ကျနော် ထိုင်နေကျ လက်ဖက်ရည်ဆိုင်တွင်၎င်း၊ စားနေကျ စားသောက်ဆိုင်တွင်၎င်း၊ ဖြတ်နေကျ လမ်းတွေထဲမှာတွင်၎င်း ကျနော်ဘေးပတ်ဝန်းကျင်တွင် သေချာပါသည်၊ သူတို့သည် ကျနော့်အကြောင်းကို ပြောနေကြမည်၊ ဒါမှ မဟုတ် ကျနော့်အတင်းကို ပြောနေကြမည်၊ လူအများစုတို့၏ အကျင့်တစ်ခုပဲ မဟုတ်ပါလား၊ ကျနော်ကိုယ်တိုင်ပင် ‘မင်းဟိုကောင် အကြောင်းသိပြီးပြီလား၊ ဒီကောင်မလေးက ဘာဖြစ်တယ်၊ ဟိုဟာမကတော့ဖြင့် ဘယ်လို’ စသဖြင့် ကျနော်တို့ အချင်းချင်း ပြောဖြစ်ခဲ့ကြသေးသည် မဟုတ်ပါလား၊ ပတ်ဝန်းကျင်နှင့် နေ နေသမျှတော့ ကင်းလွတ် နိုင်လိမ့်မည် မဟုတ်ပါ၊ ခုတော့ သူတို့သည် ကျနော့်အကြောင်းကို ပြောကြ ပါလိမ့်မည်၊ ပြောဖြစ်ကြ ပါလိမ့်မည်၊ ပြောစရာကလည်း ဖြစ်နေသည်ကိုး၊ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေ ဘာပြောပြော ဒီကိစ္စသည် ကျနော် ဖြစ်ချင်လို့ ဖြစ်သွားတဲ့ ကိစ္စမဟုတ်ပါ၊ မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုမို့ ကျနော်ရင်ထဲမှာ စူးနစ်စွာ ခံစားခဲ့ရပါသည်၊ ဒီလိုခံစားမှုမျိုးကို ခံစားဘူးသူမှ သိနိုင်မည်မို့ ကျနော် မပြောပြတတ်ပါ၊ ရင်ထဲမှာ ဘယ်လောက်ပင် ခံစားနေရပါစေ ကျနော်သည် ဝမ်းမနည်း ပူဆွေးနေခြင်းမရှိသည့်ပုံစံ နေနေခဲ့ပါသည်၊ တစ်ခါတစ်လေမှာ အမှန်ကို အမှန်အတိုင်းပြောလို့ မရတဲ့အခြေအနေ အကြောင်းအရာတွေ ရှိသည်ကို ကျနော် လက်ခံခဲ့ရသည်၊ ဒီလိုဖြစ်လာအောင် ကျနော်ရွေးချယ်ခဲ့သလားလို့ မေးလာရင် ရွေးချယ်ခဲ့တာတော့ မဟုတ်ပါ၊ မသိခဲ့ခြင်း နားမလည်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်၊ ကျနော်သည် အချစ်ကို သိသယောင်ယောင်နဲ့ အချစ်ကို နားမလည်တဲ့ သူတစ်ယောက်ဆိုတာကို ဝန်ခံမိပါသည်။
ဒီအဖြစ်အပျက်မှာတော့ အများက ကျနော်ဟာ လူကြမ်း၊ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်ခဲ့သည်၊ လူယုတ်မာလို့တောင် ပြောတဲ့သူတွေက ရှိသေးသည်၊ နှစ်ဦးနှစ်ဖက် ပြဿနာတစ်ခုမှာ တစ်ဖက်သတ်ဆိုတာ မရှိဘူး၊ တစ်ယောက်ထဲကြောင့် မဟုတ်ဘူးဆိုတာ ကျနော်လိုပဲ တစ်ချို့သူတွေက လက်ခံပေးလိမ့်မည်ဟု ယုံကြည်မိပါသည်၊ ငါးနှစ်ကျော်ကျော် ချစ်သူတွေအဖြစ် အတူတွဲ အတူလာ နေတဲ့ သူနှစ်ဦးမှာ ရုတ်တရက် ကောင်မလေးက တစ်ခြားတစ်ယောက်နဲ့ အိမ်ထောင်ပြု သွားသည့် ကိစ္စသည် နောက်ဆုံး ကောင်လေးကြောင့်လို့ လက်ညှိးထိုးစရာ ဖြစ်ခဲ့ရပါသည်၊ ဟိုတစ်ယောက်ကတော့ ကယ်တင်ရှင်ကြီးဖြစ်ခဲ့ရသည်၊ တကယ်တော့ သမီးရည်စားနှစ်ယောက် ကွဲသွားတဲ့ ဇာတ်လမ်းလေးပါပဲ၊ ချစ်သူနဲ့ ကွဲဘူးကြပါလိမ့်မည်၊ ချစ်သူရဲ့ စွန့်ပစ်ခြင်းကိုလည်း ခံဘူးကြပါလိမ့်မည်၊ ကျနော်မှာတော့ ချစ်သူက ခွဲသွားခဲ့သည်၊ ချစ်သူက စွန့်ပစ်သွားခဲ့သည်၊ ဒါပေမဲ့ ကျနော်က လူဆိုးလူကြမ်း အဖြစ် ကျန်ရစ်ခဲ့သည်၊ ကျနော့်တစ်သက်မှာ ဘယ်သူကမှ လူဆိုး၊ လူမိုက်၊ လူယုတ်မာလို့ ပြောဆိုခံခဲ့ရခြင်း မရှိပါ၊ ခုတော့ ချစ်သူက ခွဲခွာခြင်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့သော ဂုဏ်ထူး ဘွဲ့ထူးတွေ ဖြစ်ခဲ့ရပါပြီ။
နောက်ပြီး ကျနော် ချစ်သူကို အရမ်းချစ်ကြောင်း ခွဲခွာပြီးမှ သိခဲ့ရပါသည်။
…………………………………….
ကျနော်တို့ မြို့လေးသည် ခေတ်တွေပြောင်းလဲခြင်းနှင့်အတူ ပြောင်းလဲလာခဲ့သည်၊ ယခုတော့ စစ်တိုင်းဌာနချုပ်ပင် အခြေချထားပေသည်၊ ယခင်တုန်းက ကောလိပ်ကျောင်းသည် ယခု တက္ကသိုလ်ဖြစ်သွားခဲ့သည်၊ အရင်တုန်းက အများစုက စက်ဘီးတွေနဲ့ ကျောင်းတက်ကြသည် ခုတော့ ဆိုင်ကယ်တွေနဲ့ ကျောင်းတက်ကြသည်၊ လူကြီးတွေကတော့ အပြောင်းအလဲတွေက ရှုပ်ရှက်ခပ်လွန်းပါတယ်ဟု ပြောကြပါသည်။
နှင်းနှင်းအေးအောင် ဆိုသော ကောင်မလေးတစ်ယောက်သည် ကျနော်တို့ တစ်လမ်းကျော်တွင် နေထိုင်သည်၊ ကျနော်၏ ကစားဖေါ် ဖြစ်ပါသည်၊ ကျနော် ငယ်ငယ်တုန်းက အရမ်းဆော့သည်၊ ဆော့နည်းပေါင်းစုံ ကစားနည်းပေါင်းစုံ ကစားတတ်သည်၊ ဘောလုံးကန်သည်၊ ဘောလီဘောရိုက်သည်၊ ခြင်းခတ်သည် သိုင်းကစားသည်၊ ဒါပေမဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိ၊ ဒါပေမဲ့ အရမ်းပျော်ခဲ့သည်၊ ပျော်ပျော်လည်း နေခဲ့လို့ဖြစ်ပါသည်၊ နှင်းနှင်းအေးအောင်သည် ကျနော်နှင့် ဘောလုံးကန်ဖက်၊ ထုပ်ဆီးတိုးဖက် ဖြစ်သည်၊ ကျောင်းပိတ်ရက်တွေမှာ ကျနော်တို့အိမ်သို့ မနက်ဆိုရောက်လာ ဝအောင်ဆော့ကစားပြီး ညနေဖက်မှ ပြန်လေ့ရှိပါသည်၊ လူပျိုဖေါ် အပျိုဖေါ်ဝင်လာသော အရွယ်ရောက်သောအခါ အနည်းငယ် အနေကျဲသွားပေမဲ့ တွဲသွားတွဲဖေါ်ဖြစ်ခဲ့ပါသည်၊ နှင်းနှင်းအေးအောင်တွင် မိန်ကလေး သူငယ်ချင်းမရှိသလောက်ပင်၊ ကျနော်၏ သူငယ်ချင်းများသည် နှင်းနှင်းအေးအောင်၏ သူငယ်ချင်းများဖြစ်ပါသည်၊ ကျနော်ကငယ်ငယ်ကလို နှင်းအေးဟုခေါ်သော်လည်း သူငယ်ချင်းများက အေးအောင်လို့ စနောက်ခေါ်ရာမှ အေးအောင်လို့ပဲ ခေါ်ဖြစ်သွားကြသည်။
ကျနော်တို့ သူငယ်ချင်းတွေသည် ကိုးတန်းရောက်သောအခါ မိန်းကလေးများကို စိတ်ဝင်စားကြသည့်အတိုင်း၊ နာရီစင်ဖက်၊ မြို့မဈေးဖက်၊ ရုံးကြီးဖက်၊ မြစ်ဆိပ်၊ ဘူတာရုံပါမကျန် မိန်းကလေးများကို လှည့်ပတ်ကြည့်ကြသည်၊ ထိုအခါတွင် ကျနော်တို့နှင့်အတူ နှင်းအေး တစ်ယောက်ပါလာသည်၊ သူငယ်ချင်းတွေက ‘မင်း အေးအောင် ကို ကြည့်ထိန်းကွာ တော်ကြာ ငါတို့ဘယ်ဆော်မှ မကြည်ပဲနေနေဦးမယ်’ ဝိုင်းပြောကြသည်၊ ဒီလိုနဲ့ ကျနော်သည် သူငယ်ချင်းတွေအလိုကျ နှင်းအေးနှင့်ကျန်ခဲ့လိုက် နှင်းအေးနှင့် တစ်နေရာကိုသွားလိုက်နဲ့ နှစ်ယောက်ထဲ ပဲ့ပဲ့နေတတ်သည်၊ ကျနော်က “နှင်းအေး နင်မလိုက်နဲ့ကွာ ငါတို့အတွက် တစ်မျိုးဖြစ်တယ်” ဟု ပြောရာ နှင်းအေးက ‘ဘာဖြစ်လဲ နင်တို့လဲကြည့် ငါလဲကြည့်ပေါ့၊ ငါလည်း နင်တို့ကို အကြံဉာဏ်ပေးနိုင်တာပေါ့’၊ စသဖြင့် ဆင်ခြေများစွာ ပြောကာ လိုက်မြဲလိုက်လို့နေသည်၊ နောက်ဆုံး သူငယ်ချင်းတွေက မင်းမပါရင် အေးအောင်က မလိုက်ဖူး ဒါကြောင့် မင်းနေခဲ့ဆိုလို့ နေခဲ့ရတဲ့အကြိမ်တွေ များလာခဲ့သည်၊ ထိုအခါ နှင်းအေးက ကျနော်ကို သူတို့မပါလည်း ဘာကိစ္စမှ မရှိဘူး၊ ဘယ်နားက ဘယ်အရပ်က ကောင်မလေးက ပိုသားနား ပိုလှတာဆိုပြီး သူအဖေါ်လိုက်ပေးမယ်ဆိုသည်၊ ကျနော်က ငါ နင်နှင့်အတူတူသွားပြီး ဆော်သွားလိုက်လို့ မဖြစ်သေးပါဘူး ပြောကာ ပယ်ချခဲ့ရသည်။
ဘယ်ကောင်မလေးက ဘယ်လိုလှတာ၊ ဘယ်လိုမိတာ၊ ဘယ်လိုသားနားတာ၊ စသဖြင့် မြို့ထဲက ကောင်မလေးအကြောင်းတွေကို နင်စိတ်ဝင်စားလား ဆိုပြီး ကျနော်ကိုပြောပြတတ်သည်၊ သူပြောသော ကောင်မလေးတွေအလှကို နားထောင်ရင်း ကျနော် နှင်းအေးကို သေချာကြည့်မိသည်၊ “နှင်းအေး နင်လည်းလှတာပဲ” လို့ ပြောလိုက်သောအခါ၊ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ‘နင်လှရမဲ့ထဲမှာ ငါမပါဘူးဆိုပြီး’ ရှောင်ထွက်သွားတော့သည်။
နှင်းနှင်းအေးအောင်သည် ဆံပင်ကို ဂုတ်ဝဲလေးပဲထားတတ်သည်၊ တစ်ခါတစ်လေ စတက်ညှပ်ထားပြီး၊ တစ်ခါတစ်လေ အဖြောင့်ထားတတ်သည်၊ အရပ်ငါးပေလေးလက်မသည် မြန်မာမိန်းကလေး တစ်ယောက်အတွက် ပုံမှန်အရပ်အမြင့်ဖြစ်သည်ဟု ကျနော်ထင်ပါသည်၊ နှင်းနှင်းအေးအောင်သည် အနည်းငယ်ပိန်သည်ဟု ပြောလို့ရသည်၊ ကျနော့်အမြင်မှာတော့ မျက်နှာလေးက ချစ်စနိုးဦးနဲ့ ဆင်သည် တစ်ခါတစ်လေ ခိုင်သင်းကြည်နဲ့ တူသလိုလိုပင်၊ အထူးသဖြင့် ပြုံးလိုက်တဲ့အခါတိုင်းတွင် ဖြစ်ပါသည်၊ ဘယ်လိုအချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျနော်ကိုတွေ့လျှင် အရင်ပြုံးပြတတ်သည်မှာ ငယ်ငယ်လေးထဲကပင်ဖြစ်သည်၊ နားကပ်ကို တစ်ခါတစ်လေမှ ဝတ်လေ့ရှိပြီး စိတ်ကူးပေါက်လျှင် ပါးတွင်ပါးကွက် ကွက်လာတတ်သည်၊ တီရှပ်ဝတ်ရတာကို အနှစ်သက်ဆုံးဟု ဆိုပါသည်၊ နောက်ပိုင်း ဂျင်းဘောင်းဘီကို အဝတ်များလာသည်၊ တစ်ခြားမိန်းကလေးများနှင့်မတူသော ကိုယ်နံ့သူမှာ ရှိပါသည်၊ ငယ်ငယ်တုန်းက ကျနော်သူကို ကုန်းပိုးခဲ့ဘူးပါသည်။
ကိုးတန်းစာမေးပွဲပြီး၍ ကျောင်းပိတ်ထားသော အချိန်တွင် ကျနော်သည် မိန်းလမ်းက GTC ပထမနှစ်တက်နေသော မီမီအောင်ကို ရည်းစားစကား လိုက်ပြောခဲ့ပါသည်၊ ကျနော့်ထက် အသက်ကြီး၍ ကျနော်က မမလို့ခေါ်ကာ မမကို စွဲလန်းနေခဲ့ကြောင်း ချစ်နေပြီဖြစ်ကြောင်း ရင်ထဲနှလုံးထဲကလာတာ ဖြစ်ကြောင်း သိသမျှ၊ ကြားဖူးသမျှ၊ စကားတွေကို ဗီဒီယိုတွေထဲကလို ဒွေးလိုပြောလိုက် နေတိုးလိုပြောလိုက် ပြောဖြစ်ခဲ့သည်၊ မီမီအောင်ကလည်း ကျနော်ပြောတာကို အေးအေးဆေးဆေး လက်ခံစကားပြောသည်၊ ကျနော်ပြောပြီးသွားသောအခါ မီမီအောင်က ‘ကိုကိုက ချောပါတယ်၊ စကားပြောတာလည်း ချစ်စရာကောင်းတယ်’လို့ အစချီပြီး ‘ဘေးနားမှာ နှင်းနှင်းအေးအောင် တစ်ယောက်လုံးရှိနေပြီး ဒီစကားတွေ ဘာလို့ သူကိုလာပြောတာလည်း’ ပြန်မေးခွန်းထုတ်ပါတော့သည်၊ ပြီးတော့ ‘မိုးကိုကိုနှင့် နှင်းနှင်းအေးအောင် ဆိုတာသိပ်လိုက်တဲ့ အတွဲတစ်တွဲ ဆိုတာ တစ်မြို့လုံး သိပါတယ်’လို့ ဆိုသည်၊ ကျနော်က နှင်းနှင်းအေးအောင် ဆိုတာ ကျနော့်ငယ်သူချင်းသာဖြစ်ကြောင်း ရှင်းပြပါသည်၊ ကျနော်ချစ်တာက မမကိုပါ ဆိုပြီးဆက်ပြောခဲ့ပါသည်၊ မီမီအောင်က ‘အချစ်ကိုဘယ်လိုနားလည်သလဲ ကိုကို’၊ ‘အချစ်ဟာရုပ်ရှင်တွေထဲကလို မဟုတ်ဘူး၊ ဝထ္ထုတွေထဲကလို မဟုတ်ဘူး၊ အချစ်က လက်တွေ့ကျတယ်၊ စမ်းသပ်ယူလို့ရတယ်’ မေးခွန်းတွေနဲ့ ကျနော်ကို အချစ်အကြောင်းတွေ ပြောပါတော့သည်၊ တော်တော် စာဖတ်တဲ့မိန်းကလေးပဲလို့ စိတ်ထဲကတွေးမိသည်၊ ကျနော်ပြန်မဖြေနိုင်တာတွေ အများကြီးပါ၊ နောက်ဆုံး ‘သေချာစဉ်းစားပါကိုကို၊ ကိုကို အချစ်အကြောင်း နားလည်တဲ့ အချိန်ကျ ပြန်ပြောကြတာပေါ့၊ တို့ မင်းကို ခင်ပါတယ်ကိုကို’၊ ‘ဒီမှာကိုကို စိုင်းထီးဆိုင် သီချင်းလေး တစ်ပုဒ်ကို နားထောင်ကြည့်ပါ၊ သီချင်းခေါင်းစဉ်လေး ပေးလိုက်မယ်’၊ ကျနော် တစ်ယောက် ဟုတ် ဆိုပြီးတော့ သီချင်းခေါင်းစဉ်ရေးထားသော စာရွက်ပိုင်းလေးကို ကိုင်ကာ ပြန်လာခဲ့ရသည်၊ ရည်းစားစကားသွားပြောသူ တစ်ယောက် အချစ်အကြောင်း နားထောင်ကာ ပြန်လာခဲ့ရသည့် အဖြစ်ပါ၊ ကျနော် မီမီအောင်ကို ရည်းစားစကား လိုက်ပြောမဲ့အကြောင်း နှင်းအေးကို အသိမပေးခဲ့ပါ။
မီမီအောင်ကို ရည်းစားစကား လိုက်ပြောမဲ့အကြောင်း နှင်းအေးကို အသိမပေးဖြစ်ခဲ့တာကလည်း ရှိန်လို့ဖြစ်သည်၊ နှင်းအေးသည်လည်း စာဖတ်သူတစ်ယောက်ဖြစ်သည်၊ စကားကို အနိုင်ရအောင် ပြောတတ်သည်၊ အချက်ကျကျ တစ်ခါတစ်လေ ပိသာလေးနဲ့ ထုသလိုပြောတတ်သူ တစ်ယောက်ဖြစ်သည်၊
ဒါပေမဲ့ ကျနော်ကို ပြောတဲ့ အခါများမှာတော့ အေးအေးဆေးဆေးလေး ပြောတာများပါသည်၊ နှင်းအေးနှင့် ကျနော် အငြင်းအခုန်တွေ ဖြစ်ဘူးပါသည်၊ သူငယ်ချင်းတွေ ရုပ်ရှင်သွားကြည့်ကြသော အခါက ဖြစ်သည်၊ အားလုံးကြည့်ဖို့ လက်မှတ်ဝယ်ပြီးသောအခါမှ ငါမကြည့်တော့ဘူး ပြောလာသည်၊ ဘာဖြစ်လို့လဲလို့ မေးရာ ငါ ဟိန်းဝေယံ ကို မကြိုက်ဘူး၊ ဒါကြောင့်မို့ မကြည့်ဘူး၊ ကျနော်က မကပ်နှင့်ကွာ ဟိန်းဝေယံကို အားလုံးက ကြိုက်နေတာပဲ၊ လိုက်ကြည့်ပါ ဇွတ်ပြောသည်၊ မကြည့်ဘူးပဲ လုပ်နေသည်၊ ဒါနဲ့ ဘာလို့ ဟိန်းဝေယံကို မကြိုက်တာလဲ မေးရာ၊ မကြိုက်လို့ မကြိုက်တာ၊ အဲဒီ မကြိုက်တာကို ရှင်းပြရဦးမှာလား၊ လူမှာ ကြိုက်တာရှိသလို မကြိုက်တာလဲရှိတယ်၊ လွတ်လပ်စွာ ကြိုက်ခွင့် မကြိုက်ခွင့် ရှိရမှာပေါ့၊ ခေတ်ပြောင်းနေပြီ အားလုံးကြိုက်တိုင်း လိုက်ကြိုက်ရတဲ့ခေတ် မဟုတ်တော့ဘူး၊ ဒီလိုနဲ့ နှင်းအေးနှင့် ကျနော် မကြည့်ဖြစ်ကြ ကျန်သူငယ်ချင်းတွေ ဝင်ကြည့်ကြသည်။
နှင်းအေး မျက်နှာက ပုတ်နေသည်၊ ဒါပေမဲ့ ကြည့်လို့ ကောင်းပါသည်၊ ကျနော်ကလည်း စိတ်ဆိုးနေသည်၊ ၅မိနစ်လောက် ဘာစကားမှ မပြောဖြစ်ကြပါ၊
နှင်းအေးက စပြီး၊ ‘ငါ ပြေတီဦးကို မကြိုက်ဘူး၊ ဟိန်းဝေယံနှင့် နေမင်းကို မကြိုက်ဘူး’၊
‘နောက်ပြီး ဇာဂနာ ကတုံးနှင့် မှန်ကြောင် အရိုင်းကိုမကြိုက်ဘူး၊ ပန်းသီးညာသီး ဘာအသီးမှ မကြိုက်ဘူး၊ ခုပေါ်နေတဲ့ ငါးယောက်ကိုလည်း မကြိုက်ဘူး၊ သူတို့ပါတဲ့အခွေတွေ ငါကိုမပြနဲ့’၊
‘အဆိုတော်တွေထဲမှာ မျိုးကျော့မြိုင်၊ ဂျေမီ၊ အေသင်ချိုဆွေ၊ ဂျင်းနီနှင့် ဆောင်ဦးလှိုင် မကြိုက်ဘူး၊ နောက်ပြီး ဟိုတစ်ယောက် ဖြူဖြူကျော်သိန်း ကိုလည်း မကြိုက်ဘူး’၊ ‘သိပြီလား၊’
‘ဘာလို မကြိုက်တာလဲ မမေးနဲ့၊ မကြိုက်လို့ မကြိုက်တာ၊ လွတ်လပ်စွာ ကြိုက်ခွင့် မကြိုက်ခွင့် ရှိတယ်မဟုတ်လား’၊
‘ဒါ ငါမကြိုက်တာပဲ နင်ကြိုက်ရင်ကြိုက်နိုင်တဲ့ နင့်သဘော၊ နင့်လွတ်လပ်ခွင့်၊ ဟုတ်ပြီလား’၊
ကျနော်လည်း စိတ်ဆိုးနေ၍ အိုကေ အိုကေ လုပ်လိုက်သည်၊
နှင်းအေးက ‘နင် ငါဘာကြိုက်သလဲ သိသလား’ မေးသည်၊
ကျနော်က “နင် အာဇာနည်၊ ချမ်းချမ်း သီချင်းတွေကြိုက်တယ် နောက်ပြီး….”၊
‘နောက်ပြီးတော့ဘာလဲ’ နှင်းအေးက ထောက်လိုက်သည်၊
ကျနော်က “နင် ခေါပုတ်ကြိုက်တယ်”
ထိုအခါ ရယ်၍ ကျနော်ဘက်လှည့်ပြီး ‘ကောင်စုတ် အဲဒါတော့သိတယ်၊ နင်မကြိုက်တာလဲ ငါသိတယ်’၊
ကျနော်က ဘာလဲ လို့ မေးလိုက်သည်၊
‘နင် ငါ စိတ်ကောက်တာ မကြိုက်ဘူး’၊ ဟာဟာ ဟားဟား နှစ်ယောက်လုံး ရယ်ဖြစ်ကြသည်၊ နှင်းအေးသည် ခေါပုတ်ကြော်ကို အရမ်းကြိုက်သည်၊ ကျနော်ကိုလည်း စိတ်ကောက်ခဲသည်။
ရုပ်ရှင်မကြည့်ဖြစ်သဖြင့် ကျနော်တို့နှစ်ယောက် ကျနော်အိမ်သို့ ပြန်လာခဲ့သည်၊ နှင်းအေးလည်း လိုက်လာခဲ့သည်၊ ကျနော့်အခန်းထဲမှာ ကျနော်သီချင်းဖွင့် နားထောင်နေလိုက်သည်၊ နှင်းအေးက ဒီသီချင်းကို ဘာလို့ဖွင့်တာလဲ ကျနော်ကို မေးလာသည်၊ ကျနော်က နားထောင်ကြည့်တာပါ၊ နှင်းအေးကို ကြည့်ရတာ စိတ်ကောက်ပြေသည့်ဟန် မပေါက်သေး၊ နှင်းအေးက နင် ငါကို တစ်ခုခု ပြောစရာရှိလား မေးလာသည်၊ ကျနော်က မရှိဘူး ဘာဖြစ်လို့လဲ ပြန်မေးလိုက်သည်၊ ဒီတစ်ခါတော့ နှင်းအေး တစ်ယောက် မျက်နှာငယ်လေးဖြင့် ‘နင်နဲ့ငါကြားမှာ လျှို့ဝှက်စရာတွေ ရှိနေပြီပေါ့’ ဆိုလာသည်၊ အဲဒီကျမှ ကျနော်ပြန်စဉ်းစားမိသည်၊ ကျနော် မီမီအောင်ကို စကားလိုက်ပြောတာကို ရည်ရွယ်နေကြောင်း ဖြစ်နိုင်သည်၊ ဒီမြို့အတွင်းမှာ သတင်းက အဲဒီလောက်မြန်လိမ့်မည် မထင်ခဲ့မိပါ၊ ကျနော်လည်း နှင်းအေးကို “ငါ နင်ကို မပြောတာ တစ်ခုပဲရှိတယ် ပြီးခဲ့တဲ့ အပတ်က ငါ မီမီအောင်ကို စကားလိုက်ပြောဖြစ်တယ်”၊ နှင်းအေးက ‘အဲဒီတော့ ဘာဖြစ်လဲ’ ကျနော်ကို မေးလိုက်သည်၊ “ဘာမှမဖြစ်ဘူး ဒီသီချင်းကို နားထောင်ခိုင်းလိုက်တယ်” ကျနော်ပြန်ဖြေလိုက်သည်၊ သီချင်းကို နားထောင်သလိုလို လုပ်ပြီး၊ ‘ပြောရမဲ့လူ၊ ကြိုက်ရမဲ့သူရှားလို့ ဒီလိုကောင်မမျိုးကိုမှ၊ တော်ပြီ ငါပြန်တော့မယ်’ ဆိုပြီး၊ အခန်းထဲက ပြေးထွက်သွားသည်၊
ကျနော်နှင့် သီချင်းသံလေး ကျန်ရစ်ခဲ့သည်၊
“မင်းမကြည့်လို့ မသိတာပါ အချစ်ကမင်းအနားမှာပါ
စိတ်မရှိလို့ မရိပ်မိတာပါ အချစ်ကမင်းအနားမှာပါ
မင်းမဆွဲလို့ မတွဲမိတာပါ အချစ်ကမင်းအနားမှာပါ”
စိုင်းထီးဆိုင်ရဲ့ သီချင်းသံ ကျနော့်အခန်းထက်ကျော်ကာ ပျံ့နှံ့သွားသည်။
နှင်းအေး တစ်ယောက် စိတ်ကောက်သလိုနဲ့ ကျနော်ဆီ မလာတာ နှစ်ပတ်လောက်ရှိသွားခဲ့ပြီဖြစ်သည်၊ တကယ်တော့ နှင်းအေး ကျနော်တို့အိမ်ကို လာပါသည်၊ အဖေ အမေတို့ကို နေကောင်းလားဦးဦးဒေါ်ဒေါ်လုပ်ပြီး၊ ကျနော်ကို မျက်စောင်းလေးထိုးကြည့်ကာ ပြန်ပြန်သွားခြင်း ဖြစ်ပါသည်၊ ဒီလိုနဲ့ တစ်နေ့ ဆယ်တန်းတွေ ကျောင်းပြန်တက်ရမဲ့ အချိန်မှာတော့၊ နှင်းအေးကို သူအဖေက ဆိုင်ကယ်ဝယ်ပေးသည်၊ ဆိုင်ကယ် ရရချင်း ကျနော်ဆီ ရောက်လာသည်၊ တအားပျော်ရွှင်နေသည့်ပုံစံ၊ တကယ်တော့ လာကြွားခြင်း ဖြစ်ပါလိမ့်မည်၊ ကျနော်က မသိချင်ယောင် ဆောင်နေလိုက်သည်၊ နှင်းအေး တစ်ယောက် မနေနိုင်တော့ ‘ကိုကို နင် ငါကို စိတ်ဆိုးနေသလား’၊
ကျနော်က “ဘာလို့စိတ်ဆိုးရမှာလဲ”၊
နှင်းအေးက ‘မသိဖူး နင် ငါကို မခေါ်လို့’၊
“မခေါ်တာက နင်လို့” ကျနော်ပြန်ဖြေလိုက်သည်၊ အဲဒီအခါကြမှ ရယ်ကြဲကြဲလုပ်ပြီး၊ ‘ခု ငါအဖေက ကျုရှင်တွေတက်ဖို့ ဆိုင်ကယ်ဝယ်ပေးတယ်၊ ဟိုမှာတွေ့လား’၊
ကျနော်က ဆိုင်ကယ်ကို ကြည့်လိုက်ပြီး “ဟုတ်လား ဒါဆို နင်အဖေက ဥပဒေ ချိုးဖေါက်တာပေါ့”၊ နှင်းအေးက အလန့်တကြားနဲ့ ‘ဘာ၊ ဘာရယ်’၊
“အသက်မပြည့်သေးတဲ့ သမီးတစ်ယောက်ကို ဆိုင်ကယ်ဝယ်ပေးတာ ဥပဒေ ချိုးဖေါက်တာပဲ”၊ ကျနော်ပြန်ပြောလိုက်သည်၊ ‘နှင်းအေးက ကိုကိုမနောက်နဲ့ကွ၊ ဒါဆိုတစ်မြို့လုံးနီးပါး ဥပဒေကို ချိုးဖေါက်နေပြီ၊ ဒီဥပဒေကို တစ်ခုခုလုပ်သင့်တာပေါ့၊ ခုဟာက ဖေဖေက နင်နှင့် ငါကို ကျုရှင်တူတူတက်ရအောင် ဝယ်ပေးတာ ဟုတ်ပြီးလား’၊
ကျနော်က “သေချာရဲ့လား” ထပ်မေးလိုက်သည်၊ ‘မယုံရင် အဖေကိုသွားမေးကြည့်’၊ ပြီးတော့ရယ်ကာ ‘နင်နှင့်အတူဆိုလို့ ဝယ်ပေးတာ’၊ စကားပြောရင်း ရယ်နေသော နှင်းအေးမျက်နှာလေးကို ကြည့်လိုက်မိသည်၊ ပါးမှာ ပါးကွက်ကလေးနဲ့ လှပါသည်။
နှင်းအေးကမောင်း ကျနော်က နောက်ကထိုင်ပြီး ဆိုင်ကယ်စမ်းစီးကြသည်၊ နှင်းအေးက မောင်းနေရင်းနဲ့ ‘နင် မီမီအောင်နဲ့ စကားပြောဖြစ်သေးလား’၊
“ဟင့်အင်း”၊
‘ဒါဆို နောက်တစ်ယောက်ကို ပြောဖို့ ရွေးထားပြီလား’
“ဟင့်အင်း”၊ ကျနော် ဟင့်အင်းအဖြေတွေကို နားထောင်ရင်း ဒါဆိုဘာကြောင့်လဲ ဟုမေးလာသည်၊ ကျနော်က သီချင်းနားထောင်ပြီးကတည်းက ဘယ်သူကိုမှ မပြောဖူးလို့ ဆုံးဖြတ်လိုက်တယ်၊ ကျနော်ဖြေလိုက်တော့ မပွင့်တစ်ပွင့် ရယ်သံလေး ထွက်လာသည်၊ မြစ်ဆိပ်လမ်းထိပ် ဘယ်သူမှ မရှိတဲ့ နေရာမှာ ကျနော်ဆိုင်ကယ်ကို ရပ်ခိုင်းလိုက်သည်၊ ဘာဖြစ်လို့လဲလို့ ကျနော်ကိုမေးသည်၊ နေမထိထိုင်မသာဖြစ်လို့ ခဏရပ်ပေးပါလို့ ပြောလိုက်သည်၊ နှင်းအေးကတော့ ဆိုင်ကယ်ကိုကြည့်လိုက် ကျနော်ကိုကြည့်လိုက် လုပ်နေသည်၊
ကျနော်က “နှင်းအေး နင် ငါနားထောင်နေတဲ့ သီချင်းလေးကိုသိတယ်နော်”၊ ‘သိတယ်’ ပြန်ဖြေသည်၊ “ကြိုက်သလား”ဟု မေးလိုက်မိသည်၊ ‘မဆိုးပါဘူး’ ဆိုပြီး ကျနော်ကို စိုက်ကြည့်နေသည်၊
“ငါ…”
‘ဘာလဲပြော..’
ကျနော်ရုတ်တရက် နှင်းအေးရဲ့ ပါးကွက်ကလေးနှစ်ခုကို နမ်းလိုက်ပြီး၊ တစ်ကိုယ်လုံးကို သိမ်းဖက်ထားလိုက်မိသည်၊
နှင်းအေး တစ်ယောက် တုန်တုန်ရီရီဖြင့် ‘ကိုကို နင် ငါကိုဘာလုပ်တာလဲ၊ ငါကိုဘာလုပ်တာလဲ၊ လူတွေမြင်ကုန်မယ်’ မေးနေသည်၊
“နှင်းအေး နင်ကို ငါချစ်တယ်”၊ ကျနော်ပြောလိုက်မိသည်၊
‘လွှတ်ပါ လူတွေမြင်ကုန်မယ်’၊ နှင်းအေး ရင်တွေခုန်နေသည်ကို ကျနော်သိလိုက်သည်၊
“နင် ငါကို ချစ်သူအဖြစ်အသိအမှတ်ပြုပေးပါ”၊
‘ချစ်ပါ၊ ချစ်ပါ ခုတော့လွှတ်ပေးပါ ဟိုမှာ လူတွေလာနေပြီ’၊
“ဒါဆို ငါတို့ ချစ်သူတွေဖြစ်သွားကြပြီပေါ့”၊
‘ဟုတ်တယ် ဟိုမှာ လူတွေလာနေပြီ’၊
ကျနော် သူရဲ့နောက်ကလည်တိုင်လေးကို နမ်းပြီး ဖက်ထားတာကို လွတ်ပေးလိုက်သည်၊
ချက်ချင်းဆိုသလို ပြန်ကြမယ် တက်ဆိုပြီး အိမ်ဖက်သို့ နှင်းအေးတစ်ယောက် မောင်းချလာသည်၊
နောက်ခါ ‘ငါ့ကို လမ်းမှာ ဘယ်တော့မှ မနမ်းပါနဲ့’ ဆိုတာကလွဲလို့ ဘာမှ မပြောဖြစ်ကြပါ၊ နှစ်ယောက်စလုံး ရင်ခုန်နေကြပါသည်၊
အိမ်ရောက်တော့ ဆင်းဆိုပြီး၊ ဆင်းခိုင်းကာ ဆိုင်ကယ်ကို သူအိမ်ဘက်သို့ မောင်းထွက်သွားသည်၊ မထွက်သွားမှီ ကျနော့်လက်ဖဝါးလေးတွေကိုညှစ်ပြီး လက်မောင်းကို လက်သီးလေးနဲ့ထိုးသွားခဲ့သည်။
ထိုနေ့က ကျနော်သည် မိန်းကလေး တစ်ယောက်မောင်းသော ဆိုင်ကယ်ကို နောက်က ပထမဦးဆုံး အကြိမ် လိုက်စီးဖူးခြင်းဖြစ်ပါသည်၊ မိန်းကလေး တစ်ယောက်ကို ပထမဦးဆုံး နမ်းဖူးခြင်းလည်းဖြစ်ပါသည်၊ နှင်းနှင်းအေးအောင်သည် ကျနော်၏ ပထမဦးဆုံး ရည်းစားဖြစ်လာခဲ့ပါသည်။
ထိုနေ့ညက ကျနော်သည် သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲ ဖွင့်နေဖြစ်ခဲ့ပါသည်၊
“ရွှေလည်တိုင်ကိုကွယ် အနမ်းလေးပေးစဉ်ဝယ်
ရင်ခုန်စရာ သနပ်ခါးနံ့လေးတွေနဲ့…..
ရွှေလည်တိုင်ကိုကွယ်……….”။
…………………………………………………….
ဆယ်တန်းကျောင်းသားဘဝတွင် ရည်းစားထားရခြင်းသည် တော်တော် အရသာမရှိဟု ကျနော်ထင်မြင်မိပါသည်၊ အတူကျောင်းတက်၊ ကျုရှင်တက်၊ စာကျက်၊ စာဆွေးနွေးနဲ့ ချစ်သူဘဝကို ဘာရယ်လို့ မသိခဲ့ရပါ၊ ရည်းစားဆိုင်ကယ်မောင်းတာကို လိုက်စီးနေတာ ဒီကောင် တစ်ကောင်ပဲရှိတယ်လို့ တစ်မြို့လုံးရဲ့ အပြောကိုတော့ ခံခဲ့ရပါသည်၊ ကျနော်ကတော့ တက္ကသိုလ် ရောက်မှ ရည်းစားပီသအောင် လုပ်လိုက်မယ်လို့ ဆယ်တန်းစာမေးပွဲကို ဒီလိုရည်ရွယ်ချက်ကြီးကြီးနဲ့ ဖြေခဲ့ပါသည်၊ ဒီလိုနဲ့ပဲ ကျနော်တို့ နှစ်ယောက်စလုံး ဆယ်တန်းကိုအောင်ခဲ့ကြသည်၊ ကျနော်သည် မြန်မာစာဂုဏ်ထူးတောင် ထွက်လိုက်သေးသည်၊ မြန်မာစာဂုဏ်ထူးထွက်သဖြင့် သူငယ်ချင်းများအကြားဝယ် အထူးအဆန်းဖြစ်ခဲ့ရပါသည်၊ မြန်မာစာဂုဏ်ထူးထွက်တာ အထူးအဆန်းဖြစ်လား ကျနော်မသိပါ၊ ဆယ်တန်းအောင်သည့်အတွက် အလွန်ပျော်ခဲ့ပါသည်။
ကျနော်တို့မြို့က တက္ကသိုလ်လို့ သမုဒ်ထားသောကျောင်းတွင် မြန်မာစာဂုဏ်ထူးထွက်သော ကျနော်က သချာင်္ဘာသာတွဲယူပြီး၊ နှင်းအေးက ဓါတုဗေဒဘာသာ ယူခဲ့ပါသည်၊ ကျနော်ပြိုင်စက်ဘီး တစ်စီးကို ဝယ်ခဲ့သဖြင့် နှင်းအေး၏ မော်တော်ဆိုင်ကယ် နောက်သို့ တစ်ခါတစ်လေမှ လိုက်စီးဖြစ်ပါတော့သည်။
အတူပျော်ရွှင်စွာ ကျောင်းတက်နေသော ကျနော်တို့ နှစ်ယောက်ကြားကို လူတစ်ယောက် ပထမဦးဆုံး ဝင်ရောက်လာပါသည်၊ နေဝင်းထက်ယံ ဆိုသောသူတစ်ယောက်ဖြစ်ပါသည်၊ သူသည်လည်း ပထမနှစ် သမိုင်းကျောင်းသား တစ်ဦးဖြစ်ပါသည်၊ ကျနော်တို့မြို့၏ ချမ်းသာသည်ဟု ဆိုနိုင်သော ပွဲရုံကုမ္ပဏီ ပိုင်ရှင်တစ်ဦး၏ သားဖြစ်သည်၊ မန္တလေးတွင် ကျောင်းတက်နေရာမှ ဘာလို့ တက္ကသိုလ်ကို ကျနော်တို့မြို့သို့ လာတက်သလည်း၊ ကျနော်တော့ မသိပါ၊ တစ်တွဲတွဲရှိနေတတ်သော ကျနော်တို့၏ ပတ်ဝန်းကျင်တွင် အမြဲတွေ့နေရတတ်ပြီး၊ အထူးသဖြင့် ကျနော်တို့ လက်ဖက်ရည်ဆိုင်ထိုင်သောအခါ စားပွဲဝိုင်းတစ်ခုမှ ကျနော်တို့ စားပွဲကို ကြည့်နေတတ်သည်။
နေဝင်းထက်ယံသည် အရပ်မြင့်မြင့် အသားဖြူဖြူ ရုပ်ချောပါသည်၊ ဖြိုးငွေစိုးပုံစံလိုမျိုး အမှုအရာက ဇာတ်မင်းသားလိုလို ရုပ်ရှင်မင်းသားလိုလိုနဲ့ တစ်ချို့မိန်းကလေးများ အကြိုက်ဖြစ်သည်၊ ကျောင်းတက်လျှင် ပါဂျာရို ကားကို သူမောင်းလာသလို သူ့အစ်မက မောင်း၍လိုက်ပို့ပေးတတ်သည်၊ သူ့အစ်မသည် သူထက် ၆နှစ် ၇နှစ်လောက် ကြီးမည်ထင်ပါသည်၊ ဘာကြောင့် မောင်နှမနှစ်ယောက် အသက်ကွာနေကြသလည်း ကျနော်လည်းမသိပါ။
ကျနော်တို့ နှစ်ယောက်နောက် တစ်ကောက်ကောက်လိုက်နေခြင်းသည် ကျနော်ကို စော်ကားနေခြင်းဟု ကျနော်ယူဆပါသည်၊ ကျနော့်ချစ်သူ နှင်းအေးကို စိတ်ဝင်စားနေခြင်း ဖြစ်နိုင်သည်၊ သူများရည်းစားကို လိုက်ကြိုက်သော လူတစ်ယောက်ကို ကျနော် အမုန်းဆုံးဖြစ်ပါသည်၊ ကြိုက်စရာရှားလို့ ငါ့နှင်းအေးကိုမှ ကြိုက်ရတယ်လို့ ကျနော်သဝန်တိုမိသည်၊ ကိုယ်ရည်းစားကို သူများလိုက်ကြိုက်တာ ကြုံဘူးကြမည်ဟု ထင်ပါသည်။
ဒီကောင်ကို ချဲလင်းလုပ်မယ်လို့ ပြောတော့၊ သူငယ်ချင်းတွေရော နှင်းအေးကပါ လက်မခံပေ၊ ‘အနေသာကြီးပါ ကိုကိုရာ၊ နင့်မှာ ငါရှိတယ်၊ ငါ့မှာ နင်ရှိတယ၊် အဲဒါဆို ပြီးရောမဟုတ်လား၊ ဂရုစိုက်မနေပါနဲ့၊ နင် သူ့အတွက် ငါကိုယုံစမ်းပါ’၊ နှင်းအေးက ဆိုလာတော့လည်း ကျနော်စိတ်လျှော့ခဲ့ရသည်၊ ဒါပေမဲ့ ကျနော်ကြာကြာ သည်းမခံနိုင်ခဲ့ပါ၊ နှင်းအေးမရှိသောအချိန် နှင်းအေးမသိအောင် ကျနော်နှင့်သူငယ်ချင်း မြတ်စိုး တို့ ဒီကောင်တွေ ထိုင်နေသည့်ဝိုင်းကို သွားခဲ့သည်၊ ဒီကောင်တွေဝိုင်းထဲက တရုတ်နေအောင်ကို ကျနော်တို့သိသည်၊ ဒီကောင်က ကျောင်းတွင်စာရင်းပြပြီး ဆယ်တန်းကို အပြင်ကဖြေသော်လည်း ကျုရှင်တွေတွင် ဆုံဘူးသည်၊ လောလောဆယ်တော့ သူတို့စားပွဲဝိုင်းတွင် နှစ်ယောက်ထဲ ဖြစ်သည်၊
မြတ်စိုးက ‘ဟေ့ကောင် နေအောင် နေကောင်းလား၊’
သူတို့နည်းနည်းတော့ ကြောင်သွားသည်၊ ကျနော်နှင့် မြတ်စိုး ဒီလိုတိုက်ရိုက်ကြီး ဝင်လာလိမ့်မည် မထင်သောကြောင့် ဖြစ်နိုင်သည်၊
နေအောင်က ‘နေကောင်းပါတယ်၊ ဘာကိစ္စရှိလို့လဲ’ ပြန်မေးလိုက်သည်၊
ကျနော်တို့က မဖြေ၊ ‘ထိုင်မယ်နော် ထိုင်ချင်လို့ လာထိုင်တာ’ ကျနော်ပြောလိုက်သည်၊
ကျနော်တို့ ဝင်ထိုင်လိုက်ကြသည်၊ သူတို့ ဘာမှ မပြော၊ မြတ်စိုးက
‘တစ်ကျောင်းထဲသားတွေပဲ တစ်ဦးအကြောင်း တစ်ဦးသိရအောင် မိတ်လာဖွဲ့တာ၊ ဒါမှာ နောင် ရှုပ်ရှုပ်ရှက်ရှက် မဖြစ်ချင်လို့ပါ၊’
နေဝင်းထက်ယံကို ကြည့်ရသည်မှာ ဘာမှ မဖြစ်သလိုပါပဲ၊ သူ့ရဲ့လက်ကိုကြည့်လိုက်တော့ လက်လှုပ်ရှားမှုက တစ်ခုခုဖြစ်နေတာ သေချာပါသည်၊ မျက်နှာကိုကြည့်လိုက်တော့ ခပ်တည်တည်ပါပဲ၊ မျက်နှာကို တော်တော် ထိန်းချုပ်နိုင်တဲ့ လူပါပဲ၊
မြတ်စိုးကပဲ ‘ကျနော်က မြတ်စိုး၊ ဒီကောင်က မိုးကိုကို၊ ကဲဟုတ်ပြီလား’၊
နေအောင်က ‘မင်းတို့ မိတ်ဖွဲ့တော့လည်း၊ ဖွဲ့ရတာပေါ့၊ ငါ့ကိုတော့ မင်းတို့သိပြီးသား၊ သူက နေဝင်းထက်ယံ၊ ငါနဲ့ အမျိုးနည်းနည်းတော်တယ်၊ ဒီနေ့ မလာတဲ့ တစ်ယောက်က ဝေမင်းဟိန်း သူကတပ်ထဲက’၊
မြတ်စိုးကတဖန် ‘ငါတို့အဖွဲ့က ငါးယောက်ရှိတယ်၊ အဲဒီထဲမှာ ကောင်မလေးတစ်ယောက်ပါတယ်၊ နှင်းနှင်းအေးအောင်တဲ့ ငါတို့က အေးအောင်လို့ခေါ်တယ်၊ ဒီကောင် မိုးကိုကိုရဲ့ အချစ်ဆုံး ရည်းစားပေါ့’၊
ကျနော်က ရယ်လိုက်သည်၊
နေဝင်းထက်ယံက ဟင်းဟင်းဟု ရယ်သံပြုပြီး၊ ‘သိပ်လှတဲ့နာမည်လေး၊ ရည်းစားဆိုတော့ လင်မယား မဟုတ်ဘူးပေါ့၊ အင်း ရည်းစားဆိုတာ လင်မယား မဟုတ်ဘူး’၊
ကျနော်က ‘ဘာ၊ ဘာရယ်’ မေးလိုက်မိသည်၊
နေဝင်းထက်ယံက ပြန်မဖြေ၊ ‘ကဲ အားလုံးပဲ ကိုယ့်အတွက် ဒီနေ့ ဒီလောက်လုံလောက်ပြီ၊ သွားတော့မယ်’၊ ဆိုပြီး ခပ်တည်တည် လှည့်ထွက်သွားသည်၊
ဒီကောင်အမှုအရာကို ကျနော် စိတ်ထဲက တော်တော် ခံပြင်းသွားသည်၊ တောက်ခေါက်လိုက်မိသည်၊
နေအောင်က ‘ဟေ့ကောင် ကိုကို မင်းဘာတွေဖြစ်နေတာလဲ’၊
မြတ်စိုးက ‘မင်းသိတဲ့အတိုင်းပဲ အေးအောင်က ဒီကောင်ချစ်သူလေ၊ မင်းအကောင်က ဗလာချည်းဆိုတော့’၊
နေအောင်က တဖန် ‘ဟေ့ကောင်မြတ်စိုး၊ မင်းပြောလိုက်တာ ကြားတယ် မဟုတ်လား၊ ရည်းစားဆိုတော့ လင်မယား မဟုတ်ဘူးပေါ့၊ ဆိုတာ’၊ ‘နောက်ပြီး နေဝင်းက မင်းတို့ကို တိုယ်ထိလက်ရောက် ဘာမှ မနှောက်ယှက်ဘူးနော်’၊
‘လူမှာ လွတ်လပ်ခွင့် ရှိတယ်မဟုတ်လား၊ လွတ်လပ်စွာကြည့်ခွင့်၊ လွတ်လပ်စွာကြိုက်ခွင့် လွတ်လပ်စွာချစ်ခွင့် မရှိတော့ဘူးလား’၊
ကျနော်က “လွတ်လပ်တာတော့ လွတ်လပ်တာပေါ့၊ ဒါပေမဲ့ စည်းရှိရမယ်”၊
နေအောင်က ‘ဘယ်သူက စည်းကျော်နေလို့လဲ၊ ဘယ်သူမှ စည်းမကျော်ဘူး၊ စိတ်လျှော့ သိပ်မရွေ့ကြနဲ့ လွဲကုန်လိမ့်မယ်’၊
ကျနော်က “အေးပေါ့ကွာ၊ ငါတို့ကလည်း အဲဒီစည်း မကျော်စေဖို့ လာပြောတာပဲ၊ ဟေ့ကောင်မြတ်စိုး သွားမယ်ကွာ”၊
နေအောင်က တဖန် ‘သွားပေါ့ မင်းတို့ဟာမင်းတို့ လာတာပဲ၊ စိတ်တော့မဆိုးနဲ့ တစ်ခုတော့ နားထောင်၊ ငါပြောမယ် ငါ့အတွက်တော့ အချစ်ဆိုတာ စည်းတွေဘောင်တွေနဲ့ ထိမ်းချုပ်ထားလို့ မရဘူး၊ အိမ်ထောင်ရှိပြီးသား သူတစ်ယောက်ကိုလည်း ချစ်မိမှာပဲ၊ သူများရည်းစားကိုလည်း ချစ်မိမှာပဲ၊ ဒါကချစ်တာလေ’၊ ‘အချစ်ကလွတ်လပ်တယ်’၊ ‘အချစ်ကကျယ်ပြန့်တယ်’၊ ‘အချစ်ကိုကန့်သတ်လို့မရဘူး’၊ ‘ရယူပိုင်ဆိုင်ဖို့ကတော့ မျှော်လင့်ချက်ပေါ့၊ အဲလို မျှော်လင့်ချက်တွေ ပြည့်ခဲ့သူတွေ ကမ္ဘာပေါ်မှာ အများကြီးပဲ၊ မင်းတို့မကြုံဖူးသေးလို့ပါ’၊
မြတ်စိုးက ‘ငါတို့က အဲဒီလို အောက်တန်းကျစွာ မချစ်ဖူး၊ ချစ်မှာလဲ မဟုတ်ဖူး’၊
နေအောင်က ဟားဟားရယ်၍ ‘အဲဒါ အောက်တန်းကျတာ မဟုတ်ဘူး၊ အချစ်ကို တန်ဘိုးထားတာ၊ အဆင့်မြင့်စွာချစ်ပြတာ၊ ကိုယ့်အချစ်ကို လက်ရှိတစ်ယောက်ထက် သာကြောင်းပြရမှာ မင်းတို့ မကြုံဖူးသေးလို့ပါ’၊
ကျနော်က “အေး ငါတို့ကလည်း အဲလိုချစ်မှာ မဟုတ်ဖူး”၊ “ဒီမှာနေအောင် အချစ်က လွတ်လပ်တယ်၊ ဟုတ်ပါပြီ လွတ်လပ်ခွင့်ဆိုတာ လူတိုင်းမြတ်နိုး လူတိုင်းလိုချင်ကြတာပဲ၊ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်လုပ်ချင်တိုင်း လိုက်လုပ်လို့ မရဘူး၊
ယဉ်ကျေးတဲ့ လူတွေရဲ့ အသိုင်းအဝိုင်းမှာတော့ လွတ်လပ်ခွင့်ဟာ စည်းတွေဘောင်တွေနဲ့ထားတယ် ဒါလွတ်လပ်ခွင့်ကို တန်ဘိုးထားတာ၊ အဲလိုမှ မဟုတ်ရင် အဲဒီ့ လွတ်လပ်ခွင့်ရဲ့ အလွဲသုံးစားလုပ်ခြင်း ခံရမှာပဲ၊ နောက်ဆုံး လွတ်လပ်ခွင့်တောင် ပြန်ဆုံးရှုံးသွားနိုင်တယ်၊”
ဟားဟားဟားဟား နေအောင်အသံထွက်အောင် ရယ်လိုက်သည်၊ ပြီးနောက် ‘ဒါဆို ငါတို့က မယဉ်ကျေးဘူးပေါ့၊ တစ်ခါတစ်လေ အချစ်မှာ ယဉ်ကျေးစရာမလိုဘူး၊ ဘာကြောင့်လဲဆိုတော့ အချစ်ဟာ တားဆီးလို့မရဘူး၊ တကယ်ချစ်လာပြီဆိုရင် အရှိန်တက်လာတဲ့တစ်နေ့ အခြေအနေတစ်ခုမှာ အချစ်ကအရာရာကို လွှမ်းမိုးသွားမယ်၊ အဲဒီအခါကြ မင်းအချစ်ကို လုံးဝကြီး လွတ်လပ်ခွင့် ပေးလိုက်ရလိမ့်မယ်၊ မင်းတို့မကြုံဖူးသေးလို့ပါ’၊
မြတ်စိုးက ‘မင်းက ကြုံဘူးတာပေါ့ ဟုတ်လား၊’ မေးခွန်းပြန်ထုတ်လိုက်သည်၊
နေအောင်က ‘ဒါတွေဟာ ငါတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာလေ၊ ငါတို့က အမြဲစောင့်ကြည့် လေ့လာနေတာ၊’
‘ခုမှပဲ မင်းတို့ဟာ အချစ် စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင်တွေဖြစ်ကြောင်း သိတော့တယ်၊ တကယ့် ရှယ်ပါပဲ၊’ မြတ်စိုးက ပြောလိုက်သည်၊
ကျနော်က “ထားလိုက်ပါတော့ မင်းတို့အမြင်နဲ့ ငါတို့အမြင် ကွဲလွဲခွင့်ရှိမှာပေါ့၊ မင်းအမြင်ကို လက်ခံတဲ့ သူတွေလဲ ရှိမှာပဲ၊ ငါ့အမြင်ကို လက်ခံတဲ့ သူတွေလဲ ရှိမှာပဲ၊ ဒါ လွတ်လပ်မှုပဲ၊ ပွင့်လင်းတဲ့ လူအဖွဲ့အစည်းမှာ အမြင်တွေ ကွဲလွဲခွင့်ကို လက်မခံဘူးဆိုရင် မယဉ်ကျေးတဲ့ သူတွေဖြစ်သွားမယ် မဟုတ်လား၊ မင်းနဲ့စကားပြောရတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်၊ ဒါပေမဲ့ ပြန်လိုက်ဦးမယ်”၊
နေအောင်က ‘ကျေးဇူးလဲတင်ပါတယ် ကိုယ်နဲ့ အမြင်မတူတဲ့သူ တစ်ယောက်ကို မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ၊ ကက်ကက်လန် ရန်မတွေ့၊ ယုတ်မာညစ်ညမ်းတဲ့စကားတွေ မသုံးခဲ့တာ မင်းကို လေးစားပါတယ်၊’
မြတ်စိုးက ‘respectfully civilly fair game ဖြစ်ရမှာပေါ့၊ သွားမယ်ကွာ၊’
နေအောင်တစ်ယောက် အိုကေ ဘိုင်ဘိုင် ဆိုပြီး ကျန်ရစ်ခဲ့သည်၊
ထိုနေ့က ကျနော့်အတွက် တရားဝင် အချစ်စိန်ခေါ်မှုကြီး စတင်ခဲ့တော့သည်။
စိန်ခေါ်မှုတွေနှင့် ချစ်သူကို ချစ်နေရစဉ်မှာပဲ၊ ကျနော်တို့ နှစ်ယောက်ကြားကို နောက်တစ်ယောက် ဝင်ရောက်လာပြန်သည်၊ ဒီတစ်ခါတော့ မိန်းကလေးတစ်ဦးဖြစ်သည်၊ ကျနော်နဲ့ မေဂျာတူသည်၊ ပွင့်ဖြူငယ် ဆိုသော ကောင်မလေး တစ်ယောက်ဖြစ်သည်၊ တကယ်တော့ အဲဒီကောင်မလေးနှင့် တွေ့ဆုံဘို့ နှင်းအေးက ဖန်တီးလာခဲ့ခြင်းဖြစ်သည်၊ ပွင့်ဖြူသည် အဆောင်နေကျောင်းသူ တစ်ယောက်ဖြစ်သည်၊ ကျနော်တို့မြို့နားက မြို့ကလေး တစ်ခုမှဖြစ်သည်၊ မိုးဟေကို လိုပင် ကိုယ်လုံးကိုယ်ပေါက်လှသည်၊ ယောက်ျားတွေအတွက် နှစ်ခါမက ပြန်ကြည့်ခံရသည့် မိန်းကလေးတစ်ဦးဖြစ်သည်၊ စကားပြောလျှင် ပွင့်ဖြူက ပွင့်ဖြူက ဆိုပြီးပြောတတ်သဖြင့်၊ ကျနော်တို့က မကွေးတိုင်းလို့ နာမည်ပြောင်လေး ပေးထားခဲ့သည်၊ ပွင့်ဖြူသည် ကျနော်ဘဝကို တစ်စုံတစ်ခု ဖြစ်စေသည့် မိန်းကလေးတစ်ဦး ဖြစ်လာမည်ကို ထိုအချိန်က ကျနော် မသိရှိခဲ့ပါ။
……………………………………
ဆက်ပါဦးမည်။
18 comments:
ခေတ်ပြိုင် အချစ်ဇာတ်လမ်းလေး ဖတ်သွားပါတယ်၊ အဆက်ဆိုတော့ စောင့်ရပါဦးမယ်
ကိုဆိုဆီကတော့ ထုံးစံအတိုင်းကောင်းခန်းမှာ ရပ်ထားလိုက်ပြန်ပြီပေါ့....နောက်ဆက်တွဲကို မျှော်နေပါ့မယ်....
ကိုဆိုဆီက ပွင့်လင်းတဲ့ လူအဖွဲ့အစီးကို သုံးပြီနော်၊
အချစ်ပြိုင်တာလေးကြည့်ရတာပေါ့
'ယဉ်ကျေးတဲ့ လူတွေရဲ့ အသိုင်းအဝိုင်းမှာတော့ လွတ်လပ်ခွင့်ဟာ စည်းတွေဘောင်တွေနဲ့ထားတယ'်
'ပွင့်လင်းတဲ့ လူအဖွဲ့အစည်းမှာ အမြင်တွေ ကွဲလွဲခွင့်ကို လက်မခံဘူးဆိုရင် မယဉ်ကျေးတဲ့ သူတွေဖြစ်သွားမယ်'
"မကြိုက်ဖူး၊
တစ်ခါတစ်လေ ကိုယ်တုံးလုံးနေချင်လို့
း) D
ကိုဆိုဆီ ရေ
မျှော်လင့်နေပါတယ် အဆက်ကလေး အထုံးကလေး
ခင်မင်လျှက်
့Happy Ending မဟုတ်တာတော့ စကတည်းက သိသွားပြီ.. :( စိတ်ဝင်စားစရာတော့ ကောင်းတယ်..
မင်္ဂလာပါ တည်ငြိမ်အေး ရေ---
အချစ်ဇတ်လမ်းကိုလွမ်းနေရက်နဲ့ ဖတ်သွားတယ်---
ဖတ်ပြီးတော့လည်းလွမ်းကျန်နေရစ်ရောဗျာ-
အဆက်ဆိုတော့လည်းစောင့်ရတော့မှာပေါ့---
တစ်ခါတလေစကားပြောချင်တယ်-
ကျနော့်ကဗျာကလေးထဲကလို -
ဂျစ်တူး(မုံရွာ)
ဇာတ်သိမ်းခန်းလေးကိုပျော်ရွှင်မှုလေးတွေနဲ့
အဆုံးသတ်တာနှစ်သက်တယ်မောင်ဆိုဆီရေး)
ဒါပေမယ့်... ဘယ်လိုဖြစ်ဖြစ်အဆက်လေးကို
မျှော်လင့်စောင့်စားနေပါတယ်ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ဖတ်လို့ကောင်းတယ်ဗျာ၊ ဖေဘွတ်ပေါ်တာင် သွားရှာကြည့်သေးတယ်၊ ကိုစိုစီ ဖိုင်ထဲ ဓါတ်ပုံတွေများ ရှိမလားလို့ ...း)
ဟော.. နောက်ဆုံးကျတော့ ချောမွေ့နေတဲ့ ဇာတ်လမ်းထဲကို နောက်ထပ်ဇာတ်ကောင်တစ်ကောင် ပေါ်လာပြန်ပြီ
ရှုပ်တော့မယ်ထင်ပါရဲ့...
ဘာဘဲဖြစ်ဖြစ် ဖတ်လို့ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတယ်
ဆက်ရန်ကိုမျှော်ဦးမှာပေါ့
အချစ်ဝထ္ထုတွေ အပြင်မှာ မဖတ်ဖြစ်တော့ပေမယ့် ကိုဆိုဆီရေးတော့လည်း ဖတ်လို့ကောင်းတာပါပဲလေ...ဒီတော့လည်း နောက်ဆက်တွဲမျှော်ရပေဦးတော့မပေါ့...
မိုးကိုကိုရယ်၊ နှင်းနှင်းအေးအောင်ရယ်၊ နေ၀င်းထက်ယံရယ်။ ပွင့်ဖြူငယ်ရယ်....
ဘာတွေဆက်ဖြစ်မလဲ....စိတ်ဝင်စားတယ်။
စောင့်ဖတ်နေပါတယ် ကိုဆိုဆီး)))
နောက်ဆက်တွဲ မျှော်နေပါတယ်။ ဇာတ်လမ်းလေးအရမ်းကောင်းပါတယ်။
မင်္ဂလာပါကိုဆိုဆီရေ
လေးပွင့်ဆိုင်ဇတ်လမ်းအဆက်ဆက်ဖတ်ဖို့စောင့်
နေပါတယ်၊ဇတ်ပေါင်းခန်းမှာတော့ချစ်သူနှစ်ယောက်
မကွဲစေချင်ပါဘူး။
ဆက်ရန်လေးကို မျှော်နေပါသည် ကိုဆိုဆီရေ..
ဖတ်လို့ကောင်းတယ်ဗျို့
ငွေလမင်း
ခွဲရတဲ့အချိန်ဆိုရင် ပိုပြီးချစ်တာတွေသိလာတယ် တကယ်ပဲရှင်
ဦးထီးဆိုင်သီချင်းလေးကိုလဲသတိရလို့နားထောင်ချင်မိပြီ
ကောင်းခန်းမှာ မီးပျက်သွားပါကြောင်း
"ယဉ်ကျေးတဲ့ လူတွေရဲ့ အသိုင်းအဝိုင်းမှာတော့ လွတ်လပ်ခွင့်ဟာ စည်းတွေဘောင်တွေနဲ့ထားတယ် ဒါလွတ်လပ်ခွင့်ကို တန်ဘိုးထားတာ၊ အဲလိုမှ မဟုတ်ရင် အဲဒီ့ လွတ်လပ်ခွင့်ရဲ့ အလွဲသုံးစားလုပ်ခြင်း ခံရမှာပဲ၊"
ဒီစကားတော့ အရမ်းကြိုက်တယ်... ဒီလို ၀တ္တုလေးတွေနဲ့အတူ ခုလို စကားလုံးလေးတွေ အတွေးလေးတွေထည့်ပေးထားတာ ကောင်းတယ်...
ဇာတ်လမ်းတည်ဆောက်ပုံလဲ တော်တော် ချောမွေ့တယ်... ကိုယ်တွေ့မှတ်တမ်းကျနေတာပဲ... :P အဟိ..
Post a Comment