ်ပေါင်းများစွာ၊ လမ်းပေါ်မှာကျန်ခဲ့သည်၊ ဗုံးကိုရဲတွေရသွားပြီ၊ ဓါးပြတွေကိုအရှင်မိသွားပြီ ဆိုတဲ့ သတင်းနဲ့အတူ ထိုလူအုပ်ကြီးသည်ပြန်ရောက်လာသည်၊ ထိုအထဲတွင် ဘိနပ်ရှာနေသူများလည်းပါသည်။

အချုပ်ဆိုရသော ကံကောင်းခြင်းမေးခွန်းတစ်ချို့ကျန်ရစ်ခဲ့သည်၊
ဓါးပြများ၏ သေနတ်တစ်လက်မှာ အတုဖြစ်နေခြင်း၊
ဓါးပြနှစ်ယောက်သည် ဗုံး ကိုမြကြီးလက်ထဲရောက်သွားသောအခါ ကိုမြကြီးဗုံးဖေါက်၍ သူတို့ပါသေမည်စိုး၍ ကိုမြကြီးလက်ထဲကဗုံးကို လုကြခြင်းဖြစ်နိုင်သည်၊ ဒီ့အတွက် သေနတ်ဖြင့်ပစ်ရမည်ကို မေ့နေကြခြင်း၊
အဖေသည် ထိုအချိန်တွင် ဆိုင်နောက်ဘက်သို့ရောက်ရှိနေခြင်း၊ တံခါးတွင် မလွယ်ပေါက်လုပ်ထားခြင်း၊
နောက်ဆုံးရဲတွေဝင်လာမှ ဓါးပြတစ်ယောက် အပေါ်ဆုံးထပ်သို့ တက်ပြေးခြင်းတို့ဖြစ်သည်၊ ဓါးပြများမသိသည်မှာ ကိုမြကြီးသည် ‘သေလိုက်ပါလား၊’ ‘လာသွားသေရအောင်၊’ ‘အတူတူသေမလား’ ‘သေရဲလို့လား’ စသခြင့် သေကြောင်းကို အလွယ်တကူပြောတတ်ခြင်း၊ ပြောလေ့ရှိခြင်းတို့ဖြစ်သည်၊
အဖြေမရှိသည်မှာ ကိုမြကြီးကိုယ်တိုင် ဘာလို့ဗုံးကိုဝင်လုသလဲမသိခြင်း၊ အပြင်သို့ဗုံးကို တမင်ပစ်လိုက်သည်လား မသိခြင်းတို့ဖြစ်သည်။
……………………………………………………..

အဖေကို လူတွေက ကိုကျော်ကီး ခင်ဗျားဆိုင် ဓါးပြဝင်တိုက်တာ ဘာမှမပါသွားဘူးဆို တော်သေးတာပေါ့၊ ခင်ဗျားတို့သိပ်ကံကောင်းတယ်ဟု ဆိုရင် အဖေသည် အပြုံးတစ်ခုပြုံးပြတတ်သည်၊ အဖေ၏ အပြုံးနောက်ကွယ်တွင် ပြန်မပြောသော စကားတစ်ချို့ရှိနေပါသည်၊ ဇနီးနှင့် သားသမီးတွေဘာမှ မဖြစ်ရင် ပြီးတာပဲလို့ တွေးဖြေနေပုံရသည်။
 
ကျွန်တော်ကတော့ အဖေလိုမဟုတ်၊ ဟုတ်ကဲ့ ဘာမှမပါသွားဘူး ဒါပေမဲ့……………..
 
ကိုမြကြီးအား ဆုချငွေ                                 ကျပ် ၁၀၀၀၀၀ နှင့် ရွှေတစ်ကျပ်သား


ကိုမြကြီးမိန်းမအား                                      ရွှေဘတ်ကြိုးတစ်ကုံး


ကိုမောင်မောင်အေးအား ဆုချငွေ                     ကျပ် ၅၀၀၀၀ နှင့် တစ်မတ်သား ရွှေလက်စွပ်

တိုင်းရဲနှင့်အထူးတပ်ဖွဲ့အား ဆုချငွေ                   ကျပ် ၂၀၀၀၀၀၀


သတင်းနှင့်ထလရတပ်ဖွဲ့အား ရန်ပုံငွေထည့်ဝင်ငွေ ကျပ် ၁၀၀၀၀၀၀


မြို့နယ်ရဲတပ်ဖွဲ့အား ဆုချငွေ                           ကျပ် ၅၀၀၀၀၀


မီးသတ်တပ်ဖွဲ့ ရန်ပုံငွေထည့်ဝင်ငွေ                   ကျပ် ၂၀၀၀၀၀


မဝတ နှင့် ရဝတ ရန်ပုံငွေထည့်ဝင်ငွေ               ကျပ် ၅၀၀၀၀၀


ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အရံမီးသတ်ရန်ပုံငွေ            ကျပ် ၂၀၀၀၀၀


ရွှေလုပ်ငန်းရှင်များ ညစာစားပွဲ                       ကျပ် ၁၀၀၀၀၀


ကိုမြကြီးဆေးဖိုး၊ သွားအတုဖိုး                       ကျပ် ၅၀၀၀၀


(ကိုမြကြီး သွားသုံးချောင်းကျိုးသွားပါသည်)

အဖေအလှူဒါနပြုလုပ်ခဲ့ပါသည်၊ ထိုအချိန်က ငွေတစ်သိန်းသည် အတော်အသင့် တန်ဘိုးရှိပါသေးသည်၊
ဘာပဲဖြစ်ဖြစ် အဖေသည်ရုံးဌာနများတွင် မျက်နှာပွင့်ပါသည်၊ ဦးကျော်ကီးက အရမ်းရက်ရောတယ်လို့ဖြစ်ပါသည်၊ TV ကလာသည့် အလှူဒါနပြုကြသူငှာ ထဲတွင် အဖေမပါခဲ့ပါ။

နောက်ဆက်တွဲ အဖြစ်တွေရှိပါသေးသည်၊ ဓါးပြများအား အမှုစစ်ဆေးရာတွင် အမေအားခဏခဏ ဆင့်ခေါ်နေ၍၊
အမှုလိုက်ဆွဲချအား ဆုချငွေ ကျပ် ၁၀၀၀၀၀
တရားရေးဝန်ထမ်းများရန်ပုံငွေ ကျပ် ၁၀၀၀၀၀ နှင့်အပြတ်ဖြတ်လိုက်ရပါသည်။

………………………………………………………….

ကျနော့် သူငယ်ချင်းပြောပြသော ဖြစ်ရပ်ဇာတ်လမ်းလေးတွင် ချွန်းဖိုးကို ကျနော်အဲလိုနားလည်လိုက်ရပါသည်၊ ကျနော်နားလည်မှုသည် လွဲမှားကောင်းမှားနေပါမည်၊ ခေတ်သည်လည်းပြောင်းနေပြီဟုသိရပါသည်၊ ဝန်ကြီးချုပ်သည် သမတဖြစ်လာသလို၊ သမတသည် လူဝတ်ကြောင် တစ်ယောက်ဖြစ်ကြောင်း ပြောကြပါသည်။

ဒါဆိုရင် ချွန်းဖိုး မဟုတ်ရင် ဘာဖိုးလည်းဆိုတာကိုတော့ ပြောပြကြလိမ့်မည်ဟုထင်မိပါသည်။


Note; လူဝတ်ကြောင်=အရပ်သား



Saturday, January 8, 2011

အာလ်ဂျုးနီး(Aljunied)က အသံများ



အာလ်ဂျုးနီး (Aljunied) ဆိုသည်မှာ စင်္ကာပူက MRT ဟုခေါ်သော မြို့ပတ်ရထား ဘူတာရုံတစ်ခု၏ နာမည်ဖြစ်သည်ဟု လွယ်လွယ်ကူကူ ဆိုရပါမည်၊ ထိုအာလ်ဂျုးနီးဘူတာ ပတ်ဝန်းကျင်တွင် နေထိုင်သူများက ဘယ်မှာနေလဲမေးရင် အာလ်ဂျုးနီးမှာ နေသည်ဟုဖြေကြပါသည်။

ကျနော့်အရင်းဆုံးသူငယ်ချင်း မောင်စိုးတစ်ယောက် လွန်ခဲ့သောနှစ်က အစိုးရ HDB တိုက်ခန်းဝယ်ချင်သော ဆန္ဒပြင်းပြခဲ့သည်အလျှောက် တိုက်ခန်းပေါင်း ၃၀ ကျော် ကြည့်ပြီးသောအခါ အာလ်ဂျုးနီးဘက်တွင် ဝယ်ဖြစ်ခဲ့သည်၊ ပထမအစက အနောက်ဂျိုရောင်းဘက်တွင် ဝယ်ချင်သော်လည်း သူ့ကြိုက်သော အခန်းက မြန်မာလူဦးရေပြည့်သွားသဖြင့် မဝယ်ဖြစ်ခဲ့၊ ဒီနောက် အာလ်ဂျုးနီးတိုက်ခန်းကို ရထားဘူတာရုံနဲ့နီးသည် ပေါက်ဈေးထက် နှစ်သောင်းသာပိုပေးရ၍ တန်သည်ဟုဆိုကာဝယ်ဖြစ်ခဲ့သည်၊ အိမ်ပြောင်းသောနေ့ အိမ်သစ်တက်သောနေ့ များကိုလည်း စင်္ကာပူတွင်မရှိသဖြင့် ကျနော်မရောက်ဖြစ်ခဲ့ပါ။

ဒီတစ်ခါတော့ မောင်စိုးတစ်ယောက် ကျနော်ကို ကိုယ်တိုင်လာခေါ်သည်၊ သူ့အိမ်တွင်တစ်ရက်လောက် အိပ်ပြီးနေပေးရန် ဆိုလာသည်၊ မြဝင်းဟုခေါ်သော နောက်သူငယ်ချင်းတစ်ယောက်ပါအပိုခေါ်လာသည်၊ ကျနော်တို့ကို လာခေါ်ရခြင်းအကြောင်းရင်းက သူ့အိမ်တွင် ညည အသံတွေကြားနေရသည်ဆို၏၊ ငါအိမ်မှာ တစ်ခုခုရှိနေတယ်ထင်တယ်၊ ငါရော ငါ့မိန်းမပါ အသံတွေကြားနေရတယ်၊ ငါ့သမီးကငယ်လို့လားမသိဘူး မကြားရဘူးဟုဆိုသည်၊ မင်းတို့များ ဘာကူညီနိုင်မလဲဆိုပြီး လာခေါ်တာ၊ အိမ်သစ်တက်သောနေ့တွင် ဘုန်းကြီးသုံးပါးပင့်ပြီး ပရိတ်ကြီးတွေဘာတွေ ရွတ်ပြီးပြီဟုဆိုသည်၊ ခုသူ့မိန်းမက မြန်မာပြည်ပြန်မည်ဟု ဂျီတိုက်နေသည်၊ ဒီအိမ်ကိုသူရွေးတာဆိုပြီး အပြစ်ပုံချလေသည် မိန်းမတို့၏ သဘာဝပေလော၊ တကယ်တော့ ကျနော်တို့ သုံးယောက်လုံးပင် သရဲ တစ္ဆေ နာနာဘာဝ များကို စာအုပ်ဖတ်ဘူး ရုပ်ရှင်တွေသာကြည့်ဘူးခြင်းဖြစ်သည် ဘာအတွေ့အကြုံမှမရှိ၊ သူငယ်ချင်းနည်း၍ အားကိုးမရှိ၍ လာခေါ်သောသူငယ်ချင်းနှင့် ကိုယ်ကလည်း စူးစမ်းချင်သောကြောင့် အာလ်ဂျုးနီးသို့ ရောက်ရပေဦးမည်။

မောင်စိုးဝယ်လိုက်သော တိုက်ခန်းသည် အာလ်ဂျုးနီးဘူတာရုံ ဂုံးကျော်ပြီး သံလမ်းအတိုင်း လေးငါးမိနစ်လောက် လျှောက်ကရောက်သည်၊ အောက်တွင် အာလ်ဂျုးနီးဈေးရှိသည်၊ ကျနော်တို့ မောင်စိုးတိုက်ခန်းရောက်တော့ ညနေ ၆နာရီကျော်နေပြီ၊ အိမ်တွင် ကျနော်တို့ကို မျှော်နေသော မောင်စိုးမဟေသီ ခင်စန်းဝင်းနှင့် သမီး ချောစုတို့ကိုတွေ့ရသည်၊ ချောစုကရှစ်နှစ်ကျော်ကျော်သာ ရှိသေးသည် ခင်စန်းဝင်းချက်ထားသော ကြာဇံကြော်ကို ကျနော်တို့အားလုံး ညစာအဖြစ် သုံးဆောင်လိုက်ကြသည်၊ ရှေးဟောင်းနှောင်းဖြစ်များပြောကာ ကျနော်တို့ညမိုးချုပ်လာမည်ကို စောင့်နေကြသည်၊ ကျနော်က ‘မင်းတို့ဟာ နာနာဘာဝမှ ဟုတ်ရဲ့လား ဘုန်းကြီးတွေ့လဲပင့်ပြီးပြီ၊’ ခင်စန်းဝင်းက ‘နင်တို့စောင့်ကြည့်ပါ ငါတို့ကညတိုင်းကြားရလို့ဟုဆိုသည်၊ ဘာပြောမလည်း ငါတို့ဘေးနားမှာ တစ်စုံတစ်ယောက် ရှိနေသလို အဲဒီလိုခံစားရတယ် ကြုံဘူးမှသိမှာပါ၊’ မြဝင်းက ‘စင်္ကာပူက ဘုန်းကြီးတွေက တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင် ရန်ဖြစ်နဲ့ အစွမ်းမထက်ဘူးထင်တယ်၊’ ကျနော်က ဟေ့ကောင် ‘ဘုန်းကြီးတွေပြိုင်တာ မဟုတ်ဘူး ဒကာတွေဒကာမတွေကွ၊’ မြဝင်းက ‘ဒကာတွေဆိုတော့လည်းဒကာတွေပေါ့ကွာ၊’ မောင်စိုးက ‘ဒကာမတွေပိုဆိုးတာကွ၊’ ည ဆယ်နာရီလောက်တော့ သမီးလေးချောစုအိပ်သွားပြီဖြစ်သည်၊ ခင်စန်းဝင်းပါဝင်အိပ်သည်၊ ကျနော်တို့က TV ကြည့် စကားဆက်ပြောနေဖြစ်သည်၊ ည ၁၂ နာရီကျော် ဘာမျှမထူးခြား အိပ်ဘို့ပြင်ကြသည်၊ မောင်စိုးတို့ဝယ်လိုက်သည့် တိုက်ခန်းက အိပ်ခန်းသုံးခန်းပါသည်၊ ကျနော်နဲ့မြဝင်းတို့ တစ်ခန်းစီအိပ်မည်ဆိုသည့်အခါ မြဝင်းကမအိပ်ရဲဟုဆိုသည်၊ မင်းကကြောက်တတ်လိုက်တာ၊ ကြောက်တယ်ကွာ ဘာဖြစ်လဲ ဟုဆိုသည်၊ ဘာလို့လိုက်လာသေးလဲ ဟုမေးရာ၊ မလိုက်ရင်ဒီကောင်က သတ်မှာဟုဆိုကာ မောင်စိုးဘက်မေးငေါ့ပြသည်၊ ဒီလိုနဲ့ ကျနော်တို့ မောင်စိုးတို့အိပ်သည့် မာစတာအိပ်ခန်း၏ မျက်နှာချင်းဆိုင် အခန်းတွင်အိပ်ဖြစ်ကြသည်။

အိပ်ရင်းနဲ့ မောင်စိုးတို့ပြောသည့် အသံများကို ကျနော်စဉ်းစားမိသည်၊ အိမ်နောက်ဖေးဘက်က အဝတ်ထွက်လှမ်းသံ၊ မီးဖိုချောင်က ပန်းကန်ခွက်ယောက်များအသံ၊ မီးခလုပ်တွေဖွင့်ပိတ်သံ၊ နောက်ပြီး အခန်းရှေ့ကဖြတ်လျှောက်သွားသည့် ပြင်းပြင်းခြေသံ၊ ဒီအသံများသည် တကယ် နာနာဘာဝများ၏ အသံဖြစ်နိုင်ပါသလား၊ ဒါဆိုသူကဘာလို့ အသံတွေလိုက်ပေးသနည်း၊ တကယ်တော့ ဘာသက်သေပြစရာမရှိ ဘယ်သူမှလဲမတွေ့ဖူးဘူး၊ မမြင်အပ်သော မမြင်သင့်သော သူတို့၏အကြောင်းအရာများကား ဆန်းကြယ်ပေသည်၊ စဉ်းစားရင်းအိပ်ပျော်သွားသည်။

အသံတစ်သံကြောင့် ကျနော်နိုးလာသည်၊ ဘေးကမြဝင်းကတော့ ဟောက်လို့ကောင်းဆဲ၊ ကျနော်မအိပ်ခင်က အသံကြားရအောင် တံခါးကိုခပ်ဟဟဖွင့်ထားခဲ့သည်၊ အသံသည် အိမ်နောက်ဖေးဘက်က လာသည်၊ ကျနော်ဖြေးညှင်းစွာထ လိုက်သည်၊ လက်ထဲတွင် LEDဓါတ်မီးလေးကိုင်ကာ နောက်ဖေးဘက်သို့ ထွက်လာခဲ့သည်၊ နောက်ဖေးရောက်တော့ ဘာသံမျှမကြားတော့ ဓါတ်မီးနှင့်ဟိုဟိုဒီဒီ ထိုးကြည့်သည်၊ နောက်ဖေးပေါက်က အပြင်သို့ အပေါ်ကြည့် အောက်ကြည့်မိသည် ဘာမှမတွေ့၊ ပြီးမှမီးဖွင့်လိုက်သည် အိမ်မြှောင်နှစ်ကောင်မှလွဲ၍ ဘာမှမရှိ၊ ခုမှစဉ်းစားမိသည် ခုနနောက်ဖေးပေါက်က ထွက်ကြည့်တာ တန်းရှိနေလို့ တကယ်လို့ နာနာဘာဝတွန်းချလိုက်ရင် ဘယ်လိုနေမလဲ ခုမှ ကြက်သီးထလာသည်၊ ဒီအထပ်က ၁၂ ထပ် နာနာဘာဝကြိုက်တတ်သောအထပ် ၁၂ ဂဏန်းသည် နာနာဘာဝများ၏ ဂဏန်းဟုဖတ်ဘူးသည်၊ ဒါကြောင့် ၂၀၁၂မှာ ဘာဖြစ်မည် ညာဖြစ်မည်ဆို၏၊ မီးပိတ် အခန်းထဲပြန်ဝင်လာကာ အသံတွေ ဆက်လက်နားစွင့်နေမိသည်၊ ခဏကြာအိပ်ပျော်သွားတော့သည်။

"အမယ်လေး လာကြပါ လာကြပါ" ခင်စန်းဝင်း၏ ငယ်သံပါအောင် အော်လိုက်သံကြောင့် ကျနော်လန့်နိုးသွားသည်၊ ဟေ့ကောင်တွေလာကြပါဦး ဆိုသည့် မောင်စိုး၏ခေါ်သံလည်းကြားရသည်၊ ကျနော်ထကာ မီးတွေဖွင့်ရင်း၊ သူတို့အခန်းဆီထွက်ခဲ့သည်၊ ဟေ့ကောင်တွေ ဟေ့ကောင်တွေ မောင်စိုးကား ဆက်ခေါ်နေဆဲဖြစ်သည်၊ သူတို့တံခါးကိုပုတ်ရင်း မင်းတို့တံခါးပိတ်ထားတာ ဘယ်လိုလာလို့ရမှာလဲလို့ လှမ်းပြောလိုက်သည်၊ ဒီကောင်တွေနိုးနေပြီ ဘာမှမဖြစ်ဘူးဆိုပြီး မောင်စိုးက သူ့မိန်းမကိုပြောသံကြားရသည်၊ ခဏနေကြာတံခါးဖွင့်သံကြားရသည်၊ မောင်စိုးတံခါးလာဖွင့်ခြင်းဖြစ်သည် ခင်စန်းဝင်းက မောင်စိုးကိုဖက်လျှက်ပါလာသည်၊ ကျနော်က ဘာဖြစ်တာလဲလို့ လှမ်းမေးလိုက်သည်၊ 'ငါ့မိန်းမအော်တာ၊' 'ငါသိသားပဲ၊' 'ကျမမြင်ရလို့' တုန်တုန်ယင်ယင်နဲ့ ခင်စန်းဝင်းဖြေသည်၊ ဘယ်မှာလဲ ဘာကိုလဲ ကျနော်မေးလိုက်သည်၊ မိန်းမဖြူဖြူဝဝကြီး မဟုတ်ဖူး ဝဝပြဲပြဲမျက်နှာကြီး၊ ပါးစပ်သေးသေး နှာခေါင်းပြားပြား မျက်စိသေးသေးမှိတ်ထားတယ်၊ ပါးဖေါင်းဖေါင်းကြီးတွေက လှုပ်နေတယ်၊ ဘယ်မှာမြင်ရတာလဲ မျက်စိ့ထဲမှာ၊ နင့်ဟာကအိမ်မက်ပါ၊ မောင်စိုး မင်းမိန်းမ ရေတိုက်လိုက်ဦး၊ မောင်စိုးရေသွားခတ်အချိန် ခင်စန်းဝင်း ကျနော်လက်တွေကို ဆုတ်ကိုင်ထားသည်၊ ခင်စန်းဝင်း၏လက်များ အေးစက်နေသည်၊ ခင်စန်းဝင်း ရေကိုတခွက်လုံးသောက်လိုက်သည်၊ သမီးလေးက မေမေကလဲ အိမ်မက်မက်တာကို၊ အဲဒီအချိန် မြဝင်းနိုးလာသည်၊ ဘာဖြစ်တာလဲဟုမေးလာ၍ မောင်စိုးက တော်တော်အားကိုးရမဲ့ကောင်၊ ငါ့မိန်းမအိမ်မက်မက်ပြီး လန့်အော်တာဟေ့၊ ဒီလိုနဲ့ မောင်းစိုးတို့သားအဖသုံးယောက် ကျနော်တို့နှစ်ယောက် အိမ်ရှေ့ဆိုဖါပေါ်ပြန်ရောက်လာကြသည်၊ သမီးလေးပြန်အိပ်ပျော်သွားပြီ၊ မြဝင်းလည်းဒီတစ်ခါ တစ်ယောက်ထဲ ဝင်အိပ်သွားသည်၊ ပြောသွားသေးသည် မြို့လယ်ခေါင်ကြီး ဘယ်သရဲမှ မချောက်ဘူး၊ ကျနော်နှင့် မောင်စိုး ချော့တလှည့် ရှင်းတလှည့်ဖြင့် ခင်စန်းဝင်းကို ပြန်အိပ်စေသည်၊ မနက် ၃ နာရီကျော်သွားပြီဖြစ်သည်၊ မောင်စိုးတို့ကို မီးဖွင့်အိပ်ဘို့မှာရင်း ကျနော်လည်းပြန်အိပ်ဘို့ကြိုးစားတော့သည်။

အိပ်ရင်းနဲ့စဉ်းစားမိသည်မှာ ခင်စန်းဝင်းတစ်ယောက်ညနေက ကျနော်တို့ပြောနေသည်များကို၎င်း သူစိတ်ထဲတွင် သရဲရှိသည်ဟုဆွဲနေ၍၎င်း စိတ်စွဲလန်း၍အိမ်မက်မက်ခြင်းဖြစ်နိုင်သည်၊ ကျနော်လည်းထိုကဲ့သို့အတွေးကြောင်ခဲ့ဘူးသည်၊ တစ်ချိန်က ဝါရှင်တန်ရုံးခွဲသို့အစည်းအဝေး သွားတက်တုန်းက လမ်းခရီးလေယာဉ်ပျံပေါ်တွင် အမေရိကန်စာရေးဆရာ ဒေးဗစ်နွိုင်း၏ ဝထ္ထုတိုများကိုဖတ်သွားမိသည်၊ ထိုဝထ္ထုတိုများထဲတွင် သန့်စင်ခန်းဆိုသည့်ဝထ္ထုတိုလေးကို အမှတ်ရှိစေသည်၊ ထိုဝထ္ထုလေးသည် နယူးယောက်ကိုအခြေခံရေးထားသည်၊ အမေရိကန် လူမဲတစ်ဦးသည် နယူးယောက် ဆင်ခြေဖုံးရပ်ကွက် အခန်းကျဉ်းလေထဲတွင် ရှုပ်ပွစွာဖြစ်သလိုနေထိုင်ရသည်၊ တစ်နေ့တွင်သူအလုပ်သစ်ပြောင်းရာ အလုပ်သစ်က သန့်စင်ခန်းနှင့်အိမ်သာသည် အလွန်သန့်ရှင်း၍ ပြောင်လက်ကာ သူအတွက်နေချင်စဖွယ်ဖြစ်နေသည်၊ အလုပ်အားသောအချိန်များတွင် ထိုအခန်းထဲတွင် သွားသွား နေလေ့ရှိသည်၊ တစ်ခါတစ်လေ အိမ်သို့ နောက်ကျမှပြန်ကာ ထိုသန့်စင်ခန်းတွင် နေနေလေ့ရှိလာသည်၊ သူအိမ်ထက်ကောင်းမွန်သော ဤသန့်စင်ခန်းကို စွဲလန်းနေပြီဖြစ်သည်။ တစ်နေ့တော့ ထိုပုဂ္ဂိုလ် ရုတ်တရက်သေဆုံးသွားကာ ထိုသန့်စင်ခန်းတွင် မကျွတ်မလွတ်ဖြစ်နေသည်၊ မသေသေးသော လူသားများနဲ့ သူအံ့ဝင်ခွင်ကျ မဖြစ်တော့သည်ပုံ နောက်ဆုံးတော့ အဲဒီ့ အခန်းထဲက သူလွတ်အောင်ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးထားသည်။

ဝါရှင်တန်ရုံးခွဲသို့ရောက်သောအခါ ထိုရုံးမှသန့်စင်ခန်းသည်လည်း တော်တော်သားနားသည် အိမ်သာကို ကျားမခွဲထားသော်လည်း သန့်စင်ခန်းက ကျားမ တူတူအသုံးပြုကြသည် အမျိုးသမီများသည် ထိုအခန်းတွင် မိတ်ကပ်နူတ်ခမ်းနီလိမ်း သူတို့၏ အဖုအရွအတုများကို နေသားကြအောင် ပြုပြင်ရာ နေရာဖြစ်သည်၊ ယောက်ျားများအတွက် ခေါင်းဖီး စာအုပ်ထိုင်ဖတ်လေ့ရှိသည်၊ ထိုလူများထဲတွင် မကျွတ်မလွတ်သူများ နာနာဘာဝများ ပါလေမလားဆိုပြီး ကျနော်ရှာကြည့်သည်၊ လူများ၏ ခပ်ကြောင်ကြောင်အကြည့်များကိုသာ ပြန်ရသည်၊ ကိုယ်တစ်ယောက်ထဲ ရှိနေတုန်းတစ်ယောက်ယောက် ဝင်လာလျှင် ကြက်သီးတောင်ထသွားသည် နာနာဘာဝများလား ဘာရယ်မဟုတ်ဝထ္ထုဖတ်ပြီး စွဲမိခြင်းဖြစ်သည်၊ ခင်စန်းဝင်းတစ်ယောက်လည်း ထိုသို့စွဲနေနိုင်သည် စဉ်းစားရင်းအိပ်ပျော်သွားသည်။

မနက် ၇ နာရီလောက်မှာနိုးသည်၊ မောင်စိုး၊ မြဝင်းနှင့် ကျနော်တို့သုံးယောက် အာလ်ဂျုးနီး ဈေးထဲတွင် ကော်ဖီသောက် ပလာတာဆင်းစားဖြစ်သည်၊ ပတ်ဝန်းကျင်ကို နည်းနည်းစပ်စုကြည့်ရာ တထပ်ထဲနေ တရုတ်အဘိုးကြီးတစ်ယောက်နဲ့ စကားပြောဖြစ်သည်၊ မောင်းစိုးတို့မဝယ်ခင် တရုတ်မိသားစု ၅ယောက်နေကြောင်း မိသားစုမှာ ခဏခဏ စကားများကြကြောင်း၊ ဒီအိမ်သူတို့နဲ့မကိုက်၍ နှစ်ပြည့်တာနဲ့ ရောင်းချင်ကြောင်းဆိုသည်၊ မူလအိမ်ရှင်များမှာ တမီးလ်ကုလားမိသားစုဖြစ်ပြီး အနည်းဆုံးလူဆယ်ယောက်လောက်နေကြောင်းပြောပြသည်၊ တမီးလ်အဖွားကြီးတစ်ယောက် ထိုတိုက်ခန်းတွင်ဆုံးခဲ့ကြောင်း ထပ်ပြောပြသည်၊ ဘာဖြစ်လို့လဲလို့ ကျနော်တို့ကိုပြန်မေးသည်၊ ဘာမှမဟုတ်ပါဘူးမေးကြည့်တာပါ၊ စက္ကူလေးဘာလေးမီးရှို့ပေါ့လို့မောင်စိုးကို အဖိုးကြီးကတိုက်တွန်းသည်၊ ဘာမှမဖြစ်ပါဘူး မလိုပါဘူးဟု ကျနော်တို့ပြန်ဖြေလိုက်သည်။
မြဝင်းက တစ်ခါကဝိဇ္ဇာလိုင်းလိုက်သော ဆရာတော်တစ်ပါး စင်္ကာပူလာတုန်းက ဘွန်လေးကအိမ်တစ်အိမ်နှင့် ဒီဆင်းမ်းဒရိုက်က အိမ်တွေမှာတည်းသည်၊ ဆရာတော်က စင်္ကာပူတွင် မကျွတ်မလွတ်တဲ့သူတွေများသည်ဆို၏၊ အာလ်ဂျုးနီးပတ်ဝန်းကျင် ရထားလမ်းအောက်တွင် နေထိုင်နေသော ထိုပုဂ္ဂိုလ်များ အများအပြားပင်ဟုဆိုသည်၊ ဒါကြောင့် မလေးတွေခေါစာပစ်ရင် ကလန်းဘက်လာပစ်ကြသည်ဟုသူထင်သည်ဆို၏၊ မြဝင်းကဆက်၍ တစ်ခါက မြန်မာကောင်မလေးတစ်ယောက် ညပိုင်းမှအလုပ်ပြန်ရသည် နောက်ဆုံးရထားအမြဲစီးလေ့ရှိသည်၊ သူနေသည်အိမ်က အာလ်ဂျုးနီးအကျော် ပါရာလေဘာဘက်မှာ၊ အာလ်ဂျုးနီးဘူတာကလမ်းလျှောက်ပြန်ရသည်၊ တစ်နေ့သူအပြန် သူနောက်က အဖေါ်အမျိုးသမီးတစ်ဦးပါလာ၍ အေးအေးဆေးဆေးပင် လမ်းတဝက်ရောက်သောအခါ အသံတိတ်သွားသဖြင့် လှည့်ကြည့်မိရာ ဘယ်သူမှမရှိလူသူကင်းလျှက်ရှိသည်၊ ဒီလမ်းကလေးကား တဖြောင့်တည်း ဘေးသို့ထွက်သွားနိုင်သော အခြေအနေမရှိ၊ ကြက်သီးတွေထ အေးစက်စက်ဖြစ်လာ၍ အပြေးပင် နေသည့်အိမ်အောက်ကိုရောက်သွားတော့သည်၊ ဓါတ်လှေခါး တစ်ယောက်ထဲမစီးရဲတော့သဖြင့် အတူနေအခန်းဖေါ်ကိုအောက်သို့ ခေါ်ကာအကူအညီတောင်းရသည်။ ကျနော်က မောင်စိုးကို မင်းမိန်းမမက်တာက ဖြူဖြူဝဝပြဲပြဲ သေသွားတာကမဲမဲ သေပြီးမှ အရောင်ပြောင်းရင်တော့မသိ၊ မြဝင်းပေါက်ကရပြောတတ်တယ် နားမယောင်နဲ့လို့ သတိပေးလိုက်ရသည်။

မြဝင်း၏ကြောက်တတ်သူကို ဖြဲချောက်သည်များကိုနားထောင်ပြီး၊ ကျနော်တို့ တိုက်ခန်းပေါ်ပြန်တက်ခဲ့ပြီး အိမ်ကို ပတ်ကြည့်ကြသည်၊ ရီနိုဗေးရှင်းလုပ်တုန်းက မင်းတို့မလုပ်ပဲ ချန်ထားတာ ဘာရှိသလဲလို့မေးလိုက်မိသည်၊ အကုန်လုံးပြင်တယ် မီးဖိုကိုတော့ မပြင်ပဲ အပြင်က ဖေါ်မိုက်ကာ ကိုပဲချိန်းလိုက်သည်ဆို၏၊ ခင်စန်းဝင်းက ဒီတစ်ညလာအိပ်ပြီးကြည့်ပေးရန် ထပ်ပြောသဖြင့် ကျနော်ရော မြဝင်းပါ သူငယ်ချင်းတွေ အလိုကျတစ်ညထပ်အိပ်ကြည့်မည်ဟု သဘောတူလိုက်သည်၊ ဒီညတော့ ရှစ်နာရီလောက်မှာ မင်းဆီငါတို့လာမယ်လို့ မောင်စိုးကိုပြောပြီး ကျနော်တို့မြို့ထဲသို့ထွက်လာခဲ့သည်။
ည ရှစ်နာရီလောက်ကျနော်တို့ ပြန်ရောက်လာသည်၊ ခင်စန်းဝင်းက လက်ဖက်သုပ် ရေနွေးကြမ်းလုပ်ထားပေးသည်၊ ကိုးနာရီကျော်တော့ ခင်စန်းဝင်းနဲ့ ကလေးဝင်အိပ်ကြသည်၊ ကျနော်တို့သုံးယောက်တော့ တီဗွီကြည့်ကာ ပေါက်ကရထိုင်ပြောနေကြဆဲဖြစ်သည်၊ ကျနော်က မြဝင်းမိန်းမသည် Facebook နှင့် blog addict ဖြစ်နေသည် တစ်ချိန်လုံး ဖဘထဲ ဘလော့ဂ်ထဲမှာ မြုပ်နေသည်၊ ကိုယ်ယောက်ျားတောင် စိတ်ဝင်းစားရဲ့လားမသိဘူး၊ ရုတ်တရက်သေသွားရင် ဖဘ သရဲ ဘလော့ဂ်သရဲ ဖြစ်နေဦးမည်ဟုထည့်လိုက်သည်၊ ဟေ့ကောင်မင်းပေါက်ကရ မပြောနဲ့ နိမိတ်မရှိနမာမရှိ မင်းကွာ မြဝင်းဒေါသတွေထွက်နေသည်၊ ကျနော်ကမယုံရင် ခု မင်းမိန်းမဆီ ဖုန်းဆက်ကြည့် ဖဘနှင့် ဘလော့ဂ်ထဲမှာ။

မြဝင်းကလဲကွာ ဒီကောင်က စွဲလန်းတာကို ဥပမာပေးတာပါ၊ မောင်စိုးက ဝင်ပြောပြီး ဆက်ပြောပြန်သည် လူဆိုတာ သေတတ်ဘို့အရေးကြီးတယ် စွဲလန်းလွန်းရင် မကောင်းဘူ၊ ဘလော့ဂင်းကိုစွဲလန်းပြီးသေသွားပါပြီတဲ့၊ အဲဒီ့အစွဲကြောင့် ဘလော့ဂ်သရဲ ဖြစ်ရော သေလို့သေမှန်းမသိပဲ၊ ရောက်လာပါသည် ဖတ်လို့ကောင်းပါတယ်လို့ လိုက်မန့်ရင်မန့်နေမယ်၊ C Box ထဲဝင်ပြီး ဘယ်သူမှ မရှိကြဘူးလား ဘယ်နှစ်ယောက်မြောက် အစစ်လားအတုလား လုပ်ရင်လုပ်နေမယ်၊ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး၊ မောင်စိုးပြောတာရပ်လိုက်တော့ မြဝင်းတစ်ယောက် စိတ်နည်းနည်းပြေသွားပြီဖြစ်သည်၊ ကျနော်ကဆက်ပြီး ဘလော့ဂ်သရဲမှန်းမသိပဲ အိမ်လာလည်ပါ၊ ဘာချက်ကျွေးမယ် ဘာလုပ်ပေးမယ်လုပ်မိလို့ ဟိုကရောက်လာရင် တစ်စုံတစ်ရာက အနားမှာ ရှိနေသလိုခံစားနေရဦးမယ် ကြက်သီးတွေထလို့၊ မောင်စိုးက မင်းငါ့ဘက်လှည့်လာပြီ၊ အိပ်ကြရအောင်ကွာ ၁၂ နာရီကျော်ပြီ၊ ကျနော်တို့လည်းဝင်အိပ်လိုက်ကြသည်။

အသက်ရှုပြင်းပြင်းသံ တစ်ခုကြောင့် ကျနော်လန့်နိုးလာသည်၊ ကျနော်တွေ့လိုက်ရသည်မှာ လက်ဖဝါးနှစ်စုံ ကျနော့်ပေါ်မှာ၊ ပိုလန့်သွားသည် သေချာကြည့်လိုက်တော့ မြဝင်း၏လက်နှစ်စုံ ဒီကောင်သူ့မိန်းမကိုပြောလို့ လုပ်ကြံတာလား၊ ဟေ့ကောင် လို့ပြောပြီး သူ့လက်တွေကိုတွန်းဖယ်လိုက်သည်၊ မြဝင်းက ‘ဟေ့ကောင်တိုးတိုး မင်းကိုနိုးမလို့လုပ်နေတာ’ ‘ဘာကြောင့်လဲ’ ‘ခြေသံကြားလို့ သေချာအောင်ထပ်စောင့်နေတာ ထပ်ကြားတာနဲ့ မင်းကိုနိုးရအောင် လက်ကို standby ထားထားတာ၊’ ကျနော်တို့နှစ်ယောက် ငြိမ်ပြီး အသံကိုနားစွင့်နေကြသည်၊ ခဏကြာ မြဝင်းက ဟေ့ကောင်းကြားလား၊ ကြားပြီ၊ ခြေသံ ခပ်ပြင်းပြင်းခြေသံ၊ သေချာနားစိုက်ထောင်လိုက်သည် ငါတို့ကြမ်းကလာတာ မဟုတ်ဘူး၊ အပေါ်ထပ်ကဖြစ်နိုင်တယ် ကျနော်ပြောလိုက်ရာ၊ မြဝင်းကြမ်းကိုနားနဲ့ကပ်နားထောင်လိုက်သည် နောက်ပြီးဟုတ်တယ်လို့ ဆိုလိုက်သည်၊ ခြေသံကတော့ပျောက်သွားပြီဖြစ်သည်၊ ကျနော်က အပေါ်ထပ်ကဖြစ်ဘို့များတယ် မှတ်ချက်ပေးလိုက်သည်၊ ကျနော်တို့နှစ်ယောက် အခန်းပြင်ဘက်ထွက်ကာ မီးမဖွင့်ပဲ အိမ်ကိုတစ်ပတ်ပတ်လိုက်ကြသည်၊ ဘာထူးခြားမှုမှမရှိ၊ အခန်းထဲပြန်ဝင်က ခြေသံကိုစောင့်ဆိုင်းရင် အိပ်ပျော်သွားကြတော့သည်။

မနက်ရှစ်နာရီမှာနိုးသည် မြဝင်းကိုပါနိုးလိုက်သည်၊ မောင်စိုးလဲအိပ်တုန်း ခင်းစန်းဝင်းနဲ့ သမီးလေးကနိုးနေကြပြီး ဘုရားရှိခိုးနေကြသည်၊ ခဏနေကြာသမီးလေးရဲ့ မေတ္တာပို့သံကြားရသည် လုံးဝပါဠိလိုဆိုသည် သမီးလေးသည် တနင်္ဂနွေနေ့များတွင် ဘုန်းကြီးကျောင်းတွင် ဘုရားစာ မြန်မာစာ သင်နေသည်၊ မဟာစည်ဆရာတော် ဘုရားကြီး၏ မေတ္တာပို့ကို အသံနေအသံထားနဲ့ ရွတ်ဆိုနေသည်မှာ နားထောင်လို့တော်တော်ကောင်း၏၊ ကျနော်သည်တော်တော်ညံ့သည် ထို မေတ္တာပို့ကို ထိုင်ဝမ်၊ မလေးရှားနှင့် အိန္ဒိယမှာ ကြားခဲ့စဉ်က တီးလုံးလေးနဲ့ တော်တော်နားထောင်ကောင်း အဓိပ္ပါယ်ရှိလိုက်တာဟု မှတ်ချက်ချမိသည် နောက်မှ ကိုယ့်မြန်မာပြည်ကလာမှန်းသိရသည်၊ ဟောင်ကောင်မှာ ဖေ့ဝေါင်းရွတ်ဆိုတာကို သွားနားထောင်စဉ် စာတမ်းထိုးမှာ သြော် မဟာစည်ဆရာတော် ဘုရားကြီး၏ မေတ္တာ ပို့မှန်း သိရသည်၊ အင်္ဂလိပ်ဘာသာပြန်သူက ဦးစပ်ထွန်းမှတ်ဝင်းဖြစ်သည်။

မောင်စိုးနိုးလာတော့ နံနက်စာ ထမင်းကြော် ကော်ဖီ စားသောက်ရင်း ရှေ့လုပ်ရမည်များကို တိုင်ပင်ကြသည်၊ ဟိုနေ့ညနှင့် မနေ့ညက ကျနော်တို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်များကို သူတို့ကိုပြန်မပြောတော့၊ မီးဖိုကို ဖျက်ပစ်ပြီး အသစ်ပြန်လုပ်ရန်၊ တစ်ပတ်အတွင်း အပြီးအစီးလုပ်ရန်၊ ဘုန်းကြီးပြန်ပင့်ပြီး ရွတ်ဖတ်သရဇ္ဈယ်ရန်တို့ဖြစ်သည်၊ ကျနော်က ဘုန်းကြီးပင့်တာဝန်ယူလိုက်သည်၊ စင်္ကာပူတွင် ကျနော်သိသော တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းမှပင်ပင့်ရမည်ဖြစ်သည်၊ ဘုန်းကြီးအနည်းဆုံးသုံးပါးရအောင်တော့ ဘုန်းကြီးထံအပူကပ်ရပေတော့မည်။ လာမည့် စနေနေ့တွင် လုပ်ကြရန်ဆုံးဖြတ်ချက်ချလိုက်ကြတော့သည်။

ဘုန်းကြီးသွားပင့်ရင်း ဘုန်းကြီးကျောင်းတွင် စိတ်ဝင်စားဖွယ် ခေါင်းလောင်းလေးတွေ့ရသည် တိဘက်ခေါင်းလောင်းလေးဖြစ်ပြီး အမျှဝေရန်တွင်အသုံးဝင်မည်ဖြစ်သည် ကြေးစည်အစားသုံးနိုင်သည်၊ ဘုန်းကြီးဆီက တစ်ခါထဲထိုနေ့အတွက်ငှါးခဲ့သည်၊ ဆရာတော်ကတီးနည်းပါ သင်ပေးလိုက်သည်၊ အမျှဝေသည်ကိုသိဘို့ လိုသည်မဟုတ်လား၊ မီးဖိုအသစ် လေးရက်ထဲနဲ့ပြီးသွားသည်၊ ဒီလိုနဲ့ စနေနေ့သို့ရောက်လာသည်။

ဆရာတော်နှင့် ဘုန်းကြီးသုံးပါးကြွလာသည်၊ သီရိလင်္ကာကဆရာတော်တစ်ပါး၊ မလေးရှား အီပိုးက ဆရာတော်တစ်ပါးဖြစ်သည်၊ ဤသို့ဖြင့် ဒီတိုက်ခန်းကို ဆရာတော်သုံးပါး ရွတ်ဖတ်ပူဇော်လိုက်ကြသည်၊ အမျှအတန်းဝေသောအခါ ကျနော်က တိဘက်ခေါင်းလောင်းနှင့်လက်စွမ်းပြတော့သည်၊ ကလေးများအကြိုက်ဖြစ်နေသည်၊ ကလေးတွေကိုစည်းရုံးကာ တစ်ခန်းဝင်တစ်ခန်းထွက် စင်းဂလိပ်လို့ အမျှဝေ ကြေညာချက်ထုတ်ရပါသည်၊

"We share with you our Dana good things and donation.
You don't belong here anymore. Be free."
တူ ဝူ ဝူ ခေါင်းလောင်းသံပေးလိုက်သည်၊

ဒီလိုနဲ့ ဘုန်းကြီးတွေပြန်ကြွသွားသည်၊ တစ်အိမ်လုံးလဲ လူရင်းတွေသာကျန်ရစ်ခဲ့သည်၊ ခင်စန်းဝင်းနဲ့မောင်စိုးကတော့ သိမ်းဆည်းရေးတွေ လုပ်၍ အလုပ်များနေလေသည်၊ ကျနော်လည်း ပင်ပန်း၍ ထမင်းစားခန်းတွင်ထိုင်ကာ lemon tea တစ်ခွက်သောက်နေမိသည်၊ ထိုအချိန်တွင် အိမ်ရှေ့ကသမီးလေး ချောစု၏ မေတ္တာပို့သံကြားရသည်၊ သမီးလေးသည် သူနေ့စဉ်လုပ်ရမည့် အလုပ်ကို မပျက်မကွက်လုပ်နေခြင်းဖြစ်နိုင်သည်။

“ဆဗ္ဓေဒေဝါ ဆဗ္ဗေမနုဆာ ဆဗ္ဗေဝိနိပါတိကာ
အဝေရာ ဟောန္တု ၊ အဗျာပစ္စာ ဟောန္တု ၊ အနိဃာ ဟောန္တု၊ ဆုခိ အတ္တာနံ ပရိဟရ န္တု ”

မောင်စိုးတို့ ခင်စန်းဝင်းတို့ထံမှ ဘာမျှမကြားရတော့ပါ၊ အခန်းနှစ်ခန်းကို မိန်းကလေး ငါးယောက်အားငှါးပြီး အဆင်ပြေနေကြသည်ဆို၏၊
မြဝင်း ဇနီးသည် သည်လည်း ဖဘနှင့် ဘလော့ဂ်ထဲမှာ ရှိနေမြဲဖြစ်သည်။


မေတ္တာဖြင့် ငြိမ်းချမ်းကြပါစေ။

ပြီးပါပြီ။

တိဘက်ခေါင်းလောင်း