Thursday, June 9, 2011

၁၃၅ အင်းလျားဆောင်

‘သေချာလို့လားအစ်မကြီး၊’

“ငါကိုယ်တိုင်ဖြစ်ခဲ့တာ ဘာလို့မသေချာရမလဲ၊ နင်တို့က တက္ကသိုလ်ရဲ့ အရသာ၊ အဲဒီတုန်းက အဆောင်သူတွေရဲ့ဘဝကို မသိတော့ ပြောရခက်ပါတယ်၊”
‘အို ကျနော်တို့စိတ်ဝင်စားပါတယ် ပြောပြပါအစ်မကြီးရယ်၊’
ဒီလိုနဲ့ ခင်မင်ရသော ကျနော်တို့၏ အစ်မကြီးသည် သူ့၏အတွေအကြုံ တစ်ချို့ကို ကျနော်တို့ကိုပြောပြခဲ့သည်။

………………………………………..

အစ်မကြီးသည် တစ်ချိန်တုန်းက ရန်ကုန်တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်သည်၊ အစ်မကြီးသည် မန္တလေးကဖြစ်သော်လည်း သူယူရသော ဘာသာရပ်သည် မန္တလေးတက္ကသိုလ်တွင် မရှိသဖြင့် ရန်ကုန် တက္ကသိုလ်သို့ တတိယနှစ်မှရောက်ရှိလာခြင်းဖြစ်သည်၊ ရန်ကုန် တက္ကသိုလ်တွင် ဂုဏ်ထူးတန်းထိ သုံးနှစ်နေခဲ့ရာ၊ သုံးနှစ်လုံးလုံး အင်းလျားဆောင်တွင် နေထိုင်ခွင့်ရခဲ့သည်။

သူတို့ကျောင်းတက်သောအချိန်တွင် စစ်တွေသည် ဒီဂရီကောလိပ်သာရှိသေး၍ ရခိုင်ကျောင်းသူ ကျောင်းသားအချို့သည် စစ်တွေဒီဂရီကောလိပ်တွင် မရှိသော ဘာသာရပ်များအတွက် ရန်ကုန် တက္ကသိုလ်သို့ လာတက်ရသည်၊ ထို့အတွက် အင်းလျားဆောင်၏ လေးပုံတစ်ပုံသည် ရခိုင်ကျောင်းသူများဖြစ်ကြသည်၊ ကျန်ကျောင်းသူများမှာ အနယ်နယ်အရပ်ရပ် မှာလာသော တိုင်းရင်းသားပေါင်းစုံဖြစ်သည်၊ ထို့အတွက် အနယ်နယ်အရပ်ရပ်မှ လာသူများနဲ့ ရင်းနှီးနေခွင့်ရခဲ့ခြင်းသည် သူ့ဘဝအတွက် အမှတ်တရ အရှိဆုံးအချိန်ဟု အစ်မကြီးကပြောပြသည်။

ပထမဦးဆုံး အင်းလျားဆောင်သူ ဘဝမှာ အစ်မကြီးသည် အထဲဘက် ရှစ်ယောက်ခန်းတွင်နေရသည်၊ တကယ်တော့ ဆယ်ယောက်ခန်းဖြစ်သည်၊ ဘုရားဆောင်နဲ့နီးသည်၊ ထိုရှစ်ယောက်ထဲတွင် မေဂျာတူသုံးယောက်၊ အီးမေဂျာနှစ်ယောက်၊ လောဂျစ်ကတစ်ယောက် အနယ်နယ်မှဖြစ်ပြီး ကျန်နှစ်ယောက်မှာ ရခိုင်ကျောင်းသူများဖြစ်ကြသည်၊ ရောက်စနှစ်မှာ ထုံးစံအတိုင်း အူကြောင်ကြောင်နဲ့ အဆောင်မှူးကိုကြောက်၊ ဟောကျူတာကိုကြောက် အချင်းချင်းလည်းပြန်ကြောက်နဲ့ ဆယ်ကျော်သက်ကျောင်းသူဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း တစ်နှစ်ဘယ်လို ကုန်ခဲ့မှန်းမသိပေ၊ ထိုအချိန်က ဟော(hall)နေရသူ တစ်ယောက်အနေနဲ့ အပြင်ရိုး(row)က အခန်းနေရသူတွေကို သဘောကျသည်၊ အားကျသည်၊ အပြင်ရိုးနေရသူတွေသည် အပြင်က သီချင်းလာဆိုရင် ကောင်းကောင်းကြားရသည်၊ ကိုယ့်အသိ ကိုယ့်ကြိုက်တဲ့ အသံရှင်ဆိုရင် အဆောင်စောင့်နဲ့ပေါင်း၍ လက်ဖက်သုပ်လေး မုန့်လေးပေးခိုင်းလို့ရသည်၊ သီချင်းဆိုသံများအပြင် တစ်ခါတစ်လေ အသဲကွဲသူတို့ အမုန်းပွားသူတို့ လာငိုချင်းချသံ ဆဲဆိုသံများလည်းကြားရသည်၊ ထမင်းစားချိန်တွင် မနေ့က ဘယ်သူ့အတွက်လာဆိုသွားတာ၊ ဘယ်သူကဖြင့် အဆဲခံရတာ၊ ဘယ်သူကဖြင့် ကဗျာရွတ်ခံရတာ စသဖြင့်မိန်းမပီပီ ဖေါက်သည်ပြန်ချလို့ရသည်၊ ဟောနေရသူတွေကတော့ သူတို့ပြောတာနားထောင်ယုံပင်။

ဟောနေရသူတွေကတော့ အပြင်ကသီချင်းဆိုသံကို သဲသဲကွဲကွဲမကြားရပေမဲ့ အပြင်ရိုးနေရသူတွေအတွက် အားကျစရာတွေရှိသည်၊ ဖျာလိပ်နတ်မေးခြင်း၊ သရဲခေါ်ခြင်း၊ ဗေဒင်လက္ခဏ ဟောခြင်း ပိုကာဒေါင်းနိုင်ခြင်းတို့လုပ်လို့ရသည်၊ ဖျာလိပ်နတ်မေးခြင်း၊ သရဲခေါ်ခြင်းတို့တွင်လည်း ကချင်နည်း၊ ယောနည်း၊ မြစ်ဝကျွန်းပေါ်နည်း၊ ရခိုင်နည်း စသဖြင့် အနယ်နယ်အရပ်ရပ်က နည်းမျိုးစုံသုံးလို့ရသည်၊ ဒါအပြင် ရှမ်းပြည်ကရွှေလိမ္မော်၊ ကချင်၊ ချင်း ခေါင်ရည်တွေနဲ့ စတင်မိတ်ဆက်ရာနေရာလည်းဖြစ်သည်။

အစ်မကြီးသည် အဆောင်ရောက်ပြီး ပထမနှစ်ကုန်ခါနီးတွင် အပြင်ရိုး၏ အတွေ့အကြုံကို ထိတွေ့ခွင့်ရခဲ့သည်၊ ကျောင်းပြီးတော့မည် စီနီယာတစ်ယောက်သည် ရွာမှာကျန်ရစ်ခဲ့သူနဲ့ ခုမှကျောင်းမှာတွေ့ရတဲ့သူ ဘယ်လိုရွေးမလဲ အခက်တွေ့နေသည်၊ အစ်မကြီးတို့အခန်းထဲမှ မြစ်ဝကျွန်းပေါ်သူသည် ဖျာလိပ်နတ်နှင့် ဗေဒင်လက္ခဏ ဟောရာတွင် နာမည်အသင့်တင့်ရသည်၊ ထိုအတွက် စီနီယာသည် သူ ဖျာလိပ်နတ်နှင့် ဗေဒင်လက္ခဏမေးရန်အတွက် အစ်မကြီးနှင့် တစ်ည အခန်းလဲကြသည်၊ အဆောင်မှူးနှင့် ဟောကျူတာတွေမသိအောင်လည်း လုပ်ရသည်၊ စီနီယာ၏ အခန်းနံပတ်သည် ၁၃၅၊ ဒီမှာ အစ်မကြီးသည် အခန်း ၁၃၅ နှင့် စတင်ရင်နှီးခွင့်ရရှိခဲ့သည်။

အခန်း ၁၃၅ သည် အင်းလျားဆောင်၏ အရှေ့မျက်နှာစာတွင်ရှိသည်၊ အင်းလျားလမ်းကိုမျက်နှာမူထားသည်၊ အဆောင်ပါလာနဲ့လည်းနီးသည်၊ အဆောင်ရှေ့သီချင်းဆိုသံများကို အနီးဆုံးကြားရသော အခန်းဖြစ်သည်၊ အဆောင်စောင့်ကို အချိန်မရွေး ခေါ်နိုင်ပြုနိုင်သော နေရာလည်းဖြစ်သည်၊ တစ်ခါတစ်လေ အဆောင်မှူးစိုက်ထားသော ပန်းပင်များမှ ပန်းရနံ့လေးတွေကိုရသောနေရာလည်းဖြစ်သည်၊ အခန်း ၁၃၅ သည် ဟောခန်းကြီးကို နှစ်ယောက်နေအခန်းလေးခု ဖွဲ့ထားခြင်းဖြစ်သည်၊ ထိုအတွက်အခန်းနရံများ၏အပေါ်ပိုင်းသည် မျက်နှာကျက်ထိမရောက်ပဲလွတ်နေသည်၊ နောက်ပြီး ၁၃၅ ဆိုသည်က ၁+၃+၅=၉ ဖြစ်သည်၊ ၉ အခန်းဖြစ်သည်၊ ဘေးအခန်း ၁၃၆လို ဘူအခန်းမဟုတ်ပေ။

ထိုညက အစ်မကြီးသည် တကယ့်စိတ်လှုပ်ရှားမိသည်၊ ညမိုးချုပ်သည်နဲ့ သီချင်းသံတို့ထွက်ပေါ်လာသည်၊ စီနီယာ၏ အခန်းဖေါ်က သီချင်းမကြိုက်သော်လည်း ဘယ်သူတွေလဲ၊ ဘယ်အဖွဲ့လဲ၊ ဒီအဖွဲ့ကဖြင့် ညနှစ်နာရီကြပြန်လာလိမ့်မယ် စသဖြင့် သူကို ပြောပြသည်၊ ထိုညက အစ်မကြီးသည် သီချင်းဆိုသံများကို နားထောင်ရင်း ညနှစ်နာရီကျော် လောက်မှ အိပ်ပျော်သွားသည်ထင်သည်၊ မနက် စီနီယာ၏ အခန်းဖေါ်နိုးမှ နိုးတော့သည်၊ ဒီလိုနဲ့ အစ်မကြီးသည် အခန်း ၁၃၅ အိပ်ဖြစ်ခဲ့သော ညတွေမနည်းခဲ့ပါ။

…………………………………….

နောက်နှစ်ကျောင်းပြန်ဖွင့်တော့ အစ်မကြီးသည် အခန်းပြောင်းရသည်၊ တိုက်ဆိုင်သည်ဟုပြောရမလား သူရသည့်အခန်းက အပြင်ရိုးအခန်း ၁၃၅ ဖြစ်နေသည်၊ အစ်မကြီး၏ အခန်းဖေါ်သည် မုံရွာကဖြစ်ပြီး၊ အစ်မကြီးကို အရမ်းခင်အလိုလိုက်သည်ဆို၏၊ အခန်း ၁၃၅ သည် အစ်မကြီး၏အခန်းဖြစ်လာသောအခါ နှစ်ယောက်နေရမည့် အခန်းသည် အနည်းဆုံးညညကြရင် သုံးယောက်လောက်ဖြစ်နေတတ်သည်၊ ဒီနေ့ကျမကောင်လေး သီချင်းလာဆိုမလို့တဲ့ဆိုရင် အစ်မကြီးက လာခဲ့လေ အားလုံးအိပ်ချိန်ပေါ့နဲ့ ဒီလိုဖြင့် ၁၃၅ သည်စည်ကားခဲ့သည်၊ ထိုအတူ အသံတိုးညှင်းစွာဖြင့် စကားအများကြီးပြောတတ်သော အကျင့်ကိုရခဲ့သည်၊ အဆောင်မှူးမကြားစေရန် ဘေးအခန်းတွေကို မနှောက်ယှက်မိစေရန်ဖြစ်သည်၊ ၁၃၅ အတွက်ဆိုပြီး သီချင်းတောင်းဆိုမှု သီဆိုမှုများပင်ရှိလာသည်၊ အဆောင်ရှေ့လာဆိုလေ့ရှိကြသော နာမည်ကြီးအဆိုတော်များပင် ၁၃၅ ကိုသိလို့နေပြီ၊ သီချင်းသစ်များ၏ သီချင်းစာသားလိုချင်ရင် ၁၃၅ မှာယူလို့ရတယ်အထိဖြစ်ခဲ့သည်၊ ဒီလိုနဲ့ စာသင်နှစ်တစ်နှစ်သည်လည်း ပြီးဆုံးလို့သွားခဲ့သည်။

…………………………………….

နောက်တစ်နှစ်ကျောင်းပြန်ဖွင့်တော့ အစ်မကြီးသည် အံ့သြမှုကိုကြုံရပြန်သည်၊ အဆောင်မှူးသည် အစ်မကြီးကိုခေါ်၍ အခန်း ၁၃၅တွင်ပဲ ပြန်နေရန်ပြောသည်၊ အစ်မကြီးသည်လည်း အဆောင် အီးစီအဖွဲ့ဝင်လည်းဖြစ်နေပြီဖြစ်သည်၊ ဒီလိုနဲ့ အခန်း ၁၃၅ သည် မနှစ်ကလို ရှင်သန်လှုပ်ရှားနေပြန်သည်။

မှတ်မှတ်ရရ ဒီဇင်ဘာ ၂၄ ရက် ခရစ်စမတ်အကြိုညတွင် ကချင်ကျောင်းသူတစ်ယောက် အပြင်ကဝိုင်အရက်ယူလာသည်၊ သူနဲ့အတူ ခရစ်စမတ်အကြိုဆင်နွဲဖို့ပြောသည်၊ အဆောင်မှူးဒီညမရှိကြောင်း သတင်းရထားပြီဖြစ်သည်၊ ထိုအတွက် သူငယ်ချင်းလေးယောက်စုပြီး ၁၃၅ တွင်ဒီညဝိုင်းဖွဲ့ရန် ဆုံးဖြတ်လိုက်ကြသည်၊ ကျန်နှစ်ယောက်ကိုလည်း အားတဲ့အချိန်လာခဲ့ရန် ဖိတ်လိုက်သည်။

ဝိုင်းကို စောစောပင် ညကိုးနာရီခွဲလောက်မှာ စဖြစ်သည်၊ မြေပဲလှော်၊ ရခိုင်ငါးလေးကြော်၊ ဝက်အူချောင်းကြော်၊ ခရမ်းချဉ်သီးသုပ်နဲ့ အမြည်းသည်မြိုင်နေသည်၊ အခန်းမီးကိုမဖွင့်ပဲ၊ ဓါတ်မီးကို စက္ကူအုပ်ဆောင်းလုပ်ကာ ဖွင့်ထားသည်၊ ဝိုင်အရက်နှစ်ပုလင်းက နိုင်ငံခြားကလာသည်၊ ခြောက်ယောက်လုံးအနည်းဆုံး တစ်ငုံစီတော့သောက်ရသည်၊ အစ်မကြီး၊ ကချင်ကျောင်းသူနှင့် ကျန်နှစ်ယောက် အများဆုံးသောက်ကြသည်၊ ညတစ်နာရီကျော်သောအခါ အားလုံးမူးနေကြပြီဖြစ်သည်၊ နှစ်ယောက်အခန်းပြန်ပြီး အမြည်းအတွက် ပဲကြော်သုပ်သွားသုပ်သည်၊ အဆောင်ရှေ့မှာတစ်ယောက်က ထူးအိမ်သင်သီချင်းလာဆိုနေသည်၊ ထူးအိမ်သင်သီချင်းတွေကို အစ်မကြီးကြိုက်သည်၊ မူးမူးနဲ့ အသံမထွက်တစ်ထွက်လေး လိုက်ဆိုမိနေသည်။

လရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ်......
…….. တွေးကြည့်ရင် ကိုယ်သိပ်ပျော်တာပဲ……
ချစ်သူရဲ့ အရိပ်ကလေးဖြစ်ချင်တယ်.....
ဆွေးတယ်.....အိုးအိုးအိုဆွေးတယ်.....

သီချင်းလိုက်ဆိုနေသော အစ်မကြီး အသံတိတ်သွားသည်၊ မျက်လုံးဖွင့်ပြီး ပါးစပ်ကဟထားသည်၊ မျက်နှာကပြုံးနေသည်၊ ကချင်ကျောင်းသူက မင်းမနောက်နဲ့ကွာ ဆိုပြီး လက်မောင်းကိုတွန်းလှုပ်သည်၊ အစ်မကြီးက ဘာမှမတုန့်ပြန် အဲလိုပုံစံကြီးနဲ့ ကြက်သေသေနေသည်၊ ဒီကောင်တော်တော်နောက်တဲ့ကောင်ဆိုပြီး ရယ်ရယ်မောမောလုပ်နေကြသည်၊ လေးငါးမိနစ်ကြာသောအခါ အတူနေမုံရွာသူက ဒီကောင်တစ်ခုခုဖြစ်နေပြီလို့ပြောလိုက်တော့၊ အားလုံးကြောင်နေကြသည်၊ အသက်ရှုသေးရဲ့လားအမေးများနဲ့၊ ခြေမချိုးစသဖြင့် အစ်မကြီး၏ ကိုယ်လုံးနှင့် မျက်နှာကိုကိုင်ကာ လှုပ်နှိုးနေကြသည်။

အစ်မကြီးသည် သီချင်းကိုလိုက်ဆိုနေရင်း သတိလစ်သလိုခံစားလိုက်ရသည်၊ သတိပြန်ရလာသောအခါ၊ အစ်မကြီးသည် ပေါ့ပါးသလိုခံစားရသည်၊ ကြည့်လိုက်သောအခါ အောက်တွင် သူ့သူငယ်ချင်းများ သူ့ကို လှုပ်နှိုးနေသည်ကိုတွေ့ရသည်၊ သူသည်အခန်း၏အရှေ့ထောင့် မျက်နှာကြက်ပေါ်တွင်ရောက်နေသည်၊ သူပြန်ဆင်းရန် သူကိုယ်ထဲပြန်ဝင်ရန်ကြိုးစားကြည့်သည်၊ မရ၊ ထိုအချိန်တွင် ပဲကြော်သုပ်လာသော သူငယ်ချင်းတံခါးဖွင့်ဝင်လာသည်၊ ဘာလို့တံခါးဖွင့်လိုက်တာလဲ၊ မြန်မြန်ပြန်ပိတ်ဆိုတဲ့ အခန်းဖေါ်၏အော်သံကိုကြားရသည်၊ ပွင့်လာသောတံခါးမှ အစ်မကြီးအပြင်သို့ထွက်လိုက်သည်။

အစ်မကြီးအပြင်သို့ရောက်သော် လေးယောက်ခန်းကိုကျော်ကာ ပါလာဘက်ထွက်လိုက်သည်၊ ပါလာခုံတန်းပေါ်တွင် ကျောင်းသူနှစ်ယောက်ထိုင်နေကြသည်၊ ဒီအချိန်ကြီးပါလာမှာ ဘာလို့ထိုင်နေကြသလဲ သူတွေးမိသည်၊ သူတို့သည် ဆံပင်အရှည်များနဲ့ဖြစ်သည်၊ ဝတ်စားဆင်ယဉ်မှုသည် လွန်ခဲ့သောအနှစ်၂၀ ခန့်က၊ မျက်နှာများကိုသဲကွဲစွာ မမြင်ရ၊ ဖြူဖတ်ဖတ်ပုံစံတွေမှန်းတော့သိသာသည်၊ ပါလာကျော်လာသော်လည်း တံခါးပိတ်ထား၍ ဆင်ဝင်သို့ထွက်မရပေ၊ အထဲမြက်ခင်းဘက်သို့သွားဘို့အပြင် အပေါ်ထပ်လှေခါးဘက်သို့ ကြည့်လိုက်မိသည် လှေခါးတွင် စောင့်ကြောင့်ထိုင်၍ သူ့ကိုကြည့်နေသော အမျိုးသမီးတစ်ဦးကိုတွေ့ရသည်၊ ဆံပင်ကဖားလားချထားသည်၊ သူ့ကိုကြည့်နေသော မျက်လုံးများကား နီရဲနေသည်ကို အမှောင်ထဲမှပင်မြင်ရသည်၊ အစ်မကြီးကြောက်လန့်သွားသည်၊ ထိုအချိန်မှာ သူငယ်ချင်းတစ်ယောက် သုတ်သုတ်နဲ့ သူတို့အခန်းဘက်ကိုလာနေတာတွေ့၍ ပြန်လိုက်သွားသည်၊ အပြင်ဘက်တွင် မနေရဲတော့၊ ထိုသူငယ်ချင်းက အခန်းထဲကကျန်သူတွေကို တံခါးဖွင့်ခိုင်းပြီး အခန်းထဲဝင်လိုက်သည်၊ အစ်မကြီးလည်းလိုက်ဝင်လိုက်သည်၊ အခန်းထဲတွင် သူခန္ဓာကိုယ်ကိုနည်းမျိုးစုံနှင့် လှုပ်နိုးနေကြသော သူငယ်ချင်းများကို တွေ့ရသည်၊ သူတို့၏မျက်နှာတွင် အမူးများပျောက်လို့နေပြီ၊ အစ်မကြီးသည် အပေါ်ကနေ အားလုံးကိုတွေ့နေရသည်။

ထိုအချိန်တွင် အေးစက်ခြင်းကိုခံစားလိုက်ရသည်၊ ဝူးဝါး ဝူးဝါး အော်လိုက်မိသည်၊ ‘သတိရလာပြီ’ ‘သတိရလာပြီ’ ဆိုသော အသံများ၊ သူငယ်ချင်းများ၏ ဝမ်းနည်းဝမ်းသာငိုသံ အော်သံများကို ကြားလိုက်ရသည်၊ အစ်မကြီးကတော့ အသက်ကို ဝအောင်ရှုနေဆဲ၊ ဘာမှပြန်မပြောဖြစ်၊
လုပ်မိလုပ်ရာ အခန်းဖေါ်မုံရွာသူက ပရိတ်ရေနဲ့ပက်လိုက်ခြင်းဖြစ်သည်။

နောက်နေ့ အဖြစ်အပျက်ကို အစ်မကြီးတို့ သူငယ်ချင်းတသိုက်ပြန်ပြောဖြစ်ကြသည်၊ ကျောင်းပြီးသွားသည့်အချိန်အထိ သူငယ်ချင်းခြောက်ယောက် ညအပြင်မထွက်ရဲတော့၊ မဖြစ်မနေထွက်ရလျှင် အနည်းဆုံးသုံးယောက်ထွက်ဖြစ်သည်၊ အစ်မကြီးသည် အဆောင်အပေါ်ထက်သို့ တက်စရာရှိလျှင် ပါလာဘေးက လှေခါးကိုရှောင်တော့သည်၊ ထိုအပြင် အစ်မကြီးတို့ သူငယ်ချင်းခြောက်ယောက် ဘာသာရေးကို ပိုလုပ်ဖြစ်လာကြသည်ဟုဆိုသည်။

အစ်မကြီး၏ ဘဝတွင် အင်းလျားဆောင်နှင့် အခန်း ၁၃၅ ကိုမမေ့နိုင်တော့ပေ။…။

…………………………………………



အင်းလျားဆောင်သူ တစ်ယောက်၏ သူ့၏ကိုယ်တွေ့ OBE ကို ပြန်ပြောပြသည်ကို ရေးပြလိုက်ရပါသည်။

23 comments:

သဒ္ဓါလှိုင်း said...

လွမ်းစရာ့ တက္ကသိုလ်ကျောင်းသူဘဝလေးပဲ။

Anonymous said...

လွမ်းလိုက်တာ၊ လွမ်းလိုက်တာ၊ သတိရလိုက်တာ
ကျမက အင်းလျှားဆောင်သူပါ၊

ahphyulay said...

အင်းလေ...
မဖြစ်နိုင်ဘူးလို့  ဘယ်သူပြောမလဲ..၊
တက္ကသိုလ်မြေမှာ ဒီလို ဇာတ်တွေက
အများကြီးပဲလေ၊ မြေခ, ခဲ့ ကြရတာ ပြော
ပါတယ်။ ညနေနေဝင်ရီတရော အချိန်ဆို
အင်လျားမြေတစ်ခုလုံးရဲ့  အပင်ကြီးငယ်
တို့ ဆီက ပုဇင်းရင်ကွဲ အော်မည်သံတွေဟာ
နားကွဲလုမတတ်ပါပဲ။ ကန်ရေပြင်ကို ရှပ်တိုက်
လာတဲ့  လေနုအေးလေးကတော့  အမြဲ လတ်
ဆတ်နေတုံးပါပဲ..။

Anonymous said...

တချိန်တုန်းက တက္ကသိုလ်ပေါ့၊
မင်းမင်း

မြစ်ကျိုးအင်း said...

အဆောင်နေ ဘဝက ရသအစုံအလင်ပါပဲ။ ဘယ်သူမှလည်း မမေ့နိင်ကြတဲ့ ဘဝလည်း ဖြစ်မယ်ထင်တယ်။

ကိုဇော် said...

လူက အားကလည်း နည်းနေပါလိမ့်မယ် ဒီအချိန်မှာ အရက်မူးလိုက်တော့ လူက စိတ်လေး လွတ်သွားတဲ့ အချိန်မှာ ကပ်သွားတာ ထင်ပါတယ်။ ကံကောင်းလို့သာပေါ့။ အပြင်ကို အကြာကြီး ထွက်သွားရင် မလွယ်ဘူး။

Anonymous said...
This comment has been removed by a blog administrator.
ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုဆိုးဆီ ပိုစ့်လေးဖတ်လိုက်တော့ ငယ်မူငယ်သွေးနဲ့ အဆောင်နေကျောင်းသူဘ၀ကို သတိရသွားပြီ။
အဆောင်နေကျောင်းသူဘ၀မှာ မပါမပြီး ရင်ခုန်စရာက အပြင်က လာဆိုတဲ့ သီချင်းသံတွေနဲ့ တစ္ဆေပုံပြင်တွေပေါ့
အမှတ်ရစရာတွေပါဘဲ..
သတိရလိုက်တာ

Anonymous said...

ကိုဆိုဆီ က တော့ လုပ်ချလိုက်ပြန်ပြီ

ကောင်းကင်ပြာကြီး ရဲ့ အောက်မှာ မဖြစ်နိုင်တာဆိုတာ မရှိပါဘူး

ကြောက်တော့ ကြောက်တယ်ဗျာ ဒါနဲ့ သူတို့ ဘာဝိုင် များသောက်ကြပါလိမ့်

ရွှေစင်ဦး

nyan gyi said...

ထူးအိမ်သင်သီချင်း ကြိုက်တဲ့ အင်းလျားသူတစ်ယောက်ကို သတိရသွားတယ်၊
ဘယ်အခန်းနေမှန်းတော့မသိဘူး၊

Anonymous said...

လာဖတ်သွားပါတယ်၊
အင်းလျားဆောင် ပါလါထဲမှာ တကယ် သရဲရှိတာလား၊
လှေခါးမှာရောလား၊ ပရိတ်တွေဘာတွေရွတ် အမျှဝေကြတာမလုပ်ကြဘူးလား၊
သက်တမ်းကြာသွားရင် မကောင်းဘူး။
နေနိုင်

An Asian Tour Operator said...

လွမးစရာလေးတွေပါလား..

ခရစ္စတလ် said...

ဟူး ဖျာလိပ်နတ်မေးဖူးတယ်၊ ယုံရခက် မယုံရခက်။

ကိုအောင်(ပျူနိုင်ငံ) said...

အင်းလျားပြီးရင် ရတနာဖက် သွားဦးလေဗျာ၊
ရတနာသူတွေက ပိုချောတယ် ... :P

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး ရေ-
“မုံရွာသူ”တယ်စွမ်းသဗျာ-

လသာည said...

စိတ်ဝင်စားစရာပဲ..

တော်သေးတာပေါ့.. သူ့ ပြန်ဝင်လာနိုင်လို့..။

ပြီးတော့ ပြန်ပြောပြနိုင်အောင် မှတ်မိနေတယ်ဆိုတော့ တသက်လုံးကြောက်နေမယ်ထင်တယ်နော်။

flowerpoem said...

အဲဒါတွေက အဆောင်တိုင်းရှိတယ်နော် တကယ်ဖြစ်ခဲ့တဲ့ လူကတော့ မေ့မှာမဟုတ်ဘူး ကြောက်စရာကြီး :)

အင်္ဂါဟူး said...

အဲဒီ အချိန်မှာ နှလုံးများ ခုန်နေသေးသလား။ သေပြီးထင်ပြီး လုပ်ကြ။ အစ်မကြီးက ပြန်ဝင်မရရင် ဒုက္ခဗျာ။

rose of sharon said...

ဖတ်ရင်းနဲ့ ကြက်သီးထတယ်...

Kay said...

ကိုကြီးကျောက် ဘလော့ကို သတိရလို့ အလည်သွားရင်း ..ပို့စ် အသစ်တွေမှာ အင်းလျားဆောင်ပုံ လေး တွေ့ လို့ ကလစ် လိုက်ရင်း..ဖတ်ဖြစ်တယ်။ ကျမ ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အဖြစ်ကလေး ကို လည်း ကျမ ရေးခဲ့ဖူးတယ်။ တကယ်လား.. အိပ်မက်လား ဆိုတာတော့.. စာထဲက အတိုင်းပါပဲ...။ ဒါနဲ့ ဒီဘလော့ လေးကိုပါ..မိတ်ဆွေ လုပ်သွားပါတယ်။

http://kthwe.blogspot.com/2009/09/blog-post_17.html

ဟန်ကြည် said...

အေးဗျာ...တက္ကသိုလ်ကျောင်းသားဘ၀စစ်စစ်ကို မခံစားဖူးလိုက်တာ တစ်ဖူနာတာပဲ...ဒါပေမယ့် အဲဒီအစ်မကြီးလို အတွေ့အကြုံမျိုးတော့ တော်သေးပြီ...

မေဓာဝီ said...

အဆောင်မနေဖူးပေမဲ့ အင်းလျားဆောင်မှာနေတဲ့ သူငယ်ချင်းတွေရှိလို့ သွားလည်ဖူးတယ်။ တခါတလေ နောက်ဘက်အပေါက်ကနေ ၀င်ခဲ့ဖူးသေးတယ်။ ဒီဇာတ်လမ်းဖတ်ပြီးမှဆိုရင် သွားလည်ရဲမယ် မထင်ဘူး။ ကြောက်တယ်။
အင်းလျား ရတနာ မာလာ သီရိ အဆောင်လေးတွေ မျက်စိထဲ ပြန်မြင်လာတယ်။ ကျောင်းကို လွမ်းလိုက်တာ။

အင်ကြင်းသန့် said...

ကိုဆိုဆီရေ....ဖတ်လို့လဲကောင်းတယ်...
ကြောက်လည်းကြောက်သွားတယ်....အဟီးး