Tuesday, May 31, 2011

နေရာတစ်ခု သို့မဟုတ် nth dimension

ဒီနေရာသို့ ဘယ်လိုရောက်ရှိခဲ့ခြင်း သူသေချာမသိပါ၊ တစ်ခါတစ်လေ ငါဘယ်သူလဲဆိုတာ ကိုလည်းစဉ်းစားနေမိသည်၊ ဒါပေမဲ့ အမြင်ဆန်း စိတ်ဝင်စားစရာများကြောင့် ထိုအတွေးများသည် ပျောက်ကွယ်သွားခဲ့သည်၊ သို့မဟုတ် တွေးတောလိုစိတ်များ ဖြစ်ပေါ်ခြင်းမရှိတော့သည်လည်း ဖြစ်နိုင်သည်။

တစ်ခါတစ်ရံ အမေ၏ခေါ်သံလိုလိုကြားရရင် ပြန်လည်စဉ်းစားမိပြန်သည်၊ အမေ၏ခေါ်သံကို သိသော်လည်း အမေဘယ်သူလည်းဆိုတာ မစဉ်းစားမိ၊ ဒီလိုပဲ ထိုအတွေးများသည် ပြန်လည်ပျောက်ကွယ်သွားသည်။

ဤနေရာသည် အဆက်မပြတ်သော အဆောက်အအုံတစ်ခုလည်းဖြစ်သည်၊ တစ်ခါတစ်လေ အဆောက်အဦးတွေကြားမှာ ဥယျာဉ်ကြီးရှိသည်၊ ထိုဥယျာဉ်ကြီး၌ သစ်ပင်ကြီးများမရှိ၊ မြက်ခင်းပြင်နှင့် ပန်းပင်အပုလေးများရှိသည်၊ ထူးဆန်းသည်မှာ ပန်းပွင့်တို့သည် အနီရောင် အနီရင့်ရောင် ပန်းရောင်နှင့် အဖြူရောင်တို့ပဲရှိသည်၊ ထိုအရောင်တို့တွင် ပြာလဲ့လဲ့အရောင်များရောစပ်နေပြီး မီးစုန်းများကဲ့သို့တောက်ပနေသည်၊ မြက်ခင်းများကား အစိမ်းပကတိပင်။

အဆောက်အဦးကြီး၏ တစ်ချို့နေရာများကား ခန်းမကျယ်ကြီးလို ကြီးမားလှသည်၊ တစ်ချို့နေရာများမှာ တာမနယ်တစ်ခုလို ကျဉ်းမြောင်းရှည်လျှားသည်၊ အဆောက်အဦးကြီးတစ်ခုလုံး လင်းထိန်နေ၏၊ နေရောင်မရှိ လျှပ်စစ်မီးရောင်မရှိပဲ ဘယ်လိုလင်းထိန်နေသလဲ သူမသိပေ၊ ဒီနေရာမှာ မှန်လည်းမရှိ ပုံရိပ်ထင်စေသောအရာများလုံးဝမရှိချေ၊ အဆောက်အဦးထဲမှာရော ဥယျာဉ်ထဲမှာပါ လေကောင်းလေသန့်ရသည်ဟု သူထင်မိသည်၊ ဒါပေမဲ့ ဒီလေကိုရော သူရှုမိနေသလား သူမသိပါ၊ ဘယ်အရာမဆိုသိအောင် ကြိုးစားလိုစိတ်သည် ဒီနေရာတွင် မရှိကြောင်းသေချာလှသည်။

ဒီနေရာတွင် လူတွေရှိပါသည်၊ လူပေါင်းစုံရှိသည်ဟုဆိုချင်ပါသည်၊ မိန်းမ ယောက်ျား အသက်အရွယ်မျိုးစုံ၊ အရောင်အသွေးစုံ လူမျိုးပေါင်းစုံရှိသည်၊ လူအများသည် တစ်ယောက်နှင့်တစ်ယောက် စကားမပြော၊ အဖက်မလုပ်၊ တစ်ချို့ကား ဘေးပတ်ဝန်းကျင်ကို ကြည့်တောင်မကြည့်၊ ရောက်ခါစက သူ့ကို ဒီကလူတွေမြင်ရောမြင်ရရဲ့လားဟုတွေးမိသည်၊ ထိုနောက်မတွေးမိတော့၊ တစ်နေရာတွင်ထိုင်ငိုနေသော ကောင်မလေးနှစ်ယောက်ကိုတွေ့ရသည်၊ ဤနေရာတွင် ငိုနေသော သူများအလွန်ရှားပါးပါသည်။

လူတို့သည် အလင်းရောင်၊ အဆောက်အဦးဒီဇိုင်း မြက်ခင်းပြင်ကြီးကိုကြည့်ကာ သွားလာနေကြသည်၊ သွားလာနေကြသည်ဆိုရာ၌ ဖြေးဖြေးချင်းလမ်းလျှောက်သွားနေသလို လေပေါ်တွင်လွင့်နေသလို မျောနေသလိုသွားနေကြသည်၊ ထိုသို့ လွင့်နေသလိုမျောနေသလို သွားနေရသည်ကို သဘောကျ ပီတိဖြစ်နေကြောင်း သူတို့၏မျက်နှာတွင် ပေါ်လွင်လှသည်၊ ထိုသို့သွားလာရင်း အားလုံးကိုမေ့ထားသည့်ပုံစံဖြစ်နေသည်။

တကယ်တော့ ဒီကလူတို့သည်ထိုပုံစံဖြင့် အဆက်မပြတ်သွားလာနေကြခြင်းဖြစ်သည်၊ ဤနေရာတွင် နေ့နဲ့ညမရှိပါ၊ ဘာလို့နေ့နဲ့ည မရှိသလဲ ဘယ်သူမှ စဉ်းစားနေကြခြင်းမရှိပါ၊ နောက်ပြီးတော့ ဒီနေရာကလူများသည် ဘာမှ စားသုံးကြခြင်းမရှိပါ၊ ဘာလို့စားသုံးစရာမလိုသလဲ ဆိုတာကိုလည်း သူမသိပါ၊ အစကစဉ်းစားမိသော်လည်း မစဉ်းစားတော့ပါ၊ ဒီထက်ပြောရရင် ဒီနေရာမှာ ဘုရားသခင်လည်းမရှိပါ နတ်ဘုရားများလည်းမရှိပါ၊ ကိုးကွယ်ယုံကြည်မှုလည်းမရှိကြပါ၊ ဤနေရာမှသူများသည် လွင့်မျောနေကြသူများအလား။

လူအများအပြားရှိသော ခန်းမကျယ်ကြီးတစ်ခုကိုဖြတ်အပြီး အခန်းရှည်တစ်ခုကိုဖြတ်အလျှောက်မှာတော့ ဝရံတာလို့အပြင်ဘက်တစ်ခုကိုတွေ့ရသည်၊ ထိုအပြင်ဘက်တွင် တိမ်ညိုတိမ်မဲလို အရာများလည်ပတ်နေပြီး တစ်ခါတစ်ရံ မီးတောက်ရောင်များထွက်ထွက်လာသည်ကိုတွေ့ရသည်၊
လူတစ်ချို့သည် ထိုနေရာသို့ဦးတည်သွားနေကြသည်၊တစ်ချို့သည်ထိုထဲသို့ခုန်ဆင်းသွားကြသည်၊ သူကတော့ထိုနေရာသို့ကပ်လို့မရ၊ လူတစ်ယောက်လျှင်မြန်စွာပြန်ထွက်လာပြီး တစ်ယောက်ထဲစကားတွေပြောနေသည်၊ “တော်သေးတာပေါ့ ငါပြန်ထွက်လာရလို့ အောက်မှာ
မီးပင်လယ်ပြင်ကြီး၊ အော်သံငိုသံတွေကြားတယ်၊ ကယ်ပါယူပါနဲ့” ဆိုပြီးပါးစပ်က တတွတ်တွတ်ပြောနေသည်၊ တော်တော်ကြောက်လာပုံရသည်။

ထိုဝရံတာနဲ့ အနီးနားမှာ နောက်ထပ်ဝရံတာ တစ်ခုကိုတွေ့ရသည်၊ ထိုဝရံတာမှာတော့ လင်းထိန်နေသော အဖြူရောင်တိမ်တိုက်တွေ ငွေမျှင်လိုအတန်းတွေတွေ့ရသည်၊ ထိုနေရာကိုသွားသူနည်းပါးလှသည်၊ လူတစ်ချို့ထိုအဖြူလှိုင်းထဲသို့ လွင့်မျောပါသွားသည်ကို တွေ့ရသည်၊ ထိုနေရာသို့လည်း သူကပ်မရပေ။

ဒီလိုနဲ့သူသည် ခန်းမကျယ်ကြီးများ၊ ဥယျာဉ်ကြီးများ၊ ခန်းမကျဉ်းလေးများကို တစ်ခါတစ်လေ လွင့်မျောလိုက်၊ တစ်ခါတစ်လေ လမ်းလျှောက်လိုက်နဲ့သွားလာနေဆဲဖြစ်သည်။

တစ်ခါတစ်ရံ အမေ၏ခေါ်သံလိုလိုကိုကြားရင် စဉ်းစားနိုင်မှုသည် ပြန်လည်ဝင်ရောက်လာသည်၊ ခန္ဓာကိုယ်ရှိသော်လည်း အသွင်သဏ္ဍန် မရှိကြောင်းသိလိုက်ရသည်၊ လေ့ကျင့်ဖူးသော အကျင့်တစ်ခုကို ကျင့်ကြံကြည့်သည် ဒီနေရာတွင် သူကျင့်လိုမရပေ၊ ဝမ်းနည်းသလိုလိုဖြစ်လာသော်လည်း မငိုကြွေးမိ၊ တစ်စုံတစ်ယောက်၏ ဟောပြောချက်များ ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေမိသည်၊ တစ်စုံတစ်ခုကိုသိသလိုလို ခံစားရပြန်သည်၊ သူ့အသိ သူ့ပညာသည် ဒီလောက်မမြင့်ကြောင်း သိလိုက်ရသည်၊ ရရှိထားသော အခြေအနေတွင် သူအသုံးမချခဲ့သည်ကို နောင်တရမိသည်။

ဒီမှာသေချာတာက အာရုံသိသဘောသက်သက် ဖြစ်တဲ့ မြင်သိစိတ်သာ အဓိကဖြစ်နေသည်၊ ကျန် ကြားသိစိတ်သည် တစ်ခါတစ်လေမှဖြစ်ပေါ်သည်၊ အခက်အခဲဆုံးဖြစ်ပေါ်တာကတော့  ကြံသိစိတ်ပင်ဖြစ်သည်၊ တကယ်လို့ သူငိုကြွေးခဲ့သော် ဘယ်လိုရှုမှတ်ရမလဲဆိုတာကို မလေ့လာ မသင်ယူခဲ့သော သူ့အဖြစ်ကို ဝမ်းနည်းမှုသာဖြစ်နိုင်သည်။

လူတစ်ချို့တစ်ဦးနှင့်တစ်ဦး စကားပြောနေသည်ကို တွေ့ရသည်၊ သူ့မှာဘာလို့ စကားပြောဖေါ်မရှိသလဲလို့ စဉ်းစားမိပြန်သည်၊ ခန္ဓာဝန်မရှိသည့် လွတ်လပ်မှုကို သူခံစားရင်း လွင့်မျောပစ်လိုက်သည်၊ အခန်းကျဉ်းလေးတစ်ခုအရောက် လူတစ်ယောက်က ပြုံးပြနေသည်၊
‘ဟေးမင်းလဲ ဒီကိုရောက်လာတယ်၊’
“ဟုတ်တယ်” “ဒါနဲ့ခင်ဗျားကဘယ်သူလဲ၊ ဘယ်လိုရောက်လာသလဲ”
‘ငါ အဇစ်ပါ၊ ပါကစ္စတန်က၊ ဝုန်းဆိုတဲ့အသံကြီးနှင့်အတူ ငါဒီကိုရောက်လာတယ်၊ ဒီနေရာကို ငါသိပ်သဘောကျတယ် ’
“မဟုတ်သေးဘူး၊ ဒီနေရာဟာမမြဲတဲ့နေရာလို့ငါထင်တယ်၊ အဲဒါကိုရှုမှတ်မလို့ ငါကြိုးစားနေတာ”
“နောက်ပြီး ငါကမင်းထက်ဆိုးတာက၊ ငါဘယ်သူလဲငါမသိဘူး၊ ဘယ်လိုရောက်လာသလဲဆိုတာလည်း ငါမသိဘူး”
‘မသိတာတွေများနေမှတော့ မကြိုးစားနေပါနဲ့တော့ လွင့်မျော ပျံဝဲနေရတဲ့ ဖီလင်၊ ဝေဒနာမရှိတာ ငါအကြိုက်ဆုံးပဲ’
အဇစ်၏လက်က ပုတီးကိုစိတ်နေသည့်ပုံစံ၊ သူသည် အဇစ်လက်ကိုကြည့်လိုက်မိသည်၊ ဒီတော့အဇစ်က
‘ငါအရင်တုန်းက ပုတီးကိုအမြဲစိတ်လေ့ရှိတယ် အကျင့်ပါလာတာထင်တယ်၊ ငါသွားပြီဟေ့’
အဇစ်ထွက်သွားသည်၊ တစ်စုံတစ်ခုသော အဆက်အစပ် အကြောင်းအကျိုးဆက်နွယ်မှုကြောင့် အဇစ်နဲ့သူ တွေ့ဆုံရခြင်းဖြစ်နိုင်သည်၊ ဒီလောက်လူတွေကြားမှာ အဆက်မရှိပဲ တွေ့ဆုံသိနိုင်ဘို့ မလွယ်ကြောင်းသိလိုက်ရသည်၊ လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံရင်းနှီးမှုသည် အရင်ရင်က အဆက်ဆက် ကြောင်းကျိုးဆက်နွယ်မှုကြောင့် ဖြစ်နိုင်သည်ဆိုတာကို လက်ခံမိလိုက်သည်။

အဇစ်သည် ဘာမှစဉ်းစားမတွေးခေါ်ပဲ မျောလွင့်နေသော်လည်း ကိုယ်ကိုကိုယ် ဘယ်သူလဲဆိုတာကိုသိသည်၊ သူကတော့မသိ၊ ဒီလိုနဲ့ သူသည် ဆက်လက်မျောလွင့်ရင်း ဥယျာဉ်ဘက်သို့ရောက်လာခဲ့သည်၊ တစ်နေရာတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ စကားပြောနေကြသည်ကို တွေ့ရသည်၊ အမျိုးသမီးကြီးသည် လူဖြူတစ်ယောက်ဖြစ်ပြီး၊ အမျိုးသားမှာ ဂျပန်လိုလို ကိုရီးယားလိုလို လူတစ်ယောက်ဖြစ်သည်၊ အမျိုးသမီးကြီးသည် သူကိုလှမ်းခေါ်လိုက်ပြီး၊ သူမ၏ နာမည် အန်နာ ဖြစ်ကြောင်း မိတ်ဆက်ရင်း သူ့ကိုစကားပြောရန်ဖိတ်ခေါ်လိုက်သည်၊ သူ့ကို အမျိုးသားကလည်းပြုံးပြသည်၊ သူလည်းနှစ်ယောက်လုံးကို ပြန်ပြုံးပြလိုက်သည်၊ ထူးခြားသည်မှာ သူတို့သုံးယောက်စလုံးသည် စဉ်းစားနိုင်သည့် သိစိတ်တစ်ချို့ရှိနေကြခြင်းပင်ဖြစ်သည်၊ သူနှင့်ဂျပန်လိုလို အမျိုးသားမှာ ကိုယ်ကိုကိုယ် ဘယ်သူလဲ ဘယ်လိုရောက်လာသလဲ မသိကြသူများဖြစ်ကြသည်။

သူတို့သည် ဒီနေရာ၏ ထူးဆန်းမှုများကို ပြောဖြစ်ကြသည်၊ အနည်းငယ်သိထားသော အကြောင်းအကျိုးဆက်နွယ်မှု မတည်မြဲသော ဖြစ်ပျက်ဖြစ်စဉ်များကို သူရှင်းပြမိသည်၊ ကိုယ်ကိုတိုင်ကလည်း သိပ်မသိတော့ သူ၏ရှင်းပြမှုများသည် အရာမရောက်ကြောင်း သိနိုင်သည်၊ ဂျပန်လိုလို အမျိုးသားက တစ်ခါတစ်လေ သူကို တစ်စုံတစ်ယောက်က တာကာရှီဆိုပြီး ခေါ်ခေါ်နေသံကြားရကြောင်း၊ သူသည် တာကာရှီဖြစ်နိုင်သည်ဆို၏၊ အန်နာကတော့ သူ၏ပျော်ရွှင်မှုသည် ခန္ဓာဝန်မရှိပဲ လွတ်လပ်မှုကိုခံစားရခြင်းဖြစ်ကြောင်း သူသည်အရင်က ဝေဒနာသည်တစ်ယောက် ဖြစ်နိုင်ကြောင်း ဆို၏။

ဤသို့စကားပြောဆိုနေကြသော်လည်း သူတို့အားလုံး ဘယ်ဘာသာဗေဒဖြင့် ပြောနေကြလည်း သူမသိပါ၊ သို့သော်လည်း သူပြောသည်ကို ကိုယ်နားလည်၍ ကိုယ်ပြောသည်ကိုလည်း သူတို့နားလည်ကြသည်။

သူတို့ သုံးယောက်သည် ပုဆိုးဝတ်၍ ငိုယိုပြီး လမ်းလျှောက်နေသော မြန်မာလူမျိုးဖြစ်နိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်၊ ဒီလူဘာဖြစ်လို့ ငိုနေတာလဲ အချင်းချင်းမေးခွန်းထုတ်ကြသည်၊ ပြန်သတိရနေလို့လား၊ ဘာမှန်းမသိပဲ အားငယ်စိတ်ကြောင့်လား၊ ဒါမှာမဟုတ် သူလိုပဲ ရရှိခဲ့တဲ့အချိန်က ဘာမှမလေ့လာ မကျင့်ကြံခဲ့ရ၍ နောင်တရသောကြောင့်လား စသဖြင့် စဉ်းစားမိကြသည်၊ ထိုသူပျောက်သွားသောအခါ စဉ်းစားမှုများရပ်သွားခဲ့သည်။

သွားရင်းလာရင်း၊ ဘေးနားကလူတစ်ယောက် ပျော်ရွှင်စွာလွင့်မျောနေရာမှ ရုတ်ချဉ်း လျှင်မြန်စွာဖြင့် လွင့်ပျံသွားပြီး ထိုသူ၏သဏ္ဍန် အောက်ပိုင်းသည်လည်း မှုန်ဝါးပျောက်ကွယ်လုနီးပါးဖြစ်နေသည်၊ ထိတ်လန့်အံ့သြမှုတွေကို ထိုသူ၏မျက်နာတွင် တွေ့လိုက်ရသည်၊ ဤနေရာသည်လည်း မမြဲသည့်သဘောကို ဆောင်နေကြောင်းသိလိုက်ရသည်၊ ထိုသူဘယ်သို့လွင့်ပျံသွားကြောင်းသူတို့ မသိလိုက်ရချေ။

အန်နာသည် ဥယျာဉ်ဘက်မှ နောက်ထပ်ခန်းမကျယ်ကြီးဘက်သို့ ထွက်သွားသည်၊ သူနှင့် တာကာရှီဆိုသူတို့ တာမနယ်လို ကျဉ်းမြောင်းသော ခန်းမရှည်ကြီးဘက်ထွက်လာကြသည်၊ အနည်းငယ်လွင့်မျောပြီးနောက် တာမနယ်တစ်ခြမ်းသည် တိုးရိုးပေါက်နေကြောင်းတွေ့ရသည်၊ ထိုအပေါက်ကြီးသည် တော်တော်ကြီးသည်၊ လိမ္မော်ရင့်ရောင် တိမ်ချွဲချွဲတွေလည်ပတ်နေသည်၊ တစ်ချို့နေရာများတွင် ပုဇွန်ဆီရောင် အမျှင်တန်းများတွေ့ရသည်၊ ထို လိမ္မော်ရင့်ရောင် ပုဇွန်ဆီရောင်လည်ပတ်မှုသည် စွဲဆောင်မှုကိုဖြစ်စေသည်၊ ပြီးတော့ဒီနေရာမှာ သူ့ကိုနံသိစိတ်ကို ဖြစ်ပေါ်စေသည်၊ ညှီသောအနံ့များကို သူရရှိစေသည်၊ သူရော တာကာရှီရော ထိုအပေါက်ကြီးသို့ ရောက်အောင်သွားချင်ကြသည်၊ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးလျှင်မြန်စွာ မသွားနိုင်ကြ၊ တစ်နေရာသို့ရောက်သော် တာကာရှီက သူဆက်သွား၍ မရတော့ကြောင်း သူကိုလှမ်းပြောလိုက်သည်၊ အဲဒီအချိန်မှာပဲ ပုဆိုးနဲ့မြန်မာသည် ပျံဝဲကာ လိမ္မော်ရင့်ရောင်ထဲသို့ လည်ပတ်ဝင်ရောက်သွားသည်၊ သူကတော့ကြိုးစား၍ သွားနေဆဲဖြစ်သည်။

ဒီလိုနဲ့ သူသည်အနီးနားသို့ရောက်ရှိသွားသည်၊ လိမ္မော်ရောင်သည် ရေမှုန်ကဲ့သို့အမှုန်များဖြစ်နေသည်ကို တွေ့ရသည်၊ ထိတွေ့လိုက်သောအခါ ထိသိစိတ်ကိုဖြစ်ပေါ်စေခဲ့သည် ညှင်သာသောထိတွေ့မှုပဲဖြစ်သည်၊ အထိအတွေ့ကို ကြည်နူးနေချိန်မှာပင် ခေါ်သံနှင့်အတူ ဒုန်းဆိုရင်ဘတ်ထဲကအောင့်ပြီး အနောက်ဘက်ပြန်ကန်လာသည်၊ ထိုအရှိန်သည် တာကာရှီရှိနေသည့် နေရာထက်ပင် ကျော်လွန်ပြီး အနောက်သို့ရောက်ရှိသွားသည်၊ မောပန်းစိတ်ဖြစ်ပေါ်လာသောကြောင့် လိမ္မော်ရင့်ရောင်ထဲသို့ ဆက်သွားဘို့မကြိုးစားတော့ပဲ၊ အရှေ့ဘက်သို့ ဆက်လျှောက်လာသည်၊ တာကာရှီလည်းနောက်မှာလိုက်လာခဲ့သည်။

လွင့်ပျံမျောပါရင်းလာခဲ့ရာ အခန်းရှည်သည် ကျဉ်းသထက်ကျဉ်းလာကြောင်းတွေ့ရသည်၊ တစ်နေရာတွင် အန်နာကိုပြန်တွေ့ရသည်၊ အန်နာကငါဒီမှာနေခဲ့တာကြာပြီ ဒီနေရာကိုခုမှ ရောက်ဘူးတယ်ဆို၏၊ လူတစ်ရပ်ကျော်ကျော် ပတ်လည်ရှိသော အဝိုင်းပုံ အပေါက်တစ်ခုကိုတွေ့ရသည်၊ ထိုနေရာတွင် သူတို့သုံးယောက်မှလွဲ၍ ဘယ်သူမှမရှိ၊ အပေါက်သည် အဝါရောင်လင်းထိန်နေပြီး အဖြူရောင်အလင်းတန်းများ အကွင်းလိုက် အကွင်းလိုက်ထွက်နေသည်၊ ရေဆာသလိုလိုပဲလို့ တာကာရှီကပြောလိုက်သည်၊ ဟုတ်တယ်လို့ သူရောအန်နာပါ ပြိုင်တူဖြေလိုက်ကြသည်၊ စားသိစိတ်ကိုဖြစ်ပေါ်နေပြီလို့ သူသိလိုက်သည်၊ ငါ့ကိုခေါ်နေပြီဆိုပြီး တာကာရှီတစ်ယောက် အပေါက်ထဲသို့ထိုးဝင်ရောက်သွားသည်၊ ပြီးနောက် အန်နာက ငါလည်းသွားပြီဆိုပြီး ဝင်ရောက်သွားသည်။

အန်နာနှင့် တာကာရှီတို့ ဝင်ရောက်သွားသည်ကို သူကြည့်ရင်းကျန်ရစ်ခဲ့သည်၊ ရေဆာမှုသည်လည်းမြင့်တက်လာသည်၊ တစ်ပတ်ပျံဝဲလိုက်မိသည်၊ ခေါ်သံ အော်သံတစ်ချို့ကိုကြားရသည်၊ သူ့လက်ကိုတစ်စုံတစ်ယောက်က လှုပ်ခါနေသလို ခံစားရသည်၊
'သား၊ သား'
ဒါအမေ့ခေါ်သံပဲ၊
သူသည်အဝါရောင်အပေါက်ထဲသို့ အမြန်ဆုံး ထိုးဖေါက်ဝင်ရောက်လိုက်သည်။

…………………………………………………………………….

အလင်းရောင်စူးစူးသည် မျက်စိထဲသို့ဝင်ရောက်လာသည်၊
လူနာသတိရလာပြီ ဆိုသည့်အင်္ဂလိပ်လိုပြောသံကို ကြားလိုက်ရသည်၊
'သား၊ ကိုကို၊ ဒက်ဒီ ညီလေး' စသဖြင့် ခေါ်သံမျိုးစုံ တစ်ပြိုင်နက်ကြားလိုက်ရသည်၊
ဆူညံ့သည့် အသံတွေကိုခံနိုင်ရည်မရှိတော့၊ မျက်လုံးကိုပြန်မှိတ်ပစ်လိုက်သည်၊

ဆရာမ တစ်ယောက်က လူနာကိုဆရာဝန်စစ်စရာရှိတယ် အားလုံးအပြင်ထွက်ပေးပါ၊ ဟုပြောသံကြားလိုက်ရသည်၊

အသံတွေအားလုံးငြိမ်သက်သွားသည်။

ခုနက ‘သား’ ‘သား’ ဟုခေါ်နေသော အမေကိုလှမ်းတွေ့လိုက်ရသည်၊ အသံကိုမှတ်မိသော်လည်း ရုပ်ကိုမမှတ်မိ၊ ကိုကို ဟုခေါ်နေသူ မိန်းမဝဝသည် သူမိန်းမလော၊ တွေးနေစဉ်မှာပင် ဆရာဝန်ဟုထင်ရသော အမျိုးသမီး၏ခေါ်သံကိုကြားလိုက်ရသည်၊
‘မစ္စတာ မောင်မောင်၊ မစ္စတာ မောင်မောင်၊’
ငါ့နာမည်ပဲဖြစ်မယ်ဆိုပြီး ထူးလိုက်မိသည်။

ဆရာဝန်မနဲ့ စကားပြောဖြစ်သည်၊ သူ့နာမည် မောင်မောင်ဖြစ်ကြောင်းသိလိုက်ရသည်၊ သူမေ့မြောနေတာ နှစ်လရှိပြီဖြစ်ကြောင်းလည်းသိရသည်၊ ဒီနေ့အသက်ရှုပုံမှန်မဟုတ်ဖြစ်လာ၍ ရှော့တိုက်ပြီးနှလုံးပြန်ခုန် စေခဲ့ကြောင်းသိရသည်၊ လိုအပ်သည်များကိုစစ်ဆေးပြီးသောအခါ ပုံမှန်အခြေအနေတွင်ဖြစ်နေပြီဖြစ်ကြောင်း ပြောပြသည်၊ နောက်ပြီးသူကို ဆရာဝန်မက NDE ဖြစ်သေးလားဟုမေးသည်၊ သူပြန်မဖြေပါ၊

အားလုံးကိုပြန်လည်မှတ်မိစေရန် အချိန်ယူရမည်ဖြစ်ကြောင်းလည်းပြောပြသည်၊ ဘယ်သူနဲ့စတွေ့ချင်လည်းလို့မေးရာ အမေနဲ့စတွေ့ချင်ကြောင်းပြောလိုက်သည်၊

အမေ့အသံကိုမှတ်မိနေ၍ဖြစ်သည်။

………………………………………………………………….

ဆရာမက ရှင်ကံကောင်းတယ်၊ ဘေးခန်းက အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်တော့ ဒီနေ့ပဲဆုံးသွားတယ်၊ ဒီလူကမေ့မြောနေတာ နှစ်ပတ်ပဲရှိသေးတယ် ဟုဆိုသည်။

……………………………………………………

သေချာသည်မှာ ထိုနေ့ကလူသားသုံးဦး တဖန်ပြန်လည်၍ နိုးထလာပေလိမ့်မည်၊

အကြောင်းတိုက်ဆိုင်၍ သူတို့သုံးဦး ပြန်ဆုံမိသောအခါ အမှတ်ရနိုင်ကြမလား ?။

သူတို့ရောက်ဖူးခဲ့သော နေရာတစ်ခုအကြောင်း ပြောဖြစ်ကြမလား? ။





ပြီးပါပြီ၊

စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။


(NDE) Near-Death Experience


(OBE) Out-of-Body-Experience

Wednesday, May 11, 2011

ချွန်းဖိုး

မြန်မာစကားတွင် တစ်ချို့ ကိစ္စ၊ ဖြစ်ရပ်များကို စကားများ စကားပုံများ စကားထာများဖြင့် ပြောဆိုတင်ပြလေ့ရှိသည်၊ ပိုမိုလေးနက်စေရန် သို့မဟုတ် လှပစေရန်အတွက်ဖြစ်သည်ဟုဆို၏၊ ဒီအတွက် ချစ်စရာကောင်းသော မြန်မာစာလို့ ကျနော့်၏ မြန်မာစာ ဆရာတစ်ယောက်က ဆိုပါသည်။

ထိုအထဲတွင် ‘ဆင်ဖိုးထက် ချွန်းဖိုးကကြီး’ဆိုသော စကားရှိပါသည်၊ မည်သို့ဖြစ်ပေါ်လာသည်၊ မည်သို့အနက်ရသည်၊ မည်သည့်အခါတွင်သုံးသည် စသည်တို့ကို သေချာမသိ၍ မပြောပြလိုတော့ပါ၊

ကျနော်နားလည်လိုက်ရသည့် ချွန်းဖိုးကိုတော့ သူငယ်ချင်းပြောပြသော ဇာတ်လမ်းလေးနဲ့ တင်ပြလိုက်ရပါသည်။

……………………………………………………………..

ကျုရှင်အပြီး သူငယ်ချင်းအိမ်မှ ဂိမ်းခွေ(CD)သွားယူပြီးအပြန် အိမ်သို့ရောက်ခါနီးတွင် အိမ်ရှေ့လမ်းမကြီးတွင် မီးသတ်များက လမ်းပိတ်ထားသည်ကို တွေ့ရသည်၊ မီးသတ်ကားနှစ်စီး ရပ်ထားသည်ကိုလည်းတွေ့ရသည်၊ မီးသတ်တွေနောက်မှာတော့ ရဲတွေသေနတ်တွေနဲ့ စောင့်နေကြသည်၊ မီးလောင်သည့်အရိပ်အရောင်လည်းမတွေ့ရ၊ ဘာဖြစ်တာပါလဲလို့စိတ်ထဲက စပ်စုလိုက်မိသည်၊ ဆိုင်ကယ်ပေါ်ကဆင်း ဆိုင်ကယ်ကိုတွန်းကာ ဖြတ်ဝင်မည်အလုပ်၊
‘ညီလေးမသွားရဘူး ဒီမှာပြဿနာဖြစ်နေတယ်၊’
“ကျွန်တော်အိမ်က ဒီထဲမှာဗျ၊ ဘာများဖြစ်လို့လဲ၊”
‘အနုကြမ်းစီးတာ၊ ဒမြတိုက်မှုဖြစ်နေလို့ပါ၊ သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းနေလို့ ဘယ်သူမှဝင်ခွင့် ဖြတ်သန်းခွင့် မရှိပါဘူး၊ အန္တရာယ်လည်းများပါတယ်၊’
“ဘယ်မှာဖြစ်တာလဲခင်ဗျာ၊”
‘ပါကီးရွှေဆိုင်လေ၊’
“ဗျာ၊ အဲဒါ ကျွန်တော်အိမ်ပဲလေ၊ အဲဒါ ကျွန်တော်တို့ဆိုင်လေ၊ ဘယ်သူတွေဘာဖြစ်သွားသေးသလဲ၊”
မီးသတ်အကြပ်ကြီးက ရဲတွေဘက်လှည့်ပြီး၊ ဆရာတို့ဒီမှာ ရွှေဆိုင်ကကောင်လေး၊
ကျွန်တော်ရင်ထဲမှာ ဗလောင်ဆူသွားသည်၊ အိမ်မှာ အဖေရယ် အမေရယ် ညီမလေးရယ် အလုပ်သမားတွေရယ် စိုးရိမ်မှုတွေပိုလို့သွားသည်၊
ဆိုင်ကယ်ကိုအတင်းတွန်းပြီး မီးသတ်တွေကိုကျော်ဖြတ်နေမိသည်၊ မီးသတ်နှစ်ယောက်ကကျွန်တော့်ကို လိုက်ဆွဲနေသည်၊ ဒီလိုနဲ့ ရဲတွေနားရောက်လာသည်၊
ရဲအရာရှိတစ်ယောက်က ‘ဟေ့မင်းဘယ်သူလဲ၊’ ကျွန်တော့်ကိုလှမ်းမေးသည်၊
“ကျွန်တော်ပါကီးရွှေဆိုင်ကပါ၊ အိမ်မှာ အဖေ၊ အမေနှင့် ညီမလေးတို့ရှိတယ်၊ ကျွန်တော့်ကသားပါ၊”
‘အဝါး၊ ဒီကောင် အဝါး၊ ပိုင်ရှင်ရဲ့သားပါ၊’ ရပ်ကွက်ထဲကစွမ်းအားရှင်လိုလို အရံမီးသတ်လိုလို တစ်ယောက်က ဝင်ဖြေလိုက်သည်၊
ဒီအချိန်မှာ ရဲအရာရှိက အပြုံးတစ်မျိုးပြုံးပြီး၊ ‘ဒီလိုငါညီရေ၊ မင်းတို့ဆိုင်ကို ဓါးပြဝင်တိုက်တယ်၊ ဗုံးတွေရော သေနတ်တွေနဲ့ရောပေါ့ကွာ၊ ခုတော့ငါတို့ ရဲကွန်မန်ဒိုတွေက အခြေအနေကိုထိန်းထားနိုင်ပါပြီ၊
လုံခြုံရေးအလုပ်သမားတစ်ယောက် ဒဏ်ရာရတာကလွဲလို့ ဘာမှမဖြစ်ပါဘူး၊ လာမင်းငါနောက်ကလိုက်ခဲ့၊’
ရဲအရာရှိ ဒုရဲအုပ်ခေါ်ရာနောက်သို့ ကျွန်တော်လိုက်သွားသည်။

ဆိုင်ထဲသို့ရောက်လျှင် ဒုရဲအုပ်က ‘အန်ကယ်၊ အန်ကယ်သားကျနော်ခေါ်လာခဲ့တယ်၊’
အမေက ကျေးဇူးပဲ ရဲမှူးကြီးရယ်လို့ဆိုလိုက်သည်၊ အဖေ၊ အမေ၊ ညီမလေးနှင့် အလုပ်သမားတွေဆီက စစ်ချက်ယူနေသော အရပ်ဝတ်၊ ယူနီဖေါင်းဝတ်များစွာကိုတွေ့ရသည်၊ ရဲကွန်မန်ဒိုလေးယောက်လောက် အိမ်ထဲတွင်ကျန်နေသေးသည်၊ ပထမဦးဆုံးအကြိမ် ရဲကွန်မန်ဒိုတွေကိုမြင်ဖူးခြင်းဖြစ်သည်၊ ခေါင်းစွတ် မျက်မှန်နက်၊ နက်ပြာရောင်ကျည်ကာလိုအစွပ်တွေ၊ မရှင်းဂန်း၊ ပစ်စတိုသေနပ်နှင့် ဒါးမြှောင်က ခါးမှာ သူတို့ကအသင့်အနေထားနဲ့ ရုပ်ရှင်တွေထဲကအတိုင်း၊ SWAT ဇာတ်လမ်းကိုသတိရလိုက်သည်၊ ဆိုင်အရှေ့တံခါးမြောက်ခြမ်း ပျက်စီးနေသည်၊ ဘေးထွက်ပေါက်လည်းပျက်စီးနေသည်၊ ရွှေသမားတစ်ချို့ အမေကို ဖျော်ရည်တိုက်နေသည်၊ အပြင်ဘက်ကိုထွက်ကြည့်လိုက်တော့ ရဲတွေမီးသတ်တွေနောက်မှာ ဝိုင်းကြည့်နေကြသော လူအုပ်ကြီးကိုတွေ့လိုက်ရသည်၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေက လမ်းကိုပြည့်နေသည်၊ ဘုန်းကြီးတွေလည်းအများကြီးပင် မန္တလေးရဲ့ ထုံးစံပဲမဟုတ်ပါလား၊ ခဏနေကြာတော့ ရွှေသမား အချို့နဲ့ အမျိုးတွေရောက်လာကြသည်၊ ကိုးကွယ်သော ဆရာတော်ဘုန်းကြီးလည်းကြွလာသည်၊ ညဆယ့်တစ်နာရီလောက် စစ်ဆေးတာအားလုံးပြီးစီးသွားသည်၊ လုံခြုံရေးတာဝန်ယူမည့် ရဲလေးယောက်ကလွဲ၍ ကျန်မီးသတ်၊ ရဲအဖွဲ့အစည်းအားလုံးပြန်သွားကြသည်၊ ရွှေသမားများ အကူအညီဖြင့် ပျက်စီးနေသော တံခါးများကို ညတွင်းချင်းပြုပြင်ကြသည်၊ လူအများက အစုလိုက်အစုလိုက် လာကြည့်နေကြဆဲဖြစ်ပါသည်။
………………………………………………..

အမေနှင့် ညီမလေးတို့ပြန်ပြောပြသည်မှာ

ဆိုင်ပိတ်ပြီဖြစ်၍ အရောင်းအကူများ အားလုံးပြန်သွားကြပြီဖြစ်သည်၊ အမေ ညီမလေးနှင့် လုံခြုံရေးအလုပ်သမားနှစ်ယောက်သာ ကျန်တော့သည်၊ လုံခြုံရေးအလုပ်သမား ကိုမြကြီးက ဆိုင်ရှေ့ တံခါးကိုပိတ်သည်၊ တံခါးသည်လျှပ်စစ်တံခါးဖြစ်ပြီး တဖြည်းဖြည်းအပေါ်ကကျလာသည်၊ တံခါးပိတ်ရန် ၂ပေခန့်အလိုတွင်၊ လူနှစ်ယောက်လှိမ့်ဝင်လာသည်၊ အားလုံးကြောင်နေစဉ်မှာပင် ထိုလူနှစ်ယောက်ထလာပြီး သေနတ်များထုတ်ချိန်ကာ၊ ငွေတွေနဲ့ ဆိုင်ထဲက ရွှေငွေလက်ဝတ်လက်စားများကိုတောင်းသည်၊ ဖြစ်ဖြစ်ချင်း ညီမလေးက ကလေးဆိုတော့၊ အလန့်တကြားအော်လိုက်မိသည်၊ သေနတ်နဲ့ချိန်ခံရသောအခါ ဆက်မအော်တော့၊ ညီမလေးအော်သဖြင့် ဓါးပြတစ်ယောက်က အိတ်ထဲက လက်ပစ်ဗုံးကိုထုတ်ပြီး၊ ပြောတဲ့အတိုင်းလုပ်ရန် မလုပ်ပါက ဗုံးဖေါက်လိုက်မည်ဟု ခြိမ်းခြောက်သည်၊ အမေနှင့် လုံခြုံရေးအလုပ်သမား မောင်မောင်အေးတို့ ပိုက်ဆံနဲ့ ရွှေထည်များကို သူတို့ပေးသော အိတ်ထဲထည့်ခိုင်းသည်၊ ကိုမြကြီးနှင့်ညီမလေးကို ဆောင့်ကြောင့်ထိုင်ခိုင်းထားသည်၊ သူတို့ပေးသော အိတ်မဆန့်တော့၊ အိတ်ရှာခိုင်းသည်၊ ဓါးပြများက စကားဝဲနေသဖြင့် တလွဲတွေဖြစ်ရသည်။

ဓါးပြများသည် ဆိုင်နောက်ထဲသို့ချက်ချင်းဝင်မကြည့်၊ ဓါးပြများဝင်လာချိန်တွင် အဖေသည် ဆိုင်နောက်ထဲတွင်ရှိသည်၊ ညီမလေး အော်သံကြောင့် ဓါးပြတိုက်နေပြီကိုသိလိုက်သည်၊ တံခါးပိတ်သွားပြီမို့ အပြင်ကလူတွေကသိနိုင်မြင်နိုင်မည်မဟုတ်ပေ၊ အဖေသည်ဆိုင်နောက်ထဲကနေ အိမ်ပေါ်ထပ်တက်သွားပြီး၊ ရွှေသမား မိတ်ဆွေများကို အကူအညီတောင်းသည်၊ ထိုမှာတဆင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားဖြစ်သည်၊ သေနတ်တွေဗုံးတွေပါသဖြင့် စစ်ဆင်ရေးကို တိုင်းရဲတပ်ဖွဲ့က ဦးစီးသည်။

ရဲကွန်မန်ဒိုတွေက အိမ်၏ထွက်ပေါက်ဝင်ပေါက်၊ လောလောဆယ် ဓါးပြနှစ်ဦး၏နေရာနှင့် အခြေအနေကိုမေးသောအခါ၊ အဖေအတွက်စွန့်စားမှုပင်၊ သူရှိနေတာသိရင် အခြေအနေပြောင်းသွားနိုင်သည်၊ ဇနီးနဲ့သမီးအတွက်လည်းစိုးရိမ်သည်၊ နောက်ဆုံးစွန့်စားမှုလုပ်ကာ အောက်ထပ်ဆင်းကြည့်ပြီး ဓါးပြနှစ်ဦး၏နေရာကို ရဲတပ်ဖွဲ့ကိုပြောပြနိုင်ခဲ့သည်၊ ဆိုင်တံခါးမကြီးကို အသေပိတ်သော်လည်း၊ မြောက်ဘက်တွင် မလွယ်ပေါက်ရှိသည်၊ သားတော်မောင်ပြန်လာရင် အတွင်းကပင်ဂျက်ဖွင့်ပေးရုံသာဖြစ်သည်၊ သားတော်မောင်အတွက်လည်းစိုးရိမ်လိုက်သည်၊ ဒီအချိန်အတွင်းမှာ တိုက်တိုက်ဆိုင်ဆိုင်ပြန်လာရင် ပစ်ကြခတ်ကြမည်။

ရဲကွန်မန်ဒိုတွေအတွက် အခက်အခဲဖြစ်ရပုံက အိမ်ထဲကိုဘယ်လိုဝင်မလဲ၊ အဝင်မတော်ရင် အိမ်ထဲရှိသူများ ပစ်ကြခတ်ကြပြီး သေဆုံးသွားနိုင်သည်၊ ဗုံးနဲ့ဓါးပြတစ်ယောက်က မလွယ်ပေါက်ကိုမျက်နှာမှုထားသည်၊ ကျန်တစ်ယောက်က ဆိုင်နောက်ဖက်ကို မျက်နှာမှုထားသည်၊ အိမ်ရှေ့ကလည်းဝင်လို့မရ၊ အပေါ်ထပ်နဲ့နောက်ဘက်ကလည်းဝင်လို့မဖြစ်၊ ဘေးဘက်ကလည်းဝင်လို့မရ၊ နောက်ဆုံးသူတို့ဝိုင်းထားပြီဖြစ်ကြောင်း၊ တောင်းသမျှပေးလိုက်ရန်ပြောသည်၊ ထွက်လာမှ ဖမ်းမည်ဖြစ်ကြောင်းအကြောင်းကြားသည်၊ အဖေသည် တထိတ်ထိတ်နဲ့ အခြေအနေများကို စောင့်ကြည့်နေရသည်။

ကြွပ်ကြွပ်အိတ်ခြောက်အိတ်၊ ပလပ်စတစ်အိတ်ငါးအိတ်၊ မြွေရေခွံအိတ်ကြီးတစ်အိတ်၊ ခရီးသွားအိတ်ကြီးတစ်အိတ်နဲ့ ဓါးပြများ ဘယ်လိုသယ်မလဲ အလုပ်ရှုပ်နေကြသည်၊ ထိုအချိန်တွင်ဆောင့်ကြောင့်ထိုင်နေသော ကိုမြကြီး လက်ပစ်ဗုံးနှင့်ဓါးပြကိုဝင်လုံးသည်၊ ပါးစပ်ကလည်း အတူတူသေရအောင်ဆိုပြီး ထိုးကြကြိတ်ကြသည်၊
အဖေလည်း ရဲတွေကို မြကြီးလုံးနေပြီ ဝင်ကြပါတော့လို့ လှမ်းပြောတော့သည်၊ ရဲကွန်မန်ဒိုတစ်ချို့ မလွယ်ပေါက်ကိုဖျက်ပြီး ဝင်သည်၊ တစ်ချို့နောက်ဖေးပေါက် အဖေဖွင့်ပေးသည်ကဝင်သည်၊ တစ်ချို့ဘေးတံခါးကိုဖျက်ပြီးဝင်သည်၊ အခြေအနေကရှုပ်ထွေးနေသည်။

ရဲကွန်မန်ဒိုများ ဘယ်သူမြကြီးလဲ ဘယ်သူဓါးပြလဲခွဲလို့မရ၊ ဘယ်သူမြကြီးလဲ ဘယ်သူမြကြီးလဲ၊ ကွန်မန်ဒိုတစ်ယောက်ကအော်သည်၊ ညီမလေးက ဗုံးကိုင်ထားတာမြကြီးလို့ပြန်အော်သည်၊ မြကြီးနှင့်လုံးနေသောဓါးပြ မလွယ်ပေါက်ကနေထွက်ပြေးသည်၊ ရဲကွန်မန်ဒိုများ အတင်းထိန်းချုပ်ဖမ်းဆီးလိုက်သည်၊ ထိုအချိန်တွင် မြကြီးလက်ထဲကဗုံးအပြင်သို့လိမ့်ထွက်သွားသည်၊
လိမ့်ထွက်လာသောဗုံးသည် ရွှေသမားများဘက်ရောက်သွားသည်၊ ရွှေသမားတစ်ယောက်က တည့်တည့် ကန်ထုတ်လိုက်သည်၊ ထိုဗုံးသည်စွမ်းအားရှင်တွေဘက်ရောက်သွားသည်၊ စွမ်းအားရှင်တစ်ယောက်ဗုံးကို ဆလိုက်ထိုးကန်ထုတ်ပြီး ရေမြောင်းထဲဆင်းဝပ်လိုက်သည်၊ ထိုဗုံးသည်မီးသတ်နှင့်ရဲတွေဘက်ရောက်သွားသည်၊ မီးသတ်တစ်ယောက် ကြောက်အားလန့်အားနဲ့ လက်နဲ့ပုတ်ထုတ်လိုက်သည်၊ ဗုံးသည်ဘယ်မှ မသွားပဲ အလည်မှာ လည်နေသည်၊ (မန္တလေး ရတနာပုံ ဘောလုံးအသင်း ဒီကအစပြုခြင်း ဖြစ်နိုင်သည်) ဗုံးကို ရဲကွန်မန်ဒိုတစ်ယောက်ကောက်ယူလိုက်ပြီး ပင်မဖြုတ်ရသေးဘူးလို့ဆိုလိုက်သည်၊ ဗုံးနဲ့ပစ်နေတယ်ဆိုသော သတင်းသည်၊ ကြည့်နေသည့် လူထုထဲသို့ချက်ချင်းရောက်ရှိသွားပြီး၊ ကြောက်လန့်တကြားပြေးကြရာ၊ စက်ဘီးတွေလဲ၊ ဆိုင်ကယ်တွေလဲ၊ ဒူးပြဲသူပြဲ၊ လက်ကွဲသူကွဲနဲ့ ဘိနပ်ပေါင်းများစွာ၊ လမ်းပေါ်မှာကျန်ခဲ့သည်၊ ဗုံးကိုရဲတွေရသွားပြီ၊ ဓါးပြတွေကိုအရှင်မိသွားပြီ ဆိုတဲ့ သတင်းနဲ့အတူ ထိုလူအုပ်ကြီးသည်ပြန်ရောက်လာသည်၊ ထိုအထဲတွင် ဘိနပ်ရှာနေသူများလည်းပါသည်။

အချုပ်ဆိုရသော ကံကောင်းခြင်းမေးခွန်းတစ်ချို့ကျန်ရစ်ခဲ့သည်၊
ဓါးပြများ၏ သေနတ်တစ်လက်မှာ အတုဖြစ်နေခြင်း၊
ဓါးပြနှစ်ယောက်သည် ဗုံး ကိုမြကြီးလက်ထဲရောက်သွားသောအခါ ကိုမြကြီးဗုံးဖေါက်၍ သူတို့ပါသေမည်စိုး၍ ကိုမြကြီးလက်ထဲကဗုံးကို လုကြခြင်းဖြစ်နိုင်သည်၊ ဒီ့အတွက် သေနတ်ဖြင့်ပစ်ရမည်ကို မေ့နေကြခြင်း၊
အဖေသည် ထိုအချိန်တွင် ဆိုင်နောက်ဘက်သို့ရောက်ရှိနေခြင်း၊ တံခါးတွင် မလွယ်ပေါက်လုပ်ထားခြင်း၊
နောက်ဆုံးရဲတွေဝင်လာမှ ဓါးပြတစ်ယောက် အပေါ်ဆုံးထပ်သို့ တက်ပြေးခြင်းတို့ဖြစ်သည်၊ ဓါးပြများမသိသည်မှာ ကိုမြကြီးသည် ‘သေလိုက်ပါလား၊’ ‘လာသွားသေရအောင်၊’ ‘အတူတူသေမလား’ ‘သေရဲလို့လား’ စသခြင့် သေကြောင်းကို အလွယ်တကူပြောတတ်ခြင်း၊ ပြောလေ့ရှိခြင်းတို့ဖြစ်သည်၊
အဖြေမရှိသည်မှာ ကိုမြကြီးကိုယ်တိုင် ဘာလို့ဗုံးကိုဝင်လုသလဲမသိခြင်း၊ အပြင်သို့ဗုံးကို တမင်ပစ်လိုက်သည်လား မသိခြင်းတို့ဖြစ်သည်။
……………………………………………………..

အဖေကို လူတွေက ကိုကျော်ကီး ခင်ဗျားဆိုင် ဓါးပြဝင်တိုက်တာ ဘာမှမပါသွားဘူးဆို တော်သေးတာပေါ့၊ ခင်ဗျားတို့သိပ်ကံကောင်းတယ်ဟု ဆိုရင် အဖေသည် အပြုံးတစ်ခုပြုံးပြတတ်သည်၊ အဖေ၏ အပြုံးနောက်ကွယ်တွင် ပြန်မပြောသော စကားတစ်ချို့ရှိနေပါသည်၊ ဇနီးနှင့် သားသမီးတွေဘာမှ မဖြစ်ရင် ပြီးတာပဲလို့ တွေးဖြေနေပုံရသည်။
 
ကျွန်တော်ကတော့ အဖေလိုမဟုတ်၊ ဟုတ်ကဲ့ ဘာမှမပါသွားဘူး ဒါပေမဲ့……………..
 
ကိုမြကြီးအား ဆုချငွေ                                 ကျပ် ၁၀၀၀၀၀ နှင့် ရွှေတစ်ကျပ်သား


ကိုမြကြီးမိန်းမအား                                      ရွှေဘတ်ကြိုးတစ်ကုံး


ကိုမောင်မောင်အေးအား ဆုချငွေ                     ကျပ် ၅၀၀၀၀ နှင့် တစ်မတ်သား ရွှေလက်စွပ်

တိုင်းရဲနှင့်အထူးတပ်ဖွဲ့အား ဆုချငွေ                   ကျပ် ၂၀၀၀၀၀၀


သတင်းနှင့်ထလရတပ်ဖွဲ့အား ရန်ပုံငွေထည့်ဝင်ငွေ ကျပ် ၁၀၀၀၀၀၀


မြို့နယ်ရဲတပ်ဖွဲ့အား ဆုချငွေ                           ကျပ် ၅၀၀၀၀၀


မီးသတ်တပ်ဖွဲ့ ရန်ပုံငွေထည့်ဝင်ငွေ                   ကျပ် ၂၀၀၀၀၀


မဝတ နှင့် ရဝတ ရန်ပုံငွေထည့်ဝင်ငွေ               ကျပ် ၅၀၀၀၀၀


ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အရံမီးသတ်ရန်ပုံငွေ            ကျပ် ၂၀၀၀၀၀


ရွှေလုပ်ငန်းရှင်များ ညစာစားပွဲ                       ကျပ် ၁၀၀၀၀၀


ကိုမြကြီးဆေးဖိုး၊ သွားအတုဖိုး                       ကျပ် ၅၀၀၀၀


(ကိုမြကြီး သွားသုံးချောင်းကျိုးသွားပါသည်)

အဖေအလှူဒါနပြုလုပ်ခဲ့ပါသည်၊ ထိုအချိန်က ငွေတစ်သိန်းသည် အတော်အသင့် တန်ဘိုးရှိပါသေးသည်၊
ဘာပဲဖြစ်ဖြစ် အဖေသည်ရုံးဌာနများတွင် မျက်နှာပွင့်ပါသည်၊ ဦးကျော်ကီးက အရမ်းရက်ရောတယ်လို့ဖြစ်ပါသည်၊ TV ကလာသည့် အလှူဒါနပြုကြသူငှာ ထဲတွင် အဖေမပါခဲ့ပါ။

နောက်ဆက်တွဲ အဖြစ်တွေရှိပါသေးသည်၊ ဓါးပြများအား အမှုစစ်ဆေးရာတွင် အမေအားခဏခဏ ဆင့်ခေါ်နေ၍၊
အမှုလိုက်ဆွဲချအား ဆုချငွေ ကျပ် ၁၀၀၀၀၀
တရားရေးဝန်ထမ်းများရန်ပုံငွေ ကျပ် ၁၀၀၀၀၀ နှင့်အပြတ်ဖြတ်လိုက်ရပါသည်။

………………………………………………………….

ကျနော့် သူငယ်ချင်းပြောပြသော ဖြစ်ရပ်ဇာတ်လမ်းလေးတွင် ချွန်းဖိုးကို ကျနော်အဲလိုနားလည်လိုက်ရပါသည်၊ ကျနော်နားလည်မှုသည် လွဲမှားကောင်းမှားနေပါမည်၊ ခေတ်သည်လည်းပြောင်းနေပြီဟုသိရပါသည်၊ ဝန်ကြီးချုပ်သည် သမတဖြစ်လာသလို၊ သမတသည် လူဝတ်ကြောင် တစ်ယောက်ဖြစ်ကြောင်း ပြောကြပါသည်။

ဒါဆိုရင် ချွန်းဖိုး မဟုတ်ရင် ဘာဖိုးလည်းဆိုတာကိုတော့ ပြောပြကြလိမ့်မည်ဟုထင်မိပါသည်။


Note; လူဝတ်ကြောင်=အရပ်သား