Friday, August 5, 2011

ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောကျ်ားမဟုတ်ဘူး (၂)


သမီးလေးရဲ့ကျောင်းအတွက် ကြိုးပမ်းရင်းနဲ့ ကျမ စလုံးအိမ်ရှင်မ housewife တစ်ချို့နဲ့ ရင်းနှီးခွင့်ရခဲ့သည်၊ စင်္ကာပူတွင် ကျမတို့လို အမျိုးသမီးများအား ခွဲခြမ်းကြည့်လျှင်၊ ကျမထင်သည် tai tai လို့ခေါ်တဲ့ သူဌေးကတော်များ၊ housewife, working housewife နှင့် single ma ma များတို့ဖြစ်သည်၊ ကျမသိကျွမ်းခဲ့ရသူတို့ကတော့ နောက်ဆုံးသုံးမျိုးပင်ဖြစ်သည်၊ ကျမ Taxi စီးတဲ့အခါတိုင်းမှာလည်း Taxi မောင်းသူတွေက စပ်စုကြသည်၊ ကျမကိုဘာလုပ်သလဲပေါ့၊ ကျမကအိမ်ရှင်မပါ housewife လို့ပြောတဲ့အခါ၊ မင်းတို့သိပ်ကောင်းတာပဲ ကလေးကျောင်းပို့ပြီးလျှင်် စျေးဝယ်ထွက်လို့ရပြီ၊ သွားချင်တဲ့နေရာသွားလို့ရပြီ၊ အလုပ်ရှင်တို့ လုပ်ခတို့ပူပင်စရာမလိုဘူး၊ ကျမကလည်း အော်ဦးလေးကြီးရယ် ကျမမှာအချိန်တွေ အဲဒီလောက်အားနေရင် ဦးလေးရဲ့ Taxi တောင်ငှါးမစီးပါဘူး၊ Bus နဲ့ပဲသွားမယ်၊ ပိုက်ဆံလည်းသက်သာတယ်၊ ကျမက ထိုက်ထိုက် tai tai မဟုတ်ဘူးလေလို့ ပြန်ပြောတော့ ဦးလေးကြီးနှင့် ကျမတို့အတူရယ်မိကြသည်၊ တကယ်တော့ ကျမတို့က ဘာပဲဝယ်ဝယ် price tags လေးတွေကို အရင်ကြည့်တတ်တဲ့ သူတွေမဟုတ်ပါလား။

အစစ်အမှန်ကတော့ ယောက်ျားတစ်ယောက်ရဲ့ ဝင်ငွေတစ်ခုထဲနှင့် ရပ်တည်နိုင်ဘို့သည် သာမန်လူတွေအတွက် ဒီနိုင်ငံမှာမလွယ်၊ အိမ်လခ၊ စားစရိတ်၊ ရေဖိုးမီးဖိုး၊ ကျောင်းစရိတ် နှင့် အခြားကုန်ငွေတွေက ကျမတို့အတွက် သံရုံးတွင် အခွန်ဆောင်ရန်ပင် မကျန်တော့၊ တစ်နှစ်တစ်ခါ Bonus ရလာရင် ဘာလုပ်လိုက်မယ်ဆိုတဲ့ ကျမ၏ကြိုတင်စိတ်ကူးများသည် သမီးအတွက် မထင်မှတ်သော အပိုကုန်ငွေများ၊ အခွန်များက အရယူသွားခဲ့လေသည်၊ ဒါတောင် ကျမတို့နှစ်ယောက် မြန်မာပြည်ရှိ မိသားစုများကို ထောက်ပ့ံရန်မလို၍ တော်သေးသည်ဟုဆိုရပေမည်၊ တစ်နှစ်မှာ နှစ်ခါ သီတင်းကျွတ်နှင့် သင်္ကြန်တို့တွင် နှစ်ဖက်မိဘကို ကန်တော့ဖြစ်ကြသည်က လွဲလို့ပေါ့၊ အိမ်ငှါးခတွေတက်လာသောအခါ ကျမတို့အိမ်လခ အိမ်ရှင်ကိုပေးနေမည့်အစား ကိုယ်ဟာကိုယ် အိမ်ဝယ်ရန်ဆုံးဖြတ်ဖြစ်ခဲ့ကြသည်၊ တကယ်တော့ ဒီနိုင်ငံမှာ အိမ်ဝယ်ကားဝယ်တဲ့သူတွေဟာ အရစ်ကြပြန်ပေးရသော installment ဖြင့် အကြွေးဝယ်ထားကြသူများ အများဆုံးဖြစ်သည်၊ ဝင်ငွေမရှိသော တစ်နေ့တွင် ဒီအိမ်ကို ဘဏ်ကသိမ်းမည်လော၊ အစိုးရဌါနက ပြန်သိမ်းမည်လော၊ ထိုလောလော စိုးရိမ်စိတ် pressure များသည် ဒီနိုင်ငံက လူတော်တော်များများ၏ ခံစားနေရမှုဖြစ်သည်၊ ထို့အတူ အလုပ်တည်မြဲရေး အလုပ်ရှိနေရေး stress သည်လည်း ဒီနိုင်ငံကလူတော်တော်များများ၏ အစိုးရိမ်ဆုံးအရာတစ်ခုပင်ဖြစ်သည်၊
ထိုအားနည်း ချို့ယွင်းချက်များသည် နိုင်ငံရေးသမားများ၏ အသုံးချခံဖြစ်ခဲ့ရသည် မဟုတ်ပါလား၊ ထိုသူတို့၏ pressure, stress များသည် ကျမတို့လို လာရောက်နေထိုင် အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသားများကို လက်ညှိးထိုးစရာဖြစ်ခဲ့ပါသည်၊
PR နှင့် နိုင်ငံသား အခွင့်အရေး ခြားနားချက်ကိုမြှင့်တင်လိုက်သော အခါတွင်၊ ကျမတို့၏ ထွက်ငွေသည် ပို၍တက်သွားခဲ့ရပါသည်၊ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ဘူးသည့်အတိုင်း ဝင်ငွေထွက်ငွေသည် Anatomy နဲ့ ကွာခြားမှန်းသိသလို ခွဲခြမ်းမိနေတာတော့ အမှန်ပါ။

ကျမ၏ သမီးလေးအပေါ်လွန်ကဲနေမှုသည် ဘေးပတ်ဝန်းကျင်အတွက် သိသာထင်ရှားနေသည်လားတော့မသိ၊ သူငယ်ချင်းတစ်ယောက်က သမီးချည်းပဲ လုပ်မနေနဲ့ဦး ယောက်ျားဘက်လှည့်ဦး တော်ကြာ ပါသွားဦးမယ်လို့ပြောမှ ကိုယ်ကိုကိုယ် Reassessment လုပ်ကြည့်ဘို့ သတိရတော့သည်၊
ဒါဆိုရင် ငါဟာအမြဲတမ်း ငါ့သမီးအတွက် အားလပ်နေရမယ် အဆင်သင့်ဖြစ်နေရမယ် ဆိုတဲ့ ကျမရဲ့ခံယူချက်တွေမှားနေပြီလားမသိ၊ ပြန်လည်စဉ်းစားရင်း တွေးမိလိုက်သည်မှာ ကျမဝါသနာပါတဲ့ photography and blogging တွေကို ကျမရဲ့ အိပ်ချိန်တွေထဲကနေ ပေးဆပ်ထားရတယ်ဆိုတာ သူတို့မသိကြဘူး၊
အလုပ်လုပ်တုန်းက ဝင်ငွေနဲ့ဝယ်ထားတဲ့ Canon EOS ကင်မရာလေးဟာ ဟောင်းနေလွန်းပါပြီ၊ အသစ်ဝယ်ချင်တဲ့ စိတ်တွေပေါ်လာတိုင်း သမီးနှင့်ယောက်ျားမျက်နှာကိုမြင်ပြီး သက်ပြင်းချခဲ့တဲ့ ကျမသက်ပြင်းတွေ မရေတွက်နိုင်ခဲ့ပါ၊
အဲဒီလိုပဲ ကျမဝယ်ချင် သိမ်းထားချင်သောပစ္စည်းတွေဟာ စိတ်ကူးတွေသာဖြစ်ခဲ့ရသည်၊
ထွက်ခဲ့ဘူးတဲ့ ခရီးတွေကို သတိရမိသည်၊ ခရီးထွက်ချင်ပါသည် ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံလိုက်ရိုက်ချင်ပါသည်၊ သမီးနှင့်သူ့အဖေကို ဟင်းငါးမျိုးလောက် ချက်ကျွေးချင်ပါသည်၊ သမီးအတွက် ကစားစရာတွေ လိုအပ်တာတွေ အများကြီးဝယ်ပေးချင်ပါသည်၊ မိသားစုလိုက် မြန်မာပြည်က ဘုရားတွေလိုက်ဖူးချင်ပါသည်၊ တစ်ပတ်တစ်ခါ မိသားစုလိုက် ကမ်းခြေမှာ အနားယူ ပျော်မြူးချင်ပါသည်၊
ဒါပေမဲ့ကျမရဲ့ “ချင်ပါသည် ချင်ပါသည်” ဆိုတာတွေသည် ရင်ထဲမှာ ကိန်းအောင်းနေသော အိမ်မက်များသာ ဖြစ်ပါလိမ့်မည်၊ မက်ခွင့်ပင်မရသော အိမ်မက်တွေဆိုရင် ပိုမှန်ပါပေလိမ့်မည်။

ဝါသနာအရ အွန်လိုင်းဝင်တတ်သော ကျမသည် သမီးနှင့်သူ့အဖေ အိပ်ပြီးကြာမှာ အိပ်ရာဝင်တတ်ပါသည်၊ မနက်ဆိုလည်း ငါးနာရီထ သမီးကျောင်းသွားဘို့ပြင်ဆင်၊ ဟိုဟာကို မိနစ် ၂၀ နဲ့အပြီးလုပ်၊ ဒီဟာကို ၁၀ မိနစ်နဲ့ အပြီးလုပ် စက်ရုပ်တစ်ရုပ်အလား၊ ၆နာရီဆို သမီးနှင့်သူ့အဖေ အတွက် အဆင်သင့်ဖြစ်လို့နေပါပြီ၊ သူ့အဖေ အလုပ်ထွက်သွားတဲ့အချိန်မှာ ကျမက သမီးကိုကျောင်းပို့ ပြီးရင်ပြန်လာ ဆေးကြော၊ ညက သမီးနှင့်အဖေ ဖွထားတာတွေ သပ်သပ်ယပ်ယပ်ပြန်လုပ်၊ တစ်အိမ်လုံးသန့်ရှင်းရေးလုပ် ဒီလိုနဲ့မနက်သည် အချိန်နှောင်းသွားခဲ့ပါသည်၊ နေ့လည်ထမင်းမြန်မြန်စား၊ ခဏလေးနားပြီးတာနဲ့ သမီးကိုကြိုဘို့ထွက်ရသည်၊ လိုအပ်ရင် စျေးဝင်ဝယ်၊ ပြန်ရောက် သမီးကို ရေမိုးချိုးခိုင်း၊ ပြီးရင် ကျူရှင်မဟုတ်ရင် သင်တန်းလိုက်ပို့ ညနေစာအတွက် ချက်ပြုတ်၊ ကျမ ရေဝင်ချိုးပြီးတဲ့ အချိန်မှာတော့ အဖေနှင့်သမီးတို့ ပြန်ရောက်နေကြပါပြီ၊ ညစာစား ပြီးနောက် သမီးနှင့်အတူ အိမ်စာအတူတူလုပ်ပြီးတဲ့ အချိန်မှာတော့ ညသည်မိုးချုပ်သွားခဲ့ပါပြီ၊ တစ်နေ့တာမောခဲ့ရတာတွေကို အွန်လိုင်းထဲဝင်အပန်းဖြေရင်း ကျမ၏ညသည် ကုန်ဆုံးသွားခဲ့ရပါသည်၊ ဒါဆိုရင် ကျမသမီးအတွက်နဲ့ အချိန်တွေကုန်ဆုံးနေတာလား၊ ဟုတ်မည်ဟု ကျမမထင်ပါ၊ ကျမမှာ အားနည်းချက်တစ်ခုရှိပါသည်၊ လင်ယောက်ျားကို ချွဲနွဲမပြောတတ်ခြင်းပင်၊ နောက်ပြီး ကျမသည် sweet wifely action ရှိသောသူ တစ်ယောက်လည်း မဟုတ်ပါပေ။

ပတ်ဝန်းကျင်၏ စကားများကို ကျမသည် တော်ရုံတန်ရုံ အလေးထားတတ်သူမဟုတ်ပါ၊ ကိုယ်လုပ်စရာရှိတာကိုသာ လုပ်လေ့ရှိတတ်သူ တစ်ယောက် ဖြစ်ပါသည်၊ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ အမြဲစဉ်းစားတတ်သူ တစ်ယောက်ဖြစ်ပါသည်၊ “ယောက်ျားဘက်လှည့်ဦး” ဆိုပြီးဒီလိုသူငယ်ချင်းတွေက ပြောလာသောအခါ ကျမတကယ်ဝမ်းနည်းမိပါသည်၊ ဘာကိုဝမ်းနည်းသလဲဆိုတာတော့ သေချာမသိပါ၊
အထူးသဖြင့် အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ရန်ကုန်ဆေးတက္ကသိုလ်(၁)က ပေးလိုက်တဲ့ ကျမဘွဲ့လက်မှတ်လေးရဲ့မှန်ဘောင်ကို ဖုန်သုတ်ရင်းနဲ့ပေါ့၊ ကျမမျက်ရည်တွေဝဲခဲ့ရတဲ့ အကြိမ်ကြိမ်တွေကို ဘယ်သူမှလည်းသိကြမှာ မဟုတ်ပါဘူး၊ ဂရုစိုက်မိကြလိမ့်မယ်လည်း မထင်ပါဘူး၊
ကိုယ်ခံစားမှုက အဓိကမကျပါဘူးလေဆိုပြီး ကျမရင်ထဲမှာသိမ်းထားခဲ့ရပါသည်၊
အချိန်တွေအတွက် Balance လုပ်ဘို့ သမီးလေးရဲ့ အဖေ သူနဲ့ တိုင်ပင်မိကြသည်၊ စနေနှင့်တနင်္ဂနွေတွေမှာ သမီးလေးရဲ့ တာဝန်တွေသူ့အတွက်ထားလို့ ခပ်ပေါ့ပေါ့ပဲပြောလိုက်သည်ကို ကြားရမိသောအခါ စိတ်ထဲမှာ ကျမဘယ်လိုမှ ရှောရှောရှူရှူဖြစ်မသွားခဲ့ပါ၊

ကျမတို့၏ဝင်ငွေသည် သမီးလေးအတွက် insurance ဝယ်နိုင်လောက်အောင်မရှိမှန်း သိလိုက်ရသောအခါ ကျမစိတ်ဓါတ်တွေမကျအောင် ထိန်းထားလိုက်ရသည်၊
စိတ်ဓါတ်တွေကိုထိန်းရင်း ကျမသည် ပထမဦးဆုံးအကြိမ် အဝေးကြီးကို မျှော်ကြည့်လိုက်မိသည်၊
လောလောဆယ် အခြေအနေကိုပဲကြည့် လောလောဆယ်အဆင်ပြေအောင် လုပ်ကြတာပေါ့လို့ ဆိုလိုက်တဲ့ သူစကားဟာ၊ သူနဲ့ကျမ ဘယ်လောက်ထိဝေးကွာနေသလဲဆိုတာကို ကျမသိလိုက်ရတော့သည်။


………………………………………………………………………….



ဒီလိုနဲ့ သမီးလေး တစ်တန်းကနေနှစ်တန်း၊ သုံးတန်းရောက်တဲ့နှစ်မှာပင် သမီးနဲ့ပတ်သက်ပြီး မကျေမလည်ဖြစ်ကြသည်၊ တကယ်တော့ အဲဒီနေ့ဟာ သမီးရဲ့မွေးနေ့ပါ၊

သမီးရဲ့မွေးနေ့ဆိုပြီး သူကအိမ်မှာ Pizza ပီဇာမှာစားသည်၊ ခဏနေကြာNoel မှ ဝက်ဝံအရုပ်ကြီးနဲ့ပန်းတွေရောက်လာသည်၊ အလွန်ကြီးသော ဝက်ဝံရုပ်ကြီးကို သမီးသဘောကျနေသည်၊
သူသည် ကျမကို ဘာမွေးနေ့လက်ဆောင်မှ မပေးခဲ့ဘူးပါ၊ ပန်းစည်းမပြောနဲ့ ပန်းတစ်ပွင့်တောင် မပေးခဲ့ဘူးပါ၊
ကျမသည်လည်း လိုအပ်သည် အဝတ်အစားများမှအပ သူကိုဘာမှ မဝယ်ပေးခဲ့ဘူးပါ၊
သူမွေးနေ့တစ်ရက်မှာတော့ ကျမစီစဉ်ပြီး ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ဘူးပါသည်၊
သူက “သမီးရေ မနက်ဖြန် အဖေတို့ မိသားစု ပါဆီရစ် theme park သွားမယ်ဟေ့၊”
ဟေးလို့ သမီးကဝမ်းပါတသာ အော်ကြွေးလိုက်သည်၊
ကျမအံ့အားသင့်သွားသည်၊ တကယ်ဆိုသူသည် ကျမကိုကြိုပြောသင့်သည်၊ တိုင်ပင်သင့်သည်၊ ကျမတော်တော်တင်းသွားသည်၊
‘မဖြစ်ဘူးထင်တယ် မနက်ဖြန်သမီးသင်တန်းတွေတက်စရာ အများကြီးပဲ၊’ ကျမ ပြောလိုက်သည်၊
“အဲဒီသင်တန်းတွေဖျက်လိုက်လေ၊”
‘ဘာရယ်၊’ ကျမ အသံတင်းတင်းနဲ့အတူ၊ ကျမတို့ စကားများဖြစ်ခဲ့သည်။

သူကသမီးကို ကျမကပုံစံတစ်ခုထဲကိုရိုက်သွင်းနေသည်ဟု စွပ်စွဲသည်၊ ကျမကလည်း ဒါသမီး၏နောင်ရေး စင်္ကာပူရဲ့ ပညာရေးစနစ်ဟာ ဒီလိုပဲ MOULDING THE FUTURE လို့ချေပလိုက်သည်၊ ကျမကသမီးလေးကို အရာရာမှာတော်စေချင်သည်၊ ထိပ်ဆုံး ၁၀ ယောက်ထဲတွင်ပါစေချင်သည်၊ ထိုအတွက် အထောက်အပ့ံဖြစ်စေရန် ကျုရှင်တွေသင်တန်းတွေ တက်စေသည်၊ စာကြည့်တိုက်ဆိုလဲ စာကြည့်တိုက်သွား၊ ပြတိုက်ဆိုလည်းပြတိုက်သွား၊ ဦးနှောက်နှစ်ဘက်စလုံး အသုံးပြုနိုင်မှုသင်တန်း၊ အင်္ဂလိပ်နှင့် တရုတ်အသံထွက် အထူးသင်တန်းတွေပါပေးသည်၊ ရေကူး၊ ပီယာနိုတွေတောင်ပါလိုက်သေးသည်၊
“ကလေးကိုပေးတဲ့ သင်တန်းတွေများနေပြီလို့ တို့ထင်တယ်၊”
‘လိုအပ်လို့ ကျမပေးနေရတာပါ၊’
“လိုအပ်သည်ထက်ပိုနေပြီလို့ တို့ထင်တယ်၊”
‘ဒါအခြေခံတွေပါ၊ ကျမတို့သမီးတစ်ယောက်ထဲ ဒီသင်တန်းတွေတက်နေတာ မဟုတ်ဘူး၊’
“မဟုတ်ဘူးလေ၊ အရေးကြီးတဲ့ PSLE မူလတန်းအောင် စာမေးပွဲ၊ GCE စာမေးပွဲတွေအတွက်ဆိုထားလိုက်ပါတော့၊ ခုဟာကအခြေခံအတန်းပဲ ရှိသေးတာ၊ နောက်ပြီး ဦးနှောက်သင်တန်းတို့ အသံထွက်သင်တန်းတို့ မဟုတ်သေးပါဘူး၊”
‘အို သမီးကိုထိပ်ဆုံးမရောက်တောင် သူများနဲ့တန်းတူဖြစ်စေချင်တယ်၊’
“ဟွန်း ဒီဦးနှောက်အသုံးချတတ်တော့ သမီးကဘာဖြစ်လာမှာတုန်း၊ အမေရိကန်တစ်ယောက်လို၊ ပြည်ကြီးတရုတ်တစ်ယောက်လို စကားသံထွက်တတ်တော့ သမီးကဘာဖြစ်လာမှာတုန်း၊ မင်းကွာ…”
“သမီးလေးဟာ ကလေးဆိုတာကို သတိထားဦး၊ နောက်သမီးဟာလူသားတစ်ယောက်ကွ၊”
“ကလေးဆိုတာဆော့ရမယ်၊ ကစားရမယ်၊ တစ်ချိန်လုံး စာအုပ်ရှေ့ ကွန်ပြူတာရှေ့ သင်တန်းတွေနဲ့ ပတ်ချာရိုက်နေရင်တော့၊ မင်းပြောတာတွေဖြစ်လာမှာ မဟုတ်ဘူး”
ကျမကိုဒေါသသံဖြင့်ပြန်ပြောနေသော သူ့ကိုတွေ့လိုက်ရသည်၊ နောက်ပြီး မင်းနဲ့ငါနဲ့ ပြောလာသည်၊ ကျမလည်း ဒေါသတွေထွက်သွားမိသည်၊
‘ရှင်ကဒေါသထွက်တာပေါ့လေ၊ ရှင်သင်တန်းကြေးတွေ မပေးချင်တိုင်း ဒီလိုပြောတာပေါ့၊’
“မပေးချင်လို့ပြောတာမဟုတ်ဘူး လွန်နေလို့ပြောတာ၊ တော်တော်ကိုလွန်နေလို့”
‘ရှင်ကသမီးလေးကို မတော်စေချင်ဘူးပေါ့၊ မတတ်စေချင်ဘူးပေါ့’
‘ရှင်သင်တန်းကြေးတွေ မပေးရင်လဲနေ၊ ကျမစုဆောင်းထားတာတွေနဲ့ သမီးကိုသင်တန်းတွေပို့ရမှာပဲ’
“မင်းဘာသိသလဲ၊ တော်တာတတ်တာကို မင်းဘာသိသလဲ၊ ငါက သမီးလေးကို မတော်စေချင်လို့ မဟုတ်ဘူး သမီးလေးကို ကောင်းစားစေချင်လို့၊ A*တွေရလို့ ဂုဏ်ထူးတွေထွက်လို့ ဒါတွေဟာ ဘဝမှာ သိပ်အရေးမပါလှဘူးဆိုတာ မင်းခုထိမသိသေးဘူးလား၊ တစ်ခါလာလဲ ပညာရေးစနစ်နဲ့ပဲ ငါကိုကိုင်ပေါက်နေတယ်၊ ကျူရှင်တွေသင်နေရတယ်ဆိုတဲ့ ပညာရေးစနစ်ဟာ အကောင်းဆုံးလို့ မင်းပြောမလား၊ ဒီနိုင်ငံ အဖွဲ့အစည်းကြီးတွေရဲ့ CEO တွေ ထိပ်ဆုံးကသူတွေ ဟာဘယ်သူတွေလဲ ဘယ်လိုလူတွေလဲဆိုတာ မင်းနားလည်ဘို့ကောင်းတယ်၊ A*တွေရတဲ့ ဂုဏ်ထူးတွေထွက်တဲ့သူတွေ အများအားဖြင့် သူများခိုင်းတာလုပ်နေရတယ်၊ ဘာမှမဖြစ်လာဘူး၊”
“မင်းကြားခဲ့ဘူးမှာပါ၊ ပုံစံတစ်ခုထဲ ဇွတ်သွင်းနေရင် နဂိုရှိရင်းစွဲတွေပါပျောက်ကုန်တယ်ဆိုတာ၊ ငါအတွက်တော့ သမီးလေးကို သူ Talent ရှိတာကိုပဲ မြေတောင်မြောက်ပေးချင်တယ်၊ မြောက်ပေးမှာပဲ၊”
ကျမဒေါသတို့သည် အထွတ်အထိပ်သို့ ရောက်လာပေသည်၊ ကျမဘာကိုမှ မစဉ်းစားမိတော့၊ တုန်ရီလို့နေပြီ၊ သူကျမကိုစော်ကားလိုက်တာ ကျမဆယ်တန်းကို ဘာသာစုံဂုဏ်ထူးထွက်ခဲ့တာ သူသိတယ်၊ နောက်ပြီးကျမက အတန်းထဲမှာ အမြဲတမ်း ပထမ မဟုတ်ရင် ဒုတိယရနေကြ၊
‘ရှင်တော်တော့၊’ ကျမအသံကုန်နီးပါးအော်လိုက်မိသည်၊
“မတော်နိုင်ဘူးကွာ၊ ဆက်ပြောရမှာပဲ၊ ဟိုသင်တန်းတွေ၊ ဒီသင်တန်းတွေနဲ့ မင်းသမီး ဘုရားတောင်ရှိခိုးတတ်ရဲ့လား၊ ဘုန်းကြီးနှင့် လူကြီးမိဘတွေကို စကားပြောတတ်လား၊ ဖေဖေ မေမေလို့ မြန်မာလိုခေါ်တတ်တာနဲ့ မင်းအတွက်လုံလောက်သွားပြီလား၊”
“ငါကတော့ မနက်ဖြန် မင်းမလိုက်လဲ၊ သမီးနဲ့သွားမှာပဲ၊”
ကျမရှိုက်ကြီးတငင်ငိုချလိုက်မိသည်၊
သူသည် ကျမကိုမချော့ပါ၊ အိမ်ရှေ့ခန်းသို့ထွက်သွားခဲ့သည်၊
ကျမဆက်၍ ငိုကြွေးနေမိသည်၊
သမီးကလေးသည် ကျမကိုဖက်ကာ လိုက်ငိုနေသည်၊
ကျမ scarifies လုပ်ထားရတာတွေ အနစ်နာခံခဲ့တာတွေ ဘယ်သူမှ နားမလည်ကြဘူး၊
“Don`t cry May May. I am not going anywhere tomorrow because you are crying.”
သမီးလေး အသံကိုကြားရတော့ ကျမအငိုတိတ်ခဲ့ရသည်၊
ကျမဘဝတွင် သူနဲ့ပထမဦးဆုံးအကြိမ် စကားများခြင်းဖြစ်ပါသည်၊
သမီးလေးရှေ့တွင် ကျမတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ပထမဦးဆုံးအကြိမ် ဒေါသဖြစ် ရန်ဖြစ်ကြခြင်းဖြစ်ပါသည်၊
သမီးလေးရှေ့တွင် ကျမ ပထမဦးဆုံးအကြိမ် ငိုခဲ့ခြင်းလည်းဖြစ်ပါသည်။


…………………………………………………………….
နောက်တစ်နေ့တွင်ကျမတို့ ပါဆီရစ်သို့ မသွားဖြစ်ခဲ့ပါ၊
သမီးလေးကိုလဲ ဘယ်သင်တန်းမှ ကျမ မပို့ဖြစ်ခဲ့ပါ၊
သမီလေးဆန္ဒကို ရယူပါဆိုသော နှစ်ယောက်ဆုံးဖြတ်ချက်အရ၊ သမီးလေးကို ဦးနှောက်အသုံးချသင်တန်းမှထွက်စေခဲ့သည်၊ အသံထွက်သင်တန်းကို ဆက်ရှင်အပြီးအထိ သင်ယူရန်နဲ့ ကျူရှင်ကိုတော့ ဆက်လက်သင်ယူရန် သဘောတူညီမှု ရခဲ့ကြပါသည်၊
သူသည်ကျမကို မတောင်းပန်ခဲ့သလို၊ ကျမသည်လည်း သူ့ကို မတောင်းပန်ခဲ့ပါ၊
မင်းဘာမှမသိဘူးလို့ ပြောတဲ့စကားလောက် ကျမအတွက်ခံပြင်းတာမရှိပါ၊ မင်းဘာမှမဟုတ်ဘူးလို့ ပြောလိုက်တာက ပိုဆိုးသေးသည်၊
ငွေရေးကြေးရေးသည် ကျမတို့အတွက် စကားပြောလာပြီကို ကျမသိရှိခဲ့ပါပြီ၊
ကျမအလုပ် ပြန်လုပ်ရန်ဆုံးဖြတ်ခဲ့ပါသည်၊
ကျမရင်ထဲတွင် အစိုင်အခဲ တစ်ခုရှိနေပြီဆိုတာကိုတော့ ဝန်ခံမိပါသည်၊
ဒေါ်အောင်ဆန်းစုကြည်ကပြောဘူးပါသည်၊ သူ scarifies လုပ်ခဲ့တာ မဟုတ်ဘူး၊ သူ choose လုပ်ခဲ့တာပါတဲ့၊
ဒီလိုပါပဲလေ ကျမလည်း ကျမရွေးချယ်ခဲ့တာပဲ မဟုတ်ပါလား။



ဆက်လက်ဖေါ်ပြပါမည်၊


30 comments:

blueskyforest said...

Cheers ! Good story ! keep going !

မေသိမ့်သိမ့်ကျော် said...

ဟုတ်တယ် မမ။ အပြင်အလုပ် လုပ်နေသင့်တယ်လို့ ညီမတော့ယူဆတယ်။ မိသားစုအတွက် ၊ မိမိအတွက် ၊ စားဝတ်နေရေးအတွက် ၊ အရာရာအတွက်ပေါ့။ အားပေးနေပါတယ်ရှင်။


ခင်တဲ့

ahphyulay said...

အင်း..
ကိုယ်က choose လုပ်တယ်ဆိုရင်လည်း
ဝန်းကျင်နဲ့  fare ဖြစ်အောင်နေဘို့ တော့ 
လိုမယ်ထင်တာပဲ။
ဒီပို့ (စ)လေးက ရုပ်ဝတ္ထုတွေ အတင်းတိုးတက်
နေတဲ့ နိုင်ငံတစ်ခုရဲ့  စိတ်ပိုင်းဆိုင်ရာတွေ
ကျဆုံးနေတယ်ဆိုတာကို ပြောပြနေသလိုပဲ
ထင်တယ်လေ..။

Margaret Joe said...

အားပေးချင်ပေမယ့်..ကိုယ်တိုင်ဝင်ငိုနေမိတယ်...
ရင်ဘတ်တစုံနဲ့ဖတ်သွား..ခံစားပေးသွားတယ်နော်.

Sonata Cantata said...

ကိုယ့်ရင်ထဲက ကိုယ့်ဖာသာ အသံမထွက်တတ်တဲ့ စကားလုံးတွေ ဒီပို့စ်မှာ မြင်နေရပါလား

လသာည said...

(ကျွန်မတို့ မိသားစုလည်း အခု ဒီပိုစ်ထဲကအတိုင်း ဖြစ်ဖြစ်နေလို့ ကိုယ်ချင်းစာမိပါတယ်)

သမီးလေးအတွက် စိတ်မကောင်းပေမယ့် မိဘနှစ်ဦးးစဉ်းစားနေတာကလည်း အမှန်တွေဆိုတော့လေ။ စာဘက်ကို တင်းတဲ့အခါတင်း၊ တခါတလေ သူကလေးရဲ့စိတ်ကို အနားပေးတဲ့အခါ ပေးရမယ်ထင်ပါရဲ့နော်..

Anonymous said...

I am also a woman. But I think her husband is on the right side in concerning with their daughter's future.

Brain boosting course? What is this? I cannot understand? Maybe the wife is in the trap of money makers. These money makers are always considering to pick up money from the parents who are searching for best training for their kids.
Pronunciation course, may be it is required. But the kid is only in the various courses from 06:00 am to 9:00 pm daily, something would be wrong.

Angelhlaing(May everybody be happy and healthy! said...

ကိုယ်တိုင် တစ်ကယ်လက်တွေ့ဘဝထဲ ရောက်သွားရသလိုပဲ တိုးတက်လာတဲ့ ခတ်နဲ့အညီ အနောက်နိုင်ငံတော်တော်များများမှာ ကြုံတွေ့ရတဲ့ မိသားစု ပြသနာ အချိန်နဲ့ငွေ၊လုပ်အား ...တွေးစရာတွေ အများကြိးနဲ့...စောင့်မျှော်နေပါတယ်လို့..

မေဓာဝီ said...

အမျိုးသမီးက ကလေးကို ဖြစ်စေချင်တဲ့ ဆန္ဒတွေ သိပ်များနေပြီး ပုံစံခွက်ထဲ ရိုက်သွင်းသလို ဖြစ်သွားတယ်။ ဒါကလဲ မိခင်တယောက်ရဲ့ လွန်ကဲတဲ့ စေတနာကြောင့်ပေါ့လေ ... ။
သူ့အမျိုးသားပြောတာက ပိုပြီး သဘာဝကျတယ်လို့ ထင်တာပဲ။
မျက်မှောက်ခေတ်ကိုထင်ဟပ်တဲ့ အကြောင်းအရာမို့ ဖတ်ရင်းမောလာတယ်။

အပိုင်း ၃ မျှော်ရပြန်ပြီ ကိုဆိုဆီရေ .....

စော(အဝါရောင်မြေ) said...

ကျမ အမြင်တော့ မိန်းမမှာရော၊ ယောင်္ကျားမှာရော အမှားတစ်ခုစီ တွေ့ ရတယ်။
ဘာတွေလည်းဆိုတော့ ယောင်္ကျားဟာ မိန်းမကို ဂရုစိုက်မူပြုခဲ့တယ်ဆိုရင်၊ ဒီကလေးကိစ္စမှာ အစကတည်းက အကျိုးအကြောင်း ခွဲးခြားဆွေနွေးသင့်ခဲ့တယ်။ ညိုနိုင်းတဲ့ သဘောပေါ့။
မိန်းမကလည်း ယောင်္ကျားနဲ့ တိုင်ပင်ပြီမှ လုပ်သင့်တယ်။ ဒီလိုမဟုပ်ရင် ကိုယ်က ကောင်းတယ်ထင်လို့ လုပ်တာပေမယ့် ကိုယ်ကိုလက်ညိုးထိုးစရာ ဖြစ်လာမယ်။ နောက်ပြီး တရုတ်၊ ကုလားတွေပဲ ကြီးစိုးတဲ့၊ လက်ဝါးကြီးအုပ်ထားတဲ့ နိုင်ငံဖြစ်နေတော့ အရမ်းတော်ရင် တခြားနိုင်ငံကိုပဲ ဖောက်ထွက်ဖို့  ကြိုးစားနိုင်မှ ဖြစ်မယ်။ ဟုပ်တယ် ပိုက်ဆံရှာနိုင်ဘို့ လည်း အဓိက လိုအပ်ပါတယ်။ စိတ်အားမငယ်ရတော့ဘူးပေါ့။
အဓိကက ကိုယ့်ဘာသာပဲ ကျုံးလုပ်မနေပဲ ညိုညိုနိုင်းနိုင်း မရှိတာဟာ ပြသနာတခုပဲ။ ဒါကတော့ နှစ်ယောက်လုံးရဲ့  အပြစ်ထင်တယ်။
ကလေးက လိုက်နိုင်၊ မလိုက်နိုင် နဲ့ သူ့ ခံစားချက်မပါသေးဘူးနော်။

Anonymous said...

ကိုဆိုစီ ရေ

စိတ်ဝင်စားစွာဖတ်သွားပါတယ်.. ဘဝ ထဲက ဘဝ တခု ကို တွေ့လိုက်ရလို့ ကျေးဇူးတင်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကျမတို့က ဘာပဲဝယ်ဝယ် price tags လေးတွေကို အရင်ကြည့်တတ်တဲ့ သူတွေပါ။

အင်ကြင်းသန့် said...

ဒီလိုဖြစ်ရပ်မျိုးတွေကို ကိုယ်ကိုယ်တိုင်ခံစားဖူးသေးတာမဟုတ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာတော်တော်များများခံစားနေကြရတာကို
တွေ့နေရပါတယ်....ကိုဆိုဆီရေးထားတာ တကယ့်ကိုသရုပ်ပီပြင်လှပါတယ်...ဆက်ပါဦး...

Anonymous said...

ကိုယ်ကဘဝတခုလုံးကိုမိသားစုအတွက်အနစ်နာခံပြီးလင်အတွက်သားသမီးအတွက်နဲ့ဘဲအချိန်ကုန်ခံပြီးပေးဆပ်ခဲ့တာကိုဘာနားလည်လို့လဲလို့အပြောခံရတာလောက်ရင်နာစရာကောင်းတာမရှိဘူး။ဖရောင်းတိုင်ဘဝကိုခံစားဘူးမှစာနာတတ်မှာပါ။

Anonymous said...

အစပဲ ရှိသေးတယ်ထင်၍ အဆုံးကိုဖတ်ရန် ဆက်ရန်တွေကို စောင့်နေပါသည်၊ Min

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး ရေ--
ဒီအချိန်ကဒီအချိန်အတွင်းဒီအလုပ်
ကိုပြီးရမယ်ဆိုပြီးလုပ်ရင်းလုပ်ရင်းနဲ့ ဘဲ ကျနော်တို့ တတွေဟာစက်ရုပ်လူသားဖြစ်လာကြပြီပေါ့-
တဖြေးဖြေးနဲ့ စိတ်ပိုပြီးဝင်စားလာတယ်-ဆက်ရန်ဆိုတော့
လည်းစောင့်နေရုံပေါ့ဗျာ-

mstint said...

စိတ်ဝင်တစားဖတ်သွားပါတယ်။
မိသားတစ်စုမှာ အရေးအကြီးဆုံးအချက်က ဆိုးတိုင်ပင်ကောင်းတိုင်ပင် ကြိုတင်ညှိနှိုင်းတိုင်ပင်ကြသင့်တယ်လို့ ဆိုသည့်တိုင် တစ်ချို့ကိစ္စလေးတွေမှာ မိခင်တစ်ဦးတည်း ဖြေရှင်းရတာလေးတွေလည်း ရှိတတ်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ဖိုးကြယ် said...

ဆက်လက်မျှော်နေတယ် ကိုဆိုဆီရေ... :)

ခင်တဲ့(ဖိုးကြယ်)

blackroze said...

ကျန်တဲ့အပိုင်းဆက်လေးကိုစောင့်မျှော်နေပါတယ်

T T Sweet said...

အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်။ စင်္ကာပူရောက် မြန်မာမိသားစုတွေရဲ့ ဘ၀တစ်စိတ်တစ်ဒေသကို ထင်ဟပ်စေတဲ့ ပို့စ်လေးပါ။
အဲဒီဘ၀ထဲက ရုန်းထွက်ချင်လို့ အားလုံးအခြေကျပြီးခါမှ ဒီဘက်ကို ပြောင်းပြေးခဲ့ရတာ။

အဆက်ကို စောင့်နေပါတယ်။

Anonymous said...

အမျိုးသားပြောတာက ပိုပြီး သဘာဝကျတယ်

ချစ်ကြည်အေး said...

ကိုတည်ငြိမ်ရေ....ဒီက မိသားစုတွေအတော်များများရဲ့ ပုံရိပ်စစ်တွေကို တွေ့လိုက်ရပါရဲ့။ အဖေရော အမေပါ တပုံစံထဲ ပုံစံခွက်ထဲ သွင်းခံနေရတဲ့ ကလေးတွေများ သိတ်သနားစရာကောင်းတာပဲ။ ကလေးသဘာဝကို ပျောက်ရော။ အင်မတန် လူဖြစ်မြန်ကြတာပဲ။

Anonymous said...

အစ်မသမီးမြန်မာစာအရေးအဖတ်တတ်ပါသလားရှင်..ခုတလောဘလော့မှာခေတ်စားနေတဲ့စလုံးမှာနေပြီးကလေးကိုမြန်မာစာသင်သင့်မသင့်နှစ်ဖွဲ့ ကွဲနေလို့ပါ။အစ်မသဘောထားလေးလဲသိချင်ပါတယ်။ကျွန်မမှာလဲသမီးလေးတယောက်ရှိပါတယ်၊ပီဝမ်းတက်နေပါတယ်။

သက်

ညိမ်းနိုင် said...

သိပ်ဖတ်လို့ကောင်းတယ်ဗျ...နဲနဲနှေးသွားသလိုပဲနော်...။
ဒါပေမယ့် ဆွဲဆောင်မှုကတော့အပြည့်...၊အင်း..ကျွန်တော့်
အစ်မဝမ်းကွဲမိသာစုကို ပြေးမြင်ယောင်မိတယ်...၊သူလည်း
ဒီဇာတ်ထဲက အမျိုးသမီးနဲ့ တစ်ထပ်ထဲပဲဗျာ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေါင်းစဉ်မြင်မြင်ချင်းတော့ လန့်စရာဘဲ
အပိုင်း(၁) မဖတ်ရသေးလို့ ၁ကနေ သွားဖတ်တယ်။
၂နဲ့ မပြီးဘဲ ဆက်ရန်ဖြစ်သွားတော့ ဆန့်ငင်ငင်ဖြစ်သွားရော
စိတ်ဝင်စားစရာ အိမ်ထောင်ရေးဇာတ်လမ်းလေးဘဲ
မိခင်မေတ္တာကြောင့် ဖြစ်စေချင်စိတ်တွေ များနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားက ပေါ်လွင်ပီပြင်လှပါတယ်။
ဘာများဆက်ဖြစ်မှာပါလိမ့်..

Anonymous said...

ရေးသူကိုယ်စားဝင်ဖြေပေးသွားသည်၊
စလုံးမှာတရုတ်တွေက တရုတ်စာတတ်တယ်၊ ကုလားတွေက ကုလားစာတတ်တယ်၊ မလေးတွေ မလေးစာတတ်တယ်၊ နောက်ဆုံး ဒီရောက်တဲ့ ဖဦးထုပ်တွေ တာဂလော တတ်တယ်၊ မြန်မာလေးတွေမြန်မာလို မတတ်ရင် ဘာပြောရမလဲ xxx!? ပဲ၊
လူကြီးတွေညံ့လို့ ဒီထက်ပိုပြောရရင် လူကြီးမိဘတွေအသုံးမကျလို့။

Anonymous said...

အပေါ်ကအမည်မသိကိုမေးရအုန်းမယ်။ မိဘနှစ်ယောက်လုံးအလုပ်လုပ်တယ်။ကလေးကို
မနက်ခုနှစ်နာရီကနေညခုနှစ်ရာထိကျောင်းပို့ထားရတယ်
အိမ်ရောက်ထမင်းစားပြီး၉နာရီထိုးပြီးနောက်နေ့၅နာရီခွဲထဖို့ကလေးကို၉နာရီခွဲဆိုအိပ်ခိုင်းရတယ်
စနေနေ့ပိတ်ရက်မှာတရုတ်စာနဲ့အင်္ဂလိပ်စာကျူရှင်ပို့ ရတယ်တနင်္ဂနွေမှာတပတ်စာလုံးအိမ်အလုပ်တေ
ွသိမ်းကျူံးလုပ်ရတယ်ဘယ်အချိန်မှာမြန်မာစာကိုသင်
ပေးရမလဲ။မြန်မာမတတ်တဲ့အတွက်ကလေးအနေနဲ့စလုံး
ကျောင်းမှာသူငယ်ချင်းတွေကြားမှာဘာအခက်အခဲရှိနိင်မလဲ။

မြတ်မွန် said...

သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ storyတစ်ခုပါပဲ ကိုဆိုဆီရေ..ဟုတ်ပါ့ ကလေးတစ်ယောက် ရလာပြီးရင် တစ်ချို့မိသားစုတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးတွေပေါ့...။

မြစ်ကျိုးအင်း said...

ကျနော်တော့ အမျိုးသား ပြောတာကို ပိုသဘောကျတယ်။ ကလေးတစ်ယောက်ကို ကလေးတစ်ယောက်လိုပဲ ကြီးပြင်းစေချင်တယ်။
အမေဖြစ်သူလည်း မမှားပါဘူး။ မိဘတို့ရဲ့ သားသမီးအပေါ်ထားတဲ့ စိတ်ကြောင့် ဖြစ်မှန်း မြင်သာတယ်။ ၃ နဲ့ ၄ ဆက်ဖတ်လိုက်အုံးမယ်။

မြသွေးနီ said...

ဇာတ်ရှိန်တက်နေပြီ...။
အပိုင်း (၃)ကို ကူးမယ်..။