Sunday, August 1, 2010

မနေ့တစ်နေ့က ငယ်ရုပ်ပုံလွှာ ( ၂ )

မော်လမြိုင်တွင်ရှစ်တန်းထိ ကျောင်းနေခဲ့ရစဉ် ခုနှစ်တန်းသည် ကျနော်အပျော်ဆုံးအတန်းဖြစ်ပါသည်။

သတိရစရာ မမေ့နိုင်သော ကျောင်းသားဘဝ တစ်ချို့အဖြစ်အပျက်လေးတွေက ခုနှစ်တန်းတွင် အများဆုံးဖြစ်ခဲ့ပါသည်။

ကျနော်နဲ့ စောခရစ္စတိုဖါတို့သည် အတန်း၏ အပြင်ဘက်ဆုံး နောက်ဆုံးခုံတန်း မတိုင်မီ ခုံတွင်နေရာယူထားသည်၊ ကျနော်တို့နောက်တွင် သင်းအောင် နှင့် မင်းစိုးနိုင်၊ အရှေ့တွင် စောလွင်ဦး နှင့် သန်းထွန်းအောင် တို့ဖြစ်သည်၊ သင်းအောင်သည် ပြည်နယ်တရားသူကြီး အဖွဲ့ဝင်၏သားဖြစ်သည်၊ သန်းထွန်းအောင်သည် ကျိုက်မရောဘက်မှာ ကျောင်းလာတက်သူဖြစ်သည်၊ ဦးလေးအိမ်တွင်နေသည် မွန်ဆရာကြီးတစ်ယောက်၏ သားဟုသိရသည်၊ အလွန်အေးသည်၊ ကျနော်၏ မဲဆွယ်မှု့ကြောင့် ၆ ယောက်လုံး ပထမအစမ်း ဒုတိယအစမ်း စာမေးပွဲများတွင် အောင် အောင်သာဖြေကြသည်၊ သို့သော် စာမေးပွဲကြီးတွင် သန်းထွန်းအောင်သည် အဆင့်တစ်ရရှိခဲ့သည်။

ခုနှစ်တန်းတွင် ကျနော်ပထမဦးဆုံးအကြိမ် ကျောင်းပြေးဖြစ်ခဲ့ပါသည်၊ ပထမဦးဆုံးအကြိမ် အုပ်စုလိုက်ရန်ဖြစ်ဘူးပါသည်၊ ကျောင်းပြေးခြင်းကို စောခရစ္စတိုဖါက အစပြုခဲ့ခြင်းဖြစ်ပါသည်၊ စောခရစ္စတိုဖါသည် ကျနော်တို့ကျောင်းက ဆရာမတစ်ယောက်၏တူတော်ပါသည်၊ ဖာဆောင်း၊ ဖားအံတို့တွင်နေပြီးတော့ မော်လမြိုင်ကိုရောက်ရှိခဲ့ခြင်းဖြစ်ပါသည်၊ စကားအလွန်ပေါသော်လည်း ဘယ်သူကိုမဆို မင်းနဲ့ငါနဲ့ပြောပါသည်၊ ထိုအတွက် ဆရာဆရာမများသည်းခံရသည်၊ ဟုတ်ဟုတ်မဟုတ်ဟုတ်ငြင်းတတ်ပါသည်။

ကျနော်က ငယ်ငယ်ကနေခဲ့သော လာရှိုးတွင် လာရှိုးကြီး၊ လာရှိုးလေးရှိကြောင်း ရေပူစမ်းရှိကြောင်းပြောသောအခါ၊ ခရစ္စတိုဖါကလည်း ဖာဆောင်းကြီး ဖာဆောင်းလေး၊ ဖားအံကြီး ဖားအံလေးရှိသည်ဟုပြန်ပြောသည်၊ ကျနော်က မကြားဘူးကြောင်း မဖြစ်နိုင်ကြောင်းပြန်ပြောရာ ဇွတ်ပြန်ငြင်းပါသည်၊ ဒီအတွက် ကျနော်ရှေ့က စောလွင်ဦးကို အကူအညီယူပြီးမေးရာ၊ လွင်ဦးက မဟုတ်ကြောင်း ခရစ္စတိုဖါ ပေါက်ကရပြောကြောင်းပြန်ပြောပါသည်၊ ခရစ္စတိုဖါက သူ ပေါက်ပြီးတော့လည်းပြောတာမဟုတ် ကပြီးတော့လည်းပြောတာမဟုတ် ရလို့လည်းပြောတာမဟုတ် သူငယ်ငယ်တုန်းကရှိကြောင်း၊ ခုရောဟုဆိုရာ ခုတော့မသိတော့ဘူးဟုလုပ်ပြန်သည်၊ နောက်ဆုံး မင်းညာတာလို့ အားလုံးကဝိုင်းပြောသောအခါ၊ သူ့ဘကြီးကို မေးလို့ရတယ်ဟုဆိုပြန်သည်၊ ကျနော်တို့က ဘယ်မှာလဲ မင်းဘကြီးဟုမေးရာ၊ မဲဆောက်၊ ရှမ်းဘက်ကမ်းမှာဟုဆိုကာ လုံးဝအလျှော့မပေးပဲ ပြောနေဆဲဖြစ်သည်၊ နောက်ဆုံး စောလွင်ဦးနဲ့ရန်ဖြစ်ကြသည်၊ ခရစ္စတိုဖါက လွင်ဦးကို မင်းတို့ တလိုင်းကရင်တွေ သတ္တိမရှိဘူး၊ လွင်ဦးက ခရစ္စတိုဖါကို ကိုလိုနီကရင် ပျက်နေတယ် စသဖြင့် တော်တော်တင်းမာလာသည်၊ နောက်ဆုံး ကျနော်နဲ့ သင်းအောင် ကရင်ချစ်ကြည်ရေး လုပ်ပေးလိုက်ရသည်၊ တကယ်တော့ ခရစ္စတိုဖါသည် သူငယ်ချင်းများနဲ့နေရခြင်းကို အထူးပျော်မွေ့နေသည်၊ သူဒီလိုမနေခဲ့ဘူးကြောင်း၊ မြန်မာစကားတွေ အများကြီး မပြောဘူးကြောင်း ကျနော်ကိုပြောပြသည်၊ ကျနော်တို့တွေသည် ဘယ်လိုပဲစစ နောက်နောက် ရန်ဖြစ်ဖြစ် နောက်နေ့တွင် မေ့သွားကာ အသစ်ပြန်စကြမြဲဖြစ်ပါသည်။

ကျနော်တို့ အုပ်စုသည် ၉ တန်း ၁၀ တန်းမှာ ကျောင်းသားကြီးများ၊ အတန်းမတက်ဘဲ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ ကြက်ခြေနီ အဖွဲ့ဝင်ကာ ဟိုဟိုဒီဒီ လျှောက်လုပ်နေခြင်းကို သတိထားမိကြသည်၊ နောက်ဆုံး ကျနော်ကပင်ဦးဆောင်ကာ အတန်းမတက်ရရင်ပြီးရောဟုဆိုကာ ကြက်ခြေနီ အဖွဲ့ဝင်ကြသည်၊ အိမ်သို့ မဝင်ရင်မရသည်ပုံစံနဲ့ ဝတ်စုံဖိုး တောင်းရသည်၊ ဆရာမကိုကြက်ခြေနီ ဟောပြောပွဲရှိလို့ သွားတက်ဦးမယ်၊ နာရီဝက်လောက်တက်ပြီးသောအခါ စတင်ကျောင်းပြေးဖြစ်ခဲ့သည်၊ ကျောင်းတဝိုက် ဆေးရုံကြီး၊ တရားရုံး၊ ဦးဇိနဘုရားနဲ့ တောင်ရိုးတန်းပေါ်တက်ကြသည်၊ ထိုသို့ ကျောင်းပြေးခြင်းကို အပျော်ဆုံးတစ်ယောက်ကတော့ စောခရစ္စတိုဖါ ဖြစ်သည်။

တစ်နေ့၌ မော်လမြိုင် ကျုံဒိုး၊ ကော့ကရိတ်သွား သင်္ဘောကို ကရင်တို့ကပစ်ရာ၊ လူပေါင်း သုံးဆယ်ကျော်သေ၍ တော်တော်များများ ဒဏ်ရာရကြသည်၊ သေဆုံးသူများထားရာ ရေခဲတိုက်သို့ ကျနော်တို့ ကျောင်းပြေးတစ်စု သွားကြည့်ကြသည်၊ သေဆုံးသူ တော်တော်များများမှာ မွန်လူမျိုးများဖြစ်ကြပြီး ကရင်၊မြန်မာ နှင့် တစ်ခြားလူမျိုးတို့ တစ်ယောက် နှစ်ယောက်ပဲဖြစ်သည်၊ ရေခဲတိုက်ထဲမလောက်၍ အပြင်မှာပင် ထားထားသည်၊ မင်းစိုးနိုင်တို့ အမျိုးတစ်ယောက်သေဆုံးခဲ့သည်၊ သွေးသံရဲရဲနှင့် သေသူများကိုကြည့်ပြီး၊ ကျနော်နှစ်ရက်ဖျားသွားခဲ့သည်၊ ကျနော်တို့အားလုံး ကျောင်းပြေးရင် ဆေးရုံကြီးသို့ မသွားရန် ဆုံးဖြတ်လိုက်ကြသည်။

ကျနော်ကျောင်းပြန်တက်သောနေ့တွင်၊ ကျောင်းကဒီရေတက်ကြမ်းမည်ဆိုပြီး အတန်းငယ်များကို စောစောပြန်လွတ်သည်၊ ခရစ္စတိုဖါက သူနဲ့ ဘုရားကျောင်းလိုက်ခဲ့ပေးပါဆို၍၊ အိမ်ကိုအကြောင်းကြားပြီး ခရစ္စတိုဖါနှင့်အတူ ဘုရားကျောင်းသို့လိုက်သွားခဲ့သည်။ Church ဘုရားကျောင်းသည် မော်လမြိုင် အထက်လမ်းမကြီးတွင် တည်ရှိသည်ကလွဲလို့ နေရာအတိအကျနဲ့ နာမည်ကိုမမှတ်မိတော့ပါ၊ အင်္ဂလိပ်ခေတ်ကဆောက်ထားခြင်းဖြစ်သည်၊ ခရစ္စတိုဖါသည် ဝတ်ပြုသည့်နေရာများကို ကျော်ဖြတ်ကာ အနောက်ဘက် စာကြည့်ခန်းမှတဆင့် မြေအောက်ခန်းသို့ဆင်းသွားသည်၊ ဝတ်ပြုသည့်နေရာတွင် မျက်နှာဖြူစစ္စတာတစ်ယောက်ကိုတွေ့ရသည် ကရင်လိုပြောတတ်သည်၊ မြေအောက်ခန်းသည် နှစ်ထပ်ဖြစ်သည်၊ ရုံးခန်းများ၊ စာအုပ်ခန်းများ၊ ပစ္စည်းသိုလှောင်ခန်းများနဲ့ ပြည့်ကြပ်နေသည်၊ အခန်းတစ်ခန်းသို့ ရောက်သောအခါ ကရင်လူမျိုး ဖာသားကြီးတစ်ယောက်ကို တွေ့ရသည် အသက် ၇၀လောက်ရှိပြီဖြစ်သည်၊ ကျနော်ကိုခုံတစ်ခုံတွင်ထိုင်ခိုင်းထားသည်၊ ခရစ္စတိုဖါသည် ဖာသားကြီးရှေ့တွင် မျက်စိမှိတ်ကာ လက်အုပ်ချီထားသည်၊ ဖာသားကြီးကိုလည်း တတွတ်တွတ်ပြောနေသည် ဖာသားကြီးကလည်း ပြန်လည်ဆုတောင်းပေးနေသည်ထင်သည်၊ သူတို့သည် ကရင်လိုပြောနေကြခြင်းဖြစ်သည်၊ ထိုနောက် ဖာသားကြီးက ဖန်ခွက်ထဲမှ ရေဖြင့် ခရစ္စတိုဖါကိုဖျန်းပေးသည် ပြီးနောက်ကျနော်ကိုလည်း ဖျန်းပေးသည်၊ ဖာသားကြီးက ကျနော်ကို ခရစ္စတိုဖါက သူမမြင်အပ်တာတွေကိုမြင်ပြီး အိပ်မပျော်ဖြစ်နေတယ် လူကလေးလည်းဒီလိုပဲလို့ပြောတယ် ခုဆုတောင်းပေးလိုက်ပြီ လူကလေးတို့ အိပ်ပျော်ကြတော့မှာပါ စိတ်ထဲမှာ ဘာမှမထားနဲ့တော့ ဘုရားသခင်က စောင့်ရှောက်မှာပါ ဟုဆိုသည်၊ ကျနော်ကလည်းဟုတ်ကဲ့ပါဟုဆိုလိုက်သည်၊ ထိုနောက်
ကျနော်လည်း ကျနော့်အိမ်ပြန် ခရစ္စတိုဖါလည်း သူ့အိမ်သို့ပြန်သွားခဲ့သည်၊ ကျနော် ပထမဦးဆုံး အကြိမ် Church ဘုရားကျောင်းသို့ ရောက်ဖူးခြင်းဖြစ်သည်။ နောက်နေ့များတွင် ကျနော်ရော ခရစ္စတိုဖါပါ လူသေများကို မေ့သွားကြသည်။

တရုတ်နှစ်ကူး တစ်ရက်နှင့်နောက်နေ့တစ်ရက်ကျနော် ကျောင်းမတက်ပါ၊ ကျနော်အဖိုး(အမေ၏အဖေ)သည် နှစ်ကူးကို အကြီးအကျယ်ပြုလုပ်လေ့ရှိသည်၊ အဖိုးသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် တရားသူကြီးလုပ်ခဲ့ဘူးသည်၊ တရုတ်ဆေးဆရာလည်းဖြစ်သည်၊ အဖိုး၏အမေ အဘွားသည် မော်လမြိုင်တစ်ဝိုက်တွင် သစ်စက်၊ ဆန်စက်၊ ရာဘာလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်သည်၊ ပြည်သူပိုင်သိမ်းခံရပြီးနောက် ခြံများသာကျန်ခဲ့သည်၊ အဘွား၏မောင်အငယ်ကတော့ မလေးရှားနိုင်ငံ ပီနန်သို့အပြီးပြောင်းရွေ့သွားသည်၊ နောက်တစ်ယောက်က ဘန်ကောက်သို့ အပြီးပြောင်းရွေ့သွားသည်၊ အဖိုးသည် ခြံသုံးခြံနှင် မောင်ငံက ခြောက်ထပ်တိုက်ကြီး၊ ပန်းပဲတန်းက တိုက်ပုလေးကို အမွေရခဲ့သည်၊ မောင်ငံက ခြောက်ထပ်တိုက်ကြီးကို အဖိုးလက်ထက်မှ ပြည်သူပိုင်သိမ်းခံရခြင်းဖြစ်သည်၊ ထိုအတွက် အဖိုးသည် မြေနီကုန်း၊ တောင်ဝိုင်း၊ စမ်းကြီး ခြံများတွင်လှည့်ပတ်နေထိုင်ခဲ့သည်၊ နှစ်ကူးကို မြေနီကုန်းခြံတွင် အကြီးအကျယ်ပြုလုပ်လေ့ရှိသည်၊ နှစ်ကူးဒုတိယနေ့တွင် ဆရာမတွေကို မုန့်တွေစားစရာတွေပို့ရင်း၊ သူငယ်ချင်းတသိုက်ကို မြေနီကုန်းခြံထဲသို့ နှစ်ကူးစားရန် ခေါ်လာခဲ့သည်။

ခရစ္စတိုဖါသည် ကျနော်တို့ ဆွေမျိုးများ နှစ်ကူးရှိခိုးနေကြပုံကို အံ့သြစွာဖြစ်နေသည်၊ ပြီးနောက်တိုးတိုးလေး မင်းအမျိုးတွေကလည်း တစ်ရွာလောက်ရှိတယ်၊ ကျနော်က မဟုတ်ပါဘူး အလုပ်သမားတွေလည်းပါတယ်၊
နောက်ဗိုက်ဆာပြီဟုဆိုလာသည်၊ မင်းစားချင်ရင် တရုတ်ဘုရားရှိခိုး လို့ဆိုလိုက်သည်၊ ခရစ္စတိုဖါက ငါ့ဘုရားမှ မဟုတ်တာ၊ ဒါဆိုလည်းမင်းမုန့်ပဲစားလို့ ကျနော်ကပြောလိုက်သည်၊ လွင်ဦး၊ သန်းထွန်းအောင်နှင့် မင်းစိုးနိုင်တို့ အမွှေးတိုင် ကိုယ်စီဖြင့် တရုတ်ဘုရားရှိခိုးပြီး ထမင်းနှင့် ကိုယ်ကြိုက်တဲ့ဟင်းထည့်ကာ စစားကြသည်၊ ခရစ္စတိုဖါလည်းထပြီး အမွှေးတိုင်ဖြင့် တရုတ်ဘုရားရှိခိုးကာ စစားတော့သည်၊ ဟဲဟဲနဲ့ ဝက်သဲကြော် ငါတအားကြိုက်လို့ဟုဆိုသည်။
ဒီလိုနဲ့ ကျနော်တို့သည် ၇တန်းအောင်ကာ ၈ တန်းရောက်ခဲ့ကြသည်။
၈ တန်းတွင် ကျောင်းပြေးမြဲပြေး၏၊ အထက ၃ မိန်းခလေးကျောင်းမှသည် သံလွင်ရုံ၊ ဘုရင့်ရုံ ရုပ်ရှင်ရုံတွေထိ နယ်ချဲ့ခဲ့ကြသည်၊ PT ချိန်မိုးရွာ၍ ဘောလုံးကန်ရာတွင် ကျနော်ကစ၍ စဂိုးသွင်းခံရတဲ့ဘက် ဘောင်းဘီချွတ် ကန်ကြေးဖြင့် ကန်ခဲ့ကြသည်၊ မင်းစိုးနိုင်က ကျနော်တို့ဘက်က ဂိုးစသွင်းလိုက်ရာ တခြားဘက်က ဘောင်းဘီချွတ်ရတော့သည် ကိုယ်လုံးတီးတွေနဲ့ကန်ကြရသည်၊ ထိုဖက်တွင်ပါသော ခရစ္စတိုဖါနှင့် နောက်တစ်ယောက်က မချွတ်ဘူးလုပ်နေသဖြင့် မချွတ်တဲ့ကောင် အခြောက်ဟု ဝိုင်းအော်တော့မှ ချွတ်ကြသည်၊ PTဆရာ၏အဆူကိုခံရသည်မှလွဲ၍ ကျနော်အတွက်တော့ မမေ့နိုင်စရာ ဘောလုံးပွဲဖြစ်ခဲ့သည်။

ကျနော်သည် ၈ တန်းအောင်သောအခါ မန္တလေးသို့ ပြောင်းခဲ့ရသည်၊ ဒီလိုနဲ့ ငယ်သူငယ်ချင်းတွေနဲ့ ဝေးခဲ့ရသည်။

ခရစ္စတိုဖါသည်လည်း ၈ တန်းအောင်သောအခါ ရန်ကုန် လိုလို ဖားအံလိုလို ပြောင်းသွားခဲ့သည်၊
နောက်မှ သိရသည်မှာ ခရစ္စတိုဖါ၏ ဘကြီးဆိုသူမှာ ကရင်အဖွဲ့အစည်း၏ အကြီးအကဲတစ်ဦးဖြစ်သည်၊
ခရစ္စတိုဖါနှင့် ကျနော်ယနေ့ထိ မတွေ့ဖြစ်တော့ပါ။
သန်းထွန်းအောင်သည် ယခုအခါ ဆရာဝန်ဖြစ်ကာ မွန်ပြည်နယ်မှာပင် အခြေကျနေထိုင်လျှက်ရှိသည်၊
စိုးနိုင် ခေါ် မင်းစိုးနိုင် သည် ဗိုလ်သင်တန်းတက်ကာ တပ်မတော်ထဲသို့ ဝင်ရောက်သွားသည်၊ ယခုအခါရှမ်းပြည်နယ်တွင် ကြာနေပြီဖြစ်သည်၊ ရှမ်းအမျိုးသမီးနှင့် အိမ်ထောင်ကြ၍ မွေးလာသော သူ့ကလေးနှစ်ယောက်သည် မွန်နှင့်ရှမ်းရော၍ ယိုးဒယားရုပ်ထွက်နေသည်၊ ကျိုင်းတုံ သစ်တပင်ကုန်းရှိ သူ့အရင်အိမ်ကိုသွားလည်တုန်းက သူသားကို ကျနော်က မင်းစိုင်းဟုနာမည်ပေးခဲ့သည်၊ စောလွင်ဦးသည် DKBA တွင်နေရာရနေလေသည်။

19 comments:

ကိုဇော် said...

ဒါလေးတွေ ပြန်တွေးရင် တကယ်ကို ကြည်ကြည်နူးနူး ခံစားရတယ်ဗျာ။ ငယ်ဘဝက မမေ့နိုင်စရာလေးတွေပေါ့။

Anonymous said...

ကိုဆိုဆီ ရဲ့ ငယ်ဘဝ တွေ ပြန်ဖတ်ရတာပျော်စရာ ကောင်းလိုက် တာဗျာ

ကျနော် က မန္တလေးသား မှတ်နေတာ အခုတော့ မော်လမြိုင် သားကိုးဗျ

အတန်းကြီးတော့ မန်းလေးမှာလည်း နေခဲ့တဲ့ ပုံဘဲ စောင့်ဖတ်နေပါတယ်ဗျာ ဆက်ရေးပေးပါအုန်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး

blackroze said...

ငယ်ငယ်တုန်းကအကြောင်းလေးတွေပြန်စဉ်းစား
လိုက်ရင်..စိတ်ထဲတမျိုးဘဲခံစားရတယ်..
သူငယ်ချင်းတွေကိုလဲအရမ်းပြန်သတိရမိတယ်..
ဆက်ပြီးတော့ရေးပါဦးနော်..ငယ်ငယ်တုန်းကအကြောင်း
လေးတွေ...ကိုဇော်ပြောသွားသလိုပါဘဲ
ငယ်ဘဝဆိုတာမမေ့နိုင်စရာလေးတွေပါ..
ခုချိန်ထိပြန်မတွေ့တော့တဲ့ခရစ္စတိုဖာနဲ့လည်း..
တနေ့နေ့ပြန်ဆုံပါစေလို့..

လသာည said...

သူငယ်ချင်းအရင်းတွေကို တနေရာစီရှင်သန် အဝေးရောက်တဲ့အထိ သတိရနေ၊ ဆက်သွယ်စုံစမ်းနေတဲ့ Sosegadoရဲ့ သူငယ်ချင်း သံဃောဇဉ်ကို ချီးကျူးမိပါတယ်။

သော်ဇင်စိုး said...

ဘောင်းဘီချွတ်ကန်ကြေးကတော့ အမိုက်ဆုံးပဲဗျို့.. ပျော်စရာအရမ်းကောင်းတဲ့ ငယ်ဘ၀ပဲဗျာ..

သော်ဇင်စိုး said...

ဘောင်းဘီချွတ်ကန်ကြေးကတော့ အမိုက်ဆုံးပဲဗျို့.. ပျော်စရာအရမ်းကောင်းတဲ့ ငယ်ဘ၀ပဲဗျာ..

ဧပရယ်လ်ပူး@ပူးတေ said...

ငယ်ဘဝအကြောင်းတွေ ပြန်တွေးကြည့်ရင် လက်ရှိအခြေအနေကို ခဏဖြစ်ဖြစ်မေ့သွားတယ်... ဖြစ်နိုင်မယ်ဆိုရင် ငယ်ဘဝကို ခဏလောက်ဖြစ်ဖြစ်ကို ပြန်ရချင်သေးတာ... :)

မောင်မိုး said...

ကလေးဘ၀တုန်းက ပျော်စရာဖြစ်ဖြစ်၊ ငိုစရာဖြစ်ဖြစ် ခုအချိန်မှာတော့ လွမ်းစရာ၊ တမ်းတစရာလေးတွေချည်းပါပဲဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ငယ်ဘ၀အကြောင်းများဆို ပြောလို့ သိပ်ကောင်ဒ
ဘယ်လောက်ပြောပြော မပြောဘူးရယ်..
သူများတွေရဲ့ ငယ်ဘ၀ကိုလည်း ဖတ်ရတာ ပျော်တယ်..

ပန်းနုနှင်းဆီ said...

ဖတ်ရတာ ပျော်ဖို့ကောင်းတယ်..
နောက်လဲ လာဖတ်ပါဦးမယ်

အဖြူရောင်နတ်သမီး said...

ဦးပေါက်ဖော်ကြီးကတော့ လုပ်ပြီ..း)
ငယ်ငယ်က ဘော်လုံးကန်တာ...အဲလိုကြီးလား...
ဟိ...ဆိုးပ

အင်ကြင်းသန့် said...

ပထမတစ်ပုဒ်တုန်းကလိုပဲ ဖတ်ရင်း ပြုံးမိတော့တာပါပဲ။ ကလေးဘ၀ပုံရိပ်တွေဆိုတာ တကယ့်ကို ပျော်စရာဘ၀လေးတွေ၊ ပြန်မရနိုင်တော့တဲ့ ဘ၀လေးတွေပါ....။

Anonymous said...

ကျနော့်အတွက်တော့ ငယ်ဘဝတွေကို ပြန်မစဉ်းစားတာပဲ ကောင်းပါတယ်၊ ကျုရှင်တွေအိမ်စာတွေနဲ့ အပြိုင်အဆိုင် မရှိတဲ့ ကိုဆိုစီရဲ့ ကျောင်းသားဘဝကို အားကျမိပါတယ်၊ Min Min

Anonymous said...

ကျောင်းပြေးတယ် ဘာလို့ ကျောင်းပြေးတယ်လို့ခေါ်တာလဲ၊ ကျောင်းပြေးတာ ပျော်စရာကြီးပေါ့ ၊ ကဲ ဘယ်သူအကောင်းဆုံး ကျောင်းပြေးဘူးသလဲ? ……မိုးမောင်

sosegado said...

အားလုံးပဲ ခရီးထွက်နေပါသည် sose

မန်းကိုကို said...

ဖတ်လို့ကောင်းတယ်ဗျာ၊ ငယ်ငယ်ကဘဝကို သတိရမိပါတယ်။

သင်္ဘောအပစ်ခံရတဲ့ ကိစ္စကိုဖတ်ရတော့လည်း အဟောင်းကအသစ်ပြန်ဖြစ်လာတယ်။ ကျနော်ငယ်စဉ်ကဖြစ်ခဲ့တာဖြစ်ပြီး မှီခဲ့ပါတယ်။ ခံစားခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်သလို ကိုယ်တိုင်လည်းဂဃနဏမသိခဲ့ပါဘူး။ သတင်းတွေကို ကြီးမှဆန့်ကျင်ဖက်တွေဆီက တင်ပြတာတွေပြန်ကြားခဲ့ရပါတယ်။ အတိုချုပ်ကတော့ ဆန့်ကျင်ဖက်လက်နက်ကိုင်တွေကြားက အပြစ်မဲ့တဲ့ ဓါးစာခံတွေပေါ့ဗျာ။ ဘယ်လိုဖြစ်ဖြစ် ဒီကနေ့အထိ စာမျက်နှာအသစ်မဖွင့်နိုင်ကြတာတော့ စိတ်မကောင်းဖြစ်ရတဲ့ အချက်တစ်ခုပါ။

ဂျစ်တူး ( မုံရွာ ) said...

ကိုယ်လုံးတီးတွေနဲ့ ဘောလုံးကန်တဲ့ပွဲတွေအခုရှိရင်ကောင်းမှာဗျို့ 
အဲဒီတုံးက တည်ငြိမ်အေး ရောချွတ်ရသေးလား-
နာတယ်ဗျာ-အဲဒီတုံးကဓါတ်ပုံလာရိုက်ရမှာ-
အခုတောင်နောက်ကျမှလာဖတ်ရတာ-

ကြည်ဖြူပိုင် said...

ခရစ္စတိုဖာက ပေါက်ကရပြောတာကို အဓိပ္ပါယ်ဖွင့်တာလဲရီရတယ်။ပြီးတော့ ဘောင်းဘီချွတ်ဘောလုံးကန်တာကိုလဲ
မျက်စိထဲမြင်ယောင်ပြီးရီမိတယ်။။(ကလေးတွေဆိုတော့လုပ်ချင်ရာလုပ်နေရရင်
ပျော်တာပဲနော်)
ဒါနဲ့ ခရီးထွက်ရာကပြန်လာရင် ဆက်ရေးပါဦး။
အနော်လင့်ခ်ထားလိုက်ပါဦးမယ်နော်။။ခွင့်ပြုပါ။
ပျော်ရွှင်သောခရီးဖြစ်ပါစေ။း)

သိင်္ဂါကျော် said...

:) :) :)