Wednesday, January 11, 2012

မိုက်ကယ်ဘအေး နှင့် သူ၏ ပါရာနော်မယ် အထူးအဆန်းများ ၂


မိုက်ကယ်ဘအေးနှင့် သူ၏ ပါမောက္ခ

မိုက်ကယ်ဘအေးတစ်ယောက် Pennsylvania တက္ကသိုလ်သို့ ရောက်လာခဲ့သည်၊ တက္ကသိုလ် အကြိုသင်တန်းအတွက်ဖြစ်သည်၊ Human Sciences ဘာသာကို အပိုအဖြစ် Anthropology နှင့် Parapsychology ကို သင်ယူမလို့ဖြစ်သည်၊ ဘာသာရပ်နှင့် တက္ကသိုလ်ကို မကြိုက်ပါက အကြိုကာလ အတွင်းပြောင်းနိုင်သည်၊ အဖေဆီက ထောက်ပံ့ကြေး မယူလိုတော့သဖြင့် သုတေသနကျောင်းသား (Undergraduate Research) အဖြစ် လျှေက်ထားမိသည်၊ သုတေသနကျောင်းသားဆိုလျှင် ထောက်ပံ့ကြေးရသောကြောင့် ဖြစ်သည်၊ ဒီအတွက် သူ ပါမောက္ခ တစ်ယောက်နှင့် အင်တာဗျူးရသည်၊ သူစိတ်ဝင်စားသည့် အရာများကို ပြောပြသောအခါ ထိုပါမောက္ခ က သူကို ဗာဂျီးနီးယား Virginia သို့ ပြန်လွတ်သည်၊ ထို ပါမောက္ခ၏ မိတ်ဆွေ ဗာဂျီးနီးယား တက္ကသိုလ်က ပါမောက္ခတစ်ယောက်က Parapsychology ကို သုသေသန လုပ်နေကြောင်း သွားတွေ့ရန် အကြံပြုသည်၊ ဒီလိုနဲ့ မိုက်ကယ်ဘအေးတစ်ယောက် ဗာဂျီးနီးယားသို့ ပြန်ရောက်ခဲ့သည်။

ဗာဂျီးနီးယား တက္ကသိုလ်က ပါမောက္ခနာမည်က ဘလိတ် ဖြစ်သည်၊ ပါမောက္ခ ဘလိတ် က၊ သူယူရမည့်ဘာသာ၊ လုပ်ရမည့် သုတေသန နှင့် ရရှိမည့် ဘွဲ့တို့ကို ရှင်းပြသည်၊ မဟာ ဘွဲ့ကို မဖြစ်မနေယူရမည်ဖြစ်ပြီး၊ ပါရဂူ ဆက်တက်ဖို့ မဟာတန်းရောက်မှာ စဉ်းစားကြမည်ဟုဆိုပြီး မိုက်ကယ်ဘအေး လက်ခံလိုက်သည်၊ Anthropology ဖြစ်သော်လည်း Independence ဘာသာရပ်တွေ အများကြီးပါ၍ ဖြစ်သည်၊ Research သုတေသန ကလည်း Independence ဘာသာရပ်ပဲဖြစ်သည်၊ လူအမျိုးမျိုး တွေရဲ့ အစွဲအလန်းများကို လေ့လာရန်ဖြစ်သည်၊ ဆရာ ဘလိတ်နှင့် တပည့် ဘအေးတို့ တွေ့ကြပြီဖြစ်သည်။

ဗာဂျီးနီးယား တက္ကသိုလ်သည် လူဝင်စားများနှင့် အတိတ်ဘဝ ယခုဘဝ ဆက်စပ်မှုများကို လေ့လာရာ၌ နာမည်ကြီးသည်၊ Research ပါမောက္ခ ဒေါက်တာအိုင်ရန် (Dr. Ian Stevenson) သည် ကမ္ဘာအနှံ့ လူဝင်စားသည်ဆိုသော အတိတ်ဘဝကို ပြန်သတိရနေသည်ဆိုသော ကလေးများနှင့် လူများကို လေ့လာမှုပြုခဲ့သည်၊ လေ့လာမှုပေါင်း ၂၅၀၀ကျော် နှင့် စာအုပ်ပေါင်း ၂၀ ကျော်ကို ရေးသားထုတ်ဝေခဲ့သည်၊ အထူးသဖြင့် ကလေးများ ပြောဆိုမှုများသည် သူတို့၏ အရင်ဘဝ အကြောင်း အများအပြား မှန်ကန်ခဲ့သည်၊ ထိုအပြင် မွေးရာပါ အမှတ်များ၊ ထူးဆန်းသော ခန္ဓာကိုယ် အစိတ်အပိုင်း အချို့များသည် အရင်ဘဝက ပုဂ္ဂိုလ်များနှင့် ဆက်စပ်မှု အမှန်ရှိခဲ့ကြသည်၊ အရင်ဘဝ အမှတ်ရမှုများသည် ကလေးကြီးပြင်းလာသည်နှင့်အမျှ မေ့ပျောက်သွားတတ်ကြသည်၊ ရှားပါးသော လူတစ်ချို့သည် ကြီးလာသည့်အထိ အမှတ်ရနေတတ်ကြသည်၊ အနောက်တိုင်း ဘာသာရေးနှင့် ပညာရှင် တော်တော်များများ ဒေါက်တာအိုင်ရန် လေ့လာတွေ့ရှိမှုများကို အငြင်းပွားမှု ရှိခဲ့ကြသည်၊ ဒေါက်တာအိုင်ရန်က "maybe we're supposed to forget, but sometimes that system malfunctions, and we don't forget completely"
ကျနော်တို့အားလုံး မေ့ပစ်ဖို့ပါပဲ ဒါပေမဲ့ တစ်ခါတစ်လေ အစီအစဉ် လွဲချော်မှုတွေကြောင့် အားလုံးကို ကျနော်တို့ မမေ့ပစ်နိုင်ခဲ့ဘူး ဆိုသည်၊ မိုက်ကယ်ဘအေး၏ ဆရာ ပါမောက္ခ ဘလိတ်သည် ဒေါက်တာအိုင်ရန်၏ တပည့်တစ်ဦးဖြစ်သည်၊ ဒေါက်တာအိုင်ရန်၏ လေ့လာမှုများကို ဆက်လက် လေ့လာနေသူဖြစ်သည်၊ ဒါပေမဲ့ ပါမောက္ခ ဘလိတ် ဒီတစ်ခါ လေ့လာမှုကတော့ လူတွေ၏ အတိတ်ဘဝကို ပြန်ပြောနိုင်သည်ဆိုသော ပုဂ္ဂိုလ်များ အကြောင်းပင်၊ ထိုကြောင့် သူ၏ကျောင်းသားတစ်ဦးဖြစ်သော မိုက်ကယ်ဘအေး တစ်ယောက်လည်း ထိုလေ့လာမှုများကို ပြုလုပ်ရမည်ဖြစ်သည်။

အတိတ်ဘဝကို ပြန်ပြောနိုင်သူများ သို့မဟုတ် ရှေ့ဖြစ်နောက်ဖြစ် ပြောနိုင်သူများကို လေ့လာမှုပြုရာ၌ ဘွဲ့ယူကျောင်းသားအတွက် လွယ်ကူပါသည်၊ ထိုပြောနိုင်သူများကို ယေဘုယျ အမျိုးအစားခွဲ၍ လူအယောက် ၅၀ လောက်ကို စုစည်းပြီး ထိုပုဂ္ဂိုလ်များဆီ စေလွတ်ကာ မေးခွန်းများကို မေး၍ စစ်တမ်း ကောက်ယူခြင်းဖြစ်သည်၊ နောက်ဆုံးကောက်ချက်ကို ရေးပေးဖို့လိုပြီး ဘယ်သူမှားတယ် မှန်တယ် ခွဲခြား ဆုံးဖြတ်စရာ မလိုပေ၊ မိုက်ကယ်ဘအေးသည် သူ၏ ပရောဂျက်တွင် ထိုပြောနိုင်သူ အမျိုးအစားငါးမျိုးကို အခြေခံခဲ့သည်၊
  • ပရလောက သို့မဟုတ် နတ်ဘုရားများ အကူအညီဖြင့် ပြောနိုင်သည် ဆိုသူများ
  • မွေးရာပါ စွမ်းအား သို့မဟုတ် လေ့ကျင့်၍ ရလာသော စွမ်အားများဖြင့် ပြောနိုင်သည် ဆိုသူများ
  • နက္ခတ် ကျမ်းများ တွက်ချက်မှု များကို ကိုးကား၍ ပြောနိုင်သည် ဆိုသူများ
  • တစ်စုံတစ်ခု တစ်စုံတစ်ရာ၏ တန်ခိုးကြောင့် ပြောနိုင်သည် ဆိုသူများ
  • ဘုရားသခင် သို့မဟုတ် နတ်ဘုရားများ၏ ခွင့်ပြုချက် ပေးသနားမှုကြောင့် ပြောနိုင်သည် ဆိုသူများ
စသည်တို့ကို အခြေခံလေ့လာခဲ့သည်၊ ထိုလေ့လာမှုများကို အခြေခံကာ မဟာနှင့် ပါရဂူ အတွက်ကျမ်းပြုရန် ရွေးချယ်ရမည်ဖြစ်သည်။
ကျောင်းအတန်းတွေတက်ရင်းနဲ့ပင် မိုက်ကယ်ဘအေးတစ်ယောက် လေ့လာမှုအတွက် ပြန်ပြောနိုင်သည်ဆိုသော ပုဂ္ဂိုလ်များ အများဆုံးရှိရာ လာဗီးဂတ်စ်နှင့် နယူးရောက်သို့ ကူးချည်သန်းချည် လုပ်နေရသည်၊ ဘာသာရေး အရ အမျိုးမျိုး ကွဲပြားသော်လည်း အမေရိကန်တွင် အတိတ်ဘဝကို ယုံကြည်သူ ၂၇% လောက်ရှိသည်၊ အင်္ဂလန်တွင် ၂၅%ကျော်ရှိသည်၊ ကမ္ဘာကျော် ပုဂ္ဂိုလ်များထဲမှာ အတိတ်ဘဝကို လက်ခံသူများမှာ Aristotle, Plato, Julius Caesar, Leonardo di Vinci, Shakespeare, Benjamin Franklin, Ralph Waldo Emerson, Leo Tolstoy, Henry David Thoreau, Albert Einstein, Walt Whitman, Thomas Edison, Carl Jung, နှင့် နောက်ဆုံး Richard Gere တို့ဖြစ်သည်။

တဘက်ကလည်း မိုက်ကယ်ဘအေးတစ်ယောက် သူ၏အတိတ်ဘဝနှင့် ဆက်သွယ်သည်ဟု ထင်ရသော သူ၏ ထူးဆန်းသော စိတ်ခံစားမှုကို လေ့လာစုံစမ်းရန်ဖြစ်သည်၊ လူ၅၀ကျော်မှ ရရှိသော အချက်အလက်များကို အခြေခံ၍ သူသည် အတိတ်ဘဝနှင့် ပတ်သက်၍ ပြောဆိုနိုင်သည်ဆိုသော ပုဂ္ဂိုလ် ၁၀ဦးကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့သည်၊ ထိုသူတို့၏ ပြောဆို ဟောပြောချက်များကို စိတ်ကျေနပ်မှု မရှိသော်လည်း ထိုအထဲမှ ထူးခြားသောသုံးဦးကို ဒုတိယအကြိမ် သွားတွေ့ရန် ဆုံးဖြတ်ခဲ့သည်။

နှစ်ယောက်မှာ လာဗီးဂတ်စ်မှ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ဆန်ဖရန်စစ္စကို က ဖြစ်သည်၊ ပထမတစ်ယောက်ကတော့ အိုင်ယာလန်က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လာဗီးဂတ်စ်တွင် ရုံးထိုင်ကာ ကျန်ဥရောပနိုင်ငံများတွင်လည်း ရုံးခွဲဖွင့်ထားသည်၊ တစ်ဘဝသိချင်လျှင် ဘယ်လောက်၊ နှစ်ဘဝသိချင်လျှင် ဘယ်လောက် ဆိုပြီး ဒီလုပ်ငန်းကို စီးပွားရေးဆန်ဆန် လုပ်ကိုင်နေသူဖြစ်သည်၊ တစ်ယောက်ယောက်၏ အကူအညီနှင့် သိမြင် ပြောဆိုနိုင်သည့် ပုံစံဖြစ်သည်၊ လူငယ်များအကြိုက် ပြောဆို ဖြေကြားသည်၊ မိုက်ကယ်ဘအေးကိုလည်း မိုက်ကယ်ဘအေးသည် အရင်ဘဝက ဗီယက်နမ်နိုင်ငံက မိန်းမတစ်ဦးဖြစ်ကြောင်း အရုပ်ဆိုးကြောင်း အိမ်ထောင်မရှိသော်လည်း အတူနေဘူး သူတွေရှိကြောင်း အသက်ပိုကြီးသော အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်ကို စွဲလန်းကြိုက်မိသည်၊ ထိုအမျိုးသားသေဆုံးသွားသောအခါ အမေရိကားတွင် လူလာဖြစ်သည်၊ ထိုသူကို စွဲလန်းစိတ်ဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ပြီး ထိုအမျိုးသား လူဖြစ်ရာ အမေရိကား၌ လူပြန်ဖြစ်ခြင်းဖြစ်ကြောင်း၊ ဒီဘဝတွင် မိုက်ကယ်ဘအေးသည် ယောက်ျားတစ်ယောက် ဖြစ်လာပြီး၊ ထိုသူမှာ မိန်းမတစ်ယောက် ဖြစ်လာကြောင်း ပြောသည်၊ ထိုမိန်းမ ဖြစ်လာသော သူကို ရှာရန် သူအကူအညီ ပေးနိုင်ကြောင်း ငွေကုန်ခံနိုင်လျှင် ဖြစ်နိုင်ကြောင်းပြောသည်၊ မိုက်ကယ်ဘအေး အတွက် သူ၏ ပြောစကားများသည် စိတ်ဝင်စားစရာဖြစ်သည်၊ ထိုအမျိုးသမီးကလည်း ယုတ္တိရှိစွာ စိတ်ဝင်စားအောင် ပြောတတ်သည်၊ မိုက်ကယ်ဘအေးကိုလည်း ဗီယက်နမ်ကပြားလို့ ထင်နေသည်၊ ‘မိုက်ကယ်ဘအေးက ဟိုတစ်နေ့က မင်း ငါ့ကို စစ်သားတစ်ယောက်လို့ပြောတယ်လို့’ စောဒက တက်လိုက်ရာ အမျိုးသမီးက “အေးအေး မင်းကို ပြောဖို့မေ့သွားတာ မင်းက အရုပ်ဆိုးဆိုး စစ်သမီးတစ်ယောက်ပေါ့” ဟုဆိုသည်၊ တကယ်တော့ သူမထံ ဒုတိယအကြိမ်လာရခြင်းသည် ဟိုတစ်နေ့က သူ့ကို စစ်သားတစ်ယောက် ဖြစ်ခဲ့ဘူးသည်ဟု ပြောသောကြာင့်ဖြစ်သည်၊ သူစိတ်ထဲတွင် မြင်နေတွေ့နေရသည်မှာ သူသည် အရင်ဘဝကစစ်သား တစ်ယောက် မဟုတ်ပါလား၊ ခုတော့ ဒီမိန်းမက စစ်သားကနေ စစ်သမီးဖြစ်သွားချေပြီ၊ ကျသင့်ငွေများကို ပေးချေပြီး ဟောခန်းထဲက ခေါင်းအကြိမ်ကြိမ်ခါကာ ထွက်လာခဲ့မိသည်။

နောက်တစ်ယောက်ကလည်း မိုက်ကယ်ဘအေးကို စစ်သားတစ်ယောက် ဖြစ်ခဲ့ဘူးသည်ဟု ပြောဆိုလာသူမှာ တိဘက်ဘုန်းကြီးတစ်ပါးဖြစ်သည်၊ သူကတော့ ဆန်ဖရန်စစ္စကို က ဖြစ်သည်၊ သူ ရှေ့ဖြစ်နောက်ဖြစ် ဟောပုံက ထူးခြားသည်၊ မိုက်ကယ်ဘအေးကို ပထမ ဗုဒ္ဓဘုရားကို ရှိခိုးပူဇော်ခိုင်းသည် ထိုနောက် နတ်ဘီလူးကဲ့သို့ ရောင်စုံပုံကြီးတွေ ကာရံထားသော ပိတ်စများနဲ့ပြုလုပ်ထားသော အခန်းငယ်လေးတွင် မိုက်ကယ်ဘအေးရော သူရော တရားထိုင်သည်၊ တရားထိုင်နည်းတော့ သင်ပေးသည်၊ တစ်နာရီကြာသောအခါ တိဘက်ဘုန်းကြီးသည် သူတရားထိုင်တာကို ရပ်ပြီး မိုက်ကယ်ဘအေးကို ဆက်ထိုင်ခိုင်းထားသည် သူကတော့ ရွတ်ဖတ်မှုများကို စတင်တော့သည်၊ တစ်နာရီခန့် ကြာတော့ သူလည်း ရွတ်ဖတ်မှုများ ရပ်လိုက်ပြီး မိုက်ကယ်ဘအေးကိုလည်း တရားထိုင် ရပ်စေသည်၊ ထိုနောက် ထိုဘုန်းကြီးသည် သူ့ရှေ့ရှိ ကြေးရေခွက်ကြီးထဲ စူးစိုက်ကြည့်ရင်း မိုက်ကယ်ဘအေးကို ဟော တော့သည်၊ မိုက်ကယ်ဘအေးသည် အရင်ဘဝက စစ်သားတစ်ယောက် ဖြစ်ခဲ့ဘူးသည်၊ ထိုနောက် ခွေးဘဝကို ရောက်ခဲ့ပြီး ခုလူဖြစ်လာခဲ့သည်၊ ယခုဘဝတွင် စာသင်ကြားသူ ဆရာဖြစ်နိုင်သော်လည်း ပါရဂူ ပါမောက္ခ မဖြစ်နိုင် မဖြစ်လာနိုင်၊ အမေအသစ်တစ်ယောက်ရပြီး၊ မောင်နှမသားချင်းဆုံးရှုံးမည်ဟု ဆိုသည်၊ အရင်ဘဝက မပြီးသေးသော အလုပ်များကို ခုဆက်လုပ်ရမည်ဆိုသည်၊ အရင်ဘဝက လုပ်ရန်အကြွေးများကျန်ခဲ့သည် လုပ်ပြီးတောင်းပန်ရမည် ဟုဆိုသည်၊ ပိုမိုသိချင်လျှင် ခုလို တရားလာအားထုတ်၍ ကြည့်နိုင်ကြောင်း ပြောသည်၊ မရေရာသောအဖြေများဖြင့် မိုက်ကယ်ဘအေးပြန်လာခဲ့သည်၊ သူတွင် ညီအစ်ကို မောင်နှမများ မရှိပါ၊ အမေအသစ်ရနိုင်သည်တော့ ဖြစ်နိုင်သည်၊ အဖေသည် စိုးစိုးကို လက်ထပ်ပေလိမ့်မည်၊ နောက်ပြီး အရင်ဘဝက စစ်သားတစ်ယောက် ဖြစ်ခဲ့ဘူးသည်၊ အရင်ဘဝက လုပ်ရန်အကြွေးများကျန်ခဲ့သည် လုပ်ပြီးတောင်းပန်ရမည် ဆိုသော ဟောပြောချက်များကြောင့် အတွေးများ သူဆီမှာကျန်ရစ်ခဲ့သည်။

နောက်တစ်ယောက်ကတော့ လာဗီးဂတ်စ်အနီး ကောင်တီတစ်ခုကဖြစ်သည်၊ ဟောသူသည် မြောက်အိန္ဒိယ အမေရိကန်အစပ်ဖြစ်သည်၊ ဟောခန်းထဲတွင် ဟိန္ဒူ နတ်ဘုရားများ၊ အမေရိကားက ရက်အင်ဒီယန်း နတ်ဘုရားများ၊ တစ်ခြား အမျိုးအမည်မသိသော နတ်ဘုရားများလည်းရှိသည်၊ ကွမ်ရင်မယ်တော်နှင့် တာအိုစစ်နတ်များလည်း ပါလိုက်သေးသည်၊ ထို ပုဂ္ဂိုလ်နှင့် စကားပြောကြည့်သောအခါ လူကဲခတ်ကောင်းသော behavior technology ကိုပိုနိုင်သော၊ စိတ်ကို ဖမ်းယူနိုင်သော စိတ်ပညာရှင် တစ်ယောက် ဖြစ်ဖို့များသည်၊ မိုက်ကယ်ဘအေးကို အရင်နေ့က ဟောလိုက်သော အရင်ဘဝက စစ်သားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊ တိုက်ပွဲတွေကြား လျှောက်သွားနေတယ်၊ အိမ်အကြီးကြီးမှာနေတယ် ဆိုတာတွေသည် မိုက်ကယ်ဘအေး၏ အတွင်းစိတ်ကို စိတ်ပညာအရ ဖတ်ရှုသွားခြင်းဖြစ်မည်၊ ထိုသည်ထက် ဘာမှ ပိုမပြောနိုင်တော့၊ ပိုသိချင်လျှင် နောက်ထပ် လာခဲ့ဆို၍ ရောက်ခဲ့ခြင်းဖြစ်သည်၊ ဒီနေ့တော့ ထို ပုဂ္ဂိုလ်သည် မိုက်ကယ်ဘအေးကို ယောဂထိုင်ခိုင်းသည်၊ သမထနည်းဖြင့် စိတ်ကို ထိန်းချုပ်ရန်ဖြစ်သည်၊ သူကတော့ အုမ် အုမ် ဆိုပြီး တစ်ခုခုကို သီချင်းသံကဲ့သို့ ရွတ်ဆိုနေသည်၊ ထို ပုဂ္ဂိုလ် ထိုင်ခိုင်းသည့် ယောဂထိုင်နည်းသည် လက်တွေ့ မကြ၍ စိတ်တည်ငြိမ်မှု မရပေ၊ ထိုသူကလည်း ထပ်တလဲလဲ ကွန်စန်ထရိတ်လုပ်ခိုင်းနေသည်၊ နောက်ဆုံးတော့ ထို ပုဂ္ဂိုလ်နည်းအတိုင်း မလုပ်တော့၊ တိဘက်ဘုန်းကြီး သင်ပေးထားသည့်အတိုင်း တရားထိုင်လိုက်သည်၊ စိတ်သည်တည်ငြိမ်သွားခဲ့သည်၊ ထိုနောက် စိတ်တည်ငြိမ်မှုနောက်သို့ မျောပါသွားသည်။
……………………………………………………………………………………..

မိုက်ကယ်ဘအေး နှင့် လက်ဖတန်နင် ဘရိုက်

နေရာကား စစ်မြေပြင် နောက်တန်းစခန်းတစ်ခုဖြစ်သည်၊ ဒဏ်ရာရလာသော စစ်သားများကို သူတို့သိသမျှ ရန်သူ၏ အခြေအနေများကို မေးမြန်းပြီး လူနာကုသရာအဆောင်မှ စစ်ဆင်ရေးရုံးဘက် ထွက်လာခဲ့သည်၊ သူ၏ အထက်အရာရှိ ဗိုလ်မှူး ဗစ်တာကို သွားတွေ့ရန်ဖြစ်သည်၊ ယမ်းငွေ့များ ပေကြံနေသော စစ်ဝတ်စုံများနှင့် စစ်သားများကြားတွင် သူ၏စစ်ဝတ်စုံက အနည်းငယ် သစ်လွင်နေသယောင်ရှိသည်၊ ငယ်ရွယ်သော တက်ကြွသော စစ်သားဆန်သော အမှုအရာများသည် သူ၏မျက်နှာပေါ်တွင် ပေါ်လွင်လျှက်ရှိသည်၊ စစ်တပ်ထဲ ဝင်ကာစက ခွဲထွက်ချင်သော မြောက်ပိုင်းကသူပုန်တွေကို နှိမ်နှင်းရာတွင် သူတို့တပ်ဖွဲ့များ အောင်မြင်မှုရခဲ့သည်၊ ထိုအတွက် သူသည် မိမိကိုယ်ကို ယုံကြည်မှုတွေ ရရှိလာသည်၊ သူနာမည်သည် အေဒင်ဘရိုက် ဖြစ်သည်၊ အမေရိကန်တပ်မတော် သတင်းထောက်လှမ်းရေးတပ်ဖွဲ့မှ လက်ဖတန်နင် တစ်ယောက်ဖြစ်သည်။

“ခွဲထွက်မှုတွေကို အကုန် တစ်စက်မကျန် နှိမ်နင်းပစ်ရမယ် ဒါမှ နောင်လာနောင်သားတွေအတွက် ကောင်းကျိုးတွေ အများကြီးခံစားရမှာ၊ ဒီလို ခွဲထွက်မှုတွေ မရှိတော့ရင် အနှစ် ၂၀၊ အနှစ် ၅၀ အတွင်း အမေရိကန်ဟာ ကမ္ဘာမှာ နံပါတ်ဝမ်း ဖြစ်လာလိမ့်မယ်၊ သမိုင်းမှာတော့ မင်းတို့ စစ်တပ်ဟာ နာမည်ဆိုးနှင့် ကျန်ရစ်ခဲ့နိုင်ပေမဲ့ တစ်ချိန်ကျရင် မင်းတို့ကို ဒီနိုင်ငံရဲ့ တိုးတက်အောင်မြင်မှုတွေအတွက် ဂုဏ်ပြုကြလိမ့်မယ်၊” ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ အပြောတွေအောက်မှာ အမေရိကန်စစ်ဗိုလ်ချုပ်တွေ ဘဝင်မြင့်စေခဲ့သည်၊ သို့သော် ယခုတိုက်ရသည့် စစ်ပွဲက ခွဲထွက်ချင်သူတွေနဲ့ တိုက်ရသည့် တိုက်ပွဲမဟုတ်၊ နီဂရိုးအာဖရိကန် ကျွန်တွေကို လွတ်လပ်ခွင့်ပေးရန် စည်းရုံးရာမှ အင်အားကြီးမားလာကာ ကိုယ်ပိုင်လွတ်လပ်ခွင့်နယ်ကို ထူထောင်သည်အထိ ဖြစ်လာခဲ့သည်၊ လမ်းတွေ တံတားတွေကို ဖေါက်ခွဲဖျက်ဆီးကြသည်၊ လက်နက်တိုက်များ ဘဏ်များကို ဝင်စီးသည်၊ ဒေသခံများဖြစ်သည့်အလျှောက် နယ်မြေကျွမ်းကျင်မှု အသာစီးရကာ ပြောက်ကျားနည်းနှင့် စစ်တပ်ကိုစစ်ဆင်တိုက်ခိုက်သည်၊ ထိုအတွက် စစ်တပ်မှ အကျအဆုံးများစွာ ရင်ဆိုင်ရသည်၊ ဒီလို စစ်ပွဲမျိုးတွင် သူတို့လို ထောက်လှမ်းရေး တပ်ဖွဲ့များသည် အရေးပါသည်၊ သူပုန်သတင်းတိကျမှု နှင့် သူပုန်အားနည်းချက်သည် ဒီစစ်ပွဲတွင် အရေးပါသည်၊ အထူးသဖြင့် သူပုန်ခေါင်းဆောင် John Brown ဂျွန်ဘရောင်းသည် ဒီနယ်မြေလူထု ထောက်ခံမှုသိပ်မရသော်လည်း ကြောက်ကြသည်၊ သူကို မထောက်ခံသော မြေပိုင်ရှင်၊ လုပ်ငန်းရှင်များကို အခြေခံယူကာ သတင်းထောက်လှမ်းရမည် ဖြစ်သည်။

သူတို့တပ်ဖွဲ့ကို စစ်ဆင်ရေး ၄ နယ်မြေ စစ်ဆင်ရေးမှူး ဗိုလ်ချုပ် ဖရန့်လန်းဘတ်နှင့် တွဲထားခဲ့သည်၊ ဗိုလ်ချုပ်လန်းဘတ်သည် ဗြိတိသျှ ဘုရင့်တပ်မတော်မှ ပြောင်းလာသူဖြစ်သည် အာရှတွင် ပုန်ကန်သူများကို အမြစ်ပြတ် နှိမ်နင်းရာ၌ နာမည်ကြီးသည်၊ ရွာပုန်းများကို မီးရှို့အမြစ်ဖြတ်သည်၊ မသင်္ကာသူများ အန္တာရယ်ရှိသည် ထင်သူများကို ရှင်းပစ်သည်၊ ပြောက်ကျားတွေကို ဖြတ်တောက် ပိတ်စို့နည်းဖြင့်တိုက်ရမည်ကို ကောင်းကောင်းကျွမ်းကျင်သည်၊ ‘ယုံကြည်ချက်အရ စစ်ရေးအရ လုပ်သည်ပဲထားဦး မိုင်းထောင်၊ တံတားဖျက်၊ ဖျက်လိုဖျက်ဆီး လုပ်နေသမျှတော့ ဒီကောင်တွေဟာ သောင်းကျန်းသူ အကြမ်းဖက်သမားတွေပဲ’ ဆိုပြီး ဂျွန်ဘရောင်းကို အစိုးရက အကြမ်းဖက်သမားအဖြစ် သတ်မှတ်သည်၊ အမေရိကန်သမိုင်းတွင် အဆိုးဝါးဆုံး အကြမ်းဖက်သမား အဖြစ်ဖေါ်ပြခံရသည်၊ ဗိုလ်ချုပ်လန်းဘတ် နဲ့ တွဲလုပ်ရသဖြင့် သူနှင့် သူ့အထက်အရာရှိမှာ တော်တော်ဖိအားပေး ခံရသည်၊ နောက်ဆုံး ဂျွန်ဘရောင်းကို အရှင်လိုချင်တယ် ဆိုပြီး ရန်သူနယ်မြေထဲထိ ဝင်ကာ သတင်းအတိကျရဖို့ စေလွတ် တာဝန်ပေးလိုက်သည်၊ သူတို့ ထောက်လှမ်းရေး တပ်ဖွဲ့မှ သူ(လက်ဖတန်နင် ဘရိုက်)၊ လက်ဖတန်နင် ဂယ်ရီ၊ တပ်ကြပ်ကြီးဖါဂူဆန်နှင့် ဗိုလ်မှူးဗစ်တာ တို့ ရဲလေးဖေါ်သည် ဂျွန်ဘရောင်း၏ သတင်းအတိအကျရရှိရန် ရန်သူနယ်မြေ အန္တရယ်ကြားသို့ ထိုးဖေါက်ဝင်ရောက်ရသည်၊ တပ်ကြပ်ကြီးဖါဂူဆန်ကတော့ တပ်ဖွဲ့နှင့် ဗိုလ်ချုပ်လန်းဘတ်ကြား ဆတ်သားတစ်ယောက်ဖြစ်သည်၊ ဂယ်ရီက ကိုယ်ပျောက် သတင်းသမားဖြစ်ပြီး သူနှင့် ဗိုလ်မှူးဗစ်တာ တို့က ကိုယ်တိုင် အော်ပရေးရှင်းလုပ်ရမည့် သူများဖြစ်သည်။

ဒီလိုနဲ့ သူနှင့် ဗိုလ်မှူးဗစ်တာတို့ သူပုန်နယ်မြေအတွင်း လျှို့ဝှက်သွားလာ သတင်းယူရသည်၊ သူတို့ပေးသော သတင်းများဖြင့် ဗိုလ်ချုပ်လန်းဘတ်တပ်များ အောင်ပွဲများ ရရှိကြသည်၊ ထိုအတွက် ဂျွန်ဘရောင်းတို့ကလည်း သိရှိသွားပြီး သူတို့ကို မြေလှန်ရှာကြသည်၊ တစ်နေ့တွင် သူတို့နှစ်ယောက်သည် လယ်ပိုင်ရှင် မြေပိုင်ရှင် မိသားစု အိမ်တစ်အိမ်တွင် သတင်းရယူရန် မိသားစုကို စစ်ဆေးနေခဲ့သည်၊ မြေပိုင်ရှင် အဖိုးကြီးနာမည်က စတီဗင်ဖြစ်သည်၊ စတီဗင် မိသားစုတွင် သမီးသုံးယောက် သားနှစ်ယောက် စုစုပေါင်း ၇ ယောက်ရှိသည်၊ ကြီးကြပ်သူ ၅ ယောက်နှင့်အတူ ကျွန်ပေါင်း ၈၀ ကျော်ကိုပိုင်ဆိုင်သည်၊ သူပုန်ခေါင်းဆောင် ဂျွန်ဘရောင်းကို သိရှိသူဖြစ်ပြီး ငွေကြေးထောက်ပံ့သူလည်းဖြစ်သည်၊ တကယ်တမ်း စစ်ဆေးမေးမြန်းသောအခါ အဖိုးကြီး စတီဗင်သည် စိတ်ဓါတ်ကျနေပြီဖြစ်သည်၊ စစ်ပွဲကြောင့် လယ်မြေလည်း မလုပ်နိုင်၊ ကြီးကြပ်သူတွေကလည်း မလာတော့၊ ကျွန်တစ်ချို့ကလည်း ထွက်ပြေးကြ၏၊ တဘက်မှာလည်း ဂျွန်ဘရောင်းကို ကူညီသည်ဆိုရာ၌ မိသားစု လုံခြုံရေးနှင့် ရှင်သန်ရေးအတွက်ဖြစ်သည်၊ တဘက်မှာလည်း အစိုးရက အဖိုးကြီးကို သူပုန်ထောက်ပံ့သူအဖြစ် သတ်မှတ်ထားသည်၊ မငြိမ်းချမ်းသော နယ်မြေတွင် နေရသူများ၏ဘဝကား မလွယ်ပါပေ။

အဖိုးကြီး စတီဗင်ထံမှ ဂျွန်ဘရောင်းတို့၏ အရေးကြီးသော သတင်းများ ရရှိလိုက်သည်၊ ထိုညမှာပင် အဖိုးကြီးအိမ်သို့ သူပုန်အဖွဲ့များ ဝင်ရောက် တိုက်ခိုက်သည်၊ သူနှင့် ဗိုလ်မှူးဗစ်တာတို့ စတီဗင်မိသားစုကို ခေါ်ထုတ်လာခဲ့ရသည်၊ ဂယ်ရီ၏ ကူညီမှုကြောင့်လည်းပါသည်၊ မီးလောင်နေသော သူတို့အိမ်ကြီးနှင့်အလုပ်ရုံများကိုကြည့်ကာ အဖိုးကြီးတို့ မိသားစု မျက်ရည်ကျ ဝမ်းနည်းခဲ့ကြသည်၊ အသက်ရှင်သန်ရေးက ပိုအရေးကြီးသည်ကိုတော့ သူတို့နားလည်ကြသည်၊ ထိုအချိန်မှာပင် ဖါဂူဆမ်က သတင်းပို့လာသည်၊ ဗိုလ်ချုပ် ဖရန့်လန်းဘတ်က တည်ကြက်အဖြစ် အဖိုးကြီးမိသားစုကို ဝေလာတောင်ကုန်းသို့ခေါ်သွားရန်၊ သူပုန်အဖွဲ့မှ သစ္စာဖေါက်အနေဖြင့် အဖိုးကြီးတို့ကို လာရောက်တိုက်ခိုက်လျှင် အသင့်စောင့်နေသော မိမိတပ်ဖွဲ့ဝင်များက ဝင်တိုက်ခိုက်မည်ဖြစ်သည်၊ သူပုန်အဖွဲ့မှ လာတိုက်ခိုက်သည့်အဖွဲ့သည် အထူးတပ်ဖွဲ့ဖြစ်မည် ထိုတပ်ဖွဲ့ကိုရှင်းနိုင်လျှင် မိမိတို့ တိုက်ခိုက်ရေးတွင် အသာစီးရပြီး အောင်နိုင်မှုအတွက် အရေးပါသည်ဆိုသည်၊ ပြီးနောက် အဖိုးကြီးမိသားစု အသက်ရှင်ကျန်နေခဲ့လျှင် တစ်ယောက်မကျန် အကုန်ရှင်းပစ်ရန် အမိန့်ပေးထားသည်။

အမိန့်အတိုင်း ဝေလာတောင်ကုန်းသို့ အဖိုးကြီးတို့ မိသားစုကို ခေါ်ဆောင်လာခဲ့သည်၊ သူတို့၏ ကံကြမ္မာကို ဒီမိသားစုဝင်တို့က မသိသေး၊ သူတို့ကို ဘေးကင်းရာသို့ ခေါ်ဆောင်လာသည် ထင်နေကြသည်၊ ဝေလာတောင်ကုန်းသို့ ရောက်ရန် နှစ်မိုင်ခန့်အလိုတွင် တစ်ခေါက်နားကြရာ ဗိုလ်မှူးဗစ်တာက ဘရိုက်ကို ‘ဒီအဖိုးကြီးမိသားစု သေသင့်သလား’လို့ မေးခွန်းမေးလာခဲ့သည်၊ ဘရိုက်က ‘သူတို့သူပုန်တွေကို အကူအညီ ပေးခဲ့တာ မှန်တယ်၊ ဘာလို့ အကူအညီ ပေးခဲ့ရတာလဲ စဉ်းစားဖို့သင့်တယ်၊ သာမန်လူတွေဘဝမှာ နီးရာဓါးကို ကြောက်ကြရတာ အဲဒါကို အပြစ်လို့ထင်ရင် တစ်ရွာလုံး တစ်မြို့လုံး သတ်ပစ်ရလိမ့်မယ်၊’ ‘သူပုန်နယ်မြေထဲမှာ နေတဲ့သူတိုင်း သူပုန်မဟုတ်ဘူး၊ သူပုန်နယ်မြေထဲမှာ နေတဲ့သူတိုင်း သူပုန်တွေကို ထောက်ခံအားပေးသူလည်း မဟုတ်ဘူး’
ဗိုလ်မှူးဗစ်တာက ‘ငါတို့ သူတို့အတွက် တစ်ခုခုလုပ်သင့်တယ်လို့ထင်သလား’ ထပ်မေးလိုက်သည်၊ ဘရိုက် တွေဝေသွားသည် ပြန်မဖြေနိုင် စစ်သားတစ်ယောက်အတွက် အမိန့်ကို နာခံရမည်၊ ‘မင်းမဖြေနိုင်ဘူး မဟုတ်လား၊ ဒီလိုလေ ငါတို့စစ်ဆင်ရေးလည်းမပျက် အောင်ပွဲလည်းမပျက် သူတို့မိသားစုလည်း ဘာမှမဖြစ်အောင် ကြံရလိမ့်မယ်၊ ဒါဆို ငါတို့ စစ်ဥပဒေနဲ့လွတ်မယ်’ ဗိုလ်မှူးဗစ်တာက ထပ်ပြောသည်၊ ဘရိုက်က ‘လောလောဆယ် ဗိုလ်မှူးက ကျနော့်ကို အမိန့်ပေးသူပဲ စစ်မြေပြင်မှာ လုပ်ပိုင်ခွင့်လည်း ရှိတယ် မဟုတ်လား’ ပြန်ဖြေလိုက်သည်၊ ကောင်းပြီ ငါတို့ တစ်ခုခု စီစဉ်ရတာပေါ့ ဗိုလ်မှူးကဆိုသည်။

ဝေလာတောင်ကုန်းနှင့် လေးမိုင်လောက်အဝေးတွင် တောထူထပ်သော ရေတံခွန်စခန်းနေရာ၌ အဖိုးကြီး စတီဗင်ပိုင်သော သစ်ထုတ်လုပ်ရေး စခန်းတစ်ခု ရှိသည်ဆိုသည်၊ ထိုစခန်းအနီး ယာတောထဲတွင် အဖိုးကြီး ပိုင်သော မြေအောက် အိမ်တစ်လုံးရှိသည်ဆိုသည်၊ ထိုနေရာသို့ ဘရိုက်တို့တစ်တွေ ခရီးထွက်ခဲ့သည်၊ သစ်ထုတ်လုပ်ရေးစခန်းတွင် ဗိုလ်မှူးဗစ်တာက အဖိုးကြီးကို အခြေအနေ ရှင်းပြလိုက်သည်၊ မိသားစုတစ်စုလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်၊ ဗိုလ်မှူးဗစ်တာက အစိုးရက ဒေသတိုးတက်ရေးအတွက် သူပုန်တွေကို အမြန်ဆုံးရှင်းချင်နေပြီ၊ စစ်ပွဲက သုံးလမဟုတ်ရင် အများဆုံး ၆လပဲကြာမယ်၊ ခင်ဗျားတို့မိသားစု ဒီမြေအောက်အိမ်လေးထဲမှာ ပုန်းနေကြ အစာရေစာ ၆လစာလောက် ထည့်ထားမယ်၊ အိမ်ကို အပေါ်က ရုပ်ဖျက်ထားမယ်၊ စစ်ပွဲပြီးရင် ငါတို့လာဖွင့်ပေးမယ်၊ အဖိုးကြီး စတီဗင်တို့က သဘောတူသည်၊ ဒီအတွက် သူတို့လက်ကျန်ကျွန်တွေနဲ့ အိမ်ကိုလုံခြုံအောင် ပုံဖျက်လိုက်သည်၊ ဒီနောက် ဗိုလ်မှူးဗစ်တာက ဘရိုက်ကို ‘မင်းကျွန်တွေကို အဖိုးကြီးမိသားစု ပုံစံဝတ်ခိုင်းပြီး ဝေလာတောင်ကုန်းကို ခေါ်သွားနှင့် ဒါမှ ငါတို့စီစဉ်ထားတဲ့ အတိုင်းဖြစ်မှာ အိမ်ကိုလုံခြုံအောင် အပြင်ကနေရာတွေကို လက်စသတ်ပြီးရင် ငါအမြန် လိုက်လာခဲ့မယ်၊’ ဘရိုက်လည်း အမိန့်အတိုင်း အယောင်ဆောင်ထားသော ကျွန်တွေနဲ့ ဝေလာတောင်ကုန်းသို့ အမြန်ထွက်လာခဲ့သည်၊ အချိန်မှီရောက်ဖို့က အရေးကြီးသည် လွဲချော်သွားလျှင် အားလုံးဒုက္ခရောက်ကုန်မည်ဖြစ်သည်၊ မထွက်ခွာမှီ အိမ်အောက်ထဲဆင်းပြီး အဖိုးကြီး စတီဗင် မိသားစုကို သွားနူတ်ဆက်ခဲ့သည်၊ အဖိုးကြီး စတီဗင်က “မင်း ဆက်ဆက် ငါတို့ကို လာခေါ်နော် ငါတို့ဒီမှာ ကြာကြာနေနိုင်မယ်မထင်ဘူး၊” ဘရိုက်ကလည်း ‘စိတ်ချပါ ကျနော်တို့ လာခေါ်ပါမယ်၊’ အားကိုးတကြီးဖြင့် ခံစားချက်တစ်မျိုးရှိသော မျက်လုံးများဖြင့် မိသားစုတစ်စုလုံး ဘရိုက်ကိုကြည့်နေကြသည်၊ ထိုမျက်လုံးအကြည့်အစုံများစွာကို ဘရိုက် မေ့ဖျောက်ရနိုင်မည်မဟုတ်ပါ။

ဝေလာတောင်ကုန်းသို့ အမြန်ခရီးဆက်ရင်း၊ ဗိုလ်မှူးဗစ်တာ နောက်ဆုံးပြောလိုက်သည်တို့ကို တွေးနေမိသည်၊ ဗိုလ်မှူးဗစ်တာက ‘ဒီနေရာကို ငါဆီက အချက်ပေး သင်္ကေတ မရမချင်း မင်းမလာခဲ့နဲ့ သင်္ကေတ နှင့်အတူ တံခါးဖွင့်နည်းတွေပါ ငါညွှန်ကြားလာမယ်၊ ဒီ၆လအတွင်းမှာ ငါလုပ်ရမှာက ဒီမိသားစုကိုပြန်ခေါ်ရေးပဲ၊ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို ပေါက်ကြားလို့မဖြစ်ဘူး၊ ဒီကျွန်တွေလည်း ယုံရတာမဟုတ်ဘူး၊ မင်းရယ် ငါရယ် ဒီအဖိုးကြီးမိသားစုရယ် လုံခြုံအဆင်ပြေရေးက အရေးကြီးဆုံးပဲ၊ အထူးသဖြင့် စစ်ပြီးသွားရင်တောင် ဂျွန်ဘရောင်းရဲ့ လူတွေက သစ္စာဖေါက်အဖြစ် ဒီအဖိုးကြီး မိသားစုကိုရှင်းမှာပဲ၊ ဒီမှာ သင်္ကေတ၊ ဒီဟာမရမချင်း မင်းဘာမှ မလှုပ်ရှားနဲ့၊’ ‘မင်းဝေလာတောင်ကုန်းတိုက်ပွဲမှာ ကံကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်’၊ ဘရိုက်ကလည်း ‘ငါ စွန့်စားချင်လို့ စစ်ထဲဝင်လာတာ ငါ စစ်ကို တော်တော်စိတ်ကုန်သွားပြီ၊ ဒီစစ်ပွဲပြီးရင် ကယ်လီဖိုးနီးယားပြန်မယ်၊ ဖြစ်နိုင်ရင် တည်ငြိမ်အေးချမ်းစေရေးအတွက် သူတို့မိသားစုကို ကယ်လီဖိုးနီးယားကို ငါခေါ်သွားမယ်’၊ ဗိုလ်မှူးဗစ်တာက ‘လောလောဆယ် မင်းဟာ စစ်သားတစ်ယောက် စစ်သားတစ်ယောက်လိုတွေးပါ အထူးသဖြင့် ဒီညမှာပေါ့ သိပ်အရေးကြီးတယ်’၊

ဝေလာတောင်ကုန်းသို့ အရောက်တွင် အယောင်ဆောင်လာသူတွေကို ပိရိအောင်ပြန်လုပ်လိုက်သည် သူပုန်ရော မိမိတပ်ဖွဲ့တွေပါ မှန်ပြောင်းတွေနဲ့ ကြည့်နေမှာသေချာသည်၊ အယောင်ဆောင်ကျွန်တွေကတော့ ဘာမှမသိ တစ်နေရာသွားရန် ခေတ္တ စခန်းချသည်ထင်နေသည်၊ စခန်းချသည့်နေရာကို သေချာလေ့လာပြီး မိမိအတွက်ဂယ်ပေါက် ထွက်ပေါက်ကို ဘရိုက် သေချာ စီစဉ်နေမိသည်၊ သူက တိုက်ခိုက်ရေး စစ်သားတစ်ဦးမဟုတ်သည့်အတွက် သူသည် ရန်သူအမိမခံဖို့ အရေးကြီးဆုံးပင်၊ သတ်မှတ်ထားသည့်နေရာကို အသက်မသေပဲ ရောက်ရှိရေးပင် ဖြစ်သည်။

ညသည် လမသာသောညတစ်ညဖြစ်သည် တောခွေးအူသံတို့ ကြားနေရသည်၊ သန်းခေါင်ရောက်တော့မည်ဖြစ်သည် ကင်းစောင့်နေသော ကျွန်နှစ်ယောက်ကို လူလဲစေသည်၊ သေနပ်ရှည် ၆လက်ကို ကြိုးဖြင့်ဆွဲ၍ ပစ်နိုင်ရန် လုပ်ထားလိုက်သည်၊ တိုက်ခိုက်လာပါကာ ခုခံမှုရှိသည့်ပုံစံ ဖြစ်စေလိုသည့် သဘောပင်၊ ထူးခြားမှုကား မဖြစ်လာသေး၊ ဒီလိုဆို ဗိုလ်မှူးဗစ်တာ အချိန်ရကာ ရောက်လာနိုင်သည်၊ တမှေးဖြစ်သွားစဉ် သူဆင်ထားသော ထောင်ချောက်များ မြည်သံကြားလိုက်ရသည်၊ ‘ဖျောက် ဖျောက် ဖျောက် ဖျောက်’ သူပုန်တွေ ချည်းကပ်လာပြီ ဖြစ်သည်၊ ကျွန် တို့ကား အိပ်မောကျနေဆဲဖြစ်သည်၊ ဘရိုက်တစ်ယောက် သေနပ်ပစ်သည့်ကြိုးစကို ကိုင်ထားလိုက်မိသည်၊ မဲမဲတို့က တက်လာပေပြီ၊ သတ်ကွင်းနေရာ အရောက်တွင် ဘရိုက် ကြိုးကိုဆွဲလိုက်သည်၊ ‘ဒိုင်း ဒိုင်း’ သေနပ်သံများ တိတ်ဆိတ်သောညကို ဆူညံသံပေးလိုက်သည်၊ ဒိုင်းနမိုက်ထားရာ နေရာကိုသွားပြီး စနက်တံတွေကို မီးရှို့လိုက်သည်၊ ကျွန်တွေကား ကြောက်လန့်တကြား ပြေးလွှားနေကြသည်၊ ‘အုံး အုံး’ ဒိုင်းနမိုက်များ စပေါက်ကွဲသောအခါ ဘရိုက်တစ်ယောက် ဂယ်ပေါက်ကနေ သတ်မှတ် ထားသည့်နေရာသို့ ပြေးတော့သည်၊ ဒိုင်းနမိုက်များ ဆက်လက်ပေါက်ကွဲနေဆဲဖြစ်သည်၊ သူပုန်များကား ဝေလာတောင်ကုန်းပေါ်သို့ လူရှိနေသည်အထင်နဲ့ ဆက်လက်တိုက်ခိုက်နေသည်၊ စစ်တပ်ကတော့ ဝေလာတောင်ကုန်းကို လူအင်အား လက်နက်အင်အား များစွာဖြင့် ဝိုင်းထားပြီးဖြစ်သည်၊ သတ်မှတ်ထားသည့်နေရာသို့ ရောက်သောအခါ ဗိုလ်မှူးဗစ်တာကိုတွေ့ရသည်၊ ဘရိုက်ကို တွေ့သော အခါ ဝမ်းသာအားရဖြစ်သွားသည်၊ ဖက်လှဲတကင်း နူတ်ဆက်လိုက်သောအခါ၊ ‘အို’ ဆိုသော အသံနှင့်အတူ မင်းထိလာတယ်ဆိုပြီး ဗိုလ်မှူးဗစ်တာ အလန့်တကြားပြောလိုက်သည်၊ ဘရိုက်ကြည့်လိုက်သော အခါ ဘရိုက်ပေါင်တွင် သွေးများစိုရွဲလို့နေသည်၊ ဗိုလ်မှူးဗစ်တာသည် ဘရိုက်ဒဏ်ရာကို ပြုစုပေးရင်း 'ခဏနေကြာ ဂယ်ရီနှင့် ဖါဂူဆန်ရောက်လာလိမ့်မယ်၊ တိုက်ပွဲပြီးသွားရင် အဖိုးကြီး စတီဗင်မိသားစု အသက်ရှင်ကျန်မကျန် သူတို့သွားကြည့်ကြလိမ့်မယ်၊ ဘာမှစိတ်မပူနှင့် မင်းဖေါက်ခဲ့တဲ့ ဒိုင်းနမိုက်တွေနဲ့ အစရှာရမှာ မဟုတ်ဘူး၊' ပြောနေရင်းပင် ဂယ်ရီနှင့် ဖါဂူဆန်တို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာသည်၊ ဗိုလ်မှူးဗစ်တာက ဒီကိုအလာမှာ မင်းကိုငါပြောခဲ့တာတွေ မမေ့နဲ့ဆိုပြီး စကားဖြတ်လိုက်သည်။

လက်ဖတန်နင် ဘရိုက်နှင့် သတင်းစာဂေဟာ

ဒီအိမ်ကြီး၊ ရဲတိုက်ကြီးကို သတင်းစာဂေဟာဟု ဒီပတ်ဝန်းကျင်ကခေါ်သည်၊ တကယ်တော့ ဒီဂေဟာကို သူ့ဦးလေးကပိုင်ဆိုင်သည်၊ သူ့ဦးလေးသည် သတင်းစာလုပ်ငန်း ရွှေတူးဖေါ်ခြင်းလုပ်ငန်း တစ်ခြားအရောင်းအဝယ်များဖြင့် ကျိကျိတက်ချမ်းသာသူ တစ်ယောက်ဖြစ်သည်၊ ချမ်းသာသောသူတွေရဲ့ ထုံးစံအတိုင်း သူ့ဦးလေးကိုလည်း ခပ်ကြောင်ကြောင်ပဲလို့ ဘရိုက် သတ်မှတ်ထားသည်၊ လက်ဖတန်နင် အေဒင်ဘရိုက်အဖြစ် စစ်မှုထမ်းစဉ် သူရဲကောင်းမှတ်တမ်းဝင်နှင့် ငွေကြယ်တံဆိပ်တို့ ရရှိခဲ့သည်၊ ထိုသို့ရရှိသည်ကို ကြားသောအခါ ဦးလေးတစ်ယောက် အမေနှင့်ရောက်လာပြီး စစ်တပ်ထဲက ထုတ်လာခဲ့သည်၊ ပြီးနောက် သူရဲကောင်းတံဆိပ်ကို အသုံးချကာ သူ့အား စစ်တပ်ကို ကုန်ပစ္စည်း တင်သွင်းသည့်အလုပ်ကို ကြီးကြပ်စေသည်၊ ဒါပေမဲ့ ဦးလေး၏သား သူ့အစ်ကိုဝမ်းကွဲကို အစီရင်ခံရသည်၊ မိန်းမဆန်သော သူ့အစ်ကိုဝမ်းကွဲကို သည်းညည်းခံရင်း မလုပ်ချင်သော အလုပ်တွေ လုပ်နေရသည်၊ စစ်တပ်ထဲက လုပ်ဖေါ်ကိုင်ဖက်တွေဆီကလည်း ဘာမှမကြားပေ ဗိုလ်မှုးဗစ်တာ တစ်ယောက်ကတော့ ကနေဒါဘက်သို့ တာဝန်ကျနေသည်ဆိုသည်၊ ထိုဒေသသည် ဆိုးဝါးလှတဲ့ ရာသီဥတုရှိသောကြောင့် ဘယ်စစ်သားမှ မသွားချင်၊ သူတပ်ထဲမှအထွက်တွင် ဗိုလ်မှူးဗစ်တာနှင့် ဗိုလ်ချုပ်လန်းဘတ်တို့ မပြေမလည်ဖြစ်ကြသည်ဆိုသည်၊ သည့်အတွက် ဗိုလ်မှူးဗစ်တာ လွင့်သွားတာဖြစ်နိုင်သည်၊ ဗိုလ်မှူးဗစ်တာထံမှ ဘာမှ မကြားရ၍ အားလုံးအဆင်ပြေနေသည်ဟု ဘရိုက် သတ်မှတ်လိုက်သည်။

သူ့အစ်ကိုဝမ်းကွဲက သူနှင့်လိုက်ခဲ့ရန်ခေါ်သဖြင့် ဘရိုက် တစ်ယောက်လိုက်သွားမိသည်၊ ရေကူးကန်ဘက်သို့ ခေါ်သွားခြင်းဖြစ်သည်၊ ရွှေအတိဖြင့် အနားကွပ်ထားသော ရေကူးကန်ထဲတွင် ကောင်မငယ်ငယ် လှလှလေးများ ဘာအဝတ်အစားမှ မဝတ်ပဲ လုံးတီးရေကူးနေကြသည်၊ ဘာလုပ်မလို့လဲဟု သူ့အစ်ကိုဝမ်းကွဲကို လှမ်းမေးလိုက်သည်၊ 'မင်းနဲ့သူတို့ ရေကူးကန်ထဲပျော်ပါးတာကို ငါကြည့်ချင်တယ်၊' "မင်းဟာအရူးတစ်ယောက်ပဲ"လို့ ဘရိုက်လှမ်းပြောလိုက်သည်၊ သူ့အစ်ကိုဝမ်းကွဲက မထိတစ်ထိရယ်ကာ ရေကူးကန်ထဲသို့ နင်တို့ဒီစစ်သားကြီးကိုကြိုက်သလိုလုပ်နိုင်တယ် ပြောကာ ဘရိုက်ကို ရေကူးကန်ထဲတွန်းချလိုက်သည်၊

ဝုန်း အေးစက်သော ရေတို့၏ ထိတွေ့မှုကို ခံစားလိုက်ရသည်။

……………………………………………………………….

မိုက်ကယ်ဘအေး နှင့် အစဖေါ်ပေးသူ

အေးစက်သော ရေတို့၏ ထိတွေ့မှုကို ခံစားလိုက်ရသည်၊ မျက်နှာမှ ရေတွေကို လက်ဖြင့် ပွတ်ချလိုက်မိသည်၊ မျက်စိရှေ့တွင် ဟောပြောသူ ဝင်စတန်ရပ်ဂ် ကိုတွေ့လိုက်ရသည်၊

'ဟေး မင်းအိပ်နေတာလား၊ တရားထိုင်နေတာလား၊ အိမ်မက်တွေ မက်နေတယ်ထင်တယ်၊ ဘယ်လိုမှ နိုးလို့မရလို့ မျက်နှာကို ရေနဲ့ပက်လိုက်တာ၊ ကဲ မျက်နှာသုတ်လိုက် ငါတို့ စဆွေးနွေးမယ်'၊

ဝင်စတန်ရပ်ဂ် တစ်ယောက် သူ၏ရှေ့ဖြစ်နောက်ဖြစ်များကို ဟောနေသည်၊ သူစိတ်မဝင်စားပေ၊ နောက်ဆုံး 'မင်းက စစ်သားတစ်ယောက်ဖြစ်ပြီး ကောင်မငယ်ငယ်လေးတွေနဲ့ တော်တော်ပျော်တာပဲ၊ ရေကူးကန်တောင်ဘာတောင် မရှောင်ဘူး'၊ ဝင်စတန်ရပ်ဂ်၏ ဟောပြောချက်များသည် မှန်သည်မှားသည် သူမသိသော်လည်း၊ သူသိလိုက်သည်မှာ ဝင်စတန်ရပ်ဂ်သည် တစ်ဖက်လူ၏ စိတ်ကိုဖမ်းယူသိရှိနိုင်သော အစွမ်းရှိ စိတ်ပညာရှင်တစ်ဦးဖြစ်မည်၊ နာမည်မမေးရပဲ သူဆီလာတဲ့သူတွေကို နာမည်ပြောဆိုနိုင်သည်၊ ခုလည်း ဝင်စတန်ရပ်ဂ်သည် သူ၏နောက်ဆုံး စိတ်ထဲကဖြစ်ပေါ်မှုကို ပြောဆိုနိုင်ခဲ့သည်။

ဝင်စတန်ရပ်ဂ်အစွမ်းကြောင့်လား၊ တရားထိုင်မှုကြောင့်လား၊ သူအခုအိမ်မက်သဖွယ် မြင်တွေ့လိုက်ရခြင်းကို သူ၏ အတိတ်ဘဝ တစ်ခုဟု သူယုံကြည်လိုက်သည်၊ သူပေါင်တွင်ပါရှိသော မွေးရာပါအမှတ်သည် ထိုစဉ်က သူရရှိခဲ့သော ဒဏ်ရာအမှတ်ပင်ဖြစ်နိုင်သည်။

ဗိုလ်မှူးဗစ်တာ၏ မျက်နှာသည် တစ်ခါတစ်လေ တစ်စုံတစ်ယောက်၏ မျက်နှာ အဖြစ်ပြောင်းလဲသွားတတ်သည်၊ ဓါတ်ပုံထဲကသူအဖိုး၏ မျက်နှာပင်ဖြစ်သည်၊ ဖြစ်နိုင်သည် ဗိုလ်မှူးဗစ်တာသည် ယခုဘဝတွင် သူအဖိုး ဖြစ်မည်၊ နောက်ပြီး သူ့အစ်ကိုဝမ်းကွဲ၏ အမှုအရာများသည် စိုးစိုး၏ အမှုအရာများနှင့် တော်တော်တူနေသည်မှာ တိုက်ဆိုင်မှုတွေများလား စဉ်းစားမိသည်၊

ဘာပဲဖြစ်ဖြစ် မိုက်ကယ်ဘအေး တစ်ယောက် သူ၏ အတိတ်ဘဝကို အစ ရှာရပြီဖြစ်သည်။





ခဏ ရပ်ပါဦးမည်၊
ဝါရှင်တန်နှင့် ဗာဂျီးနီးယား ပြတိုက်တို့မှ ရိုက်ယူခဲ့သော ဓါတ်ပုံများဖြစ်ပါသည်

13 comments:

Anonymous said...

ကိုဆိုစီ ရေ

အလွန်အလွန် စိတ်ဝင်စားစွာ ဖြင့် စောင့်မျှော်လျှက်ရှိသူပါ နော်

ကျေးဇူး
ရွှေစင်ဦး

Shwe Aung said...

စိတ်ဝင်စားစရာပါပဲ အရင်ဘဝ သတ်ရနေတဲ့ ကလေးတွေ မြင်ဖူးပါတယ်

မဒမ်ကိုး said...

ဖတ်ရင်းနဲ့ရပ်ရပြန်ပြီး(

မျှော်နေပါမည်း)

ခင်မင်လျှက်

မဒိုးကန်

Anonymous said...

Very attractive post.Waiting for the sequel eagerly.
Gyidaw

မြသွေးနီ said...

ဒီပို့စ်ကို ပြန်မိဖို့ အရှေ့က ပို့စ်ကို ပြန်ဖတ်ရတယ်။ တတိယပိုင်းကိုလည်း ဒုတိယပိုင်း ပြန်ဖတ်ပြီးမှ ပြန်ဖတ်ရမယ်။ အပိုင်း(၃)
မြန်မြန်လေးနော်...။

ညီရဲ said...

အစ်ကိုကလဲ ကောင်းခန်းရောက်မှ မျက်နှာကို ရေနဲ့ ပက်လိုက်ရတယ်လို့ ... ဟီး... စတာပါ... ဖတ်လို့ တကယ်ကောင်းတယ်... ဆက်ရန်ကို မြန်မြန်လေး လုပ်ပါဦး အစ်ကို...မျှော်နေမယ်...

mstint said...

'အထူးအဆန်းများ-၂' ဖတ်ရင်းမျောသွားတယ်။
ဆိုစီရေ။ 'အထူးအဆန်းများ-၁' ဖတ်ပြီးထဲက
မျှော်နေခဲ့တာ။ အခုလည်း '၃' မျှော်နေပြီနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာဘဲ
တတိယပိုင်းကိုတော့ ကြာကြာမစောင့်ခိုင်းနဲ့နော်
အရှေ့ဟာတွေ ပြန်မေ့ကုန်မယ်။
သိပ်ကြာရင်တော့ ရှေ့ ၂ပိုင်းလုံး ပြန်ဖတ်မှ ပြန်ဆက်စပ်မိမှာ
ခုလည်း ဇာတ်လမ်းကောင်းနေတုန်း ရပ်ပစ်လိုက်တော့ ဆန့်ငင်ငင် ဖြစ်သွားရော။။

ချော(အစိမ်းရောင်လွင်ပြင်) said...
This comment has been removed by the author.
Nay Nay said...

I realy want to known my past life but I eager to known the future or next life.

ဟန်ကြည် said...

ဒုတိယပိုင်းလည်း ကောင်းတာပါပဲ...ဇာတ်လမ်းကို တစ်ရစ်ချင်း ဆွဲတင်သွားတယ်...စာဖတ်သူကို ပင့်သက်တောင်မရှူရဲအောင် ချုပ်ပြီးယူသွားတာ သဘောကျတယ် ကိုဆိုစီရေ...

ဒီဇာတ်လမ်းကို မထင်မှတ်တဲ့ အချိုးအကွေ့ကနေ စာဖတ်သူ တအံ့တသြ ကျန်နေရစ်အောင် သိမ်းလိုက်မလဲဆိုတာကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်ဖတ်ရှုနေပါကြောင်းဗျား...

မြစ်ကျိုးအင်း said...

ဖတ်လို့ကောင်းပါ့ဗျာ။ ဇာတ်ရှိန်လေးတွေ တဖြေးဖြေး မြင့်တက်သွားတာ ဖတ်နေသူပါ မျောပါနေမိတယ်။

ကိုဇော် said...

အခုမှ ရောက်ပြီး . .ဒုတိယပိုင်း ဖတ်သွားတယ်ဗျာ။
ဆက်ဖတ်လိုက်ဦးမယ်။