Friday, September 27, 2013

ကျမအတွက် ဘုရားသခင် မရှိတဲ့ နေရာ


ကျမ နာမည် သီသီမြင့်ပါ၊ ရန်ကုန် မှော်ဘီဘက်ကပါ၊
ဟုတ်ကဲ့ ကျမက ဗမာကရင် ကရင်ဗမာ တစ်ခုခုဖြစ်မယ်ထင်တယ်၊ ဒီလိုလေ အဖေက ဗမာ၊ အမေက ကရင်ပါ၊
ခရစ်ယာန် ဟုတ်ကဲ့၊ အမေက မှတ်ပုံတင်လုပ်ပေးတာ ဒါကြောင့် ခရစ်ယာန်လေ၊ အမေတို့က ခရစ်ယာန်လေ၊ အဖေလား သူစိတ်မဝင်စားဘူးထင်တယ်၊ သူ့အလုပ်က ပင်ပန်းတယ်လေ၊
ကျမက ဘုန်းကြီးလည်း ရှိခိုးတယ်၊ ဘုရားကျောင်းလည်း တက်ပါတယ်၊ ဘုရားကျောင်း တက်ရတာပိုကြိုက်တယ်၊ ပျော်စရာကောင်းတယ်လေ၊ ဟိုအထောက်အပံ့တွေလဲရတယ်၊
သိတယ် မဟုတ်လား ကျမတို့က ဆင်းရဲတယ်လေ၊ နောက်ပြီး မောင်နှမတွေ ခုနှစ်ယောက်တောင် ရှိတယ်၊ ကျမက အကြီးဆုံးပါ၊အောက်က မောင်လေးက စစ်တပ် အဲလေ လေတပ်ထဲ ဝင်သွားပြီ၊
အော် ကျမအသက် နှစ်ဆယ့်ငါးနှစ်ရှိပါပြီ၊ ဆယ်တန်းဖြေဘူးပါတယ်၊
ဒီကို ဘာလို့ ထွက်လာသလဲလို့ မေးတာလား
သြော် အခု နိုင်ငံခြားထွက် နေကြတယ်လေ၊ ဟိုမှာ ကျမ ကောင်းတဲ့အလုပ် လုပ်ရင် တစ်လ သုံသောင်း ငါးသောင်းလောက်ပဲရတယ် နောက်ပြီး အဝေးကြီးမှာ သွားလုပ်ရတယ်၊ ကျမတို့နားမှာ ကျမလုပ်နိုင်တဲ့ အလုပ်တွေသိပ် မရှိဘူး၊ ဒီမှာ လာလုပ်ရင် နှစ်သိန်းကနေ သုံးသိန်းထိရမယ် ဆိုတယ်၊ ပိုက်ဆံပိုရတော့ ကျမတို့ ပိုအဆင်ပြေတာပေါ့၊
အစ်ကိုတို့ရော ကြီးပွားချင်လို့ ပိုက်ဆံပိုရချင်လို့ အဆင်ပြေချင်လို့ နိုင်ငံခြား ထွက်လာကြတာပဲ မဟုတ်လား၊
အစ်ကိုရေ ဘုရားသခင်က ကျမကို မေ့နေတာလား၊ ကံဆိုးတယ်လို့ ဆိုမလား ကျမထင်သလို ဖြစ်မလာဘူး၊ ကျမ သူများတွေလို ဖြစ်မလာခဲ့ဘူး၊
အဲဒီမှာ နေတုန်းကပေါ့ ရှေ့ကတိုက်အမြင့်ကြီးပေါ်တက်ပြီး ကျမခုန်ချလိုက်ချင်တာ၊ ဟုတ်တယ် ကျမလေ သိပ်စိတ်ညစ်တယ် မခံစားနိုင်တော့ဘူး၊ ကြိတ်ငိုခဲ့ရတဲ့ အကြိမ်တွေ အများကြီးပါပဲ၊ ကျမအတင်းထွက်ပြေးဖို့ ကြိုးစားတယ်၊ ကျမ ဘုရားသခင်ကို တမ်းတဆုတောင်းတာလည်း အကြိမ်ကြိမ်ပါ၊ နောက်ဆုံး ဒီကိုရောက်လာခဲ့တာပါပဲ၊ ခု အစ်ကိုတို့ကို တွေ့ရပြီ၊ အစ်ကို့ကို ပြောပြလိုက်ရတာ ကျမ ရင်ထဲက ပြည့်ကျပ်နေတာ တစ်ဝက်သက်သာသွား သလိုပဲ၊ ဘုရားသခင်က အစ်ကိုကို ကျမအတွက် လွတ်လိုက်တာလားဟင်၊
သြော် အစ်ကိုတို့က ကျမကို ကူညီကြမှာလား၊ ဘယ်လို ကူညီကြမလဲ ကျမ မသိတော့ဘူး၊ ကျမ မစဉ်းစားတတ်တော့ဘူး၊တကယ်တော့ ကျမအတွက် ဘုရားသခင်က အဝေးကြီးမှာ နေမှာပါ၊
သေချာပါတယ် ဒီနေရာဟာ ဘုရားသခင် မရှိတဲ့ နေရာ၊
ကျမအတွက် ဘုရားသခင် မရှိတဲ့ နေရာ။
------------------------------
ဒီကိုရောက်ပြီး နှစ်ရက်လောက် ရုံးခန်းတစ်ခုထဲတွင် ဖြစ်သလိုနေထိုင်ရပါသည်၊ အဲဒီလို နေနေတဲ့ ကျမတို့လိုလူတွေ ခုနှစ်ယောက်လောက် ရှိပါသည်၊ ဖီလစ်ပင်းရယ် မြန်မာရယ် အင်ဒိုနီရှားရယ် သုံးနိုင်ငံကပေါ့၊ သုံးရက်မြောက်နေ့မှာတော့ ဆေးစစ်ရသည်၊ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်စာတမ်းတွေ ကျမလက်မှတ် ရေးထိုးရပါသည်၊ ပြီးနောက် ကျမအလုပ်လုပ်ရမည့် အိမ်ရှင်လင်မယားကို ကျမ ပထမဦးဆုံးမြင်ဘူးလိုက်ပါသည်၊ အပြုံးကိုယ်စီနဲ့မို့ သဘောကောင်းတဲ့ လူကောင်းတွေဆီမှာ အလုပ်လုပ်ရတော့မှာပဲလို့ စိတ်ထဲကလဲ ထင်လိုက်မိပါသည်၊ ခုနှစ်ရက်မြောက် နေ့မှာတော့ ထိုလင်မယား နှစ်ယောက် ကျမကို အလုပ်လုပ်ရန် သူတို့အိမ်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။
ကျမ အလုပ်လုပ်ရမည့် အိမ်သည် အထပ်မြင့် အဆောက်အဦးဖြစ်ပါသည်၊ အိမ်လို့သာဆိုပါသည် တကယ်တော့ တိုက်ခန်းတစ်ခုတာဖြစ်သည်၊ အထပ်က ငါးထပ်မှာဖြစ်သည်၊ နောက်မှ သိရသည်မှာ ထိုအိမ်များကို အစိုးရ HDB တိုက်ခန်းများလို့ခေါ်ပါသည်၊ ကျမရုံးခန်းထဲက မသွားခင် ကျန်နေတဲ့သူတွေက နင်တော့ ဝုဒ်လန်းဘက်မှာ လုပ်ရတော့မယ်ဆိုလို့ ကျမ အလုပ်လုပ်ရမည့် နေရာသည် ဝုဒ်လန်းအရပ်တွင် ဖြစ်ကြောင်း ကျမမှတ်သားလိုက်ပါသည်။
အိမ်ရောက်သွားသောအခါ အိမ်ရှင်အမျိုးသမီးသည် ကျမကို တစ်အိမ်လုံးကို လိုက်ပြပါသည်၊ အထူးသဖြင့် ကျမနေရမည့်အခန်းနှင့် ကျမသုံးရမည့် ရေချိုးခန်း အိမ်သာကို သေချာပြပါသည်၊ လက်ညှိုး အကြိမ်ကြိမ်ထိုး၍ ပြောနေသဖြင့် ကျမအတွက်ဆိုတာ သိလိုက်ပါပြီ၊ ကျမနေရမည့် အခန်းသည် တကယ်တော့ ဗုံးခိုကျင်းလို့ခေါ်သော စတိုခန်းလေးပါပဲ၊ ကျမကို ပန်ကာအသေးလေး တစ်လုံးလာပေးပါသည်၊ နောက်ပြီးတော့ ပြောပါသေးသည်၊ ကျမနားမလည်ပါ နိုက်နိုက် ဆိုတာပါနေ၍ ညကျမှ ပန်ကာဖွင့်ရန် ပြောတာပဲ ဖြစ်မည်ဆိုပြီး ခေါင်းကိုသာ ငြိမ့်နေမိပါသည်။
အားလုံးလိုက်ပြပြီးသော အခါ ကျမကို အိမ်ရှေ့သို့ ခေါ်လာပါသည်၊ သူတို့မိသားစုက ဆိုဖါတွင်ထိုင်ကာ ကျမကမတ်တတ်ရပ်နေရပါသည်၊ ရုံးခန်းက ကျမကို အိမ်ရှင်တွေကို ဆာနှင့် မဒမ်လို့ပဲ ခေါ်ရမည်လို့ သေချာမှာလိုက်ပါသည်၊ ကလေးတွေကို ဘယ်လိုခေါ်ရမည်ကို ပြောနေတာဖြစ်နိုင်ပါသည်၊ သူတို့တွင် ကလေးနှစ်ယောက်ရှိပါသည် တစ်ယောက်က ခုနှစ်နှစ်လောက်ရှိပြီး တစ်ယောက်က လေးနှစ်လောက် ဖြစ်ပါလိမ့်မည်၊ အကြီးက ဂျင်မီဖြစ်ပြီး အငယ်က အန်ထော်နီဆိုတာ ကျမမှတ်ထားလိုက်ပါသည်။

ရောက်ရောက်ခြင်း ကျမစိတ်ညစ်ရသည်မှာ သူတို့ပြောနေတာကို ကျမ နားမလည်ခြင်းဖြစ်ပါသည်၊ မြန်မာပြည်က လူတွေပြောလိုက်သလို တစ်လနှစ်လလောက်နေ နင်အဆင်ပြေသွားလိမ့်မယ် ဆိုတာကို တွေးပြီး ကိုယ်နားလည်သလို လုပ်ရန်ဆုံးဖြတ်လိုက်ပါသည်၊ ရွာဘက် ရွာဘက်လို့ ပြောနေတာ ကျမနားမလည်းပါ၊ ရွာကိုပြန်ခိုင်းတာလား ဘာလား ကျမကြောင်နေမိပါသည်၊ ထိုအချိန်တွင် ကလေးအကြီးလေးက ကျမအိတ်ကို ဆွဲထုတ်လာပါသည် အဲဒီအခါမှ ဘက်ဆိုတာ အိတ်ဆိုတာ ကျမသတိလိုက်ရပါသည်၊ အိတ်ကို ဖွင့်ခိုင်းပြီး ပါသမျှကို အကုန်စစ်ပါသည်၊  can, can not ကို ဘယ်လိုသုံးရမယ်ဆိုတာ ရုံးခန်းကပြောလိုက်သဖြင့် ကျမနားလည်ပါသည်၊ ကျမ၏ သစ်လွင်နေသော အကျတွေကို မဝတ်ရန်၊ ထမိန်နှင့်စကပ်ကို လုံးဝ မဝတ်ရန်ပြောဆိုလာပါသည်၊ တီရှပ်တစ်ချို့ကို သူတို့ပေးမည်ဟုဆိုပါသည်၊ အိတ်ထဲတွင် အဖေပေးလာသော ဘုန်းကြီးပုံ တစ်ပုံပါလာသည်၊ ထိုအခါ အိမ်ရှင်အမျိုးသားက ထိုပုံကိုကိုင်ပြီး ခရစ်ယာန် ဟုတ်တယ်မဟုတ်လားလို့ မေးပါသည်၊ ခရစ်ယာန်လို့ ပြန်ဖြေပြီး သူငယ်ချင်းက ပေးတာလို့ ပြောလိုက်တော့ ထိုပုံကို အိတ်ထဲ ပြန်ထည့်လိုက်ပါသည်၊ သူတို့က စထရောင်း ခရစ်ယာန်ဖြစ်ကြောင်း၊ ခရစ်ယာန်ကိုပဲ လိုချင်လို့ ကျမကိုခေါ်ခြင်းဖြစ်ကြောင်း ပြောပါသည်၊ သူတို့တွင် ကျမဓါတ်ပုံကပ်ထားသော စာရွက်စာတမ်းများရှိပါသည်၊ ကျမ၏ ကိုယ်ရေးရာဇဝင် ဖြစ်နိုင်ပါသည်၊ ကျမအိပ်ခန်းနံရံတွင် ဘာမှ ချိတ်ခွင့် ကပ်ခွင့်မရှိကြောင်း ပြောပါသေးသည်၊ ဆက်ပြီးပြောနေကြပါသည်၊ ကျမအတွက် စည်းကမ်းချက်များ လိုက်နာရန်များ ဖြစ်ပါလိမ့်မည်၊ ကျမတော်တော်များများကို နားမလည်ပါ၊ ရုံးခန်းကပြောလိုက်သော သူစိမ်းတွေနဲ့ လုံးဝ စကားမပြောရန် အဆက်အသွယ် မလုပ်ရန်ကို၊ သူတို့ကလည်း အကြိမ်ကြိမ် ပြောနေသည်ကို တွေ့ရပါသည်၊ ကျမကတော့ ရက်စ်မန် ရက်စ်မန် လုပ်နေမိပါတော့သည်။
ကျမအတွက် ထိပ်တိုက်တွေ့ရသော အခက်အခဲကတော့ ကျမတစ်ခါမှ မမြင်ဘူး၊ မသုံးဘူးသော အဝတ်လျှော်စက်၊ ဂတ်စ်မီးဖိုနှင့် မိုင်ကရို့ဝေ့ အာဗန်တို့ပဲဖြစ်ပါသည်၊ အိမ်မီးတွေ အဖွင့်အပိတ်ကို ကျမသိနေပါပြီ၊ မိုင်ကရို့ဝေ့ အာဗန်လည်း သုံးရက်လောက်နဲ့ ကျမသုံးတတ်သွားပါပြီ၊ ဒါပေမဲ့ အဝတ်လျှော်စက်နှင့် ဂတ်စ်မီးဖိုကိုတော့ အိမ်ရှင်မက ထပ်ထပ်သင်ပေးသော်လည်း ကျမကြောက်နေ၍လား အိမ်ရှင်မ စိတ်မရှည်လို့လား မသိပါ၊ ကျမ မှန်ကန်စွာ မသုံးတတ်သေးပါ၊ နောက်တစ်ခုကတော့ မော့လို့ခေါ်တဲ့ အဝတ်ကြမ်းတိုက် တံမြက်စီးကို ကျမ မသုံးတတ်ခြင်းပဲ ဖြစ်ပါသည်၊ ဟုတ်ပါသည် ကျမတစ်သက်မှာ တစ်ခါမှ မော့မတိုက်ခဲ့ဘူးပါ၊ ကျမတို့အိမ်တွေမှာ ဘယ်နေရာမှာ မော့သွားတိုက်ရမှာလဲ ကျမတို့ဆီမှာ မလိုအပ်ဘူး မဟုတ်ပါလား၊ အိမ်ရှင် အမျိုးသမီးက ကိစ္စမရှိပါဘူး၊ နောက်အပတ်မှာ ငါ့အမေလာမယ် နင့်ကို သူကောင်းကောင်း သင်ပေးမှာပါလို့ ကျမကိုပြုံး၍ ပြောလိုက်သည်၊ ထိုအပြုံးသည် နောင်တွင် အလွန်ဆိုးဝါးသော အပြုံးတစ်ခုဖြစ်ကြောင်း ကျမ မသိရှိခဲ့ပါ၊ ဒါအပြင် ရောက်လာမည့် အိမ်ရှင်မ၏ အမေသည် ဆေတန်နတ်ဆိုးက လွတ်လိုက်သော ကျမအတွက် မကောင်းဆိုးဝါး တစ်ယောက်ဖြစ်နေမှန်း ထိုအချိန်က ကျမ မသိရှိခဲ့ပါ။
------------------------------
အိမ်ရှင်ရော၊ အိမ်ရှင်မပါ အလုပ်လုပ်ကြပါသည်၊ စနေနှင့် တနင်္ဂနွေ နေ့တွေကလွဲလို့ မချက်စားကြပါ၊ ကလေးတွေအတွက် ခေါက်ဆွဲပြုတ်၊ ဆန်ပြုတ်များကိုတော့ နေ့တိုင်း ကျမချက်ပြုတ်ရပါသည်၊ ကျမ၏ နေ့စာနှင့် ညစာတို့သည်လည်း ခေါက်ဆွဲပြုတ်၊ ဆန်ပြုတ်များ ဖြစ်ပါတော့သည်၊ ချက်ပြုတ်ရခြင်းကို အနည်းငယ်သာ ကျမ လုပ်ရပါသည်၊ ဒါပေမဲ့ ဘာပြီးရင် ဘာလုပ်ရမယ်တွေနဲ့ ကျမသည် နံနက် လေးနာရီခွဲ ငါးနာရီမှာ ထပြီး ညဆယ်နာရီကျော်မှ အိပ်ရပါသည်၊ လေးနာရီခွဲ ထရတဲ့ နေ့တွေကတော့ မော်တော်ကားကို ရုံးသွားအမှီ ဆေးပေးရသော နေ့တွေဖြစ်ပါသည်။
မဒမ်တန်သည် အိမ်ရှင်မ၏ အမေဖြစ်ပါသည်၊ အိမ်ရှင်မ၏ ညီမအိမ်တွင် အနေများပြီး ဒီအိမ်ကိုတော့ တစ်ပတ်တစ်ခါ လာနေပါသည်၊ ခုတော့ ကျမကို သင်ပေးစရာတွေ ရှိသည်ဆို၍ ဒီအိမ်တွင် သုံးပတ်လောက်နေမည် ဆိုပါသည်၊ သူမ၏အကြည့် သူမ၏ အမှုအရာကို ကျမ မကြိုက်ပါ၊ သူမ၏အကြည့် သူမ၏ အမှုအရာသည် ဘာဆိုလိုသလဲဆိုတာ ကျမသိနေလို့ ဖြစ်ပါသည်၊ သူမရောက်လာသော အချိန်တွင် ကျမသည် ကရိယာအားလုံးကို ကိုင်တွယ်တတ်နေပါသည်၊ ဒါပေမဲ့ သူမသည် ဒီလိုလုပ်ရသည် ဒီလိုကိုင်ရသည်နဲ့ သူ့လိုလိုက်လုပ်ပါဆိုပြီး နေရာတိုင်းကို ဆရာလုပ်ပါသည်၊ ကြမ်းကိုနှစ်ခါလောက် တိုက်ခိုင်းတတ်ပါသည်၊ ကျမအားတယ်လို့ ထင်တာနဲ့ အိမ်သာတွေကို ထပ်ဆေးခိုင်းခြင်း ပြူတင်းပေါက်တွေကို ထွက်သုတ်ခိုင်းခြင်း လုပ်တတ်ပါသည်၊ သူမသည် ကျမကို စကားလုံး သုံးလုံး သင်ပေးခဲ့ပါသည်၊ စတူးပစ် အီးဒီရပ်စ်နှင့် ဘိုဒိုး တို့ဖြစ်ပါသည်၊ အများအားဖြင့် စတူးပစ် ‘stupid’ ဆိုသော စကားလုံးသည်၊ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ကြားနေရသော စကားလုံးဖြစ်ပါသည်၊ ကလေးအကြီးလေးကပါ လိုက်ခေါ်သောအခါ အမေတို့ အဖွားတို့က လိုက်ရယ်ကြပါသည်၊ ဒီစကားလုံးတွေသည် ကျမကို မီးပူတိုက်သင်ပေးရာမှ အစပြုခဲ့ခြင်း ဖြစ်ပါသည်၊ တကယ်တော့ ကျမဟာ မီးပူတိုက်တတ်သူပါ မီးပူအမျိုးအစားခြင်း မတူလို့ လေ့လာနေချိန်မှာပင် ဒါလေးတောင် မသိဘူးလား၊ နင်တို့တိုင်းပြည်မှာ မရှိဘူးလား ဆိုသည်တို့နဲ့အတူ ထိုစကားလုံးများ ဝင်ရောက်လာခြင်းဖြစ်ပါသည်။

အဖွားကြီး မဒမ်တန် အိမ်မှာရှိသောနေ့များတွင် နေ့တိုင်းချက်ပြုတ်ရပါသည်၊ မိသားစုလိုက် ညစာထွက်စားသော နေ့များတွင် သူတို့ကျမအတွက် ထုပ်လာပေးပါသည်၊ ကျမသီးသန့် ချက်ပြုတ်စားခွင့် မရှိပါ၊ တစ်ခါတစ်လေ သူတို့ထုပ်လာသော အကျန်များ စုထားသော အစားအစာ များသည် သိုးလို့နေပါသည်၊ ရသလောက်ကို စားပြီး ဆိုးဝါးနေသည်များကို ကျမလွင့်ပစ်ရပါသည်၊ ထိုနေ့ညများ အတွက်တော့ ဆာလောင်မှုနဲ့အတူ ကျမအိပ်စက်ရပါသည်၊ မနက် ကလေးတွေ ခေါက်ဆွဲတွေကို အကုန်မစားကြပါစေနဲ့လို့ ဆုတောင်းရင်း ကလေးတွေအကျန်ကို ပန်းကန်ဆေးရင်း ဘယ်သူမှ မသိအောင် စားရပါသည်၊ အဖွားကြီးသည် ခေါက်ဆွဲခြောက် အထုပ်များကို အမြဲရည်တွက်နေလေ့ရှိသည်၊  ကျမယူစားသလား သိအောင်လို့ ဖြစ်ပါလိမ့်မည်၊ တစ်နေ့ အရမ်းသိုးနေ၍ ညကမစားပဲ ကျမလွင့်ပစ်ထားသော စားစရာတွေကို အဖွားကြီးမြင်သွားပြီး သူ့သမီးကိုလည်း ခေါ်ပြကာ နှစ်ယောက်လုံးက ကျမကို ဆူပူကြိမ်းမောင်းကြပါတော့သည်၊ ကျမသည် ထိုအိမ်က ထွက်ပြေးလို့ သွားချင်မိပါသည်၊ မြန်မာပြည်ရှိ အဖေ အမေနှင့် မောင်နှမတွေ မျက်နှာ ပြန်မြင်ယောင်ရင်း ဘုရားသခင်ထံ စိတ်ထဲက ဆုတောင်းနေမိပါသည်၊ ဒေါသထွက်နေသော သူတို့၏ ဒေါသများ ပြေပါစေလို့၊ ကျမအား ဆူပူကြိမ်းမောင်းခံရခြင်းမှ လွတ်မြောက်အောင် ဘုရားသခင်ချီးမြင့်တော်မူပါလို့။
မှန်တင်ခုံကို ဖုန်သုတ်နေရင်း ကျမကိုကျမ မှန်ထဲမှာ ပြန်ကြည့်လိုက်မိသောအခါ လေးလကျော်ကျော်မှာ ကျမ အဲဒီလောက်ပိန်ဆင်းသွားပြီး မျက်နှာကျသွားလိမ့်မည်ဟု ကျမ မထင်ခဲ့မိပါ၊ မြန်မာပြည်က မိသားစုကို ပြန်မြင်ယောင်ပြီး စိတ်တွေကိုတင်းထား လိုက်မိပါသည်၊ ကျမသည် ခြောက်လတိတိ ဘာလစာမှ ရရှိလိမ့်မည် မဟုတ်ပါ၊ ကျမလုပ်စာတွေကို မြန်မာအေးဂျင့်ခအဖြစ် အိမ်ရှင်က အေးဂျင့်ကို ပေးနေမည်ဖြစ်သည်၊ ခြောက်လကျော်မှ ကျမလုပ်စာကို ရရှိမည်ဖြစ်ပါသည်၊ ဘာပဲဖြစ်ဖြစ် ကျမ၏ ပထမဦးဆုံးရသော လစာကို အိမ်ပို့ချင်ပါသည် ဒီထွက်လာဖို့အတွက် ငွေနှစ်သိန်းကို အတိုးနဲ့ ချေးခဲ့ရပါသည်၊ ယူခဲ့သော အကြွေးကို အမြန်ပြန်ဆပ် ချင်ပါသည်၊ ထိုနေ့မှာပင် ကျမကြောင့် ပန်းကန်ပြား သေးသေးလေးတစ်ခု ကွဲသွားခဲ့ပါသည်၊ စတူးပစ်နဲ့ အစချီသော အမေနဲ့သမီး၏ ဆူပူကြိမ်းမောင်းမှုများ ကျမဆီကို ဆက်တိုက်ဝင်ရောက်လာပါသည်၊ ဒါမျိုးကိုင်ဘူးရဲ့လား၊ နင်တို့တိုင်းပြည်မှာ ရှိသလားနဲ့ နောက်ဆုံး ကျမက လစာထဲက ပိုက်ဆံဖြတ်ဖို့ ပြောလိုက်မှ ရပ်သွားကြပါတော့သည်။
တစ်ခါတစ်လေ အဖွားးကြီးသည် ကျမကို သမီးငယ်အိမ်ကိုခေါ်သွားပါသည်၊  ထိုအိမ်မှာလည်း အိမ်သန့်ရှင်းရေးတွေ ကျမလုပ်ရပါသည်၊ ဒီအိမ်ပြန်ရောက်လာလဲ ဒီအိမ်အလုပ်တွေပြီးအောင် လုပ်ရသမို့ အဲဒီလိုနေမျိုးတွေမှာတော့ သန်းခေါင်ကျာ်မှ ပင်ပန်းကြီးစွာ ကျမအိပ်ရပါတော့သည်၊ တစ်နေ့ မှာတော့ ကျမဗိုက်တွေနာပြီး ဖျားပါသည်၊ အဖွားကြီးက ကျမအလုပ်မလုပ်ချင်လို့ ဟန်ဆောင်နေတယ်ဆိုပြီး တပြစ်ပြစ်ဆူနေသည်၊ အိမ်ရှင်မ လာစမ်းပြီး ကိုယ်ပူနေ၍ ဆေးတစ်လုံး တိုက်သွားပါသည်၊ ကလေးတွေနား မကပ်ရန်မှာသွားပါသည်၊ ထိုနေ့က ကလေးတွေ အလုပ်ကို အဖွားကြီး လုပ်ရပါသည်၊ အဖွားကြီးမျက်နှာက ကျမကို ရန်သူကြီးသဖွယ် ဖြစ်နေပါတော့သည်၊ ညကျတော့ အိမ်ရှင် အမျိုးသားက ဆေးခန်းလိုက်ပြပါသည် ဆရာဝန်က ပန်း၍အားနည်းနေ၍ ဖြစ်ကြောင်းပြောပြီး ဆေးအနည်းငယ် ပေးလိုက်ပါသည်၊ ထိုညက အိမ်ရှင်မက ဆေးတိုက်ပြီး စောစောအိပ်၍ စောစောပြန်ထရန် ပြောပါသည်၊ နေကောင်းအောင်နေ နင်သေသွားရင် ငါတို့အမှုပတ်နေဦးမယ်ဆိုပြီး ပြောလိုက်သေးသည်၊ ထိုညသည် ကျမအတွက် ဒီနေရာမှာ ကိုးနာရီလောက် အရှည်ဆုံး အိပ်ရသော ညတစ်ည ဖြစ်ခဲ့ပါသည်။
တစ်ချို့တနင်္ဂနွေ နေ့တွေမှာ ကျမကို ဘုရားကျောင်းကိုခေါ်သွားလေ့ရှိပါသည်၊ ထိုဘုရားကျောင်းသည် တခြား ဘုရားကျောင်းတွေနဲ့ မတူပါ၊ ကျမတို့ကို ခွဲထားပါသည်၊ ထိုနေရာမှာ ကျမတို့လို့ ဖီလိုပီနိုတွေနဲ့ စသိခဲ့ရပါသည်၊ သူစိမ်းတွေနဲ့ လုံးဝ စကားမပြောရန် သတ်မှတ်ထားပေမဲ့ ဘုရားကျောင်းမှာတော့ ကျမ စကားပြောခွင့်ရပါသည်၊ သူတို့ဆီကနေပြီး နေ့အားအလုပ်ခများ ကျမတို့လုပ်နိုင်သည် မလုပ်နိုင်သည်များ ကို အနည်းအကျဉ်း သိခဲ့ရပါသည်၊ လူတစ်ချို့နဲ့ လွတ်လပ်စွာ စကားပြောခွင့်၊ ဘုရားသခင်ထံ ခိုလှုံခွင့်ရသော ထိုနေ့ခဏတာလေးသည် ကျမအတွက်သည် နောက်နေ့တွေအတွက် ခွန်အားဖြစ်ခဲ့ပါသည်၊ တစ်ခါတစ်လေ အဖွားကြီးသည် ကျမတို့ဆီ ရောက်လာပြီး ကျမဘယ်သူနဲ့ စကားပြောသည် ဘာပြောသည်ကို လာကြည့်စပ်စုလေ့ရှိပါသည်၊ ထိုနေ့တွေမှာတော့ ကျမ ဘုရားကျောင်းကို လိုက်လာချင်စိတ်ပင် မရှိတော့ပါ။
ကျမ အလုပ်လုပ်လို့ ခြောက်လပြည့်မှာတော့ ရုံးခန်းကအေးဂျင့် ကျမကိုလာတွေ့ပါသည် ဒီလမဟုတ်ပဲ၊ နောက်လ လစာတွေကို အိမ်ရှင်က ကျမထံကို တိုက်ရိုက်ပေးမည် ဖြစ်ကြောင်း အကြောင်းလာကြားခြင်း ဖြစ်သည်၊ အဆင်ပြေသလားလို့ မေးသော အခါ၊ ကျမ သိခဲ့ရသော နေ့အားခများအကြောင်းပြောရာ အေးဂျင့်ရော အိမ်ရှင်ပါ မျက်နှာပျက်သွားပါသည်၊ သူတို့ အချင်းချင်း စကားပြောပြီး ထိုနေ့က နေ့အားခ တစ်လ နှစ်ဆယ်အဖြစ် ငါးလစာ ကျမ ၁၀၀ ရရှိခဲ့ပါသည်၊ ပိုက်ဆံ ၁၀၀ ထွက်သွားသည့် အတွက် အိမ်ရှင်များ၏ မျက်နှာ များသည် မဲလို့နေပါသည်၊ အဖွားကြီး၏ မျက်နှာက အဆိုးဆုံးပဲ ဖြစ်ပါသည်၊ ထိုနေ့က အိမ်ရှင်မသည် ကျမကို ဆက်တိုက်ပင်ခိုင်းရာ ကျမ ညတစ်နာရီမှ အိပ်ခဲ့ရပါသည်၊ ထိုနေ့မှစ၍ ကျမသည် ဘုရားကျောင်းသို့ လိုက်ပါရခြင်း မရှိတော့ပါ။
နေ့အားခများ ပေးလိုက်ရ၍ လားမသိ သူတို့ပုံစံများ ပြောင်းလဲလာသည်၊ အိမ်တွင် ထမင်းမချက်သော နေ့များတွင် ကျမအတွက် ဘာမှပါမလာပဲ ပေါင်မုန့်နှစ်ချပ် ယူစားရန်ပြောပါတော့သည်၊ ဒီလိုနဲ့ ကျမအတွက် မနက်စာသည် ကလေးများအကျန်၊ ညစာသည် ပေါင်မုန့်နှစ်ချပ်တို့ ဖြစ်ခဲ့ပါသည်၊ မြန်မာပြည်က မိသားစုအတွက် စိတ်ကိုတင်းထားရင်း အဖေပြောတဲ့ ဝဋ်ဆိုတာ ဒါကိုခေါ်သလား ကျမတွေးနေမိပါသည်၊ တစ်နေ့တွင် ခေါက်ဆွဲခြောက် တစ်ထုပ်ပျောက်တယ်ဆိုပြီး အဖွားကြီးသည် ကျမယူစားပါတယ်ဆိုပြီး စွတ်စွဲကာ ဆူပူကြိမ်းမောင်းပါသည်၊ မြန်မာသူခိုးတွေ ငတ်နေတဲ့နေရာကလာတာ ဆိုပြီး ဆဲဆိုမှုတွေပါလာ ပါသည်၊ ကျမက မဟုတ်ကြောင်း ငြင်းဆိုသော်လည်း သမီးကပါ ဝင်ရောက်ဆူပါတော့သည်၊ ကျမမျက်ရည်တွေ အလိုလိုကျလာပါသည်၊ စိတ်ဓါတ် အဆုံးစွန်ဆုံးထိ ကျမိပါသည်၊ မကြာမှီ ကလေးအခန်းထဲတွင် ခေါက်ဆွဲခြောက်ထုပ်ကို ယ၍ူ ကစားထားသည်ကို တွေ့ပါသည်၊ ဒါကို အဖွားကြီးက ကျမပဲခိုးပြီး ကလေးအခန်းထဲ ထည့်ထားသလိုလို ပြောပါသည်၊ နောက်ဆုံး ကလေးငယ်လေး ကိုယ်တိုင်က သူယူဆော့တာပါလို့ ပြောမှ ငြိမ်သွားကြသည်၊ ကျမကို တောင်းပန်ခြင်း မလုပ်ကြပါ၊ သြော် တော်တော်ယဉ်ကျေးတဲ့ သူတွေပါလား။

ကျမရဲ့ အလုပ်ပင်ပန်းမှုတွေက ဒီရက်ပိုင်းအတွင်းမှာ ကျမယိုင်လဲကျသွားမတတ်ပါပဲ၊ ဘုရားသခင်သည် သူ၏ သမီးတစ်ယောက်ကို မေ့ထားပါသလား၊ အိုအဖ ဘုရားသခင်သည် သမီးကျမကို စောင့်ရှေက်တော်မူပါ၊ ကျမ ဘုရားသခင်ထံသို့ အကြိမ်ကြိမ် ဆုတောင်းနေမိပါသည်၊ တစ်နေ့ မီးပူတိုက်အပြီးမှာပေါ့ ကျမ အဝတ်တွေကို သူနေရာနဲ့သူ ပြန်ထည့်နေပါသည်၊ ထိုအချိန်တွင် အဖွားကြီးရောက်လာပြီး မင်းငါ့အင်္ကျီ ကိုဖျက်ဆီးလိုက်တယ် ဆိုပြီး၊ အင်္ကျီ တစ်ထည်ကိုယူလာပြီး စတူးပစ်နဲ့ အစချီခါ ကျမကိုဆဲဆိုပါတော့သည်၊ ကျမသိပါသည် ထိုအကျီာင်္သည် အရင်ထဲက ထိပ်ပိုင်းတွင် တွန့်လိမ်နေခြင်းဖြစ်ပါသည်၊ အင်္ကျီသည် အသစ်လည်း မဟုတ်ပါ၊ ဒါမျိုး နင်တို့ဝတ်ဖူးလို့လား၊ နင်တို့နိုင်ငံမှာ မြင်ဖူးလို့လား ပြောဆိုပါသည်၊ ဒါတင်မကသေးပါ ကျမနားထင်ကို လက်ညှိုးနဲ့တို့က စတူးပစ် စတူးပစ်လို့ အကြိမ်ကြိမ် အခါခါပြောပါတော့သည်၊ တမင်သက်သက် လာယိုးစွတ်နေခြင်း ဖြစ်ပါသည်၊ ဒီတစ်ခါတော့ ကျမသည်းခံမှုတွေ ပျက်သုန်းသွားပါပြီး၊ ‘Don’t touch me’ ငါ့ကို မထိနဲ့ ငါ့ကို မထိနဲ့လို့ အဖွားကြီးကို ကျမ အော်ပစ်လိုက်ပါသည်၊ နောက်ပြီး မြန်မာလို အရူးမကြီး အရူးမကြီး လို့အော်ပစ်လိုက်သည်၊ အဖွားကြီးက နင်ငါ့ကို ဘာပြောတာလဲ ဆိုပြီး ကျမကို တစ်ခုခုလုပ်မလို ရှေ့တိုးလာပါသည်၊  ‘Stupid’ ‘you don’t know Burmese,  Stupid’ လို့ ကျမအော်ပြောပစ်လိုက်သည်၊ ထိုအချိန် အိမ်ရှင်လင်မယားရောက်လာပြီး အဖွားကြီးကို ခေါ်ထုတ်သွားသည်၊ ကျမက အိမ်ရှင်မကို နင်သိတယ်နော် သူလုပ်တာကို လို့လှမ်းပြောလိုက်သည်၊ အိမ်ရှင်မက ကျမကို ပါးစပ်ပိတ်နေစမ်း ဘာကြောင့်ပြန်အော်ရတာလဲ နင်ပြန်အော်ရဲတယ်ပေါ့လို့ ဆိုသည်၊ အဖွားကြီးက ငါ့ကို သူက စတူးပစ်လို့ ပြောတယ်လို့ တတွတ်တွတ်ပြောရင်း သူ့သမက်ခေါ်ရာ ပါသွားပါသည်၊ သူ့ကို စတူးပစ်လို့ ပြောတော့ နာတတ်လိုက်တာ၊ ခဏနေ အိမ်ရှင်အမျိုးသားလာပြီး ကိုယ်အလုပ်ကိုယ်ဆက်လုပ်ရန် လာပြောပါသည်၊ ကျမကတော့ တဆတ်ဆတ်တုန်နေသော ဒေါသတွေနဲ့အတူ ကျမအလုပ်တွေ ဆက်လုပ်နေပါသည်၊ ဒီအချိန်မှာ ကျမလူသတ်ရဲကောင်း ရဲပါလိမ့်မည်၊ ဒါပေမဲ့ ဘုရားသခင်က ကျမကို ထိန်းချုပ်လိုက်တာ ဖြစ်မှာပါ။
နောက်နေ့ မနက်အစောကြီးမှာပေါ့၊ ဗွမ်းဆိုတဲ့အသံနှင့်အတူ ရေများမျက်နှာကို လာထိသဖြင့် ကျမလန့်နိုးသွားခဲ့သည် ရေပက်၍ အနိုးခံလိုက်ရခြင်း ဖြစ်ပါသည်၊ ထရမဲ့အချိန် မသိဘူးလားဆိုတဲ့ အိမ်ရှင်မရဲ့ အသံကိုကြားရသည်၊ အချိန်ကို ကြည့်လိုက်တော့ နံနက် ၄း၄၀ ရှိပါပြီ၊ လေးနာရီခွဲထပြီး ကားဆေးနေကြ ဖြစ်ပါသည်၊ ၁၀မိနစ်နောက်ကျ၍ ရေပက်၍ အနိုးခံလိုက်ရသည်၊ ခုဆင်းသွားဆိုပြီး ရေပုန်းတွေနဲ့ ဆေးစရာတွေပေးကာ ကျမကို အောက်ဆင်းပြီး ကားဆေးခိုင်းပါသည်၊ ကျမ မျက်နှာ မသစ်ခဲ့ရပါ ရေစွဲစွဲစိုနေသော ညအိပ်အဝတ်များ မလဲခဲ့ရပါ၊ ကားရပ်သည့်နေရာ ရောက်သောအခါ၊ ကျမကားရှေ့တွင် ထိုင်ကာ ကျမငိုချမိပါတော့သည်၊ ဘယ်လောက်အထိ ကြာလဲမသိပါ၊ အိမ်ရှင်မနှင့် အဖွားကြီး ဆင်းလာပြီး၊ ကျမကို ငိုနေရမလား ကားမဆေးဘူးလား ဆိုကာ ဆူပူကြိမ်းမောင်းကာ အိမ်ပေါ်ကို ပြန်ခေါ်ပါသည်၊ ကျမက အိမ်ပေါ်ကို မလိုက်ဘူးပြောဆိုကာ ဆက်ငိုနေမိပါသည်၊ အိမ်ရှင်မနှင့် အဖွားကြီး ကျမကိုအတင်းချုပ်ကာ အိမ်ပေါ်ကိုခေါ်တင်ဖို့ လုပ်ပါသည်၊ ဝိုင်းကြည့်နေသော လူတစ်ချို့ ထိုကဲ့သို့ မလုပ်ရန် ဝင်တားကြပါသည်၊ ကျမကိုယ်လည်း ဘယ်သူလဲ၊ ဘာလဲ ကျမအေးဂျင့် ဘယ်သူလဲ ပြောဆိုမေးမြန်းပါသည်၊ အိမ်ရှင်အမျိုးသားလည်း ရောက်လာပြီး သူ့မိန်းမကို အတင်းမလုပ်ရန် ပြောဆိုပါသည်၊ ကျမက အိမ်ရှင်အမျိုးသားကို ငါ့ဒီမှာ ဆက်ပြီးမနေချင်တော့ဘူးလို့ ပြောလိုက်မိပါတော့သည်၊ ထိုအချိန်တွင် အေးဂျင့်ရုံးခန်းက လူတစ်ယောက် ရောက်လာပြီး ကျမကိုရုံးခန်းသို့ ပြန်ခေါ်ခဲ့ပါသည်၊ ကျမ ပစ္စည်းတွေကိုလည်း တစ်ပါတည်း ယူပေးခဲ့ပါသည်၊ ရှေ့ဆက်ဘာတွေဖြစ်မည်ကို ကျမ မတွေးမိပါ၊ စိတ်ထဲမှာတော့ ဘုရားသခင် မရှိတဲ့နေရာက ငါထွက်လာခဲ့တာလို့ မှတ်ယူနေမိပါသည်။
……………………………………………….
မိတ်ဆွေ တစ်ယောက်  ကူညီလုပ်ကိုင်နေသော လူမှုရေး အဖွဲ့အစည်း တစ်ခုက မြန်မာ စကားပြန် လုပ်ပေးပါဆိုလို့ ကျနော် သူတို့၏ ရုံးခန်းလေးကို ရောက်ရှိခဲ့သည်၊ ထိုရောက်သောအခါ မြန်မာ အိမ်အကူ အလုပ်သမားတစ်ယောက်ကို သူတို့ကူညီနိုင်ရန် သေချာအောင် စကားပြန် လုပ်ပေးဖို့ ဖြစ်ကြောင်း သိခဲ့ရသည်၊ အဲဒီမှာ ဖြူဖြူပိန်ပိန် လူမမာရုပ်ပေါက်နေသော မြန်မာမလေး တစ်ယောက်ကို တွေ့ရှိ သိရှိခဲ့ရသည်၊ သူမ၏ နာမည်သည် သီသီမြင့် ဖြစ်ပါသည်။
သူမ၏ အကြောင်းတွေကို စကားပြန်ပေးဖို့ နားထောင်းရင်း ကျနော်သည် မျက်ရည်ဝဲခဲ့ရသည်၊ ပင်ပန်းဆင်းရဲစွာဖြင့် ခုနှစ်လလောက် ရေခြားမြေခြားတွင် လုပ်ကိုင်ခဲ့သော ထမင်း မဝတဝစား ကျွန်ခံခဲ့ရသော သူမ၏ လုပ်ခများသည် ဘယ်သူတွေအတွက် ဖြစ်သွားကြသနည်း၊ သူမသည် ခေါင်းပုံဖြတ်ခံရသူ တစ်ယောက်ဖြစ်သည်၊ သူမသည် မသိမသာ လူကုန်ကူးခံရသူ တစ်ယောက်ဖြစ်သည်၊ ပင်ပန်းကြီးစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ရရှိခဲ့သော ဝင်ငွေတွေကို အေးဂျင့်လို့ပဲခေါ်ခေါ် အလုပ်ရှာပေးတဲ့ သူလို့ပဲခေါ်ခေါ် ဒီလိုလူတွေမို့ ယူရက်ပေသည်၊ သံသရာကို ဝဋ်ကြွေးသယ်ဆောင် သွားကြသူများ ဖြစ်ပေသည်၊ ငေးကြောင်ကြောင် ဖြစ်နေသော သူမနဲ့ ကျနော် စကားတွေပြောဖြစ်ခဲ့သည်၊ စကားတွေပြောနေရင်းနဲ့ သူမအားတက်လာကြောင်း တွေ့ရပါသည်၊ သူမသည်လို အားတက်လာတာကိုပဲ ကျနော်ကျေနပ်မိသည်၊ လောလောဆယ် စိတ်အားထပ်မငယ်စေရန် ကျနော်သည် ထိုအဖွဲ့အစည်းမှတဆင့် ငွေ၂၀၀ ပေးဖြစ်ခဲ့သည်၊ ကျနော်လုပ်ပေးနိုင်တာကို လုပ်ပေးခြင်းဖြစ်ပါသည်။
တကယ်တော့ FDW Foreign Domestic Workers ခေါ်ခေါ် Maid လို့ပဲခေါ်ခေါ်၊ အိမ်အကူ အလုပ်သမားများသည်၊ အပင်ပန်းဆုံး၊ အလုပ်ချိန် အများဆုံး၊ လခအနည်းဆုံးရသော အလုပ်သမားများဖြစ်ပါသည်၊ ထိုထက်ဆိုးသည်မှာ စင်္ကာပူ အလုပ်သမားဥပဒေကို ခံစားပိုင်ခွင့် မရှိသော အလုပ်သမားများဖြစ်ပါသည်၊ တနည်းအားဖြင့် အခွင့်အရေးအနည်းဆုံး အလုပ်သမားများဖြစ်ပါသည်၊ နောက်နေ့မှာတော့ အဖွဲ့အစည်းက အေးဂျင့်၊ အိမ်ရှင်တွေနဲ့ သီသီမြင့် ကိစ္စဆွေးနွေးကြသည်၊ အဖွဲ့အစည်း၏ ဥပဒေအကြံပေးလည်းပါသည်၊ ဥပဒေအကြံပေးသည် သီသီမြင့်အတွက် အေးဂျင့်နှင့်အိမ်ရှင်တွေကို အချက်အလက် တစ်ချို့ကို ထောက်ပြခဲ့သည်၊
Should ensure that she has sufficient rest, especially during the night. Rest days should also be catered for, as agreed between yourself and the worker.
All foreign domestic workers who have their Work Permits issued on or after 1 January 2013 will be entitled to a weekly rest day. The compensation should be at least one day’s salary or a replacement rest day taken within the same calendar month.
FDW Foreign Domestic Workers can only be employed for the performance of domestic chores for their employers, at the residential addresses stated on the Work Permits.
The FDW may experience homesickness and loneliness. As her employer, you can ease those feelings by letting her communicate with her family and friends in her home country.

ဥပဒေအကြံပေး၏ ကျွမ်းကျင်မှုကြောင့်လားမသိပါ၊ အိမ်ရှင်သည် နေ့အားခအကျန်များ၁၆ ရက်စာ လစာတို့အပြင် နစ်နာကြေး ၄၀၀ ပါပေးခဲ့သည်၊ သီသီမြင့် တစ်ယောက် ဒေါ်လာ ၁၀၀၀ လောက်ရရှိခဲ့သည်၊ ထိုအပြင် အေးဂျင့်က သီသီမြင့် လုပ်ချင်ရင် အလုပ်ရှာပေးမည်ပြောသည်၊ တစ်လလောက်လုပ်ပြီး မကြိုက်ပါက ပြောင်းခွင့်ပေးမည်ဟု ဆိုသည်။
ထိုအကြောင်းအရာ ရလဒ်များကို သီသီမြင့်ကို ကျနော်ရှင်းပြခဲ့သည်၊ သူမသည် ကျနော်ကို အပြုံးလျှော့လျှော့လေးပဲ ပြန်ပြုံးပြပါသည်၊ သူမ၏ စိတ်ခံစားမှုသည် အဆုံးစွန်ဆုံး ရောက်လို့နေပါသည်၊ ကျနော်က ညီမပြန်မှာလား၊ ဆက်အလုပ်လုပ်ချင်လား မေးမိပါသည်၊ သူမသည် ကျနော်ကို ကြည့်နေပြီး ဘာမှ ပြန်မဖြေပါ၊ သူမတွင် ကျနော်ပေးထားသောပိုက်ဆံတွေနဲ့အတူ ဒေါ်လာ ၁၃၀၀ လောက်ရှိသည်၊ သူမမြန်မာပြည် ပြန်သွားပါက ထိုပိုက်ဆံတွေပဲ ပါသွားမည်ဖြစ်သည်၊ သူမသည် ဖြည်းဖြည်းခြင်း စကားတွေ ကျနော်ကို ပြန်ပြောပါသည်၊
ကျမလေ အေးဂျင့်ပြောသလိုပေါ့၊ လူထောင်နဲ့ချီမှာ ကံဆိုးသူ တစ်ယောက်ပါ၊ ကျမလေ ကံဆိုးစွာဖြင့် ဘုရားသခင် မရှိတဲ့ နေရာကို ရောက်သွားခဲ့တယ်၊
တကယ်လေ ကျမ အမေဆီကို ပြန်ချင်တယ်၊ ကျမတို့က ဆင်းရဲပါတယ်၊ ဒါပေမဲ့ အမေရှိတဲ့ဆီမှာ ဘုရားသခင် ရှိတယ်၊ ဘုရားသခင်က ကျမတို့ကို အချိန်ပြည့် စောင့်ရှောက်ထားတယ်လို့ ကျမယုံကြည်တယ်၊
ကျနော်အလိုက်အထိုက်ပင် ပြောလိုက်မိသည်မှာ၊ “ခုမြန်မာပြည်လည်း ပြောင်းလည်းနေပြီ ညီမပြန်သွားရင် တစ်ခြားအလုပ်တွေပါတွေ ရနိုင်ပါတယ်”၊
သူမသည် ကျနော်ကို မဲ့ပြုံးလေးနဲ့ ပြန်ပြောပါသည်၊ ‘ဘာပြောင်းလည်တာလဲ အစ်ကို၊ ဈေးနူံးတွေ ပိုကြီးလာတာလား၊ ဒုစရိုက်မှုတွေ ပိုပေါလာတာလား၊ ယုံကြည်မှုတွေ ရှားပါးလာတာလား၊ လူလိမ်တွေ ပိုပေါလာတာလား၊ ကျမတို့လို့ လူတန်းစားတွေအတွက် ပိုခက်ခဲရုန်းကန်ရတာကို ပြောင်းလည်လာတယ်လို့ အကိုဆိုတာလား၊ အစ်ကိုက စာတွေဖတ်ပြီး ပြောင်းနေတယ်ထင်တယ’်၊
ဒါပေမဲ့ အစ်ကိုရယ် အဲဒီလိုတွေ ပြောင်းလည်းနေပေမဲ့ အမေရှိတဲ့ဆီမှာ ဘုရားသခင် ရှိနေပါသေးတယ်၊
ဒါပေမဲ့ အစ်ကိုရယ် ဘုရားသခင် ရှိနေပေမဲ့၊ ကျမမိသားစုအတွက် ဒီမှာ ကျမနေနိုင်သလောက် ဆက်နေ ဆက်လုပ်သွားမလားလို့ စိတ်ကူးမိတယ်၊ အဲဒီလို စဉ်းစားမိတိုင်း ကျမလေ စတူးပစ် စတူးပစ်လို့ အသံတွေ ပြန်ကြားယောင်လာမိတယ်၊ ကျမ ထပ်မခံစားနိုင်တော့ဘူးလို့ ကျမထင်တယ်၊
ညီမ ခု အေးအေးဆေးဆေး နေလိုက်ပါဦး၊ ဒီကိစ္စကို အချိန်ယူပြီှး ဆုံးဖြတ်ပေါ့၊ မနက်ဖြန်ကြရင် ဒီကလူတွေ ညီမတို့ကို စင်္ကာပူတစ်ပတ် အလည် လိုက်ပို့လိမ့်မယ်၊ အစ်ကို သုံးရက်လောက်နေ ပြန်လာခဲ့ပါမယ်၊
ကျနော်သူမကို ပြောဆို နုတ်ဆက်ပြီး ထွက်လာခဲ့သည်၊
သူမ ဘာကို ဆုံးဖြတ်မလဲ ကျနော် မသိသေးပါ၊  
ကျနော့်အတွေးတွေကတော့ ပျံနှံနေပါပြီ၊
သီသီမြင့်လို ဘုရားသခင် မရှိတဲ့ နေရာရောက်နေသော  မြန်မာ မိန်းကလေးငယ်လေးတွေ ထိုင်းနိုင်ငံမှာလည်း ရှိပါလိမ့်မည်၊ မလေးရှားနိုင်ငံမှာလည်း ရှိပါလိမ့်မည်၊ တရုတ်နိုင်ငံမှာလည်း ရှိပါလိမ့်မည်၊ နောက်ဆုံး မြန်မာနိုင်ငံမှာတောင် ရှိကောင်း ရှိပါလိမ့်မည်။
သူတို့လေးတွေ ဘုရားသခင် ရှိတဲ့ နေရာကို ရောက်နိုင်ကြပါစေလို့ ဆုတောင်းမိလိုက်ပါတော့သည်။

ကျေးဇူးတင်စွာဖြင့်
sosegado


13 comments:

Tun Oo said...

ဆုတောင်းပေးရုံကလွဲလို့.......

Anonymous said...

ဘုရားသခင် မရှိတဲ့ နေရာတွေ မြန်မာပြည်မှာလည်း ပေါတယ် ထင်ပါတယ် ကိုဆိုစီ ရေ

စာလေးပြန်ဖတ်ရတဲ့ အတွက်ကျေးဇူး

ခင်မင်တဲ့
ရွှေစင်ဦး

AMK said...

ဖတ်၇တာ စိတ်မကောင်းဘူးဗျာ ဒါမျိုးတွေ အများကြီးနေမှာ နောက်ဆုံးတော့  ခေါင်းပုံဖြတ် ပွဲစားတွေပဲ ကြီးပွားသွားတာပဲနေမှာ ..အဖက်ဖက် က ချို့ တဲ့ ပြီး ခေါင်းဆောင်မပီသတဲ့ လူတွေ အုပ်ချုပ်တဲ့ တိုင်းပြည် ဆိုပြီး နှိမ်ခံ ၇ ကိုယ့် အချင်းချင်း ကလဲ ဂုတ်သွေးစုတ် အကာအကွယ်မဲ့ နေတဲ့ ဘ၀တွေ ဘယ်လို့ ရုန်းထွက်ကျမလဲဗျာ...ကြိုက်လွန်းလို့ ပြန် ရှယ်မယ်နော်

မြသွေးနီ said...

စိတ်ထဲ မကောင်းလိုက်တာ...
ကိုယ့်မြန်မာပြည်က လူတွေ အဲ့ဒီလို မြင်ရ ကြားရရင် စိတ်မသက်မသာ ခံစားရတယ်...
ဘုရားသခင်မရှိတဲ့ နေရာတွေ ဒီမှာ အများကြီးရယ်..

သိ င်္ဂါ ရ said...

နေရာတွေ ကွဲပြား ၊ ဒေသတွေ ခြားနား ... ဒါပေမယ့် ...

စစ်ဖိနပ် အောက်မှာ ဖြစ်သွားရတဲ့ နင်းပြားဘ၀တွေ ...

ထူးမခြားနား ... :(

San Htun said...

ဟတ်ကို ထိသွားတာပဲ...ကြားဖူးနေပေမဲ့ ဒီလိုဖတ်ရတော့ စိတ်မကောင်းလိုက်တာ.

လသာည said...

ဒီလိုစာတွေ ဖတ်ရ သိရတာ ရင်ထဲထိခိုက်ရတယ်။ ဒီလိုအဖြစ်မှန်တွေကို ဒီလိုရေးသူရှိမှပဲ သိရတာ။ ဘုရားသခင်ဝေးတဲ့ဘ၀တွေအကြောင်း ထုတ်ဖော် တင်ပြပေးတဲ့ ကိုဆိုဆီကို ကျေးဇူးတင်ပါတယ်။

နော်နော် said...

ဘလော့ဂါတွေ စာပြန်ရေးလာကြလို့ အဲဒီစာလေးတွေဖတ်ပြီး ကျေနပ် ကျေးဇူးတင်ရပါတယ်။ရှယ်ပါရစေနော်။

ဟန်ကြည် said...

အေးဗျာ...တကယ်တော့ ဘုရားသခင် မရှိတဲ့ နေရာတွေမှ ဒုနဲ့ဒေးပဲဗျာ...ဒီအနီးအနားပတ်ဝန်းကျင်ကို မျက်စိဝေ့ကြည့်လိုက်ရင်ကို မြင်နေရ တွေ့နေရတာတွေချည်းပဲ...တကယ်တော့လည်း ဖွဲ့ထားတဲ့ ဘာရေးရာ ညာရေးရာတွေက လူလုံးပြရုံ ဓာတ်ပုံရိုက်ပြီး ကြွားရုံလောက်ပဲ လုပ်နေသေးတာ မြင်နေရပြန်တော့ အားမရဘူးဗျို့...

တစ်ခုခုတော့ စွမ်းစွမ်းတမန် ထလုပ်ပစ်လိုက်ချင်စိတ်ကတော့ အချိန်နှင့် အမျှပဲဖြစ်နေလေရဲ့...စိတ်သွားတိုင်းသာ ကိုယပါလိုက်ချင်ပါဘိတော့တယ်...

Anonymous said...

Spot on with this write-up, I actually think this site needs a great deal more attention.
I'll probably be back again to see more,
thanks for the information!

Check out my web blog ... travel (ridyai.allalla.com)

ပန်းအိ said...

ဆိုးဝါးလိုက်တာ၊ ဒီအဖြစ်အပျက်တွေက ဒီမှာ(မြန်မာ) မှာလဲ ရှိပါတယ်၊ စာနာစိတ်မရှိတဲ့ လူ့အသိုင်းအ၀ိုင်း ရှိနေသရွေ့ ဒါမျိုး ရင်နာစရာတွေကို မြင်တွေ့ သိမြင် နေရအုန်းမှာပါ ....

Win Zaw Naing said...

ဘုရားသခင်မရှိတာကြာပေါ့

Win Zaw Naing said...

ဘုရားသခင်မရှိတာကြာပေါ့