Saturday, January 8, 2011

အာလ်ဂျုးနီး(Aljunied)က အသံများ



အာလ်ဂျုးနီး (Aljunied) ဆိုသည်မှာ စင်္ကာပူက MRT ဟုခေါ်သော မြို့ပတ်ရထား ဘူတာရုံတစ်ခု၏ နာမည်ဖြစ်သည်ဟု လွယ်လွယ်ကူကူ ဆိုရပါမည်၊ ထိုအာလ်ဂျုးနီးဘူတာ ပတ်ဝန်းကျင်တွင် နေထိုင်သူများက ဘယ်မှာနေလဲမေးရင် အာလ်ဂျုးနီးမှာ နေသည်ဟုဖြေကြပါသည်။

ကျနော့်အရင်းဆုံးသူငယ်ချင်း မောင်စိုးတစ်ယောက် လွန်ခဲ့သောနှစ်က အစိုးရ HDB တိုက်ခန်းဝယ်ချင်သော ဆန္ဒပြင်းပြခဲ့သည်အလျှောက် တိုက်ခန်းပေါင်း ၃၀ ကျော် ကြည့်ပြီးသောအခါ အာလ်ဂျုးနီးဘက်တွင် ဝယ်ဖြစ်ခဲ့သည်၊ ပထမအစက အနောက်ဂျိုရောင်းဘက်တွင် ဝယ်ချင်သော်လည်း သူ့ကြိုက်သော အခန်းက မြန်မာလူဦးရေပြည့်သွားသဖြင့် မဝယ်ဖြစ်ခဲ့၊ ဒီနောက် အာလ်ဂျုးနီးတိုက်ခန်းကို ရထားဘူတာရုံနဲ့နီးသည် ပေါက်ဈေးထက် နှစ်သောင်းသာပိုပေးရ၍ တန်သည်ဟုဆိုကာဝယ်ဖြစ်ခဲ့သည်၊ အိမ်ပြောင်းသောနေ့ အိမ်သစ်တက်သောနေ့ များကိုလည်း စင်္ကာပူတွင်မရှိသဖြင့် ကျနော်မရောက်ဖြစ်ခဲ့ပါ။

ဒီတစ်ခါတော့ မောင်စိုးတစ်ယောက် ကျနော်ကို ကိုယ်တိုင်လာခေါ်သည်၊ သူ့အိမ်တွင်တစ်ရက်လောက် အိပ်ပြီးနေပေးရန် ဆိုလာသည်၊ မြဝင်းဟုခေါ်သော နောက်သူငယ်ချင်းတစ်ယောက်ပါအပိုခေါ်လာသည်၊ ကျနော်တို့ကို လာခေါ်ရခြင်းအကြောင်းရင်းက သူ့အိမ်တွင် ညည အသံတွေကြားနေရသည်ဆို၏၊ ငါအိမ်မှာ တစ်ခုခုရှိနေတယ်ထင်တယ်၊ ငါရော ငါ့မိန်းမပါ အသံတွေကြားနေရတယ်၊ ငါ့သမီးကငယ်လို့လားမသိဘူး မကြားရဘူးဟုဆိုသည်၊ မင်းတို့များ ဘာကူညီနိုင်မလဲဆိုပြီး လာခေါ်တာ၊ အိမ်သစ်တက်သောနေ့တွင် ဘုန်းကြီးသုံးပါးပင့်ပြီး ပရိတ်ကြီးတွေဘာတွေ ရွတ်ပြီးပြီဟုဆိုသည်၊ ခုသူ့မိန်းမက မြန်မာပြည်ပြန်မည်ဟု ဂျီတိုက်နေသည်၊ ဒီအိမ်ကိုသူရွေးတာဆိုပြီး အပြစ်ပုံချလေသည် မိန်းမတို့၏ သဘာဝပေလော၊ တကယ်တော့ ကျနော်တို့ သုံးယောက်လုံးပင် သရဲ တစ္ဆေ နာနာဘာဝ များကို စာအုပ်ဖတ်ဘူး ရုပ်ရှင်တွေသာကြည့်ဘူးခြင်းဖြစ်သည် ဘာအတွေ့အကြုံမှမရှိ၊ သူငယ်ချင်းနည်း၍ အားကိုးမရှိ၍ လာခေါ်သောသူငယ်ချင်းနှင့် ကိုယ်ကလည်း စူးစမ်းချင်သောကြောင့် အာလ်ဂျုးနီးသို့ ရောက်ရပေဦးမည်။

မောင်စိုးဝယ်လိုက်သော တိုက်ခန်းသည် အာလ်ဂျုးနီးဘူတာရုံ ဂုံးကျော်ပြီး သံလမ်းအတိုင်း လေးငါးမိနစ်လောက် လျှောက်ကရောက်သည်၊ အောက်တွင် အာလ်ဂျုးနီးဈေးရှိသည်၊ ကျနော်တို့ မောင်စိုးတိုက်ခန်းရောက်တော့ ညနေ ၆နာရီကျော်နေပြီ၊ အိမ်တွင် ကျနော်တို့ကို မျှော်နေသော မောင်စိုးမဟေသီ ခင်စန်းဝင်းနှင့် သမီး ချောစုတို့ကိုတွေ့ရသည်၊ ချောစုကရှစ်နှစ်ကျော်ကျော်သာ ရှိသေးသည် ခင်စန်းဝင်းချက်ထားသော ကြာဇံကြော်ကို ကျနော်တို့အားလုံး ညစာအဖြစ် သုံးဆောင်လိုက်ကြသည်၊ ရှေးဟောင်းနှောင်းဖြစ်များပြောကာ ကျနော်တို့ညမိုးချုပ်လာမည်ကို စောင့်နေကြသည်၊ ကျနော်က ‘မင်းတို့ဟာ နာနာဘာဝမှ ဟုတ်ရဲ့လား ဘုန်းကြီးတွေ့လဲပင့်ပြီးပြီ၊’ ခင်စန်းဝင်းက ‘နင်တို့စောင့်ကြည့်ပါ ငါတို့ကညတိုင်းကြားရလို့ဟုဆိုသည်၊ ဘာပြောမလည်း ငါတို့ဘေးနားမှာ တစ်စုံတစ်ယောက် ရှိနေသလို အဲဒီလိုခံစားရတယ် ကြုံဘူးမှသိမှာပါ၊’ မြဝင်းက ‘စင်္ကာပူက ဘုန်းကြီးတွေက တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင် ရန်ဖြစ်နဲ့ အစွမ်းမထက်ဘူးထင်တယ်၊’ ကျနော်က ဟေ့ကောင် ‘ဘုန်းကြီးတွေပြိုင်တာ မဟုတ်ဘူး ဒကာတွေဒကာမတွေကွ၊’ မြဝင်းက ‘ဒကာတွေဆိုတော့လည်းဒကာတွေပေါ့ကွာ၊’ မောင်စိုးက ‘ဒကာမတွေပိုဆိုးတာကွ၊’ ည ဆယ်နာရီလောက်တော့ သမီးလေးချောစုအိပ်သွားပြီဖြစ်သည်၊ ခင်စန်းဝင်းပါဝင်အိပ်သည်၊ ကျနော်တို့က TV ကြည့် စကားဆက်ပြောနေဖြစ်သည်၊ ည ၁၂ နာရီကျော် ဘာမျှမထူးခြား အိပ်ဘို့ပြင်ကြသည်၊ မောင်စိုးတို့ဝယ်လိုက်သည့် တိုက်ခန်းက အိပ်ခန်းသုံးခန်းပါသည်၊ ကျနော်နဲ့မြဝင်းတို့ တစ်ခန်းစီအိပ်မည်ဆိုသည့်အခါ မြဝင်းကမအိပ်ရဲဟုဆိုသည်၊ မင်းကကြောက်တတ်လိုက်တာ၊ ကြောက်တယ်ကွာ ဘာဖြစ်လဲ ဟုဆိုသည်၊ ဘာလို့လိုက်လာသေးလဲ ဟုမေးရာ၊ မလိုက်ရင်ဒီကောင်က သတ်မှာဟုဆိုကာ မောင်စိုးဘက်မေးငေါ့ပြသည်၊ ဒီလိုနဲ့ ကျနော်တို့ မောင်စိုးတို့အိပ်သည့် မာစတာအိပ်ခန်း၏ မျက်နှာချင်းဆိုင် အခန်းတွင်အိပ်ဖြစ်ကြသည်။

အိပ်ရင်းနဲ့ မောင်စိုးတို့ပြောသည့် အသံများကို ကျနော်စဉ်းစားမိသည်၊ အိမ်နောက်ဖေးဘက်က အဝတ်ထွက်လှမ်းသံ၊ မီးဖိုချောင်က ပန်းကန်ခွက်ယောက်များအသံ၊ မီးခလုပ်တွေဖွင့်ပိတ်သံ၊ နောက်ပြီး အခန်းရှေ့ကဖြတ်လျှောက်သွားသည့် ပြင်းပြင်းခြေသံ၊ ဒီအသံများသည် တကယ် နာနာဘာဝများ၏ အသံဖြစ်နိုင်ပါသလား၊ ဒါဆိုသူကဘာလို့ အသံတွေလိုက်ပေးသနည်း၊ တကယ်တော့ ဘာသက်သေပြစရာမရှိ ဘယ်သူမှလဲမတွေ့ဖူးဘူး၊ မမြင်အပ်သော မမြင်သင့်သော သူတို့၏အကြောင်းအရာများကား ဆန်းကြယ်ပေသည်၊ စဉ်းစားရင်းအိပ်ပျော်သွားသည်။

အသံတစ်သံကြောင့် ကျနော်နိုးလာသည်၊ ဘေးကမြဝင်းကတော့ ဟောက်လို့ကောင်းဆဲ၊ ကျနော်မအိပ်ခင်က အသံကြားရအောင် တံခါးကိုခပ်ဟဟဖွင့်ထားခဲ့သည်၊ အသံသည် အိမ်နောက်ဖေးဘက်က လာသည်၊ ကျနော်ဖြေးညှင်းစွာထ လိုက်သည်၊ လက်ထဲတွင် LEDဓါတ်မီးလေးကိုင်ကာ နောက်ဖေးဘက်သို့ ထွက်လာခဲ့သည်၊ နောက်ဖေးရောက်တော့ ဘာသံမျှမကြားတော့ ဓါတ်မီးနှင့်ဟိုဟိုဒီဒီ ထိုးကြည့်သည်၊ နောက်ဖေးပေါက်က အပြင်သို့ အပေါ်ကြည့် အောက်ကြည့်မိသည် ဘာမှမတွေ့၊ ပြီးမှမီးဖွင့်လိုက်သည် အိမ်မြှောင်နှစ်ကောင်မှလွဲ၍ ဘာမှမရှိ၊ ခုမှစဉ်းစားမိသည် ခုနနောက်ဖေးပေါက်က ထွက်ကြည့်တာ တန်းရှိနေလို့ တကယ်လို့ နာနာဘာဝတွန်းချလိုက်ရင် ဘယ်လိုနေမလဲ ခုမှ ကြက်သီးထလာသည်၊ ဒီအထပ်က ၁၂ ထပ် နာနာဘာဝကြိုက်တတ်သောအထပ် ၁၂ ဂဏန်းသည် နာနာဘာဝများ၏ ဂဏန်းဟုဖတ်ဘူးသည်၊ ဒါကြောင့် ၂၀၁၂မှာ ဘာဖြစ်မည် ညာဖြစ်မည်ဆို၏၊ မီးပိတ် အခန်းထဲပြန်ဝင်လာကာ အသံတွေ ဆက်လက်နားစွင့်နေမိသည်၊ ခဏကြာအိပ်ပျော်သွားတော့သည်။

"အမယ်လေး လာကြပါ လာကြပါ" ခင်စန်းဝင်း၏ ငယ်သံပါအောင် အော်လိုက်သံကြောင့် ကျနော်လန့်နိုးသွားသည်၊ ဟေ့ကောင်တွေလာကြပါဦး ဆိုသည့် မောင်စိုး၏ခေါ်သံလည်းကြားရသည်၊ ကျနော်ထကာ မီးတွေဖွင့်ရင်း၊ သူတို့အခန်းဆီထွက်ခဲ့သည်၊ ဟေ့ကောင်တွေ ဟေ့ကောင်တွေ မောင်စိုးကား ဆက်ခေါ်နေဆဲဖြစ်သည်၊ သူတို့တံခါးကိုပုတ်ရင်း မင်းတို့တံခါးပိတ်ထားတာ ဘယ်လိုလာလို့ရမှာလဲလို့ လှမ်းပြောလိုက်သည်၊ ဒီကောင်တွေနိုးနေပြီ ဘာမှမဖြစ်ဘူးဆိုပြီး မောင်စိုးက သူ့မိန်းမကိုပြောသံကြားရသည်၊ ခဏနေကြာတံခါးဖွင့်သံကြားရသည်၊ မောင်စိုးတံခါးလာဖွင့်ခြင်းဖြစ်သည် ခင်စန်းဝင်းက မောင်စိုးကိုဖက်လျှက်ပါလာသည်၊ ကျနော်က ဘာဖြစ်တာလဲလို့ လှမ်းမေးလိုက်သည်၊ 'ငါ့မိန်းမအော်တာ၊' 'ငါသိသားပဲ၊' 'ကျမမြင်ရလို့' တုန်တုန်ယင်ယင်နဲ့ ခင်စန်းဝင်းဖြေသည်၊ ဘယ်မှာလဲ ဘာကိုလဲ ကျနော်မေးလိုက်သည်၊ မိန်းမဖြူဖြူဝဝကြီး မဟုတ်ဖူး ဝဝပြဲပြဲမျက်နှာကြီး၊ ပါးစပ်သေးသေး နှာခေါင်းပြားပြား မျက်စိသေးသေးမှိတ်ထားတယ်၊ ပါးဖေါင်းဖေါင်းကြီးတွေက လှုပ်နေတယ်၊ ဘယ်မှာမြင်ရတာလဲ မျက်စိ့ထဲမှာ၊ နင့်ဟာကအိမ်မက်ပါ၊ မောင်စိုး မင်းမိန်းမ ရေတိုက်လိုက်ဦး၊ မောင်စိုးရေသွားခတ်အချိန် ခင်စန်းဝင်း ကျနော်လက်တွေကို ဆုတ်ကိုင်ထားသည်၊ ခင်စန်းဝင်း၏လက်များ အေးစက်နေသည်၊ ခင်စန်းဝင်း ရေကိုတခွက်လုံးသောက်လိုက်သည်၊ သမီးလေးက မေမေကလဲ အိမ်မက်မက်တာကို၊ အဲဒီအချိန် မြဝင်းနိုးလာသည်၊ ဘာဖြစ်တာလဲဟုမေးလာ၍ မောင်စိုးက တော်တော်အားကိုးရမဲ့ကောင်၊ ငါ့မိန်းမအိမ်မက်မက်ပြီး လန့်အော်တာဟေ့၊ ဒီလိုနဲ့ မောင်းစိုးတို့သားအဖသုံးယောက် ကျနော်တို့နှစ်ယောက် အိမ်ရှေ့ဆိုဖါပေါ်ပြန်ရောက်လာကြသည်၊ သမီးလေးပြန်အိပ်ပျော်သွားပြီ၊ မြဝင်းလည်းဒီတစ်ခါ တစ်ယောက်ထဲ ဝင်အိပ်သွားသည်၊ ပြောသွားသေးသည် မြို့လယ်ခေါင်ကြီး ဘယ်သရဲမှ မချောက်ဘူး၊ ကျနော်နှင့် မောင်စိုး ချော့တလှည့် ရှင်းတလှည့်ဖြင့် ခင်စန်းဝင်းကို ပြန်အိပ်စေသည်၊ မနက် ၃ နာရီကျော်သွားပြီဖြစ်သည်၊ မောင်စိုးတို့ကို မီးဖွင့်အိပ်ဘို့မှာရင်း ကျနော်လည်းပြန်အိပ်ဘို့ကြိုးစားတော့သည်။

အိပ်ရင်းနဲ့စဉ်းစားမိသည်မှာ ခင်စန်းဝင်းတစ်ယောက်ညနေက ကျနော်တို့ပြောနေသည်များကို၎င်း သူစိတ်ထဲတွင် သရဲရှိသည်ဟုဆွဲနေ၍၎င်း စိတ်စွဲလန်း၍အိမ်မက်မက်ခြင်းဖြစ်နိုင်သည်၊ ကျနော်လည်းထိုကဲ့သို့အတွေးကြောင်ခဲ့ဘူးသည်၊ တစ်ချိန်က ဝါရှင်တန်ရုံးခွဲသို့အစည်းအဝေး သွားတက်တုန်းက လမ်းခရီးလေယာဉ်ပျံပေါ်တွင် အမေရိကန်စာရေးဆရာ ဒေးဗစ်နွိုင်း၏ ဝထ္ထုတိုများကိုဖတ်သွားမိသည်၊ ထိုဝထ္ထုတိုများထဲတွင် သန့်စင်ခန်းဆိုသည့်ဝထ္ထုတိုလေးကို အမှတ်ရှိစေသည်၊ ထိုဝထ္ထုလေးသည် နယူးယောက်ကိုအခြေခံရေးထားသည်၊ အမေရိကန် လူမဲတစ်ဦးသည် နယူးယောက် ဆင်ခြေဖုံးရပ်ကွက် အခန်းကျဉ်းလေထဲတွင် ရှုပ်ပွစွာဖြစ်သလိုနေထိုင်ရသည်၊ တစ်နေ့တွင်သူအလုပ်သစ်ပြောင်းရာ အလုပ်သစ်က သန့်စင်ခန်းနှင့်အိမ်သာသည် အလွန်သန့်ရှင်း၍ ပြောင်လက်ကာ သူအတွက်နေချင်စဖွယ်ဖြစ်နေသည်၊ အလုပ်အားသောအချိန်များတွင် ထိုအခန်းထဲတွင် သွားသွား နေလေ့ရှိသည်၊ တစ်ခါတစ်လေ အိမ်သို့ နောက်ကျမှပြန်ကာ ထိုသန့်စင်ခန်းတွင် နေနေလေ့ရှိလာသည်၊ သူအိမ်ထက်ကောင်းမွန်သော ဤသန့်စင်ခန်းကို စွဲလန်းနေပြီဖြစ်သည်။ တစ်နေ့တော့ ထိုပုဂ္ဂိုလ် ရုတ်တရက်သေဆုံးသွားကာ ထိုသန့်စင်ခန်းတွင် မကျွတ်မလွတ်ဖြစ်နေသည်၊ မသေသေးသော လူသားများနဲ့ သူအံ့ဝင်ခွင်ကျ မဖြစ်တော့သည်ပုံ နောက်ဆုံးတော့ အဲဒီ့ အခန်းထဲက သူလွတ်အောင်ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးထားသည်။

ဝါရှင်တန်ရုံးခွဲသို့ရောက်သောအခါ ထိုရုံးမှသန့်စင်ခန်းသည်လည်း တော်တော်သားနားသည် အိမ်သာကို ကျားမခွဲထားသော်လည်း သန့်စင်ခန်းက ကျားမ တူတူအသုံးပြုကြသည် အမျိုးသမီများသည် ထိုအခန်းတွင် မိတ်ကပ်နူတ်ခမ်းနီလိမ်း သူတို့၏ အဖုအရွအတုများကို နေသားကြအောင် ပြုပြင်ရာ နေရာဖြစ်သည်၊ ယောက်ျားများအတွက် ခေါင်းဖီး စာအုပ်ထိုင်ဖတ်လေ့ရှိသည်၊ ထိုလူများထဲတွင် မကျွတ်မလွတ်သူများ နာနာဘာဝများ ပါလေမလားဆိုပြီး ကျနော်ရှာကြည့်သည်၊ လူများ၏ ခပ်ကြောင်ကြောင်အကြည့်များကိုသာ ပြန်ရသည်၊ ကိုယ်တစ်ယောက်ထဲ ရှိနေတုန်းတစ်ယောက်ယောက် ဝင်လာလျှင် ကြက်သီးတောင်ထသွားသည် နာနာဘာဝများလား ဘာရယ်မဟုတ်ဝထ္ထုဖတ်ပြီး စွဲမိခြင်းဖြစ်သည်၊ ခင်စန်းဝင်းတစ်ယောက်လည်း ထိုသို့စွဲနေနိုင်သည် စဉ်းစားရင်းအိပ်ပျော်သွားသည်။

မနက် ၇ နာရီလောက်မှာနိုးသည်၊ မောင်စိုး၊ မြဝင်းနှင့် ကျနော်တို့သုံးယောက် အာလ်ဂျုးနီး ဈေးထဲတွင် ကော်ဖီသောက် ပလာတာဆင်းစားဖြစ်သည်၊ ပတ်ဝန်းကျင်ကို နည်းနည်းစပ်စုကြည့်ရာ တထပ်ထဲနေ တရုတ်အဘိုးကြီးတစ်ယောက်နဲ့ စကားပြောဖြစ်သည်၊ မောင်းစိုးတို့မဝယ်ခင် တရုတ်မိသားစု ၅ယောက်နေကြောင်း မိသားစုမှာ ခဏခဏ စကားများကြကြောင်း၊ ဒီအိမ်သူတို့နဲ့မကိုက်၍ နှစ်ပြည့်တာနဲ့ ရောင်းချင်ကြောင်းဆိုသည်၊ မူလအိမ်ရှင်များမှာ တမီးလ်ကုလားမိသားစုဖြစ်ပြီး အနည်းဆုံးလူဆယ်ယောက်လောက်နေကြောင်းပြောပြသည်၊ တမီးလ်အဖွားကြီးတစ်ယောက် ထိုတိုက်ခန်းတွင်ဆုံးခဲ့ကြောင်း ထပ်ပြောပြသည်၊ ဘာဖြစ်လို့လဲလို့ ကျနော်တို့ကိုပြန်မေးသည်၊ ဘာမှမဟုတ်ပါဘူးမေးကြည့်တာပါ၊ စက္ကူလေးဘာလေးမီးရှို့ပေါ့လို့မောင်စိုးကို အဖိုးကြီးကတိုက်တွန်းသည်၊ ဘာမှမဖြစ်ပါဘူး မလိုပါဘူးဟု ကျနော်တို့ပြန်ဖြေလိုက်သည်။
မြဝင်းက တစ်ခါကဝိဇ္ဇာလိုင်းလိုက်သော ဆရာတော်တစ်ပါး စင်္ကာပူလာတုန်းက ဘွန်လေးကအိမ်တစ်အိမ်နှင့် ဒီဆင်းမ်းဒရိုက်က အိမ်တွေမှာတည်းသည်၊ ဆရာတော်က စင်္ကာပူတွင် မကျွတ်မလွတ်တဲ့သူတွေများသည်ဆို၏၊ အာလ်ဂျုးနီးပတ်ဝန်းကျင် ရထားလမ်းအောက်တွင် နေထိုင်နေသော ထိုပုဂ္ဂိုလ်များ အများအပြားပင်ဟုဆိုသည်၊ ဒါကြောင့် မလေးတွေခေါစာပစ်ရင် ကလန်းဘက်လာပစ်ကြသည်ဟုသူထင်သည်ဆို၏၊ မြဝင်းကဆက်၍ တစ်ခါက မြန်မာကောင်မလေးတစ်ယောက် ညပိုင်းမှအလုပ်ပြန်ရသည် နောက်ဆုံးရထားအမြဲစီးလေ့ရှိသည်၊ သူနေသည်အိမ်က အာလ်ဂျုးနီးအကျော် ပါရာလေဘာဘက်မှာ၊ အာလ်ဂျုးနီးဘူတာကလမ်းလျှောက်ပြန်ရသည်၊ တစ်နေ့သူအပြန် သူနောက်က အဖေါ်အမျိုးသမီးတစ်ဦးပါလာ၍ အေးအေးဆေးဆေးပင် လမ်းတဝက်ရောက်သောအခါ အသံတိတ်သွားသဖြင့် လှည့်ကြည့်မိရာ ဘယ်သူမှမရှိလူသူကင်းလျှက်ရှိသည်၊ ဒီလမ်းကလေးကား တဖြောင့်တည်း ဘေးသို့ထွက်သွားနိုင်သော အခြေအနေမရှိ၊ ကြက်သီးတွေထ အေးစက်စက်ဖြစ်လာ၍ အပြေးပင် နေသည့်အိမ်အောက်ကိုရောက်သွားတော့သည်၊ ဓါတ်လှေခါး တစ်ယောက်ထဲမစီးရဲတော့သဖြင့် အတူနေအခန်းဖေါ်ကိုအောက်သို့ ခေါ်ကာအကူအညီတောင်းရသည်။ ကျနော်က မောင်စိုးကို မင်းမိန်းမမက်တာက ဖြူဖြူဝဝပြဲပြဲ သေသွားတာကမဲမဲ သေပြီးမှ အရောင်ပြောင်းရင်တော့မသိ၊ မြဝင်းပေါက်ကရပြောတတ်တယ် နားမယောင်နဲ့လို့ သတိပေးလိုက်ရသည်။

မြဝင်း၏ကြောက်တတ်သူကို ဖြဲချောက်သည်များကိုနားထောင်ပြီး၊ ကျနော်တို့ တိုက်ခန်းပေါ်ပြန်တက်ခဲ့ပြီး အိမ်ကို ပတ်ကြည့်ကြသည်၊ ရီနိုဗေးရှင်းလုပ်တုန်းက မင်းတို့မလုပ်ပဲ ချန်ထားတာ ဘာရှိသလဲလို့မေးလိုက်မိသည်၊ အကုန်လုံးပြင်တယ် မီးဖိုကိုတော့ မပြင်ပဲ အပြင်က ဖေါ်မိုက်ကာ ကိုပဲချိန်းလိုက်သည်ဆို၏၊ ခင်စန်းဝင်းက ဒီတစ်ညလာအိပ်ပြီးကြည့်ပေးရန် ထပ်ပြောသဖြင့် ကျနော်ရော မြဝင်းပါ သူငယ်ချင်းတွေ အလိုကျတစ်ညထပ်အိပ်ကြည့်မည်ဟု သဘောတူလိုက်သည်၊ ဒီညတော့ ရှစ်နာရီလောက်မှာ မင်းဆီငါတို့လာမယ်လို့ မောင်စိုးကိုပြောပြီး ကျနော်တို့မြို့ထဲသို့ထွက်လာခဲ့သည်။
ည ရှစ်နာရီလောက်ကျနော်တို့ ပြန်ရောက်လာသည်၊ ခင်စန်းဝင်းက လက်ဖက်သုပ် ရေနွေးကြမ်းလုပ်ထားပေးသည်၊ ကိုးနာရီကျော်တော့ ခင်စန်းဝင်းနဲ့ ကလေးဝင်အိပ်ကြသည်၊ ကျနော်တို့သုံးယောက်တော့ တီဗွီကြည့်ကာ ပေါက်ကရထိုင်ပြောနေကြဆဲဖြစ်သည်၊ ကျနော်က မြဝင်းမိန်းမသည် Facebook နှင့် blog addict ဖြစ်နေသည် တစ်ချိန်လုံး ဖဘထဲ ဘလော့ဂ်ထဲမှာ မြုပ်နေသည်၊ ကိုယ်ယောက်ျားတောင် စိတ်ဝင်းစားရဲ့လားမသိဘူး၊ ရုတ်တရက်သေသွားရင် ဖဘ သရဲ ဘလော့ဂ်သရဲ ဖြစ်နေဦးမည်ဟုထည့်လိုက်သည်၊ ဟေ့ကောင်မင်းပေါက်ကရ မပြောနဲ့ နိမိတ်မရှိနမာမရှိ မင်းကွာ မြဝင်းဒေါသတွေထွက်နေသည်၊ ကျနော်ကမယုံရင် ခု မင်းမိန်းမဆီ ဖုန်းဆက်ကြည့် ဖဘနှင့် ဘလော့ဂ်ထဲမှာ။

မြဝင်းကလဲကွာ ဒီကောင်က စွဲလန်းတာကို ဥပမာပေးတာပါ၊ မောင်စိုးက ဝင်ပြောပြီး ဆက်ပြောပြန်သည် လူဆိုတာ သေတတ်ဘို့အရေးကြီးတယ် စွဲလန်းလွန်းရင် မကောင်းဘူ၊ ဘလော့ဂင်းကိုစွဲလန်းပြီးသေသွားပါပြီတဲ့၊ အဲဒီ့အစွဲကြောင့် ဘလော့ဂ်သရဲ ဖြစ်ရော သေလို့သေမှန်းမသိပဲ၊ ရောက်လာပါသည် ဖတ်လို့ကောင်းပါတယ်လို့ လိုက်မန့်ရင်မန့်နေမယ်၊ C Box ထဲဝင်ပြီး ဘယ်သူမှ မရှိကြဘူးလား ဘယ်နှစ်ယောက်မြောက် အစစ်လားအတုလား လုပ်ရင်လုပ်နေမယ်၊ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး၊ မောင်စိုးပြောတာရပ်လိုက်တော့ မြဝင်းတစ်ယောက် စိတ်နည်းနည်းပြေသွားပြီဖြစ်သည်၊ ကျနော်ကဆက်ပြီး ဘလော့ဂ်သရဲမှန်းမသိပဲ အိမ်လာလည်ပါ၊ ဘာချက်ကျွေးမယ် ဘာလုပ်ပေးမယ်လုပ်မိလို့ ဟိုကရောက်လာရင် တစ်စုံတစ်ရာက အနားမှာ ရှိနေသလိုခံစားနေရဦးမယ် ကြက်သီးတွေထလို့၊ မောင်စိုးက မင်းငါ့ဘက်လှည့်လာပြီ၊ အိပ်ကြရအောင်ကွာ ၁၂ နာရီကျော်ပြီ၊ ကျနော်တို့လည်းဝင်အိပ်လိုက်ကြသည်။

အသက်ရှုပြင်းပြင်းသံ တစ်ခုကြောင့် ကျနော်လန့်နိုးလာသည်၊ ကျနော်တွေ့လိုက်ရသည်မှာ လက်ဖဝါးနှစ်စုံ ကျနော့်ပေါ်မှာ၊ ပိုလန့်သွားသည် သေချာကြည့်လိုက်တော့ မြဝင်း၏လက်နှစ်စုံ ဒီကောင်သူ့မိန်းမကိုပြောလို့ လုပ်ကြံတာလား၊ ဟေ့ကောင် လို့ပြောပြီး သူ့လက်တွေကိုတွန်းဖယ်လိုက်သည်၊ မြဝင်းက ‘ဟေ့ကောင်တိုးတိုး မင်းကိုနိုးမလို့လုပ်နေတာ’ ‘ဘာကြောင့်လဲ’ ‘ခြေသံကြားလို့ သေချာအောင်ထပ်စောင့်နေတာ ထပ်ကြားတာနဲ့ မင်းကိုနိုးရအောင် လက်ကို standby ထားထားတာ၊’ ကျနော်တို့နှစ်ယောက် ငြိမ်ပြီး အသံကိုနားစွင့်နေကြသည်၊ ခဏကြာ မြဝင်းက ဟေ့ကောင်းကြားလား၊ ကြားပြီ၊ ခြေသံ ခပ်ပြင်းပြင်းခြေသံ၊ သေချာနားစိုက်ထောင်လိုက်သည် ငါတို့ကြမ်းကလာတာ မဟုတ်ဘူး၊ အပေါ်ထပ်ကဖြစ်နိုင်တယ် ကျနော်ပြောလိုက်ရာ၊ မြဝင်းကြမ်းကိုနားနဲ့ကပ်နားထောင်လိုက်သည် နောက်ပြီးဟုတ်တယ်လို့ ဆိုလိုက်သည်၊ ခြေသံကတော့ပျောက်သွားပြီဖြစ်သည်၊ ကျနော်က အပေါ်ထပ်ကဖြစ်ဘို့များတယ် မှတ်ချက်ပေးလိုက်သည်၊ ကျနော်တို့နှစ်ယောက် အခန်းပြင်ဘက်ထွက်ကာ မီးမဖွင့်ပဲ အိမ်ကိုတစ်ပတ်ပတ်လိုက်ကြသည်၊ ဘာထူးခြားမှုမှမရှိ၊ အခန်းထဲပြန်ဝင်က ခြေသံကိုစောင့်ဆိုင်းရင် အိပ်ပျော်သွားကြတော့သည်။

မနက်ရှစ်နာရီမှာနိုးသည် မြဝင်းကိုပါနိုးလိုက်သည်၊ မောင်စိုးလဲအိပ်တုန်း ခင်းစန်းဝင်းနဲ့ သမီးလေးကနိုးနေကြပြီး ဘုရားရှိခိုးနေကြသည်၊ ခဏနေကြာသမီးလေးရဲ့ မေတ္တာပို့သံကြားရသည် လုံးဝပါဠိလိုဆိုသည် သမီးလေးသည် တနင်္ဂနွေနေ့များတွင် ဘုန်းကြီးကျောင်းတွင် ဘုရားစာ မြန်မာစာ သင်နေသည်၊ မဟာစည်ဆရာတော် ဘုရားကြီး၏ မေတ္တာပို့ကို အသံနေအသံထားနဲ့ ရွတ်ဆိုနေသည်မှာ နားထောင်လို့တော်တော်ကောင်း၏၊ ကျနော်သည်တော်တော်ညံ့သည် ထို မေတ္တာပို့ကို ထိုင်ဝမ်၊ မလေးရှားနှင့် အိန္ဒိယမှာ ကြားခဲ့စဉ်က တီးလုံးလေးနဲ့ တော်တော်နားထောင်ကောင်း အဓိပ္ပါယ်ရှိလိုက်တာဟု မှတ်ချက်ချမိသည် နောက်မှ ကိုယ့်မြန်မာပြည်ကလာမှန်းသိရသည်၊ ဟောင်ကောင်မှာ ဖေ့ဝေါင်းရွတ်ဆိုတာကို သွားနားထောင်စဉ် စာတမ်းထိုးမှာ သြော် မဟာစည်ဆရာတော် ဘုရားကြီး၏ မေတ္တာ ပို့မှန်း သိရသည်၊ အင်္ဂလိပ်ဘာသာပြန်သူက ဦးစပ်ထွန်းမှတ်ဝင်းဖြစ်သည်။

မောင်စိုးနိုးလာတော့ နံနက်စာ ထမင်းကြော် ကော်ဖီ စားသောက်ရင်း ရှေ့လုပ်ရမည်များကို တိုင်ပင်ကြသည်၊ ဟိုနေ့ညနှင့် မနေ့ညက ကျနော်တို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်များကို သူတို့ကိုပြန်မပြောတော့၊ မီးဖိုကို ဖျက်ပစ်ပြီး အသစ်ပြန်လုပ်ရန်၊ တစ်ပတ်အတွင်း အပြီးအစီးလုပ်ရန်၊ ဘုန်းကြီးပြန်ပင့်ပြီး ရွတ်ဖတ်သရဇ္ဈယ်ရန်တို့ဖြစ်သည်၊ ကျနော်က ဘုန်းကြီးပင့်တာဝန်ယူလိုက်သည်၊ စင်္ကာပူတွင် ကျနော်သိသော တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းမှပင်ပင့်ရမည်ဖြစ်သည်၊ ဘုန်းကြီးအနည်းဆုံးသုံးပါးရအောင်တော့ ဘုန်းကြီးထံအပူကပ်ရပေတော့မည်။ လာမည့် စနေနေ့တွင် လုပ်ကြရန်ဆုံးဖြတ်ချက်ချလိုက်ကြတော့သည်။

ဘုန်းကြီးသွားပင့်ရင်း ဘုန်းကြီးကျောင်းတွင် စိတ်ဝင်စားဖွယ် ခေါင်းလောင်းလေးတွေ့ရသည် တိဘက်ခေါင်းလောင်းလေးဖြစ်ပြီး အမျှဝေရန်တွင်အသုံးဝင်မည်ဖြစ်သည် ကြေးစည်အစားသုံးနိုင်သည်၊ ဘုန်းကြီးဆီက တစ်ခါထဲထိုနေ့အတွက်ငှါးခဲ့သည်၊ ဆရာတော်ကတီးနည်းပါ သင်ပေးလိုက်သည်၊ အမျှဝေသည်ကိုသိဘို့ လိုသည်မဟုတ်လား၊ မီးဖိုအသစ် လေးရက်ထဲနဲ့ပြီးသွားသည်၊ ဒီလိုနဲ့ စနေနေ့သို့ရောက်လာသည်။

ဆရာတော်နှင့် ဘုန်းကြီးသုံးပါးကြွလာသည်၊ သီရိလင်္ကာကဆရာတော်တစ်ပါး၊ မလေးရှား အီပိုးက ဆရာတော်တစ်ပါးဖြစ်သည်၊ ဤသို့ဖြင့် ဒီတိုက်ခန်းကို ဆရာတော်သုံးပါး ရွတ်ဖတ်ပူဇော်လိုက်ကြသည်၊ အမျှအတန်းဝေသောအခါ ကျနော်က တိဘက်ခေါင်းလောင်းနှင့်လက်စွမ်းပြတော့သည်၊ ကလေးများအကြိုက်ဖြစ်နေသည်၊ ကလေးတွေကိုစည်းရုံးကာ တစ်ခန်းဝင်တစ်ခန်းထွက် စင်းဂလိပ်လို့ အမျှဝေ ကြေညာချက်ထုတ်ရပါသည်၊

"We share with you our Dana good things and donation.
You don't belong here anymore. Be free."
တူ ဝူ ဝူ ခေါင်းလောင်းသံပေးလိုက်သည်၊

ဒီလိုနဲ့ ဘုန်းကြီးတွေပြန်ကြွသွားသည်၊ တစ်အိမ်လုံးလဲ လူရင်းတွေသာကျန်ရစ်ခဲ့သည်၊ ခင်စန်းဝင်းနဲ့မောင်စိုးကတော့ သိမ်းဆည်းရေးတွေ လုပ်၍ အလုပ်များနေလေသည်၊ ကျနော်လည်း ပင်ပန်း၍ ထမင်းစားခန်းတွင်ထိုင်ကာ lemon tea တစ်ခွက်သောက်နေမိသည်၊ ထိုအချိန်တွင် အိမ်ရှေ့ကသမီးလေး ချောစု၏ မေတ္တာပို့သံကြားရသည်၊ သမီးလေးသည် သူနေ့စဉ်လုပ်ရမည့် အလုပ်ကို မပျက်မကွက်လုပ်နေခြင်းဖြစ်နိုင်သည်။

“ဆဗ္ဓေဒေဝါ ဆဗ္ဗေမနုဆာ ဆဗ္ဗေဝိနိပါတိကာ
အဝေရာ ဟောန္တု ၊ အဗျာပစ္စာ ဟောန္တု ၊ အနိဃာ ဟောန္တု၊ ဆုခိ အတ္တာနံ ပရိဟရ န္တု ”

မောင်စိုးတို့ ခင်စန်းဝင်းတို့ထံမှ ဘာမျှမကြားရတော့ပါ၊ အခန်းနှစ်ခန်းကို မိန်းကလေး ငါးယောက်အားငှါးပြီး အဆင်ပြေနေကြသည်ဆို၏၊
မြဝင်း ဇနီးသည် သည်လည်း ဖဘနှင့် ဘလော့ဂ်ထဲမှာ ရှိနေမြဲဖြစ်သည်။


မေတ္တာဖြင့် ငြိမ်းချမ်းကြပါစေ။

ပြီးပါပြီ။

တိဘက်ခေါင်းလောင်း

24 comments:

မိုးယံ said...

ရောက်လာပါသည် ဖတ်လို့ကောင်းပါတယ်လို့


ငြိမ်းချမ်းပါစေ

ဘလော့ဂ်သရဲ

အဖြူရောင်နတ်သမီး said...

ဟူးးးးးး
မောလိုက်တာ ဦးပေါက်ဖော်ကြီးရေ...
ရင်တမမနဲ့ ဖတ်လိုက်ရတာ..မျက်လုံးကို ပြူးနေတာပဲ..

ကိုဇော် said...

မမြင်ရ မတွေ့ရဘူး ဆိုပေမဲ့ ဒါတွေ တကယ် ရှိတယ်ဗျ။ ပြီးတော့ ကိုယ်တိုင် မြင်ချင် တွေ့ချင်ရင်လည်း ဖြစ်တာပါပဲ။ အန္တရာယ် ကင်းကင်းနဲ့ ရှင်းရှင်း ဖြစ်သွားလို့ တော်ပါသေးရဲ့။

ကိုအောင်(ပျူနိုင်ငံ) said...

စင်္ကာပူရောက်ရင် အဲဒီအိမ်မှာ လာတည်းမယ် ... :P ကိုဆိုဆီ။

ahphyulay said...

အင်း..
ကျွန်တော် ရှိနေတယ်ဆိုတာ လက္ခံပါသည်။
ကြုံလဲကြုံဘူးခဲ့ ပါသည်။

သက်ဝေ said...

ဘလော့ဂ်သရဲ... စီဘောက်စ် သရဲဆိုလို့ နည်းနည်းတောင် ကျောချမ်းသွားတယ်... အဟီး...

မောင်လေး said...

အင်းးးးယူနို့မှာတော့ မရှိလောက်ဘူးထင်ရဲ့....။အာဂျူးနီး
မှာနေတဲ့ ဘလော့ဂါတစ်ယောက်ကို တောင်သတိရမိသေး။
ဘာမှတော့မဆိုင်ပါဘူး.....:)

khin oo may said...

မြဝင်းဇနီးကဘယ်သူပါလိမ့် မိတ်ဆက်ချင်လို့.

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း ဖတ်ရင်းနဲ့ ကျောချမ်းလိုက်တာ
မနက်မိုးလင်းခါနီး လာဖတ်တာဆိုတော့
ကြက်သီးထစရာ
ဖေ့ဘွတ်သရဲ၊ ဘလောဂ့်သရဲဆိုလို့ ရယ်မိသေးတယ်
ကိုယ်လည်း ဘလော့ဂ်သရဲဖြစ်မယ် ထင်ပါရဲ့ သေရင်...
ဒီခါကျ လာနှုတ်ဆက်မယ်နော်
လာလည်ပါတယ်.. ဖတ်လို့ကောင်းပါတယ် လို့ အော်သွားမယ်း)

nyan gyi said...

သေတတ်ဘို့အရေးကြီးတယ်၊ မကျွတ်မလွတ်သော သူတွေက နေရာအနုံပါ။

Anonymous said...

စင်္ကာပူတွင် မကျွတ်မလွတ်တဲ့သူတွေများသည်ဆို၏၊ Min Min

Anonymous said...

ကျနော်တော့ အဲဒီလိုမျိုး ကူညီပြီးသွားအိပ်ပေးဖို့တော့ မလွယ်ဘူး။
ဒါထက်သရဲက အဖော်လာအိပ်ပေးတဲ့လူတွေကို ကြောက်လို့ အသံတွေပျောက်သွားတာ ထင်တယ်။
သူတို့ခြောက်ရင်လည်း စာမျက်နာပေါ် ရောက်မှာ သိနေတော့ မခြောက်ရဲတာနေမှာဗျ။

(မြစ်ကျိုးအင်း)

အင်ကြင်းသန့် said...

အမလေး....ကိုဆိုဆီရေ....အစကနေအဆုံးအထိ ဖတ်သွားလိုက်တာ အသက်တောင်မရှူရဲသလောက်ပဲ။ သရဲသာကြောက်တတ်တာ....သရဲခြောက်တဲ့ဇာတ်လမ်းတော့ စိတ်ဝင်စားသလားမမေးနဲ့....။ :D

ရွှေရတုမှတ်တမ်း said...

သရဲလားလို့ ဘာမှလဲမဟုတ်ပါလား

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဖတ်ရင်းဖတ်ရင်းနဲ့ ကိုမဆုံးစေချင်သလိုလို-
စိတ်ထဲကရီချင်သလိုလို-
ဟဲဟဲဟဲ----ကြောက်တော့ကြောက်သလိုလို--
ထပ်ပြီးရေးအုံးဗျာ-

noblemoe said...

သတိရှိလိုက်တာ ဓါတ်မီးနဲ့တောင်လိုက်ကြည့်လိုက်သေးတာဆိုတော့
တကယ်ရှိတာယုံတယ် အမှန်တော့သရဲကိုကြောက်ပေမဲ့ မြင်လည်းမြင်ဖူးချင်မိတယ်။ ဟီးးးးးးးး

သာယာချမ်းမြေ့ပါစေရှင်း
မိုး

T T Sweet said...

ရင်တမမနဲ့ ဖတ်သွားပါတယ်။ တရားနာ မေတ္တာပို့လိုက်တာ ကျွတ်လွတ်သွားတဲ့ သဘောနဲ့တူတယ်နော်။
ဘလော့ဂ်သရဲတော့ ကြောက်တယ်။

စော(အဝါရောင်မြေ) said...

အင် တကယ် သရဲလား ? ? ?
City Hall MRT မှာလဲ ကြားဘူးလိုက်တယ်
ဓာတ်လေခါးထဲ ပါလာတာဆို
မေတ်တာပို့ တဲ့သူကို မချောက်ဘူးလို့  ပြောခြင်တာလား . . .?
အင်း ဟုပ်တယ်ဆိုရင်တော့ ဒီဘုန်းကြီးတွေ သီလ ရှိလို့ သာ ကျွတ်တာဖြစ်မယ်။

သိင်္ဂါကျော် said...

အဟုတ်လား တကယ်လား.. စိတ်စွဲလို့လား...
ဘာပဲဖြစ်ဖြစ် ဖတ်လို့ ကောင်းတယ်..

Anonymous said...

ကြောက်စရာကောင်းတဲ့ တကယ့် သရဲအကြောင်းရေးပါလား …. L

မေဓာဝီ said...

ဘလော့သရဲတော့ ကြောက်တယ်။
ဖိုးချိုရဲ့ မာလာဆောင်က သရဲလိုဖြစ်နေရင် ဒုက္ခ။ :)
ဖဘသရဲ ဘလော့သရဲ စီဘောက်သရဲ ဂျီတော့ခ်သရဲ ကွန်မန့်သရဲတွေကတော့ ခေတ်သစ် သရဲတွေနေမှာနော်။ အဲဒါဆို ဘလော့ဂါ ဘုန်းကြီးတွေ ခေါ်ပြီး ကမ္မ၀ါ ဖတ်ခိုင်းရမယ်။

အဲ ... ဂျီတော့ခ်သရဲဆိုလို့ ကျမတခါ ကြုံဖူးတာ ရှိသေးတယ်။ ရန်ကုန်မှာတုန်းက ကျမအိမ်ကို အမြဲလာပြီး အင်တာနက်သုံးနေကျ သူငယ်ချင်းတယောက် လူသတ်ခံရလို့ သေသွားပြီးမှ သူကိုင်နေကျ ကွန်ပျူတာမှာ သူ့ဂျီတော့ခ်က အလိုလို ဆိုင်းအင်ဖြစ်ပြီး ၀င်ဝင်နေတယ်။ ဆိုင်းအောက်လုပ်ပြီး စက်ကိုပြန်ပိတ်၊ နောက်တခါ ပြန်ဖွင့်တိုင်း အဲဒီအကောင့်ကြီး ၀င်ဝင်နေတုန်းပဲ။
ခြောက်တာလား ဘာလားတော့ မသိဘူး။ အိပ်မက်လဲ ပေးသေးတယ်။ အီးးး ရေးနေရင်း ကျောချမ်းတယ် ရပ်မှ။

မြတ်မွန် said...

အဟီး ကြောက်စရာကြီး ..။
ကြက်သီးထသွားတယ်..။

blackcoffee said...

ကိုယ့်ဘာသာ ကိုယ်ဆိုရင်တော့ မကြောက်ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ပြောလိုက်လို့ ရှိရင် ကြောက်ပြီး မသွားရဲတော့ဘူး။ ဒါတွေက မမြင်ရပေမယ့် တကယ်ရှိတာ ထင်တာပါဘဲလေ။

Raymond.Kyaw Minn Naing said...

လူပျိုတုန်းက ၀ုဒ်လန်း အိမ်မှာနေတုန်း အခန်းမီးကို အတင်းလိုက်ပိတ် တာကြုံဖူးတယ်။ ရှိနိုင်ပါတယ်။