Thursday, January 19, 2012

မိုက်ကယ်ဘအေး နှင့် သူ၏ ပါရာနော်မယ် အထူးအဆန်းများ ၃

မိုက်ကယ်ဘအေး နှင့် အတိတ်ကိုပြန်လှန်ခြင်း

မိုက်ကယ်ဘအေး တစ်ယောက် ကျောင်းတက်ရင်း ပါမောက္ခပေးထားသော ပရောဂျက်များကိုလုပ်ရင်းနဲ့ပင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်က ဖြစ်ပွားခဲ့သည့် ဂျွန်ဘရောင်း တော်လှန်ရေးအကြောင်း အသေးစိပ်လေ့လာမှုများ ပြုလုပ်နေသည်၊ အဓိက ကတော့ ဗိုလ်မှူးဗစ်တာ နှင့် လက်ဖတန်နင် ဘရိုက် တို့အကြောင်းမှတ်တမ်း တစ်ခုခုများ ရှိလေမလားကို ရှာဖွေရန်ဖြစ်သည်၊ သူသည် လက်ဖတန်နင် ဘရိုက် နှင့် တိုက်ရိုက် သက်ဆိုင်ခဲ့သူဟု ယုံကြည်ထားသော ကြောင့်လည်းဖြစ်ပါသည်၊ ဝါရှင်တန်၊ ဗာဂျီးနီးယား နှင့် နယူးယောက် ပြတိုက်များ၊ စာကြည့်တိုက်ပေါင်းစုံများကို ကူးချည်းသန်းချည်းနဲ့ နောက်ဆုံး စစ်သမိုင်းပြတိုက်ထိပင် ရောက်ရှိခဲ့သည်။

ဗိုလ်ချုပ် ဖရန့်လန်းဘတ်နှင့် တခြား ဗိုလ်ချုပ်များအကြောင်း မှတ်တမ်းများရှိသော်လည်း၊ ဗိုလ်မှူးဗစ်တာ နှင့် လက်ဖတန်နင် ဘရိုက် တို့၏ မှတ်တမ်းများကို မရှာဖွေနိုင်ခဲ့ပါ၊ ဝေလာတောင်ကုန်းတိုက်ပွဲကို တိုက်ပွဲငယ် တစ်ခုအဖြစ်သာ ဖေါ်ပြထားပြီး အသေးစိပ် မှတ်တမ်းတင်ထားခြင်း မရှိပါ၊ ဒီအတွက် ထိုအချိန်က ဝေလာတောင်ကုန်းတွင် တိုက်ပွဲငယ်တစ်ခုဖြစ်ခဲ့သည်မှာ သေချာပြီဖြစ်သည်၊ ဆက်လက်၍ ဆုတံဆိပ်နှင့် သူရဲကောင်းမှတ်တမ်းဝင် စာရင်းများကို လေ့လာသောအခါ၊ စာရင်းတစ်ခုတွင် လက်ဖတန်နင် ဘရိုက် နာမည်ကို တွေ့ရှိလိုက်ရသည်၊ အသေးစိတ် ဖေါ်ပြထားခြင်း မရှိချေ၊ ဒါပေမဲ့ ဗိုလ်မှူးဗစ်တာ၏ မှတ်တမ်းများကို ဘယ်နေရာမှ ရှာမတွေ့ခဲ့ပါ၊ လျှို့ဝှက်လုပ်ကိုင်နေသူတွေအတွက် လျှို့ဝှက်မှတ်တမ်းများတွင်သာ ရှိလိမ့်မည်ဟု ထင်မြင်ယူဆလိုက်သည်၊ မည်သို့ပင်ဖြစ်စေ သူ အာရုံထဲတွင် မြင်တွေ့ရသည့် ဝေလာတောင်ကုန်းတိုက်ပွဲ ဖေါ်ပြချက် နှင့် သူရဲကောင်းမှတ်တမ်းဝင် စာရင်းထဲမှ လက်ဖတန်နင် ဘရိုက် နာမည်တို့သည် ခိုင်လုံသော အချက်များ ဖြစ်နေပါပြီ၊ တိုက်ဆိုင်မှုတွေပါလို့ အငြင်းပွားကောင်း ပွားနိုင်သော်လည်း မိုက်ကယ်ဘအေးသည် သူသည် အတိတ်ဘဝ တစ်ခုက လက်ဖတန်နင် ဘရိုက် ဆိုတာကို ယုံကြည်လိုက်သည်။

ထိုအကြောင်းတွေကို သူအဖေအား ဖွင့်ပြောဖြစ်ခဲ့သည်၊ ဖြစ်နိုင်ပါတယ် လို့ဆိုသည်၊ ဒါပေမဲ့ လူအများတွေကို ပြောဖို့က ဒီထက်မက သက်သေပြချက်တွေ လိုပါလိမ့်မယ်ဟု သူအဖေက ပြောခဲ့သည်၊ သူ့အဖေသည် ဗုဒ္ဓဘာသာ တစ်ယောက်မို့ ဖြစ်နိုင်ပါတယ်ဟု လက်ခံခဲ့သော်လည်း၊ သူ့ သူငယ်ချင်းနှင့် အပေါင်းအသင်းတွေကတော့ သူကို စာအုပ်တွေ အဖတ်များလို့ စိတ်ကူးယဉ်နေသူ တစ်ဦးလို့ ကောက်ချက်ချကြသည်ကများသည်၊ အခင်ဆုံး ငယ်သူချင်း ပေါလ်က “အာရုံတွေ၊ အိမ်မက်တွေထဲမှ ပေါ်တယ်၊ လက်ဖတန်နင် ဘရိုက် ဆိုတာ မှတ်တမ်းထဲမှာ ရှိတယ်၊ ဝေလာတောင်ကုန်းတွင် တိုက်ပွဲငယ်တစ်ခုဖြစ်ခဲ့တယ်၊ အဲဒါနဲ့ မင်းဟာ အရင်ဘဝက အေဒင်ဘရိုက် ဖြစ်သွားရောလား” ဟု မေးခွန်းတွေ ပြန်မေးခဲ့သည်၊ အရင်ဘဝတွေဆိုတာကို လက်မခံသော၊ အလိုတော်ကျ အတိုင်းဖြစ်သော၊ ဖန်ဆင်း ပေးသနားတော်မှုခြင်း တွေနဲ့ ပြည့်နေသော အသိုင်းအဝိုင်းကြားတွင် သူသည် သူ့အဖေမှတဆင့် ဗုဒ္ဓဘာသာကို ပိုလေ့လာဖြစ်ခဲ့သည်၊ ဖရီးသင့်ကာ တစ်ယောက်ဖြစ်နေရခြင်းအတွက် ကိုးကွယ်ယုံကြည်မှုတွေရဲ့ ဘောင်ကိုကျော်ကာ ပိုလေ့လာမှုများကို ပြုလုပ်နိုင်ခဲ့သည်။ သူသိချင်လိုသော အရာတွင်သာ စိတ်ဝင်စားခဲ့သဖြင့်၊ အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတာလောက်မှာပင် ရပ်ထားခဲ့ပြီး၊ ဖြစ်ပြီးရင်ပျက်တယ် ဆိုတာတွေကိုတော့ ဆက်လေ့လာခြင်း မပြုလုပ်ခဲ့ပါချေ။

သူကို ယုံကြည်ချက်တစ်ခုကြောင့် အစွန်းရောက်နေပြီဟု လူအများက ပြောကြသော်လည်း မိုက်ကယ်ဘအေး တစ်ယောက်ကတော့ သူယုံကြည်မှုသည် မှန်ကန်ရမည်ဟု စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်၊ ထို ပြောသူများကိုလည်း သူအပြစ် မဆိုမိချေ၊ အဘယ်ကြောင့် ဆိုသော် သူလို တွေကြုံခံစားမှုမျိုး လူတိုင်းမှာ မဖြစ်နိုင်သောကြောင့်ဖြစ်သည်၊ ခုတလော သူသည် သူ့အဖိုး ဦးဘအေးကို အိမ်မက် မက်နေသည်၊ အိမ်မက်ထဲတွင် သူတို့ စကားပြောဖြစ်ကြသည်၊ မိုက်ကယ်ဘအေးသည် အပြင်တွင် သူ့အဖိုးကို တစ်ခါမှ မမြင်ဖူးပါ၊ မနေ့က အိမ်မက်မှာတော့ သူ့အဖိုး သူကို တစ်ခုခု ပေးချင်ကြောင်းမက်သည်၊ အရင် ဘဝတွေအကြောင်း စိတ်ဝင်စား လေ့လာရင်း အစွဲပြု မက်ခြင်း ဖြစ်မည်ဟု ကောက်ချက်ချ လိုက်မိသည်။

တစ်နေ့ ဂျော့ဝါရှင်တန် ပြတိုက်တွင် ရှိနေခိုက် အဖေဆီက ဖုန်းလာသည်၊ အရေးကြီး၍ အိမ်ကို ပြန်လာရန် ပြောသည်၊ ဗာဂျီးနီးယား အိမ်သို့ ပြန်ရောက်သောအခါ အဖေက၊ “မင်းအဖိုး အသည်းအသန် ဖြစ်နေတယ်၊ မင်းကို အရမ်းတွေ့ချင်တယ်လို့ တောင်းဆိုနေတယ်၊ အမျိုးတွေက လာစေချင်ကြတယ် အဲဒါကြောင့် ငါတို့ မြန်မာပြည် သွားရမယ်၊ မင်းလိုက်မယ်လို့ အဖေ တစ်ထစ်ချတွက်ပြီး ဗီဇာလျှောက်ထားလိုက်ပြီးပြီ၊ မနက်ဖြန်ရမယ်၊ မနက်ဖြန်ညပဲ ငါတို့သွားကြမယ်၊ မင်းလိုက်မယ် မဟုတ်လား”၊ ချည်ပြီးတုတ်ပြီး မေးသော အဖေ၏ အမေးကို သူဘယ်လို ပြန်ဖြေရမလဲ၊ သူကိုယ်တိုင်ကလည်း တစ်ခါမှ မတွေ့ဖူးသော အဖိုးကို တွေ့ချင်သည်၊ သူ့အဖေ၏ မွေးဖွားရာ နိုင်ငံသို့ ရောက်ဖူးချင်သည်၊ မြန်မာလို့ဆိုသော သူ့ဆွေမျိုးများ ဘယ်လိုလဲဆိုတာ သူသိချင်သည်၊ နောက်ပြီး မြန်မာနှင့် ဗုဒ္ဓဘာသာ ဘယ်လိုဆိုတာ သူရသလောက် လေ့လာချင်သည်၊ နောက်ဆုံး အဖြေက လိုက်ခဲ့မယ်အဖေပဲဖြစ်ပါသည်။

မိုက်ကယ်ဘအေးတို့ သားအဖနှစ်ယောက် Dulles လေဆိပ်မှ United Airlines ဖြင့် မြန်မာပြည်သို့ ထွက်လာခဲ့သည်၊ လမ်းတွင် ဘန်ကောက်မှာ လေယာဉ်ပြောင်းရမည်ဟု သူ့အဖေကပြောသည်။

မိုက်ကယ်ဘအေးနှင့် ဦးဘအေး

နာရီပေါင်းများစွာ လေယာဉ်စီးခဲ့ရပြီး၊ လမ်းတွင် ရက်စွဲတစ်ရက် ဆုံးရှုံးကာ၊ သူတို့သားအဖ နှစ်ယောက် မြန်မာနိုင်ငံ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိခဲ့ပေပြီ၊ အဖေသည် မြန်မာနိုင်ငံ ပြန်မရောက်တာ ၂၃ နှစ်ကျော် ရှိခဲ့လေပြီ၊ ခုပြန်လာတော့လည်း အသက် ၂၀ ကျော်အရွယ် သားတစ်ယောက်နဲ့ ဖြစ်သည်၊ အဖေသည် တွေဝေ ငေးမောနေရာမှ မိုက်ကယ်ဘအေးကို ‘အိပ်ရင်းနဲ့ အိမ်မက်မက်တယ်ကွာ မကောင်းဖူး၊ မင်းအဖိုးတော့ တစ်ခုခုဖြစ်ပြီထင်တယ်’၊ ‘မင်းအဖွား အမေကိုလည်း သတိရတယ်ကွာ’၊ “မဖြစ်တန်ကောင်းပါဘူး”လို့ သူ အဖေကို အားပေးရင်း သူ့စိတ်ထဲမှာလည်း မတင်မကျကြီး ခံစားနေရသည်၊ အဖွားသည် အဖေနိုင်ငံခြားမသွားခင်က ကွယ်လွန်ခဲ့ပြီဖြစ်သည်၊ အဖေသည် သူကို “လေဆိပ်ကတော့ တော်တော်ပြောင်းလည်းသွားတယ်၊ အဖေတို့တုန်းကဆို ဘတ်စ်ကားနှင့် အကြိုအပို့လုပ်ခဲ့တာ”၊ လို့ဆိုသည်၊ အင်မင်ဂရေးရှင်း အရောက်တွင် နိုင်ငံခြားသားများသာ နေရာတွင် တန်းစီကြရင်း၊ အဖေ့မျက်လုံးမျာက သင်္ဘောသားများအတွက် ဆိုသည့်နေရာကို ရောက်၍နေသည်၊ အဖေသည် တစ်ချိန်က သင်္ဘောသားတစ်ဦး မဟုတ်ပါလား။

သူတို့ကို လာကြိုသော သူ့အဒေါ်နှင့် ကြီးကြီး ဆိုသူကို တွေ့ရသည်၊ အဖေ၏ ညီမနှင့် အစ်မများဖြစ်ပါသည်၊ သူ့အစ်ကိုဝမ်းကွဲ ဆိုသူလည်းပါသည်၊ အဖေသည် လေဆိပ်အပြင် ရောက်ရောက်ချင်း လေကိုတစ်ဝ ရှုရှိုက်ကာ လက်အုပ်ချီ ဆုတောင်းမှုပြုလိုက်သည်၊ ဘာကိုဆုတောင်းသလဲတော့ မိုက်ကယ်ဘအေး မသိပေ၊ ပြီးနောက် မိုက်ကယ်ဘအေးတို့ ငါးယောက်သည် မြန်မာပြည်မှာ လူအကြိုက်အများဆုံး အကောင်းစားကားဟု သူ့အဒေါ်ကဆိုသော ဂျပန်နိုင်ငံလုပ် တိုယိုတာ မက်တူးကားပေါ်တွင် လိုက်ပါရင်း၊ မြန်မာတွေက ဘာဖြစ်လို့ ဆက်မထုတ်တော့တဲ့ ဖျက်ဆီးပစ်တော့မဲ့ ကားကို ကြိုက်ကြတာလဲလို့ စဉ်းစားနေမိသည်၊ ကားဟောင်းများ၊ အိမ်အဟောင်းများ အဟောင်းအဟောင်းများကို ကြည့်ကာ၊ အဟောင်းများ၏ တိုင်းပြည်များလား မိုက်ကယ်ဘအေးထင်မိသည်၊ ‘အဟောင်းတွေကို အဟောင်းအတိုင်းထားလျှင် ဟောင်းနေမယ်၊ အဟောင်းတွေကို အသစ်နှင့်တန်းတူ ပြုပြင်ထိန်သိမ်းထားနိုင်ရင်တော့ အဲဒီ အဟောင်းဟာ အသစ်ထက်တောင် တန်ဘိုးရှိဦးမယ’် ဆိုတဲ့ ဆရာတစ်ဦး၏ စကားကို ပြန်ကြားယောင်မိသည်၊ ဟုတ်သည် ဒီအဟောင်းတွေကို အသစ်နှင့်တန်းတူ ပြုပြင်ထိမ်းသိမ်းနိုင်လျှင် တန်ဖိုးများ တက်လာပေတော့မည်၊ နောင်တွင် ပြုပြင်ထိမ်းသိမ်းရေး လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အလိုအပ်ဆုံးနှင့် အရေးပါဆုံးလုပ်ငန်းများ ဖြစ်လာနိုင်သည်ဟု တွေးနေမိသည်၊ ဒီလိုနဲ့ သူတို့တည်းခိုးမည့် အဖိုး၏အိမ်သို့ ရောက်ရှိလာသည်၊ ပစ္စည်းချ ခဏနားပြီး အဖိုးတက်ရောက် ကုသနေသည့် ပန်းလှိုင်ဆေးရုံသို့ သွားကြမည်ဆိုသည်၊ မကြာခင် မိုက်ကယ်ဘအေး တစ်ယောက်ကတော့ သူတွေ့ချင်နေသော အဖိုး ဦးဘအေးနှင့် တွေ့ရတော့မည်ဖြစ်သည်။

လေဆိပ်၊ ဆေးရုံနှင့် ဆေးရုံသွားရာလမ်းတွင် လူတွေတော်တော်ပေါသည်၊ တော်တော်များများ အလုပ်မလုပ် အားနေကြသည့်ပုံစံ ဖြစ်နေသည်၊ လေဆိပ်နှင့် ဆေးရုံကလည်း ဝန်ထမ်းတွေ များလွန်းသည်ဟု ထင်မိသည်၊ တစ်ယောက် လုပ်ရမည့်အလုပ်ကို သုံးယောက်လေးယောက် လုပ်နေကြပြီး၊ တစ်နာရီနဲ့ ပြီးရမည့်အလုပ်ကို ငါးနာရီလောက် လုပ်နေကြသည်၊ တော်တော် အချိန်ပေါတဲ့ နိုင်ငံဟု ထင်မိသည်၊ သူဟာနဲ့သူတော့ အလုပ်ဖြစ်လို့နေသည်၊ အလုပ်ဖြစ်ဖို့ တော်တော်နာလည်းမှု ရှိသည့် နိုင်ငံလို့လဲ ထင်မိပြန်သည်၊ ဆေးရုံသည် အသစ်၊ နိုင်ငံတကာ အဆင့်အတန်းမှီ ဟုဆိုကြသည်၊ သူ့အမြင်တော့ ပြုပြင်ထိမ်းသိမ်းရေး လိုအပ်သေးသည်၊ တစ်ချို့နေရာတွေ ကြည့်မကောင်း သန့်ရှင်းဖို့လိုသည်၊ ဆေးပြန်သုတ်ဖို့လိုသည်၊ ဒီလိုနဲ့ အဖိုးရှိရာ အခန်းသို့ ရောက်လာခဲ့သည်။

အဖိုးသည် ကုတင်ပေါ်တွင် မှိန်း၍နေသည်၊ အမော ခဏခဏ ဖေါက်နေ၍ စကားမပြောနိုင်တော့၊ အဖေ့ကိုမြင်တော့ အဖိုးက ခေါင်းတငြိမ့်ငြိမ့်နဲ့ အဖိုးရော အဖေရော မျက်ရည်တွေစီးကျလာသည်၊ အနှစ်နှစ်ဆယ်ကျော် ပြန်မလာသည်သား ခုမှရောက်လာတော့ ဝမ်းနည်းနေပေလိမ့်မည်၊ အဖေက သူဆီကိုလှည့်ပြီး ‘ဒါအဖေ့မြေး’ လို့ပြောလိုက်သည်၊ အဖိုးသည် သူလက်ကို ဆုပ်ကိုင်က တစ်စုံတစ်ခုပြောဖို့ ကြိုးစားသည်၊ မပြောနိုင်ခဲ့၊ ကြီးကြီးဘက်သို့ လှည့်ကာ မေးထိုးပြသဖြင့်၊ ကြီးကြီးက ‘စိတ်ချအဖေ၊ အဖေပြောတာ၊ အဖေပေးခိုင်းတာတွေ အဖေ့မြေးကို ပေးလိုက်မယ်’ ဆိုပြီး၊ အဖိုးကို ပြန်ပြောလိုက်သည်၊ အဖေက အဖိုးလက်ကိုကိုင်ကာ ပွတ်ပေးနေပြီး၊ အဖိုးက မြေးဖြစ်သူ၏ လက်ကို ထိရုံလေး ပွတ်ပေးနေသည်၊ ဘယ်လိုရယ်ကြောင့်မှန်းမသိ မိုက်ကယ်ဘအေး မျက်ရည်တွေ ကျလာမိသည်၊ အခန်းထဲရှိ လူတွေအားလုံး မျက်လုံးတွေထဲမှာ မျက်ရည်တွေပြည့်လို့နေသည်၊ ဆရာမလေး တစ်ယောက် ရောက်လာပြီး လူနာမောနေတယ်ဆို၍ သူတို့အားလုံး အခန်းအပြင်ဘက် ထွက်ပေးလိုက်ကြသည်၊ အဖေတစ်ယောက်သာ ကျန်ခဲ့သည်၊ ပြီးနောက် အဖေဆေးရုံမှာနေခဲ့ကာ သူတို့အားလုံး အိမ်ပြန်လာခဲ့ကြသည်၊ မိုက်ကယ်ဘအေးကို ခရီးပန်းလာသဖြင့် နားစေရန်ဖြစ်သည်၊ နေ့နှင့် ညနှင့် ကလည်း ပြောင်းပြန်ဖြစ်နေသည်၊ အဖေကတော့ အဖိုးဘေးတွင်သာ နားနားနေနေ နေ၍ ဆေးရုံတွင် ဒီညအိပ်မည်ဟုဆိုသည်။

အိမ်ပြန်ရောက်၍ ရေးမိုးချိုး ထမင်းစားပြီး ခဏနားမယ်ဆိုကာ ဝင်အိပ်လိုက်ရာ၊ အိပ်ပျော်သွားသည်၊ နိုးလာတော့ ညနေစောင်း၍နေပြီ၊ အဖေ့အတွက် အဝတ်အစားတစ်စုံယူကာ ဆေးရုံသို့ထပ်သွားကြသည်၊ သူတို့ရောက်သောအခါ အဖိုးသည် အိပ်လို့နေသည်၊ အဖေသည် ဆေးရုံမှာပင် ရေချိုးအဝတ်စားလဲလိုက်သည်၊ ကြီးကြီးယူလာသော အစာများကိုစားပြီး အဖိုးဘေးနားမှာပင် နေနေသည်၊ ညကိုးနာရီလောက်တွင် အဖေနေခဲ့ကာ သူတို့အားလုံး ပြန်လာကြသည်။

ညစာကို ည ၁၀ နာရီလောက်တွင်စားပြီး၊ သူနှင့် ကြီးကြီး၊ အဒေါ်၊ ဦးလေး၊ သူတို့ရဲ့ မိသားစုများနှင့် စကားပြောဖြစ်သည်၊ ဝမ်းကွဲ ညီအစ်ကို မောင်နှမများစွာကို တွေ့ရသည်၊ တော်တော် ဆွေမျိုးတောင့်သည့် ငါပါလားဟု သူကိုယ်သူ တွေးမိသည်၊ သူမြန်မာစကားပြောတတ်၍ အားလုံးက ဝမ်းသာအံ့သြနေကြသည်။ ထိုညက သူကြိုးစားပမ်းစားအိပ်သော်လည်း အိပ်မပျော် အိပ်လိုက်နိုးလိုက်နဲ့ နေ့နှင့်ည မှားနေသည်၊ မိုးလင်းခါနီးတွင် အိပ်ပျော်သွားခဲ့သည်။

သူ့အစ်ကိုဝမ်းကွဲ လာနိုး၍ သူထလိုက်သည်၊ မြန်မြန်လုပ် အဖိုး အမော တအားဖေါက်နေပြီတဲ့ ဆေးရုံကိုသွားကြရအောင်ဆိုသည်၊ ပလုပ်ကျင်း၊ မျက်နှာရေနှင့်လောင်းကာ ဆေးရုံသို့ အမြန်ဆုံး ထွက်လာကြသည်၊ ဆေးရုံရောက်သောအခါ အဖိုး လွန်ခဲ့သော ၁၅မိနစ်ခန့်က ဆုံးသွားပြီဆိုသည်၊ မိသားစုတွေ အားလုံး ငိုကြွေးနေကြသည်၊ ဖေဖေသည်ပင် ရှိုက်ကြီးတငင်ငို၍ နေသည်၊ သူသည်လည်း ဝန်းနည်းခြင်းနှင့်အတူ မျက်ရည်များ ကျဆင်းလာခဲ့သည်၊ အဖိုးကို အသက်ရှင်လျှက် သူမြင်ဖူးခဲ့ပါပြီ၊ အဖိုးသည်လည်း သူကိုမြင်ဖူးသွားပါသည်၊ အဖိုးကောင်းရာဘဝသို့ ရောက်ရှိပါစေလို့ သူဆုတောင်းလိုက်မိသည်။

ဆုံးပြီး သုံးရက်မြောက်နေ့တွင် အဖိုးအသုဘချသည်၊ အဖေသည် မငိုတော့ပေ၊ သူပြောချင်တာတွေကို အဖိုးကို ပြောပြခဲ့ပြီးဖြစ်သည်၊ မြန်မာ အသုဘချခြင်းကို သူ အနီးကပ် တွေ့ဖူးလိုက်သည်၊ ခုနှစ်ရက် ပြည့်သောနေ့တွင် အဖိုးအတွက် ရက်လည်ဆွမ်းကျွေးမည်ဟုသိရသည်၊ ဒီကြားထဲမှာ သူ့အစ်ကိုဝမ်းကွဲက သူကို ရန်ကုန်မြို့ကို လိုက်ပြသည်၊ တစ်ခြား ဘယ်သွားချင်သေးသလဲ မေးရာ၊ အဖိုး၏ နာရေးဖြစ်သည့်အတွက် သန်လျင် ကျောက်တန်းဘက်သို့သာ ရောက်ဖြစ်သည်၊ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်သည့်အလျှောက် မြန်မာနှင့် ဗုဒ္ဓဘာသာကို ရသမျှအချိန်တွင် လေ့လာဖြစ်သည်၊ သူသိထားသော ထေရဝါဒသည် မြန်မာပြည်တွင် တစ်ချို့အလွဲလွဲ အချော်ချော် ဖြစ်နေသည်၊ အဖေက မိရိုးဖလာ မြန်မာဗုဒ္ဓဘာသာလို့ ပြောသည်၊ ဘုရား၊ တရား သံဃာ အပြင်၊ တစ်ခြား နတ် ဝိဇ္ဇာ ကိုးကွယ်မှုများစွာ ကိုလည်း တွေ့ရသည်၊ နောက်ပြီး ရဟန်း၊ ဘုန်းကြီး၊ သံဃာ စသဖြင့် သူရောထွေး ရှုတ်လို့နေသည်၊ ရဟန်း၊ ဘုန်းကြီး၊ သံဃာ တို့သည် ဗုဒ္ဓ၏ တပည့်သားတော် အဖြစ် တင်စားကြသည်၊ ဗုဒ္ဓ၏ သစ္စာတရားတော်များကို လူသားတွေကို သင်ကြားပို့ချရန် ဆက်လက်သယ်ဆောင် သွားရန် အရေးကြီးသူများဖြစ်သည်၊ သို့သော် မိုက်ကယ်ဘအေး တစ်ယောက်ကတော့ ဒေါသထွက်နေသော ဘုန်းကြီး၊ အာဃာတ မပြေ ရန်ညှိးထားသော ဘုန်းကြီး၊ ကြမ်းတမ်းစကားဆိုသော ဘုန်းကြီး၊ ဝိဇ္ဇာကိုးကွယ်သော ဘုန်းကြီး၊ ထီနံပါတ်ပေး ဗေဒင်တွက်သော ဘုန်းကြီး၊ လူအရေးကိစ္စများကိုသာ လုပ်သော ဘုန်းကြီးတွေ အများအပြားတွေ့ခဲ့ရသည်၊ လူတွေကလည်း ထိုဘုန်းကြီးတွေကို ကိုးကွယ်ကြသည်၊ လူတွေကပဲ မှားသလား၊ ဘုန်းကြီးကပဲ မှားသလား သူလိုဖရီးသင့်ကာ တစ်ယောက်အနေနဲ့ မတွေးတတ်တော့၊ "သစ္စာတရားတော်များကို လူသားတွေကို ဟောကြားပို့ချနေသော ဘုန်းကြီးရဟန်း ဆရာတော်ကြီးတွေ အများကြီးရှိပါတယ်"လို့ အဖေကဆိုသည်၊ ဗုဒ္ဓ၏ တပည့်သားတော် မလုပ်နိုင်ပဲနှင့် ဒီလူတွေ ဘာလို့ဘုန်းကြီး ဝတ်နေကြတာလဲ၊ သင်္ကန်းရုံနေကြတာလဲ မေးခွန်းတွေ အများကြီးပင်၊ လူထွက်ပြီး ဗေဒင်တွက် ဝိဇ္ဇာကိုးကွယ် လူအရေးကိစ္စများ လုပ်လို့ရသည်၊ ဘာဖြစ်လို့ လူမထွက်ပဲ ဗုဒ္ဓဘာသာနှင့် သံဃာထု နာမည်ပျက်အောင် လုပ်နေကြသနည်း၊ နေရစားရတာ လွယ်လို့လားတော့မသိ၊ မြောက်ပေး ကိုးကွယ်သော လူတွေကလည်း အများကြီးရှိသည်၊ သြော် မိရိုးဖလာ မြန်မာဗုဒ္ဓဘာသာတဲ့လား၊ မိမိယုံကြည်ချက်အတွက် သာသနာကို စတေးခံနိုင်ကြသည်တဲ့လား၊ မေတ္တာတရားကို အခြေခံသော တရားတော်ရှိပါလျှက်နှင့် အများစုမှာ မေတ္တာတရား ခေါင်းပါးလွန်းနေကြသည်၊ ခွင့်လွတ်ခြင်းထက် အညှိးထားခြင်းကို ပို အလေးပေးနေကြသည်၊ ခေတ်ကြောင့်လား စနစ်ကြောင့်လားတော့ မသိပေ၊ တခြားလူမျိုး ဗုဒ္ဓဘာသာကို ယုံကြည်သော နားလည်သော တန်ဘိုးထားသော သူတွေ ဘယ်လိုမြင်မလဲ မသိပါ၊ စစ်မှန်သော သစ္စာတရားတော်များရှိပါလျှက်နဲ့ လက်တွေ့အသုံးမချတတ်သောလူမျိုးကို ရွှေမြန်မာလူမျိုးဟုခေါ်သည်ဟု မိုက်ကယ်ဘအေး မှတ်ချက်ချမိသည်။

ရက်လည်အပြီး နှစ်ရက်အနေတွင် သူပြန်မည်ဖြစ်သည်၊ အဖေကတော့ တစ်လဆက်နေကာ ပဲခူးဘက်တွင် တရားစခန်းဝင်မည်ဆိုသည်၊ ရက်လည်အပြီး ညနေတွင် ကြီးကြီးက သူ့ကို အဖိုးပေးခဲ့သည် ဆိုပြီး အထုပ်တစ်ထုပ်ပေးသည်၊ ကြီးကြီးက မင်းအဖိုးကမှာလိုက်တယ် ဒီစာတွေကိုသေချာဖတ် ပြီးရင် ရွှေတိဂုံဘုရားပေါ်က ရှင်စောပု ဘုရားမှာ တရားထိုင် သူကိုအမျှဝေပေးပါတဲ့၊ မင်းအဖိုး ဒီရောဂါစဖြစ်ကတည်းက သူလည်း ရှင်စောပု ဘုရားကို ပုံမှန်သွား တရားထိုင် ပြီးရင် မင်းကိုပေးဖို့ ဒီစာတွေ ရေးတော့တာပဲ၊ မိုက်ကယ်ဘအေး တစ်ယောက် အဖိုးပေးခဲ့သည်ဆိုသော အထုပ်ကိုဖေါက်ကြည့်လိုက်သည်၊ “မြေး မိုက်ကယ်ဘအေး၊ မြေးနှင့်အဖိုး အတိတ်ကပေးစရာရှိသော အကြွေးတွေကိုဆပ်ရန် အဖိုးရသလောက် ရေးမှတ်လိုက်ပါသည်”တဲ့၊ နောက်တစ်မျက်နှာ ဖွင့်ကြည့်လိုက်ရာ၊ မိုက်ကယ်ဘအေး တုန်လှုပ်သွားတော့သည်၊

သင်္ကေတ တစ်ခု၊ ဗိုလ်မှူးဗစ်တာ က လက်ဖတန်နင် ဘရိုက် ကိုပေးခဲ့သော စတီဗင်မိသားစုကို ကယ်ရန် သင်္ကေတ၊
ဒါဆို အဖိုးသည် သူမသေမီ သူသည် ဗိုလ်မှူးဗစ်တာ ဆိုတာ သိရှိသွားခဲ့သည်ဖြစ်မည်၊ နောက်ထပ် စာမျက်နှာတွေမှာတော့ မထင်ရှားသော မြေပုံများ၊ မြေအောက် အိမ်တစ်လုံး၏ တည်ဆောက်ပုံများဖြစ်သည်၊ သူထပ်၍ တုန်လှုပ်ရပြန်သည်၊ ဒါဆို စတီဗင် မိသားစု နှစ် ၁၅၀လုံး ထိုမြေအောက်အိမ်ထဲတွင် ရှိနေမည်၊ ဘယ်သူမှ သွားမကယ်ထုတ်ခဲ့ကြ၊ လက်ဖတန်နင် ဘရိုက်က ဗိုလ်မှူးဗစ်တာ ကယ်ထုတ်သွားပြီလို့ ထင်ခဲ့သည်၊ ဒါပေမဲ့ နှစ်၁၅၀ ကြာမှာ ဗိုလ်မှူးဗစ်တာ က လက်ဖတန်နင် ဘရိုက် ကို ကယ်ထုတ်ခိုင်းပေပြီ၊ ဒါပေမဲ့ ဗိုလ်မှူးဗစ်တာ နှင့် လက်ဖတန်နင် ဘရိုက် တို့က ဦးဘအေးနှင့် မိုက်ကယ်ဘအေးဖြစ်လို့နေပြီ ဖြစ်သည်။

သူအမြန်ဆုံး ဗာဂျီးနီးယား ကိုပြန်ရပေမည်၊ အရင်ဘဝက ကတိပေးထားသော ကိစ္စတစ်ခုကို ဒီဘဝတွင် အပြီးလုပ်ရပေမည်၊ မပြန်ခင် အဖိုး ဦးဘအေး မှာထားသည့်အတိုင်း ရွှေတိဂုံဘုရားပေါ်က ရှင်စောပု ဘုရားမှာ တရားထိုင်ပြီး အဖိုးကို အမျှဝေပေးရဦးမည်ဖြစ်သည်၊ ဘာဖြစ်လို့ ရှင်စောပု ဘုရားမှာ တရားထိုင်ခိုင်းတာလဲ သူ့အဖိုးကို သူမေးခွင့် မကြုံခဲ့ပါ။

…………………………………………………..

မိုက်ကယ်ဘအေးနှင့် အရင်ဘဝက တာဝန်

မိုက်ကယ်ဘအေး ဗာဂျီးနီးယားကို ပြန်ရောက်ခဲ့သည်၊ သူ၏တွေ့ရှိချက်၊ ထင်မြင်ချက် တွေကို၊ ပါမောက္ခဘလိတ်ကို ရှင်းပြခဲ့သည်၊ ပါမောက္ခဘလိတ်သည် ဒီလိုကိစ္စတွေကို အတွေ့အကြုံရှိသူဖြစ်သည်၊ မိုက်ကယ်ဘအေးကို ဘာတွေဆက်လုပ်ရမည်ကို လမ်းကြောင်းပေးသည်၊ လိုအပ်သည်များကို အကူအညီပေးမည်ဟုဆိုသည်၊ ဆရာတပည့်နှစ်ဦး ဦးဘအေး အာရုံထဲက ပေါ်လာသည်ကို ရေးမှတ်ထားသော မြေပုံကိုလေ့လာမှုပြုကြသည်၊ ဒီနေရာသည် ဘယ်နားမှာဖြစ်နိုင်သလဲ၊ ဝေလာတောင်ကုန်းကို ကနေ့ဘယ်လိုခေါ်သလဲ ဆိုသည်က စ၍ ရှာဖွေမှု စခဲ့လေသည်။

မြေပုံအရ ထိုနေရာသည် ပိုတိုမက် မြစ်နှင့် သိပ်မကွာသော တောင်တန်းတစ်နေရာတွင် ရှိမည်၊ အမျိုးသားဥယျာဉ် ပြုလုပ်ထားသည့်ဧရိယာ အတွင်းမှာလား သိပ်မသေချာပေ၊ ထိုအတွက် ပါမောက္ခဘလိတ်သည် National Historical Park မှ တာဝန်ရှိသူတို့ကို အကူအညီတောင်းသည်၊ ထိုသူတို့မှလည်း စိတ်ပါလက်ပါ ကူညီရှာဖွေပေးကြသည်၊ နှစ်ပတ်သာပြီးဆုံးသွားသည် ရှာလို့မတွေ့သေးချေ၊ မိုက်ကယ်ဘအေးကို စိုးစိုးနှင့် သူငယ်ချင်း ပေါလ် တို့ကအနီးကပ် ကူညီကြသည်။

Mount Aetna ကိုအခြေခံကာ Harpers Ferry ဘက်သို့ပြန်ဆင်းပြီးရှာရန် အမျိုးသားဘူမိဗေဒမှ ပုဂ္ဂိုလ်များက အကြံပေးသည်၊ မာရီလန်းတောင်ကုန်းတွေကို အခြေခံရှာနေသော သူတို့လူစုသည် Mount Aetna ဘက်သို့ထွက်လာခဲ့ကြသည်၊ Antietam စစ်မြေပြင်အဟောင်းဘက်တွင်လည်း ဖြစ်နိုင်သည်၊ တဘက်တွင်လည်း မိုက်ကယ်ဘအေးတစ်ယောက် အဖိုးဦးဘအေးနှင့် တွေ့ပြီးကတည်းက အာရုံတွေ အမြင်တွေ ပေါ်မလာတော့ချေ၊ သူမှတ်မိတာ တစ်ခုက တောင်ခြေအနား ယာတောတွေထဲတွင်ဖြစ်သည်၊ ဒီအတွက် သူတို့သည် တောင်ခြေစပ် နေရာများကို အဓိကထား ရှာဖွေမှုပြုလေသည်။

ရှာဖွေတာ သုံးပတ်ကျော်နေပြီ ဖြစ်သည်၊ မိုက်ကယ်ဘအေးတစ်ယောက် အရာရာ စိတ်မရှည်တော့၊ ပါဝင်ကူညီတဲ့သူတွေက တစ်လစီမံကိန်း ဆွဲထားကြခြင်းဖြစ်သည်၊ ဒါတောင် ပါမောက္ခဘလိတ်ကြောင့်ဖြစ်သည်၊ တစ်လအတွင်း ရှာဖွေလို့မတွေ့ခဲ့လျှင် သူတစ်ယောက်ထဲ ကြဲရတော့မည်ဖြစ်သည်၊ စိတ်များတည်ငြိမ်မှု မရှိသဖြင့် တရားထိုင်ရန် ဆုံးဖြတ်လိုက်သည်၊ ရှာဖွေရေး အဖွဲ့ဝင်ရိမ်းဂျားများကတော့ ငါတို့ကတော့ရှာနေ သူကတော့ အေးအေးဆေးဆေး တရားထိုင်နေတယ်ဟု ပြောဆိုကြပါလိမ့်မည်၊ ဒီလိုနဲ့ တစ်လပြည့်သွားခဲ့သည် ရှာဖွေနိုင်ခြင်း မရှိခဲ့ပါ၊ ပါမောက္ခဘလိတ် အကူအညီတောင်းထားသူများ ရှာဖွေခြင်းကို ရပ်လိုက်ကြသည်၊ သူကတော့ ပါမောက္ခဘလိတ်ကို ဆက်လက်ရှာဖွေမည်ဟု ပြောလိုက်သည်၊ သူ၏ယုံကြည်ချက်ပင် မဟုတ်ပါလား၊ ပါမောက္ခဘလိတ်က မိုက်ကယ်ဘအေးကို တစ်ရက်နှစ်ရက်လောက် ပြန်နားဖို့ အကြံပေးသည်၊ အဖေကလည်း မြန်မာပြည်တွင် နှစ်ပတ်ဆက်နေဦးမည်တဲ့၊ ဒီအတွက် အိမ်ကို နှစ်ရက်ပြန်နားရန် ဆုံးဖြတ်လိုက်သည်။

အိမ်တွင်နားနေရင်း တရားထိုင်လိုက်၊ ဖြစ်နိုင်ခြေများကို စဉ်းစားလိုက်နဲ့ အချိန်တွေကုန်စေသည်၊ နောက်တစ်ပတ်မှ ပေါလ်ကိုခေါ်ကာ ဆက်လက်ရှာဖွေမည်ဟု ဆုံးဖြတ်လိုက်သည်၊ သုံးရက်မြောက်နေ့ နေ့လည်အနားယူအိပ်နေစဉ်မှာ အိမ်မက်တစ်ခုမက်သည်၊ ရှေးဝတ်စုံနှင့် အမျိုးသမီးကြီး တစ်ဦးသည် ယာတောစပ်မှ သူ့ကိုထွက်ကာ လက်ယပ်ခေါ်နေသည်၊ သူကတော့ ကားလမ်းပေါ်မှာဖြစ်သည်၊ ထိုအမျိုးသမီးဆီသို့ သွားရန် သူပြေးဆင်းလိုက်သည်၊ ကားလမ်းဘေးတွင် ရေတွေ ခြေသလုံးဝက်ခန့်နစ်နေသည်၊ အမြန်သွားဖို့ ကြိုးစားရာ သူရေအိုင်ထဲ လဲကျသွားသည်၊ သူအိပ်နေရာက နိုးလာခဲ့သည်၊ အိမ်မက်ထဲကနေရာ ဘယ်နေရာလဲ သူသိသလိုလို ရှိသည်၊ သေချာစဉ်းစားလိုက်တော့ ဖြစ်နိုင်သည့် နေရာကို သူသိပြီဖြစ်သည်၊ သူ ပေါလ်ကို ဖုံးခေါ်ရင်း၊ ပေါလ်တို့အိမ်ဘက်ကို အပြေးထွက်လာခဲ့လေသည်။

ပေါလ်နှင့် သူတို့နှစ်ယောက် ကားကို ဒလကြမ်းမောင်းထွက်လာသည်၊ ပေါလ်က ဖြေးဖြေး မောင်းရန်ပြောသည်၊ ပေါလ်လက်ထဲတွင် ကော်ပီကူးထားသော သူ့အဖိုးဦးဘအေး၏ မြေပုံများပါရှိသည်၊ ဒီနေရာသည် ဒါဂမ် Dargan ဘက်တွင်ရှိသည်၊ Hawks Hill(ဝေလာ) တောင်ကုန်းသွားတဲ့ဘက် လမ်းခွဲမှာဖြစ်သည်၊ ရေတွေအိုင်နေလေ့ရှိသည်၊ ဒီလိုနဲ့ သူတို့ကားလေးသည် ကားလမ်းဘေးက ရေအိုင်စပ်ကို ရောက်လာခဲ့သည်၊ တူးဆွသည့် ကိရိယာတွေယူပြီး သူနှင့်ပေါလ်တို့ တောင်ခြေဘက်ရေအိုင်စပ်ဆီ ထွက်လာကြသည်၊ ဒီနေရာသည် မြက်ပင်ခြုံတောကြီးများ ထူထပ်ပေသည်၊ ခြုံတစ်ခြုံပြီး တစ်ခြုံ သူတို့တူးဆွကြသည်၊ မောသွား၍ ခဏနားလိုက်ကြ၊ သူ့အဖိုးမြေပုံကို သေချာပြန်ကြည့်လိုက်နဲ့ တူးနေမိသည်၊ တစ်နေရာတွင် တောင်ဆင်ခြေချောလေးကို တွေ့သဖြင့် လာ ပေါလ် တောင်ခြေနားက ရေအိုင်စပ်ကိုသွားမယ် ဆိုပြီးခေါ်လိုက်သည်၊ ပေါလ်ကမောမောနဲ့ လိုက်လာခဲ့သည်၊ ခြုံမို့မို့လေးတစ်ခုကို သူ တူးချလိုက်သည်၊ ဒေါင် ဒေါင် ဟု အသံထွက်လာသည်၊ အသံကြောင့် ဟိုဘက်နားတွင် တူးနေသော ပေါလ် လည်းရောက်လာသည်၊ ငါတို့ တွေ့ပြီထင်တယ် ဒီနေရာကို ရှင်းကြမယ်လို့ပြောပြီး၊ သူတို့ရှင်းကြသည် တူးကြသည်၊ နာရီဝက်ခန့် သူတို့ရှင်းလင်းပစ်လိုက်သောအခါ၊ မြေအောက်အိမ်သို့ ဝင်သည်တံခါးကို တွေ့ရပြီဖြစ်သည်၊ သူက တံခါးကို ဖွင့်ရန် ကြိုးစားသောအခါ၊ ပေါလ်က ပါမောက္ခဘလိတ်ကို အကြောင်းကြားဖို့ အကြံပေးသည်၊ သူလည်း လက်ခံလိုက်သည်၊ မိုက်ကယ်ဘအေးတစ်ယောက် ပါမောက္ခဘလိတ်ကို ဝမ်းသာအားရ ဖုန်းဆက် အကြောင်းကြားလိုက်တော့သည်။

တစ်နာရီလောက်နေတော့ ရိမ်းဂျားတွေ ရောက်လာကြသည်၊ သူ့အဖိုး၏ ပုံအညွှန်းအတိုင်း တံခါးကိုဖွင့်ကြည့်ကြရာ၊ တစ်နာရီအတွင်းမှာပင် ဖွင့်နိုင်ခဲ့သည်၊ သူ့အဖိုး၏ပုံအညွှန်း မရှိပါက တော်တော်ဖွင့်ရ ခက်ပါလိမ့်မည်၊ တံခါးမှာ နှစ်ထပ်ဖြစ်သည်၊ ပွင့်သွားသော လမ်းအတိုင်း သူတို့တွေ ဆင်းလာကြသည်၊ စနစ်တကျ ဖွဲ့စည်းထားသော အခန်းများကို တွေ့ရသည်၊ လေပေါက်တွေရှိသည်၊ တစ်ချို့ ပစ္စည်းတွေက အိုမင်းပျက်စီးနေပါပြီ၊ အိမ်ခန်းဟုထင်ရသော နေရာတွင် လူအရိုးစု သုံးစုကိုတွေ့ရသည်၊ နောက်တစ်ခန်းတွင် တစ်ခု၊ မီးဖိုခန်းဟုထင်ရသော နေရာတွင် သုံးစုတွေ့ရသည်၊ စတီဗင်တို့မိသားစုကို သူသိသည်မှာ ငါးယောက်ဖြစ်သည်၊ ခုတော့ ခုနှစ်ယောက်ဖြစ်နေသည်၊ လူယုံကျွန်နှစ်ဦးဖြစ်ပေလိမ့်မည်၊ စတီဗင် မိသားစုသည် လာကယ်ထုတ်မည့် သူတွေကိုစောင့်ရင်း သေဆုံးခဲ့ကြပေသည်၊ ဗိုလ်မှူးဗစ်တာနှင့် လက်ဖတန်နင် ဘရိုက်တို့၏ တာဝန်ပေါ့လျှောုမှုကြောင့်ဖြစ်သည်၊ သူကိုယ်သူ အရင်ဘဝက လက်ဖတန်နင် ဘရိုက်ဟု ယုံကြည်ထားသူ မိုက်ကယ်ဘအေးတစ်ယောက် အဆုံးစွန်ဆုံးဝမ်းနည်းကြေကွဲ ရလေသည်၊ ခဏကြာတော့ အပေါ်မှာ ပါမောက္ခဘလိတ်နှင့် FBI အရာရှိများ ရောက်လာကြသည်၊ FBI က တာဝန်ယူလိုက်သဖြင့် အားလုံးထွက်ပေးရန် ပြောသည်၊ အပြင်သို့ ပြန်ထွက်လာရင်း သူဆုတောင်းလိုက်မိသည်၊ အဖိုးကြီး စတီဗင်မိသားစုအားလုံး လွတ်မြောက်ရာသို့ သွားနိုင်ကြပါစေ၊ ဗိုလ်မှူးဗစ်တာနှင့် လက်ဖတန်နင် ဘရိုက်တို့ကိုလည်း ခွင့်လွတ်နိုင်ပါစေ။

အဖိုးကြီး စတီဗင်၏ ပြောဆိုခဲ့သောအသံ “မင်းဆက်ဆက် ငါတို့ကိုလာခေါ်နော် ငါတို့ဒီမှာ ကြာကြာနေနိုင်မယ် မထင်ဘူး၊”ကို ကြားယောင်နေမိသည်။

လွန်ခဲ့သော အနှစ်၁၅၀ ခန့်က ပေးခဲ့ပြောခဲ့သော လက်ဖတန်နင် ဘရိုက်၏ကတိ ‘စိတ်ချပါ ကျနော်တို့လာခေါ်ပါမယ်’ကို ဒီနေ့ မိုက်ကယ်ဘအေး ပေးဆပ်ခဲ့ပေပြီ၊

လူတွေအားလုံး အပြောကတိတည်၍ မည်သို့သော ချုပ်နှောင်ခြင်းကမဆို လွတ်မြောက်ကြပါစေလို့ ထပ်ဆုတောင်းလိုက်မိပြန်သည်။

အပြင်တွင် တွေ့ရသော ပါမောက္ခဘလိတ်၊ စိုးစိုးနှင့် ပေါလ်တို့ကို အားရဝမ်းသာပြုံးပြ လိုက်မိသည်၊ ပြီးနောက် မိုက်ကယ်ဘအေးတစ်ယောက် အရုပ်ကြိုးပြတ်သလို လဲကျသွားခဲ့သည်။

‘အားကုန်ပြီး လဲကျသွားတာ’၊ ‘ဆေးရုံအမြန် ပို့၊’ ‘အောင်ဆီဂျင် ပေး၊’ ‘အရေးပေါ် ကားပေါ်အမြန်တင်’ အသံများ ကြားနေရသည်၊ သူ ဘာမှ ပြန်မပြောနိုင် ထိုလူတွေလုပ်သမျှ ခံနေလိုက်သည်၊ မှိန်းသလို မောသလို ဖြစ်သွားသည်၊
မြောသလိုလိုဖြစ်သွားစဉ် စတီဗင်မိသားစုက ပြုံးပျော်စွာဖြင့် သူကိုကျေးဇူးတင်ကြောင်း တစ်ယောက်ပြီးတစ်ယောက် လာပြောနေသည်၊
သတိတစ်ချက်ရလာတော့ သူအရေးပေါ်ကားပေါ်တွင် ရှိနေကြောင်းသိလိုက်ရသည်၊ မှေးသလိုလို ပြန်ဖြစ်သွားသည် ထိုအချိန်တွင် သူအဖိုး၏ ကျေနပ်ပီတိ အပြုံးနှင့် လာရောက်နူတ်ဆက်တာ တွေ့လိုက်ရပြန်သည်၊
“အဖိုး”လို့ သူလှမ်းခေါ်လိုက်မိသည်၊
ပြီးနောက် သူသည် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။



အားလုံးကို ကျေးဇူးတင်စွာဖြင့်


ပြီးပါပြီ။







မြေပုံကို civilwar.org မှယူပါသည်၊

20 comments:

SHWE ZIN U said...

ကိုဆိုစီ ရေ

မျှော်လိုက်ရတာ ဒါပေမဲ့ ဇာတ်သိမ်းက အလောတကြီး သိမ်းသွားသလိုဘဲ

လူတွေအားလုံး အပြောကတိတည်၍ မည်သို့သော ချုပ်နှောင်ခြင်းကမဆို လွတ်မြောက်ကြပါစေလို့ ထပ်ဆုတောင်းလိုက်မိပြန်သည်။

ကျေးဇူးဘဲနော်

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး
နောက်ပိုင်းနားကသိပ့်မလည်သလိုဘဲ- ဘာဘဲဖြစ်ဖြစ်
ကျနော်ကတော့ အမည်ပြောင်းလိုက်တော့မယ်ဗျာ-
မိုက်ကယ်ဂျစ်တူး လို့ လေ-ဟားဟားဟား

Anonymous said...

Thank you Ko Sose...
May everybody enjoy their freedom.
Gyidaw

An Asian Tour Operator said...

၁ ကနေ ပြန်ပြန် ဖတ်ရတာ တောင်အားမရသလိုပဲ။ အစ်မ ရွှေစင်ပြောသလို ဇာတ်သိမ်းမြန်လိုက်တာ..။

Anonymous said...

ဖရီးသင့်ကာ ဆိုတာ ဘာလဲ

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပနော်...အကိုရေ နာမည်ပြောင်းခေါ်ရမလားလို့....:):)

မြစ်ကျိုးအင်း said...

မိုက်တယ်။ တချိန်က လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တဲ့ လူဝင်စားမြေး အဖိုး နှစ်ယောက်စလုံးက အတိတ်ကြွေးကို ပေးဆပ်လိုက်တဲ့ စိတ်နယ်လွန်ဖြစ်ရပ်ဆန်းကလေးပါပဲ။
ဒီလို ခပ်ဆန်းဆန်း ဇာတ်အိမ်မျိုးတွေ သဘောကျတယ်။

Anonymous said...

စောင့် ဖတ်ရကျိုးနပ်တဲ့ ဇတ်လမ်းလေး တစ်ခုပါပဲ. မိုက်ကယ်ဘအေးနေရာမှနေ စာရေးသူ ပေးချင်သော မက်ဆေ့ လေးများကလည်း အဖိုးတန်ပါ၏ ။ "စစ်မှန်သော သစ္စာတရားတော်များရှိပါလျှက်နဲ့ လက်တွေ့အသုံးမချတတ်သောလူမျိုးကို ရွှေမြန်မာလူမျိုးဟုခေါ်သည်ဟု မိုက်ကယ်ဘအေး မှတ်ချက်ချမိသည်။ " ဆိုသော စာသားလေးကို နှစ်သက်မိတယ် ။ မြန်မာဘုရင် သေပြီ ဆိုသော နားလည်မှုလွဲချော်ကြတဲ့ အကြောင်း တွင် အသံထွက် ၍ပင် ရယ်မိပါသည်။ ဘိုထိန်@nayonmoe

မေဓာဝီ said...

အပိုင်း ၁ က စပြီး ပြန်ဖတ်လိုက်တယ်။ စိတ်ဝင်စားစရာ အပြည့်ပဲ။ ချဲ့ရေးမယ်ဆိုရင် ၀တ္ထုရှည် တအုပ်စာလောက် ရနိုင်တယ်။ ဒါပေမဲ့ ကိုဆိုဆီ ထုံးစံအတိုင်း အနှစ်ချုပ် ရေးထားသလိုပေါ့။ အဘိုးကြီး စတီဗင်တို့ မိသားစုကိုပဲ သနားမိတယ်။

မဒမ်ကိုး said...

ဟင် မိုက်ကယ်ဘအေးက သတိလစ်သွားတာလား သေသွားတာလားဟင် .
အရမ်းကောင်းတယ် ဇာတ်လမ်းထဲမျောသွားတယ်ကိုဆုံဆီရေ
ခင်မင်လျှက်

မဒိုးကန်

mstint said...

စိတ်ဝင်စားစရာဇာတ်သိမ်းလေးဖတ်သွားပြီ ဆိုစီရေ။
စိတ်ရှည်ရှည်နဲ့တင်ပေးတဲ့အတွက်ကျေးဇူးနော်။
အခုလိုထူးခြားဇာတ်လမ်းမျိုးကဖတ်ရခဲတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

ဆရာကြီးရွှေဥဒေါင်းလို အရေးအသားနဲ့ ကိုဆိုဆီလိုင်းပြောင်းရေးလိုက်တာ အပိုင်း(၃)မှာပဲ အဆုံးသတ်သွားတာပေါ့။ ဇာတ်သိမ်းခန်းက ဆွဲဆောင်မှု အကောင်းဆုံးပဲ။ အမှန်က ဆက်မယ်ဆို ရသေးတယ်နော်။ ကိုဆိုစီ့ကို မျက်ဝန်းလဲ့ပြာရီလို လိုင်းမျိုးနဲ့ ပိုနှစ်သက်မိပါကြောင်း။

mary said...

why so fast to end? i also think mostly Buddhist don't know what is Buddhism.look forward yr new novel. thanks.

mary said...

why so fast to end? i also think mostly Buddhist don't know what is Buddhism.look forward yr new novel. thanks.

Nyi Linn Thit said...

အစကနေ တစ်ခေါက်ပြန်ဖတ်တယ်၊ ဖြစ်စဉ်တစ်ခုလုံးက အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်၊ ဒီလိုမျိုး စိတ်နယ်လွန် ဖြစ်ရပ်ဆန်းတွေကို ပြင်ပက တကယ့်နေရာတွေ၊ မြေပုံတွေနဲ့ ပေါင်းစပ်ဖွဲ့ထားတာမျိုး ကြိုက်တယ်ဗျ..၊ 2 Thumbs up..!!

Sint Si said...

It's very interesting!I have been to places I had dream before. It's weird feeling.Sometime it scared me, I told myself it's just coincidence.

ညီရဲ said...

ဖတ်လို့ ကောင်းလိုက်တာ အစ်ကိုရေ... ဖတ်ရင်း ဖတ်ရင်း ဇာတ်သိမ်းခန်းက ရုတ်တရက်ကြီး ပြီးသွားတော့ မြန်လိုက်တာလို့ တွေးလိုက်မိတယ်... ဒီလို ဇာတ်အိမ်လေးတွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်...

ဟန်ကြည် said...

ဇာတ်သိမ်းပိုင်းမှာ ကိုဆိုဆီ ပြောချင်တာတွေကို အပြည့်အ၀ထည့်ရေးသွားတာပဲ...ကျွန်တော်ပြောချင်နေတဲ့ စကားကို ကိုယ်စားပြောသလိုပါပဲလားလို့ တွေးပြီး ကျေးဇူးတင်မိပါတယ်...

ဟုတ်ပါရဲ့ဗျာ ဘုန်းကြီးရယ် ရဟန်းရယ် သံဃာရယ် ဆိုပြီး သုံးမျိုးကွဲနေတာကိုး...

မိုက်ကယ်ဘအေး နောက်ဆုံးပိုင်းကို ဖတ်ရတာ အားမရဘူးဗျာ...ရေးလို့ ရလျှက်သားနဲ့ ချိုထားလိုက်သလို ခံစားရတယ်...

နောက်ထပ်လည်း အခုလို ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းမျိုးတွေ စောင့်မျှော်လျှက်ပါဗျား...

ကိုဇော် said...

ကောင်းတယ်ဗျာ။
ဒီလို ဇာတ်လမ်း တစ်ပုဒ်ရေးဖို့က တကယ် မလွယ်ပါဘူး။ အသေးစိတ် စိန်ပြေနပြေ ရေးလိုက်ရင် တော်တော် ကောင်းမှာပဲ။

Anonymous said...

ဘာသာပြန်လားမသိဘူး ကောင်းပါတယ်