Tuesday, January 25, 2011

အဲဒီနေ့က အဖြစ်

"သမီးမှာ ချစ်သူရှိတယ်၊"

'ဟုတ်တယ်အားလုံးကိုပဲ ပြောပြချင်တယ်၊ သမီးမှာ ချစ်သူရှိနေပြီ၊ သမီးက အဲဒီ့ချစ်သူကိုပဲ လက်ထပ်ပေါင်းသင်း တသက်လုံးအတူတကွနေထိုင်သွားဘို့ သမီးဆုံးဖြတ်ထားပြီးပြီမေမေ၊
ဒီလိုပြောရတာကလည်း ဖေဖေမေမေတို့က မမကို ဟိုလူရဲ့သားကို သဘောကျလား ဒီလူရဲ့သားကို ဘယ်လိုထင်လဲနဲ့ ပြီးရင်သမီးဘက်လှည့်လာမှာစိုးလို့ ဖွင့်ပြောလိုက်ရတာပါ၊
သမီးတို့ချစ်သူသက်တမ်း သုံးနှစ်ကျော်ပြီ၊ ဒုတိယနှစ်ထဲက ကိုကိုနဲ့ချစ်သူဖြစ်ခဲ့တာ၊ ကိုကိုက သမီးထက် ၅နှစ်ကျော်ကြီးပါတယ်၊ အရင်တုန်းကတော့ ဝင်ငွေကောင်းတဲ့ အစိုးရဌာနတစ်ခုမှာ လုပ်တယ်၊ ခုတော့ ကိုယ်ပိုင်လုပ်ငန်းကြီးတွေ စလုပ်နေပါပြီ၊ မိဘအသိုင်းအဝိုင်းအတွက်လဲစိတ်ချပါ သမီးသေချာလေ့လာပြီးမှ ချစ်သူဖြစ်လာခဲ့ကြတာပါ၊ စိတ်မပူပါနဲ့ ဖေဖေမေမေတို့ရယ် သမီးက ၂၉နှစ်မှ အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ပြီးသား၊ သမီးအတွက် ဖေဖေတို့ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး၊ ကိုကို့ ကိုတစ်နေ့အားလုံးနဲ့ မိတ်ဆက်ပေးမှာပါ၊ ကိုကို့နာမည်က ညီညီကျော်ပါ၊'
ဆေးကျောင်းတက်နေသော သမီးငယ်၏ စကားကြောင့် အဖေအမေနှင့် အမဖြစ်သူတို့ အံ့အားသင့်သွားရသည်။
တကယ်တော့ ဦးမောင်ဆက်၊ ဒေါ်လဲ့လဲ့တို့တွင် နှင်းသီရိဆက်နှင့် သင်းသီရိဆက် ဆိုပြီးသမီးနှစ်ယောက်ရှိတယ်၊ ညီအစ်မနှစ်ယောက်က ရုပ်ချင်းတော်တော်ဆင်သည်၊ အသက်တစ်နှစ်သာကွာကြသည်၊ သမီးကြီး နှင်းသီရိဆက်တစ်ယောက် အိုင်အာနဲ့ဒီနှစ်ကျောင်းပြီးသည် ထိုအတွက်ဘွဲ့လွန်တက်မလား ဘာလုပ်ချင်သလဲ သမီးကိုမေးရင်း မိဘတို့ဝတ္တရားရှိသည့်အတိုင်း သမီးကို စကားစကြည့်ကြခြင်းဖြစ်သည်၊
ဒီတွင် ဆေးကျောင်းတက်နေသော သမီးငယ်က ဖွင့်ပြောလာခြင်းဖြစ်သည်၊ သမီးငယ်၏အကျင့်သည် ဖြစ်ချင်သောအရာကို ဖြစ်အောင်လုပ်လေ့ရှိသည်၊ ဆရာဝန်ဖြစ်ချင်သည် ဆေးကျောင်းရအောင်လုပ်သည်၊ သေချာစီစဉ်ပြီးလျှို့ဝှက်တတ်သည်၊ ငယ်ငယ်ကတည်းက အမကိုတောင်ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
'အမ နင့်မှာရော ချစ်သူရှိလား၊'
'မရှိဘူး၊'
ဟွန်းဟွန်း…

.............................................................................

‘ကိုကို, အခု ကိုကိုက စီးပွားရေးမှာအောင်မြင်နေတော့ ပျိုပျိုအိုအိုနုနု မိန်းမတွေကိုသတိထားနော်၊’
‘ဟုတ်ကဲ့ပါ၊’
‘သင်းသင်းကလွဲပြီးဘယ်သူမှ မချစ်ရဘူး၊’
‘သင်းသင်းကိုဘဲ တသက်လုံးအလိုလိုက်ပြီး အတူနေသွားရမယ်၊ သင်းသင်းကို စိတ်ချမ်းသာအောင် အမြဲထားရမယ်၊ စိတ်ညစ်အောင်မလုပ်ရဘူးလို့ ကတိပေး၊’
‘ပေးပါတယ်၊’
‘သစ္စုာရှိကြေးနော်၊’
‘သင်းသင်းလဲ ကိုကိုကလွဲလို့ဘယ်သူမှ မချစ်ဘူး၊ ကိုကိုနဲ့ပဲ အတူတူနေသွားမယ်လို့ ကတိပေးတယ် သစ္စုာရှိကြေး၊’
‘သင်းသင်းသာ ရည်မှန်းချက်မထားခဲ့ရင် ဟောက်စ်ဆင်းပြီးတာနဲ့ ကိုကိုနဲ့ လက်ထပ်ချင်တာ၊ တကယ်ပါ ကိုကို၊’
မင်္ဂလာဒုံဈေးကြီးရှေ့က အအေးဆိုင်တစ်ဆိုင်တွင် ချစ်သူနှစ်ဦး ကတိသစ္စာတွေ တိုင်တည်ခဲ့ကြသည်။

.............................................................................

ညီကျော်တစ်ယောက် ဒီဆေးရုံသို့ အခေါက်ခေါက်အခါခါ လာဘူးသည်၊ ဆေးရုံကို ဂိတ်ကမဝင်ပဲ ဘယ်အပေါက် ဘယ်ချောင်က ဝင်ထွက်ရမည်ကို ကောင်းကောင်းသိသည်၊

ဒီဆေးရုံတွင်ချစ်သူ ဒေါက်တာသင်းသီရိဆက် တစ်ယောက် တာဝန်ကျသည်မဟုတ်ပါလား၊ ဒီညတွင် ညီကျော်တစ်ယောက် သင်းသီရိ ပေးထားသော ဟောက်စ်ဆာဂျင်ဆင်းသည့်အချိန်ကဝတ်သည့် ဂျက်ကက်ကိုဝတ်ထားသည်၊ သူ့ပုံစံက ဆေးကျောင်းသားကြီးကြီးတစ်ယောက်နဲ့တူနေသည်၊
ညီကျော် ဆေးရုံကို မလွယ်ပေါက်ကဝင်ခဲ့တော့ ည ၁၁ နာရီကျော်ပြီ၊ အဆောင် ၂ တွင်သူငယ်ချင်း မြင့်သိန်းတစ်ယောက် ဆေးရုံတက်နေသည်မှာ တစ်ပတ်ကျော်ပြီ၊ သူဆီအရင်သွားမယ်၊ မြင့်သိန်းကို သူ့ကုတင်ပေါ်တွင်တွေ့ရသည်၊ ဟေ့ကောင်ညီကျော် ညဘက်ကြီး မင်းဘာလာလုပ်တာလဲ၊ ဒီညငါ မင်းကိုလာစောင့်အိပ်ပေးမှာလေ၊ မလိုပါဘူးကွာ၊ မင်းဆေးလိပ်သောက်တယ်မဟုတ်လား၊ လာဆေးလိပ်သောက်ရင်းနဲ့ စကားပြောကြရအောင်၊ မြင့်သိန်းသည်ဆေးလိပ်တအားကြိုက်၍ ဆေးရုံတွင် ဆေးလိပ်ခိုးသောက်မှာသေချာသည်၊
‘မင်းဟာကလည်းသေချာလို့လား၊’ မြင့်သိန်းကဆိုသည်၊
‘ငါပြောတာကိုမမေ့နဲ့ ငါဟိုဘက်သွားလိုက်ဦးမယ်၊’ ပြောရင်း ညီကျော်တစ်ယောက် ဆရာ၊ဆရာမများနားနေရန် အဆောင်ဘက်သို့ထွက်လာသည်။

အခန်းထဲတွင် ကော်ဖီသောက်နေသော မာစတာတက်နေသော ဆေးကျောင်းသားတစ်ဦးနှင့် ဟောက်စ်ဆာဂျင် သုံးဦးကိုတွေ့ရသည်၊ အဝတ်လဲခန်းတွင်တွေ့သော ခေါင်းစွတ်တစ်ခုကို ယူဝတ်လိုက်သည်၊ ပြီးနောက်အခန်းထဲဝင်က မာစတာကျောင်းသားနဲ့ စကားနည်းနည်းသွားပြောသည်၊ ဒီကျောင်းသားက ခပ်ကြောင်ကြောင် ညဘက်လာစရာမလိုပဲ လာသည်၊ ဆေးရုံကိုအိမ်မှတ်နေသည်ထင်သည်၊ ထိုနောက် ဟောက်စ်ဆာဂျင် သုံးဦးဝိုင်းကို ဝင်ထိုင်လိုက်သည်၊
‘ထိုင်မယ်နော်၊’
‘ဟုတ်ကဲ့ ထိုင်ပါအစ်ကို’ လေးလေးစားစားပင်၊
သူတို့ပြောနေတာနားထောင်ဖြစ်သည်၊ မိန်းကလေးတွေအကြောင်းပင်၊ ညီကျော်ကဖက်တီးကို မေးခွန်းထုတ်လိုက်သည်၊
‘တကယ်လို့ ခင်ဗျားရဲ့ချစ်သူဖြစ်မယ် ဒါမှမဟုတ် ခင်ဗျားရဲ့မိန်းမဖြစ်မယ် သူကတစ်ခြားတစ်ယောက်နဲ့ အနေနီးစပ်နေတယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲကွာ ဒိုင်ကလေးလုပ်ပါဦး၊’
ဖက်တီးက ‘ဒီလိုရှိတယ်အစ်ကို၊ အပြတ်ရှင်းပစ်မယ်၊ ကျနော်ကအချစ်ကိုတန်ဘိုးထားသူ၊ သစ္စုာတရားကို တန်ဘိုးထားသူ လက်တွေဘာတွေပါကောင်းပါလာလိမ့်မယ်၊’
အရှည်ကြီးကကော
‘ကျနော်ကဖြောင်းဖျကြည့်မယ်၊ ဆွေးနွေးကြည့်မယ် အမှားအယွင်းတွေရှိရင်ပြင်ရအောင်ပေါ့၊ တကယ်ချစ်ကြရင်တော့ ချစ်သူဟာ ကိုယ်ဘက်ပြန်ပါလာမှာပါ၊ အချစ်ဆိုတာ တကယ်လေးနက်ပါတယ်၊’
ကိုပိန်ပိန်ကရော ဘယ်လိုထင်သလဲ၊
‘ကျနော်မေးကြည့်မယ်လေ ပြတ်ပြတ်သားသားပေါ့၊ ငါကိုချစ်သေးသလား၊ ဘာဖြစ်ချင်လဲပေါ့၊ ကိုယ့်ကို သစ္စုာမရှိတဲ့မိန်းမတစ်ယောက် ဂိုးပေါ့ အစ်ကိုရာ၊ မိန်းမပေါသလို ချစ်သူလည်းပေါပါတယ်၊ မိန်းမတွေအကြောင်း အစ်ကိုဘယ်လောက်သိသလဲ၊ ဖေါက်လွဲဖေါက်ပြန်အနိုင်ဆုံး အရာသည် မိန်းမ မည်၏၊’
‘ဒီလိုရှိတယ် ဒီညတာဝန်ကျတဲ့ ဒေါက်တာ သင်းသီရိမှာ လက်ထပ်ရမဲ့သူ ချစ်သူရှိတယ်၊ အဲဒါကို ဒေါက်တာ ရင်ချိန်းဆိုတဲ့ ငနဲကလိုက်ကပ်နေတာ၊’
‘ကျနော်တို့လည်းကြားတယ်အစ်ကို၊ ဒေါက်တာ ရင်ချိန်းကတော်တော်အပြောကောင်းဆိုပဲ၊ ကြွေအောင်လဲပြောတတ်တယ်၊ ရေလဲရှိတယ်တဲ့၊’
‘ဒါဆိုဒီနေ့သူတို့အတွက် ပြဇာတ်လေးတစ်ပုဒ်ကရအောင်’
‘ကျနော်တို့ ရှုတ်ရှုတ်ရှက်ရှက်မလုပ်ချင်ပါဘူး အစ်ကိုရာ၊’
‘ဘာမှာမခက်ပါဘူး ပညာသားပါပါ ပါ၊ ဒီခုံမှာထိုင်ပြီး စကားတွေကိုကျယ်ကျယ်ပြောရုံပဲ၊ ဘယ်အချိန်ပြောရမယ် ဘာတွေပြောရမယ်ဆိုတာ ဒီစာရွက်ပိုင်းလေးတွေပေါ်မှာရေးထားတယ်၊’
‘သူတို့ရဲ့ဖြစ်ပျက်ပုံလေးတွေကိုကြည့်ချင်လို့ပါ၊ ဖက်တီးရေ မင်းကအဓိကကျတော့ အစ်ကိုနှစ်သိန်းချီးမြှင့်မယ်၊ နှစ်သိန်း မလုပ်ပါနဲ့အစ်ကိုရာ၊ ဖြစ်ပါတယ်ကွာ မင်းတို့ကတစ်သိန်းဆီပေါ့၊’
ချော့လိုက်မြှောက်လိုက်ပြောနေရင်း
‘ဟောသူတို့ဝင်လာကြပြီ အစီအစဉ်အတိုင်းလုပ်တော့၊’
ဒေါက်တာ ရင်ချိန်းနှင့် သင်းသီရိတို့ စကားတွေပြောရင်းဝင်လာကြသည်၊ တကယ်တော့ သင်းသီရိတစ်ယောက် ညီညီကျော်နဲ့ အဆက်အသွယ်ပြတ်တောက်ပြတ်တောက်ဖြစ်နေတာ သုံးလလောက်ရှိသွားပြီဖြစ်သည်၊ ညီကျော်ကလည်း ချစ်သူရဲ့ ၂၉ နှစ်စီမံကိန်းကိုသိ၍၎င်း ချစ်သူကိုချစ်၍၎င်း ယုံကြည်၍ အဝေးကပင်နေနေခဲ့သည်၊ အောင်မြင်လာသော လုပ်ငန်းများနှင့်အတူ အလုပ်များလျှက်ရှိနေပေသည်။

‘သီရိရေ သီရိအတွက် ကိုယ်ကိုတိုင်ဖျော်လာတဲ့ မိုင်လို’
‘ဟုတ်ကဲ့ဆရာ ကျမသောက်လိုက်ပါမယ်၊’

‘တော်တော်ပျော်နေကြတာပေါ့၊’
‘ပျော်တာပေါ့ကွ ငါကသူများရည်းစားရထားတာ၊’
‘ရည်းစားကြာကူလီပေါ့၊ ဒီကလည်းချစ်လိုက်တာချစ်လိုက်တာနဲ့ခုတော့၊’
ဟောက်စ်ဆာဂျင်တွေ ပြောနေသောစကားကြောင့် ဒေါက်တာရင်ချိန်းတစ်ယောက် တင်းသွားသည်၊
‘ဟေ့ကောင်တွေ မင်းတို့ကပေါက်ကရတွေကွာ အရည်လည်းမရအဖတ်လည်းမရ၊’
‘တကယ်တော့ အရည်လည်းရအဖတ်လည်းရ၊ အရသာလည်းရှိ ဟီးဟီး’ ဖက်တီးလှမ်းထည့်လိုက်သည်၊
‘ဘာကွ’ ဒေါက်တာရင်ချိန်း ဒေါသတွေထွက်လာသည်၊
ဒေါက်တာရင်ချိန်း အပြုအမှုကို သူတို့သုံးယောက် လက်မခံတော့၊
ကိုပိန်ပိန်က ‘ဘာဖြစ်လို့လဲဆရာ ကျနော်တို့ပြဇာတ်စာသားတွေရွတ်နေတာပါ၊’
ထိုအချိန်တွင် ဒေါက်တာသင်းသီရိတစ်ယောက်မျက်နှာနီရဲနေပြီ၊ အခြေအနေကိုလေ့လာလိုက်စဉ် တံခါးဝ အပြင်ဘက်၌ သူ့ကိုစိုက်ကြည့်နေသော ညီကျော်ကိုမြင်သွားသည်၊
‘ကိုကို’ ဟုပါးစပ်မှ အသံထွက်လာသည်၊
သင်းသီရိ ကိုကိုလို့ ထပ်ခေါ်ပြီး တံခါးဝသို့ပြေးထွက်လာသည်၊
‘သီရိဘယ်သွားမလို့လဲ’ ဒေါက်တာရင်ချိန်းလှမ်းမေးလိုက်သည်၊ ဒါပေမဲ့ ဟောက်စ်ဆာဂျင်တွေနဲ့ အချေအတင်ပြောကျန်ရစ်ခဲ့သည်၊
အပြင်သို့ သင်းသီရိရောက်သောအခါ ကော်ရီဒါတစ်လျှောက်လုံးရှင်းလင်းနေသည် ဘယ်သူမှမရှိ၊ အဝတ်လဲခန်းနှင့် လော်ကာခန်းထဲဝင်ကြည့်သည် ဘယ်သူမှမရှိ၊ ကိုကိုဘယ်ရောက်သွားသလဲ၊ သူ့စိတ်ကထင်တာလား၊ ဇဝေဇဝါနဲ့ နားနေခန်းသို့ပြန်လာခဲ့သည်၊
သင်းသီရိ အခန်းထဲပြန်ရောက်တော့၊ ဖက်တီးပြဇာတ်စာသားတွေရွတ်လို့ကောင်းဆဲ
‘ချစ်တယ်ဆိုတာလွယ်လွယ်ပြောလို့ရတဲ့အရာမှ မဟုတ်တာ
အချစ်ကဟိုမှာသေလားရှင်လားမသိ ဒီမှာအီစီကလီဖြစ်လို့’
‘မင်းတို့တော်လောက်ပြီထင်တယ် လွန်လာလို့ပြောတာနော’် ဒေါက်တာရင်ချိန်းဝင်ပြောသည်၊
အရှည်ကြီးကထပြီး ‘ကျနော်တို့ ဘယ်သူကိုမှာ ပုတ်ခပ်ပြီးပြောနေတာ မဟုတ်ဘူး
ဟိုအစ်ကိုကြီးရေးထားတဲ့ ပြဇာတ်စာသားတွေရွတ်နေတာပါ၊ ဆရာနဲ့ဘယ်လိုပတ်သက်ပါလို့လဲ’
အဲဒီအခါမှ ဒေါက်တာရင်ချိန်း ရှက်သွားပြီး၊ ‘ငါတို့ကနားချင်လို့ပါကွာ’ လျှော့ချလိုက်သည်၊
အရှည်ကြီးက ဖက်တီးကို ဟိုအစ်ကိုကြီးဘယ်ရောက်သွားလဲ
ဖက်တီးကလည်း အစ်ကိုကြီး ဘယ်ပျောက်သွားလဲ၊ ဘယ်တုန်းကထွက်သွားတာလဲ၊
ပိန်ပိန်က စာရွတ်ပိုင်းလေးတွေပေါ်မှာရေးထားတာတွေမရှိတော့ဘူး၊
ဒေါက်တာရင်ချိန်းက မင်းတို့ဇာတ်လမ်းတွေ မဆင်နဲ့ကွာ အေးအေးဆေးဆေးနေပါရစေ၊
ထိုအချိန်တွင် ကိုမာစတာကဝင်ပြောသည်၊ လူတစ်ယောက်ဒီကိုရောက်လာတာ သေချာတယ်၊ ဘယ်လိုထွက်သွားလဲ၊ ဘယ်ကိုထွက်သွားလဲဆိုတာက မသေချာဘူး၊
ကျနော်တို့က အစ်ကို့ သူငယ်ချင်းထင်လို့၊
မဟုတ်ရပါဘူးကွာ၊
ဒေါက်တာသင်းသီရိတစ်ယောက် မျက်လုံးပေကလပ်ပေကလပ်နဲ့ စိတ်တို့ရှုပ်ထွေးနေနေသည်အလား၊
‘ဒါဆို သရဲလား၊’ ဖက်တီးက ကြောက်ရွံတုန်လှုပ်တဲ့ အမူအရာနဲ့ပြောလိုက်သည်၊
‘ဆရာ ရင်ချိန်း ဆရာ အပြင်မှာ ဘာတွေလုပ်ခဲ့သေးသလဲ၊’
‘ဟာ လူခြောက်ယောက်ကြားမှာသရဲမဝင် နိုင်ပါဘူးကွာ၊ မင်းတို့ကောင်တွေ ငါ့ပဲလာထိခိုက်နေတယ်၊’
ဆရာ ကျမဖုန်းခေါ်စရာရှိလို့ ဆရာလုပ်စရာရှိတာဆက်လုပ်ထားပါ၊ ပြောရင်းသင်းသီရိတစ်ယောက် ဖုန်းရှိရာအခန်းကို ထွက်လာခဲ့သည်၊ တစ်နေရာသို့ဖုန်းခေါ်လိုက်သည်၊ အရှည်ကြီးခေါ်နေပြီးကိုင်မဲ့သူ မရှိသေး၊ ခဏနေကြာအမျိုးသမီးတစ်ဦး ဖုန်းလာကိုင်သည်၊ အိမ်တွင်းမှုလုပ်သော အန်တီကြီး၏အသံ၊ ‘အန်တီယင်းမာလား’ ‘ဟုတ်တယ်၊’ ‘သမီးသင်းသင်းပါ၊ ကိုကို အိမ်မှာရှိလားဟင်၊’ ‘သမီးမသိသေးဘူးလား ဦးမောင်တို့ကသမီးကို မပြောသေးဘူးထင်တယ်၊’ ‘ဘာလဲဟင် ကိုကို ဘာဖြစ်လို့လဲ၊’ ‘ဆရာ အက်စီဒန့်ဖြစ်တယ်လေ ညနေက ဆေးရုံမှာလို့ပြောတယ်၊’ ‘ကျေးဇူးပဲအန်တီ၊’ သင်းသီရိ ဖုန်းချက်ချင်းချလိုက်ပြီး အရေးပေါ်ဌါနသို့ အပြေးထွက်လာသည်၊ အရေးပေါ်သို့ရောက်သောအခါ တာဝန်ကျဆရာ ဒေါက်တာဖုန်းမြင့်ကို ဆရာလူနာစာရင်းကြည့်ချင်လို့ ကြည့်လေသီရိ၊ အရေးပေါ်မှ ဆေးရုံတင်ထားသော စာရင်းတွင် ကိုကိုနာမည်မပါ၊ မပါဘူးဆရာ၊ မှတ်တမ်းထဲမှာ ကြည့်ကြည့်လေ၊ အရေးပေါ်ဌါနမှတ်တမ်းကိုလှန်ကြည့်နေရင်း တစ်နေရာတွင် အမည် ဦးညီညီကျော်၊ ခေါင်းတွင်ရထားသော ပြင်းထန်သော ဒဏ်ရာဖြင့် ဆေးရုံမရောက်မှီသေဆုံးနေပြီ၊ သင်းသီရိ ဆောက်တည်ရာမရသလို ဖြစ်သွားသည်၊ အရေးပေါ်ဌါနမှ ဘယ်လိုကိုယ့်အခန်းထဲပြန်ရောက်လာသလဲ မသိတော့၊ ကိုကို သေဆုံးသွားခဲ့ပြီ၊ ကိုကိုသေသွားပြီ၊ မျက်ရည်များ သူအလိုလိုကျဆင်းလာသည်။

ကရင်ဆရာမကြီးဝင်လာပြီး ‘ဒေါက်တာရေ ရောင်းလှည့်ကြရအောင်၊’
ငိုနေသော သင်းသီရိကိုတွေ့လျှင် ‘ဒေါက်တာဘာဖြစ်လို့လဲ၊ ဒေါက်တာတစ်ခုခုဖြစ်နေတယ်၊’ ဆရာမကြီးရဲ့တပ်လှန့်သံကြောင့် အကုန်လုံး သင်းသီရိဆီရောက်လာကြသည်၊ ဟောက်စ်တွေစလို့ဖြစ်တာ ဒေါက်တာရင်ချိန်းက မင်းတို့လူတစ်ယောက်ကို အဲလိုမစရဘူးကွ၊ အပြတ်ဟောက်တော့သည်၊
သင်းသီရိကတော့ ဖက်တီးဘက်လှည့်ပြီး ကိုကိုသေသွားခဲ့ပြီ၊
ဖက်တီးနားမလည်စွာဖြင့် သင်းသီရိကို ကြည့်နေမိသည်၊
ဒေါက်တာရင်ချိန်းကစပြီး တစ်ယောက်ထဲထားခဲ့လို့မဖြစ်ဘူး ဆရာမတွေ ဒေါက်တာကိုတွဲခေါ်လာခဲ့၊
ဘာစကားမှမပြော ဘာကိုမှမသိပဲ သင်းသီရိတစ်ယောက် ရောင်းလှည့်ရာသို့ ပါလာခဲ့သည်၊ ဒီလိုနဲ့ အဆောင်၂ ဘက်သို့ရောက်လာသည်၊ ကိုမြင့်သိန်းခုတင်နားရောက်တော့ ခေါင်းအလုံခြုံ၍ အိပ်နေသော ကိုမြင့်သိန်းကိုတွေ့ရသည်၊ ဖက်တီးကဒီနေတော့ထူးဆန်းပါလား ကိုမြင့်သိန်း ဒီအချိန်ဆိုမအိပ်သေး၊ ရောင်းလှည့်လာသော ဆရာ ဆရာမများနဲ့ ဟာသတွေပြောနေကြဖြစ်သည်၊ ဒေါက်တာရင်ချိန်းက ဟောက်စ်တစ်ယောက် လူနာ ခေါင်းပေါ်က စောင်ကိုခွာချပေးလိုက်၊ လူနာအသက်ရှုလို့မကောင်းဘူး၊ အရှည်ကြီး သွားပြီးစောင်ကိုလှန်လိုက်သည်၊ တောင့်တောင့်တင်းတင်းဖြစ်နေသော မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်၊
'ဟာ ဟိုအစ်ကိုကြီး၊' ဖက်တီးနှင့်ပိန်ပိန်တို့ တပြိုင်နက်အသံထွက်သွားကြသည်၊ တစ်ချိန်ထဲမှာပဲ သင်းသီရိပျော့ခွေလဲကျသွားသည်၊ ဟာဒေါက်တာလဲသွားပြီ၊
‘သရဲ’ ဆိုပြီး ဖက်တီး၏အသံ၊
ထိုအချိန်မှာပင် အဆောင်တစ်ခုလုံးမီးပျက်သွားသည်၊ မီးဘာလို့ပျက်သွားတာလဲ၊ ဓါတ်မီးရှာ ဓါတ်မီးရှိလား၊
ဟာ မီးပြန်လာပြီ၊ ဆရာမသုံးယောက် သင်းသီရိကို နားနေခန်းသို့တွဲခေါ်သွားသည်၊
လူနာက ခေါင်းအလုံခြုံ၍ အိပ်နေဆဲဖြစ်သည်၊
ဒေါက်တာရင်ချိန်းတစ်ယောက် ဒေါသဖြစ်သောအမှုအရာဖြင့် ဘယ်ကအစ်ကိုကြီးလဲဟုဆိုကာ လူနာစောင်ကို လှန်ချလိုက်သည်၊ ဟာကိုမြင့်သိန်းပဲ ဟိုအစ်ကိုကြီးဘယ်ရောက်သွားလဲ၊
မင်းတို့ကောင်တွေဘာဖြစ်နေကြတာလဲ ဘာအစ်ကိုကြီးမှ မရှိဘူး၊
ကိုမြင့်သိန်းက အိပ်ချင်မူးတူးပုံစံဖြင့် ဘာဖြစ်ကြတာလဲဗျာ၊
ခုနက ခင်ဗျားဟာ ခင်ဗျားမဟုတ်လို့တဲ့၊ ဘေးကလူနာဦးလေးကြီးကဝင်ပြောသည်၊
ကိုမြင့်သိန်းက ကျနော်နားမလည်ဘူးဗျာ၊
တစ်ခါတစ်လေ နားမလည်တာပဲကောင်းတယ် ၊ဦးလေးကြီးကပြန်ပြောသည်၊
အိပ်အိပ်ဆက်အိပ်။

.............................................................................
ဖုန်းခေါ်သံကြောင့် နှင်းသီရိနိုးလာသည်၊ ဒီအချိန်ကြီး ဘယ်သူဖုန်းခေါ်တာလဲ၊

‘ဟလို ဘယ်သူပါလဲ’
ပြန်မဖြေ မောနေသည့်အသံဖြင့် လူတစ်ယောက်ပြောလာသည်၊ ‘သင်းသီရိ ဆေးရုံမှာတစ်ခုခုဖြစ်နေလို့ လိုက်သွားကြပါ၊’
‘ဘယ်လိုဘယ်လို ခုပြောနေတာ ကိုညီလား၊ ဟလို ဟလို၊’ ဖုန်းချသွားသည်၊
ထိုအချိန် အဖေလဲနိုးလာသည်၊ ညကြီးမင်းကြီး ဘယ်သူဆီကဖုန်းလဲ
ဘယ်သူမှန်းမသိဘူးဖေဖေ၊ ညီမလေးဆေးရုံမှာတစ်ခုခုဖြစ်လို့တဲ့၊
ဒါဆိုဆေးရုံကို ဖုန်းဆက်ရမယ်၊ ဦးမောင်ဆက် ကိုယ်တိုင်ဖုန်းဆက်လိုက်သည်၊ ဆရာမတစ်ယောက်နဲ့တွေ့သည် ညီမလေးမူးလဲသွားလို့တဲ့၊ မင်းအမေပါခေါ် အဖေတို့ ဆေးရုံလိုက်သွားကြမယ်၊
သင်းသီရိကို အိမ်သို့ပြန်ခေါ်လာသည်။
‘ဘာဖြစ်လို့လဲသမီး၊’ ‘အဖေ ကိုကိုဆုံးသွားပြီး အက်စီဒန့်ဖြစ်လို့၊’
‘ဟာ သမီးဖြစ်မှဖြစ်ရလေ၊ ဖေဖေတို့ကိုလဲ ဘယ်သူမှ အကြောင်းမကြားကြပါလား၊’
‘သမီး မှတ်တမ်းထဲမှာတွေ့တယ်၊ အိမ်ဖေါ်အန်တီကြီးကလည်း အက်စီဒန့်ဖြစ်လို့  ဆေးရုံသွားတယ်လို့ပြောတယ်၊’
သေချာတဲ့ဆီကိုဖုန်းခေါ်ကြည့်တာမဟုတ်ဘူး၊ နှင်းသီရိကဝင်ပြောသည်၊
သင်းသီရိ ပြာထွက်သွားသဖြင့် ဘာကိုမှမသိဖြစ်သွားခြင်းဖြစ်သည်၊ ခုမှသတိရသည် ကိုကိုတွင် သင်းသီရိအတွက် စပယ်ရှယ်ဖုန်းရှိသည်၊ အဲဒီဖုန်းနံပတ်သည် သင်းသီရိ တစ်ယောက်အတွက်သာဖြစ်သည်၊ သင်းသီရိအပြေးလေးဆက်လိုက်သည် ဖုန်းသံကြားရလိုက်သည်၊ သူ့လက်ကိုင်အိပ်ထဲက၊
ဟင် ကိုကိုဖုန်းက ဘာလို့ သူ့လက်ကိုင်အိတ်ထဲရောက်နေရတာလဲ၊ ကြောက်လန့်တကြား သင်းသီရိ၏အသံကြောင့်၊ ဦးမောင်ဆက်က သမီးကမသေချာသေးပါဘူး၊ ဖေဖေသူ့အိမ်ကို ထပ်ဖုန်းဆက်ကြည့်မယ်၊ ညီညီကျော် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး တိုးတိုးတိတ်တိတ်သေမှာမဟုတ်ဘူး၊ နာမည်တူဆိုတာတွေက အများကြီးပဲ၊
‘ဖေဖေ ကိုကို့ဖုန်းက သမီးအိပ်ထဲရောက်နေတယ်လေ၊’
‘ဖေဖေကိုယ်တိုင်ဆက်မယ်၊’
ဦးမောင်ဆက် ညီညီကျော်အိမ်သို့ဖုန်းခေါ်လိုက်သည်၊ ညီညီကျော်၏လက်စွဲ ဦးမောင်ကျော်ကိုနိုးခိုင်းလိုက်သည်၊ ဦးမောင်ကျော်၏တောင်းပန်းသံနှင့်အတူ ရှင်းပြသံတွေ သင်းသီရိကြားနေရသည်၊
ကဲလာသမီး သမီးကိုကို ညီညီကျော်မသေဘူး၊ အက်စီဒန့်ဖြစ်တာမှန်တယ် ခေါင်းကိုထိသွားတာလဲမှန်တယ် ဆေးရုံတော့မသွားဘူး ဆေးခန်းသွားတယ်၊ ဆေးခန်းမှာ ခွဲစိတ်ပြီး ဆရာဝန်ကဆေးထိုးဆေးပေးထားလို့ အိပ်ပျော်နေတာ မနက်စောစောမှာ ဆရာဝန်ကြီးက ပြန်နိုးမယ်လို့ပြောတယ်တဲ့၊ သမီးစိတ်မချမ်းသာအောင်ဘာမှ မလုပ်ရဘူးဆိုလို့၊ သူတို့ဆရာကလည်းဘာမှ မှာကြားချိန်မရလို့၊ သမီးကိုမနက်မှ အကြောင်းကြားဘို့ စီစဉ်ထားတယ်တဲ့၊
ကဲလာကြ ငါတို့ ညီညီကျော် အိမ်ကိုလိုက်သွားကြမယ်၊ သမီးရှင်းလင်းသွားရအောင်။

.............................................................................

ဦးမောင်ဆက်တို့ မိသားစု သင်းသီရိကလွဲလို့ ညီညီကျော် အိမ်ကိုမရောက်ဖူးကြပါ၊

အိမ်တွင် ဦးမောင်ကျော်နှင့် အလုပ်သမားများဆီးကြိုနေကြသည်၊ ကျနော်တို့ သူ့မိဘတွေလည်း အကြောင်းမကြားရသေးပါဘူး၊ မင်းတို့ကတော့ကွာ ဦးမောင်ဆက်က ဦးမောင်ကျော်တို့ကိုပြောလိုက်သည်၊
ညီညီကျော်၏အိမ်ကြီးက ကြီးကျယ်ခမ်းနားလှသည်၊ ခေတ်မှီဟော်နန်းကြီးများလား၊ ပထမထပ်ကအကျယ်ကြီး၊ ဒုတိယထပ်ကား ဂျာကူစီ ရေကူးကန် လေ့ကျင့်ရေးခန်းမ နှင့် စာကြည့်ဆောင်တို့ရှိသည်၊ နောက်ဖေးတွင် မီးဖိုဆောင်နှင့် အလုပ်သမားများနေသည့်အခန်းများ၊ တတိယထပ်တွင် အိပ်ခန်းသုံးခန်း၊ တစ်ခန်းက သင်းသီရိလာလာနေသည့်အခန်းဖြစ်သည်၊ သင်းသီရိ၏ ဓါတ်ပုံနှင့် ပန်းချီးကားတွေကတော့ အိမ်၏နေရာအနှံမှာ၊ အထူးသဖြင့် ဧည့်ခန်းကသင်းသီရိ၏ ရှစ်ပေပုံတူပန်းချီးကားကြီးက လက်ရာမြောက်လှသည်၊ သင်းသီရိပြောသမျှ ပါအောင်ဆောက်ထားသဖြင့် သင်းသီရိဂေဟာလို့ပင်ပြောလို့ရသည်။

ဦးမောင်ဆက်တို့ မိသားစု အိပ်ခန်းကျယ်ကြီးတွင် ဆေးအရှိန်ဖြင့် အိပ်မောကျနေသော ညီညီကျော်ကိုတွေ့ရသည်၊ ဦးမောင်ကျော်က ဆရာကို ဦးနှောက်နှင့်အာရုံကြောဆရာဝန်ကြီး သမားတော်ကြီး ဦးချမ်းငြိမ်းကခွဲစိတ်ပေးခဲ့တယ်၊ ကိုးမားဖြစ်နိုင်ချေက လက်မတင်လေးလို့ပြောတယ်၊ ခုထိုးထားတဲ့ဆေးက ဦးနှောက်ကို လုံးဝအနားယူစေတဲ့ဆေး၊ ကိုးမားတစ်ယောက်လို အိပ်မောကျစေတယ်တဲ့၊ ဆရာကိုတိုက်သွားတဲ့ကားက မောင်းပြေးသွားတယ် ရဲကလိုက်နေပါပြီ၊ အန်ကယ်တို့လည်း မိုးချုပ်နေတော့ မပြန်ပါနဲ့တော့၊ မနက်ဆရာနိုးလာတာကိုစောင့်လိုက်ပါတော့။
သင်းသီရိ ညီညီကျော် အခန်းထဲတွင်ကျန်ရစ်ခဲ့ပြီး၊ ကျန် ဦးမောင်ဆက်တို့ မိသားစု သင်းသီရိ၏အခန်းဆိုသည်ထဲတွင် ဝင်အိပ်ကြသည်။

မနက် ၆နာရီခွဲလောက်တွင် တစ်အိမ်လုံးနိုးနေကြပြီ သမားတော်ကြီးအလာကိုစောင့်နေကြသည်၊ ခဏနေကြာ သမားတော်ကြီးရောက်လာသည်၊ ညီညီကျော်ကိုဝင်ကြည့်ပြီး အားလုံးကောင်းမွန်ကြောင်း မကြာခင်နိုးထလာတော့မည်ဖြစ်ကြောင်းပြောရင်း ဦးမောင်ဆက်တို့နှင့် စကားစမြည်များ ပြောဆိုနေကြသည်၊ ညီညီကျော်နိုးထလာ၍ သင်းသီရိတစ်ယောက် မျက်နှာသစ်သန့်ရှင်းမှုများ ကူလုပ်ပေးနေသည်၊ ထိုအချိန်တွင် ဆေးရုံမှ ဒေါက်တာရင်ချိန်းနှင့် ဟောက်စ်ဆာဂျင်သုံးယောက် ရောက်လာကြသည်။
တကယ်တော့ သင်းသီရိကလှမ်းခေါ်လိုက်ခြင်းဖြစ်သည်၊ အားလုံးရှင်းရှင်းလင်းလင်းဖြစ်စေရန်ဖြစ်သည်၊ ဒေါက်တာရင်ချိန်း မျက်နှာကအီးမှန်ထားသည့်ပုံစံ၊ အားလုံးက အိမ်ကြီးနှင့် သင်းသီရီ၏ ပန်းချီကားကြီးကို ကြည့်ဖြစ်နေကြသည်၊
သင်းသီရီက ညီညီကျော်နှင့် အားလုံးကိုမိတ်ဆက်ပေးသည်၊ သမားတော်ကြီးကဖြစ်စဉ်နှင့် ကုသပုံကို ရှင်းလင်းပြောကြားနေသည်၊ အားလုံးပျော်ပျော်ပါးပါး နံနက်စာ စားသောက်နေကြသည်၊ ဖက်တီးတို့သုံးယောက်ကတော့ ဘာကိုနားမလည်တော့သည်ပုံစံ ရင်ထဲမှာမေးခွန်းများစွာဖြင့် ခေါင်းတွေရှုပ်ထွေးနေသည်။

ထိုအချိန်တွင် ရဲအရာရှိသုံးဦးဝင်ရောက်လာသည်၊ တစ်ဦးမှာ ယာဉ်မှုစစ်မှဖြစ်သည်၊ ညီညီကျော်က ရဲအုပ်ကြီးတွေဘာလို့ စောစောစီးစီးရောက်လာကြသလဲ၊ ရဲအုပ် အောင်ခင်ဆိုသူက တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဆရာရေ၊ ရှင်းအောင်လာကြရတာပဲ၊ ကဲ ကိုစိုးသိန်းရေ စလိုက်ကြအောင်ဆိုပြီး ယာဉ်မှုစစ်အရာရှိကို လှမ်းပြောလိုက်သည်၊ ရဲအုပ်စိုးသိန်းက ဒေါက်တာရင်ချိန်းဘက်လှည့်ပြီး ဒေါက်တာ ဒီကားဟာဆရာကားလား၊ ဟုတ်ပါတယ်၊ ဒီကားကို ဆရာအပြင် ဘယ်သူတွေမောင်းသေးသလဲ၊ ကျနော် တစ်ယောက်ထဲမောင်းပါတယ်၊ ဒါဆိုဆရာမနေ့က ပန်းဖြူ အနွေးထည်ဆိုင်ဘက်ရောက်သေးလား၊ ရောက်သလိုလိုပါပဲ ကျနော်မိုင်လိုကုန်နေလို့ အဲဒီနားကဆိုင်မှာ သွားဝယ်တာ၊ ဆရာကားနဲ့ လူတစ်ယောက်ယောက်ကို တိုက်မိသေးသလား၊ မတိုက်မိပါဘူး၊ ဘေးကလူတွေက ဆရာကားကိုရပ်ဘို့တားကြတာ ဆရာမောင်းထွက်သွားတယ်ဆို၊ လူတွေကတော့ အော်ဟစ်နေကြတာ ကျနော်ဒီအတိုင်းမောင်းထွက်လာတာပါ၊ ဒါဆိုဆရာကိုကျနော်တို့ စခန်းကိုခေါ်သွားရပါလိမ့်မယ်၊ အသေးစိပ်ပြောကြတာပေါ့၊ ဒီကားကိုလည်း ထိန်းသိမ်းရပါလိမ့်မယ်၊
ရဲအုပ်အောင်ခင်က 'ဒီလိုပါ မနေ့က ဦးညီညီကျော်တစ်ယောက် ဒေါက်တာ သင်းသီရိဆက်အတွက် ပန်းဖြူ အနွေးထည်ဆိုင်မှာ အနွေးထည်ဝယ်ပြီးထွက်အလာ ဆရာကားက ဝင်တိုက်သွားတယ်၊ နောက်ပြီး ခွေးတစ်ကောင်ကိုလည်း တိုက်သွားသေးတယ်၊ သိကြတဲ့အတိုင်း ဦးညီညီကျော်က ဒဏ်ရာပြင်းထန်စွာရပြီး၊ ခွေးတစ်ကောင်က ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်။'

သမားတော်ကြီးဒေါသဖြစ်သော စကားလုံးများဖြင့် ဒေါက်တာရင်ချိန်းကို လက်ညှိးထိုးပြီး မင်းတော်တော်လူမပီသတဲ့သူပဲ တာဝန်မသိတဲ့ ဆရာဝန်တစ်ယောက်ပဲ၊ ပစ်မှုသာသေချာတယ်ဆိုရင် မင်းဟာဆရာဝန်တစ်ယောက် မဖြစ်သင့်ဘူး၊ ဘုတ်အဖွဲ့ကို မင်းရဲ့ ဆမ ကို ရာသက်ပန် ရုတ်သိမ်းဘို့ ငါတောင်းဆိုမယ်၊ ဒေါက်တာရင်ချိန်းကို ရဲများကခေါ်ဆောင်သွားကြသည်၊
သင်းသီရိအပါအဝင် အားလုံးအံ့ကြတုန်လှုပ်ကျန်ရစ်ခဲ့ကြသည်၊ ဖက်တီးက ဘာတွေဖြစ်ကြတာလဲဗျာ၊ ဘယ်လိုတွေဖြစ်ကြတာလဲ ဟုဆိုမိသည်။

ညီကျော်သည်အားပေးသည့်အနေဖြင့် သင်းသီရိလက်ကလေးကို ဆုပ်နယ်ပေးသည်အခါ သင်းသီရိတစ်ကိုယ်လုံး အေးစက်နေသည်ကို သိရှိလိုက်ရသည်၊ ညီကျော်က ကျနော်လည်းနေကောင်းနေပြီလေ အနားယူဖို့ပဲကျန်တယ်၊ အန်ကယ်တို့လည်းပင်ပန်းနေပါပြီ သင်းသင်းကိုခေါ်ပြီး ပြန်အနားယူလိုက်ကြပါ၊
အေးကွာ တိုက်ဆိုင်တာတွေကလည်းသိပ်ဖြစ်သကိုး၊ ဒါဆို အန်ကယ်တို့အိမ်ပြန်လိုက်ပါဦးမယ်၊ အမြဲဆက်သွယ်ပါ ကလေးရေ၊ သင်းသီရိတို့ မိသားစုပြန်သွားကြသည်၊ ညီကျော်က ဖက်တီးတို့ဘက်လှဲ့ပြီး ဆရာတို့ကို ပြန်ပို့ဘို့ ကျနော်စီစဉ်ပေးပါမယ် ခဏစောင့်ကြပါ၊
ဖက်တီးတို့ စီစဉ်ပေးသောကားပေါ်တက်ပြီး ထွက်ရန်အလုပ်တွင် ဦးမောင်ကျော်က တစ်ယောက်စီကို အထုပ်လေးတစ်ထုပ်စီလာပေးသည်၊ ဆရာကပြောတယ် သူလည်းစဉ်းစားရအတော်ခက်နေပါတယ်တဲ့၊ ကားစထွက်လာသည်၊ ဖက်တီးအိပ်လေးကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ပိုက်ဆံနှစ်သိန်း၊ သူတို့သုံးယောက် အံ့သြမှုမျက်နှာကိုယ်စီနဲ့။

.............................................................................

သင်းသီရိကို သူ့မိဘတွေက ဆေးရုံကအလုပ်ထွက်စေပြီး၊ ကိုယ်ပိုင်ဆေးခန်းဖွင့်စေသည်။

ဒေါက်တာရင်ချိန်း တစ်ယောက် ဆမရုပ်သိမ်းခံရသည်၊ ခွေးသေမှု၊ ပြင်းထန်စွာနာကျင်မှုများဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်၊ ယာဉ်မောင်းနှင်ခွင့်လည်းပိတ်ခံရသည်၊ ညီညီကျော်ကို ရန်သူတစ်ယောက်အဖြစ် သတ်မှတ်ထားသည်၊ သူ့ဘဝကိုဖျက်ဆီးသူပေါ့။

သင်းသီရိ နှင့် ညီညီကျော်တို့ အနေအထိုင်ကျဲလာသည်၊ ညီညီကျော် အိမ်လာသည့်အခါများတွင် သင်းသီရိနှင့်မတွေ့ နှင်းသီရိနှင့်သာတွေ့ဖြစ်သည်၊
တစ်နေ့ ညီကျော် သင်းသီရိထံမှစာတို တစ်စောင်ကိုရရှိခဲ့သည်၊

ကိုရင်ချိန်းကို ကျေအေးတဲ့အတွက် ကျေးဇူးတင်ပါသည်၊
ကျမတို့ချစ်ခဲ့ကြသော ဖြစ်ခဲ့ကြသောအဖြစ်တွေကို ဒီမှာရပ်တန့်ခွင့်ပြုပါတော့
အခက်အခဲနှင့် ရင်ဆိုင်နေရသော ကိုရင်ချိန်းကို ကူညီရန် ကျမဆုံးဖြတ်လိုက်ပါသည်၊
ကျမကိုမှားတယ်ထင်ရင် ခွင့်မလွတ်ပါနဲ့၊
ဒေါက်တာ သင်းသီရိဆက်

စာကိုဖတ်ပြီးသောအခါ ညီကျော်တစ်ယောက် မဲ့ပြုံးလေးပြုံးဖြစ်ခဲ့သည်။
ညီညီကျော်တစ်ယောက် သင်းသီရိနဲ့တွေ့ဘို့ မကြိုးစားချေ၊
အရက်ကိုသာသောက်နေသည်၊ စီးပွားရေးကျဆင်းလာသည်၊ ခေတ်မှီဟော်နန်းအိမ်ကြီးလဲမရှိတော့၊ တိုက်ခန်းတစ်ခုတွင်နေထိုင်နေသည်ဟု ညီညီကျော်၏သတင်းများ သင်းသီရိကြားရသည်။

သင်းသီရိ ၂၉ နှစ်မပြည့်ခင် ကိုရင်ချိန်းနှင့် လက်ထပ်သွားသည်၊ ကိုရင်ချိန်း ဆေးအရောင်းအဝယ်လုပ်သလို ပွဲစားမျိုးစုံလုပ်နေသည်၊ ဘာပဲလုပ်လုပ် အဆင်မပြေ၊ ပိုဆိုးသည်က ညဘက်မထွက်ရဲသလို၊ ခွေးတွေကိုရှောင်ရသည် ခွေးများသည် သူကိုတွေ့တိုင်စွဲငင်စွာဟောင်လေ့ရှိသည်၊ လင်မယားခဏခဏ စကားများကြသည်ဆို၏၊ တစ်ခါတစ်လေ ကိုယ်ထိလက်ရောက်မှုများပါသည်၊ သင်းသီရိ တစ်ယောက် အလွန်ဒေါသကြီးသူတစ်ယောက်ဖြစ်လာသည်၊ ဦးမောင်ဆက်တို့ လင်မယားနှစ်ယောက် ဒီသမီးအတွက် နေ့စဉ်နှင့်အမျှစိတ်ဆင်းရဲနေရတော့သည်။

လက်ထပ်အပြီး နှစ်နှစ်အကျော်မှာ ကိုရင်ချိန်းတစ်ယောက် ယာဉ်တိုက်မှုထပ်ဖြစ်သည်၊ လိုင်စင်မရှိခြင်း လူသေခြင်းတို့ကြောင့် ထောင် တစ်နှစ်ကျသွားသည်၊ ဆေးဝါးအတုရောင်းသည့်အမှုတစ်ခုပါ ထပ်တိုးပြန်သည်၊ အနည်းဆုံးနောက်ထပ် ငါးနှစ်လောက်ထပ်ကျဦးမည်၊ ဒီ့အတွက် သင်းသီရိ မိဘအိမ်သို့ပြန်ရောက်လာသည်၊ မိဘတွေလည်း ပိုစိတ်ချမ်းသာသလို၊ သူလည်းစိတ်ချမ်းသာမှုအနည်းငယ်ရရှိလာသည်၊ ကိုရင်ချိန်း မရှိသည်အတွက်လည်းဖြစ်နိုင်သည် ဟု သင်းသီရိ ထင်မိသည်။

.............................................................................

သင်းသီရိ အမေနဲ့အမတို့၏ တီးတိုးပြောသံများကြားလိုက်ရသောအခါ၊ စိတ်တို့ဘယ်လို့မှ မထိန်းထားနိုင်တော့၊

ညီညီကျော်တစ်ယောက် အရက်မှုးနေသည်၊ နှင်းသီရိရောက်သွားသည်၊ ညီညီကျော်ကို နှင်းသီရိက သင်းသီရီလုပ်ရပ်အတွက် သနားနေမိသည်၊ ညီမအတွက်အပစ်ရှိသလိုခံစားနေရသည်၊ အတူအိပ်ဖြစ်ကြသည်၊ ကိုယ်ဝန်၊ တာဝန်မယူလို၊ ဘယ်မိန်းမကိုမှာ လက်မထပ်ဟုဆိုသည်၊
ဒီကောင် ယုတ်မာတာ၊ ငါ့ကို ငါ့အစ်မနှင့် လက်စားပြန်ချေတာ၊ ဒေါသတို့ အထွတ်အထိပ်ရောက်သွားသည်၊ သင်းသီရိ ဘယ်လိုညီညီကျော်၏ တိုက်ခန်းကိုရောက်သွားသည်မသိ။

တိုက်ဆိုင်စွာပင် အိမ်တံခါးကပွင့်နေသည်၊ ‘ညီညီကျော်ထွက်ခဲ့စမ်း၊ ဘာခုမှာ ပုန်းနေတာလဲ၊ အရက်သမား၊ မိန်းမတစ်ယောက်အတွက်နဲ့များဘဝပျက်ရတယ်လို့၊ ဘာအသုံးကြသလဲ ခုဘာအသုံးကြသေးရဲ့လဲ၊’ ဒေါသဖြင့်အဆက်မပြတ်ပြောရင်း သင်းသီရိတစ်ယောက် စိတ်နဲ့လူနဲ့မကပ်တော့ပေ၊ ဧည့်ခန်းတွင်ပတ်နေသည်၊ ညီကျော်ဧည့်ခန်းသို့ထွက်လာခဲ့သည်၊ သင်းသီရိမျက်နှာကို သေချာကြည့်နေမိသည်၊ မျက်နှာတွင်ဒေါသအခိုးများကားအပြည့် လူကပိန်ကျသွားသည်၊ နှင်းသီရိထက်တောင် အိုစာသွားသည်ထင်သည်၊ သင်းသီရိ ညီညီကျော်ကို လက်ညှိးထိုး၍၊
‘ဦးညီညီကျော် ရှင်တော်တော် ယုတ်မာပက်စက်ပါလား၊ ရှင့်အကြံတွေ ဒါအကုန်ပဲလား၊ လုပ်ရက်လိုက်တာ ကျမအစ်မကိုမှ၊ လူမဆန်လိုက်တာရှင်၊’
‘သင်းသီရိက ဘယ်လိုဖြစ်ချင်လို့လ’ဲ ညီကျော်ကမေးလိုက်သည်၊
‘ဘယ်လိုဖြစ်ချင်ရမလဲ ဒါဖြစ်ချင်တယ်’ ဟုဆိုကာ ညီညီကျော်ကို ထုရိုက်တော့သည်၊ ညီကျော်တစ်ယောက် လုံးဝပြန်လုပ်ခြင်းမရှိပဲ၊ ‘ကျနော်ကတိ သစ္စာပေးထားခဲ့ဘူးတယ်၊ ဘယ်မိန်းမကိုမှ မယူဘူးလို့၊’
‘ဘာ’ ဆိုပြီး သင်းသီရိရိုက်နေတာကိုရပ်လိုက်ပြီး၊ ‘ဒီမှာ ညီညီကျော် အဲဒီနေ့က ကျမဘဝမှာ ရှင်တကယ်သေဆုံးခဲ့ပြီးပြီ၊ ကျမရဲ့ကိုကို ဆိုတာလည်း အဲဒီနေ့ကတည်းက မရှိတော့ဘူး၊ ရှင်နားလည်းဘို့ကောင်းတယ်၊’
‘ကျနော်အတွက်တော့ ထာဝရပါ၊’
‘ဘာ ဒါဆိုကျမအစ်မကိုရှင်ဘာလုပ်တာလဲ တော်တော် ယုတ်မာတဲ့လူ’ ဆိုပြီး ဘေးနားက ပန်းအိုးနဲ့ရိုက်ချလိုက်သည်၊ ညီညီကျော်ခေါင်းမှ သွေးတွေ မျက်နှာပေါ်စီးကျလာသည်၊ နောက်တစ်ချက်ရိုက်ဘို့အပြင် နှင်းသီရိရောက်ချလာသည်၊
‘သင်းသင်းရပ်လိုက်စမ်း’ သင်းသီရိလက်ထဲကပန်းအိုးကိုယူပြီးလွင့်ပစ်လိုက်သည်၊ ‘နင်လွန်နေပြီ သင်းသင်း၊’
‘ဒီလူကနင့်ကိုယုတ်မာခဲ့တာကိုး အဲဒီလိုယုတ်မာတဲ့ သူတွေကိုငါမုန်းတယ်၊’
နှင်းသီရိက ‘ဘာ ယုတ်မာတာလဲ’ ဟုပြောရင်း ကိုကိုသွေးတွေကျနေပါလား၊ လက်ဖဝါးလေးဖြင့်သွေးတွေကို သုပ်ပေးနေသည်၊
သင်းသီရိတုန်ရီသော အသံဖြင့် ‘ဘာ ကိုကို ဟုတ်လား၊ နှင်းနှင်း နင် ယောက်ျားရှားသလား၊ ဒါငါ့ချစ်သူလေ၊ ငါ့ကိုကိုလေ၊’
နှင်းသီရိက ‘ယောက်ျားတော့မရှားဘူး၊ ကိုကို့ ကို ငါချစ်တယ် အဲဒီနေ့ကစပြီး ကိုကိုဟာ နင့်ချစ်သူမဟုတ်ဘူး၊ နင့်ကိုကို မဟုတ်တော့ဘူးဆိုတာ ငါသိခဲ့တယ်၊ အဲဒီနေ့ကစပြီး ကိုကို့ ကို ငါချစ်မယ်လို့ဆုံးဖြတ်ခဲ့တယ်၊’
သင်းသီရိက ‘လာလာချည်သေးတယ် ခုနင်သိပြီလား ဟိုကယုတ်မာတာ နင့်ကိုတာဝန်မယူဘူး နင့်ကိုယ်ဝန် နင့်အရှက်ကွဲပြီပေါ့၊’
‘ဘာ ကိုယ်ဝန်လည်း၊ ဘာအရှက်ကွဲတာလဲ ဘာယုတ်မာတာလဲ နင်ဟာပြသာနာတစ်ခုကို ဘယ်တော့မှ အစအဆုံးမလေ့လာဘူး၊ ဆရာဝန်တစ်ယောက်ဖြစ်နေပြီးတော’့ နှင်းသီရိကပြန်ပြောလိုက်သည်၊
နှင်းသီရိကဆက်၍ ‘နင်သိထားဘို့က တကယ်လို့ ငါကိုကိုနဲ့ ကိုယ်ဝန်ရလာရင် ဒီကမ္ဘာပေါ်မှာ ငါတို့နှစ်ယောက်ဟာ အပျော်ဆုံးလူတွေဖြစ်လာမှာပဲ၊’
‘အရှက်မရှိ’ သင်းသီရိကဆိုသည်၊
‘အဲဒီနေ့က ကိုကိုဟာ ဒဏ်ရာရခဲ့သလို ရရှိတဲ့ဒဏ်ရာကြောင့် ယောင်္ကျားအဖြစ် ဆုံးရှုံးခဲ့ရတယ်၊ ဒီနေ့အထိဆေးကုနေရတယ်ဆိုတာ နင်သိရဲ့လား၊ နင်သာမိန်းမယုတ် သစ္စာမရှိတဲ့သူ၊ နင့်ကိုတအားချစ်မြတ်နိုးတဲ့သူကို ရက်စက်ခဲ့တဲ့သူ၊ ကိုကိုကစီးပွားရေးမကျဘူး နင့်ကိုချစ်လွန်းလို့ နင်နဲ့ ပထမဦးဆုံးချိန်းတွေ့တဲ့ဒီတိုက်ခန်းမှာ လာနေနေတာ၊’ နှင်းသီရိကပြန်၍ပြောလိုက်သည်။

‘ဘာ ကိုကိုဘာဖြစ်သွားလဲ၊ ကိုကိုအဲလိုဖြစ်သွားခဲ့တယ’် သင်းသီရိတစ်ယောက် ပိုတုန်လှုပ်သွားသည်၊ မျက်ရည်တွေဒလောဟောစီးကျလာသည်၊ တုန်ရီစွာဖြင့်ပင် ‘ငါမရက်စက်ဘူး၊ ငါမရက်စက်ခဲ့ဘူး၊ ငါကိုကို့ ကို မချစ်လို့မဟုတ်ဘူး၊ ကိုကို့ ကို ချစ်လွန်းလို့ တန်ဘိုးထားလွန်းလို့ ငါလမ်းခွဲခဲ့တာ ငါ့ရင်ထဲမှာ ကိုကိုအမြဲတမ်းရှိနေတယ်၊ အသွားမတော်တလှမ်း ယုတ်မာတဲ့ အခွင့်အရေးသမားကြောင့် ငါ့ညစ်နွမ်းခဲ့တယ်၊ ငါ့ကိုသိပ်ချစ်တဲ့သူ၊ တန်ဘိုးထားမြတ်နိုးတဲ့သူကို ငါ့ကိုမပေးအပ်ချင်တော့ဘူး ငါ့ကြောင့် ကိုကို မညစ်နွမ်းစေချင်ဘူး၊ ကိုကိုကအရမ်းအသန့်ကြိုက်တာ၊’ ဟင်းအင်းအင်း…. ‘ကိုကို့ ကို ရင်နာစွာနဲ့ ငါစွန့်လွတ်လိုက်တာ ကိုကိုအတွက်ပါ၊ ကိုကိုအတွက်ပါ၊’ ပြောရင်း သင်းသီရိငိုချလိုက်သည်။

‘ဘယ်လို’ ဟု နှင်းသီရိတစ်ယောက် အံ့သြစွာတုန့်ပြန်လိုက်သည်၊ ညီညီကျော်ကိုကြည့်ပြီး မျက်လုံးကြီးနီကာ မဲ့ပြုံးပြုံးနဲ့ ပြုံးတုံ့တုံ့ဖြစ်နေသောညီညီကျော်ကို ‘ကိုကိုဘာဖြစ်တာလဲ ဘာပြုံးနေတာလဲ၊’

သင်းသီရိက အဲဒါ ‘ကိုကိုပြုံးနေတာမဟုတ်ဘူး၊ သူငိုနေတာ တအားခံစားရရင် သူအဲလိုဖြစ်သွားတယ်၊ ကိုကိုငိုလိုက်ပါ၊ သင်းသင်းတောင်းပန်ပါတယ်၊ သင်းသင်းအမှားတွေပါ’ ငိုရင်းနဲ့သင်းသီရိလဲကျသွားသည်၊
‘ညီမလေး သင်းသင်း၊’ နှင်းသီရိ သင်းသီရိကိုပွေ့ဖက်လိုက်သည်၊ ကိုကိုကလည်း စကားမေးမရတော့။

.............................................................................

သင်းသီရိဆက်နှင့် ရင်ချိန်းတို့ ရင်ချိန်းထောင်ကမလွတ်ခင် တရားဝင် ကွာရှင်းပြတ်စဲလိုက်သည်၊


နှင်းသီရိဆက်တစ်ယောက် တကယ်ပဲ ကိုယ်ဝန်ရရှိသွားသည်၊

ညီညီကျော် တစ်ယောက် အဲဒီနေ့က အဖြစ်အပျက်တွေကို ပြန်တွေးရင်း ပြုံးတုံ့တုံ့ဖြစ်နေသည်။

.............................................................................


ထူးစမ်းသော တိုက်ဆိုင်မှုတွေ တကယ်ဖြစ်တတ်ပါသလား၊
.............................................................................




မိတ်ဆွေ သူငယ်ချင်းများအားလုံးပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေ၊
ယုန်နှစ်တွင်စီးပွားလာဘ်လာဘများတိုးပွားကြပါစေ။







Saturday, January 8, 2011

အာလ်ဂျုးနီး(Aljunied)က အသံများ



အာလ်ဂျုးနီး (Aljunied) ဆိုသည်မှာ စင်္ကာပူက MRT ဟုခေါ်သော မြို့ပတ်ရထား ဘူတာရုံတစ်ခု၏ နာမည်ဖြစ်သည်ဟု လွယ်လွယ်ကူကူ ဆိုရပါမည်၊ ထိုအာလ်ဂျုးနီးဘူတာ ပတ်ဝန်းကျင်တွင် နေထိုင်သူများက ဘယ်မှာနေလဲမေးရင် အာလ်ဂျုးနီးမှာ နေသည်ဟုဖြေကြပါသည်။

ကျနော့်အရင်းဆုံးသူငယ်ချင်း မောင်စိုးတစ်ယောက် လွန်ခဲ့သောနှစ်က အစိုးရ HDB တိုက်ခန်းဝယ်ချင်သော ဆန္ဒပြင်းပြခဲ့သည်အလျှောက် တိုက်ခန်းပေါင်း ၃၀ ကျော် ကြည့်ပြီးသောအခါ အာလ်ဂျုးနီးဘက်တွင် ဝယ်ဖြစ်ခဲ့သည်၊ ပထမအစက အနောက်ဂျိုရောင်းဘက်တွင် ဝယ်ချင်သော်လည်း သူ့ကြိုက်သော အခန်းက မြန်မာလူဦးရေပြည့်သွားသဖြင့် မဝယ်ဖြစ်ခဲ့၊ ဒီနောက် အာလ်ဂျုးနီးတိုက်ခန်းကို ရထားဘူတာရုံနဲ့နီးသည် ပေါက်ဈေးထက် နှစ်သောင်းသာပိုပေးရ၍ တန်သည်ဟုဆိုကာဝယ်ဖြစ်ခဲ့သည်၊ အိမ်ပြောင်းသောနေ့ အိမ်သစ်တက်သောနေ့ များကိုလည်း စင်္ကာပူတွင်မရှိသဖြင့် ကျနော်မရောက်ဖြစ်ခဲ့ပါ။

ဒီတစ်ခါတော့ မောင်စိုးတစ်ယောက် ကျနော်ကို ကိုယ်တိုင်လာခေါ်သည်၊ သူ့အိမ်တွင်တစ်ရက်လောက် အိပ်ပြီးနေပေးရန် ဆိုလာသည်၊ မြဝင်းဟုခေါ်သော နောက်သူငယ်ချင်းတစ်ယောက်ပါအပိုခေါ်လာသည်၊ ကျနော်တို့ကို လာခေါ်ရခြင်းအကြောင်းရင်းက သူ့အိမ်တွင် ညည အသံတွေကြားနေရသည်ဆို၏၊ ငါအိမ်မှာ တစ်ခုခုရှိနေတယ်ထင်တယ်၊ ငါရော ငါ့မိန်းမပါ အသံတွေကြားနေရတယ်၊ ငါ့သမီးကငယ်လို့လားမသိဘူး မကြားရဘူးဟုဆိုသည်၊ မင်းတို့များ ဘာကူညီနိုင်မလဲဆိုပြီး လာခေါ်တာ၊ အိမ်သစ်တက်သောနေ့တွင် ဘုန်းကြီးသုံးပါးပင့်ပြီး ပရိတ်ကြီးတွေဘာတွေ ရွတ်ပြီးပြီဟုဆိုသည်၊ ခုသူ့မိန်းမက မြန်မာပြည်ပြန်မည်ဟု ဂျီတိုက်နေသည်၊ ဒီအိမ်ကိုသူရွေးတာဆိုပြီး အပြစ်ပုံချလေသည် မိန်းမတို့၏ သဘာဝပေလော၊ တကယ်တော့ ကျနော်တို့ သုံးယောက်လုံးပင် သရဲ တစ္ဆေ နာနာဘာဝ များကို စာအုပ်ဖတ်ဘူး ရုပ်ရှင်တွေသာကြည့်ဘူးခြင်းဖြစ်သည် ဘာအတွေ့အကြုံမှမရှိ၊ သူငယ်ချင်းနည်း၍ အားကိုးမရှိ၍ လာခေါ်သောသူငယ်ချင်းနှင့် ကိုယ်ကလည်း စူးစမ်းချင်သောကြောင့် အာလ်ဂျုးနီးသို့ ရောက်ရပေဦးမည်။

မောင်စိုးဝယ်လိုက်သော တိုက်ခန်းသည် အာလ်ဂျုးနီးဘူတာရုံ ဂုံးကျော်ပြီး သံလမ်းအတိုင်း လေးငါးမိနစ်လောက် လျှောက်ကရောက်သည်၊ အောက်တွင် အာလ်ဂျုးနီးဈေးရှိသည်၊ ကျနော်တို့ မောင်စိုးတိုက်ခန်းရောက်တော့ ညနေ ၆နာရီကျော်နေပြီ၊ အိမ်တွင် ကျနော်တို့ကို မျှော်နေသော မောင်စိုးမဟေသီ ခင်စန်းဝင်းနှင့် သမီး ချောစုတို့ကိုတွေ့ရသည်၊ ချောစုကရှစ်နှစ်ကျော်ကျော်သာ ရှိသေးသည် ခင်စန်းဝင်းချက်ထားသော ကြာဇံကြော်ကို ကျနော်တို့အားလုံး ညစာအဖြစ် သုံးဆောင်လိုက်ကြသည်၊ ရှေးဟောင်းနှောင်းဖြစ်များပြောကာ ကျနော်တို့ညမိုးချုပ်လာမည်ကို စောင့်နေကြသည်၊ ကျနော်က ‘မင်းတို့ဟာ နာနာဘာဝမှ ဟုတ်ရဲ့လား ဘုန်းကြီးတွေ့လဲပင့်ပြီးပြီ၊’ ခင်စန်းဝင်းက ‘နင်တို့စောင့်ကြည့်ပါ ငါတို့ကညတိုင်းကြားရလို့ဟုဆိုသည်၊ ဘာပြောမလည်း ငါတို့ဘေးနားမှာ တစ်စုံတစ်ယောက် ရှိနေသလို အဲဒီလိုခံစားရတယ် ကြုံဘူးမှသိမှာပါ၊’ မြဝင်းက ‘စင်္ကာပူက ဘုန်းကြီးတွေက တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင် ရန်ဖြစ်နဲ့ အစွမ်းမထက်ဘူးထင်တယ်၊’ ကျနော်က ဟေ့ကောင် ‘ဘုန်းကြီးတွေပြိုင်တာ မဟုတ်ဘူး ဒကာတွေဒကာမတွေကွ၊’ မြဝင်းက ‘ဒကာတွေဆိုတော့လည်းဒကာတွေပေါ့ကွာ၊’ မောင်စိုးက ‘ဒကာမတွေပိုဆိုးတာကွ၊’ ည ဆယ်နာရီလောက်တော့ သမီးလေးချောစုအိပ်သွားပြီဖြစ်သည်၊ ခင်စန်းဝင်းပါဝင်အိပ်သည်၊ ကျနော်တို့က TV ကြည့် စကားဆက်ပြောနေဖြစ်သည်၊ ည ၁၂ နာရီကျော် ဘာမျှမထူးခြား အိပ်ဘို့ပြင်ကြသည်၊ မောင်စိုးတို့ဝယ်လိုက်သည့် တိုက်ခန်းက အိပ်ခန်းသုံးခန်းပါသည်၊ ကျနော်နဲ့မြဝင်းတို့ တစ်ခန်းစီအိပ်မည်ဆိုသည့်အခါ မြဝင်းကမအိပ်ရဲဟုဆိုသည်၊ မင်းကကြောက်တတ်လိုက်တာ၊ ကြောက်တယ်ကွာ ဘာဖြစ်လဲ ဟုဆိုသည်၊ ဘာလို့လိုက်လာသေးလဲ ဟုမေးရာ၊ မလိုက်ရင်ဒီကောင်က သတ်မှာဟုဆိုကာ မောင်စိုးဘက်မေးငေါ့ပြသည်၊ ဒီလိုနဲ့ ကျနော်တို့ မောင်စိုးတို့အိပ်သည့် မာစတာအိပ်ခန်း၏ မျက်နှာချင်းဆိုင် အခန်းတွင်အိပ်ဖြစ်ကြသည်။

အိပ်ရင်းနဲ့ မောင်စိုးတို့ပြောသည့် အသံများကို ကျနော်စဉ်းစားမိသည်၊ အိမ်နောက်ဖေးဘက်က အဝတ်ထွက်လှမ်းသံ၊ မီးဖိုချောင်က ပန်းကန်ခွက်ယောက်များအသံ၊ မီးခလုပ်တွေဖွင့်ပိတ်သံ၊ နောက်ပြီး အခန်းရှေ့ကဖြတ်လျှောက်သွားသည့် ပြင်းပြင်းခြေသံ၊ ဒီအသံများသည် တကယ် နာနာဘာဝများ၏ အသံဖြစ်နိုင်ပါသလား၊ ဒါဆိုသူကဘာလို့ အသံတွေလိုက်ပေးသနည်း၊ တကယ်တော့ ဘာသက်သေပြစရာမရှိ ဘယ်သူမှလဲမတွေ့ဖူးဘူး၊ မမြင်အပ်သော မမြင်သင့်သော သူတို့၏အကြောင်းအရာများကား ဆန်းကြယ်ပေသည်၊ စဉ်းစားရင်းအိပ်ပျော်သွားသည်။

အသံတစ်သံကြောင့် ကျနော်နိုးလာသည်၊ ဘေးကမြဝင်းကတော့ ဟောက်လို့ကောင်းဆဲ၊ ကျနော်မအိပ်ခင်က အသံကြားရအောင် တံခါးကိုခပ်ဟဟဖွင့်ထားခဲ့သည်၊ အသံသည် အိမ်နောက်ဖေးဘက်က လာသည်၊ ကျနော်ဖြေးညှင်းစွာထ လိုက်သည်၊ လက်ထဲတွင် LEDဓါတ်မီးလေးကိုင်ကာ နောက်ဖေးဘက်သို့ ထွက်လာခဲ့သည်၊ နောက်ဖေးရောက်တော့ ဘာသံမျှမကြားတော့ ဓါတ်မီးနှင့်ဟိုဟိုဒီဒီ ထိုးကြည့်သည်၊ နောက်ဖေးပေါက်က အပြင်သို့ အပေါ်ကြည့် အောက်ကြည့်မိသည် ဘာမှမတွေ့၊ ပြီးမှမီးဖွင့်လိုက်သည် အိမ်မြှောင်နှစ်ကောင်မှလွဲ၍ ဘာမှမရှိ၊ ခုမှစဉ်းစားမိသည် ခုနနောက်ဖေးပေါက်က ထွက်ကြည့်တာ တန်းရှိနေလို့ တကယ်လို့ နာနာဘာဝတွန်းချလိုက်ရင် ဘယ်လိုနေမလဲ ခုမှ ကြက်သီးထလာသည်၊ ဒီအထပ်က ၁၂ ထပ် နာနာဘာဝကြိုက်တတ်သောအထပ် ၁၂ ဂဏန်းသည် နာနာဘာဝများ၏ ဂဏန်းဟုဖတ်ဘူးသည်၊ ဒါကြောင့် ၂၀၁၂မှာ ဘာဖြစ်မည် ညာဖြစ်မည်ဆို၏၊ မီးပိတ် အခန်းထဲပြန်ဝင်လာကာ အသံတွေ ဆက်လက်နားစွင့်နေမိသည်၊ ခဏကြာအိပ်ပျော်သွားတော့သည်။

"အမယ်လေး လာကြပါ လာကြပါ" ခင်စန်းဝင်း၏ ငယ်သံပါအောင် အော်လိုက်သံကြောင့် ကျနော်လန့်နိုးသွားသည်၊ ဟေ့ကောင်တွေလာကြပါဦး ဆိုသည့် မောင်စိုး၏ခေါ်သံလည်းကြားရသည်၊ ကျနော်ထကာ မီးတွေဖွင့်ရင်း၊ သူတို့အခန်းဆီထွက်ခဲ့သည်၊ ဟေ့ကောင်တွေ ဟေ့ကောင်တွေ မောင်စိုးကား ဆက်ခေါ်နေဆဲဖြစ်သည်၊ သူတို့တံခါးကိုပုတ်ရင်း မင်းတို့တံခါးပိတ်ထားတာ ဘယ်လိုလာလို့ရမှာလဲလို့ လှမ်းပြောလိုက်သည်၊ ဒီကောင်တွေနိုးနေပြီ ဘာမှမဖြစ်ဘူးဆိုပြီး မောင်စိုးက သူ့မိန်းမကိုပြောသံကြားရသည်၊ ခဏနေကြာတံခါးဖွင့်သံကြားရသည်၊ မောင်စိုးတံခါးလာဖွင့်ခြင်းဖြစ်သည် ခင်စန်းဝင်းက မောင်စိုးကိုဖက်လျှက်ပါလာသည်၊ ကျနော်က ဘာဖြစ်တာလဲလို့ လှမ်းမေးလိုက်သည်၊ 'ငါ့မိန်းမအော်တာ၊' 'ငါသိသားပဲ၊' 'ကျမမြင်ရလို့' တုန်တုန်ယင်ယင်နဲ့ ခင်စန်းဝင်းဖြေသည်၊ ဘယ်မှာလဲ ဘာကိုလဲ ကျနော်မေးလိုက်သည်၊ မိန်းမဖြူဖြူဝဝကြီး မဟုတ်ဖူး ဝဝပြဲပြဲမျက်နှာကြီး၊ ပါးစပ်သေးသေး နှာခေါင်းပြားပြား မျက်စိသေးသေးမှိတ်ထားတယ်၊ ပါးဖေါင်းဖေါင်းကြီးတွေက လှုပ်နေတယ်၊ ဘယ်မှာမြင်ရတာလဲ မျက်စိ့ထဲမှာ၊ နင့်ဟာကအိမ်မက်ပါ၊ မောင်စိုး မင်းမိန်းမ ရေတိုက်လိုက်ဦး၊ မောင်စိုးရေသွားခတ်အချိန် ခင်စန်းဝင်း ကျနော်လက်တွေကို ဆုတ်ကိုင်ထားသည်၊ ခင်စန်းဝင်း၏လက်များ အေးစက်နေသည်၊ ခင်စန်းဝင်း ရေကိုတခွက်လုံးသောက်လိုက်သည်၊ သမီးလေးက မေမေကလဲ အိမ်မက်မက်တာကို၊ အဲဒီအချိန် မြဝင်းနိုးလာသည်၊ ဘာဖြစ်တာလဲဟုမေးလာ၍ မောင်စိုးက တော်တော်အားကိုးရမဲ့ကောင်၊ ငါ့မိန်းမအိမ်မက်မက်ပြီး လန့်အော်တာဟေ့၊ ဒီလိုနဲ့ မောင်းစိုးတို့သားအဖသုံးယောက် ကျနော်တို့နှစ်ယောက် အိမ်ရှေ့ဆိုဖါပေါ်ပြန်ရောက်လာကြသည်၊ သမီးလေးပြန်အိပ်ပျော်သွားပြီ၊ မြဝင်းလည်းဒီတစ်ခါ တစ်ယောက်ထဲ ဝင်အိပ်သွားသည်၊ ပြောသွားသေးသည် မြို့လယ်ခေါင်ကြီး ဘယ်သရဲမှ မချောက်ဘူး၊ ကျနော်နှင့် မောင်စိုး ချော့တလှည့် ရှင်းတလှည့်ဖြင့် ခင်စန်းဝင်းကို ပြန်အိပ်စေသည်၊ မနက် ၃ နာရီကျော်သွားပြီဖြစ်သည်၊ မောင်စိုးတို့ကို မီးဖွင့်အိပ်ဘို့မှာရင်း ကျနော်လည်းပြန်အိပ်ဘို့ကြိုးစားတော့သည်။

အိပ်ရင်းနဲ့စဉ်းစားမိသည်မှာ ခင်စန်းဝင်းတစ်ယောက်ညနေက ကျနော်တို့ပြောနေသည်များကို၎င်း သူစိတ်ထဲတွင် သရဲရှိသည်ဟုဆွဲနေ၍၎င်း စိတ်စွဲလန်း၍အိမ်မက်မက်ခြင်းဖြစ်နိုင်သည်၊ ကျနော်လည်းထိုကဲ့သို့အတွေးကြောင်ခဲ့ဘူးသည်၊ တစ်ချိန်က ဝါရှင်တန်ရုံးခွဲသို့အစည်းအဝေး သွားတက်တုန်းက လမ်းခရီးလေယာဉ်ပျံပေါ်တွင် အမေရိကန်စာရေးဆရာ ဒေးဗစ်နွိုင်း၏ ဝထ္ထုတိုများကိုဖတ်သွားမိသည်၊ ထိုဝထ္ထုတိုများထဲတွင် သန့်စင်ခန်းဆိုသည့်ဝထ္ထုတိုလေးကို အမှတ်ရှိစေသည်၊ ထိုဝထ္ထုလေးသည် နယူးယောက်ကိုအခြေခံရေးထားသည်၊ အမေရိကန် လူမဲတစ်ဦးသည် နယူးယောက် ဆင်ခြေဖုံးရပ်ကွက် အခန်းကျဉ်းလေထဲတွင် ရှုပ်ပွစွာဖြစ်သလိုနေထိုင်ရသည်၊ တစ်နေ့တွင်သူအလုပ်သစ်ပြောင်းရာ အလုပ်သစ်က သန့်စင်ခန်းနှင့်အိမ်သာသည် အလွန်သန့်ရှင်း၍ ပြောင်လက်ကာ သူအတွက်နေချင်စဖွယ်ဖြစ်နေသည်၊ အလုပ်အားသောအချိန်များတွင် ထိုအခန်းထဲတွင် သွားသွား နေလေ့ရှိသည်၊ တစ်ခါတစ်လေ အိမ်သို့ နောက်ကျမှပြန်ကာ ထိုသန့်စင်ခန်းတွင် နေနေလေ့ရှိလာသည်၊ သူအိမ်ထက်ကောင်းမွန်သော ဤသန့်စင်ခန်းကို စွဲလန်းနေပြီဖြစ်သည်။ တစ်နေ့တော့ ထိုပုဂ္ဂိုလ် ရုတ်တရက်သေဆုံးသွားကာ ထိုသန့်စင်ခန်းတွင် မကျွတ်မလွတ်ဖြစ်နေသည်၊ မသေသေးသော လူသားများနဲ့ သူအံ့ဝင်ခွင်ကျ မဖြစ်တော့သည်ပုံ နောက်ဆုံးတော့ အဲဒီ့ အခန်းထဲက သူလွတ်အောင်ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးထားသည်။

ဝါရှင်တန်ရုံးခွဲသို့ရောက်သောအခါ ထိုရုံးမှသန့်စင်ခန်းသည်လည်း တော်တော်သားနားသည် အိမ်သာကို ကျားမခွဲထားသော်လည်း သန့်စင်ခန်းက ကျားမ တူတူအသုံးပြုကြသည် အမျိုးသမီများသည် ထိုအခန်းတွင် မိတ်ကပ်နူတ်ခမ်းနီလိမ်း သူတို့၏ အဖုအရွအတုများကို နေသားကြအောင် ပြုပြင်ရာ နေရာဖြစ်သည်၊ ယောက်ျားများအတွက် ခေါင်းဖီး စာအုပ်ထိုင်ဖတ်လေ့ရှိသည်၊ ထိုလူများထဲတွင် မကျွတ်မလွတ်သူများ နာနာဘာဝများ ပါလေမလားဆိုပြီး ကျနော်ရှာကြည့်သည်၊ လူများ၏ ခပ်ကြောင်ကြောင်အကြည့်များကိုသာ ပြန်ရသည်၊ ကိုယ်တစ်ယောက်ထဲ ရှိနေတုန်းတစ်ယောက်ယောက် ဝင်လာလျှင် ကြက်သီးတောင်ထသွားသည် နာနာဘာဝများလား ဘာရယ်မဟုတ်ဝထ္ထုဖတ်ပြီး စွဲမိခြင်းဖြစ်သည်၊ ခင်စန်းဝင်းတစ်ယောက်လည်း ထိုသို့စွဲနေနိုင်သည် စဉ်းစားရင်းအိပ်ပျော်သွားသည်။

မနက် ၇ နာရီလောက်မှာနိုးသည်၊ မောင်စိုး၊ မြဝင်းနှင့် ကျနော်တို့သုံးယောက် အာလ်ဂျုးနီး ဈေးထဲတွင် ကော်ဖီသောက် ပလာတာဆင်းစားဖြစ်သည်၊ ပတ်ဝန်းကျင်ကို နည်းနည်းစပ်စုကြည့်ရာ တထပ်ထဲနေ တရုတ်အဘိုးကြီးတစ်ယောက်နဲ့ စကားပြောဖြစ်သည်၊ မောင်းစိုးတို့မဝယ်ခင် တရုတ်မိသားစု ၅ယောက်နေကြောင်း မိသားစုမှာ ခဏခဏ စကားများကြကြောင်း၊ ဒီအိမ်သူတို့နဲ့မကိုက်၍ နှစ်ပြည့်တာနဲ့ ရောင်းချင်ကြောင်းဆိုသည်၊ မူလအိမ်ရှင်များမှာ တမီးလ်ကုလားမိသားစုဖြစ်ပြီး အနည်းဆုံးလူဆယ်ယောက်လောက်နေကြောင်းပြောပြသည်၊ တမီးလ်အဖွားကြီးတစ်ယောက် ထိုတိုက်ခန်းတွင်ဆုံးခဲ့ကြောင်း ထပ်ပြောပြသည်၊ ဘာဖြစ်လို့လဲလို့ ကျနော်တို့ကိုပြန်မေးသည်၊ ဘာမှမဟုတ်ပါဘူးမေးကြည့်တာပါ၊ စက္ကူလေးဘာလေးမီးရှို့ပေါ့လို့မောင်စိုးကို အဖိုးကြီးကတိုက်တွန်းသည်၊ ဘာမှမဖြစ်ပါဘူး မလိုပါဘူးဟု ကျနော်တို့ပြန်ဖြေလိုက်သည်။
မြဝင်းက တစ်ခါကဝိဇ္ဇာလိုင်းလိုက်သော ဆရာတော်တစ်ပါး စင်္ကာပူလာတုန်းက ဘွန်လေးကအိမ်တစ်အိမ်နှင့် ဒီဆင်းမ်းဒရိုက်က အိမ်တွေမှာတည်းသည်၊ ဆရာတော်က စင်္ကာပူတွင် မကျွတ်မလွတ်တဲ့သူတွေများသည်ဆို၏၊ အာလ်ဂျုးနီးပတ်ဝန်းကျင် ရထားလမ်းအောက်တွင် နေထိုင်နေသော ထိုပုဂ္ဂိုလ်များ အများအပြားပင်ဟုဆိုသည်၊ ဒါကြောင့် မလေးတွေခေါစာပစ်ရင် ကလန်းဘက်လာပစ်ကြသည်ဟုသူထင်သည်ဆို၏၊ မြဝင်းကဆက်၍ တစ်ခါက မြန်မာကောင်မလေးတစ်ယောက် ညပိုင်းမှအလုပ်ပြန်ရသည် နောက်ဆုံးရထားအမြဲစီးလေ့ရှိသည်၊ သူနေသည်အိမ်က အာလ်ဂျုးနီးအကျော် ပါရာလေဘာဘက်မှာ၊ အာလ်ဂျုးနီးဘူတာကလမ်းလျှောက်ပြန်ရသည်၊ တစ်နေ့သူအပြန် သူနောက်က အဖေါ်အမျိုးသမီးတစ်ဦးပါလာ၍ အေးအေးဆေးဆေးပင် လမ်းတဝက်ရောက်သောအခါ အသံတိတ်သွားသဖြင့် လှည့်ကြည့်မိရာ ဘယ်သူမှမရှိလူသူကင်းလျှက်ရှိသည်၊ ဒီလမ်းကလေးကား တဖြောင့်တည်း ဘေးသို့ထွက်သွားနိုင်သော အခြေအနေမရှိ၊ ကြက်သီးတွေထ အေးစက်စက်ဖြစ်လာ၍ အပြေးပင် နေသည့်အိမ်အောက်ကိုရောက်သွားတော့သည်၊ ဓါတ်လှေခါး တစ်ယောက်ထဲမစီးရဲတော့သဖြင့် အတူနေအခန်းဖေါ်ကိုအောက်သို့ ခေါ်ကာအကူအညီတောင်းရသည်။ ကျနော်က မောင်စိုးကို မင်းမိန်းမမက်တာက ဖြူဖြူဝဝပြဲပြဲ သေသွားတာကမဲမဲ သေပြီးမှ အရောင်ပြောင်းရင်တော့မသိ၊ မြဝင်းပေါက်ကရပြောတတ်တယ် နားမယောင်နဲ့လို့ သတိပေးလိုက်ရသည်။

မြဝင်း၏ကြောက်တတ်သူကို ဖြဲချောက်သည်များကိုနားထောင်ပြီး၊ ကျနော်တို့ တိုက်ခန်းပေါ်ပြန်တက်ခဲ့ပြီး အိမ်ကို ပတ်ကြည့်ကြသည်၊ ရီနိုဗေးရှင်းလုပ်တုန်းက မင်းတို့မလုပ်ပဲ ချန်ထားတာ ဘာရှိသလဲလို့မေးလိုက်မိသည်၊ အကုန်လုံးပြင်တယ် မီးဖိုကိုတော့ မပြင်ပဲ အပြင်က ဖေါ်မိုက်ကာ ကိုပဲချိန်းလိုက်သည်ဆို၏၊ ခင်စန်းဝင်းက ဒီတစ်ညလာအိပ်ပြီးကြည့်ပေးရန် ထပ်ပြောသဖြင့် ကျနော်ရော မြဝင်းပါ သူငယ်ချင်းတွေ အလိုကျတစ်ညထပ်အိပ်ကြည့်မည်ဟု သဘောတူလိုက်သည်၊ ဒီညတော့ ရှစ်နာရီလောက်မှာ မင်းဆီငါတို့လာမယ်လို့ မောင်စိုးကိုပြောပြီး ကျနော်တို့မြို့ထဲသို့ထွက်လာခဲ့သည်။
ည ရှစ်နာရီလောက်ကျနော်တို့ ပြန်ရောက်လာသည်၊ ခင်စန်းဝင်းက လက်ဖက်သုပ် ရေနွေးကြမ်းလုပ်ထားပေးသည်၊ ကိုးနာရီကျော်တော့ ခင်စန်းဝင်းနဲ့ ကလေးဝင်အိပ်ကြသည်၊ ကျနော်တို့သုံးယောက်တော့ တီဗွီကြည့်ကာ ပေါက်ကရထိုင်ပြောနေကြဆဲဖြစ်သည်၊ ကျနော်က မြဝင်းမိန်းမသည် Facebook နှင့် blog addict ဖြစ်နေသည် တစ်ချိန်လုံး ဖဘထဲ ဘလော့ဂ်ထဲမှာ မြုပ်နေသည်၊ ကိုယ်ယောက်ျားတောင် စိတ်ဝင်းစားရဲ့လားမသိဘူး၊ ရုတ်တရက်သေသွားရင် ဖဘ သရဲ ဘလော့ဂ်သရဲ ဖြစ်နေဦးမည်ဟုထည့်လိုက်သည်၊ ဟေ့ကောင်မင်းပေါက်ကရ မပြောနဲ့ နိမိတ်မရှိနမာမရှိ မင်းကွာ မြဝင်းဒေါသတွေထွက်နေသည်၊ ကျနော်ကမယုံရင် ခု မင်းမိန်းမဆီ ဖုန်းဆက်ကြည့် ဖဘနှင့် ဘလော့ဂ်ထဲမှာ။

မြဝင်းကလဲကွာ ဒီကောင်က စွဲလန်းတာကို ဥပမာပေးတာပါ၊ မောင်စိုးက ဝင်ပြောပြီး ဆက်ပြောပြန်သည် လူဆိုတာ သေတတ်ဘို့အရေးကြီးတယ် စွဲလန်းလွန်းရင် မကောင်းဘူ၊ ဘလော့ဂင်းကိုစွဲလန်းပြီးသေသွားပါပြီတဲ့၊ အဲဒီ့အစွဲကြောင့် ဘလော့ဂ်သရဲ ဖြစ်ရော သေလို့သေမှန်းမသိပဲ၊ ရောက်လာပါသည် ဖတ်လို့ကောင်းပါတယ်လို့ လိုက်မန့်ရင်မန့်နေမယ်၊ C Box ထဲဝင်ပြီး ဘယ်သူမှ မရှိကြဘူးလား ဘယ်နှစ်ယောက်မြောက် အစစ်လားအတုလား လုပ်ရင်လုပ်နေမယ်၊ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး၊ မောင်စိုးပြောတာရပ်လိုက်တော့ မြဝင်းတစ်ယောက် စိတ်နည်းနည်းပြေသွားပြီဖြစ်သည်၊ ကျနော်ကဆက်ပြီး ဘလော့ဂ်သရဲမှန်းမသိပဲ အိမ်လာလည်ပါ၊ ဘာချက်ကျွေးမယ် ဘာလုပ်ပေးမယ်လုပ်မိလို့ ဟိုကရောက်လာရင် တစ်စုံတစ်ရာက အနားမှာ ရှိနေသလိုခံစားနေရဦးမယ် ကြက်သီးတွေထလို့၊ မောင်စိုးက မင်းငါ့ဘက်လှည့်လာပြီ၊ အိပ်ကြရအောင်ကွာ ၁၂ နာရီကျော်ပြီ၊ ကျနော်တို့လည်းဝင်အိပ်လိုက်ကြသည်။

အသက်ရှုပြင်းပြင်းသံ တစ်ခုကြောင့် ကျနော်လန့်နိုးလာသည်၊ ကျနော်တွေ့လိုက်ရသည်မှာ လက်ဖဝါးနှစ်စုံ ကျနော့်ပေါ်မှာ၊ ပိုလန့်သွားသည် သေချာကြည့်လိုက်တော့ မြဝင်း၏လက်နှစ်စုံ ဒီကောင်သူ့မိန်းမကိုပြောလို့ လုပ်ကြံတာလား၊ ဟေ့ကောင် လို့ပြောပြီး သူ့လက်တွေကိုတွန်းဖယ်လိုက်သည်၊ မြဝင်းက ‘ဟေ့ကောင်တိုးတိုး မင်းကိုနိုးမလို့လုပ်နေတာ’ ‘ဘာကြောင့်လဲ’ ‘ခြေသံကြားလို့ သေချာအောင်ထပ်စောင့်နေတာ ထပ်ကြားတာနဲ့ မင်းကိုနိုးရအောင် လက်ကို standby ထားထားတာ၊’ ကျနော်တို့နှစ်ယောက် ငြိမ်ပြီး အသံကိုနားစွင့်နေကြသည်၊ ခဏကြာ မြဝင်းက ဟေ့ကောင်းကြားလား၊ ကြားပြီ၊ ခြေသံ ခပ်ပြင်းပြင်းခြေသံ၊ သေချာနားစိုက်ထောင်လိုက်သည် ငါတို့ကြမ်းကလာတာ မဟုတ်ဘူး၊ အပေါ်ထပ်ကဖြစ်နိုင်တယ် ကျနော်ပြောလိုက်ရာ၊ မြဝင်းကြမ်းကိုနားနဲ့ကပ်နားထောင်လိုက်သည် နောက်ပြီးဟုတ်တယ်လို့ ဆိုလိုက်သည်၊ ခြေသံကတော့ပျောက်သွားပြီဖြစ်သည်၊ ကျနော်က အပေါ်ထပ်ကဖြစ်ဘို့များတယ် မှတ်ချက်ပေးလိုက်သည်၊ ကျနော်တို့နှစ်ယောက် အခန်းပြင်ဘက်ထွက်ကာ မီးမဖွင့်ပဲ အိမ်ကိုတစ်ပတ်ပတ်လိုက်ကြသည်၊ ဘာထူးခြားမှုမှမရှိ၊ အခန်းထဲပြန်ဝင်က ခြေသံကိုစောင့်ဆိုင်းရင် အိပ်ပျော်သွားကြတော့သည်။

မနက်ရှစ်နာရီမှာနိုးသည် မြဝင်းကိုပါနိုးလိုက်သည်၊ မောင်စိုးလဲအိပ်တုန်း ခင်းစန်းဝင်းနဲ့ သမီးလေးကနိုးနေကြပြီး ဘုရားရှိခိုးနေကြသည်၊ ခဏနေကြာသမီးလေးရဲ့ မေတ္တာပို့သံကြားရသည် လုံးဝပါဠိလိုဆိုသည် သမီးလေးသည် တနင်္ဂနွေနေ့များတွင် ဘုန်းကြီးကျောင်းတွင် ဘုရားစာ မြန်မာစာ သင်နေသည်၊ မဟာစည်ဆရာတော် ဘုရားကြီး၏ မေတ္တာပို့ကို အသံနေအသံထားနဲ့ ရွတ်ဆိုနေသည်မှာ နားထောင်လို့တော်တော်ကောင်း၏၊ ကျနော်သည်တော်တော်ညံ့သည် ထို မေတ္တာပို့ကို ထိုင်ဝမ်၊ မလေးရှားနှင့် အိန္ဒိယမှာ ကြားခဲ့စဉ်က တီးလုံးလေးနဲ့ တော်တော်နားထောင်ကောင်း အဓိပ္ပါယ်ရှိလိုက်တာဟု မှတ်ချက်ချမိသည် နောက်မှ ကိုယ့်မြန်မာပြည်ကလာမှန်းသိရသည်၊ ဟောင်ကောင်မှာ ဖေ့ဝေါင်းရွတ်ဆိုတာကို သွားနားထောင်စဉ် စာတမ်းထိုးမှာ သြော် မဟာစည်ဆရာတော် ဘုရားကြီး၏ မေတ္တာ ပို့မှန်း သိရသည်၊ အင်္ဂလိပ်ဘာသာပြန်သူက ဦးစပ်ထွန်းမှတ်ဝင်းဖြစ်သည်။

မောင်စိုးနိုးလာတော့ နံနက်စာ ထမင်းကြော် ကော်ဖီ စားသောက်ရင်း ရှေ့လုပ်ရမည်များကို တိုင်ပင်ကြသည်၊ ဟိုနေ့ညနှင့် မနေ့ညက ကျနော်တို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်များကို သူတို့ကိုပြန်မပြောတော့၊ မီးဖိုကို ဖျက်ပစ်ပြီး အသစ်ပြန်လုပ်ရန်၊ တစ်ပတ်အတွင်း အပြီးအစီးလုပ်ရန်၊ ဘုန်းကြီးပြန်ပင့်ပြီး ရွတ်ဖတ်သရဇ္ဈယ်ရန်တို့ဖြစ်သည်၊ ကျနော်က ဘုန်းကြီးပင့်တာဝန်ယူလိုက်သည်၊ စင်္ကာပူတွင် ကျနော်သိသော တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းမှပင်ပင့်ရမည်ဖြစ်သည်၊ ဘုန်းကြီးအနည်းဆုံးသုံးပါးရအောင်တော့ ဘုန်းကြီးထံအပူကပ်ရပေတော့မည်။ လာမည့် စနေနေ့တွင် လုပ်ကြရန်ဆုံးဖြတ်ချက်ချလိုက်ကြတော့သည်။

ဘုန်းကြီးသွားပင့်ရင်း ဘုန်းကြီးကျောင်းတွင် စိတ်ဝင်စားဖွယ် ခေါင်းလောင်းလေးတွေ့ရသည် တိဘက်ခေါင်းလောင်းလေးဖြစ်ပြီး အမျှဝေရန်တွင်အသုံးဝင်မည်ဖြစ်သည် ကြေးစည်အစားသုံးနိုင်သည်၊ ဘုန်းကြီးဆီက တစ်ခါထဲထိုနေ့အတွက်ငှါးခဲ့သည်၊ ဆရာတော်ကတီးနည်းပါ သင်ပေးလိုက်သည်၊ အမျှဝေသည်ကိုသိဘို့ လိုသည်မဟုတ်လား၊ မီးဖိုအသစ် လေးရက်ထဲနဲ့ပြီးသွားသည်၊ ဒီလိုနဲ့ စနေနေ့သို့ရောက်လာသည်။

ဆရာတော်နှင့် ဘုန်းကြီးသုံးပါးကြွလာသည်၊ သီရိလင်္ကာကဆရာတော်တစ်ပါး၊ မလေးရှား အီပိုးက ဆရာတော်တစ်ပါးဖြစ်သည်၊ ဤသို့ဖြင့် ဒီတိုက်ခန်းကို ဆရာတော်သုံးပါး ရွတ်ဖတ်ပူဇော်လိုက်ကြသည်၊ အမျှအတန်းဝေသောအခါ ကျနော်က တိဘက်ခေါင်းလောင်းနှင့်လက်စွမ်းပြတော့သည်၊ ကလေးများအကြိုက်ဖြစ်နေသည်၊ ကလေးတွေကိုစည်းရုံးကာ တစ်ခန်းဝင်တစ်ခန်းထွက် စင်းဂလိပ်လို့ အမျှဝေ ကြေညာချက်ထုတ်ရပါသည်၊

"We share with you our Dana good things and donation.
You don't belong here anymore. Be free."
တူ ဝူ ဝူ ခေါင်းလောင်းသံပေးလိုက်သည်၊

ဒီလိုနဲ့ ဘုန်းကြီးတွေပြန်ကြွသွားသည်၊ တစ်အိမ်လုံးလဲ လူရင်းတွေသာကျန်ရစ်ခဲ့သည်၊ ခင်စန်းဝင်းနဲ့မောင်စိုးကတော့ သိမ်းဆည်းရေးတွေ လုပ်၍ အလုပ်များနေလေသည်၊ ကျနော်လည်း ပင်ပန်း၍ ထမင်းစားခန်းတွင်ထိုင်ကာ lemon tea တစ်ခွက်သောက်နေမိသည်၊ ထိုအချိန်တွင် အိမ်ရှေ့ကသမီးလေး ချောစု၏ မေတ္တာပို့သံကြားရသည်၊ သမီးလေးသည် သူနေ့စဉ်လုပ်ရမည့် အလုပ်ကို မပျက်မကွက်လုပ်နေခြင်းဖြစ်နိုင်သည်။

“ဆဗ္ဓေဒေဝါ ဆဗ္ဗေမနုဆာ ဆဗ္ဗေဝိနိပါတိကာ
အဝေရာ ဟောန္တု ၊ အဗျာပစ္စာ ဟောန္တု ၊ အနိဃာ ဟောန္တု၊ ဆုခိ အတ္တာနံ ပရိဟရ န္တု ”

မောင်စိုးတို့ ခင်စန်းဝင်းတို့ထံမှ ဘာမျှမကြားရတော့ပါ၊ အခန်းနှစ်ခန်းကို မိန်းကလေး ငါးယောက်အားငှါးပြီး အဆင်ပြေနေကြသည်ဆို၏၊
မြဝင်း ဇနီးသည် သည်လည်း ဖဘနှင့် ဘလော့ဂ်ထဲမှာ ရှိနေမြဲဖြစ်သည်။


မေတ္တာဖြင့် ငြိမ်းချမ်းကြပါစေ။

ပြီးပါပြီ။

တိဘက်ခေါင်းလောင်း