Friday, December 2, 2011

ခွေးလို ဝက်လို လူတွေ


လူနှင့်စိတ်နဲ့ မကပ်ဘူး စိတ်နဲ့လူနှင့် မကပ်ဘူး
ပြောဘူးကြ ဖြစ်ဘူးကြပါလိမ့်မည်၊
တစ်ခါတစ်လေ စိတ်သွားတိုင်း ကိုယ်မပါဖူးကွာ ဆိုပြီး ညည်းကောင်းညည်းမိ ကြပါလိမ့်မည်၊
ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ လုပ်ချင်တာတွေ မလုပ်နိုင် မပြီးနိုင်တဲ့အခါများမှာ သုံးမိလေ့ရှိသည်၊
မည်သို့သော အဓိပ္ပါယ်ဖြင့် ဘယ်နေရာတွင် သုံးရမည်ကိုတော့ မြန်မာစာဆရာများကို သွားမေးလျှင် ဖြေနိုင်လိမ့်မည်ဟု ထင်ပါသည်၊
စိတ်နှင့် လူနဲ့ကပ်ဖို့၊ စိတ်သွားတိုင်း ကိုယ်ပါဖို့ကတော့ စိတ်က အရေးကြီးသည်၊
စိတ် ကြီးစိုးသွားသည့်အခါ အသိမလိုက်ပါနိုင်ပဲ သတိလက်လွတ်က အလွဲလွဲ အချော်ချော် ဖြစ်ကုန်သည်ဟု ထင်မြင်ယူဆမိပါသည်။

…………………………………………………………………………..

မနက်ဖြန်တွင် အထိမ်းအမှတ် တစ်ခုအတွက် အာရုံဆွမ်း ဆရာတော် တစ်ပါးကို ကပ်လှူမည်ဟု စီစဉ်ထားပြီး ဖြစ်သည်၊ ထိုသို့အလှူအတန်း ကုသိုလ်ရေးကို လုပ်လေ့လုပ်ထ မရှိသူ တစ်ယောက်ဖြစ်သည့်အတွက် အကဲပိုသည်ဟု ပြောရပါလိမ့်မည်၊ နေရာတကာ အစီအစဉ်ဆွဲ လုပ်လေ့ရှိသောကြောင့်လည်း ဘာပြီးရင်ဘာလုပ်၊ ဘယ်အချိန်မှာဘာ ဘယ်နေရာမှာ ဘာလုပ် ဆိုပြီး ကိုယ်ရဲ့စိတ်ကို ကိုယ်ကိုတိုင် ဒုက္ခပေးထားတတ်သည်။

အိမ်တွင်လူရေကြည့်မှ သုံးယောက်ထဲရှိသည်၊ အစီအစဉ်ဆွဲသူကလည်းကိုယ် အများဆုံး နောက်ကလိုက် လုပ်သူ (follow up) ကလည်းကိုယ် ကျန်နှစ်ယောက်ကတော့ အရံပရိသတ်လို့ပဲ သဘောထား လိုက်ပါစို့၊ု တကယ်တော့ ဘုန်ကြီးတစ်ပါးကို အိမ်ပင့်ပြီး အိမ်သားသုံးဦက အာရုံဆွမ်းကပ် ကုသိုယ်ယူတဲ့ပွဲကလေးပါပဲ၊ များများစားစား လုပ်ရတာ မဟုတ်လို့ အာရုံဆွမ်းကို ရွေးပြီးကပ်ခြင်း ဖြစ်သည်၊
ထူးထူးခြားခြားလေးတော့ လုပ်ပါဦးဆိုသော တစ်ယောက်သောသူရဲ့ ဆန္ဒအရ ထူးခြားအောင်လည်း စီစဉ်ရသည်၊ ဂျပန်ခေါက်ဆွဲကြော်၊ ကြက်ဟင်းချို၊ ကြက်သွန်ချဉ်၊ မုန့်မျိုးစုံ၊ ကော်ဖီ၊ အသီးမျိုးစုံဖြင့် အာရုံဆွမ်း ဘုန်းကြီးအတွက် လုံလောက်ပြီထင်သည်၊ တစ်ယောက်သောသူက ရန်ကုန်က ဘီးမုန့်(ဘိန်းမုန့်)ကို ကပ်ချင်သည်ဟု ဆိုလာသည်၊ ရန်ကုန်က သူကြိုက်သော နာမည်ကြော် ဘီးမုန့်ကို အကောင်းအတိုင်း အာရုံဆွမ်းကပ် အမှီရောက်အောင် ဘယ်လိုလုပ်မလဲ စီစဉ်ရတော့သည်၊ ပီတိကုသိုလ်ကို ဖြစ်စေချင်တဲ့ သဘောပါ၊ ကြွလာမဲ့ ဆရာတော် ဘုန်းဘုန်းကလည်း မြန်မာအစားအစာတွေကို အများအားဖြင့် ဘုန်းပေလေ့ရှိသည်ဟု သိထားသည်၊ ဒီလိုနဲ့ ရန်ကုန်ကနေ စင်္ကာပူကို အချိန်မှီ အကောင်းအတိုင်း ဘီးမုန့်ရောက်အောင် စီစဉ်ရတော့သည်။

ရန်ကုန်ကလည်း မဖြစ်ဖြစ်အောင် စီစဉ်ပေးကြသည်၊ အကောင်းဆုံး လူကြုံနဲ့ အချိန်ကိုက်ခါ သေချာထုပ်ပိုး ထည့်ပေးလိုက်သည်၊ အချိန်မှီသွားယူကာ ရေခဲသေတ္တာထဲထည့် ပြီးရင် မနက်ကြလျှင် ဘယ်လိုနွေးရန် စီစဉ်ထားသည်၊ အဲဒီအတိုင်းလိုက်နာလျှင် ဘီးမုန့်ပူပူနွေးနွေးကို အရသာမပျက် ကပ်နိုင်မည်ဆိုသည်။

လူကြုံက ၃နာရီလေယာဉ်ပျံနဲ့လာ၍ သူအိမ်ကို ၃နာရီ ၄၅မိနစ်လောက်ရောက်မည်၊ ၄နာရီလောက် လူကြုံ၏အိမ်တွင် သွားယူရန် စီစဉ်ထားသည်၊ ထိုစီစဉ်ထားသည့်အတိုင်း ဒီနေ့ရုံးက ၃နာရီခွဲလောက်မှာ စောထွက်ရလိမ့်မည်။

ရုံးတွင် မနက်ပိုင်းထိ အဆင်ပြေနေရာမှ မွန်းလွဲ၂နာရီခွဲတွင် အရေးပေါ် အစည်းအဝေးတစ်ခု ပေါ်လာသည်၊ နာရီဝက်ပဲကြာမည်ဟု MDကပြောသည်၊ ဒါပေမဲ့ အစည်းအဝေးက Customer စက်ရုံမှာ လုပ်မည်ဖြစ်သည်၊ စက်ရုံက စင်္ကာပူ၏ အနောက်ဘက်အစွန် Tuas ဧရိယာတွင်ဖြစ်သည်၊ ‘ငါအစည်းအဝေးပြီးတာနဲ့ အပြင်သွားတော့မယ်ဆိုတော့’ MDကလည်းခွင့်ပြုသည်၊ ဒီလိုနဲ့ ကျနော်နှင့်MDတို့ Customer စက်ရုံကို မွန်းလွဲ၂နာရီ မခွဲခင်တွင် ရောက်သွားသည်၊ အစည်းအဝေးကို မွန်းလွဲ၂နာရီ ခွဲတိတိတွင် စဖြစ်သည်၊ ချိန်ထားသည့်အတိုင်း နာရီဝက်အတွင်း ပြီးသွားသည်၊ ဒါပေမဲ့ သူတို့ဘက်က လက်မှတ်ထိုးမည့် Technical Director အစည်းအဝေးထဲတွင်မပါ၊ အရေးကြီးကိစ္စတစ်ခုကြောင့် အနည်းငယ်နောက်ကြမည်ဆို၏၊ အစည်းအဝေးအပြီး ၃နာရီကျော်ကျော်လောက် ဒီငနဲရောက်လာသည်၊ အဖြူကောင် အမေရိကန်ဖြစ်သည်၊ သူ့လူတွေက သူ့ကိုပြန်ရှင်းပြနေသည်၊ သူကလည်း ကျနော်တို့ကို ပြန်မေးနဲ့ နောက်ထပ် အစည်းအဝေးတစ်ခုလို ဖြစ်သွားသည်၊ စိတ်ထဲမှာ ဒီငနဲကို နည်းနည်း တင်းသွားခဲ့သည်၊ ဒီလိုနဲ့ ၄နာရီထိုးတော့မည်၊ အစည်းအဝေးထဲမှာပင် လူကြုံယူလာသည့်သူထံသို့ SMS ခိုးပို့လိုက်သည်၊ ၄နာရီမရောက်နိုင်တော့ ၆နာရီမှ လာယူမည် ရေခဲသေတ္တာထဲ ထည့်ထားပေးရန် အကူအညီတောင်းလိုက်သည်။

တကယ်တော့ အစည်းအဝေးကို ကျနော်စိတ်မဝင်စားတော့၊ ရှင်းပြရတာ အပ်ကြောင်းထပ်နေပြီ၊ ၄နာရီခွဲတွင် ဒီငနဲ လက်မှတ်ထိုးလိုက်သည်၊ MDကလည်း သူလိုချင်တာရသွား၍ ကျေနပ်သွားသည့်ပုံစံ ဖြစ်နေပြီ ဖြစ်သည်၊ ဒီငနဲက မဆီမဆိုင် နိုင်ငံရေးသမားတွေကြောင့် အမေရိကန်၏ စီးပွားရေ အကျပ်အတည်းနှင့် ဥရောပအကြွေးတွေအကြောင်း ဆရာကြီးပုံစံနဲ့ ဆက်ပြောနေသည်၊ Customer First ဦးစားပေးရမည် ဆိုသောကြောင့် သည်းခံနားထောင် နေလိုက်သည်၊ ၅နာရီ မထိုးခင်လေး သူ့အပြောတွေရပ်ကာ အစည်းအဝေး ပြီးသွားခဲ့သည်၊ အားလုံးလက်ဆွဲ နူတ်ဆက်ချိန်မှာတော့ မျက်နှာက သူ့ကိုပြုံးပြနေသော်လည်း စိတ်ထဲက ‘ငါ--- မသားကြီး’ မင်းကြောင့် ငါအစီအစဉ်တွေ လွဲကုန်တော့မယ်လို့ ကြိတ်ပြော နေမိခဲ့သည်။

လူကြုံဆီကို ၅နာရီခွဲရောက်မည်ဟု ဖုန်းဆက်လိုက်သည်၊ ‘ဟုတ်ကဲ့ ဟုတ်ကဲ့ လာခဲ့ပါ၊ ရေခဲသေတ္တာထဲက ထုတ်ပြီးအဆင့်သင့် လုပ်ထားပေးမည် ဟုဆိုသည်၊ လူကြုံအိမ်က Clementi Town တွင်ရှိသည်ဆိုတော့ Tuas ကနေ နာရီဝက်လောက်မောင်းလျှင် အေးအေးဆေးဆေး ရောက်သည်၊ MDကို နူတ်ဆက်ပြီး အမြန်မောင်းထွက် လာလိုက်သည်၊ AYE အဝေးပြေး လမ်းမကြီးအတိုင်းသွားရမည် မဟုတ်ပါလား။

AYE အဝေးပြေး လမ်းမကြီးအတိုင်း ၁၀မိနစ်ခန့်မောင်းပြီးသောအခါ ကားတွေရုတ်တရက် အရှိန်နှေးသွားလေသည်၊ Jurong Town hall အထွက်တွင် jump ဖြစ်လို့နေပြီ၊ ဘာတွေဖြစ်နေတာလဲလို့ စိတ်ထဲကရေရွတ်ရင်း ဒီအချိန်ဖြစ်တတ်တာပဲလို့ မှတ်ချက်ချရင်း တဖြေးဖြေးချင်း ယာဉ်ကြော အတိုင်းလိုက်လာခဲ့သည်၊ ရှေ့လမ်းခွဲနှစ်ခုပြီးလျှင် ကိုယ်သွားရမည့် လမ်းထဲရောက်မည် မဟုတ်လား၊ မှီနိုင်ပါတယ်လို့ တွေးလိုက်မိပြန်သည်၊ စိတ်မရှည်စရာ တစ်ခုကဖြစ်လာသည် ရှေ့ကကားက သူ့ရှေ့ကကားနဲ့ ခွာကာမောင်းနေသည်၊ ကားတစ်စီးစာ မကပေ၊ ဒီအတွက် သူ့ရှေ့က တစ်ဘက်လမ်း ယာဉ်ကြောက ကားများ တစ်စီးပြီးတစ်စီး ဖြတ်ဝင်သွားကြသည်၊ ဒီလိုနဲ့ဆိုရင်တော့ လိုသည်ထက် ပိုကြာလိမ့်မည်၊ ဒီမှာကဟွန်းတီးလေ့မရှိ စိတ်ထဲဒေါသတွေ ထွက်လာသည်၊ ‘ခွေးလိုဝက်လို မောင်းနေတာလားကွ’ ကိုယ်ကားထဲမှာပင် မြန်မာလို အော်ပစ်လိုက်သည်၊ သူလည်းကြားနိုင်မည် မဟုတ်ပါ၊ သူ့ကားနားကပ်ပြီး အင်ဂျင်သံကိုဗွမ်းဗွမ်း လုပ်ပေးလိုက်သည်၊ ဒီတော့မှ ရှေ့ကိုနည်းနည်းကပ် သွားသည်၊ သူနောက်လိုက်နေလို့တော့မဖြစ် ကိုယ်လဲပဲ ရှေ့မှာထွက်ရတော့မည်မို့ အလယ် ယာဉ်ကြော လမ်းကို ချိန်းဖို့ဆုံးဖြတ်လိုက်သည်၊ လမ်းချိန်းရန် ဆင်ဂနယ်မီးပြလိုက်သည်၊ ရှင်းနေ၍ လမ်းချိန်းမည်အလုပ် ယာဉ်ကြောက လာနေသည်ကားက ဖြည်းဖြည်းမောင်းနေရာမှ သူ့လမ်းကြောင်းထဲ ကိုယ်ဝင်မည်သိ၍ အရှိန်တင်လိုက်သည်၊ ကိုယ်ဝင်လို့မရအောင် လုပ်လိုက်ခြင်းဖြစ်သည်၊ ဒီလိုနဲ့မချိန်းဖြစ်တော့ စလုံးကားမောင်းသမားတွေရဲ့ အောက်ကျတဲ့အကျင့် တစ်ခုပင်ဖြစ်သည် ကြုံနေကြပါ၊
‘Fxxxx’ ‘ငါ--- မသား’လို့ အင်္ဂလိပ်လိုရော မြန်မာလိုပါ ဆဲလိုက်မိသည်၊ သူလည်းကြားနိုင်မည် မဟုတ်ပါ၊ ထိုသူကတော့ ခပ်တည်တည်ပင် ဖြည်းဖြည်းခြင်း ဆက်မောင်းနေသည်၊ ထိုအချိန်တွင် ရှေ့ကကားက ကိုယ်တို့ထားသဖြင့် အမြန်မောင်းလာသည်၊ ဆက်လိုက်ရင်း အခြေအနေ ပေးလာ၍ ရုတ်ချည်း လမ်းချိန်းလိုက်သည်၊ ဒီတစ်ခါတော့ ဆင်ဂနယ်မီးမပြတော့၊ ဆင်ဂနယ်မီးပြနေလျှင် လမ်းမပေးပဲ အလုပ်ခံနေရဦးမည်၊ ခုနက လမ်းမပေးသည့်ကားထက်ကို လေးစီးကျော်လောက် ရောက်သွားခဲ့သည်၊ ဆက်မောင်းရင်း Clementi လမ်းခွဲရောက်လာသဖြင့် ဆင်ဂနယ်မီးပြပြီး ချိုးဝင်လိုက်သည်၊ အဲဒီအချိန်မှာပင် ဆိုင်ကယ်တစ်စီးက ဖြတ်ပြီးရှေ့ကဝင်သွားသည် ဘရိတ်အမြန် အုပ်လိုက်ရသည်၊ ‘ခွေးမသားတွေ သေတာလည်း ဒီကောင်တွေပဲ’ ‘သေချင်လို့လား’လို့ မလေးလိုရော မြန်မာလိုပါ ကျိန်ဆဲလိုက်မိသည်၊ စင်္ကာပူတွင် လမ်းပေါ်တွင် အသေဆုံးက ဆိုင်ကယ်သမားများ အများစုပင် ဖြစ်သည်။

Clementi လမ်းတွေက ဒီအချိန်မှာ ရှုပ်သည်၊ Bus တွေ လူတွေ Taxi တွေ ကားတွေနဲ့ ပြည့်နေသည်၊ အချိန်က ၅ မိနစ်ပဲကျန်တော့၍ အမြန်မောင်းလာမိသည်၊ မီးပွိုင့်နီနေ၍ ရပ်ရန်အရှိန်လျှော့လိုက်သည်၊ Taxi တစ်စီးရှေ့ကဖြတ်ဝင်လာသည်၊ ဘရိတ်အုပ်လိုက်ရပြန်သည်၊ Taxi က လမ်းကြောနောက်တစ်လမ်းတောင် ချိန်းလိုက်သေးသည်၊ နောက်လမ်းကြောက ကားက ဒီတစ်ခါတော့ ဟွန်းတီးသည်၊ Taxi ကတော့ မီးပွိုင့်ရှေ့တွင်ရပ်သွားသည်၊ Taxi driver က သူဘာမှမလုပ်သည့်ပုံစံ၊ တော်တော်လည်းတတ်နိုင်သည့်လူတွေ၊ ဒီနေ့တစ်နေ့လုံး ခွေးလို ဝက်လို လူတွေနဲ့ တွေ့နေရပါလား လို့ မှတ်ချက်ချလိုက်မိသည်။

မီးပွိုင့်စိမ်းတော့ မလိုလိုမှာ လူတစ်ယောက် အတင်းဖြတ်ပြေးသည်၊ ခုန Taxi က ဝူး ဆိုလုပ်လိုက်သံကြားရသည်၊ လမ်းဖြတ်ပြေးသူကို ခြောက်လိုက်ခြင်းဖြစ်သည်၊ ကြည့်လိုက်တော့ လမ်းဖြတ်ပြေးသူသည် ရွှေမြန်မာတစ်ယောက်ဖြစ်ဖို့များသည် သေချာပြီ ကတ္တီပါဖိနပ်နဲ့ ‘စည်းမရှိကမ်းမရှိမြန်မာတွေ’ လို့အသံထွက်ပြောလိုက်မိသည်၊ သူမကြားနိုင်ပါ၊ ဒီလောက်နဲ့ မကျေနပ်သေးပဲ မှန်တံခါးကိုဖွင့်ကာ ကြားအောင် “သေချင်လို့လားကွ” လို့ မြန်မာလိုအော်ပစ်လိုက်သည်၊
မီးစိမ်းသွား၍ လူကြုံတိုက်တွေရဲ့ ကားရပ်သည့်နေရာ car parkသို့ မောင်းလာခဲ့သည်၊ ခုန အော်လိုက်ရသဖြင့် ရင်ထဲကဒေါသတွေ အစိုင်အခဲတွေ လျှော့သွားသည်ဟု ထင်လိုက်မိသည်။

လူကြုံအိမ်ကို ရောက်သောအခါ ကျနော့်ကိုစောင့်နေကြသည်ကို တွေ့ရသည်၊ လူကြုံယူလာသော ဦးလေးကြီးကို တွေ့ရသောအခါ ကျနော်သည် အမျိုးအမည်မသိသော ခံစားမှုကို ခံစားလိုက်ရသည်၊ ရှက်ခြင်းလား ဝမ်းနည်းခြင်းလား စိတ်မကောင်းဖြစ်ခြင်းလား မသိပါ၊ အပြစ်ရှိသူတစ်ယောက်လိုပါပဲ၊
‘လေယာဉ်ပျံစီးလာပြီး ခေါင်းနောက်လာတာ အောက်ဆင်းပြီး သူဟာသူ ဆေးသွားဝယ်တာ၊ မင်းလာလျှင် မှီရအောင်ဆိုပြီး အမြန်ပြန်လာတာ၊ လမ်းမှာ မီးပွိုင့်မစိမ်းခင် အတင်းဖြတ်ပြေးတာ ကားတိုက်ခံရတော့မလို့ မြန်မာလိုတောင် အအော်ခံလိုက်ရသေးတယ်တဲ့၊ မင်းဦးလေးကတော့လေ၊’ ဦးလေးကြီး၏ ဇနီးသည်ကပြောသည်၊
“အေးကွာ မင်းကိုငယ်ငယ်ကပဲ မြင်ဖူးတာ၊ မင်းအဖေက ကျေးဇူးရှိတယ်လေ၊ မင်းအလှူအတွက်ဆိုတော့ မင်းအဖေ မှာတဲ့အတိုင်း သေချာလုပ်ရတာ လွဲချော်မှာ မဖြစ်စေချင်လို့ပါ၊ မင်းကိုတွေ့ပြီး သေချာပြောချင်လို့၊ ဦးလေးတို့လည်း ကုသိုလ်ရတယ်လေ”
‘ရော့ ဒီမှာသေချာထည့်၊ အိမ်ရောက်တာနဲ့ ဘူးပြောင်း ရေခဲသေတ္တာထဲထည့်၊’ ဦးလေးကြီးက ဆက်ပြောရှင်းပြနေသည်၊
ကျနော် ဘာမှ ပြန်မပြောနိုင်ခဲ့ပါ၊ အစီအစဉ်ထဲတွင် မပါသော ဦးလေးတို့ မိသားစုကို မနက်အလှူအတွက်ဖိတ်ရင်း အိမ်အပြန် ကားကို ဖြည်းဖြည်းပဲ မောင်းလာခဲ့မိသည်။

မနက် အာရုံဆွမ်းကပ် အားလုံးအဆင်ပြေပါသည်၊ ဆရာတော်ဘုရားလည်း ဘီးမုန့်ကို ဘုန်းပေးပါသည်၊ ဦးလေးကြီးတို့ မိသားစုလည်း လာပါသည်၊
ထိုနေ့မနက်က ဆရာတော်ဘုရား ပေးသော တရားထဲတွင် အလှူတွင် စိတ်ကအရေးကြီးသည်၊
လှူတတ်မှ ကုသိုလ်ရသည် မလှူတတ်လျှင် အကုသိုလ်ဖြစ်သည်တဲ့၊
နောက်ပြီး ဆရာတော်ကြီးက ပဋ္ဌာန်း တရားတော်ထဲက ကမ္မပစ္စည်း အကြောင်းအနည်းငယ် ဟောသွားသည်၊
ဒီထက်မက ကုသိုလ် လုပ်နေစဉ် ကုသိုလ် လုပ်ဖို့အတွက် အကုသိုလ်တွေ ဖြစ်ပေါ်တတ်သည်တဲ့၊
ကောင်းမှုပြုနေစဉ်မှာပင် မကောင်းမှုတွေပြုလုပ်နိုင်သည်၊
အကုသိုလ် တွေလုပ်မိရာမှ သတိ အသိ စိတ်လေးဖြင့် ကုသိုလ်တွေလုပ်မိလာတတ်သည်တဲ့၊
အဓိကကတော့ စိတ်ပင်ဖြစ်သည်၊
ဘုန်းကြီးကိုဆွမ်းကပ်ခြင်း လူတွေကိုကျွေးမွေးခြင်းသည် ကောင်းသောအလှူဖြစ်သည်၊ ကုသိုလ်ပြုလုပ်မှုပင်ဖြစ်သည်၊
သို့သော် ထိုအလှူဖြစ်မြောက်ရေးအတွက် ငါဖြစ်ချင်သလို မဖြစ်ရကောင်းလားဆိုသောစိတ်နဲ့ ဒေါသ မောဟ လောဘစိတ်များဝင်ကာ အကုသိုလ်တွေ အများကြီး ကျနော်ပြုလုပ်ခဲ့မိသည်၊
အကုသိုလ်တွေ ပြုလုပ်မိသည်ကို သတိဝင်လာသောအခါ အသိစိတ်လေးဖြင့် ဦးလေးကြီးတို့ မိသားစုလေးကို အလှူဖိတ်ခဲ့မိသည်၊ ထိုအတွက် ကုသိုလ်ကောင်းမှု ပြန်လုပ်နိုင်ခဲ့ပြန်သည်။

ဆရာတော်ကြီးက ကျနော်ကို ရည်ညွှန်းပြီး ဟောနေသလို ခံစားလိုက်ရသည်။

ဖြစ်ချင်သလို မဖြစ်သော စိတ်အတွက် လူတွေကို ခွေးလို ဝက်လို လူတွေ ဆိုပြီး အရေမရအဖတ်မရ ဆဲဆိုကျိန်ဆဲ ခဲ့သေးသည်၊ တကယ်တော့ အဲဒီ့အချိန်မှာ ကိုယ်တိုင်လည်း ခွေးလိုဝက်လို အသိတရားကင်းမဲ့ နေမိသည်ကို ခုမှ ဆင်ခြင်မိတော့သည်။

ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ဖြစ်ခဲ့သော အဖြစ်ကို ပြန်လည်သုံးသပ်ရင်း စိတ် သတိ အသိ ကို ထိမ်းနိုင်ဖို့ ကိုယ်အတွက် အများကြီးလိုသေးကြောင်း သိလိုက်ရသည်။

စိတ် သတိ အသိ ကိုမထိမ်းနိုင်သေးသမျှ
ကောင်းသောအပြုကို မိမိပြုလုပ်နေသည် ထင်သော်လည်း မကောင်းမှုတွေ တွဲပါလာတတ်သည်၊
မကောင်းမှုတွေ ပြုလုပ်နေသူလည်း စိတ် သတိ အသိ တွေကြောင့် ကောင်းမှုတွေ ပြုလုပ်တတ်ကြသည်၊
သေတဲ့အထိ အရေးကြီးသည်က ဒီစိတ်ပင်ဖြစ်ပါသည်။


စိတ် သတိ အသိ ကိုထိမ်းရင်း အကောင်းမြင်လျှက် ကောင်းမှုတွေ အများဆုံး ပြုလုပ်နိုင်ကြပါစေ။

23 comments:

Anonymous said...

အရေမရအဖတ်မရ ခွေးလို ဝက်လို လူတွေ က တော်တော်များသား စိတ် စိတ် စိတ်
Min Min

Anonymous said...

ဘာများလဲလို့ စိတ်

အင်ကြင်းသန့် said...

အင်း....ကိုယ့်ကိုကိုယ်လည်း ပြန်ဆန်းစစ်ကြည့်ဦးမှပဲ....တစ်နေ့တစ်နေ့
လူစိတ်ပျောက်ပြီး ခွေးလိုဝက်လိုစိတ်က ဘယ်နှခါဖြစ်နေသလဲလို့....

ခရစ္စတလ် said...

ပေါ်လာတဲ့စိတ်တွေ သိပြီး ရပ်လိုက်နိုင်တာ အတော်ကောင်းနေပြီ ဟုတ်ဘူးလား။

မဒမ်ကိုး said...

ဟုတ်ပ အကိုရေ ဒိုးကန်လဲတခါတခါ ခွေးလိုဝက်လိုဖြစ်နေတဲ့လုတွေကိုစိတ်တိုရင်း ကိုယ်ပါ ခွေးလိုဝက်လိုစိတ်ဘယ်နှစ်ခါပေါက်နေလဲ ပြန်ဆန်းစစ်ရဦးမယ်း(

လွင်ပြင်လှိုင်းငယ် said...

အော် စိတ် စိတ် စိတ်
ပို့လေးအတွက် ကျေးဇူးပါ

Anonymous said...

ဖြစ်နေတာကြာပေါ့
ဟီး ဟီး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မသာ အဲလိုဖြစ်ရင်လည်း အရမ်းကို အားနာသွားမိမှာပါ
လူတွေဟာ တစ်ခါတစ်လေမှာ မိမိဖြစ်ချင်တာ မဖြစ်တဲ့အခါ သို့မဟုတ် အလျှင်စလို နိုင်တဲ့အခါ ခုလိုဖြစ်တတ်ပါတယ်.
တွေးကြည့်ရင် အဲဒီဦးလေးကို အားနာစရာ..
ဒေါသထွက်လွယ်သူ၊ စိတ်မြန်မသူတွေ ခုလိုအဖြစ်များတယ်
ကိုယ်တိုင် အပါအဝင်ပါ။
စိတ်ကို အတတ်နိုင်ဆုံး လျှော့ဖို့ ကြိုးစားရဦးမယ်

မြသွေးနီ said...

သတိလေးခွာသွားတာနဲ့ အသိက လွတ်သွားတတ်တယ်။
ကျွန်မလည်း အမြဲသတိထားရတယ်...။
ပြီးသွားရင် ဘာမှလုပ်လို့ မရတော့ဘူးရယ်..။
ကိုယ့်မှာသာ လက်ခံကျန်ခဲ့ရတာ...။

ညိမ်းနိုင် said...

ဖြစ်တတ်ပါ့ဗျား....၊

ကိုဇော် said...

ဟုတ်တယ်ဗျာ။
အသိ ကို သတိလေး ကပ်ပြီးတော့ လုပ်နိုင်မှ။
နို့မို့ဆို လုပ်သမျှက အကုသိုလ်အတွက်ချည်း ဖြစ်ကုန်တော့မှာပါပဲ။
သာဓု သာဓု သာဓု

An Asian Tour Operator said...

ရံဖန်ရံခါ ကိုယ့်ဖာသာ သုံးသပ်ကြည့်ရတာ အဲဒီ လိုမျိုးခံစား မိတယ်။

မိုးယံ said...

တိုက်ဆိုင်လိုက်တာ....ဒီရက်ပိုင်း ပဌာန်းတွေ ပြန်နာ နေတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖတ်မိတယ်....။ အဲဒါလေးတွေ အရမ်းသဘောကျနေတာ.... ကုသိုလ်လုပ်ရင်းအကုသိုလ် ဖြစ်နိုင်တာတွေ...။ သတိ ကပ်ဖို့တွေ.. .တစ်ခုနဲ့ တစ်ခု ဆက်စပ် နေပုံတွေ ကို ဆင်ခြင်မိပါတယ်... ကျေးဇူးလဲ တင်ပါတယ် ကိုဆိုစီ... သာဓု သာဓု သာဓု

flowerpoem said...

ကုသိုလ်ပြုရင်း အကုသိုလ်စိတ်တွေ ခဏခဏ ၀င်မိပါတယ်.... ဒါမျိုးကိုယ်တိုင်လည်း ကြုံတွေ့ဘူးတော့ မနည်း စိတ်ကိုပြန်၂ ထိန်းရတယ် . .

blackroze said...

စိတ်ဆိုတာကြီးတာထိန်းသိမ်းဖို့
အင်မတန်ခက်တာ..

mstint said...

ဖမ်းဆုပ်လို့မရတဲ့ စိတ်စေတသိတ်ဟာ
အပြောင်းအလဲမြန်လွန်းတဲ့အတွက်
အသွင်လည်းကူးပြောင်းလွယ်တယ် ထင်ပါရဲ့ ဆိုစီရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စိတ်၏ဖြေရာ said...

ကျွန်မလည်းကုသိုလ်လုပ်ဖို့ကြိုးစားနေတုံး
အမှတ်မထင်အကုသိုလ်စိတ်တွေခဏခဏ
ဝင်လာတတ်ပါတယ်။သတိထားဆင်ခြင်စရာပါဘဲ။

လမင်းငယ် said...

ပိုစ့်လေးဖတ်ပြီအသိလေးတိုးစေပါတယ်

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်းပေါ့ ...

Angelhlaing(May everybody be happy and healthy! said...

အသိတိုးစေတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ အကို..

Anonymous said...

ကျွှန်မလဲဒေါသကြီးတဲ့သူဖြစ်လို့ဒီပို့စ်ကိုဖတ်ရတာကိုယ့်ကိုကိုယ်ပြန်မြင်ရတဲ့အတိုင်းဘဲ။ပီား မီယာ

Anonymous said...
This comment has been removed by a blog administrator.
TZH1985 said...

အင်း အထူး သံဝေဂရစရာ ပါပဲ...