Tuesday, August 23, 2011
ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောကျ်ားမဟုတ်ဘူး (၄)
သမီးကျောင်းပို့၊ အလုပ်သွား၊ အလုပ်ပြန်၊ သမီးကျောင်းကြို၊ ပုံမှန်အိမ်မှုကိစ္စများကို လုပ်နေရင်းနဲ့ပင်၊ ခုတစ်လော စိတ်မရှည်မှုတွေများလာသည်၊ အလုပ်ထဲတွင်လည်း မှားလုပ်မိသော အလုပ်များလည်း များလာသည်၊ မှားလုပ်မိသော စာရွက်စာတမ်းများကို စက်ထဲချေမပစ်ပဲ၊ တစ်စစီဆုတ်နေမိသည်၊ ကိုယ်ဟာကို မှားနေမှန်းသိ၍ ပြန်လုပ်နိုင်ခဲ့သဖြင့်တော်သေးသည်၊ 
အလိုလိုနေရင်း ဒေါသဖြစ်လိုက်၊ တစ်ခါတစ်ခါ စိတ်အားငယ်လိုက်နဲ့၊ ဘာကိုဒေါသဖြစ် ဘာကိုစိတ်အားငယ်နေမှန်း မသိတော့ပါ။ 
ဆရာဝန်နဲ့ပြဘို့ကြံမိပါသည်၊ စိတ်ငြိမ်ရင်ပြီးရောဆိုပြီး face book ဖွင့် blogging လုပ်မိသော တစ်ချို့ညတွေ မိုးလင်းခါနီးမှ အိပ်ဖြစ်သဖြင့် မနက်မနည်းကြိုးစားပမ်းစားထယူရသော အကြိမ်တွေလဲမနည်းတော့၊ တစ်ခါတစ်လေ သမီးလေးကို ငေါက်ငမ်းမိသည်၊ ဒီမှာ အမေအိမ်အလုပ်တွေမပြီးဘူးဆိုတာမသိဘူးလား၊ အိမ်ရှေ့သွားနေ အမေလာခဲ့မယ်၊ စသဖြင့်ပေါ့လေ၊ သမီးလေးက ထိုအခါမျိုးတွင်ကျမကို သေချာကြည့်နေတတ်ပြီး၊ ‘May May.. Are you OK’ လို့ဆိုလိုက်တော့ ကျမဒေါသတွေ ခဏပျောက်ကွယ်သွားရပါသည်၊ သမီးလေးကိုထွေးပွေ့လိုက်ရင်း မေမေဒါလေးပြီးအောင်လုပ်ပြီး သမီးဆီလာခဲ့ပါမယ်၊ လိမ်မာတယ်နော်သမီးလို့ ပြောလွတ်လိုက်ရပါသည်၊ သမီးလေးရဲ့အမြင်မှာ ကျမတစ်ခုခုဖြစ်နေပြီလား၊ စိတ်ထဲမှာတော့ သမီး PSLE စာမေးပွဲ ဖြေရမဲ့နှစ် အမေ အလုပ်ထွက်ပါမယ်၊ အမေ့အတွက် သမီးလေးဟာအဓိကပါကွယ်လို့ ပြောနေမိသည်။ 
အလိုလိုနေရင်း မျက်နှာမြင်လိုက်လျှင် ကျမ မကျေမချမ်းဖြစ်ရသူကတော့ ကျမယောကျ်ားဆိုသူကိုပါပဲ၊ 
ကျမတို့ စကားသိပ်မပြောဖြစ်ကြပါ၊ လိုအပ်သည်များကိုသာ ပြောဖြစ်ကြသည်၊ သူ့မျက်နှာမြင်ရလျှင် ဒေါသဖြစ်လာသလိုလို၊ တစ်စုံတစ်ခုကို ပေါက်ပစ်လိုက်ချင်စိတ်၊ ခွဲပစ်လိုက်ချင်စိတ်တွေဖြစ်လို့နေတတ်သည်၊ ဒီအတွက် သူနဲ့မျက်နှာချင်းဆိုင်တွေ့ဘို့ ကျမရှောင်ပါသည်၊ စျေးဝယ်ရင်လိုအပ်သည်ထက် ပိုကြာလာသည်၊ တကယ်တော့ ဘာဝယ်ရမှန်းမသိ ပတ်နေမိခြင်းသာဖြစ်သည်၊ အိမ်အလုပ်တွေများများလုပ်ပစ်လိုက်သည်၊ ဒါကိုပဲ အလိုက်မသိ အလုပ်တွေများနေလား ဘာလုပ်ပေးရမလဲ လာ၍မေးသေးသည်၊ ရန်မဖြစ်ချင်၍ ကလေးကိုစာပြနေလိုက်ပါလို့ပြောပြီး ရှောင်ခဲ့ရသည်၊ တစ်ခါတစ်လေ Informatics ကျောင်းမှာတရားပွဲသွားဖို့ခေါ်သည် အိမ်အလုပ်မပြီးရတဲ့အထဲ အလိုက်မသိပေ နည်းနည်းငြူစူလိုက်မှ သမီးကိုပါခေါ်ကာ တရားပွဲထွက်သွားသည်၊ ကျမအရွယ်က တရားပွဲသွားရမဲ့အရွယ်လား သူ မစဉ်းစားပေ၊ တရားပွဲတွင် သမီးကိုဘယ်လိုထိန်းမလည်း ကျမစဉ်းစားမိပါသည်၊ အချိန်တန်တော့ အဖေနှင့်သမီးတို့ပြန်ရောက်လာသည်၊ သမီးထံမှ ဘာကွန်ပလိမ်းမှ မကြားရပါ၊ အဖေနှင့်ဆို ဘာမှာ ဂျီမကြတဲ့သမီးလို့ စိတ်ထဲကပြောနေမိသည်။ 
………………………………………………………………………..
ကျမလေးစားရသော မန်နေဂျာတစ်ယောက် ရုံးမှာသူအဆင်မပြေတဲ့အကြောင်းရင်ဖွင့်လာခဲ့သည်၊ ကျမအံ့အားသင့်ရပါသည် အလုပ်ကြိုးစားသူ စိတ်ပါလက်ပါလုပ်တတ်သူတစ်ယောက် ဘာလို့အဆင်မပြေဖြစ်တာပါလိမ့်၊ အသက်လေးဆယ်ကျော် ငါးဆယ်နီးတွေဆို အလုပ်ရှင်တွေက သိပ်ခိုင်းမကောင်းတော့ဘူးထင်၍ အမြဲကြည့်နေတတ်သလို၊ နောက်ဝင်လာသည့် လူငယ် လူသစ်တွေရဲ့ အတိုက်အခိုက်လည်း ခံရလေ့ရှိသည်၊ မနေတတ်မထိုင်တတ်လျှင် ပြဿနာတွေဖြစ်လာမည် အခက်အခဲတွေကြုံလာရတတ်သည်ဟု ပြောပြသည်၊ ငါနောင်နှစ်ဆို အသက်ငါးဆယ်ပြည့်တော့မယ််၊ ဒီနိုင်ငံမှာ အသက်လေးဆယ်ကျော်လာရင် အလုပ်မြဲဘို့သတိထားရသည်၊ office politic ကိုသူကရှင်းပြတော့ ကျမပို၍ရှုပ်ထွေးသွားရသည်၊ ဒီအတွက် တစ်ချို့ဝါရင့်သမားများသည် ကိုယ်အလုပ်မြဲရေးအတွက် နောက်လူကို မသင်ပေးမှုများရှိလာတတ်တယ်၊ သူဌေးတွေကလည်း လူသစ်အမြင်သစ် စျေးနည်းနည်းသက်သာတာကိုပဲ လိုချင်ကြသည်မဟုတ်လား၊ သူ့အတွက်တော့ ကိစ္စမရှိ Professional Pharmacist ဖြစ်နေ၍ အလုပ်ပေါပါသည်ဆိုသည်၊ politic ဆိုတာ ဘယ်မှာပဲဖြစ်ဖြစ် မကောင်းကြပါလားလို့ ကျမကောက်ချက်ချမိသည်။ 
ဒီအကြောင်းတွေစဉ်းစားမိတော့ သမီးရဲ့အဖေကို သတိရလိုက်သည်၊ သူလည်း အသက်လေးဆယ်ကျော်သွားပါပြီ၊ အလုပ်တွင်ရင်ဆိုင်နေရတာကို ကျမကိုဖွင့်မပြောပဲနေတာဖြစ်ပါလိမ့်မည်၊ ကျမဘက်ကလည်း ဘယ်နှစ်ခါ စိတ်ဝင်တစားမေးမြန်းခဲ့ဘူးလို့လဲ၊ နောက်ပြီးသူက နိုင်ငံခြားသားဖြစ်နေတော့ ကျမမန်နေဂျာထက်ပင်ပိုဆိုးနိုင်သည်၊ ဒါမှမဟုတ် သူဌေးတွေက စျေးပေါအလုပ်ပြီးတာပဲလိုချင်လျှင်တော့ သူအလုပ်မြဲနေပါဦးမည်၊ ခုမှကျမစိုးရိမ်စိတ်ဝင်လာမိသည်၊ တကယ်လို့ သူအလုပ်အဆင်မပြေ ဖြစ်သွားခဲ့လျှင် ဘယ်လိုလုပ်ကြမလဲ အလုပ်ပြောင်းလုပ်သည်ထားဦး ကြားထဲမှာ ကသီလင်တဖြစ်ဦးမည်၊ ဒီနိုင်ငံရဲ့ ပေါ်လစီတွေက အမြဲပြောင်းလဲလေ့ရှိသည်၊ ကျမအတွက်ပထမဦးဆုံးအကြိမ် သူ၏အရေးပါမှုကို စဉ်းစားမိခြင်းဖြစ်ပါသည်၊ သူများတွေနဲ့တော့ တူလိမ့်မည်မဟုတ်ပါ၊ ကျမနှင့်သမီးလေးက ဒီနိုင်ငံခြားတိုင်းပြည်မှာ သူ့ရဲ့မှီခိုသူတွေမဟုတ်ပါလား၊ အမြဲတမ်းနေထိုင်ခွင့်ပဲ ရနေပါစေ၊ ဘယ်လိုပဲနေထိုင်နေပါစေ၊ တစ်စုံတစ်ရာသော အပြောင်းအလဲများ မထင်မှတ်သော အဖြစ်အပျက်များက အချိန်မရွေး ဒီနိုင်ငံက ထွက်သွားစေနိုင်သည် မဟုတ်ပါလား။ 
ကျမသူငယ်ချင်း ယမင်းတို့ မိသားစု အမေရိကားကို ပြောင်းမည်ဆို၍၊ အိမ်ပစ္စည်းကူသိမ်းပေးရန် ကျမယမင်းတို့အိမ်သို့ထွက်လာခဲ့သည်၊ Bus ကားပေါ်မှာ ကျမဘေးနားက ဆယ်ကျော်သက်ကောင်လေးနှစ်ယောက် ပြောနေတာကြားရတော့ ကျမ သက်ပြင်းတွေအကြိမ်ကြိမ်ချမိသည်၊ ပထမဦးဆုံးတော့ ဒီကလေးနှစ်ယောက်ကို မလေးလူမျိုးတွေလို့ပဲထင်လိုက်မိသည်၊ သူတို့ပြောနေတာကြားလိုက်ရမှ မြန်မာလေးတွေဖြစ်ကြောင်းသိလိုက်ရသည်၊ တကယ်တော့ သူတို့နှစ်ယောက်အင်္ဂလိပ်လိုပြောနေကြခြင်းဖြစ်သည်၊ ငါအဖေဒီအဖိုးကြီးကို ငါမကြိုက်ဘူး အိမ်ပြန်လာရင် ငါတို့ကိုဆူဘို့ပဲသိတယ်၊ အဖိုးကြီးကအလုပ်၆ရက်လုပ်တယ်၊ တစ်ခါလုံးအလုပ်ကြီးပဲ လုပ်နေပြီး အပြင်မှာဘာဖြစ်နေလဲသိတာမဟုတ်ဘူး၊ ငါအစ်ကို ITE စက်မှုအထက်တန်းကျောင်းပဲတက်ရတယ်၊ အဲဒါကိုအပြစ်ပြောလို့မဆုံးဘူး၊ စာကြိုးစား စာလုပ် ဒါချည်းပဲပြောနေတာ ဘယ်လိုကြိုးစား ဘယ်လိုလုပ် ပြောတတ်တာလည်းမဟုတ်ဘူး၊ ဒါကြောင့်တစ်ခါတစ်လေ ခက်တာတွေ ငါတမင်သွားမေးကြည့်တယ် သူမဖြေနိုင်ဘူး၊ အဖိုးကြီးကို ငါကြိတ်ရယ်လိုက်တယ်၊ တစ်ခါတစ်လေ ငါ့အစ်ကိုနဲ့ငါ အင်္ဂလိပ်လိုပြော ဒါမှာမဟုတ် တရုတ်လိုပြောရင် အဖိုးကြီးရော အဖွားကြီးရော နားမလည်ဘူး၊ အဖွားကြီးဆိုပိုဆိုးတာပေါ့၊ ဟိုနေ့က ငါ့အစ်ကို သူ part time လုပ်တဲ့ပိုက်ဆံနှင့် iphone ဝယ်လာတာကိုဆူလို့ကို မပြီးဘူး၊ iphone များလူတိုင်းကိုင်နေတာ၊ ငါအစ်ကိုများ အဆူခံနေတာ၊ ငါသာဆို အိမ်ပေါ်ကဆင်းသွားပြီ၊ ငါလဲငါ့အစ်ကိုကို အဖိုးကြီးနှင့် အဖွားကြီး မသိအောင် တရုတ်လိုလှမ်းပြောလိုက်တယ်၊ သူမကိုင်နိုင်လို့ မနာလိုဖြစ်တာနေမှာပေါ့လို့၊…………. 
ကျန်ကောင်လေးတစ်ယောက်ကလည်း အိမ်မှာ ငါလည်းဒီလိုပဲ စာကျက်ရင်းနဲ့ ငါနဲ့ငါ့ညီမ ရုပ်ရှင်အကြောင်း၊ တီဗွီအကြောင်း ကိုရီးယားဇာတ်လမ်းတွေ ဂိမ်းတွေအကြောင်း၊ ကျောင်းက ကောင်လေး ကောင်မလေးတွေအကြောင်း တရုတ်လိုပြောကြတယ် သူတို့ကတော့ စာဆွေးနွေးနေတာပဲထင်နေတာ၊ ရယ်ရတယ်ကွာ……………. 
ကျမရင်ထဲမှာ တစ်မျိုးကြီးသော ခံစားမှုတစ်မျိုးဝင်ရောက်လာသည်၊ တကယ်တော့ ဒီကလေးတွေကျမနဲ့ ဘာမှမဆိုင်ပါ၊ သူတို့ပုံစံ သူတို့လမ်းကြောင်းသွားမှာပဲဖြစ်သည်၊ ဒါပေမဲ့ တစ်ခုခုကိုဆုံးရှုံးလိုက်ရသလို စိတ်မချမ်းသာမှုတစ်ခုကို ကျမခံစားလိုက်မိသည်၊ နောက်ပြီး နိုင်ငံခြားရောက်မှ ညံ့သွားတဲ့ ကျမအတွက် သမီးလေးကြီးလာရင် ဘယ်လိုလဲဆိုတဲ့ အတွေးတွေ ဝင်လာခဲ့မိသည်၊ ကျမ သမီးရဲ့အဖေ ပြောခဲ့တာကို သတိရလိုက်မိသည်၊ “ဖေဖေ မေမေလို့ မြန်မာလိုခေါ်တတ်တာနဲ့ မင်းအတွက်လုံလောက်သွားပြီလား၊” ဆိုတာကိုပင်ဖြစ်သည်၊ ကျမပထမဦးဆုံးအကြိမ် သူပြောခဲ့တဲ့ စကားတစ်ခွန်းရဲ့ အလေးအနက်ကို စဉ်းစားမိခြင်းဖြစ်ပါသည်။ 
………………………………………………………………………..
ကျမ မနက်စောစောထမိတဲ့အချိန်မှာ ခေါင်းတအားမှုးကိုက်နေ၍ ခဏပြန်လှဲအိပ်လိုက်သည်၊ မနေ့က ယမင်းတို့အိမ်ကအပြန် မိုးမိသည် နည်းနည်းလည်းပင်ပန်းသွားသည်လည်းပါမည်၊ ကျမတော့ဖျားနေပြီဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်သည်၊ အဖျားတိုင်ကိုယူပြီးတိုင်းကြည့်လိုက်သည် အဖျားရှိ၍နေပြီ၊ နိူကိုလီတစ်လုံးသောက်လိုက်ပြီး ဆက်၍အိပ်နေလိုက်မိသည်၊ ခဏနေကြာသမီးနှင့်သူ့အဖေ နိုးလာသည်ကိုသိနေသည်၊ သူတို့ပြောနေတာကို မကြားတစ်ချက်ကြားတစ်ချက်ပါ၊ မေမေ နေမကောင်းဘူးဟုတ်လားဖေဖေ၊ ဟုတ်တယ် သမီးအမေနေမကောင်းဘူး ဖေဖေဒီနေ့ကျောင်းလိုက်ပို့မယ်……စကားသံတွေကိုကြားပြီး ကျမအိပ်ပျော်သွားသည်ထင်သည်။ 
ကျမမြေအောက်လမ်းထဲမှာရောက်နေပြီး အပြင်သို့ထွက်ရန်ကြိုးစားနေမိသည်၊ ပြေးလည်းပြေးနေမိသည်၊ ဘယ်သူတွေက ကျမနောက်ကိုလိုက်နေမှန်းမသိပါ၊ ပြေးရင်းပြေးရင်းမောလာသည် ထွက်ပေါက်ကရှာမတွေ့ပေ၊ မောလွန်းလို့လဲကျသွားမလောက်ဖြစ်ရသည် အားတင်းပြီးကျမပြန်ပြေးပြန်သည်၊ တစ်နေရာမှာတော့ နေရဲ့အလင်းရောင်ကိုတွေ့၍ တအားပြေးမိပြီးအပေါ်တက်ဖို့ကြိုးစားလိုက်သည် ကျမမောပြီးမခံနိုင်ပဲ ဘေးကချောက်ထဲကျသွားသည်၊ လုပ်မိလုပ်ရာ လှမ်းဆွဲလိုက်တော့၊ ကျမလက်တစ်ဖက်ကိုဆုပ်ကိုင်မိသည်၊ ပါးစပ်ကလည်း ကျမကိုလွတ်မချလိုက်ပါနဲ့ လွတ်မချလိုက်ပါနဲ့လို့ လည်း အော်နေမိသည်။ ဒါအဖေကြီးရဲ့လက်ပဲ ကျမ မလွတ်တမ်းဆုပ်ကိုင်ထားမိသည်၊ အောက်သို့ဆက်မကျစေရန်ဖြစ်သည်။ 
‘အမေကြီး’ ‘အမေကြီး’ ဆိုပြီးခေါ်နေသော သမီးလေးအဖေရဲ့ခေါ်သံကိုကြားမိသည်၊ မျက်စိဖွင့်လိုက်တော့ အလင်းရောင်တန်းစူးကနဲ ဝင်လာသဖြင့် ပြန်ပိတ်လိုက်မိသည်၊ ဖြေးဖြေးခြင်းပြန်ဖွင့်လိုက်တော့ သမီးလေးရဲ့အဖေ မျက်နှာကိုမြင်လိုက်ရသည်၊ ကျမရဲ့လက်နှစ်ဘက်စလုံးက သူ့လက်တစ်ဘက်ကို ဆုပ်ကိုင်ထားသည်ကို သတိထားမိသည်၊ 
‘နိုးလာပြီးလား အမေကြီး၊ အိမ်မက်မက်ပြီး ဗလုံးဗထွေးအော်နေလို့ နိူးလိုက်တာ၊’ ‘ဒီမှာ ရေလေးသောက်လိုက်’ အေးမြသော ရေရဲ့အရသာကိုခံစားလိုက်ရသည်၊ သူ ကျမကိုရေပတ်တိုက်ပေးနေခဲ့သည်ကိုသိလိုက်ရသည်၊ ကျမအဖျားကြီးပြီးအိပ်ပျော်အိမ်မက် မက်နေရာမှ ပြန်နိုးလာခြင်းဖြစ်သည်၊ အမေကြီးအဖျားတက်နေလို့ အဖေကြီးဒီနေ့အလုပ်မသွားဘူး၊ ခဏနားပြီးရင်ဆေးခန်းသွားပြရအောင်၊ အိမ်နားကဆေးခန်းကိုပဲ သွားပြဖြစ်ပြီး အိမ်မှာပြန်နားဖြစ်သည်၊ ဆေးခန်းရောက်တော့ အဖျားသိပ်မရှိတော့ ပန်းဖျားဖြစ်ဖို့များသည်ဟု သူကဆိုသည်၊ ကျမနားနေတုန်းမှာ သူသည် ကလေးကိုကြိုရန်ထွက်သွားသည်၊ ကျမရုံးကိုလည်း မနက်ကသူဖုန်းဆက် အကြောင်းကြားထားကြောင်း သိရသည်၊ ကျမဘဝမှာ သူရဲ့ပြုစုတာကို ပထမဦးဆုံးအကြိမ် ခံရဖူးခြင်းဖြစ်ပါသည်။ 
သမီးကျောင်းကရောက်ရောက်ချင်း ကျမဆီတန်းလာပြီး မေမေနေကောင်းလား၊ နေကောင်းသွားပြီမဟုတ်လား မေးလာသည်၊ ကျမကခေါင်းငြိမ့်ပြလိုက်တော့၊ သမီးကကျောင်းမှာလည်း မေမေနေကောင်းအောင်ဆုတောင်းနေတာ၊ ဒီအချိန်မှာ အဖေကြီးရောက်လာပြီး ကျမကိုဆေးသောက်ဖို့လာပြောသည်၊ ကျမဆေးသောက်နေတဲ့ အချိန်မှာတော့ သမီးလေးကနောက်က ‘မေမေ ဘုရားဆေး၊ တရားဆေး၊ သံဃာဆေး ပျောက်ပျောက်’ လို့ဆုတောင်းတာကြားလိုက်ရတော့ ကျမအံ့သြမိသည်၊ သမီးလေးဘယ်လိုသိလည်းလို့မေးတော့ ဖေဖေဆီကသိတယ်လို့ပြောသည်၊ ပြီးနောက်သမီးလေးက ကျမကိုဘုရားခန်းထဲခေါ်လာခဲ့သည်၊ သမီးလေးက မေမေအတွက်ဆုတောင်းပေးမယ် ဒီမှာထိုင်ကြည့်ဆိုပြီး “ဗုဒ္ဓံပူဇေမိပါဘုရား၊ ဓမ္မံပူဇေမိပါဘုရား၊ သံဃာပူဇေမိပါဘုရား၊” “သမီးအမေ နေမကောင်းတာပျောက်ကင်းပါစေဘုရား” ဆိုပြီး ဘုရားကို ဦးသုံးကြိမ်ချ ရှစ်ခိုးနေသည်ကို တွေ့ရသည်၊ ကျမ ထပ်အံ့သြမိသည်၊ အဖေကြီးက သင်တတ်တာပဲလို့ စိတ်ထဲကမှတ်လိုက်သည်၊ 
သမီးဆုတောင်းလိုက်ပြီမေမေ မေမေနေကာင်းသွားပြီမဟုတ်လား၊ 
ဟုတ်တယ်သမီး မေမေလုံးဝနေကောင်းသွားပြီ၊ ကျမဘဝတွင်မထင်မှတ်သော ဝမ်းသာကြည်နူးမှုတစ်ခုကို ခံစားလိုက်မိသည်၊ ပီတိနဲ့ယှဉ်သော ဝမ်းသာမှုမျိုးဖြစ်ပါသည်။ 
သမီးလေးကို ကျမ ပွေ့နမ်းမိလိုက်သည်၊ ချစ်လိုက်ရတာ သမီးရယ်၊ 
သမီးလေးက ကျမကိုကြည့်ပြီး၊ 
သဝေထိုးမရေး မေ၊ သဝေထိုးမရေး မေ၊ မေမေ၊ 
သရေးနောက်ပစ် သဲ၊ သရေးနောက်ပစ် သဲ၊ သဲသဲ၊ လို့ဆိုပြီး ပုံကလေးထုတ်ပြသည်၊ 
ပုံထဲမှာတော့ အမေနှင့်ကလေးပုံကို သမီးဆွဲထားပြီး နှစ်ယောက်ကြားမှာ အသဲပုံကြီးဆွဲထားသည်၊ အမေပုံအောက်မှာ မေမေလို့ မြန်မာလိုရေးထားပြီး၊ ကလေးပုံအောက်မှာ သဲသဲလို့ဆိုပြီးရေးထားသည်၊ 
ကျမ အံ့သြမှုတွေပို၍ပို၍ ထပ်၍ထပ်၍ ဖြစ်နေရသည်၊ သမီးလေးမြန်မာစာတတ်နေသည်၊ စနေ တနင်္ဂနွေများတွင် သမီးကိုထိန်းရသောအဖေကြီးသည် သမီးကိုထိန်းရင်းနဲ့ စာတွေပါသင်ပေးခဲ့သည်ပါလား၊ 
မေမေဒီမှာလာကြည့် သမီးလေးသည်ကျမကို သူ့အဖေကွန်ပြူတာဆီခေါ်သွားသည်၊ အဖေကြီးသည် သူ့ကွန်ပြူတာကို သမီးကိုသုံးခွင့်ပေးထားသည်၊ သမီးလေးသည် ကွန်ပြူတာကို သူ့ကွန်ပြူတာအလား တစ်ခုပြီးတစ်ခုဖွင့်ချသည်၊ နောက်ဆုံး program တစ်ခုကိုဖွင့်ပြသည်၊ 
ကကြီးရေးက၊ ကကြီးရေးချ ကာ၊ ခခွေးရေးခ ခခွေးရေးချ ခါ၊ 
ဒီမှာထပ်ကြည့်ဦးမေမေ ဆိုပြီးနောက်ထပ်အထဲကိုဝင်ပြသည်၊ 
ဖိုးသာထူး ဖိုးသာထူး 
အလွန်ဝတဲ့ ဖိုးသာထူး၊ 
ဖိုသာထူးက ဗိုက်ပူပူ…. 
ဖိုးဝကြီးနဲ့တူ…………. 
အခြေခံမှုလတန်း မြန်မာစာ သင်ခန်းစာ program လေးပါပဲ၊ 
အဖေကြီးတစ်ယောက် ဒီsoftwareလေးကို ဘယ်ကရတာပါလိမ့်၊ ကျမတွေးမိသည်၊ တော်တော်လည်း တတ်နိုင်တဲ့အဖေ ကလေးကိုမြန်မာပီသစေချင်တယ်တဲ့လား။ 
သမီးလေးက ထပ်ပြီး၊ ဒီမှာကြည့်ဦးမေမေ ဆိုပြီး facebook ကိုဖွင့်လိုက်သည်၊ 
ကျမ 'ဟင်'ကနဲဖြစ်သွားရသည်၊ သမီးလေး facebook ဖွင့်တတ်ကြည့်တတ်ပါသလား၊ သူအဖေကလည်း auto on ထားပေးသည်၊ 
facebook တစ်ခုကိုဖွင့်လိုက်သည်၊ older post ကိုသွား၍၊ 
'ဒီကညီမလေးကိုကြည့် မေမေ' 
မြန်မာကလေးလေးတစ်ယောက်၊ မျက်မှန်နဲ့ကောင်မလေး၊ မှုလတန်း မြန်မာစာ သင်ခန်းစာတွေကို ရွတ်နေသည်၊ ကဗျာတွေကိုရွတ်နေသည်၊ ပြီးတော့ ၃၈ဖြာ မင်္ဂလာကိုရွတ်နေသည်၊ ‘ဒီညီမလေးက အမေရိကားကလေ မေမေ၊’ သမီးလေးကဆိုသည်၊ 
ဒီကလေးမလေးကို ကျမသိပါသည်၊ နယူးယောက်က အဖေကြီးသူငယ်ချင်းရဲ့ သမီးလေး၊ နယူးယောက်မှာမွေးတဲ့အမေရိကန်သူ မြန်မာမလေး၊ တော်လိုက်ကြတဲ့ ကလေးတွေ၊ အဲဒီ့သမီးလေးက အင်္ဂလိပ်လို ပုံပြောလည်းအရမ်းကောင်းသည်ဟုဆို၏၊ မြန်မာပုံပြင်တွေကို အင်္ဂလိပ်လိုပြန်ပြောလေ့ရှိသည်ဟု သိရသည်၊ မဟုတ်မှာလွဲရော အဖေကြီး သူ့သူငယ်ချင်းဆီက နည်းတွေရကြတာဖြစ်လိမ့်မည်၊ စိတ်ထဲမှာ တော်တော် တော်တဲ့အဖေတွေလို့ဆိုပြီး၊ ကျမပထမဦးဆုံးအကြိမ် ချီးကျူးမိလိုက်ပါသည်။ 
…………………………………………………………………..
ကျမနေကောင်းပျောက်သွားခဲ့ပါပြီ၊ 
စိတ်မကောင်းတာတွေလည်း ပျောက်သွားခဲ့ပါပြီ၊ 
လိုချင်တာတွေ ဖြစ်ချင်တာတွေကို လက်တွေ့နဲ့ကြည့်တတ်အောင် သမီးလေးနှင့်သူ့အဖေကသင်ပေးခဲ့ပါသည်။ 
စင်္ကာပူတွင် လုပ်သောတရားပွဲများကို ကျမတို့မိသားစုလိုက် တရားနာသွားဖြစ်ကြပါသည်၊ 
Co-existence, Harmony, Peaceful life ကို နေနိုင်ရန် Confession မှသည် Forbearance, Forgiveness နောက်ဆုံး Forgetness လုပ်နိုင်ရမယ်ဆိုတဲ့ သီတဂူဆရာတော်ဘုရားကြီး၏ တရားကိုနာခဲ့ရပါသည်။ 
ဒီကျောင်းရက်ရှည်ပိတ်ရက်မှာတော့ ကျမတို့မိသားစုလေး မြန်မာပြည်ကိုအလည်ပြန်ပါမည်၊ 
သမီးလေးက အဖိုးအဖွားများကို တွေ့ချင်သလို၊ အဖိုးအဖွားများကလည်း သမီးလေးကို တွေ့ချင်ပါလိမ့်မည်။ 
သမီးလေးပြောနေသော ရွေဘုရားကြီး (ရွေတိဂုံဘုရား)ကို သူကိုယ်တိုင်ဖူးရပါတော့မည်။ 
မိုးတွေတအားရွာနေတယ်၊ ရေတွေကြီးနေတယ်တဲ့၊ 
ဘယ်လိုပဲဖြစ်နေပါစေ ကျမတို့ကတော့ ဒီကျောင်းပိတ်ရက်ကို မြန်မာပြည်ကိုသွားကြမည်ဖြစ်ပါသည်၊ 
မြန်မာပြည်ဟာ ကျမတို့တိုင်းပြည်မဟုတ်ပါလား။ 
ပြောရဦးမယ် ခုကျမဘေးနားမှာ အိပ်နေတဲ့သူဟာ ကျမယောက်ျား မဟုတ်ပါဘူး၊ 
ကျမရဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါ။ 
နောက်ထပ်ပြောရဦးမယ်၊ ကျမသမီးလေးကြီးလာရင် 
ဘယ်သူပြောနိုင်မလဲ 
ဧရာဝတီကို ကယ်တင်မဲ့သူဆိုတာ 
ဟုတ်တယ် ကျမတို့က တကယ် ဘာမှ မလုပ်နိုင်ခဲ့ဘူးလေ မလုပ်နိုင်ကြဘူးလေ။ 
ပြီးပါပြီ။ 
............................................................. 
မှတ်ချက်၊ 
တစ်စုံတစ်ယောက်ရဲ့ အဖြစ်ကို၊ 
ကျနော်ခံစားရေးပေးလိုက်ပါသည်။ 
မှားခဲ့သည်ရှိသော် ကျနော်ည့ံ၍ ဖြစ်ပါသည်။ 
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ 
28 comments:
An Asian Tour Operator said...
ဆွတ်ပျံ့ ဖွယ် ဇာတ်လမ်းလေးပါဗျာ။ စောင့်ဖတ် နေခဲ့တာ။
Anonymous said...
အမေတွေက မတော်ဘူးလား?
ခင်
Anonymous said...
သိပ်ကိုကောင်းပါတယ် ကိုဆိုဆီ။ ဖြစ်နိုင်ရင်ဒီပိုစ့်လေးကိုဒီ့ထက်မက ပျံ့နှံ့စေချင်လိုက်တာ။
ခင်မင်စွာဖြင့်
အင်ကြင်းသန့်
seesein said...
သြ နောက်ဆုံးတော့ ဂလိုကိုးးးးးကောင်းတယ်ဗျာ
ခင်မင်တဲ့
seesein
သက်ဝေ said...
ကိုတည်ငြိမ်အေးရေ...
အစကနေ အဆုံး တခါထဲ လာဖတ်ပါတယ်...
စလုံးမှာ ရှိနေကြတဲ့ မိသားစုများရဲ့ စရိုက်တွေ ပေါ်လွင်အောင် စိတ်ရှည်လက်ရှည် သရုပ်ဖေါ်နိုင်တာ တကယ် လေးစား ချီးကျူးပါတယ်...။
ဇာတ်သိမ်းကိုလည်း နှစ်သက်ပါတယ်။
ဒီလိုပြဿနာမျိုး တွေ့ကြုံနေကြရတဲ့ မိသားစုတွေအားလုံး အခုလို လှပသာယာတဲ့ ဇာတ်သိမ်းခန်းတွေ ရကြပါစေလို့ ဆန္ဒပြုချင်ပါတယ်...။
SHWE ZIN U said...
တော်တော် တော် တဲ့ ကိုဆိုဆီ ဘဲ ကောင်းတယ်ဗျာ
ကျေးဇူး
Anonymous said...
မြန်မာစာ သင်ခန်းစာ program software ရှိပါလားဗျာ၊
ahphyulay said...
အင်း..
ဇာတ်ထဲ စီးမျောနေပြီး သံသယတွေ၊
အမုန်းတွေကင်းကင်းနဲ့  သိမ်းသွားတော့ မှ
အမောတွေ ပြေရတော့ တယ်။
အော် ...ယောင်္ကျားမဟုတ်ပဲ..၊ခင်ပွန်း
ကောင်းတစ်ယောက်ပဲကိုး..။
မုန်တိုင်းလဲ စဲ သွားပြီ။
ဇာတ်လမ်းလဲ စဲသွားပြီလေ..။
မစဲသေးတာက သည်ဇာတ်တိုတိုလေးက
ပေးခဲ့ တဲ့  တွေးစရာ.. ခံစားစရာတွေ....။
mr.high flyer said...
အလွန်လက်တွေ့ဆန်တဲ့အကြောင်းအရာလေးပဲဗျာ။ တကယ်ရှိမယ်ထင်တဲ့နိုင်ငံရပ်ခြားကမြန်မာဆန်တဲ့ဖခင်ကောင်းတယောက်ကိုလေးစားမိပါတယ်..
......ကျေးဇူး...ကိုဆိုဆီ
ချော(အစိမ်းရောင်လွင်ပြင်) said...
ပိုစ့်လေးဖတ်ပြီး ကျေနပ်ပီတိဖြစ်ရပါတယ် ကိုဆိုဆီ
ခေါင်းစဉ်ဖတ်ပြီး တစ်ခန်း ၂ခန်းရောက်လာပြီး အိမ်ထောင်ကွဲဇာတ်လမ်းဘဲဖြစ်မှာပါလို့ ထင်ထားခဲ့တာ
ခုလို မိသားစုနားလည်မှု ရသွားတဲ့ ဇာတ်သိမ်းလေးမို့ တကယ်ကို ကြည်နူးရပါတယ်။
အိမ်ထောင်ရှင် ဘဝတွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ နားလည်ညှိနှိုင်းမှုဟာ မရှိမဖြစ်လိုအပ်တာ သက်သေတစ်ခုပါဘဲ အိမ်ထောင်ရှင်တိုင်း နားလည်မှုရှိစွာ ခိုင်မြဲနိုင်ကြပါစေ
Anonymous said...
What a good presentation.There are many families with similar situation around the world.The story drags me to flow the current with them.Thanks for happy ending.
Gyidaw
Anonymous said...
အမေကမလိမ်မါပေ့မယ် သမီးလေးကလိမ်မါလို တော်သေးတယ်
Jasmine
Anonymous said...
ဇတ်သိမ်းလေး အရမ်းကောင်းတာဘဲ၊စိတ်ချမ်းသားစရာကောင်းလိုက်တာ။
ချမ်း
ချစ်ကြည်အေး said...
ပြီးသွားမှပဲ ဟင်းချနိုင်တော့တယ်။ ကိုတည်ငြိမ်အေးရေ....။ ဇာတ်ပေါင်းပေးလိုက်လို့ ကြေနပ်သွားတယ်။ ဒီလိုပဲ အိမ်ထောင်သည်တိုင်း နားလည်မှုတွေ ရှိကြစေချင်တယ်...
blackroze said...
ကောင်းလိုက်တဲ့ဇာတ်လမ်းလေးပါဘဲရှင်..
နားလည်မှု့ဆိုတာလူသားတိုင်းမှာလိုအပ်ပါတယ်
Anonymous said...
မကျေမချမ်းဖြစ်ရသူကတော့ ------ သူကိုပါပဲ၊
ပေါက်ပစ်လိုက်ချင် ခွဲပစ်လိုက်ချင်
ငိုမိတယ်၊
အဲလို ကလေးလေး တစ်ယောက်ရှိရင် ကောင်းမယ်၊
ကဗျာတွေဆိုပြ သီချင်းတွေဆိုပြ…………
နောက်ဆုံး သက်ပြင်းပဲချမိပါတယ်၊
Ni Ni Saw said...
အစ အဆုံးသေချာ ဖတ်သွားပါသည်။ အတွေ့ အကြုံတွေကို မျှဝေပေးတဲ့ အတွက် စာရေးသူကို ကျေးဇူးတင်ပါသည်။
ခင်မင်စွာဖြင့်
may19 said...
ဇာတ်သိမ်းလေးက ကောင်းတယ် ...
စော(အဝါရောင်မြေ) said...
အိမ်ထောင်တစ်ခုမှာ သူ့ အလုပ်၊ကိုယ့်အလုပ် ခွဲးလို့ မရပါဘူး။ တာဝန်ယူတတ်သူတိုင်း အတွက်တော့ ဒီလို ကျေနပ်စရာတွေ ရှိလာတာဖြစ်မှာပေါ့။ ကောင်း၏။
ဂျစ်တူး ( မုံရွာ ) said...
ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး-
ပထမပိုင်းတော့အမျိုးသမီးကိုသနားတယ်-
ဒုတိယပိုင်းကျတော့အမျိုးသမီးကိုမုန်းတယ်-
ပညာတတ်မိန်းမတစ်ယောက်လုပ်နေပြီးတော့ခင်ပွန်းကောင်းတစ်ယောက်ဆိုတာကိုသူစောစောကတည်းကသိဖို့ကောင်း
တယ်လို့ထင်မိတယ်-မိဘတွေမပြေလည်တဲ့ကြားထဲက
အရမ်းသိတတ်လိမျွာတဲ့သမီးကလေးကိုတော့မမြင်ဘူးပေမဲ့
ချစ်တယ်။ ဇတ်သိမ်းသွားပြီဆိုတော့လည်းနောက်တပုဒ်
အတွက်မျှော်ရအုံးတော့မှာပေါ့ဗျာ-
ညိမ်းနိုင် said...
ကောင်းလိုက်တာ....ပြီးသွားမှပဲသက်ပြင်းချနိုင်တော့တယ်၊
တော်သေးတာပေါ့....နားလည်မှုရသွားလို့......။
မြစ်ကျိုးအင်း said...
ထုတ်မပြောဖြစ်တဲ့ စေတနာတွေကို နားလည်သွားတာလောက် ကြည်နူးရတာ မရှိဘူး။
အဆုံးသတ်လေးကို မိသားစု မပြိုကွဲဘဲ အကောင်းဆုံး ဖြစ်သွားစေတာလေးက ဖတ်ရင်း ဝမ်းသာမိတယ်။
Anonymous said...
စင်္ကာပူနိုင်ငံရောက် မြန်မာများ ရဲ့  လူနေမှုဘဝကို ပေါ်လွင်စေသော ဇာတ်လမ်းတစ်ပုဒ်
မြသွေးနီ said...
စာဖတ်သူတွေအတွက် သက်ပြင်းအေး ချနိုင်အောင်ဇာတ်ကို မျှော်လင့်ထားသလို မသိမ်းပဲ မထင်မှတ်တဲ့ ပုံစံနဲ့ သိမ်းသွားတာ စိတ်ဝင်စားစရာ။ အိမ်ထောင်တစ်ခုမှာ နားလည်မှုက အရေးကြီးဆုံးဆိုတာ မီးမောင်းထိုးပြလိုက်သလိုဘဲ။ ဒီလိုအဖြစ်မျိုးတွေက စလုံးမှာတင်မက ဒီမှာတောင် ရှိနေပြီ ကိုဆိုဆီရေ..။
“ မျက်ဝန်းလဲ့ပြာရီ ” လိုပဲ ဆွဲဆောင်မှုကောင်းတဲ့ ပို့စ်တစ်ပုဒ်ပါ..။
မြတ်မွန် said...
တော်သေးတယ် ဇာတ်သိမ်းကောင်းလေးမို့။
အမေ နေမကောင်းလို့ သမီးလေ ဘုရားဆုတောင်းတာဖတ်ပြီး စိတ်ထဲကြည်နူးမျက်ရည်ဝဲမိသေးတယ်။
မောင်ကောင်း said...
မျက်ရည်ဝဲလောက်အောင်ကောင်းပါတယ်ဗျာ....
T T Sweet said...
တော်ပါသေးရဲ့ ... ဇာတ်သိမ်းလေးက အေးအေးချမ်းချမ်းလေး ပြီးသွားလို့။ စောင့်ဖတ်ရကျိုးနပ်ပါတယ်။ ပို့စ်လေးအတွက်ကျေးဇူးပါ။
Anonymous said...
ပညာတတ်မိန်းမတစ်ယောက်ဖြစ်နေပြီး ကလေးကို မြန်မာစာသင်ပေးရကောင်းမှန်းတောင်မသိတဲ့ အမျိုးသမီးကို အံ့သြမိတယ်