Sunday, June 6, 2010

အကောင်းအတိုင်းဖြစ်စေသည် အပိုင်း(၂)


“မာမို ဘုရင်သည် အလှည့်အပြောင်းတစ်ခုကိုလုပ်၏၊ ဆရီယ ပြည်သားများ တွေဝေကြကုန်သည်၊
ရေဝတပြည်ဘက်၌ ပေါင်မုန့်အလကားရနေသူများ ဝိုင်ချိုသောက်ကာ မြည်တွန်တောက်တီးကြ၏၊
ဂျိုးဇက် ရောက်လာသောအခါ၊ မာမို ဘုရင်ထက် ဆရီယ ကို ကဲ့ရဲ့ခြင်းပြု၏၊
ဂျိုးဇက်သည်ကား အပေါ်ယံကိုသာ ကြည့်တတ်သူဖြစ်လတ္တံ။
ထိုသူတို့သည် ပေါင်မုန့် တစ်လုံးအတွက် သွေးစွန်းကြကုန်သည်၊ ဆရီယသို့ မပြန်ချင်ကြ၊
မြက်ခင်းတို့သည် တစ်ချို့တစ်ဝက် အစိမ်းရောင်ပြောင်းကုန်၏၊
သိုးတစ်ကောင်သည်အမွှေး ပေါက်၍ ခုန်ပေါက်နေကာ၊ ဆိတ်တစ်ကောင်လည်းရောက်ရှိလာသည်၊
အသံများထက်ဝက်တိတ်ဆိတ်၍၊ တစ်ခါတစ်ရံ စူးစူးဝါးဝါး အော်သံကြားရသည်၊
ငါသည် အရာရာကို ငြိမ်သက်မှု့ရှိစေသတည်း။”

အန်ဂျီလာ ဒီနေ့လည်းရုံးကို စောစောရောက်နေသည်၊ ဟိုနေ့ကလို ထပ်မဖြစ်ချင်၊ အဲဒီနေ့က တကယ်ကံမကောင်း၊ bus ကား ပေါ်ကိုလူအုပ်နှင့်လိုက်ကာတက်လိုက်သည်၊ ကဒ်ကို ရီဒါမှာဖြတ်တော့ တီးတီတီးတီ ထအော်သည်၊ ကဒ်ထဲတွင်ပိုက်ဆံမရှိတော့၊ သေချာအောင် နှစ်ခါလောက်ပြန်ဖြတ်သည်၊ တီးတီတီးတီပင်၊ bus driver ထအော်သည် နိုးမန်းနီးပေးကက်ရှ်၊ ကဒ်ထဲပိုက်ဆံမရှိရင်အကြွေပေးပါပေါ့၊ အိတ်ထဲတွင်ပိုက်ဆံဘယ်လောက်ရှိလည်းစဉ်းစားလိုက်သည်၊ နောက်ကလူတွေကလည်း ဘာတိုးသလဲမမေးနဲ့၊ bus driverက ကျမကိုကြည့်ပြီး နိုးမန်းနီးနိုးကက်ရှ်ဂိုးအောက် ပိုက်ဆံမရှိရင်ဆင်းသွားဟုဆိုသည်၊ ဒေါသဖြစ်သွားသည်၊ ပိုက်ဆံထည့်ရမည်နေရာနှင့် လက်တကမ်းကျော်ကျော်ရောက်နေပြီ၊ နောက်ကလူတွေနဲ့ ပြန်လှည့်ဘို့မလွယ်၊ ဝှက် စီမီတိုင်ကြည် ဘာလဲလို့ပြန်မေးလိုက်သည်၊ ဟုတ်ကင့်လိုသိပုံမပေါ်၊ ဒေါသအပြည့်ပါသောမျက်လုံးဖြင့် စိုက်ကြည့်ပေးလိုက်သည်၊ driver သည် ပြည်ကြီးတရုတ်ဖြစ်မည်၊ နိုးမန်းနီးဂိုးအောက် ကျမကိုထပ်ပြောသည်၊ fuck you အသံကျယ်လောင်စွာထွက်သွားသည်၊ တိုးနေသော လူအုပ်ကြီးတွန့်သွားသည်၊ driverလည်းကြောင်သွားသည့်ပုံစံ၊ ကျမ ဆဲလိမ့်မည်ဟုဘယ်သူမှ မထင်ခဲ့၊ ကိုယ်လက်ထဲမှာ ၂ ကျပ်တန်တရွက်ကိုင်ပြီးသား၊ ဘယ်သူမှ ကျမရဲ့ ၂ ကျပ်တန်ကို ယူပြီးထည့်ပေးမဲ့သူမရှိ၊ ဒီအချိန်မှာပဲ ဒီမှာနှစ်ယောက်နှစ်ကျပ် သူ့အတွက်လည်းပါတယ်၊ မလေးမကြီးတစ်ယောက် ကျမအတွက်ပေးလိုက်သည်၊ ပြီးတော့ ကျမကို လက်မထောင်ပြသည်၊ အီစီး အီစီး ဟု ကျမကိုလှမ်းပြောသည်၊ ကျမအနားရောက်လာတော့ ကျမ ၂ ကျပ်တန်ကို သူကိုပေးလိုက်သည်၊ အိုကေ မလိုပါဘူး၊ ဒီ ပြည်ကြီးတရုတ်တွေ အင်္ဂလိပ်လိုလဲမတတ် လူမှု့ရေးလည်းမသိ ဘာကြောင့်ခန့်ထားမှန်း မသိဘူးဟုဆိုသည်၊ ကျမက ကျေးဇူးတင်ပါတယ်၊ ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလည်း၊ ကျမကပြောလိုက်သည်၊ မလေးမကြီးက အေးဆေးပါ မေ့ပြစ်လိုက်ဟုဆိုသည်၊ ဒီလိုနဲ့ ရုံးကားမှီပြီး ရုံးရောက်လာခဲ့သည်၊ ကျမအဖေလည်း busကား မောင်းခဲ့တာပဲ ဒီလိုမျိုးမဟုတ်၊ နိုင်ငံခြားသားတွေ နေရာတိုင်းမှာပဲလား၊ ခုငါ့ ဆရာလည်း နိုင်ငံခြားသားပဲ။

အဲဒီနေ့ကဒေါသဖြစ်နေတော့၊ အထဲမှာ မစ္စတာမောင် ရောက်နေသည်ကို မသိလိုက် ကိုယ့်ကိုယ်ကိုယ်ပြောချင်တာတွေ ပြောဖြစ်သွားသည်၊ ရုံးတွေမှာ ယဉ်ကျေးစွာ စကားပြောရမည်ကို သိ၍လည်း ကိုယ့်စကား ကိုယ်မထိန်းနိုင်သေးတော့ ဘယ်သူနှင့်မှ စကားသိပ်မပြောဖြစ်၊ မိမိရောက်နေသော အခြေအနေလေး ပျက်သွားမည်စိုး၍ နှင့် မိမိကြောင့် မစ္စစ်အမ်းကို မထိခိုက်ချင်၍လည်းပါသည်၊ အလုပ်ကိစ္စမှလွဲ၍ စကားမပြောပဲနေသည်။

ကင်တင်းသို့ထွက်လာခဲ့သည်၊ ကာပါချီနို သောက်ရန်ဖြစ်သည်၊ ကော်ဖီ၊ လက်ဖက်ရည်ကို ဝန်ထမ်းတွေ အချိန်မရွေးသောက်လို့ရသည်၊ သောက်ပြီးအပြန် ဆေးလိပ်သောက်သည့်နေရာ အရောက်တွင် ‘ဟေ့’ ဆိုပြီးလှမ်းခေါ်သဖြင့်လှည့်ကြည့်လိုက်ရာ အရောင်းဌာနက ဟယ်လင်ဖြစ်သည်၊ ‘ဘာလဲ’ ဟုမေးလိုက်ရာ၊ ‘ဆေးလိပ်သောက်မလား’ လှမ်းခေါ်သည်၊
ကျေးဇူးပဲဆိုပြီးခေါင်းခါပြလိုက်သည်၊
‘လာစမ်းပါ စကားစမြည်ပြောရအောင်၊’
‘What up!’ ဘာလဲ ဟုထပ်မေးလိုက်သည်၊
‘မင်း ဌာနအသစ်နှင့် ဘော့စ်အသစ်နှင့် အစဉ်ပြေရဲ့လား’ လို့၊
‘ကျမကလဲ ခုထက်ထိအဆင်ပြေနေတုန်း၊ ကိုယ်အတွက်ပဲ ကိုယ်ပူစမ်းပါ၊’
ဟယ်လင်က ‘မင်းဆရာက single တစ်ယောက်ထဲ၊ girl friend လည်းမရှိသေးဘူးကြားတယ်၊’
‘မင်းစိတ်ဝင်စားလို့လား၊’
‘Why not’ ဘာလို့စိတ်ဝင်မစားရမလဲ၊ မင်းရော ဆိုပြီးကျမကိုမေးလိုက်သည်၊
‘‘I don't like joke like this, OK’ နောက်တစ်ခါ မစမိဘို့သတိထားပါ၊
‘ဟေ့ Sorry!’ ဟယ်လင်ပြန်ပြောသည်၊
ဟယ်လင်ကို သေချာစိုက်ကြည့်ပြီး၊ လက်ကာပြပြီး အိမ်သာဘက်သို့ထွက်ခဲ့သည်၊ဟယ်လင် ဘာကောင်မလည်းဆိုတာ ကောင်းကောင်းသိတာပေါ့။
အိမ်သာထဲတွင် သန့်ရှင်းရေးလုပ်တဲ့ အဖွားကြီးက မစ္စတာမောင်က နိုင်ငံခြားသားမို့ မင်းကိုခန့်လိုက်တာဟုဆိုသည်၊ ကျမက မစ္စစ်အမ်းလည်း နိုင်ငံခြားသားပဲလို့ပြန်ပြောလိုက်သည်၊ အဖွားကြီးက အဲဒါကြောင့် မင်းဒီမှာအလုပ်မြဲနေတာပေါ့ဟုဆိုသည်၊ ‘So what’, ‘he is single’, ‘he is my boss’, ဒီအကြောင်းပဲပြောစရာရှိသည်ထင်သည်၊ မစ္စတာမောင်က ကျမနောက်ကြောင်းကို လုံးဝမစုံစမ်းပဲခန့်လိုက်သည်၊ အလုပ်ပြီးဘို့အမြဲအဓိကထားသည်၊ တအားတက်ကြွလွန်းသည်၊ တအားတက်ကြွသော ဆရာတွေနဲ့လုပ်ရရင် သေနိုင်လောက်သည်ဟုပြောကြသည်၊ ကျမကတော့ပျော်သလိုလို၊ ဒီလိုနဲ့ မစ္စတာမောင်ရဲ့ဌာနမှာ လေးပတ်ကျော်ခဲ့ပြီ၊ တစ်စုံတစ်ရာက မစ္စတာမောင်ဆီ ကျမကို တွန်းပို့လိုက်တာလား၊ တစ်စုံတစ်ရာရေ ကျေးဇူးတင်လိုက်တာ။
----------------------------------------------------------
ဒီနေ့ အယ်နီကိုခေါ်ပြီး အန်ဂျီလာ၏ လုပ်ရည်ကိုင်ရည်ကို တီးခေါက်ကြည့်သည်၊ တစ်လကျော်ပြီမဟုတ်လား၊
အယ်နီက လုပ်နိုင်ပါတယ်၊ တစ်ချို့ကိုတော့ သင်ပေးရဦးမှာပါ၊ တစ်ခုပဲဆရာ ကျမတို့ကို သိပ်စကားမပြောဘူး၊ နောက်ပြီးတော့ တစ်ခါတစ်လေ မျက်စိမှိတ်ထားတယ်၊ အဲဒီအချိန်မှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတာ သုံးမိနစ်ကနေ အနည်းဆုံး တစ်မိနစ်ကြာတယ်ဆရာ၊
ဟေ ကျနော်လည်း ဟေ တလိုက်မိသည်၊ ပြီးမှ ဆရာကြည့်လိုက်ပါမယ်၊ သိပ်စကားမပြောတာတော့သိတယ်၊ အဲလိုလုပ်တတ်မှန်းမသိ၊ ရပြီ အယ်နီရေ ကျေးဇူးပဲ၊ အန်ဂျီလာကို ဆရာဆီလွှတ်လိုက်ပါ။

ခဏနေကြာ အန်ဂျီလာဝင်လာသည်၊ ကျနော်ခေါ်သည်ဆို၍ အရေးကြီးသည်ပုံစံဖြင့်ဝင်လာသည်၊
‘ထိုင် အန်ဂျီလာ၊ မင်းဒီမှာလုပ်တာ တစ်လကျော်သွားပြီ၊ အလုပ်တွေကများတော့ မတွေ့ဖြစ်ဘူး၊’
‘အန်ဂျီလာက ဆရာ ကျမတို့နေတိုင်းတွေ့နေတာပဲ၊ ဆရာဘယ်လိုတွေ့ချင်လို့လည်း၊’
‘ဟာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဆွေးနွေးဖြစ်တာကို ပြောတာပါ၊’ ကျနော် စကားမှားသွား၍ နည်းနည်းပြာသွားကာ ပြန်ထိန်းလိုက်ရသည်၊
‘ကဲတို့တွေ စ ဆွေးနွေးရအောင်၊’
‘ဟုတ်’
‘မင်းက ပေးတဲ့အလုပ်တွေကို ပြီးအောင်လုပ်နိုင်ပါတယ်၊ အတတ်လည်းမြန်တယ်လို့ လုပ်ဖေါ်ကိုင်ဘက်တွေကလည်းပြောတယ်၊ ဆရာကိုယ်တိုင်လည်းမြင်ပါတယ်၊ အလုပ်နဲ့ပတ်သက်ပြီးတော့ အကုန်ချောမွေ့ပါတယ်၊ နှစ်လပြည့်လို့ ဒီအတိုင်း မင်းအရှိန်မပျက်ဘူးဆိုရင် ငါအတည်ပြုပေးလိုက်မယ်၊’
‘အန်ဂျီလာက ဟုတ်ကဲ့၊ ကျေးဇူးပါဆရာ၊’
ကျနော်က ‘တစ်ခုအရေးကြီးတာရှိတယ်၊ Team work ပဲ၊ အလုပ်ထဲမှာ အလုပ်အလုပ်နဲ့ အဲဒီလိုပဲလုပ်လို့မကောင်းဘူး၊ ပေါင်းသင်းဆက်ဆံရေးရှိတယ်၊ communication လိုတယ်၊ မင်းကြည့်ကွာ၊ ဆရာဆို ထွက်လာပြီး၊ ဝူတို့ အဲရစ်တိုနဲ့ နောက်ပြောင် ဟာသတွေ အပြန်မလှန် ပြောကြတာ မဟုတ်လား၊’
‘အန်ဂျီလာက ဆရာ joke ဟာသတွေက ရယ်ရပါတယ်၊’
‘ဟာ ဒါဆို မင်းဘာကြောင့် မရယ်သလဲ၊’ ကျနော် သူကိုပြန်မေးလိုက်သည်၊
အန်ဂျီလာ ခဏတိတ်ဆိတ်သွားသည်၊ ပြီးမှ ‘ကျမ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောမိမှာစိုးလို့ပါ၊ ကျမစကားပြောရင် အမှားတွေပါပြီး အလုပ်ထုတ်ခံထိမှာကြောက်လို့ပါ၊ နောက်ဒီလို အလုပ်မျိုးရဘို့ ကျမအတွက် မလွယ်ဘူးဆရာ၊’
‘ကျနော်က မဟုတ်သေးပါဘူး၊ ဆရာနှင့်မင်းစကားပြောလာတာကြာပြီ၊ ဟိုနေ့တွေကလည်းပြော၊ ဒီနေ့လည်းပြော၊ ရိုင်းရိုင်းစိုင်းစိုင်း ဘာတစ်ခုမှ မပါဘူး၊ အမှားလည်းမပါဘူး၊’
‘ဟုတ်ပါတယ်ဆရာ၊ အဲဒါဆရာနဲ့မို့လို့ပါ၊ ကျမလည်းအံ့သြမိတယ်၊’ အန်ဂျီလာပြန်ဖြေသည်၊
‘ဆရာနှင့်ပြောလို့ရရင် အကုန်လုံးနဲ့ပြောလို့ရမှာပါ၊’ ကျနော်ပြောလိုက်သည်၊
‘ကျမမထင်ဘူးဆရာ၊’ ဖြေးညင်းစွာဖြင့် အန်ဂျီလာဆိုလာသည်၊
‘ဆရာ မင်းကိုတစ်ခု အာမခံမယ်၊ မင်းစကားပြောလို့ ရိုင်းရိုင်းစိုင်းစိုင်းတွေပါရင် အမှားတွေပါရင် မင်းကိုအလုပ်မထုတ်ဘူး၊ မင်းမနက်ဖြန်ကစပြီး အားလုံးနှင့်စကားပြောဆက်ဆံပါ၊ ဆရာလည်း အားလုံးကို ပြောထားမယ်၊ မစ္စတာဝူဆီကလေ့လာ သူကစကားပြော အရမ်းကောင်းတယ်၊ ဆရာတို့ကြိုးစားကြည့်ကြတာပေါ့၊ မင်းဆီက joke တွေလည်းဆရာကြားချင်တယ်၊ ဒီညနေ ဆရာတို့ဌာနတစ်ခုလုံး ဂျိုရောင်းပွိုင့်၊ Crystal Jade စားသောက်ဆိုင်မှာ သွားစားကြမယ်၊ ဆရာဒကာခံပါမယ်။’

အန်ဂျီလာ မျက်ရည်တွေဝဲနေသည်၊ ကျနော်ကိုစိုက်ကြည့်နေသည်၊ ပြီးနောက် မျက်စိကိုစုံမှိတ်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည် နှစ်မိနစ်လောက်ကြာသည်၊ အယ်နီပြောသည့်အရာ ကျနော် ပထမဦးဆုံးမြင်ဘူးခြင်းဖြစ်သည်၊ မျက်လုံးပြန်ဖွင့်လာတော့ မျက်ရည်တွေ အပြည့်နဲ့၊ ဖြေးညင်းစွာဖြင့် ကျမအကြောင်း ဘယ်လောက်သိလို့လဲ၊ အန်ဂျီလာဆီကအသံလေးထွက်လာသည်၊
ကျနော်က စိတ်ဝင်စားပါတယ်လို့ ပြောလိုက်သည်၊ သူကို အလိုက်အထိုက်လေးနေလိုက်သည်၊
‘ဆရာ ကျမဘဝဟာ လှပခဲ့တဲ့ ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူး၊’
‘ကျမ အဖေက delivery သယ်ပို့ကားမောင်းပါတယ်၊ အဲဒီမတိုင်မှီက busကားမောင်းတယ်၊ အမေကဘာမှ မလုပ်ဘူး၊ အမေက မလေးရှန်းပါ၊ ကျမ ၁၀နှစ်အရွယ်မှာ အဖေ အင်းဆီဒင့်ဖြစ်ပြီးဆုံးပါတယ်၊ အဲဒီနေ့က
အဖေကို ကျမ KFC ကြက်ကြော်စားချင်တယ် ဆိုပြီးမှာလိုက်တယ်၊ အဖေအလုပ်ကအပြန်သွားအဝယ်မှာ အင်းဆီဒင့်ဖြစ်တာပါ၊ အမေက အဖေကို ကျမသတ်လိုက်တာတဲ့၊ နောက်ပိုင်း အမေလည်း အရက်တွေ နေ့တိုင်းသောက် ဘာအလုပ်မှ မလုပ်ဘူး၊ အဖေ အတွက်ရတဲ့ လျော်ကြေး၊ အာမခံငွေတွေလည်းကုန်ရော၊ အမေ မလေးရှားကိုပြန်သွားခဲ့တယ်၊ ကျမဆီပြန်မလာတော့ဘူး၊ ကျမ ၁၅နှစ်ပြည့်တဲ့ အချိန်မှာ အမေ မလေးရှားမှာ သေပြီဆိုတာသိရပါတယ်၊ ကျမအဖွားနှင့်နေပါတယ်၊ အဖွားလုပ်စာ၊ ထောက်ပံကြေးတွေနဲ့ ကျမကျောင်းတက်ကြီးပြင်းခဲ့ရပါတယ်၊ ကျမ ဘာဆိုးသလဲမမေးနဲ့၊ အေးလေ ဘယ်သူကကောင်းအောင်နေလို့ ပြောဘူးလို့လည်း၊ ကျမကိုဆိုးလိုက်တာလို့မပြောတာ ကျမအဖွားတစ်ယောက်ပဲရှိတယ်၊ ဆရာသိချင်သလား၊ ဆရာသိချင်ရင်တော့ဆက်ပြောမယ်၊’
‘သိချင်တာပေါ့၊ ဆရာစိတ်ဝင်စားပါတယ်၊’ ကျနော်ပြန်ပြောရင်း ခေါင်းငြိမ့်ပြလိုက်သည်။

ဆရာ တကယ်တော့ မြန်မာလူမျိုး ဆိုတာကို ကျမ ၁၂နှစ်အရွယ်ထဲကသိနေပါပြီ၊ ကောင်းသောသိခြင်းနဲ့တော့ မဟုတ်ပါဘူး၊ ကျမမှတ်မိနေပါသေးတယ်၊ primary ကျောင်းတက်တုန်းကပေါ့၊ ကျမတို့ကျောင်းက ဘူကစ်ဖုန်းဆွေဘက်မှာ၊ P4 လေးတန်းကို မြန်မာကျောင်းသား တစ်ယောက်ရောက်လာတယ်၊ အဲဒီအချိန်မှာ ကျမက P6 ရောက်နေပြီ၊ ဆရာကြားဘူးလားမသိဘူး၊ school bully ဆိုတာ၊ စင်္ကာပူက top ten ထဲမှာပါတယ်၊ school bully ဆိုတာ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တာ၊ ကျမက စူပါဂဲလ်တစ်ယောက်ပဲ၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်၊ ဂိုဏ်းမဟုတ်ဘူးနော်၊ မြန်မာကျောင်းသား နာမည်က အော်စတင် (Austin)၊ ဒီနာမည်ကြောင့်လည်း ကျမတို့နဲ့ ပတ်သက်ခဲ့ရတယ်၊ P4 က ကျမတို့နောက်လိုက် တစ်ယောက်က သတင်းပေးတယ်၊ ခပ်ကြောင်ကြောင် ကျောင်းသားအသစ် တစ်ယောက်ရောက်နေတယ်ဆိုလို့၊ ဒီလိုနဲ့ ကျမတို့သူဆီကိုသွားကြတယ်၊
အော်စတင်၊ အော်စတင် ကျမတို့ခေါ်လိုက်တယ်၊ ဒီကောင်လေးလှည့်မကြည့်ဘူး၊
ဟေ့၊ မင်းကိုခေါ်နေတာကွ၊ အော်စတင် ကျမတို့ပြောပြီး သူ့ကိုလှုပ်ရမ်းလိုက်တယ၊်
ငါကို၊ ငါနာမည်မေ့နေလို့၊ ဘာလုပ်မလို့လဲ၊ဘာလဲနဲ့ ပြူးတူးပြာတာဖြစ်နေတယ်၊
စောက်ပေါ ငညံ့ (idiot)၊ လာငါတို့နဲ့လိုက်ခဲ့၊ သူကိုဆွဲခေါ်ခဲ့တယ်၊
အဲဒီကောင်လေးရုန်းနေတယ်၊ မိန်းခလေး အိမ်သာထဲခေါ်လာခဲ့တယ်၊ စူပါဂဲလ်နှစ်ယောက်လောက်ညှပ်ပြီး ခေါ်လာတာ ရုန်းလို့မရဘူး၊ ပါးစပ်ကလည်း ဘာတွေပြောနေမှန်းမသိဘူး၊ မြန်မာလိုထင်တယ်၊
မင်းဘာတွေပြောနေတာလဲ၊ ကျမတို့ထဲက စူပါဂဲလ်တစ်ယောက်ဖြစ်တဲ့ လူစီကမေးလိုက်တယ်၊ ကျမကတော့ ဘေးကပဲရပ်ကြည့်နေတယ်၊
အိုင်ဒုန့်နိုး၊ ငါမသိဘူး၊ ငါမသိဘူး၊
မင်းဘယ်သူလဲ၊ မင်းနာမည်ဘယ်လိုခေါ်လဲ၊ အိုင်ဒုန့်နိုး၊ ငါမသိဘူး၊ အဲဒီကောင်လေးငိုမလိုဖြစ်နေပြီ၊
လူစီ ဆံပင်ကို စောင့်ဆွဲလိုက်တယ်၊ အားအား၊ မင်းနာမည်ဘယ်လိုခေါ်လဲ၊…
အေးချမ်း××× ၊ ဆိုပြီးပြန်ဖြေတယ၊် တုန်တုန်ရီရီဖြစ်နေပြီ၊ ဒါဆို အော်စတင် ကဘာလဲ၊ နောက်တစ်ယောက်က ဗိုက်ခေါက်ကိုဆွဲလိမ်ပြီးမေးလိုက်တယ်၊ အားအား ငါအမေကဒီကျောင်းတက်မှ ပေးတာ၊ ဘာလို့ ဒီကျောင်းတက်မှပေးတာလဲ၊ အိုင်ဒုန့်နိုးပဲလုပ်နေတော့ အိုင်ဒုန့်နိုးဦးကွာဆိုပြီး လူစီကခေါင်းကိုရိုက်လိုက်တယ်၊
ငါကို တနင်္ဂနွေမှာမွေးလို့၊ ဒီကျောင်းတက်ရင် အင်္ဂလိပ်နာမည်ပေးရမယ်ဆိုလို့၊
ကျမက ငါ့မှာ အင်္ဂလိပ်နာမည်မရှိဘူး၊ ဒီမှာအများကြီးပဲ အင်္ဂလိပ်နာမည်မရှိတာ၊ အဲဒီအချိန်က ကျမ အန်ဂျီလာမဖြစ်သေးဘူး၊ မင်းအမေက စတူးပစ် (stupid)၊ မင်းက စောက်ပေါ ငညံ့ (idiot)၊ မင်းပြောရမယ် ငါ့အမေက စတူးပစ် လို့ ဆယ်ခါ၊ မပြောတာနဲ့ ကျမကရိုက်မလို့ဟန်လုပ်လိုက်တော့ အော်စတင်တစ်ယောက် ငါ့အမေက စတူးပစ် လို့ တုန်တုန်ရီရီနဲ့ တစ်လုံးချင်းပြောနေတယ်ဆရာ၊ ကျမတို့လည်းသူကိုဝိုင်းရယ်ကြတယ်၊ အဲဒီအချိန်မှာ လူစီက အော်စတင်ရဲ့ ဘောင်းဘီကိုဆွဲချွတ်လိုက်တယ်၊ တန်းလန်းလေးဆရာ၊ သူမှာအောက်ခံဘောင်းဘီ မပါဘူး၊ ကျမတို့ဘယ်လိုမှာမထင်ဘူး၊ ကျမတို့ဝိုင်းရယ်ကြပြန်တယ်၊ အော်စတင်လည်း လဲမလိုလိုဖြစ်သွားလို့၊ လူစီကပဲ ဘောင်းဘီကိုပြန်ဆွဲတင်ပေးလိုက်တယ်၊ ပြီးတော့ မင်းငါတို့ကို နာခံမလား မေးလိုက်တယ်၊ ရက်စ် အော်စတင်ချက်ချင်းပြန်ဖြေတယ်၊ ကျမက မင်းမုန့်ဖိုးဘယ်လောက်ရသလဲ၊ အော်စတင်က တစ်ကျပ်လို့ဖြေတယ်၊ မင်းငါတို့ကို တစ်ပတ်နှစ်ကျပ်ပေးရမယ်၊ ပြန်မဖြေတာနဲ့ ပေးမှာလား မပေးဘူးလား မာမာလေးမေးလိုက်တော့၊ ပေးပါမယ်ဆိုတော့၊ ကတိဆိုပြီးသူ့ကိုပြန်လွတ်လိုက်တယ်၊ သူ့ဆီက ကျမတို့အဖွဲ့ တစ်ပတ်နှစ်ကျပ်ရတယ်၊ အောက်ခံဘောင်းဘီမဝတ်ဘူးဆိုတာ၊ မြန်မာပြည်မှာ မဝတ်လို့ထင်တယ်၊ သူကိုတစ်ခါတစ်လေ လမ်းမှာပြန်တွေ့ရင် အဲဒီ့ တန်းလန်းလေးမြင်မိတယ်၊ဟဲဟဲဟဲဟဲ။

ဆရာစဉ်းစားကြည့်လေ အော်စတင် အမေဟာ တကယ်ကို စတူးပစ်ပဲ၊ ဘာမှ နာမည်ပြောင်းစရာမလိုပဲပြောင်းတယ်၊ ဆရာမက အော်စတင် အော်စတင်လို့ခေါ်ရင် အော်စတင် ဘယ်တော့မှ ပြန်မထူးဘူး၊ နောက်ဆုံး ဆရာမက မြန်မာနာမည်ပဲ ခေါ်တော့တယ်၊ အော်စတင် အဖေရော အမေရော အင်ဂျင်နီယာတွေတဲ့၊ သူ့ရဲ့ စတူးပစ်အမေ ကိုကျောင်းဝမှာတွေ့ဘူးတယ်၊ သူ့သားကို အင်္ဂလိပ်လို လုပ်ပြောနေတာ နားမချမ်းသာပါဘူး၊ မြန်မာလိုမပြောရဘူးလို့ဘယ်ဥပဒေမှ မရှိပါဘူး၊ ကျမတို့ဆို အများစုက ဟုတ်ကင့်လို၊ မလာယုတွေက မလေးလို၊ တမီးလ်တွေက တမီးလ်လိုပေါ့၊ အင်္ဂလိပ်လိုပြောတဲ့ လူတစ်စု လူတစ်ချို့တော့ရှိပါတယ်၊ ကျမတို့ဘက်မှာ နည်းတယ်၊ အင်္ဂလိပ်လိုနှင့် မန်ဒရင်းက ကျောင်းမှာသင်နေတာပဲဆရာရယ်။

နောက်နှစ်ကြတော့ ကျမ secondary school ပြောင်းရတယ်၊ အော်စတင်တို့ လူစီတို့ ကျန်ခဲ့တယ်၊ နောက်နှစ်တွေကြတော့လည်း သူတို့ ကျမရဲ့ secondary school ရောက်မလာဘူး၊ တခြားကျောင်းတစ်ကျောင်းကို ရောက်သွားကြတယ်၊ နောက်ပိုင်း လူစီက အော်စတင်ကို အကာအကွယ်ပေးတယ်လို့ကြားတယ်၊ very close ဖြစ်သွားကြတယ်တဲ့၊ ကျမက အဖွားနှင့်လိုက်နေရတယ်၊ အဖွားက ဘွန်လေးမှာနေတယ်၊ ကျမတက်ရတဲ့ ကျောင်းက ဂျိုရောင်းဘက်က secondary school တစ်ခုပါ နာမည်ကြီးပါပဲ၊ ဆိုးတဲ့ကျောင်းသားပေါလို့၊ ကျမကကျောင်းရွေးခွင့် မရှိဘူးလေ အထောက်အပံ့နှင့် တက်ရတာ၊ အဲဒီမှာ ကျမနှင့် တွေ့ရတဲ့ မြန်မာကျောင်းသူနှစ်ယောက်အကြောင်း ဆရာကိုပြောပြချင်ပါတယ်၊ Sorry ဆရာ I think, I talk too much စကားတအားပေါမိနေပြီ၊
မမောအောင်ပဲ ပြောသွားတဲ့ အန်ဂျီလာကိုကြည့်ပြီး၊ ကျနော်က
‘ရပါတယ် အန်ဂျီလာ အရမ်းစိတ်ဝင်စားဘို့ကောင်းတယ်၊ ခုကြည့်လေ အန်ဂျီလာစကားတွေပြောသွားတာ ဘာအမှားမှ မပါဘူး၊ တကယ်ကိုပုံမှန်ပဲ၊’
‘အန်ဂျီလာက ဟိုးဆရာ၊ ဒါ ဆရာနဲ့မို့လို့၊ ကျမလည်းကျမကိုယ်ကျမ အံ့အားသင့်မိတယ်၊ ဆရာနဲ့ စကားတွေပြောဖြစ်နေလို့၊’
ကျနော်သူကို သေသေချာချာကြည့်ပြီး ပြောလိုက်မိသည်၊
‘အန်ဂျီလာက ဆရာနဲ့ပြောလို့ရရင်၊ တခြားလူတွေနဲ့လည်း ပြောလို့ဖြစ်မှာပါ၊ ဒါကြောင့်ကြိုးစားကြည့်ပါလို့ ဆရာတိုက်တွန်းချင်ပါတယ်၊’
‘ဟုတ်ကဲ့ဆရာ ကျမကြိုးစားကြည့်ပါမယ်၊’ အန်ဂျီလာပြန်ဖြေသည်၊
‘ဟုတ်ပြီ နောက်နေ့ကျ အန်ဂျီလာပြောတာတွေ ဆက်နားထောင်မယ်၊ မြန်မာကျောင်းသူနှစ်ယောက်အကြောင်း ပြီးတော့ အန်ဂျီလာဆိုတာဖြစ်လာတဲ့အကြောင်း ဆရာလည်းစိတ်ဝင်စားတယ်၊ ခုတော့ အလုပ်တွေလက်စသပ်ကြစို့၊ ညနေသွားစားကြမယ်မဟုတ်လား၊’ကျနော်ပြောလိုက်သည်၊
အန်ဂျီလာ တစ်ယောက် ဟုတ်ကဲ့ဟုဆိုကာ ခပ်ပြုံးပြုံးလေးထွက်သွားသည်၊
သြော် မော်တီဗိတ်လုပ်ရတာ မလွယ်ပါလား၊ လေပူတစ်ချို့ကိုထုတ်ပစ်ရင်း အလုပ်တွေကို ဆက်လုပ်နေမိသည်။
------------------------------------------------------------
ကားပတ်ကင် တွင်ရပ်ထားသော ကျနော့်ကားဘေးတွင် သူတို့ရပ်စောင့်နေကြသည်၊ ကျနော်အပါအဝင်လူ ၅ ယောက်၊ မိန်းခလေးက၂ ယောက်၊ဘယ်သူရှေ့ခန်းထိုင်မလဲ စဉ်းစားနေမိသည်၊ ဝူ နှင့် အဲရစ်တို့ နောက်ခန်းထဲ ဝင်ထိုင်လိုက်သည်၊ အယ်နီကမလှုပ် ရပ်နေသည်၊ အန်ဂျီလာ ပျော်နေသည်၊ လူတိုင်းကို လိုက်ပြုံးပြနေသည်၊ ခဏနေကြာ နောက်ခန်း ဝူဘေးတွင်ဝင်ထိုင်လိုက်သည် ဝူကတံခါးဖွင့်ထားသည်၊ ဘာမှစဉ်းစားသည့်ပုံစံမပါ၊ ဒီနောက် အယ်နီ ရှေ့ခန်းတံခါးကိုဖွင့်ကာ သူနေရာ သူရသည့်ပုံစံ ဝင်ထိုင်လိုက်သည်၊ အမူအကျင့်အချို့ကို နားလည်လိုက်သော်လည်း အဆင်ပြေရင်ပြီးတာပဲ ဆိုပြီး ဂျိုရောင်းပွိုင့်ဘက် မောင်းထွက်လာသည်။

ဂျိုရောင်းပွိုင့် Cryatal Jadeဆိုင်မှာ၊ ကျနော်တို့အားလုံး ဝက်သားစင်းကောလမင်း ခေါက်ဆွဲမှာစားကြတယ်၊ ဝူရဲ့ထောက်ခံချက်နဲ့ပေါ့၊ နောက်ပြီး ပေါက်စီမျိုးစုံ၊ အရွက်ကြော် စုံနေပါတယ်၊ ဒီခေါက်ဆွဲကို ကျန်ကျန်ခေါက်ဆွဲလို့ခေါ်တယ်ဆိုပြီး ဝူတစ်ယောက် ခေါက်ဆွဲသမိုင်းပြောနေတာ သူ့ဘိုးဘွားတွေ စထွင်ထားတဲ့ အတိုင်းပဲ၊ အဲဒီတုန်းက ဂျိုရောင်းပွိုင့်က တစ်ပိုင်းပဲရှိသေးတယ်၊ ဂျိုရောင်းပွိုင့်၂ ကိုဆောက်နေဆဲ၊ ပြောရင်းပြောရင်းနဲ့ ဂျိုရောင်းပွိုင့်က ဆိုင်တွေအကြောင်းရောက်သွားတယ်၊ အဲဒီမှာ ဘာမှမပြောပဲစားနေတဲ့ အန်ဂျီလာဝင်ပြောလာတယ်၊ သူပြောလိုက်တဲ့ စကားကြောင့် အားလုံးတန့်သွားစေတယ်၊ အန်ဂျီလာက အဲဒီဆိုင်တွေက ပစ္စည်းတွေခိုးဘူးတယ်၊ very fun and cool လို့ပြောတော့၊ ဘယ်သူမှ ဘာမှပြန်မပြောကြပါ၊ အန်ဂျီလာကပဲ ငယ်ငယ်တုန်းကပါ၊ ဟင်းဟင်း လုပ်နေသည်၊ ကျနော်ဝင်ထိန်းလိုက်ရသည်၊ အန်ဂျီလာ ငယ်ငယ်တုန်းကဆိုးတယ်လေ၊ ဘာဆိုင်တွေလဲ လုပ်ပါဦးစိတ်ဝင်စားတယ်၊ ပြောလိုက်ရာ၊ အဲရစ်ကလည်းဘယ်လိုလုပ်တာလဲပြောပါဦး၊ အယ်နီကဝင်ပြီး နင်ဖမ်းခံမထိဘူးလား၊ အန်ဂျီလာက နိုး လို့ဆိုပြီး၊ ဆာဆာနှင့် ဘာတာဘိနပ်ဆိုင်၊ ဘာတာဆိုင်အကြောင်းပြောပြမယ်၊ fun အဖြစ်လုပ်တာ နည်းတွေကို အဆက်ဆက်တွေက သင်ပေးခဲ့တာ၊
ဘိနပ်သွားဝယ်ရင် အနည်းဆုံး ၅ယောက်ကနေ ၆ယောက်၊ နှစ်အုပ်စုခွဲတယ်၊ တစ်အုပ်စုနှင့် တစ်အုပ်စုမသိတဲ့ ပုံစံနေရတယ်၊ အရောင်းစာရေးကို မတော်တဲ့ ဆိုဒ်တွေထုတ်ခိုင်း၊ အရောင်တွေလဲခိုင်း လုပ်တယ်၊ ဘယ်တော့မှ အစမ်းစီးဘို့နေရာတွေမှာ မလုပ်နဲ့၊ ကင်မရာတွေကိုရှောင်ရကွယ်ရတယ်၊ ပြီးရင်အကြိုက်မတွေ့ဘူးဆိုပြီး မယူဘဲထွက်လာတယ်၊ အဲဒီအချိန်မှာ ဘိနပ်တစ်ရံမဟုတ်ရင် နှစ်ရံလောက် အပြင်ရောက်နေပြီ လက်ဆင့်ကမ်းလေ၊ အရောင်းစာရေးက ပျောက်မှန်းသိလို့ မေးလားမြန်းလားလုပ်ရင် ရှာလေ၊ CCTV ပြန်ကြည့်လေ ဘာမှတွေ့မှာမဟုတ်ဘူး၊ အဲလို အရောင်းစာရေးမျိုးကို ခပ်မာမာဟောက်ပေးလိုက်၊ သူ့စရိတ်နဲ့သူသွားမယ်၊ လုပ်ကတည်းက သေချာစီစဉ်ပြီးသား၊ background လေ့လာရတယ်၊ NTUC ကုန်တိုက်မှာဆိုရင် လုံခြုံရေးတွေက ပလိန်းဝတ်စုံနဲ့ သူတို့ကိုသိထားရတယ်၊ ၃၇၉ ကိုနားလည်ရတယ်။(379= Act for simple thief)
ခုတော့ ကျမလုပ်ခဲ့တာမှားပါလား၊ အရောင်းစာရေးတွေ လစာဖြတ်ခံရ၊ အလုပ်ဖြုတ်ခံရတာကို ပြန်ကိုယ်ချင်းစာမိတယ်၊ Pizza ပီဇာဆိုလည်း ဘယ်တော့မှ ပိုက်ဆံပေးစရာမလိုဘူး၊ ထုံးစံပဲ အဲမှာလုပ်တဲ့သူအားလုံးကို ပြီးတယ်၊
အဲဒီမှာ အယ်နီက ဘုရားသခင်ရဲ့ စောင့်ရှောက်မှု့ကြောင့် နင်ဘာမှမဖြစ်ခဲ့ဘူး လို့ဝင်ပြောတယ်၊ အန်ဂျီလာက တစ်စုံတစ်ရာကပဲ စောင့်ရှောက်တာလား၊ တစ်စုံတစ်ရာကပဲ ခိုးခိုင်းတာလား၊ ခိုးတာနဲ့ပတ်သက်ပြီး ကျမဘာမှ မဖြစ်ခဲ့ဘူး၊ အားလုံးသိကြတဲ့အတိုင်းပဲ ကျမ ကာဖြူး curfew ထိဘူးတယ်၊ ပရိုဘေးရှင်း probation ကျဘူးတယ်၊ အဲဒီမှာ အန်ဂျီလာဆိုတဲ့နာမည်ရလာတာလေဟု ပြန်ဖြေသည်၊
နောက်ဆုံးတော့ စကားတွေ ဝူဆီရောက်သွားပြီး တရုတ်ရိုးရာအကြောင်း သေသူတွေကို ငွေစက္ကူတွေ အရုပ်တွေ မီးရှို့ပူဇော်တဲ့အကြောင်းဆက်ပြောနေသည်၊ ကျနော်ကတော့ နားထောင်ဖြစ်ခဲ့သည်၊
ဝူက ကွန်ဖြူးရှပ် အကြောင်းပြောရာ အန်ဂျီလာက ကွန်ဖြူးရှပ်စာအုပ်တွေ သူဖတ်ဖူးကြောင်း တစ်ချို့ကိုဝင်ပြောရာ ကျနော် အပါအဝင် အားလုံးအံ့အားသင့်စေခဲ့သည်၊ စကားတွေကိုဒီမှာတင်ဖြတ်ပြီး ကျနော်လည်းပိုက်ဆံရှင်းဘို့ပြင်သည်၊ ဝူနှင့် အဲရစ်တို့ မိသားစုအချိန်ထဲက ဖဲ့ပေးအတွက် ကျေးဇူးတင်ကြောင်း၊ အယ်နီနှင့် အန်ဂျီလာကိုလည်း စားကောင်းမည်ထင်ကြောင်းပြောလိုက်သည်၊ သူတို့နှစ်ယောက်က အစားဆုံး မဟုတ်လား၊ အယ်နီက ဆရာသာကျွေးရင် ကျမတို့က အဆင်သင့်ပဲဟုပြော၍ အားလုံးရယ်ဖြစ်ကြသည်၊ အန်ဂျီလာက တိုးတိုးလေး ကျနော်ကို၊ ဆရာက ပတ်ဗီစတာ Parc vista မှာနေတာမဟုတ်လား၊ ကျမက ဘွန်းလေးပလေ့မှာနေတာ တလမ်းထဲပဲ လိုက်ပို့ပေးနော်ဆို၍ ကောင်းပြီလိုက်ပို့ပေးမယ်ဟု ဖြေလိုက်သည်။

အန်ဂျီလာ ရှေ့ခန်းမှာ ဝင်ထိုင်လိုက်သည်၊ ထိုင်ပြီးတာနဲ့ ကျေးဇူးတင်တယ်ဆရာဟု အစချီကာ စကားတွေ စပြောတော့သည်၊ ကျမ အထက်တန်းကျောင်း secondary school ရောက်တော့ ဆိုးတယ်ဆရာ၊ detention အခန်းဆိုတာကျမအတွက် မဆန်းသလို၊ discipline teachers တွေကလည်း မသိတဲ့လူမရှိ၊ အထက်တန်းနှစ်တန်း Sec 2 လောက်မှာ ဂိုဏ်းဝင်ဖြစ်သွားပြီ၊ အပြင်ဂိုဏ်းကိုပြောတာဆရာ၊ boy friend ကိုတစ်ယောက်ထဲထားတယ် သူကအပြင်က ring leader တစ်ယောက်ပဲ၊ အမေဆုံးတယ်လို့ ကြားပြီးနောက်ပိုင်းပိုဆိုးလာတယ်လို့ ထင်တာပဲ၊ အထက်တန်းလေးတန်း Sec 4 မှာ၊ ရန်ဖြစ်တာတွေများလာတယ်၊ ကျမကို CGC ကိုလွှတ်တယ်ဆရာ၊ CGC ဆိုတာ the Child’s Guidance Clinic ပါ၊ SGH ထဲက Mental Health မှာရှိတယ်၊ fully Government subsidise ပါ၊ ကလေးတွေအတွက်ဆိုပေမဲ့၊ ဆယ်ကျော်သက်တွေကိုပါ ကြည့်ပေးပါတယ်၊ ကျမ disorder ဖြစ်နေတယ်ထင်လို့ ကျောင်းအုပ်ကြီးကလွှတ်တာပါ၊ အဲဒီကနေ ကျမရဲ့ ပထမဦးဆုံး ကောင်ဆယ်လာနဲ့တွေ့ခဲ့တာပါ၊ MCDS,(ယခု MCYS) ကပါ၊ မစ္စစ်တူလ်ဆီတဲ့ ပန်ချာပီ အမျိုးသမီးတစ်ယောက်ပါ၊ ဒါပေမဲ့ မန်ဒရင်းလို၊ ဟုတ်ကင့်လို တတ်တယ်ဆရာ၊ ခု ROM မှာ၊ အဲဒီအချိန် ကျမ curfew နှင့်နေရတယ်၊ သူကကျမကို စာအုပ်တွေပေးဖတ်ခဲ့တယ်၊ ကွန်ဖြူးရှပ်စာအုပ်တွေလည်းပါတယ်၊ အထက်တန်းငါးတန်း Sec 5 မှာ boy friend နဲ့လည်းအဆင်မပြေတော့ ပိုဆိုးလာတယ်လို့ပြောရမလား၊ မြို့ထဲဘက်က နာမည်ကြီး မိန်းကလေး ကျောင်းကဂိုဏ်းနှင့် ရန်ဖြစ်တဲ့အချိန်မှာတော့၊ ကျမ ပရိုဘေးရှင်း probation ထိတာပဲ၊ GCE မဖြေဖြစ်ဘူး၊ အဲဒီနောက်မှာ မစ္စစ်အမ်းနှင့် တွေ့တာပါ၊ သူကကျမရဲ့ တတိယမြောက် ကောင်ဆယ်လာ၊ သူနှင့် ၂ နှစ်လောက်ကြာတယ်၊ GCE ပြန်ဖြေဖြစ်တယ်၊ သင်တန်းတွေတက်တယ်၊ ဘုရားကျောင်းအလုပ်တွေလည်း လိုက်လုပ်ရတယ်၊ အဲမှာ အန်ဂျီလာဆိုတာဖြစ်လာတယ်၊ ဒါပေမဲ့ ကျမက free thinker ပါ တရုတ်ရိုးရာကိုလေးစားတယ်၊ ကွန်ဖြူးရှပ်ကို သဘောကြတယ်၊ အပြင်ကလူတွေ အရပ်ထဲက ကျမကို လေဟောင်း အနေနဲ့ပဲသိကြပါတယ်၊
ရောက်ပြီဆရာ၊ကျေးဇူးပဲ၊
နောက်ဇာတ်လမ်းတွေ နောက်ကြုံမှပေါ့ ဟုပြောပြီး နူတ်ဆက်သွားသည်၊ ဘွန်းလေး wet market ရှေ့တွင်ချထားခဲ့ပြီး Parc vista သို့မောင်းထွက်ခဲ့သည်၊ သြော်တော်တော် စိတ်ဝင်စားစရာ ကောင်မလေးပါပဲ။
………………………………………………………………………….

နောက်နေ့ ကျနော်အလုပ်တွေတော်တော် များနေသည်၊ ရုံးချုပ်ကရော marketing ရော အပြီးလိုချင်တာတွေ တောင်းနေ၍ဖြစ်သည်၊ ညနေ ၄ နာရီလောက် နည်းနည်းပြီးလုပြီးခင်မှာ၊
“ဒေါက် ဒေါက်” တံခါးခေါက်သံကြား၍ ဝင်ခဲ့ပါဆိုလိုက်သည်၊ အန်ဂျီလာဝင်လာသည်၊
‘ကျနော်က ဘာကိစ္စရှိလို့လဲ’ အန်ဂျီလာဟုမေးလိုက်သည်၊
‘ကျမခွင့်လိုချင်လို့ပါဆရာ၊’
‘မင်းခွင့်မရှိတော့ဘူးလေ၊ ခွင့်မဲ့မယူပါဘူးလို့လည်းပြောထားတာ၊’ ကျနော်ပြန်မေးလိုက်သည်၊
‘Child care leave ပါဆရာ၊ ကလေးခွင့်၊’
‘ဘာ၊ ကလေးခွင့် ဟုတ်လား၊’
‘ဟုတ်တယ်ဆရာ ကလေးခွင့် အစိုးရကပေးထားတာ ကျမယူလို့ရတယ်၊’
‘မင်းမှာကလေးရှိတယ် ဟုတ်လား၊’
‘ဟုတ်တယ် ဆရာ၊ ဆရာ မသိဘူးလား၊ သမီးလေးလေ ၃နှစ်ပြည့်တော့မှာ၊
ချစ်စရာကောင်းတယ်၊ ဆရာနဲ့တွေ့ပေးဦးမယ်၊ မနက်ဖြန်သမီးလေးအတွက်သွားရမှာ၊’
ကျနော်ကသာ အံ့အားသင့်မိတာ၊ အန်ဂျီလာက ပုံမှန်လေးပဲပြောနေသည်၊ တော်တော် ညံ့သည့်ငါပါလား၊ တစက်ရုံလုံးသိမည်၊ ကျနော်သာ မသိတာဖြစ်မည်၊ အန်ဂျီလာပုံစံက ခွင့်ယူကိုယူမည့်ပုံစံ၊ ကလေးခွင့်လည်းဖြစ်နေသည်၊ ကလေးရှိတာ ငါမသိဘူးဟုပြောရင် idiot ဟု ပြောမှာသေချာသည်၊
‘ဒါဆိုလည်းခွင့်စာတင်ခဲ့လေ၊’ ကျနော်ပြောလိုက်သည်၊
‘ကျေးဇူးပဲဆရာ၊ ဆရာကိုတော့ပြောစရာတွေများကုန်ပြီ၊ သမီးလေးအကြောင်းလည်းပါလာပြီ၊ နောက်ကြရင်ဆရာကို သေချာပြောပြမယ်နော်၊’ ဟုဆိုကာထွက်သွားသည်၊
ကျနော် ဘယ်လိုကျန်ရစ်ခဲ့လည်း မသိပါ၊ ပြောစရာတွေ အများကြီးဆိုပါလား။

အပိုင်း ၂ ပြီးပါပြီ၊



MCDS= Ministry of Community Development and Sports
ROM= Registry of Marriages

ဓါတ်ပုံကို google မှယူသည်၊



23 comments:

ZT said...

ကိုဆိုဆီလည်း စလုံး အကြောင်းကို အတော်နှံ့စပ်တာပဲ။ ဆက်ရေးပါဦး။

ကိုဇော် said...

သဘောတရားလေးတွေက စိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ။ ကွင်းဆက်လေးတွေလည်း လှတယ်။
စောင့်ဖတ်နေတယ်ပါ. .
အားမနာတမ်း ပြောရရင် မြန်မြန်တော့ ရေး :P

လသာည said...

ကလေးခွင့်ဆိုတော့လည်း ပေးသင့်နေတာပေါ့နော်..

အင်း ဇာတ်လမ်းက တအားကို စိတ်ဝင်စားဖို့ ကောင်းနေပြီးD
ဆက်ရန်ကို မျှော်နေပါတယ်။

shwezinu said...

ဆရာ ရေ အဲ ကိုဆိုဆီ ရေ

အရမ်း အရမ်းကို စိတ်ဝင်စားဘို့ ကောင်းတာဘဲ မြန်မြန်လေး ဆက်ရေးပေးပါ ကိုဆိုဆီ ရေ

ပြောစရာ တွေ အများကြီး ကို ကြားချင်လှပါပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

စ လုံးက ဇတ်လမ်းတွေ အတော်စုမိဆောင်းမိပါလား..

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်လို့ကောင်းတယ်.... အတော်လေးစွဲဆောင်မှုရှိတယ်... မြန်မြန်လေးဗျို့... မျှော်နေတယ်နော်....

Anonymous said...

ကိုတည်ငြိမ်ရေ

ပထမပိုင်းမဖတ်ဘဲနဲ့အောင့်နေတာ ဒုတိယပိုင်းရောက်တော့ မနေနိုင်တော့ဘူး
အဲဒီဆက်ရန် ဒုက္ခတွေ မခံနိုင်လို့
ခုတော့........မျှော်ပေါ့နှော

ခင်တဲ့
seesein

ဂျစ်တူး ( မုံရွာ ) said...

အင်း---
ဘာတတ်နိုင်မှာလည်း-
ဒီလောက်ဘဲရေးတော့ဒီလောက်ဘဲဖတ်ပေါ့ဗျာ-
မျှော်ဆိုတော့လည်းမျှော်လိုက်တာပေါ့-
မင်းဒင်နဲ့ တည်ငြိမ်အေး ပေါင်းပြီးလုပ်တော့လည်း
ကျနော်တော့ သစ်ကုလားအုပ် ဖြစ်သွားတာဘာတတ်နိုင်
မှာလဲ-ဟုတ်ဖူးလားဗျာ-

TYZ said...

မျှော်ဆိုလည်း မျှော်နေတယ်။ မြန်မြန်လေးတော့ ရေးပေးနော်.... စိတ်ဝင်စားလို့ပါ။

Anonymous said...

I think this is close story about some singapore girl, anyway I like it. We can see anywhere this kind of school girls in Singapore. What the story about 2 burmeses girls?
thanks for writting (Noo No)

အင်ကြင်းသန့် said...

ကိုဆိုဆီရေ....ဇာတ်လမ်းက ဆွဲခေါ်သွားလိုက်တာ ဖတ်နေရင်း
ကိုယ့်ကိုကိုယ် အသက်တောင် ရှူမိရဲ့လားလို့ :)))

အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ ပြီးတော့ ကိုဆိုဆီက စလုံးကို တော်တော်ကို ရင်းနှီးကျွမ်းဝင်နှံ့စပ်တာပဲနော်.....

အဆက်ကိုမျှော်နေပါသည်။

Anonymous said...

မျှော့............. နေပါတယ်။


စစ

nyan gyi said...

ဇာတ်လမ်းက အန်ဂျီလာ အနားထိုင်ပြောနေသလိုပဲ၊ စလုံးအကြောင်းနည်းနည်းသိလိုက်ရတယ်၊ စောင့်ဖတ်နေမယ်၊

ချော (အစိမ်းရောင်လွင်ပြင်) said...

ဇာတ်ရှိန်ရလာပြီ ကိုဆိုးဆီရေ
စောင့်မျှော်နေမယ် ဆက်ရန်ကိုနော်...

Anonymous said...

MY MOTHER SAID, I AM NOT STUPID, IF I STUPID SO MANY STUPID IN SINGAPORE BECAUSE SOME MOTHER CHANGED THEIR NAME ALSO. THEY THINK THEIR BURMESE NAME IS AWFUL, THEY LIKE THEIR FUCKING ENGLISH NAME BUT THEY ARE NOT C'TIAN.

flowerpoem said...

အပိုင်း (၂) ကို ဖတ်ပြီး ပိုပြီး ဖတ်ချင်လာတယ် .

မြစ်ကျိုးအင်း said...

ဖတ်ရတာ မှတ်တမ်းကောင်းလေး တစ်ခုလိုပဲ စာဆုံးသွားမှပဲ အသိပြန်ဝင်လာတော့တယ်။
ဖတ်ကောင်းတယ်ဗျာ။
သေချာပါတယ် ပြီးတဲ့အထိ စောင့်ဖတ်ဖြစ်နေမှာ

Anonymous said...

စိတ်ဝင်စားဖို့ ကောင်းနေပြီးဖတ်လို့ကေဆက်ရေးပါဦး။ာင်း Min Min

Vista said...

အမြန်ဆက်ရေးဖို့ တုတ်ထမ်းစောင့်ရမလိုပဲ

rose of sharon said...

သူ့ဘဝဇာတ်ကြောင်းလေးကစိတ်ဝင်စားစရာဘဲနော်... ဒီလိုဘဝကိုဖြတ်သန်းလာရင်း ပညာကိုရအောင်သင်ယူခဲ့တာကိုသဘောကျမိတယ်

အတွေးကမ္ဘာ..မှတ်တမ်း said...

ကောင်းတယ်ဗျို့ မြန်မြန်ဆက်ရေးပါ..

သိင်္ဂါကျော် said...

အန်ဂျီလာ အကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်..

T2A said...

ကောင်း၏ ။ ဒီဇာတ်လမ်းထဲက Assistant လိုမျိုး Assistant တစ်ယောက်လောက် မိမိအတွက် ရရပါလို၏ဟု ဆုတောင်းမိ၏ ။