Tuesday, May 31, 2011

နေရာတစ်ခု သို့မဟုတ် nth dimension

ဒီနေရာသို့ ဘယ်လိုရောက်ရှိခဲ့ခြင်း သူသေချာမသိပါ၊ တစ်ခါတစ်လေ ငါဘယ်သူလဲဆိုတာ ကိုလည်းစဉ်းစားနေမိသည်၊ ဒါပေမဲ့ အမြင်ဆန်း စိတ်ဝင်စားစရာများကြောင့် ထိုအတွေးများသည် ပျောက်ကွယ်သွားခဲ့သည်၊ သို့မဟုတ် တွေးတောလိုစိတ်များ ဖြစ်ပေါ်ခြင်းမရှိတော့သည်လည်း ဖြစ်နိုင်သည်။

တစ်ခါတစ်ရံ အမေ၏ခေါ်သံလိုလိုကြားရရင် ပြန်လည်စဉ်းစားမိပြန်သည်၊ အမေ၏ခေါ်သံကို သိသော်လည်း အမေဘယ်သူလည်းဆိုတာ မစဉ်းစားမိ၊ ဒီလိုပဲ ထိုအတွေးများသည် ပြန်လည်ပျောက်ကွယ်သွားသည်။

ဤနေရာသည် အဆက်မပြတ်သော အဆောက်အအုံတစ်ခုလည်းဖြစ်သည်၊ တစ်ခါတစ်လေ အဆောက်အဦးတွေကြားမှာ ဥယျာဉ်ကြီးရှိသည်၊ ထိုဥယျာဉ်ကြီး၌ သစ်ပင်ကြီးများမရှိ၊ မြက်ခင်းပြင်နှင့် ပန်းပင်အပုလေးများရှိသည်၊ ထူးဆန်းသည်မှာ ပန်းပွင့်တို့သည် အနီရောင် အနီရင့်ရောင် ပန်းရောင်နှင့် အဖြူရောင်တို့ပဲရှိသည်၊ ထိုအရောင်တို့တွင် ပြာလဲ့လဲ့အရောင်များရောစပ်နေပြီး မီးစုန်းများကဲ့သို့တောက်ပနေသည်၊ မြက်ခင်းများကား အစိမ်းပကတိပင်။

အဆောက်အဦးကြီး၏ တစ်ချို့နေရာများကား ခန်းမကျယ်ကြီးလို ကြီးမားလှသည်၊ တစ်ချို့နေရာများမှာ တာမနယ်တစ်ခုလို ကျဉ်းမြောင်းရှည်လျှားသည်၊ အဆောက်အဦးကြီးတစ်ခုလုံး လင်းထိန်နေ၏၊ နေရောင်မရှိ လျှပ်စစ်မီးရောင်မရှိပဲ ဘယ်လိုလင်းထိန်နေသလဲ သူမသိပေ၊ ဒီနေရာမှာ မှန်လည်းမရှိ ပုံရိပ်ထင်စေသောအရာများလုံးဝမရှိချေ၊ အဆောက်အဦးထဲမှာရော ဥယျာဉ်ထဲမှာပါ လေကောင်းလေသန့်ရသည်ဟု သူထင်မိသည်၊ ဒါပေမဲ့ ဒီလေကိုရော သူရှုမိနေသလား သူမသိပါ၊ ဘယ်အရာမဆိုသိအောင် ကြိုးစားလိုစိတ်သည် ဒီနေရာတွင် မရှိကြောင်းသေချာလှသည်။

ဒီနေရာတွင် လူတွေရှိပါသည်၊ လူပေါင်းစုံရှိသည်ဟုဆိုချင်ပါသည်၊ မိန်းမ ယောက်ျား အသက်အရွယ်မျိုးစုံ၊ အရောင်အသွေးစုံ လူမျိုးပေါင်းစုံရှိသည်၊ လူအများသည် တစ်ယောက်နှင့်တစ်ယောက် စကားမပြော၊ အဖက်မလုပ်၊ တစ်ချို့ကား ဘေးပတ်ဝန်းကျင်ကို ကြည့်တောင်မကြည့်၊ ရောက်ခါစက သူ့ကို ဒီကလူတွေမြင်ရောမြင်ရရဲ့လားဟုတွေးမိသည်၊ ထိုနောက်မတွေးမိတော့၊ တစ်နေရာတွင်ထိုင်ငိုနေသော ကောင်မလေးနှစ်ယောက်ကိုတွေ့ရသည်၊ ဤနေရာတွင် ငိုနေသော သူများအလွန်ရှားပါးပါသည်။

လူတို့သည် အလင်းရောင်၊ အဆောက်အဦးဒီဇိုင်း မြက်ခင်းပြင်ကြီးကိုကြည့်ကာ သွားလာနေကြသည်၊ သွားလာနေကြသည်ဆိုရာ၌ ဖြေးဖြေးချင်းလမ်းလျှောက်သွားနေသလို လေပေါ်တွင်လွင့်နေသလို မျောနေသလိုသွားနေကြသည်၊ ထိုသို့ လွင့်နေသလိုမျောနေသလို သွားနေရသည်ကို သဘောကျ ပီတိဖြစ်နေကြောင်း သူတို့၏မျက်နှာတွင် ပေါ်လွင်လှသည်၊ ထိုသို့သွားလာရင်း အားလုံးကိုမေ့ထားသည့်ပုံစံဖြစ်နေသည်။

တကယ်တော့ ဒီကလူတို့သည်ထိုပုံစံဖြင့် အဆက်မပြတ်သွားလာနေကြခြင်းဖြစ်သည်၊ ဤနေရာတွင် နေ့နဲ့ညမရှိပါ၊ ဘာလို့နေ့နဲ့ည မရှိသလဲ ဘယ်သူမှ စဉ်းစားနေကြခြင်းမရှိပါ၊ နောက်ပြီးတော့ ဒီနေရာကလူများသည် ဘာမှ စားသုံးကြခြင်းမရှိပါ၊ ဘာလို့စားသုံးစရာမလိုသလဲ ဆိုတာကိုလည်း သူမသိပါ၊ အစကစဉ်းစားမိသော်လည်း မစဉ်းစားတော့ပါ၊ ဒီထက်ပြောရရင် ဒီနေရာမှာ ဘုရားသခင်လည်းမရှိပါ နတ်ဘုရားများလည်းမရှိပါ၊ ကိုးကွယ်ယုံကြည်မှုလည်းမရှိကြပါ၊ ဤနေရာမှသူများသည် လွင့်မျောနေကြသူများအလား။

လူအများအပြားရှိသော ခန်းမကျယ်ကြီးတစ်ခုကိုဖြတ်အပြီး အခန်းရှည်တစ်ခုကိုဖြတ်အလျှောက်မှာတော့ ဝရံတာလို့အပြင်ဘက်တစ်ခုကိုတွေ့ရသည်၊ ထိုအပြင်ဘက်တွင် တိမ်ညိုတိမ်မဲလို အရာများလည်ပတ်နေပြီး တစ်ခါတစ်ရံ မီးတောက်ရောင်များထွက်ထွက်လာသည်ကိုတွေ့ရသည်၊
လူတစ်ချို့သည် ထိုနေရာသို့ဦးတည်သွားနေကြသည်၊တစ်ချို့သည်ထိုထဲသို့ခုန်ဆင်းသွားကြသည်၊ သူကတော့ထိုနေရာသို့ကပ်လို့မရ၊ လူတစ်ယောက်လျှင်မြန်စွာပြန်ထွက်လာပြီး တစ်ယောက်ထဲစကားတွေပြောနေသည်၊ “တော်သေးတာပေါ့ ငါပြန်ထွက်လာရလို့ အောက်မှာ
မီးပင်လယ်ပြင်ကြီး၊ အော်သံငိုသံတွေကြားတယ်၊ ကယ်ပါယူပါနဲ့” ဆိုပြီးပါးစပ်က တတွတ်တွတ်ပြောနေသည်၊ တော်တော်ကြောက်လာပုံရသည်။

ထိုဝရံတာနဲ့ အနီးနားမှာ နောက်ထပ်ဝရံတာ တစ်ခုကိုတွေ့ရသည်၊ ထိုဝရံတာမှာတော့ လင်းထိန်နေသော အဖြူရောင်တိမ်တိုက်တွေ ငွေမျှင်လိုအတန်းတွေတွေ့ရသည်၊ ထိုနေရာကိုသွားသူနည်းပါးလှသည်၊ လူတစ်ချို့ထိုအဖြူလှိုင်းထဲသို့ လွင့်မျောပါသွားသည်ကို တွေ့ရသည်၊ ထိုနေရာသို့လည်း သူကပ်မရပေ။

ဒီလိုနဲ့သူသည် ခန်းမကျယ်ကြီးများ၊ ဥယျာဉ်ကြီးများ၊ ခန်းမကျဉ်းလေးများကို တစ်ခါတစ်လေ လွင့်မျောလိုက်၊ တစ်ခါတစ်လေ လမ်းလျှောက်လိုက်နဲ့သွားလာနေဆဲဖြစ်သည်။

တစ်ခါတစ်ရံ အမေ၏ခေါ်သံလိုလိုကိုကြားရင် စဉ်းစားနိုင်မှုသည် ပြန်လည်ဝင်ရောက်လာသည်၊ ခန္ဓာကိုယ်ရှိသော်လည်း အသွင်သဏ္ဍန် မရှိကြောင်းသိလိုက်ရသည်၊ လေ့ကျင့်ဖူးသော အကျင့်တစ်ခုကို ကျင့်ကြံကြည့်သည် ဒီနေရာတွင် သူကျင့်လိုမရပေ၊ ဝမ်းနည်းသလိုလိုဖြစ်လာသော်လည်း မငိုကြွေးမိ၊ တစ်စုံတစ်ယောက်၏ ဟောပြောချက်များ ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေမိသည်၊ တစ်စုံတစ်ခုကိုသိသလိုလို ခံစားရပြန်သည်၊ သူ့အသိ သူ့ပညာသည် ဒီလောက်မမြင့်ကြောင်း သိလိုက်ရသည်၊ ရရှိထားသော အခြေအနေတွင် သူအသုံးမချခဲ့သည်ကို နောင်တရမိသည်။

ဒီမှာသေချာတာက အာရုံသိသဘောသက်သက် ဖြစ်တဲ့ မြင်သိစိတ်သာ အဓိကဖြစ်နေသည်၊ ကျန် ကြားသိစိတ်သည် တစ်ခါတစ်လေမှဖြစ်ပေါ်သည်၊ အခက်အခဲဆုံးဖြစ်ပေါ်တာကတော့  ကြံသိစိတ်ပင်ဖြစ်သည်၊ တကယ်လို့ သူငိုကြွေးခဲ့သော် ဘယ်လိုရှုမှတ်ရမလဲဆိုတာကို မလေ့လာ မသင်ယူခဲ့သော သူ့အဖြစ်ကို ဝမ်းနည်းမှုသာဖြစ်နိုင်သည်။

လူတစ်ချို့တစ်ဦးနှင့်တစ်ဦး စကားပြောနေသည်ကို တွေ့ရသည်၊ သူ့မှာဘာလို့ စကားပြောဖေါ်မရှိသလဲလို့ စဉ်းစားမိပြန်သည်၊ ခန္ဓာဝန်မရှိသည့် လွတ်လပ်မှုကို သူခံစားရင်း လွင့်မျောပစ်လိုက်သည်၊ အခန်းကျဉ်းလေးတစ်ခုအရောက် လူတစ်ယောက်က ပြုံးပြနေသည်၊
‘ဟေးမင်းလဲ ဒီကိုရောက်လာတယ်၊’
“ဟုတ်တယ်” “ဒါနဲ့ခင်ဗျားကဘယ်သူလဲ၊ ဘယ်လိုရောက်လာသလဲ”
‘ငါ အဇစ်ပါ၊ ပါကစ္စတန်က၊ ဝုန်းဆိုတဲ့အသံကြီးနှင့်အတူ ငါဒီကိုရောက်လာတယ်၊ ဒီနေရာကို ငါသိပ်သဘောကျတယ် ’
“မဟုတ်သေးဘူး၊ ဒီနေရာဟာမမြဲတဲ့နေရာလို့ငါထင်တယ်၊ အဲဒါကိုရှုမှတ်မလို့ ငါကြိုးစားနေတာ”
“နောက်ပြီး ငါကမင်းထက်ဆိုးတာက၊ ငါဘယ်သူလဲငါမသိဘူး၊ ဘယ်လိုရောက်လာသလဲဆိုတာလည်း ငါမသိဘူး”
‘မသိတာတွေများနေမှတော့ မကြိုးစားနေပါနဲ့တော့ လွင့်မျော ပျံဝဲနေရတဲ့ ဖီလင်၊ ဝေဒနာမရှိတာ ငါအကြိုက်ဆုံးပဲ’
အဇစ်၏လက်က ပုတီးကိုစိတ်နေသည့်ပုံစံ၊ သူသည် အဇစ်လက်ကိုကြည့်လိုက်မိသည်၊ ဒီတော့အဇစ်က
‘ငါအရင်တုန်းက ပုတီးကိုအမြဲစိတ်လေ့ရှိတယ် အကျင့်ပါလာတာထင်တယ်၊ ငါသွားပြီဟေ့’
အဇစ်ထွက်သွားသည်၊ တစ်စုံတစ်ခုသော အဆက်အစပ် အကြောင်းအကျိုးဆက်နွယ်မှုကြောင့် အဇစ်နဲ့သူ တွေ့ဆုံရခြင်းဖြစ်နိုင်သည်၊ ဒီလောက်လူတွေကြားမှာ အဆက်မရှိပဲ တွေ့ဆုံသိနိုင်ဘို့ မလွယ်ကြောင်းသိလိုက်ရသည်၊ လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံရင်းနှီးမှုသည် အရင်ရင်က အဆက်ဆက် ကြောင်းကျိုးဆက်နွယ်မှုကြောင့် ဖြစ်နိုင်သည်ဆိုတာကို လက်ခံမိလိုက်သည်။

အဇစ်သည် ဘာမှစဉ်းစားမတွေးခေါ်ပဲ မျောလွင့်နေသော်လည်း ကိုယ်ကိုကိုယ် ဘယ်သူလဲဆိုတာကိုသိသည်၊ သူကတော့မသိ၊ ဒီလိုနဲ့ သူသည် ဆက်လက်မျောလွင့်ရင်း ဥယျာဉ်ဘက်သို့ရောက်လာခဲ့သည်၊ တစ်နေရာတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ စကားပြောနေကြသည်ကို တွေ့ရသည်၊ အမျိုးသမီးကြီးသည် လူဖြူတစ်ယောက်ဖြစ်ပြီး၊ အမျိုးသားမှာ ဂျပန်လိုလို ကိုရီးယားလိုလို လူတစ်ယောက်ဖြစ်သည်၊ အမျိုးသမီးကြီးသည် သူကိုလှမ်းခေါ်လိုက်ပြီး၊ သူမ၏ နာမည် အန်နာ ဖြစ်ကြောင်း မိတ်ဆက်ရင်း သူ့ကိုစကားပြောရန်ဖိတ်ခေါ်လိုက်သည်၊ သူ့ကို အမျိုးသားကလည်းပြုံးပြသည်၊ သူလည်းနှစ်ယောက်လုံးကို ပြန်ပြုံးပြလိုက်သည်၊ ထူးခြားသည်မှာ သူတို့သုံးယောက်စလုံးသည် စဉ်းစားနိုင်သည့် သိစိတ်တစ်ချို့ရှိနေကြခြင်းပင်ဖြစ်သည်၊ သူနှင့်ဂျပန်လိုလို အမျိုးသားမှာ ကိုယ်ကိုကိုယ် ဘယ်သူလဲ ဘယ်လိုရောက်လာသလဲ မသိကြသူများဖြစ်ကြသည်။

သူတို့သည် ဒီနေရာ၏ ထူးဆန်းမှုများကို ပြောဖြစ်ကြသည်၊ အနည်းငယ်သိထားသော အကြောင်းအကျိုးဆက်နွယ်မှု မတည်မြဲသော ဖြစ်ပျက်ဖြစ်စဉ်များကို သူရှင်းပြမိသည်၊ ကိုယ်ကိုတိုင်ကလည်း သိပ်မသိတော့ သူ၏ရှင်းပြမှုများသည် အရာမရောက်ကြောင်း သိနိုင်သည်၊ ဂျပန်လိုလို အမျိုးသားက တစ်ခါတစ်လေ သူကို တစ်စုံတစ်ယောက်က တာကာရှီဆိုပြီး ခေါ်ခေါ်နေသံကြားရကြောင်း၊ သူသည် တာကာရှီဖြစ်နိုင်သည်ဆို၏၊ အန်နာကတော့ သူ၏ပျော်ရွှင်မှုသည် ခန္ဓာဝန်မရှိပဲ လွတ်လပ်မှုကိုခံစားရခြင်းဖြစ်ကြောင်း သူသည်အရင်က ဝေဒနာသည်တစ်ယောက် ဖြစ်နိုင်ကြောင်း ဆို၏။

ဤသို့စကားပြောဆိုနေကြသော်လည်း သူတို့အားလုံး ဘယ်ဘာသာဗေဒဖြင့် ပြောနေကြလည်း သူမသိပါ၊ သို့သော်လည်း သူပြောသည်ကို ကိုယ်နားလည်၍ ကိုယ်ပြောသည်ကိုလည်း သူတို့နားလည်ကြသည်။

သူတို့ သုံးယောက်သည် ပုဆိုးဝတ်၍ ငိုယိုပြီး လမ်းလျှောက်နေသော မြန်မာလူမျိုးဖြစ်နိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်၊ ဒီလူဘာဖြစ်လို့ ငိုနေတာလဲ အချင်းချင်းမေးခွန်းထုတ်ကြသည်၊ ပြန်သတိရနေလို့လား၊ ဘာမှန်းမသိပဲ အားငယ်စိတ်ကြောင့်လား၊ ဒါမှာမဟုတ် သူလိုပဲ ရရှိခဲ့တဲ့အချိန်က ဘာမှမလေ့လာ မကျင့်ကြံခဲ့ရ၍ နောင်တရသောကြောင့်လား စသဖြင့် စဉ်းစားမိကြသည်၊ ထိုသူပျောက်သွားသောအခါ စဉ်းစားမှုများရပ်သွားခဲ့သည်။

သွားရင်းလာရင်း၊ ဘေးနားကလူတစ်ယောက် ပျော်ရွှင်စွာလွင့်မျောနေရာမှ ရုတ်ချဉ်း လျှင်မြန်စွာဖြင့် လွင့်ပျံသွားပြီး ထိုသူ၏သဏ္ဍန် အောက်ပိုင်းသည်လည်း မှုန်ဝါးပျောက်ကွယ်လုနီးပါးဖြစ်နေသည်၊ ထိတ်လန့်အံ့သြမှုတွေကို ထိုသူ၏မျက်နာတွင် တွေ့လိုက်ရသည်၊ ဤနေရာသည်လည်း မမြဲသည့်သဘောကို ဆောင်နေကြောင်းသိလိုက်ရသည်၊ ထိုသူဘယ်သို့လွင့်ပျံသွားကြောင်းသူတို့ မသိလိုက်ရချေ။

အန်နာသည် ဥယျာဉ်ဘက်မှ နောက်ထပ်ခန်းမကျယ်ကြီးဘက်သို့ ထွက်သွားသည်၊ သူနှင့် တာကာရှီဆိုသူတို့ တာမနယ်လို ကျဉ်းမြောင်းသော ခန်းမရှည်ကြီးဘက်ထွက်လာကြသည်၊ အနည်းငယ်လွင့်မျောပြီးနောက် တာမနယ်တစ်ခြမ်းသည် တိုးရိုးပေါက်နေကြောင်းတွေ့ရသည်၊ ထိုအပေါက်ကြီးသည် တော်တော်ကြီးသည်၊ လိမ္မော်ရင့်ရောင် တိမ်ချွဲချွဲတွေလည်ပတ်နေသည်၊ တစ်ချို့နေရာများတွင် ပုဇွန်ဆီရောင် အမျှင်တန်းများတွေ့ရသည်၊ ထို လိမ္မော်ရင့်ရောင် ပုဇွန်ဆီရောင်လည်ပတ်မှုသည် စွဲဆောင်မှုကိုဖြစ်စေသည်၊ ပြီးတော့ဒီနေရာမှာ သူ့ကိုနံသိစိတ်ကို ဖြစ်ပေါ်စေသည်၊ ညှီသောအနံ့များကို သူရရှိစေသည်၊ သူရော တာကာရှီရော ထိုအပေါက်ကြီးသို့ ရောက်အောင်သွားချင်ကြသည်၊ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးလျှင်မြန်စွာ မသွားနိုင်ကြ၊ တစ်နေရာသို့ရောက်သော် တာကာရှီက သူဆက်သွား၍ မရတော့ကြောင်း သူကိုလှမ်းပြောလိုက်သည်၊ အဲဒီအချိန်မှာပဲ ပုဆိုးနဲ့မြန်မာသည် ပျံဝဲကာ လိမ္မော်ရင့်ရောင်ထဲသို့ လည်ပတ်ဝင်ရောက်သွားသည်၊ သူကတော့ကြိုးစား၍ သွားနေဆဲဖြစ်သည်။

ဒီလိုနဲ့ သူသည်အနီးနားသို့ရောက်ရှိသွားသည်၊ လိမ္မော်ရောင်သည် ရေမှုန်ကဲ့သို့အမှုန်များဖြစ်နေသည်ကို တွေ့ရသည်၊ ထိတွေ့လိုက်သောအခါ ထိသိစိတ်ကိုဖြစ်ပေါ်စေခဲ့သည် ညှင်သာသောထိတွေ့မှုပဲဖြစ်သည်၊ အထိအတွေ့ကို ကြည်နူးနေချိန်မှာပင် ခေါ်သံနှင့်အတူ ဒုန်းဆိုရင်ဘတ်ထဲကအောင့်ပြီး အနောက်ဘက်ပြန်ကန်လာသည်၊ ထိုအရှိန်သည် တာကာရှီရှိနေသည့် နေရာထက်ပင် ကျော်လွန်ပြီး အနောက်သို့ရောက်ရှိသွားသည်၊ မောပန်းစိတ်ဖြစ်ပေါ်လာသောကြောင့် လိမ္မော်ရင့်ရောင်ထဲသို့ ဆက်သွားဘို့မကြိုးစားတော့ပဲ၊ အရှေ့ဘက်သို့ ဆက်လျှောက်လာသည်၊ တာကာရှီလည်းနောက်မှာလိုက်လာခဲ့သည်။

လွင့်ပျံမျောပါရင်းလာခဲ့ရာ အခန်းရှည်သည် ကျဉ်းသထက်ကျဉ်းလာကြောင်းတွေ့ရသည်၊ တစ်နေရာတွင် အန်နာကိုပြန်တွေ့ရသည်၊ အန်နာကငါဒီမှာနေခဲ့တာကြာပြီ ဒီနေရာကိုခုမှ ရောက်ဘူးတယ်ဆို၏၊ လူတစ်ရပ်ကျော်ကျော် ပတ်လည်ရှိသော အဝိုင်းပုံ အပေါက်တစ်ခုကိုတွေ့ရသည်၊ ထိုနေရာတွင် သူတို့သုံးယောက်မှလွဲ၍ ဘယ်သူမှမရှိ၊ အပေါက်သည် အဝါရောင်လင်းထိန်နေပြီး အဖြူရောင်အလင်းတန်းများ အကွင်းလိုက် အကွင်းလိုက်ထွက်နေသည်၊ ရေဆာသလိုလိုပဲလို့ တာကာရှီကပြောလိုက်သည်၊ ဟုတ်တယ်လို့ သူရောအန်နာပါ ပြိုင်တူဖြေလိုက်ကြသည်၊ စားသိစိတ်ကိုဖြစ်ပေါ်နေပြီလို့ သူသိလိုက်သည်၊ ငါ့ကိုခေါ်နေပြီဆိုပြီး တာကာရှီတစ်ယောက် အပေါက်ထဲသို့ထိုးဝင်ရောက်သွားသည်၊ ပြီးနောက် အန်နာက ငါလည်းသွားပြီဆိုပြီး ဝင်ရောက်သွားသည်။

အန်နာနှင့် တာကာရှီတို့ ဝင်ရောက်သွားသည်ကို သူကြည့်ရင်းကျန်ရစ်ခဲ့သည်၊ ရေဆာမှုသည်လည်းမြင့်တက်လာသည်၊ တစ်ပတ်ပျံဝဲလိုက်မိသည်၊ ခေါ်သံ အော်သံတစ်ချို့ကိုကြားရသည်၊ သူ့လက်ကိုတစ်စုံတစ်ယောက်က လှုပ်ခါနေသလို ခံစားရသည်၊
'သား၊ သား'
ဒါအမေ့ခေါ်သံပဲ၊
သူသည်အဝါရောင်အပေါက်ထဲသို့ အမြန်ဆုံး ထိုးဖေါက်ဝင်ရောက်လိုက်သည်။

…………………………………………………………………….

အလင်းရောင်စူးစူးသည် မျက်စိထဲသို့ဝင်ရောက်လာသည်၊
လူနာသတိရလာပြီ ဆိုသည့်အင်္ဂလိပ်လိုပြောသံကို ကြားလိုက်ရသည်၊
'သား၊ ကိုကို၊ ဒက်ဒီ ညီလေး' စသဖြင့် ခေါ်သံမျိုးစုံ တစ်ပြိုင်နက်ကြားလိုက်ရသည်၊
ဆူညံ့သည့် အသံတွေကိုခံနိုင်ရည်မရှိတော့၊ မျက်လုံးကိုပြန်မှိတ်ပစ်လိုက်သည်၊

ဆရာမ တစ်ယောက်က လူနာကိုဆရာဝန်စစ်စရာရှိတယ် အားလုံးအပြင်ထွက်ပေးပါ၊ ဟုပြောသံကြားလိုက်ရသည်၊

အသံတွေအားလုံးငြိမ်သက်သွားသည်။

ခုနက ‘သား’ ‘သား’ ဟုခေါ်နေသော အမေကိုလှမ်းတွေ့လိုက်ရသည်၊ အသံကိုမှတ်မိသော်လည်း ရုပ်ကိုမမှတ်မိ၊ ကိုကို ဟုခေါ်နေသူ မိန်းမဝဝသည် သူမိန်းမလော၊ တွေးနေစဉ်မှာပင် ဆရာဝန်ဟုထင်ရသော အမျိုးသမီး၏ခေါ်သံကိုကြားလိုက်ရသည်၊
‘မစ္စတာ မောင်မောင်၊ မစ္စတာ မောင်မောင်၊’
ငါ့နာမည်ပဲဖြစ်မယ်ဆိုပြီး ထူးလိုက်မိသည်။

ဆရာဝန်မနဲ့ စကားပြောဖြစ်သည်၊ သူ့နာမည် မောင်မောင်ဖြစ်ကြောင်းသိလိုက်ရသည်၊ သူမေ့မြောနေတာ နှစ်လရှိပြီဖြစ်ကြောင်းလည်းသိရသည်၊ ဒီနေ့အသက်ရှုပုံမှန်မဟုတ်ဖြစ်လာ၍ ရှော့တိုက်ပြီးနှလုံးပြန်ခုန် စေခဲ့ကြောင်းသိရသည်၊ လိုအပ်သည်များကိုစစ်ဆေးပြီးသောအခါ ပုံမှန်အခြေအနေတွင်ဖြစ်နေပြီဖြစ်ကြောင်း ပြောပြသည်၊ နောက်ပြီးသူကို ဆရာဝန်မက NDE ဖြစ်သေးလားဟုမေးသည်၊ သူပြန်မဖြေပါ၊

အားလုံးကိုပြန်လည်မှတ်မိစေရန် အချိန်ယူရမည်ဖြစ်ကြောင်းလည်းပြောပြသည်၊ ဘယ်သူနဲ့စတွေ့ချင်လည်းလို့မေးရာ အမေနဲ့စတွေ့ချင်ကြောင်းပြောလိုက်သည်၊

အမေ့အသံကိုမှတ်မိနေ၍ဖြစ်သည်။

………………………………………………………………….

ဆရာမက ရှင်ကံကောင်းတယ်၊ ဘေးခန်းက အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်တော့ ဒီနေ့ပဲဆုံးသွားတယ်၊ ဒီလူကမေ့မြောနေတာ နှစ်ပတ်ပဲရှိသေးတယ် ဟုဆိုသည်။

……………………………………………………

သေချာသည်မှာ ထိုနေ့ကလူသားသုံးဦး တဖန်ပြန်လည်၍ နိုးထလာပေလိမ့်မည်၊

အကြောင်းတိုက်ဆိုင်၍ သူတို့သုံးဦး ပြန်ဆုံမိသောအခါ အမှတ်ရနိုင်ကြမလား ?။

သူတို့ရောက်ဖူးခဲ့သော နေရာတစ်ခုအကြောင်း ပြောဖြစ်ကြမလား? ။





ပြီးပါပြီ၊

စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။


(NDE) Near-Death Experience


(OBE) Out-of-Body-Experience

15 comments:

အင်္ဂါဟူး said...

ယောင်တောင်ပေါင်တောင်နဲ့ ဘာမသိညာမသိ လွင့်မျော မနေမိအောင်..အခုကတည်းက ၀ိပဿနာကို ပိုပြီးအားထုတ်တော့မယ်လို့ပဲ.....

မအိမ်သူ said...

စိတ်ကူးယဉ်ဆိုပေမဲ့ အဲဒီလို အဖြစ်အပျက်တွေ ကြားဖူးတာမျိုးရှိပါတယ်။ လောကမှာ ကိုယ်မသိနိုင်တဲ့ အရာတွေ အများကြီးရှိသေးတာဘဲ မဟုတ်လား။

စော(အဝါရောင်မြေ) said...

အတိတ်မေ့တာနှင့် မျှောတာရောနေတာလား၊ မတူတော့ မတူဘူး ထင်တယ်။

flowerpoem said...

အဲဒီနေရာကို လူတိုင်းသွားရမှာပဲနော်. .

ahphyulay said...

အင်း...
ဖတ်နေရင်းနဲ့  တိမ်လို၊ မီးခိုးလို လွင့် မျောနေ
မိတယ်လေ၊ လက်တကမ်းအကွာ၊ ကပ်ကပ်လေး
ရှိနေတဲ့  နယ်ပယ်တစ်ခုပါပဲ။
အခု တစ်လော ကျယ်ကျယ်လောင်လောင်
အော်နေကြတဲ့ ရသ စာပေ ဆိုတာမျိုးဆိုရင်
အခုလို နယ်လွန် အတွေးအခေါ် အရေးအသား
တွေဟာလည်း ရသ တွေ ဖြစ်နေမှာပါပဲ။
အမှန်တော့  လူ့ ဘဝကြီးက ရသပေါင်းစုံ
ခ,ညောင်းနေပြီးသားပါပဲ။

SHWE ZIN U said...

အင်း ကိုဆိုစီ ရေ

အဲလို လွင့်မြော မနေအောင် တရုပ်အားထား မှ ဖြစ်တော့မယ်နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

မရွှေစင်ကော်မန့်ဖတ်ပြီး ပြုံးမိသေး
အစ်မရေ.. ရွှေပြည်ကြီးမှာတော့ တရုတ်အားထားတာ ဟိုဘက်တောင် လွန်နေပြီ။ ဟီး
ကျွန်မလဲ ခုတစ်လော တရားထိုင်ဖြစ်တယ်.. စိတ်တွေ အရင်ကထက် တည်ညိမ်လာတယ်.. ငြိမ်းအေးခြင်းကို ပီပီပြင်ပြင် ခံစားလာရတယ်

Angelhlaing(May everybody be happy and healthy! said...

တန်ဖိုးရှိသော ပို့စ်ကောင်းလေးတစ်ခု ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို...ကောင်ေးသာနေ့လေး ဖြစ်ပါစေ။

Anonymous said...

ကိုမားဖြစ်တဲ့ သူတွေတော်တော်များများ နိုးထလာရင်အိမ်မက်လိုလို ဘာလိုလို ထင်ကျန်ရစ်ခဲ့တယ်၊ အနောက်တိုင်းစာအုပ်တွေထဲမှာတော့ ဘုရားသခင်နဲ့တွေ့ခဲ့တယ်ဆိုကြတယ်၊ မယုံတစ်ဝက် ယုံတစ်ဝက်ပါပဲ၊
ကျနော်အမြင်ကတော့ စိတ်မှာဖြစ်ပေါ်နေတာလို့မြင်တယ်၊
Min

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ
အဆင့်မြင့်မြင့်တွေးခေါ်မှု့ တွေရေးထားတော့ဘယ်လိုကို
နားလည်ရမှန်းမသိပြန်ပါဘူး-နှစ်ခေါက်တောင်ဖတ်သွားပါ
တယ်ဗျာ-ဒါပေမဲ့နားမလည်ပြန်ဖူး-ကျနော်တော်တော်
ကလေးဒုန်းဝေးသေးတာဘဲဗျ-

blackcoffee said...

ဘာပြောပြော နှစ်လဆိုတာ နဲတဲ့ အချိန်မဟုတ်ဘူး။ ကံကောင်းလို့ ပြန်လာနိုင်တာ။ အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းရင်း......

ကိုဇော် said...

ထူးခြားတဲ့ ပုံဆောင်မှု ခွဲဖြစ်စဉ် သုံးပွင့်ဆိုင် ဇာတ်လမ်း အသစ်လေး တစ်ခု ဖြစ်လာမယ် ထင်တယ်။

သိင်္ဂါကျော် said...

နိုင်ငံခြား ရုပ်ရှင်တွေ ဝတ္တုတွေမှာ အဲဒီလို ဝိညာဉ် လွင့်မျောတဲ့ အဖြစ်မျိုးတွေ ရေးတတ်ကြတယ်..
ဗုဒ္ဓဘာသာ မှာတော့ အဲဒီလို ဝိညာဉ်က လျှောက်သွားနေတယ် ဆိုတာမျိုးကို လက်မခံဘူးနော်.. သေပြီးမှသာ ပြိတ္တာဖြစ်တယ် ဆိုတာမျိုးပဲ ရှိတယ်တဲ့။ ဝိညာဉ် ဆိုတာ သပ်သပ် မရှိဘူးလို့ ဆရာတော်တွေ ပြောကြတယ်..။
ကိုယ်တွေ ဥာဏ်မမီတဲ့ ကိစ္စပါ။

ကိုအောင်(ပျူနိုင်ငံ) said...

ဝိညာဉ်လွှင့်တာလား ကိုစိုးစီ ...

မြစ်ကျိုးအင်း said...

ပြင်ဆင်မှုတွေဘာမှမလုပ်နိင်ခဲ့လို့ အဲဒီလို မျောလွင့်နေရရင် အားငယ်မိမလား၊ ဒါမှမဟုတ် ဘာမှမသိဘဲ ဆက်မျောနေမလား မသိဘူး။
ဗုဒ္ဓဘာသာတို့ရဲ့ အဆုံးအမအတိုင်း မသေခင် ပြင်ဆင်သင့်တာပြင်ဆင်ထားနိင်တာ အကောင်းဆုံးပါပဲ။