Wednesday, September 14, 2011

သုညနှင့်ကျနော်


သုညရဘူးသလား


ဂျာနယ်တစ်ခုတွင်ပါလာသော ရန်ကုန်တွင် စာမေးပွဲ၌် သုညရအောင်ဖြေသဖြင့် ကျောင်းထုတ်ခံရသော ကျောင်းသူလေး တစ်ယောက်အကြောင်း ကျနော်တို့တစ်တွေ စကားပြောဖြစ်ကြသည်။

မိတ်ဆွေလည်းဖြစ် ဆရာလည်းဖြစ်သော ကျနော်တို့ဆရာပင် စာမေးပွဲတွင် သုညရဘူးပါသည်၊ ဆရာကတော့ အလယ်တန်း လပတ်စာမေးပွဲ တစ်ခုတွင် သင်္ချာဘာသာ၌ သုညရခဲ့ခြင်းဖြစ်သည်၊ ထိုသင်္ချာဘာသာ၌ သုညရဘူးသောဆရာသည် ရန်ကုန်စက်မှုတက္ကသိုလ်တွင် နည်းပြ ကထိကဖြစ်လာပြီး ယခုအချိန်မှာလည်း စင်္ကာပူတွင် ကထိကအဖြစ်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါသည်။

နောက်ထပ် သုညရဘူးသူ တစ်ယောက်ရှိပါသည်၊ သူကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါသည်။

ဆရာမ နှင့် ကျနော်

မှတ်မှတ်ရရပင် ကျနော်သည်လည်း စာမေးပွဲတွင် သုညရရှိခဲ့ဘူးသည်၊ လေးတန်းတုန်းက တစ်ခုသော အစမ်းစာမေးပွဲတွင် ဖြစ်သည်၊ ထိုအချိန်က လေးတန်းမှာမြို့နယ်စစ်စာမေးပွဲဖြစ်သည်၊ အများသူငှါလို သင်္ချာဘာသာ၌ သုညရရှိခဲ့ခြင်းမဟုတ် သိပ္ပံဘာသာတွင် သုညရရှိခဲ့ခြင်းဖြစ်သည်၊ မှတ်မှတ်ရရဖြစ်ရတဲ့ အကြောင်းကတော့ ဆရာကြီးလို့ခေါ်သော ကျနော်၏ မှုလတန်း ကျောင်းအုပ်ဆရာကြီးကြောင့်ဖြစ်ပါသည်။

လေးတန်းတွင် ကျနော်သည် အနည်းငယ်ဆိုးသော ကျောင်းသားတစ်ယောက်ဟု ဒီအချိန်မှာ သုံးသပ်ကြည့်လျှင် ဆိုနိုင်ပါသည်၊ ထိုအချိန်တုန်းကတော့ ကိုယ့်ကိုကိုယ် ဆိုးတယ်လို့မထင်ခဲ့မိပါ၊ ကလေးမို့လို့လဲ ဖြစ်ပါလိမ့်မည်၊ လေးတန်းတွင် အမေက အပြင်ကျုရှင်ထားသည်၊ သင်ပြီးသောစာတွေ ပြန်သင်ရသဖြင့် အတန်းထဲတွင် စိတ်ဝင်စားမှုလျှော့နည်း လာခြင်းလည်းဖြစ်နိုင်ပါသည်။

ထိုအချိန်က ကျနော့်တွင် စိန်ဝင်သန်း ဟုခေါ်သော သူငယ်ချင်းတစ်ယောက်ရှိပါသည်၊ ကျနော်တို့တစ်တွေက သူ့ကိုစိန်မျောက်မျောက်ဟုခေါ်ပါသည်၊ စိန်မျောက်မျောက်နဲ့ ကျနော်ပေါင်းဖြစ်ရခြင်း အကြောင်းက အတန်းပိုင်ဆရာမကြောင့် ဖြစ်သည်၊ ထိုဆရာမသည် ကျနော်ကို သုညအမှတ်ပေးသော ဆရာမလည်းဖြစ်ပါသည်၊ သုံးတန်းတွင် အဆင့် ၁ မှ ၁၀ အထိရလာသူများ လေးတန်းရောက်သောအခါ ရှေ့ဆုံးခုံများတွင် ထိုင်ကြရသည်မှာ ကျောင်း၏ထုံးစံပင်ဖြစ်သည်၊ ကျောင်းဖွင့်ပြီး တစ်ပတ် နှစ်ပတ်လောက်နေတော့ နောက်တန်းက ကျောင်းသားလေးတစ်ယောက် မျက်စိမှုန်သည်ကို အကြောင်းပြ၍ သူ့အမေက ဆရာမကို သူသားကို ရှေ့ဆုံးတန်းကို ပြောင်းပေးရန် လာပြောပါသည်၊ ဆရာမက ရှေ့ဆုံးတန်းတော့ မဖြစ်နိုင်ကြောင်း ရှေ့ဆုံးတစ်တန်းနှစ်တန်းလောက်ကို သူမေးပေးပါမည်ဟုပြောသည်၊ ပြီးနောက် ဆရာမက ကျောင်းသားတွေဘက်လှည့်၍ နေရာပြောင်းပေးနိုင်သူရှိမရှိ မေးပါသည်၊ ဘယ်သူကမှ မပြောင်းပေးကြပါ၊ အမေကိုပြောရဦးမည်ဟု အဖြေများသာများပါသည်၊ ဆရာမက အတင်းပြောင်းပေးလိုက်ပြန်လျှင်လည်း ဘာဖြစ်လို့ ကျမသားကို နောက်တန်းပို့တာလဲဆိုပြီး ပြဿနာတွေ ထပ်လာပါဦးမည်၊ ကျနော်သည် ထိုကျောင်းသားလေးကို ကြည့်ရတာ တကယ် မျက်စိမှုန်နေသည်ဟုထင်မိသည်၊ မျက်မှန်ကလည်း အထူကြီး တတ်ထားရသည်၊ ကျနော်ကလည်း ရှေ့ဆုံးတန်းတွင် သိပ်မထိုင်ချင်၊ အမေကလည်း ဝင်ပါမည် မထင်ပါ၊ ဒါကြောင့်မို့ ဆရာမကို ကျနော်ပြောလိုက်သည် ကျနော်ပြောင်းပေးမယ်ဆရာမ၊ ဒီလိုနဲ့ ကျနော်သည် နောက်ဆုံးတန်းက စိန်မျောက်မျောက် ဘေးကိုရောက်ခဲ့ရသည်။

ထိုအချိန်တုန်းက တရုတ်သိုင်းကားများ၊ ဂျပန်ကရာတေး ရုပ်ရှင်ကားများ ခေတ်စားပါသည်၊ တစ်ယောက်နဲ့တစ်ယောက် ဖိုက် fight မည်ဆိုပါက၊ လက်သီးထိုးမည့်အစား ယား ယိ ဆိုပြီး ကီသွင်းခြင်းကစပါသည်၊ ကျနော်သည် ဂျပန်ဇတ်လိုက် ဟင်နရီဆန်ဒရားကို သဘောကြသည်၊ ကျနော်နဲ့စိန်မျောက်မျောက်တို့သည် အတွင်းအားပြိုင်ဘက်များ ဖြစ်လာကြသည်။

ကျနော်တို့ ကျောင်းအုပ်ဆရာကြီးသည် လေးတန်းကို မြန်မာစာနှင့် သင်္ချာဘာသာရပ်များကို တစ်ချိန်နှစ်ချိန် ဝင်သင်လေ့ရှိသည်၊ ဆရာကြီးသင်သည့် အချိန်များတွင် ဆရာကြီးကို ကြောက်ကြ၍ တစ်တန်းလုံး တိတ်ဆိတ်စွာ ဆရာကြီးသင်တာကို နားထောင်လေ့ရှိသည်၊ တစ်နေ့ဆရာကြီး သင်္ချာဝင်သင်နေသည့် အချိန်တွင် ကျနော်နဲ့စိန်မျောက်မျောက်တို့ လက်ချင်းအတွင်းအားပြိုင်နေကြသည်၊ လက်ချင်းအတွင်းအားပြိုင်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းက ငြိမ်နေသော်လည်း ထိုင်ခုံအောက်တွင် လက်အချင်းချင်း သိုင်းကားတွေထဲကအတိုင်း တိုက်ခိုက်နေကြခြင်းဖြစ်ပါသည်၊ တစ်ချိန်တွင် ကျနော့်အတွင်းအား များသွားသလားမသိ၊ စိန်မျောက်မျောက်ကပဲ မထိမ်းနိုင်သလားတော့မသိပါ၊ စိန်မျောက်မျောက်လက်တစ်ဖက်သည် ခုံပေါ်သို့အရှိန်နဲ့ရောက်လာကာ ဖြောင်းဆိုသော အသံနဲ့အတူ စိန်မျောက်မျောက်၏ စာအုပ်များခဲတံများ လေထဲလွင့်သွားလေသည်၊ ဘာဖြစ်တာလဲဟူသော ဆရာကြီး၏ အသံနဲ့အတူ စိတ်ဆိုးနေသော ဆရာကြီး၏ မျက်နှာကြီးကိုတွေ့လိုက်ရသည်၊ ဆရာကြီးကို ရင်ဆိုင်ရတော့မည်ကို ကျနော်သိလိုက်ပါပြီ၊
‘မောင် လုပ်လိုက်တာဆရာကြီး၊’ စိန်မျောက်မျောက် ကြောက်ကြောက်နဲ့ ကျနော့်ကိုအပြစ်ပုံလေပြီ၊
‘မောင် မင်းအရှေ့ထွက်ခဲ့၊ မင်းဘာလုပ်လိုက်တာလဲ’
“အတွင်းအားပြိုင်တာ များသွားလို့ပါဆရာကြီး၊”
‘ဟိုဘက်လှည့် စာသင်နေချိန် အတွင်းအားပြိုင်ချင်တဲ့ကောင်တွေ အတွင်းအားနဲ့တွေ့မယ်’
“ဖြန်း”၊ ကျနော် ဆရာကြီး၏ လက်စွဲတော် ကြိမ်စာမိသွားခဲ့သည်၊
‘ဟိုကောင်လာခဲ့’ စိန်မျောက်မျောက်ကို ခေါ်လိုက်သည်၊ စိန်မျောက်မျောက်၏ မျက်နှာမှာကား ဖြူဖတ်ဖြူရော်ဖြစ်နေပေသည်၊ ဆရာကြီးသည် စိန်မျောက်မျောက်ကို ရိုက်လိုက်လေသည်၊
“ဖတ်” ဆိုသော အသံထွက်ပေါ်လာသည်၊
ဆရာကြီး၊ ဆရာမနှင့် ကျောင်းသားများပါ အံ့အားသင့်သွားသည်၊
စိန်မျောက်မျောက်ငိုလေသည် ‘ကျနော်နာမှာ ကြောက်လို့ပါဆရာကြီး၊’
စိန်မျောက်မျောက်တစ်ယောက် ပုဆိုးအောက်တွင် စာအုပ်ခံလာခြင်းဖြစ်သည်၊
ဆရာကြီးသည် မျက်နှာကိုချက်ချင်းတည်လိုက်ပြီး အတန်းထဲသို့ လှည့်ကာ
‘ဒါ cheating လုပ်တယ်၊ ခိုးကြောင်ခိုးဝှက်လုပ်တယ်လို့ခေါ်တယ်၊ မသမာတဲ့သူတွေလုပ်တာ၊ မကောင်းတဲ့လူတွေလုပ်တာ၊ ဘဝမှာ ဘယ်တော့မှ မကောင်းစားဘူး၊ ကောင်းစားလည်းခဏပဲ၊ cheating ဆိုတာ အရမ်းရှက်ဖို့ကောင်းတဲ့ ကိစ္စ၊’
‘ဘယ်သူမှ ဘယ်တော့မှ ဒီလိုမလုပ်နဲ့၊ ဟိုကောင်လှည့် မင်းကိုနှစ်ဆအပြစ်ပေးရမယ်၊’
“ဖြန်းဖြန်း”၊ စိန်မျောက်မျောက်တစ်ယောက် ပေါင်တွင်တစ်ချက် ခြေသလုံးတွင်တစ်ချက် နှစ်ချက်ထိသွားခဲ့သည်၊ ဆရာကြီးသည် အရေးကြီးသည် ထင်သော စကားလုံးများကို အင်္ဂလိပ်လို ကြားညှပ်ပြောလေ့ရှိသည်၊ ဆရာကြီးသည် ကျနော်ကိုကြည့်ကာ ဆရာမဘက်လှည့်ပြီး မောင်ဘာလို့နောက်တန်းထဲ ရောက်သွားသလဲ မေးသံကြားလိုက်ရသည်၊ ဆရာမပြန်ဖြေတာကို ကျနော်မကြားရပါ၊ ဆရာမသည် ကျနော်ကို တစ်မျိုးကြီး ကြည့်နေသည်ကိုတော့ သိလိုက်ရသည်၊ အရိုက်ခံရသော်လည်း ကျနော်နဲ့ စိန်မျောက်မျောက်တို့ရဲ့ အတွင်းအားပြိုင်မှုတော့ မလျှော့သွားပါ၊ ကျနော်ဘဝတွင် cheating ဆိုတဲ့စကားလုံးကို စသိလိုက်ရခြင်းဖြစ်ပါသည်။

ကြိမ်နဲ့ရိုက်ခံထိပြီး နောက်ပိုင်းတွင် စိန်မျောက်မျောက်သည် ကျောင်းသားတွေကို မင်းဘယ်လောက်မိုက်လဲ ကြိမ်ရိုက်ခံထိဖုးလား၊ ကြိမ်ရိုက်ခံထိဖုးတယ်ကွ ဆိုကာ နည်းနည်းအနိုင်ကျင့်လာသည်၊ ကျနော်ကတော့ အေးအေးဆေးဆေးပင် အတွင်းအားလေ့ကျင့်လျှက်ရှိသည်၊ ကျနော်သည် ဆရာဆရာမကို ပတ်ချွဲနှပ်ချွဲလုပ်သူများ၊ အတို့အထောင်များ၊ အကြွားသန်သူများကို ကြည့်မရပေ၊ ငယ်ငယ်ကတည်းက ယနေ့အထိပင်၊ သုံးတန်းတွင် မိုးဇော်ဆိုသော ကျောင်းသားတစ်ယောက်ရှိပါသည်၊ သူ့အဖေသည် ပီနန်သို့မှောင်ခိုကုန်ကူးသူတစ်ယောက်ဖြစ်သည်၊ ပစ္စည်းအသစ်အဆန်းများ သူ့သားအတွက် ဝယ်လာပေးလေ့ရှိသည်၊ ထိုကျောင်းသားလေးကလည်း ထုတ်ထုတ်ကြွားတတ်သည့် အကျင့်ရှိသည်၊ တစ်နေ့တွင် သူ့အဖေဝယ်လာသော ပေတံကိုကြွားနေသည်၊ ပေတံလေးမှာ ပလပ်စတစ်အကြည်နဲ့ ပြုလုပ်ထားသည် အပြာနုရောင်လေးဖြစ်သည် နည်းနည်းထူသည်၊ ထိုအချိန်၌ ထိုပေတံမျိုး ကျောင်းတွင် သူတစ်ယောက်သာ ကိုင်သည်၊ ကြွားနေတာကလည်း သုံးလေးရက်ရှိနေပြီဖြစ်၍ ကျနော်ကြည့်မရတော့၊ မိုးဇော်ဆီသွားကာ မင်းပေတံက အကောင်းစားလား ဘယ်လောက်တန်သလဲ မေးလိုက်သည်၊
မိုးဇော်က ၂ကျပ်တန်သည်ဟုဖြေသည်၊ ဖြေတာဖြေရသည် ကျနော်နဲ့ စိန်မျောက်မျောက်ကိုတော့ ကြောက်၍နေပြီ၊ ကျနော်ကပြစမ်း မင်းပေတံ ကောင်းလား မကောင်းလားကြည့်ရအောင်၊ ပေတံကိုထောင်ကာ လက်ဝါးစောင်းနဲ့ရိုက်ချိုးလိုက်သည်၊ ဖျောင်းကနဲ အသံနဲ့အတူ ထိုပေတံလှလှလေးကျိုးသွားသည်၊ ကျနော့်အတွင်းအား လက်စွမ်းပြလိုက်ခြင်းဖြစ်သည်၊ ရော့ ၄ ကျပ် မိုးဇော်ကို ပိုက်ဆံပေးပြီးထွက်ခဲ့သည်၊ စိန်မျောက်မျောက်တစ်ယောက် ခြောက်လှန့်စကားတွေပြောကာကျန်ခဲ့သည်၊ ထိုခေတ်က ငွေ၂ကျပ်၏ တန်ဘိုးသည် တော်တော်ကြီးမားပါသည်။

မိုးဇော်သည် သူ့ပေတံချိုးခံရသည်ကို ဆရာမတွေကိုပြန်မပြော၊ သူ့အိမ်ကိုလည်း မတော်တဆကျိုးသွားသည့် ပုံစံပြောထားသည်၊ စိန်မျောက်မျောက်၏ ခြောက်လုံးတွေကြောင့်ဖြစ်မည်၊ ဒါပေမဲ့ ပြဿနာက ပြီးမသွားပါ၊ အတို့အထောင်တစ်ယောက် ပေါ်လာသည်၊ ကျနော်တို့အတန်းထဲက ချိုချိုလွင် ဆိုသော ကျောင်းသူတစ်ယောက်ဖြစ်သည်၊ ဆရာမကို အမြဲကပ်နေသူလည်းဖြစ်သည်၊ ပေတံ ပြဿနာကို ချိုချိုလွင် ဆရာမကို သတင်းသွားပေး၍ ဆရာမသိသွားခဲ့သည်၊ ဆရာမသည် ကျနော်နှင့် စိန်မျောက်မျောက်ကို ခေါ်ကာ ဆူသည်၊ ဝမ်နိမ်ပေးသည်၊ ဒါပေမဲ့ မိုးဇော်မိဘတွေကလည်းမတိုင် မိုးဇော်အတန်းပိုင်ဆရာမကလည်း မတိုင်၍ ပြဿနာပြီးသွားခဲ့သည်၊ ပြဿနာကောင်တွေဟုဆိုကာ ဆရာမမျက်လုံးများ၏ အကြည့်ဒဏ်ကိုခံခဲ့ရသည်။

ကျနော်ရော စိန်မျောက်မျောက်ပါ ချိုချိုလွင်ကို မကြည်တော့၊ တစ်နေ့ ကျောင်းလှေခါးအောက်တွင် ချိုချိုလွင်ကို တစ်ယောက်ထဲတွေ့ရသည်၊ စိန်မျောက်မျောက်က ဟိုမှာ ချိုချိုလွင်ဟုပြောကာ ချိုချိုလွင်ရှေ့ကပိတ်ရပ်လိုက်သည်၊ ချိုချိုလွင်က ပြေးဘို့ကြံပါသေးသည် စိန်မျောက်မျောက်က ရှေ့ကလက်နဲ့ တန်းပိတ်ထားလိုက်သည်၊ ပြေးလို့မရ၊ ကျနော် ချိုချိုလွင်နားကပ်သွားသည့်အခါ ချိုချိုလွင်တစ်ယောက် ကြောက်၍တုန်နေသည်၊ တကယ်တော့ ချိုချိုလွင်သည် မျက်နှာလေးမှာ ချစ်စရာကောင်းသူလေးဖြစ်သည်၊ ရွှေကြာကာတွန်းထဲက မင်းသမီးနဲ့တူ၍ ရွှေကြာမ ဟုခေါ်ကြသည်၊ ကျနော်က “ရွှေကြာမ ဆရာမကို အတိုင်အတောထူဦးမှာလား၊” လေသံမာမာနဲ့မေးလိုက်သည်၊ ‘မထူတော့ပါဘူး၊’ ပြန်ဖြေ၍ ကျနော်နောက်ဆုတ်လိုက်သည်၊ စိန်မျောက်မျောက်က မပြီးသေးပေ ချိုချိုလွင်ကို ရွှေကြာမ နင်မောင်ကိုချစ်တယ်လို့ပြော ဒါဆိုမောင်ခွင့်လွတ်လိမ့်မယ်၊ ချိုချိုလွင် ဘာမှပြန်မပြော ကျနော်ကိုကြည့်၍နေသည်၊
စိန်မျောက်မျောက်က ‘မပြောသေးဘူးလား၊ ပြောမှာလား’ ထပ်မေးရာ၊ ချိုချိုလွင်မှာ ‘မောင်ကိုချစ်ပါတယ်’ ‘မောင်ကိုချစ်ပါတယ်’ ကြောက်၍ပြောလိုက်သည်ဟုထင်ပါသည်၊
စိန်မျောက်မျောက်က ‘နင့်မောင်ကိုချစ်တယ်ဆိုရင် နင့်ဘေးနားဘယ်သူမှ မကပ်စေနဲ့ ဟိုအတို့အထောင် အောင်ဇော်ရောပါတယ် ကြားလား၊’
‘ကြားတယ်၊ ကြားပါတယ်၊’
ဒါဆိုသွားတော့၊ ချိုချိုလွင် အပြေးကလေးထွက်သွားတော့သည်၊
ကျနော်က စိန်မျောက်မျောက်ကို ဘာလို့အဲဒီလိုလုပ်တာလည်းလို့မေးရာ ဒါမှ တော်ရုံကြမယ်ဟုဆိုသည်၊
စိန်မျောက်မျောက် ဘာလို့ဒီအကြံထွက်သလဲ ကျနော်လည်းမစဉ်းစားတော့ပါ၊ နောက်နေ့တွေတွင် ချိုချိုလွင်သည် ကျနော်ကိုကြည့်နေတတ်သလို ကျောင်းသားတွေနဲ့ ရောရောမနေတော့ပါ၊ ကျနော့်ဘဝတွင် ပထမဦးဆုံးအကြိမ် ချစ်ပါတယ်လို့ ပြောခံရခြင်းဖြစ်ပါသည်။

သုည ရရှိခြင်း

အမေသည် ကျနော်၏ စာမေးပွဲရလဒ်များကို အမြဲစောင့်ကြည့်နေသူဖြစ်သည်၊ ဒါပေမဲ့အမေသည် ပထမရရမယ် အတော်ဆုံးဖြစ်ရမယ် ဆိုသောအမေမျိုးမဟုတ်ပေ၊ ကိုယ်သားသမီးအခြေအနေကို သိချင်သောကြောင့်ဖြစ်ပါသည်၊ တစ်နေ့မှာတော့ အိမ်ပြန်ရောက်ရောက်ချင်းပင် အမေကို “မေမေရေ သား ဒီနေ့သုညရလာတယ်”၊ ပထမတော့ အမေသည်နားမလည်သလိုဖြစ်နေပြီ ‘ဘယ်လိုဖြစ်ရတာလဲ သားရယ်’ဆိုပြီး အမေကမေးလာသဖြင့်၊ ကျနော်လည်း ဆရာမပြန်ပေးလိုက်သော အဖြေစာရွက်တွေကို အမေကိုပြလိုက်သည်၊ ထိုစာမေးပွဲမှာ လေးပုဒ်မေး၍ လေးပုဒ်ဖြေရသော စာမေးပွဲဖြစ်ပါသည်၊ အမေသည် အဖြေစာရွက်များကိုကြည့်ပြီး ‘ဟင်သားဖြေထားတာပဲ’ ဟုဆိုသည်၊
တကယ်လည်း ကျနော်လေးပုဒ်လုံးဖြေခဲ့ပါသည်၊ ဒါပေမဲ့ ဆရာမက အပုဒ်တိုင်း အပိုဒ်တိုင်းတွင် မှင်နီတွေခြစ်၍ နားမလည်၊ ဖတ်မရ ဆိုပြီး သုညတွေပေးထားသည်၊ အဖြေလွှာထိပ်တွင်တော့ ၁၀၀ တွင် ၀ ဟုရေးထားခဲ့သည်၊ ‘ဆရာမက ဘာလို့ဖတ်မရမှာလည်း အမေတောင်ဖတ်ရသေးတာပဲ’ မနက်ဖြန် အမေဆရာမကိုသွားတွေ့မယ်ဟုဆိုသည်။

နောက်နေ့တွင် ဆရာမနှင့် အမေနဲ့ဘယ်လို ဖြစ်ကြသလဲတော့ ကျနော်မသိပါ၊ နောက်တစ်နေ့ညနေတွင် ကျနော်နဲ့အမေသည် ကျောင်းအုပ်ဆရာကြီး၏အိမ်သို့ သွားရပါသည်၊ အိမ်တွင်ဆရာကြီးသည် ပက်လက်ကုလားထိုင်ပေါ်ထိုင်ကာ ကျနော်တို့သားအမိကိုစောင့်နေသည်၊ ကျနော်တို့ရောက်လာသောအခါ ထလာကာ ကျနော်ကို ကွပ်ပျစ်ပေါ်တွင်ထိုင်စေသည်၊ ဆရာကြီးလည်း ကွပ်ပျစ်ပေါ်တွင်ထိုင်သည်၊ အမေကတော့ ဘေးက ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်သည်၊ ဆရာကြီးက ကျနော်ကို ‘မောင် မင်းတော့ ဖြစ်ရမယ်လေ’ ဆိုသည်၊ ဆရာကြီးသည် ကျောင်းသားတွေကို မောင်တတ်ခေါ်လေ့ရှိပါသည်၊ ဆရာကြီး၏ လက်ထဲတွင် ကျနော်အဖြေလွှာရှိပါသည်၊ ဆရာကြီးက အမေကို ‘မောင်က နှစ်တန်းသုံးတန်းတွေမှာ ဆုရဘူးတယ်နော်၊’ “ဟုတ်ကဲ့ ဆရာကြီး၊” ‘အဓိကကတော့ မောင် လက်ရေးပဲ ဘယ်လိုဖြစ်တာလဲ ကြည့်ကြရအောင်’ ဆိုပြီး၊ ဆရာကြီးသည် ကျနော်ကို ခဲတံနှင့် စာရွက်တွေထုတ်ပေးသည်။

ဆရာကြီးသည် ကျနော်ကို သိပ္ပံသင်ခန်းစာတစ်ခုကို အလွတ်ဆိုခိုင်းသည်၊ ကျနော်ဆိုပြနိုင်ခဲ့သည်၊ မြန်မာစာထဲက သင်ခန်းစာတစ်ခုကို ဆိုခိုင်းပြန်သည်၊ ကျနော်ဆိုနိုင်ခဲ့သည်၊
ဟုတ်ပြီဟုဆိုပြီး၊ ကျွန်တော်အကြောင်း ဆိုပြီး ဆယ်ကြောင်းလောက် စာစီစာကုံးရေးခိုင်းပြန်သည်၊ ကျနော်ရေးပြီးပြလိုက်သည်၊ ဟုတ်ပြီဆိုပြန်သည် ပြီးနောက်၊
‘ကဲ ကျွန်တော်အကြောင်းကို အင်္ဂလိပ်လိုရေး’
ကျနော် အင်္ဂလိပ်လိုရေးရပြန်သည်၊
‘ဟုတ်ပြီ နောက်ထပ် ဆရာကြီးကဗျာရွတ်ပြမယ် မောင်လိုက်ရေး’
လကလေးကသာ
ညကလေးကလှ
ကြယ်တွေကလည်းက
အရောင်တွေကလည်းထ
ပြေးလို့ ခုန်လို့
အရေးထဲ ချုံသို့
ဖမ်းလို့မမှီဘူးဗျို့
ပိုစုန်းကြူး။
ပြီးပြီဟုဆိုသည်၊
ဆရာကြီးသည် ကျနော်ရေးထားသည်များကို ယူကြည့်ပြီး၊ ကျနော်ကို ပြန်ပေးကာ ‘ကဲ မင်းဖတ်ပြ ငါရဲ့ လက်တန်းကဗျာကို၊’ ကျနော်လည်း ဖတ်ပြလိုက်သည်။

‘မောင် ခုရေးတော့ကောင်းနေတယ်၊ စာမေးပွဲအဖြေထဲမှာ ရေးထားတာတွေက တော်ရုံဖတ်လို့မရဘူး၊’ ‘ဆရာကြီးပြောမယ် သေချာနားထောင်၊ concentrate သေချာစိတ်ဝင်စားစွားလုပ်ပါ၊ serious အရေးတယူထားပါ၊ respect ရိုသေလေးစားပါ၊ အလုပ်ကို သေချာစိတ်ဝင်စားစွာလုပ်၊ စာမေးပွဲကို အရေးတယူထား ရိုသေလေးစား၊ အဲဒါဆို မောင်ပြင်လို့ရပြီ၊ ဒီလက်ရေးနဲ့ ဒီလိုဆက်ဖြေလို့တော့ မင်းကို စာမေးပွဲဖြေခွင့်မပေးဘူး၊ နားလည်လား ဆရာကြီးစောင့်ကြည့်နေမယ်’။

ဆရာကြီးသည် အမေဘက်လှည့်ကာ ‘ကလေးကိုကျူရှင်ပေးသလား’၊ အမေက “ပေးပါတယ်” လို့ဖြေလိုက်သည်၊ ‘အဲဒါခက်တာပဲ ကလေးက အကုန်သိနေတော့ အတန်းထဲမှာ စိတ်ဝင်မစားဘူး၊ ရေရှည်မှာ မကောင်းဘူးပေါ့၊’ ‘ခုန ဆရာကြီးပြောတဲ့ဟာသုံးခုကို ကလေးကိုလေ့ကျင့်ပေး ဒီမောင် သေချာပေါက်အောင်တယ်’။

ဆရာကြီးသည် စာပေဝါသနာရှင် တစ်ယောက်လည်းဖြစ်သည် မွန်စာပေ ယဉ်ကျေးမှု အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်၊ အရေးကြီးသည်ထင်သည့် နေရာများတွင် အင်္ဂလိပ်စကားလုံးတွေ သုံးလေ့ရှိသည်။

ဘယ်လိုပင်ဖြစ်နေပါစေ လေးတန်းအောင်စာရင်း ထွက်ပြီးသောအခါ အမေသည် ကျနော်ကိုခေါ်ကာ ဆရာမကို သွားကန်တော့ခဲ့သည်၊ ကျနော်သည်လည်း စိတ်ထဲတွင်မထား မေ့မေ့ပျောက်ပျောက် ရှိသွားလွန်းကာ ဒီနေ့ ဆရာမကို သိပ်မမှတ်မိတော့ပါ။

လေးတန်းအောင်ပြီးသောအခါ ကျနော်နဲ့ စိန်မျောက်မျောက်တို့ အထက်တန်းကျောင်းပြောင်းသွားသလို၊ ချိုချိုလွင်ကလည်း တခြားအထက်တန်းကျောင်းသို့ ရောက်သွားခဲ့သည်၊ ထိုအချိန်က ကျနော်တို့ကလေးအရွယ်ဆိုပေမဲ့ ဆရာ၊ ဆရာမတို့၏ စကားများ၊ အဆုံးအမများသည် ဘယ်လောက်ထိ နုငယ်သော ကျနော်တို့ ထဲသို့ ဝင်ရောက်မှုရှိမရှိ သေချာမသိနိုင်သော်လည်း၊
ထိုနေ့ကစပြီး ကျနော်သည် လက်ရေးကို သူများဖတ်တတ်အောင် ရေးပါတော့သည်၊ ဆရာကြီးပြောသည့်အတိုင်း အင်္ဂလိပ်စာကို လက်ရေးဆက်မရေးပဲ တစ်လုံးချင်းရေးသည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။

သူငယ်ချင်း စိန်မျောက်မျောက်တစ်ယောက် Cheating ကို သဘောပေါက်သွားလို့လားတော့ ကျနော်မသိပါ၊ ရှစ်တန်းမအောင်သောအခါ ကိုရင်ဝတ်သွားခဲ့သည်၊ ယနေ့တိုင် ရဟန်းဘဝဖြင့် သာသနာ့ဝန်ထမ်းလျှက်ရှိပါသည်။

ယခုပြန်လည် စဉ်းစားမိသည်မှာ ဆရာကြီးနှင့် ဆရာမ ဘယ်လိုကွာသလဲ ဆိုတာကိုပင်ဖြစ်သည်၊
ကလေးကို သုညပေးသော ဆရာမသည်၊ ကလေးကို သုည မရအောင်လုပ်ပေးနိုင်ရမည်၊ မလုပ်နိုင်ရင် ဆရာမ မလုပ်သင့်တော့ပေ၊
ဆရာ ဆရာမတွေရဲ့ အဓိကတာဝန်က ကလေးတွေကို တတ်အောင်သင်ပေးဖို့ပဲ မဟုတ်ပါလား။

ယနေ့အချိန်တွင် မြန်မာပြည်တွင်
ကလေးကို သုညရအောင် သင်ပေးသော ဆရာ၊ ဆရာမများ၊
ကလေးကို သုညရအောင် သင်ပေးသော ကျောင်းအုပ်ကြီးများ၊
ကလေးကို သုညရအောင် သင်ပေးသော ကျောင်းများ၊
ကလေးကို သုညရအောင် သင်ပေးသော ….ဌါနများ
ဘယ်လောက်ရှိနေသလဲ ကျနော်မသိပါ။

ရမှတ် သုညရတာထက် အောင်မှတ်ရဖို့ ဂုဏ်ထူးတွေထွက်ဖို့ အမှတ်များဖို့ Cheating လုပ်ပြီး အမှတ်တွေကိုဖြည့်ယူတာက တသက်လုံးအတွက် ရှက်ဖို့ကောင်းပါသည်။

Cheating ကိုပြောခဲ့သော ကျနော်၏ ဆရာကြီးသည်လည်း ကွယ်လွန်သွားခဲ့ပြီဖြစ်သည်၊
ဆရာကြီး အသက်ရှင်၍ ရှိနေသေးလျှင် ဆရာကြီး ဆိုခဲ့သော
‘cheating လုပ်တယ်၊ ခိုးကြောင်ခိုးဝှက်လုပ်တယ်လို့ခေါ်တယ်၊ မသမာတဲ့သူတွေလုပ်တာ၊ မကောင်းတဲ့လူတွေလုပ်တာ၊ ဘဝမှာ ဘယ်တော့မှ မကောင်းစားဘူး၊ ကောင်းစားလည်းခဏပဲ၊
cheating ဆိုတာ အရမ်းရှက်ဖို့ကောင်းတဲ့ ကိစ္စ၊’ ဆိုတာကို ယနေ့အချိန်တွင် ဆရာကြီး ဘယ်လို အဓိပ္ပါယ်ပြန်ဖွင့်မလဲ မသိပါ။


End
ဆရာကြီး ဦးတိုးခင်သို့ အမှတ်တရ။
ဆရာကြီး၏ ပိုစုန်းကြူးလက်တန်း ကဗျာကို အထင်နဲ့ ပြန်ရေးလိုက်ပါသည်။



ဂျာနယ်
စာမေးပွဲမှာ သုညရအောင် ဖြေလို့ ထုတ်လိုက်တာ http://thevoicemyanmar.com/index.php?option=com_content&view=article&id=564:2011-09-04-10-26-05&catid=3:local&Itemid=34



20 comments:

noblemoe said...

ကလေးကို သုည မရအောင်လုပ်ပေးနိုင်ရမည်၊

ဒီစကားလေးတကယ်နှစ်သက်မိပါတယ်။


ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ahphyulay said...

အင်း...
သည်ပို့ (စ)လေးက သိပ်ဖတ်လို့ ကောင်း
တယ်ဗျ၊ ဖတ်ရင်းနဲ့  မျော.. နေတယ်။
ပိုပြီး မော..ရတာက ဗမာပြည်က သုံည ရခဲ့ 
တဲ့  ခလေး ကျောင်းထုပ် ခံခဲ့ ရတာပါပဲ။
ကျွန်တော်လည်း လေးတန်းအရွယ်တုံးက
သုံည ရခဲ့ တာပဲ။ အဲ့ ဒီသင်္ချာမှာပါပဲ။
မေးခွန်းတွေပဲ ပြန်ရေးခဲ့ ရင်တောင် ရေးခ
၂ မှတ်လောက်ရမယ်ဆိုတာ မသိခဲ့ လို့ လေ။
ငယ်တုံးဆိုတော့ လည်းအတန်းထက်အဆော့ 
က အရေးကြီးနေတာကိုး။
ဘာပဲဖြစ်ဖြစ် ကျောင်းထုပ်ခံရတဲ့ အဖြစ်အထိ
အကျဉ်းမတန်သင့် ဘူးထင်တယ်၊

SHWE ZIN U said...

ကိုဆိုဆီ ရေ

တက္ကသိုလ် မှာ လည်း အမြင်ကပ် ပုဒ်မ နဲ့ သုံည ပေးသေးတယ်လေ ကျနော် ရခဲ့တာပေါ့ လက်တွေ့ ခန်းထဲမှာ နောက်မှ ရေးအုန်းမယ်

Anonymous said...

ရမှတ် သုညရတာထက် အောင်မှတ်ရဖို့ ဂုဏ်ထူးတွေထွက်ဖို့ အမှတ်များဖို့ Cheating လုပ်ပြီး အမှတ်တွေကိုဖြည့်ယူတာက တသက်လုံးအတွက် ရှက်ဖို့ကောင်းပါသည်။
ဒါကတော့ မိုးခါးရေသောက်သလို ဖြစ်နေပြီ

သဒ္ဓါလှိုင်း said...

သုညရလို့ ကျောင်းထုတ်တယ်ဆိုတာ ကလေးရဲ့အနာဂတ်၊ ကလေးရဲ့စိတ်ကို ရိုက်ချိုးလိုက်တယ်လို့ တွေးမိပါတယ်။ ဘာကြောင့် သုညရတာလဲဆိုတဲ့ အဖြေတခုကို ရှာပေးပြီး လက်တွဲခေါ်ယူရမယ်။
စိတ်ချမ်းမြေ့ပါစေ။
ခင်မင်လျက်
သဒ္ဓါ

blackroze said...

ကလေးတယောက်တော်ဖို့တတ်ဖို့ဆိုတာ
သင်ပေးတဲ့ဆရာတွေအပေါ်မှာလည်း
မူတည်ပါတယ်လေ...

ရွှေကြာမလေးက ချစ်တယ်လို့ပြောလိုက်တော့
ကိုစိုစီ ရင်တွေဘာတွေတုန်မသွားဘူးလား..

ညီရဲ said...

သုညရလို့ ကျောင်းထုတ်ခံရတယ် ဆိုတာကတော့ မဟုတ်သေးပါဘူး။ ကျွန်တော်ဆိုလဲ ကိုးတန်းတုန်းက ကျူရှင်ကမယူ စာကမကျက်နဲ့ သိပံ္ပတွဲ သုည ရဘူးတယ်။
ဒါနဲ့ စကားမစပ် အစ်ကိုရေ ကျောင်းပြောင်းသွားပြီး နောက်ပိုင်း ချိုချိုလွင်နဲ့ ရော ထပ်တွေ့ သေးလား...

ချော(အစိမ်းရောင်လွင်ပြင်) said...

သုညတော့ ရဖူးဘူးဗျ
သင်္ချာတော့ ကျဘူးတယ် အဲဂလိုတော်တာ
ငယ်တုန်းက ဆရာဆရာမတွေထဲမှာ အမှတ်ရစရာတွေ အများကြီးဘဲ။။
ကျောင်းသားတွေ စာကျက်မကျက် တစ်ရွာလုံးပတ်ပြီး လိုက်ကြည့်တဲ့ ဆရာရှိသလို
ကျောင်းသားတွေကို ဒူးထောက်ထိုင်ကျသွားအောင် အရိုက်ကြမ်းတဲ့ ဆရာတွေလည်း ရှိခဲ့တယ်။
ညီရဲမေးသလို.. ချိုလွင်နဲ့ ပြန်ဆုံမဆုံ စိတ်ဝင်စားစရား)

မေဓာဝီ said...

သုညရလို့ ကျောင်းထုတ်ခံရတာက မဖြစ်သင့်ပါဘူး။ ကိုဆိုဆီပြောသလိုပဲ သုညဘာကြောင့်ရတာလဲ ဆရာတွေက သေချာ ဆန်းစစ်ပြီး သုညမရအောင် သင်ပေးရမှာ။ စာမေးပွဲ မဖြေတတ်လို့ သုညရတာ ကျောင်းသားအပြစ်မှ မဟုတ်ဘဲ။
ဖြေတတ်အောင် သင်ပေးဖို့က ဆရာတွေမှာ တာဝန်ရှိတာ။

ကိုအောင်(ပျူနိုင်ငံ) said...

စာလာဖတ်တယ် ကိုစိုးစီ၊ ဧရာဝတီဟာ အချိန်တိုင်း ဖမ်းစားနေတယ်ဗျာ ...

မြသွေးနီ said...

ကိုဆိုစီရေ...
ကျွန်မလည်း ၅တန်းတုန်းက လပတ်စာမေးပွဲ သချာင်္ သုညရဖူး၏။ အဲ့ဒီတုန်းက တန်းလုံးကျွတ် သချာင်္ကျကြတာ။ အတန်းပိုင်ကိုယ်တိုင်က သချာင်္ဆရာမဆိုတော့ မိန်းကလေးကျောင်းလည်း ဖြစ်တာမို့ တစ်တန်းလုံးကို စကပ်တွေမပြီး ကြိမ်နဲ့သမတာခံခဲ့ရတယ်။ ဒါတောင် အဲ့ဒီလက ကျွန်မက အဆင့်၂ချိတ်သေးတာ။ အခုအချိန်မှာတော့ တန်းလုံးကျွတ် ရိုက်ခဲ့တာအစား ဘာလို့ ဆရာမက တစ်တန်းလုံးကျရတာလဲဆိုတာကို အဖြေရှာသင့်တယ်လို့ မြင်လာရတယ်။

ကိုယ်တိုင် မိခင်နေရာရောက်လာတော့ ဘာသာရပ်ဆရာမတွေဆီ ကျူရှင်တက်တဲ့ ကလေးတွေက ဓမ္မဓိဋ္ဌာန် မေးခွန်းတွေရနေပြီး ကျူရှင်မတက်တဲ့ သားပြည့်က ဓမ္မဓိဋ္ဌာန်မေးခွန်းတွေကို သိထားသလောက် ဖြေခဲ့တာ သံတူကြောင်းကွဲအဖြေကို မှားတယ်ဆို အမှတ်လျော့ခံလိုက်ရတယ်။ “ ရွှေတိဂုံဘုရားတွင် ဆောင်းတန်းကြီးလေးသွယ်ရှိ၏ ” လို့ ဖတ်စာအုပ်ထဲမှာ ပါတဲ့အတိုင်း ဤ၊သည်မလွဲ ဖြေလိုက်တာကို မှားတယ်ဆိုလို့ ကျူရှင်တက်သူတွေဆီက အဖြေမှန်ဘာလဲ မေးကြည့်တော့ “ ရွှေတိဂုံဘုရားတွင် ဇရပ်နှင့် တန်ဆောင်းလေးသွယ်ရှိ၏ ” မှ မှန်တာတဲ့..။

ဒီကလေးက အတန်းမှာ ပုံမှန် အဆင့်တစ်ကနေသုံး ၀င်နေတော့ ကျူရှင်ပြနေတဲ့ ဆရာမတွေက “ ဘယ်ကျူရှင်တက်နေသလဲ ” တဲ့။ စိတ်ပျက်လွန်းလို့ အမြင်ကပ်လွန်းလို့ ကျောင်းကို တစ်ခါမှကို မလိုက်ဘူး။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကိုတော့ အတော်စိတ်ကုန်တယ်။ ကျွန်မတို့ ခေတ်ကလို လေးစားကြည်ညိုရတဲ့ စေတနာအပြည့်နဲ့ ဆရာ၊ ဆရာမတွေ အရမ်းရှားကုန်ပြီ။

( လတ်တလောအဖြစ်နဲ့ တိုက်ဆိုင်နေလို့ ကွန်မန့်ရှည်သွားတယ် :)

ဖိုးကြယ် said...

ကျောင်းသားကို သုညမရအောင် သုညထက်ပိုမက်မောစေတဲ့ စိတ်ဓာတ်မျိုးရှိအောင် လုပ်ဆောင်ပေးသင့်တဲ့လူတွေက အဓိကကတော့ ဆရာ ဆရာမတွေပါပဲ အစ်ကိုရေ....

ခင်တဲ့(ဖိုးကြယ်)

လသာည said...

ကလေးရဲ့အမှတ် သုညဆိုတာ မရှိသင့်ဘူးဆိုတာကို ပညာရေး ကောလိပ်တွေ ပညာရေးတက္ကသိုလ်တွေမှာ သူတို့မသင်ကြားရသေးခင် အလုပ် ၀င်မိလို့/ ဒါမှ မဟုတ် အဲဒီ စာတွေ မေ့သွားလို့ဖြစ်လိမ့်မယ် ထင်တာပဲ..။

သုည ရဖူးသူ..

မေသိမ့်သိမ့် ကျော် said...

သုညရတာ ညံ့လို့မဟုတ်ဘူး။ တော်လို့.... သူများမဖတ်တတ်အောင်ရေးလို့း)


ခင်တဲ့
မေသိမ့်

ဟန်ကြည် said...

ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေတာမို့ ဒီပို့စ်ကို ရင်နဲ့ဖတ်သွားပါတယ်...သုညရတဲ့ကလေးတစ်ယောက်ကို ကျောင်းထုတ်ပစ်တာဟာ အင်မတန်မှ အောက်တန်းကျတဲ့လုပ်ရပ်လို့မြင်ပါတယ်...တကယ်ဆိုရင် အဲဒီလိုကျောင်းသားတွေဟာ ပိုပြီးဂရုတစိုက်နဲ့ သင်ကြားပေးဖို့လိုအပ်တဲ့ကလေးတွေပါ...တကယ်လို့ ပညာရေးမှာ လုံးဝသုံးလို့မရတော့ဘူးလို့ ယူဆလိုက်ရင်တောင် ဒီကလေးကို ကျောင်းထုတ်ပစ်လို့မရပါ...စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာနဲ့ စာရိတ္တပိုင်းဆိုင်ရာမှာ မြေတောင်မြှောက်ပေးပြီး သူ့ဘ၀အတွက် အာမခံချက်ရနိုင်ဖို့ အခက်အခဲကို ရင်ဆိုင်ရဲတဲ့ အတွေးအခေါ်မျိုးတွေ ထည့်ပေးနိုင်ဖို့ အားထုတ်ရမှာ ဆရာတစ်ယောက်ရဲ့ တာဝန်ပါ...ဖတ်ရင်းနဲ့ စိတ်တိုလာမိပါရဲ့...အဲဒီသုညတွေရဲ့ ရှေ့မှာ ဂဏန်းတွေဖြစ်အောင် ဆရာတွေက အင်တိုက်အားတိုက် ကြိုးစားလာကြတဲ့ တစ်နေ့ကို ပညာရေးအတွက် နိုင်သလောက်ကြိုးစားပေးရင်းနဲ့ စောင့်နေပါကြောင်းဗျား...

မဒမ်ကိုး said...

ကိုဆုံဆီရေ

အမှတ်မှာ သုံညမရပေမယ့် ဘ၀မှာ သုံညရသွားတဲ့
ကလေးတွေရှိနေခဲ့တယ်

အဲလောက်ကြီးထိတော့မလုပ်သင့်ပါဘူး
မြန်မာပြည်ရဲ့ပညာရေးစနစ်ကလဲ ခုထိ ခုထိ ခုထိ ..အင်းးးးးးးးးးးးးးးးးးးးး

jasmine(တောင်ကြီး) said...

တစ်ခါမှတော့သုညမရဖူးဘူးနော်
နောင်တော့ပြောတတ်ဘူး
ဘ၀ဆိုတာလဲ စာသင်ကျောင်းမှာမှမဟုတ်ဘူး
အပြင်မှာလဲအမြဲသုညဖြစ်နေတဲ့လူတွေတွေ့ဖူးတယ်
မှတ်သားစရာတွေပါပဲ။
ခင်မင်တဲ့ jasmine

flowerpoem said...

သုညနှင့်ကျနော် စာစုလေးမှ ဗဟုသုတများစွာ ရပါတယ်..

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး-
မအားတဲ့ ကြားကဖတ်မှတ်သွားပါတယ်ဗျာ-
တချိန်ချိန်မှာတော့ တည်ငြိမ်အေး စာတွေပုံနှိပ်အဖြစ်မြင်
ယောင်နေမိပါတယ်။

ကိုဇော် said...

ကျောင်းတုန်းကတော့ အဲဒီလိုပဲ ပေတိပေကန် ၊ ဂျစ်တိဂျစ်ကန် သိပ်လုပ်တတ်တာပေါ့။ အခုနေ ပြန်စဉ်းစားတော့ အားတော့ နာမိသား။ ဒါပေမဲ့ ဆရာ ၊ ဆရာမတွေက ချစ်တော့ ချစ်ကြတာပါ။ သူတို့လည်း မပျင်းရဘူးကိုး...