Sunday, July 31, 2011

ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောကျ်ားမဟုတ်ဘူး



















ကျမ စိတ်ရောဂါဆရာဝန်တစ်ယောက်နဲ့ ပြသင့်နေပြီလို့ ကျမကိုယ်ကျမ ထင်နေမိတယ်၊ ဒါမှမဟုတ် စိတ်ပညာရှင်တစ်ယောက်နဲ့ သွားတိုင်ပင်ချင်သည့် စိတ်တွေလည်းဖြစ်ပေါ်နေသည်၊ ကိုယ်ဟာရောဂါသည်တစ်ယောက်ဖြစ်နေပြီလား၊ ရောဂါသည်တစ်ယောက်ဖြစ်အောင် အစပျိုးမှု့တွေဖြစ်နေပြီလား၊ ဒါမှမဟုတ် ကိုယ်ကိုကိုယ်ရောဂါသည်တစ်ယောက်လို့ ထင်မြင်မိနေတာလား၊ လားပေါင်းများစွာဖြင့် ကိုယ်ကိုကိုယ်ပြန်လည်သုံးသပ်ရင်းနဲ့ပင် ဆရာဝန်နဲ့မပြဖြစ်ခဲ့၊ စိတ်ပညာရှင်နဲ့ မတိုင်ပင်ဖြစ်ခဲ့၊ နောက်ထပ်အကြောင်းပြချက်တွေကတော့ ကိုယ်ခံစားနေရတာကို ရေလည်အောင်ပြောပြဘို့ကလည်း ဘာသာစကား အားနည်းချက်က ကိုယ်ဘက်မှာရှိနေသည်၊ နောက်ပြီးကိုယ်ကိုတိုင်ကလည်းဆရာဝန်တစ်ယောက် ဖြစ်ခဲ့ဘူးသည်မဟုတ်ပါလား။

ကုလားသေကုလားမောအိပ်နေသည်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုသလဲ ကျမ မသိပါ၊ ခုလိုလူတစ်ယောက် ကုလားသေကုလားမောအိပ်ပျော်နေချိန်မှာ ကျမတစ်ယောက် ကွန်ပြူတာနဲ့ မျက်နှာအပ်ထားခဲ့သည် ဖေ့ဘွတ်၊ ချပ်တင်း၊ဂျီတော့၊ဘလောက်ဂင်းထဲမှာကျမရဲ့ ညတစ်ဝက်ကျော်ကျော်လောက် အမြဲတမ်းကုန်းဆုံးသွားခဲ့ရလေသည်၊ ကုလားသေကုလားမောအိပ်နေသူထက် ကျမရဲ့အွန်လိုင်းပေါ်ကမိတ်ဆွေများနဲ့ ပိုရင်းနှီးလာသည်ဟု ကျမထင်မြင်မိနေပြန်သည်၊ ကျမ၏ကုန်ဆုံးခဲ့သောညတွေကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုရင် အဓိပ္ပါယ်မရှိသောအဓိပ္ပါယ်ရှိခြင်းများနဲ့ပြည့်နေပေလိမ့်မည်၊ ဒီလိုဖြစ်ခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲ၊ ရှေ့ဒီလိုပဲဆက်သွားမလား ဘာတွေကိုဘယ်လိုလုပ်ရမလဲ စတဲ့အတွေးတွေဝင်လာမိရင်၊ ဘလောက်ထဲကစာတွေအကုန်လိုက်ဖတ်၊ ဖေ့ဘွတ်တွေလျှောက်လည်နဲ့ အွန်လိုင်းထဲမှာ ချာချာလည်လို့ ကျမအတွက်အဖြေသည် မရှိဖြစ်ခဲ့ရသည်။

……………………………………………………

ကျမတွင်ရည်စားတစ်ယောက်ရှိခဲ့ဘူးပါသည်၊ တကယ်ချစ်သလားမချစ်သလား ကျမပြန်လည် မစဉ်းစားမိခဲ့ပါ၊ ကျောင်းပို့ ကျောင်းကြို၊ ရုပ်ရှင်ကြည့် ဘုရားသွား၊ ဟိုသွားဒီသွား၊ ငါ့ဘဲကဘယ်လို နင့်ဘဲကဘယ်လို၊ ငါ့လူကဒီလို နင့်လူကဒီလို ပြောဘို့ပြောလို့ရသည်၊ ကျမမှာရည်စားတစ်ယောက်ရှိသည်ပေါ့၊ ကျမရည်းစားသည် ရည်းစားတာဝန်ကျေပြွန်ခဲ့ပါသည်၊ ကျောင်းပြီးအလုပ်ဝင်ပြီးမကြာခင်မှာပင် ကျမနဲ့ကျမရည်းစားတို့လမ်းခွဲဘို့ ကြုံလာခဲ့သည်၊ အထူးအဆန်းတော့မဟုတ်ပါ၊

မိဘတို့ဝတ္တရားရှိသည့်အတိုင်း ကျမကိုအိမ်ထောင်ချပေးကြမည်ဆို၍ဖြစ်ပါသည်၊ “အိမ်ကငါကိုအိမ်ထောင်ချပေးတော့မယ်၊ ငါလည်းသဘောတူလိုက်ရတယ်၊ ဒီနေ့ ငါနဲ့နင် နောက်ဆုံးတွေ့ခြင်းပဲ၊” ဒီလိုနဲ့ နောက်တော့ မတွေ့ဖြစ်တော့၊ ကျမရည်းစားလည်း သူ့လမ်းသူလျှောက်သွားခဲ့သည်၊ ကျမသည်လည်း ကျမရွေးချယ်ရာလမ်းကိုလျှောက်ဖြစ်ခဲ့သည်။

ကျမနဲ့အိမ်ထောင်ပြုရမိသူသည် ကျမထက် ၇ နှစ်ကြီးပါသည်၊ သင်္ဘောအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ကုန်းပေါ်တွင်အခြေချရန် ကြံစည်နေသူတစ်ယောက်ဖြစ်သည်၊ ဒီလိုပဲ အိမ်ကစီစဉ်ပေးလို့ စေ့စပ်ပေးလို့ ယူဖြစ်သွားတဲ့သူတွေ ကျမတို့အသိုင်းဝိုင်းတွင် အများအပြားပင်၊ ထိုအတွက်လည်း ထိုသူနဲ့အိမ်ထောင်ပြုဘို့ ကျမနက်နက်နဲနဲ မတွေးမိခဲ့ပါ၊ ၆လအတွင်းမှာပင် ကျမတို့မင်္ဂလာဆောင်ဖြစ်ခဲ့ကြပြီး တစ်နှစ်အတွင်းမှာပင် သူအခြေချနေထိုင်ရာစင်္ကာပူသို့ ကျမရောက်လာခဲ့သည်၊ အများစုကတော့ ကျမကို ကံကောင်းလိုက်တာလို့ ဆိုကြပါသည်၊ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်သူတစ်ယောက်ကို လက်ထပ်လိုက်ရပြီး ထိုနိုင်ငံသို့လိုက်ပါလာရခြင်းကို ကံကောင်းသည်ဟုဆိုကြပါသလား၊ ဒီလိုဆိုရင် ကံကောင်းသည်ဟုဆိုသောအဓိပ္ပါယ်ကို ပြန်လည်သုံးသပ်သင့်သည်ဟု ကျမထင်မြင်မိပါသည်။

………………………………………………………….

အရာရာကို သိပ်လေးလေးနက်နက် မတွေးတတ်သူကျမအတွက် စင်္ကာပူရောက်ခါစကျမသည် အစစအဆင်ပြေခဲ့သည်ဟုဆိုနိုင်ပါသည်၊ ကျမတို့နှစ်ယောက်သည် ပထမတွင် သူများငှါးထားသောအိမ်တွင် အခန်းငှါးနေထိုင်ကြပါသည်၊ အဆင်ပြေသလိုနေတတ်သောကျမအတွက် ဘာမှမဖြစ်သော်လည်း၊ သူ၏တစ်ခါတစ်လေ လွတ်လပ်စွာနေချင်တယ်ဆိုသော အကြောင်းပြချက်ဖြင့် ကျမတို့ကိုယ်ဟာကိုယ် အိမ်တစ်အိမ်လုံးငှါးနေဖြစ်ခဲ့ပါသည်၊ ပြောရဦးမည် သူကကျမကိုညီမဟုခေါ်ပြီး၊ သူကိုယ်သူအစ်ကိုကြီးလို့ဆိုပါသည်၊ ဘယ်သူကိုမှ အိမ်ငှါးမတင်သောကျမတို့အတွက် ဒီငှါးနေသောအိမ်လေးသည် ညီမနှင့်အစ်ကိုကြီးတို့ရဲ့ အိမ်ကလေးဆိုရင်မှန်ပါပေလိမ့်မည်။

မဟာရန်ကုန်နယ်ပယ်ထက်ပင် မကြီးသောစင်္ကာပူနိုင်ငံလေးသည် တစ်နှစ်ကျော်ကျော် နေထိုင်လာသောကျမအတွက် သွားစရာနေရာမကျန်တော့ပါ၊ ဒီလိုနဲ့ ကျမအလုပ်ဝင်လုပ်ဖြစ်ခဲ့သည်၊ ကျမတို့ခေတ်က ပညာရေးပရောဖက်ရှင်နယ်လိုင်းတွင် ဆရာဝန်လိုင်းရဘို့မလွယ် တကယ်စာတော်မှ ကြိုးစားမှ ဆရာဝန်ဖြစ်လာနိုင်သည်၊ ဒါပေမဲ့ ဒီဆရာဝန်တွေကို ဒီနိုင်ငံတွေမှာအသိအမှတ်မပြု၊ ဒီမှာဆရာဝန်တစ်ယောက်ဖြစ်နိုင်ဘို့ ရပ်တည်နိုင်ဘို့ အဆင့်ဆင့်ထပ်ကြိုးစားရဦးမည်၊ စာကိုဆက်လက်သင်ယူလိုစိတ်မရှိသောကျမအဖို့ ဆရာဝန်တစ်ယောက်အဖြစ် နိုင်ငံခြားတွင်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ချေ၊ နောက်ပြီးကျမအင်္ဂလိပ်စကားပြောညံ့ပါသည်၊ စကားပြောညံ့သည့်ကြားမှာပင် ကျမသည် ဆေးနှင့်ဆေးပစ္စည်းရောင်းသော ကုမ္ပဏီတစ်ခုတွင် အလုပ်ရခဲ့ပါသည်၊ အလုပ်ကတော့စာရွက်စာတမ်းများနှင့် ဆေးအညွှန်းများကို အရောင်းဌာနအတွက် အထောက်အကူလုပ်ပေးရန်ဖြစ်သည်၊ အလုပ်လုပ်နေရင်းနဲ့ပင် ကျမတို့လင်မယားနှစ်ယောက်သည် မလေးရှားဘက်သို့ အလုပ်အားရက်များတွင် အလည်လွန်ဖြစ်ခဲ့သည်၊ မလေးရှားမှ လည်စရာနေရာတွေဖြစ်သော ပီနန် ကေအယ်လ် မှသည် ကင်မရွန် မလက္ကာနှင့် ဂျန်းတင်းတို့သည်လည်းထပ်လာခဲ့သည်၊ အလုပ်သွားအိမ်ပြန် စားလိုက်သောက်လိုက် အိပ်လိုက် အလုပ်သွား ဒီလိုနဲ့ ပတ်လည်ကြီးကိုရိုက်၍ ကျမတို့သည်အချိန်များကိုလည်ပတ်စေခဲ့ကြသည်။

ဒီလို ၃ နှစ်ကျော်လောက် လည်ပတ်နေရာမှ ဘဝဆိုတာဘာလဲလို့ ကျမစဉ်းစားမိချိန်မှာတော့၊ ကျမဘဝအတွက်ပြောင်းလည်မှု တစ်ရပ်ဖြစ်လာခဲ့သည်၊ ကျမမှာကိုယ်ဝန်ရှိခဲ့လေသည်၊ အလုပ်ရှင်ကလည်းစျေးပေါပေါနဲ့ရထားသည့် ကျမကို ကိုယ်ဝန် ရလထိလုပ်ခွင့်ပေးခဲ့သည်၊ ဒီလိုနဲ့ ကျမတို့နှစ်ယောက်ကြားကို သမီးလေးဝင်ရောက်လာသည်၊ ထိုအချိန်မှစ၍ ကျမတို့နှစ်ယောက်၏ အခေါ်အဝေါ်များလည်းပြောင်းလည်းလာခဲ့သည်၊ တစ်ယောက်ကိုတစ်ယောက် အမေကြီး၊ အဖေကြီး ဆိုပြီးခေါ်ဖြစ်ခဲ့ကြသည်။

သမီးလေးတစ်ယောက် ရရှိလိုက်ခြင်းသည် ကျမဘဝကို ပြန်လည်အသက်ဝင်စေခဲ့သည် ဆိုလျှင် မှန်ပါပေလိမ့်မည်၊ ညီမဘဝမှ အမေကြီးအဆင့်သို့ ရာထူးတိုးခံရသလို၊ အစ်ကိုကြီးသည်လည်း အဖေကြီးဖြစ်ခဲ့ကြသည်၊ သမီးလေးကိုအသဲပိုသော ကျမတို့နှစ်ယောက်သည် အချိန်အားလုံးနီပါးကို သမီးလေးအတွက်ဖြစ်စေခဲ့သည်၊ သမီးလေးနာမည်ကိုလည်း မြန်မာလို သဲသဲ၊ တရုတ်လို စင်း Xin လို့အမည်ပေးခဲ့သည်၊ ကျမကတော့ သဲသဲလို့ပင်ခေါ်မိပါသည်၊ အနှီးထဲမှာတုန်းကလည်းအသဲပို လေးဘက်သွားကာစကလည်း အသဲပို၊ လမ်းလျှောက်စခါစကလည်းအသဲပို၊ စကားစပြောခါစကလည်းအသဲပို နေ၍ သမီးလေးကို ကျမရဲ့ မသဲပိုလို့ ခေါ်ရမလိုဖြစ်ခဲ့ပါသည်။

သမီးလေးစကားစပြောကတည်းက ကျမအတွက် ရင်ဆိုင်မှုအချို့ကို ကြုံခဲ့ရသည်၊ သမီးအတွက် အစ ပျိုးခဲ့တဲ့ ကျမအတွက်စိမ်ခေါ်မှုတွေဖြစ်ပေလိမ့်မည်၊ ကျမသည် တစ်ခါတစ်လေ တစ်ချို့နေရာတွေမှာ ခေါင်းမာသည်လို့ဆိုရမလား တစ်ဇွတ်ထိုးနိုင်သည်လို့ဆိုရမလား ကိုယ်ဖြစ်ချင်တာကိုဇွတ်လုပ်တတ်ပါသည်၊ အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်က အဖေနှင့်အမေကို ပါးပါး မားမား၊ ဒယ်ဒီ မာမီ၊ အပါး အမားတွေကို လှိုင်လှိုင်ခေါ်နေချိန်မှာ ကျမရဲ့သမီးလေးကို ကျမကို မေမေလို့ပဲခေါ်စေချင်သလို၊ သူ့အဖေကိုလည်း ဖေဖေလို့ပဲခေါ်စေချင်ပါသည်၊ နောက်ဆုံးတော့ သမီးလေးက ကျမကို မေမေလို့ပဲခေါ်ခဲ့သည် ယနေ့အထိပင်၊ သူ့အဖေကိုတော့ ကျမခေါ်သလို အဖေကြီးတဲ့၊ ကျမရဲ့ ဝမ်းအသာဆုံးများတွင် သမီးလေးက မေမေလို့ခေါ်တာလည်း ပါဝင်ခဲ့သည်။

စင်္ကာပူနိုင်ငံတွင် ကလေးတစ်ယောက်ကို သူများတန်းတူ ပြုစုပျိုးထောင်ဘို့ကလွယ်လွယ်တော့ မဟုတ်ပါချေ၊ စားစရိတ်များတက်လာသော ဒီနိုင်ငံမှာ ကလေးစရိတ်သည် တကယ်ကြီးကြောင်း ကျမကိုယ်တွေ့သိလာရသည်၊ အကြောင်းတိုက်ဆိုင်သည်လို့ ပြောရမလား ကျမတို့မိသားစုလေး ဒီနိုင်ငံတွင် PR အမြဲတမ်းနေထိုင်ခွင့်ရရှိခဲ့သည်၊ ဒီဟာနှင့်အတူ သမီးလေးအတွက် အထိုက်အလျှောက် အခွင့်အရေးတစ်ချို့ရရှိခဲ့သည်၊ သူ့အဖေရဲ့ ရွေးချယ်မှုအရ သမီးလေးကို ကလေးထိမ်းကျောင်းထားခဲ့သည်၊ အနောက်နိုင်ငံကလာဖွင့်သောကျောင်း ဖြစ်သဖြင့် ကလေးတွေကို ငါးနှစ်မပြည့်မချင်း အခြေခံစာကိုမသင်ပေးပါ၊ သမီးလေးသည် တစ်ခါလုံး သီချင်းဆို၊ ပုံစွဲ၊ အကတွေနဲ့ပင် အချိန်ကုန်စေသည်၊ ကျမက တခြားကလေးတွေလို့ A B C တတ်စေချင်ပြီ၊ 1 2 3 ဂဏန်းတွေ ရေးတတ်စေချင်ပြီ၊ ဒါပေမဲ့ သမီးလေး အင်္ဂလိပ်လို ပြောတတ်လာသည်ကိုတော့ ကျမဂုဏ်ယူဝမ်းမြောက်မိပါသည်။

တစ်နှစ်အကြာမှာတော့ သူ့အဖေနဲ့အတိုက်အခံလုပ်ကာ မူလတန်းကြိုကျောင်းကိုပြောင်းထား နိုင်ခဲ့သည်၊ ဒီကျောင်းမှာထားနိုင်ဘို့အရေး ကျမတော်တော်ကြိုးစားယူခဲ့ရသည်၊ သမီးလေးသည် ကေတူးလို့ခေါ်သည့် အတန်းမှာပင် အင်္ဂလိပ်စာ၊ တရုတ်စာကို အခြေခံသိရှိနေပြီဖြစ်သည်၊ ပန်းကလေးကို တရုတ်လို့ ဝှာ အင်္ဂလိပ်လို့ ဖလားဝါးဟု ဆိုလာသောအခါ၊ ကျမပျော်လိုက်ရသည်ဖြစ်ခြင်း၊ ဝမ်းသာလိုက်ရသည်ဖြစ်ခြင်း၊ သူ့အဖေကတော့ ဘာမှမဖြစ်သလိုပင်၊ ကလေးပဲကွာ ကျောင်းကသင်ပေးတာတတ်မှာပေါ့တဲ့၊ ဒါပေမဲ့ ထိုဝမ်းသာကြည်နူးမှုသည် တစ်ချိန်မှာ ကျမအတွက် လွန်စွာဝမ်းနည်းစရာ စိတ်ထိခိုက်စရာဖြစ်လာလိမ့်မည်ဟု ထိုအချိန်က ကျမလုံးဝမထင်ခဲ့မိပါ။

သမီးလေးမှုလတန်းကျောင်သို့ပြောင်းရတော့ တွေ့ရတဲ့အခက်အခဲတွေက လူကိုစိတ်ပျက်စရာကောင်းပါသည်၊ ဘာပဲဖြစ်ဖြစ် သမီးလေးကို အိမ်နားက မှုလတန်းကျောင်းမှာပဲ ထားချင်သည်၊ တကယ်တန်းတော့မလွယ် ဝန်ကြီးဌါနလည်းရောက်ခဲ့ရသည်၊ သွားလိုက်ရသည့် ကျောင်းများကာအကြိမ်ကြိမ်၊ နောက်ဆုံးအိမ်နဲ့ မနီးမဝေး မှုလတန်းကျောင်းတစ်ခုမှာ သမီးလေးပညာသင်ကြားခွင့်ရခဲ့သည်၊ တော်သေးတာပေါ့ သူများတွေလို ပါလီမန်အမတ်မင်းနဲ့ သွားတွေ့စရာမလိုခဲ့ပေ၊ ဘာဖြစ်လို့ စကာင်္ပူလို နိုင်ငံတစ်ခုက မှုလတန်းကျောင်းနေဘို့ ခက်ခဲနေရပါသနည်း၊ ထောက်ပြသူတစ်ချို့က ဒါကို စကာင်္ပူပညာရေးစနစ်ရဲ့ အားနည်းချက် တစ်ခုလို့ဆိုကြသည်၊ အစိုးရ၏ပြောင်းလဲနေသော ပညာရေးစနစ်မှာ ဒီအချက်ကိုပါပြုပြင်ဘို့ ထည့်သွင်းထားသည်ဟုဆိုသည်၊ ဘယ်လိုပဲဖြစ်ဖြစ် စကာင်္ပူ အခြေခံလူတန်းစားမိဘတွေ ကြုံတွေ့ရသော သားသမီးတွေအတွက် ပညာရေးအခက်အခဲ အစကို ကျမကိုယ်တိုင်ကြုံတွေ့ခဲ့ရပေသည်။

ဆက်လက်ဖေါ်ပြပါမည်၊

23 comments:

ahphyulay said...

အင်း...
တကယ့်အဖြစ်အပျက်တစ်ခုကို
စ,တင်ဖတ်မိပြီလို့ ထင်ပါသည်။
ခေါင်းစဉ်က ရိုးစင်းပေမဲ့ 
ထက်လွန်း၊ ရှလွန်း လှပါသည်။
ဆက်လက်စောင့် စားနေပါမည်။

မင်းဧရာ said...

အေးဗျာ......
အဖြူလေး ပြောသလိုပဲ နည်းနည်းတော့မောသွားတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ကိုယ့်မျိုးဆက်တွေအတွက်
ပေးဆက် ပံ့ပိုးရတာပဲ ခက်ခဲလည်း ကြိုးစားရမှာပဲမဟုတ်လား။

အနာဂတ် မျိုးဆက်တွေ ဒီလိုတိုးတတ်လာမှာကို မြင်တော့
ဘာမှ မဆိုင်တဲ့ကျွန်တော်တောင် ဘေးကနေ ၀မ်းသာနေမိသေးတယ်။

အင်ကြင်းသန့် said...

အင်း...ကိုဆိုဆီ့ထုံးစံအတိုင်း စိတ်ဝင်စားစရာပိုစ့်တစ်ပုဒ်ပါပဲ....
အဆက်ကိုစောင့်ဖတ်မယ်နော်။

SHWE ZIN U said...

ကိုဆိုဆီ ရေ

စိတ်ဝင်စားစွာ နဲ့ မျှော်လင့်နေမယ် ဖတ်လို့ကောင်းတယ်
ကျေးဇူး

မြတ်မွန် said...

ဘဝတွေ...
နိုင်ငံခြားရောက်တာကို သိပ်ကံကောင်းတယ်လို့ထင်ကြတယ်ဆိုတဲ့ စကားလေးကြိုက်တယ် ကိုဆိုဆီ..။
ဆက်လက်စောင့်မျှော်လျှက်..။

Anonymous said...

ဒီမိသားစုလေးဘာဆက် ဖြစ်မလားဆိုတာကို စိတ်ဝင်စားနေပါသည်၊ ကျမဆိုတဲ့ အမျိုးသမီးကို ပုံဖေါ်ကြည့်မိပါသည်။ စောင့်မျှော်လျှက်
Min Min

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး---ရေ
မိသားစုတိုင်းသိသင့်တဲ့ အချက်တွေအများကြီးပါ-စေ့စေ့စပ်စပ်သေသေခြာခြာရေးတတ်လိုက်တာ။ ဆက်ရန်ဆိုတာကို
တော့မကြိုက်ဘူး-ရင်ထဲမှာရှင်းနေအောင်မဖတ်လိုက်ရလို့ 
မတင်မကျကြီးဗျာ-

Anonymous said...

ဒီလိုဆို ကံကောင်းခြင်းလား ကံဆိုးခြင်းလား ကျမရယ်

စော(အဝါရောင်မြေ) said...

ကံကောင်းခြင်း၊ ကံဆိုးခြင်ဆိုတာ ပြောဘို့ ခက်မယ်ထင်ပါတယ်။ နိုင်ငံခြားဆိုတာ ကိုယ့်မွေးရပ်မြေ မဟုပ်သလို ပိုလည်းရုန်းကန်ရပါတယ်။ဘဝင်မြင့် စရာ မရှိသလို၊ အားငယ်စိတ်ဝင်စရာလဲ မဟုပ်ပါဘူး။ ကလေးတွေ မွေးကတည်းက တတ်တာဘာမှ မရှိဘူး။ ကိုယ်လိုသလို လုပ်တတ်အောင် ၊ လုပ်လို့ ရအောင် ကြိုးစားကြည့်ရမှာ ကိုယ်တာဝန်ပဲ။

စော(အဝါရောင်မြေ) said...

ခံစားမိပါတယ်။ ဆက်ရန်ကိုလည်း စောင့်နေပါတယ်။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ မြန်မြန်လေးနော် သိချင်လှပြီ...:)
စောင့်မျှော်လျှက်..

khin oo may said...

စိတ်ဝင်စားစရာပါဘဲ။ တစ်ခါတည်းတင်လိုကရင်တောင် အပြီးဖတ်ဘို့ ထိုင်စောင့်နေပါတယ်။ ကိုယ့်ဘာသာကိုယ်တောင် plot ရိုက်ပြီးသွားပီ။ (ဇတ်လမ်းဆင်ပြီးသွားပီ) ။

မေဓာဝီ said...

ခေါင်းစဉ်ကို ကြည့်ပြီး လန့်သွားတယ်။ ပို့စ်ကို ဖတ်ပြီးတော့ မောသွားတယ်။ အားလုံးပြီးအောင် စောင့်ဖတ်ပြီးမှ ကွန်မန့်ရေးမလို့ပဲ။ ဆက်ရန်လေး မြန်မြန်ရေးဖြစ်အောင် အရင်လာပြီး တိုက်တွန်းလိုက်တာ ကိုဆိုဆီရေ ... ။

nyan gyi said...

အရင်ရေးတာတွေလိုပဲ တစ်စုံတစ်ယောက်ရဲ့ အကြောင်းကို ပြောနေသလိုပါပဲ၊ ဒီတစ်ခါတော့ မြန်မြန်လေးဆက်ပေးပါ၊

Anonymous said...

ဘာကြောင့် မဟုတ်တာလဲ
???

flowerpoem said...

ဆက်ရန်ကို ဘယ်လောက် စောင့်ရမလည်း ရှင်. . . :P

မဒမ်ကိုး said...

စောင့်စားနေပါသည်...

အားပေးလျှက်

မဒိုးကန်

T T Sweet said...

စိတ်ဝင်စားပါသည်။ ဒုတိယပို့စ်ကို စောင့်မျှော်နေပါသည်။

မြစ်ကျိုးအင်း said...

ကြားဖူးတဲ့ဘလောဂ်ဂါတစ်ယောက် အကြောင်းနဲ့ ဆင်နေသလိုပဲ။ တိုက်ဆိုင်တာပါ။

မေသိမ့်သိမ့်ကျော် said...

S'pore မှာ ပညာရေးက အဲလိုပဲ အမရယ်။ သူတို့ နိုင်ငံသားတွေတောင် အဲလောက်ကြီးအဆင်မပြေဘူး လေ။ ပညာရေးခရီးက ရှည်လျားလွန်းနေတော့ ဘွဲ့ရထက် ပိုလီတွေများနေတယ်။

အမရေ တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်ရှင်။ ဒုတိယပိုင်းအရင်ဖတ်ပြီးမှပထမပိုင်းဖတ်ရပေမယ့် တကယ်ကို ဆွဲဆောင်မှုရှိနေပါတယ်။


ခင်တဲ့

မြသွေးနီ said...

Comment တွေ ပေးလို့ရတုန်း အပြေးအလွှားရောက်ခဲ့တယ် ကိုဆိုဆီရေ...။
ဖတ်ပြီးသားပေမယ့် နောက်တစ်ကြိမ် ပြန်ဖတ်ချင်လာတာ..။ အပိုင်း (၂) ကို ကူးလိုက်ဦးမယ်...။

သိ င်္ဂါ ရ said...

ဆက်ဖတ်ချင်ပါသည် ကိုတည်ငြိမ်အေး ခင်ဗျား ... ၊

Anonymous said...

Hi there would you mind letting me know which webhost you're utilizing?
I've loaded your blog in 3 different web browsers and I must say this blog loads
a lot quicker then most. Can you recommend a good hosting provider at
a honest price? Thanks a lot, I appreciate it!

Review my web page: demenagement sherbrooke