Saturday, October 9, 2010

မျက်ဝန်းလဲဲ့ပြာရီ (၄)


Reston သည် Virginia တွင်ရှိသော မြို့ငယ်လေးတစ်ခုဖြစ်သည်၊ ဘေးပတ်ဝန်ကျင်ကို နာရီဝက်လောက်ပတ်မောင်းလိုက်ရင် အစုံအလင်ရှိသည်ကိုတွေ့ရသည်၊ ရုပ်ရှင်ရုံ၊ ဆေးရုံ၊ ဟိုတယ်၊ ကုန်တိုက် တွေ နှင့် Sterling ဘက်တွင် မြန်မာစားသောက်ဆိုင်တောင်ရှိလိုက်သေးသည်၊ Sterling မြန်မာစားသောက်ဆိုင်တွင် သွားစားတုန်းက ကျနော်တို့ကို တရုတ်တွေထင်နေသည်၊ အဖြူတွေဦးစားပေးသည်ဟုထင်မိသည်၊ နန်းကြီးသုတ်ပဲ စားဖြစ်ကြသည်၊ စိိတ်ဝင်စားစရာနေရာကတော့ Reston town center ပဲဖြစ်သည်၊ ဒါပေမဲ့ Tysons corner ကိုပဲသွားတတ်သည်၊ ဝယ်လို့ ကောင်းသည်ဟု မျက်ဝန်းလဲဲ့ပြာရီကဆိုသည်၊ အနီးထက်အဝေးကို ကြိုက်ကြသည်မှာ ဓမ္မတာလားမသိ၊ မျက်ဝန်းလဲဲ့ပြာရီသည် အရင်က Reston ဆေးရုံတွင်လုပ်သည်၊ ခုတော့ သက်ကြီးရွယ်အိုစောင့်ရှာက်ရေးမှာ ဝင်လုပ်နေသည်။
မျက်ဝန်းလဲဲ့ပြာရီကတော့ ကျနော်ကို Virginia အပြင် West Virginia နှင့် Maryland တွေကိုလိုက်ပို့ပေးသည်၊ မြစ်ဆုံသို့မဟုတ်Golden triangle မျက်ဝန်းလဲဲ့ပြာရီ နာမည်ပေးထားသောHarpers Ferry park ကိုပါရောက်ဖြစ်သည်၊ ပြည်နယ်သုံးခုဆုံသည့်နေရာဖြစ်သည်၊ Potomac နှင့် Shenandoah မြစ်တို့ဆုံရာနေရာလည်းဖြစ်သည်၊ John Brown ပြတိုက်ကိုလည်း မျက်ဝန်းလဲဲ့ပြာရီကလိုက်ပြသည်၊ John Brown သည်ရှေးကျသော အမေရိကန်ကျွန်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ ထိုနေရာမှာပင်လူဖြူအစိုးရ၏ ကြိုးပေးခြင်းကိုခံရသည်၊ ထိုနေရာကို ဒီနေ့အထိ အမှတ်တရပြထားသည်၊ နွေရာသီဖြစ်သဖြင့် အလွန်အေးချမ်းလှပသည်၊ ပြီးနောက်ကျနော်တို့နှစ်ယောက် Potomac မြစ်ကမ်းဘေးက ကျောက်ခုံလေးပေါ်တွင်ထိုင်ဖြစ်ကြသည်။


မျက်ဝန်းလဲဲ့ပြာရီကို ကျနော်ကမြန်မာပြည်တုန်းက အကြောင်းလေးတွေ လှည်းတန်းမှာ စားသောက်ခဲ့တာလေးတွေကို သတိတရပြန်ပြောဖြစ်သည်၊ ‘အင်းလျားလမ်းကိုသတိရသေးလားလို့မေးလိုက်မိသည်၊’
‘အင်း’ ဆိုသည်အဖြေနှင့်အတူ မျက်ဝန်းလဲဲ့ပြာရီရဲ့စိတ်တစ်ချို့ ရန်ကုန်ပြန်ရောက်နေပြီဆိုတာကို သိလိုက်သည်၊
ကျနော်ကဖြည်းညင်းစွာဖြင့် ‘အိမ်နှင့် အဆက်အသွယ်ရသေးလား’ လို့မေးလိုက်သည်၊
မျက်ဝန်းလဲဲ့ပြာရီက ချက်ချင်းပင် ‘လုံးဝမဆက်သွယ်ဘူး၊ သူတို့ဆက်သွယ်တာကိုလည်း လက်မခံဘူး၊ ဘာလို့မေးတာလည်းမောင်’ ဟုကျနော်ကိုပြန်မေးလိုက်သည်၊
ကျနော်က ‘ဒီလိုပဲသတိရသွားလို့ပါ၊ ကျနော့် အဖေနှင့်အမေ စင်္ကာပူလာလည်ကြောင်း သူတို့အသက်တွေကြီးသွားကြပြီလို့ ပြန်ဖြေလိုက်သည်၊’
အသက်တွေကြီးသွားကြပြီ လို့ ကျနော်ကိုသံယောင်လိုက်ရင်း မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် တိတ်ဆိတ်သွားသည်၊ ကျနော်တို့နှစ်ယောက် ထိုင်ခုံမှထပြီး မြစ်ကမ်းဘေးအတိုင်း ဘူတာရုံအဟောင်းဘက် ဆက်လျှောက်လာကြသည်၊ ပျော်ရွင်နေသော မျက်ဝန်းလဲဲ့ပြာရီကို ကျနော်တွေဝေလိုက်စေပြီ၊
ခဏ နေတော့ မျက်ဝန်းလဲဲ့ပြာရီကစပြီး ‘တစ်ခုခုစားကြမယ်မောင်’ ဟုဆိုကာ စားသောက်ဆိုင်တွေရှိတဲ့ဘက်ကို လျှောက်လာကြသည်၊ စိတ်ကြိုက်ဆိုင်ရှာမတွေ့ ကျနော်တို့ Virginia ဘက်သို့ပြန်မောင်းလာသည်၊ တိတ်ဆိတ်နေသော မျက်ဝန်းလဲဲ့ပြာရီကို ကျနော်က West Virginia ရဲ့လှပပုံတွေကိုပြောပြဖြစ်သည်၊
‘နွေရာသီလေးပဲမောင် fall ရောက်ရင် အရွက်တွေကြွေ အပင်တွေပြိုင်းပြိုင်းနဲ့ ရာသီဥတုကလွမ်းစရာကောင်းတယ်၊ မောင့်ဂျာကင်အကျႌလေးကိုဝတ်ဖြစ်တယ်၊ ဟောင်းနေပြီမောင် အသစ်ဝယ်ပေးနော်၊ ဆောင်းရောက်ရင်တော့ နှင်းတွေ ရေခဲတွေနဲ့ အထီးကျန်ဆန်သလိုပဲ၊ ကျမရဲ့ရာသီဥတု ခံစားချက်တွေက သူများတွေနဲ့မတူဘူးမောင်၊’ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ပြောရင်းသူဟာသူ ပြုံးလိုက်သည်၊ သိပ်ချစ်စရာကောင်းတဲ့ အပြုံးတစ်ခုပါ၊ အဲဒီအချိန်မှာပဲ မိုးဖွဲဖွဲကျလာသည်၊
လမ်းဘေးမှာတော့ နွားခြံတွေ၊ မြင်းခြံတွေ၊ ခြံဝိုင်းအကျယ်ကြီးမှာ အိမ်အကြီးကြီးတွေ၊ အိမ်ရှေ့မှာလည်း နွေရာသီမို့လားမသိ ပြိုင်ကားတွေ ကားအကြီးကြီးတွေရပ်ထားကြသည်၊ ကျနော်က အေးချမ်းပြီး နေလို့ကောင်းမဲ့ နေရာတွေလို့ပြောလိုက်တော့၊ တစ်ချို့ကမကြိုက်ကြဘူး၊ ပျော်စရာမရှိဘူးဆိုပဲ၊ အဖိုးကြီးအဖွားကြီးတွေနေတာ များတယ်၊ ကျမ ပေးရှင့်တွေတောင်ရှိတယ်၊ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကားကို လမ်းတစ်လမ်းထဲချိုးဝင်သွားသည်၊ ‘မောင်ကြည့်ဒီလမ်းကအိမ်တွေကသိပ်လှတယ်၊ ခေတ်လည်းမှီတယ် classic လည်းဖြစ်တယ်၊ နောက်ဆို West Virginiaက ဓါတ်တော်ချိုင့်တို့ ပိတ်ချင်းမြှောင်တို့ကို မောင်ကိုလိုက်ပို့ဦးမယ်၊ အဲဒီဂူတွေရေတံခွန်တွေကို ကျမဟာကျမ နာမည်ပြောင်းပေးထားတာ၊’
ဒီလိုနဲ့ကျနော်တို့ Virginia ပြန်ရောက်လာသည်၊ Sterling က ဗီယက်နမ်ဆိုင်တွင် ခေါက်ဆွဲဝင်စားဖြစ်ကြသည်၊ ဆိုင်နာမည်က Taste of Vietnam ဖြစ်သည်၊ ပြီးတော့အိမ်ပြန်လာကြသည်၊ ဒီနေ့လည်းချစ်သူရဲ့မျက်နှာလေးကိုကြည့်ပြီး ပြောရမဲ့စကားတွေမပြောဖြစ်ခဲ့၊ အလေးအနက်ပြောချင်၍လည်း ကျနော်အချိန်အခါကို စောင့်လိုက်ခြင်းဖြစ်သည်။


ဒီလိုနဲ့ ကျနော်တို့ သုံးရက်လောက်လည်ပတ်ဖြစ်ခဲ့သည်၊ ဒီနေ့တော့ အိမ်မှာနားရအောင်လို့ ကျနော်အဆိုပြုလိုက်သည်၊ မျက်ဝန်းလဲဲ့ပြာရီက ဟုတ်ပြီ မောင့်ကိုတစ်ခုခုလုပ်ကျွေးမယ်၊ စပါတဂီလုပ်ကျွေးမယ်ဟုဆိုသည်၊ မနက်စာ နှင့်နေ့လည်စာကို ဒီနေ့ အမေရိကန်စတိုင် စားလိုက်ကြသည်၊ မျက်ဝန်းလဲဲ့ပြာရီ တော်တော်ချက်တတ်လုပ်တတ်နေပြီ၊ နေ့လည်စာစားပြီး တီဗီရှေ့တွင် နှစ်ဦးသား ထိုင်စကားပြောဖြစ်ကြသည်၊
‘မောင်မှတ်မိလား၊ မောင်ဆီကို ကျမပထမဦးဆုံးအကြိမ် အမေရိကားကနေ ဖုန်းဆက်တာ၊ မောင်က စင်္ကာပူူမှာလေ၊ မောင်ကကျမကို အစဉ်ပြေအောင်နေဘို့၊ လူတွေကိုနားလည်အောင်ကြိုးစားဘို့၊ ဘာကိုမှအရှုံးမပေးဘို့၊ အကောင်းဆုံးဖြစ်အောင်လုပ်ဘို့ မှာတယ်မဟုတ်လား၊ အဲဒီတုန်းက မောင်ကကျမကို သူငယ်ချင်းတစ်ယောက်အနေနဲ့ အားပေးနေတာ၊ ကျမကတော့ အင်အားတစ်ခုအနေနဲ့ မောင်အသံတွေကိုနားထောင်မိတယ်၊ မောင်ကျမကိုနားလည်ခွင့်လွတ်နိုင်တာကိုလည်း ဝမ်းနည်းမိတယ်၊’
‘မခွင့်လွတ်နိုင်စရာ အကြောင်းမှ မရှိဘဲကိုး’ ဟုပြန်ဖြေလိုက်မိသည်၊
‘မောင် Las Vegas နှင့် Grand Canyon ရောက်တုန်းက မောင်ကျမဆီမလာခဲ့ဘူး၊’
‘အမေရိကားက အကျယ်ကြီးမဟုတ်လား၊ နောက်ပြီး အစီအစဉ်နှင့်လာရတာဆိုတော့၊ သူတို့နောက်လိုက်ရတယ်၊ ပြန်ခါနီးဖုန်းဆက်လိုက်သေးတယ်မဟုတ်လား’ လို့ပြန်ပြောပြလိုက်သည်၊
‘အဲဒီတုန်းက ကျမအရူးတစ်ယောက်လိုပါပဲ၊ မောင့်ကိုတွေ့ချင်တာ၊ အဲဒီအကြောင်းတွေ ပြန်မပြောချင်တော့ပါဘူး၊’
ကျနော်တွေးမိလိုက်သည်မှာ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် အမေရိကားကနေ ကျနော့်ကို တောက်လျှောက်လိုက်ကြည့်နေသည်ထင်သည်၊ မျက်ဝန်းလဲဲ့ပြာရီကို ကျနော်ကြည့်လိုက်မိသည် မျက်နှာကိုတဘက်လှည့်ထားသည်၊ စိတ်ဆိုးနေသည့်ပုံစံ အရင်တုန်းကဟာတွေကို ခုစိတ်ထိုင်ဆိုးနေသည်က ချစ်စရာကောင်းနေသည်၊ ‘မျက်ဝန်းလဲဲ့ပြာရီ’ လို့ ကျနော်တိုးတိုးလေးခေါ်လိုက်တော့ ‘ဟင်း’ လို့ပြန်ထူးသည်၊
‘တကယ်လို့ ကျနော်က တခြားမိန်းခလေးတစ်ယောက်နှင့် လက်ထပ်တော့မယ်ဆို မျက်ဝန်းလဲဲ့ပြာရီ ဘယ်လိုထင်သလဲ၊’ ကျနော်သူ့ကိုမေးလိုက်သည်၊
မျက်ဝန်းလဲဲ့ပြာရီကချက်ချင်းပင် ‘မောင်ဘယ်သူကိုမှလည်း လက်ထပ်မှာမဟုတ်ဘူး၊ မောင်ဘယ်သူကိုမှလည်း ချစ်မှာမဟုတ်တော့ဘူး၊ မောင်ကျမကိုချစ်ပြီးသွားပြီ၊ ကျမနှလုံးသားထဲကသိခဲ့တဲ့အဖြေတစ်ခုပဲ၊ ကျမအမြဲတမ်းယုံကြည်နေတဲ့ ယုံကြည်ချက်တစ်ခုပေါ့၊
'တကယ်လို့ (If)' ဆိုတဲ့ စကားစုဟာ ကျမ အမုန်းဆုံး စကားစု တစ်ခုပဲ၊ မောင်လက်ထပ်ခဲ့ရင် လက်မထပ်ခင်ညမှာ ကျမမောင့်ဆီကို သေချာပေါက်ရောက်လာမှာပါ၊ ကျမက မျက်ဝန်းလဲဲ့ပြာရီပါ၊ မောင်သိတယ်မဟုတ်လား၊
ကျမလောကကြီးမှာမရှိခဲ့တော့ရင်၊ ကျမသေဆုံးသွားခဲ့ရင်တော့ တစ်မျိုးပေါ့လေ၊ I am very sure အသေချာဆုံးကတော့ ကျမအသက်ရှင်နေသရွေ့ မောင်ဘယ်သူကိုမှာ လက်ထပ်မှာ မဟုတ်ဘူး၊ ကျမရဲ့ အချစ်တွေက မောင့်ဆီမှာ နေရာယူထားပြီ၊ မောင့်နားမှာ အချိန်ပြည့်ရှိနေတယ်လေ၊’
ကျနော်သူကိုဘာမှ ပြန်မပြောနိုင်ပါ၊ သူ့ကိုယ်လုံးလေးကိုဆွဲယူ သူ့မျက်နှာလေးကို ရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်ထားလိုက်မိသည်။
သြော် ချစ်တတ်လိုက်တာ မျက်ဝန်းလဲဲ့ပြာရီ ရယ်။

ကျနော်တို့ တီဗီဆက်ကြည့်ဖြစ်ကြသည်၊ Channel တစ်ခုက ဇာတ်လမ်းတစ်ပုဒ်လာနေသည်၊ မိသားစုဇာတ်လမ်း၊ အဓိကကတော့ အဖိုးကြီးနှင့်အဖွားကြီးနှစ်ယောက်ဇာတ်လမ်း သားနှစ်ယောက်နှင့် သမီးနှစ်ယောက်ရှိသည်၊ ကြီးလာကြတော့ မြို့ကြီးတွေဆီ အလုပ်လုပ် အခြေချဘို့ထွက်သွားကြသည်၊ သူတို့ကတော့ အငြိမ်းစားယူပြီး မြို့ငယ်လေးကိုပြောင်းလာသည်၊ သားတစ်ယောက် ရည်းစားနှင့်ကွဲ ရင်ကွဲနာကျကာ ပြန်ရောက်လာသည်၊ နောက်တစ်ယောက်က bankrupt ဖြစ်ပြီးပြန်ရောက်လာသည်၊ သမီးတစ်ယောက်ဆေးစွဲ ထောင်ကြပြီးပြန်ရောက်လာသည်၊ နောက်သမီးတစ်ယောက် လင်နဲ့ကွဲကာပြန်ရောက်လာသည်၊ အဆင်ပြေသောအခါ သားသမီးတွေပြန်သွားကြသည်၊ သားသမီးတွေ အဆင်ပြေကြီးပွားနေချိန်တွင် အဖေနှင့်အမေကိုသတိမရကြ၊ ဒုက္ခရောက်ချိန် ပြန်ပြန်ရောက်လာကြသည်၊ ဒါပေမဲ့ အဖိုးကြီးနှင့်အဖွားကြီးနှစ်ယောက်ကတော့ အမြဲတမ်း အခန်းတွေကိုအဆင်သင့်ပြင်ထားကြသည်၊ ဇာတ်လမ်းပြီးသွားသောအခါ ကျနော် နှင့်မျက်ဝန်းလဲဲ့ပြာရီတို့ ဇာတ်လမ်းအပေါ်ပြောဆိုဆွေးနွေးဖြစ်သည်၊ မိသားစုနှင့်မိဘဆိုတာကို ကျနော်ကပိုပြောဖြစ်သည်၊ ကျောင်းတုန်းက မုံရွာ ချောင်းဦးကလိုက်လာတဲ့ အဖေကို ကျောင်းထဲလိုက်လာရပါမလားဆိုပြီး ရန်ဖြစ်နေတဲ့သမီး၊ အဖေကတောသား အမေကလယ်သူမ သူ့အတွက်ဂုဏ်နိမ့်မသွားပါဘူး၊ ခင်ဗျားအရက်သမား ကျုပ်အိမ်ဘယ်တော့မှ မလာခဲ့နဲ့လို့ နင်ထုတ်တဲ့ သင်္ဘောအင်ဂျင်နီယာချုပ်၊ တကယ်တော့ သူအင်ဂျင်နီယာဖြစ်ဘို့ သင်္ဘောလိုက်နိုင်ဘို့ အဖေကအလုပ်လုပ်ရင်း ဒဏ်ကြောင့် အရက်သောက်ဖြစ်ခဲ့တာ၊ အဖေတို့အသုံးမကျဘူး၊ အဖေတို့အတွေးအခေါ်တွေက စသဖြင့် ခံယူချက်တစ်ခုကြောင့် အဖေကိုလက်ညိုးထိုး ကက်ကက်လန်ရန်တွေ့နေတဲ့ အတိုက်အခံ နိုင်ငံရေးသမားလို့ခံယူထားတဲ့ အမျိုးသမီးတစ်ဦး၊ တကယ်တော့ အဖေဟာအဖေ၊ အမေဟာအမေပဲ ဆိုတာကိုသူတို့မေ့နေကြတာပါ၊ မိဘဆိုတာ တစ်ခါတစ်လေလည်း အမှားလုပ်မိမှာပါ၊ သူတို့လည်းလူသားတွေပဲ မဟုတ်လား၊ တစ်ချို့ဆိုရင် အဖေအမေကို တွေ့ချင်တယ်ဆိုရင်တောင် ရှိရက်နဲ့တွေ့ခွင့်မရှိ၊ တွေ့ခွင့်မကြုံဘူး၊ အကျဉ်းချခံထားရတယ်၊ တားမြစ်ခံထားရတယ်၊ ပြန်လို့မရဘူး၊ သွားလို့မရဘူး၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေက တားဆီးထားတယ်၊ တရားသဘောအရဆိုရင်တော့၊ လောဘ၊ ဒေါသ၊ မောဟတွေပါပဲ၊ အများအားလုံးသော မိဘတွေဟာ သားသမီးတွေကို အကောင်းဆုံးဖြစ်ချင်ကြတာပါ၊ ဒီတစ်ခါတော့ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ပြောနေတာကို မျက်လုံးလေးစင်းပြီးနားထောင်နေသည်။

ခဏကြာ ‘မောင်’လို့ခေါ်လိုက်ပြီး၊ ‘မောင်ကျမကို ကျမအိမ်နှင့်ပတ်သက်ပြီးတစ်ခုခုပြောစရာရှိလားဟင်၊ မောင်မှာရှိနေတယ်လို့ ကျမထင်လို့ပါ၊’
ကျနော်သူ့မျက်နှာလေးကိုပြန်ကြည့်လိုက်မိသည်၊ ကျနော်ကပဲ မျက်ဝန်းလဲဲ့ပြာရီကို နားလည်သည်ဟုထင်နေသည်၊ မျက်ဝန်းလဲဲ့ပြာရီသည် ကျနော့်အမူအကျင့်တွေကို ကောင်းကောင်းနားလည်း သိရှိနေပြီ၊ ကျနော်ကပှံမှန်လေးပင် မျက်ဝန်းလဲဲ့ပြာရီကို ပြန်ဖြေလိုက်သည်၊ ‘ဟုတ်တယ်’လို့၊ ပြန်ဖြေလိုက်မိသည်၊
‘ပြောပါမောင်၊ မောင်မှမပြောရင် ဘယ်သူပြောမလည်း၊’
‘မျက်ဝန်းလဲဲ့ပြာရီရဲ့ မိဘတွေနဲ့ကျနော်တွေ့ဖြစ်တယ်၊ ပြီးခဲ့တဲ့ ရှစ်လလောက်က ကျနော်အလုပ်ထဲကို မျက်ဝန်းလဲဲ့ပြာရီရဲ့ အဖေရောက်လာတယ်၊ သူဘယ်လိုလိပ်စာရသလဲတော့မသိဘူး၊ တွေ့ချင်တဲ့ ဧည့်သည်တစ်ယောက်ရောက်နေတယ် ဆိုတာနဲ့ ဆင်းတွေ့တော့ အန်ကယ်ဖြစ်နေတယ်၊ ကျနော်တို့ စကားပြောဖြစ်ကြတယ်၊ မျက်ဝန်းလဲဲ့ပြာရီနှင့်အဆက်အသွယ်ရှိလား တွေ့ဖြစ်လား မေးလာပါတယ်၊ အဓိကကတော့ မျက်ဝန်းလဲဲ့ပြာရီ အဆင်ပြေလား နေထိုင်ကောင်းလားကို သိချင်တာပါ၊ ကျနော်ကလည်း မတွေ့ဖြစ်ဘူး အဆက်အသွယ်ရှိပါတယ်၊ အဆင်ပြေ နေထိုင်ကောင်းပါတယ်လို့ ပြန်ဖြေလိုက်တယ်၊ ဟုတ်တယ်လေ အဲဒီမတိုင်ခင်လေးတင်က ကြယ်ကလေးရဲ့ ကလေးတစ်လပြည့်နေ့မှာ ဖုန်းပြောဖြစ်ကြသေးတယ် မဟုတ်လား၊ အဲဒီမှာ အန်ကယ်ငိုပါတယ်၊ ယောက်ျားကြီးတစ်ယောက် အဖိုးကြီးတစ်ယောက်က ကျနော်ရှေ့မှာငိုနေတာ ကျနော်ဘာလုပ်ရမှန်းကိုမသိဘူး၊ နောက်ပြီး မျက်ဝန်းလဲဲ့ပြာရီရဲ့အဖေ၊ ဒါကြောင့်ခံစားချက်တွေ ကျနော်ရင်ထဲကူးစက်လာခဲ့တယ်၊ သူ လူတွေကိုမေးတယ်တဲ့ မျက်ဝန်းလဲဲ့ပြာရီနှင့်အဆက်အသွယ်ရှိလား တွေ့ဖြစ်လားပေါ့ ဘယ်သူဆီကမှ အဖြေမရဘူး၊ ပထမဦးဆုံးအကြိမ် သမီးအကြောင်းကြားရလို့ဝမ်းသာလွန်းလို့ပါတဲ့၊ အန်တီကိုမေးတဲ့ အခါမှာ အန်တီကိုဆေးရုံလာပြတာဖြစ်နေတယ်၊ ဒါကြောင့် ကျနော်လည်း အန်ကယ်နဲ့လိုက်သွားပြီး တည်းတဲ့ဟိုတယ်မှာ အန်တီကိုလိုက်တွေ့ဖြစ်တယ်၊ ပူစူး (မျက်ဝန်းလဲဲ့ပြာရီရဲ့ညီမဝမ်းကွဲ) လည်းပါလာတယ်၊ အန်တီက တော်တော်အိုစာသွားတယ်၊ ရောဂါခံစားနေရလို့လည်းဖြစ်မယ်၊ တွေ့တော့ ကျနော်ကိုဖက်ငိုတယ်၊ သူကိုခွင့်လွတ်ပါတဲ့ သူ မျက်ဝန်းလဲဲ့ပြာရီကို စိတ်ဆင်းရဲ ဒုက္ခဆင်းရဲရောက်အောင် လုပ်ခဲ့မိတယ်တဲ့၊ ကျနော်လည်းအလိုက်သင့်ပဲ ပြီးခဲ့တဲ့ကိစ္စတွေပါ ရှေ့ကိုပဲကြည့်ကြတာပေါ့၊ အန်တီနေကောင်းအောင်နေလို့ အားပေးခဲ့တယ်၊ နောက် အန်တီအခြေအနေက ဆေးရုံတက်ရမယ်ဆိုတော့ ကျနော်စီစဉ်ပေးခဲ့ပါတယ်၊ အန်တီဆေးရုံ ဆယ်ရက်တက်ရတယ်၊ ဆေးရုံတက်တဲ့ရက်တွေမှာ ကျနော်ကို အမြဲတွေ့ချင်တယ်ဆိုလို့ နေ့တိုင်းကျနော်ရောက်ဖြစ်ပါတယ်၊ ကျနော် ကြယ်ကလေးနှင့် မဝေတို့ဆီက သိထားတဲ့မျက်ဝန်းလဲဲ့ပြာရီ အကြောင်းတွေ ပြောပြဖြစ်ပါတယ်၊ တကယ်တော့ အန်တီက ကျနော်ကိုတွေ့ချင်တာမဟုတ်ဘူး မျက်ဝန်းလဲဲ့ပြာရီကိုတွေ့ချင်တာပါ၊ ကျနော်က မျက်ဝန်းလဲဲ့ပြာရီရဲ့ ကိုယ်စားဖြစ်ခဲ့ရတာပါ၊ ကျနော် အန်ကယ်နဲ့ အန်တီတို့ကို မျှော်လင့်ချက်တွေပေးခဲ့တယ်၊
မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ပြောတာကို နားထောင်ရင်း မျက်ရည်တွေတလိမ့်လိမ့် စီးကျနေသည်၊ တရှိုက်ရှိုက်ငိုကြွေးနေသည့်အတွက် ကျနော်ပြောတာကို ခဏရပ်ထားလိုက်သည်။

သူ့ကျောပြင်ကိုပွတ်သပ်ရင်း မျက်ရည်တွေကိုသုတ်ပေးလိုက်သည်၊ မျက်ရည်တွေကတော့ကျနေဆဲပါပဲ၊
မောင်အခု မေမေ နေကောင်းသွားပြီလား၊ ကျနော်ကို အငိုတွေကြားကမေးလိုက်သည်၊
သက်သာလို့မြန်မာပြည်ပြန်သွားပါတယ်၊ ၆လပြည့်ရင် follow up လုပ်ရမှာပေါ့၊ ရင်သားမှာ ကင်ဆာဆဲတစ်ချို့တွေ့တယ်၊ နှလုံးလည်းသိပ်မကောင်းဘူး၊ ကင်ဆာဆဲတွေကို ခွဲစိတ်ထုတ်ဓါတ်ကင်လိုက်တယ်၊ နှလုံးကတော့ ရေရှည်ကုရမှာပေါ့၊ ဒါကြောင့်လည်း ဆရာဝန်ဖြစ်တဲ့သမီးကို ပိုသတိရတာနေမှာပေါ့၊
ခု ၆လကျော်သွားပြီမောင်၊ ကျနော်ကို အလန့်တကြား လှမ်းပြောလိုက်သည်၊
ဟုတ်တယ် သူ့တို့ follow up လာပြန်လုပ်တယ်၊ ကင်ဆာဆဲတွေအဆင်ပြေသွားပေမဲ့၊ နှလုံးကတော့ ရေရှည်ကုရမှာပေါ့၊
မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် သက်ပြင်းရှည်ရှည်တစ်ခုကို မှုတ်ထုတ်လိုက်ပြီးနောက်၊ ကျမ အဖေအမေကို တွေ့ချင်လိုက်တာ မောင်ရယ်၊ ကျနော့်လက်မောင်းကို သူ့လက်ချောင်းနုနုလေးတွေနဲ့ ဆုပ်ချေရင်းပြောလာသည်၊
ကျနော်ကလည်း အေးအေးဆေးဆေးပင် စီစဉ်ထားပါတယ်လို့ ပြောလိုက်သည်၊
ရှင် တကယ် ဆိုတဲ့ အ့ံသြသံရှည်ကြီးတစ်ခုမျက်ဝန်းလဲဲ့ပြာရီဆီက ထွက်ပေါ်လာသည်၊
ကိုယ်လည်း မြန်မာလူမျိုးတစ်ယောက်ပဲ၊ အစီအစဉ်တွေလုပ်တတ်ပါတယ်၊ (I also have a plan.) ပြောလိုက်တော့၊ ပြော ပြော ဘာတွေစီစဉ်ထားလည်းဆိုပြီး သူ့လက်သီးကလေးများသည် လက်မောင်းဆီမှ ကျောကုန်းသို့ရောက်လာပါသည်၊
နောက်နှစ်ရက်နေ အန်ကယ်နဲ့ အန်တီတို့ Washington Dulles လေဆိပ်ကို ရောက်မယ်လို့ ပြန်ပြောလိုက်သည်၊
‘မောင်လူဆိုး’ဟုပြောကာ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ရင်ခွင်ထဲသို့ ရောက်ရှိလာသည်၊ ထိုနေ့ညက မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ကိုအတင်းဖက်တွယ်ကာ အိပ်ပျော်သွားသည်။

နောက်နေ့ မျက်ဝန်းလဲဲ့ပြာရီ အလုပ်သွားသည်၊ ကားပေးထားသည့်အတွက် ကျနော်တစ်နေကုန် Virginia တခွင်လျှောက်သွားရာ Maryland, Baltimore ထိရောက်သွားသည်၊ အပြန် မျက်ဝန်းလဲဲ့ပြာရီ တောင်ဝင်မခေါ်နိုင်၊ အိမ်ရောက်တော့ မျက်ဝန်းလဲဲ့ပြာရီက ဘာလို့ အဝေးကြီးသွားတာလည်း စိတ်ပူလိုက်ရတာ၊ GPS မှာနီးနီးလေးဟုဆိုကာ GPS ကိုအပြစ်ပုံလိုက်သည်၊ မျက်ဝန်းလဲဲ့ပြာရီကတော့ မနက်ဖြန်အတွက် ခုထဲကပင်ချက်ပြုတ်နေပြီ၊ စိတ်လှုပ်ရှားနေမည်မှာ အမှန်ပင်။

နောက်နေ့ နံနက် ၁ဝး၄၀ မှာ လေယာဉ်ဆိုက်မှာကို အိမ်က ရှစ်နာရီခွဲထဲကထွက်ချင်နေသည်၊ တကယ်တော့ Washington Dulles လေဆိပ်သည် Virginia Sterling တွင်ရှိသည်၊ Washington မှာမဟုတ်၊ Reston နှင့် နီးသည်၊ လေယာဉ်လက်မှတ် ဝယ်ကတည်းကတွက်ချက်ပြီးသားဖြစ်သည်၊ နောက်ဆုံး အိမ်ကနေ ၉ နာရီထွက်ဖြစ်ကြသည်၊ 267 လမ်းမကြီးအတိုင်းသွားလိုက်ရုံ၊ လေဆိပ်ရောက်တော့ SQ5914 /ANA က ၁ဝး၅၀ မှဆိုက်မည်၊ ဆယ်မိနစ်ပိုစောင့်ရမည်ပေါ့၊ လူတွေထွက်လာတော့ ဟောဟိုမှာ အန်တီနဲ့ အန်ကယ် ဆိုတာတောင် သွားပြေးမကြို ကျနော်ပဲသွားခေါ်လာရသည်၊ အနားရောက်မှ သားအမိသားအဖ သုံးယောက်ဖက်ကာ ငိုနေကြသည်၊ ကျနော်ကတော့ ကျနော်လာသည့် ကိစ္စတစ်ခု အောင်မြင်အောင်လုပ်နိုင်ခဲ့ပါပြီ၊ ထိုနေ့က Dulles လေဆိပ်တွင် အားရပါးရငိုကြွေးနေကြသော လူသားသုံးဦးကို ဘာဖြစ်တာပါလဲလို့ကြည့်သွားကြသူတွေ မနည်းပင်၊ မြန်မာဘုန်းကြီးတစ်ပါးပင် ပါလိုက်သေးသည်၊ အပြန်ခရီးတွင် GPS အားကိုးစွာ ကျနော် Driverဖြစ်ခဲ့သည်၊ အန်တီနဲ့ အန်ကယ်တို့ က ကျေးဇူးတင်ပါတယ်သားရယ်ဆိုတဲ့ ကျေးဇူးတင်စကား သုံးကြိမ်ထက်မနည်းပြောခဲ့ကြသည်။

နောက်သုံးရက်နေ ကျနော် ခရီးဆက်ရတော့မည်ဖြစ်သည်၊ ပျော်ရွင်နေသော မိသားစုကိုကြည့်ပြီး အမှန်ပင် ကျနော်ပီတိဖြစ်ရသည်၊ အဖေနဲ့အမေကြားမှာ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် အလုပ်ရှုပ်နေသည်၊ ဒါပေမဲ့ မျက်လုံးများက ကျနော်ကိုအလွတ်မပေး၊
စနေနေ့ည ထမင်းစားချိန်တွင် မျက်ဝန်းလဲဲ့ပြာရီက အဖေနှင့်အဖေတို့ မနက်ဖြန်မနက် အိမ်မှာအေးအေးဆေးဆေးနေကြ၊ မောင်မနက်ဖြန်ညနေ တိုရန်တိုသွားမှာမို့၊ သမီးမောင်နဲ့ တစ်နေရာသွားစရာရှိလို့၊ အေးအေး သမီးတို့ သွားစရာရှိတာသွားကြ အမေတို့ဖြစ်ပါတယ်၊ အန်တီနဲ့ အန်ကယ်တို့နှစ်ယောက် မျက်ဝန်းလဲဲ့ပြာရီက ကျနော်ကို မောင်လို့ ခေါ်သည့်အတွက် စဉ်းစားခန်းထုတ်နေကြသည်လားမသိ။

တနင်္ဂနွေနေ့ မနက်စောစော မျက်ဝန်းလဲဲ့ပြာရီ ကျနော်ကို Alexandria သို့ခေါ်လာခဲ့သည်၊
ဒီတက်အိမ်တန်းလေးထဲက အိမ်တစ်ခုထဲဝင်လိုက်တော့၊ အိမ်ထဲမှာ ဟိန္ဒူ ဘုရားတွေ ပူဇော်ထားသော ဟိန္ဒူကုလားဘုရားကျောင်းဖြစ်နေသည်၊ သီဝ၊ ဟာနူမန်၊ ရာမ၊ ကစ္စန krishna ဘုရားတွေတွေ့သည်၊ မျက်ဝန်းလဲဲ့ပြာရီသည် အိန္ဒိယလူမျိုး တစ်ယောက်နှင့် စကားတီတိုးသွားပြောပြီး ကျနော်ကို ကစ္စန ဘုရားရှေ့တွင်ထိုင်ခိုင်းသည်၊ ထို အိန္ဒိယလူမျိုးသည် အဝတ်စားလဲထွက်လာပြီး ကျနော်တို့နှစ်ယောက်ကို အုံစရီစရီတွေနဲ့ ရွတ်ဖတ်ပေးသည်၊ ဆီမီးအမွေးခွက်ဖြင့် ပတ်ပတ်လည်ဝိုင်းသည်၊ ပန်းကုန်းများစွတ်ပေးသည်၊ နောက်ဆုံးကျနော်ကိုရော မျက်ဝန်းလဲဲ့ပြာရီကိုပါ နဖူးတွင်အနီရောင်တို့ပေးပြီး လက်တွင်အနီရောင်ကြိုးကိုချည်ပေးလိုက်သည်၊ ပန်းကုန်းများကို ကစ္စနဘုရားတွင်သွားစွတ်ပေးလိုက်ရသည်၊ ဘာလုပ်တာလည်းလို့ မျက်ဝန်းလဲဲ့ပြာရီကိုမေးတော့ ဒီမှာချစ်သူတွေဒီလိုလုပ်လေ့ရှိတယ် ချစ်သူတွေ ကံဆိုးခြင်းကလွတ်အောင်ပေါ့၊ ထိုနောက် အလှူခံပုန်းထဲသို့ မျက်ဝန်းလဲဲ့ပြာရီ ဒေါ်လာ ၅၀ လောက်ထည့်လိုက်သည်ကိုတွေ့ရသည်၊ ကျနော်တို့ထွက်လာသောအခါ အဖြူလူငယ်စုံတွဲနှစ်တွဲ တန်းစီနေသည်ကိုတွေ့ရသည်၊ မောင် ဒီအနီရောင် လက်ပတ်ကြိုးကို ဖြစ်နိုင်ရင် မဖြုတ်ပါနဲ့၊ ဘာရယ်လို့မှ မဟုတ်ပါဘူး ကျမအမြဲ မောင့်အနားမှာရှိနေတဲ့ သဘောပေါ့၊ ကားပေါ်ရောက်တော့ မျက်ဝန်းလဲဲ့ပြာရီကို ကျနော် အထုပ်တစ်ထုပ်ပေးလိုက်သည်၊ ဘာလဲမောင် ဟိုနေ့က Baltimore ရောက်တုန်းဝယ်လာတာ ဂျာကင် အသစ်၊ အိုးပျော်လိုက်တာမောင်ဟုဆိုက ကျနော်ကို အနမ်းတစ်ခုပေးလိုက်သည်။

ညနေကျတော့ ကျနော်ကို လိုက်ပို့တဲ့သူသုံးယောက်တောင်၊ မျက်ဝန်းလဲဲ့ပြာရီနှင့် သူအဖေနှင့်အမေဖြစ်သည်၊ ဂိတ်ထဲမဝင်ခင် ကျနော်တို့နှစ်ယောက် နှစ်မိနစ်လောက် တင်းကျပ်စွာပွေ့ဖက်ထားမိကြသည်၊ နယူးယောက်မှာ ကျမပြောခဲ့တာကို မောင်မမေ့နဲ့ ကျနော်ကိုတီးတိုးမှာရင်း၊ take care လို့တစ်ယောက်ကိုတစ်ယောက်ပြောရင်း နူတ်ဆက်ခဲ့ကြသည်၊ နောက်လှည့်ကြည့်လိုက်တော့ အဓိပ္ပါယ်အများကြီးပါသော မျက်ဝန်းလဲဲ့ပြာရီရဲ့ အကြည့်ကိုတွေ့လိုက်ရသည်၊ လက်ပြနူတ်ဆက်ပြီးအထဲသို့ ဝင်လာခဲ့သည်။
တိုရန်တိုတွင် သုံးရက် seminarနှင့် အစည်းအဝေးတက်ပြီး စင်္ကာပူပြန်ရမည်ဖြစ်သည်။

တကယ်တော့ မျက်ဝန်းလဲဲ့ပြာရီကို သူ့မိဘတွေနဲ့ တွေ့ဆုံဘို့ နားချရန်အစီအစဉ်ဖြင့် မျက်ဝန်းလဲဲ့ပြာရီဆီကို ကျနော်လာခဲ့ခြင်းဖြစ်သည်၊ တကယ်တန်း မျက်ဝန်းလဲဲ့ပြာရီနဲ့တွေ့သောအခါ တိုက်ရိုက်ပြောဘို့ မဖြစ်ကြောင်းသိရှိခဲ့ရသည်၊ ပိုဆိုးသည်မှာ သိမ်းထားသော အချစ်တွေပြန်လည်ပေါက်ဖွားလာကာ အချစ်စွမ်းအင်တွေက စိတ်ကိုလွတ်လပ်ခွင့်ပေးကာ မျောပါသွားခဲ့သည်၊ မျက်ဝန်းလဲဲ့ပြာရီကို အမှန်တကယ်ချစ်မြတ်နိူးကြောင်း ကိုယ့်ကိုယ်ကိုယ်သိလိုက်ရသည်။

တဖက်တွင်လည်း အချစ်နှင့်ဘဝကို ကျနော်ဒွန်တွဲတွေးမိသည်၊ ဝန်ခံရလျှင် ကျနော်သည်မပြတ်သားသူ၊ မစွန့်စားဝ့ံသူဖြစ်ပေမည်၊ မျက်ဝန်းလဲဲ့ပြာရီသည် ကျနော်ကိုအမေရိကားတွင်နေထိုင်ဘို့ ပြောဘူးသည်၊ ခေါ်ဘူးသည်၊ ကျနော်ကမလှုပ် စင်္ကာပူတွင် ကိုယ့်ကိုယ်ကိုယ် အောင်မြင်ထားသည်ဟုခံယူထားသည်၊ ရရှိထားသော ရာထူးနှင့်ဝင်ငွေကို ကျေနပ်နှစ်သိမ့်မိသည်၊ ကျနော်အမေရိကားသွားခဲ့ရင် ကျနော်ဘာလုပ်မလဲ၊ ဒီလိုရာထူးဒီလိုဝင်ငွေရနိုင်မလား၊ မသေချာ ကိုယ့်ကိုယ်ကိုယ် မသေချာ၊ မိန်းမအနားမှီစားတဲ့ အလုပ်ကိုတော့ ကျနော်ဘယ်တော့မှမလုပ်၊ အစကပြန်မစချင်တော့လို့ ဆိုရင်ပိုမှန်ပါမည်၊ ဒီအတွက် ကျနော် မျက်ဝန်းလဲဲ့ပြာရီကို နှလုံးသားရဲ့တစ်နေရာမှာ သိမ်းထားလိုက်ခြင်းဖြစ်သည်။
မျက်ဝန်းလဲဲ့ပြာရီကိုလည်း စင်္ကာပူလာဘို့ ပြန်ခေါ်ဘူးပါသည်၊ သူကလည်းသူခံယူချက်နဲ့သူ၊ အမေရိကားကို အရှုံးမပေး၊ အခြေချနေထိုင်ဘို့ ဆုံးဖြတ်ပြီးသား၊ ဒီလိုနဲ့ကျနော်တို့ဝေးရသည်။

ဒီတစ်ခါ အမေရိကားက အပြန်မှာတော့၊ ကျနော်တွေဝေရပြီ၊ မဆုံဖြစ်တာကြာသော ချစ်သူနှစ်ဦး အတူနေဖြစ်တော့၊ သံယောဇဉ်ပိုတိုးလာသည်၊ အမှန်ကိုဝင်ခံရလျှင် ကျနော့်စိတ်တစ်ဝက်လောက်သည် Virginia မှာကျန်ရစ်ခဲ့ပြီဖြစ်သည်၊ တစ်ပတ်တစ်ခါအနည်းဆုံး ဖုန်းပြောဖြစ်၊ အီးမေးလ်တွေ ပလူပျံနေသော်လည်း၊ ကျနော်တို့နှစ်ယောက်တော့ ဝေးနေဆဲ၊ ကျနော်ကတော့ ပျံသန်းနေဆဲ၊ ပြန့်လွင့် နေဆဲပါ၊ ဘာဆက်လုပ်ရမလဲဆိုတာကို တစ်ယောက်ယောက်က အကြံဉာဏ်ကောင်းများပေးခဲ့လျှင် ကောင်းမှာပဲဆိုပြီး အဖြေကိုမရှာပဲ တွေဝေနေဆဲပါ။

ဒီလိုနဲ့ ကျနော်တစ်ယောက် စင်္ကာပူုပြန်ရောက်ပြီး အလုပ်ထဲတွင် သံသရာပြန်လည် နေပါတော့သည်။
အနီရောင် လက်ပတ်ကြိုးလေးကတော့ လက်မှာမြဲလျှက်ပါပဲ။
……………………………………………………………………………………………………………
Love never dies,
It just gets put aside
blurred by years of life.
It lives so quiet and deep in your heart
waiting for time, waiting for caring
waiting to renew passion and joy.
Love needs to be embraced
Love needs to shout
Love needs to hear whispers of caring.
Love never dies,
It’s a patient tenant of heart and soul.
………………………………………………………………………………………………………………

တစ်နေ့က စာတိုက်ပုံးကိုဖွင့်လိုက်သောအခါ အထဲတွင် ပုံမှန်မဟုတ်သောစာတစ်စောင်ရောက်နေသည်၊ အများအားဖြင့် လာသောစာများမှာ Bills တောင်းသောစာများသာဖြစ်ကြသည်၊ ကျနော်ဆီဘယ်သူမှ စာမထည့်၊ လိပ်စာကပုံနှိပ်ထားသော်လည်း အရပ်သုံးစာအိတ်နဲ့ဖြစ်သည်၊ နောက်ပြီး ဝါရှင်တန်က စာဖြစ်နေသည်၊
ဟုတ်ပါသည် မျက်ဝန်းလဲဲ့ပြာရီ ကျနော်ဆီရေးလိုက်သောစာ၊ ဟိုနေ့ကပင်ဖုန်းဆက်သေးသည်၊ စာအကြောင်းလုံးဝမပြော၊ အံ့အားသင့်စွာဖြင့် စာကိုဖတ်လိုက်မိသည်၊


မောင်

မောင်ပြန်သွားတာ လေးလပြည့်သွားပြီ၊မေမေတို့ပြန်သွားတာလည်း နှစ်လပြည့်တော့မယ်၊

သတိရတယ်မောင်၊ အတူတူနေကြရအောင်၊ ဖုန်းတွေအီးမေးလ်တွေက ကျမအတွက်မလုံလောက်ဘူး၊

ဒီစာကိုဖတ်ပြီးတဲ့ အချိန်မှာတော့၊ မောင်ကျမဆီကို အနှေးနှင့်အမြန်ရောက်လာမှာပါ၊

ဒီတစ်ခါ မောင်လာလို့ရှိရင် ကျမတစ်ယောက်ထဲလာကြိုမှာမဟုတ်ဘူး၊

မောင်နဲ့ကျမတို့ရဲ့ ကိုယ်ပွားလေးပါလာမှာပါ၊

မောင်ရဲ့အသွေးအသားလေး ကျမဆီမှာရှိသွားနှင့်ပြီ၊

မှတ်မိသလားမောင်၊ I am American, I plan it.

အခြေအနေ အကြောင်းကြောင်းကြောင့် မောင်မလာဖြစ်ခဲ့ရင်၊

ကျမတို့မောင့်ကိုလာခေါ်မှာပါ၊


မောင့်ကိုချစ်တဲ့

ပျော်ရွင်စရာမိသားစုလေးကို ပိုင်ဆိုင်ချင်တဲ့

မျက်ဝန်းလဲဲ့ပြာရီ



ပြီးပါပြီ။



အချစ်နဲ့ ပျော်ရွင်နိုင်ကြပါစေ။

LOVE IS HAPPINESS

ကိုယ်ပိုင်ဓါတ်ပုံများဖြစ်ပါသည်

Patricia Walter ရဲ့ ကဗျာ
poster from http://www.meaningsoflife.com/

မြစ်ဆုံ


























West Virginia သို့















Baltimore တစ်နေရာ















ဝါရှင်တန် ပြတိုက်ထဲက မြန်မာ့ကျောက်စိမ်း

34 comments:

:P said...

အမေရိကားမှာ နေတော့မှာပေါ့...

:P said...

ဝတ္ထုထဲက ဇာတ်လိုက်ကိုပြောတာပါ.. :P

ရွှေရတုမှတ်တမ်း said...

မယ်ဆင်ရေ..ကိုဆုံဆီလာရင်တော့ အဖေါ်ရပြီ..

Anonymous said...

ကိုဆိုဆီ ရေ

ဖတ်သွားတယ်ဗျာ တနေ့လုံးညစ်နေတာ စိတ်ကို ချမ်းသာ သွားတာဘဲ အားလုံးဘဲ အဲလို ပျော်စရာ ဇာတ်သိမ်း လေးတွေနဲ့ ဆိုရင် ဘယ်လောက် ကောင်းလိုက်မလည်း ကျေးဇူးတင်ပါတယ် စာကောင်း လေးအတွက်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

TYZ said...

ကျေးဇူးတင်တယ် ဇာတ်ပေါင်းခန်းလေးအတွက် ရင်ထိတ်နေရတာလေ.... အချိန်တွေဘယ်လောက်ကြာပါစေ.. ပျော်ရွှင်စရာဇာတ်လမ်းလေးနဲ့ မျက်ဝန်းလဲ့ပြာရီလေးလို ကံကောင်းမယ်ဆိုရင်..... စိတ်ကူးယဉ်သွားပါတယ်။
အားပေးလျှက်ပါ

ahphyulay said...

အင်း....
မော သွားတယ်ဗျာ... ရင်လေ၊
မွန်းကျပ်ကျပ် ကြီးဗျာ။
မျက်ဝန်းလဲ့  ပြာ အနားရောက်နေသလိုပါပဲ။
ဘာ တဲ့  အလေးအနက်ပြောချင်လို့  ခဏ စောင့်  ...
ဆိုလား။
မြင်ရောင်လာမိတယ်လေ .. အဲ့ လိုပဲ ။ ဟိုတုံးက ...
ကျွန်တော်လည်း ခပ်တိုတိုပဲ တင်ထားမိတယ်
ဒီနေ့ ပဲ ။ သီချင်းလေးတစ်ပုဒ် ထည့် မိပါတယ်။

:P said...

အစ်ကိုကြီးရွှေရတုက အဖော်မျှော်နေတာကိုး.. အဟိ

အတွေးကမ္ဘာ..မှတ်တမ်း said...

ဟဲဟဲ..တော်ပါသေးရဲ့ ဗျာ...ပလန်ကောင်းပေလို့..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝေးနေတဲ့ နှလုံးသားနှစ်ခု နီးအောင် ကြိုတင်ကြံဆပြီး တွက်ချက်စီမံတတ်တဲ့ မျက်ဝန်းလဲ့ပြာရီက တော်ပါပေ့။း)
မဟုတ်ရင် ဘယ်ချိန်ထိအောင် ဝေးနေဦးမယ် မသိ
ခုတော့ မြန်မြန်နီးသွားတာပေါ့။

ကိုအောင် said...

ဇာတ်သိမ်းထားတာ အရမ်းကောင်းတယ်၊ ပျော်ရွှင်ပါစေ
ကိုဆိုဆီ။

ကိုဇော် said...

ဖတ်ရတာ မွန်းမွန်းကြပ်ကြပ်ကြီး။
ပြီးတော့ ဝေးသွားပြန်ရော ဆိုတော့ ဘာဆက်ပြောရမယ် မသိ။
နောက်ဆုံးကျတော့ အဟိ..I am American, I plan it. တဲ့။
မှတ်ပလား ... တော့ ကဆုံဆီ။

( ဒေါ်သေးမျှင် လို အော်သွားတယ် )

lwin said...

စာရေးဆရာရေ တကယ်ရောက်ခဲ့တာလားဟင် အဲဒီ Tysons Corner နားမှာကျမအိမ်ရှိတယ် နောက်ရောက်ရင်ဝင်လာလည်ပါ မြန်မာထမင်းဟင်းကျွေးမယ် လက်ရာကောင်ကောင်းနဲ့

မေဓာဝီ said...

အဆုံးသတ်ကလေး လှတယ်။
မိန်းကလေးတွေ plan က ယောက်ျားလေးတွေ plan ထက် သာတယ် ဆိုတာ ပြတာပဲနော်။
ချည်ပြီးတုတ်ပြီး .. :)

ဂျစ်တူး ( မုံရွာ ) said...

ဓါတ်ပုံတွေကြည့်ပြီးကြည်နူးလိုက်တာဗျာ-
ကိုယ်တိုင်သွားပြစ်လိုက်ချင်တယ်-
အားကျတယ်ဗျို့ -

ဂျစ်တူး ( မုံရွာ ) said...

ကဲ----
ဘာများတတ်နိုင်သေးလဲ-
ဟိုကအပိုင်ကိုင်လိုက်တာဘဲ-
သွားပေအုံးတော့အမေရိကားကိုပေါ့-
မျက်ဝန်းလဲ့ပြာရီဘဲလေ---
မိသားစုကလေးပျော်ရွင်ပါစေဗျာ----
ပိုက်ဆံလည်းရှိတယ်ရုပ်လည်းချောပညာလည်း
တတ်-သားသမီးကြိုးနဲ့လည်းနှောင်ဖွဲ့ လိုက်ပြီ-
တည်ငြိမ်အေးရေ--ဘာတွေများတွေဝေနေသေး
လဲ-ကျနော်သာဆိုအမြန်ထပြန်ပြီဗျ-
နေရစ်ခဲ့တော့စင်္ကာပူပေါ့ဗျာ-
ရေမရှိတဲ့တိုင်းပြည်ကြီးမှာမနေပါနဲ့ဗျာ-

nyimuyar said...

sort of happy ending, I like it and thumbs up

ငွေလမင်း said...

ဇာတ်သိမ်းလေး မဆိုးဘူး
နောက်ဆုံးတော့လည်း မင်းသားနဲ့ မင်းသမီးပေါင်းစေသတည်း ပေါ့
မပေါင်းရရင် သနားပါတယ်
နောက်လည်း ဒီလို ၀တ္တုတိုလေး တွေ ရေးပါဦး
စောင့်ဖတ်ပါ့မယ်

nyan gyi said...

သူကြံကိုယ်ကြံ ပလန်ကြတာကိုး၊ American dream မဟုတ်ပဲ American seen ဆိုရင်တော့ အစဉ်ပြေကြမှာပါ၊ ပျော်ရွင်ချမ်းမြှေ့ကြပါစေ။ စလုံးနှင့်ဝါရှင်တန် လေယာဉ်ခ မသေးဘူးနော်။ :D

Anonymous said...

လေယဉ်ခထက် အကြာကြီးစီးရတာပိုဆိုး၊ ဇာတ်သိမ်းကို ကြိုက်တယ်၊ အဆင်ပြေမှ သွားပေါ့၊ Min Min

မြသွေးနီ said...

ပျိုးထားတုန်းက အဆုံးမှာ ဝေးရတော့မလိုလိုနဲ့ စာဖတ်သူကို မဖတ်ရမနေနိုင်အောင် ဆွဲခေါ်သွားလိုက်တာ..
အခုလို ဇာတ်သိမ်းလေးက သေသပ်ပြီး လှပတဲ့ Happy Ending လေးမို့ ဖတ်ရတာ ၁၀၀% စိတ်ထဲကျေနပ်မှု ရသွားတယ်။ ချစ်တဲ့သူတိုင်း ဆုံဆည်းသင့်တယ်လေ..။

Anonymous said...

ကောင်းလိုက်တဲ့ Series လေးပါပဲရှင်။
ဇာတ်သိမ်းလေးကတော့ တကယ်ကို စိတ်ချမ်းသာ
စရာလေးပါပဲ။ သဘောကျပါဘိ။
....ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

poemflower said...

ပျော်ရွှင်စရာနဲ့ ဇာတ်သိမ်းတာ သိပ်ကောင်း

လင်းမြကြည်ဖြူ said...

1 2 34 ပေါင်းပြီးဖတ်သွားတယ်ရှင်။
အလည်ရောက်လာတာ ကျေးဇူးပါနော်။
နောက်လဲ အမြဲလာဖတ်ပါမယ်.။။
စာရေးကောင်းသူမို့လေးစာမိပါတယ်.
အမေရိကတစ်ခွင်တော့ စာရေးသူကောင်းမှုကြောင့် ရောက်ဖူးသွားရပြီ။ ကျေးဇူးပါ။

Anonymous said...

သြော်...
အမေရိကန် plan တဲ့ လားဗျာ...
ပိုင်ပါပေတယ်ဗျာ...

မြစ်ကျိုးအင်း said...

တစ်ယောက်နဲ့ ခေါ်လို့ မလွယ်လို့ နှစ်ယောက်အားနဲ့ ခေါ်လိုက်တာပဲ။ မာနတွေကိုသာ မေ့ထားမယ် ဘယ်လိုအခြေအနေမဆို ရင်ဆိုင်နိင်တယ်ဆိုရင် အတူနေခြင်းထက် ကောင်းတဲ့ အရာ ရှိနိင်ပါ့မလား

Vista said...

အုံရှရီ ရှရီဆို ကလေးရအောင်လုပ်လိုက်တာ သိမှမသိလိုက်ပဲ ဟားဟား

သိင်္ဂါကျော် said...

ဇာတ်သိမ်းကို ကျေနပ်ပါတယ်..
:):)

ညိမ်းနိုင် said...

ဟင်းးးးး ပြီးသွားတော့မှပဲ သက်ပြင်းချလိုက်နိုင်တော့တယ်။
ပေါင်းသွားကြသည့်တိုင်အောင် ရင်ထဲမယ် မွန်းကြပ်ပြီး
ကျန်ခဲ့တယ်ဗျာ...။

အင်ကြင်းသန့် said...

တကယ်ချစ်တယ်ဆိုရင်တော့ တစ်ခုခုကိုစွန့်ရမှာပေါ့ကိုဆိုဆီ....
ပြေလည်အောင်ညှိုယူကြစေချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဒီလောက်ချစ်တဲ့ဟာကို....

ကိုဆိုဆီတစ်ယောက် ချစ်တဲ့သူနဲ့အဆင်ပြေစွာ
အမြန်ဆုံး အတူတကွနေထိုင်နိုင်ခွင့်ရပါစေလို့လည်း ဆုတောင်းပေးသွားတယ်။

Anonymous said...

ဒီဘက်မှာ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းကောင်းလေးရေးပါဦး
Moe Moe

လသာည said...

အဆုံးသတ်က စိတ်ချမ်းသာစရာ ပျော်စရာအတိ..။ ကောင်းတယ် အဲလို ဇာတ်သိမ်းမျိုး ပဲ ဖတ်ချင်တာ။

မြတ်မွန် said...

ပျော်ရွှင်စရာ မိသားစုလေး ဖြစ်ဖို့ မျှော်လင့်မိတယ်..။
ရာထူးတွေငွေတွေထက်တန်ဖိုးကြီးတဲ့အရာ ရှိလာပြီပေါ့..။

noblemoe said...

အနီရောင်လက်ပတ်လေးအကြောင်းစိတ်ဝင်တစားဖတ်မိပါတယ်။
သာယာချမ်းမြေ့တဲ့မိသားစုဘဝကိုပိုင်နိုင်ပါစေရှင်း
မိုး

noblemoe said...

အနီရောင်လက်ပတ်လေး အကြောင်းဖတ်သွားပါတယ်။
သာယာချမ်းမြေ့တဲ့မိသားစုဘဝကိုပိုင်နိုင်ပါစေရှင်း
မိုး