Tuesday, July 5, 2011

မန္တလေးကို ခါးစောင်းတင် ခံစားကြည့်ဘူးသလား


ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်ဟု ပြောရမလားပင်၊ ဖြစ်ပေါ်လာသော ဒေါသတစ်ချို့နဲ့ ရှေ့ကရဲအရာရှိကို တံတွေးဖြင့်ထွေးပစ်လိုက်သည်၊ မထင်မှတ်သော လုပ်ဆောင်ချက်ကြောင့်၊ ဟေ့ကောင် မင်းဘာလုပ်တာလဲဆိုပြီး ကျနော့်ကို ထထိုးသည်၊ အလိုက်သင့်ရှောင်လိုက်ပြီး သူ့လက်ကိုပုတ်ချလိုက်သည်၊ ကျန်ရဲအရာရှိတစ်ချို့ချက်ချင်းဆို နှစ်ဦးနှစ်ဖက်ကိုလှမ်းဆွဲလိုက်သည်၊ ယာဉ်ထိန်းရဲအရာရှိက ဗိုလ်ကြီးအေးအေးဆေးဆေးနေလိုက်ပါ၊ ဒီကလေးကိစ္စ ကျနော့်တာဝန်ထားပါဆိုပြီး၊ ထိုအရာရှိအား လှမ်းပြောလိုက်သည်၊ ပြီးနောက် ကျနော့်ကိုတခြားအခန်းထဲသို့ ခေါ်ထုတ်သွားသည်၊ ထိုရဲအရာရှိကို သတ်ချင်လောက်သော အကြည့်တွေနဲ့ အဆက်မပြတ်ကြည့်ရင်း တခြားခန်းထဲသို့ ကျနော်ဒရွတ်တိုက်ပါသွားခဲ့သည်၊
ဒီလူအမေ့ကိုစော်ကားလိုက်တာ
ဒီလူကျနော့်ကိုစော်ကားလိုက်တာ
ကျနော့် အမေ ဘာပဲဖြစ်ဖြစ်၊ ကျနော့် အဖေ ဘာပဲဖြစ်ဖြစ်၊ ဒီလိုပုတ်ခပ်ပြောစရာမလို လူဆိုတာ သူ့အကြောင်းနဲ့သူပဲ မဟုတ်ပါလား၊
ပိုဆိုးတာက ဒီလိုအရာရှိတစ်ယောက် ယောက်ျားရင့်မာကြီးတစ်ယောက်က ပြောဆိုလိုက်ခြင်းပင်၊
“တောက်” ဆိုသော ကျနော့် တောက်ခတ်သံသည် ထိုအခန်းထဲ၌ ကျန်ရစ်ခဲ့ပေလိမ့်မည်။

ဒီနေရာကို ရောက်ခဲ့ရခြင်းက ကျနော်အပြစ်လို့ဆိုရင် ဝန်ခံပါသည်၊ စီမံချက်နဲ့ပဲလုပ်လုပ်၊ တာဝန်ကြောင့်ပဲလုပ်လုပ်၊ လုပ်ပိုင်ခွင့်ထဲကပဲလုပ် လုပ်ထုံးလုပ်နည်းအတိုင်းပဲလုပ် ဒီလိုကြောသလို ငါသနားမှဆိုတဲ့ပုံစံမျိုး လာမလုပ်နဲ့၊ ခေတ်ကပြောင်းနေပြီဆိုတာ ဒီလိုအရာရှိကြီးတွေသိဘို့လိုသည်၊ ဘယ်သူတွေ ပြောင်းပြောင်းမပြောင်းပြောင်း ကျနော့်တို့ လူငယ်တွေက ကိုယ်ဟာကိုယ်ပြောင်းပြီးသားဖြစ်သည်၊
ကားပြိုင်ပွဲကျင်းပလို့၊ ပြိုင်ကားမောင်းလို့ စီမံချက်နဲ့ဖမ်းပြီး ကျနော်တို့ဒီနေရာကို ရောက်လာကြခြင်းဖြစ်ပါသည်၊ ကျနော်အပါအဝင် ခုနှစ်ယောက်က ကားမောင်းသူတွေ၊ ကျန်ဆယ်ယောက်က ပတ်သတ်သူတွေဖြစ်သည်၊ စုစုပေါင်း ၁ရ ယောက် မိန်းခလေး ၅ ယောက်ပါသည်၊ နောက်ဆက်တွဲ ဘယ်သူတွေပါလာဦးမလဲ မသိသေးပါ၊ ကျနော်တို့အားလုံး အိမ်ကလူတွေကို စောင့်နေကြခြင်းဖြစ်သည်၊ ကျနော်တို့ ၇ စီးမှာ ၃ စီးက without တွေဖြစ်သည်၊ ကျနော့်ကားကတော့ အစစ် အဖေဝယ်ပေးထားတာ၊ ကျနော့်ကားကိုမြင်ရင် ကျနော်ဘယ်သူ ဘယ်က စသဖြင့် မန္တလေး တစ်မြို့လုံးသိသည်။

စစဖမ်းခြင်းမှာပင် ဒီကောင်လေးက လမ်း ၈၀ ကောင်းကင်စတိုးဆိုင်က ကိုသော်ကြီးသားလေဆိုပြီး၊ ယာဉ်ထိန်းရဲအရာရှိတွေ အချင်းချင်းပြောသံကိုကြားပြီးပြီဖြစ်သည်။

ကျနော်သည် ကားအမြန်မောင်းရခြင်းကိုနှစ်သက်သည်၊ ပြိုင်ကားမောင်းရခြင်းကိုကြိုက်သည် ကျနော်စိတ်တွေ အရှိန်တွေနဲ့အတူ လွင့်မြောသွားလျှင်၊ ကျနော့်ရင်မှာပေါ့သွားသလို ခံစားရသည်၊ ဂိမ်းကစားလျှင်လည်း ပြိုင်ကားမောင်းခြင်းနဲ့ ပစ်တဲ့ဂိမ်းတွေပဲကြိုက်သည်၊ ပစ် ရန်သူတွေကို မနိုင်နိုင်အောင်ပစ် ၊ ဂိမ်းထဲမှာ ကြိုက်သလောက် ပစ်လို့ရသည်၊ သေ ကျနော်မကြိုက်တဲ့သူတွေ အားလုံးသေ၊ ဒီလိုပစ်နေရလျှင် အဲဒီလိုသေနေကြလျှင် ကျနော့်ရင်မှာပေါ့သွားသလို ခံစားရသည်၊
ဒါကို ခင်ဗျားတို့ခံစားဘူးမှ သိကြမှာပါ။

…………………………………………………………………………………………………….

လူဆိုး လူပေလေးဖြစ်နေမှာပေါ့၊
အဖေ ကလည်းခဏခဏ ခရီးထွက်နေ၊
အမေကလဲ လင်ငယ်နေ၊
ဆိုဆုံးမတဲ့သူ မရှိပဲဖြစ်နေမှာပေါ့၊
ဘေးပတ်ဝန်းကျင်မှာ ပြောလာရင်၊ နောက်ကွယ်မှာ ပြောလာရင်
ကျနော့်ဒေါသတို့သည် အမြင့်ဆုံးသို့ရောက်ခဲ့ရပေသည်၊
ကျနော် ဆိုးပေနေခြင်းသည် ဘယ်သူ့ကိုမှာမထိခိုက်ပေ၊ ဒါကကျနော်အထင်၊
ဆိုဆုံးမတဲ့သူ မရှိဘူး။ ဒီစကားလုံးဝမမှန် အဖေရော အမေရော ဒီနေ့အထိ ကျနော်ကို ဆုံးမနေဆဲဖြစ်သည်၊
အမေကလဲ လင်ငယ်နေသည်၊ ဒီလိုသုံးဘို့မသင့် အမေသည် အဖေနှင့် တရားဝင်ကွာရှင်းကာ နောက်အိမ်ထောင်ပြုသွားခြင်းဖြစ်သည်၊ ဒီလို နောက်အိမ်ထောင်ပြုထားသူများ ကမ္ဘာပေါ်မှာ ဒုနှင့်ဒေးရှိမည်ထင်သည်။

အမေသတင်းကြားကာစက ကျနော် ဒေါသထွက်သည်၊ ဝမ်းနည်းသည်၊ ယူကျုံးမရဖြစ်ရသည်၊ တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ချင်သည်၊ အမေရဲ့ လင်အသစ်ကိုပြေးသတ်ချင်သည်၊ အထူးသဖြင့် ညီမလေး ဆယ်တန်းရောက်တဲ့နှစ်မှာ အမေဒီလိုလုပ်သွားရက်သည်၊ အမေ့ကိုမုန်းသည်၊ အမေ့ကိုမုန်းသည်၊ အမေ့ကိုမုန်းသည်၊ ဆိုပြီးခဏခဏ ရေရွတ်နေမိသည်၊ ဒါကိုလည်း ခင်ဗျားတို့ခံစားဘူးမှ သိကြမှာပါ။

အမေ၏နောက်အိမ်ထောင်က ကျနော်တို့စတိုးဆိုင်နား လက်ဖက်ရည်ဆိုင်က အလုပ်သမားဖြစ်သည်၊ အဖေသည် အမေ့ကို တော်တော်ချစ်သည်၊ အမေ့ကို မြို့သစ်ကအိမ်၊ ခြံတွေနဲ့ ပိုက်ဆံသိန်းထောင်ပေါင်းများစွာပေးလိုက်သည်၊ ထိုအတွက် မန္တလေး တစ်မြို့လုံးက အဖေကိုအပြစ်ဆိုကြသည်၊ အဖေသည် အမေ့ကိုနားလည်းပေးခဲ့သည်ဆိုသည်၊ အမေ ကျနော်တို့နှင့်ခွဲခွာသွားပြီးနောက် အဖေသည် ကျနော်တို့နှစ်ယောက်ကို ပိုဂရုစိုက်လာသည်၊ အလိုလိုက်လာသည်။

အဖေသည်လည်း အမေနဲ့မယူခင်က ရှမ်းပွဲကအဖိုး၏ လက်ဖက်ရည်ဆိုင်မှာ လုပ်ခဲ့သည်၊ အမေကိုခိုးပြေးပြီးနောက် ဒီလမ်း ၈၀ ပေါ်မှာ ကောင်းကင် စတိုးဆိုင်လေးကို စဖွင့်ခဲ့သည်၊ အဖေနှင့်အမေကို အမေဘက်က သဘောမတူခဲ့ပေ၊ နောက်ဆုံးအဖေ၏ ကြိုးစားမှု နှင့် ကောင်းကင်စတိုးဆိုင်လေး အောင်မြင်လာချိန်တွင် အမေဘက်ကပြန်ခေါ်ခဲ့သည်၊ ကိုယ်ထက်ငယ်တဲ့သူ သူဌေးသမီးကိုယူခဲ့သောအဖေသည် အများပြောယူရအောင် အမေ့ကိုအလိုလိုက်ခဲ့သည်။

ထိုမှစ၍ အဖေသည် စတိုးဆိုင်လေးမှ စတိုးဆိုင်ကြီး ဖြစ်လာကာ တခြားအရောင်းအဝယ်လုပ်ငန်းများလည်း အောင်မြင်ခဲ့သည်၊ မန္တလေးတွင်လူသိထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာသည်၊ အမေသည် ဆိုင်ကိုဦးစီးလုပ်ကိုင်ရင်း ကျနော်တို့ မိသားစုငါးယောက်သည် ပျော်ရွှင်ဖွယ်ရာမိသားစုလေးဖြစ်လာပါသည်၊ မန္တလေးလမ်း ၈၀ ပေါ်မှာ ကောင်းကင် စတိုးဆိုင်သည် မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့သည်၊ လုပ်ငန်းအောင်မြင်လာမှုနှင့်အတူ အဖေသည် မကြာခဏ နယ်စပ်သို့၎င်း ထိုင်း၊ စင်္ကာပူနိုင်ငံများသို့၎င်း ခရီးထွက်လေ့ရှိလာသည်။

ဒီလို အောင်မြင်ပျော်ရွှင်နေသော ကျနော်တို့မိသားစုလေးကို ကံဆိုးသောမုန်တိုင်းတစ်ခုက တိုက်ခိုက်လာခဲ့သည်၊ ကျနော့်ညီမလေး အလတ်မသည် တစ်နေ့တွင်အပြင်းဖျားတော့သည်၊ အဖျားသည်ပြန်မကျ ဒီတော့အဖေတို့သည် ညီမလေးကို အထူးကုဆေးရုံသို့တင်လိုက်သည်၊ ထိုအချိန်ကညီမလေးသည် အသက် ၁၄ နှစ်မပြည့်သေးပေ၊ ဆေးရုံကြီးက ပထမငှက်ဖျား၊ နောက်တော့ တိုက်ဖွိုက်ဆိုသည်၊ သုံးပတ်အတွင်းမှာ ညီမလေးဆုံးသွားသည်၊ ညီမလေးရဲ့ နှာခေါင်း၊မျက်စိ၊ နားတွေက သွေးတွေကျလာသည်၊ သေခါနီးမှ ညီမလေးသွေးလွန်တုတ်ကွေးဖြစ်မှန်းသိကြသည်တဲ့၊ ညီမလေးသည် ကျနော်နဲ့နီးကပ်သည်၊ ကျနော်၏ကစားဖေါ်ဖြစ်သည်၊ ကျနော်၏တီတိုးဖေါ်ဖြစ်သည်၊ ကျနော့်ရဲ့ အမြတ်နိုးဆုံး၊ အချစ်ဆုံးတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်၊ ကျနော် ယူကျုံးမရဖြစ်ရသည်၊ ညီမလေးကို ဒီဆရာဝန်တွေသတ်လိုက်တာ၊ ထိုအချိန်မှစ၍ ဆရာဝန်များကို ကျနော်မုန်းခဲ့သည်၊ ကလေးလူငယ် တစ်ယောက်အနေဖြင့် ကျနော်ခံပြင်းသည်၊ ထိုဆရာဝန်တွေကို လက်စားချေချင်သည်၊ တာဝန်မဲ့သော ပရောဖက်ရှင်နယ် မဆန်သော လူသားမဆန်သော ဒီဆရာဝန်တွေကိုသတ်ချင်သည်၊ ငယ်ရွယ်သော ကလေးငယ်တစ်ယောက်၏ တောက်ခတ်သံသည် ထိုအထူးကုဆေးရုံထဲ၌ ကျန်ရစ်ခဲ့ပေလိမ့်မည်။
မြန်မာပြည်မှာ တီဘီလား၊ ငှက်ဖျားလား၊ တိုက်ဖွိုက်လား၊ သွေးလွန်တုတ်ကွေးလား ခွဲမတတ်သော ဆရာဝန်တွေ ဘယ်လောက်ရှိနေသလဲဆိုတာ၊ ဒါကို ခင်ဗျားတို့ခံစားဘူးမှ သိကြမှာပါ။

………………………………………………………………………………….

အဖေသည် သေဆုံးသွားပြီဖြစ်သော ညီမလေး ကုသိုလ်ရရန် ဆရာဝန်ကိုကျေအေးခဲ့သည်၊ အထူးကုဆေးရုံ၏ တောင်းပန်မှုကိုလက်ခံခဲ့သည်၊ အဖေကပြောသည် ဘယ်လောက်ပဲ လျှော်ကြေးတွေပေးပေး၊ ဆရာဝန်ကိုထောင်ချချ ညီမလေးသည် ဒီလောကကြီးက မထွက်ခွာသင့်ပဲ ထွက်ခွာသွားခဲ့ပြီတဲ့၊ အစားထိုးလို့မရတဲ့ လူသားမှားယွင်းမှုတစ်ခုကို အကောင်းဖြင့် အဆုံးသတ်လိုက်ရအောင်တဲ့၊ အဖေ၏ဆုံးဖြတ်ချက်ကို အမေရော ကျနော်ပါ သိပ်မကျေနပ်ချင်၊ အဖေသည် ကျနော်တို့အားကိုးရာဖြစ်သောကြောင့် အဖေသဘောအတိုင်းဖြစ်စေခဲ့သည်။

ညီမလေးဆုံးသွားပြီးနောက် အမေသည် တငိုင်ငိုင်နဲ့ဖြစ်နေသည်၊ အမေ့မျက်လုံးတွေက ကြိတ်ငိုနေကြောင်းသိသာသည်၊ အမေသည်အဝတ်အစားကို ဖိုသီဖတ်သီဝတ်လာသည်၊ ကာရာအိုကေဆိုင်များသို့ အသိများနဲ့ သီချင်းလိုက်ဆိုခြင်းများလုပ်လာသည်၊ ကျနော်ကိုလည်း လိမ်လိမ်မာမာနေဘို့ အချိန်ရတိုင်းပြောနေသည်၊ အဖေကိုအရွဲ့တိုက် ရန်ဖြစ်မှုများဖြစ်လာသည်၊ အော်ကြီးဟစ်ကျယ်ရန်ဖြစ်တတ်လာသည်၊ ဆိုင်ဝန်ထမ်းများကို အပြစ်ရှာ ဟောက်သည်၊ တစ်ခါတစ်လေ သူ့သူငယ်ချင်းအိမ်တွင် သွားငိုတတ်သည်ဟုကြားရသည်။

ကျနော်သည်လည်း အိမ်မှာမပျော်တော့၊ အပြင်သို့ထွက်နေသည်ကများသည်၊ ဆိုင်ကယ်အမြန်လိုက်မောင်းနေရခြင်းကို နှစ်သက်လာမိသည်၊ ထိုနောက်တဆင့်တက်ကာ အဖေကားကိုယူမောင်းတော့သည်၊ စာမေးပွဲအောင်ရင် ဘာဝယ်ပေးညာဝယ်ပေးဖြင့် ကျနော်ပြိုင်ကားလိုချင်ကြောင်း ပူဆာခဲ့သည်။

ဒီလိုနဲ့ တစ်နေ့မှာ အမေသတင်းကိုကြားရသည်၊ ဒီစားပွဲထိုးဆိုတဲ့အကောင်က အချောင် အမေအားနည်းချက်ကိုသိ၍ အပီကြံသွားခြင်းဖြစ်မည်၊ ကျနော်သည်၎င်း ညီမအငယ်ဆုံးလေးသည်၎င်း ပတ်ဝန်းကျင်ကို ဘယ်လိုရင်ဆိုင်ရမလဲမသိ၊ ရှက်ခြင်း၊ ရွံခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်းများ တစ်ပြိုင်နက်ခံစားရသည်၊ ဒီကြားထဲ ကျနော်ယာဉ်တိုက်မှုဖြစ်သဖြင့် ဆွေမျိုးတွေက ကျနော်ကိုဝိုင်းထိန်းကြည့်ရှုနေသည်၊ အဖေက ကျနော်တို့ မောင်နှမနှစ်ယောက်ကို အမေသည်ဒီမိသားစုထဲက ခွဲထွက်သွားပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အမေဟာအမေပဲဖြစ်ကြောင်း၊ အမေ၏ဆုံးဖြတ်ချက်ကို လေးစားစေချင်ကြောင်းပြောသည်၊ ကျနော်သည် ထိုနေ့မှစ၍ လူတော်တော်များများကို မုန်းတတ်လာသည်၊ အထူးသဖြင့် မိန်းမတွေကိုမုန်းလာသည်။

အဖေကိုလည်း မကျေနပ်၊ အမေကိုလည်း မကျေနပ်၊ လူတော်တော်များများကို မကျေနပ် ရန်ပွဲတွေဖြစ်တတ်လာသည်၊ ကောင်မလေးတွေကို တစ်လလောက်တွဲပြီးပစ်တတ်လာသည်၊ အဖေသည် ဖျောင်းဖျသည့်အနေဖြင့် ကျနော်ကို ပြိုင်ကားဝယ်ပေးခဲ့သည်၊ ထိုနေ့မှစ၍ ပြိုင်ကားသည် ကျနော့်ချစ်သူဖြစ်လာခဲ့သည်။

တစ်နေ့ ပြိုင်ကားအမောင်းလွန်သွားသောကြောင့် ကျနော်အအေးမိကာ ဖျားသည်၊ အဖေသည်စိုးရိမ်မဆုံး၊ အမေသည်အပြေးရောက်ချလာသည်၊ အမေလာသည်ကို ကျနော်မျက်စိလုံးဝဖွင့်မကြည့်ပါ၊ ဒါပေမဲ့အမေလာသည်ကိုကြိုက်နေမိသည်၊ တကယ်တော့ ကျနော်အမေကိုလွမ်းနေသည်လား၊ အမေကိုဖက်လိုက်ချင်သည်၊ အမေရင်ခွင်ထဲငိုလိုက်ချင်သည်၊ ကျနော်မလုပ်ခဲ့၊ အမေ့မျက်ရည်တို့ကျနော့် ပါးပြင်ပေါ်ကျလာသောအခါ၊ ကျနော်မထိန်းနိုင်တော့၊ ငိုမိသည်၊ အမေက သားလေး ခံစားနေရလား၊ အလတ်မလေးလိုမဖြစ်ပါစေနဲ့ဟုပြောကာ ကျနော်မျက်ရည်တွေကို လက်ဖဝါးနဲ့သုတ်ပေးတော့၊ ကျနော်မထိန်းနိုင်တော့၊ အမေ့လက်ဝါးနှစ်ဖက်တွင် မျက်နှာအပ်ကာ ကျနော်ချုံးပွဲချငိုကြွေးလိုက်မိသည်၊ ဘယ်လောက်ထိငိုကြွေးလိုက်မှန်းမသိ ကျနော်အိပ်ပျော်သွားခဲ့သည်၊ မနက်မိုးလင်းလာတော့ ကျနော်အဖျားပျောက်နေပြီ၊ ရင်ထဲတွင်လည်းပေါ့ပါးကာတစ်စုံတစ်ရာက ဖိဆီးမှုမရှိတော့သလို ခံစားရသည်၊
ထိုနေ့က အမေကိုနားလည်လိုက်သည်ဟုထင်မိသည်၊ အမေဆိုသည်မှာ ဘယ်လိုပင်ဖြစ်ဖြစ် နွေးထွေးစရာပါလားလို့ သိလိုက်ရသည်၊ ဒါကိုလည်း ခင်ဗျားတို့ခံစားဘူးမှ သိကြမှာပါ။

………………………………………………………………………

အဖေအလာကိုစောင့်နေရင်း လူတွေအကြောင်းကိုတွေးမိနေသည်၊ ယခုကျနော်တို့ကို ဖမ်းထားသော ရဲအရာရှိများသည်၊ ကျနော်တို့ဆီက အကြိမ်ကြိမ် ပိုက်ဆံယူဖူးသူများဖြစ်သည်၊ စီမံချက်ပါ ငါညီတို့ရေ၊ ဟိုဂျာနယ်တွေကရေး၊ ဟိုအင်တာနက်မှာပါနဲ့ ငါတို့လည်း အလုပ်များ၊ လူကြီးတွေလည်း အထုခံရနဲ့ မလုပ်မဖြစ်လို့ပါ၊ ဘယ်လိုဆိုရမလဲ အဲဒီအချိန်မှာ ထူးဆန်းသောစိတ်တစ်ခု ကျနော်မှာဖြစ်ပေါ်လာသည်၊ ထိုရဲအရာရှိများကိုနားလည်ပေးလိုက်သည်၊ နားလည်ပေးစွမ်းနိုင်ရှိသော အဖေ့ကိုလည်း နားလည်ပေးချင်စိတ် ဖြစ်ပေါ်လာသည်။

ကျနော်ပို၍တွေးမိသွားသည်၊ မန္တလေးမြို့ကလူတွေ၊ နောက်ပြီးကုန်သည်တွေ ပွဲစားတွေ၊ လုပ်ငန်းရှင်တွေ၊ ဆိုင်ပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်ဆိုတဲ့လူတွေ၊ ဂျာနယ်သမားတွေ၊ အင်တာနက်သမားတွေ၊ မီဒီယာသမားတွေ၊ နယ်စပ်ကလူတွေ၊ ကုလားပြည်ကလူတွေ၊ တရုတ်ပြည်က ဘာကျွမ်းကျင်သူ ညာကျွမ်းကျင်သူတွေ၊ ယပလက် တို့ ယူရုပ်တို့ စတိတ်တို့က အော်ကြီးဟစ်ကျယ်သမားတွေ၊ စလုံးတို့အော်ဆီတို့က ဘာမှမဟုတ်တာတွေ……..

သူတို့အားလုံးကို ဝိုင်းစုခိုင်သိန်း VCDခွေထဲမှာ နောက်ဆုံးပြောသွားတဲ့ စကားနှစ်လုံးကို ပြောပြစ်လိုက်ချင်တယ်၊

နောက်ပြီးအော်ဟစ်နေတဲ့ အထက်မြန်မာပြည်နှင့် မန္တလေးက ဆမ အသင်းဝင်တွေကို ဝိုင်းစုခိုင်သိန်းလို ပြောပစ်လိုက်ချင်တယ်……


ိမ်” တွေလို့။

ဒါကိုလည်း ခင်ဗျားတို့ခံစားဘူးမှ ပြောဖြစ်ကြမှာပါ။


တိုက်ဆိုင်မှုရှိရင် တိုက်ဆိုင်သွားသည်လို့ မှတ်ပါ။


20 comments:

ahphyulay said...

ဟေ့ ...
ရေးလိုက်တိုင်းဒီလိုချဉ်းပဲ...။
ဖတ်ရတာ ဘယ်လိုပြောမလဲ..၊ စိုးရိမ်ရသလို
လို ၊ ဘာလိုလို၊ တကယ့် အဖြစ်ဆိုလည်း
တကယ့်အဖြစ်၊ ကိုယ်တွေ့  ဘာညာထည့် ရေး
ပါဗျာ၊ တရုပ်ပြည်က ပြန်ရောက်လာပြီထင်..။
မန္တလေး ခါးစောင်းတင်ဘို့ နေနေသာသာ
ပို့ (စ)လေးဆုံးတော့  မောနေသလို...။
ရေးထားတာ သိပ်မြန်နေတယ်ထင် ....။

Anonymous said...

ဇာတ်လမ်းတစ်ချို့ကို သိနေသလိုပဲ လမ်း၈၀က စတိုးဆိုင် ခဏခဏဝယ်ဘူးတယ် လူငယ်တွေ ကလေးတွေကိုနားလည်ပေးဘို့ဆိုတာလိုအပ်ပါတယ် ။ မန်းတလေးသူ၊

အင်္ဂါဟူး said...

ကဲ...အဲဒါပြောချင်တာပဲ...ကိုဆိုစီ တို့ပြောလိုက်မှ ပိဿာလေး ဘေးပစ်ပဲဗျာ။

ပြောရဲလိုက်တာ...

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်ပြီး ဘာပြောရမှန်း မသိတော့ဘူး ...

ဂျစ်တူး ( မုံရွာ ) said...
This comment has been removed by the author.
ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး ရေ
ဘယ်သူတွေ ပြောင်းပြောင်းမပြောင်းပြောင်း ကျနော့်တို့ လူငယ်တွေက ကိုယ်ဟာကိုယ်ပြောင်းပြီးသားဖြစ်သည်၊--
အဲဒီစကားကိုတော့အတော်သဘောကျသွားသည်။
ဝိုင်းစုခိုင်သိန်းပြောသွားတဲ့ စကားကိုတော့မကြိုက်ပါဘူး-
သူမပြောဘဲဒီပြင်သူအဲဒီစကားကိုပြောမယ်ဆိုရင်တော့
ကြိုက်မယ်ထင်ပါသည်။(ကိုယ်ပိုင်ခံစားချက်ဖြစ်ပါသည်)
မကြိုက်တာကသူပြောတဲ့စကားမဟုတ်ပါ။ သူ့ကိုမကြိုက်ခြင်း
သာဖြစ်ပါသည်-(သမိုင်းကိုပြောင်းပြန်လှန်တဲ့ မိန်းမကိုကျေနပ်စရာမရှိ)

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ပဲ ဖတ်ပြိး မောသွားတယ်အကို...ဘာပြော၊ရမှန်း မသိအောင်ပါပဲ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် အဖြစ်မှန်လို့စိတ်ထဲက ခံစားမိတယ်
စာလုံး ၂လုံးထဲက လူတွေများနေတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ပါ ပါနေပြီလားလို့ တွေးနေမိတယ် ကိုဆိုးဆီရေ။
ခံစားကြည့်ဖူးတယ်ဗျ။ ဒီမှာ ဆိုင်ကယ် ဦးထုပ်မပါလို့ အဖမ်းခံရတာ အနည်းဆုံး ၄ခါလောက်ရှိနေပြီ။း)

seesein said...

ကိုစိုးစိရေ ခါးစောင်းတင်မကြည့်ပါဘူး ခါးညောင်းမှာစိုးလို့
လက်ဖ၀ါးလေးထဲတင် တင်ကြည့်တာ မရေး မရေးနဲ့ ရေးပေးတော့လည်း ဖတ်ရတာ အားရှိပါးရှိဗျာ ကျေးဇူးတင်ပါတယ်

ခင်မင်တဲ့
seesein

မေဓာဝီ said...

စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတခုလိုပဲ။ အပေါ်မှာ ပြောကြသလို ဖတ်ရင်းနဲ့ မောလာတယ်။ အဆုံးကျတော့ ပြုံးရတယ်။
ဒီဇာတ်လမ်းကို ချဲ့ပြီးရေးရင် လုံးချင်းတအုပ်စာ ရနိုင်မယ်ထင်တာပဲ။
ဒါပေမဲ့ ခုလိုရေးတာကိုက ကိုဆိုဆီ စတိုင်ဖြစ်နေပြီ။

SHWE ZIN U said...

ကိုဆိုဆီ ရေ

မန္တလေး အကြောင်းဆိုတော့ စိတ်ဝင်စားစွာဖတ်သွားပါတယ် စုတ်ချက်ကြမ်း ပေမဲ့ ပုံပေါ်ပါတယ် စာတွေများများရေးပါအုန်း

ကျေးဇူး

flowerpoem said...

အောက်ဆုံးစာသားကိုအကြိုက်ဆုံးပဲ :)

အဖြူရောင်နတ်သမီး said...

မမေပြောသလိုပဲ..
အောက်ဆုံးက စာသားလေး အထိဆုံးပဲ...

မြစ်ကျိုးအင်း said...

ဖတ်သွားပါတယ်ဗျာ။ အောက်ဆုံးအပိုဒ်တွေကတော့ စာရေးသူရဲ့ ခံစားချက်များလား ထင်မိသေးတယ်။

ဟန်ကြည် said...

အင်း...ဘာပြောရမှန်းတောင်မသိဘူး ဖြစ်သွားတယ်...ပြောမိပြန်ရင်လည်း ဓာတ်ဆီလောင်းပေးသလိုဖြစ်မှာစိုးတာကြောင့် ယုန်ကလေးကို နှာစေးခွင့်ပြုပါဗျာ...

လသာည said...

ကျွန်မကတော့ ဒီပိုစ်ကို သဘောအကျဆုံးပဲ..။

မအိမ်သူ said...

အမောတကော လိုက်ဖတ်လိုက်ရတယ်။ အသက်တောင် မရှူအားဘူး..နောက်တခါတော့ နည်းနည်းဖြည်းဖြည်းရေးပါဆရာရယ်.. :)

blackroze said...

မန္တလေးကိုခါးစောင်းမတင်ဘူးဖူး...

နောက်ဆုံးစကားလေးနှစ်လုံးကိုတော့..

ကြိုက်၏..ိုမ်...ဟုတ်တယ်..

ဒီလောကကြီးကဘယ်သူကိုမှမယုံရတဲ့လောက...

ညိမ်းနိုင် said...

သိပ်မြန်တယ်...ဒါပေမယ့် အဲ့လိုမြန်တာကိုကြိုက်တယ်ဗျာ၊

အင်ကြင်းသန့် said...

“ိုမ်” တွေလား....တော်တော်ကိုများတယ်။