Monday, September 10, 2012

မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ် အပိုင်း (၂)



မြစန်းကြည်သည် သူ့ကိုကျနော် အရမ်းချစ်သည် ဆိုတာကို သိပါလိမ့်မည်၊ မြစန်းကြည် ကျနော့်ကို ချစ်သည် ဆိုသည်ကို ကျနော်လည်း ယုံကြည်ပါသည်၊ နှစ်ယောက်စလုံး၏ စဉ်းစားတွေးခေါ်တတ်မှုသည် ကျနော်တို့နှစ်ယောက်၏ နီးစပ်နိုင်မှုကို ဝေးကွာစေခဲ့သည်ဟု ကျနော်ယူဆပါသည်၊ တစ်ခါတစ်လေ သာမန်အရပ်ထဲကလူတွေလို ဘာမှ သေသေချာချာ စဉ်းစားစရာမလိုပဲ ချစ်သည် ကြိုက်သည် ယူလိုက်သည် ဆိုတာမျိုးက ပို၍ လက်တွေ့ဆန်တတ်ပါသည်၊ ကျနော်တို့ နှစ်ယောက်ကို လက်တွေ့ မဆန်ဘူးလို့ ပြောလာရင် တစ်ဝက်မက မှန်ပါလိမ့်မည်၊ အတူနေဖို့အရေး မိဘဆွေမျိုးအသိုင်းအဝိုင်း နေရေးထိုင်ရေး ရှေ့ရေး စသဖြင့် အားလုံး အဆင်ပြေမှ ဆိုလျှင်တော့ အခြေအနေ အချိန်အခါကို စောင့်ရပါသည်၊ ထိုစောင့်နေရသော အချိန်တွင် အရာရာသည် ပြောင်းလဲ သွားတတ်ကြောင်း ကျနော် ကိုယ်တွေ့ သိခဲ့ရပါသည်။

ငါတို့နှစ်ယောက် မဖြစ်နိုင်တော့ဘူးဆိုပြီး မြစန်းကြည်သည် ကျနော့်ဆီက ခြေရာဖျောက် ပျောက်သွားခဲ့သည်၊ နိုင်ငံခြားသို့ ထွက်သွားသလိုလို နယ်စပ်တစ်နေရာသို့ ထွက်သွားသလိုလို ကျနော် အစရှာလို့ မရခဲ့ပါ၊ မိုးကုတ်တွင် တစ်လကျော်ကျော် နေခဲ့သော်လည်း ဘာမှ မထူးခြားတော့ပါ၊ မိုးကုတ်မြို့သည် ကျနော်ကို တစိမ်းဆန်ခဲ့ပါပြီ၊ မည်သည့်အတွက်ကြောင့် သူ၏တဘက်သတ် ဆုံးဖြတ်ချက်ဖြင့် ကျနော်ကို ပစ်ခွာပြေးသွားသလဲ ကျနော် မသိခဲ့ပါ၊ ဒီမှာဘက်တွင် ကျနော်က ခပ်ညံ့ညံ့သမား မဟုတ်ပါလား၊ ကျနော့်မိဘ အသိုင်းအဝိုင်း၏ ဇွတ်တရွတ် တဘက်သတ် ပြုလုပ်နေမှုကြောင့် အဓိကဖြစ်နိုင်သည်ဟု ကျနော် ထင်မြင်မိသည်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ကတော့ မြစန်းကြည်ကို ရှာနေဆဲ သတင်းတွေ ထောက်လှမ်းနေဆဲပါ၊ ကျနော့်ရဲ့ အရပ်မြင့်မြင့် အချစ်ဆုံးသည် ကျနော်ထံ ပြန်လာလိမ့်မည်ဟု ယုံကြည်ထားပါသည်။

ကျနော့် အဖေနှင့်အဖွားတို့၏ လုပ်ရပ်များကို ချစ်သူနှင့်ကွေကွင်းရ၍ ကျနော် ခံပြင်းဒေါသဖြစ်ရပါသည်၊ တကယ်ဆို ‘သား ဒီမိန်းကလေးနဲ့တော့ အဖွားတို့ သဘောမတူနိုင်ဘူး၊ တခြား အဖွားတို့ လက်ခံနိုင်တဲ့ တစ်ယောက်ကို သားရှာကြည့်ပါ’ ဒီလိုပြောလာလို့ ရသည်၊ သူတို့က ကျနော်ကို အပျော့နည်းနဲ့ မချဉ်းကပ်ကြ၊ တခါထဲ သူတို့ကြိုက်တဲ့သူကို လိုက်ရှာနေသည်၊ သူတို့ကလည်း ကျနော်နဲ့ မြစန်းကြည်သည် အရမ်းချစ်ကြိုက်နေသူများဖြစ်၍ ခွဲလို့ ရမည်မဟုတ်လို့ ထင်ကောင်းထင်နေမည်၊ မြစန်းကြည်နှင့် ကျနော် အဆက်အသွယ်ပြတ်နေသည့်ကိစ္စကို ကျနော် သူတို့ကို အသိမခံ၊ အဆက်အသွယ်ရှိနေသည့်ဟန် ဆောင်ထားသည်၊ တစ်ခါတစ်လေ မိုးကုတ်ကို တစ်ရက်လောက်ဖြစ်ဖြစ် သွားလိုက်သေးသည်၊ တကယ်တော့ မြစန်းကြည်ရဲ့ သတင်းလေးရမလားလို့ပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်မိသားစုနဲ့ကျနော် 孙武ဆန်ဝူရဲ့ နည်းတွေကို အသုံးချဆက်ဆံတော့မည်လို့ ကျနော်ဆုံးဖြတ်လိုက်သည်၊ ဘာကြောင့်လဲလို့ မေးလာရင် အဖြေကတော့ ကျနော်သည် မြစန်းကြည်မှ လွဲ၍ ဘယ်သူကိုမှ လက်မထပ်ချင်ပါ။

တစ်နေ့ ကျနော် အိမ်ပြန်သွားသောအခါ အိမ်တွင် အန်တီကြီး တစ်ဦးရောက်နေပါသည်၊ ဒီအန်တီကြီးကို ကျနော်သိပါသည်၊ ၂၉ လမ်းက နာမည်ကြီး မယ်ဖေါ် ဒါမှမဟုတ် မိန်ရန် (မိန်းမစပ်ပေးသူ) တစ်ယောက်ပါ၊ အဖွားက ဒီကိုလာခဲ့ဘာညာနဲ့ ကျနော်ကို အန်တီကြီးနဲ့ မိတ်ဆက်ပေးသည်၊ အန်တီကြီးတွင် အယ်လ်ဘမ်တွေနှင့် စာရင်းစာအုပ်တွေပါသည်၊ ကျနော်ကို တိုက်ရိုက်မပြသော်လည်း အယ်လ်ဘမ်ကို ဟိုလှန်ဒီလှန် လုပ်ပြသည်၊ အထဲက ကောင်မလေးတွေရဲ့ ပုံတွေကို မြင်နေရသည်၊ ကျနော်လည်း အလိုက်အထိုက်ပင် နေလိုက်သည်၊ ဒါမှ အဖွားတို့ အဖေတို့ ဘာလုပ်နေသလဲ ကြိုသိကြိုမြင်၍ ကျနော်ဘက်က ကြိုတင်ပြင်ဆင်လို့ ရမည် မဟုတ်ပါလား၊ အပြန်တွင် အန်တီကြီးက အဖွားကို အယ်လ်ဘမ်တစ်အုပ် ပေးသွားခဲ့သည်၊
ညနေ ရောက်တော့ ကျနော်က အဖွားကို ‘အဖွား ကျနော်ကြားဖူးတယ် မယ်ဖေါ်တွေနဲ့ အိမ်ထောင်ပြုရင် ဆွေစဉ်မျိုးဆက် မကောင်းဘူးလို့ ကျနော်တို့ မျိုးရိုးက ဆိုရိုးရှိတယ် မဟုတ်လား’ စကားထည့်လိုက်သည်၊ အဖွားတွေဝေသွားသည်၊ ဘာပဲဖြစ်ဖြစ် အစွဲကြီးသော အဖွားသည် ဆက်လုပ်လိမ့်မည် မဟုတ်ကို ကျနော်သိသည်၊ အဖေက ဇွတ်လုပ်လာရင်တောင် အဖွားက ကန့်ကွက်တော့မည် ဖြစ်သည်။

အဲဒီလိုပဲ တစ်ညမှာ အဖေက ညစာစားပွဲရှိတယ် အိုရီယန်တယ်ကို လာခဲ့ပါလို့ ဖုန်းနဲ့ပြောလာသည်၊ ကျနော်လည်း သွားဖြစ်ခဲ့သည်၊ အိုရီယန်တယ် စားသောက်ဆိုင်ရဲ့အပေါ် အထူးအခန်းတစ်ခုမှာ ဖြစ်သည်၊ ကျနော်ရောက်သွားတော့ အဖွား၊ အဖေ၊ အမေနှင့် ဦးလေးမိသားစု၊ ကျနော့်အစ်မဝမ်းကွဲလည်းပါသည်၊ နောက်ပြီး တစ်ခြားမိသားစု တစ်ခုကိုတွေ့လိုက်ရသည်၊ ဆယ်ကျော်သက်ရွယ် ကလေးနှစ်ယောက်၊ နှစ်ဆယ်ကျော်အရွယ် ကောင်မလေးတစ်ယောက် နှင့် သူတို့၏ အဖေနှင့်အမေတို့ဖြစ်သည်၊ ရှေးဦးစွာအစ်မဝမ်းကွဲက အားလုံးနှင့်ကျနော်ကို မိတ်ဆက်ပေးသည်၊ ကောင်မလေးနာမည်က ပွင့်ဖူးဝါတဲ့ ကျနော်၏အထင် တရုတ်ကိုမြန်မာမှုပြုထားသော နာမည်ဖြစ်မည် တရုတ်လိုဖီးနှစ်ငှက်ကလေးလို့凤凰 အဓိပ္ပါယ်ရသည်၊ သူတို့ကိုကြည့်ရသည်မှာ မန္တလေးကမဟုတ်သော ဒါမှမဟုတ် မန္တလေးပတ်ဝန်းကျင်ကမဟုတ်သော မိသားစုဖြစ်ကြောင်း သိနိုင်သည်၊ အပြောအဆိုနဲ့ အမှုအရာများသည် ယူနန်ဆန်သည်၊ ဒီလိုပဲ မိသားစုချင်း စကားတွေပြောနေကြသည်၊ ကျနော် အလိုက်အထိုက်ပင် နေပေးလိုက်သည်။

နောက်နေ့တွင် အစ်မဝမ်းကွဲ ကျနော့်ရုံးခန်းကို လိုက်လာသည်၊ အစ်မဝမ်းကွဲက ‘မနေ့က ကောင်မလေးနှင့် မိသားစုကို ဘယ်လိုမြင်သလဲတဲ့’ မေးလာသည်၊
ကျနော်က “ဘာကို ဘယ်လိုမြင်ရမှာလဲ” လို့မေးတော့ ‘မိသားစုနှစ်စု ပေါင်းစပ်ရမှာကို မေးတာ’လို့ပြောသည်၊ ကျနော်ကလည်း မသိသလို နားဝေးသလိုနဲ့ သူ့ကို မေးခွန်းတွေပြန်ပြန် မေးနေသည်၊ ကြာတော့ အစ်မဝမ်းကွဲ စိတ်မရှည်တော့ ‘အဲဒီကောင်မလေးနဲ့ နင်နဲ့ ယူလိုရမလား နင်ကြိုက်သလားလို့ မေးတာဟဲ့’ ဟုဆိုတော့သည်၊ သူတို့ထုံးစံက ယူရမဲ့သူနှစ်ယောက်က အရေးမကြီး ယူမဲ့သူတွေရဲ့ မိသားစုတွေက ပိုအရေးကြီး နေလား ကျနော်မသိတော့၊ ကျနော်က “ကောင်မလေးက သိပ်မလှပေမဲ့ ချစ်စရာကောင်းပါတယ်”၊
‘အေး ငါလည်း နင်က အဲလိုကောင်မလေးမျိုးတွေ ကြိုက်တယ် ဆိုတာ သိထားလို့’ ဆိုပြီး ရယ်နေသည်၊
ကျနော်က “ဒါပေမဲ့ ကျနော်မကြိုက်ဘူး၊ မဖြစ်နိုင်ဘူး” ဖြေလိုက်သည်၊
‘ဘာရယ်’ ‘ဘာကြောင့်မို့လဲ’ ဆိုပြီး အံ့သြစွာမေးလာသည်၊
ကျနော်ကလည်း “ဘာရယ်ကြောင့်မို့ မဟုတ်ပါဘူး၊ မကြိုက်လို့ မကြိုက်တာပါ၊ နောက်ပြီး အဲဒီကောင်မလေးနဲ့့ ကျနော်စကားတွေ ပြောကြည့်ပါတယ် သူက မျက်မှန်တတ်တယ်”၊
‘ဘာရယ် မျက်မှန်တတ်လို့’ အစ်မဝမ်းကွဲကပြန်မေးသည်၊
“မျက်မှန်တတ်တာကိုပြောတာ” ကျနော်ပြန်ဖြေလိုက်သည်၊
‘ဟဲ့ ဒီမှာ ငါ့မောင်ရဲ့ အပြင်က တရုတ်အမျိုးသမီးတွေ အများစု ငါ့အထင် ၇၅%ကျော်ဟာ မျက်မှန်တတ်ကြတယ်၊ နင်ဟာကလေ တရုတ်ဖြစ်နေပြီးတော’့
ကျနော်ကလည်း “၂၅%ကျန်သေးတယ်လေ၊ အဲဒီ၂၅%ဆိုတာ အများကြီးပဲ”၊
၂၅% ဆိုတာ အများကြီးပဲဆိုတာ တစ်ချို့လူတွေ မသိချင်ယောင် ဆောင်တတ်ကြသည်၊
‘ဒါကြောင့် လူကြီးတွေကပြောတယ် နင်ဟာ အလွန်ပြောရဆိုရခက်တဲ့ သူတစ်ယောက်၊ နောက်ပြီး နင်တအား မြန်မာဆန်နေပြီ’၊
“ဒီမှာ အစ်မ မြန်မာပြည်မှာ မွေးပြီး မြန်မာတွေနဲ့ အတူကြီးပြင်းလာတဲ့ သူတစ်ယောက်ဟာ မြန်မာဆန်တာ ဘာဖြစ်လဲ၊ ကျနော်ဟာ တရုတ်အမျိုးအနွယ် တစ်ယောက်ဖြစ်ပေမဲ့ ကိုယ်ကိုကိုယ် မြန်မာလို့ပဲခံယူထားတယ်၊ ငါတို့တရုတ်တွေ ငါတို့တရုတ်တွေလို့ ပြောပြီး အမျိုးမြင်တာတွေ ကျနော်ဆီကို ဘာအကျုုိးသက်ရောက်မှုမှ မရှိပါဘူး၊ ခုဆိုခေတ်တွေ ပြောင်းနေပြီ အစ်မ၊ ကျနော်တို့ လိုက်ပြောင်းမှဖြစ်မယ်”၊
‘ဒီမယ် ငါ့မောင် အများအမြင်မှာတော့ မင်းဘယ်လောက်ပဲ မြန်မာဆန်နေ ဆန်နေ၊ မင်းဟာတရုတ်တစ်ယောက်ပဲ၊ တရုတ်ဟာတရုတ်၊ မြန်မာဟာမြန်မာ၊ ကုလားဟာကုလား သူတို့ဒီလိုမြင်ကြမှာပဲ’၊
“အဲဒါပဲလေ အဲဒီမြင်တဲ့ အမြင်ကိုပြောတာ၊ မြင်တတ်ရင် မြန်မာပြည်သားပဲ၊ နေတတ်ရင်မြန်မာပြည်သားပဲ”၊ “ကျနော်ယုံကြည်ပါတယ် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ အဲလိုမြင်တတ် နေတတ်တဲ့ သူတွေ အများကြီးရှိလာမယ်လို့”။

“အစ်မမှတ်မိတယ် မဟုတ်လား၊ အစ်မ တက္ကသိုလ်တက်တုန်းက အစ်မနဲ့ တောင်မြို့က အစ်ကိုတစ်ယောက်နဲ့ အရမ်းတွဲခဲ့တာ၊ အစ်မတို့ကတော့ သူငယ်ချင်းတွေပါပဲ၊ ဦးးလေးနှင့်အဒေါ်အမြင်မှာကြတော့ သူတို့သမီး မြန်မာနဲ့ ယူသွားမှာစိုးလို့ တတိယနှစ်မှာ ကျောင်းထုတ်ပြီး စာပေးစာယူတက်ခိုင်းခဲ့တာ၊ အဲဒါကို အစ်မဘာပြောမလဲ၊ ခုအစ်မ အပျိုကြီးဖြစ်နေပြီ၊ ဟို အစ်ကိုကြီးကလည်း ခုထိ လူပျိုကြီး”၊
“ဦးလေးနှင့်အဒေါ်က အတင်းပေးစားလို့ အစ်မလူတစ်ယောက်ကို ယူလိုက်ရပြီး အဲဒီလူက ရူးကြောင်ကြောင်ဖြစ်နေမယ်၊ အရက်တွေလဲသောက် အစ်မကိုနေ့တိုင်းရိုက် ဆဲဆိုနေတယ်ဆိုရင် အစ်မဘယ်လိုနေမလဲ”
‘ငါ့အဖေနှင့်အမေက ဒီလိုဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး’၊
“အစ်မရယ် ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲလိုဖြစ်နေတဲ့ မိန်းမတွေ အများကြီးပါ”၊
ကျနော်ကို အဲလိုပြန်ဖြေနေပေမဲ့ အစ်မစကားတို့သည် နှေးသွားပါပြီ၊ တွေဝေရီဝေနေသော မျက်လုံးကို မျက်မှန်ထဲမှာ လှမ်းတွေ့လိုက်ရသည်၊ အစ်မသည် ဟိုအစ်ကိုကြီးကို ချစ်ကောင်းချစ်ခဲ့ပါမည်၊ ဟိုအစ်ကိုကြီးကလည်း အစ်မကို ချစ်နေနိုင်ပါသည်၊ ကျနော် ပထမဦးဆုံးအကြိမ် မျက်မှန်နဲ့ အမျိုးသမီးတစ်ယောက်ကို စိတ်ထဲက သနားမိလိုက်ပါသည်။

××××××××××××××××××××××××××××××××××××××××××-


တစ်နေ့မှာ မန္တလေးက သူငယ်ချင်းတစ်ယောက် ဆော်သြမှုကြောင့် နန်းရှေ့က မိဘမဲ့ဂေဟာတွင် ကျနော်အလှူပြုလုပ်ပါသည်၊ ကျောင်းသူ ကျောင်းသားအားလုံးကို ဖိနပ်တစ်စုံလှူပြီး မနက်စာ မုန့်ဟင်းခါး ကျွေးပါသည်၊ အဖွားနဲ့ အမေသည် မနက်ကတည်းက ရောက်နေပြီး ပါဝင်လုပ်ကိုင်နေပါသည်၊ ကျနော်တို့ ကလေးတွေကို ဖိနပ်တွေ ဝေပေးနေချိန်တွင် အဖေရောက်လာပါသည်၊ အဖေနဲ့အတူ အမျိုးသမီးနှစ်ဦးပါလာပါသည်၊ နောက်မှ အမေနှင့်သမီးဖြစ်ကြောင်းသိရပါသည်၊ အမေနဲ့သမီးသည် အသက်နှစ်ဆယ်တောင် ကွာမည်မထင်ပါ၊ ခုလောလောဆယ် မန္တလေးတွင် အောင်မြင်နေသော မီးသီး၊ မီးဆွဲ lighting ကုမ္ပဏီ တစ်ခုက လုပ်ငန်းရှင်၏ ဇနီးနှင့်သမီးတို့ ဖြစ်ကြောင်းသိရပါသည်၊ နှစ်ယောက်လုံးကမိတ်ကပ် အဖွေးသားနဲ့၊ နေကာမျက်မှန်ကိုယ်စီနဲ့ပေါ့၊ သားအမိနှစ်ယောက်ကိုကြည့်ရသည်မှာ ကျနော်တို့အလှူလုပ်နေတာကို အပိုတွေလုပ်နေသည့်အလား၊ နောက်ပြီး ကျောင်းသားကျောင်းသူလေးများကို ရွံရှာဖွယ် နှိမ်ချကြည့်နေသည်ကို တွေ့ရသည်၊ သမီးနာမည်သည် နန်းဝေဝေလို့ မြန်မာလိုပေးထားပြီး အသက် ၂၂နှစ်သာရှိသေးသည်၊ သမီးလေးက တရုတ်လို စနှုတ်ဆက်သည်၊ ပြီးမှ မြန်မာစကားကို မပီကလာ ပီကလာနဲ့ ကျနော်ကို လာပြောပါသည်၊ ကျနော့်လုပ်ငန်းတွေ အောင်မြင်တာကို ဂုဏ်ယူကြောင်း၊ ကျနော်ဝယ်ထားသော ကားများအကြောင်း၊ အစုအစပ် လုပ်ငန်းများအကြောင်း သူလည်းသူတို့၏ စီးပွားရေးကို စလေ့လာနေပြီဖြစ်ကြောင်း စသဖြင့်ပြောဆိုနေပါသည်၊ ကျနော်တို့ စကားပြောနေချိန် ကျောင်းက ကောင်လေးတွေက အစ်ကိုဘာတွေလုပ်မယ်၊ ဘာတွေလုပ်ချင်သေးသလဲ လာမေးကြပါသည်၊ ထိုအခါ နန်းဝေဝေသည် ထိုကလေးများကို စကားပြောနေတာ ဝင်ရှုပ်ရမလားဆိုပြီး ရိုင်းပြစွာဟောက်လွတ်ပါသည်၊ တရုတ်လိုလည်း ဆဲဆိုလိုက်ပါသေးသည်၊ အဖေတောင် မျက်နှာပျက်သွားခဲ့သည်၊ ကျနော်သည် တရုတ်စကားကို ရေရေလည်လည် မတတ်သော်လည်း ဆဲဆိုတာနဲ့ ထမင်းစားရေသောက်လောက်တော့ သိပါသည်၊ ကျနော်တို့ ဘုန်းကြီးတွေ မယ်သီလရှင်တွေကို ကန်တော့ တော့လည်း ဝင်ပြီးမကန်တော့ပါ၊ အားလုံး မုန့်ဟင်းခါးစားကြတော့လည်း သူတို့ သားအမိဝင်မစားပါ၊ အမေလုပ်သူက မစားတတ်လို့ဆိုသည်၊ မုန့်ဟင်းခါးမစားတတ်သူကို ပထမဦးဆုံးအကြိမ် ကျနော် မြင်ဖူးခြင်းဖြစ်ပါသည်၊ သမီးလုပ်သူကတော့ သူမျက်ကပ်မှန်တတ်ထားလို့ မုန့်ဟင်းခါးအငွေ့တွေ မျက်စိထဲ ဝင်မှာစိုးလို့ လို့ဆိုသည်၊ မုန့်ဟင်းခါးနဲ့ မျက်ကပ်မှန် ဘာမှတော့မဆိုင်ပါ၊ ဒီကြားထဲ အဖွားက ဒီအလှူအကြောင်း ကြွားလိုက်သေးသည်၊ သားအမိနှစ်ယောက်ကလည်း အားကျမခံ သူတို့တစ်ခါတစ်လေ ယူနန်က သူတို့ရွာမှာ လိုအပ်တာတွေကို လှမ်းလှူကြတယ်လို့ဆိုသည်၊ သြော် လှူလည်းလှူတတ်ကြပေတယ်၊ ကျနော်ဘဝတွင် ပထမဦးဆုံး မျက်ကပ်မှန်တတ်ပြီး နေကာမျက်မှန်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို ရွံရှာမိပါသည်။

မန္တလေး၏ စီးပွားရေးလုပ်ငန်းများသည် မန္တလေးက ထောက်လှန်းရေးခေတ်လို့ ခေါ်တဲ့အချိန်မှာ ပရမ်းပတာပြောင်းလဲသွားသည်၊ ငွေအရင်းအနှီးကြီးမားသောလူတစ်ချိုု့ စီးပွားရေးလောကထဲ ဝင်ရောက်လာသည်၊ ထိုမှ အစုလိုက် အစုလိုက် ရောက်လာကြသည်၊ လုပ်ငန်းပေါင်းစုံတွင် ဝင်လာကြသည်၊ တစ်ချို့ကလည်း မြို့လယ်ကောင်မှာ မြန်မာတွေ မရှိတော့ဘူးလို့ ပြောလာသည်၊ တကယ်တော့ မြန်မာတွေသာမက မန္တလေးမြို့ခံ တရုတ်တို့သည်လည်း ထိုအရွေ့တွင်ပါဝင်ခဲ့ကြသည်၊ အတူတူ လုပ်ကိုင်နေသော ၂၆လမ်း၊ ၂၉လမ်း တဖြေးဖြေးနဲ့ ၃၅ ၃၆လမ်းထိ လုပ်ဖက်သူငယ်ချင်းတွေ ဘယ်ရောက်ကုန်လဲ မသိတော့ပါ၊ နိုင်ငံခြားပဲ ထွက်သွားကြလေလား၊ ရန်ကုန်ဘက်ကိုပဲ ပြောင်းသွားကြလေလား မသိတော့ပါ၊ လမ်း၈၀ ဘုံကျောင်းကြီးက ကော်မတီဝင်တွေသည်လည်း မျက်နှာသစ်များနဲ့ ဖြစ်လာသည်ဆို၏၊ အဖေ လူကြီးအဖြစ်ပါဝင်သော ၈၂လမ်း ဘုံကျောင်းကြီးကတော့ တောင့်ခံထားခဲ့သည်၊ အဖေ့ အမျိုးအနွယ်က မြန်မာနိုင်ငံတွင် အင်အားနည်းနည်းတောင့်သည်ကိုး။ 

မင်းနေပြည်ဖြစ်ခဲ့သော မန္တလေးတွင် မြန်မာလို စကားမပြောသော ဆယ်ကျော်သက်လေးတွေ အုပ်စုလိုက် အဖွဲ့လိုက် တွေ့နိုင်ပါသည်၊ မတတ်လို့ မပြောတာလား၊ မပြောချင်၍ မပြောတာလား ကျနော် မသိပါ၊ ကျနော်နဲ့ အသက်ဆယ်နှစ်ကျော်လောက်ကွာသော အသစ်အသစ်တို့၏ ဆယ်ကျော်သက်လေးတွေပါ၊ အစဉ်အဆက် မန္တလေးပတ်ဝန်းကျင်တွင် ကြီးပြင်းလာသော ကျနော်တို့ တစ်တွေသည် မန္တလေး၏ ဓလေ့ ထုံးတမ်း အပြောအဆို အနေအထိုင်ကို နားလည်၍ ကျနော်တို့ ကိုယ်တိုင်ပင် မန္တလေးနယ်သားများ အဖြစ်ခံယူခဲ့ပါသည်၊ တိုင်းနယ်ပြည်နယ် ဘောလုံးပွဲတွေ ခေတ်စားနေတုန်းက အဖေတို့ စီးပွားရေးအဖွဲ့သည် မန္တလေးတိုင်းအသင်းကို တတ်အားသမျှ ကျောထောက်နောက်ခံပြုခဲ့သည်၊ ဘောလုံးသမား ပေါက်စီနှင့် နောက်ဘောလုံးသမားနှစ်ဦးကို ဘုံကျောင်းတွင်ခေါ်ကာ ဂုဏ်ပြုဧည့်ခံဘူးသည်ဆို၏၊ ဒီနေ့ ထို ဆယ်ကျော်သက်လေးတွေက နည်းနည်းရိုင်းသည်ဟု ကျနော်ထင်မိပါသည်၊ ကလေးများသည် အများအားဖြင့် မြန်မာကျောင်းကိုမတက် မြန်မာစာလည်းမသင်ကြပါ၊ သူတို့၏ ဦးတည်ချက်သည် ကြီးပြင်းလာလျှင် အမေရိကား၊ သြစတေးလျ၊ တိုင်ဝမ် နောက်ဆုံး မရလျှင် စင်္ကာပူကို သွားရောက် ကြမည့် သဘောဖြစ်မည်၊ အစဉ်အလာအားဖြင့် မန္တလေးဘက်တွင် အနည်းငယ်ကြီးသူကို ဘိုးတော် ဘွားတော် ဆိုပြီးခေါ်ဝေါ်သုံးလေ့ရှိသည်၊ ကျနော်တို့ဆိုရင်အကြော်ရောင်းသည့် အဒေါ်ကြီးကို ဘွားတော်၊ ဆိုက်ကားဆရာကိုလည်း ဘိုးတော် ခေါ်လေ့ရှိပါသည်၊ ထိုကလေးတွေကတော့ လမ်းဘေးစျေးဝယ်လျှင်လည်း စျေးရောင်းသူ အဖိုးကြီး အဖွားကြီးများကို နင်နဲ့ငါနဲ့ ရိုင်းပြစွာ ပြောဆိုရုံမက တရုတ်လိုနှိမ်ချဆဲဆိုသေးသည်၊ တစ်ခါတစ်လေ မခံဝ့ံနိုင်စရာများကို မြင်တွေ့ရပါသည်၊ တစ်နေ့က ထို အသစ်အသစ်တို့၏ ဆယ်ကျော်သက်လေးတွေ ဆိုင်ကယ်ကို ဦးထုပ်မပါပဲ သုံးယောက်စီးလာသည်၊ ဒါကို လမ်းပြရဲတစ်ယောက်က တားသည်၊ ထိုဆယ်ကျော်သက်လေးတွေက ငါးထောင်တန်တစ်ရွက်ကိုပစ်ချ ခြေထောက်နဲ့ကန်ပေးလိုက်သည်၊ ပြီးတော့ တရုတ်လို ဆဲဆိုလိုက်သည်၊ လမ်းပြရဲကတော့ မသိသလို ဘာလိုလိုနဲ့ ကွမ်းစားထားသောသွားတွေနဲ့ ပြုံးဖြီးဖြီးလုပ်ပြီး ငါးထောင်တန်ကို ကောက်ယူလိုက်သည်၊ ကျနော့်အတွက်တော့ ခံစားလိုက်ရတဲ့ မြင်ကွင်းတစ်ခုပါပဲ၊ တကယ်တော့ သူတို့သည် ယဉ်ကျေးမှုကို တော်လှန်ထားသော နေရာက ရောက်လာကြသူများရဲ့ မျိုးဆက်တွေ မဟုတ်ပါလား။

အသစ်အသစ်နှင့် အဟောင်းအဟောင်းတို့၏ နိယာမသည် ဘယ်လိုပဲ ရှိနေပါစေ မျှခြေသည် အရေးကြီးသည် ဟုထင်မြင်မိပါသည်၊ ထိုကလေးများ ကြီးပြင်းလာလျှင် သူတို့သည် မန္တလေးသူ မန္တလေးသားတွေဖြစ်လာကြမည်လား၊ မြန်မာပြည်သားတွေ ဖြစ်လာကြမည်လား၊ မြန်မာလို့ပြောရင် အောက်ကျတယ်ထင်နေတဲ့သူတွေ မြန်မာပြည်သားတွေ ဖြစ်လာနိုင်စရာ အကြောင်းတော့ ရှိမည် မထင်ပါ၊ ဖြစ်လာရင် ဘယ်လိုမျိုး မြန်မာပြည်သားတွေ ဖြစ်လာကြမည်နည်း၊ မေးခွန်းတွေ ရှိပါလိမ့်မည်၊ ယဉ်ကျေးမှုကို တော်လှန်ထားသော နေရာက ရောက်လာကြပါစေ ဒီနေရာနဲ့ လိုက်လျောညီထွေစွာ နေတတ်ရမည်၊ နေနိုင်ရမည်ဟု မဟုတ်ပါလား၊ တိုင်းပြည်၏ အပြောင်းအလဲနဲ့ လိုက်ပါရမည်၊ သို့မဟုတ်ပါက မနေတတ်သူတွေကြောင့် ပဋိပက္ခ အသွင်ဆောင်သွားနိုင်ပါသည်၊ ဒီနေ့ဒီအချိန်တွင် မနေတတ်မထိုင်တတ်တဲ့ သူတွေ နေရာတိုင်းမှာ တွေ့နေရပါသည်၊ အမျိုးအနွယ် ဘာသာရေးကို အကြောင်းပြပြီး မနေတတ်မထိုင်တတ်တဲ့ သူတွေအတွက်တော့ အပြောင်းအလဲတွင် နေရထိုင်ရခက်ပါလိမ့်မည်၊ သူတို့၏ မနေတတ်မထိုင်တတ်မှုကို လူအခွင့်အရေးဆိုပြီး လွဲမှားစွာမြင်နေသူတစ်ချို့ကိုလည်း တွေ့နေရသည်၊ တကယ်တော့ ယဉ်ကျေးမှုကို တော်လှန်ထားသောသူတွေ၊ အစွန်းရောက်သမားတွေနဲ့ ဆက်ဆံ လုပ်ကိုင် ညှိနိုင်း ငြိမ်းချမ်းရေး လုပ်နေရခြင်းသည် အခက်အခဲဆုံးတစ်ခုပါ။

××××××××××××××××××××××××××××××××××××××××××-

တစ်ရက်မှာတော့ ကျနော်ရုံးခန်းကို အဖွား၊ အဖေနဲ့ အမျိုးသမီးတစ်ဦး ရောက်လာသည်၊ အဖွားက ထိုအမျိုးသမီးကို ကျနော်နဲ့ မိတ်ဆက်ပေးသည်၊ အသက်သုံးဆယ်တော်တော်ကျော်လောက်ပါပြီ၊ ခေတ်မှီသော ဝတ်စားဆင်ယဉ်မှုနဲ့ဖြစ်သည်၊ ဝုလန်လို့ ခေါ်မည်ထင်သော စေ့စပ်ကြောင်းလမ်းပေးသော အေးဂျင့်လုပ်ကိုင်နေသူ ရန်ကုန်က ဖြစ်သည်၊ သူတွင် လက်တော့ပ်တစ်လုံးပါသည်၊ အိုင်ပက်လည်းပါသည်၊ ကျနော်နဲ့ စီးပွားရေး၊ နိုင်ငံရေး စသဖြင့် စကားစမြည် ပြောဖြစ်ကြသည်၊ သူရဲ့ လက်တော့ပ်ထဲတွင် ကျနော်၏ ပရိုဖိုင်ကို တွေ့လိုက်ရသည်၊ အံ့အားတော့ မသင့်သွားပါ၊ အဖွား၏ လုပ်ဆောင်ချက် အများဆုံး ဖြစ်နိုင်ပါသည်၊ အမျိုးသမီးသည် သူ့အလုပ်အကြောင်းကို အနည်းငယ် ရှင်းပြသည်၊ တိုင်ဝမ်မှာ ဆယ်နှစ်လောက် နေလာခဲ့သည် ဆိုသည်၊ နောက် သူဆီမှာရှိတဲ့ ကောင်မလေးတစ်ချို့ရဲ့ ပုံကို အိုင်ပက်ထဲမှပြသည်၊ လောလောဆယ် စင်္ကာပူ တိုင်ဝမ်မှာ နေနေတဲ့ သူတွေလဲ ပါသည်လို့ ဆိုသည်၊ အထိုက်အလျှောက် နားထောင်ရင်း စိတ်ထဲမှာတော့ အဖွားနှင့်အဖေတို့ စိတ်မလျှော့သေးကြပါလား လို့တွေးလိုက်မိသည်။

မြစန်းကြည် သတင်းကြားရ၍ သူငယ်ချင်းတစ်ယောက်ရှိရာ တောင်ကြီးသို့ သွားခဲ့ပါသည်၊ တောင်ကြီးက အပြန်တွင် အိမ်တွင် အထူးဧည့်သည် တစ်ယောက်ကို တွေ့ရန်ရှိသည် လာခဲ့ပါဆို၍ အိမ်ကိုသွားလိုက်ရသည်၊ အမေက သတင်းပေးလာ၍ ထို အထူးဧည့်သည်ဆိုသည်မှာ အဖေရော အဖွားရော အရမ်းသဘောကျ နေတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်၊ အိမ်ရောက်သွားသောအခါ အိမ်ရှေ့ဧည့်ခန်း ဆိုဖါပေါ်တွင် ထိုင်၍ လက်တော့ပ်ကွန်ပြူတာနဲ့ စာရိုက်နေသော မိန်ကလေး တစ်ဦးကို တွေ့လိုက်ရသည်၊ သာမန် မိန်ကလေး တစ်ယောက်ပါပဲ၊ အသက်နှစ်ဆယ်ကျော်လောက်ရှိမည်၊ ဆံပင်က လက်မောင်းလောက်ထိ ရှည်သော်လည်း တစ်ဝက်လောက်ကစပြီး ပုံသွင်းကောက်ထားသည်၊ အဝတ်အစားကလည်း ခေတ်မှီစွာဖြင့် သူနဲ့လိုက်ဖက်အောင် ဝတ်ထားသည်၊ မျက်နှာက တရုတ်တစ်ယောက်ထက် အသားဖြူဖြူ မြန်မာမိန်းကလေး တစ်ယောက်နဲ့တူသည်၊ ကျနော်ဝင်လာသောအခါ ပြုံးပြပြီး ခေါင်းလေးညိတ်ပြသည်၊ ကျနော်ကတော့ ခပ်တည်တည်ပင် သူ့ကို မကြည့်သလိုနဲ့ ဧည့်ခန်းကိုဖြတ်ကာ အခန်းထဲဝင်လိုက်သည်၊ အဲဒီမှာ ကျနော် သတိထား မိလိုက်တာကတော့ ဒီကောင်မလေးက မျက်မှန်တတ်သည်၊ မျက်မှန်နဲ့ မျက်နှာပုံက လိုက်နေတော့ ကြည့်ကြည့်ချင်း သတိမထားမိတာဖြစ်မည်။ 

ခဏနေ အမေလာခေါ်၍ အိမ်ရှေ့ထွက်လာခဲ့သည်၊ အိမ်ရှေ့တွင် အဖွားနှင့် အဖေကိုလည်းတွေ့ရသည်၊ အဖွားက ကောင်မလေးကို ကျနော်နဲ့ မိတ်ဆက်ပေးသည်၊ သူ့နာမည်က ဇင်နွယ်လွင်ထူးဖြစ်သည်၊ ရန်ကုန်ကဖြစ်သည်၊ ငယ်ငယ်တုန်းက မောင်ခိုင်လမ်းထဲမှာနေသည်၊ ယခု အင်ယားလမ်းသွယ်ထဲမှာ နေသည်၊ အသက်၂၅နှစ်ရှိပြီး စင်္ကာပူတွင် ကျောင်းသုံးနှစ်တက်လာသည် ဆိုသည်၊ လောလောဆယ် ဖက်ရှင်အဝတ်ဆိုင်တစ်ဆိုင်ဖွင့်ရန် စီစဉ်ထားသည်ဟု ဆိုပြန်သည်၊ သူ့အဖေသည် အောင်မြင်နေသော ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးဖြစ်သည်ဆို၏၊ ကျနော်ကတော့ နားထောင်သူ တစ်ယောက်ပါ၊ အဖွားနဲ့သူကတော့ စကားတွေတော်တော် ပြောနေကြသည်၊ ကောင်မလေးက သူနိုင်ငံခြားတုန်းကဆိုပြီး အကြောင်းတွေ တော်တော်များများပြောသည်၊ နောက်ပြီး မြန်မာပြည်ကလူတွေ ဘယ်သိလိမ့်မတုန်း ဆိုသည့် စကားကိုလည်း ခဏခဏသုံးတတ်ပြန်သည်၊ အဖွားတို့ အဖေတို့ကတော့ သူပြောနေတာကို သဘောကျနေသည့်အလား၊ ကျနော် အမှတ်ရလိုက်ပါသည် အရင်တုန်းကပေါ့ ဒီအိမ်ရှေ့ ဧည့်ခန်းမှာပဲ၊ ကျနော်ချစ်သူ မြစန်းကြည် အပြောအဆိုခံခဲ့ရသည်၊ ဒါကိုစဉ်းစားမိတော့ ကျနော်မျက်နှာတွင် ခံပြင်းစိတ်များဖြစ်လာသည်၊ ကျနော့်မျက်နှာပြောင်းသွားသည်ကို အားလုံး သတိထားမိသွားသည်လား မသိ၊ စကားပြောသံတွေ ခဏ တိတ်ဆိတ်သွားသည်၊ အဖွားကစ၍ ‘ငါတို့ စကားကောင်းနေလိုက်တာ၊ မြေးနှစ်ယောက် ခင်မင်ရင်းနှီးသွားအောင် နှစ်ယောက်ထဲ စကားပြောကြ ငါတို့လုပ်စရာတွေ သွားလုပ်ကြမယ်’ ဆိုပြီး ထွက်သွားကြသည်။

သူကပင်စတင်၍ သူ့ကို ဇင်နွယ်လို့ ခေါ်ဘို့ပြောသည်၊ ကျနော်ကို ကိုကျော်လို့ ခေါ်မည်ပြောသည်၊ ကျနော်က ကျနော်ကို ဘယ်သူမှ ကိုကျော်လို့ မခေါ်ဘူး၊ ကျော်စိုးလို့ပဲ အားလုံးခေါ်သလိုခေါ်ရန် ပြန်ပြောလိုက်သည်၊
သူက ‘ခုနက ဆောရီး၊ ကိုကျော် အဲလေ ကိုကျော်စိုး ဝင်လာတဲ့အချိန်မှာ ကျမ သေသေချာချာ မနူတ်ဆက်လိုက်ရဘူး၊ ဘလော့အတွက် စာတွေရေးနေလို့’၊
“ဗျာ ဘယ်လို” ကျနော်ပြန်မေးလိုက်သည်၊
‘ဒီလိုလေ ကျမက ဘလော့ကာ ဒီတော့ အဲလိုပဲ အချိန်ရရင် ရသလို ဘလော့အတွက် စာတွေရေးတယ်’၊
“ဘယ်လို ဘယ်ဘလောက်တွေကို ကာဖို့ စာတွေရေးရတာလဲ” မေးလိုက်မိသည်၊
သူက ချက်ချင်းပင်၊ ‘အဲလိုမဟုတ်ဘူး ဘီအယ်လ်အိုဂျီ ဘလော့ကိုပြောတာ အင်တာနက်မှာ စာရေးတာ’၊
“သြော် သိပြီသိပြီ ထောင်ကျတဲ့ နေဘုန်းလတ်တို့လိုလား ထောင်တွေဘာတွေကျနေဦးမယ်” ပြန်မေးလိုက်ပြန်သည်၊
‘မဟုတ်ဘူး မဟုတ်ဘူး ခုခေတ်ပြောင်းသွားပြီး၊ ခု ကျမဘလော့က စာတွေတောင် ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ပါလာပြီ’၊
“ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ပါချင်ရင် ကိုယ််ဟာကိုယ် စာပေတိုက်တွေဆီပို့ပေါ့၊ ဘာလို့ ဘလော့ရေးနေမလဲ ပါတာ ဘာဝမ်းသာစရာရှိလို့လည်း၊ ကျနော်သူငယ်ချင်းဆို သူရေးတာတွေ လတိုင်း ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ပါတယ် ဘာဘလော့မှ မကာဘူး”၊
သူက ‘မဟုတ်ဘူးလေ မတူဘူးလေ’ ရှင်းပြဖို့လုပ်သည်၊ ကျနော်က “ထားလိုက်ပါတော့ ကျနော် နားမလည်ဘူးလို့၊ ကျနော်ကတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေပဲ ထုတ်ချင်တယ် အမြတ်လေး ဘာလေးရရင်ပေါ့”
“ဒါနဲ့ စကားမစပ် ခင်ဗျားတစ်ယောက်ထဲ ဒီကို လာသလား၊”
‘ဟုတ်တယ်၊ ကျမက ကျမကိုကျမ ယုံကြည်တယ်၊ အဖေအမေတို့ကလည်း ကျမကို ယုံတယ်၊ နောက်ပြီး အဖေအမေတို့က ကိုကျော်စိုးမိဘတွေကို သိတယ်လေ၊ ကိုကျော်စိုးအကြောင်းကိုလည်း သိတယ်လေ၊ ဒါကြောင့် တစ်ယောက်ထဲ လာခဲ့တာ၊ နိုင်ငံခြားမှာလဲ တစ်ယောက်ထဲပဲလေ’၊ လာပြန်ပြီ ဒီ နိုင်ငံခြားမှာဆိုတာ ဆိုပြီး စိတ်ထဲက ပြောလိုက်မိသည်၊ စကားပြောရင်း ဇင်နွယ်လွင်ထူးရဲ့ မျက်နှာကိုကြည့်လိုက်မိသည်၊ တစ်ချိန်ထဲမှာပဲ ဒီနေရာတွင်ထိုင်ပြီး ညျိးငယ်နေတဲ့ ချစ်သူ မြစန်းကြည်ရဲ့ မျက်နှာကလေးကို ပြန်သတိရလိုက်မိသည်၊ စကားဆက်ပြောချင်စိတ် မရှိသောကြောင့် ခရီးပန်းလာ၍ နားချင်ကြောင်းပြောပြီး အခန်းထဲ ဝင်လာခဲ့မိသည်၊ အဖွားတို့ကတော့ ကျနော်တို့ စကားတော်တော် ပြောဖြစ်ကြတယ်လို့ ထင်နေပါလိမ့်မည်။

ခဏနေ အဖွားတို့ ပြန်ထွက်လာသည်၊ စကားတွေ ဆက်ပြောနေကြသည်ကို အခန်းထဲက ကြားနေရသည်၊ ဇင်နွယ်လွင်ထူးကို ညစာစားပြီးမှ ပြန်ပါဦးလုပ်နေကြသည်၊ ဇင်နွယ်လွင်ထူးက ညပိုင်းမန္တလေးတွင် သူမှာ လုပ်စရာတွေရှိ၍ သူပြန်ရမည်ဖြစ်ကြောင်း ပြောနေသည်၊ ပြန် မြန်မြန်ပြန်လို့ ကျနော့်စိတ်ထဲက လိုက်ပြောနေသည်၊ အဖေနှင့်အမေက သူတို့ မန္တလေးလိုက်ပို့ပေးမည ်ဆိုသည်၊ အဖွားက ငါမြေး သနပ်ခါးကြိုက်တယ် ထည့်ပေးလိုက် လုပ်နေသည်၊ ကျနော်ကတော့ အိပ်ခန်းထဲက အဖွားကို ကျွတ်ကျွတ် ကျွတ် လုပ်နေမိသည်၊ ဒီတစ်ခါတော့ သြော် ငါမြေးတဲ့လား၊ မြစန်းကြည်တုန်းက အဲဒီလိုဆို ဘယ်လောက်ကောင်းမလဲ တွေးမိသည်၊ တတ်လဲတတ်နိုင်ကြတဲ့ သူတွေ၊
ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ဘဝတွင် တစ်ယောက်ထဲ စေ့စပ်မိတ်ဆက်ရေး လာလုပ်သော မျက်မှန်တတ်သည့် ကောင်မလေး တစ်ယောက်ကို အနည်းငယ် စိတ်ဝင်စားမိသည်လို့ ဝန်ခံလိုက်ပါသည်။

နောက်နေ့ မနက်မှာ အိမ်ကို အစ်ကိုလတ်မိန်းမ ကျနော့် မရီး၊ အစ်မဝမ်းကွဲတို့ ရောက်လာကြသည်၊ အဖွားခေါ်လိုက်တာ ဖြစ်နိုင်ပါသည်၊ အစ်မဝမ်းကွဲက ငါသတင်းကောင်း ကြားရမယ်ဆိုလို့ လာတာလို့ ပြောသည်၊ နေ့လည် ထမင်းစားဝိုင်းမှာတော့၊ အဖွားက မနေ့ကလာတဲ့ ဇင်နွယ်လွင်ထူးအကြောင်း ချီးမွမ်းပြောဆိုနေသည်၊ ကျနော်နဲ့လည်း ရီရီမောမော စကားတွေအများကြီးပြောကြောင်း အဲဒီကောင်မလေး သူ့မြေးလေးဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ဆိုသည်၊ အဖေကလည်း ဇင်နွယ်လွင်ထူးတို့၏ မိသားစုစီးပွားရေးလုပ်ငန်းအကြောင်း၊ ဇင်နွယ်လွင်ထူးတို့ အစ်ကိုတွေ အောင်မြင်နေတဲ့ လုပ်ငန်းတွေကို ပြောနေသည်၊ မရီးကလည်း လိုက်ထောက်ခံနေသည်၊ အစ်မဝမ်းကွဲ တစ်ယောက်သာ ကျနော်ကို တကြည့်ကြည့်နဲ့နေသည်၊ နောက်ဆုံးအဖေက မနေ့ညက ဇင်နွယ်လွင်ထူး၏အဖေနဲ့ သူဖုန်းပြောဖြစ်ကြောင်း မိသားစုနှစ်စု နားလည်မှုရကြကြောင်းပြောပြီး၊ ကျနော်ဘက်လှည့်ကာ ‘သား မင်းရော သမီးဇင်နွယ်လေးကို ဘယ်လိုမြင်သလဲ’လို့ မေးသည်၊
ကျနော်မျက်နာကို အတည်အငြိမ်ဆုံး လုပ်လိုက်ပြီး “လောလောဆယ် အခြေအနေကို ပြောရရင် ကျနော်သူ့ကို မကြိုက်ဘူးအဖေ”၊
“လောလောဆယ် အခြေအနေမှာတော့ သူနဲ့ကျနော် အိမ်ထောင်ပြုဖို့ လုံးဝ မဖြစ်နိုင်ဘူး အဖေ”၊
ကျနော်အဖြေကြောင့် အားလုံးမှင်သက်သွားသည်၊ အဖွားက မျက်နှာရှုံ့မဲ့ နေသည်၊ အဖေမျက်နှာက သူထင်သည့်အတိုင်း မဖြစ်၍ ဒေါသထွက်နေသည့်အလား၊ ကျန်သူများကတော့ ကျနော်ကို စဉ်းစားစရာအဖြစ် ကြည့်နေကြသည်၊
အဖေက ‘လူကြီးတွေက စီစဉ်ထားတာကွ၊ နှစ်ဦးနှစ်ဖက် ဒီလောက်ကောင်း၊ ဒီလောက် အစဉ်ပြေတာ ဘယ်မှာ သွားရှာမလဲ၊ အားလုံးနဲ့ အဆင်ပြေတဲ့ မိန်ကလေးမျိုး မင်းဘယ်မှာ သွားရှာမလဲ၊ ဒီမိန်ကလေး ဘာဖြစ်လို့လဲ၊ ဘာအတွက်နဲ့ မင်းနဲ့ အစဉ်မပြေရမှာလဲ’ ‘ရှင်းစမ်း မင်းအခုရှင်းစမ်း’၊ အဖေကမေးလာသည်၊
ကျနော် မိသားစုဝင်တွေကိုကြည့်ပြီး စိတ်ထဲမှာ အားလုံးနဲ့ အဆင်ပြေ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်ဆိုတာ ဘာကိုဆိုကြတာလဲ၊ ကျနော်နဲ့အဆင်မပြေတာက အဓိက မကျဘူးလား၊ တကယ်တော့ လောလောဆယ် ရှင်းပြနိုင်တဲ့အဖြေ တိတိကျကျ ကျနော့်မှာ မရှိသေးပါ၊ ယေဘုယျ အဖြေကိုပဲ အဖေကိုပေးရမည်ပေါ့၊
ကျနော်စဉ်းစားနေတုန်းမှာပင် အဖေက ‘မင်းမှာအဖြေ မရှိဘူး မဟုတ်လား၊ မင်းဘာကြောင့် မကြိုက်တာလဲ ဖြေစမ်း’၊
အဖေက မေးလာသော မေးခွန်းကို ကျနော်မဖြေပါ၊ အဖေအသံသည် နည်းနည်းဒေါသသံ ပါနေသည်၊ အဖွား၊ အမေ၊ မရီးနှင့် အစ်မဝမ်းကွဲ တို့က ကျနော်ကို ဆိုးဝါးလှသော လူတစ်ယောက်ပမာ ဝိုင်းကြည့်နေကြသည်၊
သူတို့ကို ကြည့်ပြီး ကျနော်ဖြည်းဖြည်းခြင်းပြောလိုက်သည်၊
“မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ်”
‘ဘာရယ် ဘယ်လို’ ဆိုပြီး အသံတွေ ပြိုင်တူထွက်လာကြသည်၊
သူတို့ထင်ချင်သလို ထင်ကြပါစေ၊
ကျနော် လောလောဆယ်မှာတော့ မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ်။

××××××××××××××××××××××××××××××××××××××-

နောက်နေ့မှာ ကျနော်မန္တလေးကို ပြန်ခဲ့ပါသည်၊ စိတ်တွေအရမ်းညစ်ခဲ့ပါသည်၊ ကျနော့်မိသားစု အသိုင်းအဝိုင်းနဲ့ ဝေးရာကို ပြေးထွက်သွားသင့်ပြီလား၊ နိုင်ငံခြားကို ထွက်သွားရင်ကောင်းမလား တင်းကျပ်သော အတွေးများ ရင်ထဲမှာ နေရာယူထားပါသည်၊ စိတ်တည်ငြိမ်မှုရရန် ကျနော့်ရုံးခန်းလေးတွင် အနားယူနေခိုက်၊ ရှေ့မှ ဆူညံသံများကြောင့် အတွေးများပျောက်သွားရပါသည်၊ ထိုအချိန်တွင် ကျနော့်ရုံးခန်းတံခါးပွင့်သွားပြီး တစ်စုံတစ်ယောက် အရှိန်ဖြင့် ဝင်ရောက်လာပါသည်၊ ဝင်ရောက်လာသူကို တွေ့တော့ ကျနော်အ့ံသြသွားရပါသည်။

ဝင်လာသူမှာ ဇင်နွယ်လွင်ထူးဖြစ်သည်၊ သူ့နောက်က ကျနော့်မန်နေဂျာ လိုက်လာသည်၊ မန်နေဂျာက သူဇွတ်ဝင်လာတယ် အစ်ကိုလေးဆိုပြီး ဇင်နွယ်လွင်ထူးကို မေးငေ့ါပြသည်၊ ကျနော်ကခေါင်းငြိမ့်လိုက်ပြီး၊ မန်နေဂျာကို ပြန်ထွက်သွားရန် လက်ဖြင့်အချက်ပြလိုက်သည်၊ မန်နေဂျာသည် ဇင်နွယ်လွင်ထူးကို ထားခဲ့ပြီး အခန်းတံခါးပိတ်ကာ ထွက်သွားသည်၊ ဇင်နွယ်လွင်ထူးမျက်နှာတွင် ဒေါသတို့နှင့်အတူ မာနတွေကိုပါ တွေ့လိုက်ရသည်၊ မနေ့က အိမ်မှာဖြစ်သည့် ကိစ္စအတွက် ရောက်ရှိလာခြင်းဖြစ်မည်၊ ကျနော်က ထိုင်ပါဆိုပြီး စားပွဲရှေ့ကခုံကို နေရာပြလိုက်သည်၊ ဇင်နွယ်လွင်ထူးသည် ကျနော်နဲ့ ကျနော့်အခန်းကို လေ့လာမှု ပြုနေသည်၊ ဖြည်းဖြည်းခြင်းပင် ထိုင်လိုက်သည်၊ ကျနော်က “ရေသောက်ဦးမလား ကျနော့်ရုံးကို လာလည်တာ ကျေးဇူးတင်ပါတယ်”၊ ဇင်နွယ်လွင်ထူးက ‘ကျမလည်း ရှင့်ရုံးခန်းကို ဒီလောက်မြန်မြန်ရောက်ဖြစ်မယ် မထင်ဘူး’၊ စကားကို နည်းနည်းရပ်လိုက်ပြီး ‘ဒါပေမဲ့ ရှင်နဲ့ပြောစရာ စကားတွေရှိနေတော့ လာရတာပေါ့၊ အမှန်ကိုပြောရရင် မနေ့ညက ကျမ အရမ်းကို ဒေါသဖြစ်နေတယ်၊ ရှင့်ကိုပေါ့၊ ဘာကြောင့်မှန်းမသိပါဘူး၊ ရှင့်ကိုမြင်ရတော့ ဒေါသတစ်ချို့ပျောက်သွားတယ်’၊
ကျနော်ကလည်း “ဟုတ်ကဲ့ ပြောစရာရှိရင်ပြောပါ၊ ကျနော်တို့နှစ်ယောက် အသိဖြစ်ခဲ့ကြပြီပဲ”၊
ဇင်နွယ်လွင်ထူးက ‘ကျမ ပထမဦးဆုံး မေးပါရစေ၊ ရှင့်ကိုရှင် သိပ်အထင်ကြီးနေလား၊ သိပ်ပြီးတော့လည်း ဘဝင်မြင့်နေသလား’၊
ကျနော် ဘာမှ ပြန်မဖြေပဲ၊ သူ့ကိုစိုက်ကြည့်ကာ နားထောင်နေလိုက်သည်၊
‘ဒီခေတ်ကြီးမှာ မိဘတွေပေးစား စေ့စပ်ပေးတိုင်း ယူစရာမလိုဘူး၊ လိုက်နာစရာ မလိုဘူးဆိုတာ ကျမနားလည်ပါတယ်၊ ကျမလည်း နိုင်ငံရပ်ခြားမှာနေလာတာပဲ၊ ဒါပေမဲ့ တိုင်တိုင်ပင်ပင် မရှိပဲ ယတိပြတ်ကြီး လုပ်တာတော့ ကျမဘက်ကို မတရားဘူးလို့ ဆိုချင်တယ်၊ ကျမဟာ မိန်းကလေးတစ်ယောက်ပါ’၊
“ကျနော်မှ မကြိုက်တာ၊ မကြိုက်တာကို မကြိုက်တာလို့ ပြောလို့မရဘူးလား”၊ ကျနော်ပြန်ဖြေပြီး မေးလိုက်သည်၊
‘ရှင်က ကျမကို ဘာမကြိုက်တာလဲ၊ ကျမ မျက်မှန်တတ်ထားတာကို မကြိုက်တာလား၊ ဒါမှာမဟုတ် တစ်ယောက်ထဲ စေ့စပ်မဲ့ ယောက်ျားလေးတစ်ယောက်အိမ်ကို လာရဲလို့ ပေါတယ်ထင်ပြီး မကြိုက်တာလား’၊
ကျနော် အသံလေးထွက်ပြီး နည်းနည်းရယ်လိုက်မိသည်၊
‘ရှင် ကျမကို ရွဲ့တာလား’၊ ဒေါသတကြီးနဲ့ မေးသံကို ကြားလိုက်ရသည်၊
“မဟုတ်ပါဘူး”၊ ကျနော်ချက်ချင်း ပြန်ဖြေလိုက်သည်၊
‘ဒီမယ် ကျမကလည်း အိမ်ကပေးစားမဲ့သူကို ယူဖို့ အရင်က လုံးဝအစီအစဉ် မရှိပါဘူ၊ မိသားစုအရေး၊ အားလုံးကို ခြုံငုံ သုံးသပ်ပြီးတော့၊ ဒီနောက် ရှင်နဲ့ ရှင်မိသားစု အကြောင်းကို လေ့လာပြီးမှ လက်ခံလိုက်တာ၊ ကျမ အဲဒီယောက်ျားကို လေ့လာပြီးမှ ဆုံးဖြတ်ပါရစေဆိုပြီး အဖေဆီက ခွင့်ပြုချက် ရယူခဲ့တာ၊ ကျမက ရှင့်ကို လူလူချင်း လာလေ့လာတာ လာယူတာ မဟုတ်ဘူး၊ ဟင်းဟင်းဟင်း ကျမက အဲလိုရယ်ရမှာ၊ ရှင် ကိုယ့်ကိုကိုယ် အောက်တန်းကျတယ်လို့ မထင်မိဘူးလား၊ မိန်းမတွေကို ဒီလိုဆက်ဆံတာ၊ ရှင်က ဘယ်လောက်ချမ်းသာလို့တုန်း၊ ဘယ်လောက်အောင်မြင်နေလို့တုန်း၊ ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်ပါဦး’၊
ဇင်နွယ်လွင်ထူး အရှည်ကြီးပြောပြီး ဆက်ပြောပြန်သည်၊
‘ရှင်က ရီးစားလည်းရှိဘူးတယ်၊ သိပ်ချစ်ကြတယ်ဆိုပဲ၊ ကျမလည်း ရီးစားရှိဘူးပါတယ်၊ သိပ်မချစ်ကြပါဘူး၊ တကယ်တော့ ရီးစားထားတယ် ဆိုတာ ရယ်စရာ ပျော်စရာ အလုပ်တစ်ခုပါ၊ ဘဝနဲ့ ပတ်သက်ချင်မှ ပတ်သက်မယ်၊
ကမ္ဘာပေါ်မှာ ရီးစားနဲ့ ကွဲဘူးတဲ့သူတွေ အများကြီး၊ ရီးစားတွေ တစ်ယောက်ပြီး တစ်ယောက် ထားနေတဲ့သူတွေလည်း အများကြီးပါ ရှင်ရယ်၊ ပြောရရင် တကယ်တော့ ရှင်ဟာ တကယ်ကိုသနားစရာကောင်းပါတယ်’၊
သူပြောလိုက်မှ ကိုယ်ဟာ တကယ်သနားစရာ မုန်းစရာကောင်းသောလူတစ်ယောက် ဖြစ်နေပြီလား စဉ်းစားမိသည်၊
ကျနော် ဖြည်းဖြည်းခြင်း၊ “လောလောဆယ် ကျနော် မျက်မှန်နဲ့ မိန်းမတွေကို မကြိုက်ဘူး၊ အဲဒါ ခင်ဗျားကို ထိခိုက်နစ်နာခဲ့မယ်ဆိုရင် ကျနော် တောင်းပန်ပါတယ်၊ ကျနော်ကို ဘာမှ မဟုတ်တဲ့ ကောင်တစ်ကောင်လို့ သဘောထားလိုက်ပါ”၊
ဇင်နွယ်လွင်ထူးက ပြုံးသလိုလို မဲ့သလိုလိုလုပ်ပြီး၊ ‘ကျမကလည်း လူတစ်မျိုးပါ တစ်ခါတစ်လေ ချဲလင်းလုပ်ချင်တယ်၊
ကျမကို မကြိုက်ပါဘူးဆိုတဲ့သူကို ရအောင်ယူချင်တယ်၊ မဖြစ်နိုင်ပါဘူးပြောတဲ့ လူတစ်ယောက်ကို ဖြစ်နိုင်ကြောင်းပြချင်တယ်’၊ ‘နောက်ပြီးသနားစရာကောင်းတဲ့ သူတစ်ယောက်ကို ကူညီချင်လို့ပါ’ ‘ဒါပါပဲ ကျမလာပြောတာ၊ ကျမသွားတော့မယ်’ ဆိုပြီးလှည့်ထွက်သွားတော့သည်၊
ကျနော်ကလည်း “ခင်ဗျား အစစအရာရာ အဆင်ပြေပါစေလို ဆုတောင်းပေးလိုက်ပါတယ်”၊ ပြောလိုက်မိသည်၊
နောက်လုံးဝ လှည့်မကြည့်ပဲ ဇင်နွယ်လွင်ထူး အခန်းထဲကထွက်သွားသည်၊
ကျနော်လည်း အပြင်ထိ လိုက်ပို့မနေတော့ပါ။

ကျနော်ဘဝတွင် ပထမဦးဆုံး မျက်မှန်တတ်ထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဒေါသသကြီး ပြောဆိုခံရခြင်း ဖြစ်သည်၊ သနားစရာကောင်းလို့ ကူညီဖို့လာတာတဲ့ ပြောလည်းပြောတတ်ပါပေတယ်၊ လူတို့သည် တစ်ခါတစ်လေ သူတို့ကို သူတို့ အဟုတ်ကြီးထင်ကာ ပြောချင်ရာတွေ ပြောတတ်ကြောင်း သိလိုက်ရပါသည်။

××××××××××××××××××××××××××××××××××××××××××-

အဖေကပဲ အကွက်ဆင်တာလား၊ ဇင်နွယ်လွင်ထူးကပဲ အကွက်ဆင်တာလားတော့ မသိပါ၊ အဖေသည် ကျနော်တို့၏ စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဇင်နွယ်လွင်ထူးတို့နဲ့ ပေါင်းလိုက်သည်၊ ဇင်နွယ်လွင်ထူးမိဘတွေရဲ့ လုပ်ငန်းတစ်ချို့တွင်လည်း အစုရှယ်ယာ ပါဝင်လိုက်သည်၊ ဒီအတွက် ကျနော်နေ့စဉ်အလုပ်တွေသည် ဇင်နွယ်လွင်ထူးတို့နဲ့ အနည်းအကျဉ်း ပတ်သက်နေတော့သည်၊ ရန်ကုန်ကိုလည်း အစည်းအဝေး မကြာခဏ သွားရတော့သည်။

ဇင်နွယ်လွင်ထူးအဖေသည် ပြောင်းလဲလာသော နိုင်ငံအခြေအနေကို ကြိုတွက်လေ့လာ လေ့ရှိသည်၊ နိုင်ငံခြားအဆက်အသွယ်လည်းရှိ၍ ရှေ့ဖြစ်လာမည့် အပြောင်းအလဲ စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်နေခြင်းဖြစ်သည်၊ ဒီအတွက်လည်း ငွေအင်အားတောင့်တင်းစေရန် ကျနော်တို့နှင့် အစုအစပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ ပြောင်းလဲတော့မယ်လို့ ကျနော်ပြောတာကို မယုံသောအဖေသည် ဇင်နွယ်လွင်ထူးအဖေနဲ့ကြမှ လက်ခံတော့သည်။

တစ်နေ့မှာတော့ အဖေ၊ ဇင်နွယ်လွင်ထူးအဖေနှင့် အစ်ကိုများသည် တိုင်ဝမ်မှ လုပ်ငန်းရှင်များ ဖိတ်ကြားချက်အရ တိုင်ဝမ်သို့ နှစ်ပတ်လောက် ခရီးထွက်သွားကြသည်၊ ဒီမှာရှိသော အလုပ်များကို ကျနော်နဲ့ ဇင်နွယ်လွင်ထူးတို့ကို စီမံခန့်ခွဲစေသည်၊ ဒီလိုနဲ့ ရန်ကုန်တွင် ကျနော်သောင်တင်နေရသည်၊ ဇင်နွယ်လွင်ထူးနဲ့လည်း ပိုရင်းနှီးလာသည်၊ ဇင်နွယ်လွင်ထူးသည် ကျနော်ကို နားလည်လာပြီလို့ ကျနော်ထင်သည်၊ ကျနော်ရဲ့ ဆန်ဝူနည်းတွေ အောင်မြင်ခဲ့ပါလိမ့်မည်၊ အဖေတို့ ပြန်ရောက်မည့်နေ့မှာပင် တောင်ကြီးက သူငယ်ချင်းက ဖုန်းဆက်လာသည်၊ ကျနော်အနှစ်နှစ်အလလ သိချင်နေသော အရာတစ်ခုကို သိခဲ့ရပါပြီ၊ အဲဒီမှာဘက်တွင် ခပ်ည့ံညံ့ဖြစ်သော ကျနော်သည် ရင်ဆိုင်စရာ စွမ်းအားမွေးရတော့ပေမည်။

လောလောဆယ် ကျနော်သည် တစ်စုံတစ်ယောက်ကို ရင်ထဲမှာ ရှိနေတာတွေ ပြောလိုက်ချင်သည်၊ ပြောနေကျ အရင်နှီးဆုံး သူငယ်ချင်းတွေက မန္တလေးမှာ ကျန်ခဲ့သည်၊ ခုတော့ တစ်ယောက်ထဲ သီချင်းတွေကို နားထောင်၊ သီချင်းတွေကို အော်ဆိုမိနေသည်၊ တစ်ယောက်ထဲပဲ လုပ်စရာကို လုပ်မှဖြစ်မယ်ဆိုပြီး ရန်ကုန်ကအလုပ်တွေကို လွှဲအပ်ရန် ဇင်နွယ်လွင်ထူးဆီ ထွက်လာခဲ့သည်၊
“ကျနော် မနက်ဖြန် အရေးတကြီး ခရီးထွက်စရာရှိလို့၊ အလုပ်တွေကို ခင်ဗျားပဲ လူကြီးတွေဆီ တင်ပြလိုက်ပါ”၊
ဇင်နွယ်လွင်ထူးက ‘ဒီနှစ်ပတ်အတွင်းမှာ ထွေထွေထူးထူး ကျမတို့ ဘာမှလုပ်ခဲ့ကြတာမှ မဟုတ်တာ၊ ကိစ္စမရှိပါဘူး’၊
“ကျေးဇူးတင်ပါတယ်” ကျနော်က ပြန်ပြောလိုက်သည်၊
‘ဒါနဲ့ ဘယ်ကို ခရီးထွက်မှာတုန်း စိတ်တော့မရှိနဲ့နော် မေးကြည့်တာပါ’ ဇင်နွယ်လွင်ထူးက မေးလာသည်၊
“မော်လမြိုင်ဘက်ကိုပါ” ပြန်ဖြေလိုက်သည်၊
‘ဟင်း တစ်ခါမှ ရောက်ဖူးတာလဲ မဟုတ်ပဲနဲ့၊ ဘာနဲ့ သွားမှာတုန်း၊ မော်လမြိုင်တင်ပဲလား’ ဆက်မေးပြန်သည်၊
“ကျနော့်ကားနဲ့ပါ၊ မော်လမြိုင်နဲနဲကျော်မယ် ကျနော့်အတွက် အရေးတကြီး သွားကိုသွားရမှာမိုလို့ပါ” ပြန်ဖြေလိုက်သည်၊
‘အင်းလေ ကျမက အဲဒီဘက်သွားနေကျပါ၊ အကူအညီလို လိုက်ပို့ရမယ်ဆို ပြောပါ၊ အောက်ပြည်မှာ ကိုကျော်စိုး တစ်ခုခုဖြစ်သွားရင် ကျမတို့အတွက်လည်း မကောင်းဘူး’ ဇင်နွယ်လွင်ထူးက ပြောလိုက်သည်၊
“ကျေးဇူးတင်ပါတယ်၊ လိုအပ်ရင် ကျနော်ပြောပါမယ်” ဆိုပြီးပြောကာ ပြန်လာလိုက်သည်။

အတွေးများစွာဖြင့် စဉ်းစားပြီးရင်း စဉ်းစားနေမိသည်၊ တစ်ယောက်ယောက်ပါလာခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိသည်၊ ဇင်နွယ်လွင်ထူးကလည်း ပြောထားတော့ ဇင်နွယ်လွင်ထူးကိုပဲ ခေါ်လာရင် ကောင်းမှာပဲလို့ ထင်မိသည်၊ ဒီလိုနဲ့ ညဘက်ရောက်မှ ဇင်နွယ်လွင်ထူးဆီ ဖုန်းဆက်လိုက်မိသည်၊ ဇင်နွယ်လွင်ထူးက သူလိုက်ပေးမည်ဖြစ်ကြောင်း ထွက်ချိန်ကို နှစ်နာရီလောက် နောက်ဆုတ်ပေးရန် ပြောလာသည်၊ ကျနော်ကလက်ခံလိုက်သည်၊ ဒီလိုနဲ့ နောက်နေ့ ကျနော်တို့ မော်လမြိုင်ဘက် ခရီးထွက်လာကြသည်၊ လမ်းကြောင်းသိသောသူတစ်ယောက်ပါတော့ ခရီးမှာ အစဉ်ပြေပါသည်၊ လမ်းတွင် ကျနော်တို့ ထွေထွေထူးထူး စကားသိပ်မပြောဖြစ်ပါ၊ ဒေသအကြောင်း ဒေသထွက်ကုန် အကြောင်းများသာဖြစ်ပါသည်။

ကျနော် ဘာကြောင့် ဘယ်ကိုသွားမည်ကို ဇင်နွယ်လွင်ထူး ကျနော်ကို သေသေချာချာ မမေး မစပ်စုပါ၊ သွားချင်သူတစ်ယောက်ကို လိုက်ပို့သည့်ပုံစံပါပဲ၊ မော်လမြိုင်တွင် နားတော့မှ ကျနော် ဇင်နွယ်လွင်ထူးကို ပြောပြဖြစ်ပါတော့သည်၊
ကျနော် ခုသွားမှာ ဖါးအောက်တောရ တရားစခန်းကိုပါ၊ အဲဒီမှာ ကျနော့်ချစ်သူ မြစန်းကြည် တရားအားထုတ်နေတာ နှစ်နဲ့ချီရှိနေပြီ၊ ဟိုနေ့ကမှ ကျနော်သိရကြောင်း၊ ကျနော်လာမဲ့ ကိစ္စကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ခု လိုအပ်တာတွေကို လှူမလို့ အလှူရှင်တစ်ယောက်အနေနဲ့ သွားခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်၊ ဇင်နွယ်လွင်ထူးသည် လုံးဝ အံ့အားသင့်သွားသည်၊ ဒါပေမဲ့ ဘာမှ ပြန်မပြောပါ၊ ဖါးအောက်တောရ တရားစခန်းကို သူမရောက်ဘူးကြောင်းကိုသာ ပြောပါသည်။

မော်လမြိုင်ကနေ လယ်ကွင်းတွေ၊ ခြံကြီးတွေ စစ်တပ်တွေ ရွာတွေကို ဖြတ်ပြီးသောအခါ ကျနော်တို့ တရားစခန်းကို ရောက်ပါသည်၊ ရောက်ရောက်ချင်း ဆရာတော်ကြီးကို ဝင်ဖူးသော်လည်း ဆရာတော်ကြီး အဆင်သင့် မဖြစ်သေး၍ ဆရာတော်တစ်ပါးကို ဖူးရပါသည်၊ လှူတန်းရမည့်အရာများကို လှူတန်းပြီး၊ တရားအဆောင်တစ်ခုသို့ ထွက်လာပါသည်၊ အဆောင်တွင် ဆရာလေးတစ်ပါးက ဆီးကြိုနေပါသည်၊ ဆရာလေးသည် တောင်ကြီးက သူငယ်ချင်း၏ အမျိုးဖြစ်ပါသည်၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ ဘန်ကောက် အေအိုင်တီတို့မှဘွဲ့ရခဲ့ပြီး စင်္ကာပူတွင် အလုပ်တွေ လုပ်ခဲ့သေးကြောင်း သိရပါသည်၊ ခုတော့ ငြိမ်းချမ်းသော တရားရိပ်တွင် ခိုလှုံနေပါပြီ၊ ဆရာလေးရှေ့မှာပင် ကျနော် မြစန်းကြည်ကို တွေ့ရပါသည်၊ မြစန်းကြည်သည် ဒီအဆောင်က ယောဂီတစ်ယောက်ပါ၊ အေးငြိမ်းချမ်းသာရှိသော တရားရိပ်တွင် ကျနော်အရမ်းချစ်ရသော ချစ်သူကို တွေ့ရသောအခါ၊ ကျနော်ဘယ်လိုမှ ရေးပြလို့ရမည် မဟုတ်သော ခံစားမှုမျိုးကို ကျနော်ခံစားရပါသည်၊ နေကောင်းလား၊ အဆင်ပြေမယ်လို့ထင်ကြောင်း ခုအလှူများ လာလုပ်ခြင်းဖြစ်ကြောင်း လောက်သာပြောနိုင်ပါသည်၊ မြစန်းကြည်ကလည်း ခုလို တကူးတက လာလှူတာ ကျေးဇူးတင်ကြောင်း၊ သူအဆင်ပြေပါကြောင်း၊ ကျနော်လည်း အဆင်ပြေမည်ကို သူသိပါကြောင်း၊ ကျနော်ကို အမြဲတမ်း မေတ္တာပို့ပေးပါကြောင်းပြောပါသည်၊ တွေ့ရှိချိန်မှာ ခဏလေးမျှသာ၊ ပြီးနောက် ဆရာလေးက ကျနော်တို့တွေကို တရားဓမ္မအကြောင်း ဒီတရားစခန်းအကြောင်း အနည်းငယ် ရှင်းပြပါသည်၊နောက်ပြီး မြစန်းကြည်သည် ပါရမီ အခံရှိသူတစ်ယောက် ဖြစ်ကြောင်းပြောပါသည်၊ အချိန်အကြာကြီး မနေသင့်သဖြင့် ကျနော်တို့ ကျောင်းကြီးဆီ ပြန်လာခဲ့ကြပါသည်၊ ကျောင်းကြီး၌ ဆရာတော်ကြီးကိုဖူးမျှော်ပြီး သြဝါဒ ခံယူကြပါသည်၊ ဆရာတော်ကြီးက တရားစာအုပ်အထူကြီး တစ်အုပ်စီကို ကျနော်တို့ နှစ်ယောက်အား ချီးမြှင့်ခဲ့ပါသည်။

××××××××××××××××××××××××××××××××××××××××××-

မော်လမြိုင်တွင် နားခဲ့သော တစ်ညတွင် နာရီပိုင်းလောက်သာ အိပ်ပျော်သော်လည်း ကျနော့်အတွက် မှန်ကန်သော အတွေးတွေကို ပေးစေခဲ့ပါသည်၊ နောက်နေ့ မှာတော့ ကျနော်နဲ့ ဇင်နွယ်လွင်ထူးတို့နှစ်ယောက် ရန်ကုန်ကို ပြန်လာခဲ့ကြပါသည်၊

….ခေါင်လောင်းထိုးသံ ရေးရေးလေးကြားနေတယ်
ဘယ်သူအတွက် ထိုးတာလည်း
ခေါင်လောင်းထိုးသံရယ်……

ခင်မောင်တိုး၏ သီချင်းသံသည် ကျနော့်ကားထဲမှာ အေးငြိမ့်စွာ ပျံနှံ့နေပါသည်၊ ကားလေးကတော့ ရန်ကုန်ဘက်ဆီကို အရှိန်နဲ့ပြေးလျှက် ရှိပါသည်၊ ကျနော်နဲ့ ဇင်နွယ်လွင်ထူးတို့ စထွက်လာကတည်းက စကားမပြောဖြစ်ကြသေးပါ အတွေးကိုယ်စီနဲ့မို့ ဖြစ်နိုင်ပါသည်၊ တိတ်ဆိတ်ခြင်း၏အဆုံးကို ဇင်နွယ်လွင်ထူးက စတင်လိုက်ပါသည်၊ ‘ကျမ မမြစန်းကြည်ကို ခုမှတွေ့ရပေမဲ့ အရမ်းလေးစားမိပါတယ်၊ နောက်ပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီတရားအလုပ်တွေ လုပ်နိုင်တာကို ကျမချီးကျူးပါတယ်၊ ပါရမီအခံဆိုတာကို ကျမယုံကြည်မိပါသည်’၊ ဇင်နွယ်လွင်ထူး၏ စကားကိုကြားရသောအခါ ကျနော်အသံထွက်အောင် ရီလိုက်မိပါသည်၊
ဇင်နွယ်လွင်ထူးက ‘ဘာဖြစ်လို့ ရီတာပါလဲရှင် ကျမရင်ထဲကပြောတာပါ’၊
“အဲဒီလို မဟုတ်ပါဘူး၊ ခင်ဗျားစကားနဲ့ ကျနော့်အတွေးနဲ့ ဆက်စပ်ပြီး ရီမိတာပါ၊ ဒီလိုပါ ဒီခရီးမှာ ကျနော်အတွက်ပေါ့လေ အမှန်တစ်ခုကို မြင်လိုက် သိလိုက်ရပါတယ်”၊
ဒီတစ်ခါတော့ ကျနော်သည် ဇင်နွယ်လွင်ထူးကို စကားအရှည်ကြီးပြောမိပါတော့သည်၊
“ခုနက ခင်ဗျားပြောတယ် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တရားအားထုတ် တရားအလုပ်တွေ လုပ်တာကို၊ တကယ်တော့ သစ္စာလေးပါးတရားကို ရှာဖွေရာမှာ အသက်တို့ အရွယ်တို့ ဘယ်သူမှ ဖြစ်ရမယ်လို့ မကန့်သတ်ထားပါဘူး၊ ဘုရားက လူသားအားလုံးအတွက် လမ်းပြခဲ့တာပါ၊ အသက်ကြီးမှ အငြိမ်းစားယူမှဆိုပြီး ကိုယ်ကိုကိုယ် ကန့်သတ်လိုက်ကြတာပါ၊ ကျနော်က အဲဒီလိုဘောင်တွေ အကန့်အသတ်တွေကို မကြိုက်ခဲ့ပါဘူး၊ ကျနော်နဲ့ မြစန်းကြည် အိမ်ထောင်ပြုမယ်လုပ်တုန်းက အဲဒီလို ဘောင်တွေ စံတွေနဲ့ ဝို်င်းပြီးကန့်ကွက်ကြ တားဆီးကြတာပေါ့”၊ “ကျနော် အဲဒီလူတွေကို မြစန်းကြည်ကိုချစ်တဲ့စိတ်နဲ့ မုန်းခဲ့တယ်၊ အဲဒီဘောင်နဲ့ စံနဲ့ သတ်မှတ်ပြီး ကိုယ်အမြင်ကိုယ်ပြောနေကြသူတွေကို ကျနော်က မျက်မှန်တတ်ထားတဲ့သူတွေလို့ သတ်မှတ်လိုက်တယ်၊ ဒါကလည်း ကျနော်သိတဲ့ သင်ခန်းစာ တခုဆီကပါ၊ ဒဿနိက ပါမောက္ခ ဆရာကြီးစတီးဝဲလ်က ရှင်းပြခဲ့တဲ့ မျက်မှန်တတ်သူတွေ အကြောင်းကိုပေါ့၊ ဆရာကြီးက ကိုယ်ယုံကြည်ချက် စံ ဘောင်တွေနဲ့ အကြောင်းအရာတစ်ခုကို ကိုယ်ကအမှန်လိုထင်ပြီး ကိုယ်အမြင်တွေကို ထုတ်ဖေါ်ကြတယ်၊ ဆရာကြီးကဒီလိုရှင်းပြခဲ့တယ်”၊

“တစ်ခါက လူတစ်ယောက်ဟာ စင်ပေါ်တက်ပြီး အာဘောင်အာရင်း သန်သန်နဲ့ စကားတွေပြောပါတယ်၊ အဲဒီစင်ပေါ်က စကားတွေပြောနေတဲ့လူကို ဘေးကလူတွေက ဘယ်လိုမြင်သလဲဆိုတော့
ပထမဦးဆုံးတစ်ယောက်က ဒီလူဟာ အနီရောင်ကြီးပါကွာလို့ဆိုတယ် သူကမှန်အနီရောင် မျက်မှန်ကိုတတ်ထားတာကို၊
ဘေးကတစ်ယောက်က မဟုတ်ပါဘူး အစိမ်းရောင်ပါလို့ဆိုတယ် သူကမှန်အစိမ်းရောင် မျက်မှန်ကိုတတ်ထားတာကို၊
နောက်တစ်ယောက်က အပြာရောင်ပါကွာလို့ဆိုတယ် သူကမှန်အပြာရောင် မျက်မှန်ကိုတတ်ထားတာကို၊
ဘေးကတစ်ယောက်ကတော့ သူကမျက်မှန်အထူကြီးနဲ့ပါ ဒီကောင်တွေကွာ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့သူကို အရောင်ဆိုးပေးနေကြတယ် ကြည့်စမ်းပါဦး လက်သီးလက်မောင်းကြီးတွေက ကြီးလိုက်တာ သူလောက်ကြီးကျယ်တဲ့သူ ရှိမှာမဟုတ်ဘူးလို့ဆိုတယ်၊
သူ့ဘေးနားမှာတော့ မှန်ဘီလူးခွက်တတ်ထားတဲ့သူကတော့ ဒီလောက်ပါမွှားလေးကို ကြီးကြီးကျယ်ကျယ် ပြောနေကြသေးတယ် မျက်နှာ အမှုအရာနဲ့ သူမှန်ကြောင်း ပြသလိုက်တယ်၊
သူတို့ဘေးနားမှာတော့ ဘယ်တော့မှ မတည့်တဲ့လူနှစ်ယောက်ရှိတယ် ပထမတစ်ယောက်က မကြည်လင်မပြတ်သားတဲ့ မျက်မှန်ကိုတတ်ထားတယ်၊ သူကဆိုတယ် ဒီင်္ကောင်အကြောင်းများ အရေးလုပ်ပြောနေကြတယ် တကယ်တော့ ဒီကောင်ဟာ အရှက်မရှိတဲ့ကောင် ကြည့်စမ်းဘာမှ မဝတ်ပဲ စင်ပေါ်တက်ပြီး အရေမရအဖတ်မရတွေ အော်နေတယ် လူတွေကိုစော်ကားနေတာလို့ ဆိုလိုက်တယ်၊
ကျန်တစ်ယောက်က ချက်ချင်းပဲ ဘာမှ မဝတ်တာဟာ မွေးရာပါအခွင့်အရေးပါ၊ ကျနော်တို့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဝတ်စားခွင့်၊ နောက်ဆုံး လွတ်လပ်စွာရွေးချယ်ခွင့် ရှိရမှာ မဟုတ်လား၊ ဒီလူဟာ မွေးရာပါအခွင့်အရေးအတိုင်း ဘာမှ မဝတ်ပဲနေလိုက်တာ သူရဲ့ ရွေးချယ်မှုပါပဲ၊ ဒါ လူအခွင့်အရေးပါပဲ၊ ကျနော်တို့ အားလုံးလေးစားရမှာပါ၊ လက်ခုပ်တီးပေးလိုက်ကြပါ အဲဒီလို ဘေးကလူတွေကိုတောင် ဆွယ်လိုက်ပါသေးတယ်၊ တကယ်တော့ အဲဒီ့ အခွင့်အရေးသမားဆိုတဲ့သူက ဘာမှ မမြင်ရတဲ့ မျက်မှန်အပိတ်ကြီးကို တတ်ထားတာပါ၊ သူက ဘေးကတစ်ယောက်ပြောတာကို ဆန့်ကျင်ဘို့ပါပဲ၊
သူတို့ပြောနေကြတာကို ကြားထဲက မျက်မှန်မတတ်ထားတဲ့ လူတစ်ယောက်က နားမလည်စွာနဲ့ ဟိုလူက သူဖါသာသူ နေမင်းကြီးကို ကျေးဇူးတင်ကြောင်း ပြောနေတာကို ဒီလူတွေ ဘာတွေလျှောက်ပြောနေသလဲ မသိဘူးလို့ မှတ်ချက်ချလိုက်တယ်တဲ့၊ ဒါကမျက်မှန်တတ်သူတွေရဲ့အကြောင်းပါ”၊

“ဒါကြောင့်လဲ ဆရာနန္ဒသိန်းဇံက တစ်ခါတစ်လေ လူတွေဟာ ဘေ့စစ် လောဂျစ်တွေကို မေ့နေတတ်ကြတယ်တဲ့၊ ကျနော်တို့က ကျီကန်းဆိုရင်မဲရမယ်လေ ကျီးကန်းသည်မဲ၏၊ သို့သော် ဖြူသောကျီးကန်းလည်းရှိသည် ဆိုတာကို မေ့နေတတ်ကြတယ်၊ အနောက်မှာတော့ သိုးဆိုရင် ဖြူရမယ်၊ သို့သော် သိုးမဲတွေလည်းရှိသည်ပေါ့၊ တစ်ခါတစ်လေ လူတွေဟာ အဲဒီသိုးမဲ တစ်ကောင်အတွက် ငြင်းခုန် အငြင်းပွားနေကြတာ အချိန်တွေကုန်လို့ ဒေါသတွေ မောဟတွေ များလို့ မဟုတ်လား”၊
“ကျနော်ပြောတာရှည်သွားတယ် ထင်တယ်နော်”၊ ဆိုပြီး ကျနော်စကား ခဏရပ် လိုက်ပါသည်၊
ဇင်နွယ်လွင်ထူးက ‘ကိစ္စမရှိပါဘူး၊ ကျမနားလည်သွားပါပြီ’၊ ‘ကျမကဖြင့် ရှင် မျက်မှန်တတ်တာ မကြိုက်ဘူးဆိုလို့ တစ်ခါတစ်လေ မျက်မှန်မတတ်ပဲနေတာ ဝေဝေဝါးဝါးပဲ’၊
သူစကားကြောင့် ကျနော်တို့နှစ်ယောက်လုံး ရယ်မိကြသည်။

တကယ်တော့ ကျနော်သည် လူတွေကို မျက်မှန်တတ်တဲ့လူတွေဆိုပြီး စွတ်စွဲနေခဲ့သည်၊ ဒီခရီးကြောင့် ကျနော်ကိုယ်တိုင် ဆရာကြီးစတီးဝဲလ်ရဲ့ မျက်မှန်တတ်ထားတဲ့ သူတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရသည်၊
“ကျနော်တို့တွေလည်း မျက်မှန်မတတ်မိအောင် လေ့ကျင့်ရဦးမှာ”လို့ ဇင်နွယ်လွင်ထူးကို ပြောလိုက်မိသည်၊
‘ဟုတ်တာပေါ့’လို့ ဇင်နွယ်လွင်ထူးက အလိုက်သင့် ပြန်ဖြေလိုက်သည်။

ကျနော့်ချစ်သော မြစန်းကြည် တစ်ယောက်ကတော့ သစ္စာတရားတော်များကို ရှာဖွေနေပါပြီ၊
ကျနော်တို့ကတော့ မျက်မှန်မတတ်မိအောင် ကြိုးစားရဦးမှာပေါ့။

ကျနော်တို့နှစ်ယောက်ကို သယ်ဆောင်လာသော ကားလေးကတော့ ရှေ့ခရီးကို ဆက်နေပါသည်၊

ခင်မောင်တိုး၏ သီချင်းသံလေးကို ခုမှ သတိပြန်ထားမိပါသည်၊ ရိပိဆိုတဲ့ ခလုပ်လေးကို နိပ်ထားမိတာကိုး၊

…..ခေါင်လောင်းထိုးသံ ရေးရေးလေးကြားနေတယ်
…..ဘယ်သူအတွက် ထိုးတာလည်း
…..ခေါင်လောင်းထိုးသံရယ်………..


ပြီးပါပြီ။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

sosegado

 

အခန်း၂နှင့် ဇာတ်သိမ်းကို ပေါင်းတင်လိုက်ပါသည်၊

အရှည်ကြီးကို သည်းခံဖတ်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်။

19 comments:

rose of sharon said...

ကိုယ့်ဇာတ်ကိုယ်ရွေးချယ်ကခွင့်မရှိတဲ့ဘဝတွေ အများကြီးအကြောင်းတွေးမိသွားတယ်... ဇာတ်လိုက်မင်းသမီးပြန်ပေါ်လာနိုးနဲ့အဆုံးထိ ဖတ်လာတာ ....ဆက်ရန်မျှော်လျှက်...

mstint said...

သဘာဝကျတဲ့ ဇာတ်အိမ်လေးကို ဖန်တီးထားတာမို့ ရသပေါင်းစုံခံစားရင်း အားပေးသွားတယ် ဆိုစီရေ။ မြစန်းကြည်ရဲ့အကောင်းဆုံးသော ရွေးချယ်ခြင်းပါ ခေတ်ကြီးတိုးတက်ပြောင်းလဲလာတဲ့ ဆိုးမွေကောင်းမွေတွေရဲ့ ရလာဒ်မှာ ကလေးတစ်ချို့ အတော်လေးဆိုးသွမ်းလာတာ မြင်တွေ့နေရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

မြစန်းကြည် ကိုရော ဇာတ်လိုက်ကျော် ကိုရော မကျေနပ် ဘူး ရွှေစင်ဦး တို့ အကြိုက် ဇာတ်ပေါင်းလိုက် ကြတာမဟုတ်ဘူး ကိုယ်လိုချင် တာကို ရအောင်ယူတတ် မှ ကြိုက်တယ် ကိုဆိုဆီ ရေ

မန္တလေး သရုပ်နဲ့ မန္တလေး ရှေးတရုတ် ခေတ်တရုတ် တွေ ရဲ့ စရိုက်တွေ ကို ပေါ်လွင်အောင် ရေးနိုင်ပါပေတယ်

ခင်မင်လျှက်
ရွှေစင်ဦး
.

WP said...


I like it

rose of sharon said...

ဇာတ်လမ်းလေးကိုတကယ်သဘောကျမိတယ်.... မန္တလေးမြို့လယ်ခေါင်က ပုလိပ်ကိုပိုက်ဆံပစ်ပေးခဲ့တဲ့ ခလေးတွေအကြောင်းဖတ်ရတော့ရင်မောတယ်.... ဇာတ်သိမ်းမှာ မျက်မှန်နဲ့မိန်းမတွေကိုမုန်းတယ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ သိလိုက်ရတဲ့အခါ ဇာတ်လမ်းရဲ့နက်နဲမှုကို သဘောကျမိပါတယ်....

AMK said...

သိပ်ကောင်းတာပဲဗျာ..ခေတ်မန်းလေးထင်ဟပ်ပြတာသိပ်သဘောကျပါတယ်..

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ တည်ငြိမ်အေး
စာဖတ်နေရင်းအစအနကလေးတွေချန်ထားခဲ့ ပြန်ပြီ
ဆရာကြီးစတီးဝဲလ်ရဲ့အကြောင်းကိုရေးအုံးနော်-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
September 10, 2012 11:38 AM

Anonymous said...

Blog ထဲကနေ စာအုပ်ပေါ်တွေပေါ် ရောက်တာကောင်းပါတယ်၊
တစ်ချို့ဘယ်လောက်ပေါ်ကစာတွေ ကောင်းပါသည် Blog ထဲမှာဆို တစ်နေ့ပျောက်သွားမလားလို့၊
အထူးသဖြင့် ကိုစိုစီ ရဲ့စာတွေလိုပေါ့..
မျက်မှန်တတ်၍ ပြောသွားသည်….
ခေတ်နဲ့အညီရေးထားတဲ့ ကိုကြိုက်ပါတယ်
p)း


September 10, 2012 11:47 AM

မြသွေးနီ said...

မြစန်းကြည် ရွေးချယ်သွားတဲ့ လမ်းကြောင်းက စာဖတ်သူမမျှော်မှန်းထားတဲ့ လမ်းကြောင်းဖြစ်နေလို့ ဒီအလှည့်လေးက ထိသွားရတယ်။ အင်း..ဒီအတိုင်းဆို မျက်မှန်တတ်တဲ့ ဇင်နွယ်လွင်ထူးနဲ့ပဲ ပေါင်းသွားမယ့် သဘောရှိတယ်။ အတ္တကြီးကြီးနဲ့ပြောရရင် မြစန်းကြည်စွန့်လွှတ်လိုက်ရတာနဲ့ထိုက်တန်အောင် ဇာတ်ကောင်ကိုလည်း ဒီအတိုင်းတစ်ယောက်ထဲပဲ ရှိနေစေချင်တယ်။ အဲ.. မျက်မှန်ကြီး တတ်မိနေပြန်ပြီ... :)

အစမှအဆုံး စွဲဆောင်သွားတဲ့ ၀တ္တုတစ်ပုဒ်ပါ ကိုဆိုစီရေ..
September 10, 2012 11:55 AM

Anonymous said...

ယဉ်ကျေးမှုကို တော်လှန်ထားသော နေရာက ရောက်လာကြသူများ I like it.
Tks Ko sose
Min Min


September 10, 2012 12:14 PM

Anonymous said...

မြစမ်းကြည် ရွေးချယ်သွားတဲ့ လမ်းကြောင်းလေး မှန်ကန်ပါတယ်။ ဇင်နွယ်လွင်ထူး နဲရော ဘယ်လိုဖြစ်သွားလဲမသိဘူးနော်။ မပေါင်းစေချင်ပါဘူး။
အပေါ်က မမြသွေးနီ ပြောသွားသလိုပဲ တစ်ယောက်ထဲ ဖြစ်နေစေချင်တယ် :D

မေဇင်

September 10, 2012 12:15 PM

seesein said...

ကျေးဇူးပါ.....အပိုင်း ၂ နဲ့ ဇာတ်သိမ်းပေါင်းတင်တဲ့အတွက်...
ဖတ်ရင်းတွေး ....တွေးရင်း ဖတ်သွားပါတယ်...မျက်မှန်တော့မတပ်ဖြစ်သေးဘူးဗျို့...

ခင်မင်တဲ့
seesein

NSA said...

ဖတ်နေဆဲ..အဆုံးထိမရောက်သေးခင် မန့်လိုက်ပါတယ်...။



September 10, 2012 1:28 PM

မိုးကို said...

ဆိုသည်မှာ လက်မထပ်ဘူး လိုဆိုချင်ပါသလား၊
တကယ်လို မြစန်းကြည်ကို လက်ထပ်ခဲ့ရင် လူမှုရေး ပြသာနာ ဒုက္ခတွေ ရင်ဆိုင်မလဲ
အမြင်မတူတဲ့ ဇင်နွယ်လွင်ထူးနဲ့ ဘယ်လိုရှေ့ဆက်မလဲ၊ ဇာတ်လမ်းက ဆက်ချင်နေပါသေးတယ်…..


September 10, 2012 4:36 PM

Ko Boyz said...

ကြည့်ရတာ ကိုကျော်စိုးက လက်တွေ့သမား ပိုဖြစ်လိမ့်မယ်။
အချစ်ရေးက လွဲပြိးတော့ပေါ့လေ...။

ဒါပေမယ့် သူ ဇင်နွယ်ကိုယူဖြစ်မှာပါ...။
ဇင်နွယ်ကလဲ သူ့ကို နားလည်သွားတယ်ဆိုတော့...။
မြစန်းကြည် နဲ့ ပြန်ဆက်ဖို့ကလဲ မဖြစ်တော့တာကိုး...။
September 10, 2012 8:47 PM

sosegado said...

Due to the post error comments များကို ပြန် republish ပြန်လုပ်လိုက်ရပသည်၊
အားလုံးကို ကျေးဇူးတင်ပါသည် sosegado

လရိပ်အိမ် said...

ရေးထားတာ အရမ်းကောင်းတယ်။
မန့်ရမှာတောင်ခပ်လန့်လန့်ဘဲ။
မျက်မှန်တပ်ထားလို့ ။းP

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်လို့ကောင်းလိုက်တာ ကိုဆိုဆီ
ပထမပိုင်းမဖတ်ရသေးလို့ အရင်သွားပြန်ဖတ်ပြီး ဒါပြန်လာဖတ်တာ..
အရေးကောင်းတော့ မျှောပါသွားတယ် ရှည်မှန်းတောင် မသိလိုက်ပါဘူး..
မြစန်းကြည်ကို အားကျလိုက်တာ... လူတိုင်းလုပ်နိုင်ခဲတဲ့အလုပ်ကို ခုလို ဆုံးဖြတ်သွားနိုင်တာ လေးစားစရာပါဘဲ..

San San Htun said...

မျှော်လင့်မထားတဲ့ အကွက်လေးနဲ့  အဆုံးထိအောင် စွဲဆောင်မှုရှိတယ်..မန္တလေးတရုတ်တွေ ယဉ်ကျေးမှုတော်လှန်ရေး ပြောင်းလဲပုံတွေ၊ မျက်မှန်ဒသနတွေ ရေးထားတာ တကယ်မိုက်တယ်..မျက်မှန်ချွှတ်ကြည့်ဖို့  ကြိုးစားဦးမယ်..အဲ မတပ်ရင်လည်း ဝါးတားတားဗျ..အဲဒါ ခက်တယ်..:P