Saturday, July 3, 2010

လမ်းပေါ်မှာ


ဖုန်းဆိုးမြေတွေကိုဖြတ်ပြီး၊ စိမ်းဝါရောင်ခပ်ခြောက်ခြောက် တောအုပ်အစပ်မှာ၊
လမ်းဆုံကို ရောက်ခဲ့တယ်၊
ကျီးကန်းတွေ တအာအာအော်၊ လင်းတတွေပျံဝဲလို့၊
စွန်ရဲက ကောင်းကင်မှ ထိုးစိုက်ဆင်းလာတယ်၊
အောက်မှာ ခွေးတွေက မဟောင်ပဲအူ၊ ကျားသစ်တွေကတစွတ်ထိုး၊
သမင်တွေပြေးလို့ မြေခွေးက အငိုက်ကိုချောင်း ဇာတ်ကြမ်းခင်းမဲ့ သဏ္ဍန်ပေါ့၊
ရှားရှားပါးပါးပါပဲ၊ ဥယျာဉ်မမည်တဲ့ ချုံနွယ်ပင်အုပ်ထဲမှာ
ပန်းတစ်ချို့ပွင့်လို့ လိပ်ပြာတွေရစ်ဝိုင်း
ဇီဝစိုး ထအော်တော့ ဆက်ရက်တွေက သူတပါးကျွေးမဲ့အစာကို စောင့်
တော်လည်းသံကို ကြားလိုက်ရတယ်၊
အတိတ်နိမိတ်ကို ကောက်တတ်သူနဲ့
အရိပ်အထိန့်ကို ကြောက်တတ်သူဆိုရင်
သွေးလန့်ပြီး အဲဒီမှာတင် ရပ်တန့်သွားနိုင်တယ်။

ခရီးသွား တစ်ယောက်အနေနဲ့ ရပ်ပြီးတော့ကြည့်မိ ဘယ်လမ်းကို ဆက်ရပမသိ၊ ဝမ်းနည်းစရာကောင်းတာက တလမ်းထဲပဲ သွားခွင့်ရှိ၊
အခွင့်အရေးတစ်ခု လမ်းတလမ်းဆီကို အစမ်းတစ်ခါ တည သွားခွင့်ရှိလေတော့၊
ညကုန်မိုးလင်းရင် မရမက လမ်းဆုံကိုပြန်ရောက်ရမယ်ပေါ့ ၊
အစမ်းမသွားခင်မှာတော့ လှမ်းကြည့်တာ ဓမ္မတာမို့၊
အဝေး ဝေးနိုင်သမျှဝေးအောင်၊ အကြည့် ကြည့်နိုင်သမျှကြည့်မိတယ်၊
ဒီဘက်လမ်းမှာတော့ အစိမ်းရောင် အလံကိုလွင့်လို့၊
အပြာရောင်ဆိုင်းဘုတ်နဲ့ ဤနေရာမှ သွားရသည်တဲ့၊
အကွေ့အကောက် ထွေထောက်နေတဲ့ဆူးလမ်း
တောင်စောက်တောင်မတ်တွေနဲ့ တမြော်တခေါ်ကြီးပါလား၊
ဟိုဘက်လမ်းမှာတော့ အနီရောင် အလံကိုလွင့်လို့၊
အဝါရောင်ဆိုင်းဘုတ်နဲ့ ဤနေရာမှ သွားလာခွင့်မပြုတဲ့၊
ဖြောင့်ဖြူးတဲ့လမ်း ကောက်ကိုင်းတာတောင်မမြင်ဘူး
မြက်ခင်းစိမ်း ရေကန်တွေနဲ့ ပြေပြစ်တဲ့ တောင်တန်း
ပြေးသွားရင် နေ့ချင်းရောက်မဲ့ပုံ။

ယုံကြည်စရာအကြောင်းမရှိပေမဲ့ အချိန်အခါလာ လမ်းစပေးသူတွေက
သမိုင်း အစဉ်အလာမကောင်းကြလေတော့
ညွှန်းထားတဲ့လမ်းဟာ အစွန်းဝင်္ကပါချောက်ကမ်းပါး ဖြစ်ဘို့များတယ်၊
နေ့မှာတောင်လမ်းပျောက် လိုရာကိုမရောက်ပဲ
အလိုတော်ကြ ဆိုနေရတာက လမ်းဆုံးမရှိတဲ့လမ်းလို့
အများသုံးပေတံ အမြင်နဲ့ရမ်းပြောရင် ပြောနိုင်တယ်၊
အတွေ့အကြုံဆိုတာ ငါတို့မှာ ပြားစေ့လောက်ပဲ ရှိတာမို့ ၊
အများပြောတဲ့လမ်း ဖြောင့်ဖြူးနေတဲ့လမ်း သွားခွင့်မပြုတဲ့လမ်း
ပြေးသွားရင် နေ့ချင်းရောက်မဲ့လမ်း၊
ရဲရဲနီစွာနဲ့ အစမ်းခရီးနှင်ကာ ထွက်လာခဲ့တယ် ပန်းသီးတစ်လုံးကိုကိုက်လို့ပေါ့၊
နားထဲမှာတော့ လက်ခုပ်တီး သြဘာသံတွေကြားလိုက်ရတယ်။

လမ်းထဲကို စစလျှောက်ချင်းမှာပဲ
ဖြဖြအားပေးသံလို အသံတွေဆူညံသွားတယ်၊ ဗရာဘို တော်တော်ဟုတ်တဲ့ငါ၊
မြက်ခင်းပေါ်ဖြတ်လျှောက်တော့ ဘေးနားမှာ အရိုင်းပန်းတွေပွင့်လို့
ပျားပိတုန်းတွေဝဲ လိပ်ပြာကို ငါရှာလို့မတွေ့ပါဘူး၊
လူတစ်ယောက် သူရူးပမာပြေးနေတယ် ဝိညဉ်တွေ ဝိညဉ်တွေတဲ့၊
သူခြေထောက်နှစ်ချောင်း သွေးချင်းချင်းနီရဲ၊
ဒီမြက်တွေဟာရှတတ်တယ်ဆိုတာ အဝေးကကြည့်တော့ မမြင်နိုင်၊
ငါလည်း အရှခံသွေးတွေထွက်နေပေမဲ့ သြဘာသံကြားမှာနစ်မြုပ်လို့ ရှေ့တိုးခဲ့တယ်၊
ရေကန်အိုင်စပ်မှာ လူတစ်စုရှိတာနဲ့ စနည်းနာဘို့ ခပ်သုတ်သုတ်ထွက်လိုက်တာ
ရှောခနဲ မြွေတစ်ကောင်ထွက်လာ လှမ်းအပေါက်မှာ တန်းဆုတ်တာမြန်လို့
ရှေ့မှာတွေ့တဲ့ဟာကိုပေါက် ရန်သူလား မိတ်ဆွေလားမသိတဲ့မြွေမျိုး၊
ပေါလိုက်တဲ့မြွေတွေ မြွေတွေ အဝေးကကြည့်တော့ မမြင်နိုင်၊
ပိတုန်းတစ်ချို့ကလည်း သွေးညှီနံ့ကြောင့်လား၊ ပိတုန်းပီသအောင်လား ငါကိုကိုက်ခဲလိုက်တာ၊
ကိုက်တတ်တဲ့ပိတုန်းတွေ အဝေးကကြည့်တော့ မမြင်နိုင်၊
နာတာကိုနာတယ်လို့မှတ်ပြီး နေရာတကာ ဘုရားနဲ့ကိုင်ပေါက်တဲ့ လူတစ်ချို့ကို သတိရ
ငါလည်း အိုင်စပ်နားကလူစုဆီရောက်ခဲ့တယ်။

ဒီလူစုဟာ သူတို့ရဲ့ နတ်ဘုရားအတွက် ဆုတောင်းပွဲလုပ်နေကြတယ်၊
တစ်ကယ်တော့ လူတစ်စု မဟုတ်ဘူး အစုတွေ အစုတွေနဲ့ လူအစုတွေ
စုနေတဲ့လူတွေကို အဝေးကကြည့်တော့ မမြင်နိုင်၊
အဖွဲ့တွေကွဲ ပြောနေ ပြောနေကြတာတွေကလည်း တောမှာသွားပြောရင်တောင်
မိအေးတို့ ယုံမဲ့ပုံ မပေါ်ဘူး၊ အဖျားလည်းရှုးသွားလိုက်ကြတာ၊ တစ်ခါလာလဲ ဒီပုတ်ထဲကဒီပဲ၊
လမ်းမှန် လမ်းမှန်နဲ့ အကြမ်းပန်းကန်ထဲ ထည့်ပြော ဖိုးဖိုးတို့ဖွားဖွားတို့ရယ်
အသက်တွေလည်း ကြီးကုန်ပါပြီ၊
ရုတ်တရက် ပွဲဆူသွားတာနဲ့ ဘာဖြစ်တာပါလဲလို့ ဖုတ်ဖက်ခါထအကြည့်မှာ
အိင်္ကျီပြာ မျက်မှန်ထူ အဖိုးကြီးတစ်ယောက်ထွက်လာ
နှစ်လေးဆယ်ဇာတ်လမ်းတွေပြော အသစ် အသစ် အဆန်းတွေမပါတာနဲ့
ကတုံးစတောက်နှင့် လူက နှစ်နှစ်ဆယ်က အသံတွေနဲ့နှော
ဖါးပြုတ်တွေထလို့အော် ပုတ်လို့ကျော်တာတဲ့ ထုတ်နုတ်ကော်ကာ ကနေတဲ့ အရပ်ဇာတ်ပါပဲ၊
အဖွားကြီးတွေ လက်ခုပ်တီး အဖိုးကြီတွေ လက်မောင်းတန်း
ပြာပြာသလဲနဲ့ ဘုမသိဘမသိတွေထအော်လိုက်တာ မိုးတွေတောင်ခြိမ်းဆိုပဲ၊
ဂျောက်ဂျက် စိုင်းစိုင်း သီချင်းကြိုက်တဲ့သူတွေကတော့ တော်ရုံတန်ရုံ ညည်းကြတာ မဟုတ်ပေမဲ့လဲ
အဖိုးတို့က ကာရံမညီ တလွဲတွေဖြစ်နေတော့
တစ်ရံတစ်ခါဆီတွေးနေမဲ့အစား လောလောဆယ် မှန်မကြည့်ကြဘူးလားတဲ့၊
ပြောနေ ဟောနေ ရောနေ ကြတာတွေ အဝေးကကြည့်တော့ မမြင်နိုင်၊
အရင်တုန်းကဟာတွေ အမြဲတမ်းမှန်နေမယ်ဆိုရင် နာဂစ်တောင် ဝင်လာစရာ အကြောင်းမရှိ၊
ဆရာ ဆရာလို့ ခေါ်လိုက်တော့ ဗျာဗျာလို့ အော်သံတွေမဆဲ ရှင် ရှင်လို့ဆိုတာတောင်ပါသေး၊
ဒါပေမဲ့ ဆရာဖြစ်နိုင်တဲ့သူ မတွေ့သေး၊
နေရာတကာမှာ ဆရာတို့ လူကိုပဲ အကောင်းဆုံးမြင်နေတော့၊ တစ်ခါတစ်ရံမှာ ဆရာတို့ လူထက် ကောင်းတဲ့လူလည်း ရှိသေးတယ်ဆိုတာ သတိလေးထားဦး၊
ဆရာတို့လူကိုထိရင် အကန်းအရိုင်းပြန်ရိတာမို့ မှန်ကြည့်ပြီးတော့ ကိုယ်ကိုယ့်ကိုယ် ပြန်ကြည့်လိုက်ဦး၊ ဆရာ ဆရာ ဆရာ တို့ရယ် ဆရာ ဆရာ ဆရာ ဆိုပြီး ၁၈ ကြိမ်ခေါ်ပါတယ်၊
အဲဒီအချိန်မှာပဲ ပုရစ်တွေကထခုန် အဖြစ်တွေကစုံနေတော့
ပုရွက်ဆိတ်အိမ်ကို တုတ်နှင့်ထိုး မီးရှို့ဘို့ကြံတဲ့ ခပ်ညံ့ညံ့ လူယုတ်တစ်ချို့တွေ့ခဲ့ပါတယ်၊
သူတို့ခေါင်းဆောင်က အတော်ယုတ် သတိထား၊ ဗိုလ်ချုပ်ပုံကို နေရာတိုင်းမှာ ကပ်ထားတယ်။

အဖြူတစ်ဝက် အမည်းတစ်ဝက် ငပွကြီးခေါင်းဆောင်က အဆူမပျက်လေအောင်
ရမ်းသမ်းပြီးလှမ်းပစ် အနှစ်မပါတော့လည်း ထိချက်ကလွဲ၊
သူ့အရင် စစ်ဆင်ချင်နေတဲ့ အထီးမှန်းအမမှန်းမသိတဲ့ကောင် ကောင်းဘွိုင်လိုလိုဘာလိုလိုဆို ဒီထက်တောင်ပိုလို့ဆိုး၊
ဝတ္တရားအရပြောနေရတာကို အဟုတ်လားမှတ်နေသူတွေကတော့ ဟွန်းတယောနဲ့ သံပြိုင်ဆွဲ၊
ဖါးပြုတ်မကြီးဆိုပိုဆိုး အသေဆိုးဘာဆိုးနဲ့ ဆဲဆိုနေလိုက်တာလဲမိုးမွန်
ရောရောင်ပြီး လိုက်ဟောင် အသိုက်ပြောင်းချင်တယ်ဆိုလဲ ပြောင်းပေါ့ ဒါပေမဲ့ မင်းတို့ရဲ့ အမှိုက်ဟောင်းတွေကိုတော့ မထားခဲ့နဲ့ စရိုက်မကောင်းဘူးဆိုတာ လူတိုင်းသိတယ်၊
ယင်ကောင်တွေများလာတော့ ထင်တာတွေမှားနေပြီဆိုတာ
ငါလည်းဒီမှာ အသေအချာကိုသိလိုက်တယ်၊
ရေကန်ကို ကြည့်လိုက်တော့ မူမမှန်တာတွေကိုတွေ့တယ်၊ မာယာတွေပေါ့၊
ကင်းခြေများတွေကတော့ ငါ့အပေါ်တက်နေပေမဲ့ မကိုက်သေးဘူး၊
ငှက်တစ်အုပ်ထပျံသွား ကျွေးတာစားနေရတော့ ပေးတာနဲ့ ပျံကြ
တနွယ်ငင်တစ်စင်ပါတော့ ဟိုအဝင်လှမ်းလည်းမလှပါဘူး၊ စားနေကြတာတော့ မြိန်ရည်ရှက်ရည်
ကန်စပ် ကန်ပါး ကန်အလယ် ကန်နား မှာတော့ မြူပ်ချီပေါ်ချီနဲ့
ဟိုတစ်စု ဒီတစ်စု ဟိုတစ်ကွဲ ဒီတစ်ကွဲ လမ်းပျောက်နေကြတာ အဝေးကကြည့်တော့ မမြင်နိုင်၊
အရမ်းဟုတ်နေကြပြီထင်ပြီး လှမ်းတုတ်ကာ အော်နေကြဆဲ။

ကိုယ်လူလည်းကိုယ်မစည်းရုံးနိုင် သူ့လူလည်းကိုယ်မစည်းရုံးနိုင် ဝရုန်းသုန်းကားဖြစ်နေတာကို
ဆရာတို့က အတင်းရုန်းစမ်းပါလုပ်နေတာကတော့ ဆရာတို့အလွန်ပေါ့၊
ဒီလမ်း ဒီစခန်း ဒီမှန်းတာ မှန်ပေမဲ့ ဒီသရန်းတွေနဲ့ ဒီအတိုင်းတော့ မဖြစ်ဘူးလေ
ကန်စပ်မှာ တစ် နေကြတာကို ပြန်လှပ်ကာ အသေအချာ ပြန်မကြည့်ကြဘူး
သံချပ်ကာတွေကိုပဲ အပြစ်ပြောနေမယ်ဆိုရင် နံရံတစ်ချပ်သာ ခြားပေမဲ့လည်း
အမှန်တစ်ရပ်တော့ဖြစ်မလာပဲ မခံမရပ်နိုင်တာတွေနဲ့ ကမရတဲ့ဇာတ် ဖြစ်နေလိမ့်မယ်၊
ပြေးသွားရင် နေ့ချင်းရောက်မဲ့လမ်းဟာ တွေးထားတာတွေနဲ့ တခြားသို့၊
လိုရင်းမရောက်နိုင်တာမို့ လှည့်ပြန်ဘို့ လမ်းဆုံကိုဦးတည်လိုက်တယ်၊
မိုးးမလင်းမှီ ရောက်ရမှာမို့ ပြေးအပြန်မှာ ဘေးနံရံကဆဲသံတွေ ထူမွန်သွားတယ်
အသေသတ်ဘို့ လေသေနပ်နဲ့ လိုက်ပစ်နေတဲ့သူတွေလည်းပါ၊
ငါတို့နဲ့မပေါင်း မကောင်း၊ ငါတို့နောက်မလိုက် လူမိုက်၊ ငါတို့နဲ့ခွဲ ငရဲ၊ ငါတို့နဲ့မတူ ရန်သူ ဒီလိုထုံးနှလုံးသွင်းသူတို့ကတော့ ကုန်းရုန်းပြီးအော်ကာ ရန်သူတော်ကြီးပေါ့၊
အရပ်သိ အတွင်းသိ အပြတ်သိတွေကြားမှာ
အောက်တန်းကျတာတွေကို အဝေးကကြည့်တော့ မမြင်နိုင်၊
ခွေးအတွေက ငါနောက်ကလိုက် တော်သေးတာပေါ့ မြင်းရိုင်းတွေထွက်လာလို့
ရှားရှားပါးပါး လိပ်ပြာတစ်ကောင်က လမ်းပြလို့ လမ်းဆုံကိုပြန်ရောက်လာခဲ့တယ်၊
အနောက်က ဝိညဉ်တွေ ပါလာတာကို အဲဒီရောက်မှာ သိမိတယ်
ကျွတ်ချိန်တန်သွားကြပြီပေါ့။

အဲဒီညမှာပဲ တစ်ခြားလမ်းကို ခရီးထွက်ခဲ့တယ် စုတ်တသပ်သပ်နဲ့ ရှုတ်ချနေကြတာတဲ့
အပြတ်ယိမ်းနေကြသူတွေကတော့ ငါကို မျက်နှာစိမ်းလို လှမ်းကြည့်ကြတယ်
မလှမ်းမကမ်းက ကြည့်ခြင်းခံနေရသလို တောင်းရမ်း အကဲစမ်းတဲ့ သူလည်းပါတယ်၊
နေကာမျက်မှန်တတ်ပြီး ခပ်တည်တည်နဲ့လေချွန် လေးဖြူသီချင်းတောင် ညည်းလိုက်သေး၊
အယ်ဇေးရှင်းတွေ ဟောင်နေပေမဲ့ ပြထားတဲ့ နှစ်ကောင်ထဲ
ကျန်တာတွေက ကြိုးဖီရင်ကိုက်မဲ့ ငတ်ပြတ်နေကြတဲ့ ပါလာရာခွေး
ကျွဲတွေနွားတွေက ကွင်းပြင်မှာအင်အားပြလို့ ထောက်ခံတဲ့ပွဲဆိုလား၊
ထူးထူးဆန်းဆန်းပါပဲ ဝက်တွေကို တွေ့ခဲ့တယ် စားကောင်းလို့ဗိုက်ဆူ စရိုက်တွေကအတူတူ
အရင် စားလွန်းတဲ့ဗိုက်တွေ ရိုက်နှက်ပြီးသတ်ဖြတ် အဆုံးသတ် မကောင်းခဲ့တာလည်းမမှု့ စားကောင်းနေကြဆဲ၊
အိုကြီးအိုမတွေက အစ်ကိုကြီးညီလေးတွေကို လက်အုပ်လေးချီ ကြွပါလို့ပြော
မတော်တရော်တွေဖြစ်နေကြတာ တော်တန်ရုံသိတာနဲ့ပဲ ပြောပဲပြောတတ်ကြတယ်၊
အတွင်းမှာ ဘာရှိသလဲဆိုတာ အဝေးကကြည့်တော့ မမြင်နိုင်၊
သစ်ပင်တွေက လေတိုက်လည်းငြိမ်နေတယ်၊ သာလိကာတွေက သင်ထားတဲ့အတိုင်းပြော
ငြိမ်တိုင်းကောင်းတယ်ထင်နေတဲ့သူတွေက အချိန်တိုင်းပြောင်းပြန် ရတက်မအေးနိုင်ဘူး၊
အဲဒါရွေ့နိုင်တဲ့ ကျားကွက်တွေပဲ။

မျောက်တွေသင်မှတော့ လောက်တွေပဲထွက်လာမယ်ဆိုပြီး ပြောချင်သလိုပြော
ထောက်ကူပြီး တောက်ပြောင်အောင် လုပ်ပေးနိုင်ရင်
လောက်တွေဟာ အရယူပြီး တကယ့်ဆူပါတွေထွက်လို့
အရပ်ကူပါ မလိုတော့ဘူးပေါ့၊ တစ်သက်ပူစရာ မလိုတာတွေကို
ဒီပါအရပ်ရပ်က စီကာမကြည့်ဘူးဆိုရင် အဝေးကကြည့်တော့ မမြင်နိုင်၊
ယုန်ဖမ်းတဲ့ပွဲမှာ ကျားကိုသုံးတယ်ဆိုတော့
ခြောက်တတ်တဲ့သူတွေဟာ ဘယ်လောက်ကြောက်တတ်ကြသလဲဆို မလိုလည်းဂူအောင်းပြီးနေသတဲ့၊
ကလိမ်ကကျစ်တွေနဲ့ ငြမ်းဆင်ထားတဲ့လမ်းမှာ မတိမ်မနစ်ပဲ
သူတို့သွားတဲ့အတိုင်းသွားရင် ဘာဆူးမှာ မရှိ၊
ဆူးပင်တွေဆိုတာ အရူးကိုယဉ်အောင် လုပ်ပေးနိုင်တဲ့ ဇီးပင်တွေဆိုတော့
အသုံးချတတ်ရင် အပြုံးလှလှလေးရတတ်တာမို့ သေသေချာချာတွေးရအောင်
မရေရာတာတွေကို အဝေးကကြည့်တော့ မမြင်နိုင်၊
မြက်ခင်းအတုပေါ်မှာ စက္ကူပန်းတွေ ကြဲထားလိုက်ကြတာ
ပိတုန်းကောင်တောင် ယိမ်းယောင်တိမ်းစောင်ပြီးမူးလဲ၊
ပူးပြီးသတ်ရမှာကို အရူးကြီးချီးပန်းလို လိုက်ပြောနေရုံနဲ့
အကြီးအကဲဆိုတာတွေက အသီးပဲစားတတ်တဲ့သူတွေ မဟုတ်ဘူး
ငါကတော့ မထူးကဲပါပဲ ကြုံလို့ ဝါးစိမ်းအရက်ကို သောက်ပြီး တောင်ပေါ်သို့ထွက်ခဲ့တယ်၊
ဥသြတွေကတော့ တွန်နေဆဲ။

အံ့သြလောက်အောင်ပါပဲ တောင်တွေက မြင့်မားလိုက်တာ၊
အနားရောက်တော့ တစီစီ အသံတွေကြားရ၊ အဝီဝီနဲ့ ဆေးဆိုးပန်းရိုက်လုပ်နေသလား
လားလား ဒီတောင်ကြီးကခြတောင်ဘို့ကြီးပါလား အားပါးပါး မယုံကြည်စရာပဲ၊
ခြတွေရဲ့အိမ် ရွတ်တွနေတဲ့တောင်ကြီး အဝေးကကြည့်တော့ မမြင်နိုင်၊
သင်းခွေချပ် ပတတ်နှင့် ပုတ်သင်ညို တွေက ဒီအတိုင်းရပ်ကြည့်နေကြတယ်
ခပ်မှန်မှန် ဆက်လျှောက်လာတော့ ကောင်းကင်မှာ တောက်လျှောက်ပျံနေတဲ့ သိမ်းငှက်
ငါကို စောင့်ကြည့်နေတာပေါ့၊ ပုစဉ်းတွေနဲ့ မိတ်ဆွေဖြစ် ခြတွေအကြောင်း ကောင်းကောင်းနားလည်
တောင်းတောင်းပန်ပန် ပြောစရာမလိုပါဘူး အကြောင်းကံတရားတွေက
ခြအုံကြီးဟာ တွန်းတာနဲ့လဲမှာပဲ၊
အတင်းကတ်သတ်နေစရာ မလိုပါဘူး ကင်းချက်တတ်ဘို့ပဲလိုတယ်၊ အဲဒါမတွေ့နိုင်တဲ့ အချက်တစ်ရပ်ပဲ၊
ခြတောင်ကြီးပြိုရင် လမ်းပေါက်ပြီမို့ ဆာလောင်ပြီး စောင့်နေစရာ မလိုပါဘူး
ဖြိုတတ်ဘို့ပဲလိုတယ်၊
ရိုသေစွာနဲ့ ကြိုတွက်ထားတဲ့သူတွေက ဖြိုဘို့အတွက် ငိုဖို့ပဲသိတယ်
ကျားကွက်လည်းမရွေ့ မတရားတာပဲပြောနေကြတယ် သူတို့ဇယားကွက်တွေကလည်းမမှန်
တစ်ယောက်ထဲကိုပဲ အားကိုး အရောက်မလှမ်းနိုင်တဲ့အကျိုးတွေလိုပဲ စုံလုံးကန်းနေကြသလား၊
လေးဆယ့်သုံး လေးဆယ့်ငါး ငါးဆယ် ခြောက်ဆယ့်ငါး ဂဏန်းတွေ ငါကိုလာရွတ်မပြနေနဲ့
ခုနှစ်ဆယ့်ငါး တစ်ရာဖြစ်ဦး ဘာမှမဖြစ်ရင် ဘာမှမဖြစ်တာမို့၊
အဲဒီ့ ဘာမှမဖြစ်ခဲ့တာကို သိဘို့လိုနေကြပြီ၊
ဘာမှမဖြစ်ရင် အလကားမို့ ငါလည်း အကန်းတွေကိုမယုံလို့ လမ်းကြုံလိုက်ဖို့
အဖေါ်တွေကိုရှာရင်း သိသွားတာက ဒီနေရာမှာ ခြင်္သေ့ လိုနေတယ်၊
ခြင်္သေ့ ဆိုရင် ကျွဲတွေနွားတွေလည်းလိုက် ခွေးတွေကျားတွေလည်းမကိုက်
မြွေတွေဆိုလည်းတွင်းအောင်း အခြေအနေတွေဆိုလည်းပြောင်းလို့ အဖြေတွေကောင်းသွားနိုင်တယ်
ခြင်္သေ့ တစ်ခါဟောက်လိုက်ရင် ခြတွေပြားပြားဝတ် အသွင်တွေပြောင်းလို့ တောင်ဘို့တောင်ဖြိုစရာမလိုဘူး၊
ဒီလိုနဲ့ ငါလမ်းဆုံကို ပြန်ရောက်ခဲ့တယ်၊
လမ်းဆုံမှာ သွားကြုံရတာက လှမ်းမြင်ကာကြည့်တတ်တဲ့ အကောင်းမြင် ကတ္တီပါ ဂိုဏ်းသားတွေ
ကြောင်းကျိုးကို ဆင်ခြင်ကာရှုလို့ ခြင်္သေ့ကိုစောင့်နေကြတာတဲ့။

ခြင်္သေ့ကိုစောင့်နေကြတာသိတော့ ပုံရိပ်ကိုဖမ်းအထာရှိတဲ့ လူတစ်စုက ခြင်္သေ့ အရောင်ပြောင်းလို့ ဘောင်းဘီတွေချွတ်ကြတာ ပြောင်ပြောင်တင်းတင်းပါပဲ
ဘယ်လောက်ပင် အရောင်ပြောင်းစေဦးတော့ သူတို့ အသွင်သဏ္ဍန်မကောင်းပေါ့
အများအမြင်ပြောနေကြတာက သောင်းနဲ့ဦးကတော့ ပြောင်းလည်းထူးမဲ့ကောင်တွေ မဟုတ်ဘူးတဲ့၊
ဒီခြင်္သေ့အတုကို မပြတ်အစဉ်ရှုဘို့လိုတဲ့ ခပ်မြင်မြင်သမားတွေ ငါတို့လိုအပ်နေပြီ၊
ဒီကြံ့ခြင်္သေ့ဟာ ပန့်တွေဆင်ထားတာမို့ အရပ်အမြင် မတည့်တာကို
သိရက်နဲ့ အခက်ခွင်မဖမ်းနိုင်ရင်တော့ တော်တော်ညံ့တဲ့ အထက်ကတ္တီပါ ဂိုဏ်းသားတွေပါပဲ ၊
သူတို့ထုံး သူတို့ရုံးနှင့် သူတို့ရှုံးမဲ့ ပွဲမှာ အတုံးတုံးတွေကိုကျွေးပြီး
အကွက်မြင်ကာ ပျိုးပျိုးပြီးလုပ်ရမှာကို တသက်စာမထင်ပဲ ဘာလာလာ နိုးနိုးပဲလုပ်နေရင်တော့
တရေးသွားအိပ်လိုက်ကြဦး၊ ဟိုဘက်ကပြုံးနေလိမ့်မယ်၊
လမ်းမြင်ရပေမဲ့ လမ်းစဉ်ကမသိ ကျွမ်းကျင်တာလည်းမရှိ
လမ်းပေါက်ဘို့ လမ်းဖေါက်ဘို့လိုတယ် ခြင်္သေ့ကိုစောင့်နေစရာမလိုပါဘူး၊
အသင်တို့ရေ အထာကျွမ်းတဲ့ သူတွေကိုခေါ် တတ်ပြီးတော့မြင်တဲ့ သူတွေနဲ့ဆိုရင် လမ်းကရောက်ပါပြီပဲ၊
ဒါပေမဲ့လည်း ဒီအရပ် ဒီဇာတ်နဲ့ပဲ ကရမှာဆိုတော့ သတိတော့ထားဦး
ငါတို့လိုနေတာ ဒလိုင်းလားမား မဟုတ်ဘူး မင်ဒဲလားလည်းမဟုတ်ဘူး၊
လီကွမ်ယု မျက်မှန်တတ်ပြီး မဟာသီယာ ဘိနပ်စီး
ဆိုနီယာ အတွေးကိုဝတ်ထားတဲ့သူတွေ
ဘယ်မှာလဲ…. ဘယ်မှာလဲ….. ဘယ်မှာလဲ…..

လမ်းပေါ်မှာပဲ…..။


sosegado
27/06/2010



ရှည်တာကို အဆုံးထိဖတ်ရင်ပဲ ကြိုတင်ကျေးဇူးတင်ပါသည်။
Robert Frost ရဲ့ ကဗျာတွေကို ခံစားပြီး ရေးလိုက်သည်။ ပုဂ္ဂလိက ထင်မြင်ခံစားချက်တစ်ခုပါ၊



The route I never take, Mountain, The people waiting for lion

ပုံတွေကို google.com ideachampions.com iqmatrix.com မှယူပါသည်

27 comments:

ကိုဇော် said...

မော်ဒန် အက်ဆေးလေးလို့ပဲ ခံစားသွားရတယ်။
ဒီလို ကိုယ်ပိုင်အတွေးအရေးတိုင်းကို လေးစားပါတယ်ဗျာ။
ဘာတွေပဲ ဖြစ်နေပါစေ။
အခုလို ကောင်းကောင်းလေး တင်ပြတော့ ပိုအားပေးမိပါတယ်။

ဂျစ်တူး ( မုံရွာ ) said...

တည်ငြိမ်အေး---
သိပ့် ကို အကျိုးရှိတယ်ဗျို့ 
စာသားတွေကိုတစုတပေါင်းတည်းဖတ်လိုက်ရလို့ ပေါ့ဗျာ-
××××နာတာကိုနာတယ်လို့မှတ်ပြီး နေရာတကာ ဘုရားနဲ့ကိုင်ပေါက်တဲ့ လူတစ်ချို့ကို သတိရ ××××××
မှတ်သားစရာစာအများကြီးထဲမှ အကြိုက်ဆုံးစကားဘဲဗျို့ 
အရမ်းကိုသဘောကျသွားမိတယ်ဗျာ-

SHWE ZIN U said...

အမယ်လေး ကိုဆိုစီ ရေ

ဖတ်လိုက်ရတာ ခေါင်းကိုမူးသွားတာဘဲ အဟင်းးး ရှုတ်ရှုတ် ထွေးထွေး တွေ တော်တော် ရေး စဉ်းစား ရတာ မောသွားပြီ ရော်ပေးတော့

မသိသလိုလို နဲ့ သိချင်ယောင် ဆောင်ပြီး ပြန်ပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြတ်မွန် said...

ရှုပ်ထွေးနေတဲ့ ဝင်္ကဘာ တစ်ခုအဖြစ် ခံစားမိတယ်..။
အရှုပ်တွေကြားမှာ ရှင်းအောင်နေတာ အကောင်းဆုံးလို့ထင်တယ်..။
ရေးထားတဲ့ အတွေးကို လေးစားမိတယ်.။

Anonymous said...

Yamin said;
သုံးခေါက်လောက်ဖတ်လိုက်မှ ဖြစ်နေတာတွေရေးထားတာ ပေါ်လာတယ်
Robert Frost ဆိုတော့ တော်တော်ဖတ်ယူရတယ်

emodoll said...

အကောင်တွေလဲ စုံသွားတာပဲ.. ဖတ်ရင်း ဖတ်ရင်းတောင် သူ့နေရာရောက်သွားပြီ လူကမောလာတယ်... ဟီးဟီး.... လောကကြီးထဲက တွေ့နေရတာတွေအကုန် စုပြုံပြီးေ၇းထည့်ထားသလိုပါပဲ... ကာရံနဘေလေးနဲ့ဆိုတော့ လေးစားမိပါတယ်...

လသာည said...

အဆုံးအထိ ဖတ်သွားပါတယ်..။ သေသေချာချာ တွေးဖတ်လေ အဓိပ္ပါယ်တွေ များလာလေ..။ ဖတ်ရင်း အတွေးစတွေ လွင့်လွင့်သွားမိကြောင်း...

ဖတ်ကောင်း၏..ကြိုက်တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘောလုံးပွဲတစ်ဖက်နဲ့ ဒီလောက်ရေးနိုင်တာ ချီးကျုးသွားပါတယ်..
သေသေချာချာ ဖတ်မိတော့မှ ထည့်ထားတဲ့ အတွေးတွေ ကွက်ကွက်ကွင်းကွင်း ပေါ်လာတော့တယ်..
အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ၀ံပုလွေတွေက ဇာတ်မပျက်ခင်ထိတော့
ဇာတ်ခုံပေါ် ကြီးစိုးနေပေလိမ့်ဦးမယ်..

ရေသန့်  said...

ခြတောင်ပြိုရင်လမ်းပေါက်မှာမို့ 
ဖြိုတတ်ဖို့ ပဲလိုတယ်...
ကောင်းလိုက်တာ ဗျာ..

အတွေးကမ္ဘာ..မှတ်တမ်း said...

ဆယ်ရက်၊ ဆယ်လ၊ တစ်ထောင့်ကိုးရာတစ်ဆယ်...အင်း နစ်နေတာက ကြာပေါ့......ချေလိုက်ဦးမဲ့ ယတြာ ပေါ့ဗျာ....

အင်ကြင်းသန့် said...

ကိုဆိုဆီရေ....ရှည်ပေမယ့် သေသေချာချာဖတ်သွားပါတယ်။ ညှပ်ပြီးထည့်ထားတဲ့ အသုံးအနှုံးတွေကိုလည်း သဘောကျလို့။

“ခြင်္သေ့ကိုစောင့်နေကြတာသိတော့ ပုံရိပ်ကိုဖမ်းအထာရှိတဲ့ လူတစ်စုက ခြင်္သေ့ အရောင်ပြောင်းလို့ ဘောင်းဘီတွေချွတ်ကြတာ ပြောင်ပြောင်တင်းတင်းပါပဲ
ဘယ်လောက်ပင် အရောင်ပြောင်းစေဦးတော့ သူတို့ အသွင်သဏ္ဍန်မကောင်းပေါ့....”း)))

မှန်လိုက်လေခြင်း။

“ငါတို့လိုနေတာ ဒလိုင်းလားမား မဟုတ်ဘူး မင်ဒဲလားလည်းမဟုတ်ဘူး၊
လီကွမ်ယု မျက်မှန်တတ်ပြီး မဟာသီယာ ဘိနပ်စီး
ဆိုနီယာ အတွေးကိုဝတ်ထားတဲ့သူတွေ
ဘယ်မှာလဲ…. ဘယ်မှာလဲ….. ဘယ်မှာလဲ…
လမ်းပေါ်မှာပဲ…..။”

တော်ပါပေတယ် ကိုဆိုဆီ....

Anonymous said...

ရိုသေစွာနဲ့ ကြိုတွက်ထားတဲ့သူတွေက ဖြိုဘို့အတွက် ငိုဖို့ပဲသိတယ်
ကျားကွက်လည်းမရွေ့ မတရားတာပဲပြောနေကြတယ် သူတို့ဇယားကွက်တွေကလည်းမမှန်
တစ်ယောက်ထဲကိုပဲ အားကိုး

တစ်ယောက်ထဲကိုပဲ အားကိုး…..
မှန်လိုက်လေဗျာ..


Min Min

blackroze said...

အဆုံးအထိဖတ်သွားပါတယ်....
အတွေးတွေအများကြီးပါတဲ့အက်ဆေးလေးပါဘဲ

မြစ်ကျိုးအင်း said...

ဖတ်ရတာ တိရိစ္ဆာန်တွေပေမယ့် သူတို့ကို မြင်ယောင်လာတယ်။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့

ညလင်းအိမ် said...

ရေးတတ်တယ်ဗျာ ... စိတ်ရှည်ရှည်နဲ့ ဖတ်သွားပါဧ။် ..

အိမ့်ချမ်းမြေ့ said...

မလေး ဖတ်သွားတယ်...

ချိုကျ said...

ကိုဆိုစီရေ....အဲလိုကဗျာတွေပေါ့.....့ အမှန်ကိုအမှန်ချင်း အမှားကိုအမှားချင်း အခြေနေကို အခြေနေချင်း အချိန်ခါကို အချိန်ခါချင်း ဖွင့်ဆိုထားတဲ့ကဗျာတွေကိုပေါ့ အမြဲတမ်းဦးညွှတ်နေမိတယ်ဗျာ....။

ခင်တဲ့(ချိုကျ)

ahphyulay said...

အင်း ..
ဖတ်ပြီး မော သွား ပါတယ်၊
ရှည်လို့ လေ၊ ဒါပေမဲ့  ဖတ်နေရင်း ရင်တွေ ကို
ခုန်နေ လှုပ်နေ စေခဲ့ တယ် ဆိုတာတော့  သေချာ ပါတယ်၊
ပေါက်ကွဲ မှု သံစဉ် တွေ ကို မျှဝေ ခံစား သွား
မိ ပါတယ်နော်..။

nyan gyi said...

တစ်ကယ်တော့ လူတစ်စု မဟုတ်ဘူး အစုတွေ အစုတွေနဲ့ လူအစုတွေ
စုနေတဲ့လူတွေကို အဝေးကကြည့်တော့ မမြင်နိုင်၊
အဖွဲ့တွေကွဲ ပြောနေ ပြောနေကြတာတွေကလည်း တောမှာသွားပြောရင်တောင်
မိအေးတို့ ယုံမဲ့ပုံ မပေါ်ဘူး၊

ဒါပေမဲ့လည်း ဒီအရပ် ဒီဇာတ်နဲ့ပဲ ကရမှာဆိုတော့ သတိတော့ထားဦး
ငါတို့လိုနေတာ ဒလိုင်းလားမား မဟုတ်ဘူး မင်ဒဲလားလည်းမဟုတ်ဘူး၊
သေသေချာချာ တွေးဖတ်လေ အဓိပ္ပါယ်တွေ များလာလေ
သဘောကျသွားတယ်

Anonymous said...

တစ်ချို့ကို နားမလည်ပေမဲ့၊ နားလည်တဲ့ဟာတွေက ထိရောက်လွန်းတယ်၊
ပုဂ္ဂလိက ထင်မြင်ချက်ဆိုပေမဲ့၊ ဒီလိုထင်မြင်တဲ့ သူတွေအများကြီးရှိမှာပါ
အပေါ်ကပြောသလို တကယ်လိုနေတာ ဘာလဲ… ?
ဘာလာလာ နိုးနိုးပဲလုပ်နေရင်တော့ တစ်ရေးမဟုတ်ဘူးဗျို့ ကာလနဂါးလိုအိပ်နေရမှာ။

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဆိုဆီရေ... ၃/၄ ခါလောက် ထပ်ခါထပ်ခါ နားလည်အောင် ဖတ်ပြီးတဲ့ အချိန်မှာ ဘိုင်အိုဂျက်ဆစ် တစ်လုံး တိတ်ခ် လိုက်ရတယ်.....မနက်ကတည်းက ခေါင်းလျော်လာပြီး ဆံပင်ရေစိုနဲ့ ခေါင်းကိုက်နေလို့ပါ.... :)

အနမ်း said...

ရေးလည်းရေးတတ်ပါ့ ရေးလည်းရေးနိုင်ပါ့ ။ ဖတ်ရတဲ့သူတောင်အတော်မောတယ်။ ဟူးးးးးးးးးးးးးးးးးး
အလည်ရောက်လို့မန့်ခဲ့ပါ၏။ စီဗုံးမမြင်လို့ပါး))))
လာလည်သွားတာလည်းကျေးဇူးတင်ပါတယ်။

Anonymous said...

တိရိစ္ဆာန်တွေနဲ့ ရေးထားပေမဲ့၊ စဉ်းစားရင်ပီပြင်လာတယ်ထင်ပါတယ်၊
မောင်မောင်

အနမ်း said...

ရေးလည်းရေးတတ်ပါ့ ရေးလည်းရေးနိုင်ပါ့ ။ ဖတ်ရတဲ့သူတောင်အတော်မောတယ်။ ဟူးးးးးးးးးးးးးးးးးး
အလည်ရောက်လို့မန့်ခဲ့ပါ၏။ စီဗုံးမမြင်လို့ပါး))))
လာလည်သွားတာလည်းကျေးဇူးတင်ပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

စာလာဖတ်သွားတယ် ကိုစိုးစီ၊ ကောင်းလိုက်တာဗျာ၊
ဘောပွဲတွေ ကိုက်နေလို့ အိမ်အလည်တောင် သိပ်မထွက်ဖြစ်ဘူး ...။

သဒ္ဓါလှိုင်း said...

ရောက်ပါတယ် ကိုတည်ငြိမ်ရေ..။
စိတ်ဝင်စားစရာကောင်းတဲ့ ပိုစ့်လေးပါ.။

ခင်မင်စွာ
သဒ္ဓါ

ဘုန်းဉာဏ် said...

ယုံကြည်စရာအကြောင်း မရှိပေမဲ့ အချိန်အခါလာ လမ်းစပေးသူတွေက
သမိုင်း အစဉ်အလာ မကောင်းကြလေတော့
ညွှန်းထားတဲ့လမ်းဟာ အစွန်းဝင်္ကပါ ချောက်ကမ်းပါး ဖြစ်ဘို့များတယ်၊

ကဗျာရှည်ကြီး ရေးတဲ့ အတွက်ရော တွေးစရာတွေ အတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ်။