Saturday, September 25, 2010

မျက်ဝန်းလဲဲ့ပြာရီ (၃)

Penn station ရှေ့မှာ bus ကား ကိုစောင့်စီးကြသည်၊ Tripper bus သည်အချိန်မှန်သည်၊ ရှစ်နာရီ တိတိမှာပင် နယူးယောက်ကထွက်ခွာခဲ့သည်၊ Bus ကားမောင်းသူသည် အာဖရိကန် အမျိုးသမီးဖြစ်သည်၊ အားလုံးကိုနူတ်ဆက်ပြီး၊ My name is Katherine. Please call me Katherine, don’t call me Driver. I have the name given by my mother. OK everybody. မိတ်ဆက်ပုံက တစ်မျိုးကြီးပါလားလို့ ကိုယ်ဟာကိုယ်တွေးပြီးပြုံးမိသည်၊ Bus ကား သည် 95 အဝေးပြေးလမ်းမကြီးအတိုင်း ဝါရှင်တန်သို့ ဦးတည်မောင်းနှင်နေလေသည်။

မျက်ဝန်းလဲဲ့ပြာရီသည် ခေါင်းကို ကျနော်ပေါ်မှီထားရင်း၊ မောင် ဘာတွေစဉ်းစားနေတာလဲ မေးလာသည်၊
ကျနော်က ကားမောင်းသူ အမျိုးသမီး မိတ်ဆက်ပုံကိုမေးတော့၊
ဒီမှာက အများအားဖြင်. ဒီလိုပဲလေမောင်၊
မောင်ရေ၊ မောင်ကိုပြောစရာတွေရှိတယ်၊
မောင်နားမထောင်ချင်ပေမဲ့လည်း ကျေးဇူးပြု၍ နားထောင်ပေးပါနော်၊ ကျမနှလုံးသားကလာတဲ့ စကားတွေပါ၊ မောင်ကိုရင်ဖွင့်လိုက်ချင်တာလို့ အကြိမ်ကြိမ် ရေရွတ်ခဲ့ဘူးပါတယ်၊
မောင်သိတယ်နော် ကျမ အမေရိကားကို ဘာကြောင့်ရောက်လာခဲ့သလဲဆိုတာ၊
အိမ်ထောင်ပြုပြီးရောက်လာခဲ့တယ်၊ ဟင်း ဟင်း၊ လင်ယူပြီးလာခဲ့တာလို့ ပြောလည်းရပါတယ်၊
အဓိက က ကျမမိဘတွေကြောင့်၊ ဆင်စီးပြီး မြင်းရံတာ ဖြစ်ချင်တယ်၊ မောင်သိခဲ့တယ်မဟုတ်လား၊
အမှန်ကိုဝန်ခံရရင် ကျမကိုယ်တိုင်လည်း အမေရိကန် အိမ်မက်ကို မက်ခဲ့ပါတယ်၊
ဒီအတွက်လည်း ကျမဘဝရဲ့ အမှားကြီးဖြစ်ခဲ့ရတာပေါ့၊
ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ထားပြီး၊ တစ်ခါမှကိုယ်မသိတဲ့သူတစ်ယောက်နဲ့ အတူနေဘို့ ကျမလိုက်နာခဲ့တာတွေ၊ အဖေအမေတို့ရဲ့ သဘောကိုမလွန်ဆန်ရဲလို့ ဆိုတာတစ်ခုထဲနဲ့ ကံကိုပုံလိုက်မိလိုက်တာ ကျမရဲ့အပြစ်တွေပါပဲ၊
သေချာပြန်စဉ်းစားကြည့်လိုက်ရင် ချည်ပြီးတုတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားတွေထဲက မိန်းကလေးတစ်ယောက် အတွက် လွတ်ထွက်ဘို့ဟာ မလွယ်ကူဘူးလေ၊
ဗီဇာကိစ္စတွေ၊ နေထိုင်ခွင့်ကိစ္စတွေ၊ ကျမဘာမှ သိစရာမလိုဘူးလေ၊ လာလိုက်ခဲ့ ဒီမှာနေ ဒီလိုလုပ်တွေနဲ့၊ အဲဒီအချိန်တုန်းက ကျမဟာတကယ် စက်ရုပ်တစ်ရုပ်ပါမောင်၊ နောက်နေ့ဘာဖြစ်လာမလဲဆိုတာကို အမြဲစဉ်စားနေတဲ့ သက်မဲ့တစ်ဝက် လူသားတစ်ဦးပါမောင်၊
လက်မထပ်ခင် မိသားစုတွေ့ဆုံပွဲမှာ ကျမကို သူပိုင်ပစ္စည်းဥစ္စာ တစ်ခုအနေနဲ့ကြည့်နေတဲ့ ကျမယောက်ျား ဖြစ်လာမဲ့သူကို တွေ့လိုက်ရတဲ့အချိန်မှာ တစ်ခုခုတော့ မှားသွားပြီဆိုတာ ကျမရဲ့ မသိစိတ်က သိလိုက်တယ်မောင်၊
အဲဒီညမှာ ကျမတစ်ခုခုလုပ်ဘို့ စဉ်းစားသေးတယ်၊ ဘာလုပ်ရင်ကောင်းမလည်း ထွက်ပြေးမလား၊ လူဆိုတာ စိတ်ညစ်လေထွက်ပေါက်မရလေဆိုတာ ကျမလက်ခံခဲ့တယ်၊ ဘာမှလုပ်လို့မရပါဘူး ကျမအနောက်မှာ အရိပ်ရှိနေတယ်၊ ဆန်ဖရန်စစ္စကိုရဲ့ အကျဉ်းတန်လွန်းတဲ့ညတွေပေါ့၊
အဆိုးဆုံးကတော့ မောင်လို့စိတ်ထဲမှာပေါ်လာလိုက်တိုင်း၊ မောင်ဆိုတာကို စိတ်ထဲကအတင်းဖျောက်ပစ်ရတာကိုပဲ၊
မောင်မှတ်မိသေးလား၊ ဗိုလ်ချူပ်စျေးက မောင်ကျမကို အနွေးထည် တထည်ဝယ်ပေးဘူးတယ်၊
ယောက်ျားဝတ်ဂျာကင် တထည်ဖြစ်ပေမဲ့၊ ကျမရဲ့ အမြတ်နိူးဆုံးနှင့် အရေးပါဆုံးပစ္စည်းတစ်ခုဖြစ်ခဲ့တယ်၊
အဲဒီအနွေးထည်ကိုဝတ်လိုက်ရင် ကျမအနားမောင်ရှိနေတယ်၊ မောင့်ရင်ခွင်ထဲရောက်နေသလို ခံစားသွားရတယ်၊
ဆန်ဖရန်စစ္စကိုဟာ ကျမကိုခါးသီးစေခဲ့တယ်၊
ကျမတို့စီစဉ်ထားတဲ့အတိုင်း လက်ထပ်ဖြစ်ခဲ့ပါတယ်၊
ရှင်သန်နေရမယ်၊ မချစ်တဲ့သူတစ်ယောက်နဲ့ လက်ထပ်လိုက်တိုင်း ဘဝဆိုတာမပျက်သွားစေရဘူး ဆိုတဲ့စိတ်တွေကို မွေးယူခဲ့တယ်၊
ဒါပေမဲ့မောင်ရယ် ကျမအဲဒီနေ့ကစပြီးရှင်ရက်နဲ့သေခဲ့ရတာပါ။

လက်ထပ်ပြီးအမေက ကျမနဲ့တစ်လလိုက်နေပေးတယ်၊ အမေမြန်မာပြည်ပြန်တော့ လိုက်ပို့ရင်း၊ ကျမအမေကို မေးခဲ့တယ်၊ အမေ ကျေနပ်ရဲ့လားလို့၊ ကျေနပ်တာပေါ့ သမီးရယ်၊ ခုအမေတို့ သမီးအတွက်စိတ်ချမ်းသာရပြီ၊ ခုလိုသမီး အမေရိကားမှာ အခြေချကြီးပွားသွားတာ၊
သြော် အမေရယ်၊ အမေရိကားက လူတစ်ယောက်ကို လက်ထပ်လိုက်တာနဲ့ ကြီးပွားသွားတာလား၊
အမေက ကျမပြုံးလိုက်တဲ့ အပြုံးကိုကြည့်ပြီး၊ သမီးအဆင်ပြေအောင်နေတဲ့၊
ကျမချက်ချင်းပြန်ဖြေလိုက်ပါတယ်၊ စိတ်ချအမေ ကျမအမေရိကားမှာ အဆင်ပြေအောင်နေမယ်၊ အမေသာနောက် ပျော်အောင်နေပေါ့၊ ဒီလိုနဲ့ကျမတို့ လမ်းခွဲလိုက်တယ်၊
အဲဒါ ကျမ အမေကို နောက်ဆုံးတွေ့ဆုံခြင်းပါပဲ၊ ဒီနေ့အထိပေါ့။

မောင်ကို ကျမယောက်ျား ဆိုတဲ့သူအကြောင်းပြောပြရဦးမယ်၊ နားထောင်ပေးနော်၊
နာမည်က လင်းအန်တိတ် တဲ့၊ ကျမထက်ခုနှစ်နှစ်ကြီးတယ်၊ အမေရိကရောက်မှ လင်းအန်တိတ်ဖြစ်သွားတာ၊ မြန်မာပြည်မှာတုန်းက ဦးကျော်ကျော်အောင်၊ (Burma Born Chinese)တဲ့ Burmeseတို့ Myanmarတို့လာမပြောနဲ့၊ မြန်မာပြည်မှာတုန်းက ဆိုတဲ့စကားကို နည်းနည်းလေးမှကိုမဟ၊ နေရာမှားပြီးမွေးခဲ့တာဆိုပဲ၊ ယောက္ခမတွေက မြန်မာလို့ပြောတာများပါတယ်၊ ဒါပေမဲ့ အကောင်းဘက်မတွေးလိုက်နဲ့ မှားယွင်းနေတဲ့ အသိုင်းအဝိုင်းတစ်ခုကို ကျမလွဲမှားစွာ ရောက်ရှိခဲ့တာပါ၊ လင်းတွေထဲကိုရောက်ရှိသွားတော့ ကျမက Mrs. Lim ပေါ့၊ ကျမယောက်ျားက သားငယ်၊ အောက်မှာ ညီမတစ်ယောက်ရှိတယ်၊ အစ်ကိုအကြီးဆုံးက မိဘနှင့်အတူတူ အိမ်စီးပွားရေးလက်တွဲလုပ်တယ်၊ အိမ်စီးပွားရေးဆိုတာကလည်း ကြီးကြီးမားမားမဟုတ်၊ အစ်ကိုလုပ်နေတော့၊ ညီဝင်လုပ်စရာမလိုဘူး၊ ဒါကြောင့် ကျမယောက်ျားက တခြားမှာသွားလုပ်တယ်၊ Store Manager တဲ့ တကယ်တော့ Store စာရေးအလုပ်သမားပေါ့ အကုန်လုံးသူပဲလုပ်ရတာ၊ လုပ်တာလည်း ဆွေမျိုးမကင်းတဲ့ တရုတ်ကုမ္ပဏီမှာပါပဲ၊ သူတို့ပိုင်တဲ့အိမ်ကြီးကတော့ Pacific heights နားမှာဆိုတော့ လက်ရှိသန်းပေါင်းများစွာတန်တယ်ဆိုပဲ၊ မြို့ထဲမှာလည်း ဆိုင်လိုလိုရုံးလိုလို ရှိသေးတယ်၊
တစ်အိမ်ထဲမှာတူတူနေကြပေမဲ့၊ စားတာနဲ့ ငွေရေးကြေးရေးကို ခွဲထားတယ်၊ အမေရိကန် တရုတ်ထုံးစံလားတော့ ကျမ မသိ၊ ချွေးမအကြီးက သူ့တို့ကလေးနှစ်ယောက်ကိစ္စတွေနဲ့ လုံးပန်းနေတော့၊ ကျမကအိမ်တာဝန်ကိုယူ၊ အဖိုးကြီး၊ အဖွားကြီး ဝေယျာဝစ္စတွေလုပ်ပေးရတာနဲ့ပဲ အချိန်ကုန်၊ ညဘက်ရောက်ရင်တော့ ကျမအတွက်လောကငရဲပါပဲ၊
သူစိမ်းတစ်ယောက်ရဲ့ အတွေ့အထိတွေ၊ ကိုယ်နံ့၊ သွားကြိတ်သံ၊ ဟောက်သံ၊ အာပုတ်ရည်တွေကကျသေး၊ ဝက်တစ်ကောင်နဲ့ အိပ်စက်နေရသလိုပါပဲ။
ကျမအလုပ်လုပ်ချင်တယ်လို့ သူကိုပြောပါတယ်၊
မင်းကဆရာဝန်မ လုပ်ခဲ့တာ၊ မင်းဘာလုပ်တတ်သလဲ
သူနာပြုတောင် မင်းမခန့်ဘူး၊
မင်းရဲ့မြန်မာပြည်က ဆမ တွေ ဆရာဝန်ဘွဲ့တွေ၊ တံတားပေါ်ကသွားလွင့်ပစ်လိုက်၊ “ဒါအမေရိကားကွ၊”
ဒီစကားတွေဟာကျမအသည်းနှလုံးကို တိုက်ရိုက်နာကျင်သွားစေတဲ့ စကားတွေဖြစ်တယ်၊ ကျမကို စိန်ခေါ်လိုက်တာနဲ့လည်းတူတယ်၊ဆရာဝန်ကို ဖြစ်ချင်လွန်းလို့ ဖြစ်အောင်လုပ်ခဲ့တာ၊ သူများတွေလို့ အမှတ်များတိုင်း ဆရာဝန်ဖြစ်ခဲ့တာ မဟုတ်ဘူး၊ အဲဒီအချိန်မှာ ကျမစိတ်ကို မောင်ကို သတိရခွင့် အပြည့်ပေးလိုက်တယ်၊ မောင်အနားမှာရှိနေတဲ့ သဘောနဲ့ ဂျာကင်အင်္ကျီလေးကိုဝတ်ဖြစ်တယ်၊ “ဒါအမေရိကား” ဆိုတာကို ကျမ စလေ့လာဖြစ်ခဲ့တယ်။

ကျမအပြင်ကို ထွက်လေ့ရှိလာတယ်၊ ကိုယ်အိမ်မှာ နေပျော်နေရင်တော့ ဘယ်သူကအပြင်ထွက်ပြီးနေပါမလဲ၊ ဆန်ဖရန်စစ္စကိုတင်မကဘူး၊ အုတ်ကလန်း၊ ဆန်တာကလျှာ ၊ ဆန်အိုဆေးထိ ရထားနှင့်ခြေဆန့်ခဲ့တယ်၊ ဘာရယ်မှ မဟုတ်ဘူး Pier 39 ၊ Fort point ၊ Golden gate garden ဆိုတာတွေအပြင်၊ အုတ်ကလန်းတံတားဘေးက ဘားမားလမ်း Burma road ဆိုတာကိုသွားကြည့်လိုက်သေးတယ်၊
စာအုပ်တွေကိုလည်း ဖတ်ဖြစ်တယ်၊ Richmond စာကြည့်တိုက် ကတော့ ကျမအတွက်နောက်ဆုံး စတည်းချတဲ့နေရာဖြစ်လာတယ်၊ စာကြည့်တိုက်မှာ ခင်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆက်စပ်ပြီး အမျိုးသမီးရေးရာအဖွဲ့အစည်းတစ်ခုဆီ ရောက်သွားတယ်၊ ဘာသာရေးအဖွဲ့အစည်းဖြစ်ပေမဲ့ လူသားအားလုံးအတွက်ဖြစ်တယ်ဆိုတဲ့ မူဝါဒကို ကိုင်ဆွဲထားတဲ့အတွက် ကျမအတွက်အဆင်ပြေခဲ့တယ်၊ “ဒါအမေရိကား” ဆိုတာကိုအောက်ခြေကစပြီး လေ့လာဖြစ်တယ်၊ ကလေးတွေသင်နေတဲ့ လူမှုရေးသိပ္ပံ၊ အမေရိကန်သမိုင်း တို့ကစတာပေါ့၊ အဲဒီကနေ ရှေ့နေတွေနဲ့သိလာတယ်၊ Wifle အဖွဲ့ဝင်တွေနဲ့သိလာတယ်၊
ဘယ်လောက်ထိ ကျမလေ့လာမိသလဲဆို၊ Violence Against Women and children, Section 1201. တွေနဲ့ T and U visas အခြေအနေတွေကိုရောပေါ့၊ ကျမ အမေရိကန်တစ်ယောက်ဖြစ်အောင် အမေရိကန်တွေအတိုင်း လုပ်ကိုင်နေထိုင်ဘို့ ဆုံးဖြတ်ခဲ့တယ်။

အဆင်ပြေနေသလို နေနေတဲ့ကြားထဲကပဲ၊ ကျမအလုပ်လုပ်ချင်တဲ့ ကိစ္စတွေ၊ အပြင်ထွက်တဲ့ ကိစ္စတွေနဲ့ အသေးအဖွဲကိစ္စလေးတွေကအစ၊ မကြာခဏ စကားများဖြစ်ကြတယ်၊ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာလူဖြစ်သွားတဲ့ သူတွေက မြန်မာဆိုတာကိုနှိမ်တာလောက်တော့ ကျမရွံမုန်းတာမရှိဘူး၊ အထူးသဖြင့် ယောက္ခမအဖွားကြီးနှင့် ကျမယောက်ျား ဆိုသူကိုပေါ့၊
မချစ်မနှစ်သက်သောသူတွေနဲ့နေရတဲ့ ဒုက္ခ ဆိုတာကို ကျမကောင်းကောင်းကြီးသိရှိ ခံစားခဲ့ရတယ်မောင်။


မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ပြောရင်းမောနေလေပြီ၊ မျက်ရည်တွေလည်းဝဲလို့၊
ကျနော် lemon tea အအေးပုလင်းကိုဖွင့်ပြီးပေးလိုက်သည်၊ သောက်လိုက်ဦးလို့ပြောလိုက်မိသည်၊
သူ၏ရင်ထဲကလာသော စကားများဆိုတာ ကျနော်အပြည့်အဝယုံကြည်မိပါသည်၊
အအေးကို မော့သောက်လိုက်ပြီးခဏနေကာ၊ တိုးညှင်းစွာ မောင်လို့ ကျနော်ကိုမကြည့်ပဲခေါ်လိုက်သည်၊
အဲဒီအချိန်မှာပဲ Driver Katherine က သူကားကိုဆက်တိုက်မောင်းသွားမည်ဖြစ်ကြောင်း traffic အခြေနေအရဖြစ်ကြောင်း အားလုံးကိုလှမ်းပြောသည်။

ကျနော် သူလက်မောင်းလေးကိုလှမ်းဖက်လိုက်ရင်း၊ ဆက်ပြောလေဆိုပြီး သူကိုပြန်စပေးလိုက်သည်၊
သူတို့ကို ကျမအကြံပေးခဲ့ပါတယ်၊ မိသားစုလိုက် ခရီးထွက်ရအောင်၊ တစ်နေရာသွားရအောင် စသဖြင့်ပေါ့၊ ဒါကလည်းကျမလိုအပ်နေတယ်ထင်လို့ အကြံပေးလိုက်မိတာ၊ အထူးသဖြင့် ချွေးမအကြီးက ဆန်ဖရန်စစ္စကို ဝန်းကျင်ကလွဲပြီး ဘယ်မှမရောက်ဖူးဘူး၊ ဒီကိုရောက်တာ ဆယ်နှစ်ကျော်ပြီး၊ အလုပ်၊ ပိုက်ဆံ၊ အစားအသောက်၊ တစ်နေ့နှင့်တစ်နေ့ ဒါတွေကိုပဲလည်ပတ်နေတာ သူတို့မှာ life ဆိုတာမရှိဘူး၊ ဗုဒ္ဓ ဘာသာဆိုပေမဲ့၊ ကျမသိတဲ့ ဗုဒ္ဓဘာသာနှင့် သူတို့လုပ်နေတာ တခြားစီပဲ၊ ဘာသာတရားနဲ့လည်းဝေးပေါ့၊ အမေရိကားမှာနေပြီး ဒီမိသားစုဖြစ်ပျက်နေတာ၊ တဘက်ကကြည့်ရင်တော့ တော်တော်သနားစရာ ကောင်းတယ်။

တစ်နေမှာတော့ အလုပ်ပိတ်ရက်ဖြစ်တယ်၊ ကျမအပြင်သွားဘို့ပြင်ဆင်နေတယ်၊ ကျမယောက်ျားက ဘယ်သွားဦးမှာလည်း၊ ကျမကလည်း သူကိုပြန်ဖြေပါတယ်၊ ဘာသွားလုပ်မယ်၊ ဘယ်အချိန်ပြန်ရောက်မလဲပေါ့၊ နောက်ဆုံးတော့သူရဲ့အဖြေက မသွားရဘူးပဲ၊ အားရင်အိပ်နေတဲ့၊ မနေ့ကသူ့ကို ကျမတို့တစ်နေရာသွားကြရအောင်လို့ကျမအဆိုပြုတယ် မလိုက်ဘူး၊ အိမ်မှာနေ၊ သူ့အမေနှင့်တခြားနေရာကိုသွားစရာရှိတယ်၊ ဘယ်သွားမယ်ဆိုတာဘာလုပ်မယ်ဆိုတာ ကျမကိုမပြောဘူး၊
တဖြေးဖြေးနဲ့တင်းလာကြတယ်၊ အထူးသဖြင့်ကျမကို သူပိုင်ပစ္စည်းတစ်ခုအနေနဲ့ အကြင်နာမရှိပဲဆက်ဆံတာကို ကျမသည်းခံနိုင်မှု မရှိတော့ဘူး၊ ကျမသူကိုအချက်ကျကျပြန်ပြောတယ်၊ ဒါကျမရဲ့အခွင့်အရေးပါလို့၊ သူပိုဒေါသဖြစ်သွားတယ်၊ စကားဆက်များကြရင်းနဲ့ပဲ ကျမပါးကိုသူရိုက်လိုက်တယ် နှစ်ချက်၊ တော်တော်လေးပြင်းထန်ပါတယ်၊ ကန်လည်းကန်လိုက်တယ်၊ ကျမလဲကျသွားတယ်၊ ပါးစပ်ကလည်းသွေးတွေထွက်လာတယ်၊ မျက်စိလည်းထိသွားတယ်ထင်တယ်၊ ကျမကိုချွေးမအကြီးကပြေးထူတယ်၊ ဒီလူကမရပ်သေးဘူး ကျမရဲ့လက်ကိုင်အိပ်ကို ကန်ထုတ်ပစ်လိုက်သေးတယ်၊ ကျမမတ်တတ်ရပ်လိုက်တယ်၊ ထွက်နေတဲ့သွေးတွေကို မသုတ်ဘူး၊
ယောက္ခမအဖွားကြီးက သူ့သားမှားသွားပြီဆိုတာ သူသိတယ်၊ ရပ်ဆိုပြီး သူ့သားကိုတခြားအခန်းကိုသွားခိုင်းတယ်၊ ကျမကိုလည်းဒဏ်ရာတွေကို ဆေးကြောဘို့ပြောတယ်၊
ကျမစိတ်ထဲမှာတော့၊ ဒီလူတွေနဲ့ ဒီလောက်ဆိုတော်လောက်ပြီ၊ ကျမရဲ့ခန္ဓာကိုယ်ကို ဘယ်သူ့ကိုမှ အထိမခံတော့ဘူး၊
ကျမ အသိရှေ့နေ့ကိုဖုန်းဆက်လိုက်တယ်၊ အဲဒီမှာ ယောက္ခမအဖွားကြီးက တစခန်းထတော့တာပဲ၊ ရဲခေါ်တယ်ထင်လို့၊ ကျမကိုသူတို့လုပ်လိုက်ရင် ဘာဖြစ်သွားမယ်၊ မြန်မာပြည်ကို ဘယ်လိုပုံနဲ့ပြန်ရောက်သွားချင်သလဲ၊ ဒါ ဆန်ဖရန်စစ္စကို၊ သူတို့ကိုဘာထင်သလဲ၊ မြန်မာတစ်ယောက်အတွက်ဘာအခွင့်အရေးမှမရှိဘူး စသဖြင့်ခြိမ်းချောက်လာတယ်၊ ဟိုဘက်ကအသိရှေ့နေ့ကဖုန်းထဲကနေကောင်းကောင်းကြားနေရတယ်၊
ကျမကတော့ မျက်စိကိုမှိတ်ပြီး အသိရှေ့နေ့အလာကိုပဲစောင့်နေမိတယ်၊
တိုက်တ်ိုက်ဆိုင်ဆိုင်ပါပဲ၊ ကျမအသိရှေ့နေ့က ဆယ်မိနစ်အတွင်းရောက်ချလာတယ်၊ ရဲတွေပါပါလာတယ်၊
အဲဒီနေ့ကစပြီး အဲဒီအိမ်ကိုကျမပြန်မရောက်တော့ဘူး၊ အဲဒီနေ့ဟာ Martin Luther King Day ဖြစ်တယ်၊ အသိရှေ့နေ့နှင့်ရဲတွေက အခမ်းအနားတစ်ခုကတိုက်ရိုက်လာခဲ့ကြတာ။

ကျမ Protection Orderရတယ်၊ နေထိုင်ရေးအတွက်ဘာမှ မပူရဘူး၊ အမှုနှင့် separation လုပ်တာက တစ်နှစ်ခွဲလောက်ကြာတယ်၊ သူတို့ဘက်ကလည်းရှေ့နေကောင်းကောင်းနဲ့ခြေပတယ်၊ ကျမယောက်ျားက ကျမတို့ဟာလင်မယား မမြောက်ဘူး၊ လင်မယားမမြောက်အောင်လည်း ကျမကဖန်တီးတာလို့ဆိုတယ်၊ ကျမဘက်ကလည်း၊ ကျမကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်၊ ဒီနေ့ထိသူ့မျက်နှာကိုမြင်ရရင် ကြောက်မိတယ်၊ ဘာတယ်ပေါ့၊ သူ့ကြောင့်ကျမအမြတ်နိူးဆုံးပစ္စည်း အဆောင်ပုလင်းလေးကွဲသွားတယ် ဒီအတွက်ကျမစိတ်ဒဏ်ရာ ရရှိသွားတယ်ပေါ့၊ ပိုဆိုးတာက အဖွားကြီးက ကျမကို ဂိုဏ်းတွေဘာတွေနဲ့ခြိမ်းချောက်၊ မြန်မာပြည်ရောက်ရင်ဘာလုပ်မယ် ညာလုပ်မယ် ဒါတွေက ကျမအသိရှေ့နေက ဖုန်းထဲက အကုန်လုံးကြားတယ်၊ နောက်ဆုံး divorce, လျော်ကြေး နှင့်ကြေအေးလိုက်တယ်၊ လျော်ကြေးတွေအားလုံးကို ရှေ့နေနှင့် အသင်းကိုပေးလိုက်တယ်၊ ဒီကြားထဲကကျမ စရိတ်တွေကို သူတို့အကုန်ပေးရတယ်၊ အသိရှေ့နေနဲ့ကျမက အစထဲကအပေးအယူလုပ်ပြီးသားလေ။
အဲဒီအချိန်ကစပြီး ကျမမိသားစု၊ ဆွေမျိုးတွေ သူငယ်ချင်း အသိမိတ်ဆွေတွေကို အဆက်အသွယ် ဖြတ်လိုက်တယ်၊ ကျမကိုယ်ကျမ ဒဏ်ခတ်လိုက်တာပါ။ ကျမ ကယ်လီဖိုးနီယားကထွက်လာခဲ့တယ်မောင်၊
နောက်တော့ မောင့်ကိုမေ့မရဘူး၊ မောင့်အကြောင်းသိချင်လို့ သူငယ်ချင်းတစ်ချို့ကိုပဲ ရွေးပြီးဆက်သွယ်ခဲ့တယ်။
မျက်ဝန်းလဲဲ့ပြာရီသည် မျက်ရည်များဖြင့် ကျနော်ရင်ခွင်ထဲတွင်အိပ်ပျော်သွားသည်၊
Bus ကားကတော့ မောင်းလို့ကောင်းနေဆဲ။
-----------------------------------------------------

မျက်ဝန်းလဲဲ့ပြာရီနှင့် ကျနော်တို့၏ရည်းစားသက်တမ်းသည် ခုနှစ်ရက်တာဖြစ််ပေမဲ့၊ သူ့အိမ်ကနိုင်ငံခြားတွင် အိမ်ထောင်ချပေးမိအကြောင်း နောက်ဆုံးနေ့မှပြောသည်၊ လေဆိပ်ကိုလိုက်မပို့ခိုင်း၊ ကျမတို့ဝေးသွားကြတာ၊ ခွဲသွားကြတာမဟုတ်ဘူးဟုဆိုသည်။

မျက်ဝန်းလဲဲ့ပြာရီ အမေရိကားထွက်သွားပြီးနောက် ကျနော်နိုင်ငံခြားထွက်ဘို့ကို အစီအစဉ်တကျ လုပ်မိသည်၊ မြန်မာပြည်တွင် ကျနော်အတွက်တစ်ခုခုဟာနေသလိုပင်၊ တကယ်တော့လည်း ကျနော်နဲ့ မျက်ဝန်းလဲဲ့ပြာရီသည် သူငယ်ချင်းဘဝဖြင့်ပိုအနေနီးစပ်သည်၊ မျက်ဝန်းလဲဲ့ပြာရီသည် ကျနော်ကို အရမ်းချွဲသည်၊ ကျနော်ကလည်း အလိုလိုက်သည်၊ ကျနော်သည် ချစ်သူများနှင့်ခွဲခဲ့ဘူးသော်လည်း မျက်ဝန်းလဲဲ့ပြာရီနှင့်ဝေးသွားခြင်းလောက် ရင်ထဲတွင် ဟာတာတာ မကျန်ရစ်ခဲ့ပါ၊
မျက်ဝန်းလဲဲ့ပြာရီနှင့်ဝေးသွားပြီးနောက် ကျနော်ရည်းစားမထားဖြစ်တော့၊ စကာင်္ပူရောက်လာလို့့လား၊ အလုပ်တွေများနေလို့လားမပြောတတ်ပေ၊ မိန်းခလေးများစွာနဲ့တွေ့ကြုံခဲ့သော်လည်း စိတ်ဝင်စားစရာ မိန်းခလေးတစ်ယောက်မှာမတွေ့မိပါ၊ ပူးကပ်လာသည့်တစ်ချို့ကိုပင်ခွာချခဲ့သည်၊ လူပျိုကြီးလို့ပဲဆိုဆို တစ်ကိုယ်တည်း ရှင်သန်လှုပ်ရှားခဲ့သည်၊ လုပ်ချင်တာတွေလုပ်ရင်း လွတ်လွတ်လပ်လပ် တစ်ယောက်ထဲနေရသောဘဝကို ပိုမိုနှစ်သက်မိသည်၊ မိန်းခလေးများပေါ်ယုံကြည်မှုလည်းသိပ်မရှိတော့၊ နှလုံးသားမရှိတော့တဲ့လူတစ်ယောက်လို အားလုံးကို ပေါ့ပျက်ပျက်နိုင်ခဲ့သည်။

တစ်ချိန်မှာတော့ မျက်ဝန်းလဲဲ့ပြာရီ ကျနော်ဆီဆက်သွယ်လာသည်၊ ကျနော်သည် မျက်ဝန်းလဲဲ့ပြာရီကို အားပေးစကားပြောပြီး၊ အမေရိကားကို မလာနိုင်သေးကြောင်း သူငယ်ချင်းတစ်ယောက်အနေဖြင့်သာ နှစ်သိမ့်ပေးခဲ့သည်၊ အမေရိကားသို့ရောက်ရှိသည့်အခါများမှာလည်း ဆက်သွယ်ခဲ့ခြင်းမပြုခဲ့ပါ၊ မျက်ဝန်းလဲဲ့ပြာရီကို တစ်နေရာတွင်သိမ်းထားပြီမို့၊ ပြန်လည်ထုတ်ဖေါ်ဘို့ မကြိုးစားချင်တော့တာ လည်းပါသည်။

တစ်ချိန်တည်းမှာပင် မဟူရာမင်းသမီး၏မောင် ကျနော့်သူငယ်ချင်းက သူ့အစ်မနှင့် ဆက်သွယ်ဘို့ပြောလာသည်၊ မဟူရာမင်းသမီး၏အဖေ ဆုံးပါးသွားတာ တစ်နှစ်ရှိပြီဖြစ်ကြောင်းသိရသည်၊ မဟူရာမင်းသမီးသည် ကျနော်နိုင်ငံခြားထွက်သွားသည့်အချိန် ဒေါက်တာဘွဲ့ယူရန် ဂျပန်သို့ ပညာတော်သင်သွားရောက်ခဲ့သည်၊ ကျနော် နာဂိုရာ သို့ရောက်သောအခါ မိတ်ဆွေတစ်ယောက်အနေနဲ့ သွားရောက်လည်ပတ်ခဲ့သည်၊ အမှန်ကိုဝန်ခံရရင် ကျနော်နှလုံးသားထဲတွင် မဟူရာမင်းသမီးမရှိတော့ပါ၊ ထိုအတွက် ကျနော် မဟူရာမင်းသမီးနဲ့ အဆက်အသွယ်မလုပ်ခဲ့ပါ၊ ကျနော့်သူငယ်ချင်းပင် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားသည်၊ မဟူရာမင်းသမီးတစ်ယောက်ကတော့ ယနေ့ထက်တိုင် အပျိုကြီးပင်။

အချစ်တို့သည် တစ်ခါတစ်လေ သေဆုံးတတ်သည်ကို လက်တွေ့သိရှိခဲ့ရသလို၊ မီးတောင်လိုပြန်လည် အသက်ဝင်နိုင်ကြောင်းလည်း သိရှိခဲ့ရသည်။
-----------------------------------------------------


Bus ကားသည် ဝါရှင်တန်ဒီစီသို့ရောက်ပြီး ခရီးသည်တော်တော်များများဆင်းသွားကြသည်၊ ထိုနောက် Arlington သို့ဆက်ထွက်ခွာလာသည်၊ မျက်ဝန်းလဲဲ့ပြာရီ နှင့်ကျနော်တို့နှစ်ယောက် အထုပ်အပိုးတွေနဲ့ ကိုယ်ကိုယ့်ကိုယ် သပ်သပ်ယပ်ယပ်ဖြစ်အောင်လုပ်လိုက်သည်၊ Arlington ကားဂိတ်သို့ရောက်သောအခါ အထုပ်တွေနဲ့ ကားဂိတ်နားက မက်ဒေါ်နယ်တွင် ဘာဂါဝင်စားလိုက်ကြပြီး၊ ကျနော်က မက်ဒေါ်နယ်တွင်စောင့်နေကာ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် သူ့ကားရပ်ထားခဲ့သည့် အသိအိမ်ကို Taxi ဖြင့်ကားသွားယူသည်၊ ခဏနေကြာ ပြန်ရောက်လာပြီး၊ သူ့၏ ကားလေးဖြင့် Arlington မှ Reston သို့မောင်းလာကြသည်၊ မကြာခင် မျက်ဝန်းလဲဲ့ပြာရီရဲ့ သူဝယ်ထားသည်ဆိုသော သူအိမ်ဂေဟာလေးသို့ ရောက်ရှိတော့မည်ဖြစ်သည်။
မျက်ဝန်းလဲဲ့ပြာရီကို ကျနော် ဘာကြောင့်သူဆီကိုလာဘို့၊ သူနှင့်တွေဘို့ ဆုံးဖြတ်လိုက်သည့်အကြောင်း မပြောဖြစ်သေးပေ။

မောင် မကြာခင် ကျမစိတ်ကူးနဲ့ဝယ်ထားတဲ့ အိမ်လေးကိုရောက်တော့မယ်၊
အဲဒီမှာ မောင့်အငွေ့အသက်တွေရှိတယ်၊
ဒီနေရာကတော့ဘာ၊ ဟိုနေရာကတော့ဘာ၊ ကျမအမြဲလာနေကြ၊ စသဖြင့်တက်ကြွနေသော မျက်ဝန်းလဲဲ့ပြာရီကို ကြည့်ရင်း သက်ပြင်းရှည်လေးတိုးတိုးလေးချမိသည်။
ပြီးနောက် မျက်ဝန်းလဲဲ့ပြာရီသည် Recalculation ဆိုပြီးခဏခဏအော်နေသည့် GPS အသံကိုပိတ်လိုက်ပြီး၊ သီချင်းကိုဖွင့်လိုက်သည်၊
ပတ်ဝန်းကျင်ကလည်း နွေရာသီဆိုပေမဲ့ စိမ်းလန်းစိုပြေနေသည်၊ မြစ်ဘေးနားကလမ်းကို ရွေးမောင်းလာ၍လည်းဖြစ်မည်၊
ဟိုဘက်ကမ်းက Maryland ပြည်နယ်၊ သီချင်းကလည်းစိတ်ဝင်စားဘို့ကောင်းပါသည်။

No I can’t forget this evening
Or your face as you were leaving
But I guess that’s just the way
The story goes
You always smile but in your eyes
Your sorrow shows
Yes it shows
No I can’t forget tomorrow
When I think of all my sorrow
When I had you there
But then I let you go
And now it’s only fair
That I should let you know
What you should know

I can’t live
If living is without you
I can’t live
I can’t give anymore
I can’t live
If living is without you
I can’t give
I can’t give anymore

ခဏနားပါဦးမည်၊



အိမ်ဖြူတော်စောင့်ခွေး




Friday, September 17, 2010

မျက်ဝန်းလဲဲ့ပြာရီ (၂)

 
မန္တလေး  ရွှေဝိုင်းတွင် အလုပ်ဖြစ်နေသည့် ကျနော်ကို အဖေက ရေရှည်လုပ်ငန်းမဟုတ်နိုင်ဟု ဆိုကာတကြောင်း မဟူရာမင်းသမီးတို့ဘက်ကို တင်းနေသည်ကတကြောင်းဖြင့် ရန်ကုန်ရှိအဒေါ်လုပ်ငန်းကို လေ့လာခိုင်းသည်ဆိုကာ ရန်ကုန်ကိုပို့လိုက်သည်၊ အဒေါ်လုပ်ငန်းသည် အရင်ကအဖေ့စိတ်ကူး ဖြစ်ပြီး အဒေါ်ကိုပေးလုပ်ခဲ့ခြင်းဖြစ်သည်၊ ထိုလုပ်ငန်းကိုစိတ်မဝင်စားသဖြင့် နိုင်ငံခြားထွက်မယ်ဆိုပြီး လေ့လာနေချိန်ဖြစ်သည်၊ စံရိပ်ငြိမ်က ဆရာတစ်ယောက်ဆီမှာ အင်္ဂလိပ်စာတက်နေသည်၊ အားနေသည်ကများသဖြင့် ‘မျက်ဝန်းလဲဲ့ပြာရီ’ ရဲ့အဖေါ်ဖြစ်ခဲ့ရသည်။

‘မျက်ဝန်းလဲဲ့ပြာရီ’ နှင့်ရင်းနှီးမှု့သည် တဖြည်းဖြည်းပိုတိုးလာခဲ့သည်၊ သူ့အခက်အခဲတော်တော်များများကို ဖြေရှင်းပေးသူသည် ကျနော်ဖြစ်လာပြီး၊ ကျနော့်ကိစ္စတွေအတွက်တိုင်ပင်ဖေါ်သည် ‘မျက်ဝန်းလဲဲ့ဲပြာရီ’ ဖြစ်လာသည်။ သူ့အိမ်မသိအောင်လုပ်သည့် ကိစ္စအားလုံးနီးပါးသည် ကျနော့်ဆီက အကြံဉာဏ်များသာဖြစ်သည်၊ တကယ်တော့ မျက်ဝန်းလဲဲ့ဲပြာရီတို့ အသိုင်းအဝိုင်းနှင့် မဟူရာမင်းသမီး တို့အသိုင်းအဝိုင်းသည် သိပ်မထူး၊ မျက်ဝန်းလဲဲ့ပြာရီတို့က နိုင်ငံခြားကိုအရမ်းအထင်ကြီးသည်၊ သားတွေသမီးတွေအားလုံးကို ဆရာဝန်တွေ အင်ဂျင်နီယာတွေဖြစ်စေချင်သည်၊ ရာထူး ပိုက်ဆံကို ကြည့်ပြီးခွဲခြားဆက်ဆံတတ်သည်၊ မဟူရာမင်းသမီးတို့က ဆွေစဉ်မျိုးဆက်ဂုဏ်ကိုမက်သည်၊ အလုပ်အကိုင်မယ်မယ်ရရမရှိလည်း ဘယ်သူ့သား ဘယ်သူ့မြေးနဲ့ဖြစ်နေသည်၊ အထည်ကြီးပျက်တွေကြားမှာ ဝိုင်းလည်နေသည်၊ မန္တလေး၏ ထုံးစံလားမသိ၊ ရာထူး ပိုက်ဆံကို ကြည့်ပြီး မခွဲခြားဆက်ဆံသော်လည်းပဲ၊ အိမ်ထောင်ဘက်ရွေးရာတွင် ဘာတွေရှိမှ ဘာတွေတင်မှ လုပ်တတ်သည်၊ ထို့အတွက် ခိုးပြေးလိုက်ပြေးသည်ကများသည်။ 

မဟူရာမင်းသမီးသည် ကျနော်ကို တကယ်ချစ် တကယ်ကြိုက်သည်၊ အသားဖြူသည့်ကြားက အနက်ရောင်ဝတ်စုံကို ကြိုက်နှစ်သက်စွာဝတ်တတ်သည့်အတွက် မဟူရာမင်းသမီး ဖြစ်လာသည်၊
သူငယ်ချင်း၏အစ်မ ကျနော်ထက် အသက်သုံးနှစ်လောက်ပိုကြီးသည်၊ ဆေးဖက်၊ လက်ဖက်ခြောက်၊ ဂျုံ လုပ်ငန်း၊ ကုန်စည်ဒိုင် စသဖြင့်ဆွေစဉ်မျိုးဆက်ချီကာ အသိုင်းအဝိုင်းကြီးသည်၊ 
တွဲဖြစ်ကြသည့်နောက် သူငယ်ချင်း၏ စိန်ခေါ်ခြင်းကိုခံရသည်၊ ဘိုးတော် (မဟူရာမင်းသမီး၏အဖေ)က လုံးဝသဘောမတူ၊ မဟူရာမင်းသမီးလည်း ကိုယ်ရံတော်တွေနဲ့ဖြစ်သွားသည်၊ မန္တလေး တက္ကသိုလ်မှာ ဆရာမပြန်လုပ်တော့လည်း သူ့မှာမလွတ်လပ်တော့ အကြိုအပို့တွေနဲ့ဖြစ်သည်၊ ထိုအချိန်က ကျနော်က ရွှေဝိုင်းတွင် ကျင်လည်နေချိန်၊ ပိုက်ဆံကိုကောင်းကောင်းရှာတတ်နေပြီ၊ ပတ်ဘလစ်ကာကားတောင် ကိုယ်ဟာကိုယ် ဝယ်စီးနိုင်သည်၊ အဲဒါတောင် အင်ဂျင်နီယာ မလုပ်ပဲ အရေမရအဖတ်မရတွေလုပ်နေသည် ဟုပြောခံရသည်၊ ရွှေဝိုင်းမှာ ကျနော့်ဆရာက ကိုဘဲဥ ဖြစ်သည် RITဆင်းပြီး အင်ဂျင်နီယာမလုပ်ပဲ ဝိုင်းတွင်ဆရာတဆူဖြစ်နေသည် ကျနော့်ထက် တော်တော််စီနီယာကြသည်၊ အင်ဂျင်နီယာ မလုပ်တော့ ဘာဖြစ်လဲကွာ ငါတို့က အင်ဂျင်နီယာတွေကို ဝယ်လို့ရတယ်ကွဆိုပြီး၊ ရွှေချောင်းတွေကို ရိုက်ပြသည်၊ ဘယ်လိုပဲဖြစ်ဖြစ် မဟူရာမင်းသမီးသည် ကိုယ်ရံတော်တွေကြားမှ မန္တလေး တက္ကသိုလ်ကနေ ကျနော့် ပတ်ဘလစ်ကာကား ပေါ်ပါပါလာတတ်သည်။
ကျနော်ကတော့ စိုင်းဆိုင်မောဝ်ရဲ့ ‘ပိုနေမြဲကြားနေမြ’ဲ သီးချင်းလေးကိုဆိုကောင်းနေစဲ။ 

ကြာလာတော့ ကျနော့်အဖေကလည်းတင်းလာသည် ရန်ကုန်ကိုလွတ်လိုက်သည်၊ ကျနော်ရန်ကုန်ရောက်လာရသည်၊ ထိုအတွက် မိဘများသည် သားသမီးတွေကို သူတို့ဖြစ်စေချင်တာများကို ဖြစ်စေချင်တာများ၏ ဆိုသည့်အဆိုကို ကျနော် အပြည့်အဝ ယုံကြည်လိုက်သည်။

မျက်ဝန်းလဲဲ့ပြာရီသည် မဟူရာမင်းသမီးတို့ အသိုင်းအဝိုင်းကို ရေရေလည်လည် ပုတ်ခပ်သည်၊ တစ်ခါမှာတော့ မျက်ဝန်းလဲဲ့ပြာရီသည် မဟူရာမင်းသမီးကို ဗါလင်တိုင်းနေ့ ရန်ကုန်ကို မဖြစ်မနေ အရောက်လာခဲ့ရန် ကျနော်ကို ဖုန်းဆက်ခိုင်းသည်၊ ကျနော်လည်း မဟူရာမင်းသမီးကို ချစ်ရင်လာခဲ့ရန် ငါ့ဘဝအတွက် အရမ်းအရေးကြီးတယ် ဘာညာဖြင့် ဇွတ်လာရန် ဖုန်းဆက်ခေါ်သည်၊ မဟူရာမင်းသမီးက ကျနော်အတွက်ဆို သူဖြစ်အောင်လာခဲ့ပါမည်ဆိုသည်၊ ကျနော်က တွေ့လား မဟူရာမင်းသမီးက ငါ့ကိုဘယ်လောက်ချစ်သလဲဆိုရင် ဟုဆိုကာပြန်ကြွားလိုက်သည်၊ တစ်ပတ်လောက်နေတော့ မဟူရာမင်းသမီးက သူရန်ကုန်သွားမည့်ကိစ္စ သူ့အဖေ သိသွားသဖြင့် ဘယ်လိုလုပ်ရမှန်းမသိတော့ကြောင်း ဖုန်းဆက်လာသည် ကျနော်က လာကိုလာရမည်ဖြစ်ကြောင်း ဇွတ်အတင်းပြောရာ နောက်ဆုံး မဟူရာမင်းသမီး၏ ငိုသံများကကျနော်ကို နူးညံ့သွားခဲ့သည်၊ မိန်းခလေးများ၏ အကောင်းဆုံးလက်နက်တစ်ခုသည် မျက်ရည်များမဟုတ်ပါလား။ 

ထို့အတွက် မျက်ဝန်းလဲဲ့ပြာရီက မဟူရာမင်းသမီးကို အချစ်ကိုတန်ဘိုးမထားတဲ့မိန်းမ ဘာဘာညာညာဖြင့် တွေ့ရင်ပယ်ပယ်နယ်နယ် ပြောပြစ်လိုက်ချင်တယ်ဟုဆိုကာ အပြစ်တင်သည်၊ ကျနော် နောက်မှပြန်စဉ်းစားမိသည်မှာ ငါဘာဖြစ်လို့ မျက်ဝန်းလဲဲ့ပြာရီပြောတိုင်းလုပ်တာလဲလို့၊ အဲဒီလိုကြားထဲက ဗါလင်တိုင်းနေ့တွင် ကျနော်တိတ်တဆိတ် မန္တလေးပြန်သွားကာ မဟူရာမင်းသမီးနှင့် ဘုရားကြီး အနောက်ဘက် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တွေ့ဖြစ်ကြသည်၊ တကယ်တော့ ကျနော်နှင့် မဟူရာမင်းသမီးတို့ နောက်ဆုံးတွေ့ဆုံခြင်းဆိုတာ နှစ်ဦးစလုံးမသိခဲ့ကြပါ။ 

ကျနော်ရန်ကုန်ပြန်ရောက်လာသောအခါ မျက်ဝန်းလဲဲ့ပြာရီသည် ကျနော်ကိုမခေါ်တော့၊ တစ်ပတ်တိတိကြာတော့ မပြီးပြတ်သေးတဲ့ အလုပ်တွေလာလက်စသပ်ပေး အဲဒီအတွက်လာခေါ်တာဆိုပြီး ပြန်ခေါ်ဖြစ်ကြသည်၊ လောကကြီးတွင် နားလည်ရအခက်ဆုံးအရာများတွင် မိန်းခလေးတို့၏ စိတ်လည်းပါသည်။
မျက်ဝန်းလဲဲ့ပြာရီနှင့် မဟူရာမင်းသမီးတို့ တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပါ။


………………………………………………………………………………………


‘မောင်’ ဟုခေါ်သံကြောင့် အတွေးတို့ရပ်တန့်သွားသည်၊ 

‘နိူးလာပြီလား၊’ဟုမေးလိုက်မိသည်၊
နောက်ကျနေပြီနော် မြန်မြန်လုပ်လိုက်မယ်ဆိုကာ ရေချိုးခန်းထဲဝင်သွားသည်၊
ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် Time square ဘက် ရုပ်ရှင်ကြည့်ရန် လမ်းလျှောက်ထွက်လာသည်၊ AMC အစား Regal ရုပ်ရှင်ရုံတွင်ကြည့်ကြရန် ဆုံးဖြတ်လိုက်ကြသည်၊ Stadium theater ဖြစ်လို့ဖြစ်သည်၊ ရုပ်ရှင်ရွေးရာတွင်တော့ Salt, The American, The Expendables နောက်ဆုံး မောင့်သဘော မောင့်သဘော ဖြစ်နေ၍ The Expendables ပဲရွေးလိုက်သည်၊ ရုံနံပါတ်က 13 နောက်ဆုံးပေါ်RPX technology ရုံ၊ ကြည့်တဲ့လူက ဆယ်ယောက်လောက်ပဲရှိသည်ထင်သည်၊ ရုံတင်ထားတာကြာပြီဆို၍ဖြစ်မည်၊ ဇာတ်ကားထဲတွင် မင်းသားတစ်ယောက်က  မြန်မာပတ္တမြားလက်စွပ်ကို ချစ်သူကိုလက်ဆောင်ပေးရန် ကြိုးစားခဲ့သည် ချစ်သူကတခြားသူရှိနေလေတော့ မပေးဖြစ်ခဲ့ချေ၊ စတားလုံး၏ ဂျက်လီအပေါ် ပညာသားပါပါ နှိမ်သည့်ဇာတ်ကွက်များကိုကြည့်ကာ လူအများစုကို လူအနည်းစုကာ နိုင်ကာပြီးသွားခဲ့သည့် ရိုက်စားဇာတ်လမ်းဖြစ်ပေမဲ့၊ ဇာတ်လမ်းကိုမကြည့် ကျနော်တို့နှစ်ယောက် တိုးတိုးနဲ့ စကားပြောဖြစ်ခဲ့ကြသည်၊ မောင်နောက်ခါလာရင် ပတ္တမြားလက်စွပ်ယူခဲ့ပေး၊ ရုပ်ရှင်အရွေးမှားတယ် The American ရွေးရမှာ မင်းသားမိုက်တယ် ၊ Salt ဆိုရင် မင်းသမီးမိုက်တယ်၊ RPX ဆိုတာ too loud, too large, too expensive စသဖြင့်ပေါ့ ၊ ထိုနေ့က ကျနော်တို့နှစ်ယောက်ညစာကို ည ၁၂ နာရီမှ စားဖြစ်ကြသည်၊ ဟော်တယ်ပြန်ရောက်တော့ မနက် ရှစ်နာရီခွဲအမှီ Liberty jetty ကိုသွားရမည်ဆိုပြီးတန်းအိပ်ဖြစ်ကြသည်။ 

မနက် ၆နာရီလောက် ကျနော်နိူးလာသည် မထသေးပဲ အိပ်ပျော်နေဆဲ မျက်ဝန်းလဲဲ့ပြာရီ၏ နဖူးကို နှစ်ချိုက်စွာနမ်းလိုက်မိသည်၊ 
………………………………………………………………..

ရည်းစားမဟုတ်သော ကောင်မလေးတစ်ယောက်ကို နှစ်ချိုက်စွာနမ်းဘူးပါသလားလို့မေးရင်၊ နမ်းဘူးပါသည်ဟုဖြေရပါမည်၊ တချိန်တုန်းက မျက်ဝန်းလဲဲ့ပြာရီ၏ နဖူးလေးကို ကျနော်နှစ်ချိုက်စွာနမ်းခဲ့ဘူးပါသည်၊ ထိုအချိန်က ကျနော်တို့သည် ချစ်သူရည်စား မဟုတ်ကြသေးပါ၊ ကျမ၏အရင်းနှီးဆုံးသူငယ်ချင်းဟု မျက်ဝန်းလဲဲ့ပြာရီက သတ်မှတ်ထားသည်၊ စကားလေးနည်းနည်း လွန်သွားတာနဲ့ ‘ကျမတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေနော်’ ဟုဆိုကာ အပြုံးလေးနဲ့ ကျနော်ကိုနှစ်သိမ့်စေခဲ့သည်၊ တစ်နေ့မှာ အလုပ်မှာလည်း ဆရာဝန်မကြီးတစ်ယောက်က အနိုင်ကျင့်၊ အိမ်မှာလည်း သူ့အမေနဲ့ အကြီးအကျယ်စကားများ၊ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ရင်ဘတ်ထဲဝင်ကာ ရှိုက်ကြီးတငင်ငိုပါတော့သည်၊ ကိုယ်တွေ့လက်တွေ့ မိန်းခလေးတစ်ယောက်၏ ရှိုက်ကြီးတငင်ငိုခြင်းကို ကျနော်မကြုံဘူးပါ၊ သူဘာဖြစ်လို့ ဒီလောက်ငိုတာလည်း ကျနော်မသိပါ၊ ကျနော်ကိုလည်းမပြော၊ သူ့ရဲ့ဆံပင်တွေကို ပွတ်သတ်ရင်းချော့နေမိသည်၊ တစ်ချိန်မှာတော့ သူ့ရဲ့နဖူးလေးကို နှစ်ချိုက်စွာနမ်းလိုက်မိသည်၊ အငိုတိတ်စေရယ်လို့ပေါ့၊ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် သူ၏မျက်လုံးရွဲကြီးများဖြင့် ကျနော်မျက်နာကို စိုက်ကြည့်ရင်း ‘ကျမတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေနော်’ ဟုဆိုကာ အငိုတိတ်သွားခဲ့သည်၊ ကျနော်အတွက် ယနေ့တိုင်သတိရနေဆဲ အနမ်းတစ်ခုပါ။ 

တကယ်တော့ နိုင်ငံခြားထွက်မယ်ဆိုတဲ့ ကျနော်ထက် မျက်ဝန်းလဲဲ့ဲပြာရီတစ်ယောက် နိုင်ငံခြားကိုဦးစွာထွက်သွားခဲ့သည်။ ရန်ကုန်မြို့ကို လည်ရင်းပတ်ရင်းနဲ့ ကျနော်တို့နှစ်ယောက် တောင်ဥက္ကလာပဘက်က အကြားအမြင် ဆရာမလေးတစ်ယောက်ဆီ ရောက်သွားဘူးသည်၊ ဆရာမကို မေးခွန်းသုံးခုမေးနိုင်သည် မေးချင်သည့် မေးခွန်းတွေကို စာရွက်ပေါ်တွင်ရေးထားရသည်၊ ဆရာမသည် စာရွက်ကိုမကြည့်ပဲ ထိုမေးခွန်းသုံးခုလုံးကိုဖြေဆိုသည်၊ ထိုနေ့က ကျနော်မမေးပါ မျက်ဝန်းလဲဲ့ဲပြာရီသည် သူမေးချင်သောမေးခွန်းတွေကို စာရွက်ပေါ်ရေးထားလိုက်သည်၊ ကျနော်တို့ကလဲ့ရောက်သောအခါ၊ ဆရာမသည် နှစ်ယောက်စလုံး နိုင်ငံခြားရောက်မယ်၊ အခက်အခဲများစွာနဲ့ နောက်ဆုံးအဆင်ပြေမယ်၊ အိုအောင်မင်းအောင်ပေါင်းရမယ်၊ ဆရာမက ကျနော်ဘက်လှည့်ကာ ခံနိုင်ရည်ရှိအောင် အသင့်ပြင်ထားဟု အဆစ်ဖြေသွာသေးသည်၊ ထိုအချိန်က မျက်ဝန်းလဲဲ့ဲပြာရီတစ်ယောက် နိုင်ငံခြားစကားလုံးဝ မဟ၍လည်း ဆရာမလေး၏ အဖြေများကို ပေါ့ပျက်ပျက်ပင်ထားခဲ့သည်။ 

သြဂုတ်လရဲ့ မိုးဆက်တိုက်ရွာနေသော နေ့တစ်နေ့ မနက်ရှစ်နာရီလောက် ကျနော်အိပ်နေတုန်း တစ်ယောက်ယောက်ကလာနိူးသည် ကြည့်လိုက်တော့ မျက်ဝန်းလဲဲ့ဲပြာရီဖြစ်နေသည်၊ ကျနော်အိမ်၊ ကျနော်အခန်းသို့ ဘယ်လိုရောက်လာပါလိမ့်၊ နိူးပြီလားဆိုပြီး ကျနော်ရင်ခွင်ထဲဝင်လာကာ ကျနော်ကိုတင်းကျပ်စွာဖက်ထားသည်၊ ကျနော်သည်လည်း အထိတ်တလန့်ဖြစ်ကာ အလိုက်သင့်ပြန်ဖက်ထားလိုက်မိသည်၊ သူ့ကိုလည်း ‘ဘာဖြစ်လာလို့လဲ’ ‘ဘာဖြစ်လာလို့လဲ’ အထပ်ထပ်မေးနေမိသည်၊ မျက်လုံးရိုင်းကြီးတွေနဲ့ ကျနော်ကိုကြည့်ရင်း ‘ဒီနေ့ကျမတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြပြီ၊’ ပြောရင်းကျနော်ကိုထပ်ဖက်ပြန်သည်၊ ‘သိပ်ချစ်တယ်မောင်၊’ ‘မောင်လို့ခေါ်တော့မယ်၊ ဟုတ်တယ်မဟုတ်လားမောင်၊’ ‘ မောင်ရောကျမကိုချစ်တယ်မဟုတ်လား’ ကျနော်တကယ် အ့ံအားသင့်နေမိသည် မေးခွန်းတွေက ရင်ထဲမှာအများကြီး၊ အလိုက်သင့်ပြန်ဖက်ထားရင်း အင်းပါ လုပ်မိသည်၊ ‘ကဲမောင် မျက်နှာသစ်တော့ မောင်ကိုကျမစကားတွေ အများကြီးပြောစရာရှိတယ်၊’ ‘ဖုန်းလှမ်းဆက်လိုက်မယ် အိမ်ကိုမလာခဲ့နဲ့၊’ ထိုနေ့က ကျနော်တစ်နေကုန် မျက်ဝန်းလဲဲ့ဲပြာရီရဲ့ဖုန်းကို စောင့်နေမိသည်၊ သူဖုန်းဆက်မလာပါ၊ ထိုနေ့က မျက်ဝန်းလဲဲ့ပြာရီသည် ကျနော်ကို ချစ်သူအဖြစ် သတ်မှတ်ခဲ့သည်၊ ကျနော်တို့နှစ်ယောက် ချစ်သူဖြစ်သွားသည့်နေ့ဟုလည်း ဆိုနိုင်သည်။
……………………………………………..


အတွေးတမှေးမှ ရပ်ကာ ကျနော်ရေချိူးခန်းထဲသို့ ဝင်လာခဲ့သည်၊ ကျနော်ရေချိုးပြီးသောအခါ မျက်ဝန်းလဲဲ့ပြာရီ နိူးနေပြီဖြစ်သည်၊ မောင်ကအစောကြီးနိူးတာပဲ ကျမရေချိုးလိုက်ဦးမယ် စောင့်နော်ဟုဆိုကာ ပါးကိုအနမ်းလေးပေးပြီး ရေချိုးခန်းထဲဝင်သွားသည်၊ ဒီနေ့ နယူးယောက်ကိုလည်ပြီး နောက်နေ့ကျနော်တို့နှစ်ယောက် မျက်ဝန်းလဲဲ့ဲပြာရီ နေထိုင်ရာ Virginia သို့သွားကြမည်ဖြစ်သည်။

ကျနော်တို့ Liberty jetty သို့ ၄၂ လမ်း Time square ဘူတာကနေ ရထားနဲ့သွားဖြစ်သည်၊ Jetty ရောက်တော့လက်မှတ်ချိန်းရသည်၊ Liberty လက်မှတ်ကို မျက်ဝန်းလဲဲ့ပြာရီက online မှဝယ်ထား၍ဖြစ်သည်၊ Crown ပေါ်တက်သည့်လက်မှတ်ဆို ၃လ လောက်ကြိုဝယ်မှရသည်၊ ကျနော်တို့စီးသည် သဘောင်္သည် ဒုတိယမြောက်ထွက်သော သဘောင်္ဖြစ်သည်၊ Miss New York တဲ့၊
ကျနော်ရော မျက်ဝန်းလဲဲ့ပြာရီရော Liberty cruise စီးဘူးသော်လည်း Liberty ရုပ်တုကြီးပေါ် တခါမျှမတက်ဘူးပါ၊ မျက်ဝန်းလဲဲ့ပြာရီကတော့ ‘၁၅၀ ကျော် step တက်ရမယ်ဆိုလို့၊’ ‘မောင်နဲ့ကြ မောမယ်မထင်ဘူး’ ‘ပျော်တယ်မောင်’ ဟုဆိုသည်၊ အပြန်တွင် Ellis Island ကိုလည်းဝင်ဖြစ်သည်။ 
အပြန် သဘောင်္ပေါ်တွင်၊
‘မောင် နယူးယောက်မြို့ကြီးကိုကြည့်လိုက်ပါမောင်’
‘ဒီမြို့ကြီးက ကျမဘဝကို တစ်ဆစ်ချိုးပြောင်းလည်းသွားစေခဲ့တယ်’
‘ခုလည်း ဒီမြို့ကြီးမှာပဲ မောင်နဲ့ပြန်ဆုံဆည်းရတယ်
ကျမ အမေရိကားကနေ မောင်ဆီ မရမကဆက်သွယ်ခဲ့တာ မောင်မှတ်မိတယ်နော်’ 
‘မှတ်မိပါတယ်’ဆိုပြီး ကျနော် သူ့အမေးကို ပြန်ဖြေလိုက်သည်၊
‘ကျမရဲ့ အရေးကြီးတဲ့ အချိန်တိုင်းမှာ မောင်နဲ့ဆက်သွယ်လို့ရခဲ့တာ၊ ကျမတို့နှစ်ယောက်ကြားမှာ ထူးဆန်းတဲ့ ဘယ်လိုပြောရမလဲ ဆက်စပ်မှု့ တစ်ခုရှိမယ်ထင်တယ်မောင်၊
ကြယ်ကလေးကူညီလို့လို့ မောင်ပြောရင်ပြောနိုင်ပေမဲ့၊ ကြယ်ကလေးကူညီဖြစ်အောင်လည်း ထူးဆန်းတဲ့တိုက်ဆိုင်မှု့ မဟုတ်လားမောင်၊’
‘မောင် ကျမကိုချစ်တယ်ဆိုတာကို ယုံတယ်၊ မောင်ဆီက အင်းပါ ဆိုတဲ့စကားလေးကြားပြီးကတည်းက ကျမကိုချစ်လားဆိုတဲ့ အမေးကို ထပ်ပြီးမမေးတော့ဘူး၊ ကျမရဲ့ယုံကြည်ချက်ကို ဘယ်လိုနည်းနဲ့မှ သံသယ မဖြစ်ချင်ဘူး၊’
‘မောင်ကျမကို စိတ်နာလားဟင်၊’
‘မောင်ကျမကို ခုဘယ်လိုမြင်သလဲ၊’
‘မျက်ဝန်းလဲဲ့ဲပြာရီ’ လို့မြင်တယ်၊ ပြန်ဖြေလိုက်တော့၊
ဟင်းဟင်းဟင်း ရယ်သံလေးနဲ့အတူ ကျနော်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်၊
‘သိပ်ချစ်တယ်မောင် ရင်နှင့်အမျှပါ၊’
‘မောင်ဟာ ကျမကို နားအလည်ဆုံး၊’
ကျနော်လည်းသူကို တင်းကျပ်စွာဖက်ထားရင်း ပတ်ဝန်းကျင်ကို ခေတ္တမေ့ထားလိုက်သည်၊
နယူးယောက်မြို့ကြီးကိုကြည့်ရင်း စကားတွေပြောနေသော မျက်ဝန်းလဲဲ့ပြာရီကိုကြည့်နေမိသည်၊ ကြယ်ကလေးသည် မျက်ဝန်းလဲဲ့ပြာရီရဲ့ကျောင်းနေဖက် ဆရာဝန်မတစ်ဦးပါ၊ အရင်ကသူ့ရဲ့ အမျိုးသားအလုပ်လုပ်ရာ ဆိုက်ပရပ်တွင်လိုက်နေသည်၊ အမျိုးသားကသဘောင်္လုပ်ငန်းဆိုတော့ စကာင်္ပူကို ခဏခဏရောက်ဖြစ်ကြသည်၊ နောက်ဆုံး စကာင်္ပူတွင်ရုံးလာထိုင်သည်၊ မျက်ဝန်းလဲဲ့ပြာရီသည် ကြယ်ကလေးမှတဆင့် ကျနော်အကြောင်းတွေသိနေသည်၊ ကျနော်ကတော့ မျက်ဝန်းလဲဲ့ပြာရီရဲ့အကြောင်းတွေကို မသိချင်ပဲ တစ်နေရာမှာ သိမ်းထားဖြစ်သည်၊ 
ခုတော့ သူရဲ့အချိန်နှင့်အမျှ မြိုသိပ်ထားတဲ့ ခံစားချက်တွေကို နားထောင်နှစ်သိမ့်ဘို့ ကျနော်နေခဲ့ခြင်းမဟုတ်ပါလား၊ တစ်ခါတစ်လေမှာ ကိုယ့်ခံစားချက်တွေကို သိမ်းထားပြီး တစ်ခြားသူရဲ့ ခံစားချက်တွေကို မျှဝေခံစားနားလည်ပေးလိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်ဟု ကျနော်ယူဆပါသည်။
မောင်ဟိုမှာကြည့်စမ်း ဒီဘက်က Brooklyn ဟိုမမြင်ရတဲ့ဘက်က Queens ပေါ့၊ ကျမနယူးယောက်မှာလေးနှစ်နေခဲ့တာ Queens မှာ အများဆုံးပေါ့၊ Brooklyn မှာ လပိုင်းလောက်ပဲနေခဲ့တာ၊ ဒီကပြီးရင် ကျမတို့ Queensဘက်ကို ရထားနဲ့သွားမယ် မောင်ကိုကျမနေခဲ့တဲ့နေရာပြမယ် အလွှမ်းပြေပေါ့၊ 
သဘောင်္ပေါ်ကဆင်းကာနီး တစ်ဦးနှင့်တစ်ဦး ကြင်နာနေသော အသက်ရ၀ အရွယ် အဖိုးကြီးအဖွားကြီး စုံတွဲကိုပြသည်၊ မောင်ဟိုမှာတွေ့လား သူ့တို့ကြင်နာနေကြတာလေ၊
ကျမလည်း စိတ်ကူးယဉ်ထားတယ် စီမံထားတယ်ဆို ပိုမှန်မလား၊
ဘဝရဲ့ နောက်ဆုံးအချိန်တွေကို မောင်နဲ့အတူ ကုန်ဆုံးချင်တယ်
နောက်ဆုံးထွက်သက်တောင်မှ မောင်လက်ပေါ်မှာ ထွက်သွားချင်တယ်
နွေရာသီ အိမ်လေးကို ဟို ကနေဒါနယ်စပ် Thousand Island မှာဝယ်မယ်၊
ဆောင်းရာသီနှင့်တခြားရာသီတွေမှာ ဖလော်ရီဒါ မဟုတ်ရင် ဟာဝိုင်အီ မှာနေမယ်၊ ကျမ ကယ်လီဖိုးနီးယားကို မကြိုက်ဘူး၊
မယုံမရှိနဲ့ မောင်
I’m American. I have a plan. You have to follow me. 
ကျမစိတ်ကူးတွေကရယ်ရသလား မောင်၊
အကောင်းဆုံးဖြစ်မယ်ထင်တာပဲ လို့ ရိုးရိုးလေးပြန်ဖြေလိုက်မိသည်။


ကျနော်တို့ ရထားနဲ့ Queensဘက်သို့ထွက်လာခဲ့သည်၊ Grand central တွင်ရထားချိန်းသည်၊ Queens ဘက်ကိုရောက်တော့ ရထားသည် မြေအောက်မှာမဟုတ်တော့ အပေါ်ကသွားသည်၊ ၁၀၃ လမ်း Corona Palaza မှ ကျနော်တို့ပြန်လှည့်လာသည်၊ ဒီ လမ်း၄၀ lowery streetမှာ ကျမနေခဲ့တာ၊ လမ်း၆၀ Woodside မှာလည်းနေဘူးတယ်၊ ဒီရထားလမ်းခရီးကို ကျမကြိမ်ဖန်များစွာစီးခဲ့ဘူးတယ်၊ ခုမောင်နဲ့အတူတူစီးနေရပြီ၊ ယုံမလားတော့မသိဘူး မောင်နဲ့အတူတူစီးချင်တယ်လို့ စိတ်ကူးတွေယဉ်ခဲ့ဘူးပါတယ်၊

ခံစားချက်အပြည့်နဲ့ မခံချင်စိတ်အပြည့်နဲ့ မိန်းခလေးတစ်ဦးဟာနယူးယောက် ကိုရောက်လာခဲ့တယ်၊
ကယ်လီဖိုးနီးယားကလာခဲ့တဲ့ ကျမအတွက် နယူးယောက်ဟာ တမျိုးဖြစ်နေပေမဲ့ အစဉ်ပြေပါတယ်၊
ကျမရဲ့ ပထမဦးဆုံးအလုပ်က စိန်ရွေးတာပဲ၊ နောက်တော့ အလုပ်လုပ်နေရင်းနဲ့ Madeline ဆိုတဲ့ ဂျုးအမျိုးသမီးကြီးနှင့် ကျမခင်မင်ခဲ့တယ် သူကိုကျမက မန်ဒီလို့ခေါ်တယ်၊ သူက အမေရိကန် ပယဆေးတွေရောင်းတယ်၊ ကျမဆရာဝန်ဆိုဟာသူသိသွားပြီး သူဆီကိုခေါ်ခဲ့တယ်၊ ဆေးစပ်ဆေးထုပ်နှင့် သူနဲ့ဆေးပညာဖလှယ်ခဲ့တယ်၊ သူက ကျမကို အသက်မွေးဝမ်းကျောင်းပညာသည် တစ်ယောက်ဖြစ်အောင် လမ်းပြပေးခဲ့တယ်၊ သူဆီမှအလုပ်လုပ်ရင်းနဲ့ပဲ ကျမကျောင်းဆက်တက်ဖြစ်ခဲ့တယ်၊ လူထုကျန်းမာရေး နောက်တော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆေးပညာတွေပါ၊ မောင့်ကိုပြောပြဘူးတယ်ထင်ပါတယ်၊ မောင်မရောက်ခင်ညက သူ့နဲ့ညစာစားခဲ့သေးတယ်၊
ကျနော်က အသေးစိပ်တော့မပြောဖူးဘူး၊ ပြန်ဖြေလိုက်သည်။ 

ကျမ မဝေ ဆိုတဲ့အမတစ်ယောက်နဲ့နေတယ် သူကအဆောက်အဦးပုံတွေဆွဲတယ် autocad ဟုတ်တယ်မဟုတ်လား၊ မဝေနဲ့ပတ်သက်ပြီး ကျမ အစ်မကြီး မအေးအေးနိုင်နဲ့ခင်ခဲ့ရတယ်၊ မအေးအေးနိုင်က designer တစ်ယောက်ပေါ့ web site ပေါ်မှာ design တွေဆွဲတယ်၊ မအေးအေးနိုင်ဟာ တောင့်တောင့် ခိုင်ခိုင်နဲ့ ယောကျာ်းဆန်တဲ့ အမျိုးသမီးတစ်ယောက်ပေါ့၊ ကျမသူနဲ့ ပတ်သက်ပြီး လောကကြီးအကြောင်း လူတွေအကြောင်းပိုသိလာရတယ်၊ ကျမအခြေကျနေတဲ့ အချိန်မှာကြတော့ မအေးအေးနိုင်တစ်ယောက် လောကကြီးထဲမှာ မရှိတော့ပါဘူး၊ မအေးအေးနိုင် ဆိုပေမဲ့ မအေးနိုင်တဲ့သူဘဝရဲ့တစ်ဆစ်ချိုး အပြောင်းအလဲတွေနဲ့ပါ၊ ယောကျာ်းဆန်တဲ့ သူ့ရဲ့ဘဝထဲကို ကိုသော်ဆိုတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတစ်ယောက်ဝင်ရောက်လာတယ်၊ ကိုသော်ကမြန်မာပြည်မှာ မိန်းမရှိတယ်၊ စကားပြောကောင်းတဲ့ ကိုသော်ဟာ မအေးအေးနိုင်ရဲ့ဘဝဖြစ်ခဲ့တယ်၊ အတူတူနေကြတယ်၊ လက်ထပ်ဘို့ကြံနေတဲ့အချိန်မှာပဲ ကံကြမ္မာကပြောလို့မရဘူးလေ၊ မအေးအေးနိုင်မှာ ကင်ဆာရောဂါ ဖြစ်ခဲ့တယ်၊ ကိုသော်ဟာ မအေးအေးနိုင်ကို လက်မထပ်ခဲ့ဘူး၊ မအေးအေးနိုင်ဆီ ဝင်ထွက်နေတဲ့ မလှလှတိုးနဲ့ လက်ထပ်သွားခဲ့တယ်၊ မအေးအေးနိုင်ဟာ သူ့ရဲ့ မောင်နှမတွေကို ဒီကိုရောက်အောင် ခေါ်ခဲ့တယ်၊ ပြီးတော့အားလုံးကို ခွင့်လွတ်နားလည်ရင်းနဲ့ပဲ လောကကြီးက ထွက်ခွာသွားတယ်၊ သစ္စာတရားကိုကျမသိလိုက်ရတဲ့ အချိန်မှာ မောင့်ကို အနားမှာ ရှိနေချင်တယ်၊ တစ်ယောက်ထဲ မဖြစ်ဘူးဆိုတာရယ် အကြောက်တရားဆိုတာရယ် ဝင်လာခဲ့မိတယ်မောင်၊
ကျမစကားတွေများတာ ပျင်းနေပြီလားမောင်၊
မပျင်းပါဘူး၊ အရမ်းစိတ်ဝင်စားမိပါတယ်၊ လွယ်လွယ်ကူကူရမလာတဲ့ ဘဝကို လူတွေက ပိုတန်ဘိုးအထားဆုံးပဲ၊ ဒါကြောင့် မျက်ဝန်းလဲဲ့ပြာရီကို နားလည်ပေးရတာပေါ့၊
ချစ်တယ်မဟုတ်လားမောင်
ကျနော်ကို ဒုတိယအကြိမ်မေးခြင်းဖြစ်သည်၊
ဟွန်းလို့အဖြေပေးရင်း သူ့နူတ်ခမ်းလေးကို နမ်းပေးလိုက်သည်၊
ကျနော်ကို ချစ်စဖွယ် အပြုံးလေးနဲ့ တုန့်ပြန်ရင်း၊
ခုကျမတို့ မောင်သွားချင်တဲ့ American Museum of Natural History ပြတိုက်သွားမယ်၊ ညနေမိုးချုပ်သွားမယ်မောင်၊ ကြည့်စရာတွေအများကြီး၊
ဟုတ်တယ် ရုပ်ရှင်ကြည့်ပြီးကတည်းကသွားချင်နေတာ၊ ကျနော်ပြန်ဖြေလိုက်သည်၊
ခု ကျမက မောင်ရဲ့ တိုးလ်ဂိုက်၊
နှစ်ယောက်ပြိုင်တူရယ်ရင်း ပြတိုက်ဆီသို့ထွက်လာကြသည်။
ပြတိုက်ကအပြန် ကိုရီးယားဆိုင်တွင် ထမင်းဝင်စားကြသည်၊ ပိုက်ဆံရှင်းသောအခါ tip ကို ကျနော် ၂ ဒေါ်လာပဲပေးခဲ့သည်၊ မျက်ဝန်းလဲဲ့ပြာရီက မောင် tip ပေးတာနည်းတယ် ၄ဒေါ်လာလောက်ပေးရမှာ၊ စကာင်္ပူကလာလို့လားမသိ tip ပေးရခြင်းကိုမကြိုက်၊ 
‘Tip ပေးရတာမကြိုက်လို့ အမေရိကားမှာ မနေချင်တာ၊’
‘အဲဒီလိုမပြောနဲ့မောင် နောက်ခါကျမပဲပေးမယ်၊ အမေရိကားမှာ မနေချင်ဘူးလို့ မပြောပါနဲ့၊
နောင်မောင်ကျမနဲ့နေရမှာ၊’
‘အိုကေ၊ အိုကေ’ ဆိုပြီးရယ်ရယ်မောမော ပြန်ဖြေလိုက်သည်၊
ဒီနေ့လည်း Time square တွင်သွားထိုင်ကာ ဟော်တယ်ပြန်ရောက်တော့ မိုးချုပ်နေပြီ၊
ဒီတစ်ခါ မျက်ဝန်းလဲဲ့ပြာရီ တစ်ယောက် ရေအရင်ဝင်ချိုးသည်၊
မနက်ဖြန် မနက် ရှစ်နာရီ bus ကားဖြင့်၊ မျက်ဝန်းလဲဲ့ဲပြာရီ နေထိုင်ရာ Virginia သို့သွားမည်၊ 
Bus ကားက Washington, Arlington ရောက်မည်၊ သူနေသည့်နေရာ Reston ကိုဘယ်လို့သွားမည်မသိ။

မျက်ဝန်းလဲဲ့ပြာရီရဲ့ အမေးတွေကို ပြန်စဉ်းစားမိသည်၊ 

‘မောင်ကျမကို စိတ်နာလားဟင်၊’
နောက်ပြီးတော့
‘မောင်ကျမကို ခုဘယ်လိုမြင်သလဲ၊’
သူ ဘာဖြစ်လို့မေးရတာလဲ၊
မျက်ဝန်းလဲဲ့ပြာရီကို…………….
မျက်ဝန်းလဲဲ့ပြာရီသည်…………

သြော်အချစ်ဆိုသည်မှာ……..

ရေချိုးခန်းထဲမှ မျက်ဝန်းလဲဲ့ပြာရီရဲ့ သီချင်းသံထွက်ပေါ်လာသည်၊

"ကိုယ့်ကိုလေ စိုးမိုးနိုင်သည့်အင်အား
မောင်ဘယ်ကများရရှိထားသလဲ ပြောကြားလှည့်ပါ
နေရာတိုင်းမှာ မောင့်မျက်နှာ
နေရာတိုင်းမှာ မောင့်မျက်နှာ၊"



အတွေးများစွာဖြင့် ခဏနားပါဦးမည်။

                                                                  Liberty  လှေခါးထစ်များ၊
                                           Liberty  ရုပ်တုကြီးအောက်က
                                        Time Squareထိုင်ခဲ့ကြစဉ်

                                                  