Saturday, April 2, 2011

ရင်ခုန်သံအသစ် အချစ်စစ်လား ( ၂ )


ရဲလင်းသူ ဒီနေ့စောစောနိုးနေသည်၊ အလုပ်ပိတ်ရက်တွင် ၉ နာရီလောက်ထိ အိပ်လေ့ရှိသည်၊ ဒါပေမဲ့ ဒီနေ့ စောစောထနေ၍ ဦးလေးနှင့် အဒေါ်တို့က ရုံးမသွားခင် တအံ့တသြကြည့်သွားကြသည်၊ မနေ့ညက ခင်မျိုးမြင့်သူဖုန်းဆက်လာသည် သူသွားချင်သော နယူးယောက်ကနေရာများပြောပြသည်၊ အကုန်လုံးမသွားနိုင်၍ ဘယ်ကိုသွားရမလဲ အကြံဉာဏ်တောင်းသည်၊ ခက်သည်က ရဲလင်းသူက နယူးယောက်မှာသာနေသည် စုံစုံလင်လင်မရောက်ဖူး၊ မသိ၊ မနက်ကြမှ ပြန်ဆွေနွေးကြတာပေါ့လို့ ဖြေလိုက်မိသည်၊ ဒီမှာ ငယ်ငယ်ကတည်းကနေလာတဲ့သူတွေဆိုရင် ကျောင်းအစီအစဉ်တွေနဲ့ ရောက်နိုင်သိနိုင်သည်၊ ကြီးမှရောက်လာသူ သူ့အဖို့မလွယ်၊ ပြတိုက်ဆိုလို့ သုံးခုထက်ပိုမရောက်ဖြစ်၊ ခင်မျိုးမြင့်သူဖုန်းချသွားပြီးမှ အင်တာနက်ဖွင့် လေ့လာကြည့်မိသည်၊ ဒီကောင်မလေးကမလွယ် အမေးအမြန်းထူသည်၊ သူများမတွေးသောမေးခွန်းမျိုးလဲမေးတတ်သည်။

တရက်တာတွေ့ရပေမဲ့ ခင်မျိုးမြင့်သူပုံရိပ်ကို သူပြန်ဖေါ်နိုင်သည်၊ မပိန်မဝ၊ မျက်လုံးဝိုင်းဝိုင်းလေး၊ အထူးသဖြင့်ရယ်လိုက်ရင် ပါးချိုင့်လေးပေါ်လာသည်၊ စကားပြောရင် လူကို တစ်ချက်တစ်ချက်ကြည့်လိုက်ပုံလေးသည် သူ့ကိုရင်ခုန်စေခဲ့သည်၊ ဘာကြောင့်မှန်းမသိ ခင်မျိုးမြင့်သူနှင့်တွေ့ရသည့် အချိန်သည် သူ့အတွက်အပျော်ဆုံးအချိန်ဟုဆိုနိုင်သည်၊ ဒီလိုပျော်ရွှင်မှုမျိုးမရခဲ့တာ ကြာခဲ့ပြီဟုထင်သည်။

ခင်မျိုးမြင့်သူတစ်ယောက်လည်း စောစောနိုးနေသည်၊ ဒီနေ့သွားမည့် အစီအစဉ်များကို ပြန်သုံးသပ်နေသည်၊ ရဲလင်းသူ လာစောင့်နေမည်ဆိုသော ၄၂ လမ်းဘူတာကို ဘယ်လိုသွားရမလဲလေ့လာဖြစ်သည်၊ ဒီနေ့ အဓိကသွားမှာက ပြတိုက်The American Museum of Natural History ဖြစ်သည်၊ ရဲလင်းသူကို မနေ့ကဖုန်းထဲမှာမေးတာ သိပ်ရေရေလည်လည်မဖြေ၊ မသိလို့လား မေးတာများနေလို့လားမသိ၊ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ဒီကောင်လေးကြည့်ရတာ ခင်ဘို့ကောင်းသည်၊ ဘာလို့ တွေ့တွေ့ချင်း ခင်မင်ယုံကြည်မိလည်းမသိ၊ ဘာပဲဖြစ်ဖြစ် သူနဲ့စကားပြောရတာ တစိမ်းမဆန် အရင်ထဲကရင်းနှီးနေသည့်အလား၊ ကိုယ်ကိုကိုယ်တောင် အံ့သြမိသည်။

ဘူတာတွင်ချိန်းထားသည့်အချိန်က ၉နာရီခွဲ၊ အချိန်မခန့်မှန်းတတ်၍ တည်းခိုရာ ၃၅လမ်းဟိုတယ်က စောစောလမ်းလျှောက်ထွက်လာရာ ဘူတာကိုရောက်တော့ ဆယ်မိနစ်စောနေသည်၊ ချိန်းထားသည့် စာအုပ်ဆိုင်ကိုရောက်တော့ ရဲလင်းသူရောက်နေပြီ၊
“မျိုးသူ တစ်ယောက်ထဲ စောရောက်နေမှာစိုးလို့၊ ကျနော်စောစောထွက်လာလိုက်တာ၊”
‘တို့က တို့ကိုယ်တို့ စောရောက်ပြီထင်နေတာ၊”
“နှစ်ယောက်လုံး ဝိရိယကောင်းနေတော့ ကျနော်တို့စောစောသွားရတာပေါ့၊ Museum ဘူတာကို ကျနော်နေတဲ့ Brooklyn ကတိုက်ရိုက်သွားလို့ရတယ်၊ မျိုးသူ ရထားရွေးမှားမှာစိုးလို့ ကျနော်ဒီဘူတာမှာ ချိန်းလိုက်တာပါ၊”
‘ကျေးဇူးပဲလင်းသူ သွားကြတာပေါ့၊’
ပြတိုက်ရောက်တော့မဖွင့်သေး ၅ မိနစ်လောက်လိုနေသေးသည်၊ အချိန်တိကျလိုက်တာ။
ရဲလင်းသူ လမ်းညွှန်စာရွက်များကိုယူပေးရင်း ခင်မျိုးမြင့်သူကိုလှမ်းမေးလိုက်သည်၊
“မျိုးသူရေဘယ်နေရာကိုအဓိကထားကြည့်ချင်သလဲ၊ ပြတိုက်ကြီးကအကြီးကြီးနော်၊”
‘တို့သေချာကြည့်ချင်တဲ့နေရာ နှစ်နေရာပဲရှိတယ် မနေ့ညကဖတ်ထားတာ၊ Fossil Halls ရယ် Human Biology and Evolution ရယ်၊ ပြတိုက်ကြီးကအကြီးကြီးရယ်နော်၊’
“ဟုတ်တယ် ကမ္ဘာအကြီးဆုံးပြတိုက်တစ်ခုပါ၊ တိုးလျှိုပေါက်နေတဲ့ အဆောက်အဦးပေါင်း ၂၅ ခုထဲမှာ၊ ပြခန်းပေါင်း ၄၆ ခုတည်ဆောက်ထားတယ်၊ စာကြည့်တိုက်၊ သုတေသနခန်းမတွေနှင့် ပြပွဲလုပ်နိုင်တဲ့ ပြခန်းတွေလည်းရှိသေးတယ်၊ ခုတောင် BRAIN ဆိုပြီးပြခန်းလုပ်ထားတာ ပြီးရင်ကျနော်တို့ ဝင်ကြည့်ကြတာပေါ့၊ ပြတိုက်ကြီးကို ၁၈၆၉ ခုနှစ်ထဲကဆောက်ထားတာ၊” “ပြင်ဆင်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ကြတယ်၊ ပြတိုက်ထဲမှာ စုဆောင်းပြထားတာ specimens ပေါင်း များစွာရှိတယ်၊ မျိုးသူပြောတဲ့ Night at the Museum ရှပ်ရှင် ကို၂၀၀၆ ခုနှစ်ကရိုက်ခဲ့တာ၊”
‘ဟုတ်တယ် အဲဒီ့ရုပ်ရှင်ကိုကြည့်ပြီး ဒီပြတိုက်ကိုလာချင်နေခဲ့တာ၊’
“ဟော လက်မှတ်ရောင်းပြီ၊ ဝယ်ပြီးဝင်ကြည့်ကြရအောင်၊”
“မျိုးသူ ဒီစာအုပ်ထဲမှာကြည့် ပြခန်းတွေ ၆ ခုအပြင် အာကာသပြခန်းလည်းရှိသေးတယ်၊ ၁. Hall of Ocean Life ၊ ၂. Human Biology and Evolution၊ ၃. Halls of Minerals and Gems၊ ၄. Hall of Meteorites၊ ၅. Fossil Halls၊ ၆. The Art of the Diorama: Recreating Nature တွေ့လား၊” ရဲလင်းသူကမေးလိုက်သည်၊
‘တွေ့တယ်၊ အားလုံးကစိတ်ဝင်စားဘို့ကောင်းနေတယ်၊’ ခင်မျိုးမြင့်သူပြန်ဖြေလိုက်သည်၊
ရဲလင်းသူကဆက်၍ “ကျနော်တို့ Hall of Ocean Life ကိုသွားမယ် ပြီးရင်ကပ်လျှက်ရှိတဲ့ Fossil Halls ကိုသွားမယ်၊ အဲဒီမှာ မျိုးသူကြည့်ချင်နေတဲ့ ဒိုင်နိုဆောတွေရှိတယ်၊ ပြီးရင် Biology and Evolution ကိုသွားမယ်၊ နောက်ဆုံးကျန်တဲ့ပြခန်းတွေကြည့်ကြတာပေါ့၊ နေ့လည်စာကိုတော့ ပြတိုက်မှာတင်စားရလိမ့်မယ်၊”
ခင်မျိုးမြင့်သူက အိုကေလို့ပြောရင်း နှစ်ယောက်သား ပြတိုက်ကိုစကြည့်ဘို့ထွက်လာကြသည်။

ရဲလင်းသူတစ်ယောက် ဒိုင်နိုဆောတွေ၊ ရုပ်လုံးကြွတွေ၊ တွင်းထွက်ကျောက်တွေကို စိတ်ဝင်တစားကြည့်နေသော ခင်မျိုးမြင့်သူကို တစ်ခါတစ်ခါခိုးကြည့်မိသည်၊ ခင်မျိုးမြင့်သူကလည်း သူသိသည့်အရာဆိုလျှင် စိတ်ဝင်တစားရှင်းပြနေသော ရဲလင်းသူကိုကြည့်ကြည့်နေမိသည်၊ တစ်ခါတစ်လေ အကြည့်ချင်းဆုံသွားလျှင် နှစ်ဦးသားပြုံးမိကြသည်၊ ကျောက်မျက်တွေကို စိတ်ဝင်တစားကြည့်နေသော ခင်မျိုးမြင့်သူကို ရဲလင်းသူက “မျိုးသူ ကျောက်မျက်ရတနာတွေကိုကြိုက်လား၊”
‘မဟုတ်ပါဘူး တစ်ချို့ ရတနာတွေကို မတွေ့ဘူးလို့ပါ၊ ဒီကျောက်လေးက ကနေဒါမှာပဲထွက်တာ ရောင်စုံလေးနဲ့လှတယ်၊ တကယ်တော့ တို့က ပုလဲကိုကြိုက်တာ၊’
“ကျနော်ကတော့ ကျနော်ချစ်သူကို ရတနာတွေလက်ဆောင်မပေးချင်ဘူး၊ ပန်းလေးတွေပဲပေးချင်တယ် အထူးသဖြင့် နီဖျော့ဖျော့ Dream Lover နှင်းဆီပန်းတွေကို လက်ဆောင်ပေးချင်တယ်၊”
မဆီမဆိုင်ပြောနေသော ရဲလင်းသူကို ခင်မျိုးမြင့်သူငေးကြည့်ရင်း၊ လင်းသူက ပေးဘူးလို့လား ဟုမေးလိုက်သည်၊
ရဲလင်းသူက မဟုတ်ဘူး စိတ်ကူးယဉ်တာလို့ ပြန်ဖြေတော့၊ နှစ်ယောက်သား ရယ်ဖြစ်ကြသည်။

နေ့လည်တစ်နာရီလောက်မှ နေ့လည်စာ စားဖြစ်ကြသည်၊ လေးနာရီလောက်မှာ အကုန်ကြည့်ပြီး၍ BRAIN ပြခန်းသို့ထွက်လာကြသည်၊ BRAIN ပြခန်းကြည့်ပြီးနောက် ၆နာရီထိုးသွားပြီ၊ ညစာကို Rockefeller center ဘက်သွားရင်း စားဖြစ်ကြသည်၊ ဟော်တယ်သို့ ခင်မျိုးမြင့်သူကို ပြန်အပို့ ရဲလင်းသူက
“မျိုးသူကို မနက်ဖြန်လိုက်ပို့ဘို့ ကျနော်ခွင့်ယူထားတယ်၊ သဘက်ခါ မျိုးသူတို့က ဝါရှင်တန်ကို တစ်ညအိပ်သွားမှာ မဟုတ်လား၊”
‘အို လင်းသူကလည်း၊ ပြန်လာရင်တွေ့ဦးမှာပဲမဟုတ်လား၊’
“အိုလုပ်မနေနဲ့ ဘယ်သွားချင်သလဲပြော၊
‘မနက်ဖြန် ဈေးဝယ်ထွက်ချင်တယ် လင်းသူ၊ ဘယ်နေရာတွေဝယ်လို့ကောင်းလဲ၊’
“ကျနော်က ဈေးဝယ်ထွက်လေ့မရှိပါဘူး၊ အဒေါ်ကတော့ Macy မှာ အများဆုံးဝယ်လေ့ရှိတယ်၊ နောက်ပြီး Madison အဲဒီမှာ branded နာမည်ကြီးတွေရှိတယ်၊ ဖက်ရှင် Avenue ဆိုတာလည်းရှိသေးတယ်၊”
‘တို့ကို လင်းသူ ရီကောမန်းလုပ်လေ၊’
“ဟော ခက်ပြီ၊”
“မျိုးသူ Apple ပစ္စည်းတွေဝယ်ချင်ရင် Apple Store ရှိတယ်၊ i pad တို့ i phone တို့ ဝယ်ချင်ရင်ပြောတာ၊
အဝတ်အစားနဲ့ အခြားဟာတွေတော့ ကျနော်က C21 မှာပဲဝယ်တယ်၊ ဈေးသက်သာ ကောင်းလည်းကောင်းတယ်၊ C21 ဆိုတာ Century 21ကိုပြောတာ၊”
“ကျနော်နေတဲ့ Brooklyn မှာလည်းရှိတယ်၊ ဒီ Manhattan Broadway မှာလည်းရှိတယ်၊
နောက်ပြီး Broadway ထဲမှာပဲ Virgin ဆိုတာ ရှိသေးတယ်၊
တကယ်တော့ ဈေးဝယ်ရင် SOHO လည်းသွားလို့ရတယ် Grand Central Station ထဲမှာလည်းဝယ်လို့ရတာပဲ၊”
‘မဟုတ်ဘူးလေ၊ တို့က အမှတ်တရ နည်းနည်းပါးပါးဝယ်မှာပါ၊ တစ်ချို့ကိုတော့ window shopping ပေါ့၊ လင်းသူရောက်ဘူးတဲ့နေရာတွေခေါ်သွားပါ၊’
“ကျနော်ရောက်ဘူးတဲ့နေရာ၊ ဒါဆိုဒီလိုလုပ် Macy ကိုသွားမယ် လင်းသူတည်းတဲ့နေရာနှင့်နီးတယ်၊ ပြီးရင် SOHO သွား၊ Madisonမှာ Brand တွေကိုငေး၊ နောက်ဆုံး C21မှာဝယ်ကြတာပေါ့၊”
‘လုပ်လိုက်လေ၊ လင်းသူစီစဉ်ရင် အကုန်ကောင်းပါလိမ့်မယ်’။
………………………………………………………………………..


 
 
 
 
 
 
 
ရာသီဥတုကလည်းအေးနေ၍ တစ်နေကုန် ဈေးဝယ်သွားနေရခြင်းကို ရဲလင်းသူပင်ပန်းသည်လို မထင်ခဲ့ပါ၊ ဘေးတွင် ခင်မျိုးမြင့်သူ ပါနေသောကြောင့်လားမသိပါ၊ ဒီည Time square တွင်ပြန်ထိုင်ချင်သည်ဆို၍ 3rd Avenue လမ်းမကြီးအတိုင်း 42 လမ်းဘက်လျှောက်လာသည်၊ လမ်းတွင် ဂျပန်စာဝင်စားရန်ဖြစ်သည်၊ ခင်မျိုးမြင့်သူက ဒီနေ့ကုန်ကျစားရိတ်အားလုံးကို သူခံမည်ဟုဆိုသည်၊ ရဲလင်းသူ အလုပ်တစ်ရက် ခွင့်ယူလိုက်ရသောကြောင့်လားတော့မသိ၊ ဂျပန်ဆိုင်ထဲ ဝင်ထိုင်လိုက်သောအခါ နွေးထွေးမှု ကို ရရှိလိုက်သည်၊ ဆိုင်ထဲရောက်မှပဲ အပြင်မှာအေးမှန်းသိတော့တယ်လို့၊ မျိုးသူကိုပြောလိုက်မိသည်။
 
ရဲလင်းသူကိုကြည့်ပြီး အားနာမိသည်၊ ခွင့်ယူပြီးလိုက်ပို့ပေးသည်၊ ပြန်စဉ်းစားကြည့်လျှင် ဒီလောက်ပျော်စရာကောင်းသော ဈေးဝယ်ထွက်တာ ဘဝမှာတစ်ခါမှာမကြုံဘူးပါ၊ ရဲလင်းသူနဲ့သွားလာရခြင်းကို သူပျော်နေသည်၊ ရဲလင်းသူအပေါ် သူ သာယာမိနေတာလား၊ အတွေးတစ်မျိုးဝင်လာ၍ ဖျက်ချဖြစ်လိုက်မိသည်၊
ဂျပန်စားသောက်ဆိုင်ထဲရောက်လာပြီဖြစ်သည်၊ ရဲလင်းသူပြောလိုက်သော မှတ်ချက်ကို သံယောင်လိုက် လိုက်မိသည်၊
ဟုတ်တယ်နော် အပြင်မှာအေးလိုက်တာ။
နှစ်ယောက်စလုံး ကြက်သားဆက်ကိုပဲမှာလိုက်သည်၊ လာချပေးတာကို စောင့်နေတုန်းမှာပဲ ရဲလင်းသူထံဖုန်းဝင်လာသည်၊ မိန်းကလေးတစ်ယောက်၏အသံ အမေရိကန် accent နဲ့ ပြောနေသည်၊ ရဲလင်းသူကလည်း အင်္ဂလိပ်လိုပြန်ပြောနေသည်၊ ငါ စင်္ကာပူက သူငယ်ချင်းတစ်ယောက်ကို လိုက်ပို့နေတာ၊ ငါရဲ့ရှားရှားပါးပါး သူငယ်ချင်းပါ၊ ဒါတွေကို မင်းသိစရာမလိုဘူး၊ မင်းငါ့ကိုဘာမှထည့်မတွက်ပါနဲ့ မင်းကိုယ်ကိုကိုယ်သာ မင်းဂရုစိုက်ပါ၊ မင်းဒီလိုဖုန်းဆက်တဲ့အတွက် ကျေးဇူးပါ၊ စသဖြင့် တိုးတိုးပြောနေသော်လည်း ကြားလိုက်မိသည်၊
“အနှောင့်အယှက်ဖြစ်သွားသလား မျိုးသူ၊” ရဲလင်းသူမေးလိုက်သည်၊
‘မဖြစ်ပါဘူး ရပါတယ်၊ ရည်းစားလား လင်းသူ၊
ကောင်မလေးက စိတ်ဆိုးနေဦးမယ်၊ တို့နဲ့လျှောက်လည်နေတာ၊’
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျနော်ရဲ့ သူငယ်ချင်းတစ်ယောက်ပါ၊
ကျနော်မှာ ရည်းစားမရှိပါဘူး၊”
‘ကြော်ညာနေတာလား လင်းသူ’
“It is true, ခုဏ ဖုန်းဆက်တဲ့ ကောင်မလေးဟာ ကျနော်နဲ့ ရင်းနီးပါတယ်၊ သူကရင်းနီးမှုတွေပိုချင်တဲ့အတွက် ကျနော်ရပ်တန့်ထားတာပါ၊ ကျနော်နဲ့ မတူညီတာတွေကအများကြီးပါ၊ သူကြောင့်လည်း ကျနော်ဘုရားကျောင်း မရောက်ဖြစ်တော့ဘူး၊ သူနာမည်က ကက်သလင်း၊”“သူက ကျနော်ကို လူထူးလူဆန်းတဲ့၊ အချစ်ကိုနားမလည်တဲ့သူတဲ့၊ ထားလိုက်ပါတော့လေ၊
ကျနော်ဒီကိုရောက်စက ဘုရားကျောင်းသွားချင်တော့၊ ကျနော်အဒေါ်တို့က ဗုဒ္ဓဘာသာ ကိုးကွယ်တာမို့၊ အဒေါ်တို့က သူတို့မိသားစုနဲ့ မိတ်ဆက်ပေးတယ်၊ အဲဒီမှာ ခင်မင်မိကြတာပါ”။

“ကျနော် မြန်မာပြည်ကလာတော့ ဒီကပုံစံတစ်ချို့က ကျနော်နဲ့မကိုက်ဘူး၊ ကျနော်ကမကြိုက်ဘူး၊ နောက်ဆုံး ကက်သလင်းတို့ အဖေနဲ့ ကျနော်အရမ်းရင်းနီးသွားတယ်၊ သူတို့မိသားစု အမေရိကကို ဘယ်လိုရောက်လာသလဲ ဆိုတာ မပြောတော့ပါဘူး၊ သူတို့မိသားစုအကြောင်းပြောရင် ဝထ္ထုအရှည်ကြီး ဖတ်ရသလို ဖြစ်သွားမှာမို့၊ ကက်သလင်းတို့ အဖေကို ကျနော်က အဖီးလို့ခေါ်တယ်၊ အဖီးတို့ရောက်စက နယူးယောက်မှာမနေဘူး၊ ရောက်လာတဲ့သူတွေနေတဲ့ ပြည်နယ်တစ်ခုမှာနေတယ်၊ အဖီးဟာ မြန်မာလို ကရင်လိုပဲတတ်တယ်၊ အင်္ဂလိပ်လိုလည်းမတတ်ဘူး၊ တစ်လုံးစ နှစ်လုံးစ သင်ပေးလိုက်တဲ့တစ်ပိုင်းတစ်စ ပဲရတယ်၊ သူအတွက်အားကိုးရာကတော့ ဘုရားကျောင်းပဲဖြစ်တယ်၊ ဟိုအလုပ်လုပ်လိုက်ပြုတ်လိုက် ဒီအလုပ်လုပ်လိုက်ပြုတ်လိုက်နဲ့ ကလေးကလည်း သုံးယောက်ဖြစ်လာတယ်ဆိုတော့ အစဉ်မပြေဘူး၊ ဒီကြားထဲ ကရင် အချင်းချင်း အလိမ်ခံရသေးတယ်၊ စုထားတာလေးကုန်ရော၊”
“အဲဒီအချိန်မှာပဲ ဘုရားကျောင်းက ထောက်ပံကြေးဖြတ်လိုက်တယ်၊ ဘယ်လိုပဲ တောင်းပန်တောင်းပန်၊ အသနားခံခံ Policy အရဆိုပြီး မရတော့ဘူး၊ အဖီးတို့လည်း ဘုရားကျောင်းသူတောင်းစားဖြစ်ခဲ့တယ်၊”
“အဲဒီအချိန်မှာ အဖီးတစ်ယောက် မြန်မာအမူးသမားတစ်ယောက်နဲ့တွေ့ခဲ့တယ်၊ အဖီးပြောတာတော့ ဒီလူကမူးသာမူးတာ အကုန်သိဆိုပဲ၊ အဖီးကလည်းမူး ဒီလူကလည်းမူးနဲ့ နောက်ဆုံးအဖီး အမူးသမားကို ဆရာတင်လိုက်တယ်၊ အမူးသမားဟာ America is equal ဆိုပြီး အဖီးကို ရှင်သန်ရေးတွေသင်ပေးခဲ့တယ်၊ အမေရိကန်တစ်ယောက်ဖြစ်အောင်ပေါ့၊ Refugee ဖြစ်ဖြစ် asylum ကပဲဖြစ်ဖြစ် DV ပေါက်လာပေါက်လာ၊ မိုးပေါ်ကပဲကျလာကျလာ အမေရိကန်ဖြစ်သွားရင် အမေရိကန်ပဲ၊ အဖြူတွေအမဲတွေ ဂရုစိုက်မနေနဲ့၊ ဒီလိုမျိုးပေါ့၊”
“နောက်ဆုံး အဖီးတစ်ယောက် ယုံကြည်မှုတစ်ချို့နဲ့ အမူးသမားရဲ့လမ်းညွှန်မှုကြောင့် နယူးယောက်ကိုရောက်လာခဲ့တယ်၊ စက်ရုံတစ်ရုံမှာ အလုပ်ရတယ်၊ ဒီနေ့ထိလည်း အဲဒီ့စက်ရုံမှာလုပ်တုန်းပဲ၊ အဲဒီ့စက်ရုံက မြန်မာအယောက် ၄၀၊ ၅၀ လောက်ရှိတယ်၊ ဂျူးတစ်ယောက်ပိုင်တဲ့ ရေဒီယိုဆက်သွယ်ရေး ပစ္စည်းထုတ်တဲ့စက်ရုံပါ၊ အလုပ်ကတော့ အဖီးအတွက် သိပ်အဆင်ပြေခဲ့တယ်၊ အဆင်မပြေတာကတော့ သားသမီးအရေးပဲ၊ သမီးသုံးယောက်မွေးထားတဲ့ အဖီးသိပ်မလွယ်ဘူး၊ စက်ရုံကလည်း မြန်မာတွေကို နေ့စားလပေးပဲခန့်ထားတဲ့အတွက် ရထိုက်တဲ့ အခွင့်အရေးတစ်ချို့မရဘူး၊ သမီးတွေကြီးလာလေတော့ ၊ အဖီးကတော့ ပေးသမျှ အိုဗာတိုင်တွေဆင်းနေတုန်းပါပဲ” ။

“သမီးတွေ အတန်းရလာတာနဲ့အမျှ အဖေနဲ့ သမီးတွေကြားမှာ အဆင်မပြေမှုတွေရှိလာတယ်၊ အထူးသဖြင့် သမီးလတ် ကက်သလင်းနဲ့ပေါ့၊ You don’t know nothing. Do you know! ဘာမှမသိဘူးမဟုတ်လား၊ ခုမှမြင်ဘူးတယ်မဟုတ်လား စသဖြင့်ပေါ့၊ အဖေပေါ်ကို လက်ညှိးတွေထိုးလာကြတယ်”။
“ကျနော်ပြောတာ ရှည်သွားပြီလားမသိဘူး၊ မျိုးသူ၊”
‘ဆက်ပြောပါ လင်းသူ၊ တို့တကယ်စိတ်ဝင်စားမိတယ်၊ စားရင်းနဲ့ပြောကြတာပေါ့၊’
“အဲဒီအချိန်မှာ ကျနော်သူတို့ မိသားစုနဲ့ ခင်ခွင့်ရခဲ့တယ်၊ အဖီးနှင့်အမိုးကလွဲလို့ ကျန်တဲ့သူတွေက ကျနော်ကို ဘာကောင်လဲပေါ့၊ အဖီးကကျနော်ကို ရန်ကုန်သားလို့ခေါ်တယ်၊
ကက်သလင်းတို့ ညီမတွေက ဒီမှာမွေးတော့ မြန်မာပြည်ဆိုတာ စစ်တလင်းလို့ထင်နေကြတယ်၊ ကျနော်ကို ဘယ်ဗုံးခိုကျင်းကလာသလဲဆိုတဲ့ ပုံစံမေးခွန်းတွေတောင်မေးကြတယ်၊ ကျနော်ဆီကဓါတ်ပုံတွေ့ကြည့် ကျနော်ကပြောပြနဲ့ မြန်မာပြည်ဆိုတာ နည်းနည်းသိလာကြတယ်၊”
“High School ရောက်လာတော့ Boyfriend တွေကိုယ်ဆီနဲ့ပေါ့၊ အဖေအလုပ်အားတဲ့ တစ်နေ့မှာ အိမ်မှာ မမြင်ဖွယ်ရာဖြစ်နေလို့ သမီးကိုရိုက်မိရာကနေ၊ ဘုရားကျောင်းကသိ၊ စာသင်ကျောင်းကသိနဲ့ အဖေက သတိပေးခံရတယ်၊ စစ်ဆေးနေတဲ့အချိန်မှာ အိမ်ခွဲနေပေးပါဆိုလို့ ကျနော်နဲ့လာအိပ်ရတယ်၊ ကျနော်အရမ်းခံပြင်းသွားတယ်၊ အဖေကြောင့်လူဖြစ်လာရတဲ့သူတွေ၊ အဖေမှာ နေ့မအားညမအား လုပ်နေလိုက်ရတာ၊”
“ကက်သလင်းတို့က အဖေပေါ်နားလည်မှုလုံးဝမရှိ ကိုယ့်အဖေရဲ့ အားနည်းချက်ကို အပြစ်မြင်၊ ကိုယ့်အဖေစာမတတ်တာ ဘာဖြစ်လဲ၊ ကိုယ်အဖေဗဟုသုတမကြွယ်တာ ဘာဖြစ်လဲ၊ အဖေတစ်ယောက်အနေနဲ့ ကျွေးမွေးပြုစုခဲ့တာတွေ ဘယ်မှာသူတို့သွားထားကြသလဲ၊ အဖီးဘဝကိုကြည့်ပါ၊ တောထဲတောင်ထဲကလာတယ် သူ့ရဲ့မိသားစု ရှေ့ရေးအတွက် စွန့်စားလာတာ၊ ဒီအခြေအနေထိရောက်ခဲ့တာဟာ မိသားစုအတွက် သူရဲကောင်းပဲ၊”
“ကျနော်ကသာ ခံပြင်းနေတာ၊ အဖီးကတော့ ဒါအမေရိက လေဆိုပြီး ဝန်ခံချက်တွေထိုးပေးလိုက်တာပဲ သူ့ဆရာအမူးသမားရဲ့ ပြောထားတဲ့အချက်တွေက သူ့ခေါင်းထဲမှာဝင်နေပြီ" ။

"ကျနော်အဒေါ်က ကလေးတွေပဲဘယ်သိလိမ့်မလဲသားရယ်၊ သားနဲ့သူတို့ကြီးပြင်းလာရပုံခြင်းကမတူဘူးတဲ့၊
အဒေါ်ပြောမှ ကျနော်လည်းသတိထားမိတယ်၊ သူတို့ဟာ သူတို့အဖေကို အားကိုးခဲ့ကြတယ်၊ သူတို့ရဲ့မပြည့်စုံမှု အားငယ်မှုတွေကို သူ့အဖေတာဝန်ရှိတယ်ဆိုတဲ့ အတွေးအခေါ်တွေ အရွယ်ရလာသည်နှင့်အမျှဝင်လာခဲ့သည်၊ သူတို့ရဲ့စိတ်အားငယ်မှု စိတ်ဓါတ်ကျမှုတွေဟာ ဒေါသတွေအဖြစ် အဖေဆီပုံလာခဲ့တယ်၊ နားလည်ပေးလိုက်ပါသားရယ်ဆိုလို့ ကျနော်လည်းပြန်စဉ်းစားမိကြည့်တယ်၊ ဒါပေမဲ့တစ်ခုက အဲဒီဟာဖြစ်ပြီးသွားကတည်းက အဖီး ဘုရားကျောင်းမသွားတော့ဘူး၊ ကျနော်ပဲ ဘုရားကျောင်းသွားပြီး ညီမသုံးယောက်ကို မြန်မာပြည်တုန်းက ကျနော်ဖတ်ဘူးတဲ့စာတွေကို ကိုးကားပြီး မိဘကျေးဇူးနဲ့၊ အဖီးကိုနားလည်ပေးဘို့ ကျနော်ကြိုးစားခဲ့တယ်” ။

“အဲဒီမှာဇာတ်လမ်းကစတာပဲ၊ ကက်သလင်းဟာသူလက်ရှိတွဲနေတဲ့ စလုံး (စပိန်စကားပြော) Boyfriend ကိုဖြတ်ပြီး၊ ကျနော့်ကိုချဉ်းကပ်တော့တာပဲ၊ သူအဖေပေါ်လည်း အချိုးတွေပြောင်းသွားတယ်၊ ကျနော်ကတော့ ပိုရင်းနီးလာတယ်ထင်တာ၊ ဒါပေမဲ့ သူက သူငယ်ချင်းတွေနဲ့ သူ့အစ်မညီမတွေကို သူကျနော်ကိုကြိုက်တဲ့အကြောင်း တသက်လုံးအတွက်ရွေးချယ်တာဖြစ်ကြောင်းတွေ လိုက်ပြောနေတာ ကျနော်သိခဲ့ရတယ်၊ နောက်ဆုံး ကျနော်အိပ်ခန်းထဲထိရောက်လာတယ်၊ ကျနော်လည်းအပြတ်ပြောရတယ် မဖြစ်နိုင်တဲ့အကြောင်း ညီမလေးတစ်ယောက်လိုခင်မိတာဆိုတာ ရှင်းပြလိုက်တယ်၊ ကက်သလင်းက မခေပါဘူး၊ ကျနော်ဟာသူ့အစ်ကို မဖြစ်နိုင်သလို၊ သူဟာလည်းကျနော့်ညီမ မဖြစ်နိုင်ဘူးတဲ့၊ ကျနော့်ကို အခြောက်လားဆိုပြီး ပြောသေးတယ်”၊
‘အခြောက်ဖြစ်သွားရောလား၊’ ခင်မျိုးမြင့်သူ ဝင်ပြောလိုက်ရင်း
‘“ဟာဟာဟား၊’” နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိကြသည်၊
‘ကဲကဲ တို့ရှင်းလိုက်မယ်လေ၊ သွားရင်းနဲ့ပြောကြတာပေါ့၊’ ဆိုပြီး Time square ဘက်ထွက်လာခဲ့ကြသည်။

ရဲလင်းသူက “အပြင်မှာ တော်တော်အေးနေတယ် မျိုးသူ၊”
‘ဒါဆိုဟိုနားက မက်ဒေါ်နယ်ဆိုင်ထဲဝင်ပြီး စကားတွေဆက်ပြောရအောင်၊’
“ဟုတ်တယ် အဲဒီ့ဆိုင်က ကျနော် Time square ရောက်တိုင်းစားနေကြဆိုင်၊”
ဆိုင်ထဲဝင် အပေါ်ထပ်က အပြင်ကိုကြည့်လို့ရတဲ့နေရာမှာထိုင်ပြီး ကော်ဖီနဲ့ အားလူးကြော်ကိုမှာစားဖြစ်ကြသည်၊
ဆက်ပြောလေ လင်းသူ၊ ခင်မျိုးမြင့်သူ စကားစပေးလိုက်သည်၊
“ကက်သလင်းက သူလုံးဝပြောင်းလည်းသွားပါပြီတဲ့၊ ကျနော်ချစ်လာတဲ့အထိ သူစိတ်ရှည်ပါမယ်တဲ့၊ အဖီးကလည်း ငါ့သမီးတွေပြောင်းလည်းလာတာ ကျေးဇူးတင်တယ်၊ ဒါပေမဲ့ ငါ့သမီးတွေ မင်းမယူနဲ့၊ မင်းနဲ့မဖြစ်ဘူး မြန်မာပြည်ပြန်ယူ အားပေးရှာပါတယ်၊”
“နောက်ထပ်စတဲ့ဇာတ်လမ်းကတော့၊ အဖီးကလည်း ဘုရားကျောင်းမသွားတာကိုပဲ၊ ကျနော်စည်းရုံးလို့ဆိုပြီး သူတို့ အသိုင်းအဝိုင်းက ရေရေလည်လည်ပြောကြတာပေါ့၊ ကျနော်ကလူဆိုးကြီးဖြစ်လို့ အဖီးသိတော့ အရက်သောက်ပြီးရယ်လိုက်ကြသေးတယ်၊ အဖီးက ရင်ဘတ်ကိုပုတ်ပြတယ် ဒီထဲမှာရှိတယ် သွားစရာမလိုဘူး၊”
“သူတို့မသိတာက ဒီထွက်မလာခင် ကမာဝက်က အဖွားကျေနပ်အောင် ကိုရင်ဝတ်ခဲ့သေးတယ်ဆိုတာ၊ ဘာသာမတူတဲ့ မိဘနှစ်ပါးကပေါက်ဖွားလာတဲ့ ကျနော်ကို သူတို့နားလည်နိုင်မှာ မဟုတ်ဘူး၊ အမေကတနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းခေါ်သွားလို့ ဘုရားကျောင်းနဲ့ ယဉ်ပါးနေသလို အားရင်အားသလို အဖေပြောပြတဲ့ တရားအခြေခံတွေကိုလည်း နားလည်နေခဲ့တယ်၊ သူတို့အဲဒီလိုပြုမှုပုံက ကျနော်ကို ဘုရားကျောင်းနဲ့ ပိုဝေးစေခဲ့တယ်” ။

“ဒီကြားထဲ ကျနော် မိတ်ဆွေတွေနဲ့ ဘုန်းကြီးကျောင်းရောက်ဖြစ်သေးတယ် နာမည်ကြီး ဆရာတော်တွေကြွလာလို့၊
ကျနော်က ဒီမှာ မမွေးခဲ့ပေမဲ့၊ ဒီမှာကြီးပြင်းခဲ့တယ်လို့ဆိုနိုင်ပါတယ်၊ တခြားသူတွေနဲ့ ကျနော်ခံယူချက်နဲ့မတူဘူး၊ ကျနော်က စာအုပ်တွေအများကြီးဖတ်တယ်လေ၊ ရွာဆန်တယ်လို့ပြောရင်လဲပြောပေါ့၊”
‘ဟင်ဒါဆို လင်းသူကနှစ်ဘာသာကိုးကွယ်တယ်ပေါ့၊’ ခင်မျိုးမြင့်သူမေးလိုက်သည်၊
“အကောင်းဆုံးအဖြေပေးရမဲ့ဆိုရင် Free Thinker ပေါ့၊ စင်္ကာပူမှာ အများကြီးမဟုတ်လား၊” ရဲလင်းသူပြန်ဖြေလိုက်သည်၊

‘ကက်သရင်းက ပြောင်းလည်းသွားတယ်မဟုတ်လား၊’ ခင်မျိုးမြင့်သူပြောလိုက်သည်၊
“ဟုတ်တယ် ကက်သရင်းက ပြောင်းလည်းလာတယ်၊ ကက်သရင်းတို့ညီမတွေက ကံကောင်းပါတယ် ဟိုမှာရှိတဲ့အမျိုးတွေနဲ့စာရင်၊ ဒီနိုင်ငံရဲ့ ပညာရေးစနစ်၊ ထောက်ပံရေးစနစ်တွေက ကောင်းတယ်လေ၊”
ရဲလင်းသူပြန်ပြောလိုက်သည်၊
‘လင်းသူကို ချစ်လို့ပြောင်းလည်းသွားတယ်လို့ မယူဆဘူးလား၊’ ခင်မျိုးမြင့်သူက စကားထောက်လိုက်သည်၊
သက်ပြင်းရှည်ရှည်လေးတစ်ချက်ကိုချရင်း၊ ရဲလင်းသူပြန်ပြောလိုက်သည်၊
“အချစ်ဆိုတာ ဖန်တီးလို့မရဘူးလို့ကျနော်ထင်တယ်၊ အချစ်ဆိုတာ အလိုလိုပေါက်ဖွားလာတယ်၊ တကယ့်ချစ်သူနှစ်ဦးဆိုရင် အချစ် ပေါက်ဖွားမှုနှင့်အတူ ရင်ခုန်မိကြမှာပဲ၊
ကက်သရင်းက ကျနော်ကို ရင်မခုန်စေဘူး” ။

“အနည်းဆုံး ချစ်သူ Boyfriend လေးငါးယောက်လောက်ထားဘူးတဲ့ သူတစ်ယောက်၊ အချစ်ကို သူတို့ဘယ်လိုနားလည်သလဲ၊ ဘယ်လိုခံယူသလဲ၊ သူတို့ချစ်သူဘဝဆိုတာ ဘယ်လိုမျိုးလဲ၊ မျိုးသူမသိပါဘူး၊”
‘ကက်သရင်းကို ချစ်သူ တစ်ယောက် မဟုတ်တာတောင်မှ လက်တွဲဖေါ်အဖြစ် လက်မခံနိုင်ဘူးလား၊’
ခင်မျိုးမြင့်သူမေးလိုက်သည်၊
“ကျနော်က ချစ်သူနဲ့လက်တွဲဖေါ် တစ်ယောက်ထဲဖြစ်ရမယ်လို့ ခံယူထားတယ်၊” ရဲလင်းသူပြန်ဖြေလိုက်သည်၊
‘တကယ်လို့ လင်းသူချစ်ရတဲ့ ချစ်သူဟာ အမှားအယွင်းတွေ ရှိခဲ့ရင် လင်းသူခွင့်လွတ်နိုင်လား၊ လက်တွဲဖေါ်အဖြစ် လက်ခံနိုင်သလား၊’
“ခွင့်လွတ်နိုင်တဲ့ အမှားအယွင်းတွေဆို ခွင့်လွတ်ရမှာပေါ့၊ ကျနော်ရဲ့ လက်တွဲဖေါ်ဟာ ကျနော်ချစ်သူပဲ ဖြစ်ရမယ်၊”
‘ဒါဆိုရင် လင်းသူက ရင်ခုန်မဲ့ ချစ်သူ လက်တွဲဖေါ်ကိုစောင့်နေတာပေါ့၊”
ရဲလင်းသူပြန်မဖြေ၊ မျက်နှာတွင် ရှက်သွေးများလွှမ်းနေသည်၊
ဘာရယ်မဟုတ် နှစ်ယောက်စလုံး ရယ်လိုက်မိသည်။



ခဏနားပါမည်၊






အမည်တူများ၊ အကြောင်းအရာတူများရှိခဲ့လျှင်တိုက်ဆိုင်မှုသာဖြစ်ပါသည်၊
လွဲချော်မှုများရှိခဲ့သော် ရေးသူ၏အမှားဖြစ်ပါသည်။
 
 
သဘာဝကျသော ရုပ်လုံးသွင်းပြခန်း
 
 


 
မြန်မာနိုင်ငံနှင့်ဆိုင်သောပြခန်းများ
 
 


19 comments:

Angelhlaing(May everybody be happy and healthy! said...

စွဲဆောင်မှု အရမ်းရှိပြီး ဖတ်လို့ကောင်းတယ်ဗျို့..
ဆက်ရန်ကို စောင့်မျှော်နေပါတယ်.လို့..
ကောင်းသောနေ့လေးဖြစ်ပါစေမမ.

ကိုဇော် said...

ဇာတ်အိမ်ကတော့ အတော်ကို ခိုင်နေပြီ။ ဆက်ပါဦး။ သိပ်မနားနဲ့ သွေးအေးသွားလိမ့်မယ် :D

မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အခန်းကလည်း မြန်မာနိုင်ငံထက် သာနေပါလား. . .ဖြစ်ရလေ လို့ပဲ ပြောတော့မယ်။

ကျောက်လင်းသူ said...

ြဲပတိုက်ဝင်ကြေးတွေက DC မှာဆို အခမဲ့..
NY ကဈေကြီးတယ်..ဒီမှာ ကြီးတဲ့ကလေးတွေကတော့ ဒီကစံနစ်နဲ့ အသားကျနေကြတယ်လေ၊ သူငယ်ချင်းတယောက်သားဆိုရင် သူ့ကောင်မလေးအဖြူမနဲ့ အဖေအမေရှေ့တောင်မရှောင်ဘူး...ပွတ်သပ်နေတာ..ကိုယ်ကအချောင်မျက်နှာပူလို့

LP said...

ဒီကိုရောက်လာပြီး စိန်လာရှာသလို ဖြစ်နေဦးမယ် စောရဲလင်းသူ၊
အဖီးပြောသလို ရန်ကုန်ပြန်ယူ ခဝဲခြံထဲမှာ တွေ့လိမ့်မယ်။

Lwin said...

လျှောက်လည်ရင်း အချစ်အကြောင်းပြောတာ ဖတ်သွားပါတယ်၊

Anonymous said...

ကိုဆိုစီ ရေ

ဖတ်လို့ကောင်းလိုက်တာ စိတ်ဝင်စားစရာတွေဘဲ ရေးလည်း ရေးတတ်တယ် စောင့်မျှော်နေမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

flowerpoem said...

အားလုံးပြီးမှာပဲ လာပေါင်းဖတ်တော့မယ် ဆန့်ငင် ဆန့်ငင်လည်းဖြစ်တယ်. ပြီးတော့ ကျွန်မအရမ်းမေ့တတ်လွယ်လို့ပါ :P

ချော(အစိမ်းရောင်လွင်ပြင်) said...

စကားတပြောပြောနဲ့ လင်းသူတို့နဲ့ လိုက်ပါသွားတာ မရောက်ဖူးတဲ့ နေရာတွေ ရောက်သွားတယ်။
လင်းသူရဲ့ စိတ်လေး သဘောကျတယ်..
ဘယ်နေရာကိုရောက်ရောက် မြန်မာဟာ မြန်မာပါဘဲ။
သူတပါးယဉ်ကျေးမှုနဲ့တော့ ထပ်တူကျဖို့ မလွယ်ပါဘူး။
လင်းသူနဲ့ မျိုးသူ အဆင်ပြေပါစေ

မိုးယံ said...

ရုပ်ဝတ္ထုတွေ တိုးတက်လာတာကို ယဉ်ကျေးမှု လို့ လူနေမှု အဆင့်အတန်းတို့ များ နံမည်တပ်လိုက်ကြသလားပဲ။ ဆိုးပ့ါ ကက်သလင်းရယ်. အဖေကို ကျေးဇူးမဆပ်ရသေးခင် ကျေးစွပ်နေတာကိုး။

Anonymous said...

ကျနော်ရဲ့ လက်တွဲဖေါ်ဟာ ကျနော်ချစ်သူပဲ ဖြစ်ရမယ်၊
စိတ်ကူးယဉ်ခဲ့ဘူးပါသည်။

ahphyulay said...

အင်း..
ဇာတ်ကောင်နှစ်ရောက်ရဲ့ နောက်ဆုံးနာမည်လေးတွေ
ဆင်နေတာကိုက စာရေးသူက သူ့ ဇာတ်ကို
ဘယ်လောက်တောင် ပြေပြချင်နေတဲ့  စေတနာကို
တွေ့ ရတယ်လေ..။
အချစ်က အလိုလိုပေါက်ဖွားလာတယ်တဲ့ လား..။
အဲ့ ဒါလည်း မှန်နေပြန်တယ်။
အဲ့ ဒီအချစ်သစ်ပင်က အမြစ်ကနေ ခုတ်လှဲခံရပစေအုံး။
နောင်တစ်ချိန်မှာ ပြန်ပေါက်လာမှာပဲ မဟုတ်လား။

Anonymous said...

သူသူတို့ရဲ့ဇာတ်လမ်းကို လာဖတ်သွားပါတယ်၊ ကက်သရင်းကိုအားပေးပါတယ်၊
MM

ကိုအောင်(ပျူနိုင်ငံ) said...

တကယ်ကို ဖတ်လို့ ကောင်းတယ် ကိုစိုးစီရေ။

စော(အဝါရောင်မြေ) said...

ကိုစိုးစီ ရေးတာကောင်းတယ် ဖတ်လို့ ။
အင်းဒါပေမယ့်လည်း ဘာသာမတူပဲ ကြိုက်ကြပြီ ယူကြတဲ့ သူတွေမှာ ကလေးတွေဟာ ဟိုဘာသာယူလိုက်၊ ဒီဘာသာယူလိုက်နဲ့  သူတို့ တော့ အဆင်ပြေနေ သလိုပဲ။
ကျမ ကတော့ ကိုယ်လိုခြင်တဲ့ ပုံစံနဲ့ လဲ ကိုက်ညီမှ ရှေ့ ဆက်လို့  အဆင်ပိုပြေမယ်ထင်တယ်။ တစ်ခါတစ်ရံမှာ အချစ်သည် အချစ်သာ ဖြစ်နေတတ်ပြီ ၊ ဘဝ ဟာလည်း ဘဝသာ ဖြစ်နေတာကို တွေ့ လာရလို့ ပါပဲ။

Sai said...

သူအရပ်နဲ့သူ့ဇာတ်ပါ၊ ဒီမှာအသက်ကြီးမှ မင်္ဂလာဆောင်တဲ့ သူတွေလည်းရှိတယ်
အိမ်ထောင်ဆက်များကြတာထက် အဆင်ပြေစိတ်ချမ်းသာဘို့ပါပဲ။

noblemoe said...

စာလာဖတ်ပါ၏
ရဲလင်းသူရဲ့ ခံယူချက်ပြည့်ရင်သိပ်ကောင်းမှာပဲ
၉၉% ကမဖြစ်နိုင်ဖူးပြောကြလို့ လေ။
ဆက်ရန်ကိုမျှော်နေပါကြောင်း

သာယာချမ်းမြေ့ပါစေရှင်း
မိုး

အဖြူရောင်နတ်သမီး said...

ကြိုက်တယ် ဇာတ်လမ်းလေးကို...
အဆုံးထိ ဖတ်ချင်တယ်ဗျို့..
ခုတော့ လစ်လိုက်အုံးမယ် ဦးပေါက်ဖော်ကြီးရေ...

ပြခန်းဓာတ်ပုံလေးတွေလည်း ကြည့်သွားတယ်..။
မြန်မာအငွေ့အသက်လေးတွေကိုမြင်ရင် ရင်ထဲနွေးနွေးသွားတယ်...။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဇတ်လမ်းကလေးကတော့ရပ်နေလို့မရဘူးနော်-
ဓါတ်ပုံတွေကတော့အရမ်းကိုဆွဲဆောင်မှု့ ရှိတယ်-
ကိုယ့်မြန်မာ့ယဉ်ကျေးမှု့ကလေးတွေကိုတွေ့တော့စိတ်ထဲမှာ
ခံစားလိုက်ရတယ်ဗျာ-
“ရင်ခုန်သံအသစ် အချစ်စစ်လား”(ခံစားတင်ပြသည်)
“တည်ငြိမ်အေး”------
ဆိုပြီးစာအုပ်ကလေးတစ်အုပ်အဖြစ်ပုံနှိပ်ထုတ်မဝေချင်ဘူးလားဟင်---

Anonymous said...

ရဲလင်းသူရဲ့ အချစ်အကြောင်းကို စိတ်ဝင်စားမိပါတယ်
လက်သွယ်ဖေါ်အားလုံးကို ချစ်နိုင်ကြပါစေ။ူ