Sunday, February 28, 2010

ပုံပြင်မဟုတ်တဲ့ ငါ့ရဲ့မှတ်စု (ဒုတိယပိုင်း)

ျမန်မာပြည်ကို ပြန်ရောက်ရှိခဲ့ပါသည်၊

လာကြိုသူများက အဆင်ပြေအောင် လုပ်ပေးထားတဲ့အတွက်၊ အားလုံးအဆင်ပြေခဲ့သည်၊
လေယာဉ်ကွင်း အပြင်ခဏထွက်ပြီး ကိုယ်နိုင်ငံရဲ့လေကို တစ်ဝကြီးရှုသွင်းလိုက်မိသည်၊ တစ်ခြားသူတွေနဲ့တော့ ကွာပါလိမ့်မယ်၊ ကျမအတွက် ဒီလေတွေဟာ လျှော့ပေါ့မူ နှင့် လွတ်လပ်မူတစ်ချို့ ကိုပေးစေခဲ့ပါတယ်။
ဝမ်းသာပျော်ရွှင်နေတဲ့ ချစ်သူ၊ မိဘ၊ ဆွေမျိုးတွေရဲ့ အပြုံးအောက်မှာ ကျမရဲ့နာကျဉ်ခြင်း နှင့် ဝေဒနာတစ်မျိုး ခံစားနေရတဲ့စိတ်တွေ ယာယီပျေက်ကွယ်သွားတယ်၊
‘ဟိုနိုင်ငံလူဝင်မူကြီးကြပ်ရေးမှာ ပြသာနာ တက်တယ်ဆို၊’ 
‘ဟုတ်တယ်၊ ဒါပေမဲ့ အဆင်ပြေသွားပါတယ’် ဆိုပြီး စကားဖြတ်ပစ်ခဲ့ပါတယ်၊
ဒီလိုနဲ့ ကျမသန်လျင်အိမ်ကိုပြန်ရောက်ခဲ့သည်။

ချစ်သူကို မိဘနှင့် တစ်ရက်နှစ်ရက်လောက်နေချင်သေးတယ်၊ ဖုန်းပဲဆက်ပေါ့၊ ရပါတယ်ဆိုပြီးပြန်သွားပါတယ်၊ သူ့ ့အတွက်ဝယ်လာတဲ့ လက်ဆောင်တွေပေးလိုက်တယ်၊ 
ပစ္စည်းတွေနေရာချပြီးတာနဲ့ ကျမ ပထမဦးဆုံးလုပ်မိတာက ဖေဖေ နှင့် မေမေကို ထိုင်ကန်တော့ခြင်းဖြစ်သည်၊ ကျမမျက်ရည်တွေကျလာပါသည်၊ ဖေဖေ နှင့် မေမေလည်း မျက်ရည်တွေဝဲ၊ မျက်ရည်တွေကျလာပါသည်၊ ကျမဘာကြောင့် မျက်ရည်တွေကျသလဲ၊ ဖေဖေ နှင့် မေမေတို ့ ဘာလိုမျက်ရည်ကျရသလဲ၊ အဓိပ္ပါယ်တော့ကွာပါလိမ့်မည်၊ 
ဒါပေမဲ ့ချစ်ခြင်း၊မေတ္တာကြောင့်ဆိုတာ ငြင်းလို့ရမယ်မထင်ပါ။
ဖေဖေ နှင့် မေမေ ပေးသောဆု၊ မေမေရဲ့ ‘ဝမ်းသာဝမ်းနည်းဖြစ်မနေပါနဲ ့သမီးရယ် ဆက်လုပ်စရာတွေ အများကြီးရှိသေးတယ’် ဆိုတဲ့နှစ်သိမ့်မူတွေနှင့် ကျမအားတွေမွေးယူခဲ့သည်၊
ဟုတ်တယ်လေ ဘဝကိုဒီလိုနဲ ့ ရပ်ထားလို ့ဘယ်ဖြစ်ပါမလဲ။
သုံးရက်ဆိုသော အချိန်ဘယ်လိုကုန်သွားမှန်းမသိ၊ လေးရက်မြောက်မှာချစ်သူရောက်လာပါသည်၊

အေးအေးဆေးဆေး စကားပြောရအောင် ကျိိုက်ခေါက်ဘုရားပေါ်တက်ခဲ့ပါသည်၊ 
ဟိုတုန်းကဆိုရင် ချစ်သူနှင့် သန်လျင်ဘက်တွင် ဘယ်တော့မှမတွေ့၊ ရန်ကုန်ဘက်တွင်သာ တွေ့နေကျဖြစ်သည်။
သန်လျင်ကကျဉ်းသည်၊ စကားတွေမရှုပ်ချင်၍ဖြစ်သည်၊ မှတ်မှတ်ရရ ချစ်သူနှင့် နတ်စင်တစ်ရာ သွားဘူးသည်၊ ချစ်သူကိုရှင်းပြချင်လို ့ဖြစ်သည်၊ သူငယ်ချင်းတွေက ဘာလို့သွားတာလဲ စုံတွဲတွေမသွားရဘူး၊ 
တခြားစုံတွဲတွေလဲဲတွေ့ခဲ့တယ် ရိုးရိုးသားသား သွားဆုတောင်းတာပါ လို ့ပြန်ဖြေခဲ့သည်၊
နိုင်ငံခြားမထွက်ခင် တစ်ရက်က ကျမတို ့ ရေနံဝင်းစပ်က လွမ်းစေတီကိုသွားဖူးကြသည်၊ ကြီးမားတဲ့ညောင်ပင်အိုကြီးရဲ ့အောက်မှာ ငဇင်ကာအုတ်ဂူဆိုတာကို ကြည့်ရင်း အလွမ်းတွေသဲကြသည်၊
အဲဒီလိုပဲ ဘာလို ့ လွမ်းစေတီဘက်သွားတာလဲ ဆိုကြပြန်သည်၊ တညင်က ရာဇဝင်နဲ ့လေ ၊ ချစ်သူတွေ နတ်စင်တစ်ရာ မသွားသင့်၊ ရှင်မွေးလွန်းလွမ်းစေတီ မသွားသင့်၊ ဒုက္ခ ရောက်မယ်၊ ကွဲကြမယ်စသဖြင့်ပေါ့။

………………………. …………………………. ……………………




သြော်ချစ်သူ အကြောင်းပြောကြရအောင်၊


ချစ်သူ နာမည်က ရဲလင်းအောင် ရန်ကုန် အလုံ မှာနေသည်၊ စက်မူတက္ကသိုလ်က B.E. Electrical ဘွဲ့ရထားပြီး၊ သူ့သူငယ်ချင်း Company တွင် Project အင်ဂျင်နီယာ လုပ်နေသည်၊ မိဘတွေက လခစား အရာရှိတွေဖြစ်ပြီး အေးဆေးသည်။
ကျမတို ့တွေ့ပုံကတော့ ရိုးရိုးလေးပါပဲ၊ ကျမက အင်းစိန် ဂျီတီအိုင်မှာ ကျောင်းတက်တယ်၊ ရန်ကုန် စက်မူတက္ကသိုလ်ထဲ သူငယ်ချင်း တစ်ယောက်ဆီ Drawing set သွားဝယ်ရင်း၊ မိတ်ဆက်ပေးရာကနေ သိကျွမ်းခဲ့ရသည်၊ ကျမထက် အသက်သုံးနှစ်ကြီးသည်၊
ဒီနောက်မှာတော့ ကျမတက်နေတဲ့ ဂျီတီအိုင်ကို သူရောက်ရောက်လာသည်၊ အပြန် ဗိုလ်တစ်ထောင် ဆိပ်ထိပို့ပေးသည်၊ ထိုစဉ်က သန်လျင်တံတား မပြီးသေး ဆောက်နေဆဲဖြစ်သည်၊ သူငယ်ချင်းတွေက နင်ကိုခိုက်နေပြီ လိုက်နေပြီဆို၏၊
ရွေစင်ညိုဘာလို ့ဝဲသလဲဆိုတာသိပေမဲ့၊ ရင်ခုန်သာယာနေမိသည်၊
ကျမသွားချင်သော နေရာတွေကိုလိုက်ပို ့ပေးသည်၊ နှစ်ယောက်ထဲဆိုင်ထိုင်ဖြစ်သည်၊ စကားတွေဖေါင်ဖွဲ့ပြောဖြစ််ကြသည်၊ သူ့အကြောင်း ကိုယ့်အကြောင်း ဘေးလူတွေအကြောင်း၊ ရုပ်ရှင်ဂီတစာပေ ရောက်တတ်ရာရာ ပြောကြသည်၊ ကျမဘဝမှာ ကြည်နူးဖွယ်ရာ အကောင်းဆုံး အချိန်လေးတွေပါပဲ။ 

ကျမသည် ဆယ်တန်းအထိ ကလေးလိုနေခဲ့သည်၊ ဂျီတီအိုင် ဒုတိယနှစ်ရောက်မှ ရင်ခုန်ဖြစ်ခဲ့သည်၊
ရဲလင်းအောင် မတိုင်ခင် ကျမကို ကြိုက်တဲ့သူတွေရှိပါသည်၊ အများအားဖြင့် ရေနံချက်စက်ရုံမှ အင်ဂျင်နီယာများ နှင့် ဓါတုဗေဒ အရာရှိငယ်များ ဖြစ်သည်၊ ကျမထက် အသက် ခြောက်နှစ် မှ ဆယ်နှစ်ထိကြီးကြသူများဖြစ်သည်၊
သူတို ့ဆီက ရီးစားစာ အစောင် ၃၀ ကျော်ရဘူးပါသည်၊ 
ကျမတို့အိမ်သည် သန်လျင်မြိို့လယ်မှာ ရှိသည်ဟုဆိုနိုင်သည်၊ ဆီချက်ဆိုင်၊ လက်ဖက်ရည်ဆိုင််် ပြီးရင် ကျမတို့အိမ်ပါပဲ ကုန်စုံဆိုင်ဖွင့်ထားသည်၊ လက်ဖက်ရည်ဆိုင်််၊ ဆီချက်ဆိုင် ပိုင်ရှင််များ၏ သမီးများသည် ကျမ၏ သူငယ်ချင်း များဖြစ်ကြသည်၊ လက်ဖက်ရည်ဆိုင်သည် ရေနံချက်စက်ရုံမှ သူများနဲ့စည်ကားလေ့ရှိသည်၊ သန်လျင်က ကောင်မလေးများကို ဘယ်သူက ဘယ်သူ့ကိုကြိုက်လို ့ မသိချင်မှအဆုံး၊ ကျမတို ့ သူငယ်ချင်းတွေလဲ ရလိုက်တဲ့ရီးစားစာတွေ၊ ထိုစာများထဲတွင် အသက်ကြီးကြီး ဓါတုဗေဒ အရာရှိငယ် တစ်ဦး၏ ရီးစားစာက ကျမကို အမှတ်တရဖြစ်စေခဲ့ပါသည်၊ ကျမတို့သူငယ်ချင်းတွေ ဖတ်ပြီး အမှတ်အများဆုံးပေးခဲ့ပါသည်၊ စစ်ကိုင်းဘက်ကဖြစ်ပြီး ယခု ကျောက်တန်းတွင် အိမ်ထောင်ကျ နေပြီဖြစ်သည်။ 
‘အစ်ကိုကြီး ချစ်ရပါသော ညီမ မိုးစန္ဒာ၊ ရိုသေလေးစားစွာဖြင့်လဲ သူများတွေ ခေါ်သလို စန္ဒာလို ့ မခေါ်ပဲ၊ မိုးလို့ပဲခေါ်ပါရစေ’ ဟု ပထမစာတွင် အစချီလာသည်၊ “ဟို အစ်ကိုကြီးရဲ ့မိုးစန္ဒာ၊” ဇာတ်လမ်းဖြစ်ခဲ့ပါသည်၊
ကျမ မှာ ရီးစား ရှိနေပါပြီဟု အသိပေးသောလည်း ကိုကြီးရဲ ့ အချစ်ဟာ ထာဝရပါ၊ အိမ်ထောင်မကျမချင်း မျှော်လင့်ချက်နှင့် ဆက်ပြီးချစ်ခွင့်ပြုပါ မိုးစန္ဒာ ညီမရယ်ဆိုပြီး နေပြန််တယ်၊ နောက်တော့လည်း အဲဒီ အစ်ကိုကြီး အိမ်ထောင် အရင်ပြုသွားပါတယ်၊သြော် ထာဝရ အချစ်တွေပေါ့။

သူငယ်ချင်းတွေအဖြစ် တွဲသွားတွဲလာ လုပ်နေကြရင်း ဆယ်လကျော်ကျော်မှာ ရဲလင်းအောင် ကျမကို ချစ်ရေးဆိုလာပါတယ်၊ ဗိုလ်တစ်ထောင်ဘုရား ရင်ပြင်တော်မှာပါ၊ ကျမ ကျောင်းပြန် နောက်ကျရင် ဗိုလ်တစ်ထောင်က ဦးလေးအိမ်ဝင်အိပ်ပါတယ်၊ ဦးလေးအိမ်မဝင်ခင် ဘုရားဝင်ဖူးလေ့ရှိပါတယ်၊ နောက်ပိုင်း ရဲလင်းအောင် လိုက်လိုက်လာပါတယ်။
ကျမ ကလည်း နင်ချစ်ရေးဆိုတာကို ငါအသိအမှတ််ပြုပါတယ်၊ လောလောဆယ်တော့ ငါတို ့ ဒီလိုပဲဆက်နေရအောင် ဆိုတော့၊ ရပါတယ် နင်အနားငါအမြဲရှိနေရရင် ကျေနပ်ပါတယ်တဲ့၊ 

ဆယ်ကျော်သက် ကျမဘဝကို ရင်ခုန်မူ တွေပေးသလို၊ ပျော်ရွင်ကြည်နူးမူတွေပေးလေတော့ အချစ်ဆိုတာ ဒါလားဟေ့ ဆိုပြီး ကျမ ရဲလင်းအောင်ကို ချစ်သူ အဖြစ် အဖြေပေးခဲ့ပါသည်။ အဲဒီနေ ့ဟာကျမ နောက်ဆုံးနှစ် စာမေးပွဲပြီးတဲ့နေ ့ပါပဲ၊ ဒါပေမဲ့ သူ့ချစ်ရေးဆိုတာကို တစ်မျိုးတစ်ဖုံ ရင်ခုန်ခြင်း၊ တထွေတထူး ဘာမျှ မခံစားခဲ့ရပါ။
ချစ်သူတွေဖြစ်ပြီးမှ ရန်ကုန်နှင့် သန်လျင် နီးပေမဲ့၊ ကျမတို့ တွေ့ချိန်နည်းလာသည်၊ 
သူကလည်း နောက်ဆုံးနှစ်၊ ကြို့ကုန်းအဆောင်တွင်သွားနေတာများသည်၊ ကျမကလဲ အိမ်ကိုကူ၊ တဘက်မှာ စာပေးစာယူ တက်ဖြစ်တော့ ကျမရန်ကုန်လာတဲ့အချိန်၊ သူ့ကျောင်းအားချိန် တွေမှာပဲတွေ့ဖြစ်သည်၊ ဖုန်းထဲမှာပဲတွေ့ကြပြီး ဖုန်းချစ်သူတွေဖြစ်ခဲ့သည်၊ တွေ့ကျပြန်တော့လည်း ရုပ်ရှင်ကြည့် လျှောက်လည်နှင့် အချိန်တွေကုန်ခဲ့သည်။

- ချစ်သူသိလေ…
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ..
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့် ..
အိမ်မက်တိုင်းမှာ ရှိနေသူ…..



ဒီကဗျာလေးကို ရွတ်ပြသောအခါ၊ သူ ပီတိတွေဖြာခဲ့သည်၊ ကျမ ကဗျာ ကြိုက်တာကိုသိ၍ သူတို့ကျောင်းနှင့် မိန်းထဲကထုတ်သော လက်ရေး ကဗျာ စာအုပ်တွေ ဝယ်ဝယ်ပေးတတ်သည်၊ မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာစာအုပ်ဝယ်ပေးသောနေ့က မှတ်မှတ်ရရ သူ့ကိုအထူးကျေးဇူးတင်မိသည်၊ ‘ငါနင့်ကိုကျေးဇူး တင်လိုက်တာ’ ဟုအကြိမ်ကြိမ်ပြောမိသည်။

ကျမတို့နှစ်ယောက်က မင်းနဲ့ငါနဲ့နင်နဲ့ ပဲပြောသည်။ ‘မောင’်လို့ ခေါ်ရမလားဆိုရင် သူပြုံးသည်၊ ‘ကို’လို့ ခေါ်ရမလားဆိုရင် သူရယ်သည်၊ ကျမကလည်း ခေါ်ဘို့မကြိုးစားခဲ့၊ သူကလည်း မတိုက်တွန်း ချစ်သူနှစ်ဦးရဲ့ နားလည်မူပေါ့။
ကျမ ရုပ်ရှင်ကြိုက်သည်၊ ကျမတို့နှစ်ယောက် ရုပ်ရှင်တော်တော်ကြည့်ဖြစ်သည်၊ သမ္မတ ရုပ်ရှင်ရုံတွင် အများဆုံး ကြည့်ဖြစ်သည်၊ အဲဒီလိုနဲ့ ရုပ်ရှင်ကြည့်ရင်း ကျမသူ့ကို ပထမဦးဆုံးအကြိမ်နမ်းခွင့်ပေးခဲ့သည်၊ နဝဒေး ရုပ်ရှင်ရုံတွင် မင်းသား ကျော်သူ ကား ကြည့်သည့်နေ့ကဖြစ်သည်၊ ရုပ်ရှင်ဇာတ်လမ်းကို ကျမ မမှတ်မိခဲ့ပါ။
ကျမကို သူ့ကျောင်းသို့ ခေါ်သွားတတ်သည်၊ ကျမလဲလိုက်သည်၊ နွေအေးဆိုင်တွင်ထိုင်ကြသည်၊ ဒီကျောင်းမှာ ကျောင်းသူရှားလို့ ငါ့ကိုကြိုက်တာလားဆိုရင် မဟုတ်ပါဘူး ကျောင်းသူတွေပေါပါတယ် မိန်းမရှားလို့၊ ဟိုမှာကြည့် အဲဒါဂျီဟောသူဆိုတာ၊ သူပြသော ဂျီဟောသူတွေကို ကြည့်ပြီး ကျမတို့နှစ်ယောက်ရယ်ဖြစ်သည်။
သူ့ သူငယ်ချင်းတွေက မေဂျာစုံကဖြစ်သည်၊ နွေအေးဆိုင်ရောက်လာရင် အိပ်မှုံစုံဖွားတွေနဲ့ မိုးလင်းထိ စာကျက်ကြသည်ထင်သည်၊ (နောက်မှသိရသည်မှာ ဖဲဝိုင်းကထလာကြခြင်းဖြစ်သည်)၊ 
သူ့ သူငယ်ချင်းအရင်းတွေကတော့ ကိုတိုး၊ နိုင်သာထက်ကျော် နှင့် ကိုညီတို့ဖြစ်သည်၊ ကိုညီသည် မိုးကုတ်ကဖြစ်ပြီး ကိုညီ့အခန်းတွင် သူ့အိပ်လေ့ရှိသည်၊ သာထက်ကျော်က နယ်မှဖြစ်သည် စကားကြီးစကားကျယ် သိပ်ပြောသည်၊ ကိုတိုးက ရန်ကုန်က အစိုးရအရာရှိကြီးကြီး၏ သားဖြစ်သည်၊ မာဇဒါဂျစ်နှင့် ကျောင်းတက်သည်၊ သူ့ ကောင်မလေးက Chemical ကယ်မီကယ် ကဖြစ်ပြီးစာတော်သည်တဲ့၊
ကိုတိုးက ဒီကောင်ကို ဖဲရိုက်လျှော့ခိုင်းဆို၍ ကျမတို့နှစ်ယောက် စကားများရသည်၊ ကိုတိုးကတော့ ဟဲဟဲ ….ဟဲဟဲနဲ့။

သန်လျင်တံတားပြီးသွားသောအခါ၊ သန်လျင်၊ ကျောက်တန်း ဖွံဖြိုးရေးစီမံကိန်းများဝင်လာသည်၊ ရေနံချက်စက်ရုံကြီးကလည်း မလည်သည်ကများသည်၊ သန်လျင်မြို့၏ စီးပွားရေးပုံစံပြောင်းလဲသွားသည်၊ မိုးကျရွှေကိုယ် စီးပွားရေးသမားတွေ ဘယ်ကရောက်လာမှန်းမသိ၊ ထိုအချက်များသည်၊ ကျမတို့ အိမ်ရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့သည်။ 
အိမ်၏ လုပ်ငန်းကို သမီးကြီးတစ်ယောက် အနေဖြင့် အဖေကို ကူညီကာ ဝိုင်းဝန်းကြိုးပမ်းခဲ့သည်၊ ကုန်စုံဆိုင်မက ကုန်မာ ကိုပါ ခေတ်နှင့်အညီ ပြောင်းလဲခဲ့သည်၊ ရဲလင်းအောင်ကတော့ ကျောင်းပြီး၍ သင်္ဘောလိုက်ရန် ရေတပ်ထဲတွင် ဒေါ့ခ် ဆင်းနေသည်၊ မနက်ပိုင်း ဒေါ့ခ်ဆင်း၊ ညနေ ကျမကိုလာတွေ့၊ ကျမနှင့် စျေးဝယ်လိုက် ပုံမှန်တာဝန်လို ထမ်းဆောင်နေသည်၊
ကျမ အိမ်အခြေအနေကို သူ့ကိုရှင်းပြသည်၊ ‘အားကိုးရမှာလားဟင်’ ဟုမေးသောအခါ၊ ‘ရပါတယ်၊ ဖြစ်သွားမှာပါ’ ဟုဆိုသည်၊ သင်္ဘောပေါ်တက် သင်္ဘောလိုက်ရုံနဲ့ အိမ်ထောင်တခု ထူထောင်လို့ရပြီလား၊ အိမ်ထောင်တခု အတွက်အဆင်ပြေသွားမှာလား၊ စလုံးရေးစရမည်ပေါ့၊ စိတ်ထဲမှာတော့ အားကိုးပါရစေချစ်သူရယ်…။
စျေးကွက်စီးပွားရေးစနစ်ကြောင့်လား၊ ခေတ်က အပြောင်းမြန်လို့လား၊ ကျမတို့ အိမ်ရဲ့ သမရိုးကြ စီးပွားရေးလုပ်ငန်း ခက်ခဲလာသည်၊ ရဲလင်းအောင်က သူ့ ဒေါ့ခ်မဆင်းတော့၊ ပင်လယ်ထဲတွင် ကိုးလ၊ တစ်နှစ် မနေနိုင်ဟုဆိုသည်၊ ကွန်ပြူတာ နှင့် အင်္ဂလိပ်စာ သင်တန်းတစ်ချို့တက်နေသည်၊ ကျမလဲ သူ့ကိုအားပေးသည်၊ ကိုယ်ဖြစ်ချင်တာကိုပဲ ဖြစ်အောင်လုပ်ပါလို့ ။ 
ကျမတို့ ချစ်သူနှစ်ဦး နောင်ရေးဆွေးနွေးချက်များ၊ ဘာမှမရေရာပဲဖြစ်နေသည်၊ တစ်ချို့က မင်းတို့ပညာတတ်တွေပဲ၊ တစ်ခုခုလုပ်ကြလေ ဆိုရင် ဟုတ်ကဲ့ ဟုဖြေပြီး ဘာလုပ်ရမည်မသိ၊ အတူတူနေကြရအောင်လို ့ နှစ်ဦးစလုံး မပြောဖြစ်ကျ။
ကျမနဲ့ အဖေကြားမှာ မတူတဲ့ စီးပွားရေးအမြင်တွေရှိလာသည်၊ ကျမတားနေသည့်ကြားက အဖေကားရောင်းလိုက်သည်၊ အဖေရောင်းပြီး သုံးလအကြာ ကားစျေးတွေ အဆမတန်တက်သွားသည်၊
ကျမနဲ့အမေတို့ အဖေကိုဝိုင်းပြောကြသည်၊ အဖေဘာမှ ပြန်မပြောပါ၊ နောက်တော့ အဖေမှာဒီထွက်ပေါက်ပဲ ရှိတော့တာ ဆိုတာကျမနားလည်လိုက်သည်၊ အဖေလဲခံစားရမှာပါ၊ ကျမ အားလုံးကို နားလည်နေပါပြီ၊
အဆင်မပြေသော အိမ် စီးပွားရေး အခြေအနေနှင့် ဘာလုပ်ရမှန်းမသိသော သမီးကြီး တစ်ယောက်၏ ခံစားချက်ကို နားလည်စေချင်သည်။ 

ရဲလင်းအောင်ရဲ့ သူငယ်ချင်းတစ်ချို့ သင်္ဘောလိုက်သွားကြသည်၊ တစ်ချို့တပ်ထဲဝင်သွားသည်၊ တော်တော်များများ အစိုးရအလုပ်လုပ်ဘို့စိတ်မကူးကြ၊ ကျမ၏တိုက်တွန်းချက်အရ ကိုတိုး အဖေ အစုအစပ်ပါသော စက်ရုံတွင် ရဲလင်းအောင် အင်ဂျင်နီယာ ဝင်လုပ်သည်၊ သူ့သူငယ်ချင်း ကိုညီ ဂျပန်သို့ထွက်သွားသည်၊ ဗိုလ်တစ်ထောင်မှ အစ်မဝမ်းကွဲ မရီခိုင် AIT တက်ရန် ဘန်ကောက်သို့ ထွက်သွားသည်၊ တစ်ခုခုလုပ်ပါလားလို့ပြောပြီး ဘာလုပ်စရာမှ မရှိသော ထိုအချိန်က လူငယ်များ၏ ထွက်ပေါက်ကို လူငယ်များကရှာကြသည်။
မရီခိုင် AIT တက်ခွင် ့ရသော်လည်း full scholarship မရ၍၊ ဘေးနိုင်ငံသို ့အလုပ်လုပ်ရန်ထွက်သွားသည်၊ မရီခိုင် အလုပ်ရှာရာတွင် ကံကောင်း၍ အလုပ်ကောင်းတစ်ခုရသည်၊ တစ်နေ ့၁၂နာရီ လုပ်ရသည်၊ တစ်လမှာ ၂ရက်တာ နားရသည်၊ ဝင်ငွေကောင်းသည်။
မရီခိုင် အဆင်ပြေခြင်း၊ ကျမအိမ်၏ စီးပွားရေးအခြေအနေအရ ကျမနိုင်ငံခြားထွက်ဖို့စိတ်ကူးမိခဲ့သည်၊ အိမ်၏ အခြေအနေကို သိသော မရီခိုင်က ညီမ လာခဲ့ပါဟုလှမ်းခေါ်သည်၊ ထိုကိစ္စကို ရဲလင်းအောင်နှင့် တိုင်ပင်ဖြစ်သည်။
နိုင်ငံခြားထွက်ကြသည် ဆိုရာ၌၊ ပိုက်ဆံရှာရန်၊ ရေကြည်ရာမြက်နုရာရှာ အခြေချရန်၊ ဘာမှလုပ်စရာ ကိုယ်လုပ်ချင်စရာ ဒီမှာ မရှိ၍ ရေစီးကြောင်း အတိုင်းလိုက်ထွက်ခြင်း၊ နိုင်ငံရေးအခြေအနေရ 
နေလို ့မဖြစ်၍ထွက်ရခြင်း၊ စသဖြင့် လူငယ်အများစု နိုင်ငံခြားသို ့ထွက်ကြသည်။ အရင်တုန်းက သင်္ဘောသား အလုပ်ဖြင့်သာ နိုင်ငံခြားငွေရ၍ နိုင်ငံခြားသို ့ထွက်ကြသည်။

ကျမကတော့ ပိုက်ဆံရှာရန် နိုင်ငံခြားသို ့ထွက်မည်၊ အခြေအနေကပေးသည်၊ လူရင်း အစ်မဝမ်းကွဲ ရှိသည်၊ ရဲလင်းအောင် နှင့် အကြေအလည် ဆွေးနွေးပြီး၊ နောက်ဆုံးတော့ သူ သဘောတူခဲ့သည်၊ ချစ်သူနဲ့ရော အဖေအမေနဲ့ရော အဝေးကို ဘာလို ့ခွဲချင်မှာလဲ၊ အခြေအနေအရ ကျမ နိုင်ငံခြားသို ့ထွက်ခဲ့သည်။
နိုင်ငံခြားမထွက်ခင်ည လွမ်းစေတီ ညောင်ပင်အိုကြီးရဲ ့အောက်မှာ ကျမတို ့တွေ ့ဖြစ််ကြသည်၊ တစ်ဦးနှင့်တစ်ဦး အမှာစကားတွေ ချွေကြသည်၊ နောက်ဆုံးမခွဲခင်ကလေးကျမကို တင်းကျပ်စွာဖက်ထားရင်း ကိုယ်သင်းန့ံလေး တစ်ဝကြီး ရှုပါရစေ ဆိုပြီး၊ အနမ်းတွေဝေခဲ့သည်၊ ကျမလည်း ချစ်သူ့ကို ပထမဦးဆုံးအကြိမ် နမ်းခဲ့သည် ရင်ခုန်ခြင်းများဖြင့် ကျမတို့ အိမ်ပြန်ခဲ့သည်။

ချစ်သူရယ် 
အပင်တိုင်းဟာ ပန်းပွင့်မယ်ဆိုရင် 
ဘဝဆိုတာ ပန်းခင်းကြီးပေါ့၊
ပန်းပွင့်တိုင်းဟာ မွှေးမယ်ဆိုရင်
လောကမှာ သာယာကြည်နူးဆုံးပေါ့၊
ဒါထက်ပြည့်စုံတာကတော့
ချစ်သူနှင့် အတူနေရခြင်းပါပဲ။


ချစ်သူရယ်
ချစ်တဲ့သူတိုင်း အတူနေရမယ်ဆိုရင်
လွမ်းတယ်ဆိုတာ ဘယ်ရှိတော့မလဲ၊
ချစ်တဲ့သူတိုင်း မခွဲကြဘူးဆိုရင်
ဆွေးတယ်ဆိုတာ ဘယ်ရှိတော့မလဲ၊
ရင်နာပေမဲ့လဲ စဉ်ကာအခြေမပေးလေတော့
ချစ်သူရယ်
ကြင်နာစွာဖြင့်လဲ ခဏ ခွဲကြတာပေါ့။
……………………. ………………………. ………………………


ကျမတို့နှစ်ယောက် သူ့အိမ်ကိုသွား၍ သူ့မိဘတွေကို ကန်တော့ပြီး လက်ဆောင်တစ်ချို့ပေးသည်၊
အပြန်တွင် အင်းလျားလမ်းက ဒင်နိူဝင်ပြီး အအေးသောက်ကာ ရှေ့ရေးဆွေးနွေးဖြစ်သည်၊ 
‘တစ်လနှစ်လ အတွင်းမှာ ငါတို့ မင်္ဂလာဆောင်ရအောင်၊’ ရဲလင်းအောင်ကမေးသည်၊
‘တစ်လတော့ ငါနားပါရစေဦး၊ နောက် တစ်လနှစ်လ အတွင်းမှာလုပ်ပေါ့၊’ ပြန်ဖြေမိသည်၊
‘ရတယ်၊ နင်ဖြစ်ချင်တဲ့ အစီအစဉ်ကိုပြောဦးလေ၊’
‘ရပါတယ် နင်လေ့လာထားပြီပဲ၊ ငါ့အမေနှင့် တိုင်ပင်ပြီးလုပ်လိုက်ပါ၊’
‘ဖုန်းထဲမှာ မင်္ဂလာဆောင်အတွက် နင်ဖြစ်ချင်တာ၊ နင်လုပ်ချင်တာတွေ အများကြီးပဲ၊’
‘ဟုတ်တယ်၊ ခုမဟုတ်တော့ဘူး၊’
‘နင်ဘယ်လိုဖြစ်နေသလဲ၊ တခုခုဖြစ်နေသလား၊ ငါကိုပြောပါ၊’ ရဲလင်းအောင်က ကျမမျက်နာကို သေသေချာချာကြည့်၍ မေးသည်၊
‘ဘာမှ မဖြစ်ပါဘူး၊ ငါ နင်နှင့် အတူတူနေဘို့၊ မင်္ဂလာဆောင်ရအောင် ပြန်လာခဲ့တာပဲ၊’
‘ဒါပေမဲ့ ငါတစ်ခုပြောမယ်၊ ငါတို့ ရန်ကုန်မှာပဲဆောင်မယ်၊ သန်လျင်မှာ မဆောင်တော့ဘူး၊
ငါ့အမေနဲ့ တိုင်ပင်ပြီးလုပ်ပါ။’ ကျမလဲ ရဲလင်းအောင် မျက်နာကို သေသေချာချာကြည့်၍ ပြန်ဖြေလိုက်သည်။
မင်္ဂလာဆောင်စိတ်၊ မင်္ဂလာဆောင်အတွေးများ လောလောဆယ် ကျမ စိတ်ထဲတွင် ဘာမှမရှိပါ၊ မင်္ဂလာဆောင်ကို ရင်ဆိုင်ရမည်ကို ရင်လေးနေမိသည်၊ ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ ဆိုတာတွေ၊ နောက်ပြီး အရောင်ဆိုးထားသော လူတွေကို ဟန်ဆောင်ပြုံးပြရဦးမည်၊ မင်္ဂလာဆောင်ပြီးနောက်ဆိုတာကိုလည်း ထည့်မစဉ်းစား၊ တကယ်လုပ်ချင်တာက လူတွေမရှိသည့်နေရာကိုသွားနေချင်သည်၊ မင်္ဂလာဆောင်ဖို့ ပြန်လာတာ မင်္ဂလာဆောင်ရမှာပေါ့လေ ဆိုပြီး စိတ်ကိုလျော့ ပေးလိုက်သည်။

ကျမ ရွှေကျင်ရိပ်သာမှာ တရားစခန်း တစ်ပတ်ဝင်နေသည့်အချိန်၊ အမေနဲ့ရဲလင်းအောင်တို့ မင်္ဂလာဆောင်နေ့ နှင့် နေရာကိုရွေးချယ်သတ်မှတ်လိုက်ကြသည်။ ဒီလိုနဲ့ ကျမ ချစ်သူနှင့် မင်္ဂလာဆောင်ဖြစ်ပြီး၊ အိမ်ထောင်ကျခဲ့သည်၊ ကျမတို့ ချစ်သူနှစ်ဦးရဲ့ဆုတောင်းပြည့်ခဲ့သည်ပေါ့၊

နှစ်ဘက် မိဘများက ဟန်နီးမွန်းထွက်ခိုင်းသည်၊ ကျမကို ဘယ်နေရာသွားချင်လဲရွေးပါဆိုသည်၊ ကျမ စိတ်ကြိုက်တွေ့သွားသည်၊ သီပေါ ဘော်ကြို ကိုရွေးသည်၊ ဒါမှမဟုတ်ရင် အင်းလေး မိုင်းသောက်၊
ဟန်နီးမွန်းထွက်တဲ့ နေရာတွေမဟုတ်ဘူး၊ ဘယ်မှာနေမလဲ၊ တည်းမလဲ ဟုဆိုကြသည်၊ ကျမကလဲ ဟန်နီးမွန်းထွက်တဲ့နေရာဆိုတာ ဘယ်သူသတ်မှတ်ထားတာလဲ၊ ဟန်နီးမွန်းဆိုတာ နှစ်ယောက်ထဲ သီးသန့် အေးဆေးစွာနေချင်တာဟု စောဒကတက်လိုက်သည်၊ နောက်ဆုံး သီပေါ ဘော်ကြို ကိုရွေးလိုက်သည်၊ 
ဝိုင်းဝန်းစီစဉ်ပေးကြသဖြင့်၊ ကျမတို့လင်မယား နှစ်ယောက် သီပေါ ကိုရောက်ခဲ့သည်၊ တည်းခိုတဲ့ နေရာကတော့ သီပေါ နှင့် ဘော်ကြိုကြား၊ လားရှိုးလမ်းမပေါ်ကခြံကြီးတွင်ဖြစ်သည်၊ ရဲလင်းအောင် အဖေကစီစဉ်ပေးခြင်းဖြစ်သည်၊ ဦးစိုင်းလှအေး၊ဒေါ်ထွေးတို့ ခြံဖြစ်သည်၊ ခြံထဲတွင် နှစ်ထပ်တိုက်ခံအိမ် အကြီးကြီးတစ်ခုရှိသည်၊ ဦးစိုင်းလှအေးသည် SSA မှ ငြိမ်းချမ်းရေးယူထားသူဖြစ်သည်၊ အသက် ၇၀ ကျော်ပြီ၊ လောလောဆယ် ရပ်ရွာလူကြီးဖြစ်သည်၊သားသုံးယောက်၊ သမီးတစ်ယောက်ရှိသည်၊ သားသုံးယောက်မှာ ဒီမှာမနေ၊ သမီး နန်းလှထွေးသာ အတူတူနေသည်၊ ကျမတို့လင်မယားကို အောက်ထပ်က ဧည့်သည်အခန်းတွင်ထားသည်။

ရောက်စ နှစ်ရက်တွင် ကျမအိမ်ကြီးနှင့် ခြံထဲကိုလေ့လာရင်း အချိန်ကုန်ခဲ့သည်၊ ကျမ နန်းလှထွေးနှင့် ရင်းနီးလာသည်၊ ကျမထက် ၆နှစ်လောက်ငယ်သည်၊ နောက်နေ့များတွင် ကျမ နန်းလှထွေးနှင့် ဘော်ကြို သီပေါ တစ်ဝှိုက် လှည့်ပတ်ကြည့်ကြသည်၊ အထူးသဖြင့် ဒေသရှိ ပန်းများကို လေ့လာမိခြင်းဖြစ်သည်၊ နန်းလှထွေး၏ ထူးခြားချက်မှာ သေနတ်ပစ်တတ်သည်၊ ပစ္စတို၊ခြောက်လုံးပြူး ကျွမ်းကျင်စွာပစ်တတ်သည်၊ ယူသွားလေ့လဲရှိသည်။
ကျမ နန်းလှထွေးနှင့် လှည့်ပတ်နေချိန်တွင် ရဲလင်းအောင်တစ်ယောက် ရွာက ထော်လာဂျီ၊ ရေစုပ်စက်၊ မီးစက်တွေ ပြင်နေရသည်၊ အင်ဂျင်နီယာ ရောက်နေသည် သတင်းကြောင့် အနီးနားမှ ထော်လာဂျီများ၊ စက်များ ဦးစိုင်းလှအေးခြံတွင် ပုံနေတော့သည်၊ ရဲလင်းအောင်တော့ ဘယ်လိုနေသည်မသိ၊ ဦးစိုင်းလှအေးတော့ သဘောကျနေသည်။
သီပေါ တွင်နေရခြင်းကို ကျမသိပ်ပျော်သည်၊ ပန်းနှင့်လိပ်ပြာတို့ရဲ့ အလှတွေ၊ တောတောင်ရှုခင်းတွေကို ကြည့်ပြီးသာယာနေတတ်သည်၊ တစ်ခါတစ်လေ ဘယ်လောက်ကြာသွားလဲမသိ၊ ရဲလင်းအောင် လာလက်တို့မှသိသည်၊ ‘မ နင်ရပ်ကြည့်နေတာ ၂နာရီလောက်ရှိပြီ၊’ ‘ဟုတ်လား ငါမသိလိုက်ဘူး ရဲလင်း၊’ လင်မယားဖြစ်လာသောအခါ ကျမကသူ့ကို ရဲလင်းဟုခေါ်ပြီ၊ သူက ကျမကို မ ဟုခေါ်သည်၊ ကျမက စန္ဒာ ခေါ်တာလဲမကြိုက်၊ မိုးဟု ခေါ်တာလဲမကြိုက်၍ ဖြစ်သည်၊
‘မ နင်တစ်ခုခုဖြစ်နေတယ်ထင်တယ်၊’ 
ကျမ သက်ပြင်းကိုဖြေးညှင်းစွာချလိုက်ပြီး၊ ‘ငါ့စိတ်တွေကိုငါလိုက်ဖမ်းနေတာ၊’ 
‘ငါ့စိတ်တွေ ငါ့ဆီပြန်ရောက်အောင်ပေါ့၊’
ကျမ သူ့ကို ဟိုနိုင်ငံတွင် ဖြစ်ခဲ့သည့် ကိစ္စ ပြောပြလိုက်သည်။
သူ့ကြောင့်ဖြစ်သွားရတာပါ၊ သူ့အနူးအညွတ်တောင်းပန်းသည်၊ ယောက်ျား တစ်ယောက်ရဲ့ အဆုံးစွန်ဆုံးတောင်းပန်မူကို ထင်ဟပ်စေတဲ့ ဘယ်လိုမှ ဖေါ်ပြလို့မရတဲ့ မျက်နှာကို ကျမ ရဲလင်းအောင် ဆီမှာ တွေ့လိုက်ရသည်။ 

‘ငါ နင့်ကို သိပ်ချစ်လို့ပါ၊’ ‘ငါ နင့်ကိုဘယ်နည်းနဲ့မှ မခွဲနိုင်လို့ပါ၊’ ဟုပြောရင်း
ရဲလင်းအောင် ကျမကိုတင်းကျပ်စွာဖက်ထားသည်၊
‘ကိုတိုးကြီးနှင့် သူ့ဆရာမတို့ ကွဲသွားကြတယ်၊’ ‘ငါ နဲ့ နင့်ကို အဲဒီလိုအဖြစ်မခံနိုင်ဘူး၊’ 
‘ငါတို့ အတူတူနေနေရပြီပဲ၊’ ‘ငါ့စိတ်တွေကို ငါပြန်ဖမ်းနေတယ်လေ၊’
ကျမ ပြောရင်းသူဆီက ခွာလိုက်သည်၊ ကျမသိလိုက်ရသည်မှာ သူရင်ခွင်သည် ကျမအတွက်နွေးထွေးမူကို မခံစားရတော့ပါ။

ကိုတိုး ကောင်မလေး ကျောင်းပြီးသောအခါ Chemical တွင် ဆရာမ ဝင်လုပ်သည်၊ ကိုတိုးက စီးပွားရေးလုပ်သည် အောင်မြင်သည်၊ ဆရာမက နိုင်ငံရေးလှုပ်ရှားမူတွင်ပါပြီး၊ ထိုအထဲမှ နိုင်ငံကျော် စာရေးဆရာကြီးရဲ့မြေးနှင့် တွေ့ကာ မင်္ဂလာဆောင်သွားသည်၊ ရဲလင်းအောင်က ကိုတိုးဆုံးရှုံးသွားသည်၊ အသဲကွဲသွားပြီဟုဆိုသည်၊ ကိုတိုးကတော့ သူဘာမှ မဆုံးရှုံးသွားပါ အမြဲတမ်း ဆရာမကို ချစ်နေမည်ဟုဆိုသည်၊ အကြောင်းကြောင်းကြောင့် အတူမနေရပေမဲ့ ဆရာမ သူကိုချစ်နေပါမှာတဲ့၊ ကိုတိုး ယနေ့ထိလူပျိုကြီးပါ။ ရဲလင်းအောင်က မင်္ဂလာဆောင်လိုက်ရင် သူပိုင်ဆိုင်ရပြီထင်နေတာကိုး။

ကျမ ညည အိပ်မပျော်ပါ၊ ကြယ်တွေထကြည့်၊ ကောင်းကင်ထကြည့်၊ နောက်ဆုံးတော့ ကျမ စာတွေဖတ်ဖြစ်သည်၊ ကျမ ရန်ကုန်က စာအုပ်တွေ ယူလာသည်၊ မြသန်းတင့်ရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေးလဲပါသည်၊ နံနက်လေးနာရီ၊ ငါးနာရီ လောက်အိပ်ဖြစ်ကာ ဆယ်တစ်နာရီလောက် ထသည်၊ 
စားသောက်ပြီးနောက် နန်းလှထွေးနှင့် လှည့်ပတ်သည် နန်းမျှော်ချောင်းထိတောင်ရောက်သည်၊
ကျမ က နန်းလှထွေးကို မမညီမလေး ဖြစ်ရင်သိပ်ကောင်းမှာပဲ ဆိုရင်၊ 
အမ မောင်နဲ့ပေးစား ရန်ကုန်လိုက်လာမယ်၊ ကျမကလည်းလာခဲ့ စီစဉ်ပေးမယ် ဟုဆိုကာ နှစ်ဦးသားရယ်မိကြသည်၊
‘အမ နိုင်ငံခြားမှာ အလုပ်လုပ်ဖူးတယ်ဆို၊’ ‘ရှယ်ပဲ၊’
‘မရှယ်ပါဘူး၊ နန်းထွေးရယ် အမစက်ရုပ်ဖြစ်ခဲ့တာ၊’
‘ပြောပြလေအမ၊’
တကယ်တော့ ကျမလုပ်ခဲ့ရသည့် အလုပ်က ရှယ်လို့ပြောမှာလား၊
ဝတ်စုံသစ်တွေကို၊ နေ့တိုင်းဝတ်ပြီး၊ မီးထိန်ထိန်လင်းနေသော အအေးခန်းထဲတွင်လုပ်ခဲ့သည်၊
ကွန်ပြူတာ ဟာဒ်ဒခ် အစိတ်အပိုင်း တစ်ခုကို ထုတ်လုပ်သော စက်ရုံဖြစ်သည်၊ 
စက်ထဲကကျလာသော အစိတ်အပိုင်းလေးကို ကောင်းမကောင်းစစ်၊ ကောင်းရင် ပက်ကင်းထဲထည့်၊ မကောင်းရင် Reject ပုံးထဲထည့်၊ Start ပြန်နှိတ်၊ ဒီလိုနဲ့လည်နေသည်၊

………….. တိုက်ပွဲဝင်ခဲ့

တစ်နေ့လာလဲ ဒီနေရာနဲ့
တခါလာလဲ ဒီအလုပ်ပဲ
ဝမ်းရေးအတွက် အလုပ်ခွင်မှာ
စက်ရုပ်လေးတော့ …………….. 

အလုပ်ကလွယ်သည်ဟု ပြောလို့ရပေမဲ့၊ ‘ချပ် စလူးစွတ် ဂျက်’၊ ‘ချပ် စလူးစွတ် ဂျက်’ နှင့် တစ်နေ့ ၁၂နာရီ တစ်လတွင်တစ်ရက်ပဲနားသည်၊ ပိုက်ဆံပိုလိုချင်၍ စက်ငါးလုံးကိုင်သည်၊ ဆူပါဗိုင်ဆာလုပ်သည်၊ တစ်ခါတစ်လေ ဆယ်လုံးလောက်ကိုင်လိုက်သည်၊ ယနေ့ထိ ‘ချပ် စလူးစွတ် ဂျက်’ များ ကြားနေမြင်နေသည်၊

နန်းထွေးကိုနားလည်အောင်ပြောလိုက်သည်၊ ‘ချပ် စလူးစွတ် ဂျက်’ နှင့် နေည မသိ စက်ရုပ်ပါ။

ကျမလဲ နန်းလှထွေးနှင့် သီပေါ ဘော်ကြို နေရာစုံခဲ့ပြီ၊ ရဲလင်းအောင်လဲ ပြင်စရာ စက်မရှိတော့၊
ကျမတို့ ဟန်နီးမွန်းလည်း ၁၅ ရက်ပြည့်ခဲ့ပြီ၊ နက်ဖြန်ဆို မန ္တလေး ဆင်း၊ အဲဒီက ရန်ကုန် ပြန်ရတော့မည်။




ဒုတိယပိုင်းပြီးပါပြီ။ 


မောင်စိန်ဝင်း(ပုတီးကုန်း) နှင့် မြတ်မွန် တို့၏ ကဗျာ အပိုင်းအစ များကို ယူထားသည်၊

22 comments:

မောင်မိုး said...

ဒုတိယပိုင်းလည်း သိပ်ကောင်းတာပဲဗျာ။ ပထမပိုင်းက မင်းသားလေးနဲ့ ဇာတ်လမ်းဆက်မယ်ထင်ထားတာဗျ။ စိတ်ဝင်စားစရာကောင်းနေပြီ။ စိတ်ဒဏ်ရာရထားတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲကို လှမ်းမြင်ရတယ်ဗျာ။ အားပေးလျက်ပါ။

အင်ကြင်းသန့် said...

စိတ်ဒဏ်ရာရဘူးတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်မိတယ် အစ်ကို့ရေ...ဘာတွေဆက်ဖြစ်လာဦးမှာလဲ...အစ်ကိုက တော်တော်လေးကို အသေးစိတ်ရေးနိုင်တာပဲ...စောင့်ဖတ်ရကျိုးနပ်ပါတယ်...
တတိယပိုင်းကိုလည်း မျှော်နေပါ့မယ်...


ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

nyan gyi said...

ခံစားရပါတယ်၊ ဇာတ်ကတော့ ကောင်းသထက်ကောင်းနေပြီ၊
ကဗျာတွေထည့်ထားတာလဲ မိုက်တယ်၊ တစ်ခုပဲ ‘ချပ် စလူးစွတ် ဂျက်’ ဘယ်လိုမြည်..
တတိယပိုင်းစောင့်ရဦးမှာပေါ့။

Anonymous said...

ထင်သလို မဟုတ်ဘူးဖြစ်နေတယ်၊ မိန်းမတစ်ယောက်ရဲ့ ခံစားမူပေါ့ zaw zaw

ချစ်ကြည်အေး said...

အဲဒီ ဇာတ်လေး အခြေခံလာပုံကို အရမ်းစိတ်ဝင်စားတယ်...အသေးစိတ်ပြီး ယုတ္တိရှိတော့ ဇာတ်လမ်းက ကြွနေတယ်...စောင့်ဖတ်ပါ့မယ်ရှင်...:)

Anonymous said...

ပထမပိုင်းပြီးတော့ ဒုတိယပိုင်း ဖတ်ရင်းနဲ့ ခံစားရပါတယ်၊ စောင့်ဖတ်ရကြိုးနပ်ပါတယ်၊ Ko Oo

SHWE ZIN U said...

ကိုဆိုဆီ ရေ

ဖတ်လိုက်ရတာ တဝကြီးဘဲ ဘဝတခုပေါ့နော် တကယ် အဖြစ်အပျက်ထင်တယ် ... စိတ်ဝင်စားစရာကောင်းပါတယ်..

ဆက်ရန်မျှော်နေမယ်...

သိပ်ကောင်းတဲ့ ကဗျာလေး အတွက်လည်း ကျေးဇူးတင်ပါတယ်နော်...


ခင်မင် လေးစားစွာဖြင့်

ရွှေစင်ဦး

မောင်သီဟ said...

ရင်ထဲထိစေတယ်
ဘဝပုံစံပေါ်တယ်ဗျ
ဖတ်ဖြစ်တယ် ဆက်အားပေးရမှာပေါ့း)

Anonymous said...

ဒုတိယပိုင်းပြီးမှ ပထမပိုင်း သွားဖတ်တာ၊ တတိယပိုင်း စောင့်ရဦးမယ်၊ တကယ် အဖြစ်အပျက်လိုလို ဇာတ်သိမ်းရှိပါမလား၊ ဇာတ်သိမ်းကိုမျှော်နေမယ်၊ မီးမီး

ဂျစ်တူး ( မုံရွာ ) said...

စာတွေကိုလည်းသဘောကျတယ်-သစ်ပင်ဋ္ဌကီးကိုရိုက်ထား
တဲ့ဓါတ်ပုံကြီးကိုလည်းသဘောကျတယ်-နောက်ကိုလည်း
လာမှကိုဖြစ်တော့မယ်-

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ဒုတိယပိုင်း ကနေ စပြီး ဖတ်ဖြစ်တယ်။ ဖတ်ကောင်းလွန်းလို့ ပထမပိုင်း ရှာပြီး ဖတ်ရအုံးမယ်။ ကဲ.. တတိယပိုင်း စောင့်မျှော်နေပါသည်.... (စာအရေးအသာ.. ဇတ်အိမ်ဖွဲ့စည်းမှု့နဲ့ စွဲဆောင်မှု အား အရမ်းကောင်းမွန်ပါကြောင်း.......

ခင်မင်စွာဖြင့်
ကိုမျိုး

Sein said...

I like this post.
I am thinking……
Mr. Right for her is??

Flower said...

ဖတ်နေရင်း တကယ့်ကိုယ့်အဖြစ်ကို ရေးထားတယ်လို့ ထင်မိတာ
ဒိုင်ယာရီလေးတစ်ခုကို အသေးစိတ် ဖတ်ရသလိုဘဲ.
စိတ်ဝင်စားစရာ

noblemoe said...

မင်္ဂလာပါရှင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
စာလာဖတ်သွားပါတယ်
ကဗျာတွေလည်းခံစားသွားပါတယ်
ကျိုက်ခေါက်ဘုရားဖူးတာဖတ်ရလို့ 
ကျောင်းကသူငယ်ချင်းတွေကိုတောင် လွမ်းသွားတယ်
သူငယ်ချင်းတွေနဲ့ တူတူဖူးတဲ့ အချိန်လေးကိုသတိရလိုက်တာ.........................
သာယာချမ်းမြေ့ပါစေနော်
မိုး

ကြည်ဖြူပိုင် said...

စာရေးကောင်းတဲ့လက်စပဲ
မိန်းကလေးတစ်ယောက်ရဲ့အနေနဲ့ရေးထားတာရော
ဇာတ်အိမ်လေးရော
အရမ်းကောင်းတယ်။
အနော့်စကားနဲ့ပြောရရင် အငှားခံစားချက်နဲ့ရေးပါသည်ပေါ့
အရမ်းကိုကောင်းလို့တတိယပိုင်းလဲ
စောင့်ဖတ်နေမယ်နော်။
ပထမပိုင်းကိုအရမ်းကြိုက်တယ်

သီဟသစ် said...

ဒုတိယပိုင်းတစ်ဝက်လောက် ဖတ်ပြီးမှ ပထမပိုင်းသွားဖတ် ဒုတိယပိုင်း ပြန်ဖတ်ဖြစ်တယ်

ဇာတ်လမ်းရော၊ စာရေးတာရော ဆွဲဆောင်မှုရှိတယ်ဗျ

ခင်မင်စွာဖြင့်
သီဟသစ်

Unknown said...

cool!!
i 'll be waiting 4 the coming post
thnx

Anonymous said...

ကိုဆိုးစိ

တခါလာ မဲပြာပုဆိုး
တခါလာ လက်ဖက်သုပ်
တခါလာ ဒီအလုပ်
ဒီလိုပါဘဲ စက်ရုပ်ဆန်ဆန်
ရုန်းကန်နေရတာ ကြာပေါ့
တဂျောက်ဂျောက် တဂျက်ဂျက်
ကွန်ပျူတာ ကီးဘုတ်ခေါက်သံ ခိုညည်းသံထက်တောင် မုန်းတီးမိပေမယ့်
ရုန်းကန်နေရဆဲပါ။


့အပိုင်း ၃ မျှော်နေပါသည်။

ခင်တဲ့
seesein

မေဓာဝီ said...

ဒီဘလော့ကို ခုမှလာဖတ်ဖြစ်တယ်။
ပုံပြင်မဟုတ်တဲ့ မှတ်စုကို ဖတ်ရတာ ရင်ထဲ ထိထိခိုက်ခိုက်နဲ့ မောသွားတယ်။ အသေးစိတ် ခြယ်မှုန်းထားတာလေးတွေက တကယ့်အဖြစ်အပျက်လို့ ခံစားရတယ်။ စိတ်မကောင်းဘူး။

မြစ်ကျိုးအင်း said...

သန်လျင်ရဲ့ နေရာတွေကို ဖတ်ရတော့ သန်လျင်မြို့ကို ပြန်သတိရမိသေးတယ်။
မြို့လယ်က ဆီချက်ဆိုင် တွေ ကုန်စုံဆိုင်
ဆိုတော့ မျက်လုံးထဲ ပုံဖော်ကြည့်မိတယ်။
ကျနော်လည်း သန်လျင်မြို့လယ် မှာ မွေးခဲ့တာပါပဲ။

မြစ်ကျိုးအင်း said...

တကယ့် အဖြစ်လို့ ထင်စေလောက်အောင်
အသေးစိတ် ရေးထားတာပါပဲ။

အတွေးကမ္ဘာ..မှတ်တမ်း said...

ကောင်းတယ်ဗျို့ ဆက်ရေးပါ...