Tuesday, July 16, 2013

သိပ် မုန်းဖို့ကောင်းတဲ့ မိန်းမ


မုန်းဘူးသလားလို့ မေးလာလျှင် မုန်းသည်ဆိုသော အရသာ၊ မုန်းသည်ဆိုသော ခံစားမှု၊ မုန်းသည်ဆိုသော အတွေ့အထိကို သေချာစွာ မသိခဲ့ရိုး အမှန်ပါ၊ သာမန်လူတွေလိုပင် မချစ်လျှင် မုန်းလို့ပေါ့ ဆိုပြီး၊ ဒီလိုပဲ ဘာသိဘာသာ နေထိုင်ခဲ့ဘူးသည်၊ အမုန်းကို စတင်တွေ့ကြုံ ခံစား တွေ့ထိလိုက် ရသောအခါမှ ဒါအမုန်းလားဆိုပြီး လေ့လာဆန်းစစ် မိပါတော့သည်၊ “ငါတကယ်ပဲ သူကိုမုန်းနေတာလား”၊ “သူကလည်း ငါကို တကယ် မုန်းနေတာလား”ဟူသော မေးခွန်းများနဲ့   စမိခဲ့ပါသည်၊ အားလုံးသည်လည်း တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အမုန်းကို စဉ်းစားဆန်းစစ် ခဲ့ဘူးမှာပဲလို့ ထင်မြင်မိသည်။

အချစ်၏ ဆန့်ကျင်ဘက်သည် အမုန်းမဟုတ်ပါ၊ အချစ်နဲ့ အမုန်းသည် သီးခြားဖြစ်တည်နေခြင်းသာ ဖြစ်သည်ဟု ကဗျာဆရာများနဲ့ ပညာရှင်တစ်ချို့က ဆိုကြပါသည်၊ ထို့အတူ မကြိုက်ခြင်း မနှစ်သက်ခြင်း လက်မခံခြင်းများသည်လည်း အမုန်းမဟုတ်ကြောင်း ဆိုကြပြန်သည်၊ လူတော်တော်များများသည် မချစ်ခြင်း မကြိုက်ခြင်း မနှစ်သက်ခြင်း လက်မခံခြင်းများကို အမုန်းအဖြစ် မှားယွင်းခဲ့ကြသည်ဟု ဆိုကြသည်၊ ဆယ်ကျော်သက်ရွယ် ကောင်လေးနဲ့ ကောင်မလေးတို့ ချစ်ကြောင်းကြိုက်ကြောင်း ပြောသောအခါ ကောင်လေးက ‘နင်ငါ့ကို မချစ်ရင် မုန်းတယ်ပေါ့ မဟုတ်လား’လို့ မေးရင် အများအားဖြင့် ကောင်မလေးတွေက ‘ဟုတ်တယ်မုန်းတယ်လို့’ ပြန်ဖြေကြပါသည်၊ ကောင်လေးကလည်း သူငယ်ချင်းတွေကို ‘သူကငါ့ကို မချစ်ဘူး မုန်းတယ်လို့်’ ပြန်ပြော ကြလေ့ရှိပါသည်၊ ဒီလိုပဲ ရည်းစားကွဲသွားသောအခါ ငါကိုမုန်းသွားပြီကွာလို့ ပြောကြလေ့ရှိပါသည်၊ လူအများလည်း ပြောခဲ့ဖူးကြမည်လို့ ကျနော်ထင်ပါသည်၊ ဒီဘက်နိုင်ငံတွေ ရောက်လာသောအခါ တော်တော်များများသည် ‘I hate it’, ‘I hate it’ ဆိုသောစကားကို လွယ်လွယ်ကူကူ သုံးလေ့ရှိသည်၊ အိမ်စာမလုပ်ချင်သော ကလေးလေးကလည်း ‘I hate it’ ၊ ကာတွန်းချယ်နယ်ကိုပဲ ကြိုက်သောကလေးက သတင်းချယ်နယ်တွေကို ‘I hate it’ လေ့ရှိပါသည်။

“The opposite of love is not hate, it's indifference. The opposite of art is not ugliness, it's indifference. The opposite of faith is not heresy, it's indifference.”ဟု အီလီ ကဆိုပါသည်၊

အချစ်နဲ့အမုန်းတို့တွင် တူညီချက်တွေ ရှိကြပါသည်၊ အချစ်နဲ့အမုန်းသည် နှလုံးသားထဲက စတင် ပေါက်ဖွားလာခြင်း ဖြစ်ပါသည်၊ မြင်မြင်ချင်းပဲ ချစ်မိတတ်သလို  မြင်မြင်ချင်းပဲ မုန်းတတ်ပါသည်၊ ရန်သူဖြစ်နေပါစေ အချစ်ကြီး ချစ်တတ်ကြသလို၊ ညီအစ်ကို ဖြစ်နေပါစေ အမုန်းကြီး မုန်းတတ်ကြပါသည်၊ လောကနိယာမအရ  အချစ်ကြီးချစ်နေသူသည် အမုန်းဆုံးလူအဖြစ် အလွယ်တကူ ပြောင်းလဲသွားနိုင်ပါသည်၊ အမုန်းကြီး မုန်းနေသူသည် အချစ်ဆုံးသူအဖြစ် သာမန် လူသားတွေအတွက် အလွယ်တကူ မပြောင်းလဲသွားနိုင်ပါလို့ စိတ်ပညာရှင် များက ဆိုပြန်သည်၊ သေချာသည်က အမုန်းသည် မကြိုက်ခြင်း မနှစ်သက်ခြင်း လက်မခံခြင်းများထက် ပိုပေသည်၊ အမုန်းသည် အချစ်လိုပဲ အာရုံထဲ စိတ်ထဲစွဲကျန်ရစ်နေသည်၊ တစ်ခါတစ်လေ တစိမ့်စိမ့် ခံစားရသည်၊ ထိုခံစားမှုသည် ဒေါသထွက်ခြင်းမှစကာ တစ်ခုခုပြုလုပ်လိုခြင်း အဖြစ် ကာယကံမြောက် ကျူးလွန်ခြင်းအထိ ရောက်သွားတတ်လေ့ ရှိသည်။

တွင် အနောက်နိုင်ငံသားတွေရဲ့ အမုန်း ဖွင့်ဆိုပုံနဲ့ အရှေ့နိုင်ငံသားတွေရဲ့ အမုန်းဖွင့်ဆိုပုံတွင် အရှေ့နိုင်ငံသားတွေက ပို၍လေးနက်ပေသည်၊ အရှေ့နိုင်ငံသားတွေ အတွက် အမုန်းသည် သာမန် မကြိုက်ခြင်း မနှစ်သက်ခြင်း လက်မခံခြင်းများထက် ပိုပါသည်၊ နှလုံးသားထဲက အတွင်းစိတ်ထဲက ဖြစ်ပေါ်လာခြင်းဖြစ်သည်။                                       

မုန်းတီးမှုဖြင့် အတန်းဖေါ်များကို သေနတ်နှင့် ပစ်ခတ်ခဲ့သော အရှေ့တိုင်း ကျောင်းသားတစ်ယောက်၏ ဦးနှောက်ကို Neurologicalနည်းဖြင့် fMRI scan ဖတ်ကြည့်သောအခါ၊ မုန်းတီးမှု ဖြစ်ပေါ်နေချိန်တွင် ဦးနှောက်အတွင်း middle frontal gyrus, right putamen, frontal pole နှင့် cortex အပိုင်းတို့၏ လှုပ်ရှားမှုကို ထင်ရှားစွာတွေ့ရသည်၊ အမုန်းစိတ်ကြောင့် ဦးနှောက်အတွင်း ထိန်းချုပ် ခိုင်းစေမှုများ ပရမ်းပတာ ဖြစ်နေသည်ကို တွေ့ရှိရသည်၊ အမုန်းစိတ်သည် လူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြချက် တစ်ခုပင် ဖြစ်ပါသည်။

ချစ်ခြင်းကို အဘိဇ္ဈာ မုန်းခြင်းကို ဒေါမနဿ ဟူ၍ BC ငါးရာကျော်တုန်းက အရှင်ဗုဒ္ဓသည် ချစ်ခြင်းနှင့် မုန်းခြင်း နှစ်မျိုးစလုံးသည် အကုသိုလ် ဖြစ်၏ ဆို၍ စိတ္တနိယာမတရားကို ဟောကြားခဲ့ပြီးဖြစ်လေသည်၊ အာရုံမှ တဆင့်ဖြစ်ပေါ်လာသော စိတ်ကို ကျနော်တို့ မထိန်းချုပ် နားမလည်နိုင်သရွေ့ ကျနော်တို့သည် ချစ်ခြင်း မုန်းခြင်းဖြင့် အကုသိုလ် သံသရာလည် နေရပါတော့သည်။

လူဟူ၍ ဖြစ်လာပြီးနောက် ကျင်လည်ရာလောကတွင် ကျနော်တို့သည် ချစ်ခြင်း မုန်းခြင်းကို ကြုံတွေ့ရမည်မှာ အမှန်ပင်ဖြစ်လေသည်၊ အချစ်နှင့် အမုန်းသည် ကျနော်တို့ ပတ်ဝန်းကျင်တွင် အမြဲရှိနေတတ်ပါသည်၊ ချစ်ခြင်းကိုပဲ သီးသန့် လိုချင်လို့မရ၊ မုန်းခြင်းကိုပဲ သီးသန့် လိုချင်လို့မရ၊ coexist အတူရှိနေမှုကို နားလည်လက်ခံနိုင်အောင် ကြိုးစားသင့်ပေသည်၊ ချစ်ခြင်း မုန်းခြင်းကို မချစ်ရ မမုန်းရ ဆို၍ ဥပဒေပြုလေသော် ထိုဥပဒေသည် သုံးရခက်သော ဥပဒေတစ်ရပ်ပဲ ဖြစ်ပေလိမ့်မည်။

ကိုယ်က ချစ်ရတဲ့သူရှိသလို ကိုယ်က မုန်းရတဲ့သူလည်း ရှိမည်၊ ကိုယ့်ကို ချစ်တဲ့သူရှိသလို ကိုယ့်ကို မုန်းသူလည်း ရှိမည်၊ သံသရာအဆက်ဆက် တို့၏အကြောင်းအကျိုးတို့ပင် ဖြစ်လေသည်၊ ချစ်သူခင်သူ ပေါများသူ၊ အမုန်းနည်းသူတို့သည် သံသရာအဆက်ဆက်က ကောင်းမှုကုသိုလ်၏ အကျိုးအဆက်ကြောင့်ပင် ဖြစ်သည်ဟု ဆိုကြလေသည်၊ ထို သံသရာ အဆက်ဆက်ကြောင့်ပင် ရုပ်လေးမြင်လိုက်တာနဲ့၊ အသံလေးကြားလိုက်တာနဲ့၊ အကြောင်းလေးကို သိလိုက်ရတာနဲ့၊ ရေးထားသော စာများကို ဖတ်လိုက်ရုံနဲ့၊ နာမည်လေးကြားရုံနဲ့ပင် ကျနော်တို့ ပတ်ဝန်းကျင်တွင် တစ်ဦးနဲ့တစ်ဦး အမုန်းတွေ ဖြစ်ပေါ်လို့နေသည်၊ ထိုအမုန်းတွေဖြစ်ပေါ် နေသူများထဲတွင် ကျနော်သည် မိန်းမတစ်ယောက်ကို အလွန်မုန်းတီးခဲ့လေသည်၊
ထိုမိန်းမကို ကျနော်သည် သာမန် မကြိုက်တာလား မနှစ်သက်တာလား လက်မခံတာလား ဆန်းစစ်ပြီးမှ သေချာ မုန်းတီးနေတာဖြစ်ကြောင်း ကျနော်မှတ်ယူ ခဲ့ခြင်းဖြစ်သည်၊ ထိုမိန်းမသည် ကျနော့်အတွက် ပထမဦးဆုံးသော အလွန်မုန်းစရာကောင်းသော မိန်းမတစ်ယောက်ဖြစ်ပါသည်။
……………………………..
အလွန်ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ရှိပါသည်၊ ကျနော့်အတွက် သူ့စကားသံသည် ထာဝစဉ်ချိုမြနေသည်၊ သူ၏အပြုံးများသည် ယနေ့ထိတိုင် ကျနော်မျက်စိထဲက မထွက်ပါ၊ သူသည် ကျနော့် အတွေးများအားလုံး၏ ရာနှုန်းပြည့်ကို သိမ်းပိုက်နိုင်ခဲ့လေသည်၊ ထိုမှတဆင့် ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားရင်း၊ ကျနော်သည် ထို ချစ်စရာ ကောင်မလေးနဲ့ ချစ်သူများဖြစ်ခဲ့ပါသည်။
ချစ်စရာကောင်းသော ကျနော့်ချစ်သူနဲ့ ငါးကြိမ်မြောက် ချိန်းတွေ့သည့်အခါမှာတော့၊ ထိုမိန်းမကို ကျနော် စတင် မြင်ဘူး သိရှိခဲ့ရသည်၊ သူ့အစ်မ ဝမ်းကွဲလို့ မိတ်ဆက်ပေးသော်လည်း တစ်ကယ်တော့ နှစ်ဝမ်းလောက်ကွဲပါသည်၊ အထက်အောက် သူငယ်ချင်းလိုနေသည်ဟု ဆိုပေမဲ့ ထိုမိန်းမက ကျနော့်ချစ်သူပေါ်တွင် အရာရာကို အပေါ်စီးက နေနေသည်ဟု ကျနော်ထင်သည်၊ ညီမအတွက် ကျနော့်ကို လေ့လာလို၍ ခေါ်လာသည်ဆိုပေမဲ့ ဒီကောင် ဘာကောင်လဲ ဆိုတာ လာကြည့်ခြင်း ဖြစ်ပါလိမ့်မည်၊ ထိုမိန်းမအတွက် ကျနော်ပထမဦးဆုံး သတိပြုမိတာကတော့ ထိုမိန်းမ၏ ကျနော့်ကို ကြည့်သော အကြည့်ပဲဖြစ်ပါသည်၊ ဘယ်လိုပင်ပြုံးပြနေပါစေ ဘယ်လိုပင်ရယ်ပြနေပါစေ ထိုမိန်းမ၏ အကြည့်ကို ကျနော် မနှစ်မြို့ပါ၊ အမုန်းသည် မနှစ်မြို့သော အကြည့်က စတင်ခဲ့ခြင်းလို့ ဆိုနိုင်ပါသည်။
တကယ်ဆိုလျှင် မိန်းမများသည် ကိုယ်လုံးပေါ် မှန်ထဲတွင် ကိုယ်ကိုကိုယ် ပြန်ကြည့်ရင်း ကိုယ်သည် မုန်းစရာကောင်းနေသူ တစ်ယောက် ဟုတ်မဟုတ် ပြန်ကြည့်သင့်ပေသည်၊ မိန်းမတစ်ယောက်သည် အလွန်မုန်းစရာကောင်းနေသူ တစ်ယောက်ဖြစ်နေကြောင်း သူတို့ကိုယ်သူတို့ စဉ်စားမိလိမ့်မည် မထင်ပါ၊ ထိုသို့ထဲတွင် ထိုမိန်းမလည်း ပါဝင်ပါသည်။
ထိုမိန်းမသည် ကျနော်ချစ်သူထက် သူသည် ပိုလှကြောင်း ချောကြောင်း သွယ်ဝိုက်၍၎င်း နောက်ပြောင်သလို၎င်း ပြောလေ့ရှိသည်၊ ကိုယ်ချစ်သူထက် သူကပိုချောကြောင်း ရည်းစားရှေ့တွင် လာပြောနေသော မိန်းမတစ်ယောက်သည် ဘယ်လောက်မုန်းစရာ ကောင်းပါသလဲ စဉ်းစားကြည့်ကြပါ၊ တကယ်တော့ ဘယ်လိုပင်လှလှ ဘယ်လိုပင်ချောချော ကြိုက်နှစ်သက်မှုသည် လူတစ်ဦးတစ်ယောက်စီနဲ့ သက်ဆိုင်သည်ဟု ထင်မိသည်။
နောက်ပြီး ထိုမိန်းမတွင် အနံ့ တစ်မျိုးရှိသည်ဟု ကျနော်ယုံကြည်သည်၊ ထိုအနံ့မျိုး ကျနော်ရလိုက်လျှင် ထိုမိန်းမသည် ကျနော်အနားတွင် ရှိနေပြီကို  ကျနော်သိလိုက်ပါပြီ၊ မှန်လည်းမှန်နေပါသည်၊ ဒီအနံ့သည် ရေမွေးနံ့အောက်က ထွက်လာသော ပင်ကိုယ်အနံ့သာဖြစ်သည်၊ သူ၏ အနံ့သည် အိန္ဒိယအနွယ် အမျိုးသမီးများ၌ ရှိသော မဆလာအနံ့မျိုး မဟုတ်၊ ဂျပန်မတွေလို ငါးကြီးဆီ အနံ့မျိုးလည်း မဟုတ်၊ မြန်မာမိန်းမ အများစုလို သွေးဆေးနံ့လည်း မဟုတ်ပေ၊ ဥရောပသူတွေလို သံလွင်ဆီ အနံ့မျိုးလည်း မဟုတ်ပေ၊ ဒါပေမဲ့ ကျနော်အတွက် သိသာထင်ရှားသော အနံ့တစ်မျိုးဖြစ်ပါသည်၊ ဘာပဲဖြစ်ဖြစ် ကျနော်ချစ်သူ ကောင်မလေး၏ ကိုယ်သင်းနံ့သည် ကျနော်အတွက် အကြိုက်နှစ်သက်ဆုံး အနံ့ပဲဖြစ်ပါသည်။

She thinks she is a beautiful, ….
Her smell like pig
Talking like bitch
Her brain is witch
Totally she is a shit
ဘရုပ်ကလင်း လမ်းဘေးက ရက်စာသား များသည် ထိုမိန်းမကို ဖွဲ့ဆိုထားခြင်း ဖြစ်နိုင်ပါသည်၊ ထိုမိန်းမသည် စကားမပြောခင် ပြုံးသလိုလိုနဲ့ တခြားလူတွေကို ပမာမခန့်သလို မျက်နှာပေးပြီးမှ စကားပြောလေ့ ရှိပါသည်၊ ကမ္ဘာပေါ်တွင် သူသာ အကုန်သိ သူသာအကုန်တတ် မျက်နှာပေးမျိုးနဲ့ လူတွေကို ဆက်ဆံတတ်သော မိန်းမများသည် ရွံစရာအကောင်းဆုံး မိန်းမများဖြစ်သည်ကို ထိုမိန်းမ မသိရှိခဲ့လေသလား၊ အမုန်းသည် ရွံစရာကောင်းသော စကားပြောပုံစံက စတင်ခဲ့ခြင်းလို့ ဆိုနိုင်ပါသည်။
ကျနော်ရော ကျနော်ချစ်သူ ကောင်မလေးပါ ရေခဲမုန့်ကြိုက်ပါသည်၊ ရေခဲမုန့်တစ်ခွက် သို့မဟုတ် ရေခဲမုန့်ကပ်တစ်ခုကို နှစ်ယောက်တူ စားရတာလောက် ရင်ခုန်ရတာ မရှိပေ၊ ရေခဲမုန့် ပေနေသော ချစ်သူနှုတ်ခမ်းလေးသည် အလွန်လှပပါသည်၊ ရေခဲမုန့်စားပြီး နမ်းရသော အနမ်းလောက် ချိုမြိန်မှုရှိတာ မရှိပါလို့ ကျနော်ထင်ပါသည်၊ ကျနော်တို့နှစ်ယောက် အပြင်ထွက်လျှင် အနည်းဆုံး မက်ဒေါနယ်က ငါးမူးတန် ရေခဲမုန့်တော့ ဝယ်စားဖြစ်ပါသည်၊ ထိုမိန်းမပါလာလျှင် ချစ်သူသည် ရေခဲမုန့်မစားတော့ပါ၊ ထိုမိန်းမသည် ရေခဲမုန့် မကြိုက်သောကြောင့်ဖြစ်သည် ဆိုသည်၊ ကျနော့်အတွက် အချိုမြိန်ဆုံး အနမ်းတွေ မရရှိတော့ပါ၊ ရေခဲမုန့် မကြိုက်သော မိန်းမ တစ်ယောက်သည် ကန့်လန့်ဖြစ်နေကာ၊ ဘယ်လို မုန်းစရာကောင်းသလဲ စဉ်းစာသာ ကြည့်လိုက်ကြပါတော့။
ထိုမိန်းမသည် ပခုံးထိရှည်သော ဆံပင်အရှည်ကို ထားပါသည်၊ အကြေကောက်တွေ ခေတ်စားတုန်းက အကြေကောက်၊ ဒစ်ဂျစ်တယ် အကောက်တွေ ခေတ်စားလာတော့ ဒစ်ဂျစ်တယ် အကောက်၊ တစ်ခါတစ်လေ အရောင်တောင် ထည့်လိုက်သေးသည်၊ ကိုယ်နဲ့လိုက်သည် မလိုက်သည်မသိ လိုက်ကောက်တတ်သော၊ အရောင်တွေဆိုးတတ်သော မိန်းမဖြစ်သည်၊ ကျနော်သည် ဆံပင်ရှည်ကို ခါးလည်အထိချထား တတ်သော မိန်းမများကို နှစ်သက်သူဖြစ်ပါသည်၊ ကျနော့်ချစ်သူ၏ ဆံပင်သည်လည်း ခါးလည်အထိ ရှည်ပါသည်၊ ထိုမိန်းမသည် စကားပြောနေရင်းနဲ့ ဆံပင်ကို ပွတ်သတ်လေ့ရှိပါသည်၊ တစ်ခါတစ်လေ ဆံပင်ကိုဝှေ့ရမ်းတတ်ပါသည်၊ ဒါပေမဲ့ ထိုသို့လုပ်၍ ဆွဲဆောင်စေခြင်းသည် ယောက်ျား တစ်ချို့အတွက် အလွန်ရယ်စရာဖြစ်နေသည်ကို ထိုမိန်းမသည် မသိရှိခဲ့လေသလား၊ ကျနော့်ချစ်သူ ကောင်မလေးသည် အလွန်တည်ငြိမ်သော မိန်းမတစ်ဦးဖြစ်ပါသည်။
ထိုမိန်းမသည် အရပ်မနိမ့်ပါပဲနဲ့ အလွန်မြင့်သောဒေါက်မြင့်ဘိနပ်ကို အမြဲလိုလို စီးတတ်သည်၊ သာမန်မိန်းကလေးတို့သည် ဒေါက်မြင့်ဘိနပ်ကို ရံဖန်ရံခါ သို့မဟုတ် လိုအပ်မှ စီးတတ်ကြပါသည်၊ ထိုမိန်းမသည် တစ်ခါတစ်လေ ဒေါက်မြင့်ဘိနပ်ဖြင့် လမ်းလျှေက်နေရင်း ဘေးကို တစ်ချက်ချက် စောင်းကြည့်တတ်သေးသည်၊ သူ့ကိုယ်သူ အဟုတ်ကြီး ထင်နေသလား မသိပါ၊ ထိုသို့ စောင်း၍ကြည့်လိုက်ခြင်းကို လူအများက ဂရုပြုမိလိမ့်မည်၊ သူ့ကို နှစ်သက်ကြလိမ့်မည်ဟု ထင်နေခြင်း ဖြစ်နိုင်ပါသည်၊ မြင့်သောဒေါက်မြင့်ဘိနပ်ကို အမြဲလိုလို စီးတတ်သော မိန်းမများသည် ကိုယ်ကိုကိုယ် ယုံကြည်မှု မရှိသော မိန်းမများ ဖြစ်သည်လို့၊ စိတ်ပညာရှင်များ ဆိုထားသည်ကို ထိုမိန်းမသည် မသိရှိ နေရော့သလား၊ ကျနော့်ချစ်သူ ကောင်မလေးသည် ဒေါက်မြင့်ဘိနပ်ကို တစ်ချို့ ပွဲတက်သော အခါမှာပဲ စီးလေ့ရှိပါသည်။
မြင့်သောဒေါက်မြင့်ဘိနပ်ကို စီးသော မိန်းခလေးများ ရှိပါလိမ့်မည်၊ ဆံပင်ကို ဒစ်ဂျစ်တယ်ကောက်ပြီး အရောင်ဆိုးထားသော မိန်းခလေးများ ရှိပါလိမ့်မည်၊ ခန္ဓာကိုယ်မှ အနံ့တစ်မျိုးရှိသော မိန်းခလေးများ ရှိပါလိမ့်မည်၊ ရေခဲမုန့် မကြိုက်သော မိန်းခလေးများ ရှိပါလိမ့်မည်၊ လူတွေကို ပမာမခန့် မျက်နှာပေးပြီး စကားပြောတတ်သော မိန်းခလေးများ ရှိပါလိမ့်မည်၊ ကိုယ်ကိုကိုယ် အရမ်းတတ် အကုန်သိသည်ဟု အဟုတ်ကြီး ထင်နေသော မိန်းခလေးများ ရှိပါလိမ့်မည်၊ ထိုထိုသော မိန်းခလေးများထဲမှာ ကျနော်သည် ထိုမိန်းမကို သိပ်မုန်းပါသည်၊ ထိုမိန်းမသည်  ကျနော်ကို မုန်းရသည် ဆိုသည်ကို သင်ကြားပေးခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါသည်၊ အမုန်းနှင့်အတူ နာကြည်းမှု များကိုပါ ပေးလာသော သူတစ်ယောက်လည်း ဖြစ်ခဲ့ပါသည်။
……………………………..
လူငယ်တွေရဲ့ ရေစီးကြောင်း ပြောင်းလဲမှုနှင့်အတူ ကျနော်တို့ တစ်တွေ အဆင်ပြေရာနေရာကို ရှာရင်း စင်္ကာပူကို ရောက်လာခဲ့ကြသည်၊ ကျနော်နှင့် ကျနော့်ချစ်သူတို့သည် စင်္ကာပူတွင် လေးငါးနှစ်လောက်အလုပ်လုပ်ပြီး နှစ်ဦးထဲ ဘဝတစ်ခုကို တည်ထောင်ရန် ရည်ရွယ်ခဲ့ပါသည်၊ ကျနော်တို့သည် စင်္ကာပူတွင် အလုပ်အကိုင် အဆင်ပြေခဲ့ပါသည်၊ တစ်ခုပဲ ရှိပါသည် ထိုမိန်းမသည် ကျနော့်ချစ်သူနဲ့အတူ စင်္ကာပူတွင် လာရောက် အလုပ်လုပ်ပါတော့သည်၊ ‘ဒီ စင်္ကာပူကို ထွက်လာလို့ ရအောင် သူတို့က ထောက်ပံ့ခဲ့တာပါ မောင်ရယ်၊ ကျမရဲ့ ကျေးဇူးရှင်တွေပါ’ဆိုတဲ့ ချစ်သူရဲ့ စကားကြောင့် ကျနော့်အမုန်းတို့သည် မျိုသိပ်ခဲ့ရလေသည်။
ထိုမိန်းမ မပါပဲ ချစ်သူနှစ်ဦး စင်္ကာပူတခွင် လျှောက်လည်ရသော နေ့ရက်အချိန်များသည် ကျနော်ဘဝအတွက် အပျော်ဆုံး အချိန်များ ဖြစ်ခဲ့ပါသည်၊   ‘ကျမကို ချစ်ရင် ကျမပတ်ဝန်းကျင်က လူတွေကို မမုန်းရဘူး’ ဆိုတဲ့ ချစ်သူရဲ့ စကားကြောင့် ထိုမိန်းမကို အထိုက်အလျှောက် လျစ်လျူရှုနေခဲ့ရသည်၊ ကိုယ်မကြိုက်နှစ်သက်သူ မုန်းနေသောသူ တစ်ယောက်နဲ့ သွားလာနေရခြင်း၏ ဒုက္ခကို ကြုံဘူးမှ သိနိုင်ကြပါလိမ့်မည်၊   စင်္ကာပူတွင် အလုပ်၊ အိမ်၊ ချစ်သူနဲ့ လုံးလည်ပတ်ရင်း အချိန်တို့သည် ကုန်မှန်းမသိ ကုန်ခဲ့ပါသည်။
ရုံးပိတ်ရက်ရှည်တစ်ခု မရောက်ခင် ချစ်သူက မလေးရှားကို အလည်သွားဘို့ ဆိုလာသည်၊ နှစ်ယောက်ထဲ သွားဖို့ ကျနော် တိုက်တွန်းခဲ့သည်၊ ဒီလိုနဲ့ ချစ်သူနှစ်ဦး Genting Highlands လို့ခေါ်တဲ့ ကာစီနိုကစားရုံရှိရာ အပန်းဖြေ တောင်ပေါ်မြို့သို့ သွားဖို့ ရွေးချယ်လိုက်ကြသည်၊ ခက်တာက နှစ်ယောက်ထဲ သွားချင်သည် ဆိုပါမှ၊ ချစ်သူက ထိုမိန်းမကိုပါ ခေါ်ရလိမ့်မယ်လို့ ဆိုလာသည်၊ အကြိမ်ကြိမ် ငြင်းခုံကြရင်း၊ ကြားနေကျ ဖြေရှင်းသံများကို နားထောင်အပြီး၊ ချစ်သူအလိုကို လိုက်တတ်သော ကျနော်သည်၊ နောက်ဆုံးတော့၊ စိတ်ထဲက မပါသော်လည်း ထိုမိန်းမကို ခေါ်ဖို့ သဘောတူလိုက်ရသည်။
ကိုယ်ထင်သည့်အတိုင်း ဖြစ်မလာသည့် ဒီခရီးစဉ်အတွက် ချစ်သူအလိုကျ ကျနော် နေပေးခဲ့သည်၊ သုံးညအိပ် ခရီးတွင် ပထမနေ့သည် နေဘက်တွင် ကစားကွင်း၊ ညဘက်တွင် ကာဆီနိုနဲ့ ထိုနေ့သည် ကုန်ဆုံးခဲ့သည်၊ ဒုတိယနေ့ရက်မှာတော့ အင်ဒိုး ကစားကွင်း ပတ်ဝန်းကျင်ခြံများသို့ သွားလည်ခြင်းဖြင့် နေ့ဘက် အချိန်တွေကုန်ခဲ့သည်၊ ကျနော်တို့ တည်းခိုသော ဟော်တယ်မှာ First World ဟော်တယ်ဖြစ်ပြီး၊ World Club Room mountain view ကိုရသည်၊ ၂၂ ထပ်မှ ကြည့်ရသော ရှုခင်းသည် လူကို တကယ်ကြည်းနူးစေပါသည်၊ ဒုတိယနေ့ ညမှာတော့ ချစ်သူက ညစာကို အခန်းထဲမှာပဲ တောင်ပေါ် ရှုခင်းတွေကို ကြည့်ပြီး၊ စားကြဖို့ ပြောလာသည်၊ နှစ်ရက်လည်ပတ်ခဲ့၍ အနည်းငယ် ပန်းလို့နေပါပြီ ဒါနဲ့ အားလုံးသဘောတူလိုက်ကြသည်၊ ချစ်သူက ရုံးက မဲပေါက်လာသော မာဂါရီတာ Margarita ကော့တေး တစ်ပုလင်းပါလာသည် ဆိုသည်၊ အရက်မသောက်သော်လည်း ထူးထူးခြားခြား ရလာသဖြင့်၊ မိန်းကလေးအကြိုက် အဖျော်ယာမကာလည်း ဖြစ်သောကြောင့် စမ်းသောက်ကြည့်မည် ဆိုသည်၊ ညစာစားမည့် အခန်းကိုတော့ ကျနော့်အခန်းကိုပဲ ရွေးလိုက်သည်၊ သူတို့အခန်းမှာ နှစ်ယောက် ပစ္စည်းတွေ ရှုပ်ပွနေသောကြောင့်လို့ ဆိုပါသည်။
ဟော်တယ် စားသောက်ဆိုင်မှ အစားအစာများကို မှာယူကာ ကျနော်တို့၏ ညစာစားပွဲ ကလေးကို ညကိုးနာရီလောက်မှ စဖြစ်ခဲ့သည်၊ ချစ်သူသည် မာဂါရီတာစပ်နည်းကိုပါ မေးမြန်းလာပြီး သူကိုယ်တိုင်စပ်ပါတော့သည်၊ တစ်ခွက် နှစ်ခွက်ပဲ စမ်းသောက်ကြည့်မည် ဆိုသော သူတို့သည် တစ်ခွက် နှစ်ခွက် မကတော့ပါ၊ ချစ်သူမှုးမှာစိုး၍ ကျနော်ကလည်း ယူယူသောက်ဖြစ်သည်၊ မှုးရီနေသော ချစ်သူသည် ကျနော် ရင်ခွင်ထဲက မထွက်တော့ပါ၊ ဘယ်အချိန် မာဂါရီတာ ပုလင်းကုန်သွားသလဲ၊ ဘယ်အချိန်စားလို့ ပြီးသွားသလဲ၊ ကျနော် မသိတော့ပါ၊ ချစ်သူကို ရင်ခွင်ထဲ ထည့်ပြီးကျနော် အိပ်ပျော်ခဲ့သည် ထင်ပါသည်။
အပြင်မှ အသံတစ်ချို့နဲ့ အလင်းရောင်ကြောင့် မိုးလင်းနေပြီ ဆိုတာကို ကျနော် သိလိုက်ပါပြီ၊ ထပြီး မျက်နှာသစ်မလို့ လုပ်ရာတွင် တစ်စုံတစ်ခုတော့ မှားယွင်းနေပြီ ဆိုတာကို ကျနော်သိလိုက်ပါသည်၊ ဟာဆိုသော အသံနဲ့အတူ ကျနော်တုန်လှုပ်သွားရသည်၊ ရုတ်ခြည်း ဘာလုပ်ရမှန်းမသိ ကြောင်အန်းအန်း ဖြစ်လို့နေပါသည်၊ ညက ဟုတ်သည် ညက ကျနော်ဘာဆိုဘာမှ မမှတ်မိတော့ပါ၊ ခုတော့ ကျနော်သည် ခုတင်ပေါ်တွင် အဝတ်အစားများ မရှိပါ၊ ကျနော်ဘေးတွင်တော့ ခုထက်ထိ အိပ်ပျော်နေသော အဝတ်အစားများ မရှိသည့် ထိုမိန်းမပါပဲ။

ထိုမိန်းမ၏ အဝတ်အစားများမရှိ အိပ်နေသော ခန္ဓာကိုယ်ကိုကြည့်ပြီး ဘာဖြစ်ခဲ့တာလည်း၊ ဘယ်လိုဖြစ်တာလည်း၊ ဘာဆက်လုပ်ရမလဲ စဉ်းစားလို့နေမိသည်၊ အံ့သြခြင်းနဲ့ ပူပင်မှုတွေက အဖြေထွက်မလာခဲ့ပါ၊ တကယ်တော့ ကျနော် တုန်လှုပ်နေပါပြီ၊ ထိုအချိန်တွင် ထိုမိန်းမ နိုးလာပါတော့သည်၊ ဘယ်လိုလဲ ဘာဖြစ်တာလဲ ဆိုတာနဲ့အတူ သူ့အဝတ်အစားတွေကို ဝတ်ဖို့လိုက်ရှာနေပါသည်၊ ထိုအချိန်တွင် ချစ်သူသည် ကျနော့် အခန်းထဲသို့ ရောက်လာပါသည်၊ ကျနော်တို့ နှစ်ယောက်ကိုမြင်သောအခါ ဘယ်လိုဖြစ်တာလဲမောင်၊ ဘာတွေဖြစ်တာလဲမောင်၊ တမောင်မောင်နဲ့ မေးခွန်းတွေ ဆက်တိုက်မေးပါတော့သည်၊ မေးရင်းနဲ့လည်း မျက်ရည်တွေကျလို့နေသည်၊ ကျနော်လည်း ဘာဖြစ်ခဲ့မှန်းမသိဘူး၊ ညကဘာကိုဘာမှ မမှတ်ဘူးလို့ ထပ်ပြောနေမိပါသည်၊ ထိုမိန်းမကတော့ ဘာကိုမှ မပြောဘဲ အဝတ်အစားတွေ ပြန်ဝတ်ကာ ကျနော့်အခန်းထဲက ထွက်သွားပါသည်။


ချစ်သူက ဘာတွေဖြစ်ခဲ့လည်း ဘယ်လိုဖြစ်တာလည်းပဲ ထပ်တလဲလဲမေးနေသဖြင့်၊ ကျနော်က တကယ်ကို ဘာဖြစ်ခဲ့သလဲ မသိပါ၊ ချစ်သူကိုဖက်ပြီး အိပ်သွားခဲ့ကြောင်းကိုသာ သတိရကြောင်း ပြန်ဖြေရပါသည်၊ တကယ်လည်း ကျနော်ဘာမှ မမှတ်မိပါ၊ ဘာဆက်လုပ်ကြမလဲလို့ ချစ်သူကမေးလာပါသည်၊ ဘာဖြစ်ခဲ့မှန်း မသိ၍ ဘာဆက်လုပ်ရမည်ကိုမသိဘူးလို့ ရိုးရိုးလေးဖြေခဲ့ပါသည်၊ ချစ်သူက အစ်မဟာ မိန်ကလေးနော်မောင်လို့ ဆိုလာပါသည်၊ ဒါဆို ဘာဖြစ်ခဲ့သလဲ သိရအောင် မင်းအစ်မ သွားမေးကြမယ် ဆိုပြီး သူတို့အခန်းကို ကျနော်တို့ နှစ်ယောက်ထွက်ခဲ့ပါသည်၊ ထိုမိန်းမသည် အခန်းထဲတွင် မရှိတော့ပါ၊ သူ့ပစ္စည်းတွေလည်း မရှိတော့ပါ၊ ထိုမိန်းမသည် ကျနော်တို့ကို ဘာမှ မပြောပဲ တစ်ယောက်တည်း စင်္ကာပူကို ပြန်သွားပြီ ဆိုတာ ကျနော်တို့ သိလိုက်ရပါသည်၊ ကျနော်တို့ နှစ်ယောက်လည်း အခန်းအပ်ပြီး ရရာကားနဲ့ စင်္ကာပူသို့ ပြန်လာခဲ့ပါသည်၊ လမ်းတွင် ငေးမိုင်နေသော ကျနော်တို့  နှစ်ယောက်သည် ဘာမှာ စကားမပြောဖြစ်ပါ၊ ကျနော်က ပြောဆိုရှင်းပြဖို့လုပ်သော်လည်း လောလောဆယ် ဘာမှ မသိချင်သေးဆို၍ ချစ်သူကို မလွန်ဆန်ဝံ့သော ကျနော်သည် ဆက်၍ မတိုးတော့ပါ၊ စိတ်ထဲမှာတော့ ကျနော်တို့ နှစ်ယောက်အတွက် လေးလံလို့ နေပါသည်။

ချစ်သူကို အိမ်ပြန်ပို့ပြီး၊ ထိုမိန်းမနဲ့တွေ့လျှင် သုံးယောက်အတူ ရှင်းရအောင် ကျနော်ဆီကို အကြောင်းကြားဖို့ အကြိမ်ကြိမ် မှာပြီး ကျနော်အိမ်သို့ ပြန်လာခဲ့ပါသည်၊ ချစ်သူယူလာသော 8:4:2 Margarita၏ အစွမ်းသည်၊ ညက ဘာဖြစ်ခဲ့သလဲ၊ ကျနော်ဘာကို ဘာမှ မမှတ်မိခဲ့ပါ၊ ချစ်သူထံမှ နှစ်ရက်တိတိ ဘာအဆက်အသွယ်မှ မရရှိခဲ့ပါ၊ ကျနော် သွားတွေ့သော်လည်း ချစ်သူက အတွေ့မခံပါ၊ ထိုမိန်းမသည် မြန်မာပြည်ကို ပြန်သွားပြီ ဆိုတာကတော့ သိခဲ့ရပါသည်၊ လေးရက်မြောက်သောနေ့မှာတော့ ချစ်သူက ဖုန်းဆက်လာသည်၊ ဖြစ်ခဲ့သော အကြောင်းတွေက ကျနော်တို့ နှစ်ယောက် ဘယ်လိုမှ ရှေ့ဆက်ခရီး မဖြစ်နိုင်တော့ကြောင်း ချစ်သော်လည်း ကုသိုလ်ကံကြောင့် လမ်းခွဲရသည်လို့ မှတ်ယူရန်နဲ့ သူကိုခွင့်လွတ်ဖို့ ပြောသည်၊ သူလည်း မြန်မာပြည် ပြန်တော့မည် ဆိုသည်၊ ကျနော်လည်း မြန်မာပြည်သို့ လိုက်သွားခဲ့သည်၊ ချစ်သူကိုတွေ့ရန် အကြိမ်ကြိမ် ကြိုးစားသည်၊ ချစ်သူကို၎င်း ထိုမိန်းမကို၎င်း ကျနော်ဆက်သွယ်လို့ မရခဲ့ပါ၊ မြန်မာပြည်တွင် မရှိဘူးလို့ပြောကြသည်၊ ချစ်သူသည်၎င်း မုန်းသူသည်၎င်း ကျနော်ကို ရှောင်ပြေးသွားကြပါပြီ၊ ဒီလိုနဲ့ ကျနော်နဲ့ ချစ်သူတို့သည် ဝေးကွာ သွားခဲ့ရပါသည်။


ထိုခရီးကို သွားချင်သူကလည်း ချစ်သူပါပဲ၊ ထိုမိန်းမကို ခေါ်လာချင်သူကလည်း ချစ်သူပါပဲ၊ မာဂါရီတာ ပုလင်းကို ယူလာပြီး ညစာစားဖို့ လုပ်တာလဲ ချစ်သူပါပဲ၊ ချစ်သူကို ခွင့်လွတ်တတ်သော ကျနော်သည် ဒါတွေကို အပြစ်မပြောရက်ပါ၊ ကိုယ်ကိုတိုင်ကလည်း အသိလွတ်သွားခဲ့သည်ကိုး၊ ထိုညက ကျနော်သည် သမင်ဖြစ်ခဲ့တာလား မုဆိုးဖြစ်ခဲ့တာလား ကျနော်မသိပါ၊ ဦးတဲ့သူက တောမုဆိုးပဲ မဟုတ်ပါလား၊ ကျနော်သည် ထိုနေ့ကစ၍ အရက်သေစာ သောက်စားခြင်းကို လုံးဝရှောင်ကျဉ်ခဲ့ပါသည်၊ Genting Highlandsသို့ တသက်တွင် ဘယ်တော့မှ မသွားတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါသည်၊ နောက်ပြီး ကျနော်သည် ထိုမိန်းမကို နာကြည်းစွာ မုန်းမိပါသည်၊ ကျနော်၏ အချစ်ကိုဆုံးရှုံးသွားအောင်၊ ချစ်သူနဲ့ကွေကွင်းအောင် လုပ်ခဲ့သော သိပ် မုန်းစရာကောင်းတဲ့ မိန်းမ တစ်ယောက် မဟုတ်ပါလား။
……………………………..


ကြာခဲ့ပါပြီ၊ အချစ်ဆုံးရှုံးမှုကြောင့် ဘဝကိုမထိခိုက်စေရန် ကျနော်သည် မြန်မာပြည်နဲ့၎င်း စင်္ကာပူနဲ့၎င်း ဝေးရာကို ထွက်ခဲ့ပါသည်၊ ချစ်သူနှင့် မုန်းသူတို့၏ ဝေးရာကိုပါ၊ လုံးဝ အဆက်အသွယ် ဖြတ်တောက်ခဲ့ခြင်း ဖြစ်ပါသည်၊ တကယ်တော့ သူတို့ဘက်က စ၍ အဆက်အသွယ်ဖြတ်ခဲ့ခြင်း ဖြစ်သည်၊ တစ်ခါတစ်လေတော့ ချစ်သူ ဘာလုပ်နေမသလဲ ဘယ်လိုနေမလဲ ဆိုတာကိုတော့ သတိရမိပါသည်၊ နောက်ပိုင်း ချစ်သူသည် ချစ်သူထပ်ရနေသလား မရဘူးလား ကျနော်လည်း မသိပါ၊ သေချာသည်က ကျနော်သည် ဘယ်မိန်းမကိုမှ ချစ်လို့ မရတော့တာပဲ ဖြစ်ပါသည်။

တစ်နေ့မှာတော့ ကျနော့်မိဘက ခဏ ပြန်လာဖို့ ပြောလာသည်၊ ကျနော်ကတော့ မပြန်ချင်ပါ၊ အသိမိတ်ဆွေ ဘလော့ဂါ ကိုကြီးကျောက်က ပြောလာပါသည်၊ “လူဆိုတာ ဘဝဆိုတာ တကယ်တော့ ဖြစ်ချင်တာတွေ ဖြစ်နေတာ၊ မဖြစ်ချင်တာတွေ ဖြစ်နေရတာ မဟုတ်ဘူး၊ ဖြစ်နေတာရဲ့ နောက်ကို လိုက်နေကြရတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး၊ ငါ ဖြစ်ချင်တာ ဖြစ်သွားခဲ့တယ်၊ ငါဖြစ်ချင်သလို မဖြစ်လာခဲ့ဘူး ဒီလိုပဲ ထင်နေကြတာ၊ ဘယ်သူနဲ့ ပေါင်းသင်း အိမ်ထောင်ပြုရမယ်၊ ဘယ်မှာနေရမယ်၊ ဘယ်မှာ အခြေချကြမယ်၊ ဘယ်မှာသေဆုံးရမယ် ဆိုတာ ဘယ်သူမှ သိကြတာ မဟုတ်ဘူး၊ မင်းချစ်သူနဲ့မင်း အိမ်ထောင်ပြုသွားပြီး မြဲကြမယ်လို့ မဆိုနိုင်ဘူး၊ ပေါင်းပြီးမှ ကွဲကြသူတွေ အများကြီးပါ၊ အဲလိုပဲ မြန်မာပြည်က ထွက်လာပြီး၊ ယိုးဒယားမှာပဲ သောင်တင် မလိုလို၊ မလေးရှားမှာပဲ သောင်တင် မလိုလို၊ စင်္ကာပူ မှာပဲ သောင်တင် မလိုလို၊ ဥရောပ အမေရိကား ရောက်လာသူတွေ ရှိသလို မြန်မာပြည် ပြန်ရောက်သွားကြတဲ့ သူတွေလဲ အများကြီးပါ၊ ကိုယ့်သင်္ချိုင်း ရှိရာကို သွားရစမြဲပဲ၊ တစ်ခါတစ်လေ တွေးမိတယ်၊ ဝဋ်ကြွေးတွေကို လှည့်ပတ်ပြီး ဆပ်နေရသလိုပါပဲ၊ ငါဆိုလည်း ယိုးဒယားလိုလို၊ စင်္ကာပူလိုလိုနဲ့ ဒီကိုရောက်လာခဲ့တာပဲ၊ ဒီရောက်တော့လည်း စိတ်သွားတိုင် ကိုယ်မပါတော့ဘူး၊ အေးပေါ့ ငါ့သင်္ချိုင်းက ဒီမှာကိုး၊ ဒါ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ငါယုံကြည်ခဲ့ပြီ၊ သံသရာ အဆက်ဆက်တွေကြောင့် ငါတို့ဘဝတွေ လည်ပတ်နေရဦးမှာပါ”၊
နောက် မိတ်ဆွေတစ်ယောက် ကလည်း “မင်း ခု မိဘတွေကို တွေ့လို့ရတုန်း အလည်ပြန်လိုက်ပါ၊ အနီးကပ် ကျေးဇူးဆပ်ခွင့် ရတုန်း ကျေးဇူးဆပ်ပါ”၊ ဒီစကားတွေကြောင့် ကျနော် အိမ်ကို အလည် ပြန်ဖြစ်ခဲ့ပါသည်။

စင်္ကာပူက ရောက်လာသော သူငယ်ချင်း တစ်ယောက်ကတော့ ‘ဟိုတစ်လောက မင်းဘယ်မှာ ရှိသလဲဆိုတာ မေဇင်ထွေးက မေးနေတယ်၊ ငါတို့လဲ မင်းသဘောအတိုင်း မသိဘူးပြောလိုက်ရတယ်၊ သူက မင်းကိုတွေ့ပြီး စကားတွေ ပြောစရာရှိတယ်ဆိုပဲ’၊ မေဇင်ထွေး ဆိုတာ ကျနော် ချစ်ခဲ့ရသူပါ၊ လွန်ခဲ့တဲ့ အချိန်တွေက ဒီစကားတွေကို နားထောင်ချင်ပါသည်၊ ခုတော့ လွမ်းလွမ်းဆွေးဆွေး ဘာမှ ပြောစရာမရှိပါ၊ ကျနော်သည် ချစ်သူကို အလိုလိုက်သော ယောက်ျား တစ်ယောက် မဟုတ်တော့ပါ၊ ကြာခဲ့ပြီကိုး၊
ဘာပဲဖြစ်ဖြစ် မြန်မာပြည်ကို တစ်ခေါက် ပြန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

မြန်မာပြည်သို့ အပြန် စင်္ကာပူတွင် တစ်ရက်ဝင်နားလိုက်သည်၊ ဘယ်လို သတင်းရသွားသလဲ မသိပါ၊ ချစ်သူသည် ကျနော်နဲ့ တွေ့ဆုံ စကားပြောလိုသည် ဆိုသည်၊ မကြာပါဘူး ကျနော်ဆီ ဖုန်းဝင်လာပါသည်၊ မထင်မှတ်သော်လည်း မှတ်မိနေသေးသော အသံပါ၊ ကျမကို မှတ်မိသေးရဲ့လား၊ ကျနော့်အကြောင်းကို အမြဲစုံးစမ်းလျှက် ရှိသည်တဲ့၊ ကွဲသွားတာ ကြာပြီဆိုပေမဲ့ မနေ့တစ်နေ့ကလိုပဲ သူထင်ကြောင်း ဆိုလာသည်၊ ဟုတ်ကဲ့ပါ ဒီအသံကို ဟိုတစ်ချိန်တုန်းကတော့ စောင့်ခဲ့ပါသည်၊ လွမ်းလွမ်းဆွေးဆွေး မရှိတော့ဘူးဆိုပေမဲ့၊ ပြန်လည်အမှတ်တရ ရှိလာပါသည်၊ ထိုမိန်းမသည် အိမ်ထောင်ပြုသွားခဲ့ပြီ ဆိုသည်၊ ကျနော့်ချစ်သူကတော့ ယနေ့ထိတိုင် အိမ်ထောင်မပြုသေးပါ၊ သူ့တွင်လည်း အပြစ်ရှိကြောင်း ခံယူကောင်း ခံယူထားနိုင်ပါသည်။

ချစ်သူက ဘာတွေကို ပြောချင်သလဲ ကျနော်မသိပါ၊ ထိုမိန်းမအတွက်ဆိုရင်တော့ ကျနော်သည် ဆက်နားထောင်လိမ့်မည် မဟုတ်ပါ၊ နားထောင်စရာလဲ အကြောင်းမရှိပါ။ တဒင်္ဂ ဖြစ်ပေါ်ခဲ့သော စိတ်လို့ဆိုဆို၊ တစ်စုံတစ်ရာ၏ တိုက်တွန်းမှုကြောင့်လို့ ဆိုဆို၊ ကျနော်သည် ချစ်သူနဲ့ တွေ့ရန် ဆုံးဖြတ်ခဲ့ပါသည်၊ ချစ်သူကို အလိုလိုက်ခြင်း မဟုတ်ပေမဲ့၊ ရင့်ကျက်လာမှုနှင့်အတူ တွေ့ဆုံ စကားပြောရန် တစ်နေရာကို ချိန်းလိုက်ပါသည်၊ ၁၇နှစ်ကျော် အတွင်း ချစ်သူကို ပထမဦးဆုံးအကြိမ် ပြန်မြင်ရဦးမည်ဖြစ်သည်၊ ရင်ခုန်ဦးမည်လို့တော့ မထင်ပါ။



ဆက်လက်ဖေါ်ပြပါမည်။
sosegado

12 comments:

Anonymous said...

အမုန်းသည် မနှစ်မြို့သော အကြည့်က စတင်ခဲ့ခြင်းလို့ ဆိုနိုင်ပါသည်။
မြင့်သောဒေါက်မြင့်ဘိနပ်ကို အမြဲလိုလို စီးတတ်သော မိန်းမများသည် ကိုယ်ကိုကိုယ် ယုံကြည်မှု မရှိသော မိန်းမများ ဖြစ်သည်
ဟုတ်လား

Anonymous said...

မှန်ပြန်ကြည့်ဦးမှ

khin oo may said...

တို့ဇတ်လမ်းဆက်ရေးရမယ်ဆိုရင်. အဲသည်မိန်းမဟာ ချစ်သူထွက်သွားအပြီးမှာ ကောင်လေးရဲ့အိမ်ခန်းထဲိကိုဝင်လာပြီး အဲသည်လိုအထင်လွဲစရာဇတ်လမ်းကို ဖန်တည်းခဲ့တာဘဲ တို့သာကောင်လေးရည်းစားဆိုရင် သောက်ဂရုမစိုက်ဘူး. ကိုယ့်လူကိုဘဲ ကိုယ်ယူမှာဘဲ မှားခဲ့ရင်တောင် တစ်ခါမှားခဲ့တာ မူးလို့မှာခဲး့တာခွင့်လွတ်မယ် ပိုထင်တာကတော့ဟိုမိန်မးက လုပ်ကြံခဲ့တာဘဲ. ။ ဂျုးထဲကလိုပေါ့ကျိန် မကို သူတွန်းချခဲ့တာပါလို့ကိုယ့်ဘာသာကိုယ်ခုနချပြီးကောင်လေးကို ဒုတ်ခပေးခဲ့တာမျိုး.

စန္ဒကူး said...

နှစ်ခါပြန်ဖတ်တယ်..
စိတ်ထဲမှာမရှင်းမရှင်းဖြစ်နေလို့...
ချစ်သူကိုချစ်တ်လွန်းတဲ့စိတ်လေးကိုအသေးစိတ်ရေးထားတာတော့ ကြည်နူးမိတယ်..
ဒါပေမယ့်ဒီလိုအခြေနေမျိုးရောက်အောင် အသေးစိတ်ဖန်တီးယူနေတဲ့မိန်းကလေးတစ်ယောက်ကို innocent လေးပါလို့ မမြင်နိုင်တော့တာ နောက်ဆုံးပိုင်းမှာပါ...
ကိုယ်တစ်ကယ်ချစ်တဲ့ယောက်ျားဆိုဘယ်သူမဆိုကာကွယ်ကြမှာပါဘဲ.. ကျေးဇူးရှင်မို့ ကိုယ့်ချစ်သူကို ကြောင်နေတဲ့မိန်းမတစ်ယောက်ကို အခွင့်ရေးပေးရအောင် အဲဒီချစ်သူက အရုပ်တစ်ရုပ် အကောင်တစ်ကောင်လောက်ဘဲ တန်ဖိုးရှိပါသလား လို့တွေးမိပါတယ်။။။။

shwezinu said...

ထင်တာတွေ မပြောတော့ပါဘူး ... ဆက်ရန်လေးကို သာမျှော်နေပါတယ် ကိုဆိုစီရေ ... ကိုကြီးကျောက် ကို လွမ်းလိုက်တာ

ရွှေစင်ဦး

Ko Boyz said...

အဖြစ်မှန်ကို မပြောပဲ လမ်းခွဲသွားတဲ့ ချစ်သူကို နားမလည်နိုင်ဘူး...။
စလုံးလို နေရာမှာ လေးငါးနှစ်ကြာ နေပီးမှတော့ ဒီ့ထက်မက ပွင့်လင်းသင့်တယ် ထင်တာပဲ..။
ဆက်ရေးပါဦး စောင့်ဖတ်နေပါမယ်။

Aunty Tint said...

မြင်မြင်ချင်းချစ်တယ် မြင်မြင်ချင်းမုန်းတယ်ဆိုတာ အတိတ်ဘ၀ရဲ့အကျိုးဆက်ပဲထင်တယ် ဆိုစီရေ...
သံသယဆိုတာခိုင်မြဲစွာနှောင်ဖွဲထားတဲ့ မိသားစု အ၀န်းကိုတောင် တခဏအတွင်းဖျက်ဆီးနိုင်စွမ်းရှိတယ်။
ညီမရွှေစင်ပြောသလိုပဲ ဆက်ရန်လေးမျှော်နေမယ်..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်ဝေ said...

မုန်းစရာကောင်းလိုက်တဲ့ မိန်မပဲ... သူ့ ကို မုန်းမှန်း သိလို့  တမင် အကွက်ချပြီး လုပ်သွားတယ် လို့  ယူဆမိတယ်... ဖတ်ပြီး အမုန်းစိတ်တချို့  ဝင်နေမိတယ်... အကုသိုလ်ဖက်ကို မရောက်ခင်မှာ မြန်မြန်ဖြတ်လိုက်ရတယ်... နောက်တပိုင်း မျှော်နေမယ်နော်... :-)

မြသွေးနီ said...

မနေ့ထဲက ဖတ်နေတာ။ ဒီနေ့တစ်ခါ ထပ်ဖတ်တယ်။ ကိုကြီးကျောက်ပါပါလာတော့ True Storyလားဟု ထင်မိသွားတယ်။ စိတ်ဝင်စားဖွယ်ဖြင့် ဖတ်သူကို ဆွဲခေါ်သွားလိုက်တာ။ မုန်းသူရဲ့အကြောင်းကို ပေါ်လွင်အောင် ပုံဖော်ထားတာလဲ သဘောကျမိတယ်။ ဒုတိယပိုင်းကို ဖတ်ချင်နေမိပြီ။

:P said...

မဆက်သေးဘူးလားဗျိုးးးးးးး

ဟန်ကြည် said...

အရေးအသား ညက်ညောတာကတော့ ကိုစိုစီရဲ့ ပင်ကိုဟန်ပဲ ဖြစ်မယ်ထင်ရဲ့...အမုန်းနဲ့ ပတ်သက်လို့ အနက်ဖွင့်ထားတာတွေကို တစိမ့်စိမ့် ဖတ်ဖြစ်တယ်...ဖတ်လိုက်တွေးလိုက်နဲ့ အရသာအတော်ရှိတာကလား...မုန်းတဲ့မိန်းမအကြောင်း ဖတ်ရင်းနဲ့လည်း တွေးနေမိသေးတယ်...မိန်းမတွေရဲ့ အနံ့တွေအကြောင်းပေါ့...မဒမ်ဟန်ကြည်မှာရော သွေးဆေးနံ့ရသလားဆိုတာ အခုထိသတိမထားမိတာကတော့ ကိုယ်ညံ့လို့ပဲ ထင်ပါရဲ့...

ဇာတ်လမ်းကို ဘယ်လိုဆက်ရမလဲလို့ စဉ်းစားတယ်...ဟိုအမျိုးသမီးသာ အိမ်ထောင်မကျသေးရင် အတော်ခက်မယ့်ဇာတ်လမ်း...အခုတော့ တစ်ဘက်ပဲ ရှင်းစရာရှိတာမို့ ဒုတိယပိုင်းကို ထင်ထားတဲ့အတိုင်းဖြစ်မဖြစ် စောင့်ဖတ်လိုက်ဦးမယ်ဗျာ...

KJ said...

ကျနော်တစ်ယောက်များ သိပ် မုန်းဖို့ကောင်းတဲ့ မိန်းမနဲ့ ပေါင်းသင်းနေပြီထင်တယ် ဆက်ပါဦး