Friday, August 12, 2011

ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောက်ျားမဟုတ်ဘူး (၃)


တကယ်တန်း အလုပ်ပြန်လုပ်မည်ဆိုတော့ ကိုယ့်ကိုကိုယ်မှန်ထဲကြည့်မိသည်၊ အိမ်ထောင်ရှင် ကလေးအမေ အမျိုးသမီးတစ်ယောက် ဝဝ လာတာအဆန်းမဟုတ်ပေမဲ့၊ ခုမှ ကိုယ့်ကိုကိုယ် နည်းနည်းဝနေကြောင်း သတိထားမိသည်၊
ငါဘာလုပ်မှာလည်း ဒီအရွယ်ကြီး ငါကိုအလုပ်ခန့်ဦးမလား၊ 7/11 တွေ Watsons ဆိုင်တွေမှာ အရောင်းစာရေးဝင်လုပ်ရင် ကောင်းမလား၊ အိမ်အလုပ် သမီးအလုပ်တွေနဲ့ ဆိုင်အလုပ်ပါ ပါလာရင် ငါနိုင်ပါမလား၊ တစ်နေကုန် ရပ်နိုင်ပါမလား၊ မေးခွန်းတွေများစွာထုတ်မိသည်၊ ငါအလုပ်လုပ်တာ မလိုအပ်ဘူးပဲထားဦး နောင်ရေးအတွက်စုဆောင်း ငွေတွေရတာပေါ့၊ တိုင်းတစ်ပါးနိုင်ငံမှာ ငွေဖြင့်ရပ်တည်နေရသည် မဟုတ်ပါလား၊ တစ်ချို့အမျိုးသမီးတွေများ ကံကောင်းလိုက်တာ အိမ်မှာ Maid နှင့် အလုပ်လုပ်စရာလဲမလို၊ ကျမဆက်၍မစဉ်းစားတော့ပါ၊ လက်တွေ့အရ ဒီလိုဖြစ်လာရတာလို့ပဲ မှတ်လိုက်ပါသည်။

လက်တွေ့ အလုပ်ရှာကြည့်တော့မလွယ်၊ office အလုပ်ပဲလုပ်ချင်သော ကျမအတွက် ကျမ၏ ပညာရေးဘက်ဂရောင်း၊ အိမ်ရှင်မအဖြစ်အကြာကြီးနေခဲ့ဘူးသည် ဆိုသောအချက်တွေက အလုပ်ခန့်ချင်သူများအတွက် စဉ်းစားစရာပင်၊ နောက်ပြီး ကလေးရဲ့အသက် ပညာရေးနှင့် မေးလာတဲ့ seriously မေးခွန်းကတော့ ကလေးထပ်ယူဦးမလားတဲ့၊
ကျမထင်သည် စင်္ကာပူ အလုပ်ရှင်တော်တော်များများသည် ကိုယ်ဝန်ဆောင်ခွင့်၊ ကလေးခွင့်ပေးရသည်ကို သူတို့အတွက် ခံရခက်နေသည်၊ ထိုအတွက်အလုပ်လုပ်သော အမျိုးသမီးများအဖို့ ကလေးယူဘို့အရေး တော်တော်စဉ်းစားရသည်၊ အပြစ်ရှာ အလုပ်ထုတ်ပစ်လေမလားဆိုပြီး စိုးရိမ်စိတ်များကရှိမြဲဖြစ်သည်၊ ဖြစ်လည်းဖြစ်ခဲ့တာတွေကရှိသည်မဟုတ်လား၊ အစိုးရက Baby Bonus တွေပေးနေပါစေဦး၊ law တွေ rule တွေ ရှိနေပါစေဦး၊ အလုပ်မြဲရေးကိုသာ ဦးစားပေးကြသည်၊ ထိုအတွက် လူဦးရေနှင့် နှိုင်းယှဉ်လျှင် ကလေးမွေးဖွားနူန်းက အရမ်းကိုနည်းပြီး၊ ကိုယ်ဝန်ဖျက်ချမှုက အများဆုံးဖြစ်နေသည်၊ စင်္ကာပူတွင် ၂၀၀၉ ခုနှစ်ထဲမှာပင် တရားဝင် abortions ပေါင်း ၁၂၀၀၀ ကျော်ရှိသည်၊
ကလေးထပ်ယူဦးမလားလို့မေးလာရင် ကျမရဲ့ အဖြေကလည်း Not sure ပင်၊
နောက်တော့ ကျမနည်းနည်းလျှော့လိုက်သည်၊ ဒီတစ်နှစ်အတွင်းမှာတော့ သေချာတယ် ငါကလေးထပ်မယူပါဘူး လို့ အဖြေကိုပြောင်းပေးလိုက်ရသည်၊
ဒါပေမဲ့ ကျမ လနှင့်ချီ အလုပ်ရှာသော်လည်း အလုပ်မရခဲ့၊
တိုက်ဆိုင်မှုလို့ပြောရမလားပင် ကျမအလုပ်ပြန်လုပ်ရန် အလုပ်ရှာနေသည်ကို၊ ကျမရဲ့အရင်အလုပ်ဟောင်းကသိသွားပြီး သူတို့ဆီမှာ လာပြန်လုပ်ရန်ခေါ်သည်၊ အရင်လခထက်လည်း ၃၀၀ ပိုပေးမည်တဲ့၊ တကယ်တော့ တက်လာတဲ့ကုန်ဈေးနူန်းတွေကြောင့် လစာနူန်းထားများပြောင်းသွားခြင်းသာဖြစ်သည်၊
ဒီလိုနဲ့ ကျမ လုပ်ခဲ့ဘူးသော အလုပ်မှာပင် လုပ်ခဲ့ဘူးသော အလုပ်တွေကိုပြန်လုပ်ရသည်။

အလုပ်ပြန်လုပ်တော့လည်းမလွယ်၊ အဓိကက သမီးလေးရဲ့ကျောင်းချိန်ပါပဲ၊ သမီးလေးကို ကျောင်းပို့နိုင်ပေမဲ့၊ သမီးလေးကျောင်းဆင်းချိန် အလုပ်ကမဆင်းသေး၍ သွားမကြိုနိုင်၊ သမီးလေးကို တစ်ယောက်ထဲ ကျူရှင်သွားခိုင်းဘို့ကလည်း ငယ်သေးသည်ဟု ထင်နေမိသည်၊ ကျမအလုပ်ပြန်လုပ်မည်ဟုပြောသောအခါ သမီးအဖေ သူက ဒီဟာအခက်အခဲရှိနိုင်ကြောင်း ပြောထားပြီးဖြစ်သည်၊ ဘယ်လိုလုပ်ရမလဲလို့ အကြံအိုက်နေတုန်း သူကပင်အကြံတစ်ချို့ပေးလာသည်၊ ကလေးထိန်းပေးတဲ့ သူတွေရှိတယ်၊ ကလေးအကြိုအပို့လုပ်ပေးတဲ့သူတွေရှိတယ်တဲ့၊ မြန်မာတွေထဲမှာလည်း ရှိတယ်တဲ့၊ သူ့သဘောက မြန်မာကလေးထိန်းနဲ့ပဲ ထားချင်နေသည်ကို သိလိုက်ရသည်၊
စင်္ကာပူတွင်ဘဝရပ်တည်ရေးအတွက် လင်ရောမယားရော အလုပ်လုပ်ရတဲ့ မိသားစုတွေ အများကြီးရှိပါသည်၊ ဒီမိသားစုအတွက် ကလေးတစ်ယောက်ယူရေးသည်မလွယ်၊ အဓိကအချက်က ကလေးကို ဘယ်သူထိန်းပေးမလဲဖြစ်သည်၊ Maidနဲ့လည်းစိတ်မချ Maid ဘိုးလည်းမတတ်နိုင်သည်ကများသည်၊ ကလေးကိုထိန်းပေးသည့် ဌါနများရှိသော်လည်း ကန့်သန့်ချက်တွေနဲ့ စားရိတ်ကလည်းကြီးသည်၊ မိဘရှိသော စလုံးလင်မယားတွေ မိဘကိုတတ်နိုင်သလောက်ပေးပြီး ကလေးထိန်းခိုင်းစေသည်၊ မိဘကလည်း အလုပ်လုပ်နေသော စလုံးလင်မယားတွေ အတွက် ကလေးထိန်းကိုရှာကြရသည်၊ ထိုအတွက် ပိုက်ဆံယူကလေးထိန်းပေးသော လုပ်ငန်းတစ်ခုပေါ်လာခဲ့သည်၊ တရားမဝင်တာတွေကများသည်၊ မနက်စောစော ကလေးကို ကလေးထိန်းအိမ်ပို့၊ ပြီးရင်အလုပ်သွား၊ အလုပ်ကအပြန် ကလေးကိုဝင်ခေါ်ကြသည်၊ ဒီလိုနဲ့မွေးစကလေးလေးသည် ကြီးပြင်းလာခဲ့သည်၊ မွေးကာစအရွယ်ကစ ကိုယ်ကလေးကို ကလေးထိန်းလက်ကို စိတ်ချသည်ဖြစ်စေ စိတ်မချသည်ဖြစ်စေ အပ်ထားရသည်၊ လွယ်လွယ်တော့ မဟုတ်ပေ၊ ပြဿနာတွေကတော့ရှိကြသည်၊ ကလေးထိန်းနဲ့မိဘတွေ အငြင်းပွားမှုများသည် တရားရုံးထိရောက်သည်၊ ကလေးထိန်းတွေကလည်း မလွယ် တစ်ခုခုဖြစ်သွားလျှင် အရေးယူခံထိဘို့ကများသည်။

သမီးလေး ကံတစ်ဝက်ကောင်းသည်လို့ဆိုရမလား၊ သုံးတန်းရောက်မှ ကလေးထိန်းဆီပို့ရတော့မည်၊ သိပ်မစဉ်းစားတော့ပါ၊ လက်တွေ့အရ ဒီလိုဖြစ်လာရတာလို့ပဲ မှတ်လိုက်ပါသည်၊ တကယ်တော့ ကလေးထိန်းလို့သာဆိုရသည် ကြားသုံးနာရီလောက် သမီးလေးအဆင်ပြေ လုံခြုံစေရန်အတွက်ဖြစ်သည်၊သမီးအဖေ သူ့အဆက်အသွယ်နဲ့ ကျမတို့စိတ်ချရသော သမီးလေးကိုကြိုပို့ထိန်းပေးမဲ့သူ ရရှိခဲ့သည်၊ အသက်၅၀ကျော် အန်တီRosy ဆိုသော မြန်မာအမျိုးသမီးကြီးတစ်ဦးဖြစ်သည်၊ တစ်ချိန်ကနာမည်ကြီး ရန်ကုန်အထက်တန်းကျောင်းတစ်ကျောင်းက ဆရာမတစ်ဦးဖြစ်သည်၊ ခုတော့ ကလေးထိန်းခြင်းအလုပ်ဖြင့် တစ်ဘက်တစ်လမ်းက ဝင်ငွေရှာနေခြင်းဖြစ်သည်၊ အန်တီRosyက သမီးလေးကိုကျောင်းကြိုပေးမည် နောက်သူ့အိမ်တွင်ထားထားမည်၊ ကျမတို့အလုပ်ကပြန်တဲ့အချိန် ဝင်ခေါ်လိုက်ရုံပင်ဖြစ်သည်၊ သမီးလေးသည် အန်တီRosyအိမ်တွင်အိပ်မည်၊ နိုးလာလျှင် မုန့်စား မိုင်လိုသောက်၊ ကလေးTVဇာတ်လမ်းတွေ ကြည့်ကာ၊ ကျမတို့လာခေါ်သည့် အချိန်ကိုစောင့်နေရုံပင်ဖြစ်သည်၊ မုန့်နှင့်မိုင်လိုကို ကျမတို့ကဝယ်ပေးရသည်၊ ကလေးကိုရေချိုးပေးစေချင်ရင် ၃၀ ပိုပေးရသည်၊ ကျမကတော့ သမီးလေးကိုကျမကိုယ်တိုင် ချိုးပေးချင်သဖြင့် ရေမချိုးခိုင်းတော့ပါ၊ တကယ်တော့ မြန်မာကလေးထိန်း နှစ်ယောက်ထဲက အန်တီRosyကို ရွေးလိုက်ခြင်းဖြစ်သည်၊ ရွေးရခြင်းမှာ သူက ကလေးငါးယောက်ထက် ပိုလက်မခံသောကြောင့်ဖြစ်သည်၊ ဟိုမိန်းမဝဝကြီးဆီမှာတော့ ကလေးတွေ တစ်ပြုံတစ်ခေါင်းပင်၊ ဘုစုခရုတွေလည်းပါသည်၊ ထိုအတွက် မိန်းမဝဝကြီးဆီမှာ မထားခြင်းဖြစ်သည်၊ နောက်ပြီး အန်တီRosyက တစ်ခါတစ်လေ မြန်မာမုန့်တွေလုပ်ကျွေးပြီး မြန်မာပုံပြင်တွေလည်း ပြောပြစေသည့်အတွက်ဖြစ်သည်၊ သမီးအဖေ အကြိုက်တွေ့စေခဲ့သည်။

သမီးလေးအလုပ် အိမ်အလုပ် ရုံးအလုပ်တွေကို balance လုပ်ရသည်၊ အစပိုင်းမှာ ကသီလင်တတွေရှိသော်လည်း နောက်ပိုင်းမှာပုံမှန်ဖြစ်လာသည်၊ အလုပ်လုပ်ခါစ လပိုင်းတွေမှာ ကျမ blogging လဲမလုပ်နိုင်၊ face book လဲမဖွင့်နိုင်ခဲ့ပါ၊ အစောကြီးထ အားလုံးအတွက် ကျောင်းသွား ရုံးသွားဘို့ပြင်ဆင်၊ သမီးကျောင်းပို့၊ ရုံးသွား၊ ရုံးဆင်း၊ ဈေးဝင်ဝယ်၊ သမီးလေးကိုဝင်ခေါ်၊ အိမ်ရောက်ရင် အိမ်အလုပ် သမီးအလုပ်တွေလုပ်၊ ဒီလိုနဲ့ တစ်လတစ်လတို့သည် ဘယ်လိုကုန်ဆုံးသွားလည်း မသိတော့ပါ၊ သူကတော့ စနေ တနင်္ဂနွေများတွင် သမီးရဲ့တာဝန်များကိုယူထားသည်၊ ဒီအတွက်ကျမ မီးပူတိုက်တာကအစ အိမ်အလုပ်တွေကိုပြီးစေခဲ့သည်၊ သမီးလေးနှင့်သူ့အဖေတို့သည် နှစ်ပတ်ခြားတစ်ခါ မြန်မာဆိုင်တွေရှိသော ပင်နီဆူလားသို့ ဂျာနယ်တွေဝယ်ရန် အကြောင်းပြချက်ဖြင့်သွားလေ့ရှိသည်၊ သွားသည့်အခါတိုင်း ကျမအတွက် မုန့်ဟင်းခါး မဟုတ်ရင် ရှမ်းခေါက်ဆွဲ ဝယ်လာတတ်သည်၊ သမီးလေးသည် ပဲပြုတ်ထမင်းကြော်၊ လက်ဖက်သုပ်၊ ဂျင်းသုပ် မုန့်ဟင်းခါးတွေကိုကြိုက်တတ်နေပြီ၊ ကျမအတွက်တော့ အဲဒီလိုသွားစရာမလို အွန်လိုင်းထဲမှာပင် ရောက်ဖူးသွားဖူးစားဖူး အကုန်သိနေရသည် မဟုတ်ပါလား။

တစ်နေ့ အွန်လိုင်းဝင်နေတုန်း၊ သူငယ်ချင်းတစ်ယောက်က အထူးဧည့်သည်ရောက်နေ၍ gathering လုပ်ရန်စီစဉ်နေကြောင်းပြောသည်၊ စီစဉ်တဲ့သူငယ်ချင်းက ကျမရဲ့အရင်းဆုံးသူဆိုတော့ ကျမငြင်းလို့မရပေ၊ နောက်ပြီးသူငယ်ချင်းက ပင်နီဆူလားဂျပိုး တစ်ပတ်ကို သုံးရက်လေးရက်လောက်ရောက်နေသူ၊ မနက်ဖြန် အင်းလေးစားသောက်ဆိုင်မှာ တွေ့မယ်လို့ချိန်းလိုက်သည်၊ သိပ်ပြီးမကြာ ဖုန်းဆက်လာပြန်သည်၊
KK မှာလုပ်နေတဲ့ မကြီးကျယ် တစ်ယောက်က ပင်နီဆူလားဆိုမလာဘူး လုပ်နေ၍၊ Orchard အော်ချဒ်ကိုပြောင်းချိန်းလိုက်သည်၊
သူကိုတော့မနက်ကြရင် ကျမတို့ gathering အကြောင်းပြောပြပြီး ညနေကလေးတာဝန်ကို ယူခိုင်းရပါလိမ့်မည်။

…………………………………………………………….

 Orchard ကိုမရောက်တာ တော်တော်ကြာခဲ့ပြီဖြစ်သည်၊ ဘူတာရုံမှာ ချိန်းထားသည့်အတိုင်း သူငယ်ချင်းနဲ့တွေ့သည်၊ ဘယ်မှာ စားကြမှာလဲမေးလိုက်တော့ Ion Orchard မှာလို့ဆိုသည်၊ ယုံမည်လားတော့မသိဘူး Ion Orchard ကိုမရောက်ဖူးဘူး၊ ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ပဲ လိုက်လာခဲ့သည်၊
ပထမဦးဆုံးအကြိမ် Ion Orchard ကိုရောက်ဖူးခြင်းဖြစ်သည်၊ သူငယ်ချင်းကပြောလာသည် နင်ကတော့ အရင်တုန်းက သမီးအလုပ် အိမ်အလုပ်၊ ခုတော့ အလုပ်ကလဲထွက်လုပ်တော့ MRTရထား စီးတတ်လို့တော်သေးတာပေါ့၊ ငါတော့ နင့်အကြောင်း မစဉ်းစားချင်ပါဘူးတဲ့၊သြော်သူတို့က လင်မယားနှစ်ယောက်ထဲကိုလို့ စိတ်ထဲကပြောလိုက်မိသည်၊
စားသောက်ဆိုင်က အပေါ်ဆုံးထပ်မှာရှိသည် Australia စတိုင် ဂျပန်စားသောက်ဆိုင်ဖြစ်ဖို့များသည်၊ Salt grill & Sky Bar တဲ့၊
ကျမက သူငယ်ချင်းကို နင်ဟာက Bar ကြီးပဲဟုပြောလိုက်တော့ အစားအသောက်လည်း ရောင်းပါသည်ဟုဆိုသည်၊
ဒီလိုအစားအစာမျိုးကို ကျမမကြိုက်၊ သူငယ်ချင်းက ဂျပန်စာတွေလဲရှိပါသည်ဟုဆိုသည်၊
စားသောက်ဆိုင်ရှေ့ရောက်တော့ ကျမပိုအံ့အားသင့်ရသည်၊ ၉ ယောက်စာ Booking လုပ်ထားတာတဲ့၊ ပြေးကြည့်မှ စလုံးမှာ ခင်ရသောသူငယ်ချင်း ၅ယောက်ပဲရှိသည်၊ နင်ဟာကဘယ်လိုလဲလို့ မေးလိုက်တော့၊ ၄ ယောက်က မြန်မာပြည်က သူငယ်ချင်းတွေလေဆိုတော့ အင်းအင်းပဲ လုပ်လိုက်ရသည်။

ကျမတို့နှစ်ယောက် ပထမဦးဆုံးရောက်ကြသူများဖြစ်သည်၊ စားသောက်ဆိုင်က ကျမတို့အတွက်နေရာကို သီးသန့်စီစဉ်ထားပေးသည်၊ Sky view ကတော့မဆိုး၊ အမြင်အာရုံအဆန်းဖြစ်စေပါသည်၊ Orchard ပတ်ဝန်းကျင်ကို အပေါ်ဆီးကလှမ်းမြင်ရသည်၊ သမီးလေးကို ခေါ်ပြချင်စိတ်တွေ ဖြစ်ပေါ်လာသည်၊
Menu တွေကိုကြည့်မိလိုက်တော့ ကျမလန့်သွားမိသည်၊ Modern Australia Concept, Ginza Japanese Concept, Menu of This month ကျမအတွက်အထူးအဆန်းတွေပါပဲ၊
‘နောက်လူတွေကိုစောင့်လိုက်ဦးမယ်လို့’ သူငယ်ချင်းနှစ်ယောက် ပြိုင်တူဖြေမိလို့ ရီလိုက်ရသေးသည်၊ ဒီဆိုင်မှာစားမယ်ဆိုတာ
SGH တို့ KK တို့က မကြီးကျယ်တွေရဲ့ လက်ချက်ပဲဖြစ်မယ်၊ ဒါမျိုးကကျမတို့ရဲ့ Limit ကိုကျော်နေပြီ၊
စားပွဲထိုးတစ်ယောက်က ကျမတို့ကို ထိုင်စောင့်နေတုန်း အစအနေဖြင့်
‘sour apple, bianco, amaretto disaronn’ ထဲကဘာသောက်မလဲလို့ မေးလာတဲ့အခါ
‘No’ ‘No’ လို့အမြန်ဖြေလိုက်မိသည်၊ ဒါဆို Starting Light မဟုတ်ရင် Shooters လုပ်ပါလို့ဆိုသည်၊
‘Lemon juice’ လို့သူငယ်ချင်းကမှာလိုက်သည်၊
ကျမက သေချာကြည့်ပြီး ‘Non Alcoholic လိုင်ချီး’ လို့မှာလိုက်သည်၊ သူငယ်ချင်းကပြာပြာသလဲဖြစ်သွားပြီး ငါဟာအရက်ပါနေလားဟုမေးသည်၊ ကျမကမသိဘူးလို့ဖြေလိုက်သည်၊ သူငယ်ချင်းက ချက်ချင်းပင် စားပွဲထိုးလေးကို
‘Same same, I also want same like her’ ဆိုပြီး Singlish လို အမြန် ပြန်ပြောလိုက်၍၊ နှစ်ယောက်သား ထပ်ရီဖြစ်ကြသည်၊ တကယ်တော့ ကျမတို့နှစ်ယောက် Bar အသုံးအနှုံးတွေကို နားမလည်ကြခြင်း မယှဉ်ပါးကြခြင်း ဖြစ်ပါသည်။ 

စလုံးမှာနေတဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်၊ နင်တို့ဒီနေရာဘာလို့ စီစဉ်တာလဲ ဈေးကြီးလိုက်တာ ငါတို့မတတ်နိုင်ဘူးနော်၊ ငါတို့စီစဉ်တာမဟုတ်ဘူးလို့ ပြန်ဖြေလို့ အံ့အားသင့်နေချိန်မှာပင်၊ ဟိုမှာ စီစဉ်တဲ့သူတွေရောက်လာပြီဆို၍၊ အားလုံးကဝင်လာတဲ့သူတွေ ကြည့်လိုက်မိသည်၊ စုစုပေါင်းလေးယောက်၊ ကျမအတွက်အံ့သြမှုကပို၍သွားခဲ့သည်၊ လုံးဝမထင် ကျမဘယ်လိုမှာ မထင်ထားသော သူတစ်ယောက်နှင့် နောက်က ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ပြီးတော့ ကျမတို့မသိသော ကောင်မလေးချောချော နှစ်ယောက်၊ လက်ထဲမှာလည်း နာမည်ကြီး shopping အိတ်တွေနဲ့ LV, BVLGARI အိတ်တွေ ကျမတို့ကနာမည်ပဲကြားဖူးပါသည်၊ သူတို့ဝယ်လာတာကိုကြည့်ပြီး အရင်အလုပ်လုပ်တုန်းက ဝယ်ထားတဲ့ ကျမရဲ့ COACH အိတ်အဟောင်းလေးကို ငုံ့ကြည့်လိုက်မိသည်။

ကျမဘယ်လိုမှာ မထင်ထားသောသူဆိုသည်မှာ တစ်ချိန်က ကျမရည်စားပင်ဖြစ်ပါသည်၊
ကျမနာမည်ကိုခေါ်ပြီး နေကောင်းတယ်မို့လား၊ မတွေ့ဖြစ်တာ တော်တော်ကြာသွားပြီနော်၊ ဆိုပြီးလက်ဆွဲနှုတ်ဆက်လာသည်၊
လက်ဆွဲနှုတ်ဆက်နေတာ လိုသည်ထက်ပိုကြာနေသည်ဟု ကျမထင်လိုက်မိသည်၊
အားလုံးက ကျမတို့ကို ဝိုင်းကြည့်နေကြမည်ဟု ကျမထင်လိုက်မိသည်၊
ကျမကိုပြည့်လာတယ်နော်လို့ပြောပြီးနောက် ကျမတို့ထိုင်ဖြစ်သည်၊
တော်သေးတာပေါ့ ဝ နေလိုက်တာလို့ မပြောလို့ ဟုစိတ်ထဲကမှတ်ချက်ချလိုက်သည်၊
ပြီးနောက် သူတို့နှင့်ပါလာတဲ့ သူတွေကို မိတ်ဆက်ပေးသည်၊ ဒါကဘယ်သူပါ ဒီလောက်ပဲဖြစ်သည်၊ သူမိတ်ဆက်ပေးသော ကောင်မလေးမှာ ကျမတို့ထက် ၁၀ နှစ်ကျော်ငယ်မည်၊ တန်ဘိုးကြီးသော ခေတ်မှီသော အဝတ်အစားများကို သူနဲ့လိုက်ဖက်အောင် ဝတ်ဆင်ထားသည်၊ ဖီးထား လိမ်းထား ဆင်ထားတာတွေက ခုခေတ်ကောင်မလေးတွေ ကျမတို့ခေတ်ထက်ပိုလှလာသည်ဟု ကောက်ချက်ချမိခဲ့သည်၊
နောက်သူငယ်ချင်းတစ်ယောက်က ဆေးကျောင်းနေဘက် ဆရာဝန်ဖြစ်ပြီး ဆရာဝန်အလုပ်မလုပ်ပဲ စီးပွားရေးလုပ်ငန်းတွင် အောင်မြင်နေသူတစ်ဦးဖြစ်ပါသည်၊ သူနဲ့ပါလာတဲ့ ကောင်မလေးကိုတော့ သူ့ Assistant ဆိုပြီးမိတ်ဆက်ပေးသည်၊ ဒီဆိုင်ကို အဲဒီ့ Assistantက Booking လုပ်ထားတာဆိုသည်၊
မိတ်ဆက်ပေးသည့် ကိစ္စများပြီးသွားသောအခါ အစားအသောက်များမှာကြမယ်ဆိုပြီး မှာယူစားသောက်ကြသည်၊
ထိုနေ့က ကျမဘာမှ မမှာပါ၊ သူငယ်ချင်းတွေမှာထားတာကိုပဲ စားသောက်ဖြစ်ခဲ့သည်၊
ရှေ့တွင် ကိုကို ရော့၊ ကိုကို ဒီမှာ၊ ကိုကိုဒါလေး စသဖြင့် ကိုကိုချင်းထပ်နေသော ကိုကိုဇာတ်လမ်းကိုကြည့်နေရသည်၊ အစားအသောက်တွေထည့်ပေးနေသော ကောင်မလေးရဲ့ လက်ကလေးကို ကျေးဇူးနော်ဆိုပြီး သူကနမ်းလိုက်ပြန်သည်၊ ဟိုကဆံပင်တွေကိုပြန်နမ်းလိုက်ပြန်သည်၊ အကဲပိုတယ်လို့ သူတို့ကိုသူတို့ထင်မိပုံမပေါ်၊ ပုံမှန် လုပ်နေကြသလားပင်၊ ကျမတို့ထဲက အပျိုကြီးနှစ်ယောက်တော့ ဘယ်လိုနေမယ်မှန်းမသိ၊
သူ့ကောင်မလေးက ကိုကိုက Cocktail ကြိုက်သည်တဲ့ ‘Daiquiri on the rocks’ ဆိုပြီး သူ့ကိုကိုအတွက် အရက်မှာပေးသည်၊
ကျမဘက်လှည့်ကာ အစ်မလည်း လိုင်းချီးကြိုက်တယ်နော် လို့ပြောပြီး သူ့အတွက် Sparkers လိုင်းချီးကိုမှာလိုက်သည်၊ သူ့လိုင်ချီးနှင့် ကျမလိုင်းချီးတို့ကတူမည်မဟုတ်ပါ၊
ဟိုနှစ်ယောက်ကလည်း ဒီလိုပဲ ‘Long Island Ice Tea’, ‘Margarita’ အသီးသီး မှာပေး မှာယူနေတာတွေ့ရသည်၊
Assistant အလုပ်ကမလွယ်ပါလားဟုတွေးနေမိသည်။

စားရင်းသောက်ရင်းပြောနေကြသည်များမှာ ကျောင်းတုန်းကအကြောင်း အရင်တုန်းကအကြောင်းများသိပ်မပါ၊ လက်ရှိဖြစ်ပျက်နေသော အရာများ၊ သူတို့၏အောင်မြင်သော စီးပွားရေးလုပ်ငန်းများ အကြောင်းသာဖြစ်သည်၊ ရတနာပုံ တယ်လီပို့မှာ အစုရှယ်ယာဝင်ထားတယ်၊ SIM cards တွေရောင်းဘို့ကြိုးစားနေတယ်၊ ခု M1နဲ့လာဆွေးနွေးတာ၊ ဟိုခြံကို ၂၀၀၀ နဲ့ဝယ်ပြီး ၅၀၀၀နဲ့ ပြန်ရောင်းလိုက်တယ်၊ ထားဝယ်မှာမြေကွက်ကြီးတစ်ချို့ ဝယ်ပြီးထားပြီ၊ မောင်းမကန် ရီဆို့ကို ၆ နှစ်နဲ့ အပြီးဆောက်မယ်၊ အခြေအနေကောင်းတာနဲ့ ဗန်းမော်ကိုဝင်မယ် စသည်ဖြင့် စသည်ဖြင့် သူတို့စကားလုံးတွေကြောင့် ကျမတို့ထဲက တစ်ယောက်ကသာ စင်္ကာပူ ဆေးရုံတွေအကြောင်း နည်းနည်းပြောဖြစ်သည်ကလွဲလို့ နားထောင်သူများဖြစ်ခဲ့ကြပါသည်၊ စားသောက်ဆိုင်တွင် ရှင်းတော့ ကျောင်းနေဘက်ဆရာဝန် စီးပွားရေးလုပ်ငန်းရှင်က အကုန်ရှင်းသွားခဲ့သည်၊
ဒီအတွက် သူကတော့ ကျမတို့အားလုံးကို Nippon-Ya က ဂျပန်မုန့်တွေ တစ်ယောက်သုံးအိတ်လောက် ဝယ်ပေးလိုက်သည်၊
အပြန်တွင် ကျမတို့အချင်းချင်းပြောဖြစ်သည်က ငါတို့ စလုံးမှာနေရင်းနဲ့ ခေတ်နောက်ကြနေပြီထင်တယ်၊ မြန်မာပြည်က အရက်သောက်တဲ့ ကောင်မလေးတွေများ စီးပွားရေး နိုင်ငံရေးတွေ လောလောဆယ်ဖြစ်ပျက်နေတာကို ကျမတို့ထက်တောင်ပိုသိနေသေးတယ်လို့ ဖြစ်သည်၊
နောက်တော့ ကျမတို့အချင်းချင်း ဒီလိုဆိုင်မျိုး ရန်ကုန်မှာ ရှိသလား၊ ရှိတာပေါ့ နေပြည်တော်မှာတောင် ရှိနေပြီ၊ ကမ္ဘာအေးဘုရားလမ်းက ဆိုင်ဆိုပိုနာမည်ကြီးတယ်၊ LE PLANTEUR ကိုပြောတာလား၊ မသိဘူး၊ နင်ရောက်ဖူးလား၊ ဒီလောက်ဈေးကြီးတာ၊ ဘယ်ရောက်ဖူးမလဲ ကြားဘူးတာ ဟုဆိုကြသည်၊
သူငယ်ချင်းအရင်းကြီးက ‘နင်တို့သိသွားပြီ မဟုတ်လား၊’ ဆိုပြီးကျမတို့ကို မေးခွန်းထုတ်လိုက်သည်၊
‘ဘာကိုလဲလို့၊’ ပြိုင်တူပြန်မေးလိုက်ကြသည်၊
‘စပွန်ဆာ ဆိုတာကိုလေ၊’
ကျမတို့အားလုံးရယ်မိလိုက်ကြသည်၊
နောက်ဆုံး အားလုံး ဂျပန်မုန့်တွေ သုံးအိတ်ဆွဲကာ အိမ်ပြန်ဖြစ်ကြသည်၊
ဘာပဲဖြစ်ဖြစ် တွဲခဲ့ဘူးသူတစ်ယောက်လည်း အောင်မြင်နေတာကို ဝမ်းသာပါသည်၊
ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် အောင်မြင်နေတာကို ဝမ်းသာပါသည်၊
ကျမကို ရင်ကိုပြန်ခုန်စေခဲ့ပါသလားလို့မေးလာခဲ့ရင် မခုန်ခဲ့ပါဘူးလို့ဖြေရပါမည်၊
ဒါပေမဲ့ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ကျန်ရစ်ခဲ့သည်၊
တိုးတိုးလေးပြောသွားတဲ့ စကားတစ်ခုက Keep in touch လုပ်ကြမယ်တဲ့။
…………………………………………………………….

အိမ်ပြန်ရောက်သောအခါ တီဗီကြည့်ရင်းစောင့်နေကြသော သမီးနဲ့သူ့အဖေကိုတွေ့ရသည်၊ ဒီမှာ မေမေသူငယ်ချင်းတွေ ဝယ်ပေးလိုက်တဲ့ မုန့်တွေကိုလာကြည့်၊ ဟာဂျပန်မုန့်တွေ သမီးတစ်ခါမှ မတွေ့ဖူးဘူး၊ မစားဖူးဘူး၊ သမီးအတွက်ပေါ့၊ ဟုတ်လား၊ မေမေ့သူငယ်ချင်းကို ကျေးဇူးတင်လိုက်တာ၊ သမီးလေးကဝမ်းသာအားရဖြစ်နေသည်၊ သားအမိနှစ်ယောက် စကားပြောနေရာမှ သူဘက်ကိုကြည့်လိုက်တော့ စိတ်ဝင်စားပုံမပြ၊ ခဏနေကြတော့ အိပ်တော့မယ်ဆိုပြီး အခန်းထဲဝင်သွားသည်၊
သူနဲ့ကျမ ကလေးကိစ္စကလွဲလို့ စကားသိပ်မပြောဖြစ်ကြပါ၊
ကျမရေချိုးပြီးသောအခါ သမီးလေးနဲ့အိမ်စာတွေနည်းနည်းလုပ်ပြီး သိပ်လိုက်တော့ သမီးအိပ်သွားခဲ့သည်၊
ကျမအခန်းထဲလာပြီး ကွန်ပြူတာစဖွင့်လိုက်သော အချိန်မှာတော့ သူသည် အိပ်မောကြ၍နေပြီဖြစ်သည်၊
Face book ကိုဖွင့်လိုက်တဲ့အခါမှာတော့ ခုနသူငယ်ချင်းတစ်ယောက်က Ion Orchard စားသောက်ဆိုင်က အစားအသောက်ပုံတွေကို တင်ထားလို့နေပြီ၊ တော်တော်မြန်တဲ့ ကောင်မလို့ စိတ်ထဲကပြောလိုက်မိသည်၊ ‘Margarita’ ခွက်ကို သူသောက်သလိုဘာလိုနဲ့ တင်ထားလိုက်သေးသည်၊
ဟိုတစ်ယောက်၏ Friend request လုပ်လာသည်ကိုတွေ့လိုက်ရသည်၊ မြန်လွန်းလိုက်တာ ဘာမှမလုပ်မိ၊
သြော် Keep in touch တဲ့လား၊
စားလာသောက်လာလို့လားမသိ အိပ်ချင်နေတာတော့အမှန်ပဲ၊
ကွန်ပြူတာကို ပိတ်ပြီး ကျမအိပ်ယာထဲ ဝင်လိုက်သည်၊
ဟောက်သံကိုကြားရသည်၊
အိပ်နေသောသူ့ကို ကျမ သေသေချာချာ စိုက်ကြည့်မိသည်၊
ကျမယောက်ျားတဲ့၊
ကျမတို့ လင်လိုမယားလို မနေတာဘယ်လောက်ကြာသွားခဲ့ပြီလဲ၊
ရန်ဖြစ်စကားမများခင်ထဲကပါ၊
ကျမကို သူမနမ်းတာဘယ်လောက်ကြာသွားပြီလဲ၊
သူ့အနမ်းများကလည်း ကျမအတွက် ဘယ်တုန်းကမျှ ချိုမြိန်ခဲ့ခြင်း သာယာခဲ့ခြင်း မရှိခဲ့ပါ၊
ယုယတယ် ကြင်နာတယ် ဆိုတာဘာလဲရှင်ရယ် သိပါရဲ့လားလို့ နှိုးပြီးမေးလိုက်ချင်သည်၊
ကျမကရော သူကို စိတ်ရောကိုယ်ရော ဘယ်နှစ်ခါနမ်းဘူးလို့လဲ၊
သူနဲ့ခရီးထွက်ဖြစ်ခဲ့တဲ့ အချိန်တွေပဲ အမှတ်ရဖြစ်သည်၊
တကယ်တော့ ကျမယောက်ျားဆိုတဲ့ သူဟာ လွမ်းစရာ မကောင်းတဲ့သူ၊
လင်ယောက်ျား ဆိုတာ မိန်းမတစ်ယောက်အတွက်ဘာလဲ၊
ကလေးအမေကျမ သေချာမသိခဲ့ပါ၊
ကျမထင်မိနေတာ စိတ်ထဲမှာဖြစ်နေရတာတော့
သေချာပါသည့် သူဟာ ကျမယောက်ျားမဟုတ်ဘူး၊
ကျမကလေးရဲ့ အဖေပဲ၊
ကျမ
မျက်စိကိုအကြာကြီး မျက်တောင်မခတ်ပဲဖွင့်ထားလိုက်၊ အကြာကြီး မျက်တောင်ပိတ်ရုံလေးပိတ်ထားလိုက်နဲ့
ဒီလိုဖွင့်လိုက် ပိတ်လိုက်နဲ့ ဘဝ ဆိုတာကို စဉ်းစား စဉ်းစားရင်း…………..
လေပူများစွာကို ထုတ်ပစ်မိပါသည်၊

ထိုညက ကျမသည် ညနေက ကိုယ်ရှေ့က ကိုကိုဇာတ်လမ်းကို ပြန်တွေးပြီး အိပ်ပျော်သွားခဲ့ပါသည်။



ဆက်လက်ဖေါ်ပြပါမည်၊



29 comments:

Anonymous said...

Sorry missing one paragraph!
I have to adjust it.
sosegado

seesein said...

ဆက်ရန် မြန်မြန်လေးပါဗျို့

ကျေးဇူးတင်ပါတယ်

ခင်မင်စွာဖြင့်
seesein

Anonymous said...

Waiting for continue

Anonymous said...

စလုံးမှာ အဲလိုပဲ လင်စိတ်သားစိတ် ကုန်နေတာ အများကြီး၊ စလုံးတွေပိုများတယ်၊

flowerpoem said...

ဆက်ရန်ကို ရေးသားပေးတာ ကျေးဇူးပါ.

ahphyulay said...

အင်း...
သူတို့  တကယ်ချစ်ကြရဲ့ လား...၊
ဘယ်သူက ဘယ်သူ့ ကို ချစ်တာလဲ..၊
အိမ်ထောင်ရေးကို အလုပ်သဘောဆန်ဆန်
ပဲ တည်ဆောက်ကြတာလား...၊
မေးချင်တဲ့ မေးခွန်းလေးတွေပဲ ချ,ရေးခဲ့ ပြီဗျာ။

မေသိမ့်သိမ့်ကျော် said...

အစ်မရေ လာဖတ်သွားတယ်။ မြန်မာပြည်နဲ့ ဝေးနေရင်တော့ နည်းနည်း အဆက်ပြတ်သွားမှာပေါ့လေ။ နောက်အပိုင်းတွေ မျှော်နေမယ်နော်။


ခင်တဲ့

ညိမ်းနိုင် said...

ဟူး....အိမ်ထောင်တစ်ခုဟာ ကြာလာရင်ခုလိုဖြစ်လာရော
လား....မသိဘူးဗျာ....:(

Anonymous said...

မျှော်နေပါသည် နောက်အပိုင်းကို

Anonymous said...

အမ ဆိုစီ ရေ

ဖတ်လို့ကောင်းလိုက်တာ ကျေးဇူးဘဲဗျာ အဟဲ အပေါ်က အမ ဆိုလို့ အမ လိုက်တာနော်

ဆက်ရန်လေး မြန်မြန်လုပ်ပါဗျာ

ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

မမရေ လင်စိတ် သားစိတ် ကုန်စရာတွေ ရေးတတ်တယ်နော် ... :P

ကိုဇော် said...

ဝါး . . . အတော်ကို ပြည့်ပြည့်စုံစုံ ရေးထားတာပဲဗျာ။ အခု နောက်ပိုင်း အတော် ခေတ်စားနေတဲ့ အခြေအနေ တစ်ရပ်ပေါ့ဗျာ။ ကိုယ်တွေတောင်မှ ပါမလာဘူး မပြောနိုင်ဘူးလေ။

Angelhlaing(May everybody be happy and healthy! said...

ကိုဇော်ပြောသလိုပဲ .. လက်တွေ့ဘဝက အဲလိုတွေ မြင်နေရတာ များလာပြီ....:(:(
မမရေ ကျေးဇူးပါလို့...
စောင့်မျှော်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

အိုး နောက်တစ်ခေါက် မျှော်ရဦးမယ်ပေါ့
စိတ်ဝင်စားနေတာကို ရုတ်တရက် ဆက်ရန်ဖြစ်သွားတယ်
လင်ရယ် မယားရယ် နွေးထွေးယုယမှုမှ မရှိတော့ရင် ဒီအိမ်ထောင် ဘယ်လောက်ပျင်းစရာကောင်းမလဲနောေ်

blackroze said...

အရင်ကဘယ်လောက်ဘဲချစ်ခဲ့ချစ်ခဲ့
အတူတူနေကြတဲ့အခါ..အဆင်မပြေတာတွေ
ကြုံလာတာများတာနဲ့အမျှ..ချစ်စိတ်တွေ
အကြင်နာတွေ..ဆိုတာ အလိုအလျှောက်
ပျောက်ကွယ်ကုန်ကြတာနေမှာ..

တယောက်ထဲနေတော့လည်းမကောင်း
နှစ်ယောက်တူတူနေပြန်တော့လည်း...အင်းးး

ဆက်ရေးမဲ့အပိုင်းလေးစောင့်မျှော်နေပါတယ်နော်

khin oo may said...

အမှန်တရားတွေ ကိုဘာဖြစ်လို့ရေးရတာလဲ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး ရေ
အချစ်စစ်ကိုတွေ့ သွားတဲ့ အရွယ်လို့ ပြောရင်လက်ခံ
မှာလားဟင်-မိမိကိုယ်မိမိ တကယ်ချစ်တာပါလားလို့ 
သိမသွားသေးဘူးလား

စော(အဝါရောင်မြေ) said...

အတ္တနဲ့  တည်ဆောက်ခဲ့တာကို သွားတွေ့ ရတယ်။ ကလေးကတော့ ကိုယ့်သွေးသားမို့  နှစ်ယောက်လုံး တဖက်သက် ချစ်ကြပါတယ်။ ကလေးကြောင့် ပေါင်းစည်းခြင်းကိုတော့ မတွေ့ ရတာ။

Anonymous said...

ဘဝတွေ ဘဝတွေရဲ့ ဆက်ရန်ကို စောင့်နေပါတယ်။
ခင်

nyan gyi said...

ဒီအနောက်မှာက မိန်းမတစ်ယောက်ကို ဆယ်နှစ်ကျော်လောက် ပေါင်းပြီးရင် မပေါင်းချင်ကြတော့ဘူး၊ မိန်းမကလည်း မပေါင်းချင်တော့တာ ရှိပါတယ်၊ အဲဒါမျိုးဟာ သူတို့အတွက် အထူးအဆန်းမဟုတ်ပါဘူး၊ စိတ်ဖိစီးမှုကို မခံကြတာဖြစ်မှာပါ၊ ကလေးတွေကလည်း အမေဘက်လိုက်နေလိုက် အဖေဘက်လိုက်နေလိုက်နှင့် ကြီးသွားကြတာပါပဲ။

Anonymous said...

until now , everybody is still good....jasmine

An Asian Tour Operator said...

ဖတ်ရင်း နဲ့ မော တောင်မောတယ်။

စံပယ်ချို said...

ခေါင်းစဉ်လေး(နာမည်)ကိုစိတ်ဝင်စားပြီးဖတ်လိုက်တာပါ။
နိုင်ငံခြားသူတော်တော်များများ အဲလိုဖြစ်တတ်တယ်နော်..ဘာကြောင့်လဲမသိဘူး။
ဖတ်လို့အရမ်းကိုကောင်းနေလို့
ဆက်ရန်မြန်မြန်လေးလို့သာရေးခဲ့တော့မယ်နော်။ ။

ကိုအောင်(ပျူနိုင်ငံ) said...

ဘလော့ဒေးအမှတ်တရလေး ရေးပေးဖို့ တက်ဂ် tag ထားတယ် ကိုစိုးစီရေ ... :P

မြတ်မွန် said...

မိသားစုဘဝလေး သာယာပါစေလို့ပဲ ဆုတောင်းနေမိတယ်..ဆက်ပါအုံး..။

T T Sweet said...

အဆက်ကို မျှော်နေပါတယ်။ ရေးသူက အစ်မကိုယ်တိုင်လား အစ်ကိုက အစ်မကိုယ်စား ရေးပေးတာလား ... အစ်မရေးပေးတာကို အကိုကတင်ပေးတာလား ...အဲဒါစဉ်းစားနေတာ။

Anonymous said...

ဖတ်ရင်းနဲ့ သက်ပြင်းတွေချမိတယ် ကိုဆိုဆီရေ....

အဆက်ကိုစောင့်ဖတ်ဦးမယ်။

အင်ကြင်းသန့်

မြစ်ကျိုးအင်း said...

ဖတ်ရတာ တစိမ့်စိမ့်နဲ့
ရုပ်ရှင်တကားကို ကြည့်နေရသလိုလို

အပိုင်း ၄ ဆက်ဖတ်လိုက်အုံးမယ်။

ုမြသွေးနီ said...

ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး...
(၄)ဆီ ပြေးပြီ....:P