Friday, April 29, 2011

ပြန်လည်တွေ့ဆုံတော့ကွယ်


မောင်
မနေ့ညက မောင်ကို သတိရနေလို့ ဒီစာကို ရေးလိုက်တာပါ၊
အဲဒီလိုပဲ မောင့်ကိုသတိရပြီး အိပ်ပျော်သွားတဲ့ညတွေ အများကြီးပါမောင်၊
နော့်ကိုဖမ်းစားနိုင်သူကမောင်ရယ်ပါ၊
မောင်ဟာ နော့်အတွက် အရာရာကိုဖြည့်စွမ်းပေးသူပါ၊
မနက်မနက်စားတဲ့ နန်းကြီးသုပ်ဆိုလည်း မောင်နဲ့အတူစားတဲ့ နန်းကြီးသုပ်မှ အရသာရှိတယ်မောင်၊
လ္ဘက်ရည်ဆိုလည်း ဘယ်ဆိုင်မှာသောက်သောက် မောင်နဲ့အတူသောက်ရရင် ကောင်းတယ်မောင်
အဲဒီလိုပဲ ဖါလူဒါဆိုလည်း အင်းဝတို့ နိုင်လွန်တို့မှ မဟုတ်ပါဘူးမောင် မောင်နဲ့အတူသောက်ခဲ့တဲ့ စစ်ကိုင်းဈေးက ဖါလူဒါလည်း ချိုစိမ့်နေတာပါပဲမောင်၊
ရုပ်ရှင်ဆိုလည်း ရယ်ရတာတွေ ငိုရတာတွေ အသာထား မောင်နဲ့အတူကြည့်ရတဲ့ ရုပ်ရှင်ဆို အကြိုက်ဆုံးပဲ၊
သီချင်းဆိုလည်း မောင့်ကြိုက်တယ်ဆိုတဲ့ သီချင်းတွေဟာ နော့်အနှစ်သက်ဆုံးပါ၊
ဒီစာကိုအိပ်ယာထဲမှာရေးနေတာမောင်၊ စာတစ်ကြောင်းရေးလိုက် ဖက်ခေါင်းဦးကလေးကို မောင်ဆိုပြီးတော့နမ်းလိုက်နဲ့ ဖက်ခေါင်းဦးကလေးကတောင် နမ်းလှချည်လား နော်နော်ရယ်တဲ့၊
မောင်ဟာနော်ရဲ့အချစ်ဆုံးပါပဲ၊ မြတ်နိုးတန်ဘိုးအထားဆုံးပါမောင်၊
မောင် နော်ကလွဲလို့ ဘယ်သူကိုမှ ပိုမချစ်ရဘူး၊ အဖေကိုလည်း ပိုမချစ်ရဘူး၊ အမေကိုလည်း ပိုမချစ်ရဘူး၊ မောင့်ညီမလေးကိုလည်း ပိုမချစ်ရဘူး၊
မောင်ရဲ့အချစ်ဆုံးဖြစ်ချင်နေသူတစ်ယောက်ပါမောင်၊
မောင်ရဲ့ကိုယ်နံ့လေးက မောင့်ကိုနော့်ဘေးနားမှာ အမြဲရှိစေချင်တယ်၊
မောင်ရဲ့အကြည့်တွေက နော့်ကိုစိုးမိုးထားတယ်၊
မောင်ရဲ့အနမ်းတွေက နော့်ကိုမောင်ဆီမှာ ကျရှုံးစေခဲ့တယ်၊
မောင်ရဲ့စကားသံလေးတွေက နော်ဟာမောင့်အတွက် ထာဝရပါလို့ ပြောနေတာပါမောင်၊
သိပ်ချစ်ရပါတယ်မောင်၊

------- ။ -------

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရီးစားစာလို့လည်းပြောလို့ရတဲ့ ချစ်သူရီးစားတစ်ယောက်က ပေးခဲ့တဲ့စာလေးပါ၊ ဒီအတွက်သူ့ဆီက ခွင့်ပြုချက်တောင်းစရာလိုမည်မထင်ပါ ကျနော့်ကိုပေးသောစာသည် ကျနော့်စာဖြစ်နေပြီ မဟုတ်လား၊ နော်နော်နဲ့ကျနော်သည် ကျနော်တက္ကသိုလ် ပထမနှစ်၊ နော်နော်ဆယ်တန်းဖြေပြီး အောင်စာရင်းစောင့်နေချိန်တွင် ရည်စားဖြစ်ကြသည်၊ နော်နော်သည် ကျနော့်ပထမရီးစားမဟုတ်သလို ကျနော်သည်လည်းနော်နော့် ပထမရီးစားမဟုတ်ပါ၊
အဲဒီအချိန်တုန်းက ကျနော်သည် နော်နော့်ကိုတကယ်ချစ်ခဲ့သည်ဟု ထင်ပါသည်၊ နော်နော်သည်လည်း ကျနော့်ကို တကယ်ချစ်ခဲ့သည်ဟု ထင်စရာရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် နော်နော်နဲ့ချစ်နေချိန်အတွင်း ကျနော်ဘယ်မိန်းခလေးကိုမှာ အရောတဝင်မနေခဲ့ပါ၊ နော်နော်ရဲ့ အချစ်တွေကြားမှာ သာယာနေခဲ့ပါသည်ဟု ဝန်ခံမိပါသည်။

ချစ်ရပါသည် မြတ်နိုးလှပါသည် နော်ဟာမောင့်အတွက် ထာဝရပါလို့ ဆိုခဲ့သော နော်နော်တစ်ယောက် ကျနော်ကို အစိမ်းချိုးချိုးခဲ့ပါသည်၊ တုံးတိကြီး ဖြတ်ချခံရခြင်းဖြစ်ပါသည်၊ သူငယ်ချင်းတစ်ယောက်ကတဆင့် ဇာတ်လမ်းပြီးဆုံးပြီဖြစ်ကြောင်း သူ့ကိုအဆက်အသွယ်မလုပ်ဘို့ပြောကြားခဲ့သည်၊ ရန်ကုန်မှာ ကျောင်းတက်နေသူ ကျနော်အဖို့ ရထားကိုဒဏ်ရိုက်စီးလာခဲ့ခြင်းပင် အဖတ်တင်ခဲ့သည်၊ တတိယနှစ်သာရှိသေးသော နော်နော်သည် မန္တလေးက ဆွေစဉ်မျိုးဆက်ချမ်းသာလာသော သူဌေးမြေးတစ်ဦးနဲ့လက်ထပ်သွားခဲ့သည်။

နော်နော်သည် ဝထ္ထုတွေဖတ်ပြီးစိတ်ကူးယဉ်သည်၊ ဂျူးရဲ့ဝထ္ထုတွေကိုနှစ်သက်သည်၊ မောင်စိန်ဝင်းရဲ့ကဗျာတွေနဲ့ ဝထ္ထုတွေကိုကြိုက်သည်၊ ကဗျာတွေစာတွေရူးခဲ့သော နော်နော်သည် စာရေးဆရာ ကဗျာဆရာ မဖြစ်ခဲ့ပါ။

အချိန်က ကျနော်ကိုလျှင်မြန်စွာကုစားပေးခဲ့သည်၊ ကျနော်နဲ့နော်နော်တို့သည် တကယ်ကို အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်၊ အဝေးကကြားရသော သတင်းတွေအရ နော်နော်ယောက်ျားသည် အလုပ်မည်မည်ရရမလုပ် အဖွားအမွေ အဖိုးအမွေများကိုတောင်းလိုက် ထိုင်စားလိုက် ဖြစ်သည်၊ ပြောင်းလည်းလာသော ဒီအချိန်မှာ အမွေထိုင်စားတဲ့ ခေတ်ဆိုတာမရှိတော့ပေ၊ ရှိတလှည့် မရှိတလှည့် ဖြစ်နေသည်ဆိုကြသည်၊့ မူးယစ်ဆေးဝါးစွဲလန်းသုံးစွဲနေ၍ မိန်းမယူလျှင် အခြေကျပိုကောင်းလာမည်ထင်၍ နော်နော်နဲ့ပေးစားခဲ့ခြင်းဖြစ်သည်ဟု ကြားခဲ့ရသည်၊ အိမ်ထောင်ကျပြီး နှစ်များကြာမှ နော်နော် ကလေးနှစ်ယောက် မွေးဖွားခဲ့ကြောင်း ကြားရပြန်သည်။

အထက ၁၄ ကျောင်းနားက နော်နော်တို့နေခဲ့သော အိမ်သည်ပင် ဟော်တယ်ကြီးဖြစ်လို့သွားပြီ၊
နော်နော်နဲ့ပြတ်သွားတဲ့ အချိန်ကကျနော်ဆိုဖြစ်ခဲ့သော သီချင်းများသည်လည်း ဟောင်းနွမ်းသွားခဲ့ပြီဖြစ်သည်၊ နော်နော်တို့ နန်းရှေ့ဘက်ပြောင်းသွားကြကြောင်းသိရသည်။
နော်နော်တို့ နန်းရှေ့ဘက် ပြောင်းသွားကြောင်းသိရသည်။
------- ။ ---------

ဒီတစ်ခါတော့ ဘယ်လိုစိတ်ပေါက်လာလဲမသိ၊ မန္တလေးရောက်တုန်း နော်နော်တို့နေသော နန်းရှေ့ဘက်ကိုသွားကြည့်ချင်လာသည်၊ စိုးလွင်လွင်၏ ပြန်ဆိုသီချင်းတစ်ပုဒ်ကို နားထောင်လိုက်ရသောကြောင့်လဲ ဖြစ်နိုင်သည်၊
ဘယ်သူမှမထသေးတဲ့အချိန် နံနက်စောစောသွားကြည့်မည်ဟုစိတ်ကူးထားသည်၊ ကိုယ်လာတာလည်း ဘယ်သူမှသိမှာ မဟုတ်ပါ၊
၆ နာရီမထိုးခင်လောက် နော်နော်တို့နေသည်ဆိုသည့်လမ်းထဲရောက်ခဲ့သည်၊ ဆိုင်ကယ်ဦးထုပ်ကိုချထားသည့်အတွက် ကိုယ်ကိုဘယ်သူမှ မှတ်မိမှာမဟုတ်၊
ဒီတလမ်းလုံးမှာ ဟိုဘက်ထိပ် ဒီဘက်ထိပ် ဆွမ်းလောင်းနေသည့်အိမ်တွေကလွဲလို့ မထကြသေး၊
“ဒကာမကြီး မနေ့ကနှစ်လုံးတည့်သွားပြန်ပြီထင်တယ်၊ ဆွမ်းရော ဟင်းတွေရော ဒီနေ့လောင်းလို့၊”
‘မှန်ပ ဦးဇင်းရေ၊ ခုလိုတည့်ဝင်တုန်း လှူရတာပါ၊ အကြော်မဝယ်တော့ပဲ ငါးခြောက်တွေ ဝယ်ကြော်ပြီးလှူတာပါ၊’
ရင်းနီးခဲ့ဘူးသောအသံမိုလို့ ဆိုင်ကယ်ကို မျက်စောင်းထိုးလောက်တွင်ရပ်လိုက်သည်၊
ဒီဘုန်းကြီးနယ် ဒကာမချဲထီ နှစ်လုံးထီထိုး လောင်းကစားလုပ်တာ အားပေးလို့၊
ချဲထီ နှစ်လုံးထီထိုးလို့ ရလာတဲ့ငွေနဲ့ အလှူအတန်းလုပ်ရင် ဖြူစင်ပါမလား
အလှူခံပုဂ္ဂိုလ်ကရော အလှူခံသင့်သလား၊
စဉ်းစားရင်း စဉ်းစားခန်း ဘယ်လောက်ဝင်လိုက်သလဲမသိ၊ ကိုယ်ရှေ့ကအရာတွေကို ခုမှသတိထားမိလိုက်သည်၊
လက်ထဲတွင် ဆွမ်းခတ်သည့်ဇွန်းကိုကိုင်လျှက် ကျနော်ကိုစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံ၊ မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့၊ ပါးပြင်ပေါ်သို့ကြလာသောမျက်ရည်များကို လှမ်းမြင်နေရသည်၊
နော်နော်ဖြစ်ပါသည်၊
ဦးထုပ်ကိုချွတ်၍ စဉ်းစားခန်းဝင်နေခြင်းက သူကိုစိုက်ကြည့်နေသလိုဖြစ်သွားခဲ့သည်အလား၊
ရင့်ကျက်လာသည်လို့ပြောမလား အနည်းငယ်အိုစာသွားသည်လို့ပြောမလား အသက်သုံးဆယ်ကျော်အရွယ် နော်နော်သည်၊ ကျနော်အတွက်တော့ ဟိုတုန်းကလို ဆယ်ကျော်သက်ရွယ် နော်နော်ပင်၊
တစ်ချက်လောက်သူ့ကို သေချာကြည့်ပြီးမှ ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့သည်၊
နော်နော်တစ်ယောက် ဆက်လက်ဆွမ်းလောင်းနိုင်ပါစေ၊
ထိုနေ့က ကျနော်မန္တလေးတွင် မအိပ်ချင်သောကြောင့် မေမြို့သို့တက်လာခဲ့သည်၊ သုံးရက်လောက်နေပြန်ဆင်းလာခဲ့ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်၊
နန်းရှေ့ကိုဘယ်တော့မှ မသွားတော့ဘူးလို့။

…………………………………………………………………………………………………….

အိမ်ရှေ့ကို အနက်ရောင် Mark x ကားတစ်စီးထိုးရပ်လိုက်သည်၊
မန္တလေးမြို့တွင် အနက်ရောင် Mark x ကားစီးသူရေလို့ရသည်၊ ဘယ်သူလဲဆိုတာတော့သိလိုက်ပါပြီ၊
‘ဟေ့သူငယ်ချင်း နင်ရောက်နေတယ်ဆိုလို့ ဝင်လာခဲ့တာ
ဘယ်လိုလည်း ရီးစားဟောင်းတွေဆီလျှောက်သွားပြီးပြီလား၊’
“နင့်ကငါကို ရီးစားဟောင်းတွေဆီလျှောက်သွားဘို့ ပြန်လာတယ် ထင်နေတာလား၊
နင့်လိုများ ထင်နေသလား၊”
‘ဟင်းဟင်း ဟုတ်တယ်၊ ခုငါရီးစားဟောင်းဆီလာခဲ့တာ လက်တွေ့မဟုတ်လား၊
ဘယ်လိုလဲ ဟိုမှာအဆင်ပြေတယ်မဟုတ်လား၊’
“ပြေတယ်လို့ပြောရမှာပဲ၊ လခစားဆိုတော့ လုပ်ရင်းစားရင်းပေါ့၊”
‘နင်ရောက်တုန်းပြုစုချင်လို့ ညနေ ၇ နာရီလောက် အောင်တော်မူက ကာရာအိုကေဆိုင်ဆီလာခဲ့၊
ငါယောက်ျားတော့မအားဘူး၊ ငါပဲလာမှ နင့်အတွက်အကောင်းဆုံးစီစဉ်ထားတယ်၊’
‘ဟိုတစ်ခါလာတုန်းက မတွေ့ဖြစ်လိုက်ဘူး၊ ငါတို့မတွေ့ဖြစ်တာ ၅ နှစ်ရှိသွားပြီ၊ နင်ကလဲ တစ်နှစ်တစ်ခါ ပြန်လာတာမဟုတ်ဘူး၊’
“အိုကေလေ ပြုစုမဲ့သူရှိတုန်း လာခဲ့မယ်၊ ပြောပြီးပြီကော လခစားဆိုမှ”
‘အဲဒါဆိုငါသွားလိုက်ဦးမယ်’၊
နုတ်ဆက်ကာထွက်သွားသော နန်းရွှေစင်ကိုကြည့်ပြီး၊ အမှုအရာကတော့ မပြောင်းလဲသေးပါလားလို့ မှတ်ချက်ချမိသည်။

နန်းရွှေစင်သည် ရှမ်းပြည်မြောက်ပိုင်းမှ မန္တလေးသို့ကျောင်းလာတက်သော ကျောင်းသူတစ်ယောက်ဖြစ်သည်၊ သူငယ်ချင်းများမိတ်ဆက်ပေးရာမှ ခင်မင်ရင်းနီးမိရာ သွားအတူစားအတူတူ ဖြစ်ခဲ့သည်၊ ငါရီးစားထားကြည့်ချင်လို့ နင်နဲ့ဆိုဖြစ်မလား ဆိုကာ ရီးစားဖြစ်ခဲ့ကြသည်၊ နန်းရွှေစင်၏ ပထမဆုံးရီးစားသည် ကျနော်ဖြစ်ခဲ့သည်၊ ကျနော်တို့နှစ်ယောက်ခြေရာများသည် မန္တလေးပတ်ဝန်းကျင်တွင်ထပ်ခဲ့သည်၊ မေမြို့၊ တောင်မြို့၊ ပုသိမ်ကြီး၊ စစ်ကိုင်းထိပင်နယ်ချဲ့ခဲ့သည်၊ ထူးခြားသည်မှာ နန်းရွှေစင်သည် ရုပ်ရှင်မကြိုက်၊ ဝင်းလိုက်ရုပ်ရှင်ရုံထဲက တစ်ဝက်တစ်ပြက် ထွက်လာခဲ့ဘူးသည်၊ ငါအသက်ရှုကြပ်လို့သေတော့မယ်ဆိုသည်၊ ဆိုင်ကယ်စီးပြီးလှည့်ပတ်သွားနေရသည်ကို သူပျော်သည်၊ ချွဲချွဲနွဲနွဲမရှိ၊ သူ့ကို ပထမဦးဆုံးနမ်းသောအခါ သူပြန်နမ်းပြီး ငါပထမဦးဆုံး တစိမ်းယောက်ျားတစ်ယောက်ကို နမ်းဖူးတာဆိုသည်၊ ငါနမ်းတာကောင်းရဲ့လားလို့ နမ်းပြီးတိုင်းမေးတတ်သူဖြစ်သည်၊ တစ်နှစ်လောက်အတူတွဲပြီးနောက် ကျနော်တို့နှစ်ယောက်လုံး သူငယ်ချင်းအဖြစ်ပြန်နေဘို့ ဆုံးဖြတ်ခဲ့ကြသည်။

နန်းရွှေစင် တရုတ်ကြီးတစ်ယောက်နဲ့ လက်ထပ်သွားသည်၊ ထိုအချိန်တွင် ကျနော်မန္တလေးမှာ ရှိမနေတော့ပါ၊ သူနဲ့လက်ထပ်ပြီးမှ ထိုတရုတ်ကြီး စီးပွားတက်လာသည်၊ သူတို့၏ ဂျုံလုပ်ငန်း၊ မုန့်နဲ့ကိတ်မုန့်လုပ်ငန်းများ အောင်မြင်ခဲ့သည်၊ ဆိုင်ခွဲပေါင်းများစွာဖြင့် ရန်ကုန်အထိပင် ခြေလှမ်းစခဲ့ကြသည်၊ မန္တလေးမြို့ပေါ်ရှိ အိမ်တွေဝယ်ယူထားလိုက်ခြင်းသည် ဒီနေ့တွင် သူတို့ကိုအချမ်းသာဆုံးဖြစ်စေခဲ့သည်၊ တရုတ်ကြီးသည် ဖြစ်နိုင်လျှင် ၈၄ လမ်းကတိုက်တွေကို ရသလောက်ဝယ်ချင်သည်၊ နဂါးဒေါ်ဦး၊ ပွဲထိုင်တိုက်တွေ၊ လူထူတိုက်ကိုပင်ဝယ်ချင်သည်၊ နောက်ဆုံး စင်္ကာပူတွင် ကွန်ဒိုတိုက်ခန်းတောင် ဝယ်ဖြစ်ခဲ့သည်။

ကျနော် ကာရာအိုကေဆိုင်သို့ရောက်သောအခါ နန်းရွှေစင်ရောက်နေပေပြီ၊ နင်အရင်ရောက်နေရင် ငါ့ကိုဆူမှာစိုးလို့ ကလေးတွေကို ကျုရှင်စောစောပို့ပြီးလာခဲ့တာ ငါ့ယောက်ျားက နင့်ကိုကောင်းကောင်းပြုစုလိုက်ဆိုပြီး သေချာမှာလိုက်တာ၊ လာ စပယ်ရှယ်အခန်းထဲသွားမယ်၊ ဆိုပြီးခေါ်လာခဲ့သည်၊ ဒီဆိုင်မှာ ငါတို့ရှယ်ယာပါတယ် ဆိုလိုက်သေးသည်၊
ခန်းမကျယ်ကြီးတွင် ကျနော်တို့နှစ်ဦးသာရှိသည်၊ ကျနော်ကစက်တွေကိုလိုက်ကြည့်နေသောအခါ အကုန်ချိန်ပြီးသား၊ ဒီမှာမီနူး ဘာစားချင်သလဲ သောက်ချင်သလဲ ကြိုက်တာမှာလိုက်၊ ခေါက်ဆွဲကြော်နှင့် တိုက်ဂါးတစ်လုံးမှာလိုက်သည်၊ နင်ရောလို့မေးရာ ငါလဲတိုက်ဂါးဟုဆိုသည်၊ ကျနော်အတွက် အစားအသောကါတွေထပ်မှာလိုက်သေးသည်၊
ခဏနေကြာ ကောင်မလေး လေးယောက်ဝင်လာသည်၊ နှစ်ဆယ်ပတ်ဝန်းကျင်လေးတွေ၊ ကျနော်တအံ့တသြဖြစ်သွားသောအခါ၊ ‘နင့်အတွက်စီစဉ်ထားတာလေ၊’
‘မန္တလေးသူစစ်စစ်တွေပါ၊ မန္တလေးသူစစ်စစ်မှကြိုက်တယ်ဆိုလို့
မြို့ပြင်မှာနေတာကလွဲလို့ မန္တလေးသူစစ်စစ်တွေပါ၊’
ဒါကျနော် ဟိုတုန်းက သူငယ်ချင်းတစ်ယောက်ကို အပြောင်အပျက်ပြောခဲ့တဲ့စကား၊ ဘယ်လို နန်းရွှေစင်သိသွားခဲ့သလဲ၊ ဒီအချိန်ရောက်မှ ရှင်းပြမနေချင်တော့၊ “ငယ်ငယ်တုန်းကပါလို့” ခပ်ပြုံးပြုံးလေးပဲဖြေလိုက်သည်၊
နန်းရွှေစင်က မထိတထိပြုံးကာ သမီးတို့ဒီကအစ်ကို ကို ကောင်းကောင်းပြုစုကြ၊
ကလေးမလေးတစ်ယောက်က သမီးကစုစုပါ၊
နောက်က ကလေးမတွေအားလုံးက သူကဝိုင်းစုကိုကြိုက်လို့ စုစုဖြစ်နေတာ၊
နင်တို့နော် ဒီကအစ်ကို ကို မေးမလို့၊ အစ်ကိုဆိုမလား သမီးတို့ဆိုရမလား၊
သမီးတို့ဆိုနှင့်ပါ၊ အိုကေဆိုပြီးသံပြိုင်အသံထွက်လာသည်၊
သမီး ဝိုင်းစုသီချင်းနဲ့စမယ်၊ ဝိုင်းစုသီချင်းထဲကဘယ်သီချင်းကြိုက်သလဲ အစ်ကို၊
ကျနော်သူ့သီချင်းတွေမသိဘူး၊ ကြိုက်တာဆိုကြပါ၊
တစ်ယောက်ကဆို တစ်ယောက်ကက၊ ကျန်တဲ့သူတွေကလက်ခုပ်လိုက်တီးနဲ့ အစီအစဉ်ကျနေသည်၊
ဝိုင်းစုပြီးတော့ အယ်ဆိုင်းစီ နောက်တစ်ယောက်က အေသင်ချိုဆွေကို ဆိုနေတုန်း နန်းရွှေစင် ကောင်မလေးတွေကို မျက်ရိတ်ပြလိုက်သည်၊ စုစုနဲ့ကောင်မလေးနှစ်ယောက်ထလာကာ ကျနော်ကို အစ်ကိုဒီမှာထိုင်ဆိုပြီး သူတို့ကြားတွင်ထိုင်စေသည်၊ ဒါမှာသမီးတို့ဆိုတာ အားရှိမှာဆိုသည်၊
ဘယ်သူ့သီချင်းမှန်းမသိ၊ နင့်အတွက်ငါလူဖြစ်လာတာ နင့်အတွက်ငါလူဖြစ်လာတာ ကိုပဲခြောက်ခါလောက်ဆိုနေတုန်း စုစုကရွတ်ကနဲ ကျနော့်ပါးကိုနမ်းလိုက်သည်၊ ကျနော်နည်းနည်းကြောင်သွားသည်၊ နန်းရွှေစင်စီစဉ်ထားတာဖြစ်မည်၊ အိတ်ထဲတွင်ပါလာသော ငါးထောင်တန်ဆယ်ရွက် စုစုကိုပေးရင်း ကျေးဇူးပါဆိုလိုက်သည်၊ ဆိုရင်းစားရင်းနဲ့၊
တစ်ယောက်က မျက်ရည်ကျရင်ယောက်ျား မဟုတ်ဘူး ဆိုတာကိုဆိုနေတုန်း၊ ကူးကူးဆိုသော ကောင်မလေးက ကျနော်ကိုနမ်းပြန်သည်၊ ဒီတစ်ခါကျနော်ဘာမှမပေးတော့၊ ဘာမှမပေးလို့လားမသိ ကူးကူးကျနော့်နားရွက်ကိုကိုက်လိုက်သည်၊ အားဆိုပြီးကျနော်အော်လိုက်မိသည်၊ အားလုံးဝိုင်းရယ်ကြသည်၊
ရယ်နေသော နန်းရွှေစင်ကိုတွေ့လိုက်ရသည်၊
ဒီအတိုင်းနေနေလို့ မဖြစ်တော့မှန်းသိလိုက်သည်၊ ကျနော်သီချင်းနှစ်ပုဒ်ဆိုမလို့၊ အားလုံးကဝိုင်းလက်ခုပ်တီးကြသည်။

ပထမသီချင်းက နန်းရွှေစင်ကိုဆိုပြဘူးသည်၊ ကျနော့်အရင်ကအတိုင်း စာသားတွေပြောင်းဆိုသည်၊
“ကိုယ်လိုလူ ဗမာလေးတစ်ယောက်မို့နှောင့်နှေးနေတာလား သိပ်ချစ်ရသူ ရှမ်းပျိုဖြူလေးရယ်……”
နောက်တစ်ပုဒ်ကတော့ စိုင်းဆိုင်မောဝ်ရဲ့သီချင်း
“ရွှေသမင်မျက်လုံးလေး ကျနော့်ကိုလေ သူပြုံးလို့
နူတ်ဆက်ကာရယ် သွားတော့မဲ့သူ၊
ဒီတစ်ခါနောက်ဆုံးလား နောင်းမာဗေတုံးရ
ရှမ်းစကားတွေနဲ့ နူတ်ဆက်ကြတယ်
စိတ်ထဲမှာလေ တကယ်ခံစားရပေါ့ နန်းရယ်
နောင်းမာဗေတုံးရ နူတ်ဆက်ခါရယ်ခွဲသွား……….”

ကျနော်ဆိုသည့် သီချင်းသံကြားမှာ အားလုံးတိတ်ဆိတ်စွာ နားထောင်နေကြသည်၊ သီချင်းပြီးသွားသောအခါ နန်းရွှေစင်ကျနော်ကိုဖက်ပြီးငိုသည်၊
ကျနော်ကို တင်းကျပ်စွာဖက်ရင်း ရှိုက်ကြီးတငင်ငိုခြင်းဖြစ်သည်၊ ကျနော် ဘာလုပ်ရမှန်းမသိ အလိုက်သင့်လေး ပြန်ဖက်ထားရုံ၊ ဘာကြောင့်ငိုနေမှန်းလည်းမသိ၊ ပြည့်စုံသည်ဟုထင်ရသူမှာလည်း ငိုကြွေးစရာတွေရှိနေသည်လား၊
သူ့ကိုတင်းတင်းကျပ်ကျပ်တစ်ခါဖက်ရင်း “တိတ်ပါတော့သူငယ်ချင်းရယ်” လို့ပြောလိုက်မိသည်၊ အငိုရပ်သွားသည်၊ မျက်ရည်တွေ နှာရည်တွေကို ကျနော်အိင်္ကျီနဲ့သုတ်ပစ်နေသည်၊
ကောင်မလေးတစ်ယောက်က ထွန်းအိန္ဒြာဗိုလ် သီချင်းတစ်ပုဒ်ကိုဆိုနေသည်၊ ကျနော်တို့ဘက်ကိုလှည့်မကြည့်ကြ၊
နန်းရွှေစင် တစ်ယောက်အငိုရပ်သွားခဲ့ပြီ၊ ဒီနောက် ကျနော်မျက်နာကိုကြည့်ပြီး
‘ခုလိုငါ့ကို ငိုခွင့်ပေးတာ နင့်ကိုအရမ်းကျေးဇူးတင်တယ်၊’ ဆိုပြီးတိုးတိုးလေးပြောသည်၊
ပြီးနောက် ကျနော့်နှာဖူးကို ရွတ်ကနဲနမ်းလိုက်သည်၊
‘ပေး ငါးသောင်း’လို့ဆိုသည်၊ ကျနော်ထုတ်ပေးလိုက်တော့၊ နန်းရွှေစင်လှမ်းယူလိုက်သည် ‘နင့်ဆီကရတဲ့ပိုက်ဆံ’ ဆိုပြီး ထောင်ပြတော့
နှစ်ယောက်သားရယ်မိကြသည်၊
“ခုလိုငါကိုပြုစုတာကျေးဇူးတင်ပါတယ်၊ တော်လိုက်ရအောင် ကလေးတွေကြိုရဦးမယ်မဟုတ်လား၊”ဟုကျနော်ပြောလိုက်သည်၊
နန်းရွှေစင်တစ်ယောက် ကလေးမလေးတွေဘက်လှည့်ရင်း၊ သမီးတို့ရေတော်ကြရအောင်၊
ကလေးမလေး အားလုံးကို မုန့်ဖိုး ငါးသောင်းစီပေးလိုက်သည်၊

ထိုနေ့က ကျနော်မှာလွဲ၍ အားလုံးပျော်နေကြမည်ဟုထင်မိပါသည်။

……………………………………………………………………………………



ချစ်ခဲ့ဖူးသူ ချစ်သူများ စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းမှာ ကင်းဝေးနိုင်ကြပါစေ။

Thursday, April 7, 2011

ငါနှင့်သင်္ကြန်



သင်္ကြန်ဆိုတာ ထူးထူးခြားခြား မဟုတ်ပါဘူး
တစ်နှစ်တစ်ခါလာနေတဲ့ အမူးသမား ဇာတ်လမ်းပါပဲ၊
တစ်မတ်ဘိုးပဲမူးမူး ငါးမူးဘိုးပဲမူးမူး
တစ်ကျပ်ဘိုးလောက် အမြဲမူးပစ်လိုက်တယ်၊
တနှစ်လုံးမသောက်ဖြစ်လဲ အသစ်ဆုံးနှစ်ရောက်ဖို့ပဲ
သင်္ကြန်အခါမှာ မူးလိုက်ရမှ ကျေနပ်တဲ့ငါ
သင်္ကြန်ဆိုတာမူးရမယ်
သင်္ကြန်ဆိုရင် ရူးကြတယ်။

ငယ်ငယ်တုန်းကသင်္ကြန် အပျော်ကြံခဲ့တာမဟုတ်ပေမဲ့
တကယ်ပျော်ခဲ့တာအမှန်ပါ၊
အိုးမဲသုတ်ခံဘူးတာ၊ အိုးမဲပြန်သုတ်ဘူးတယ်
ငါ့အိမ်ရှေ့ဖြတ်သွားတဲ့လူ ငါရေပက်နိုင်တဲ့သူ
ဥပုသ်တွေဂျိုးရုပ်တွေ လာမပြောနဲ့ ငါကတော့ပက်မှာပဲ
ဘွာလာမခတ်ကြေး ငါတွဲလောင်းနှပ်ချေးနဲ့
ရေပက်တာကို အဿပြာနဲ့တောင်မလဲခဲ့၊
ပင့်ခုတ်မလား၊ ဖြတ်ခုတ်မလား၊ စောင်းခုတ်မလား
ခွက်စောင်းခုတ်ရမှ ကျေနပ်တဲ့ငါ၊
တစွတ်စွတ်နဲ့လည်း ပြွတ်မထိုးချင်ဘူး
ရေသေနပ်နဲ့လည်း အသေမသတ်ချင်ဘူး
ငါအတွက် အမြဲပြုံး ရေပုံးနှင့် နို့ဆီခွက်။

မန္တလေးသင်္ကြန် အလှမ်းဝေးနေတာမှန်ပေမဲ့
အရမ်းဆွေးစရာတွေနဲ့ပေါ့ အသဲကွဲစရာတွေရှိသလို
အမြဲပြောစရာတွေလည်း ရှိခဲ့တယ်၊
ဒီသင်္ကြန်မှာပဲ စမူးတတ်ခဲ့သလို
အရူးစတာကလည်း ဒီသင်္ကြန်မှာပဲ
ကားနဲ့လည်ဘူးတယ် ဆိုင်ကယ်နဲ့လည်ဘူးတယ်
စက်ဘီးနဲ့လည်ဘူးတယ် လမ်းလျှောက်ပြီးလည်းလည်ဘူးတယ်
ဘာနဲ့ပဲလည်လည် တကယ်မူးနေတာတော့အမှန်ပဲ၊
ရည်းစားတစ်ယောက်က ဒီသင်္ကြန်မှာပဲ လမ်းခွဲခဲ့တယ်
ဒီသင်္ကြန်မှာပဲ ရည်းစားတစ်ယောက် ကောက်ရဘူးတယ်၊
အမှုအရာပိုတဲ့ ထွန်းအိန္ဒြာဗိုလ်ကို အနောက်ကသိုင်းဖက်ဘူးသလို
ခိုင်သင်းကြည်က အသံလေးချီလို့ အမယ်လေးတော့သွားတယ်
ရေခဲရေနဲ့ ပက်လို့ပါ၊
ဒွေးကိုဘီယာနဲ့လောင်းဘူးသလို အတွေးပိုသွားတာက
ရန်အောင်ဖြတ်ကနဲ့ နမ်းလိုက်လို့ပဲ ငါမှာ ကြက်သီးတွေထ
တီဟုန်းမှာ ဂျင်းနီး ကော့ကော့ကတာ သွားကြည့်တော့
အဲဒီမှာ ဂျီပုန်းတွေလည်း သင်္ကြန်ဆို ရော့ရော့ထတယ် ဆိုတာသိခဲ့ရတယ်၊
ဟိုယိုင် ဒီယိုင်ချင်လို့ မူးချင်တဲ့သူတွေရှိသလို
ဟိုကိုင် ဒီကိုင်ချင်လို့ မူးချင်တဲ့သူတွေလည်းရှိတယ်
နှမချင်းမှ မစာနာ
ပိုဆိုးတာက ဟိုတိုင်ဒီတိုင်လုပ်ချင်တဲ့သူတွေ
စကားပြောစက်လေးကိုင်ရတာကို တိုင်းပြည်ကို သူတို့ပိုင်တယ်ထင်နေကြတာ
အော့နှလုံးနာစရာ
သူတို့ကမူးနေတဲ့လူတွေမဟုတ်ဘူး ရူးနေတဲ့သူတွေ၊
ပြောမနေနဲ့တော့ ရောထွေပြီးတော့မူးကြတယ်ဆိုရင် ကျုံးဘေးမှာ
စင်ပေါ်ကလည်းမူး ကားပေါ်မှာလည်းမူး ဆိုင်ကယ်သမားလည်းမူး
စက်ဘီးနဲ့လူလည်းမူး လမ်းဘေးကလည်းမူး ရဲတွေလည်းမူး
မီးသတ်လည်းမူး စစ်တပ်လည်းမူး
မူးမူးကြပုံက ရူးရူးနဲ့ကကြပြီး ထချကြပြီဆိုရင်
တုတ်တွေနဲ့လေးခွ အုတ်ခဲတွေနဲ့ပေးကြလေတော့
ငါလည်းရှောင်ရင်းပြေးရင်း အမူးငါးမူးဘိုးလောက်ပျောက်သွားတာ
မတန်လိုက်တာ၊
နောက်ဆုံး အဖြစ်ရှုံးတာက တရုန်းရုန်းဖြစ်နေတဲ့ကြားက
အပင်ပေါ်တက်ကြည့်နေတဲ့ ကလေးတွေပဲ ရဲအရိုက်ခံရတယ်
တကယ် အမူးနဲ့အမိုက်တွေရဲ့ပွဲပါကွယ်။ 

ရန်ကုန်သင်္ကြန် အကြံကုန်စွာနဲ့
တစ်ခါနှစ်ခါတော့ကြုံဘုးတယ်
ဒါပေမဲ့ အထာတင်းပြီးကျန်ခဲ့တဲ့
ငါအတွက်တော့ ဟာလာဟင်းလင်းကြီးပါပဲ၊
ရင်ခုန်စရာတွေချည်းပေါ့
အမှန်အကန်တွေရှာရင်း အကြံအဖန်တွေပဲတွေ့ခဲ့တယ်
အဲဒီ့အချိန်မှာ ဟော်တယ်တွေကလည်းဈေးတက်၊
ဘယ်နေရာကိုမင်းသွားမလဲမေးရင် တစ်ခါလာလဲအင်းလျားဘေးပါပဲ
မူးလာရင် ကန်တော်ကြီးပတ်ဆိုလို့ အရူးတစ်ကောင်လို့ ဗလာကြီးဟတ်ထိခဲ့ဘူးတယ်
တော်သေးရဲ့ ဗုံးသီးကြွေတဲ့နှစ်က ငါမရှိပဲလစ်နေလို့၊
ရာဇာနေဝင်းကို ငါထိုးဘူးတယ်အင်းလျားမှာပဲ
အဲဒီ့မှာ ဟေမာနေဝင်း ရန်ဖြစ်တတ်တာငါသိခဲ့တယ်
ချာတိတ်တွေဆင်းသွားဆိုပြီး ငါကိုများ
ထိုးထိုးဆိုလို့ ဆိုးနေတဲ့လူကိုထိုးခဲ့တာအမှားတဲ့၊
ဒီသင်္ကြန်မှာပဲ ဆေးပြားကိုင်ဘူးတယ် ပေါချက်ကလည်းမပြောနဲ့တော့
ရောတတ်ရင် အကြော်ဆိုင်မှာတောင်ဝယ်လို့ရတယ်
ပြဲနေကြတာလည်း ရဲဆေးတွေတင်ထားသည့်အလား ဘေးကလူဗလာမြင်လို့
ချွတ်ကတဲ့လူကက အပျိုလားအအိုလားမသိ အလကားကြည့်လို့ကောင်းတုန်း
မင်းအမေ မင်းအစ်မတွေစလို့ အတင်းအသေရိုက်ကြတာ
ကားတွေချိန်းတွေမျက်မှန်နက်တွေနဲ့ သက်တော်စောင့်နောက်လိုက်တွေက
ငါများနိုင်ငံခြားရောက်သွားသလိုပ ဂိုဏ်းတွေရဲ့ပွဲဆိုလား
အဲဒီ့မှာသင်္ကြန်ဆို ဆေးမမူးတော့ဘူးဆိုတဲ့အမြင် ငါမသင်ပဲရခဲ့တယ်။

ပြောမဆုံးတာကတော့ တောသုံးတောင်ဇာတ်လမ်း မဟုတ်ပါဘူး
အသွင်ထူးခြားတဲ့ စင်ကားပူးယားက ပင်နီစူးလား သင်္ကြန်ပါ
တစ်ခါဆိုတစ်ခါလောက် ငါမူးတာတွေပျောက်သွား
ထူးတာတွေဖြစ်လားဆိုတော့လည်း ရူးတာတွေတွေ့ခဲ့ရတယ်၊
ဆယ့်ငါးကျပ်ပေးပြီး ငါကွင်းထဲကိုဝင်တော့ အမြင်ဆိုးလှလေခြင်း
စင်ကာပူရဲ့ အထင်ကရကွင်းမှာလုပ်ပေမဲ့ မြင်ရတဲ့မြင်ကွင်းက ရွာကျောင်းပွဲထက်ဆိုးတယ်၊
အခွင့်ထူးခံလူတန်းစားဆိုတာကိုမကြိုက်တာမို့ အမြင့်ဖူးစံခုံတန်းလျားအပျောက်ခံလို့
ငါနိုင်ငံခြားကိုထွက်ခဲ့တာ
ဒီမှာ ပင်နီစူးလားဈေးရောင်းတဲ့လူတွေများ ကလေးကလားဆန်တာလား
ဘေးစကားမှန်နေရင်တော့ သူတို့ကိုယ်သူတို့ အခွင့်ထူးခံတွေလုပ်လို့ ခြံခတ်ပြီးကြည့်ကြတယ်
စင်ရှေ့တည့်တည့်ပါပဲ၊
လူတွေကို စော်ကားလို့စော်ကားမှန်းမသိ ခွင်ကိုဒီအထိဖန်ချင်ကြတယ်
မြန်ပြည်ကအကျင့်တွေမပျောက် တခြားသူတွေကိုမောက်မာခဲ့ကြတာ
ရောက်လာတဲ့သူအဆဲခံရတာ သူတို့ပါပဲ၊
ဘေးနားကတစ်ယောက် ရေသန့်ဗူးထဲသေးပန်းပြီး ခြံခတ်ထားတဲ့ဝင်းထဲ သေးဖြန်းလေတော့
ငါတောင်မနည်းလွတ်အောင်ရှောင်ရတဲ့ သြော်သေးဖြန်းတဲ့ပွဲ၊
စင်ပေါ်ကသီချင်းငါကြားမိတယ်တကယ် သင်္ကြန်ရေအေး သေးနဲ့စင်တယ် ခင်ရယ်ကွယ်ပေါ့
VIP တွေကတော့ သေးစင်လို့စင်မှန်းမသိ ခပ်မိမိနေကြတုန်းပါပဲ၊
မြန်မာပြည်လိုဗုံးမထိတာတော်သေးတယ်
စင်တော်နား ဘယ်လိုမှမကပ်နိုင်တာကြောင့် အနောက်နားအထွက်မှာ
အထောက်အထားပြစရာက ပေါက်နေကြတာပါပဲ၊
ပေါက်စရာရှားပါဘိတယ်
ဟိုကလပ်ဘ်နားကလူတွေသိရင် မြန်မာတွေသူတို့ကိုပန်းပြနေတယ်ထင်မိလိမ့်မယ်၊
သေးမပေါက်ကြပါနဲ့ သေးမပေါက်ကြပါနဲ့
စင်ပေါ်ကတစ်ယောက်က တစာစာအော်
အောက်ကလူတွေက တန်ပြန်ဆော်
အောင့်ထားလို့ရတဲ့အရာမှ မဟုတ်တာ
စင်ပေါ်မှာ ငနဲလေး ရဲလေးတောင် အရှုံးပေး နှလုံးမအေးနိုင်ဘူး
တွေးသာကြည့်ပေတော့ ဘာထူးသလဲဆိုတာ
ငါလည်းမမူးလိုက်ရတဲ့ပွဲပဲ
တော်ပါပြီ နောက်ခါ VIP မရှိ အစဉ်အလာရှိတဲ့ ဆမ်ဘာဝမ်ပဲသွားမယ်
အဲဒီမှာ အလကားစားရတာတွေရှိတယ်။

သင်္ကြန်ဆိုတာ ထူးထူးခြားခြား မဟုတ်ပါဘူး
တစ်နှစ်တစ်ခါလာနေတဲ့ အမူးသမား ဇာတ်လမ်းပါပဲ
တစ်မတ်ဘိုးပဲမူးမူး ငါးမူးဘိုးပဲမူးမူး
တစ်ကျပ်ဘိုးလောက် အမြဲမူးပစ်လိုက်တယ်၊
တနှစ်လုံးမသောက်လဲ အချစ်ဆုံးတစ်ယောက်မရှိတော့
သင်္ကြန်မှာ
ငါမူးလိုက်ချင်လို့ ရူးချင်ကြတယ်ဆိုရင်လာခဲ့
သင်္ကြန်ဆိုတာမူးရမယ်
သင်္ကြန်ဆိုရင် ရူးကြတယ်။





………………………………….
 
သင်္ကြန်ဆိုရင် မူးကိုမူးရမှ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်သို့ အမှတ်တရ

Saturday, April 2, 2011

ရင်ခုန်သံအသစ် အချစ်စစ်လား ( ၂ )


ရဲလင်းသူ ဒီနေ့စောစောနိုးနေသည်၊ အလုပ်ပိတ်ရက်တွင် ၉ နာရီလောက်ထိ အိပ်လေ့ရှိသည်၊ ဒါပေမဲ့ ဒီနေ့ စောစောထနေ၍ ဦးလေးနှင့် အဒေါ်တို့က ရုံးမသွားခင် တအံ့တသြကြည့်သွားကြသည်၊ မနေ့ညက ခင်မျိုးမြင့်သူဖုန်းဆက်လာသည် သူသွားချင်သော နယူးယောက်ကနေရာများပြောပြသည်၊ အကုန်လုံးမသွားနိုင်၍ ဘယ်ကိုသွားရမလဲ အကြံဉာဏ်တောင်းသည်၊ ခက်သည်က ရဲလင်းသူက နယူးယောက်မှာသာနေသည် စုံစုံလင်လင်မရောက်ဖူး၊ မသိ၊ မနက်ကြမှ ပြန်ဆွေနွေးကြတာပေါ့လို့ ဖြေလိုက်မိသည်၊ ဒီမှာ ငယ်ငယ်ကတည်းကနေလာတဲ့သူတွေဆိုရင် ကျောင်းအစီအစဉ်တွေနဲ့ ရောက်နိုင်သိနိုင်သည်၊ ကြီးမှရောက်လာသူ သူ့အဖို့မလွယ်၊ ပြတိုက်ဆိုလို့ သုံးခုထက်ပိုမရောက်ဖြစ်၊ ခင်မျိုးမြင့်သူဖုန်းချသွားပြီးမှ အင်တာနက်ဖွင့် လေ့လာကြည့်မိသည်၊ ဒီကောင်မလေးကမလွယ် အမေးအမြန်းထူသည်၊ သူများမတွေးသောမေးခွန်းမျိုးလဲမေးတတ်သည်။

တရက်တာတွေ့ရပေမဲ့ ခင်မျိုးမြင့်သူပုံရိပ်ကို သူပြန်ဖေါ်နိုင်သည်၊ မပိန်မဝ၊ မျက်လုံးဝိုင်းဝိုင်းလေး၊ အထူးသဖြင့်ရယ်လိုက်ရင် ပါးချိုင့်လေးပေါ်လာသည်၊ စကားပြောရင် လူကို တစ်ချက်တစ်ချက်ကြည့်လိုက်ပုံလေးသည် သူ့ကိုရင်ခုန်စေခဲ့သည်၊ ဘာကြောင့်မှန်းမသိ ခင်မျိုးမြင့်သူနှင့်တွေ့ရသည့် အချိန်သည် သူ့အတွက်အပျော်ဆုံးအချိန်ဟုဆိုနိုင်သည်၊ ဒီလိုပျော်ရွှင်မှုမျိုးမရခဲ့တာ ကြာခဲ့ပြီဟုထင်သည်။

ခင်မျိုးမြင့်သူတစ်ယောက်လည်း စောစောနိုးနေသည်၊ ဒီနေ့သွားမည့် အစီအစဉ်များကို ပြန်သုံးသပ်နေသည်၊ ရဲလင်းသူ လာစောင့်နေမည်ဆိုသော ၄၂ လမ်းဘူတာကို ဘယ်လိုသွားရမလဲလေ့လာဖြစ်သည်၊ ဒီနေ့ အဓိကသွားမှာက ပြတိုက်The American Museum of Natural History ဖြစ်သည်၊ ရဲလင်းသူကို မနေ့ကဖုန်းထဲမှာမေးတာ သိပ်ရေရေလည်လည်မဖြေ၊ မသိလို့လား မေးတာများနေလို့လားမသိ၊ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ဒီကောင်လေးကြည့်ရတာ ခင်ဘို့ကောင်းသည်၊ ဘာလို့ တွေ့တွေ့ချင်း ခင်မင်ယုံကြည်မိလည်းမသိ၊ ဘာပဲဖြစ်ဖြစ် သူနဲ့စကားပြောရတာ တစိမ်းမဆန် အရင်ထဲကရင်းနှီးနေသည့်အလား၊ ကိုယ်ကိုကိုယ်တောင် အံ့သြမိသည်။

ဘူတာတွင်ချိန်းထားသည့်အချိန်က ၉နာရီခွဲ၊ အချိန်မခန့်မှန်းတတ်၍ တည်းခိုရာ ၃၅လမ်းဟိုတယ်က စောစောလမ်းလျှောက်ထွက်လာရာ ဘူတာကိုရောက်တော့ ဆယ်မိနစ်စောနေသည်၊ ချိန်းထားသည့် စာအုပ်ဆိုင်ကိုရောက်တော့ ရဲလင်းသူရောက်နေပြီ၊
“မျိုးသူ တစ်ယောက်ထဲ စောရောက်နေမှာစိုးလို့၊ ကျနော်စောစောထွက်လာလိုက်တာ၊”
‘တို့က တို့ကိုယ်တို့ စောရောက်ပြီထင်နေတာ၊”
“နှစ်ယောက်လုံး ဝိရိယကောင်းနေတော့ ကျနော်တို့စောစောသွားရတာပေါ့၊ Museum ဘူတာကို ကျနော်နေတဲ့ Brooklyn ကတိုက်ရိုက်သွားလို့ရတယ်၊ မျိုးသူ ရထားရွေးမှားမှာစိုးလို့ ကျနော်ဒီဘူတာမှာ ချိန်းလိုက်တာပါ၊”
‘ကျေးဇူးပဲလင်းသူ သွားကြတာပေါ့၊’
ပြတိုက်ရောက်တော့မဖွင့်သေး ၅ မိနစ်လောက်လိုနေသေးသည်၊ အချိန်တိကျလိုက်တာ။
ရဲလင်းသူ လမ်းညွှန်စာရွက်များကိုယူပေးရင်း ခင်မျိုးမြင့်သူကိုလှမ်းမေးလိုက်သည်၊
“မျိုးသူရေဘယ်နေရာကိုအဓိကထားကြည့်ချင်သလဲ၊ ပြတိုက်ကြီးကအကြီးကြီးနော်၊”
‘တို့သေချာကြည့်ချင်တဲ့နေရာ နှစ်နေရာပဲရှိတယ် မနေ့ညကဖတ်ထားတာ၊ Fossil Halls ရယ် Human Biology and Evolution ရယ်၊ ပြတိုက်ကြီးကအကြီးကြီးရယ်နော်၊’
“ဟုတ်တယ် ကမ္ဘာအကြီးဆုံးပြတိုက်တစ်ခုပါ၊ တိုးလျှိုပေါက်နေတဲ့ အဆောက်အဦးပေါင်း ၂၅ ခုထဲမှာ၊ ပြခန်းပေါင်း ၄၆ ခုတည်ဆောက်ထားတယ်၊ စာကြည့်တိုက်၊ သုတေသနခန်းမတွေနှင့် ပြပွဲလုပ်နိုင်တဲ့ ပြခန်းတွေလည်းရှိသေးတယ်၊ ခုတောင် BRAIN ဆိုပြီးပြခန်းလုပ်ထားတာ ပြီးရင်ကျနော်တို့ ဝင်ကြည့်ကြတာပေါ့၊ ပြတိုက်ကြီးကို ၁၈၆၉ ခုနှစ်ထဲကဆောက်ထားတာ၊” “ပြင်ဆင်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ကြတယ်၊ ပြတိုက်ထဲမှာ စုဆောင်းပြထားတာ specimens ပေါင်း များစွာရှိတယ်၊ မျိုးသူပြောတဲ့ Night at the Museum ရှပ်ရှင် ကို၂၀၀၆ ခုနှစ်ကရိုက်ခဲ့တာ၊”
‘ဟုတ်တယ် အဲဒီ့ရုပ်ရှင်ကိုကြည့်ပြီး ဒီပြတိုက်ကိုလာချင်နေခဲ့တာ၊’
“ဟော လက်မှတ်ရောင်းပြီ၊ ဝယ်ပြီးဝင်ကြည့်ကြရအောင်၊”
“မျိုးသူ ဒီစာအုပ်ထဲမှာကြည့် ပြခန်းတွေ ၆ ခုအပြင် အာကာသပြခန်းလည်းရှိသေးတယ်၊ ၁. Hall of Ocean Life ၊ ၂. Human Biology and Evolution၊ ၃. Halls of Minerals and Gems၊ ၄. Hall of Meteorites၊ ၅. Fossil Halls၊ ၆. The Art of the Diorama: Recreating Nature တွေ့လား၊” ရဲလင်းသူကမေးလိုက်သည်၊
‘တွေ့တယ်၊ အားလုံးကစိတ်ဝင်စားဘို့ကောင်းနေတယ်၊’ ခင်မျိုးမြင့်သူပြန်ဖြေလိုက်သည်၊
ရဲလင်းသူကဆက်၍ “ကျနော်တို့ Hall of Ocean Life ကိုသွားမယ် ပြီးရင်ကပ်လျှက်ရှိတဲ့ Fossil Halls ကိုသွားမယ်၊ အဲဒီမှာ မျိုးသူကြည့်ချင်နေတဲ့ ဒိုင်နိုဆောတွေရှိတယ်၊ ပြီးရင် Biology and Evolution ကိုသွားမယ်၊ နောက်ဆုံးကျန်တဲ့ပြခန်းတွေကြည့်ကြတာပေါ့၊ နေ့လည်စာကိုတော့ ပြတိုက်မှာတင်စားရလိမ့်မယ်၊”
ခင်မျိုးမြင့်သူက အိုကေလို့ပြောရင်း နှစ်ယောက်သား ပြတိုက်ကိုစကြည့်ဘို့ထွက်လာကြသည်။

ရဲလင်းသူတစ်ယောက် ဒိုင်နိုဆောတွေ၊ ရုပ်လုံးကြွတွေ၊ တွင်းထွက်ကျောက်တွေကို စိတ်ဝင်တစားကြည့်နေသော ခင်မျိုးမြင့်သူကို တစ်ခါတစ်ခါခိုးကြည့်မိသည်၊ ခင်မျိုးမြင့်သူကလည်း သူသိသည့်အရာဆိုလျှင် စိတ်ဝင်တစားရှင်းပြနေသော ရဲလင်းသူကိုကြည့်ကြည့်နေမိသည်၊ တစ်ခါတစ်လေ အကြည့်ချင်းဆုံသွားလျှင် နှစ်ဦးသားပြုံးမိကြသည်၊ ကျောက်မျက်တွေကို စိတ်ဝင်တစားကြည့်နေသော ခင်မျိုးမြင့်သူကို ရဲလင်းသူက “မျိုးသူ ကျောက်မျက်ရတနာတွေကိုကြိုက်လား၊”
‘မဟုတ်ပါဘူး တစ်ချို့ ရတနာတွေကို မတွေ့ဘူးလို့ပါ၊ ဒီကျောက်လေးက ကနေဒါမှာပဲထွက်တာ ရောင်စုံလေးနဲ့လှတယ်၊ တကယ်တော့ တို့က ပုလဲကိုကြိုက်တာ၊’
“ကျနော်ကတော့ ကျနော်ချစ်သူကို ရတနာတွေလက်ဆောင်မပေးချင်ဘူး၊ ပန်းလေးတွေပဲပေးချင်တယ် အထူးသဖြင့် နီဖျော့ဖျော့ Dream Lover နှင်းဆီပန်းတွေကို လက်ဆောင်ပေးချင်တယ်၊”
မဆီမဆိုင်ပြောနေသော ရဲလင်းသူကို ခင်မျိုးမြင့်သူငေးကြည့်ရင်း၊ လင်းသူက ပေးဘူးလို့လား ဟုမေးလိုက်သည်၊
ရဲလင်းသူက မဟုတ်ဘူး စိတ်ကူးယဉ်တာလို့ ပြန်ဖြေတော့၊ နှစ်ယောက်သား ရယ်ဖြစ်ကြသည်။

နေ့လည်တစ်နာရီလောက်မှ နေ့လည်စာ စားဖြစ်ကြသည်၊ လေးနာရီလောက်မှာ အကုန်ကြည့်ပြီး၍ BRAIN ပြခန်းသို့ထွက်လာကြသည်၊ BRAIN ပြခန်းကြည့်ပြီးနောက် ၆နာရီထိုးသွားပြီ၊ ညစာကို Rockefeller center ဘက်သွားရင်း စားဖြစ်ကြသည်၊ ဟော်တယ်သို့ ခင်မျိုးမြင့်သူကို ပြန်အပို့ ရဲလင်းသူက
“မျိုးသူကို မနက်ဖြန်လိုက်ပို့ဘို့ ကျနော်ခွင့်ယူထားတယ်၊ သဘက်ခါ မျိုးသူတို့က ဝါရှင်တန်ကို တစ်ညအိပ်သွားမှာ မဟုတ်လား၊”
‘အို လင်းသူကလည်း၊ ပြန်လာရင်တွေ့ဦးမှာပဲမဟုတ်လား၊’
“အိုလုပ်မနေနဲ့ ဘယ်သွားချင်သလဲပြော၊
‘မနက်ဖြန် ဈေးဝယ်ထွက်ချင်တယ် လင်းသူ၊ ဘယ်နေရာတွေဝယ်လို့ကောင်းလဲ၊’
“ကျနော်က ဈေးဝယ်ထွက်လေ့မရှိပါဘူး၊ အဒေါ်ကတော့ Macy မှာ အများဆုံးဝယ်လေ့ရှိတယ်၊ နောက်ပြီး Madison အဲဒီမှာ branded နာမည်ကြီးတွေရှိတယ်၊ ဖက်ရှင် Avenue ဆိုတာလည်းရှိသေးတယ်၊”
‘တို့ကို လင်းသူ ရီကောမန်းလုပ်လေ၊’
“ဟော ခက်ပြီ၊”
“မျိုးသူ Apple ပစ္စည်းတွေဝယ်ချင်ရင် Apple Store ရှိတယ်၊ i pad တို့ i phone တို့ ဝယ်ချင်ရင်ပြောတာ၊
အဝတ်အစားနဲ့ အခြားဟာတွေတော့ ကျနော်က C21 မှာပဲဝယ်တယ်၊ ဈေးသက်သာ ကောင်းလည်းကောင်းတယ်၊ C21 ဆိုတာ Century 21ကိုပြောတာ၊”
“ကျနော်နေတဲ့ Brooklyn မှာလည်းရှိတယ်၊ ဒီ Manhattan Broadway မှာလည်းရှိတယ်၊
နောက်ပြီး Broadway ထဲမှာပဲ Virgin ဆိုတာ ရှိသေးတယ်၊
တကယ်တော့ ဈေးဝယ်ရင် SOHO လည်းသွားလို့ရတယ် Grand Central Station ထဲမှာလည်းဝယ်လို့ရတာပဲ၊”
‘မဟုတ်ဘူးလေ၊ တို့က အမှတ်တရ နည်းနည်းပါးပါးဝယ်မှာပါ၊ တစ်ချို့ကိုတော့ window shopping ပေါ့၊ လင်းသူရောက်ဘူးတဲ့နေရာတွေခေါ်သွားပါ၊’
“ကျနော်ရောက်ဘူးတဲ့နေရာ၊ ဒါဆိုဒီလိုလုပ် Macy ကိုသွားမယ် လင်းသူတည်းတဲ့နေရာနှင့်နီးတယ်၊ ပြီးရင် SOHO သွား၊ Madisonမှာ Brand တွေကိုငေး၊ နောက်ဆုံး C21မှာဝယ်ကြတာပေါ့၊”
‘လုပ်လိုက်လေ၊ လင်းသူစီစဉ်ရင် အကုန်ကောင်းပါလိမ့်မယ်’။
………………………………………………………………………..


 
 
 
 
 
 
 
ရာသီဥတုကလည်းအေးနေ၍ တစ်နေကုန် ဈေးဝယ်သွားနေရခြင်းကို ရဲလင်းသူပင်ပန်းသည်လို မထင်ခဲ့ပါ၊ ဘေးတွင် ခင်မျိုးမြင့်သူ ပါနေသောကြောင့်လားမသိပါ၊ ဒီည Time square တွင်ပြန်ထိုင်ချင်သည်ဆို၍ 3rd Avenue လမ်းမကြီးအတိုင်း 42 လမ်းဘက်လျှောက်လာသည်၊ လမ်းတွင် ဂျပန်စာဝင်စားရန်ဖြစ်သည်၊ ခင်မျိုးမြင့်သူက ဒီနေ့ကုန်ကျစားရိတ်အားလုံးကို သူခံမည်ဟုဆိုသည်၊ ရဲလင်းသူ အလုပ်တစ်ရက် ခွင့်ယူလိုက်ရသောကြောင့်လားတော့မသိ၊ ဂျပန်ဆိုင်ထဲ ဝင်ထိုင်လိုက်သောအခါ နွေးထွေးမှု ကို ရရှိလိုက်သည်၊ ဆိုင်ထဲရောက်မှပဲ အပြင်မှာအေးမှန်းသိတော့တယ်လို့၊ မျိုးသူကိုပြောလိုက်မိသည်။
 
ရဲလင်းသူကိုကြည့်ပြီး အားနာမိသည်၊ ခွင့်ယူပြီးလိုက်ပို့ပေးသည်၊ ပြန်စဉ်းစားကြည့်လျှင် ဒီလောက်ပျော်စရာကောင်းသော ဈေးဝယ်ထွက်တာ ဘဝမှာတစ်ခါမှာမကြုံဘူးပါ၊ ရဲလင်းသူနဲ့သွားလာရခြင်းကို သူပျော်နေသည်၊ ရဲလင်းသူအပေါ် သူ သာယာမိနေတာလား၊ အတွေးတစ်မျိုးဝင်လာ၍ ဖျက်ချဖြစ်လိုက်မိသည်၊
ဂျပန်စားသောက်ဆိုင်ထဲရောက်လာပြီဖြစ်သည်၊ ရဲလင်းသူပြောလိုက်သော မှတ်ချက်ကို သံယောင်လိုက် လိုက်မိသည်၊
ဟုတ်တယ်နော် အပြင်မှာအေးလိုက်တာ။
နှစ်ယောက်စလုံး ကြက်သားဆက်ကိုပဲမှာလိုက်သည်၊ လာချပေးတာကို စောင့်နေတုန်းမှာပဲ ရဲလင်းသူထံဖုန်းဝင်လာသည်၊ မိန်းကလေးတစ်ယောက်၏အသံ အမေရိကန် accent နဲ့ ပြောနေသည်၊ ရဲလင်းသူကလည်း အင်္ဂလိပ်လိုပြန်ပြောနေသည်၊ ငါ စင်္ကာပူက သူငယ်ချင်းတစ်ယောက်ကို လိုက်ပို့နေတာ၊ ငါရဲ့ရှားရှားပါးပါး သူငယ်ချင်းပါ၊ ဒါတွေကို မင်းသိစရာမလိုဘူး၊ မင်းငါ့ကိုဘာမှထည့်မတွက်ပါနဲ့ မင်းကိုယ်ကိုကိုယ်သာ မင်းဂရုစိုက်ပါ၊ မင်းဒီလိုဖုန်းဆက်တဲ့အတွက် ကျေးဇူးပါ၊ စသဖြင့် တိုးတိုးပြောနေသော်လည်း ကြားလိုက်မိသည်၊
“အနှောင့်အယှက်ဖြစ်သွားသလား မျိုးသူ၊” ရဲလင်းသူမေးလိုက်သည်၊
‘မဖြစ်ပါဘူး ရပါတယ်၊ ရည်းစားလား လင်းသူ၊
ကောင်မလေးက စိတ်ဆိုးနေဦးမယ်၊ တို့နဲ့လျှောက်လည်နေတာ၊’
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျနော်ရဲ့ သူငယ်ချင်းတစ်ယောက်ပါ၊
ကျနော်မှာ ရည်းစားမရှိပါဘူး၊”
‘ကြော်ညာနေတာလား လင်းသူ’
“It is true, ခုဏ ဖုန်းဆက်တဲ့ ကောင်မလေးဟာ ကျနော်နဲ့ ရင်းနီးပါတယ်၊ သူကရင်းနီးမှုတွေပိုချင်တဲ့အတွက် ကျနော်ရပ်တန့်ထားတာပါ၊ ကျနော်နဲ့ မတူညီတာတွေကအများကြီးပါ၊ သူကြောင့်လည်း ကျနော်ဘုရားကျောင်း မရောက်ဖြစ်တော့ဘူး၊ သူနာမည်က ကက်သလင်း၊”“သူက ကျနော်ကို လူထူးလူဆန်းတဲ့၊ အချစ်ကိုနားမလည်တဲ့သူတဲ့၊ ထားလိုက်ပါတော့လေ၊
ကျနော်ဒီကိုရောက်စက ဘုရားကျောင်းသွားချင်တော့၊ ကျနော်အဒေါ်တို့က ဗုဒ္ဓဘာသာ ကိုးကွယ်တာမို့၊ အဒေါ်တို့က သူတို့မိသားစုနဲ့ မိတ်ဆက်ပေးတယ်၊ အဲဒီမှာ ခင်မင်မိကြတာပါ”။

“ကျနော် မြန်မာပြည်ကလာတော့ ဒီကပုံစံတစ်ချို့က ကျနော်နဲ့မကိုက်ဘူး၊ ကျနော်ကမကြိုက်ဘူး၊ နောက်ဆုံး ကက်သလင်းတို့ အဖေနဲ့ ကျနော်အရမ်းရင်းနီးသွားတယ်၊ သူတို့မိသားစု အမေရိကကို ဘယ်လိုရောက်လာသလဲ ဆိုတာ မပြောတော့ပါဘူး၊ သူတို့မိသားစုအကြောင်းပြောရင် ဝထ္ထုအရှည်ကြီး ဖတ်ရသလို ဖြစ်သွားမှာမို့၊ ကက်သလင်းတို့ အဖေကို ကျနော်က အဖီးလို့ခေါ်တယ်၊ အဖီးတို့ရောက်စက နယူးယောက်မှာမနေဘူး၊ ရောက်လာတဲ့သူတွေနေတဲ့ ပြည်နယ်တစ်ခုမှာနေတယ်၊ အဖီးဟာ မြန်မာလို ကရင်လိုပဲတတ်တယ်၊ အင်္ဂလိပ်လိုလည်းမတတ်ဘူး၊ တစ်လုံးစ နှစ်လုံးစ သင်ပေးလိုက်တဲ့တစ်ပိုင်းတစ်စ ပဲရတယ်၊ သူအတွက်အားကိုးရာကတော့ ဘုရားကျောင်းပဲဖြစ်တယ်၊ ဟိုအလုပ်လုပ်လိုက်ပြုတ်လိုက် ဒီအလုပ်လုပ်လိုက်ပြုတ်လိုက်နဲ့ ကလေးကလည်း သုံးယောက်ဖြစ်လာတယ်ဆိုတော့ အစဉ်မပြေဘူး၊ ဒီကြားထဲ ကရင် အချင်းချင်း အလိမ်ခံရသေးတယ်၊ စုထားတာလေးကုန်ရော၊”
“အဲဒီအချိန်မှာပဲ ဘုရားကျောင်းက ထောက်ပံကြေးဖြတ်လိုက်တယ်၊ ဘယ်လိုပဲ တောင်းပန်တောင်းပန်၊ အသနားခံခံ Policy အရဆိုပြီး မရတော့ဘူး၊ အဖီးတို့လည်း ဘုရားကျောင်းသူတောင်းစားဖြစ်ခဲ့တယ်၊”
“အဲဒီအချိန်မှာ အဖီးတစ်ယောက် မြန်မာအမူးသမားတစ်ယောက်နဲ့တွေ့ခဲ့တယ်၊ အဖီးပြောတာတော့ ဒီလူကမူးသာမူးတာ အကုန်သိဆိုပဲ၊ အဖီးကလည်းမူး ဒီလူကလည်းမူးနဲ့ နောက်ဆုံးအဖီး အမူးသမားကို ဆရာတင်လိုက်တယ်၊ အမူးသမားဟာ America is equal ဆိုပြီး အဖီးကို ရှင်သန်ရေးတွေသင်ပေးခဲ့တယ်၊ အမေရိကန်တစ်ယောက်ဖြစ်အောင်ပေါ့၊ Refugee ဖြစ်ဖြစ် asylum ကပဲဖြစ်ဖြစ် DV ပေါက်လာပေါက်လာ၊ မိုးပေါ်ကပဲကျလာကျလာ အမေရိကန်ဖြစ်သွားရင် အမေရိကန်ပဲ၊ အဖြူတွေအမဲတွေ ဂရုစိုက်မနေနဲ့၊ ဒီလိုမျိုးပေါ့၊”
“နောက်ဆုံး အဖီးတစ်ယောက် ယုံကြည်မှုတစ်ချို့နဲ့ အမူးသမားရဲ့လမ်းညွှန်မှုကြောင့် နယူးယောက်ကိုရောက်လာခဲ့တယ်၊ စက်ရုံတစ်ရုံမှာ အလုပ်ရတယ်၊ ဒီနေ့ထိလည်း အဲဒီ့စက်ရုံမှာလုပ်တုန်းပဲ၊ အဲဒီ့စက်ရုံက မြန်မာအယောက် ၄၀၊ ၅၀ လောက်ရှိတယ်၊ ဂျူးတစ်ယောက်ပိုင်တဲ့ ရေဒီယိုဆက်သွယ်ရေး ပစ္စည်းထုတ်တဲ့စက်ရုံပါ၊ အလုပ်ကတော့ အဖီးအတွက် သိပ်အဆင်ပြေခဲ့တယ်၊ အဆင်မပြေတာကတော့ သားသမီးအရေးပဲ၊ သမီးသုံးယောက်မွေးထားတဲ့ အဖီးသိပ်မလွယ်ဘူး၊ စက်ရုံကလည်း မြန်မာတွေကို နေ့စားလပေးပဲခန့်ထားတဲ့အတွက် ရထိုက်တဲ့ အခွင့်အရေးတစ်ချို့မရဘူး၊ သမီးတွေကြီးလာလေတော့ ၊ အဖီးကတော့ ပေးသမျှ အိုဗာတိုင်တွေဆင်းနေတုန်းပါပဲ” ။

“သမီးတွေ အတန်းရလာတာနဲ့အမျှ အဖေနဲ့ သမီးတွေကြားမှာ အဆင်မပြေမှုတွေရှိလာတယ်၊ အထူးသဖြင့် သမီးလတ် ကက်သလင်းနဲ့ပေါ့၊ You don’t know nothing. Do you know! ဘာမှမသိဘူးမဟုတ်လား၊ ခုမှမြင်ဘူးတယ်မဟုတ်လား စသဖြင့်ပေါ့၊ အဖေပေါ်ကို လက်ညှိးတွေထိုးလာကြတယ်”။
“ကျနော်ပြောတာ ရှည်သွားပြီလားမသိဘူး၊ မျိုးသူ၊”
‘ဆက်ပြောပါ လင်းသူ၊ တို့တကယ်စိတ်ဝင်စားမိတယ်၊ စားရင်းနဲ့ပြောကြတာပေါ့၊’
“အဲဒီအချိန်မှာ ကျနော်သူတို့ မိသားစုနဲ့ ခင်ခွင့်ရခဲ့တယ်၊ အဖီးနှင့်အမိုးကလွဲလို့ ကျန်တဲ့သူတွေက ကျနော်ကို ဘာကောင်လဲပေါ့၊ အဖီးကကျနော်ကို ရန်ကုန်သားလို့ခေါ်တယ်၊
ကက်သလင်းတို့ ညီမတွေက ဒီမှာမွေးတော့ မြန်မာပြည်ဆိုတာ စစ်တလင်းလို့ထင်နေကြတယ်၊ ကျနော်ကို ဘယ်ဗုံးခိုကျင်းကလာသလဲဆိုတဲ့ ပုံစံမေးခွန်းတွေတောင်မေးကြတယ်၊ ကျနော်ဆီကဓါတ်ပုံတွေ့ကြည့် ကျနော်ကပြောပြနဲ့ မြန်မာပြည်ဆိုတာ နည်းနည်းသိလာကြတယ်၊”
“High School ရောက်လာတော့ Boyfriend တွေကိုယ်ဆီနဲ့ပေါ့၊ အဖေအလုပ်အားတဲ့ တစ်နေ့မှာ အိမ်မှာ မမြင်ဖွယ်ရာဖြစ်နေလို့ သမီးကိုရိုက်မိရာကနေ၊ ဘုရားကျောင်းကသိ၊ စာသင်ကျောင်းကသိနဲ့ အဖေက သတိပေးခံရတယ်၊ စစ်ဆေးနေတဲ့အချိန်မှာ အိမ်ခွဲနေပေးပါဆိုလို့ ကျနော်နဲ့လာအိပ်ရတယ်၊ ကျနော်အရမ်းခံပြင်းသွားတယ်၊ အဖေကြောင့်လူဖြစ်လာရတဲ့သူတွေ၊ အဖေမှာ နေ့မအားညမအား လုပ်နေလိုက်ရတာ၊”
“ကက်သလင်းတို့က အဖေပေါ်နားလည်မှုလုံးဝမရှိ ကိုယ့်အဖေရဲ့ အားနည်းချက်ကို အပြစ်မြင်၊ ကိုယ့်အဖေစာမတတ်တာ ဘာဖြစ်လဲ၊ ကိုယ်အဖေဗဟုသုတမကြွယ်တာ ဘာဖြစ်လဲ၊ အဖေတစ်ယောက်အနေနဲ့ ကျွေးမွေးပြုစုခဲ့တာတွေ ဘယ်မှာသူတို့သွားထားကြသလဲ၊ အဖီးဘဝကိုကြည့်ပါ၊ တောထဲတောင်ထဲကလာတယ် သူ့ရဲ့မိသားစု ရှေ့ရေးအတွက် စွန့်စားလာတာ၊ ဒီအခြေအနေထိရောက်ခဲ့တာဟာ မိသားစုအတွက် သူရဲကောင်းပဲ၊”
“ကျနော်ကသာ ခံပြင်းနေတာ၊ အဖီးကတော့ ဒါအမေရိက လေဆိုပြီး ဝန်ခံချက်တွေထိုးပေးလိုက်တာပဲ သူ့ဆရာအမူးသမားရဲ့ ပြောထားတဲ့အချက်တွေက သူ့ခေါင်းထဲမှာဝင်နေပြီ" ။

"ကျနော်အဒေါ်က ကလေးတွေပဲဘယ်သိလိမ့်မလဲသားရယ်၊ သားနဲ့သူတို့ကြီးပြင်းလာရပုံခြင်းကမတူဘူးတဲ့၊
အဒေါ်ပြောမှ ကျနော်လည်းသတိထားမိတယ်၊ သူတို့ဟာ သူတို့အဖေကို အားကိုးခဲ့ကြတယ်၊ သူတို့ရဲ့မပြည့်စုံမှု အားငယ်မှုတွေကို သူ့အဖေတာဝန်ရှိတယ်ဆိုတဲ့ အတွေးအခေါ်တွေ အရွယ်ရလာသည်နှင့်အမျှဝင်လာခဲ့သည်၊ သူတို့ရဲ့စိတ်အားငယ်မှု စိတ်ဓါတ်ကျမှုတွေဟာ ဒေါသတွေအဖြစ် အဖေဆီပုံလာခဲ့တယ်၊ နားလည်ပေးလိုက်ပါသားရယ်ဆိုလို့ ကျနော်လည်းပြန်စဉ်းစားမိကြည့်တယ်၊ ဒါပေမဲ့တစ်ခုက အဲဒီဟာဖြစ်ပြီးသွားကတည်းက အဖီး ဘုရားကျောင်းမသွားတော့ဘူး၊ ကျနော်ပဲ ဘုရားကျောင်းသွားပြီး ညီမသုံးယောက်ကို မြန်မာပြည်တုန်းက ကျနော်ဖတ်ဘူးတဲ့စာတွေကို ကိုးကားပြီး မိဘကျေးဇူးနဲ့၊ အဖီးကိုနားလည်ပေးဘို့ ကျနော်ကြိုးစားခဲ့တယ်” ။

“အဲဒီမှာဇာတ်လမ်းကစတာပဲ၊ ကက်သလင်းဟာသူလက်ရှိတွဲနေတဲ့ စလုံး (စပိန်စကားပြော) Boyfriend ကိုဖြတ်ပြီး၊ ကျနော့်ကိုချဉ်းကပ်တော့တာပဲ၊ သူအဖေပေါ်လည်း အချိုးတွေပြောင်းသွားတယ်၊ ကျနော်ကတော့ ပိုရင်းနီးလာတယ်ထင်တာ၊ ဒါပေမဲ့ သူက သူငယ်ချင်းတွေနဲ့ သူ့အစ်မညီမတွေကို သူကျနော်ကိုကြိုက်တဲ့အကြောင်း တသက်လုံးအတွက်ရွေးချယ်တာဖြစ်ကြောင်းတွေ လိုက်ပြောနေတာ ကျနော်သိခဲ့ရတယ်၊ နောက်ဆုံး ကျနော်အိပ်ခန်းထဲထိရောက်လာတယ်၊ ကျနော်လည်းအပြတ်ပြောရတယ် မဖြစ်နိုင်တဲ့အကြောင်း ညီမလေးတစ်ယောက်လိုခင်မိတာဆိုတာ ရှင်းပြလိုက်တယ်၊ ကက်သလင်းက မခေပါဘူး၊ ကျနော်ဟာသူ့အစ်ကို မဖြစ်နိုင်သလို၊ သူဟာလည်းကျနော့်ညီမ မဖြစ်နိုင်ဘူးတဲ့၊ ကျနော့်ကို အခြောက်လားဆိုပြီး ပြောသေးတယ်”၊
‘အခြောက်ဖြစ်သွားရောလား၊’ ခင်မျိုးမြင့်သူ ဝင်ပြောလိုက်ရင်း
‘“ဟာဟာဟား၊’” နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိကြသည်၊
‘ကဲကဲ တို့ရှင်းလိုက်မယ်လေ၊ သွားရင်းနဲ့ပြောကြတာပေါ့၊’ ဆိုပြီး Time square ဘက်ထွက်လာခဲ့ကြသည်။

ရဲလင်းသူက “အပြင်မှာ တော်တော်အေးနေတယ် မျိုးသူ၊”
‘ဒါဆိုဟိုနားက မက်ဒေါ်နယ်ဆိုင်ထဲဝင်ပြီး စကားတွေဆက်ပြောရအောင်၊’
“ဟုတ်တယ် အဲဒီ့ဆိုင်က ကျနော် Time square ရောက်တိုင်းစားနေကြဆိုင်၊”
ဆိုင်ထဲဝင် အပေါ်ထပ်က အပြင်ကိုကြည့်လို့ရတဲ့နေရာမှာထိုင်ပြီး ကော်ဖီနဲ့ အားလူးကြော်ကိုမှာစားဖြစ်ကြသည်၊
ဆက်ပြောလေ လင်းသူ၊ ခင်မျိုးမြင့်သူ စကားစပေးလိုက်သည်၊
“ကက်သလင်းက သူလုံးဝပြောင်းလည်းသွားပါပြီတဲ့၊ ကျနော်ချစ်လာတဲ့အထိ သူစိတ်ရှည်ပါမယ်တဲ့၊ အဖီးကလည်း ငါ့သမီးတွေပြောင်းလည်းလာတာ ကျေးဇူးတင်တယ်၊ ဒါပေမဲ့ ငါ့သမီးတွေ မင်းမယူနဲ့၊ မင်းနဲ့မဖြစ်ဘူး မြန်မာပြည်ပြန်ယူ အားပေးရှာပါတယ်၊”
“နောက်ထပ်စတဲ့ဇာတ်လမ်းကတော့၊ အဖီးကလည်း ဘုရားကျောင်းမသွားတာကိုပဲ၊ ကျနော်စည်းရုံးလို့ဆိုပြီး သူတို့ အသိုင်းအဝိုင်းက ရေရေလည်လည်ပြောကြတာပေါ့၊ ကျနော်ကလူဆိုးကြီးဖြစ်လို့ အဖီးသိတော့ အရက်သောက်ပြီးရယ်လိုက်ကြသေးတယ်၊ အဖီးက ရင်ဘတ်ကိုပုတ်ပြတယ် ဒီထဲမှာရှိတယ် သွားစရာမလိုဘူး၊”
“သူတို့မသိတာက ဒီထွက်မလာခင် ကမာဝက်က အဖွားကျေနပ်အောင် ကိုရင်ဝတ်ခဲ့သေးတယ်ဆိုတာ၊ ဘာသာမတူတဲ့ မိဘနှစ်ပါးကပေါက်ဖွားလာတဲ့ ကျနော်ကို သူတို့နားလည်နိုင်မှာ မဟုတ်ဘူး၊ အမေကတနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းခေါ်သွားလို့ ဘုရားကျောင်းနဲ့ ယဉ်ပါးနေသလို အားရင်အားသလို အဖေပြောပြတဲ့ တရားအခြေခံတွေကိုလည်း နားလည်နေခဲ့တယ်၊ သူတို့အဲဒီလိုပြုမှုပုံက ကျနော်ကို ဘုရားကျောင်းနဲ့ ပိုဝေးစေခဲ့တယ်” ။

“ဒီကြားထဲ ကျနော် မိတ်ဆွေတွေနဲ့ ဘုန်းကြီးကျောင်းရောက်ဖြစ်သေးတယ် နာမည်ကြီး ဆရာတော်တွေကြွလာလို့၊
ကျနော်က ဒီမှာ မမွေးခဲ့ပေမဲ့၊ ဒီမှာကြီးပြင်းခဲ့တယ်လို့ဆိုနိုင်ပါတယ်၊ တခြားသူတွေနဲ့ ကျနော်ခံယူချက်နဲ့မတူဘူး၊ ကျနော်က စာအုပ်တွေအများကြီးဖတ်တယ်လေ၊ ရွာဆန်တယ်လို့ပြောရင်လဲပြောပေါ့၊”
‘ဟင်ဒါဆို လင်းသူကနှစ်ဘာသာကိုးကွယ်တယ်ပေါ့၊’ ခင်မျိုးမြင့်သူမေးလိုက်သည်၊
“အကောင်းဆုံးအဖြေပေးရမဲ့ဆိုရင် Free Thinker ပေါ့၊ စင်္ကာပူမှာ အများကြီးမဟုတ်လား၊” ရဲလင်းသူပြန်ဖြေလိုက်သည်၊

‘ကက်သရင်းက ပြောင်းလည်းသွားတယ်မဟုတ်လား၊’ ခင်မျိုးမြင့်သူပြောလိုက်သည်၊
“ဟုတ်တယ် ကက်သရင်းက ပြောင်းလည်းလာတယ်၊ ကက်သရင်းတို့ညီမတွေက ကံကောင်းပါတယ် ဟိုမှာရှိတဲ့အမျိုးတွေနဲ့စာရင်၊ ဒီနိုင်ငံရဲ့ ပညာရေးစနစ်၊ ထောက်ပံရေးစနစ်တွေက ကောင်းတယ်လေ၊”
ရဲလင်းသူပြန်ပြောလိုက်သည်၊
‘လင်းသူကို ချစ်လို့ပြောင်းလည်းသွားတယ်လို့ မယူဆဘူးလား၊’ ခင်မျိုးမြင့်သူက စကားထောက်လိုက်သည်၊
သက်ပြင်းရှည်ရှည်လေးတစ်ချက်ကိုချရင်း၊ ရဲလင်းသူပြန်ပြောလိုက်သည်၊
“အချစ်ဆိုတာ ဖန်တီးလို့မရဘူးလို့ကျနော်ထင်တယ်၊ အချစ်ဆိုတာ အလိုလိုပေါက်ဖွားလာတယ်၊ တကယ့်ချစ်သူနှစ်ဦးဆိုရင် အချစ် ပေါက်ဖွားမှုနှင့်အတူ ရင်ခုန်မိကြမှာပဲ၊
ကက်သရင်းက ကျနော်ကို ရင်မခုန်စေဘူး” ။

“အနည်းဆုံး ချစ်သူ Boyfriend လေးငါးယောက်လောက်ထားဘူးတဲ့ သူတစ်ယောက်၊ အချစ်ကို သူတို့ဘယ်လိုနားလည်သလဲ၊ ဘယ်လိုခံယူသလဲ၊ သူတို့ချစ်သူဘဝဆိုတာ ဘယ်လိုမျိုးလဲ၊ မျိုးသူမသိပါဘူး၊”
‘ကက်သရင်းကို ချစ်သူ တစ်ယောက် မဟုတ်တာတောင်မှ လက်တွဲဖေါ်အဖြစ် လက်မခံနိုင်ဘူးလား၊’
ခင်မျိုးမြင့်သူမေးလိုက်သည်၊
“ကျနော်က ချစ်သူနဲ့လက်တွဲဖေါ် တစ်ယောက်ထဲဖြစ်ရမယ်လို့ ခံယူထားတယ်၊” ရဲလင်းသူပြန်ဖြေလိုက်သည်၊
‘တကယ်လို့ လင်းသူချစ်ရတဲ့ ချစ်သူဟာ အမှားအယွင်းတွေ ရှိခဲ့ရင် လင်းသူခွင့်လွတ်နိုင်လား၊ လက်တွဲဖေါ်အဖြစ် လက်ခံနိုင်သလား၊’
“ခွင့်လွတ်နိုင်တဲ့ အမှားအယွင်းတွေဆို ခွင့်လွတ်ရမှာပေါ့၊ ကျနော်ရဲ့ လက်တွဲဖေါ်ဟာ ကျနော်ချစ်သူပဲ ဖြစ်ရမယ်၊”
‘ဒါဆိုရင် လင်းသူက ရင်ခုန်မဲ့ ချစ်သူ လက်တွဲဖေါ်ကိုစောင့်နေတာပေါ့၊”
ရဲလင်းသူပြန်မဖြေ၊ မျက်နှာတွင် ရှက်သွေးများလွှမ်းနေသည်၊
ဘာရယ်မဟုတ် နှစ်ယောက်စလုံး ရယ်လိုက်မိသည်။



ခဏနားပါမည်၊






အမည်တူများ၊ အကြောင်းအရာတူများရှိခဲ့လျှင်တိုက်ဆိုင်မှုသာဖြစ်ပါသည်၊
လွဲချော်မှုများရှိခဲ့သော် ရေးသူ၏အမှားဖြစ်ပါသည်။
 
 
သဘာဝကျသော ရုပ်လုံးသွင်းပြခန်း
 
 


 
မြန်မာနိုင်ငံနှင့်ဆိုင်သောပြခန်းများ