Sunday, April 18, 2010

ပုံပြင်မဟုတ်တဲ့ ငါ့ရဲ့မှတ်စု (ပဉ္စမပိုင်း)



Thank you for loving me
For being my eyes when I couldn't see
For parting my lips when I couldn't breathe
Thank you for loving me

You pick me up when I fall down
You ring the bell before they count me out
If I was drowning you would part the sea
And risk your own life to rescue me, yeah

Lock the doors
Leave the world outside
All I've got to give to you
Are these five words when I

When I couldn't fly
Oh, you gave me wings
You parted my lips when I couldn't breathe
Thank you for loving me
Thank you for loving me

ဖွင့်ထားသော Bon Jovi ၏သီချင်းသံသည်၊ အပြင်ဘက် ထောင့်ဆုံးခုံတွင် ထိုင်နေသော ကျမကို ညင်ညင်သာသာလေး ကြားစေသည်၊ နစ်မြောသွားလိုက် မသွားလိုက်နှင့် စိတ်တို့သည် အအေးချမ်းဆုံး အခြေအနေမှာရှိသည်၊ ပူတင်း စားလို့ ကုန်သွားသော်လည်း၊ sparkling apple juice ကို နည်းနည်းချန်ထားသည်၊ ရဲလင်းအောင်ကို စောင့်ရန်အတွက်ဖြစ်သည်၊ သီချင်းတစ်ပုဒ် အသစ်စသည့် အချိန် ရဲလင်းအောင် ရောက်လာသည်၊
‘အေးကွာ ငါနည်းနည်း နောက်ကျသွားတယ်၊’
‘ရပါတယ်၊ ထိုင် နင်ဘာသောက်မလဲ၊’
‘တော်ပြီရတယ်၊’
‘တစ်ခုခု သောက်ပါ၊ အရင်လိုနေလို့ လား၊ ဘီယာ လား၊’
‘မဟုတ်ပါဘူး၊ ဒါဆိုလဲ ကော်ဖီ မှာမယ်၊’
ကျမ ကော်ဖီ မှာပေးလိုက်သည်၊ ရဲလင်းအောင်ကို ကျမသေချာကြည့်လိုက်သည်၊ ဝတ်နေကျမဟုတ်သော ရှပ်လက်တို အနက်ရောင်ကြပ်ကြပ်၊ လည်ပင်းမှာလည်း ဆွဲကြိုးနဲ့ ရက်အင်ဒီယန်းပုံစံ၊ ဘောင်းဘီကလည်း လီဗွိုင့်၊ နုထားတာလား၊ နာရီကလည်း ကျမဝယ်ပေးထားသော နာရီ မဟုတ်တော့ချေ၊ ဆံပင်ကလည်း ဂျယ်များများနဲ့ အပေါ်ထောင်ဖီးထားသည်၊ ဆံပင်ညုပ်ဆိုင်က ကောင်လေးတွေပုံစံ မြင်ယောင်လိုက်သည်၊ သြော် ငါ့ရဲလင်းအောင် မဟုတ်တော့ပါလား၊ သူ ကျမကို သေချာမကြည့်ပေ၊ ဆိုင်အခင်းအကျင်းတွေကို လိုက်ကြည့်သယောင်နဲ့ ဆိုင်ထဲဘက်ကို ကြည့်နေသည်၊
ကျမကပဲ၊ ‘ငါတို့ စကားပြောရအောင် ရဲလင်း၊ ကော်ဖီသူတို့ လာပို့ လိမ့်မယ်၊’
‘အေးပါ၊’
‘နင်ကို ငါဖုန်းနှင့်ပြောထားပြီးပြီ၊’ ‘sms တွေလဲ forward လုပ်ထားတယ်၊ နင်က အေးအေးဆေးဆေး အပြင်မှာ ပြောမယ်ဆိုလို့၊’
‘ဟုတ်တယ်၊’ ‘ပထမဦးဆုံး ငါ နင့်ကို တောင်းပန်ပါတယ်၊’ ‘တာရာ့ ကိုယ်စားလည်း တောင်းပန်ပါတယ်၊’
‘နေပါဦး နင်ကငါ့ကို ဘာလို့ တောင်းပန်ရသလဲ၊’
‘ငါအမှားလုပ်မိတယ်ထင်လို့ပါ၊’
‘လုပ်မိတာလား၊’ ‘လုပ်မိတယ်လို့ထင်တာလား ရဲလင်းအောင်၊’
‘ထားပါတော့လေ၊ တောင်းပန်တာတော့ ဟုတ်ပြီ ရှေ့ ဆက်ဘာလုပ်မလဲ၊’
ကျမကလိုရင်းပဲ သိချင်နေသည်၊ ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းလိုက်သည်၊
‘ငါအမှားလုပ်ခဲ့ပါတယ်၊’ ‘ငါ အကောင်းဆုံးဖြစ်အောင်ပြန်လုပ်ချင်တယ်၊’
‘ရဲလင်း၊ နင်နဲ့ ငါနဲ့ဟာ ချစ်သူတွေ ဘဝကနေ လက်ထပ်ခဲ့တာ၊ နင်အတူတူ နေချင်လှပြီဆိုလို့ ငါပြန်ခဲ့တယ်၊ နင်လိုက်ခဲ့ပါဆိုလို့ ငါဒီရောက်လာတယ်၊ ငါ ငယ်ကျိုးငယ်နာတွေ မဖေါ်ချင်ဘူး ရဲလင်းအောင်၊
လင်မယားဆိုတာ ပွင့်ပွင့်လင်းလင်းရှိရတယ်၊ မကြိုက်ရင် မကြိုက်ဘူး၊ ကြိုက်ရင် ကြိုက်တယ်၊ အလျှော့အတင်းလဲရှိရတယ်၊ တင်းတုန်းကတင်းနေပြီး ကိုယ်လျှော့ရမဲ့ အချိန်ကြတော့၊ ထွက်ပြေးသွားတာ၊’
‘ငါ နားလည်ပါတယ်၊ ငါကို အချိန်တစ်ခုပေးပါ၊’
‘ဘာအတွက်အချိန်ပေးရမှာလဲ ရဲလင်းအောင်၊ နင်ဘာလုပ်မှာလဲ၊ နင်ဘာလုပ်ချင်သလဲ၊ ငါလိုချင်တာအဲဒါပဲ ရဲလင်းအောင်၊’
‘ဟုတ်တယ်၊ အဲဒီအတွက်ပဲ၊ ငါတို့ နှစ်ယောက် အတွက်၊ အဆင်အပြေဆုံး၊ အကောင်းဆုံးဖြစ်အောင် ငါပြန်ပြင်မလို့၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါရှင်းမပြချင်တော့ဘူး၊ နင်ဘက်က နှစ်ယောက် အတွက်ပဲဆိုပေမဲ့၊ ငါအတွက်တော့ သုံးယောက်ဖြစ်နေတယ်၊ အဲဒီအတွက် ငါကို အချိန်တစ်ခုပေးပါ၊’
‘တစ်စုံတစ်ရာသော အတိုင်းအတာ အထိပဲ ရဲလင်းအောင်၊ နင်လဲသိမှာပါ အချိန်ဆွဲလို့ မရဘူးဆိုတာ၊ တစ်ပတ်လား၊ တစ်လ လား၊’
စိတ်ထဲမှာတော့ နင်ပြန်ပြင်ချင်တယ်၊ ပြန်ပြင်လို့ကော ရနိုင်ဦးမလား၊ ပြောနေမိသည်၊
‘တစ်လလောက်တော့ ငါကို အချိန်ပေးပါ၊’
‘အေးလေ ဟိုဘက်ကလည် ရှိနေတော့၊’
‘ငါဝမ်းသာပါတယ်၊ ငါကိုနားလည်ပေးတာ၊’
ရဲလင်းအောင် ခဏလေးရပ်ထားပြီး၊ ‘ငါကိုအလိုလိုက်တာ နောက်ဆုံး နင်ပဲရှိတယ်ဆိုတာ၊’
‘အဲဒီလို မထင်လိုက်ပါနဲ့ တစ်စုံတစ်ရာသော အတိုင်းအတာ အထိ လိုအပ်တယ် ထင်လို့ပေးလိုက်တာပါ၊ ငါလဲ ငါဘက်က ငါဘာလုပ်ရမလဲ စဉ်းစားရဦးမယ်မဟုတ်လား၊’
ခုထက်ထိ ကျမမျက်နှာကို မကြည့်သေးချေ၊
ကျမက ‘ကော်ဖီ သောက်လိုက်ဦး၊’
‘ကော်ဖီ သောက်ပြီးရင် ငါသွားတော့မယ်နော်၊’ ရဲလင်းအောင်ကဆိုသည်၊
ကျမ ဘာမှပြန်မဖြေ၊ ‘ဒါနဲ့ နင်အိမ်ပြန်လာဦးမှာလား၊’ ပြန်မေးခွန်းထုတ်လိုက်သည်၊
‘နှစ်ရက်လောက်နေ ငါပြန်လာပါမယ်၊’
‘ဘာတွေဖြစ်ခဲ့လဲဆိုတာ နင်ရှင်းပြဘို့ လိုတယ်လို့ ငါထင်တယ်၊’
‘အေးပါ၊ ငါရှင်းပြပါမယ်၊ ခုတော့ ငါသွားလိုက်ဦးမယ်၊’
ရဲလင်းအောင် ထထွက်သွားသည်၊
ထွက်သွားသော ရဲလင်းအောင်၏ နောက်သို့ လိုက်ကြည့်ရင်း၊ ရဲလင်းအောင်ပြောင်းလဲနေပြီကို ကျမသိလိုက်သည်၊ ဆိုင်ထဲက သီချင်းသံလေးနှင့်အတူ ကျမကျန်ရစ်ခဲ့သည်၊ သီချင်းက စီးချက်ကျနိုင်လွန်းသည်။
Every move you make      Every vow you break
Every smile you fake
Every claim you stake
I'll be watching you

Since you've gone I've been lost without a trace
I dream at night, I can only see your face
I look around but it's you I can't replace
I feel so cold and I long for your embrace
I keep calling baby, baby please...

Oh can't you see
You belong to me
How my poor heart aches
With every step you take

Every move you make
Every vow you break
Every smile you fake
Every claim you stake
I'll be watching you

Every move you make     Every step you take
I'll be watching you
I'll be watching you 

ကျမ ဘဝမှာ ဝမ်းနည်းကြေကွဲ စရာတွေနဲ့ပဲ ဖြစ်စေရမယ်လို့၊ အရင်ဘဝက ဘာမကောင်းမူ့တွေများ ကျမပြုခဲ့သလဲ၊ ဒီဘဝမှာပေးဆပ်စရာတွေပဲလား၊ ဒါမှမဟုတ် သူတို့ပြောတဲ့ ဘုရားသခင်က ဒါတွေကို ဖန်တီးခဲ့လေသလား၊ ကျမ၏ ချစ်ရပါသော ခင်ပွန်းသည် သည် ကျမဆီမှာမပျော်မွေ့တော့၊ ဝေခွဲလို့မရတဲ့စိတ်တွေနဲ့ အဖြေမရှိသေးတဲ့ မေးခွန်းတွေနဲ့ နှစ်ရက်ဆိုတဲ့ အချိန်ကို ကုန်လွန်ခဲ့သည်၊ နှစ်ရက်လောက်နေ ငါပြန်လာပါမယ်၊ ဆိုတဲ့စကားကို ယုံကြည်စွာဖြင့်လည်း ကျမမျှော်လင့်နေသည်။

စိတ်မပါ၊ အမှားများစွာ လုပ်မိကာ အလုပ်ထဲမှာ မတည်ငြိမ်ဖြစ်နေတာထက် စာရင် အကောင်းဆုံးဖြစ်အောင် ကျမခွင့် သုံးရက်ယူလိုက်ပါသည်၊ သူ့ရဲ့ရှင်းလင်းချက်ကိုနားထောင် ကိုယ်ဘက်ကလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားကြည့်မည် ရည်ရွယ်ထားသည်၊ အချစ်နှင့် တည်ဆောက်ခဲ့တဲ့ ကျမရဲ့ကမ္ဘာလေးမပျက်အောင်ပေါ့၊ မှားခဲ့ဘူးကြမှာပဲ ဘယ်လိုခွင့်လွတ်ပေးနိုင်ရမလဲဆိုတာ ကျမ စဉ်းစားနေမိသည်၊
တစ်ရက်လည်းရောက်မလာ၊
နှစ်ရက်လည်းရောက်မလာ၊
သုံးရက်လည်းရောက်မလာ၊
တစ်ပတ်တို့ ကုန်ဆုံးသွားခဲ့ပါပြီ၊…ရက်စက်လှချည်လား ရဲလင်းအောင်ရယ်၊
မနက်ဖြန်ဆို ရုံးပြန်တက်ရတော့မည်၊ ကျမ ရဲလင်းအောင်ကို ဖုန်းခေါ်လိုက်ရင် ကောင်းမလား၊ ဒါမှမဟုတ် လိုက်သွားလျှင် ကောင်းမလား၊ တစ်ခါလဲလိုက်သွားခဲ့ပြီးပြီ၊ အဲဒီ တာရာဆိုတဲ့ ကောင်မလေးဆီသွား၊ ရုပ်ရှင်ထဲမှာလို ဟဲ့ လင်ခိုးမ၊ ဘာညာတွေပြော ပါးသွားရိုက်ပစ်ရင် ကောင်းမလား၊ လားပေါင်းများစွာဖြင့်၊ ကျမ တကယ်ပါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ထိုအချိန်မှာပဲ ဖုန်းသံမြည်လာသည်၊ ကျမဆီဖုန်းလာနေပြီ၊ ကျမ အမြန်ပဲ ကိုင်လိုက်မိသည်၊ ‘ဟလို၊ ဟလို၊’
‘ဟေ့ မိုးစန္ဒာ ကောင်မ နင်ကပုန်းနေတယ်ပေါ့လေ၊’ ရင်းနှီးသော အသံ၊ ကျမမျှော်နေတဲ့သူမဟုတ်၊ ခင်ဝင်းကြည် သန်လျှင်က ငယ်သူငယ်ချင်းအရင်းဆုံး၊
‘ဟဲ့ ဘာတိတ်နေတာလဲ၊ ငါ့အသံ မမှတ်မိဘူးလား၊’
‘မှတ်မိပါတယ် ခင်ဝင်းကြည်ရယ်၊ မမျှော်လင့်ထားတော့ ကြေင်သွားတာ၊ ဘယ်တုန်းကရောက်လဲ၊’
‘နင်ကလည်း အကြောင်းမကြားဘာမကြား၊’
‘ဘယ်တုန်းကရောက်လဲမမေးနဲ့၊ နင့်ဆီကိုရောက်အောင်လာတာ ခုနင့်အိမ်အောက်မှာ၊ နီနီလဲပါတယ်၊’
ဟွန်း၊ ကောင်းကြသေးရဲ့လား၊ ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိဖြစ်နေချိန်၊ ပြောမနာဆိုမနာတွေ ရောက်ချလာသည်။

ခင်ဝင်းကြည်နှင့် နီနီတို့သည်၊ ကျမ၏ အရင်းနီးဆုံး တွဲဖေါ်တွဲဖက် ငယ်သူငယ်ချင်းများ၊ အထက(၁) သန်လျှင်ထွက်များ၊ ခင်ဝင်းကြည်က ဗိုလ်ချုပ်ရွာက ဖြစ်ပြီး၊ နီနီက ရေနံဝင်း တိုက်ကြီးကုန်းကဖြစ်သည်၊ ကျမအကြောင်း ကကြီးမှအ အထိသိသည်၊ ခုလောလောဆယ်တော့ ကျမဘာဖြစ်နေသည် သူတို့မသိပေ။
အိမ်ပေါ်ရောက်လာကြပြီး လာဖြစ်ပုံ၊ အလုပ်ရှာဘို့အကြောင်း၊ သူတို့အကြောင်းတွေကို ကျမကိုပြောပြနေသည်၊ အထိုက်အလျှောက်နားထောင်ရင်း ကူညီရမှာပေါ့ သူငယ်ချင်းတို့ရယ် ဟုပြောမိသည်၊ ဒီလိုနဲ့ ကျမအလှည့်ရောက်လာသည်၊ ရဲလင်းအောင်အကြောင်း မေးကြသည်၊ ဒီသူငယ်ချင်းတွေကို ကျမဟန်ဆောင်၍ မရပါ၊ ကျမနှင့် ရဲလင်းအောင် လက်ရှိအခြေအနေကို ပြောပြလိုက်သည်၊ သူတို့ကျမဘက်မှ ခံပြင်းသွားကြသည်၊ ခင်ဝင်းကြည်က ဒီကောင်ဘယ်မှာလဲ၊ ဟိုကောင်မကိုလည်း ခုသွားရှင်းမယ်၊ နီနီက ခဏနေပါဦး ခင်ဝင်းကြည်ရယ်၊ သူတို့က လင်မယား ငါတို့တွေ အေးအေးဆေးဆေး တိုင်ပင်ပြီးလုပ်ကြတာပေါ့ဟု ဝင်ထိန်းသည်၊ အလုပ်လာရှာတဲ့ သူတွေလည်း ကျမ အပူမိချေပြီ၊ သူငယ်ချင်းတွေကို မျက်ရည်ဝဲစွာ ရှင်းပြခဲ့ပေမဲ့၊ ကျမမငိုခဲ့ပါ။

ညတော်တော်လေး မိုးချုပ်မှ သူငယ်ချင်းတွေ ပြန်သွားခဲ့သည်၊ ဆောက်တည်ရာမရ ဖြစ်နေပြီလားဆိုလဲ ကျမ မဖြေနိုင်၊ ဘယ်လိုခံစားနေရလဲလို့ မေးရင်လည်း ကျမရေးချပြလို့မရပါ၊ ခံစားဘူးမှ သိကြမှာပါ၊ ကျမအကြီးအကျယ် ခံစားနေရပါသည်၊ အိပ်ဆေးသောက်ပြီး အိပ်တဲ့အကျင့်ကို ကျမတွန်းလှန်ခဲ့ပြီးဖြစ်သည်၊ မနက်ကြအလုပ်ပြန်သွားမယ်စိတ်ကိုသွင်းပြီ၊ ကင်းဆိုဒ် ကုတင်ကြီးပေါ် တစ်ယောက်ထဲ ဟိုလှိမ့် ဒီလှိမ့်နှင့် စိတ်မော လူမောစွာ ကျမအိပ်ပျော်သွားခဲ့ပါသည်။
 
ဒီနေ့အလုပ်ချိန်ဘယ်လို ကုန်ဆုံးသွားလဲ ကျမ မသိ၊ ရုံးဆင်းတာနဲ့ အိမ်ကိုကျမတန်းပြန်ခဲ့သည်၊ ပင်ပန်းနွမ်းနယ်နေသဖြင့် ကျမရောက်ရောက်ချင်း ရေအရင်ချိုးလိုက်သည်၊ ပြီးနောက် အိမ်ရှေ့ထွက်လာဖြစ်သည်၊ ဧည့်စားပွဲပေါ်တွင် အေဖိုးစာရွက်နှင့် စာရေးထားတာတွေ့ရသည်၊ ရဲလင်းအောင်ရေးထားခြင်းဖြစ်သည်၊
မ ငါဒီနေ့အိမ်လာသွားတယ်၊ ပစ္စည်းတစ်ချို့ယူသွားတယ်၊ ဒီည ညဆင်းမနက်ဖြန်ည လာခဲ့မယ်၊
ကျမစိတ်ထဲမှာနည်းနည်းတင်းသွားသည်၊ ဖုန်းခေါ်ရင်ရတာပဲ၊ အကျိုးအကြောင်း ရှင်းပြမယ်ဆိုပြီး ခုထက်ထိဘာမှာဖြစ်မလာသေး၊ ကျမပြတ်ပြတ်သားသားတစ်ခုခုလုပ်မှ ဖြစ်တော့မည်။

ခင်ဝင်းကြည်နှင့်နီနီ တို့ထံဖုန်းဆက်ပြီး အလုပ်အခြေအနေမေးကြည့်ရင်း၊ ရဲလင်းအောင်၏စာအကြောင်းပြောဖြစ်သည်၊ သူတို့ ရဲလင်းအောင်နှင့် လာတွေ့မည်ဟုဆိုသည်၊ ရဲလင်းအောင် မနက်ဖြန်လာရင် ငါဖုန်းဆက်လိုက်မယ်ဟုဆိုသောအခါ၊ သူတို့ အဆင်သင့် စောင့်နေမည်တဲ့၊
နောက်နေ့ညနေ ရဲလင်းအောင်အိမ်ပြန်လာသည်၊ ကျမက ခင်ဝင်းကြည်နှင့်နီနီ တို့ရောက်နေကြောင်း တွေ့ချင်လို့ဟုပြောလိုက်သည်၊ တွေ့တာပေါ့ သူတို့ကို တစ်ခုခုကျွေးရအောင် ဟုဆိုသည်၊ ရဲလင်းအောင်ပုံစံက အိမ်မှာမနေချင်သည့်ပုံစံ၊ ဒီလိုနဲ့ ခင်ဝင်းကြည်၊နီနီ တို့နှင့် ကျမတို့နှစ်ယောက် sakuya တွင် ဘူဖေးစားဖြစ်သည်၊ ခင်ဝင်းကြည်က ရဲလင်းအောင်ကို တည့်တိုးမေးသည်၊ မနက်ဖြန်လည်း ထပ်တွေ့မည်ဟုဆိုသည်၊ ခင်ဝင်းကြည်၏ ဇွတ်တရွတ်မှာ ရဲလင်းအောင်ပြေးမလွတ်ပါ၊ သိတယ်မဟုတ်လား ခင်ဝင်းကြည်က ဗိုလ်ချုပ်သူလေ။

စနေနေ့မှာ ရဲလင်းအောင် အိမ်ပြန်လာသည်၊ ကျမ အထိုက်အလျှောက်နေလိုက်သည်၊ သူငယ်ချင်းတွေကလည်း အခြေအနေ စောင့်ကြည့်ဘို့ မှာထားသည်မဟုတ်လား၊ ဒီလိုနဲ့ ရဲလင်းအောင် အိမ်ပြန်ရောက်လာသည်၊ ကျမထင်ပါတယ် ဟိုတစ်ယောက်ဆီ ခင်ဝင်းကြည် ပွဲသွားကြမ်းမည်စိုး၍ ဟိုတစ်ယောက်ကို ကာကွယ်သည့်အနေဖြင့် ကျမဆီ ရောက်လာသည်ဖြစ်မည်၊ မိတ်ဆွေ သူငယ်ချင်းတွေ ရှိသင့်ကြောင်း သူတို့ အဖိုးတန်ကြောင်း ကျမသိခဲ့ရပါသည်။

နောက်နေ့ ထမင်းတူတူစားတော့ ရဲလင်းအောင် သူနှင့် တာရာ အကြောင်းကို ကျမကိုပြောပြခဲ့သည်၊ ကျမမေးလို့မဟုတ်၊ ကျမ့ မျက်လုံးထဲက အမေးကို နားလည်သောကြောင့်ဖြစ်မည်၊ ရိုးရိုးဇာတ်လမ်းလေးပါပဲ၊ တွေ့ကြတယ်၊ တွေ့တာများတော့ ရင်းနှီးလာတယ်၊ ချက်ကျွေးတာသွားစားတယ်၊ ဟိုသွားဒီသွားလိုက်ပို့တယ်၊ ကြာတော့ ကောင်မလေးက သူကိုချစ်လာတယ် ဆိုသည်၊ ကျမနားထောင်သူဘဲဖြစ်ခဲ့သည်၊ စိတ်ထဲမှာတော့ မသိဘူးလား၊ ကိုယ်က အိမ်ထောင်သည် ဟိုကလည်းသိရမည် ဒီတစ်ယောက်ကလွတ်လွတ်လပ်လပ်မဟုတ်၊ စောင့်ထိန်းရမည့် စည်းတွေဘယ်ရောက်သွားကြပြီလည်း၊ အချစ်ဆိုတာ တားဆီးလို့မရဘူးလို့ ဆိုပြီး အချစ်ကိုပုံချကြဦးမလား။

ရဲလင်းအောင်က တကယ်ကို ပိုနေမြဲကြားနေမြဲ ဘာမှမဖြစ်သည်ပုံစံ၊ စကားတွေကရှေ့နောက်မညီ၊ ဆင်းလိုက်တဲ့ ညဆင်းတွေကလည်း၊ တစ်လမှာ တဝက်မက၊ ညိုယူနေရသည့် အချိန်မို့ ကျမဘာမျှမပြော၊ ကြားထဲမှာ မမြင့်၊ ခင်ဝင်းကြည်နှင့်နီနီတို့ အခြေအနေကို လှမ်းမေးကြသည်၊ ခင်ဝင်းကြည်ကတော့ အိမ်ကို ခဏခဏ ရောက်ဖြစ်သည်၊ ခင်ဝင်းကြည်နှင့်နီနီ အလုပ်ရသွားကြပြီဖြစ်သည်၊ ခင်ဝင်းကြည်ကို ကျမ အလုပ်တစ်ခုနှင့် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်သည်။

ရဲလင်းအောင်ကို ကျမခွင့်လွတ်သည်ဟုမပြောသော်လည်း အများကြီးလျှော့ပေးခဲ့သည်၊ ဟန်ဆောင်နေသော ရဲလင်းအောင်၏ အမူအရာတွေနဲ့ အပြောအဆိုတွေက ကျမကို နုတ်နုတ်စင်းနေသလိုပင်၊ ထမ်းနိုင်စွမ်းလည်းမရှိပဲ အိုးနှစ်လုံးထမ်းနေသည့် ရဲလင်းအောင်နှင့် တည်ဆောက်ထားသည်လေးကို မပျက်စီးချင်သော ကျမ၊ တကယ်ကို ကျမ နာကျဉ်လာခဲ့ရပါပြီ။

ရဲလင်းအောင် ညဆင်း လေးရက်ဆက်တိုက်ဆင်းသည်ဆိုသော ညတညမှာ၊ ကြားရတဲ့ သတင်းတွေနဲ့ ကျမ ဆောက်တည်ရာ မရတော့ပါ၊ အမေ့ဆီကို ဖုန်းဆက်ဖြစ်သည်၊ အဖေ အမေတို့ကို ဒီကိစ္စတွေကို ကျမ ဘာမှာမပြောရသေးပါ၊ မိဘကို စိတ်ဒုက္ခပေးသူ တစ်ယောက် ကျမ မဖြစ်ချင်ပါ၊ ဒီနေ့တော့ ကျမ မရတော့ပါ၊ အမေ လို့ ကျမဝမ်းနည်းခံစားစွာခေါ်ရင်း ကျမ အမေကို ပြောပြလိုက်မိသည်၊ ငိုသံကြီးနှင့် ပြောနေသော်လည်း ကျမ မငိုပါ၊
ဟိုတစ်ယောက်ဆီလည်းသွားနေတယ်၊ ကျမဆီမှာလည်းနေတယ်၊ သမီးဘာလုပ်ရမလဲအမေ၊
ဘာလုပ်ရမယ်ဆိုတာကို အမေတို့ တိုင်ပင်လိုက်ဦးမယ်၊ လောလောဆယ် သမီးသိရဘို့က သမီးနောက်မှာ အဖေတို့ အမေတို့ ရှိတယ်၊ အားတင်းထား အလုပ်လဲအပျက်မခံနှင့် သမီးကိုလည်းမထိခိုက်စေနဲ့၊ သူတော်ကောင်းတစ်ယောက်လိုနေ၊ သမီးနားမှာ အမေအမြဲရှိတယ်လို့မှတ်ပါ၊ သမီးကိုလည်းအမေတို့ယုံကြည်ပြီးသား၊ အမေရဲ့ အားပေးစကားတွေ၊
အမေတွေဟာ သမီးတွေကို နားအလည်ဆုံးဆိုတာ၊ အသက် သုံးဆယ်ကျော် သမီးတစ်ယောက်ရဲ့ နာကျဉ်မူ့ကို အမေမျှဝေခံစားပေးခဲ့တယ်။

စနေနေ့ရဲ့နံနက်ခင်း တစ်ခုမှာတော့၊ ကျမ မနက်စာ ပလာတာ စားပြီး၊ ဘာရယ်လို့မဟုတ် ရဲလင်းအောင် တကယ်လို့ ပြန်လာလို့ စားချင်ရင်စားလို့ရအောင် ကျမတစ်ခုချန်ထားခဲ့ပါသည်၊ ခဏနေတော့ ရဲလင်းအောင်ပြန်လာပါသည်၊
‘မိုးစန္ဒာ’ ရဲလင်းအောင်ကျမကို နာမည်နှင့် ဒီလိုမျိုးတစ်ခါမှာ မခေါ်ဘူးဘူး၊
‘ဒီမှာထိုင်’ ထမင်းစား စားပွဲက ထိုင်ခုံတစ်လုံးတွင် ကျမကိုထိုင်ခိုင်းသည်၊
သူ့ မျက်နှာကို သေချာကြည့်လိုက်မိသည်၊ တစ်မျိုးဖြစ်နေသည်၊ ဒေါသ အနီရောင်သမ်းနေပြီး၊ မျက်လုံးများကလည်းနီနေသည်၊ မူးမလာပါ၊ ကျမဝင်ထိုင်လိုက်သည်၊
‘ခုတော့ ငါနင့်ကို ပြောရတော့မှာပေါ့၊’ လေသံကနည်းနည်းမာသည်၊ ကျမ ဘာမှပြန်မပြော၊
‘ငါတို့နှစ်ယောက်ရဲ့ ပြသာနာကို ကိုယ့်ဘာသာ ဖြေရှင်းပါလား၊’
‘ခုတော့ အရပ်ကူပါ လူဝိုင်းပါနဲ့၊ ငါ့အရှက်ကိုခွဲတယ်ပေါ့၊’
ကျမ သူဘာကိုဆိုလိုသလဲကို လိုက်ဖမ်းနေသည်၊ စိတ်ထဲမှာတော့ နင်ကအရှက်ရှိတယ်ပေါ့ဟု ပြောနေမိသည်၊
‘မင်းတော်တော် အသုံးမကျတာ၊
မင်းတော်တော် ညစ်ပတ် စုတ်ပဲ့တာပဲ၊’
‘ကလိမ်ကကျစ်၊ အဖေနှင့် သားကြားမှာရန်တိုက်ပေးတာ’
ငါ့ -- ပဲ --- xx ---xx ဆက်တိုက်ကြီးဆဲနေသည်၊
‘မိုက်ရိုင်းလှချီလား ရဲလင်းအောင်၊’
‘ရိုင်းတယ်ထင် ရိုင်းတယ်ဟေ့၊’
ကျမ သိလိုက်ပါပြီ၊ အဖေနှင့် အမေတို့ သူ့အိမ်ကိုသွားပြောကြသည်ဖြစ်မည်၊ သူမိဘတွေက ပြတ်ပြတ်သားသား ပြောပါလိမ့်မည်၊ သားသမီး မကောင်းမိဘခေါင်း မဟုတ်လား၊
‘မင်းကိုမင်း ဘာထင်နေသလဲ၊’
‘သူတို့ သမီးများ ဘာထင်နေလဲ၊ ငါကတော့ -ါပဲထင်တယ်၊’
နင့် ဘာပြောလိုက်တာလဲ ရဲလင်းအောင်၊
‘ငါပြောတာရှင်းနေတာပဲ၊ -ါပဲထင်တယ်၊’
‘ငါ့အဖေကလည်း နင်နဲ့ပြတ်ရင် သူတို့နဲ့လည်းပြတ်၊’
‘ဒီနေ့ ငါအကုန်ပြတ်တယ်ဟေ့၊ -ါမျိုးတွေ၊ -ါသည်တွေနဲ့လည်းပြတ်တယ်၊’
တော်စမ်း ရဲလင်းအောင်၊ ကျမအသံ သူ့ထက် ကျယ်လောင်သည်၊
‘နင်ပြတ်ချင်တယ် ဆိုရင်ပြီးပြီ၊ ငါလဲပြတ်တယ်၊’
‘ငါ့မိဘတွေ အမျိုးတွေကို ထိခိုက်စရာမလိုဘူး၊’
‘နင်အသံတိတ်ပြီး ဒီအိမ်ကထွက်သွားပါ၊’
ရဲလင်းအောင် ကျမကို ပြန်ကြည့်နေသည်၊ ကျမမျက်လုံး မီးဝင်းဝင်းတောက်နေပြီဖြစ်သည်၊
‘မထွက်သွားတော့ မင်းဘာလုပ်ချင်သလဲ၊’
‘ဘာ! ဒီမယ် ဒီအိမ်ကငါ့နာမည်နှင့် ငှါးထားတာ၊ ငါပဲပိုက်ဆံတွေပေးထားတာ၊
ဘာလုပ်မလဲ နင်သိချင်သလား၊’ ကျမရှေ့ကိုတိုးပြီး တစ်ခုခုရှာမိသည်၊
ရဲလင်းအောင်က ကျမကို လက်နှင့် တားသလိုလုပ်သည်၊
‘ရဲလင်းအောင် နင်သေချာနားထောင်၊ နင့်ဘက်က စာရွက်စာတမ်းတွေ လုပ်ပြီးရင်အကြောင်းကြားလိုက်၊ ငါလက်မှတ်ထိုးမယ်၊ ခုတော့ နင်ထွက်သွားပါ။’

လောကတွင် မိန်းမတွေကို ဆဲသော ယောက်ျားတွေလောက် အောက်တန်းကျတာ မရှိဟု ကျမထင်သည်၊
ရဲလင်းအောင်၏ မျက်လုံးထဲမှာ ကျမ အဖြေကိုရှာတွေ့သွားပြီဖြစ်သည်၊ အရိပ်တကြည့်ကြည့် ကြည့်နေခဲ့တဲ့ချစ်သူ၊ ချစ်လို့ယူထားတဲ့ ယောက်ျား၊ သူ့အမူအရာတွေကို အလွတ်ရနေတဲ့သူပါ၊ ကျမသိပါတယ် သူ့မျက်လုံးမှာ အမုန်းတွေရှိနေပြီဆိုတာ၊
သူလည်းသိမှာပါ ကျမရဲ့ တစ်စုံတစ်ရာသော အတိုင်းအတာ ဒီနေ့ကုန်ဆုံးသွားပြီဆိုတာ။
အဲဒီနေ့က ကျမဘဝမှာ ပထမဦးဆုံး ယောက်ျားတစ်ယောက်ရဲ့ ဆဲဆိုခြင်းကိုခံခဲ့ရပါတယ်၊ အဲဒီ ယောက်ျားကလည်း ကျမရဲ့ လင်ယောက်ျားပါပဲ။
အဲဒီနေ့က ကျမဟာ ကျမရဲ့ ချစ်ဦးသူ၊ တစ်ယောက်တည်းသောချစ်ဖူးသူ၊ လင်ယောက်ျားနှင့် လမ်းခွဲဘို့ ဆုံးဖြတ်လိုက်ပါတယ်။

ညကြတော့ မမြင့်၊ ခင်ဝင်းကြည်နှင့် နီနီတို့ ကျမဆီရောက်လာပါတယ်၊ သူတို့အားလုံး ကျမနှင့် သဘောထားတူညီကြပါတယ်၊ အဖေ အမေတို့ကလည်း ကျမနှင့် သဘောထားတူညီကြပါတယ်၊ ခင်ဝင်းကြည် အဲဒီညက ကျမနှင့် အတူအိပ်ပြီး၊ နောက်နေ့ ကျမအိမ်ကိုပြောင်းလာပါသည်။

မမြင့်ဆီမှာ သိရသည်မှာ ဇာတ်လမ်းအစက ဟိုကောင်မလေးက ကျမဆီသွားနေလို့ မခွဲနိုင်လို့ ပရုပ်လုံးတွေသောက်သည်ဆိုလား၊ ရဲလင်းအောင် အချိန်မှီရောက်သွား၍ ဘာမှမဖြစ်လိုက်ဟုဆိုသည်၊ ရဲလင်းအောင် အဖေသည် ဂုဏ်သိက္ခာကို အရမ်းတန်ဘိုးထားသူ ဖြစ်သည်၊ ကျမ အဖေမှ ကျမတို့ကိစ္စကို ညှိနိုင်းရန် ရဲလင်းအောင် အိမ်ကိုသွားတိုင်ပင်သောအခါ၊ သူ့အဖေက ရဲလင်းအောင်ကို ပေါက်ကွဲတော့သည်၊ ရဲလင်းအောင်က ကျမကို လာ ပေါက်ကွဲခြင်းဖြစ်သည်၊ ခုတော့ ရဲလင်းအောင် သူနိုင်တယ်ထင်သော အိုးကို သူရွေးသွားပါပြီ။

ဒီဇင်ဘာလ ၁၅ ရက် သောကြာနေ့မှာ၊ ကျမနှင့် ရဲလင်းအောင်တို့ ______ ၏ ရှေ့မှောက်တွင်၊ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ပါသည်၊ များများစားစား မရှိသော စင်္ကာပူတွင် လမ်းခွဲခဲ့သော သူတို့တွင် ကျမတို့လည်းပါဝင်ပါသည်။

နောက်တစ်ပတ်မှာ ကျမ မြန်မာပြည်ကို ခွင့်တစ်လပြန်ခဲ့ပါသည်။ ဝေဒနာနှင့် ပြန်သွားသည်ဟု ဆိုနိုင်သော်လည်း၊ အရူံးပေး၍ ပြန်သွားခြင်းတော့မဟုတ်ပါ။
တိုက်ဆိုင်သည်ဟု ဆိုရလောက်အောင်ပင် ထိုဇန္နဝါရီလသည် ကျမ့မောင်လေးနှင့် နန်းထွေးတို့ မင်္ဂလာ ဆောင်မည့်အချိန်ဖြစ်ပါသည်၊ အားလုံးပျော်ရွင်ရေး အတွက်၊ ကျမ၏ ခံစားချက်တို့ကို ငုတ်လျှိုးကွယ်ပျေက်ထားရပါသည်။

မြန်မာပြည်မှာ ရှိနေသော ကာလ တလျှောက်လုံး ကျမ သန်လျင်မှာနေပါသည်၊ ကျိုက်ခေါက်ဘုရားပေါ် ကျမ တစ်ခေါက်မှ မသွားဖြစ်ခဲ့ပါ၊ ဒီနေ့တော့ ရန်ကုန်တိုက်ခန်းလေးကို ကျမပြန်ရောက်ခဲ့ပါသည်၊ ကျမက မျက်ရည်တိုက်ခန်းလေးဟု အမည်ပေးထားသော ဒီတိုက်ခန်းလေးကို မေတ္တာ တိုက်ခန်းလေးဟု အမည်ပြောင်းပြီး မောင်လေးနှင့် နန်းထွေးတို့ကို မင်္ဂလာလက်ဖွဲ့  အဖြစ်ပေးလိုက်မည်ဖြစ်သည်၊ အိပ်ခန်းထဲက စားပွဲတွင်ထိုင်ရင်း ကက်ဆက်ကို အမှတ်မထင်ဖွင့်လိုက်မိပါသည်၊ စိုင်းထီဆိုင်ရဲ့ တည်ငြိမ်အေးမြတဲ့ သီချင်းအသံလေး ထွက်လာပါသည်၊ မသဲတကွဲလေး ကြားသလို လိုက်ဆိုမိသည်၊

ဒီနေ့တော့ ဒီအတိုင်းသိနေလည်း
နောင်တနေ့မှာ ဒီအတိုင်းမဟုတ်ပြီပေါ့၊
ရည်ရွယ်ထားတဲ့သူချင်း
အကြင်နာမျှတဲ့သူချင်း
ကံဥာဏ်ဝိရိယကြောင့်လား၊
မာန်မာနကြောင့်လေလား၊
တစ်ခါတစ်ရံများလွဲတတ်ပေသည်။

ကြည့်စမ်း မီးနှင့်ရေ ကုန်းနှင့်လေ
ထူးစမ်းအံ့ဩဘွယ် နှစ်သက်ရှည်
လူအဖြစ်ဟာ ထိုကဲ့သို့ မတည်ပေ၊
ချစ်ခြင်းတာတူနိုင်းလောက်မယ်လေ၊
ဒိဋ္ဌပဲတွက်ထားလည်း လွဲတတ်ပေ၊
စောင့်စားရတိုင်းလဲ မပြည့်တတ်ချေ၊
လူတို့ အဖြစ် ပိုနားလည်နိုင်ပေ၊
အရှင်ဘုရားကို ပိုနားလည်နိုင်သလေ။

ခွင့်ပြည့်သွားသောအခါ ကျမ စင်္ကာပူကို ပြန်ခဲ့သည်၊ ခင်ဝင်းကြည် နှင့်ပင် ဂျိုရောင်းဘက်ကို ပြောင်းနေလိုက်သည်၊ ရဲလင်းအောင်နှင့် တာရာသက်ထားတို့ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ ဗာလင်တိုင်းနေ့တွင် လက်ထပ်ကြသည်ဟု သိရပါသည်။
----------- -------------- ------------ -----------

လူအုပ်ကြီးနှင့်အတူ ကျမ ရှင်နာဂါဝါဘူတာဘက် လမ်းဖြတ်ကူးလိုက်သည်၊ ဒီနေ့ ဆိုနီဒီဇိုင်းစင်တာမှာ တစ်နေကုန် အစည်းအဝေးတက်ခဲ့ရသည်၊ မပင်ပန်းသော်လည်း စိတ်ကိုအလိုလိုက်ကာ ဘူတာအပေါ်ထပ်က ကော်ဖီဆိုင်မှာ ဝင်ထိုင်ဖြစ်သည်၊ ရီဂျင်နယ် မန်နေဂျာ ရာထူးနှင့် ဂျပန်၊ တရုတ်၊ စင်္ကာပူတို့တွင် ရုံးလှည့်ထိုင်လာတာ သုံးနှစ်ကျော်ကျော် ရှိသွားပြီဖြစ်သည်၊ လုပ်ဖေါ် ကိုင်ဘက်တွေ၊ ကာစတမ်မာတွေ၊ ပညာရှင်တွေနဲ့ပဲ လုံးလည်ခြာလည်ရင်း မရင်းနှီးတဲ့သူတွေကြားမှာ ကျမလည်း ရိုဘော့ အကြောင်းတွေပြောရင်း ရိုဘော့ဖြစ်နေရပြီ။

ပြီးခဲ့တဲ့ အပတ်က နီနီနှင့် သူ့အမျိုးသား ဂျပန်ကိုလာလည်၍ သူတို့နှင့် တစ်နေ့ လျှောက်လည်ဖြစ်သည်၊ ကျမအတွက် စင်္ကာပူကလက်ဆောင်တွေ လည်းပါသည်၊ ကျမက ငါ စင်္ကာပူ ခဏခဏရောက်နေတာဟု ပြောသော်လည်း မရမကပေးခဲ့ပါသည်၊ စားစရာတွေ စီဒီတွေဖြစ်သည်၊ သတိရနေလား လို့  နီနီကနောက်လိုက်သေးသည်။

မနေ့က ဖုန်းထဲကို အမ်ပီသရီး သီချင်း အချို့ ဒေါင်းလုပ် လုပ်ထားတာ သတိရလိုက်သည်၊ လက်ကိုင်အိတ်ကို ဖွင့်ပြီး ဖုန်းယူလိုက်မှာ လက်ကိုင်အိတ်ထဲမှာ နည်းနည်းဟောင်းနေပြီဖြစ်တဲ့ မှတ်စုစာအုပ် ခရမ်းရောင်လေး၊ ကိုလှမ်းတွေ့လိုက်သည်၊ စာအုပ်ကိုထုတ်ယူလိုက်မိသည်၊ စိတ်က ဘယ်လိုဖြစ်သွားလည်းမသိ၊ စားပွဲထိုးကောင်မလေးကို ခေါ်လိုက်မိသည်၊ ကျေးဇူးပြု၍ ငါ့ကို ဒီစာအုပ်လေး လွှင့်ပစ်ပေးပါ၊ အိုကေ ရပါတယ်ဆိုပြီးယူသွားသည်၊ ခဏနေကြာ ပြန်ထွက်လာပြီး အိုကေဟုဆိုသည်၊ ဒီဆိုင်က စားပွဲထိုးကောင်မလေးများသည် နီပေါကျောင်းသူလေးများ ဖြစ်ပြီး၊ အချိန်ပိုင်းဝင်လုပ်ကြသည်၊ ပြန်စဉ်စားမိသည် ငါဘာလုပ်လိုက်တာလဲ၊ ဘာကြောင့်လုပ်လိုက်တာလဲ၊ စိတ်ထဲကလွင့်ပစ်ချင်တာဖြစ်မည်၊ မြန်မာလိုရေးထားတာပဲလေ၊ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ဆက်မရေးတော့တဲ့ သိမ်းထားဖြစ်တဲ့ မှတ်စုစာအုပ် ခရမ်းရောင်လေးကို လွင့်ပစ်လိုက်ပြီဖြစ်သည်။
တွေးမနေတော့ပဲ ဖုန်းနားကြပ်ကိုတတ်ခါ သီချင်းနားထောင်ရန် ဖုန်းခလုပ်ကိုနှိပ်လိုက်သည်၊

အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ တစ်ချို့နေရာက
အကောင်းအတိုင်းရှိနေဆဲပါ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပာယ် မရှိတာ သိပေမယ့်
တစ်ခါတစ်လေ တိုက်ဆိုင်မူတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့
လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်
တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်း ရောက်နေမလဲ
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ်
ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
တစ်ခါတစ်လေ ငါ သတိရပါတယ်

သီချင်းပြီးသွားသောအခါ ပြုံးမိသည်၊ သတိရနေလား၊ လွမ်းနေလား၊ လုးံဝမဟုတ်၊ ကိုယ့်အမေးကို ကိုယ်ပြန်ဖြေမိသည်။
အမှတ်တရတော့ ရှိနေဆဲပါပဲ၊ စိတ်ထဲက အမှန်အတိုင်းပြောလိုက်မိသည်။

ဒီနေ့ စိတ်လက်ပေါ့ပါးစွာဖြင့်လည်း ကျမ နေထိုင်ရာ အပတ်မန့် ကို ပြန်လာမိပါသည်။
နောက်လဆို ကျမ ခွင့်တစ်လပြန်မည်၊ ကျိုက်ခေါက်ဘုရားလည်းဖူးမည်၊ မြန်မာပြည် အနှံလျှောက်သွားမည်၊ ဘယ်သူပြောနိုင်မလဲ နောက်ထပ်မှတ်စုတွေ ဆက်ရေးဖြစ်ဦးမယ်ဆိုတာ၊ ဟုတ်တယ်၊ ကျမ အသက် သုံးဆယ်တစ်ဝက်ကျော်ပဲရှိသေးတာ။ ဘဝဆိုတာဒီလိုရပ်ထားလို့ဘယ်ရမလည်း။

ခုမှ သတိထားမိတယ်၊ စားပွဲထိုးကျောင်းသူလေးဟာ မြန်မာမလေးဖြစ်နေခဲ့ရင်….


ပြီးပါပြီ။

---------------------------------------------------------------------------------

မိုးစန္ဒာ ၏ မှတ်ချက်
ချစ်ဖူးခဲ့တဲ့ သူတစ်ယောက်၊ လက်တွဲဖူးတဲ့ သူတစ်ယောက် ကို

ခဏလေးတွဲတွဲ၊ အကြာကြီးပဲ အတူတူနေခဲ့၊
မုန်းလို့ပဲ ကွဲကွဲ၊ ခွဲလို့ပဲ ကွဲကွဲ၊
အခြေအနေကြောင့်ဖြစ်ဖြစ်၊ အမြင်မတူလို့ ရန်သူတွေဖြစ်စေဦးတော့၊
လက်ရှိတစ်ယောက်ဟာ အလွန် ကောင်းနေပါစေ၊ သံယောဇဉ်အမျှင် ခလေးတွေချီနေပါဦး၊
အမှန်အတိုင်း ဝန်ခံကြမယ်ဆိုရင်၊
တိုက်ဆိုင်မူတွေရှိတိုင်း အမှတ်တရရှိနေမိမှာပါ၊
လက်ရှိတစ်ယောက်တော့ မသိပါစေနဲ့၊
လက်ရှိတစ်ယောက်က ကိုယ်လိုပဲအမှတ်တရရှိနေမယ် ဆိုရင်လဲ မသိချင်ဟန်ဆောင်လိုက်ပါ။
ပျော်ရွှင်စွာ သတိတရရှိနိုင်ကြပါစေ။

-------------------------------------------------------------------

အဖြစ်အပျက်၊ နာမည်များ တိုက်ဆိုင်ခဲ့သော် တိုက်ဆိုင်မူ့သာဖြစ်ပါသည်။




 
 
 
 

 

33 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ-
ရေးတတ်လိုက်တာ-
ထပ်ဖတ်အုံးမယ်-

ဂျစ်တူး ( မုံရွာ ) said...

အင်း - - -
မင်းဒင်စကားနဲ့ ပြောရမယ်ဆိုခဲ့ရင်-
ဖြစ်လာသမျှ ပျက်ရမည်မှာ ဓမ္မတာတည်း..တဲ့-
ဒီလိုမျက်နှာပြောင်တိုက်ရဲတဲ့မိန်းကလေးတွေလည်း
ရှိတာကိုလည်းအံ့သြမိပါတယ်-ဋ္ဌကားနေခဲ့ရတဲ့ဇတ်လမ်းတွေလည်းအများ
ဋ္ဌကီးမှအများကြီး-တကယ်တော့ငွေနဲ့ ဘဝတွေလဲနေကြ
တာပေါ့ -နုပျိုမှု့ တွေကိုငွေတွေနဲ့ ရောင်းစားနေရ-
အိမ်မပြန်နိုင်သေးတော့လည်း - - -
တည်ငြိမ်အေးရဲ့ မှတ်ချက်ကလေးကိုလည်းကြိုက်တယ်

ဂျစ်တူး ( မုံရွာ ) said...

ရဲလင်းအောင်လည်းမိုးစန္ဒာကို-တိုက်ဆိုင်မှု့ ရှိနေတဲ့အခါ
တိုင်းသတိတရရှိနေမယ်လို့ ထင်တယ်-အချိန်တလဆို
တာတကယ်တော့မလုံလောက်ဘူးထင်မြင်မိတယ်-
ဂျစ်တူးအထင်ပြောကြည့်တာပါ-
တချိန်ချိန်မှာ သူ့အမှားကိုသူသိတဲ့အချိန် ဆိုတာရှိနေအုံး
မယ်လို့ ထင်မြင်မိပါတယ်-
ပုံပြင်မဟုတ်တဲ့မှတ်စု ကလေးကတော့တည်တည်ငြိမ်ငြိမ်
ကလေးပြီးဆုံးသွားပါပြီ---
ဂျစ်တူးကတော့အစကအဆုံးအထိထပ်ဖတ်လိုက်အုံး
မယ်ဗျာ---လွယ်လွယ်ကူကူဖတ်လို့ရအောင်
PDF ဖိုင်ကလေးနဲ့ထားပေးပါလား - - -
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

လသာည said...

ဖတ်လို့ကောင်းတယ်.. ။ ဇာတ်လမ်းထဲမှာ မျောပါသွားတယ်။။
ဖူးစာက ဒီလိုမျိုးပဲ လား..။။
သူတို့က ရေစက်ကုန်သွားတာလား..။
နားတော့မလည်ပေမယ့် သူတို့အားလုံး (သုံးယောက်လုံး) တစ်ယောက်တစ်မျိုးစီတော့ တော်တော် ခံစားကြရမယ့်ထင်တယ်။ ဘယ်သူ့ဘယ်သူမှ မခံစားစေချင်ဘူး..။

စာရေးကောင်းတဲ့ sosegado, ဒီထက်ပိုပြီး စာတိုစာရှည်အများကြီး ဆက်ရေးနိုင်ပါစေလို့..

ခင်မင်စွာ အားပေးလျက်

Anonymous said...

အချစ်ဆိုတာ တားဆီးလို့မရဘူး၊ အချစ်ကိုပဲ ဦးစားပေးတယ်၊ အချစ်ကုန်သွားရင်ပြတ်တာပဲ၊ ချစ်မိသွားရင်ဘယ်လိုပဲဖြစ်ဖြစ် ချစ်မှာပဲ၊ နှစ်ဦးနှင့်ပဲဆိုင်တယ်၊ Min Min

nyan gyi said...

မိုးစန္ဒာ ၏ မှတ်ချက် ကို ကြိုက်တယ်၊ လွမ်းတာ လူမသိစေနဲ့၊ လွမ်းတာ လူမမိစေနဲ့၊ မိုးစန္ဒာရဲ့ စိတ်ဓါတ်ကိုလဲ ကြိုက်တယ်။ ဆက်ရေးပါဦး တခြား တကယ်အပြင်မှာဖြစ်နေသလိုလေး။

ပိုးဟပ်လေး said...

ဇာတ်လမ်းလေး ဖတ်ပြီးတော့...
ခံစားသွားပါတယ်...
မိုးစန္ဒာရဲ့ လုပ်ရပ်ကလေးကို လည်းကြိုက်တယ်......

Anonymous said...

သီချင်းတွေနဲ့ ခံစားလိုက်တယ်၊ တခြား၂ပိုင်းဖတ်လိုက်ဦးမယ်၊ ဝက် :/

Anonymous said...

စိုင်းထီဆိုင်ရဲ့ အဲဒီ့သီချင်း မကြားဖူးဘူး၊ ဇာတ်သိမ်းသွားတာ၊ အကွက်စေ့၊ ဆက်ရန်ရှိသေးလား၊ ရေးပါဦး၊ ..လမင်း..

ahphyulay said...

အင်း... မော ခဲ့ ရပါတယ်လေ ။
ဖတ်ပြီးတော့  ၊ အသက်ရှု နေသလား လို့ တောင်
ထင်မိရပါတယ်၊ အချစ်က တားဆီး လို့ မရ ဘူး
ဆိုတာ မှန်လွန်းပေမဲ့ လဲ ချုပ်တီး လို့ တော့ 
ရ ရ မာ် လို့ ထင်မိ ပါတယ်နော်။ တွယ်မိ ခဲ့ တဲ့ 
သံယောဇဉ် များ ရှိခဲ့ ရင်လဲ အရောင် တို့  မဆိုးမိ အောင်
ကို လေ့ ကျင့် ကြိုးစား ကြရမှာပါ။
ဇာတ်လမ်း ထဲက အဓိက သရုပ်ဆောင် မင်းသမီး လေးရဲ့ 
တည်တည် ငြိမ်ငြိမ် ဆုံးဖြတ်ရင်ဆိုင် သွားပုံ ကို လေးစား
မိရပါတယ်လို့ ။ တကယ့်  အဖြစ် မဟုတ်ဘူး မလား..

မောင်မိုး said...

ပြီးသွားပြီပေါ့..။ နောက်ထပ်ဒါမျိုးလေးတွေ ရေးပါဦးဗျ။ ဖတ်ရတာ တယ်အရသာရှိတယ်။ လေးဖြူသီချင်းမြင်တော့ ချက်ချင်းကောက်ဖွင့်ပစ်လိုက်တယ်။

မေဓာဝီ said...

ဖတ်ပြီးတော့ မောကျန်ရစ်တယ်။
တကယ့်အဖြစ်အပျက်လိုပဲ ခံစားရတယ်။
အရာရာ ပြောင်းလဲတတ်တဲ့ လောကမှာ လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဓာတ်တွေက အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ကြောင့် တဘက်လူခံစားရတာ မကောင်းဘူးပေါ့နော်။
မိုးစန္ဒာလွှင့် ပစ်ခိုင်းလိုက်တဲ့ စာအုပ်လေးကို တယောက်ယောက်က ရသွားလို့များ ဒီပုံပြင်မဟုတ်တဲ့ မှတ်စုလေး ဖြစ်လာသလားလို့လဲ ဆက်တွေးနေမိသေးတယ်။

Anonymous said...

မိန်းမတွေဟာ ကိုယ့်ယောကျာင်္း ကိုယh်ကိုချစ်နေအောင် ကိုယ်hကိုအမြဲမြတိနိုးနေအောင် လုပ်နေဘို့ လိုတယ်လို့ထင်တယ်၊ ဒါမှာ ဘယ်သူမှ ဝင်လို့ရမှာ မဟုတ်ဘူး၊. မိုးမိုး (Moe Moe)

PhyoPhyo said...

ဖတ်ပြီး စိတ်မောသွားတယ်၊
နောက်ကောင်မလေးနဲ့ရော အဆင်ပြေပြေပဲလား၊
ဝဋ် ဆိုတာကြီးကရော၊ ၀တ္ထုတိုလေးက ဒီမှာပဲ ပြီးသွားတော့လဲ
စာရေးတာတော်တော်ကောင်းတော့ အစအဆုံး ဖတ်ပစ်လိုက်ရော :)
နှစ်သစ်မှာ မဟောင်းတဲ့အသစ်နဲ့ အမြဲပျော်ရွှင်နိုင်ပါစေ
နှစ်သစ်မှာ ပိုလို့တိုးတက်ကြီးပွားအောင်မြင်ပါစေ
ကျန်းမာ ချမ်းသာပါစေ ဆုမွန်ဖြင့်
လေးစားလျှက်

မြစ်ကျိုးအင်း said...

အကောင်းဆုံး အဆုံးသတ်မဟုတ်ပေမယ့် ဒီလို အခြေအနေမှာ ဖြေရှင်းနည်းက သိပ်မှ မရှိတော့တာ။ ဘဝဆိုတာ ရပ်နေတာမှ မဟုတ်တာ မှန်ပါတယ်။

ဗိုလ်ချုပ်ရွာသူ/သား တွေ သ နဲ့ တ မကွဲတာ စွာတာတွေလည်း သတိရသွားတယ်။

:) said...

တော်ပါသေးရဲ့။ ပြတ်ပြတ်သားသား အဆုံးသတ်သွားတာကိုပဲ မျှော်လင့်ထားတာ ။

အတွေးကမ္ဘာ..မှတ်တမ်း said...

မင်္ဂလာနှစ်သစ်ပါ...အရမ်းကောင်းပါတယ်ဗျာ..နောက်တင်မဲ့ ပို့စ်တွေလည်းဖတ်ဖို့စောင့်နေပါတယ်...

shwezinu said...

ကိုဆိုဆီ

ကျေးဇူးဗျာ ဖတ်လို့ကောင်းလိုက်တာ.. မမြဲတဲ့ ချစ်ခြင်း တွေပေါ့နော်.. အဲဒီလို သစ္စာ မရှိတဲ့ ယောက်ကျားတွေ ပျော့ညံတဲ့ ယောက်ကျားတွေ နဲ့ မြန်မြန်လွဲရတာကိုဘဲ ကျေးဇူးတင်ရအုန်းမယ်..
မိန်းခလေး အတွက်တော့ ဝမ်းနဲမိတယ်..

ခင်တဲ့
ရွှေစင်

ကျေးဇူးပြု၍ word verification ဖြုတ်ပေးရင် မန့် ရတာ ပိုအဆင်ပြေပါတယ်ဗျာ

ZT said...

ဝတ္ထုတွေ ရုပ်ရှင်တွေ အတော်များများထဲမှာ သရုပ်ဖော် ပြထားတဲ့ ဇာတ်လမ်းဟာ လက်တွေ့လောကနဲ့ ကွာလွန်းတယ်လို့ ခံစားနေရတာ ကြာပြီ။ အခုလို လက်တွေ့နဲ့ နီးစပ်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ဖတ်လိုက်ရလို့ အရမ်း သဘောကျပါတယ်။ နောက်လည်း ဆက်ရေးပါဦး။ အားပေးနေပါ့မယ်။

အင်ကြင်းသန့် said...

ကိုဆိုဆီရေ...
ဒီရက်မှာ အလုပ်တွေရှုပ်နေလို့ ဖတ်ရတာတောင် နောက်ကျသွားတယ်...

ကောင်းတယ် ကိုဆိုဆီ....ကျနော်ဖြစ်စေချင်တဲ့ အဆုံးသတ်ကလည်း အဲဒီလိုမျိုးပါပဲ...ကိုယ့်ဆီမှာ မပျော်တဲ့ ယောကျာ်းတစ်ယောက်ကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ဆွဲထားစရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်...ဒီလို အလွယ်တကူ စိတ်ပြောင်းတတ်တဲ့ သစ္စာမရှိတဲ့ ယောကျာ်းမျိုးနဲ့ စောစောစီးစီးလမ်းခွဲလိုက်တာ မိုးစန္ဒာ အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ... လောကဓံ အဆိုးတရားတွေနဲ့ ကြုံခဲ့ရပေမယ့်လည်း ဘ၀ကို အောင်အောင်မြင်မြင် ပြန်လည် တည်ဆောက်သွားနိုင်တာကိုလည်း ချီးကျူးတယ်....အင်း...ဒီတစ်ပုဒ်ပြီးသွားပြီဆိုတော့ နောက်ထပ် တစ်ပုဒ်လောက် ထပ်ရေးပါဦးလို့ ပွဲတောင်းပါတယ်...

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

ချိုကျ said...

အဲဒီလိုပဲဇတ်ကိုသိမ်းစေချင်နေတာဗျ။ ဟုတ်တယ် တော်တော်လေးကိုပဲ မောသွားပါတယ်။ အားပေးနေလျှက်...ချိုကျ

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီက မင်းသားကို ဗီလိန်လုပ်ထားတာကိုးဗျ...
ဒေါင်းလန်းကြီးအလယ်မှာ..လက်ရေတပြင်တည်းစားရတာ..ရှေးကထက်တောင်ပိုချစ်ကြသေး..

Anonymous said...

မှတ်စုထဲက ဘဝကို ခံစားသွားပါတယ်။ အိမ်ထောင်မှု အနုပညာ ဆိုတဲ့အတိုင်းပဲ နှစ်ကိုယ်တူဘဝ လှပခိုင်မြဲအောင် ခြယ်မှုန်းနိုင်ကြပါစေဗျာ..။

ကူးလွေ့

peter kyaw said...

အကြိုက်ဆုံး အင်္ဂလိပ်သီချင်းစာသားလေးနဲ့ 
ဖတ်ရခဲတဲ့ အရေးအသားကောင်းနဲ့ ရှားပါးတဲ့ ဇတ်လမ်း
လေးတစ်ပုဒ်ပါပဲ...
ဒုတိယပိုင်းကိုဆက်ရေးယင်တော့ ဝင်းဝင်းလတ်ရဲ့ 
အချစ်၏နောက်ဆက်တွဲစာမျက်နှာများ ဆိုတဲ့ နာမည်ကျော်
ဝတ္တု တစ်ပုဒ်ဖြစ်လာနိုင်တယ်...
( အဲဒီစာအုပ်ကတော့ အမျိုးသားစာပေဆုတောင်ရသွား
လားမသိဘူး...)

peter kyaw said...

ဆောရီး...
အဲဒီဝတ္တုလိုမျိုးနာမည်ကျော်ဝတ္တုဖြစ်လာနိုင်တယ်...

ချော (အစိမ်းရောင်လွင်ပြင်) said...

သက်ပြင်းလေးအသာချမိပါတယ်..
မိုးစန္ဒာလို မိန်းခလေးတွေ အများကြီးရှိနေတယ်ဆိုတာကိုလဲ
သိနားလည်မိပါတယ်..
ကိုယ်ချင်းလဲစာမိပါတယ်..
ရင်ကြားစေ့ဖို့ ကြိုးစားခဲ့ပေမဲ့
ဖြစ်မလာခဲ့တော့ရင် လွတ်လပ်ခွင့်ပေးလိုက်တာ
အကောင်းဆုံးပါ... လူတစ်ယောက်ယောက်ရဲ့ဘ၀မှာ ဒီလူမရှိရင်သေသွားလိမ့်မယ်လို့ ပြောတတ်ကြပေမဲ့
တကယ်လက်တွေ့မှ သေမသွားကြပါဘူး..
ဘ၀ဆိုတာ သူပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ရှေ့ဆက်လို့ သွားရဦးမှာပါဘဲ...

မြတ်မွန် said...

ဘယ်သူကိုမှ မကွဲစေချင်တာ အမှန်ပါ..
ရင်ထဲမှာ မကောင်းဘူး..
အားလုံး မှားခဲ့လို့ ခုလိုတွေ ဖြစ်လာရတာ..
နောက်တစ်ခါ မမှားရအောင် နေဖို့ကြိုးစားကြတာပေါ့..

ဖတ်လို့ကောင်းလိုက်တာ..

rose of sharon said...

အင်း..ဒီလိုဘဲဖြစ်သင့်ပါတယ်....

အဖြူရောင်နတ်သမီး said...

အရမ်းဖတ်လို့ကောင်းပါတယ်...
ဦးsose ရေးတဲ့ ဝတ္ထု ဒီတခါပဲဖတ်ဖူးတာ...
ဇာတ်ထဲမျောပါသွားတယ်...
ဒေါင်းလို့ရအောင်လုပ်ထားပါလား...



လေးစားလျှက်....

Anonymous said...

အိ: ဖတ်ရတာမောသွားတယ်.....ခံစားရတယ်...တကယ့်အဖြစ်အပျက်ဆိုရင် စိတ်မကောင်းစရာပဲ....ဘ၀မှာပျော်ရွှင်ပါစေ..

ဧပရယ်လ်ပူး@ပူးတေ said...

မိုးစန္ဒာရဲ့ ဆုံးဖြတ်ချက်မှန်ပါတယ် ဒါဟာ အကောင်းဆုံးရွေးချယ်မှုပါပဲ... ရဲလင်းအောင်လို ယောက်ျားမျိုးကို ရွံပါတယ်...ကိုယ့်ကြောင့် သူများနိုင်ငံမှာတောင် ထောင်ကျ ဒုက္ခခံခဲ့ရတဲ့ မိန်းမကို စော်ကားတာ တော်တော်လေးကို တရားလွန်ပါတယ်... တာရာသက်ထားလို လူမျိုးကတော့ ပြောမနေတော့နဲ့...လူ့အသိုင်းဝိုင်းကပါ ပယ်ထားသင့်တယ်... သူများလင်မယား အဆင်မပြေလို့ သူတို့အရင်ကွာရှင်းထားပြီးမှ အဲဒီယောက်ျားကို သူယူတယ်ဆိုရင်ပြောစရာမရှိပေမယ့် ခုတော့ သူ့ကြောင့် သူများလင်မယားပျက်စီးအောင်လုပ်တာ အတော်လေးကို အောက်တန်းကျတယ်လို့ပဲ ထင်မိပါတယ်...

ဖတ်ရင်းနဲ့ အားပါသွားတယ်... အပြင်မှာ(စင်္ကာပူမှာပဲ) အဲဒီလို ဇာတ်လမ်းမျိုး အတိအကျနီးပါး တွေ့ဖူးခဲ့လို့ပါ... တခုပဲကွာတယ်... အပြင်က မိုးစန္ဒာနေရာက အမျိုးသမီးကတော့ သူ့ရဲလင်းအောင်ထက် လစာပိုမကောင်းခဲ့ဘူးလေ..... ဇာတ်လမ်းကလဲ ဒီလိုပဲ ဇာတ်သိမ်းထားကြတယ်... ကိုsoseလဲ သူတို့ကိုများ အခြေခံပြီးရေးထားသလားလို့တောင် ထင်မိသေးတယ်... :D

khin oo may said...

ဖြစ်တတ်တဲ့သဘာဝပါဘဲ.
အားလုံးဘဲကံကောင်းပါစေ။

flowerpoem said...

ခုမှ အားလို့ သေချာလာဖတ်ပါတယ် ဇာတ်လမ်းက စ၊ လယ်၊ ဆုံး တကယ်ကို ဖတ်လို့ကောင်းပါတယ်. . .