ဒီတစ်ခါတော့ ဗြိတိန်ကို ထပ်ရောက်ခဲ့ရပါပြီ၊ အရင်တစ်ခါတွေက သုံးရက်ပဲ အများဆုံးနေခဲ့ရသဖြင့် လန်ဒန်မြို့နဲ့ပင် အချိန်တွေကုန်စေခဲ့သည်၊ ခုတော့ စကော့တလန်ထိသွားဖို့ စိတ်ကူးထားသဖြင့် ဆယ်ရက်လောက်နေရန် ဆုံးဖြတ်လိုက်သည်၊ အဓိက ကတော့ နယ်ဒေသတွေကို သွားရောက်လေ့လာလို၍ဖြစ်သည်။
ဒုတိယနေ့မှာပဲ အင်္ဂလိပ်ရေလက်ကြားကို ကြည့်ရှုနိုင်ရန် ဒိုဗား Dover ဆိုတဲ့ မြို့ကလေးကို ခရီးထွက်ခဲ့ပါသည်၊ အနီးကပ်စီစဉ်လိုက်ရခြင်းကြောင့် ဒိုဗားတွင် ည မအိပ်ဖြစ်ပဲ စိန့်မာဂရက်တွင် သွားအိပ်ဖြစ်ခဲ့သည်၊ အကြောင်းရင်းကတော့ နာမည်ကျော် အဖြူရောင်ကမ်းပါး White Cliff ကို လေ့လာကြည့်ရှုရန် ဖြစ်ပါသည်။
ကျနော်ကို ဒိုဗားတွင်ရှိသော သူငယ်ချင်းအဖေက လိုက်ပို့ပေးသည်၊ သူ့နာမည်က ကင်းဘဲလ်ဖြစ်သည်၊ တည်းစရာနေရာလည်း သူကစီစဉ်ထားခြင်းဖြစ်သည်၊ သူသည် RAF မှ အငြိမ်းစားယူထားသော သူတစ်ယောက်ဖြစ်သည်၊ အသက်၇၀ နီးပါး ရှိပြီဖြစ်သော်လည်း သန်မာနေဆဲပါ၊ စစ်သားတစ်ယောက်၏ သွင်ပြင် ကျန်နေဆဲပါပဲ၊ အိန္ဒိယ နှင့် တောင်အာဖရိကတွင် တာဝန် ထမ်းဆောင်ခဲ့ဘူးသူဖြစ်သည်၊ သူရှင်းပြချင်တာကို နားထောင်မှကြိုက်သည်၊ ဒိုဗား နေရာသည် ပြင်သစ်ကမ်းခြေနဲ့ အနီးဆုံးနေရာဖြစ်သည်၊ ရေအောက်ရထားလမ်းနှင့် ကားလမ်းများသည် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကာ ပြင်သစ်နှင့် ဆက်သွယ်ထားသည်။
စစ်ပြန် အင်္ဂလိပ်တစ်ယောက်ဖြစ်သည့်အတိုင်း ဘုရင့်တပ်မတော်အကြောင်း လေကြီးမိုးကြီးပြောသည်၊ ဗဟုသုတအဖြစ်နားထောင်လိုက်သည်၊ နေမဝင်အင်ပါယာ တပ်မတော်ကြီး၏ အကြောင်းမဟုတ်ပါလား၊ ရောက်ရောက်ချင်းမှာပင် ဒိုဗားမြို့ကလေးကို အရင်မသွားပဲ၊ နာမည်ကျော် The RAF memorial ကိုခေါ်သွားသည်၊ တကယ်တော့ ထိုနေရာသည် Folkestone တွင်ရှိသည်။
The RAF memorial Dover ခေါ် Battle of Britain Memorial သည် စစ်အတွင်းကျဆုံးသူများ အထိမ်းအမှတ်ဖြစ်ပြီး ကျနော်တို့ကတော့ စစ်သင်္ချိုင်းလို့ အလွယ်တစ်ကူ ခေါ်လေ့ရှိသည်၊ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်ကို ကာကွယ်ရင်းကျဆုံးသွားသူများ အတွက်ဖြစ်သည်၊ အများအားဖြင့် လေသူရဲ ပိုက်လော့များဖြစ်သည်၊ လေယာဉ်ပန်ကာပုံ မြက်ခင်းပြင်နှင့် ပိုက်လော့ရုပ်ထုတို့ရှိသည်၊ ဗြိတိသျှ နာမည်ကြီး ဟာရီကိန်းနှင့် စပစ်ဖိုင်းယား လေယာဉ်ပျံ တစ်စီးစီပြသထားသည်။
ကင်းဘဲလ်က ခုမြန်မာပြည်နှင့် ယူကေ အဆင်ပြေနေပြီ၊ စစ်အတွင်းက ငါတို့ထားခဲ့တဲ့ စပစ်ဖိုင်းယား လေယာဉ်တွေပြန်ရမယ်ပြောတယ်၊ အဲဒီ့လေယာဉ်တွေက အသစ်တွေ တစ်ချို့ဖြုတ်ပြီးထားခဲ့ရတယ်၊ ကြားရတာကတော့ အစီးနှစ်ဆယ်လောက်ရှိမယ်လို့ဆိုတယ်၊ ဘာသာရေးအဆောက်အအုံပုံစံဆိုတော့ မပျက်မစီးရှိလိမ့်မယ်ထင်တယ်၊ တစ်ဝက်ပဲမှန်ဦးတော့ ငါတို့ RAFနှင့် အင်္ဂလန်အတွက် အဖိုးမဖြတ်နိုင်ပါဘူး၊
မြန်မာပြည် ဆောင်းရာသီရောက်ရင် ငါတို့စစ်မှုထမ်းဟောင်းအဖွဲ့က မြန်မာပြည် အုပ်စုလိုက်သွားဖို့ ပြင်ဆင်နေကြတယ်၊ အဆင်ပြေမယ်လို့ ငါထင်တယ်၊
ကျနော်က ခုတော့ မသွားနဲ့ အရမ်းပူနေတယ်ပြောတယ် လို့ပြောလိုက်တော့၊
မင်းသိတယ်မဟုတ်လား ငါ အိန္ဒိယမှာ နေခဲ့တယ်လေ၊ ပြန်ဖြေသဖြင့် ကျနော်လည်း ကောင်းပါပြီ လုပ်လိုက်ရသည်။
ထိုမှတဆင့် Blériot memorial ကိုခေါ်သွားပြန်သည်၊ ပြီးနောက် Blériot memorial ကိုရှင်းပြသည်၊ အင်္ဂလိပ် တစ်ယောက်ပေမဲ့ ပြင်သစ်တစ်ယောက် အကြောင်းပြောရတာပေါ့၊ ငါက လေသူရဲတွေကို လေးစားလို့ဆိုသည်၊ Blériot memorial ဆိုသည်မှာ အင်္ဂလိပ်ရေလက်ကြားကို ပထမဦးဆုံး အောင်မြင်အောင် ပျံသန်းဖြတ်ကူးနိုင်သော လူတစ်ယောက်၏ သူ့ယာဉ်ဆင်းသက်ခဲ့ရာ နေရာဖြစ်သည်၊
ဂလိုက်ဒါများဖြင့် ပြင်သစ်မှ အင်္ဂလန်သို့ အင်္ဂလိပ်ရေလက်ကြားကို ကျော်ဖြတ်နိုင်ရန် အင်္ဂလိပ်တွေအဖန်ဖန်ကြိုးစားရာ မအောင်မြင်ခဲ့ပေ၊ ဂျုလိုင် ၂၅ ရက် ၁၉၀၉ ခုနှစ်တွင် ပြင်သစ် မော်တော်ကားစက်မှုဆရာ Louis Bleriot က သူ့လေယာဉ်ပျံဖြင့် ပျံသန်းဖြတ်ကျော်အောင်နိုင်ခဲ့သည်၊ ဒီနေရာတွင် ဆင်းသက်ခဲ့သည်ဟုဆိုသည်။
နောက် ဒိုဗားရဲတိုက်သို့ သွားပြန်သည်၊ စပိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အင်္ဂလန်မှာ ရဲတိုက်ပေါင်းများစွာကို ကြည့်ခဲ့ရပြီဖြစ်၍ ကျနော်အတွက် မထူးဆန်းတော့ပါ၊ ရိုမန်တွေ နော်မန်တွေ အင်္ဂလန်ကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားပုံ၊ ကြီးကျယ်မြင့်မြတ်သော ဝီလျှံဘုရင်အကြောင်း၊ ရိုမန်ကက်သလစ်တွေကို နှိမ်နင်းပုံ ရိုမန်ကက်သလစ်နှင့် ခရစ်ယာန်တွေကြား အရှုပ်အရှင်း၊ နပိုလီယန် အကြောင်းလဲပါသည်၊ ဝီလျှံဘုရင်ကို စိတ်ဝင်စားမှုတော့ အရှိသား မိဖုရားများသော ဘုရင်တစ်ပါးမဟုတ်ပါလား၊ တစ်ချို့ ရိုမန်ကက်သလစ်ကျောင်းတွေမှာ ရုပ်ထုတွေ ပုံတွေပျက်စီးနေတာ ဝီလျှံလက်ချက်ဟုပြောသည်၊ ဒီလိုနဲ့ ကျနော်တို့ ဒိုဗားပြတိုက်သို့ ထွက်လာခဲ့သည်။
ဒိုဗားပြတိုက်သည် စစ်အတွင်းက ပျက်စီးခဲ့သည်၊ အသစ်ပြန်ဆောက်ထားသော ပြတိုက်ဖြစ်သည်၊ စစ်မဖြစ်မှီက စုဆောင်းထားသည်များ ၆၀%ကျော်ပျက်စီးကုန်သည်၊ နပိုလီယန်စစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ဒိုဗားခံတပ်အကြောင်းပြထားသည်၊ ဂျာမန်တွေကို ခုခံနိုင်သော “Jane” နှင့် "Clem" အမြောက်နှစ်လက်အကြောင်းလည်းပါသည်၊ ပြတိုက်ကို အတိုချုပ်၍ အဖြူရောင်ကမ်းပါး White Cliff ဘက်ထွက်လာသောအခါ ညနေ ၇ နာရီရှိနေပါပြီ၊ မိုးကတော့ မချုပ်သေး၊ စိန့်မာဂရက်သွားရာလမ်းတစ်နေရာ အဖြူရောင်ကမ်းပါးကို ဓါတ်ပုံဆင်းရိုက်ကြသည်၊ မိုးကအုံ့ လေကတိုက်သဖြင့် အေးခဲလို့နေပါပြီ၊ ကားပေါ်ပြန်ရောက်မှ ခုနမင်း ဓါတ်ပုံဆင်းရိုက်တဲ့နေရာက ကမ်းပါးတစ်ခုရဲ့ထိပ်ပေါ့၊ ဟိုဖက်နားမှာ ပြီးခဲ့တဲ့ မတ်လက ပင်လယ်ထဲ ပြိုကျသွားသေးတယ်လို့ ကင်းဘဲလ်ကပြောသည်၊ ထိုအခါမှာ ကမ်းပါးပြိုကျနိုင်တယ်ဆိုတာ စိတ်ထဲရောက်လာသည်၊ ခုနကတော့ ဓါတ်ပုံကိုသဲကြီးမဲကြီး ရိုက်လို့နေသည်။
အဖြူရောင်ကမ်းပါး White Cliff သည် မြေဖြူကျောက်, ထုံးကျောက် Chalk၊ အမှုန်သေးမြေဖြူမှုန့် အဆောင်ခဲများဖြစ်သည်၊ ကယ်ဆီယမ်ကာဘွန်နိတ်နှင့် ကော်ကိုလစ်တို့ ပေါင်းစပ်ထားသော မြေလွှာဖြစ်သည်၊ တစ်ချို့နေရာများတွင် သက်ရင့်ထုံးကျောက်များ ဖြစ်လို့နေပြီဖြစ်သည်၊ ဘူမိဗေဒသမားတစ်ယောက် မဟုတ်သဖြင့် ရှင်းပြတာပဲ နားထောင်လိုက်သည်၊ အဖြူရောင်ကမ်းပါးသည် တစ်နှစ်ကို တစ်စင်တီမီတာလောက် ပြိုကျလျှက်ရှိသည်၊ ‘ဒီလိုနဲ့ ငါတို့ ပြင်သစ်နဲ့ တဖြေးဖြေးဝေးလာပြီ’လို့ တစ်ယောက်ကပြောသည်။
ညစာကို စိန့်မာဂရက်က အင်္ဂလိပ်ဆိုင်လေးတွင် စားဖြစ်ကြသည်၊ ညစာစားရင်း wonder of England White Cliffအကြောင်း ကင်းဘဲလ်ကရှင်းပြသည်၊ ပြီးနောက် ကျနော်တည်းခိုမည့် Holm Oaks Guest House ကိုလိုက်ပို့သည်၊ Guest Houseမှာ အင်္ဂလိပ်စတိုင် ရှေးဟောင်းပုံကလေးဖြစ်သည်၊ အဖိုးကြီးစီစဉ်ထားသဖြင့် အဖိုးကြီးအကြိုက်တွင် တည်းရသည်၊ မဆိုးပါ၊ တည်းခိုခဲ့သော လန်ဒန် ထက်စာရင် ဈေးအများကြီးသက်သာသည်၊ မနက်စာလည်း ပိုကောင်းသည်။
ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကြီးခဲ့သော တေးသီချင်းတစ်ပုဒ်ရှိသည်၊ "White Cliffs of Dover" ဖြစ်သည်၊ အဖြူရောင်ကမ်းပါးသည် သဘာဝကပေးသော ဗြိတိန်ကိုကာကွယ်ပေးထားသော အရာတစ်ခုဖြစ်သည်၊ ရေကြောင်းက ချီတက်တိုက်ခိုက်ဖို့မလွယ်အောင် ကမ်းပါးသည် မီတာ ၁၀၀ လောက်ပျမ်းမျှ မြင့်သည်၊ တောင်မြောက် သွယ်တန်းလျှက် ပြင်သစ်ကမ်းခြေကို မျက်နှာမူထားသည်၊ နေသာသောနေ့များတွင် ပြင်သစ်ဘက်ကို လှမ်းမြင်ရသည်ပြောသည်၊ မနက်ဖြန်နေသာစေရန် ဆုတောင်းမိသည်။
ကျနော်အတွက် ကံမကောင်းပါ၊ မနက်မှာ မိုးတွေရွာနေသည်၊ ကင်းဘဲလ်က ဆယ်နာရီမှ လာခေါ်သည်၊ မိုးတော့စဲသွားပြီဖြစ်သည်၊ ဒီလိုနဲ့ အဖြူရောင်ကမ်းပါးကို စိန့်မာဂရက်ဘက်က ကြည့်မိသည်၊ မိုးအုံ့နေသည့်ကြားက အဖြူရောင်ကမ်းပါးနှင့် အင်္ဂလိပ်ရေလက်ကြားကို ရင်ခုန်စွာခံစားမိသည်၊ ဓါတ်ပုံရိုက်ခြင်းကို ရပ်ကာ သာယာလှပသော သဘာဝ ပန်းချီကားကြီးကို အကြာကြီးကြည့်နေမိသည်၊ ဝပြီလား ငါတို့ ဒိုဗားဘက်ပြန်သွားကြမယ်လို့ ကင်းဘဲလ်က သတိပေးမှ ဓါတ်ပုံဆက်ရိုက်ကာ၊ ဒိုဗားဘက် အဖြူရောင်ကမ်းပါးသို့ ထွက်လာခဲ့သည်။
ဒိုဗားဘက် အဖြူရောင်ကမ်းပါးသို့ ရောက်သောအခါ မိုးရွာလာသည်၊ မိုးရွာလေတိုက်ထဲမှာပင် အဖြူရောင်ကမ်းပါးကို ခက်ခဲစွာကြည့်ခဲ့ရသည်၊ လေကပြင်းပါဘိ၊ မနေ့က ချောက်ကမ်းပါးပြိုသည်ပြော၍ အစွန်နား သိပ်မသွားရဲပါ၊ ဒိုဗားဆိပ်ကမ်းဘက်ပြန်လာပြီး နေ့လည်စာ စားဖြစ်ကြသည်၊ ရာသီဥတုမကောင်း၍ boatဖြင့် ဓါတ်ပုံထွက်ရိုက်ဖို့ အစီအစဉ်ဖျက်လိုက်သည်၊ အဖိုးကြီး ကင်းဘဲလ်က နောက်တစ်ခေါက်ပေါ့ကွာဆိုသည်၊ တကယ်တော့ နောက်တစ်ခေါက်ဆိုတာ မိုင်ပေါင်းထောင်ချီကွာသော နေရာကသူအတွက် မလွယ်ပါပေ။
ဘယ်လိုပဲဖြစ်ဖြစ် အဖြူရောင်ကမ်းပါးသည် မိုးရွာထဲမှာ ကျနော့်ကို ရင်ခုန်စေခဲ့ပါသည်။
The RAF memorial Dover
စပစ်ဖိုင်ယား
cliff collapsed
ဓါတ်ပုံ၂ပုံကို whitecliffscountryယူသည်၊ ကျန်ပုံများကို ကိုယ်တိုင်ရိုက်ခဲ့ပါသည်။
18 comments:
ဗဟုသုတတွေ ဖတ်မှတ်သွားပါတယ်..း)) ကျွန်တော်လည်း တခေါက်လောက်တော့ လည်ချင်ပါသေတယ်..
ပျော်စရာကြီး... ကိုယ်လည်း သွားလည်ချင်တယ် ကြိုးစားလိုက်အုံးမယ်... :-)
လမ်းကြုံရင် ကျနော်တို့ဖက်လည်း လာခဲ့လေဗျာ၊ the gun of navarone ထဲကလို အမြှောက်ကြီးတွေတော့ ရှိတယ် ....
သွားပါများခရီးရောက်...း)
ကိုဆိုဆီလည်း ခရီးတော်တော်စုံတယ်
ပျော်စရာကြီ
အဲဒီ white cliff ကို ပုံထဲမှာဘဲမြင်ဖူးနေတာ ကြာပြီ။ တော်တော်လှတယ်နော်
ခုလို ကိုယ်တိုင်သွားကြည့်ချင်လိုက်တာ
မရောက်ဖူးသေးဘူး။
စပစ်ဖိုင်းယားတွေ ပြန်မပေးပါနဲ့
ကမ်းပါးလေးက ရင်ခုန်စေလောက်အောင် လှတယ်..
ဗဟုသုတရလို့ ကျေးဇူးအများကြီး၊
လည်ချင်လိုက်တာ။
အဲဒီလိုခရီးမျိုးတွေ ထွက်ချင်တယ် ဆိုစီရေ။ ဗဟုသုတတွေလည်း အများကြီး ဖတ်မှတ်သွားတယ်။ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မန်းလေးနန်းတွင်းမှာ spit fire တစ်စီးရှိတယ်မှတ်တာပဲ ကျောင်းသားဘ၀ကတော့ နန်းတွင်းထဲ စာသွားကြည့်ဖြစ်ရင် လေယာဉ်ပျံပေါ် တက်တက်ကြည့်ဖြစ်တာ သတိရတယ်...သူရို့လူမျိုးက အမှတ်တရတို့ သမိုင်းကြောင်းတို့ကို တန်ဖိုးထားတာတော့ အတုယူစရာပါပဲ...အင်မတန်လှတဲ့ ကမ်းပါးဖြူကိုတော့ တစ်ခါလောက် သွားကြည့်ချင်ပါသေးသဗျာ...အကုန်မပြိုသေးဖို့ ဆုတောင်းထားရဦးမှာပါပဲ...
အဖြူရောင်ကမ်းပါးက မြင်ရတာတောင် ရင်ခုန်ချင်စရာ..။ ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့သူဆိုတော့ ဘယ်လောက်တောင် မြင်ရတာ အရသာရှိလိုက်မလဲနော်..။ ချောင်းသာကို ပထမဦးဆုံးအကြိမ် သွားတုန်းက သဲဖြူကျွန်းကို ချောင်းသာဘက်က လှမ်းမြင်လိုက်တော့ ဖြူဖွေးနေတဲ့ သဲတွေနဲ့ကျွန်း ပင်လယ်ထဲမှာ ပေါ်နေတာ အံ့သြမိတယ်။ တကယ်တမ်း သဲဖြူကျွန်းပေါ်ရောက်သွားတော့မှ သဲမဟုတ်ပဲ ကျောက်စရစ်အဖြူရောင်တွေ၊ မှုန့်ညက်နေတဲ့ ကျောက်စရစ်အဖြူအစလေးတွေနဲ့ ကျွန်းဖြစ်နေတာ သိရတော့ အံ့သြ၀မ်းသာမိခဲ့ရတယ်။ အခုကမ်းပါးဖြူကလည်း ပုံထဲမှာ ရေခဲတောင်လို့များတောင် အထင်မှားချင်စရာ.. ဖြူဆွတ်နေလိုက်တာနော်..။
ရောက်ဖူးချင်လိုက်တာ
အကိုရေ..
ကမ်းပါးအကုန်မပြိုခင်တော့
တခေါက်တော့ရောက်ဖူးချင်မိတယ်
မင်္ဂလာပါ တည်ငြိမ်အေး
အဖြူရောင်ကမ်းပါးကချစ်သူနှစ်ဦးအကြောင်းကို
လည်းရေးပေးပါအုံးဗျာ-
သနားစရာမင်းသမီးလေးတစ်ယောက်အကြောင်းကို
ပေါ့-
ရောက်ဖူးချင်လိုက်တာ အကို... ဘယ်လောက်များ လှလိုက်မလဲလို့....
အလိုလေးလှလိုက်တဲ့နေရာတွေပါလား
အဖြူရောင် ကမ်းပါးကို ခုမှပဲ လာကြည့်ဖြစ်တယ်..
သွားချင်လိုက်တာ...
ကိုယ်တိုင် ရောက်ဖူးချင်တယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ရစုကုနိဂျင်ဂျာ (Yasukuni Shrine) ကိုရောက် ခဲ့တယ်။ စစ်အထိမ်းအမှတ်တွေထဲ က သံဝေဂရစရာ တွေပေါ့။
အဖြူရောင်ရင်ခုန်သံ မြန်သွားပါတယ် မနှီးစပ်နိုင်သေးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Post a Comment