Friday, April 29, 2011
ပြန်လည်တွေ့ဆုံတော့ကွယ်
မောင်
မနေ့ညက မောင်ကို သတိရနေလို့ ဒီစာကို ရေးလိုက်တာပါ၊
အဲဒီလိုပဲ မောင့်ကိုသတိရပြီး အိပ်ပျော်သွားတဲ့ညတွေ အများကြီးပါမောင်၊
နော့်ကိုဖမ်းစားနိုင်သူကမောင်ရယ်ပါ၊
မောင်ဟာ နော့်အတွက် အရာရာကိုဖြည့်စွမ်းပေးသူပါ၊
မနက်မနက်စားတဲ့ နန်းကြီးသုပ်ဆိုလည်း မောင်နဲ့အတူစားတဲ့ နန်းကြီးသုပ်မှ အရသာရှိတယ်မောင်၊
လ္ဘက်ရည်ဆိုလည်း ဘယ်ဆိုင်မှာသောက်သောက် မောင်နဲ့အတူသောက်ရရင် ကောင်းတယ်မောင်
အဲဒီလိုပဲ ဖါလူဒါဆိုလည်း အင်းဝတို့ နိုင်လွန်တို့မှ မဟုတ်ပါဘူးမောင် မောင်နဲ့အတူသောက်ခဲ့တဲ့ စစ်ကိုင်းဈေးက ဖါလူဒါလည်း ချိုစိမ့်နေတာပါပဲမောင်၊
ရုပ်ရှင်ဆိုလည်း ရယ်ရတာတွေ ငိုရတာတွေ အသာထား မောင်နဲ့အတူကြည့်ရတဲ့ ရုပ်ရှင်ဆို အကြိုက်ဆုံးပဲ၊
သီချင်းဆိုလည်း မောင့်ကြိုက်တယ်ဆိုတဲ့ သီချင်းတွေဟာ နော့်အနှစ်သက်ဆုံးပါ၊
ဒီစာကိုအိပ်ယာထဲမှာရေးနေတာမောင်၊ စာတစ်ကြောင်းရေးလိုက် ဖက်ခေါင်းဦးကလေးကို မောင်ဆိုပြီးတော့နမ်းလိုက်နဲ့ ဖက်ခေါင်းဦးကလေးကတောင် နမ်းလှချည်လား နော်နော်ရယ်တဲ့၊
မောင်ဟာနော်ရဲ့အချစ်ဆုံးပါပဲ၊ မြတ်နိုးတန်ဘိုးအထားဆုံးပါမောင်၊
မောင် နော်ကလွဲလို့ ဘယ်သူကိုမှ ပိုမချစ်ရဘူး၊ အဖေကိုလည်း ပိုမချစ်ရဘူး၊ အမေကိုလည်း ပိုမချစ်ရဘူး၊ မောင့်ညီမလေးကိုလည်း ပိုမချစ်ရဘူး၊
မောင်ရဲ့အချစ်ဆုံးဖြစ်ချင်နေသူတစ်ယောက်ပါမောင်၊
မောင်ရဲ့ကိုယ်နံ့လေးက မောင့်ကိုနော့်ဘေးနားမှာ အမြဲရှိစေချင်တယ်၊
မောင်ရဲ့အကြည့်တွေက နော့်ကိုစိုးမိုးထားတယ်၊
မောင်ရဲ့အနမ်းတွေက နော့်ကိုမောင်ဆီမှာ ကျရှုံးစေခဲ့တယ်၊
မောင်ရဲ့စကားသံလေးတွေက နော်ဟာမောင့်အတွက် ထာဝရပါလို့ ပြောနေတာပါမောင်၊
သိပ်ချစ်ရပါတယ်မောင်၊
------- ။ -------
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရီးစားစာလို့လည်းပြောလို့ရတဲ့ ချစ်သူရီးစားတစ်ယောက်က ပေးခဲ့တဲ့စာလေးပါ၊ ဒီအတွက်သူ့ဆီက ခွင့်ပြုချက်တောင်းစရာလိုမည်မထင်ပါ ကျနော့်ကိုပေးသောစာသည် ကျနော့်စာဖြစ်နေပြီ မဟုတ်လား၊ နော်နော်နဲ့ကျနော်သည် ကျနော်တက္ကသိုလ် ပထမနှစ်၊ နော်နော်ဆယ်တန်းဖြေပြီး အောင်စာရင်းစောင့်နေချိန်တွင် ရည်စားဖြစ်ကြသည်၊ နော်နော်သည် ကျနော့်ပထမရီးစားမဟုတ်သလို ကျနော်သည်လည်းနော်နော့် ပထမရီးစားမဟုတ်ပါ၊
အဲဒီအချိန်တုန်းက ကျနော်သည် နော်နော့်ကိုတကယ်ချစ်ခဲ့သည်ဟု ထင်ပါသည်၊ နော်နော်သည်လည်း ကျနော့်ကို တကယ်ချစ်ခဲ့သည်ဟု ထင်စရာရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် နော်နော်နဲ့ချစ်နေချိန်အတွင်း ကျနော်ဘယ်မိန်းခလေးကိုမှာ အရောတဝင်မနေခဲ့ပါ၊ နော်နော်ရဲ့ အချစ်တွေကြားမှာ သာယာနေခဲ့ပါသည်ဟု ဝန်ခံမိပါသည်။
ချစ်ရပါသည် မြတ်နိုးလှပါသည် နော်ဟာမောင့်အတွက် ထာဝရပါလို့ ဆိုခဲ့သော နော်နော်တစ်ယောက် ကျနော်ကို အစိမ်းချိုးချိုးခဲ့ပါသည်၊ တုံးတိကြီး ဖြတ်ချခံရခြင်းဖြစ်ပါသည်၊ သူငယ်ချင်းတစ်ယောက်ကတဆင့် ဇာတ်လမ်းပြီးဆုံးပြီဖြစ်ကြောင်း သူ့ကိုအဆက်အသွယ်မလုပ်ဘို့ပြောကြားခဲ့သည်၊ ရန်ကုန်မှာ ကျောင်းတက်နေသူ ကျနော်အဖို့ ရထားကိုဒဏ်ရိုက်စီးလာခဲ့ခြင်းပင် အဖတ်တင်ခဲ့သည်၊ တတိယနှစ်သာရှိသေးသော နော်နော်သည် မန္တလေးက ဆွေစဉ်မျိုးဆက်ချမ်းသာလာသော သူဌေးမြေးတစ်ဦးနဲ့လက်ထပ်သွားခဲ့သည်။
နော်နော်သည် ဝထ္ထုတွေဖတ်ပြီးစိတ်ကူးယဉ်သည်၊ ဂျူးရဲ့ဝထ္ထုတွေကိုနှစ်သက်သည်၊ မောင်စိန်ဝင်းရဲ့ကဗျာတွေနဲ့ ဝထ္ထုတွေကိုကြိုက်သည်၊ ကဗျာတွေစာတွေရူးခဲ့သော နော်နော်သည် စာရေးဆရာ ကဗျာဆရာ မဖြစ်ခဲ့ပါ။
အချိန်က ကျနော်ကိုလျှင်မြန်စွာကုစားပေးခဲ့သည်၊ ကျနော်နဲ့နော်နော်တို့သည် တကယ်ကို အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်၊ အဝေးကကြားရသော သတင်းတွေအရ နော်နော်ယောက်ျားသည် အလုပ်မည်မည်ရရမလုပ် အဖွားအမွေ အဖိုးအမွေများကိုတောင်းလိုက် ထိုင်စားလိုက် ဖြစ်သည်၊ ပြောင်းလည်းလာသော ဒီအချိန်မှာ အမွေထိုင်စားတဲ့ ခေတ်ဆိုတာမရှိတော့ပေ၊ ရှိတလှည့် မရှိတလှည့် ဖြစ်နေသည်ဆိုကြသည်၊့ မူးယစ်ဆေးဝါးစွဲလန်းသုံးစွဲနေ၍ မိန်းမယူလျှင် အခြေကျပိုကောင်းလာမည်ထင်၍ နော်နော်နဲ့ပေးစားခဲ့ခြင်းဖြစ်သည်ဟု ကြားခဲ့ရသည်၊ အိမ်ထောင်ကျပြီး နှစ်များကြာမှ နော်နော် ကလေးနှစ်ယောက် မွေးဖွားခဲ့ကြောင်း ကြားရပြန်သည်။
အထက ၁၄ ကျောင်းနားက နော်နော်တို့နေခဲ့သော အိမ်သည်ပင် ဟော်တယ်ကြီးဖြစ်လို့သွားပြီ၊
နော်နော်နဲ့ပြတ်သွားတဲ့ အချိန်ကကျနော်ဆိုဖြစ်ခဲ့သော သီချင်းများသည်လည်း ဟောင်းနွမ်းသွားခဲ့ပြီဖြစ်သည်၊ နော်နော်တို့ နန်းရှေ့ဘက်ပြောင်းသွားကြကြောင်းသိရသည်။
နော်နော်တို့ နန်းရှေ့ဘက် ပြောင်းသွားကြောင်းသိရသည်။
------- ။ ---------
ဒီတစ်ခါတော့ ဘယ်လိုစိတ်ပေါက်လာလဲမသိ၊ မန္တလေးရောက်တုန်း နော်နော်တို့နေသော နန်းရှေ့ဘက်ကိုသွားကြည့်ချင်လာသည်၊ စိုးလွင်လွင်၏ ပြန်ဆိုသီချင်းတစ်ပုဒ်ကို နားထောင်လိုက်ရသောကြောင့်လဲ ဖြစ်နိုင်သည်၊
ဘယ်သူမှမထသေးတဲ့အချိန် နံနက်စောစောသွားကြည့်မည်ဟုစိတ်ကူးထားသည်၊ ကိုယ်လာတာလည်း ဘယ်သူမှသိမှာ မဟုတ်ပါ၊
၆ နာရီမထိုးခင်လောက် နော်နော်တို့နေသည်ဆိုသည့်လမ်းထဲရောက်ခဲ့သည်၊ ဆိုင်ကယ်ဦးထုပ်ကိုချထားသည့်အတွက် ကိုယ်ကိုဘယ်သူမှ မှတ်မိမှာမဟုတ်၊
ဒီတလမ်းလုံးမှာ ဟိုဘက်ထိပ် ဒီဘက်ထိပ် ဆွမ်းလောင်းနေသည့်အိမ်တွေကလွဲလို့ မထကြသေး၊
“ဒကာမကြီး မနေ့ကနှစ်လုံးတည့်သွားပြန်ပြီထင်တယ်၊ ဆွမ်းရော ဟင်းတွေရော ဒီနေ့လောင်းလို့၊”
‘မှန်ပ ဦးဇင်းရေ၊ ခုလိုတည့်ဝင်တုန်း လှူရတာပါ၊ အကြော်မဝယ်တော့ပဲ ငါးခြောက်တွေ ဝယ်ကြော်ပြီးလှူတာပါ၊’
ရင်းနီးခဲ့ဘူးသောအသံမိုလို့ ဆိုင်ကယ်ကို မျက်စောင်းထိုးလောက်တွင်ရပ်လိုက်သည်၊
ဒီဘုန်းကြီးနယ် ဒကာမချဲထီ နှစ်လုံးထီထိုး လောင်းကစားလုပ်တာ အားပေးလို့၊
ချဲထီ နှစ်လုံးထီထိုးလို့ ရလာတဲ့ငွေနဲ့ အလှူအတန်းလုပ်ရင် ဖြူစင်ပါမလား
အလှူခံပုဂ္ဂိုလ်ကရော အလှူခံသင့်သလား၊
စဉ်းစားရင်း စဉ်းစားခန်း ဘယ်လောက်ဝင်လိုက်သလဲမသိ၊ ကိုယ်ရှေ့ကအရာတွေကို ခုမှသတိထားမိလိုက်သည်၊
လက်ထဲတွင် ဆွမ်းခတ်သည့်ဇွန်းကိုကိုင်လျှက် ကျနော်ကိုစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံ၊ မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့၊ ပါးပြင်ပေါ်သို့ကြလာသောမျက်ရည်များကို လှမ်းမြင်နေရသည်၊
နော်နော်ဖြစ်ပါသည်၊
ဦးထုပ်ကိုချွတ်၍ စဉ်းစားခန်းဝင်နေခြင်းက သူကိုစိုက်ကြည့်နေသလိုဖြစ်သွားခဲ့သည်အလား၊
ရင့်ကျက်လာသည်လို့ပြောမလား အနည်းငယ်အိုစာသွားသည်လို့ပြောမလား အသက်သုံးဆယ်ကျော်အရွယ် နော်နော်သည်၊ ကျနော်အတွက်တော့ ဟိုတုန်းကလို ဆယ်ကျော်သက်ရွယ် နော်နော်ပင်၊
တစ်ချက်လောက်သူ့ကို သေချာကြည့်ပြီးမှ ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့သည်၊
နော်နော်တစ်ယောက် ဆက်လက်ဆွမ်းလောင်းနိုင်ပါစေ၊
ထိုနေ့က ကျနော်မန္တလေးတွင် မအိပ်ချင်သောကြောင့် မေမြို့သို့တက်လာခဲ့သည်၊ သုံးရက်လောက်နေပြန်ဆင်းလာခဲ့ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်၊
နန်းရှေ့ကိုဘယ်တော့မှ မသွားတော့ဘူးလို့။
…………………………………………………………………………………………………….
အိမ်ရှေ့ကို အနက်ရောင် Mark x ကားတစ်စီးထိုးရပ်လိုက်သည်၊
မန္တလေးမြို့တွင် အနက်ရောင် Mark x ကားစီးသူရေလို့ရသည်၊ ဘယ်သူလဲဆိုတာတော့သိလိုက်ပါပြီ၊
‘ဟေ့သူငယ်ချင်း နင်ရောက်နေတယ်ဆိုလို့ ဝင်လာခဲ့တာ
ဘယ်လိုလည်း ရီးစားဟောင်းတွေဆီလျှောက်သွားပြီးပြီလား၊’
“နင့်ကငါကို ရီးစားဟောင်းတွေဆီလျှောက်သွားဘို့ ပြန်လာတယ် ထင်နေတာလား၊
နင့်လိုများ ထင်နေသလား၊”
‘ဟင်းဟင်း ဟုတ်တယ်၊ ခုငါရီးစားဟောင်းဆီလာခဲ့တာ လက်တွေ့မဟုတ်လား၊
ဘယ်လိုလဲ ဟိုမှာအဆင်ပြေတယ်မဟုတ်လား၊’
“ပြေတယ်လို့ပြောရမှာပဲ၊ လခစားဆိုတော့ လုပ်ရင်းစားရင်းပေါ့၊”
‘နင်ရောက်တုန်းပြုစုချင်လို့ ညနေ ၇ နာရီလောက် အောင်တော်မူက ကာရာအိုကေဆိုင်ဆီလာခဲ့၊
ငါယောက်ျားတော့မအားဘူး၊ ငါပဲလာမှ နင့်အတွက်အကောင်းဆုံးစီစဉ်ထားတယ်၊’
‘ဟိုတစ်ခါလာတုန်းက မတွေ့ဖြစ်လိုက်ဘူး၊ ငါတို့မတွေ့ဖြစ်တာ ၅ နှစ်ရှိသွားပြီ၊ နင်ကလဲ တစ်နှစ်တစ်ခါ ပြန်လာတာမဟုတ်ဘူး၊’
“အိုကေလေ ပြုစုမဲ့သူရှိတုန်း လာခဲ့မယ်၊ ပြောပြီးပြီကော လခစားဆိုမှ”
‘အဲဒါဆိုငါသွားလိုက်ဦးမယ်’၊
နုတ်ဆက်ကာထွက်သွားသော နန်းရွှေစင်ကိုကြည့်ပြီး၊ အမှုအရာကတော့ မပြောင်းလဲသေးပါလားလို့ မှတ်ချက်ချမိသည်။
နန်းရွှေစင်သည် ရှမ်းပြည်မြောက်ပိုင်းမှ မန္တလေးသို့ကျောင်းလာတက်သော ကျောင်းသူတစ်ယောက်ဖြစ်သည်၊ သူငယ်ချင်းများမိတ်ဆက်ပေးရာမှ ခင်မင်ရင်းနီးမိရာ သွားအတူစားအတူတူ ဖြစ်ခဲ့သည်၊ ငါရီးစားထားကြည့်ချင်လို့ နင်နဲ့ဆိုဖြစ်မလား ဆိုကာ ရီးစားဖြစ်ခဲ့ကြသည်၊ နန်းရွှေစင်၏ ပထမဆုံးရီးစားသည် ကျနော်ဖြစ်ခဲ့သည်၊ ကျနော်တို့နှစ်ယောက်ခြေရာများသည် မန္တလေးပတ်ဝန်းကျင်တွင်ထပ်ခဲ့သည်၊ မေမြို့၊ တောင်မြို့၊ ပုသိမ်ကြီး၊ စစ်ကိုင်းထိပင်နယ်ချဲ့ခဲ့သည်၊ ထူးခြားသည်မှာ နန်းရွှေစင်သည် ရုပ်ရှင်မကြိုက်၊ ဝင်းလိုက်ရုပ်ရှင်ရုံထဲက တစ်ဝက်တစ်ပြက် ထွက်လာခဲ့ဘူးသည်၊ ငါအသက်ရှုကြပ်လို့သေတော့မယ်ဆိုသည်၊ ဆိုင်ကယ်စီးပြီးလှည့်ပတ်သွားနေရသည်ကို သူပျော်သည်၊ ချွဲချွဲနွဲနွဲမရှိ၊ သူ့ကို ပထမဦးဆုံးနမ်းသောအခါ သူပြန်နမ်းပြီး ငါပထမဦးဆုံး တစိမ်းယောက်ျားတစ်ယောက်ကို နမ်းဖူးတာဆိုသည်၊ ငါနမ်းတာကောင်းရဲ့လားလို့ နမ်းပြီးတိုင်းမေးတတ်သူဖြစ်သည်၊ တစ်နှစ်လောက်အတူတွဲပြီးနောက် ကျနော်တို့နှစ်ယောက်လုံး သူငယ်ချင်းအဖြစ်ပြန်နေဘို့ ဆုံးဖြတ်ခဲ့ကြသည်။
နန်းရွှေစင် တရုတ်ကြီးတစ်ယောက်နဲ့ လက်ထပ်သွားသည်၊ ထိုအချိန်တွင် ကျနော်မန္တလေးမှာ ရှိမနေတော့ပါ၊ သူနဲ့လက်ထပ်ပြီးမှ ထိုတရုတ်ကြီး စီးပွားတက်လာသည်၊ သူတို့၏ ဂျုံလုပ်ငန်း၊ မုန့်နဲ့ကိတ်မုန့်လုပ်ငန်းများ အောင်မြင်ခဲ့သည်၊ ဆိုင်ခွဲပေါင်းများစွာဖြင့် ရန်ကုန်အထိပင် ခြေလှမ်းစခဲ့ကြသည်၊ မန္တလေးမြို့ပေါ်ရှိ အိမ်တွေဝယ်ယူထားလိုက်ခြင်းသည် ဒီနေ့တွင် သူတို့ကိုအချမ်းသာဆုံးဖြစ်စေခဲ့သည်၊ တရုတ်ကြီးသည် ဖြစ်နိုင်လျှင် ၈၄ လမ်းကတိုက်တွေကို ရသလောက်ဝယ်ချင်သည်၊ နဂါးဒေါ်ဦး၊ ပွဲထိုင်တိုက်တွေ၊ လူထူတိုက်ကိုပင်ဝယ်ချင်သည်၊ နောက်ဆုံး စင်္ကာပူတွင် ကွန်ဒိုတိုက်ခန်းတောင် ဝယ်ဖြစ်ခဲ့သည်။
ကျနော် ကာရာအိုကေဆိုင်သို့ရောက်သောအခါ နန်းရွှေစင်ရောက်နေပေပြီ၊ နင်အရင်ရောက်နေရင် ငါ့ကိုဆူမှာစိုးလို့ ကလေးတွေကို ကျုရှင်စောစောပို့ပြီးလာခဲ့တာ ငါ့ယောက်ျားက နင့်ကိုကောင်းကောင်းပြုစုလိုက်ဆိုပြီး သေချာမှာလိုက်တာ၊ လာ စပယ်ရှယ်အခန်းထဲသွားမယ်၊ ဆိုပြီးခေါ်လာခဲ့သည်၊ ဒီဆိုင်မှာ ငါတို့ရှယ်ယာပါတယ် ဆိုလိုက်သေးသည်၊
ခန်းမကျယ်ကြီးတွင် ကျနော်တို့နှစ်ဦးသာရှိသည်၊ ကျနော်ကစက်တွေကိုလိုက်ကြည့်နေသောအခါ အကုန်ချိန်ပြီးသား၊ ဒီမှာမီနူး ဘာစားချင်သလဲ သောက်ချင်သလဲ ကြိုက်တာမှာလိုက်၊ ခေါက်ဆွဲကြော်နှင့် တိုက်ဂါးတစ်လုံးမှာလိုက်သည်၊ နင်ရောလို့မေးရာ ငါလဲတိုက်ဂါးဟုဆိုသည်၊ ကျနော်အတွက် အစားအသောကါတွေထပ်မှာလိုက်သေးသည်၊
ခဏနေကြာ ကောင်မလေး လေးယောက်ဝင်လာသည်၊ နှစ်ဆယ်ပတ်ဝန်းကျင်လေးတွေ၊ ကျနော်တအံ့တသြဖြစ်သွားသောအခါ၊ ‘နင့်အတွက်စီစဉ်ထားတာလေ၊’
‘မန္တလေးသူစစ်စစ်တွေပါ၊ မန္တလေးသူစစ်စစ်မှကြိုက်တယ်ဆိုလို့
မြို့ပြင်မှာနေတာကလွဲလို့ မန္တလေးသူစစ်စစ်တွေပါ၊’
ဒါကျနော် ဟိုတုန်းက သူငယ်ချင်းတစ်ယောက်ကို အပြောင်အပျက်ပြောခဲ့တဲ့စကား၊ ဘယ်လို နန်းရွှေစင်သိသွားခဲ့သလဲ၊ ဒီအချိန်ရောက်မှ ရှင်းပြမနေချင်တော့၊ “ငယ်ငယ်တုန်းကပါလို့” ခပ်ပြုံးပြုံးလေးပဲဖြေလိုက်သည်၊
နန်းရွှေစင်က မထိတထိပြုံးကာ သမီးတို့ဒီကအစ်ကို ကို ကောင်းကောင်းပြုစုကြ၊
ကလေးမလေးတစ်ယောက်က သမီးကစုစုပါ၊
နောက်က ကလေးမတွေအားလုံးက သူကဝိုင်းစုကိုကြိုက်လို့ စုစုဖြစ်နေတာ၊
နင်တို့နော် ဒီကအစ်ကို ကို မေးမလို့၊ အစ်ကိုဆိုမလား သမီးတို့ဆိုရမလား၊
သမီးတို့ဆိုနှင့်ပါ၊ အိုကေဆိုပြီးသံပြိုင်အသံထွက်လာသည်၊
သမီး ဝိုင်းစုသီချင်းနဲ့စမယ်၊ ဝိုင်းစုသီချင်းထဲကဘယ်သီချင်းကြိုက်သလဲ အစ်ကို၊
ကျနော်သူ့သီချင်းတွေမသိဘူး၊ ကြိုက်တာဆိုကြပါ၊
တစ်ယောက်ကဆို တစ်ယောက်ကက၊ ကျန်တဲ့သူတွေကလက်ခုပ်လိုက်တီးနဲ့ အစီအစဉ်ကျနေသည်၊
ဝိုင်းစုပြီးတော့ အယ်ဆိုင်းစီ နောက်တစ်ယောက်က အေသင်ချိုဆွေကို ဆိုနေတုန်း နန်းရွှေစင် ကောင်မလေးတွေကို မျက်ရိတ်ပြလိုက်သည်၊ စုစုနဲ့ကောင်မလေးနှစ်ယောက်ထလာကာ ကျနော်ကို အစ်ကိုဒီမှာထိုင်ဆိုပြီး သူတို့ကြားတွင်ထိုင်စေသည်၊ ဒါမှာသမီးတို့ဆိုတာ အားရှိမှာဆိုသည်၊
ဘယ်သူ့သီချင်းမှန်းမသိ၊ နင့်အတွက်ငါလူဖြစ်လာတာ နင့်အတွက်ငါလူဖြစ်လာတာ ကိုပဲခြောက်ခါလောက်ဆိုနေတုန်း စုစုကရွတ်ကနဲ ကျနော့်ပါးကိုနမ်းလိုက်သည်၊ ကျနော်နည်းနည်းကြောင်သွားသည်၊ နန်းရွှေစင်စီစဉ်ထားတာဖြစ်မည်၊ အိတ်ထဲတွင်ပါလာသော ငါးထောင်တန်ဆယ်ရွက် စုစုကိုပေးရင်း ကျေးဇူးပါဆိုလိုက်သည်၊ ဆိုရင်းစားရင်းနဲ့၊
တစ်ယောက်က မျက်ရည်ကျရင်ယောက်ျား မဟုတ်ဘူး ဆိုတာကိုဆိုနေတုန်း၊ ကူးကူးဆိုသော ကောင်မလေးက ကျနော်ကိုနမ်းပြန်သည်၊ ဒီတစ်ခါကျနော်ဘာမှမပေးတော့၊ ဘာမှမပေးလို့လားမသိ ကူးကူးကျနော့်နားရွက်ကိုကိုက်လိုက်သည်၊ အားဆိုပြီးကျနော်အော်လိုက်မိသည်၊ အားလုံးဝိုင်းရယ်ကြသည်၊
ရယ်နေသော နန်းရွှေစင်ကိုတွေ့လိုက်ရသည်၊
ဒီအတိုင်းနေနေလို့ မဖြစ်တော့မှန်းသိလိုက်သည်၊ ကျနော်သီချင်းနှစ်ပုဒ်ဆိုမလို့၊ အားလုံးကဝိုင်းလက်ခုပ်တီးကြသည်။
ပထမသီချင်းက နန်းရွှေစင်ကိုဆိုပြဘူးသည်၊ ကျနော့်အရင်ကအတိုင်း စာသားတွေပြောင်းဆိုသည်၊
“ကိုယ်လိုလူ ဗမာလေးတစ်ယောက်မို့နှောင့်နှေးနေတာလား သိပ်ချစ်ရသူ ရှမ်းပျိုဖြူလေးရယ်……”
နောက်တစ်ပုဒ်ကတော့ စိုင်းဆိုင်မောဝ်ရဲ့သီချင်း
“ရွှေသမင်မျက်လုံးလေး ကျနော့်ကိုလေ သူပြုံးလို့
နူတ်ဆက်ကာရယ် သွားတော့မဲ့သူ၊
ဒီတစ်ခါနောက်ဆုံးလား နောင်းမာဗေတုံးရ
ရှမ်းစကားတွေနဲ့ နူတ်ဆက်ကြတယ်
စိတ်ထဲမှာလေ တကယ်ခံစားရပေါ့ နန်းရယ်
နောင်းမာဗေတုံးရ နူတ်ဆက်ခါရယ်ခွဲသွား……….”
ကျနော်ဆိုသည့် သီချင်းသံကြားမှာ အားလုံးတိတ်ဆိတ်စွာ နားထောင်နေကြသည်၊ သီချင်းပြီးသွားသောအခါ နန်းရွှေစင်ကျနော်ကိုဖက်ပြီးငိုသည်၊
ကျနော်ကို တင်းကျပ်စွာဖက်ရင်း ရှိုက်ကြီးတငင်ငိုခြင်းဖြစ်သည်၊ ကျနော် ဘာလုပ်ရမှန်းမသိ အလိုက်သင့်လေး ပြန်ဖက်ထားရုံ၊ ဘာကြောင့်ငိုနေမှန်းလည်းမသိ၊ ပြည့်စုံသည်ဟုထင်ရသူမှာလည်း ငိုကြွေးစရာတွေရှိနေသည်လား၊
သူ့ကိုတင်းတင်းကျပ်ကျပ်တစ်ခါဖက်ရင်း “တိတ်ပါတော့သူငယ်ချင်းရယ်” လို့ပြောလိုက်မိသည်၊ အငိုရပ်သွားသည်၊ မျက်ရည်တွေ နှာရည်တွေကို ကျနော်အိင်္ကျီနဲ့သုတ်ပစ်နေသည်၊
ကောင်မလေးတစ်ယောက်က ထွန်းအိန္ဒြာဗိုလ် သီချင်းတစ်ပုဒ်ကိုဆိုနေသည်၊ ကျနော်တို့ဘက်ကိုလှည့်မကြည့်ကြ၊
နန်းရွှေစင် တစ်ယောက်အငိုရပ်သွားခဲ့ပြီ၊ ဒီနောက် ကျနော်မျက်နာကိုကြည့်ပြီး
‘ခုလိုငါ့ကို ငိုခွင့်ပေးတာ နင့်ကိုအရမ်းကျေးဇူးတင်တယ်၊’ ဆိုပြီးတိုးတိုးလေးပြောသည်၊
ပြီးနောက် ကျနော့်နှာဖူးကို ရွတ်ကနဲနမ်းလိုက်သည်၊
‘ပေး ငါးသောင်း’လို့ဆိုသည်၊ ကျနော်ထုတ်ပေးလိုက်တော့၊ နန်းရွှေစင်လှမ်းယူလိုက်သည် ‘နင့်ဆီကရတဲ့ပိုက်ဆံ’ ဆိုပြီး ထောင်ပြတော့
နှစ်ယောက်သားရယ်မိကြသည်၊
“ခုလိုငါကိုပြုစုတာကျေးဇူးတင်ပါတယ်၊ တော်လိုက်ရအောင် ကလေးတွေကြိုရဦးမယ်မဟုတ်လား၊”ဟုကျနော်ပြောလိုက်သည်၊
နန်းရွှေစင်တစ်ယောက် ကလေးမလေးတွေဘက်လှည့်ရင်း၊ သမီးတို့ရေတော်ကြရအောင်၊
ကလေးမလေး အားလုံးကို မုန့်ဖိုး ငါးသောင်းစီပေးလိုက်သည်၊
ထိုနေ့က ကျနော်မှာလွဲ၍ အားလုံးပျော်နေကြမည်ဟုထင်မိပါသည်။
……………………………………………………………………………………
ချစ်ခဲ့ဖူးသူ ချစ်သူများ စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းမှာ ကင်းဝေးနိုင်ကြပါစေ။
Subscribe to:
Post Comments (Atom)
16 comments:
မောသွားတယ်..... ဘာပြောရမှန်းမသိ...လို့။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
မဆူံစည်းကြလေသောအချစ်များပေါ့ ၊ မိန်းကလေးနှစ်ယောက်အကြောင်းကို ဖေါ်ပြသွားပူံလေးကြိုက်ပါတယ် ဖြစ်ချင်ရာတွေမဖြစ်ရတဲ့လောကကြီးမှာ နော်နော်ကို နားလည်ပေလိုက်ပါ။ လေးစားလျှက် MM
ဖတ်လို့ကောင်းတယ်. . မိန်းကလေးတွေဘ၀ ကလည်း သနားစရာပါ :)
လမ်းမှာ တစ်ခါဆုံတယ်။
ကာရာအိုကေမှာ တစ်ခါဆုံတယ် ဆိုသလိုတွေ ဖြစ်ကုန်ပြီ။ ဘာပဲ ပြောပြော ပြန်တွေးမိရင်တော့ အားလုံးက သတိရစရာ ၊ အမှတ်ရစရာတွေချည်းပါပဲလေ။
သူများနဲ့ညားတဲ့ငါ့ရည်းစား ဆိုတာလေး သတိရသွားတယ်....
အင်း..
ဒီလို ခံစားချက်က ပြန်ပြောပြဘို့ တော်တော်
ခက်တတ်ပါတယ်။ ပြည့်စုံအောင်လေ..။
ကျွန်တော့်အထင်တော့  ငါးရံ့  ပြာလူးနေသလိုမျိုး..။
ရင်မောလိုက်တာ
အတိတ်ဆိုတာ တစ်ခါတစ်ခါတော့ အရိပ်လိုလိုက်ပါတတ်တယ်နော်
မေ့တဲ့ခါလည်းမေ့ တိုက်ဆိုင်မှုရှိတော့လည်း ပြန်သတိရ
အကင်းမသေတဲ့ အနာဟောင်းလိုပါဘဲလား
စာရေးသူ ဇာတ်လမ်းတွေ တော်တော်များများ ရှိပုံရတယ်း)
မန္တလေးမှာ ကျောင်းတက်ခဲ့သူမို့ ရေးထားတဲ့ နေရာတွေကို မျက်စိနဲ့ မြင်ယောင်ကြည့်ရင်းဇာတ်လမ်းလေးကို ခံစားမိသွားတယ်
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
တည်ငြိမ်အေး--လည်းခေသူမဟုတ်ပါလားဗျာ-
ဇတ်လမ်းတိုင်းမှာအထက်ကကြီးဘဲနော်-
အားလုံးကလည်းချစ်ကြတာကြီးဘဲ-
ဇတ်လမ်းတွေရေးတိုင်းလည်းအကြောင်းအရာမထပ်အောင်
ရေးတတ်တာကတော့တကယ့်ကိုလေးစားမိပါတယ်-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
ဟူးးးးး
အရင်ကဇာတ်လမ်း...လေးတွေပေါ့
အရာရာကိုနားလည်ပေးလိုက်ပါ...
လွမ်းစရာလေးတွေပါ၊ ပြန်လည်တွေ့ဆုံတဲ့အခါ သူများဘယ်လိုနေမလဲဆိုပြီး တွေးကြည့်ခဲ့ဘူးတယ်
Lwin
ကိုဆိုစီ
မန္တလေး မှာ ဘယ်လောက်များမွှေခဲ့ သလည်း အဲဒါ မန္တလေး စတိုင်ဘဲ ဖတ်လို့ မဝသေးဘူး
ကျောက် ကိုလွမ်းတယ်ဗျို့
ဖတ်ပြီးတော့ ရင်ထဲမှာ ဟာသွားတယ် ...
ဖြစ်ချင်ရာလဲ မဖြစ်ရတဲ့ဘဝ၊ ချစ်ချင်သလိုလဲ မချစ်ရတဲ့ဘဝတွေပါ၊ မိန်းခလေးတွေကို နားလည်းပေးပါ.
ဆင်းရဲသွားတဲ့ သူလဲ ငိုတယ်
ချမ်းသာနေတဲ့ သူလဲ ငိုတယ်
လောကကြီးကထူးဆန်းတယ်နော်။
အဲဒီလိုအချိန်မျိုး ကိုယ်က လူပျိုကြီးဆို ပိုခံစားရမယ်ထင်တယ်။
သံယောဇဉ်ဆိုတာ ဖြတ်တောက်လို့မှ မရဘဲလေ။
Post a Comment