Saturday, September 25, 2010

မျက်ဝန်းလဲဲ့ပြာရီ (၃)

Penn station ရှေ့မှာ bus ကား ကိုစောင့်စီးကြသည်၊ Tripper bus သည်အချိန်မှန်သည်၊ ရှစ်နာရီ တိတိမှာပင် နယူးယောက်ကထွက်ခွာခဲ့သည်၊ Bus ကားမောင်းသူသည် အာဖရိကန် အမျိုးသမီးဖြစ်သည်၊ အားလုံးကိုနူတ်ဆက်ပြီး၊ My name is Katherine. Please call me Katherine, don’t call me Driver. I have the name given by my mother. OK everybody. မိတ်ဆက်ပုံက တစ်မျိုးကြီးပါလားလို့ ကိုယ်ဟာကိုယ်တွေးပြီးပြုံးမိသည်၊ Bus ကား သည် 95 အဝေးပြေးလမ်းမကြီးအတိုင်း ဝါရှင်တန်သို့ ဦးတည်မောင်းနှင်နေလေသည်။

မျက်ဝန်းလဲဲ့ပြာရီသည် ခေါင်းကို ကျနော်ပေါ်မှီထားရင်း၊ မောင် ဘာတွေစဉ်းစားနေတာလဲ မေးလာသည်၊
ကျနော်က ကားမောင်းသူ အမျိုးသမီး မိတ်ဆက်ပုံကိုမေးတော့၊
ဒီမှာက အများအားဖြင်. ဒီလိုပဲလေမောင်၊
မောင်ရေ၊ မောင်ကိုပြောစရာတွေရှိတယ်၊
မောင်နားမထောင်ချင်ပေမဲ့လည်း ကျေးဇူးပြု၍ နားထောင်ပေးပါနော်၊ ကျမနှလုံးသားကလာတဲ့ စကားတွေပါ၊ မောင်ကိုရင်ဖွင့်လိုက်ချင်တာလို့ အကြိမ်ကြိမ် ရေရွတ်ခဲ့ဘူးပါတယ်၊
မောင်သိတယ်နော် ကျမ အမေရိကားကို ဘာကြောင့်ရောက်လာခဲ့သလဲဆိုတာ၊
အိမ်ထောင်ပြုပြီးရောက်လာခဲ့တယ်၊ ဟင်း ဟင်း၊ လင်ယူပြီးလာခဲ့တာလို့ ပြောလည်းရပါတယ်၊
အဓိက က ကျမမိဘတွေကြောင့်၊ ဆင်စီးပြီး မြင်းရံတာ ဖြစ်ချင်တယ်၊ မောင်သိခဲ့တယ်မဟုတ်လား၊
အမှန်ကိုဝန်ခံရရင် ကျမကိုယ်တိုင်လည်း အမေရိကန် အိမ်မက်ကို မက်ခဲ့ပါတယ်၊
ဒီအတွက်လည်း ကျမဘဝရဲ့ အမှားကြီးဖြစ်ခဲ့ရတာပေါ့၊
ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ထားပြီး၊ တစ်ခါမှကိုယ်မသိတဲ့သူတစ်ယောက်နဲ့ အတူနေဘို့ ကျမလိုက်နာခဲ့တာတွေ၊ အဖေအမေတို့ရဲ့ သဘောကိုမလွန်ဆန်ရဲလို့ ဆိုတာတစ်ခုထဲနဲ့ ကံကိုပုံလိုက်မိလိုက်တာ ကျမရဲ့အပြစ်တွေပါပဲ၊
သေချာပြန်စဉ်းစားကြည့်လိုက်ရင် ချည်ပြီးတုတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားတွေထဲက မိန်းကလေးတစ်ယောက် အတွက် လွတ်ထွက်ဘို့ဟာ မလွယ်ကူဘူးလေ၊
ဗီဇာကိစ္စတွေ၊ နေထိုင်ခွင့်ကိစ္စတွေ၊ ကျမဘာမှ သိစရာမလိုဘူးလေ၊ လာလိုက်ခဲ့ ဒီမှာနေ ဒီလိုလုပ်တွေနဲ့၊ အဲဒီအချိန်တုန်းက ကျမဟာတကယ် စက်ရုပ်တစ်ရုပ်ပါမောင်၊ နောက်နေ့ဘာဖြစ်လာမလဲဆိုတာကို အမြဲစဉ်စားနေတဲ့ သက်မဲ့တစ်ဝက် လူသားတစ်ဦးပါမောင်၊
လက်မထပ်ခင် မိသားစုတွေ့ဆုံပွဲမှာ ကျမကို သူပိုင်ပစ္စည်းဥစ္စာ တစ်ခုအနေနဲ့ကြည့်နေတဲ့ ကျမယောက်ျား ဖြစ်လာမဲ့သူကို တွေ့လိုက်ရတဲ့အချိန်မှာ တစ်ခုခုတော့ မှားသွားပြီဆိုတာ ကျမရဲ့ မသိစိတ်က သိလိုက်တယ်မောင်၊
အဲဒီညမှာ ကျမတစ်ခုခုလုပ်ဘို့ စဉ်းစားသေးတယ်၊ ဘာလုပ်ရင်ကောင်းမလည်း ထွက်ပြေးမလား၊ လူဆိုတာ စိတ်ညစ်လေထွက်ပေါက်မရလေဆိုတာ ကျမလက်ခံခဲ့တယ်၊ ဘာမှလုပ်လို့မရပါဘူး ကျမအနောက်မှာ အရိပ်ရှိနေတယ်၊ ဆန်ဖရန်စစ္စကိုရဲ့ အကျဉ်းတန်လွန်းတဲ့ညတွေပေါ့၊
အဆိုးဆုံးကတော့ မောင်လို့စိတ်ထဲမှာပေါ်လာလိုက်တိုင်း၊ မောင်ဆိုတာကို စိတ်ထဲကအတင်းဖျောက်ပစ်ရတာကိုပဲ၊
မောင်မှတ်မိသေးလား၊ ဗိုလ်ချူပ်စျေးက မောင်ကျမကို အနွေးထည် တထည်ဝယ်ပေးဘူးတယ်၊
ယောက်ျားဝတ်ဂျာကင် တထည်ဖြစ်ပေမဲ့၊ ကျမရဲ့ အမြတ်နိူးဆုံးနှင့် အရေးပါဆုံးပစ္စည်းတစ်ခုဖြစ်ခဲ့တယ်၊
အဲဒီအနွေးထည်ကိုဝတ်လိုက်ရင် ကျမအနားမောင်ရှိနေတယ်၊ မောင့်ရင်ခွင်ထဲရောက်နေသလို ခံစားသွားရတယ်၊
ဆန်ဖရန်စစ္စကိုဟာ ကျမကိုခါးသီးစေခဲ့တယ်၊
ကျမတို့စီစဉ်ထားတဲ့အတိုင်း လက်ထပ်ဖြစ်ခဲ့ပါတယ်၊
ရှင်သန်နေရမယ်၊ မချစ်တဲ့သူတစ်ယောက်နဲ့ လက်ထပ်လိုက်တိုင်း ဘဝဆိုတာမပျက်သွားစေရဘူး ဆိုတဲ့စိတ်တွေကို မွေးယူခဲ့တယ်၊
ဒါပေမဲ့မောင်ရယ် ကျမအဲဒီနေ့ကစပြီးရှင်ရက်နဲ့သေခဲ့ရတာပါ။

လက်ထပ်ပြီးအမေက ကျမနဲ့တစ်လလိုက်နေပေးတယ်၊ အမေမြန်မာပြည်ပြန်တော့ လိုက်ပို့ရင်း၊ ကျမအမေကို မေးခဲ့တယ်၊ အမေ ကျေနပ်ရဲ့လားလို့၊ ကျေနပ်တာပေါ့ သမီးရယ်၊ ခုအမေတို့ သမီးအတွက်စိတ်ချမ်းသာရပြီ၊ ခုလိုသမီး အမေရိကားမှာ အခြေချကြီးပွားသွားတာ၊
သြော် အမေရယ်၊ အမေရိကားက လူတစ်ယောက်ကို လက်ထပ်လိုက်တာနဲ့ ကြီးပွားသွားတာလား၊
အမေက ကျမပြုံးလိုက်တဲ့ အပြုံးကိုကြည့်ပြီး၊ သမီးအဆင်ပြေအောင်နေတဲ့၊
ကျမချက်ချင်းပြန်ဖြေလိုက်ပါတယ်၊ စိတ်ချအမေ ကျမအမေရိကားမှာ အဆင်ပြေအောင်နေမယ်၊ အမေသာနောက် ပျော်အောင်နေပေါ့၊ ဒီလိုနဲ့ကျမတို့ လမ်းခွဲလိုက်တယ်၊
အဲဒါ ကျမ အမေကို နောက်ဆုံးတွေ့ဆုံခြင်းပါပဲ၊ ဒီနေ့အထိပေါ့။

မောင်ကို ကျမယောက်ျား ဆိုတဲ့သူအကြောင်းပြောပြရဦးမယ်၊ နားထောင်ပေးနော်၊
နာမည်က လင်းအန်တိတ် တဲ့၊ ကျမထက်ခုနှစ်နှစ်ကြီးတယ်၊ အမေရိကရောက်မှ လင်းအန်တိတ်ဖြစ်သွားတာ၊ မြန်မာပြည်မှာတုန်းက ဦးကျော်ကျော်အောင်၊ (Burma Born Chinese)တဲ့ Burmeseတို့ Myanmarတို့လာမပြောနဲ့၊ မြန်မာပြည်မှာတုန်းက ဆိုတဲ့စကားကို နည်းနည်းလေးမှကိုမဟ၊ နေရာမှားပြီးမွေးခဲ့တာဆိုပဲ၊ ယောက္ခမတွေက မြန်မာလို့ပြောတာများပါတယ်၊ ဒါပေမဲ့ အကောင်းဘက်မတွေးလိုက်နဲ့ မှားယွင်းနေတဲ့ အသိုင်းအဝိုင်းတစ်ခုကို ကျမလွဲမှားစွာ ရောက်ရှိခဲ့တာပါ၊ လင်းတွေထဲကိုရောက်ရှိသွားတော့ ကျမက Mrs. Lim ပေါ့၊ ကျမယောက်ျားက သားငယ်၊ အောက်မှာ ညီမတစ်ယောက်ရှိတယ်၊ အစ်ကိုအကြီးဆုံးက မိဘနှင့်အတူတူ အိမ်စီးပွားရေးလက်တွဲလုပ်တယ်၊ အိမ်စီးပွားရေးဆိုတာကလည်း ကြီးကြီးမားမားမဟုတ်၊ အစ်ကိုလုပ်နေတော့၊ ညီဝင်လုပ်စရာမလိုဘူး၊ ဒါကြောင့် ကျမယောက်ျားက တခြားမှာသွားလုပ်တယ်၊ Store Manager တဲ့ တကယ်တော့ Store စာရေးအလုပ်သမားပေါ့ အကုန်လုံးသူပဲလုပ်ရတာ၊ လုပ်တာလည်း ဆွေမျိုးမကင်းတဲ့ တရုတ်ကုမ္ပဏီမှာပါပဲ၊ သူတို့ပိုင်တဲ့အိမ်ကြီးကတော့ Pacific heights နားမှာဆိုတော့ လက်ရှိသန်းပေါင်းများစွာတန်တယ်ဆိုပဲ၊ မြို့ထဲမှာလည်း ဆိုင်လိုလိုရုံးလိုလို ရှိသေးတယ်၊
တစ်အိမ်ထဲမှာတူတူနေကြပေမဲ့၊ စားတာနဲ့ ငွေရေးကြေးရေးကို ခွဲထားတယ်၊ အမေရိကန် တရုတ်ထုံးစံလားတော့ ကျမ မသိ၊ ချွေးမအကြီးက သူ့တို့ကလေးနှစ်ယောက်ကိစ္စတွေနဲ့ လုံးပန်းနေတော့၊ ကျမကအိမ်တာဝန်ကိုယူ၊ အဖိုးကြီး၊ အဖွားကြီး ဝေယျာဝစ္စတွေလုပ်ပေးရတာနဲ့ပဲ အချိန်ကုန်၊ ညဘက်ရောက်ရင်တော့ ကျမအတွက်လောကငရဲပါပဲ၊
သူစိမ်းတစ်ယောက်ရဲ့ အတွေ့အထိတွေ၊ ကိုယ်နံ့၊ သွားကြိတ်သံ၊ ဟောက်သံ၊ အာပုတ်ရည်တွေကကျသေး၊ ဝက်တစ်ကောင်နဲ့ အိပ်စက်နေရသလိုပါပဲ။
ကျမအလုပ်လုပ်ချင်တယ်လို့ သူကိုပြောပါတယ်၊
မင်းကဆရာဝန်မ လုပ်ခဲ့တာ၊ မင်းဘာလုပ်တတ်သလဲ
သူနာပြုတောင် မင်းမခန့်ဘူး၊
မင်းရဲ့မြန်မာပြည်က ဆမ တွေ ဆရာဝန်ဘွဲ့တွေ၊ တံတားပေါ်ကသွားလွင့်ပစ်လိုက်၊ “ဒါအမေရိကားကွ၊”
ဒီစကားတွေဟာကျမအသည်းနှလုံးကို တိုက်ရိုက်နာကျင်သွားစေတဲ့ စကားတွေဖြစ်တယ်၊ ကျမကို စိန်ခေါ်လိုက်တာနဲ့လည်းတူတယ်၊ဆရာဝန်ကို ဖြစ်ချင်လွန်းလို့ ဖြစ်အောင်လုပ်ခဲ့တာ၊ သူများတွေလို့ အမှတ်များတိုင်း ဆရာဝန်ဖြစ်ခဲ့တာ မဟုတ်ဘူး၊ အဲဒီအချိန်မှာ ကျမစိတ်ကို မောင်ကို သတိရခွင့် အပြည့်ပေးလိုက်တယ်၊ မောင်အနားမှာရှိနေတဲ့ သဘောနဲ့ ဂျာကင်အင်္ကျီလေးကိုဝတ်ဖြစ်တယ်၊ “ဒါအမေရိကား” ဆိုတာကို ကျမ စလေ့လာဖြစ်ခဲ့တယ်။

ကျမအပြင်ကို ထွက်လေ့ရှိလာတယ်၊ ကိုယ်အိမ်မှာ နေပျော်နေရင်တော့ ဘယ်သူကအပြင်ထွက်ပြီးနေပါမလဲ၊ ဆန်ဖရန်စစ္စကိုတင်မကဘူး၊ အုတ်ကလန်း၊ ဆန်တာကလျှာ ၊ ဆန်အိုဆေးထိ ရထားနှင့်ခြေဆန့်ခဲ့တယ်၊ ဘာရယ်မှ မဟုတ်ဘူး Pier 39 ၊ Fort point ၊ Golden gate garden ဆိုတာတွေအပြင်၊ အုတ်ကလန်းတံတားဘေးက ဘားမားလမ်း Burma road ဆိုတာကိုသွားကြည့်လိုက်သေးတယ်၊
စာအုပ်တွေကိုလည်း ဖတ်ဖြစ်တယ်၊ Richmond စာကြည့်တိုက် ကတော့ ကျမအတွက်နောက်ဆုံး စတည်းချတဲ့နေရာဖြစ်လာတယ်၊ စာကြည့်တိုက်မှာ ခင်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆက်စပ်ပြီး အမျိုးသမီးရေးရာအဖွဲ့အစည်းတစ်ခုဆီ ရောက်သွားတယ်၊ ဘာသာရေးအဖွဲ့အစည်းဖြစ်ပေမဲ့ လူသားအားလုံးအတွက်ဖြစ်တယ်ဆိုတဲ့ မူဝါဒကို ကိုင်ဆွဲထားတဲ့အတွက် ကျမအတွက်အဆင်ပြေခဲ့တယ်၊ “ဒါအမေရိကား” ဆိုတာကိုအောက်ခြေကစပြီး လေ့လာဖြစ်တယ်၊ ကလေးတွေသင်နေတဲ့ လူမှုရေးသိပ္ပံ၊ အမေရိကန်သမိုင်း တို့ကစတာပေါ့၊ အဲဒီကနေ ရှေ့နေတွေနဲ့သိလာတယ်၊ Wifle အဖွဲ့ဝင်တွေနဲ့သိလာတယ်၊
ဘယ်လောက်ထိ ကျမလေ့လာမိသလဲဆို၊ Violence Against Women and children, Section 1201. တွေနဲ့ T and U visas အခြေအနေတွေကိုရောပေါ့၊ ကျမ အမေရိကန်တစ်ယောက်ဖြစ်အောင် အမေရိကန်တွေအတိုင်း လုပ်ကိုင်နေထိုင်ဘို့ ဆုံးဖြတ်ခဲ့တယ်။

အဆင်ပြေနေသလို နေနေတဲ့ကြားထဲကပဲ၊ ကျမအလုပ်လုပ်ချင်တဲ့ ကိစ္စတွေ၊ အပြင်ထွက်တဲ့ ကိစ္စတွေနဲ့ အသေးအဖွဲကိစ္စလေးတွေကအစ၊ မကြာခဏ စကားများဖြစ်ကြတယ်၊ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာလူဖြစ်သွားတဲ့ သူတွေက မြန်မာဆိုတာကိုနှိမ်တာလောက်တော့ ကျမရွံမုန်းတာမရှိဘူး၊ အထူးသဖြင့် ယောက္ခမအဖွားကြီးနှင့် ကျမယောက်ျား ဆိုသူကိုပေါ့၊
မချစ်မနှစ်သက်သောသူတွေနဲ့နေရတဲ့ ဒုက္ခ ဆိုတာကို ကျမကောင်းကောင်းကြီးသိရှိ ခံစားခဲ့ရတယ်မောင်။


မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ပြောရင်းမောနေလေပြီ၊ မျက်ရည်တွေလည်းဝဲလို့၊
ကျနော် lemon tea အအေးပုလင်းကိုဖွင့်ပြီးပေးလိုက်သည်၊ သောက်လိုက်ဦးလို့ပြောလိုက်မိသည်၊
သူ၏ရင်ထဲကလာသော စကားများဆိုတာ ကျနော်အပြည့်အဝယုံကြည်မိပါသည်၊
အအေးကို မော့သောက်လိုက်ပြီးခဏနေကာ၊ တိုးညှင်းစွာ မောင်လို့ ကျနော်ကိုမကြည့်ပဲခေါ်လိုက်သည်၊
အဲဒီအချိန်မှာပဲ Driver Katherine က သူကားကိုဆက်တိုက်မောင်းသွားမည်ဖြစ်ကြောင်း traffic အခြေနေအရဖြစ်ကြောင်း အားလုံးကိုလှမ်းပြောသည်။

ကျနော် သူလက်မောင်းလေးကိုလှမ်းဖက်လိုက်ရင်း၊ ဆက်ပြောလေဆိုပြီး သူကိုပြန်စပေးလိုက်သည်၊
သူတို့ကို ကျမအကြံပေးခဲ့ပါတယ်၊ မိသားစုလိုက် ခရီးထွက်ရအောင်၊ တစ်နေရာသွားရအောင် စသဖြင့်ပေါ့၊ ဒါကလည်းကျမလိုအပ်နေတယ်ထင်လို့ အကြံပေးလိုက်မိတာ၊ အထူးသဖြင့် ချွေးမအကြီးက ဆန်ဖရန်စစ္စကို ဝန်းကျင်ကလွဲပြီး ဘယ်မှမရောက်ဖူးဘူး၊ ဒီကိုရောက်တာ ဆယ်နှစ်ကျော်ပြီး၊ အလုပ်၊ ပိုက်ဆံ၊ အစားအသောက်၊ တစ်နေ့နှင့်တစ်နေ့ ဒါတွေကိုပဲလည်ပတ်နေတာ သူတို့မှာ life ဆိုတာမရှိဘူး၊ ဗုဒ္ဓ ဘာသာဆိုပေမဲ့၊ ကျမသိတဲ့ ဗုဒ္ဓဘာသာနှင့် သူတို့လုပ်နေတာ တခြားစီပဲ၊ ဘာသာတရားနဲ့လည်းဝေးပေါ့၊ အမေရိကားမှာနေပြီး ဒီမိသားစုဖြစ်ပျက်နေတာ၊ တဘက်ကကြည့်ရင်တော့ တော်တော်သနားစရာ ကောင်းတယ်။

တစ်နေမှာတော့ အလုပ်ပိတ်ရက်ဖြစ်တယ်၊ ကျမအပြင်သွားဘို့ပြင်ဆင်နေတယ်၊ ကျမယောက်ျားက ဘယ်သွားဦးမှာလည်း၊ ကျမကလည်း သူကိုပြန်ဖြေပါတယ်၊ ဘာသွားလုပ်မယ်၊ ဘယ်အချိန်ပြန်ရောက်မလဲပေါ့၊ နောက်ဆုံးတော့သူရဲ့အဖြေက မသွားရဘူးပဲ၊ အားရင်အိပ်နေတဲ့၊ မနေ့ကသူ့ကို ကျမတို့တစ်နေရာသွားကြရအောင်လို့ကျမအဆိုပြုတယ် မလိုက်ဘူး၊ အိမ်မှာနေ၊ သူ့အမေနှင့်တခြားနေရာကိုသွားစရာရှိတယ်၊ ဘယ်သွားမယ်ဆိုတာဘာလုပ်မယ်ဆိုတာ ကျမကိုမပြောဘူး၊
တဖြေးဖြေးနဲ့တင်းလာကြတယ်၊ အထူးသဖြင့်ကျမကို သူပိုင်ပစ္စည်းတစ်ခုအနေနဲ့ အကြင်နာမရှိပဲဆက်ဆံတာကို ကျမသည်းခံနိုင်မှု မရှိတော့ဘူး၊ ကျမသူကိုအချက်ကျကျပြန်ပြောတယ်၊ ဒါကျမရဲ့အခွင့်အရေးပါလို့၊ သူပိုဒေါသဖြစ်သွားတယ်၊ စကားဆက်များကြရင်းနဲ့ပဲ ကျမပါးကိုသူရိုက်လိုက်တယ် နှစ်ချက်၊ တော်တော်လေးပြင်းထန်ပါတယ်၊ ကန်လည်းကန်လိုက်တယ်၊ ကျမလဲကျသွားတယ်၊ ပါးစပ်ကလည်းသွေးတွေထွက်လာတယ်၊ မျက်စိလည်းထိသွားတယ်ထင်တယ်၊ ကျမကိုချွေးမအကြီးကပြေးထူတယ်၊ ဒီလူကမရပ်သေးဘူး ကျမရဲ့လက်ကိုင်အိပ်ကို ကန်ထုတ်ပစ်လိုက်သေးတယ်၊ ကျမမတ်တတ်ရပ်လိုက်တယ်၊ ထွက်နေတဲ့သွေးတွေကို မသုတ်ဘူး၊
ယောက္ခမအဖွားကြီးက သူ့သားမှားသွားပြီဆိုတာ သူသိတယ်၊ ရပ်ဆိုပြီး သူ့သားကိုတခြားအခန်းကိုသွားခိုင်းတယ်၊ ကျမကိုလည်းဒဏ်ရာတွေကို ဆေးကြောဘို့ပြောတယ်၊
ကျမစိတ်ထဲမှာတော့၊ ဒီလူတွေနဲ့ ဒီလောက်ဆိုတော်လောက်ပြီ၊ ကျမရဲ့ခန္ဓာကိုယ်ကို ဘယ်သူ့ကိုမှ အထိမခံတော့ဘူး၊
ကျမ အသိရှေ့နေ့ကိုဖုန်းဆက်လိုက်တယ်၊ အဲဒီမှာ ယောက္ခမအဖွားကြီးက တစခန်းထတော့တာပဲ၊ ရဲခေါ်တယ်ထင်လို့၊ ကျမကိုသူတို့လုပ်လိုက်ရင် ဘာဖြစ်သွားမယ်၊ မြန်မာပြည်ကို ဘယ်လိုပုံနဲ့ပြန်ရောက်သွားချင်သလဲ၊ ဒါ ဆန်ဖရန်စစ္စကို၊ သူတို့ကိုဘာထင်သလဲ၊ မြန်မာတစ်ယောက်အတွက်ဘာအခွင့်အရေးမှမရှိဘူး စသဖြင့်ခြိမ်းချောက်လာတယ်၊ ဟိုဘက်ကအသိရှေ့နေ့ကဖုန်းထဲကနေကောင်းကောင်းကြားနေရတယ်၊
ကျမကတော့ မျက်စိကိုမှိတ်ပြီး အသိရှေ့နေ့အလာကိုပဲစောင့်နေမိတယ်၊
တိုက်တ်ိုက်ဆိုင်ဆိုင်ပါပဲ၊ ကျမအသိရှေ့နေ့က ဆယ်မိနစ်အတွင်းရောက်ချလာတယ်၊ ရဲတွေပါပါလာတယ်၊
အဲဒီနေ့ကစပြီး အဲဒီအိမ်ကိုကျမပြန်မရောက်တော့ဘူး၊ အဲဒီနေ့ဟာ Martin Luther King Day ဖြစ်တယ်၊ အသိရှေ့နေ့နှင့်ရဲတွေက အခမ်းအနားတစ်ခုကတိုက်ရိုက်လာခဲ့ကြတာ။

ကျမ Protection Orderရတယ်၊ နေထိုင်ရေးအတွက်ဘာမှ မပူရဘူး၊ အမှုနှင့် separation လုပ်တာက တစ်နှစ်ခွဲလောက်ကြာတယ်၊ သူတို့ဘက်ကလည်းရှေ့နေကောင်းကောင်းနဲ့ခြေပတယ်၊ ကျမယောက်ျားက ကျမတို့ဟာလင်မယား မမြောက်ဘူး၊ လင်မယားမမြောက်အောင်လည်း ကျမကဖန်တီးတာလို့ဆိုတယ်၊ ကျမဘက်ကလည်း၊ ကျမကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်၊ ဒီနေ့ထိသူ့မျက်နှာကိုမြင်ရရင် ကြောက်မိတယ်၊ ဘာတယ်ပေါ့၊ သူ့ကြောင့်ကျမအမြတ်နိူးဆုံးပစ္စည်း အဆောင်ပုလင်းလေးကွဲသွားတယ် ဒီအတွက်ကျမစိတ်ဒဏ်ရာ ရရှိသွားတယ်ပေါ့၊ ပိုဆိုးတာက အဖွားကြီးက ကျမကို ဂိုဏ်းတွေဘာတွေနဲ့ခြိမ်းချောက်၊ မြန်မာပြည်ရောက်ရင်ဘာလုပ်မယ် ညာလုပ်မယ် ဒါတွေက ကျမအသိရှေ့နေက ဖုန်းထဲက အကုန်လုံးကြားတယ်၊ နောက်ဆုံး divorce, လျော်ကြေး နှင့်ကြေအေးလိုက်တယ်၊ လျော်ကြေးတွေအားလုံးကို ရှေ့နေနှင့် အသင်းကိုပေးလိုက်တယ်၊ ဒီကြားထဲကကျမ စရိတ်တွေကို သူတို့အကုန်ပေးရတယ်၊ အသိရှေ့နေနဲ့ကျမက အစထဲကအပေးအယူလုပ်ပြီးသားလေ။
အဲဒီအချိန်ကစပြီး ကျမမိသားစု၊ ဆွေမျိုးတွေ သူငယ်ချင်း အသိမိတ်ဆွေတွေကို အဆက်အသွယ် ဖြတ်လိုက်တယ်၊ ကျမကိုယ်ကျမ ဒဏ်ခတ်လိုက်တာပါ။ ကျမ ကယ်လီဖိုးနီယားကထွက်လာခဲ့တယ်မောင်၊
နောက်တော့ မောင့်ကိုမေ့မရဘူး၊ မောင့်အကြောင်းသိချင်လို့ သူငယ်ချင်းတစ်ချို့ကိုပဲ ရွေးပြီးဆက်သွယ်ခဲ့တယ်။
မျက်ဝန်းလဲဲ့ပြာရီသည် မျက်ရည်များဖြင့် ကျနော်ရင်ခွင်ထဲတွင်အိပ်ပျော်သွားသည်၊
Bus ကားကတော့ မောင်းလို့ကောင်းနေဆဲ။
-----------------------------------------------------

မျက်ဝန်းလဲဲ့ပြာရီနှင့် ကျနော်တို့၏ရည်းစားသက်တမ်းသည် ခုနှစ်ရက်တာဖြစ််ပေမဲ့၊ သူ့အိမ်ကနိုင်ငံခြားတွင် အိမ်ထောင်ချပေးမိအကြောင်း နောက်ဆုံးနေ့မှပြောသည်၊ လေဆိပ်ကိုလိုက်မပို့ခိုင်း၊ ကျမတို့ဝေးသွားကြတာ၊ ခွဲသွားကြတာမဟုတ်ဘူးဟုဆိုသည်။

မျက်ဝန်းလဲဲ့ပြာရီ အမေရိကားထွက်သွားပြီးနောက် ကျနော်နိုင်ငံခြားထွက်ဘို့ကို အစီအစဉ်တကျ လုပ်မိသည်၊ မြန်မာပြည်တွင် ကျနော်အတွက်တစ်ခုခုဟာနေသလိုပင်၊ တကယ်တော့လည်း ကျနော်နဲ့ မျက်ဝန်းလဲဲ့ပြာရီသည် သူငယ်ချင်းဘဝဖြင့်ပိုအနေနီးစပ်သည်၊ မျက်ဝန်းလဲဲ့ပြာရီသည် ကျနော်ကို အရမ်းချွဲသည်၊ ကျနော်ကလည်း အလိုလိုက်သည်၊ ကျနော်သည် ချစ်သူများနှင့်ခွဲခဲ့ဘူးသော်လည်း မျက်ဝန်းလဲဲ့ပြာရီနှင့်ဝေးသွားခြင်းလောက် ရင်ထဲတွင် ဟာတာတာ မကျန်ရစ်ခဲ့ပါ၊
မျက်ဝန်းလဲဲ့ပြာရီနှင့်ဝေးသွားပြီးနောက် ကျနော်ရည်းစားမထားဖြစ်တော့၊ စကာင်္ပူရောက်လာလို့့လား၊ အလုပ်တွေများနေလို့လားမပြောတတ်ပေ၊ မိန်းခလေးများစွာနဲ့တွေ့ကြုံခဲ့သော်လည်း စိတ်ဝင်စားစရာ မိန်းခလေးတစ်ယောက်မှာမတွေ့မိပါ၊ ပူးကပ်လာသည့်တစ်ချို့ကိုပင်ခွာချခဲ့သည်၊ လူပျိုကြီးလို့ပဲဆိုဆို တစ်ကိုယ်တည်း ရှင်သန်လှုပ်ရှားခဲ့သည်၊ လုပ်ချင်တာတွေလုပ်ရင်း လွတ်လွတ်လပ်လပ် တစ်ယောက်ထဲနေရသောဘဝကို ပိုမိုနှစ်သက်မိသည်၊ မိန်းခလေးများပေါ်ယုံကြည်မှုလည်းသိပ်မရှိတော့၊ နှလုံးသားမရှိတော့တဲ့လူတစ်ယောက်လို အားလုံးကို ပေါ့ပျက်ပျက်နိုင်ခဲ့သည်။

တစ်ချိန်မှာတော့ မျက်ဝန်းလဲဲ့ပြာရီ ကျနော်ဆီဆက်သွယ်လာသည်၊ ကျနော်သည် မျက်ဝန်းလဲဲ့ပြာရီကို အားပေးစကားပြောပြီး၊ အမေရိကားကို မလာနိုင်သေးကြောင်း သူငယ်ချင်းတစ်ယောက်အနေဖြင့်သာ နှစ်သိမ့်ပေးခဲ့သည်၊ အမေရိကားသို့ရောက်ရှိသည့်အခါများမှာလည်း ဆက်သွယ်ခဲ့ခြင်းမပြုခဲ့ပါ၊ မျက်ဝန်းလဲဲ့ပြာရီကို တစ်နေရာတွင်သိမ်းထားပြီမို့၊ ပြန်လည်ထုတ်ဖေါ်ဘို့ မကြိုးစားချင်တော့တာ လည်းပါသည်။

တစ်ချိန်တည်းမှာပင် မဟူရာမင်းသမီး၏မောင် ကျနော့်သူငယ်ချင်းက သူ့အစ်မနှင့် ဆက်သွယ်ဘို့ပြောလာသည်၊ မဟူရာမင်းသမီး၏အဖေ ဆုံးပါးသွားတာ တစ်နှစ်ရှိပြီဖြစ်ကြောင်းသိရသည်၊ မဟူရာမင်းသမီးသည် ကျနော်နိုင်ငံခြားထွက်သွားသည့်အချိန် ဒေါက်တာဘွဲ့ယူရန် ဂျပန်သို့ ပညာတော်သင်သွားရောက်ခဲ့သည်၊ ကျနော် နာဂိုရာ သို့ရောက်သောအခါ မိတ်ဆွေတစ်ယောက်အနေနဲ့ သွားရောက်လည်ပတ်ခဲ့သည်၊ အမှန်ကိုဝန်ခံရရင် ကျနော်နှလုံးသားထဲတွင် မဟူရာမင်းသမီးမရှိတော့ပါ၊ ထိုအတွက် ကျနော် မဟူရာမင်းသမီးနဲ့ အဆက်အသွယ်မလုပ်ခဲ့ပါ၊ ကျနော့်သူငယ်ချင်းပင် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားသည်၊ မဟူရာမင်းသမီးတစ်ယောက်ကတော့ ယနေ့ထက်တိုင် အပျိုကြီးပင်။

အချစ်တို့သည် တစ်ခါတစ်လေ သေဆုံးတတ်သည်ကို လက်တွေ့သိရှိခဲ့ရသလို၊ မီးတောင်လိုပြန်လည် အသက်ဝင်နိုင်ကြောင်းလည်း သိရှိခဲ့ရသည်။
-----------------------------------------------------


Bus ကားသည် ဝါရှင်တန်ဒီစီသို့ရောက်ပြီး ခရီးသည်တော်တော်များများဆင်းသွားကြသည်၊ ထိုနောက် Arlington သို့ဆက်ထွက်ခွာလာသည်၊ မျက်ဝန်းလဲဲ့ပြာရီ နှင့်ကျနော်တို့နှစ်ယောက် အထုပ်အပိုးတွေနဲ့ ကိုယ်ကိုယ့်ကိုယ် သပ်သပ်ယပ်ယပ်ဖြစ်အောင်လုပ်လိုက်သည်၊ Arlington ကားဂိတ်သို့ရောက်သောအခါ အထုပ်တွေနဲ့ ကားဂိတ်နားက မက်ဒေါ်နယ်တွင် ဘာဂါဝင်စားလိုက်ကြပြီး၊ ကျနော်က မက်ဒေါ်နယ်တွင်စောင့်နေကာ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် သူ့ကားရပ်ထားခဲ့သည့် အသိအိမ်ကို Taxi ဖြင့်ကားသွားယူသည်၊ ခဏနေကြာ ပြန်ရောက်လာပြီး၊ သူ့၏ ကားလေးဖြင့် Arlington မှ Reston သို့မောင်းလာကြသည်၊ မကြာခင် မျက်ဝန်းလဲဲ့ပြာရီရဲ့ သူဝယ်ထားသည်ဆိုသော သူအိမ်ဂေဟာလေးသို့ ရောက်ရှိတော့မည်ဖြစ်သည်။
မျက်ဝန်းလဲဲ့ပြာရီကို ကျနော် ဘာကြောင့်သူဆီကိုလာဘို့၊ သူနှင့်တွေဘို့ ဆုံးဖြတ်လိုက်သည့်အကြောင်း မပြောဖြစ်သေးပေ။

မောင် မကြာခင် ကျမစိတ်ကူးနဲ့ဝယ်ထားတဲ့ အိမ်လေးကိုရောက်တော့မယ်၊
အဲဒီမှာ မောင့်အငွေ့အသက်တွေရှိတယ်၊
ဒီနေရာကတော့ဘာ၊ ဟိုနေရာကတော့ဘာ၊ ကျမအမြဲလာနေကြ၊ စသဖြင့်တက်ကြွနေသော မျက်ဝန်းလဲဲ့ပြာရီကို ကြည့်ရင်း သက်ပြင်းရှည်လေးတိုးတိုးလေးချမိသည်။
ပြီးနောက် မျက်ဝန်းလဲဲ့ပြာရီသည် Recalculation ဆိုပြီးခဏခဏအော်နေသည့် GPS အသံကိုပိတ်လိုက်ပြီး၊ သီချင်းကိုဖွင့်လိုက်သည်၊
ပတ်ဝန်းကျင်ကလည်း နွေရာသီဆိုပေမဲ့ စိမ်းလန်းစိုပြေနေသည်၊ မြစ်ဘေးနားကလမ်းကို ရွေးမောင်းလာ၍လည်းဖြစ်မည်၊
ဟိုဘက်ကမ်းက Maryland ပြည်နယ်၊ သီချင်းကလည်းစိတ်ဝင်စားဘို့ကောင်းပါသည်။

No I can’t forget this evening
Or your face as you were leaving
But I guess that’s just the way
The story goes
You always smile but in your eyes
Your sorrow shows
Yes it shows
No I can’t forget tomorrow
When I think of all my sorrow
When I had you there
But then I let you go
And now it’s only fair
That I should let you know
What you should know

I can’t live
If living is without you
I can’t live
I can’t give anymore
I can’t live
If living is without you
I can’t give
I can’t give anymore

ခဏနားပါဦးမည်၊



အိမ်ဖြူတော်စောင့်ခွေး




29 comments:

မေဓာဝီ said...

တကယ့်အဖြစ်အပျက်လိုပဲ ဖတ်ရင်းနဲ့ ...
ဇာတ်လမ်းထဲမှာ မျောသွားတယ် ... ပြီးတော့ ... မောသွားတယ် ...

SHWE ZIN U said...

ကိုဆိုဆီ ရေ

အသစ်တင်လို့ အပြေးအလွှားလာခဲ့ရတယ် ဖတ်ပြီး ပိုမောသွားတယ် ကြောက်စရာကြီးနော် တော်သေးတယ် မျက်ဝန်းလဲ့ပြာရီ ကသတ္တိရှိလို့

ဆက်ဖတ်ချင်သေးတယ် မြန်မြန်လေး ရေးပါဗျာ

ကျေးဇူးတင်စွာဖြင့်
ရွှေစင်ဦး

ဂျစ်တူး ( မုံရွာ ) said...

အော် ဋ္ဌေသာ် ဒါ့ ကြောင့်ကိုး
မျက်ဝန်းလဲ့ ပြာရီကအဲဒီလောက်အထိစွမ်းတာကိုးဗျာ-
နို့  ကျုတ်ဖြင့်မသိပေါင်ဗျာ-

ငွေလမင်း said...

အော် မျက်ဝန်းလဲ့ပြာရီ ဘ၀ က သနားရာပါလား
မချစ်တဲ့သူနဲ့ ပေါင်းရပြီး ချစ်တဲ့သူနဲ့ကွေကွင်းရတာ ဖတ်ပြီးစိတ်မကောင်းဘူးးးး

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီရေ..
အနဲဆုံး..မဂ္ဂဇင်းမှာ ၄ လ လောက် ထည့်ရတဲ့ အခန်းဆက်ဝတ္ထုရှည်လောက်ရေးဗျာ..
ကျနော်ငယ်ငယ်က ကြိုက်ခဲ့တဲ့ စာရေးဆရာကြီးတွေ (တင့်တယ်၊ဝင်းဦး၊ သန်းဆွေ) တို့ စာတွေဖတ်နေရသလိုမျိုးကို ..တအိအိနဲ့ စာဖတ်သူကိုဆွဲခေါ်သွားတာ..သိတ်ကောင်းတာပဲဗျာ..
အခုဝတ္ထုလေးက ကိုယ်တိုင်နေခဲ့တဲ့ အရပ်တွေမို့ မျက်စေ့ထဲမြင်ပြီးခံစားလို့ရတယ်ဗျာ...

Anonymous said...

ဝတ်တကောင်နဲ့ ဘယ်လိုအိပ်ရပ

Anonymous said...

La min

TYZ said...

အဆုံးသတ်ထားတဲ့ သီချင်းလေးကိုလည်း ကြိုက်တယ်။ ဆက်ဖတ်ဖို့ ဆက်မျှော်နေသည်. အကြာကြီးတော့ မနားပါနဲ့နော်..... ကိုယ်မရေးရတိုင်း အားမနာတမ်း တောင်းဆိုသွားပါသည် ကိုဆိုဆီ...

ကိုအောင် said...

ဖတ်လို့ကတော့ ကောင်းမှကောင်းပဲ ကိုစိုးစီရေ။

ကိုဇော် said...

လျှို့ဝှက်လွန်းတဲ့ မျက်ဝန်းလဲ့ပြာရီမှာ . . . .

သီချင်းလေးတောင်မှ သွားသတိရမိတယ်ဗျာ။ ကိုယ်တောင်မှ တကယ်ရောက်သွားသလိုပါပဲလား။ ကောင်းချက်။

မကောင်းချက်ကတော့ ကြာသဗျို့။ စောင့်သူ ရင်မောတယ်။ ညန်ညန်လုပ်ဂျ။

ကြည်ဖြူပိုင် said...

မျက်ဝန်းလဲ့ပြာရီအခန်းဆက်ကိုဖတ်လာခဲ့ရတာ
ဒီအခန်းလေးတော့ရင်နင့်လိုက်တာ။
ဇာတ်ကောင်က ပျော်နေတဲ့သူ့ကိုကြည့်ပြီးသက်ပြင်းချတယ်ဆိုတော့
ဇာတ်လမ်းအဆုံးကိုရိပ်မိသလိုရှိသွားတယ်။
ရိပ်မိတဲ့အတိုင်းတော့မဖြစ်စေချင်ဘူး
သူ့မှာချစ်တဲ့လူနဲ့ခွဲပြီးမချစ်တဲ့သူနဲ့လဲနေခဲ့ရသေးတယ်
ချစ်တဲ့လူနဲ့တွေ့ပြန်တော့ခွဲသွားရပြန်ရင်.....:'(
လူ့ဘ၀သက်တမ်းတိုတိုလေးပဲရှိတာကို..၂၀၁၂လဲမပြောကောင်းမဆိုကောင်းဖြစ်၇င်ဘယ်လိုလုပ်မလဲ။
သနားပါတယ်
ပေါင်းပေးလိုက်ပါ ကိုတည်ငြိမ်အေးရ.....
တကယ့်အဖြစ်ဆိုလဲပေါင်းလိုက်ပါ....;)
ဆက်ရန်မျှော်နေဦးပါမည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မျက်ဝန်းလဲ့ပြာရီ အိမ်ထောင်ကျတာ တတိယပိုင်းမှ ဖော်ထားတာ စိတ်ဝင်စားဖို့ကောင်းလာတယ်..
ကံမကောင်းတဲ့ အိမ်ထောင်ရေးအကြောင်းကတော့ စိတ်မကောင်းစရာ။
အမေရိကားတစ်ခွင်ကို ၀တ္ထုနဲ့အတူ ဆွဲခေါ်သွားနိုင်တာ စာရေးသူတော်တယ်လို့ ချီးကျူးမိသေး။
ကိုယ်တိုင်ရောက်သွားသလိုပါဘဲ။
ဆက်ရန်ကို မျှော်နေပါသည်။

လသာည said...

ဖတ်ကောင်းတယ် ကိုsosegado။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ တကယ်ကောင်းတယ်။ ဆက်ရန် မျှော်နေပါတယ်

လသာည

Anonymous said...

ဘာပဲဖြစ်ဖြစ် မျက်ဝန်းလဲ့ပြာရီ ကိုသဘောကျသည်၊
Zaw Zaw

blackroze said...

နောက်လာမဲ့အပိုင်း၎ကိုလည်းစောင့်နေကြောင်းပါ..
ချစ်တဲ့သူနဲ့ကွေကွင်းရတာလည်းဒုက္ခ...
မချစ်တဲ့သူနဲ့ပေါင်းရတာလည်းဒုက္ခ...

blackcoffee said...


ဒီစာသားလေး သဘောကျတယ်ဗျာ။ အခန်းဆက် ဝတ္ထုပုံစံလေး ဖတ်ရတော့ တမျိုးဆန်း သလို ခံစားရတယ်။အပိုင်း(၄) ကို မျှော်နေတယ်နော်။

nyan gyi said...

မျက်ဝန်းလဲ့ပြာရီ ကတော့ စွဲဆောင်တုန်းပါပ

မြစ်ကျိုးအင်း said...

ကိုစိုးဆီ အမေရိကားအပြန်ခရီးနဲ့အတူ မျက်ဝန်းလဲ့ပြာရီ ၀တ္ထုအဆုံးသတ်မယ်ထင်တယ်..
မရောက်ဖူးတဲ့နေရာတွေအကြောင်းပါ ထည့်ရေးထားတော့ ၀တ္ထုရဲ့ ရသနဲ့အတူ သုတပါတွဲပြီး ရလိုက်ပါတယ်ဗျာ။
စောင့်နေပါတယ်.. ဆက်ရန်ကို

ဧပရယ်လ်ပူး@ပူးတေ said...

(မျက်ဝန်းလဲ့ပြာရီကို ကျနော် ဘာကြောင့်သူဆီကိုလာဘို့၊ သူနှင့်တွေဘို့ ဆုံးဖြတ်လိုက်သည့်အကြောင်း မပြောဖြစ်သေးပေ။)

ဇာတ်လမ်းက လွမ်းစရာတွေ ဖြစ်ကျန်ခဲ့ဦးမှာလားဟင်...

မျက်ဝန်းလဲ့ပြာရီအစား မလွမ်း ချင်တော့ဘူး... မိန်းမသားတယောက်အနေနဲ့ သူများနိုင်ငံမှာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်ခဲတွေက သနားဖို့ကောင်းလိုက်တာ... မထားခဲ့နဲ့တော့နော်...ကိုဆိုဆီဖြစ်ဖြစ် အမေရိကားအပြီး လိုက်ရင်လိုက်နေလိုက်။ မဟုတ်ရင် သူ့ကို ဖြောင်းဖြချော့မော့ပြီး စလုံးခေါ်လာခဲ့လိုက်နော်... ဒီလိုပဲ ဇာတ်သိမ်းစေချင်တယ်... :)

သိင်္ဂါကျော် said...

တော်သေးတယ်.. အဲလို ယောက်ျားမျိုးနဲ့ ကလေးမရခဲ့တာ..
ဇာတ်သိမ်းမှာတော့ မျက်ဝန်းလဲ့ပြာရီကို ကံကောင်းစေချင်တယ်..

ဆောင်း said...
This comment has been removed by the author.
ဆောင်း said...

မျက်ဝန်းလဲ့ပြာရီပြောတာအမှန်တွေချည့်ဘဲ

Sint Si said...

Nice story! I am sorry, she didn't get to enjoy beautiful bay area.

မြသွေးနီ said...

ဒုတိယတစ်ခေါက် လာရောက်ဖတ်သွားပါတယ်။
ပထမတစ်ခေါက်က ကွန်မန့်ပေးမရလို့...။
အပိုင်း(၄) မှာ ဘာတွေဆက်ဖြစ်မလဲ....???
မျှော်ယုံမှတစ်ပါး...။

ahphyulay said...

အင်း....
သေချာတာ တစ်ခု ကတော့  မျက်ဝန်း လဲ့ ပြာရီကို
တကယ်ချစ်သွား ခဲ့  တာ ဆို တာပါပဲ။
“ချစ်တယ်” ဆိုတာ ပြောသလောက် မလွယ် ပါဘူးနော်၊
အငိုလွယ်ပြီး အရှိုက် ခက် သလိုပါပဲ။
ဇတ်ထဲ မှာ တော့  မျောနေတာ သေချာ နေပြီ နော်၊
ဇာတ်အိမ် ခိုင် ပါ တယ်။

အင်ကြင်းသန့် said...

တကယ်ကို ဇာတ်လမ်းထဲမှာမျောသွားမိတယ် ကိုဆိုဆီ....အချစ်ဆိုတာ တစ်ခါတစ်ရံမှာသေဆုံးသွားတတ်သလို တစ်ခါတစ်ရံမှာ ပြန်လည်အသက်ဝင်လာတတ်တယ်တဲ့လား....
နောက်ဆက်တွဲမျှော်နေပါ့မယ်။

အတွေးကမ္ဘာ..မှတ်တမ်း said...

ကောင်းတယ်ဗျို့...ကိုဆိုဆီ ရေ..အပိုင်းလေးကို မျှော် နေတယ် ဗျာ...

အိမ့်ချမ်းမြေ့ said...

ဂန္တ၀င် ဇာတ်လမ်းတွဲလိုပဲ...

မျက်ဝန်းလဲ့ပြာရီရဲ့ လက်မောင်းကို ကိုင်ပြီး
ဆက်ပြောလေ.. လို့ပြောလိုက်တယ်ဆိုတဲ့ နေရာက ရုပ်ရှင် မြင်ကွင်းတစ်ခုလိုကို ညအိပ်ရာဝင်မှာတုန်းကတောင် မြင်ယောင်လိုက်မိသေးကြောင်း ပြန်လာပြောပြခြင်းပါ။

nyimuyar said...

ဟူးးး စိတ်မောလိုက်တာဗျာ ဒါပေမယ့် အရမ်းကို ဆက်ဖတ်ချင်နေမိအောင် ကောင်းတယ်ဗျာ