Friday, June 18, 2010

အကောင်းအတိုင်းဖြစ်စေသည် အပိုင်း(၃)

"နေကိုလည်းမြင်ရတယ်၊ လကိုလည်းမြင်ရတယ်၊
အဝေးကိုလည်းမြင်ရတယ်၊ အနီးကိုလည်းမြင်ရတယ်၊
အပေါ်ကိုလည်းမြင်ရတယ်၊ အောက်ကိုလည်းမြင်ရတယ်၊
ရေကိုကြည့်တော့ ပင်လယ်ကိုတွေ့တယ်၊ လေကိုကြည့်တော့ ကောင်းကင်ကိုတွေ့တယ်၊
အရောင်အားလုံးဟာ အဖြူနှင့်အမဲပဲ ဆိုရင်၊
ငါဟာ မြင်နိုင်တဲ့သူပေါ့။
မျောက်တစ်ကောင်က လူကိုကြည့်ပြီး တော်တော်အချိုးမပြေတဲ့ သတ္တဝါလို့ဆိုတယ်၊
လူကတော့ မျောက်ကိုကြည့်ပြီး ပြောချင်တာတွေပြောတယ်၊
သိုးတစ်ကောင် ခုန်ပေါက်နေတော့၊
ပျော်ရွင်စွာ ခုန်ပေါက်နေတာတဲ့၊ နာကျင်လွန်းလို့ ခုန်ပေါက်နေတာတဲ့၊
ရူးသွပ်သွားလို့ ခုန်ပေါက်နေတာတဲ့၊ ချစ်သူနဲ့တွေ့လို့ ခုန်ပေါက်နေတာတဲ့၊
ဒီထက်ဆိုးတာက ကမ္ဘာပျက်လို့တဲ့၊
ငါဟာ မမြင်နိုင်တဲ့သူပေါ့။"

ဆွေးနွေးပွဲတစ်ခုအပြီးတွင် ကျနော် နှင့် မစ္စစ်အမ်းတို့ အန်ဂျီလာအကြောင်း ပြောဖြစ်ကြသည်၊ အဖေ အမေ မရှိ၊ အဖွားနှင့် ကြီးပြင်းလာရသော အန်ဂျီလာသည် လားရာပျောက်ကာ ဆိုးချင်သလိုဆိုးခဲ့သည်၊ ဒီကြားထဲ တွယ်တာရသော ရည်းစားနဲ့လည်းပြတ်သည်၊ ဆောက်တည်ရာမရ ထိန်းမရ ဖြစ်နေချိန်တွင် ပရိုဘေးရှင်းထိခြင်းပင်၊ အန်ဂျီလာအတွက် အကောင်းဆုံးလို့ပင် ဆိုရမည်၊ Girl home (မိန်းခလေး ကလေးထောင်) ပို့မည်ဆဲဆဲ မစ္စစ်အမ်းနှင့်တွေ့ခဲ့သည်ဟုဆိုသည်၊ ကျမသူ့ကို အမေတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို မေတ္တာ အကြံဉာဏ်တွေပေးခဲ့ပါတယ်၊ အန်ဂျီလာ ကလေးမွေးတော့ ကျမအနားမှာရှိနေခဲ့တယ်၊ ကိုယ်လမ်းကိုယ်လျှောက်တတ်အောင် ကိုယ်ကိုယ့်ကိုယ်ယုံကြည်တတ်အောင် အချိန်တွေပေးခဲ့ရတယ်၊ လွယ်လွယ်နဲ့တော့ မဟုတ်ဘူး၊ အဆိုးတွေကိုပယ်ဖျောက်ပြီး အကောင်းအတိုင်းဖြစ်စေခဲ့တယ်၊ လူတစ်ယောက်ကို အကောင်းမြင်တတ်အောင် ရိုက်သွင်းလို့မရဘူး နားလည်အောင်ပြောပြပြီး သူရသလောက်ယူစေတာ အကောင်းဆုံးပါပဲဟု မစ္စစ်အမ်းကဆိုသည်၊ မစ္စစ်အမ်း၏ နည်းလမ်းများနဲ့ ဆုံးမစကားများသည် အသစ်အဆန်းတွေ့ချင်သော ဆယ်ကျော်သက်ရွယ်တို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

ကျမက ကောင်ဆယ်လင်း ဝါသနာပါတော့ Generation Gap မဖြစ်အောင် အမြဲလေ့လာနေရတယ်၊ အရမ်းတော်ပါတယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက် အများထောက်ခံပါတယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်တောင်မှာ Gap ဖြစ်လို့ရှိရင်တဖြေးဖြေးနှင့် အောင်မြင်မှု့တွေနဲ့ဝေးသွားရတာပါပဲ၊ ဒါကြောင့်မို့ ကျမတို့အလုပ်ထဲမှာလည်း Gap analysis, Risk analysis တွေအမြဲလုပ်နေရတာ၊ ဒါဟာနေရာတိုင်းမှာ လိုအပ်တယ်လို့ ကျမထင်မြင်မိပါတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်က အနှစ်နှစ်ဆယ်က မှန်ပါတယ်ဆိုတာတွေ ဒီနေ့မှာ ကိုက်ညီမှု့ရှိချင်မှရှိတော့မယ် ပြောင်းလဲနေတာတွေနဲ့ ကျမတို့လိုက်ရမှာပါ၊ New Generation လူငယ်တွေဆိုတာ အရမ်းအရေးကြီးပါတယ်၊ မျိုးဆက်သစ်မပါဘူး အသစ်တွေမပေါက်ဖွားလာဘူးဆိုရင် ဘယ်လုပ်ငန်း ဘယ်အဖွဲ့အစည်းမဆို ကျတာပါပဲ၊ ဒါကြောင့်မို့ R&D တို့ သုတေသနတို့ကို ကျမတို့ ပိုက်ဆံတွေအကုန်ကျခံပြီး လုပ်နေရတာပေါ့ ၊ စသဖြင့် မစ္စစ်အမ်းက ကျနော်ကိုပင် ကောင်ဆယ်လင်းလုပ်သွားသည်။

ဒီညနေ နယူးဇီလန်က ဧည့်သည်တွေကိုပြုစုရန် GM က ကျနော်ကိုထည့်လိုက်သည်၊ ဧည့်သည်ထဲက တစ်ယောက်က System manager ဖြစ်၍လည်းဖြစ်သည်၊ ဧည့်သည်က သုံးယောက် ကျနော်တို့က သုံးယောက်၊ ကျနော်ရယ်၊ Marketing managerရယ် နှင့် Marketing က ဟယ်လင်တို့ဖြစ်သည်၊ အေဂျင့်ကုမ္ပဏီက နှစ်ယောက်လည်းပါသည်၊ ပထမဦးဆုံး Boat Quay ရှိ Iris pub တွင် စားသောက်ကြသည်၊ သူတို့ရဲ့ နာမည်ကြီး Baguette Braise, oxtail and garlic bread ကို မကြိုက်သော်လည်းစား ဘီယာလေးသောက် သီချင်းလေးနဲ့ငြိမ့်ပါသည်၊ စကားအလိုက်အထိုက်လိုက်ပြောရင်း တစ်ခါတစ်လေ slow rock အပြင်းစားများတွင် မျောပါသွားသည်၊ တစ်နာရီခွဲခန့်တွင် ကိုရွှေဧည့်သည်များက မြူးမြူးကြွကြွလေးဖြစ်ချင်သည်ပြောသည်၊ ဟယ်လင်၏လမ်းညွှန်မှု့နှင့် အဲဒီနားက ZIRCA Night club သို့ရောက်သွားကြသည်၊ (Ministry of Sound ကိုနာမည်ပြောင်းထားသည်) ဝင်သွားတော့ အထဲမှာ club သုံးခုပေါင်းထားသည်ထင်သည်၊ mega clubပင်၊ ဒီဘက်မှာhip-hop ဟိုဘက်မှာ dance club နှင့် ကျနော်တို့လူကွဲသွားကြသည်၊ ကျနော်နှင့်ဧည့်သည်တစ်ယောက်သာ Yello Jello Retrobar ဘက်မှာကျန်ခဲ့သည်၊ ဒီဧည့်သည်က တော်တော်သောက်သည် အလကားရလို့လားမသိ၊ လုံးဝထမက၊ တစ်နာရီခန့်ကြာသော် ဘားက အရက်စပ်သူနှင့် စကားစမြည်ပြောဖြစ်သည်၊ သူ၏ညွန်ပြမှု့ဖြင့် မြန်မာကောင်မလေးနှစ်ယောက်ကို တွေ့ရသည်၊ ကနေလိုက်တာ နှစ်ယောက်လုံးမျက်နှာရင်းနှီးသည် တန်းပနီးစ်ဘက်က Poly ကျောင်းဆင်း၊ အဖြူနဲ့တွဲကလိုက် တရုတ်နဲ့တွဲကလိုက်၊ နောက်တစ်ယောက်က မြန်မာပြည်က ကြီးကြီးမာစတာ၏ သမီးဖြစ်သည်၊ သူတို့တွေကအပြင်မှာ မခုတ်တတ်သလို၊ မြန်မာဆိုအထင်မကြီးသည့်ပုံစံ၊ ပင်နီဆူလားမသွား မြန်မာများတယ် ဆိုတဲ့သူတွေ ခုဒီထဲမှာ ဟိုလူကိုင် ဒီလူကိုင်၊ အရက်မူးနေတဲ့သူရော ဆေးမူးနေတဲ့သူရော၊ ကျနော်လည်း နည်းနည်းတော့ မူးနေပြီ၊ ဟယ်လင်ပြန်ရောက်လာပြီး ကျနော်နဲ့ တွဲကချင်သည်ဆို၏၊ ဧည့်သည်တွေရှေ့မှာဆိုတော့ ရက်စ်လုပ်လိုက်ရသည်၊ slow ကဖြစ်သည် တွဲကနေရင်း ကျနော်နဲ့လိုက်ခဲ့မည်ပြောသည်၊ အိုးမိုင်ဂေါ့ဟု စိတ်ထဲကပြောပြီး၊ ငါကဧည့်သည်တွေအတွက် တာဝန်ရှိနေတယ်၊ မဖြစ်နိုင်ပါဘူးဟုပြောလိုက်သည်၊ ကပြီးတော့ အနမ်းပေးရင်း ‘anyway thank you’ လုပ်သွားသည်၊ ည ၁၂နာရီထိုးခါနီး ကိုယ်တော်တွေ လက်ပန်းကျပြီး တစ်ခုခုလိုနေသေးတယ်လုပ်သည်၊ ဟယ်လင်က တော်တော်မူးနေပြီ၊ အေဂျင့် အဖြူကောင်က သူလိုက်ပို့ပေးမယ်ဆိုပြီး ပါသွားလေသည်။

ကျနော်တို့လည်း ဧည့်သည်တွေကို Orchard Tower ရှိ Naughty girl night club သို့ထပ်ခေါ်သွားသည်၊ အဲဒီမှာ သူတို့လိုချင်တာလည်းရရော Marketing managerက သူတို့ကို ဟော်တယ်သို့ပြန်ပို့သည်၊ ကျနော်ကတော့ တက်ဆီနှင့် အိမ်ပြန်လာခဲ့သည်၊ သြော် Custormerisation ဆိုတာမလွယ်ပါလား။

အိမ်ကိုပြန်ရောက်ပြီး ရေချိုးနေတုန်း ဖုန်းလာသည်၊ အန်ဂျီလာဆီကဖြစ်သည်၊ ကျနော်က ဘာဖြစ်လို့လဲ၊ ဘာကိစ္စရှိလို့လဲ မေးရာ၊ ဆရာအိမ်ပြန်ရောက်လောက်ပြီထင်လို့ပါ အဆင်ပြေတယ်နော်ဆရာ၊ ကျနော်က အဆင်ပြေပါတယ်၊ ဒါဆို good night ဆရာ ဆိုပြီးဖုန်းချသွားသည်၊ ကျနော်စိတ်ထဲမှာ အန်ဂျီလာဘာလို့ ဆက်တာလဲ၊ တစ်ခါမှ မဆက်ဖူးဘူး၊ နောက်တော့ညကြီး အတွေးများစွာဖြင့် ရီဝေဝေ အိပ်ပျော်သွားသည်။

နောက်နေ့ ၁၀နာရီလောက် အန်ဂျီလာဆီက ဖုန်းလာပြန်သည်၊ ဆရာနိုးပြီလား၊ သမီးလေးက ဆရာတို့ ကွန်ဒိုမှာ ရေကူးချင်လို့ဟုဆိုလာသည်၊ မငြင်းမိပဲ လာခဲ့ပါဟုဆိုလိုက်သည်၊ ခဏနေကြာ အိမ်သို့ရောက်လာကြသည်၊
အန်ဂျီလာက ‘သမီးလေးပါဆရာ ဆွန်းဆွန်းတဲ့၊ သမီး အန်ကယ်ကိုနုတ်ဆက်လိုက်၊’
ကလေးမလေးက ‘ဟယ်လိုအန်ကယ် ဟောင်းအာယူ’ ဆိုပြီးနူတ်ဆက်သည်၊
သူတို့နှစ်ယောက်ကို ရေကူးကန်သို့ခေါ်သွားပြီး စာရင်းသွင်းပေးလိုက်သည်၊ ဒီကွန်ဒိုမှာ ဧည့်သည်တွေ ရေကူးချင်ရင် အိမ်ရှင်လိုက်လာပြီး စာရင်းပေးရသည်၊ အန်ဂျီလာတစ်ယောက် သူ့သမီးကို ကလေးကန်ထဲသို့ချပေးပြီး၊ ကျနော်နဲ့ စကားလာပြောသည်၊ လက်ထဲတွင်လည်း သူ့ကျောင်းစာအုပ်တွေပါလာသည်၊ ကျနော်က ဘယ်လောက်ကြာကြာ ကလေးဆော့မှာလည်းဟု မေးလိုက်ရာ တစ်နာရီလောက်တော့ကြာမယ်ဆို၍၊ အဲဒါဆို ဆရာပြန်လိုက်ဦးမယ်၊ ပြီးရင်အိမ်ကို ကော်ဖီသောက် လာခဲ့ကြလေ ဆိုတော့၊ အန်ဂျီလာက ဟုတ်ကဲ့ဟုပြန်ဖြေသည်၊ ကျနော်လည်း အိမ်သို့ပြန်လာလိုက်သည်။

………………………………………………………………….

မြဝင်းတစ်ယောက် မောင်ဇော် ပျောက်ချက်သားကောင်းနေ၍၎င်း Lakeside ဘက်သို့ရောက်နေပြီး အချိန်ရ၍၎င်း မောင်ဇော် အိမ်သို့ဝင်ရန် ဆုံးဖြတ်လိုက်သည်၊ ဒီနားရောက်နေမှတော့ ဖုန်းမခေါ်တော့ဘူး၊ တံခါးသွားခေါက်မယ်၊ ရှိရင်လည်းတွေ့မယ်၊ မရှိတော့လည်းပြန်တာပေါ့ဟု စိတ်ထဲကတွေးထားသည်၊
မောင်ဇော်က ကွန်ဒိုတွင် တခန်းလုံးတစ်ယောက်ထဲနေသည်၊ အိမ်ရှင်က အိပ်ခန်းတစ်ခန်းကို သော့ခတ်ထားသည်၊ သူငယ်ချင်းတွေစုပြီး တစ်ခါတစ်လေ ဝိုင်းကြသည်၊ သောက်ဖြစ်ကြသည်၊
အိမ်ရှေ့ကလူခေါ်ဘဲလ်ကို နိပ်လိုက်သည်၊ တံခါးပွင့်လာပြီး တရုတ်မလေးတစ်ယောက်ထွက်လာသည်၊ ရက်စ် လို့ပြောသည်၊ မြဝင်းတွေဝေသွားသည်၊ အိမ်မှားပြီထင်သည် ဒီကောင်အိမ်က Tower 4 အခန်း XX ၊ အခန်းနံပတ်ကြည့်လိုက်သည်၊ မှန်သည် ဒီကောင်အိမ်ပြောင်းသွားပြီလား၊
ထိုအခါ ‘ကောင်မလေးက အာယူ မောင် ဖရန့်၊’
မြဝင်းလည်း ‘ရက်စ်’ ‘ရက်စ်’ လုပ်လိုက်သည်၊
‘ဘယ်သူလို့ပြောလိုက်ရမလ’ဲဟုဆိုသည်၊
‘ကျနော်နာမည် မြဝင်းလို့ခေါ်ပါတယ်၊ မြဝင်း ပါ၊’
ဘာတွေလိုက်ပြောမိမှန်းမသိ၊ ကောင်မလေးက ခဏစောင့်ပါဆိုပြီးပြန်ဝင်သွားသည်၊ မြဝင်း တွေးနေမိသည်၊ မရောက်တဲ့ သုံးလလောက်အတွင်း၊ ဘာတွေဘယ်လိုဖြစ်တာလဲ၊ ဒီအိမ်ကို အကြိမ်တစ်ရာမကရောက်ဘူးသည် ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက် လုပ်နေကြ၊ ခုမှစစ်လားမေးလားနဲ့၊ အရေးကြီးတာက ဒီကောင်မလေး ဘယ်သူလဲ၊ ချောချောလှလှလေး ငယ်သေးသည်၊ ချက်ချင်းပင် ကောင်မလေးပြန်ရောက်လာပြီး၊ ‘ဝင်ပါရှင် မောင် ရေချိုးနေလို့ပါ၊’ အထဲသို့ဝင်လိုက်သည်၊ ကောင်မလေးကလည်း ခုမှရေချိုးပြီးသည့်ပုံစံ၊ ရေချိုးပုဝါအိင်္ကျီဝတ်ထားသည်၊ အထဲရောက်ပြီးဆိုဖာတွင်ထိုင်လိုက်သည် အရင်တုန်းက ဒီကောင်အိပ်ခန်းထဲ တခါထဲတန်းဝင်နေကြ၊ ဟိုက်ရှာလပတ်ရည် ဂုရုကွေး တသလို တလိုက်မိသည်၊ ကလေးလေးတစ်ယောက် သုံးနှစ်လောက်ရှိမည် မိန်းခလေး၊ မောင်ဇော် ပစ္စည်းတွေနဲ့ ဆော့နေသည်၊ အူကြောင်ကြောင်ဖြစ်နေသော သူကို ကောင်မလေးကပြုံးပြသည်၊ မြဝင်းလည်း ပြန်ပြုံးပြလိုက်သည်၊ နောက် ကောင်မလေးက ‘ဒါကျမရဲ့သမီးလေးပါ၊’
‘ဟုတ်က’ဲ့ ဆိုပြီးငြိမ်နေလိုက်သည်၊
ကောင်မလေးက မီးဖိုမှာလုပ်စရာရှိလို့ သွားလုပ်လိုက်ဦးမည်ဟု ဆိုပြီးထွက်သွားသည်၊ ကလေးလေးက ‘Are you a stranger?’ မင်းလူစိမ်းတစ်ယောက်လားဟုမေးသည်၊ မဟုတ်ဘူး ငါ မောင့်သူငယ်ချင်းဟု ပြန်ဖြေလိုက်သည်၊ ဦးဦးရဲ့ သူငယ်ချင်းဆိုရင် သူနဲ့လာကစားဘို့ပြောသည်၊ ဦးဦးကသူနဲ့ ကစားနေကြဟု ပြောသည်၊ အန်ကယ်မကစားတတ်ဘူး၊ အန်ကယ် ဦးဦးကိုစောင့်လိုက်ဦးမယ်၊ ပြောမှ ကလေးလည်း သူဟာသူ ကစားနေသည်။

ခဏနေကြာ မောင်ဇော်ထွက်လာသည်၊ ‘ဟေ့ကောင်မြဝင်း မလာတာကြာပီ၊’
‘မင်းလဲပျောက်နေတာ ဒါကြောင့်မို့ ငါကြုံတုန်းလှည့်ဝင်လာတာ’ ပြောဖြစ်ကြသည်၊ မြဝင်းအမူအရာကိုကြည့်ပြီး မောင်ဇော်က ‘မြဝင်းဒါက ငါတို့ရုံးက အန်ဂျီလာ၊ သူ့သမီးလေး ဆွန်းဆွန်းတဲ့၊ ဒီနားမှာနေတာ ရေလာကူးနေကြ၊ ဒီနေ့ အင်ဂျီလာက ငါကို ဝါတန်ခေါက်ဆွဲ (Woton noodle) လုပ်ကျွေးမလို့ အိမ်ကိုရောက်နေတာ၊ မင်းပါဝင်စားသွား၊ ပြီးရင် ငါမင်းနဲ့လိုက်ခဲ့မယ်၊’ အေးအေးဆေးဆေးပင် ပြောနေသော မောင်ဇော်ကို မြဝင်းလေ့လာနေသည်။

…………………………………………………………………….

၅၂ လမ်း HDB ရုံးရှေ့ ထိုင်နေကြ ကုလားဆိုင်တွင် ထိုင်ဖြစ်ကြသည်၊ မောင်ဇော်ကပင် လက်ဖက်ရည်သွားယူလာရင်း၊ ‘ဟေ့ကောင်မြဝင်း ဘာဖြစ်နေတာလဲကွ’ ဟုမေးလိုက်သည်။
မြဝင်းက ‘မင်းကဘဲငါ့ကို ဘာဖြစ်နေတာလဲမေးရတယ်၊ ငါကမေးရမှာ’ ဟုပြန်ပြောသည်၊
မောင်ဇော်က ‘ဘာဖြစ်လို့လဲ ငါ့အိမ် ဧည့်သည်မလာရဘူးလား’ ဟုပြန်မေးရာ၊
‘ဟေ့ကောင်မောင်ဇော် မင်းငါ့ကို ရိနေတာလား’ မြဝင်းက ပြန်မေးသည်၊
မောင်ဇော်ကရယ်ရင်း ‘အေးပါ ငါကလည်း မင်းဖြစ်နေပုံကိုကြည့်ပြီး ပြောမလို့ဒီဆိုင်ကို ခေါ်လာတာ၊ တော်ကြာနေ မင်းမိန်းမဆီ သတင်းမှားတွေရောက်သွားလို့ အမှားတွေလျှင်မြန်စွာပျံ့ သွားမှာ စိုးရိမ်ရတယ်၊’
မြဝင်းကလည်း ‘အောင်မာ မိန်းမပါ အဆစ်ပါလိုက်သေး ပြော ပြော ဘာတွေလဲ၊’
မောင်ဇော်က ပြောပြီးပါကော ‘ငါတို့ရုံးက ကောင်မလေး ရေလာကူးနေကြ၊ ဒီနေ့ ခေါက်ဆွဲလုပ်စားတယ်၊’
‘နောက်နေ့ ဘာလုပ်စားကြဦးမလဲ၊ မင်းတို့ဟာ တအားရင်းနှီးနေသလိုပဲ၊’ မြဝင်း ကောက်ချက်ချလိုက်သည်၊
မောင်ဇော်က ‘အေးကွာ ငါလက်အောက်မှာလုပ်တဲ့ ကောင်မလေးပါ၊ သူ့အကြောင်းကို စိတ်ဝင်းစားပြီး မေးမြန်းကြည့်ရာက ရင်းနှီးသွားကြတာပါ၊ ငါတို့ဘာမှ မဖြစ်ကြပါဘူး၊’
မြဝင်းက ‘ကောင်မလေးက ကလေးတစ်ယောက်နဲ့လေ၊’
မောင်ဇော်ကလည်း မြဝင်းကို အန်ဂျီလာ အကြောင်းပြောပြလိုက်သည်။

အပြီးမှာတော့ မြဝင်းက မောင်ဇော်ကို ‘မင်းကကောင်မလေးကို ရီဗယ်တလိုက်လုပ်ပေးနေတာကိုး၊ ဒါပေမဲ့ ငါကြည့်ရတာ အန်ဂျီလာက မင်းကိုအားကိုးချင်နေသလို၊ မင်းကလည်း စိတ်ဝင်စားနေသလို၊ အေးကြည့်လုပ်ဦးနော်၊ ကောင်မလေးက ကလေးတစ်ယောက်နဲ့၊ နောက်ပြီးမင်းအောက်မှာလုပ်တာ၊ မင်းမိဘတွေ ဒါတွေလည်းထည့်တွက်ကွာ၊ မင်းလည်းဒီအရွယ်ကြီးရောက်နေပြီ၊’
မောင်ဇော်ကလည်း ‘ဟုတ်ကဲ့ပါကွာ၊ မင်းကအိမ်ကို တစ်နာရီလောက်လေးလာပြီး ကောက်ချက်တွေ မင်းဘာသာမင်း ချနေလိုက်တာ၊’
မြဝင်းက မျက်နာကိုတည်လိုက်ပြီး ‘ဟေ့ကောင် သဘာကွသဘာ၊ ငါတွေးကြည့်လိုက်ရင် ပြေးကြည့်တာထက်တောင်မှန်သေးတယ်၊’
မောင်ဇော်ကလည်း ရယ်လျှက် ပညာရှိကြီးပေါ့ဟု ပြန်ပြောသည်။

ပြီးနောက် မောင်ဇော်တစ်ယောက် မျက်နာကို တည်လိုက်ပြီး 'မြဝင်း ငါပြောမယ်သေချာနားထောင်၊
လောလောဆယ် ဒီကောင်မလေးကို ငါကြိုက်နေတယ် မကြိုက်ဘူးလား ငါကိုယ့်ငါ မသိသေးဘူး၊ ဒီကောင်မလေးကလည်း ငါကို ကြိုက်နေတယ်လို့ ပြောလို့မရဘူး၊ ဒါပေမဲ့ ငါအမြင်ကို မင်းကိုပြောပြမယ်၊
တကယ်လို့ ငါ အန်ဂျီလာကို ကြိုက်ခဲ့ရင် သူကလေးတစ်ယောက်ရှိတာလည်း ငါအတွက်ဘာမှ မဟုတ်ဘူး၊ သူအတိတ်ကဆိုးခဲ့ တာတွေကိုလည်း ငါ ဂရုစိုက်မှာမဟုတ်ဘူး၊ လောလောဆယ်နဲ့ ရှေ့မှာ ဘယ်လိုဆိုတာကိုပဲ အရေးကြီးတယ်၊ အန်ဂျီလာဟာ ငါဖြစ်ချင်တဲ့သူ၊ ငါ့စိတ်ကူးထဲကသူ ငါနဲ့သဘောထားခြင်းတူတဲ့သူ င့ါကိုမြတ်နိုးတဲ့သူ ဆိုရင်၊ သူ့ထက်ကောင်းတောင် သူလောက်မကောင်းဘူး၊ ဒါပေမဲ့ မင်းကို တစ်ခု ကတိပေးလိုက်မယ်၊ ငါနဲ့ အန်ဂျီလာတို့ ချစ်သူတွေဖြစ်ခဲ့ကြရင် အန်ဂျီလာ ငါ့လက်အောက်မှာ မရှိစေရဘူး၊'
မြဝင်းက 'အင်းအင်း' နဲ့ မောင်ဇော်ဆက်ပြောမှာကို စောင့်နေသည်၊
'မြန်မာ အသိုင်းဝိုင်းမှာ ဘာတွေနဲ့ ဘယ်လိုတိုင်းတာပြီး ဟန်ဆောင်ဖုံးကွယ်နေကြတာတွေ အများကြီး၊ ယဉ်ကျေးမှု့ ဆိုတာ ပြောင်းလဲနေတယ်ဆိုတာ ငါလက်ခံတယ်၊
ပြောကြရအောင်ဆိုရင် မင်းရော မင်းမိန်းမရဲ့ သမိုင်းကို မင်းပြန်လှန်ရဲသလား၊ သူ့မှာ ၁၄ နှစ်တုန်းက ရည်စားရှိခဲ့မယ်၊ မင်းမဟုတ်ဘဲ တိတ်တခိုး လွမ်းနေရတဲ့သူ ရှိနိုင်တာပဲ၊ သူ့ လျှို့ဝှက်ချက်တွေရှိမှာပဲ၊ မင်းမှာလဲ မင်း လျှို့ဝှက်ချက်တွေရှိမှာပဲ၊ သိသွားပြီးမှ ကွဲကြပြဲကြတာတွေ အများကြီးပဲ၊ အစထဲကသိထားကြရင် တစ်မျိုးပေါ့၊ ကိုယ့်ယောက်ျား အငယ်တွေနဲ့ ပျော်မြူးနေတာကို မပြောရဲတဲ့ မိန်းမတွေ၊ ကိုယ့်မိန်းမ လင်ငယ်နေတာကို ကြိတ်ခံစားနေတဲ့ ယောက်ျားတွေ အများကြီးပဲ၊
မြန်မာမှု့ ဆိုတဲ့ စံထားနဲ့ စင်္ကာပူရောက်နေတဲ့ မြန်မာမိန်းကလေးတွေ၊ ဥရောပ၊ အော်ဆီ၊ အမေရိကားက မြန်မာမိန်းကလေးတွေ မင်းဘယ်လိုသွားတိုင်းမလဲ၊ one night stand ဆိုတာ သူတို့အတွက် easyပဲ၊ မင်းလည်း သမီးမွေးထားတာပဲ၊ ၁၃ ၁၄ နှစ်ဆို မင်းသိလာလိမ့်မယ်၊ အဲဒီအချိန်မှ နှလုံးရောဂါတွေရမနေနဲ့၊ အုပ်ထားလို့ရတဲ့ အရာမျိုးမဟုတ်ဘူး၊ သူတို့ရဲ့ high school student life ဟာ ဒီလိုပဲဆိုတာ မင်းလက်ခံရလိမ့်မယ်၊ အဲဒီအရွယ်တွေကို ဘုန်းကြီးကျောင်းပို့ဘို့တော့ မလွယ်ဘူး၊ အကောင်းဆုံးနည်းလမ်းကို မင်းရှာကြံပေတော့။'

မောင်ဇော်က မြဝင်းကို 'ငါဒီထက်ပိုပြောဦးမယ်၊'
'ဒီတစ်ခါ အန်ဂျီလာဘက်ကပြောမယ်၊ ကလေးတစ်ယောက် အမေဖြစ်တိုင်းလည်း ယောက်ျားထပ်ယူလို့ မရတော့ဘူးလား၊ ဒါဆို မုဆိုးမတွေ၊ တစ်ခုလပ်တွေ၊ living together ရည်စားနဲ့အတူနေဘူးတဲ့သူတွေ ဘယ်လိုလုပ်ကြမလဲ၊'
'ယောက်ျားခဏခဏ ယူတဲ့ အနုပညာသည်တွေ ဘယ်လိုလုပ်မလဲ၊ တရားဝင်ယူတာ ခိုးစားတာထက် ပိုကောင်းတယ် မဟုတ်လား၊'
မြဝင်းက 'မင်းအမြင်တွေကို ငါပေါက်ပါတယ်၊ ဒါပေမဲ့ မင်းငါပြောတာကိုလည်း စဉ်းစားဦး၊ ရေရှည်ကိုကြည့်ပေါ့၊ အံဝင်ဂွင်ကျဖြစ်ဘို့ အရေးကြီးတယ် မဟုတ်လား၊ မင်းကိုတော့ ငါပြိုင်ပြောလို့မရပါဘူး၊ သတိထားဦး ကြိုက်နေရင် ဘာမှမမြင်တတ်ဘူး၊'
'အေးပါ၊ မင်းတို့နဲ့လည်းတိုင်ပင်မှာပါ၊ မင်းဆီက စကားတွေကားသွားမှာစိုးလို့၊ ငါ မင်းကိုပြောပြလိုက်တာ၊ ငါက စာအုပ်ကြီးတွေဖတ်၊ ဟိုကို ကိုးကား ဒီကို လိုက်နာ၊ စကားကြီး စကားကျယ်တွေပြောတဲ့၊ လူစားမျိုးတော့မဟုတ်ဘူး၊ ဖြစ်နိုင်တာကို လက်တွေ့ လုပ်တဲ့သူဆိုတာ မင်းသိမှာပါ၊' မောင်ဇော်က မြဝင်းကိုပြန်ပြောလိုက်သည်။
မြဝင်းက နောက်ထပ်တွေ့ကြဦးမယ်ဟုဆိုကာ၊ နှစ်ယောက်လမ်းခွဲလိုက်သည်။

အပိုင်း (၃) ပြီးပါပြီ။


ဓါတ်ပုံကို LocalHarvest.org မှယူသည်၊

20 comments:

Anonymous said...

အင်း....အရင်တစ်ပိုင်းတုံးက ဒီလိုဖြစ်လာမလား တွေးမိသေးတယ်။ နောက် Mr. Mg ကို ဒီလို အဖြစ်ခံမယ့်လူစားမဟုတ်ပါဘူးလို့ ထင်မိသေးတယ်။ (ဒီလိုဖြစ်တယ်ဆိုတာ အင်ဂျီလာနဲ့ အိမ်လာတဲ့အဆင့်ထိ ရင်းနှီးသွားတာကိုပြောတာပါ။)

ကိုဇော် said...

ဒီအပိုင်းလေးကို ဘလော့ဂါတွေ ၊ လူတွေ များများ ဆုံတဲ့ လမ်းဆုံ လမ်းခွမှာ ဆိုင်းဘုတ်နဲ့ ထောင်ပြထား လိုက်ချင်တယ်ဗျာ။ ပြောင်းလဲနေတဲ့ အတွေးအခေါ် ၊ ခေတ်ကို အမှီမလိုက်ဘဲနဲ့ သူတို့ရဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ပေတံကြီး ၊ ရိရွဲနေတဲ့ စာအုပ်ကြီးကို တကိုင်ကိုင်နဲ့ ဖြစ်နေတဲ့ သူတို့ကို နည်းနည်းလောက် ဖတ်ကြည့်မိစေချင်တယ်ဗျာ။
ကျေးဇူးပဲ . . .ဆက်ပါဦး။

ရွှေရတုမှတ်တမ်း said...

အိမ်လာလည်တော့လဲ ကောင်းကောင်းပြုစုနိုင်တာပေါ့..
အ..ဟတ်..ဟတ်..

လသာည said...

အပိုင်း(၃)တင်ပေးတာ ကျေးဇူးတင်ပါတယ်။

လူတစ်ယောက်ကို အကောင်းမြင်တတ်အောင် ရိုက်သွင်းလို့မရဘူး နားလည်အောင်ပြောပြပြီး သူရသလောက်ယူစေတာ အကောင်းဆုံးပါပဲဟု..

နားလည်အောင် ပြောပြီး အကောင်းအတိုင်း ဘယ်လိုဖြစ်စေမလဲဆိုတာ မျှော် မျှော်....

ဂုလု said...

ဒီတစ်ပိုင်းက အတိတ်ဇာတ်လမ်းတစ်ပုဒ်ကိုပြောရင်း လက်ရှိဖြစ်ပျက်နေတာတွေရဲ့ အရိပ်ထင်နေသလိုပဲ... နောက်တစ်ပိုင်းစောင်ဖတ်နေတယ်ဗျာ :)

ကိုအောင်(ပျူနိုင်ငံ) said...

စာတွေ လာဖတ်ပါတယ် ကိုစိုးစီ၊ အားပေးလျက်။

TYZ said...

အပိုင်း ၃ လေးလည်း လာဖတ်သွားပါတယ်။ ဆက်ရန်ကို ဆက်မျှော်နေတယ်။ ပျော်ရွှင်ပါစေ........

SHWE ZIN U said...

ကိုဆိုဆီ ရေ

ဘာလိုဘဲ ဖြစ်ဖြစ် ကျေးဇူတင်ပါတယ် နောက်တပိုင်းလည်း မျှော်နေမယ် ကိုဆိုဆီ


ခင်မင်စွာဖြင့်
ရွှေစင်ဦး

ahphyulay said...

ရေးတာ ညိမ် တယ်၊
ထပ်မေးမယ် တကယ့်  အဖြစ်တွေလား...
ဖတ်ရင်းနဲ့  ရုပ်တွေ ကြွ လာသလို မြင်လာတယ်၊
ဆက် စောင့် ဖတ်အုံး မယ်လေ..။

ခင်မင် စွာ ဖြင့် 
( အဖြူလေး )

Anonymous said...

မျောက်တစ်ကောင်က လူကိုကြည့်ပြီး တော်တော်အချိုးမပြေတဲ့ သတ္တဝါလို့ဆိုတယ်၊
လူကတော့ မျောက်ကိုကြည့်ပြီး ပြောချင်တာတွေပြောတယ်၊

လူနှင့်မျောက်တို့ရဲ့ အညမည လား၊.
Min Min

အတွေးကမ္ဘာ..မှတ်တမ်း said...

"ရီဗယ်တလိုက်" လို့ပေါ်လွင်စေသလို...တဖက်ကလည်း မစ္စတာမောင် နဲ့ အန်ဂျီလာ တို့ရဲ့ ရွေးချယ်ပိုင်ခွင့် လေးတွေကို ချပြသွားတယ်...မမျှော်လင့်သော အချိုးအကွေ့ လေးများထပ်ပေါ် လာဦး မလား....ခံစားဖန်တီးမှု တခုကို လက်တွေ့ခန်းထဲ ထည့်သလိုဖြစ်သွားရင်တော့ခွင့် လွှတ်ပါဗျာ...အပိုင်း(၄) အား စိတ်ဝင်စားစွာ စောင့်မျှော်လျှက်...

အင်ကြင်းသန့် said...

စိတ်ဝင်စားစရာ ပိုပိုကောင်းလာတာနဲ့အမျှ မျှော်ရပြန်ဦးမှာပေါ့နော်....

nyan gyi said...

ဖတ်လို့ကောင်းပါသည်၊ အပြင်မှာလဲ ဒီလိုဇာတ်လမ်းတွေတွေ့ဘူးပါသည်၊

T2A said...

ဖတ်သွား၏ ။ ကောင်း၏ ။ ရှေ.ဆက်မျှော်နေပါဦးမည် ။

မောင်မိုး said...

စောင့်ဖတ်နေတယ် ကိုဆိုဆီ။ တစ်ချို့မြန်မာမတွေ မြန်မာထီးတွေက ရေခြားမြေခြားရောက်ရင် မြန်မာလို့ အခေါ်ခံရမှာ သေမတတ်ကြောက်တယ်။

မောင်မိုး said...

တွေ့ဖူးတယ်၊ ကြုံဖူးတယ်၊ မြင်ဖူးတယ်။ အဲဒါကြောင့် တစိမ်းအရပ်ဒေသကိုသွားရင် သရဏဂုံရွတ်ပြီးမှ သွားတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆက်ပြီး စောင့်ဖတ်နေပါဦးမယ်
ကိုယ်သာအမှန်လို့ ထင်နေတတ်တဲ့သူတွေကတော့ နေရာတကာမှာ တွေ့နေရဦးမှာပါဘဲနော်..
ဟောင်ဖွာဟောင်ဖွာ လုပ်ရင်းပေါ့...
မြန်မာတွေ မြန်မာဆန်နိုင်ပါစေး)

Anonymous said...

yamin ဖတ်ကောင်းတယ်ဗျာ။အားပေးလျက်။

ZT said...

ဒိုင်တွေ ကြိုက်တယ်ဗျာ။ ခေတ်ရေစီးကြောင်းဆိုတာကို လက်မခံနိုင်တဲ့ သူတွေက များနေတယ်။ မြန်မာဆန်ရမယ် ဆိုတဲ့ စကားကြားရင် သျှောင်ထုံးပဲ ထုံးရမလား၊ ဆံပင်အတိုပဲ ညှပ်ရမလား၊ ကတုံးပဲ တုံးရမလားဆိုပြီး ကတ်သီးကတ်သပ် တွေးမိသလိုပဲ။

ဂျစ်တူး ( မုံရွာ ) said...

ဖတ်တယ်-သေသေခြာခြာကိုဖတ်သွားတယ်-ဒါပါနဲ့ ဆို
သဲုးခေါက်တိတိဘဲ-နားလည်သလိုလိုနဲ့ နားမလည်ဘူး-
ကျနော်ဖြစ်လိုက်ကျမဖြစ်လိုက် ဖြစ်နေတယ်။ ကျနော်ဘဲ
မျက်လုံးမကောင်းတော့တာလားမသိဘူးနော်-