Thursday, March 10, 2011

ကလဲ့


 
ဒီနေ့ဆို ဒီထဲရောက်နေတာ သုံးညနှင့်နှစ်ရက်ရှိသွားပြီ၊ နှစ်ရက်လောက်နေ ထောင်ကြီးချုပ် ပို့မယ်လို့ကြားသည်၊ ပို့နိုင်အောင် ကျနော်ဆီက စစ်ချက်ရယူနေခြင်းဖြစ်သည်၊
တစ်ကိုယ်လုံးလည်း နာကျင်နေပြီ၊ အထူးသဖြင့် ရင်ဘတ်ထဲက အောင့်အောင့်ပြီးနာသည်၊ စစ်ဆေးတုန်းက စာအုပ်ကာပြီးအထိုးခံထားရလို့ဖြစ်မည်၊ အရိုးများကျိုး အထဲကလီဇာတွေ တစ်ခုခုဖြစ်သွားပြီလား မပြောတတ်၊ လက်ချောင်းတွေလည်း လိမ်ပြီးအချိုးခံထားရသည်၊ ပါးရိုက်ခံရတာတော့ ဘယ်နှစ်ကြိမ်မှန်းမသိတော့၊ နှစ်ရက်ဆက်တိုက်ဆိုတော့ မခံနိုင်တော့ အရုပ်ကြိုးပြတ်ဖြစ်ချင်နေပြီ၊ ဒဏ်ရာကလည်းကိုက်သည်၊ မိုးမချုပ်ခင်လေးတုန်းက လည်ပင်းကိုညစ်ပြီးခေါင်းကိုရိုက်တော့ မခံနိုင်တော့ ‘ဟုတ်ပါတယ် လုပ်ပါတယ်လို့’ ပါးစပ်ကထွက်သွားတော့မလို့၊ ဒါပေမဲ့မထွက် ကိုယ်ကမှမဟုတ်တာ၊ ‘ကျနော်မဟုတ်ရပါဘူး ကျနော်မဟုတ်ဘူး’ ဆိုပြီး ဒါပဲထပ်တလဲလဲပြောနေမိသည်၊ မျက်စိမဖွင့်နိုင်၊ နားလည်းမကြားတော့ သုံးလေးယောက်လောက် ဝိုင်းစစ်နေသည်၊ ဒီတော့ ကိုယ့်ကိုဘယ်သူရိုက်လဲ ဘယ်သူထိုးလဲ မသိတော့၊ စိတ်ထဲမှာ အဖေကိုတမ်းတနေသည်၊ အရင်တုန်းကလိုပဲ အဖေပစ်ထားဦးမလား၊ ဒီတစ်ခါ ကျနော်ဘာမှမလုပ်ရပါဘူး အဖေရယ်လို့။
………………………………………………………………………………………….

‘ဘုန်း ဘုန်း’၊
‘ကိန်အိန်အိန်၊ ကိန်ကိန်’၊
“ဟဲ့ မောင်မျိုး ခွေးကိုအလကားနေရင်း ဘာလို့လိုက်ရိုက်နေတာလည်း၊ မနေ့ကလည်းတစ်ကောင်ရိုက်ပြီးပြီ၊ ခွေးမှလည်းအသက်နဲ့ နာတတ်တာပေါ့ ၊”
ခွေးနက်ကတော့ နာလွန်းလို့လားတော့မသိ၊ ကိန်ကိန်လို့အော်ပြီး ထော့နဲ့ ထော့နဲ့နှင့် ပြေးထွက်သွားသည်၊
‘ဟာ အဖွားကလည်း ဒီခွေးတွေက အိမ်ရှေ့လာပြီး သေးပေါက်ချီးယိုနဲ့ ရိုက်ပေးမှတော်ရာကြမှာ၊’
“ဟဲ့သူတို့ နင့်အိမ်ရှေ့သေးပေါက်တာ နင်မြင်လို့လား၊”
'ခွေးပဲပေါက်မှာပေါ့ အဖွားရ’
“ဒီကလေးတော့ ဝဋ်လည်ဦးမယ်၊ ဟိုနေ့ကလည်း ဟိုဘက်အိမ်ကကြောင်ကို ဂုံနီအိတ်ထဲထည့် ဖမ်းလှောင်ထားတယ်၊ ဟင်းတွေလျှော့သွားလို့ဆိုလား၊
နင်ဝဋ်လည်လိမ့်မယ် တိရိစ္ဆာန်ဆိုပြီး မညှင်းဆဲနဲ့၊ နင်တော့ခက်တော့တာပဲ မောင်မျိုးရယ်၊”
“နင့်ဦးလေးလူမိုက်ရဲ့ အတုတွေမယူနဲ့၊ သတ္တဝါတွေကို မညှင်းဆဲနဲ့၊
ဝဋ်ဆိုတာလည်တတ်တယ်ကွဲ့ ခုခေတ်ကလေးတွေများ သိကိုမသိကြဘူး၊”
အဖွား၏ မြည်တွန်တောက်တီးသံကား ကျန်ခဲ့ပြီ၊ မောင်မျိုးကတော့ လမ်းထိပ်သို့ထွက်လာခဲ့ပြီဖြစ်သည်၊ ဒီလမ်းထဲကခွေးတွေကတော့ မောင်မျိုးလာရင် အကုန်ပြေးပုန်းကုန်ကြသည်၊ အချင်းချင်းသတင်းပေးထားသည်လားမသိ၊ ဒီကောင်ခွေးရိုက်တတ်သည်လို့။

မောင်မျိုးတို့က ကမာရွတ်ကွမ်းခြံမှာနေတယ်၊ ကွမ်းခြံမှာမွေး ကွမ်းခြံမှာကြီးပြင်းခဲ့သည်၊ မောင်မျိုးတို့အိမ်က အိမ်ဆိုင်လေးဖွင့်ထားသည်။
…………………………………………………………………………

လှည်းတန်းဈေးနှင့် ဆင်မလိုက်ဈေးကြားမှာ အိမ်ဆိုင်ဖွင့်ရတာတော့ လွယ်မည်မဟုတ်၊ တကယ်တော့ အဖေရဲ့အလုပ်ကို လွယ်လွယ်ပြောရရင် ချစ်တီး လုပ်စားခြင်းပဲဖြစ်သည်၊ ရှင်းရှင်းပြောရရင် ငွေတိုးချေးစားသည်၊ အဖေဒီအလုပ်ကို လုပ်ခဲ့တာနှစ်ပေါင်းကြာပြီ၊ အရပ်ထဲမှာလုပ်နေသော နေ့ပြန်တိုးသမားတွေနဲ့ကွာသည်၊ အဖေလုပ်သည်က နည်းစနစ်ကျသည်၊ စေတနာပါသည်၊ ကတိသစ္စာကို တန်ဘိုးထားသည်၊ မွေးရာဇာတိ မြစ်ဝကျွန်းပေါ်ဘက်ကို အခြေခံသည်၊ ဟိုမှာလူရင်း ဆွေမျိုးတွေကလှုပ်ရှားပေးသည်၊ နာဂစ်ဖြစ်တုန်းက ဒုက္ခရောက်နေသူတွေကို အကြွေးတွေလျှော်ပစ်တဲ့အပြင် အကူအညီတွေတောင်ပေးလိုက်သေးသည်၊ ဒီလိုနဲ့ အဖေဖောက်သည်များနှင့် အဖေစီးပွားဖြစ်နေသည်၊ လမ်းထဲကအိမ်ဆိုင်ကိုလည်း ဒီလိုပင် အကြွေးများနဲ့လည်ပတ်နေသည်၊ အကြွေးရတော့ ဖောက်သည်ဘယ်ပြတ်မလဲဟုဆိုသည်၊ အဖေကိုအကြွေးပြန်ပေးမှာပေါ့ သူ့ညီကကွမ်းခြံလူမိုက်ကိုး လို့ပြောရင် အဖေဒေါသထွက်တော့သည်၊ မမှန်တာဘယ်တော့မှ မလုပ်ဟုဆိုသည်၊ ဘယ်သူကိုပေး ဘယ်သူကိုကမ်းရမလဲ အဖေသိသည်၊ ဒီလိုနဲ့ နှစ်ထပ်တိုက်နှင့် စက်မူဇုန်ထုတ်ကားတစ်စီးနှင့်နေနိုင်သည်၊ အဖေငွေတွေ ဘယ်လောက်လည်ပတ်နေသည်ကိုတော့ ကျနော်တို့မသိ၊ သူ့စာရင်းဇယားနဲ့သူရှိသည်၊ ကားပွဲစားလုပ်နေသော အစ်ကိုကြီးမောင်စိုးကို နည်းနည်းချင်း ပြောပြနေသည်ကိုတော့သိသည်။

အဖေက ကျနော်ကို လူဆိုးဟုဆိုသည်၊ မင်းလူမိုက်မဖြစ်စေနဲ့လို့ ဒေါသဖြစ်လာတိုင်းပြောသည်၊ ရပ်ကွက်ထဲကတော့ ကျနော့်ဦးလေးလိုပဲ ကျနော့်ကိုလူမိုက်ဟုပြောကြသည်၊ ကျနော်ရန်ခဏခဏဖြစ်သည်၊ ဖြစ်တိုင်းလက်ပါတတ်သည်၊ ရပ်ကွက်ရုံးရောက်တဲ့ အကြိမ်ပေါင်းမနည်းတော့၊ တကယ်တော့ ကျနော်လူမိုက်မဟုတ်၊ ဦးလေးမှ တကယ့်လူမိုက်ဖြစ်သည်၊ ဦးလေးခေတ်တုန်းက ဦးလေးသည် လှည်းတန်းဘူတာဘေး ကွမ်းခြံ (၁)လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင်အမြဲထိုင်တတ်သည်၊ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ကစည်ကားတုန်း၊ ကျောင်းသားတွေတစ်ခါတစ်လေ နယ်ကျွံလာတတ်သည်၊ သံလမ်းဟိုဘက်ခြမ်းမှာပဲနေ ဒီဘက်မလာခဲ့နဲ့၊ စည်းလုပ်ထားသည်၊ ကျောင်းသားတွေထဲတွင် သစ်တောနှင့် ဘူမိကျောင်းသားတွေကနည်းနည်းဆိုးသည်၊ ယောက်ျားလေးတွေပဲမို့ ဖြစ်နိုင်သည်၊ တစ်ခါကသစ်တော ကျောင်းသားနှစ်ယောက်ကို ရိုက်ထည့်လိုက်သည်၊ မူးပြီးရပ်ကွက်ထဲလာရစ်နေလို့၊ ဦးလေးဆော်ထည့်လိုက်မှန်း၊ အဆောင်မှုး ပါမောက္ခတွေကလည်းသိသည်၊ ရဲစခန်းကလည်းသိသည်၊ ဦးလေးဘာမှမဖြစ် အရေးအခင်းတွေလဲမဖြစ်ခဲ့၊ ဦးလေးတို့ရှိလို့ရပ်ကွက်ငြိမ်သည်ဟုဆိုကြသည်။

ကျနော်တို့ခေတ်ရောက်တော့ ပြောင်းကုန်ပြီ၊ လမ်းတွေထဲမှာလည်း ကန်ထရိုက်တိုက်တွေ တစ်လုံးပြီးတစ်လုံး ပေါ်လာသည်၊ လူဟောင်းတွေပျောက်ကုန်ပြီ၊ တိုက်ခန်းတွေနဲ့ လူတွေများကာ လူအမျိုးမျိုးဖြစ်လာသည်၊ ဒီမှာတင်ကျနော်နဲ့ အချိုးမပြေတဲ့ကောင်တွေနဲ့ ချကြသည်၊ သူကွဲကိုယ်ကွဲပင် ဒီလိုနဲ့ရပ်ကွက်ထဲမှာ လူမိုက်ဖြစ်လာသည်၊ ကျနော်ကတော့ ကျနော်လူမိုက်မဟုတ်၊ ရန်ခဏခဏဖြစ်တာနဲ့လူမိုက်ဟုပြောရင် ကမ္ဘာပေါ်တွင် လူမိုက်တွေ ဒုနှင့်ဒေးရှိနေတော့မည်။

ဒီလိုနဲ့ ကျနော် ရဲစခန်းရောက်ခဲ့ရသည်၊ အချုပ်ကျခဲ့ဘူးသည်၊ အဖြစ်က တစ်ခုသော သင်္ကြန်တွင် အင်းလျားလမ်းတွင် ရုပ်ရှင်မင်းသမီးတို့ မောင်နှမတွေ မဏ္ဍပ်ထောင်ကြသည်၊ ရပ်ကွက်ထဲကသူတွေကို အကူအညီငှားသည်၊ ကျနော်မောင်မျိုးတစ်ယောက်လဲပါသွားသည်၊ အကြပ်နေ့မှာ အရက်မှုး ဆေးမှုးနေသော လူငယ်တစ်သိုက်နဲ့ ကျနော်တို့တွေနဲ့ ရန်ဖြစ်ကြသည်၊ ရိုက်ကြပြုကြတော့ ကျနော်တို့ဘက်က တစ်ယောက်ခေါင်းကွဲ၊ တစ်ယောက်ဗိုက်ကိုဓါးနဲ့အထိုးခံရသည်၊ ဟိုဘက်ကအနည်းဆုံး ၅ယောက်လောက် ဆေးရုံရောက်သွားသည်၊ ဟိုဘက်အုပ်စုကVIP နှင့်ပိုက်ဆံရှိ အသိုင်းအဝိုင်းဖြစ်၍ ကျနော်တို့တတွေကို ကမာရွတ်ရဲကဖမ်းသည်၊ သင်္ကြန်တွင်းမို့ အမှုမစစ်တစ်ခါတည်း ထောင်ကြီးချုပ်ပို့လိုက်သည်၊ အမှုစစ်မည်လုပ်တော့ ဓါးနဲ့ထိုးသွားသူက VIPသားဖြစ်နေသည်၊ ဟိုဘက်ကလည်းအမှုမလုပ် ဒီဘက်ကလည်းအမှုမလုပ် ရဲကိုပေးစရာရှိပေးကာ အသီးသီးထွက်သွားကြသည်၊ နောက်ဆုံးကျနော်မောင်မျိုးတစ်ယောက်ထဲ ကျန်ခဲ့သည်၊
ဟေ့ကောင် မင်းအိမ်ကမလာဘူးလား၊ ခဏခဏအမေးခံရသည်၊ အဖေနှင့်အိမ်ကရောက်မလာပါ၊ အမှုတွဲမရှိ၍ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်၊ နောက်ဆုံးကမာရွတ်နယ်ထိန်းက ကျနော်ကိုထုတ်သွားသည်၊ နယ်ထိန်းက ကျနော်တို့ကွမ်းခြံကပင်ဖြစ်သည်၊ သူ့မိန်းမက အဖေဆိုင်နဲ့အကြွေးမကင်း၊ ကျနော်လည်း ခံဝန်ချက်လက်မှတ်ထိုးလိုက်ရသည်၊ အိမ်ရောက်တော့သိရသည်မှာ အဖေကတစ်အိမ်လုံးကို ဒီလောက်ဆိုးတဲ့ကောင်ပစ်ထား လူဆိုးလူမိုက်တွေ သွားရာလမ်းဘာလဲဆိုတာ သိလိမ့်မယ်ဆို၍ ဖြစ်သည်၊ နောက်ဆုံး နယ်ထိန်းမိန်းမက အမေကိုလာပြောကာ အဆင်ပြေသွားခြင်းဖြစ်သည်။
……………………………………….

အဖေကအလုပ်တစ်ခု ကျနော်ကိုခိုင်းသည်၊ အလုံဘက်တွင်ရောက်နေသော မြစ်ဝကျွန်းပေါ်က လူတစ်ယောက်ထံမှ ပိုက်ဆံသွားယူရန်ဖြစ်သည်၊ ပြီးရင်စောစောပြန်လာရန်လည်းမှာလိုက်သေးသည်၊ ကျနော်မောင်မျိုးတစ်ယောက်ကတော့ ထုံးစံအတိုင်း ကြည့်မြင်တိုင်ဘက်လှည့်ဝင်လိုက်သည်၊ လက်ဘက်ရည်ဆိုင် အရက်ဆိုင်တွေလှည့်ထိုင်လိုက်တာ ည ၁၂နာရီကျော်သွားသည်၊ လိုင်းကားတွေမရှိတော့၊ ဒီလိုနဲ့လမ်းမကြီးအတိုင်း လမ်းလျှောက်ပြန်လာသည်၊ လမ်းတွင် တက်ဆီလေးဘာလေးလာရင် တားစီးမည်ပေါ့၊ မိုးဖွဲဖွဲရွာထားသဖြင့် လမ်းတွင်လူသွားလူလာနည်းသည်၊ လမ်းကလည်း ဒီဘက်ကရထားလမ်းနဲ့ဆိုတော့ ပိုဆိုးသည်၊ စလွယ်လွယ်ထားသော အိတ်ထဲတွင် အဖေပိုက်ဆံငါးသိန်းကျော်ရှိသည်၊ ဒီလိုနဲ့ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်လာသည်၊ ဒီလိုပဲပြန်နေကြမဟုတ်လား။

ရှေ့တွင်လမ်းကွေ့ရှိသည်၊ ဆင်မလိုက်ဘက်ကိုချိုးပြီးပြန်ရမည်၊ ကိုယ်ဟာကိုယ်စဉ်းစားနေတုန်း၊ နောက်က လူနှစ်ယောက်လိုက်လာမှန်းသတိထားမိသည်၊ သတိထားနေသည်ကြားက တစ်ယောက်ကကပ်လာပြီး ဓါးနဲ့အနောက်ကထောက်လိုက်သည်၊ ‘ဟေ့ကောင်မင်းအိတ်ပေး နာရီပေး ဆွဲကြိုးချွတ်၊’
“ဟေးမင်းတို့လူမှားနေပြီထင်တယ်၊”
‘ဟေ့ကောင် စကားသိပ်မများနဲ့၊ ပြောတဲ့အတိုင်းပေး ဝင်သွားမယ်အချွန်၊’
မြို့လယ်ခေါင်မှာအလုခံရပြီ၊ ဓါးပြတိုက်ခံရပြီ၊ မောင်မျိုးတို့ ရာဇဝင်ရိုင်းတော့မယ်၊
အဲ့ဒီမှာပင်နောက်တစ်ယောက်က နာရီကို အတင်းဆွဲချွတ်သည်၊
“အေးဆေး၊ အေးဆေး ပေးမယ်၊ အိတ်ထဲမှာတော့ ဘာမှမပါဘူးနော်၊”
သိလိုက်မိသည်က ဒီကောင်တွေ သဘာမဟုတ်ဘူး၊ ကြုံလို့လုတဲ့သဘော၊
“အေးဆေး၊ အေးဆေး ဆွဲကြိုးအရင်ဖြုတ်လိုက်ဦးမယ်၊”
‘ဖုန်း၊ တိန်း’
ဆွဲကြိုးဖြုတ် သလိုနဲ့ ဓါးနဲ့ကောင်ကို လက်သီးကြွေးပြီး၊ ရှေ့ကကောင်ကို နောက်ပေါက်ပေးလိုက်သည်၊ ရှေ့ကကောင်လဲသွားသည်၊ နောက်ကကောင် ဓါးနဲ့ရမ်းနေသည်၊ ဓါးကိုအတင်းလုရင်း နှစ်ယောက်တစ်ယောက်ချနေရသည်၊ လက်တွင်လည်း ဓါးရှမိနေပြီ၊ နှစ်ချက်ဆင့်ကန်လိုက်ရာ တကောင်မှောက်သွားသည်၊ ပါးစပ်ကလည်း ဓါးပြပါဗျို့ လုနေပါတယ်ဗျို့အော်မိသည်၊ လူတွေရောက်လာသည်၊ မြန်သည် နည်းတဲ့လူတွေမဟုတ်၊ သုံးယောက်လုံးကို ခွဲရင်း၊ ဘာဖြစ်တာလဲ ဒီကောင်တွေကျနော်ဆီက ဓါးထောက်ပြီးလုလို့ ကျနော်ပြောလိုက်သည်၊ လူကြီးတွေက ဟာ အဲဒါဆိုရဲခေါ်မှပဲ၊ မင်းလက်ထဲကဓါးပေး လူကြီးတစ်ယောက်ကဆိုသည်၊ နောက်တစ်ယောက်က မင်းဒဏ်ရာ သွေးတအားထွက်နေတယ်၊ ဟေ့ကောင်တွေ ဒီကောင်ကို ဆေးရုံမဟုတ်ရင် ဆေးခန်းခေါ်သွား၊ ကျန်နှစ်ယောက်ကို ရဲလက်ထဲအပ်မယ်၊ ဒီလိုနဲ့ကျနော်ဆေးရုံရောက်သွားသည်၊ ဆေးထည့်ပြီးမကြာမှီ ရဲသုံးယောက်ရောက်လာပြီး၊ မင်းငါတို့နဲ့လိုက်ခဲ့ စစ်ချက်ယူဘို့ ဆိုပြီးကျနော်ကို လက်ထိပ်ခပ်ခေါ်သွားသည်၊
ကျနော်က အစ်ကိုတို့မှားနေပြီနော်၊ ကျနော်ဇွတ်အတင်းပြော ရုန်းရာ၊ အရက်နံ့နှင့်ရဲက ကောင်းကောင်းမွန်မွန်လိုက်ခဲ့၊ စခန်းရောက်မှပြောဆိုပြီး၊ ကျနော်ကိုအတင်းချုပ်ကာ ခေါ်လာသည်၊ ဒီလိုနဲ့ကျနော်ဒီစခန်းကိုရောက်ခဲ့သည်။

စခန်းမှာ အရင်ရောက်နေသော ဟိုနှစ်ယောက်အစစ်ခံရာတွင် ကျနော်ကဓါးထောက်ပြီး သူတို့ဆီကလုသည်၊ သူတို့ကပြန်လည်ခုခံသည်ဟုဆိုသည်၊ ကျနော်က မဟုတ်ဘူး၊ ကျနော့်ကို အဲဒီ့ကောင်တွေလုတာ၊ နောက်ဆုံးအမှုစစ်က ကျနော့်လက်ထဲတွင်ဓါးတွေ့သည်၊ ရဲမှတ်တမ်းလည်းရှိသည် ဆိုကာ ကျနော်ပြောတာကိုမယုံတော့ပဲ စစ်ပြီးရင်းစစ်နေတော့သည်၊ ဒီအချိန်ထိပါပဲ။
………………………………………………..

မနက်နိုး မိုးလင်းလာတော့ အမှုစစ်အရာရှိနှင့် ရဲတစ်ယောက် ပြီးတော့ရဲစာရေးဝင်လာသည်၊ လက်မှတ်ထိုးခိုင်းသည် စစ်ချက်ဖြစ်၍ ကျနော်မထိုး၊
မထိုးဦးကွာဆိုပြီး သုံးလေးချက် အအုပ်ခံလိုက်ရသည်၊
အမှုစစ်အရာရှိက ‘အမှန်တိုင်းလုပ်လိုက်လေ၊ အစ်ကိုတို့ပြောတဲ့အတိုင်းလုပ်ရင် မင်းကိုအများကြီး အစ်ကိုတို့ကူညီနိုင်တယ်၊’ လေပြေသွေးသည်၊
ကျနော်က “အစ်ကိုတို့မှားကိုမှားနေပြီ၊”
‘ဒီလိုပဲပြောကြတာပဲ ငါ့ညီ မင်းကို တစ်နာရီအချိန်ပေးမယ် စဉ်းစားပေါ့၊ ဒီကောင်ကိုပြန်ပို့လိုက်’။
နာလိုက်တာ၊ ဓါးဒဏ်ရာတွေကလည်းကိုက်နေပြီ၊ နာကျင်တာကို နာကျင်ဘူးမှသိပါလိမ့်မည်၊ အဖေကို တမ်းတနေရာမှ၊ အဖွားကိုသတိရသွားသည်၊
“ခွေးမှလည်းအသက်နဲ့ နာတတ်တာပေါ့၊”
“တိရိစ္ဆာန်ဆိုပြီး မညှင်းဆဲနဲ့၊”
‘ဝဋ်ဆိုတာလည်တတ်တယ်ကွဲ့”
သားလည်းနာနေပြီအဖွားရေလို့ စိတ်ထဲမှာပြောလိုက်မိသည်။

ဦးလေးပြောတာတွေလည်းသတိရမိသည်၊ လူမိုက်ဦးလေးသည် ခုတော့ဆရာတော်ဘုရားကြီး၏နောက်လိုက် ကပ္ပိယလုပ်နေပြီ၊ ဆရာတော်ဘုရားကြီး နေရာအနှံ့ တရားတွေဟောသည့်နောက်ကို လိုက်လို့နေပြီ၊ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းသူတစ်ယောက် ဖြစ်လို့နေပြီ၊ ဘယ်သူမှပင်မယုံချင်ကြ။
ဖြစ်ပုံကဒီလိုပါ၊ တစ်နေ့ဦးလေးတစ်ယောက် သူ၏မိုက်ဖေါ်မိုက်ဘက်တစ်ယောက်ရှိရာ မုပ္ပလင်ရဲဘက်စခန်းသို့ လိုက်သွားသည်၊ အနီးနားက ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်တည်းသည်၊ ရဲဘက်စခန်းမှ ပြန်လာပြီးသောအခါ ဦးလေးသည်လုံးဝပြောင်းလည်းသွားခဲ့သည်၊ ထိုဘုန်းကြီးကျောင်းကို ရောက်နေသော ဆရာတော်ကြီးနှင့်တွေ့ခဲ့လို့ဖြစ်သည်၊ “ငါတူမောင်မျိုး ရဲဘက်စခန်းတွေ၊ လမ်းဖေါက်လုပ်ရေးတွေမှာ လုပ်နေကြရတဲ့သူတွေ၊ အဲဒီထဲမှာ မမှန်ပဲနဲ့ ပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ရှိကောင်းရှိမယ်၊ တကယ်ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ရှိကောင်းရှိမယ်၊ အဲဒါပြစ်မှုကြွေးဆပ်နေကြတာမဟုတ်ဘူး၊ သူတို့ယူထားတာပြန်ပေးနေရတာ၊ ပြန်ဆပ်နေရတာ၊ တစ်ချိန်က တစ်ဘဝတုန်းက နိုင်ငံတော်ငွေတွေပါ၊ အများပိုင်ပစ္စည်းတွေပါဆိုပြီး ကိုယ်ကျိုးအတွက် ယူခဲ့ကြတယ်၊ အလွဲသုံးစားလုပ်ခဲ့ကြတာတွေ ခုပြန်ဆပ်နေရတာ၊ ဘယ်သူပဲဖြစ်ဖြစ် ယူထားမိလို့ရှိရင် ပြန်ပေးရမှာပဲ၊ အကြောင်းကြောင့်အကျိုးဖြစ်လာတာပါ၊ အဲဒီလူတိုင်းဟာ ကလဲ့ ကို စောင့်နေကြရမှာပဲ။”
ဟုတ်ကဲ့ဦးလေးရေ ခုကျနော် ကလဲ့ပေါ့၊ ကျနော်ပြန်ဆပ်နေရတာ၊ နာကျင်ရင်းနဲ့ စိတ်ထဲကပြောနေမိသည်။
………………………………………………….

အချုပ်ခန်းထဲကနေ အပြင်ကအသံအချို့ကိုလှမ်းကြားလိုက်ရသည်၊ တော်တော်ကျယ်သည်၊ ဒါအဖေအသံ၊ ဟုတ်သည် အဖေအသံ၊
‘အမှန်အတိုင်းပဲဖြစ်ချင်တယ်၊ အမှန်အတိုင်းဖြစ်ရအောင်လည်း လာခဲ့တာပဲ၊
ခုကျုပ်သားနဲ့ တွေ့ချင်တယ်၊’
“ဟုတ်ကဲ့၊ ဦခင်မောင်ပြောတဲ့အတိုင်း ကျနော်တို့လုပ်ပေးပါမယ်၊ အမှုတစ်ခုဖြစ်လို့ စစ်ဆေးရင်တော့ ဒီလိုပဲဖြစ်တတ်ပါတယ်၊ ကျနော်တို့တောင်းပန်ပါတယ်၊”
ကျနော်ကို ရဲသားတစ်ယောက် အချုပ်ခန်းထဲကထုတ်လာသည်၊ ပြီးနောက် စခန်းမှူးအခန်းထဲ ခေါ်သွားသည်၊ အခန်းထဲမှာတော့ လူစုံတက်စုံ၊ အဖေ၊ ကျနော့်အစ်ကို၊ ကျနော်တို့ရပ်ကွက်လူကြီး၊ အရပ်ထဲကစွမ်းအားရှင်အစ်ကိုကြီး၊ အမှုဖြစ်တဲ့နေ့ကတွေ့ရတဲ့ အဲဒီရပ်ကွက်ကလူကြီး၊ ပြီးနောက်ပိုက်ဆံပေးလိုက်တဲ့ အဖေ့မိတ်ဆွေ၊ သူတို့အားလုံးရဲ့မျက်နှာတွေပေါ်မှာ အမှန်တရားအတွက် လာခဲ့ကြတာဆိုတာ ပေါ်လွင်နေသည်၊ အဖေက ‘သား စခန်းမှူးရှေ့က စာရွက်မှာလက်မှတ်ထိုးလိုက်၊ သားဓါးထောက်လုခံရတဲ့အကြောင်း တိုင်ချက်ဖွင့်တာ၊ ဟိုဘက်က မင်းပစ္စည်းတွေပြန်ယူလိုက်၊ လောလောဆယ်တော့ ပိုက်ဆံတွေကို စခန်းမှူးစိုက်ထားတယ်၊ အမှုလိုက်နဲ့ ဟိုကောင်တွေလုပ်လို့ တစ်ဝက်လောက်လျှော့နေတာ၊ ရရှိကြောင်းလက်မှတ်ထိုးပေးလိုက်၊’ ကျနော် လက်မှတ်တွေထိုးပေးလိုက်သည်၊ အဖေကအလုပ်လုပ်လျှင် စနစ်တကျလုပ်သည်ကို သိထား၍ဖြစ်သည်။
စခန်းမှူးနဲ့ အဖေတို့ စကားဆက်ပြောနေကြသည်၊ အစ်ကိုက ဟိုကောင်နှစ်ကောင်က သူတို့အတိုက်ခံရတဲ့ငွေကို တစ်သိန်းလို့ပြပါ၊ ဆရာတို့သုံးသိန်းယူပါ၊ ကျနော်တို့ကို လမ်းစရိတ်တစ်သိန်းပေးပါဆိုပြီ အမှုလိုက်နဲ့ညှိပြီးလစ်တာ၊ ပိုက်ဆံလည်းမြင်ရော စစ်တာတွေမှားကုန်ရော၊ ပထမတော့ အဖေကမင်းယူသုံးပြီး အိမ်မပြန်ပဲနေတာထင်နေတာ၊ နောက်တော့ ငါသားဒီလိုမလုပ်တတ်ပါဘူးဆိုပြီး အဖေနယ်ထိန်းဆီသွားတာ၊ နယ်ထိန်းဆီကကြားကြားချင်း အဖေလည်း စလိုက်တာ၊ ဒီမလာခင် တိုင်းရုံး၊ စစ်ဒေသတွေပါဝင်ခဲ့သေးတယ်။
အစ်ကိုစကားကို နားထောင်ပြီး၊ သက်ပြင်းလေးတစ်ခုကို ဖြေးညှင်းစွာချမိပါသည်၊ ပြီးနောက် စခန်းကလူတွေထိုင်နေတဲ့ဘက်ကိုကြည့်လိုက်မိပါသည်၊ ညာဘက်အစွန်ဆုံးက အမှုလိုက်၊ ပြီးတော့ရဲအုပ်နှစ်ယောက်၊ စခန်းမှူး နှင့် စခန်းစာရေးတို့ဖြစ်သည်၊ သူတို့အပေါ်မှာတော့ ဓါတ်ပုံကြီးတွေ၊
ကျနော်သူတို့ကို တစ်ဦးချင်းစီကိုကြည့်လိုက်သည်၊ ပြီးနောက်ဓါတ်ပုံကြီးကိုကြည့်ပြီး ကျနော်အသံမထွက်တထွက်လေး ပြောလိုက်မိသည်၊
“ကလဲ့ဆိုတာရှိတယ်
စောင့်နေကြပါ၊”
စခန်းမှူးက ဘာပြောချင်လို့လည်း ညီလေးဟုလှမ်းမေးသည်၊
ကျနော်ဘာမှပြန်မဖြေပါ၊ ခပ်ပါးပါးလေးပြုံးပြလိုက်သည်။

ပြီးပါပြီ။


မည်သူမဆို ကလဲ့စောင့်သူဖြစ်နိုင်ပါသည်၊
ကလဲ့စောင့်သူ မဖြစ်ကြပါစေနဲ့။

17 comments:

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ဂလဲ့ စောင့်သူမဖြစ်ပါ စေနဲ့ ဆိုတာလေး
သဘောတကျနဲ့ အရှိတိုင်းမြင်အောင်တင်ပြ သွားတာလေး
အားပေးသွားတယ်အကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ahphyulay said...

အင်း...
ကောင်းလွန်းတယ်ဗျိုး ..၊
ကျွန်တော်ကတော့  “ ကလဲ့ ” လို့  မသုံးချင်ဘူး၊
“ အတုံ့ အလှည့် ” လို့ ပဲ ပြောချင်တယ်။
အတုံ့  ရှိရင် အလှည့် ရှိရမှာပဲ မှုတ်လား။
ဝတ္ထုဆန်တဲ့  တကယ့်အဖြစ်လို့  ထင်တယ်ဗျိုး။
ရေးတာ သွက်ပြီး တိုတိုနဲ့  “ ထိ ” တယ်။

ခင်တဲ့ 

အဖြေးလူ

ကိုဇော် said...

အမှန်ပဲ။ အမြဲတမ်း ပြောနေကျ စကား ရှိတယ်။
“ အလှဲ့ကျ မနွဲ့စတမ်းပေါ့။ ”
ကျနော်က မကောင်းဘူးဗျ။ အညှိုးကြီးတယ်။ ပြီးတော့ ရေဆုံး မြေဆုံး လိုက်တတ်တယ်။ အခုတော့လည်း တရားဓမ္မတွေကြောင့် အတော်အတန်တော့ ပျော့ပြောင်းလာပါတယ်။ ဒါပေမဲ့ အတော်အတန်လည်း ကျန်နေသေးတယ်။

မေဓာဝီ said...

တပုဒ်လုံးဖတ်ရင်း ဆုံးလဲဆုံးရော ... သဘောကျလို့ မောင်မျိုးနဲ့ အတူ လိုက်ပြီးပြုံးမိတယ်။
အဆုံးသတ်ထားတာ သိပ်ကောင်းတာပဲ။

ဓာတ်ပုံကြီးတွေကို အသံမထွက်တထွက်နဲ့ ပြောလိုက်တာ ... ဓာတ်ပုံရှင်တွေကြားစေချင်တယ်။

Anonymous said...

နာကျင်တာကို နာကျင်ဘူးမှသိပါလိမ့်မည်၊
သံသရာကို ပါသွားတဲ့ ကလဲ့၊ ဘယ်လိုမှ ခြေဖျက်လို့မရဘူး၊
MM

ခနွဲ said...

ကြိုက်တယ်။ ရုတ်တရက် ဘာရေးရမှန်း မသိဖြစ်သွားတယ်။ ကိုယ်မဟုတ်ပဲနဲ့ ခံရရင် ရင်ထဲက တနုံ့နုံ့ ဖြစ်နေတက်တယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ကိုစိုးစီရေ
ဇာတ်လမ်းက ကောင်းတယ်ဗျာ၊ ဖတ်လို့
ပြီးမှန်းကို မသိလိုက်ဘူး။

မြစ်ကျိုးအင်း said...

အဲဒီလိုနဲ့ ဘုမသိဘမသိ ခံရတဲ့သူတွေ များနေပြီပေါ့။
အရင်က အကြွေးရှိတာလည်း ရှိတာပေါ့၊ ဥပဒေက တိကျတဲ့ မူဝါဒမဟုတ်တော့ အလွတ်ခံရတဲ့သူ ပိုများနေတယ်။
အင်းလေ..သူ့အချိုးအစားနဲ့သူပေါ့။ များများလုပ်လိုက်ကြ များများပြန်ခံလိုက်ကြနဲ့

noblemoe said...

ဝဋ်တွေကကြောက်စရာကြီးနော်
စာဖတ်လို့ တကယ်ကောင်းပါတယ်။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ကျောက်မိုက် said...

ဘဘကြီးတို့ ကလဲ့ လဲလာတော့မှာပေါ့နော်..

nyan gyi said...

ကိုယ်ကလဲ့ ရောက်မှာကို ဘယ်သူမှ သတိမထားမိကြဘူး၊ ဒါမှမဟုတ် အကြောက်တရားမရှိကြတော့ဘူး၊
နာတဲ့အခါကြမှ နာလိုက်တာဖြစ်နေကြပါပြီ၊

Anonymous said...

ဓါတ်ပုံကြီးတွေရဲ့ ကလဲ့ရောက်ဘို့ကလဲ ကြာလိုက်တာ။

flowerpoem said...

ကလဲ့ကို ဖတ်ပြီးအတွေးတွေအများကြီး ရသွားပါတယ် ကိုယ်တိုင်လည်း ကလဲ့မဖြစ်အောင်နေဖို့ သင်ခန်းစာရမိပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အောက်ဆုံးစာသားလေးကို သဘောအကျဆုံးပါ။
မကောင်းတာလုပ်တဲ့သူက ပြန်ခံရမဲ့ ကလဲ့ဆိုတာ မကြာဘူးလို့ ယုံကြည်ပါတယ်.. ကုသိုလ်ကံအကျိုးပေးကောင်းနေလို့ ဒီဘ၀မခံရရင်တောင် နောင်ဘ၀တော့ ပြေးမလွတ်ဘူးပေါ့နော်...
ကလဲ့ဆိုတာ တကယ်ကိုရှိပါတယ်။

မိုးယံ (လူသားအားလုံးအတွက်) said...

ကလဲ့တောင်မကျသေးဘူး ထမီဝတ်ပြီးနွဲ့နေကြပြီ။ တစ်နေ့တော့ တစ်ကွေ့တော့ တွေ့ကြဦးမှာပါ အဟောင်းစား ကြီးတွေရယ်.... ၀ဋ်ဆိုတာ နောက်ဘ၀မှ မကူးတော့ပဲကွယ်

အတွေးကမ္ဘာ..မှတ်တမ်း said...

အရမ်းကောင်းတဲ့ ပိုစ်ပဲ အကိုရေ.. ပြုသူအသစ်..ဖြစ်သူအဟောင်းမို့... အပြစ် အသစ် တွေမပြု မိဖို့ သတိထားသင့် လှပါတယ်...

ဂျစ်တူး ( မုံရွာ ) said...

တည်ငြိမ်အေးရေ--
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဘယ်သူ့ကိုပြောသလဲဆိုသိသလိုလိုဘဲဗျ-
သဘောကျတယ်ဗျာ-
ပညာရှိများတယ်ပြီးရေးတတ်သကို-
ကူးလည်းသွားတယ်ဗျို့ -
ကျနော်သူငယ်ချင်းတွေကိုမေးနဲ့မလို့ပါ။
သူတို့ကဘလော့တွေကိုဝင်ကြည့်လို့မရလိုလေ။
ဒါမျိုးကလေးတွေများများဗျို့ များများ---