Saturday, May 4, 2013

ကျမက ဖုန်းကို ကိုင်ချင်လို့ ကိုင်နေတာ မဟုတ်ဘူး



ကျမနဲ့သူသည် တစ်ခါတစ်လေ ဘာမဟုတ်တာလေးနဲ့ စကားများတတ်ကြပါသည်၊
ဒီနေ့လည်း စကားများရပါသည်၊ အိမ်မှာတတ်ဆင်ထားသော ကြိုးဖုန်းကို လိုင်းရပ်နားပြီး ကျမကို လက်ကိုင်ဖုန်း (မိုဘိုင်းဖုန်း) တစ်ခု ဝယ်လာပေးသောကြောင့် ဖြစ်သည်၊
“ဖုန်းဆိုတာ ဆက်သွယ်ရေး ကရိယာ တစ်ခုကွ၊ လူတစ်ယောက်နဲ့ လူတစ်ယောက်ကြား ဆက်သွယ်ဖို့၊ လူတစ်ယောက်နဲ့ လူအများကြားမှာ ဆက်သွယ်ဖို့၊ လူအများကြားနဲ့ လူအများကြားမှာ ဆက်သွယ်ဖို့ လိုအပ်တဲ့ ကရိယာ တစ်ခုကွ၊ ဒါကြောင့်မို့လည်း လူတွေက လိုအပ်ချက်အရ လက်ကိုင်ဖုန်းတွေကိုင်၊ ကြိုးဖုန်းတွေတတ်ထားကြတယ်”၊
တကယ်တော့ စောဒကဆန်သော မေးခွန်းကို ကျမ မေးလိုက်မိသည့်အတွက် သူသည် ဒေါသသံနဲ့ ကျမကို ပြန်ပြောနေခြင်း ဖြစ်ပါသည်၊ ကျမက ထပ်၍ ‘အိမ်ဖုန်းရှိနေပြီးသားကို ဘာလို့ လက်ကိုင်ဖုန်း ဝယ်ပေးချင်ရတာလဲ’၊ ပြန်မေးလိုက်ပြန်သည်၊
ကျမကို အလွန်အတွန့်တက်တတ်သူ တစ်ယောက်လို့ သူငယ်ချင်းများက ဆိုကြပါသည်၊
“ဟုတ်တယ် အိမ်မှာ ဖုန်းရှိတယ် ခေါ်လိုက်ရင် ဘယ်တော့မှ မရဘူး၊ နောက်ဖေးရောက်နေလို့ အိမ်ရှေ့ထွက်နေလို့ ဘာလို့ ညာလို့နဲ့ ဆယ်ခါမှာ တစ်ခါတောင် မင်းဆီ ဆက်လို့ရလို့လား”၊ သူက ပြန်ပြောလာသည်၊
ဟုတ်တော့လည်း ဟုတ်သည် ကျမဆီဖုန်းခေါ်လျှင် ဘယ်တော့မှ မကိုင်ဘူးလို့ သူအမြဲပြောတတ်သည်၊ ကျမတို့အိမ်ကဖုန်းမှာ ခေါ်သူနံပတ် (caller ID) ပေါ်ခြင်းမရှိပါ၊ ဖုန်းခေါ်တာ ဘယ်သူလည်း ဆိုတာ မသိနိုင်ပါ၊ တစ်ခါတစ်လေ ဘဏ်တွေက၎င်း ဈေးရောင်းသူ ဆေးရောင်းသူ တွေက၎င်း၊ ကိုယ်ကိုကိုယ် မိတ်ဆက် သူတွေက၎င်း ထိုသူတွေရဲ့ ဖုန်းတွေကိုင်ရပြီး ငြင်းချက်ထုတ် ဖုန်းပြောနေရ၍ ကျမကိုယ်တိုင်က ဖုန်းလာရင် မကိုင်ချင်တော့ပါ၊ သူဖုန်းက ကျမဆီခေါ် အများဆုံး တစ်နေ့လေးခါပေါ့ ၊ ကျန်တာတွေက သူစိမ်းတွေရဲ့ဖုန်းပဲ ဖြစ်တာများသည်၊ ကျမ သူစိမ်းတွေနဲ့ ဖုန်းမပြောချင်ပါ၊ အမှန်ကို ဝန်ခံရရင် တစ်ခါတစ်လေ ဖုန်းကြိုးဖြုတ်ပြီး အိပ်တတ်တဲ့သူပါ၊
ဒါပေမဲ့ ကျမထုံးစံအတိုင်း သူ့ကို အတွန့်တက်လိုက်သည်၊ ‘စကားပဲရှင်ရယ် အိမ်ပြန်ရောက် နှစ်ယောက်ထဲ တစ်ဝကြီး ပြောစမ်းပါ’၊ ‘ဖုန်းထဲမှာ ပြောမှ ရမှာတဲ့လား’၊ ပြန်ပြောလိုက်မိသည်၊
“အရေးကြီးတာပြောချင်ရင် မင်းဆီ ငါးမိနစ် ဆယ်မိနစ်လောက် ဆက်တိုက်ခေါ်မှ ရတာ မင်းအသိပဲ မဟုတ်လား၊ တစ်ခါတစ်လေမှာ အချိန်အခါဆိုတာ အရေးကြီးတယ်ဆိုတာ မင်းသိထားစမ်းပါ”၊ ‘ဟုတ်ပါပြီလေ ဝယ်လာတော့လည်း ကိုင်ရတာပေါ့’၊ ခပ်ပေါ့ပေါ့ပဲ ကျမပြန်ဖြေလိုက်သည်၊
“ဒီမှာကြည့် ဖန်ရှင်တွေကို ငါရှင်းပြမယ်” ဆိုပြီး၊ ကျမကို ဖုန်းအကြောင်းရှင်းပြပါသည်၊ ဒီလိုနဲ့ ကျမတို့ရဲ့ စကားများခြင်း ဒီနေ့အတွက် ပြီးဆုံးခဲ့ပါသည်၊
အဲဒီနေ့က ကျမ အတွက် ပထမဦးဆုံး လက်ကိုင်ဖုန်းကို ကျမရရှိခဲ့ခြင်း ဖြစ်ပါသည်။

------------------------------------------------------------------

ကျမ အတွက် ဝယ်ပေးသော ဖုန်းသည် ဆိုနီ အမျိုးအစားဖြစ်ပါသည်၊ ဖုန်းနားထောင်ရမည်ကို မကြိုက်သော ကျမသည်၊ အားရင်ဖုန်းလေးကို ကလိနေတတ်သောကြောင့် ဖုန်းဖန်ရှင် အားလုံးနီးပါးကို လုပ်တတ်နေပြီ ဖြစ်ပါသည်၊ ရင်းနှီးနေသူများရဲ့ ပုံကိုထည့်ထားသောကြောင့် ဘယ်သူဖုန်းလည်း ဆိုတာခွဲခြားရလွယ်ပါသည်၊ ဒီအပြင် သူဖုန်းခေါ်လိုက်လျှင် သူများနဲ့မတူအောင် Ring tone ခေါ်သံကို သီးခြားလေးလုပ်ထားပါသည်၊ ‘ကြီ ကြီ Your beloved husband try to contact you ကြီ ကြီ’ ဆုိၿပီး ဆက်တင် လုပ်ထားလိုက်သည်၊ ထိုကြောင့် ကြီကြီ ဟု မြည်လာလျှင် သေချာသည် သူခေါ်တာပဲလို့၊ သူမှ မခေါ်ရင်လည်း ကျမဖုန်းကို ခေါ်မည်သူ မရှိသလောက်လို့ ပြောလို့ ရပါသည်။

ဒီလိုနဲ့ လက်ကိုင်ဖုန်းလေးသည် ကျမနှင့်အတူ ရှိနေကြ ဖြစ်လာတော့သည်၊ ဒါကလည်း လက်ကိုင်ဖုန်းလေးသည် အားလျှင် ဂိမ်း ကစားလို့ရသည်၊ သီချင်းတွေလည်း နားထောင်လို့ရသည်၊ ရေဒီယိုလည်း ဖွင့်နားထောင်လို့ရသည်၊ ဒါပေမဲ့ ကျမ ဘယ်တော့မှ ရေဒီယို နားမထောင်ပါ၊ သီချင်းကြိုက်သော်လည်း ရေဒီယိုကလာသော ကြော်ငြာများ တစ်ခြား အစီအစဉ်များ လုံးဝမကြိုက်သောကြောင့် ဖြစ်ပါသည်၊ ကျမဆိုတဲ့သူက တီဗီကြည့်ရင်တောင် ဇာတ်လမ်းတွေနှင့် သီချင်းဆိုတာတွေပဲ ရွေးကြည့်တတ်သူပါ၊ ဒါကြောင့်လည်း တစ်ခါတစ်လေ သူက ကျမကို မင်းကမ္ဘာက ကျဉ်းလွန်းတယ်လို့ ဆိုပါသည်၊ တစ်ခါတစ်လေ ခပ်ကျဉ်းကျဉ်း ကမ္ဘာလေးထဲမှာ နေရတာ စိတ်ချမ်းသာပျော်မွေ့ဖို့ ကောင်းသည် မဟုတ်ပါလား။
 
ကျမ နာမည်မှာ ချစ်မပါသော်လည်း သူကဖုန်းပြောရင် ချစ်လား ချစ်လေးလားနဲ့ လုပ်တတ်ပါသည်၊ အပြင်မှာတော့ မိန်းမရေ ခင်လေးရေ ဆိုပြီး နာမည်ကို အဖျားဆွတ်ခေါ်လေ့ ရှိပါသည်၊ ဘာဖြစ်လို့ ဖုန်းထဲရောက်မှ ချစ်လား ချစ်လေးလား ဖြစ်သွားသလည်း ကျမလည်း မသိပါ၊ အမှန်ကို ဝန်ခံရရင်တော့ ကျမလည်း ဒီလိုခေါ်တာကို ကျေနပ်မိပါသည်၊ တစ်ခါတစ်လေ ချစ်ကလေ ချစ်ကလေနဲ့ ပြန်ပြောမိပါသည်၊ သေချာ စဉ်းစားကြည့် လိုက်ရင်တော့ ကျမတို့ နှစ်ယောက်ဖုန်းထဲမှာ တစ်ချစ်ထဲ ချစ်နေကြတာလား မပြောတတ်တော့ပါ၊ ကျမတို့ နှစ်ယောက်မှာ လောလောဆယ်ထိ ရင်သွေး မရှိသေးပါ၊ သူကလည်း ခဏခဏ ခရီးထွက်လေ့ရှိပါသည်၊ အဲဒီလိုကြရင် ကျမက ကြီကြီ မြည်သံလေးကို စောင့်မျှော်နေမိပါသည်။

------------------------------------------------------------------

တံခါးခေါက်သံနဲ့ လူခေါ်ခေါင်းလောင်းသံကြောင့် နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေသောကျမ လုံးဝ နိုးလာပါသည်၊ ဘယ်သူတွေလည်း မသိပါ အိမ်မှာလည်း သူက ခရီးထွက်နေတော့ ကျမတစ်ယောက်ထဲဖြစ်သည်၊ အိမ်ရှေ့ကိုသွားပြီး တံခါးအပေါက်က ချောင်းကြည့်လိုက်တော့ ရဲတွေနဲ့ လူတစ်ချို့ ဖြစ်နေပါသည်၊ ကျမ တံခါးဖွင့်ပေးလိုက်သည်၊ ရဲအရာရှိကြီးက သူကိုယ်သူ မိတ်ဆက်ပြီး ကျန်တဲ့သူနှစ်ယောက်က နိုင်ငံခြားရေးဝန်ကြီး ဌာနကဖြစ်ကြောင်း ပြောပါသည်၊ ရဲအရာရှိ အမျိုးသမီးတစ်ယောက် ကျမနား ကပ်လာပြီး သတင်းကြားပြီးပြီလားလို့မေးသည်၊ ရဲအရာရှိကြီးက ‘သူမသိသေးဘူးလို့ ငါထင်တယ်’လို့ ရဲအရာရှိ အမျိုးသမီးကို ပြောလိုက်သည်၊ ရဲအရာရှိ အမျိုးသမီးက ‘မင်းရဲ့ခင်ပွန်း ဘယ်မှာရှိသလဲဆိုတာ ပြောနိုင်ပါသလား’ မေးလာသည်၊
ကျမက “သူဆိုင်ပွန် နိုင်ငံကို ခရီးသွားနေပါတယ်၊ အစိုးရပရောဂျက် တစ်ခုအတွက်ပါ” လို့ဖြေလိုက်တယ်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက အရာရှိက ‘မင်းကိုငါတို့ ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်၊ မင်းဖုန်းကို ခေါ်လို့မရဘူး’၊ ကျမက “ဝမ်းနည်းပါတယ် ငါအိမ်ဖုန်းကဖြုတ်ပစ်လိုက်ပြီ လက်ကိုင်ဖုန်းမှာ မင်းခေါ်တာကို ငါသတိမထားမိဘူး”၊ ကျမပြန်ပြောလိုက်သည်၊ ထိုအရာရှိကပင် ‘မင်းကို ငါတို့ အကြောင်းကြားချင်တာက လွန်ခဲ့တဲ့ ရှစ်နာရီလောက်က ဆိုင်ပွန်နိုင်ငံမှာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်၊ ဝမ်းနည်းစရာကောင်းတာက အဲဒီ အဖြစ်အပျက်ထဲမှာ မင်းရဲ့ ခင်ပွန်းပါသွားခဲ့တာ သူကိုရှာဖွေနေတာ ခုအချိန်ထိပါပဲ၊ ရှာလို့မတွေ့သေးပါဘူး၊ မင်းကိုအကြောင်းကြားသင့်တယ် ထင်လို ငါတို့ ရဲတပ်ဖွဲ့ အကူအညီနဲ့ လာအကြောင်းကြားတာပါ’၊
ကျမက “ကျေးဇူးတင်ပါတယ်၊ မဖြစ်နိုင်ဘူးထင်တယ်နော် နှစ်နာရီလောက်က ငါ့ခင်ပွန်း ငါဆီဖုန်းဆက်သေးတယ်”၊ ထိုအခါ ရဲတွေရော  နိုင်ငံခြားရေးဝန်ကြီး ဌာနက သူတွေပါ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်၊ ရဲအရာရှိကြီးက ‘မင်းသေချာသလား ငါတို့ မင်းဖုန်းကို ကြည့်လို့ ရမလား’၊ “သေချာပါတယ် ငါ့ကို ဖုန်းခေါ်မယ် ဖုန်းလာရင်ကိုင်ပါလို့ မှာသွားသေးတယ်”၊ ကျမအိပ်ခန်းထဲပြန်ဝင်ပြီး ဖုန်းယူလာပြီး သူတို့ကိုပြလိုက်သည်၊ သူတို့ပြောမှာ ကျမစိတ်တွေတင်းကျပ်လာသည်၊ ထူပူမှုတွေဝင်လာပြီး ဘာလုပ်ရမှန်း မသိဖြစ်လာသည်၊ ရဲအရာရှိကြီးက ဟုတ်တယ် ၃၁ စက္ကန့် သူတို့ပြောထားကြတယ်၊ ရဲအရာရှိ အမျိုးသမီးက တယ်လီဖုန်းဌာနက ပြောတော့ ဒီဖုန်းက အဆက်အသွယ် လုံးဝမရှိပါဘူးဆို၊ အံ့သြစိတ်နဲ့ ပြောနေသည်၊ ရဲအရာရှိကြီးက ‘ဒါကို ငါတို့ အသေးစိတ်စုံစမ်းရတော့မယ်’၊ ကျမကို Missed call တွေက ၂၂ ခုတောင်လို့ပြောလိုက်တော့၊ ကျမကလည်း ကျမ ကြီကြီ မြည်သံကိုပဲ စောင့်နေတာ ပြောလိုက်သည်၊ ကျမပြန်ပြောတာကို သူတို့ နားလည်မည် မထင်ပါ၊ ကျမလည်း သူ့ဖုန်းကို ခေါ်လိုက်သည်၊ ဒီဖုန်းနံပါတ်ကို လောလောဆယ် ဆက်သွယ်လို့ မရသေးကြောင်း အလိုလိုပြန်ကြားသံကိုပဲ ကြားရပါသည်၊ တယ်လီဖုန်းဌာနက တစ်ခုခုလုပ်နေတာ ဖြစ်နိုင်ပါတယ်လို့ အမျိုးသမီး ရဲအရာရှိက ပြောလာသည်။
 
ထိုအချိန်တွင် အိမ်ရှေ့ကို ကားတစ်စီးဆိုက်လာသည်၊ ထိုကားထဲမှ မိန်းမတစ်ယောက် ရေးကြီးသုတ်ပြာ ဆင်းလာသည်၊ ကျမ ယောက်ျား ကုမ္ပဏီမှ ဒုတိယအကြီးဆုံး အမျိုးသမီးဖြစ်ပါသည်၊ ဟယ်လင် လို့ခေါ်သည် ကျမ သူနဲ့ ရင်းနီးပါသည်၊ ခုဏ နိုင်ငံခြားရေးဝန်ကြီးဌာနက သူသည် ဖုန်းနဲ့လှမ်းပြောနေတာ ဒီ အမျိုးသမီးကို ဖြစ်နိုင်ပါသည်၊ ဟယ်လင် ကျမကိုဖက်ထားလိုက်ပြီး ‘ခင်ရေ “ကောင်း” တို့သွားတဲ့ ဆိုင်ပွန်မှာ ငလျင်လှုပ်ပြီး တောင်ပြိုမှုတွေဖြစ်ခဲ့တယ်၊ ကောင်း ဂျယ်ရီ နှင့် လူးဆပ်တို့ကို သူတို့တွေ ရှာလို့ မတွေ့သေးဘူးလို့ ပြောတယ်၊ ဆင်းရဲ့ အလောင်းကိုတော့ သူတို့ ရှာတွေ့ပြီလို့ ပြောတယ်၊ ဖရက်ဒီ ကတော့  ဘာမှမဖြစ်ဘူး ဒါပေမဲ့ သူ ရှော့ဖြစ်နေတယ်ပြောတယ်’၊ ကျမ ခုမှ စိုးရိမ်စိတ်တွေ တအားဝင်လာပါသည်၊
“ဒါဆို “ကောင်း”  သေသွားပြီလား”၊ ကျမတုန်လှုပ်စွာ မေးလိုက်မိသည်၊ ‘သူပျောက်နေတာပါ သူမင်းဆီ ဖုန်းဆက်တယ်ဆိုတော့ ငါတို့ မျှော်လင့်ချက် အများကြီး ရှိတာပေါ့’၊ ဟယ်လင်က ကျမလက်မောင်းကို ညှစ်ရင်း ပြန်ဖြေသည်၊ ကျမက “ကောင်းက သူ တောင်ပေါ်မှာရှိတယ်ပဲပြောတယ်၊ တောင်ပြိုတာတွေ ငလျင်လှုပ်တာတွေ လုံးဝ မပြောဘူး”၊ ကျမပြန်ဖြေလိုက်သည်၊ ဟယ်လင်ကပင် ခုငါတို့ ဆိုင်ပွန်ကို လိုက်သွားကြမယ်၊ လိုအပ်တဲ့ ပစ္စည်းတွေထည့်ပြီး သွားကြရအောင်၊ ပြောရင်း ကျမကို အိမ်ခန်းထဲခေါ်လာခဲ့သည်၊ ကျမကတော့ အရုပ်တစ်ရုပ်ပမာပါပဲ၊ ဘာတွေဖြစ်နေတာလဲ သူတို့က “ကောင်း”လို့ ခေါ်တဲ့ ကျမယောက်ျား သေဆုံးသွားပြီလား အတွေးတွေနဲ့ လူက ရပ်တန့်နေပါပြီ၊
ကျမတို့သည် လေဆိပ်ကို သွားနေကြသည်၊ အိတ်ထဲတွင် ဘာတွေထည့်ခဲ့သလဲ ကျမ မသိပါ၊ ကျမ မျက်နှာလည်း မသစ်ခဲ့ပါ၊ ကျမဘဝတွင် ပထမဦးဆုံးအကြိမ် မျက်နှာမသစ်ပဲ ခရီးသွားခြင်း ဖြစ်ပါသည်။
 
လေယာဉ်ပျံပေါ် ဘယ်လိုရောက်ခဲ့သလဲ ကျမ မသိပါ၊ ကျမ၏ စိတ်တို့သည် သူထံသို့ ရောက်လို့နေသည် မရွတ်ဖူးသော ဘုရားစာများကို ရွတ်လို့နေမိသည်၊ လက်ထဲမှာတော့ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်၊ ဘယ်သူဆီကိုမှလည်း ဖုန်းမဆက်ပါ၊ သူက ဖုန်းခေါ်လျှင် လွတ်သွားမှာစိုးလို့ပါ၊ လေယာဉ်ထွက်ခါနီး သတိရ၍ သူငယ်ချင်းတွေဆီ SMS ပို့ပြီး မြန်မာပြည်ကိုပါ အကြောင်းကြားပေးပါလို့ မှာလိုက်သည်၊ လေယာဉ်ဘီး စလိမ့်ပါပြီ လူတွေအားလုံးက ကျမဖုန်းကိုပဲ ကြည့်နေသည်လို့ ခံစားမိသည်၊ မျော်လင့်ချက်သည် ဒီဖုန်းပေါ်မှာ ရှိသည် မဟုတ်ပါလား၊ “လေယာဉ်ပေါ်မှာ ဖုန်းပြောလို့ရလား၊ ဖုန်းလက်ခံလို့ ရသလား” ကျမကျယ်လောင်စွာ အော်ပြောလိုက်သည်၊ ဘယ်သူကို ရည်ရွယ်၍ အော်လိုက်မိသလဲ ကျမ မသိပါ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနကသူက မင်းဖုန်းကို တစ်စုံတစ်ယောက်က ဆက်သွယ်လာရင် လေယာဉ်ကို အကြောင်းကြားပေးဖို့ တယ်လီဖုန်းဌာနကို ငါတို့ ပြောထားပြီးပါပြီ၊ စိတ်မပူပါနဲ့ ငါတို့လည်း ဒီဖုန်းခေါ်တာကို စောင့်နေတာပါ၊ ဒီအခါကြမှာ ကျမဘေးဘီကို ကြည့်လိုက်မိသည်၊ ဂျယ်ရီ လူးဆပ် ဖရက်ဒီနှင့် ဆင်းတို့ မိသားစုဝင်များ၊ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေလို့ ထင်ရသောသူများ၊ စစ်ဝတ်စုံ ဝတ်ထားသောသူများ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနကသူများ၊ ကုမ္ပဏီမှ နောက်ထပ် လူငါးယောက် နှင့် လေယာဉ် ဝန်ထမ်းများဖြစ်သည်၊ သေချာတာက ဒီလေယာဉ်သည် သီခြားလေယာဉ်ဖြစ်မည်၊ တခြားသူများ လုံးဝ မပါပါ၊ ဆင်း မိသားစုဝင် တစ်ချို့သည်ငိုနေကြသည်၊ ဟယ်လင်က ခင်ရေ ရီဖရက်လုပ်ပြီး နားနား နေနေ နေလိုက် ငါတို့ ခုနှစ်နာရီ လောက်ကြာကြာ စီးရဦးမှာ၊ ကျမလည်း စဉ်းစားမနေတော့ပဲ သန့်စင်ခန်းသို့ ထွက်လာမိသည်၊ လက်ထဲမှာတော့ ဖုန်းကို ကျစ်ကျစ်ဆုပ်ပြီး ကိုင်လျက်ပေါ့။

   ------------------------------------------------------------------
 
လေယာဉ်ပေါ်က ဆင်းဆင်းပြီးလျှင် ကျမတို့ကို ကယ်ဆယ်ရေးစခန်းသို့ ကားများနဲ့ ခေါ်သွားသည်၊ ကယ်ဆယ်ရေး စခန်းတွင် ကျမတို့ကို နေရာချထားပေးပြီး လက်ရှိကယ်ဆယ်ရေး လုပ်ငန်းများကို ဆိုင်ပွန်နိုင်ငံက တာဝန်ရှိသူ တစ်ဦးနှင့် သံရုံးတာဝန်ခံ တစ်ဦးက ရှင်းပြသည်၊ ပရိုဂျက်တာဖြင့် လက်ရှိ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်နေတာကို တိုက်ရိုက်ပြနေပါသည်၊ အရေးကြီးလျှင် အရေးကြီးသလျှောက် ထုတ်ပြန်ပေးမည်ဟု ဆိုသည်၊ ကျမ သူရှိတဲ့နေရာ အနီးကို ရောက်နေပြီပေါ့၊ သူရှိသည်ဆိုသော နေရာအနီးကိုတော့ သွားလို့မရသေးပါ၊ ဟယ်လင်နှင့်အတူ ဆင်းနှင့် ဖရက်ဒီတို့မိသားစု ဆေးရုံသို့ ထွက်ခွာသွားသည်၊ ကျမနဲ့ ကျန်တဲ့မိသားစုတွေ မျှော်လင့်ချက်တွေနဲ့ ဒီနေရာမှာ ကျန်ရစ်ခဲ့သည်၊ ခဏနေကြာ နိုင်ငံခြားရေးဝန်ကြီး ဌာနက သူတစ်ဦးနဲ့ ဒီနိုင်ငံက ကယ်ဆယ်ရေး အရာရှိတစ်ဦး ကျမဖုန်းလက်ခံ ရရှိသည့်အကြောင်း အမေးအမြန်းလာလုပ်သည်၊ သူတို့သည် ကောင်း၏ ဖုန်းကို အကြိမ်ကြိမ်ခေါ်၍ ဖုန်းဖရီကွန်စီကို ရှာသော်လည်း ရှာလို့ မရကြောင်းပြောလာသည်၊ တောင်ပြိုကျတာက တော်တော်လေးဆိုးတယ်၊ ပိတ်ပိ၍ အသက်ရှင်ကျန်နေသူများ ဘာမှမဖြစ်အောင် စနစ်တကျ လုပ်ဆာင်နေကြောင်း ရှင်းပြပါသည်၊ ငါအတတ်နိုင်ဆုံး နီးတဲ့နေရာကို လိုက်ချင်တယ်လို့ ကျမတောင်းဆိုလိုက်သည်၊ တာဝန်အရှိဆုံးကို ပြောကြည့်ပေးမယ်ဆိုပြီး ပြန်သွားကြသည်၊ သူတို့သည် ကျမကို ကျမယောက်ျားဖုန်းခေါ်သည် ဆိုခြင်းမှာ လုံးဝ မဖြစ်နိုင်ဟုဆိုသည်၊ ဖုန်းဌာနကလည်း မသိလိုက်ဘူး ဒီမှာလည်း ဘာ ဖရီကွန်စီမှ မရဘူးဟု ဆိုကြသည်၊ ကျမကို ကျမယောက်ျားဖုန်းခေါ်သည်ဆိုသည့် သက်သေသည် ကျမနဲ့ ကျမဖုန်းတို့ပဲ ဖြစ်ပါသည်၊ ဖုန်းထဲက အချက်အလက်သာ မရှိရင် ကျမပြောတာကိုလည်း ယုံကြည်ကြမည် မဟုတ်ပါ။
 
ကျမတို့ကို တောင်ပြိုကျသည့် နေရာသို့ လိုက်ခွင့်ပေးလိုက်၍ ကယ်ဆယ်ရေးကားတစ်စီးနဲ့ ကျမတို့ထွက်လာခဲ့သည်၊ တကယ်တော့ “ကောင်း”တို့တစ်တွေကို နာမည်ကျော် တောင်ပေါ် အပန်းဖြေ စခန်းတစ်ခုကို ဒီနိုင်ငံ အစိုးရက လိုက်ပို့ပေးခြင်းဖြစ်သည်၊ ထိုစခန်းသို့ မရောက်မှီ ငလျင်လှုပ်ပြီး တောင်ပြိုကျတာနဲ့ ကြုံခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်၊ ဒီလိုနဲ့ ကျမတို့ တောင်ပြိုကျသည့် နေရာသို့ ရောက်လာခဲ့သည်၊ ရိုးရိုး တောင်ပြိုကျခြင်း မဟုတ်ပါ၊ ကျောက်တုံးများ အတုံးလိုက် အတုံးလိုက် ကျောက်တောင်ပြိုကြခြင်း ဖြစ်သည်ကို ကျမတွေ့လိုက်ရသည်၊ တစ်ပြိုင်နက်ပဲ ဒီနေရာမှာ သူရှိနေသည်ဆိုသော မသိစိတ်များ အသိစိတ်ထဲသို့ ဝင်လာခဲ့သည်၊ ကျမကို လေးရက်ပဲ ကြာမှာ ပြောသွားသူရယ်၊ ဘာကြောင့်မှန်း မသိပါ ကျမ ကျောက်တုံး တစ်တုံးပေါ်တက်ပြီး သူ့နာမည်ကို အော်ခေါ်လိုက်မိသည်၊ ကျမတို့လိုပဲ မျှော်လင့်ချက်တွေနဲ့ လာစောင့်နေသော ဒီနိုင်ငံသားများကိုလည်း တွေ့ရပါသည်။
 
ဒီလိုနဲ့ ကျမတို့ကို သွားခွင့်ပြုထားသော နေရာအစွန်ဆုံးထိ ကျမသွားပြီး၊ တစ်နေရာပြီး တစ်နေရာ ကျမ သူ့နာမည်ကို အော်ခေါ်နေမိသည်၊ လက်ထဲမှာတော့ ဖုန်းကို ကျစ်ကျစ်ဆုပ်ပြီး ကိုင်လျက်ပေါ့၊ ကျမလုပ်သလိုပဲ လူတော်တော်များများ ထလာကာ နာမည်တွေ အော်ခေါ်ကြပါတော့သည်၊ အာလုံးက နားလည်ကြလိမ့်မည်ဟု ကျမထင်ပါသည်၊ ကျမတို့တစ်တွေသည် ကျမတို့ချစ်ရတဲ့သူ ရင်နှီးတဲ့သူ အားကိုးရတဲ့သူကို မျှော်လင့်ချက်ကြီးနဲ့ လိုက်ရှာ စောင့်မျှော်နေကြတာ မဟုတ်ပါလား။
 
ရှာဖွေချိန် ၂၂နာရီ ရှိပြီဖြစ်ကြောင်း သတင်းပို့သံကို ကျမကြားလိုက်ရသည်၊ ကျမ မောလာ၍ တစ်နေရာတွင် ထိုင်ကာ အနားယူလိုက်သည်၊ တွေဝေစိတ်တွေနဲ့အတူ လက်ထဲကကိုင်ထားသော ဖုန်းကလေးကိုကြည့်နေမိသည်၊ ဒီအချိန်မှာ ကြီကြီဆုိၿပီး ဖုန်းသံမြည်လာရင် ဘယ်လောက်ကောင်း လိမ့်မလဲလို့ စဉ်းစားတွေးနေမိသည်၊ သူရယ် ချစ်လား ချစ်လေးလား ဆိုပြီး ခေါ်ပါ သူရယ် စိတ်ထဲကပြောနေမိသည်၊ ဖုန်းလေးကိုကြည့်နေရင်း မရည်ရွယ်ပဲ ဖေးဘရိတ်ထဲက အသဲပုံလေးကို နှိပ်လိုက်မိသည်၊ တူတူဆိုသော အသံရှည်ဖြင့် ဖုန်းခေါ်နေသံကို ကျမကြားလိုက်ရသည်၊ ဟုတ်သည် သူ့ဖုန်းကို ခေါ်နေပါပြီ၊ ခေါ်လို့နေပါပြီ၊ ကျမ မတ်တတ်ထရပ်လိုက်သည်၊ “ချစ်ပြောနေတယ် ဖုန်းကိုင်ပါ”၊ “ချစ်ခေါ်နေတယ် ဖုန်းကိုင်ပါ”၊ ကျမအော်လို့ နေမိသည်၊ ထိုအချိန်တွင် ရှာဖွေဧရိယာထဲမှ ဆင်ဂနယ်ဖရီကွန်စီ ရကြောင်း လော်စပီကာဖြင့် လှမ်းအော်သံကြားလိုက်ရသည်၊ ပိုဆက်ရှင်နေရာရှာပါ ပြန်အမိန့်ပေးသံ ကြားရသည်၊ လူတစ်ချို့ စက်တစ်ခုယူကာ ပြေးသွားသည်ကို တွေ့လိုက်ရသည်၊ ထိုအချိန်တွင် အချိန်ပြည့်၍ ဖုန်းခေါ်ရပ်သွားသည်၊ ကျမ ချက်ချင်းပင် ပြန်ခေါ်လိုက်သည်၊ “အချစ်ရေဖုန်းကိုင်ပါ”၊ “သူတို့လာနေကြပြီ ကယ်ဖို့လာနေကြပြီ” “အချစ်ရေဖုန်းကိုင်ပါ”၊ ကျမဖုန်းကို ကိုင်ကာ အော်နေမိသည်၊ ရှာဖွေရေး အကြီးအကဲများ တခြားတာဝန်ရှိသူများ ကျမနားရောက်လာကြသည်၊ ဒီဖုန်းက ခေါ်နေတာ ဟိုမှာ ဖရီကွန်စီတက်လာတယ်၊ ထိုနောက် ကျမကို စိတ်အေးအေးထားဖို့ ရှာဖွေတွေ့ရှိဖို့ နီးစပ်နေပြီဖြစ်ကြောင်း သူတို့ပြောတဲ့အတိုင်း လုပ်ဖို့ ပြောလာကြသည်၊
ဘယ်လိုလုပ်ပြီး စိတ်အေးအေးထားနိုင်မှာလဲရှင်၊ ရှင်တို့ ခေါ်မရဘူး၊ ရှင်တို့ အကြိမ်ကြိမ်ခေါ်နေတဲ့ဖုန်း ကျမခေါ်တာဝင်တယ်လေ မြန်မြန်သွားကယ်ကြပါလား မြန်မြန်သွားရှာကြပါလား ကျမစိတ်ထဲက ပြောနေမိသည်၊ သူတို့သည် တီတိုးတိုင်ပင်ကြပြီး ကျမကို ဖုန်းကို ဆက်တိုက်မခေါ်ဖို့ ဟိုဘက်ကဖုန်း ဓါတ်အားကုန်သွားနိုင်ကြောင်း ပြောလာသည်၊ ဖုန်းကို သူတို့ကို ခဏပေးဖို့ ပြောလာသည်၊ “ငါနင်တို့ပြောတဲ့အတိုင်း လုပ်မယ် ဖုန်းတော့ ဘယ်သူကိုမှ မပေးနိုင်ဘူး” ကျမပြန်ပြောလိုက်သည်၊ ဒီလိုနဲ့ ကျမလည်း သူတို့ပြောတဲ့အတိုင်း ခေါ်ဆိုခေါ်လိုက် ရပ်ဆိုရပ်လိုက်နဲ့ ရှာဖွေသူတို့ရဲ့ အဖြေကို စောင့်နေမိသည်၊ မကြာမှီ နေရာကိုသိရပြီဖြစ်ကြောင်း အသေးစိတ် ကယ်ဆယ်ရေး ဆက်လုပ်မည်ဖြစ်ကြောင်း သတင်းပို့လာသည်၊ ကရိန်းကဲ့သို့ စက်များ ရိုဘော့များကို သယ်ဆောင်သွားသည်ကို ကျမတွေ့ရပါသည်၊ သတ္တဝါတွေ ကျန်းမာ ချမ်းသာ ဘေးရန်ကင်းစေကြောင်း ဆုတောင်းရင်း ဘုရားစာတွေ ရွတ်နေမိပါသည်၊ ဆက်သွယ်ရေး ပညာရှင်တစ်ဦးက “ကောင်း”၏ဖုန်းကို သူတို့ အကြိမ်ကြိမ်ဆက်သွယ်တာ မရပဲ ကျမဖုန်းနဲ့ ခေါ်မှ ဘာလို့ရတာလဲ မေးခွန်းကိုမေးရင် ကျမဖုန်းကို ကိုင်ကြည့်ချင်သည့်အလား တစ်ခါလုံး ကြည့်လို့နေပါသည်။
 
ဝေါကနဲ ကျောက်တုန်းတွေ ပြိုကျသံ ကြားလိုက်ရ၍ အားလုံးထိတ်လန့် စိုးရိမ်သွားကြသည်၊ စကားပြော ဆက်သွယ်ရေးဆက်များ၏ မေးသံ ဖြေသံများ ဆူညံ့လို့နေပါသည်၊ အရာရှိတစ်ယောက်က ကယ်ဆယ်လို့လွယ်အောင် ကျောက်တုံးတွေ ဖယ်ထုတ်တာပါ ဘာမှ မဖြစ်ပါဘူးလို့ ဆိုလာသည်၊ လူတွေအားလုံးမှာတော့ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ပေါ့၊ ကျမစိတ်ထဲတွင် အလွန်လေးလံသော ဖိစီးခံစားမှုမျိုးကို ဖြစ်နေမိသည်၊ ကျမ တစ်ခါမှာ ဒီလိုမဖြစ်ဘူးပါ၊ တစ်ခါတစ်လေ ကျမ သတိလက်လွတ် ဖြစ်သွားမိသည် ထိုအခါ သူ့မျက်နှာကိုမြင်မိကာ သတိပြန်ရှိလာသည်၊ သူ့ပုံစံက တစ်ခုခုပြောချင်နေသည့် ပုံသဏ္ဍန်အလား၊ သူနောက်ဆုံးပြောသွားသော ဖုန်းလာရင်ကိုင်ပါ ဆိုတာကို သတိရနေမိသည်၊ ထိုအချိန်တွင် ဟယ်လင်နှင့်အတူ သံအမတ်ကြီးရောက်လို့လာသည်၊ ဟယ်လင်က ကျမကိုဖက်ကာ လာအားပေးသည်၊ အရမ်းနီးစပ်နေပြီလို့ သံအမတ်ကြီးက ကျမကို ပြောလာသည်။
 
သူတို့သည် ဖုန်းကို မခေါ်ပဲနေတာ တော်တော်ကြာပါပြီ၊ အကြောင်းပြချက်ကတော့ ဘက်ထရီကုန်သွား၍ လုံးဝ ဆက်လို့ မရမှာကို စိုးရိမ်သည်ပဲ ဖြစ်ပါသည်၊ ကျမသည် မငိုပဲနဲ့ မျက်ရည်တွေ အလိုလိုကျလာမိနေသည်၊ ငိုခြင်းတစ်မျိုးလည်း ဖြစ်နိုင်ပါသည်၊ ဒီတစ်ချိန်မှာတော့ စိတ်အာရုံထဲမှာ သူ့မျက်နှာကိုမြင်ရအောင် အားရုံစိုက်အားထုတ်လိုက်မိသည်၊ မင်းမျက်နှာလေး မြင်ပါရစေ အချစ်ရယ်၊ မြင်ပါရစေ အချစ်ရယ်၊ စိတ်ထဲကရွတ်ရင်း တအား စိတ်အာရုံစိုက်နေမိသည်၊ ထိုအချိန်တွင် 'ကြီ ကြီ Your beloved husband try to contact you ကြီ ကြီ' ဆုိၿပီး ဖုန်းမြည်သံထွက်ပေါ်လာသည်၊ အားလုံးသည် ဖုန်းမြည်သံကြောင့် အံ့အားသင့်သွားကြသည်၊ ကျမဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည်၊ “ချစ်လေးလေ အချစ်လား”၊ “ချစ်လေးလေ အချစ်လား”၊ ကျမထူးနေမိသည်၊ ဟိုဘက်က ဘာပြောသံမျှ မကြားရပါ၊ တူတူ တူတူ ဆိုပြီး လိုင်းပြတ်သွားသည်၊ ကျမကတော့ ချစ်ရေ ချစ်ရေလို့ အဆက်မပြတ် အော်နေမိသည်၊
ဟယ်လင်သည် ရှာဖွေရေး အကြီးအကဲကို ‘ခုလေးတင် ငါတို့ထဲက တစ်ယောက်က သူ့မိန်းမကို ဖုန်းခေါ်တယ် အမြန်ရှာပေးကြပါ၊ အချိန်နဲ့အမျှ အရေးကြီးပါတယ်’လို့ ကျမအသံထက်ကျော်ကာ အော်ပြောလိုက်သည်၊ ကျမလည်း ဟယ်လင်နဲ့လိုက်ကာ ရှာဖွေရေး အကြီးအကဲဘေးတွင် သတင်းကို စောင့်နေမိပါသည်၊ ကျမတအားမောနေပါပြီ စိတ်တွေကိုလည်း ဘယ်လိုမှ စုစည်းလို့ မရတော့ပါ၊ ကြုံဘူးတဲ့ သူများသာ သိနိုင်လိမ့်မယ်လို့ ထင်ပါသည်။
 
လူတစ်ချို့ကို ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း သတင်းပို့လာသည်၊ စုစုပေါင်း ငါးယောက်ဖြစ်ကြောင်း ပြောလာသဖြင့်၊ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်၊ ဘယ်သူလဲဆိုတာ သိရဖို့အတွက် ကုမ္ပဏီက လူတွေနဲ့ တခြားသူတွေ ရှာဖွေရေး ဧရိယာထဲ ဝင်သွားကြသည်၊ ထိုအချိန်မှာပဲ စကားပြော ဆက်သွယ်ရေးစက်ထဲက တွေ့ရှိသူအားလုံး အသက်မရှိတော့ပါ၊ ဖုန်းပိုင်ရှင်လဲပါတယ်လို့ ပြောသံကို ကျမကြားလိုက်ရသောအခါ ကျမလဲကျသွားပါတော့သည်။
 
------------------------------------------------------------------
 
ပြန်သတိရလာသောအခါ ကျမဆေးရုံပေါ် ရောက်လို့နေပါပြီ၊ ကျမဘေးနားတွင် ဟယ်လင်နှင့် မမူမူ ကိုတွေ့လိုက်ရသည်၊ မမူမူက ကျမမိတ်ဆွေပါ၊ ကျမဘေးနားတွင် မြန်မာတစ်ယောက် ရှိသင့်တယ်ထင်လို့ ခေါ်ပေးထားတာဖြစ်နိုင်ပါသည်၊ ကျမ အရုပ်ကြိုးပြတ် လဲကြခဲ့ခြင်း ဖြစ်သည်လို့ ဆိုသည်၊
ရှာဖွေမှု အစီရင်ခံစာကို ဟယ်လင်က ဖတ်၍ ပြောပြပါသည်၊ ကျမဘာကိုမှ ပြောနိုင်စွမ်းမရှိပါ၊ ကျမ၏ယောက်ျား ကျမခင်ပွန်းသည် ကျမကိုထားကာ ဒီလောကကြီးထဲက ထွက်သွားပြီ ဖြစ်ကြောင်းကို လက်ခံလိုက်ရပါတော့သည်၊
ဟယ်လင်က ကျမရဲ့ ဖုန်းလေးကို ပြန်ပေးပါသည် ‘မင်းမေ့နေတုန်း မင်းဖုန်းကို ငါ့ခွင့်ပြုချက်နဲ့ သူတို့ စစ်ဆေးခဲ့ကြတယ်၊ အငြင်းပွားစရာတွေ ရှိနေတယ်လေ၊ “ကောင်း”က မင်းဆီဖုန်းဆက်ခဲ့တယ်လေ၊ ဒါပေမဲ့ သူတို့ရဲ့ ဆေးစစ်ချက်အရ သေးဆုံးတာ နာရီ၂၀ ကျော်ပြီလို့ ဆိုတယ်၊ ဒါဆိုဖုန်းဆက်တာ ဘယ်သူလဲ မေးစရာတွေရှိလာတယ်၊ ငါတို့ဆီက ဆေးပညာရှင်တွေလည်း လိုက်လာကြတယ် သေးဆုံးတာ နာရီ၂၀ ကျော်ပြီဆိုတာကို အတည်ပြုခဲ့ကြတယ်၊ ဒါပေမဲ့ ဆက်သွယ်ရေးပညာရှင်တွေနဲ့ လူမှုရေးဌာနက လက်မခံဘူး၊ ကယ်ယူစဉ်သေဆုံးခဲ့တယ်ဆိုပြီး ပြောဆိုလာတယ်၊ သူတို့ ခုံရုံးဖွဲ့ စစ်ဆေးမယ်လို့ ပြောပါတယ်’၊
ကျမက ဟယ်လင်ကို “ငါ ဒါတွေ စိတ်မဝင်စားတော့ဘူး ငါ ငါ့ယောက်ျားကို ကောင်းမွန်စွာ သင်္ဂြိုလ်ချင်တယ်၊ နောက်ပြီး ငါမွေးမြေ မဟုတ်တဲ့ ဒီနိုင်ငံမှာ ငါဘယ်လို ဆက်ရှင်သန်ရမလဲ ဒါပဲ ငါစဉ်းစားချင်တော့တယ်” ပြောလိုက်မိသည်၊ မမူမူကတော့ ဘာမှ ဝင်မပြောပဲ ကျမနှင့်အတူ လိုက်ငိုနေသည်၊
‘ငါတို့ မင်းကို ပစ်မထားပါဘူး၊ ပြီးတော့ မင်းဟာ ငါတို့နိုင်ငံသားတစ်ယောက်ပဲ မင်းကို အပြည့်အဝ တာဝန်ယူရမှာပါ၊ ဒီအပြင် ဒီဆိုင်ပွန်နိုင်ငံရဲ့ လူမှုရေး ဝန်ကြီးက မင်းကို လာအားပေးမဲ့ အစီအစဉ်လည်း ရှိပါတယ်၊ ကဲကဲ မင်းဆက်နားလိုက်ဦး ငါတို့ ပြန်ဖို့ အစီအစဉ် ငါသွားလုပ်ရဦးမယ်’ ဆိုပြီး ဟယ်လင်ထွက်သွားတော့သည်၊
ကျမဖုန်းလေးကို ကိုင်ကြည့်ပြီး ကျန်ရစ်ခဲ့သည် ကျမသိပါသည် သူဖုန်းခေါ်ဦးမှာပါ။
 
-----------------------------------------------------------------
 
အစီရင်ခံစာထဲတွင် သူသည် ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးခြင်း ဖြစ်သည်လို့ ရေးထားသော်လည်း၊ သူ့ ဦးခေါင်းတွင် သွေးထွက်သံယိုမှု မရှိပါ၊ သူသည် သူများတွေလို ရုပ်ပျက်ဆင်းပျက် မဖြစ်သွားပါ၊ ဘယ်ဘက် လက်ဖျံ တစ်ခုလုံး ကြေမွသွားခဲ့သည်လို့ ဆိုထားပါသည်၊ ကြေမွသွားသော လက်၏ လက်ချောင်းလေးများ ဘာမှ မဖြစ်ပါ၊ ထိုလက်ချောင်လေးများက ဖုန်းတစ်လုံးကို ဆုပ်ကိုင်ထားသည်လို့ ရေးထားသည်၊ နောက်ပြီး တွေ့ရှိချိန်တွင် ကျောက်တုံးများက လက်တွေကို ပိနေ၍ ဖုန်းပြောဆိုနိုင်လိမ့်မည် မဟုတ်၊ သို့သော် ဖုန်းခေါ်ဆိုမှုများကို ဖုန်း၏အချက်အလက်များတွင် တွေ့ရသည်လို့ မှတ်ချက်ရေးထားပါသည်၊ ဆိုင်ပွန်နိုင်ငံနှင့် သူ့ကုမ္ပဏီမှ ပေးမည်ဆိုသော လျှော်ကြေးနှင့် အာမခံငွေတွေသည် ကျမ တစ်သက်တာအတွက် လုံလောက် နိုင်ပါသည်၊
တကယ်တော့ သူတို့၏ အစီရင်ခံစာတွေ၊ မှတ်ချက်တွေ၊ ခုံရုံးစစ်ဆေးတာတွေ လျှော်ကြေးတွေ ကျမ ဂရုမစိုက်တော့ပါ၊ သေဆုံးနေပြီ ဖုန်းဆက်သွယ်ခဲ့သေးသည် ဆိုသော် ဆေးပညာနဲ့ တယ်လီဆက်သွယ်ရေး ပညာတို့၏ အငြင်းပွားမှု အဖြေကိုလည်း ကျမ ဂရုမစိုက်တော့ပါ၊
ကျမအတွက် သေချာသည်က သူ ကျမကို ဖုန်းခေါ်ခဲ့ပါသည်၊ ခရီးထွက်ပြီး လေးရက်အကြာ ရှာဖွေချိန် ၂၄နာရီမှာ သူကို ရှာဖွေတွေ့ရှိခဲ့ပါသည်၊ သူသည် ကျမဘဝတွင် ကတိအတည်ဆုံး လူသား တစ်ဦးပါ။
 
သူ၏ ဈာပနကို အကျဉ်းချုံးသာ ကျမ ပြုလုပ်ခဲ့သည်၊ မြန်မာပြည်မှ ဆွေမျိုးတစ်ချို့ လာပါသည်၊ အစည်ကားဆုံးကတော့ ဘုန်းကြီးဆွမ်းကပ်သည် အချိန်ဖြစ်ပါသည်၊ ကျမနဲ့ မသိသော မြန်မာ မိသားစုများလည်း လာကြပါသည်၊ သူ့ကုမ္ပဏီမှ ဟယ်လင်နှင့်တကွ အကြီးဆုံးလူကြီးများ၊ ဝန်ထမ်းတော်တော်များများ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန လူမှုရေးဝန်ကြီး ဌာန တို့မှ သူများ၊ ဆိုင်ပွန်နိုင်ငံ သံအမတ်ကြီးနှင့် ဒီနိုင်ငံရဲ့ အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့မှ သူများနဲ့ ကျမတို့ ရပ်ကွက်ရဲ့ လူမှုရေးရိပ်သာလေး ပြည့်ကျပ်လို့နေပါသည်၊ ကျမကတော့ ဖုန်းလေးကို ဆုပ်ကိုင်ရင်း ဆရာတော် ဘုန်းကြီးဟောသော တရားများကိုယ်သာ အာရုံစိုက်နေမိပါသည်။
 
 ------------------------------------------------------------------
 
ဒီနိုင်ငံရဲ့ ကုန်တိုက် တစ်ခုမှာ ဖုန်းတစ်လုံးကို အမြဲတမ်း လက်ကကိုင်ထားသော မြန်မာ အမျိုးသမီး တစ်ဦး အလုပ်လုပ်နေသည်ကို တွေ့ရှိနိုင်ပါသည်၊
တစ်ခါတစ်လေ တစ်ချို့က အစ်မရယ် ဖုန်းကြီးကိုင်ပြီး အလုပ်လုပ်နေတာ မခက်ခဲဘူးလားလို့ မေးတတ်ပါသည်၊ ကျမက ဖုန်းကို ကိုင်ချင်လို့ ကိုင်နေတာ မဟုတ်ဘူး လို့ ပြန်ဖြေလေ့ရှိပါသည်၊
သေချာသည်က ထိုမေးသောသူ တို့သည် ဒီပတ်ဝန်းကျင်က မဟုတ်တာ အမှန်ပင်ဖြစ်ပါသည်။




 
ပြီးပါပြီ
sosegado

15 comments:

Anonymous said...

ကိုဆိုစီ ရေ

ဖတ်ပြီး ခံစားရတယ် ... ကျေးဇူး

ခင်မင်တဲ့
ရွှေစင်ဦး

Ko Boyz said...

ခံစားရတယ်။
ကိုယ်လဲ ကိုယ်ခေါ်လိုက်ရင် အမြဲတမ်း ကိုင်စေချင်တယ်။
ခက်တာက သူတို့ကို ဖုန်းကို ဆိုင်းလန့် လုပ်တာများတယ်။
:(

Vista said...

:( touching

လသာည said...

တကယ်ကောင်းတယ်.. ရင်ထဲမှာ ခံစားသွားရတယ်

ညီလင်းသစ် said...

စိတ်ဝင်စားဖို့ ကောင်းသလို စိတ်မကောင်းလည်း ဖြစ်စရာပါ၊ တယ်လီဖုန်းတစ်လုံးရဲ့ အရေးပါမှုကိုလည်း တွေးမိသွားတယ်...။

သက်ဝေ said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ...း(

Anonymous said...

ဒီနိုင်ငံမှာ ကျမယောက်ျားတာ အဲလိုဖြစ်ခဲ့ရင် ကျမလည်း....
အို ဘယ်သူမှ ဘာမှ မဖြစ်ပါစေနဲ့

Anonymous said...

ဖတ်ပြီး တမျိုးလေး ခံစားလိုက်ရပါတယ်..
အဲလို ဖြစ်မယ်လို့ သိနေပေမယ့် နောက်ဆုံးမှာ အသက်ရှင်လျှက်များ ပြန်တွေ့မလားလို့ မျှော်လင့်မိသေးတယ်..

သိင်္ဂါကျော်

မြသွေးနီ said...

စိတ်ထဲနင့်ကျန်ခဲ့တယ်။
လက်ကိုင်ဖုန်းကိုင်ထားပြီး ခေါ်လို့ ပြန်မထူးရင် စိုးရိမ်လာတတ်တဲ့စိတ်က ဒီပို့စ်ဖတ်ပြီး ပိုတိုးလာတော့မယ် ထင်တယ်။
အင်း... ဖုန်းမခေါ်နိုင်တော့တဲ့အချိန်ရောက်မှ ဖုန်းမျှော်နေမိတာထက်စာရင်
ဖုန်းခေါ်လျှင်ခေါ်ချင်း ဖုန်းကိုင်ကြဖို့လိုတယ်...

ဟန်ကြည် said...

ဖတ်ရင်းဖတ်ရင်းနဲ့ ငလျင်တွေအကြောင်း တိုက်တွေထဲမှာ ပိတ်မိနေတဲ့ လူတွေအကြောင်း...ကြည့်ဖူးတဲ့ Ladder 49 ဆိုတဲ့ ဇာတ်ကားအကြောင်း မီးခိုးကြွက်လျှောက် တွေးလိုက်မိတယ်...ရင်ထဲမှာ တမျိုးကြီးဗျာ...

San Htun said...

ဖုန်းတခြား လူတခြား ဖြစ်နေတတ်တာ..ခုပို့ စ်လေး ဖတ်ရတော့ ဖုန်းရဲ့ အရေးပါပုံကို သတိထားမိသွားတယ်...စိတ်ဝင်စားဖို့ ကောင်းသလို ဟတ်ထိတယ်...

rose of sharon said...

ခံစားရတယ်ကွယ်... အရမ်းကောင်းတဲ့ဇာတ်လမ်းလေး

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ တည်ငြိမ်အေး ရေ---
စင်္ကာပူနိုင်ငံကြီးကိုစရောက်စတုန်းကတော့ ပေဂျာတွေတစ်
ခေတ်ပြီးရင်တယ်လီဖုန်းတွေပေါ်လာတယ်-ပေါ်ကာစက
တော့ ဖုန်းကလေးနဲ့ စကားပြောရတာအရမ်းဟုတ်တယ်
ကိုယ့်ကိုကိုယ်ထင်နေမိတယ်လေ။ အခုတော့ဖုန်းကိုသိပ့်
မကိုင်ချင်တော့ဘူး။ နားတွေအူလာသလိုဘဲ။ မအားတဲ့ 
အချိန်မှာဖုန်းလာရင်လည်းစိတ်တိုတက်တယ်။ မိတ်ဆွေ
အမတစ်ယောက်ဆိုယနေ့ အထိဖုန်းတစ်လုံးမှဝယ်မကိုင်ဘူးဗျာ-အေးရော-ဒီပို့ စ်ထဲကမိန်းကလေးကတော့သူခမြာ
ဖုန်းကိုမကိုင်ချင်ဘဲကိုင်ထားရရှာတယ်။ တစ်ချိန်ချိန်ဆို
တဲ့ မျှော်လင့်ချက်ကလေးနဲ့ အသက်ရှင်နေထိုင်နေတာ
ပေါ့လေ။ တကယ့်အဖြစ်အပျက်တွေလို့ ထင်ပါတယ်

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ တည်ငြိမ်အေး ရေ---
စင်္ကာပူနိုင်ငံကြီးကိုစရောက်စတုန်းကတော့ ပေဂျာတွေတစ်
ခေတ်ပြီးရင်တယ်လီဖုန်းတွေပေါ်လာတယ်-ပေါ်ကာစက
တော့ ဖုန်းကလေးနဲ့ စကားပြောရတာအရမ်းဟုတ်တယ်
ကိုယ့်ကိုကိုယ်ထင်နေမိတယ်လေ။ အခုတော့ဖုန်းကိုသိပ့်
မကိုင်ချင်တော့ဘူး။ နားတွေအူလာသလိုဘဲ။ မအားတဲ့ 
အချိန်မှာဖုန်းလာရင်လည်းစိတ်တိုတက်တယ်။ မိတ်ဆွေ
အမတစ်ယောက်ဆိုယနေ့ အထိဖုန်းတစ်လုံးမှဝယ်မကိုင်ဘူးဗျာ-အေးရော-ဒီပို့ စ်ထဲကမိန်းကလေးကတော့သူခမြာ
ဖုန်းကိုမကိုင်ချင်ဘဲကိုင်ထားရရှာတယ်။ တစ်ချိန်ချိန်ဆို
တဲ့ မျှော်လင့်ချက်ကလေးနဲ့ အသက်ရှင်နေထိုင်နေတာ
ပေါ့လေ။ တကယ့်အဖြစ်အပျက်တွေလို့ ထင်ပါတယ်

blackroze said...

ဖုန်းမြည်တာနဲ့ချက်ချင်း ကိုင်တတ်တဲ့
အကျင့်လုပ်ရမယ်ထင်တယ်
အကိုဆိုစီရေ