Monday, August 29, 2011

တိတ်ဆိတ်ခြင်းကို………..

ကိုအောင်(ပျူနိုင်ငံ) ရဲ့ တဂ်ပိုစ့် ဘလောဂ်ဒေးအမှတ်တရ

အနှစ်၃၀ နီးပါး သင်္ဘောလိုက်ခဲ့တဲ့မိတ်ဆွေ တစ်ယောက်ကပြောဘူးပါသည်၊ ဟိုးအရင် သင်္ဘောလိုက်စတုန်းက တိုင်းတပါးမှာ အိမ်လွမ်းစရာ မြန်မာပြည် သတိရစရာဆိုရင် ပါလာတဲ့ စာအုပ်တွေ အခါခါထုတ်ဖတ်၊ ပါလာတဲ့ တိပ်ခွေတွေ အခါခါဖွင့်နားထောင်၊ အချိန်တိုက်ဆိုင်ရင်တော့ နိုင်ငံခြား အသံလွှင့်ဌာနတွေကလွှင့်တဲ့ မြန်မာပိုင်း အစီအစဉ်တွေကို နားထောင်၊ ဒီလိုနဲ့ အလွမ်းတွေကိုဖြေ ပင်ပန်းဖိစီးမှုတွေကို ဖျောက်ခဲ့ကြတယ်လို့ဆိုပါသည်။

ယနေ့အချိန်မှာတော့ အားလုံးသိပြီးတဲ့အတိုင်း မြန်မာပြည်ဆိုတာ ကိုယ်ဘေးနားရှိနေသလိုပါပဲ၊ နည်းပညာတွေရဲ့ပြောင်းလဲတိုးတက်မှုက နေရာတွေကိုကျုံ့လိုက်သည်ဟုထင်ပါသည်၊ အကောင်းရော အဆိုးရောရှိတဲ့ ပြောင်းလဲတိုးတက်မှုတွေကို အကောင်းဘက်ကိုပဲ တွေးပြောကြည့်မိပါသည်။

မေဆွိ တကယ်သေမသေ နာရီပိုင်းအတွင်းမှာ သေချာသိနိုင်သလို၊ လူကြီးတစ်ယောက်ငိုပြတာကိုလည်း ဒီလူကြီးနှယ်ဆိုပြီး ခဏအတွင်း ပျံ့နှံ့သွားနိုင်ပါသည်၊ ဒီဆိုင်ကကောင်းတယ် ဒီပစ္စည်းကကောင်းတယ် ဒီဟင်းကိုဒီလိုချက်တယ်ဆိုပြီး သိသမျှ မျှဝေနိုင်ပါသည်၊ ငါ ရည်စားနဲ့ ကွဲသွားပြီဟေ့လို့ စက္ကန့်အတွင်းမှာ ကြေညာချက်ထုတ်နိုင်သလို၊ ငါ ဒီနေ့ဘာဝယ်ခဲ့တယ် ဆိုပြီး ပုံနှင့်တကွ ချက်ချင်းကြွားဝါနိုင်ပါပြီ၊ ဟုတ်ကဲ့ ဒစ်ဂျစ်တယ်ပါရာဒိုင်း အပြောင်းအလဲကို အကောင်းဘက်ကပဲ တွေးကြည့်ကြတာပေါ့။

ဒီအတွက် ပထမဦးဆုံးတော့ တီထွင်ဆန်းသစ်သူတွေကို ကျေးဇူးတင်ရပါမည်၊
မည်သို့ရည်ရွယ်ချက်ပဲရှိနေနေ ဘယ်အဖွဲ့အစည်းက နောက်ကရှိနေပါစေ၊ လွယ်ကူစွာ သုံးခွင့်ရအောင် အဖိုးအခသက်သာအောင် ပြုလုပ်ပေးသူများကိုလည်း ကျေးဇူးတင်ရပါမည်၊ Google ကိုကျေးဇူးတင်ပါသည်၊ ZawGyi ကိုကျေးဇူးတင်ပါသည်၊ FBကိုကျေးဇူးတင်ပါသည်၊ ----- တွေကိုကျေးဇူးတင်ပါသည်။

တကယ်တော့ ကျနော်က blog ဖတ်သူ တစ်ယောက်ပါ၊ blog ဖတ်ဖြစ်အောင် blog နှင့်မိတ်ဆက်ပေးသူ တစ်ယောက်ကို ကျေးဇူးတင်ပါသည်၊ blogတွေကို ဆက်ဖတ်ဖြစ်နေအောင် ကျနော်ကိုဆွဲဆောင်သွားတဲ့ blog ရေးသူနှစ်ယောက်ကတော့ ကိုမင်းဒင် နှင့် နိုင်းနိုင်းစနေ တို့ဖြစ်ပါသည်၊ ဖြစ်ပျက်ရှာပုံတော်နှင့် သက်ခိုင်ဇာတ်လမ်းတွဲတွေကနေ စနေအကြိုက် ဘဝအပိုင်းအစလေးများက ကျနော်ကို blog လည်ဖြစ်စေခဲ့ပါသည်၊ blog လည်ဖြစ်အောင်လည်း ခင်ဦးမေ နှင့် wesheme က လင့်တွေက လွယ်ကူစေခဲ့ပါသည်။

အလွန်အေးသော ဂျပန်ရဲ့ဆောင်းတစ်ညမှာတော့၊ တိတ်ဆိတ်ခြင်းက လူကိုပိုအထီးကျန်စေပါသည်၊ ရောက်နေတဲ့နေရာကလည်း ခပ်ချောင်ကျကျ ဂျပန်မြို့လေးတစ်မြို့ နေတာကလည်း အဲဒီမြို့လေးနဲ့ ၁၀ကီလိုမီတာလောက်ဝေးတဲ့ တောင်ကုန်းပေါ်က နေရာ၊ အပန်းဖြေ Resortဆိုပေမဲ့လည်း အများအားဖြင့် ဧည့်သည်တွေက အဖိုကြီးနှင့်အဖွားကြီးတွေ ဖြစ်ကြပါသည်၊ စနေ တနင်္ဂနွေတွေမှာတော့ လူငယ်အချို့ကိုတွေ့ရသည် ဂေါက်လာရိုက်ကြတာများသည်၊ cinema ရှိသည် karaoke ရှိသည် bar ရှိသည် ဒါပေမဲ့ ဂျပန်စကားကို ၁၂၃၄ ဟိုနား ဒါစား ပဲတတ်သော ကျနော် အတွက် ဖျော်ဖြေမှုမဖြစ်ခဲ့ပါ၊ နေလာတာကလည်း ၁၅ရက်လောက်ရှိပြီဆိုတော့ ပျင်းစ ငြီးငွေ့စပြုနေပါပြီ၊ နောက်ထပ် အနည်းဆုံး ရက်၃၀ လောက်ဆက်နေရဦးမည်ဆိုတော့ စဉ်းစားသာကြည့်ပေတော့၊ အလုပ်လာလုပ်သည် ဆိုပေမဲ့ တစ်နေ့နှစ်နာရီ သုံးနာရီလောက် သွားပြီးလျှင် ဒီResort ဟော်တယ်ပြန်ပို့သည်၊ ကိုယ်companyရဲ့ဖေါ်မြူလာဒီဇိုင်းဆိုပေမဲ့ ဂျပန်တွေကသူတို့နည်းသူတို့ဟန်နဲ့လုပ်ကြသည်၊ စီးပွားရေး လျှို့ဝှက်ချက်ဆိုတာကို နားလည်လိုက်ရပါသည်၊ တိုကျို မှာ အိုဆာကားမှာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိသည်၊ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ လုပ်လို့ရသည် ဘော်ဒါတွေရှိသည်၊ ဒီမှာတော့ ကျနော့်အတွက်ဒီညဘာလုပ်ရရင်ကောင်းမလဲ အတွေးက ညတိုင်းကို မိုးချုပ်စေခဲ့ပါသည်။

မျိုးကြီးရဲ့ သီချင်းထဲကလို ငါတစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်ကို အထပ်ထပ်အခါခါ ဆိုရမလိုပါပဲ၊
ဂျပန်က ဘော်ဒါတွေက ညဘက်အလုပ်လုပ်သူတွေနဲ့ နာရီအကြာကြီး အလုပ်လုပ်သူတွေများသဖြင့် သူတို့နဲ့ဖုန်းအကြာကြီးပြောဘို့ကို အားနာသည်၊ oversea အကြာကြီးပြောဘို့ကလည်း ဈေးကြီးသည်၊ Naruto ဆိုတဲ့မြို့လေးကိုညတိုင်းသွားဘို့ကလည်း Taxi ခ မတတ်နိုင်ပါ၊ အဲဒီမှာ ရုရှား၊ ဘရာဇီးနှင့်ဖဦးထုပ်မတွေ ရှိသည်ပြောသည်၊ နောက်ဆုံးတော့ Laptop လေးကိုပဲအသုံးချရသည်၊ အင်တာနက် ဂိမ်းကစား၊ ဟို site လိုက်ဖွင့် ဒီ site လိုက်ဖွင့်၊ blog တွေလိုက်ဖတ်၊ ထွက်သမျှနီးပါးဖတ်ဖြစ်ပါသည်၊ အားနည်းချက်တစ်ခုက chatting စကားပြောခြင်းပါပဲ၊ ဟိုဘက်ကလူကို အားနာသဖြင့် chatမလုပ်ဖြစ်ခဲ့တာများသည်၊

အဲဒီမှာ အတွေးတစ်ခုဝင်လာပါသည် blog တစ်ခုလုပ်ရင်ကောင်းမလား၊
ဘုမသိဘမသိနဲ့ blog တစ်ခုကို လုပ်ဖြစ်ခဲ့ပါသည်။

Saturngod၊ ကိုရန်အောင်၊ ကိုမောင်လှ site သုံးခုထဲနဲ့ sosegado ဖြစ်လာခဲ့ပါသည်၊ သူတို့ကိုမသိပေမဲ့ ကျေးဇူးတင်လိုက်ပါသည်၊
ကျနော့် ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်ခြင်းကို ကျနော် ဖြိုခွဲလိုက်ပါသည်၊


ကျနော်က စာရေးလေ့ရေးထရှိသူတစ်ယောက် မဟုတ်ပါ၊ ကျောင်းတုန်းက ကဗျာတွေကိုရေးဖူးပါသည်၊
တကယ်တော့ ခရီးသွားမှတ်တမ်းသဘောနဲ့ blogလေးကို လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ဒီလိုနဲ့ အဲဒီကစပြီး ပျော်စရာအလေ့အထလေးတွေရှိတဲ့ blogအသိုင်းအဝိုင်းမှာ လွင့်မြောနေမိပါသည်။



…………………………………………………………..


အမှတ်တရများ


ကျနော်က blog ဖတ်သူ တစ်ယောက်ဆိုတော့၊ အင်တာနက်ရနိုင်သည့် အချိန်များ နေရာများတွင် ထွက်လာသမျှ ပို့စ်တွေကို (ကိုကြီးကျောက်၊ ခင်ဦးမေ နှင့် နောက်ဆုံး ကိုဇော်ရဲ့ဘလောက်ဂါတွေရဲ့ပို့စ်များမှတဆင့်) ဖတ်မိပါသည်၊ စိတ်ဝင်စားသော ခင်မင်ရသော သူတွေရဲ့ ပို့စ်တွေကို တစ်ခါတစ်လေ တစ်ပတ်လောက်ကြာနေပါစေ သွားဖတ်ဖြစ်ပါသည်။

မှတ်မှတ်ရရ ကျနော့်ကို ပထမဦးဆုံး comment ပေးလာသူတွေကတော့ ဘလော့ဂ်ဂါ၊ MrDBA နှင့် ပေါ့ဆိမ့် တို့ဖြစ်ပါသည်။
ပထမဦးဆုံး C Box ထဲ ရေးလာသူတွေကတော့ nm ၊ khet myint myint၊ ဘွိုင်းဇ် ၊ zt နှင့် ကိုကိုဒီဘီ တို့ဖြစ်ပါသည်။
စကားပြောဖြစ်ကြတဲ့သူတွေကတော့ ကိုကြီးမင်းဒင်၊ ဂျစ်တူးမုံရွာ၊ မြတ်မွန်၊ ကိုရင်စည်သူ၊ ကိုကြီးကျောက် နှင့် သိင်္ဂါကျော် တို့ဖြစ်ပါသည်၊ သက်သေပြချက်ကတော့ ခေါင်းပါးတဲ့ ကျနော့်လူမှုရေးပါပဲ၊ တဘက်လူကို အားနာစရာ၊ ဆယ်ကြောင်းလောက် ရေးလိုက်ရင် ၂ ကြောင်းလောက်ပဲ ပြန်ရေးနိုင်ခဲ့ပါသည်။

အမှားများစွာနှင့် စခဲ့တဲ့ ကျနော်ကို လမ်းညွှန်ပေးကြသူတွေရှိပါသည်၊ ဟိုဟာကိုဖြုတ်လိုက်ပါ ဒီလိုလုပ်ရင်ကောင်းပါလိမ့်မည် ဆိုပြီး အကြံဥာဏ်ပေးခဲ့သဖြင့် လမ်းကြောင်းလေးမှန်ခဲ့ပါသည်၊ မရွှေစင်ဦး၊ ကိုကြီးကျောက်၊ မောင်ပါလ နှင့် လသာည တို့ဖြစ်ပါသည်၊ အသုံးဝင်စရာ မြန်မာ စာလုံးပေါင်း Reference ကိုတော့ ကိုဇော်ဆီမှရခဲ့ပါသည်။

ရေးအဖေါ်အပေါင်းများဖြစ်ကြသော မောင်မိုး၊ ကိုကိုးအိမ်၊ အဖြူလေး၊ လသာည၊ အင်းကြင်းသန့်၊ သိင်္ဂါကျော်၊ သဒ္ဒါလှိုင်း၊ ကိုအောင် (ပျူနိုင်ငံ)၊ အဖြူရောင်နတ်သမီး၊ မြတ်မွန်၊ မီးမီး၊ စိတ်၏ဖြေရာ၊ မောင်လေး၊ blackzone၊ နတ်ဆိုးလေး၊ ဆင်တဲအုပ်စု၊ ZT ၊ TYZ ၊ နေဝသန်၊ ကြည်ဖြူပိုင်၊ ပူးတေ၊ flowerpoem၊ မြသွေးနီ၊ ညအင်္လကာ၊ အုပ်ကြီး၊ အတွေးကမ္ဘာ၊ ဝက်ဝံလေး၊ Bravo၊ ချစ်ကြည်အေး၊ Rose of Sharon၊ ချင်းမလေး၊ ကိုပီတာ၊ ခနွဲ၊ ခင်မာလာအောင်၊ ကေသွယ်၊ သော်ဇင်စိုး၊ စန္ဒကူး၊ သက်တန့်ချို၊ ကိုရီး{ကိုကြီး}၊ sangpi၊ tharzoe၊ ဆောင်းယွန်းလ၊ သောစေယျံ၊ အင်္ဂါဟူး၊ မြလေးသျှင်၊ မေကျော်၊ july Dream၊ ငဝန်နဒီ နှင့် ညလင်းအိမ်
အသစ်ထွက်တိုင်းအမြဲရောက်ဖြစ်တဲ့ မချော၊ မြစ်ကျိုးအင်း၊ မေဓါဝီ၊ ဏီလင်းညို၊ အိမ်ချမ်းမြေ့၊ သက်ဝေ၊ ကိုဇော်၊ ပန်ဒိုရာ နှင့် ဆိုနာတာ ကာနာတာ

နောက်ပိုင်းမှာသွားဖြစ်တဲ့ အန်တီတင့် ၊ မဒမ်ကိုး၊ ဟန်ကြည်၊ Anglehlaing၊ တီတီဆွိ၊ ငယ်နိုင်၊ မန်းကိုကို၊ Jasmine၊ Rita၊ ငွေလမင်း၊ အေအေတီအို၊ ကေ၊ မိုးယံ၊ မေသိမ့်သိမ့်ကျော်၊ စော အဝါရောင်၊ ညိမ်းနိုင်၊ ရွှေပြည်သူ၊ Phyo Phyo Hlaing၊ ဗညားရှိန် နှင့် မေခင်

လာဖတ်လေ့ရှိသော
စည်းစိမ် ၊ Lwin lwin, Sint, Nyangyi, min min, yamin, kmo, gyidaw, SDL, N/A နှင့် အမည်မဖေါ်သောသူများ နှင့်

အမည်ကျန်ခဲ့သူများကို…..

အားလုံးကို ကျေးဇူးတင် အမှတ်တရရှိပါသည်။



Tuesday, August 23, 2011

ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောကျ်ားမဟုတ်ဘူး (၄)


သမီးကျောင်းပို့၊ အလုပ်သွား၊ အလုပ်ပြန်၊ သမီးကျောင်းကြို၊ ပုံမှန်အိမ်မှုကိစ္စများကို လုပ်နေရင်းနဲ့ပင်၊ ခုတစ်လော စိတ်မရှည်မှုတွေများလာသည်၊ အလုပ်ထဲတွင်လည်း မှားလုပ်မိသော အလုပ်များလည်း များလာသည်၊ မှားလုပ်မိသော စာရွက်စာတမ်းများကို စက်ထဲချေမပစ်ပဲ၊ တစ်စစီဆုတ်နေမိသည်၊ ကိုယ်ဟာကို မှားနေမှန်းသိ၍ ပြန်လုပ်နိုင်ခဲ့သဖြင့်တော်သေးသည်၊ 

အလိုလိုနေရင်း ဒေါသဖြစ်လိုက်၊ တစ်ခါတစ်ခါ စိတ်အားငယ်လိုက်နဲ့၊ ဘာကိုဒေါသဖြစ် ဘာကိုစိတ်အားငယ်နေမှန်း မသိတော့ပါ။ 

ဆရာဝန်နဲ့ပြဘို့ကြံမိပါသည်၊ စိတ်ငြိမ်ရင်ပြီးရောဆိုပြီး face book ဖွင့် blogging လုပ်မိသော တစ်ချို့ညတွေ မိုးလင်းခါနီးမှ အိပ်ဖြစ်သဖြင့် မနက်မနည်းကြိုးစားပမ်းစားထယူရသော အကြိမ်တွေလဲမနည်းတော့၊ တစ်ခါတစ်လေ သမီးလေးကို ငေါက်ငမ်းမိသည်၊ ဒီမှာ အမေအိမ်အလုပ်တွေမပြီးဘူးဆိုတာမသိဘူးလား၊ အိမ်ရှေ့သွားနေ အမေလာခဲ့မယ်၊ စသဖြင့်ပေါ့လေ၊ သမီးလေးက ထိုအခါမျိုးတွင်ကျမကို သေချာကြည့်နေတတ်ပြီး၊ ‘May May.. Are you OK’ လို့ဆိုလိုက်တော့ ကျမဒေါသတွေ ခဏပျောက်ကွယ်သွားရပါသည်၊ သမီးလေးကိုထွေးပွေ့လိုက်ရင်း မေမေဒါလေးပြီးအောင်လုပ်ပြီး သမီးဆီလာခဲ့ပါမယ်၊ လိမ်မာတယ်နော်သမီးလို့ ပြောလွတ်လိုက်ရပါသည်၊ သမီးလေးရဲ့အမြင်မှာ ကျမတစ်ခုခုဖြစ်နေပြီလား၊ စိတ်ထဲမှာတော့ သမီး PSLE စာမေးပွဲ ဖြေရမဲ့နှစ် အမေ အလုပ်ထွက်ပါမယ်၊ အမေ့အတွက် သမီးလေးဟာအဓိကပါကွယ်လို့ ပြောနေမိသည်။ 

အလိုလိုနေရင်း မျက်နှာမြင်လိုက်လျှင် ကျမ မကျေမချမ်းဖြစ်ရသူကတော့ ကျမယောကျ်ားဆိုသူကိုပါပဲ၊ 
ကျမတို့ စကားသိပ်မပြောဖြစ်ကြပါ၊ လိုအပ်သည်များကိုသာ ပြောဖြစ်ကြသည်၊ သူ့မျက်နှာမြင်ရလျှင် ဒေါသဖြစ်လာသလိုလို၊ တစ်စုံတစ်ခုကို ပေါက်ပစ်လိုက်ချင်စိတ်၊ ခွဲပစ်လိုက်ချင်စိတ်တွေဖြစ်လို့နေတတ်သည်၊ ဒီအတွက် သူနဲ့မျက်နှာချင်းဆိုင်တွေ့ဘို့ ကျမရှောင်ပါသည်၊ စျေးဝယ်ရင်လိုအပ်သည်ထက် ပိုကြာလာသည်၊ တကယ်တော့ ဘာဝယ်ရမှန်းမသိ ပတ်နေမိခြင်းသာဖြစ်သည်၊ အိမ်အလုပ်တွေများများလုပ်ပစ်လိုက်သည်၊ ဒါကိုပဲ အလိုက်မသိ အလုပ်တွေများနေလား ဘာလုပ်ပေးရမလဲ လာ၍မေးသေးသည်၊ ရန်မဖြစ်ချင်၍ ကလေးကိုစာပြနေလိုက်ပါလို့ပြောပြီး ရှောင်ခဲ့ရသည်၊ တစ်ခါတစ်လေ Informatics ကျောင်းမှာတရားပွဲသွားဖို့ခေါ်သည် အိမ်အလုပ်မပြီးရတဲ့အထဲ အလိုက်မသိပေ နည်းနည်းငြူစူလိုက်မှ သမီးကိုပါခေါ်ကာ တရားပွဲထွက်သွားသည်၊ ကျမအရွယ်က တရားပွဲသွားရမဲ့အရွယ်လား သူ မစဉ်းစားပေ၊ တရားပွဲတွင် သမီးကိုဘယ်လိုထိန်းမလည်း ကျမစဉ်းစားမိပါသည်၊ အချိန်တန်တော့ အဖေနှင့်သမီးတို့ပြန်ရောက်လာသည်၊ သမီးထံမှ ဘာကွန်ပလိမ်းမှ မကြားရပါ၊ အဖေနှင့်ဆို ဘာမှာ ဂျီမကြတဲ့သမီးလို့ စိတ်ထဲကပြောနေမိသည်။ 
………………………………………………………………………..

ကျမလေးစားရသော မန်နေဂျာတစ်ယောက် ရုံးမှာသူအဆင်မပြေတဲ့အကြောင်းရင်ဖွင့်လာခဲ့သည်၊ ကျမအံ့အားသင့်ရပါသည် အလုပ်ကြိုးစားသူ စိတ်ပါလက်ပါလုပ်တတ်သူတစ်ယောက် ဘာလို့အဆင်မပြေဖြစ်တာပါလိမ့်၊ အသက်လေးဆယ်ကျော် ငါးဆယ်နီးတွေဆို အလုပ်ရှင်တွေက သိပ်ခိုင်းမကောင်းတော့ဘူးထင်၍ အမြဲကြည့်နေတတ်သလို၊ နောက်ဝင်လာသည့် လူငယ် လူသစ်တွေရဲ့ အတိုက်အခိုက်လည်း ခံရလေ့ရှိသည်၊ မနေတတ်မထိုင်တတ်လျှင် ပြဿနာတွေဖြစ်လာမည် အခက်အခဲတွေကြုံလာရတတ်သည်ဟု ပြောပြသည်၊ ငါနောင်နှစ်ဆို အသက်ငါးဆယ်ပြည့်တော့မယ််၊ ဒီနိုင်ငံမှာ အသက်လေးဆယ်ကျော်လာရင် အလုပ်မြဲဘို့သတိထားရသည်၊ office politic ကိုသူကရှင်းပြတော့ ကျမပို၍ရှုပ်ထွေးသွားရသည်၊ ဒီအတွက် တစ်ချို့ဝါရင့်သမားများသည် ကိုယ်အလုပ်မြဲရေးအတွက် နောက်လူကို မသင်ပေးမှုများရှိလာတတ်တယ်၊ သူဌေးတွေကလည်း လူသစ်အမြင်သစ် စျေးနည်းနည်းသက်သာတာကိုပဲ လိုချင်ကြသည်မဟုတ်လား၊ သူ့အတွက်တော့ ကိစ္စမရှိ Professional Pharmacist ဖြစ်နေ၍ အလုပ်ပေါပါသည်ဆိုသည်၊ politic ဆိုတာ ဘယ်မှာပဲဖြစ်ဖြစ် မကောင်းကြပါလားလို့ ကျမကောက်ချက်ချမိသည်။ 

ဒီအကြောင်းတွေစဉ်းစားမိတော့ သမီးရဲ့အဖေကို သတိရလိုက်သည်၊ သူလည်း အသက်လေးဆယ်ကျော်သွားပါပြီ၊ အလုပ်တွင်ရင်ဆိုင်နေရတာကို ကျမကိုဖွင့်မပြောပဲနေတာဖြစ်ပါလိမ့်မည်၊ ကျမဘက်ကလည်း ဘယ်နှစ်ခါ စိတ်ဝင်တစားမေးမြန်းခဲ့ဘူးလို့လဲ၊ နောက်ပြီးသူက နိုင်ငံခြားသားဖြစ်နေတော့ ကျမမန်နေဂျာထက်ပင်ပိုဆိုးနိုင်သည်၊ ဒါမှမဟုတ် သူဌေးတွေက စျေးပေါအလုပ်ပြီးတာပဲလိုချင်လျှင်တော့ သူအလုပ်မြဲနေပါဦးမည်၊ ခုမှကျမစိုးရိမ်စိတ်ဝင်လာမိသည်၊ တကယ်လို့ သူအလုပ်အဆင်မပြေ ဖြစ်သွားခဲ့လျှင် ဘယ်လိုလုပ်ကြမလဲ အလုပ်ပြောင်းလုပ်သည်ထားဦး ကြားထဲမှာ ကသီလင်တဖြစ်ဦးမည်၊ ဒီနိုင်ငံရဲ့ ပေါ်လစီတွေက အမြဲပြောင်းလဲလေ့ရှိသည်၊ ကျမအတွက်ပထမဦးဆုံးအကြိမ် သူ၏အရေးပါမှုကို စဉ်းစားမိခြင်းဖြစ်ပါသည်၊ သူများတွေနဲ့တော့ တူလိမ့်မည်မဟုတ်ပါ၊ ကျမနှင့်သမီးလေးက ဒီနိုင်ငံခြားတိုင်းပြည်မှာ သူ့ရဲ့မှီခိုသူတွေမဟုတ်ပါလား၊ အမြဲတမ်းနေထိုင်ခွင့်ပဲ ရနေပါစေ၊ ဘယ်လိုပဲနေထိုင်နေပါစေ၊ တစ်စုံတစ်ရာသော အပြောင်းအလဲများ မထင်မှတ်သော အဖြစ်အပျက်များက အချိန်မရွေး ဒီနိုင်ငံက ထွက်သွားစေနိုင်သည် မဟုတ်ပါလား။ 

ကျမသူငယ်ချင်း ယမင်းတို့ မိသားစု အမေရိကားကို ပြောင်းမည်ဆို၍၊ အိမ်ပစ္စည်းကူသိမ်းပေးရန် ကျမယမင်းတို့အိမ်သို့ထွက်လာခဲ့သည်၊ Bus ကားပေါ်မှာ ကျမဘေးနားက ဆယ်ကျော်သက်ကောင်လေးနှစ်ယောက် ပြောနေတာကြားရတော့ ကျမ သက်ပြင်းတွေအကြိမ်ကြိမ်ချမိသည်၊ ပထမဦးဆုံးတော့ ဒီကလေးနှစ်ယောက်ကို မလေးလူမျိုးတွေလို့ပဲထင်လိုက်မိသည်၊ သူတို့ပြောနေတာကြားလိုက်ရမှ မြန်မာလေးတွေဖြစ်ကြောင်းသိလိုက်ရသည်၊ တကယ်တော့ သူတို့နှစ်ယောက်အင်္ဂလိပ်လိုပြောနေကြခြင်းဖြစ်သည်၊ ငါအဖေဒီအဖိုးကြီးကို ငါမကြိုက်ဘူး အိမ်ပြန်လာရင် ငါတို့ကိုဆူဘို့ပဲသိတယ်၊ အဖိုးကြီးကအလုပ်၆ရက်လုပ်တယ်၊ တစ်ခါလုံးအလုပ်ကြီးပဲ လုပ်နေပြီး အပြင်မှာဘာဖြစ်နေလဲသိတာမဟုတ်ဘူး၊ ငါအစ်ကို ITE စက်မှုအထက်တန်းကျောင်းပဲတက်ရတယ်၊ အဲဒါကိုအပြစ်ပြောလို့မဆုံးဘူး၊ စာကြိုးစား စာလုပ် ဒါချည်းပဲပြောနေတာ ဘယ်လိုကြိုးစား ဘယ်လိုလုပ် ပြောတတ်တာလည်းမဟုတ်ဘူး၊ ဒါကြောင့်တစ်ခါတစ်လေ ခက်တာတွေ ငါတမင်သွားမေးကြည့်တယ် သူမဖြေနိုင်ဘူး၊ အဖိုးကြီးကို ငါကြိတ်ရယ်လိုက်တယ်၊ တစ်ခါတစ်လေ ငါ့အစ်ကိုနဲ့ငါ အင်္ဂလိပ်လိုပြော ဒါမှာမဟုတ် တရုတ်လိုပြောရင် အဖိုးကြီးရော အဖွားကြီးရော နားမလည်ဘူး၊ အဖွားကြီးဆိုပိုဆိုးတာပေါ့၊ ဟိုနေ့က ငါ့အစ်ကို သူ part time လုပ်တဲ့ပိုက်ဆံနှင့် iphone ဝယ်လာတာကိုဆူလို့ကို မပြီးဘူး၊ iphone များလူတိုင်းကိုင်နေတာ၊ ငါအစ်ကိုများ အဆူခံနေတာ၊ ငါသာဆို အိမ်ပေါ်ကဆင်းသွားပြီ၊ ငါလဲငါ့အစ်ကိုကို အဖိုးကြီးနှင့် အဖွားကြီး မသိအောင် တရုတ်လိုလှမ်းပြောလိုက်တယ်၊ သူမကိုင်နိုင်လို့ မနာလိုဖြစ်တာနေမှာပေါ့လို့၊…………. 
ကျန်ကောင်လေးတစ်ယောက်ကလည်း အိမ်မှာ ငါလည်းဒီလိုပဲ စာကျက်ရင်းနဲ့ ငါနဲ့ငါ့ညီမ ရုပ်ရှင်အကြောင်း၊ တီဗွီအကြောင်း ကိုရီးယားဇာတ်လမ်းတွေ ဂိမ်းတွေအကြောင်း၊ ကျောင်းက ကောင်လေး ကောင်မလေးတွေအကြောင်း တရုတ်လိုပြောကြတယ် သူတို့ကတော့ စာဆွေးနွေးနေတာပဲထင်နေတာ၊ ရယ်ရတယ်ကွာ……………. 
ကျမရင်ထဲမှာ တစ်မျိုးကြီးသော ခံစားမှုတစ်မျိုးဝင်ရောက်လာသည်၊ တကယ်တော့ ဒီကလေးတွေကျမနဲ့ ဘာမှမဆိုင်ပါ၊ သူတို့ပုံစံ သူတို့လမ်းကြောင်းသွားမှာပဲဖြစ်သည်၊ ဒါပေမဲ့ တစ်ခုခုကိုဆုံးရှုံးလိုက်ရသလို စိတ်မချမ်းသာမှုတစ်ခုကို ကျမခံစားလိုက်မိသည်၊ နောက်ပြီး နိုင်ငံခြားရောက်မှ ညံ့သွားတဲ့ ကျမအတွက် သမီးလေးကြီးလာရင် ဘယ်လိုလဲဆိုတဲ့ အတွေးတွေ ဝင်လာခဲ့မိသည်၊ ကျမ သမီးရဲ့အဖေ ပြောခဲ့တာကို သတိရလိုက်မိသည်၊ “ဖေဖေ မေမေလို့ မြန်မာလိုခေါ်တတ်တာနဲ့ မင်းအတွက်လုံလောက်သွားပြီလား၊” ဆိုတာကိုပင်ဖြစ်သည်၊ ကျမပထမဦးဆုံးအကြိမ် သူပြောခဲ့တဲ့ စကားတစ်ခွန်းရဲ့ အလေးအနက်ကို စဉ်းစားမိခြင်းဖြစ်ပါသည်။ 

………………………………………………………………………..


ကျမ မနက်စောစောထမိတဲ့အချိန်မှာ ခေါင်းတအားမှုးကိုက်နေ၍ ခဏပြန်လှဲအိပ်လိုက်သည်၊ မနေ့က ယမင်းတို့အိမ်ကအပြန် မိုးမိသည် နည်းနည်းလည်းပင်ပန်းသွားသည်လည်းပါမည်၊ ကျမတော့ဖျားနေပြီဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်သည်၊ အဖျားတိုင်ကိုယူပြီးတိုင်းကြည့်လိုက်သည် အဖျားရှိ၍နေပြီ၊ နိူကိုလီတစ်လုံးသောက်လိုက်ပြီး ဆက်၍အိပ်နေလိုက်မိသည်၊ ခဏနေကြာသမီးနှင့်သူ့အဖေ နိုးလာသည်ကိုသိနေသည်၊ သူတို့ပြောနေတာကို မကြားတစ်ချက်ကြားတစ်ချက်ပါ၊ မေမေ နေမကောင်းဘူးဟုတ်လားဖေဖေ၊ ဟုတ်တယ် သမီးအမေနေမကောင်းဘူး ဖေဖေဒီနေ့ကျောင်းလိုက်ပို့မယ်……စကားသံတွေကိုကြားပြီး ကျမအိပ်ပျော်သွားသည်ထင်သည်။ 

ကျမမြေအောက်လမ်းထဲမှာရောက်နေပြီး အပြင်သို့ထွက်ရန်ကြိုးစားနေမိသည်၊ ပြေးလည်းပြေးနေမိသည်၊ ဘယ်သူတွေက ကျမနောက်ကိုလိုက်နေမှန်းမသိပါ၊ ပြေးရင်းပြေးရင်းမောလာသည် ထွက်ပေါက်ကရှာမတွေ့ပေ၊ မောလွန်းလို့လဲကျသွားမလောက်ဖြစ်ရသည် အားတင်းပြီးကျမပြန်ပြေးပြန်သည်၊ တစ်နေရာမှာတော့ နေရဲ့အလင်းရောင်ကိုတွေ့၍ တအားပြေးမိပြီးအပေါ်တက်ဖို့ကြိုးစားလိုက်သည် ကျမမောပြီးမခံနိုင်ပဲ ဘေးကချောက်ထဲကျသွားသည်၊ လုပ်မိလုပ်ရာ လှမ်းဆွဲလိုက်တော့၊ ကျမလက်တစ်ဖက်ကိုဆုပ်ကိုင်မိသည်၊ ပါးစပ်ကလည်း ကျမကိုလွတ်မချလိုက်ပါနဲ့ လွတ်မချလိုက်ပါနဲ့လို့ လည်း အော်နေမိသည်။ ဒါအဖေကြီးရဲ့လက်ပဲ ကျမ မလွတ်တမ်းဆုပ်ကိုင်ထားမိသည်၊ အောက်သို့ဆက်မကျစေရန်ဖြစ်သည်။ 

‘အမေကြီး’ ‘အမေကြီး’ ဆိုပြီးခေါ်နေသော သမီးလေးအဖေရဲ့ခေါ်သံကိုကြားမိသည်၊ မျက်စိဖွင့်လိုက်တော့ အလင်းရောင်တန်းစူးကနဲ ဝင်လာသဖြင့် ပြန်ပိတ်လိုက်မိသည်၊ ဖြေးဖြေးခြင်းပြန်ဖွင့်လိုက်တော့ သမီးလေးရဲ့အဖေ မျက်နှာကိုမြင်လိုက်ရသည်၊ ကျမရဲ့လက်နှစ်ဘက်စလုံးက သူ့လက်တစ်ဘက်ကို ဆုပ်ကိုင်ထားသည်ကို သတိထားမိသည်၊ 
‘နိုးလာပြီးလား အမေကြီး၊ အိမ်မက်မက်ပြီး ဗလုံးဗထွေးအော်နေလို့ နိူးလိုက်တာ၊’ ‘ဒီမှာ ရေလေးသောက်လိုက်’ အေးမြသော ရေရဲ့အရသာကိုခံစားလိုက်ရသည်၊ သူ ကျမကိုရေပတ်တိုက်ပေးနေခဲ့သည်ကိုသိလိုက်ရသည်၊ ကျမအဖျားကြီးပြီးအိပ်ပျော်အိမ်မက် မက်နေရာမှ ပြန်နိုးလာခြင်းဖြစ်သည်၊ အမေကြီးအဖျားတက်နေလို့ အဖေကြီးဒီနေ့အလုပ်မသွားဘူး၊ ခဏနားပြီးရင်ဆေးခန်းသွားပြရအောင်၊ အိမ်နားကဆေးခန်းကိုပဲ သွားပြဖြစ်ပြီး အိမ်မှာပြန်နားဖြစ်သည်၊ ဆေးခန်းရောက်တော့ အဖျားသိပ်မရှိတော့ ပန်းဖျားဖြစ်ဖို့များသည်ဟု သူကဆိုသည်၊ ကျမနားနေတုန်းမှာ သူသည် ကလေးကိုကြိုရန်ထွက်သွားသည်၊ ကျမရုံးကိုလည်း မနက်ကသူဖုန်းဆက် အကြောင်းကြားထားကြောင်း သိရသည်၊ ကျမဘဝမှာ သူရဲ့ပြုစုတာကို ပထမဦးဆုံးအကြိမ် ခံရဖူးခြင်းဖြစ်ပါသည်။ 

သမီးကျောင်းကရောက်ရောက်ချင်း ကျမဆီတန်းလာပြီး မေမေနေကောင်းလား၊ နေကောင်းသွားပြီမဟုတ်လား မေးလာသည်၊ ကျမကခေါင်းငြိမ့်ပြလိုက်တော့၊ သမီးကကျောင်းမှာလည်း မေမေနေကောင်းအောင်ဆုတောင်းနေတာ၊ ဒီအချိန်မှာ အဖေကြီးရောက်လာပြီး ကျမကိုဆေးသောက်ဖို့လာပြောသည်၊ ကျမဆေးသောက်နေတဲ့ အချိန်မှာတော့ သမီးလေးကနောက်က ‘မေမေ ဘုရားဆေး၊ တရားဆေး၊ သံဃာဆေး ပျောက်ပျောက်’ လို့ဆုတောင်းတာကြားလိုက်ရတော့ ကျမအံ့သြမိသည်၊ သမီးလေးဘယ်လိုသိလည်းလို့မေးတော့ ဖေဖေဆီကသိတယ်လို့ပြောသည်၊ ပြီးနောက်သမီးလေးက ကျမကိုဘုရားခန်းထဲခေါ်လာခဲ့သည်၊ သမီးလေးက မေမေအတွက်ဆုတောင်းပေးမယ် ဒီမှာထိုင်ကြည့်ဆိုပြီး “ဗုဒ္ဓံပူဇေမိပါဘုရား၊ ဓမ္မံပူဇေမိပါဘုရား၊ သံဃာပူဇေမိပါဘုရား၊” “သမီးအမေ နေမကောင်းတာပျောက်ကင်းပါစေဘုရား” ဆိုပြီး ဘုရားကို ဦးသုံးကြိမ်ချ ရှစ်ခိုးနေသည်ကို တွေ့ရသည်၊ ကျမ ထပ်အံ့သြမိသည်၊ အဖေကြီးက သင်တတ်တာပဲလို့ စိတ်ထဲကမှတ်လိုက်သည်၊ 
သမီးဆုတောင်းလိုက်ပြီမေမေ မေမေနေကာင်းသွားပြီမဟုတ်လား၊ 
ဟုတ်တယ်သမီး မေမေလုံးဝနေကောင်းသွားပြီ၊ ကျမဘဝတွင်မထင်မှတ်သော ဝမ်းသာကြည်နူးမှုတစ်ခုကို ခံစားလိုက်မိသည်၊ ပီတိနဲ့ယှဉ်သော ဝမ်းသာမှုမျိုးဖြစ်ပါသည်။ 

သမီးလေးကို ကျမ ပွေ့နမ်းမိလိုက်သည်၊ ချစ်လိုက်ရတာ သမီးရယ်၊ 
သမီးလေးက ကျမကိုကြည့်ပြီး၊ 
သဝေထိုးမရေး မေ၊ သဝေထိုးမရေး မေ၊ မေမေ၊ 
သရေးနောက်ပစ် သဲ၊ သရေးနောက်ပစ် သဲ၊ သဲသဲ၊ လို့ဆိုပြီး ပုံကလေးထုတ်ပြသည်၊ 
ပုံထဲမှာတော့ အမေနှင့်ကလေးပုံကို သမီးဆွဲထားပြီး နှစ်ယောက်ကြားမှာ အသဲပုံကြီးဆွဲထားသည်၊ အမေပုံအောက်မှာ မေမေလို့ မြန်မာလိုရေးထားပြီး၊ ကလေးပုံအောက်မှာ သဲသဲလို့ဆိုပြီးရေးထားသည်၊ 
ကျမ အံ့သြမှုတွေပို၍ပို၍ ထပ်၍ထပ်၍ ဖြစ်နေရသည်၊ သမီးလေးမြန်မာစာတတ်နေသည်၊ စနေ တနင်္ဂနွေများတွင် သမီးကိုထိန်းရသောအဖေကြီးသည် သမီးကိုထိန်းရင်းနဲ့ စာတွေပါသင်ပေးခဲ့သည်ပါလား၊ 
မေမေဒီမှာလာကြည့် သမီးလေးသည်ကျမကို သူ့အဖေကွန်ပြူတာဆီခေါ်သွားသည်၊ အဖေကြီးသည် သူ့ကွန်ပြူတာကို သမီးကိုသုံးခွင့်ပေးထားသည်၊ သမီးလေးသည် ကွန်ပြူတာကို သူ့ကွန်ပြူတာအလား တစ်ခုပြီးတစ်ခုဖွင့်ချသည်၊ နောက်ဆုံး program တစ်ခုကိုဖွင့်ပြသည်၊ 

ကကြီးရေးက၊ ကကြီးရေးချ ကာ၊ ခခွေးရေးခ ခခွေးရေးချ ခါ၊ 

ဒီမှာထပ်ကြည့်ဦးမေမေ ဆိုပြီးနောက်ထပ်အထဲကိုဝင်ပြသည်၊ 

ဖိုးသာထူး ဖိုးသာထူး 

အလွန်ဝတဲ့ ဖိုးသာထူး၊ 

ဖိုသာထူးက ဗိုက်ပူပူ…. 

ဖိုးဝကြီးနဲ့တူ…………. 

အခြေခံမှုလတန်း မြန်မာစာ သင်ခန်းစာ program လေးပါပဲ၊ 
အဖေကြီးတစ်ယောက် ဒီsoftwareလေးကို ဘယ်ကရတာပါလိမ့်၊ ကျမတွေးမိသည်၊ တော်တော်လည်း တတ်နိုင်တဲ့အဖေ ကလေးကိုမြန်မာပီသစေချင်တယ်တဲ့လား။ 

သမီးလေးက ထပ်ပြီး၊ ဒီမှာကြည့်ဦးမေမေ ဆိုပြီး facebook ကိုဖွင့်လိုက်သည်၊ 
ကျမ 'ဟင်'ကနဲဖြစ်သွားရသည်၊ သမီးလေး facebook ဖွင့်တတ်ကြည့်တတ်ပါသလား၊ သူအဖေကလည်း auto on ထားပေးသည်၊ 
facebook တစ်ခုကိုဖွင့်လိုက်သည်၊ older post ကိုသွား၍၊ 
'ဒီကညီမလေးကိုကြည့် မေမေ' 
မြန်မာကလေးလေးတစ်ယောက်၊ မျက်မှန်နဲ့ကောင်မလေး၊ မှုလတန်း မြန်မာစာ သင်ခန်းစာတွေကို ရွတ်နေသည်၊ ကဗျာတွေကိုရွတ်နေသည်၊ ပြီးတော့ ၃၈ဖြာ မင်္ဂလာကိုရွတ်နေသည်၊ ‘ဒီညီမလေးက အမေရိကားကလေ မေမေ၊’ သမီးလေးကဆိုသည်၊ 
ဒီကလေးမလေးကို ကျမသိပါသည်၊ နယူးယောက်က အဖေကြီးသူငယ်ချင်းရဲ့ သမီးလေး၊ နယူးယောက်မှာမွေးတဲ့အမေရိကန်သူ မြန်မာမလေး၊ တော်လိုက်ကြတဲ့ ကလေးတွေ၊ အဲဒီ့သမီးလေးက အင်္ဂလိပ်လို ပုံပြောလည်းအရမ်းကောင်းသည်ဟုဆို၏၊ မြန်မာပုံပြင်တွေကို အင်္ဂလိပ်လိုပြန်ပြောလေ့ရှိသည်ဟု သိရသည်၊ မဟုတ်မှာလွဲရော အဖေကြီး သူ့သူငယ်ချင်းဆီက နည်းတွေရကြတာဖြစ်လိမ့်မည်၊ စိတ်ထဲမှာ တော်တော် တော်တဲ့အဖေတွေလို့ဆိုပြီး၊ ကျမပထမဦးဆုံးအကြိမ် ချီးကျူးမိလိုက်ပါသည်။ 
…………………………………………………………………..

ကျမနေကောင်းပျောက်သွားခဲ့ပါပြီ၊ 

စိတ်မကောင်းတာတွေလည်း ပျောက်သွားခဲ့ပါပြီ၊ 
လိုချင်တာတွေ ဖြစ်ချင်တာတွေကို လက်တွေ့နဲ့ကြည့်တတ်အောင် သမီးလေးနှင့်သူ့အဖေကသင်ပေးခဲ့ပါသည်။ 
စင်္ကာပူတွင် လုပ်သောတရားပွဲများကို ကျမတို့မိသားစုလိုက် တရားနာသွားဖြစ်ကြပါသည်၊ 

Co-existence, Harmony, Peaceful life ကို နေနိုင်ရန် Confession မှသည် Forbearance, Forgiveness နောက်ဆုံး Forgetness လုပ်နိုင်ရမယ်ဆိုတဲ့ သီတဂူဆရာတော်ဘုရားကြီး၏ တရားကိုနာခဲ့ရပါသည်။ 

ဒီကျောင်းရက်ရှည်ပိတ်ရက်မှာတော့ ကျမတို့မိသားစုလေး မြန်မာပြည်ကိုအလည်ပြန်ပါမည်၊ 
သမီးလေးက အဖိုးအဖွားများကို တွေ့ချင်သလို၊ အဖိုးအဖွားများကလည်း သမီးလေးကို တွေ့ချင်ပါလိမ့်မည်။ 
သမီးလေးပြောနေသော ရွေဘုရားကြီး (ရွေတိဂုံဘုရား)ကို သူကိုယ်တိုင်ဖူးရပါတော့မည်။ 

မိုးတွေတအားရွာနေတယ်၊ ရေတွေကြီးနေတယ်တဲ့၊ 
ဘယ်လိုပဲဖြစ်နေပါစေ ကျမတို့ကတော့ ဒီကျောင်းပိတ်ရက်ကို မြန်မာပြည်ကိုသွားကြမည်ဖြစ်ပါသည်၊ 
မြန်မာပြည်ဟာ ကျမတို့တိုင်းပြည်မဟုတ်ပါလား။ 

ပြောရဦးမယ် ခုကျမဘေးနားမှာ အိပ်နေတဲ့သူဟာ ကျမယောက်ျား မဟုတ်ပါဘူး၊ 
ကျမရဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါ။ 

နောက်ထပ်ပြောရဦးမယ်၊ ကျမသမီးလေးကြီးလာရင် 
ဘယ်သူပြောနိုင်မလဲ 
ဧရာဝတီကို ကယ်တင်မဲ့သူဆိုတာ 
ဟုတ်တယ် ကျမတို့က တကယ် ဘာမှ မလုပ်နိုင်ခဲ့ဘူးလေ မလုပ်နိုင်ကြဘူးလေ။ 



ပြီးပါပြီ။ 

............................................................. 


မှတ်ချက်၊ 


တစ်စုံတစ်ယောက်ရဲ့ အဖြစ်ကို၊ 
ကျနော်ခံစားရေးပေးလိုက်ပါသည်။ 
မှားခဲ့သည်ရှိသော် ကျနော်ည့ံ၍ ဖြစ်ပါသည်။ 
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ 

Friday, August 12, 2011

ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောကျ်ားမဟုတ်ဘူး (၃)



တကယ်တန်း အလုပ်ပြန်လုပ်မည်ဆိုတော့ ကိုယ့်ကိုကိုယ်မှန်ထဲကြည့်မိသည်၊ အိမ်ထောင်ရှင် ကလေးအမေ အမျိုးသမီးတစ်ယောက် ဝဝ လာတာအဆန်းမဟုတ်ပေမဲ့၊ ခုမှ ကိုယ့်ကိုကိုယ် နည်းနည်းဝနေကြောင်း သတိထားမိသည်၊
ငါဘာလုပ်မှာလည်း ဒီအရွယ်ကြီး ငါကိုအလုပ်ခန့်ဦးမလား၊ 7/11 တွေ Watsons ဆိုင်တွေမှာ အရောင်းစာရေးဝင်လုပ်ရင် ကောင်းမလား၊ အိမ်အလုပ် သမီးအလုပ်တွေနဲ့ ဆိုင်အလုပ်ပါ ပါလာရင် ငါနိုင်ပါမလား၊ တစ်နေကုန် ရပ်နိုင်ပါမလား၊ မေးခွန်းတွေများစွာထုတ်မိသည်၊ ငါအလုပ်လုပ်တာ မလိုအပ်ဘူးပဲထားဦး နောင်ရေးအတွက်စုဆောင်း ငွေတွေရတာပေါ့၊ တိုင်းတစ်ပါးနိုင်ငံမှာ ငွေဖြင့်ရပ်တည်နေရသည် မဟုတ်ပါလား၊ တစ်ချို့အမျိုးသမီးတွေများ ကံကောင်းလိုက်တာ အိမ်မှာ Maid နှင့် အလုပ်လုပ်စရာလဲမလို၊ ကျမဆက်၍မစဉ်းစားတော့ပါ၊ လက်တွေ့အရ ဒီလိုဖြစ်လာရတာလို့ပဲ မှတ်လိုက်ပါသည်။ 

လက်တွေ့ အလုပ်ရှာကြည့်တော့မလွယ်၊ office အလုပ်ပဲလုပ်ချင်သော ကျမအတွက် ကျမ၏ ပညာရေးဘက်ဂရောင်း၊ အိမ်ရှင်မအဖြစ်အကြာကြီးနေခဲ့ဘူးသည် ဆိုသောအချက်တွေက အလုပ်ခန့်ချင်သူများအတွက် စဉ်းစားစရာပင်၊ နောက်ပြီး ကလေးရဲ့အသက် ပညာရေးနှင့် မေးလာတဲ့ seriously မေးခွန်းကတော့ ကလေးထပ်ယူဦးမလားတဲ့၊ 
ကျမထင်သည် စင်္ကာပူ အလုပ်ရှင်တော်တော်များများသည် ကိုယ်ဝန်ဆောင်ခွင့်၊ ကလေးခွင့်ပေးရသည်ကို သူတို့အတွက် ခံရခက်နေသည်၊ ထိုအတွက်အလုပ်လုပ်သော အမျိုးသမီးများအဖို့ ကလေးယူဘို့အရေး တော်တော်စဉ်းစားရသည်၊ အပြစ်ရှာ အလုပ်ထုတ်ပစ်လေမလားဆိုပြီး စိုးရိမ်စိတ်များကရှိမြဲဖြစ်သည်၊ ဖြစ်လည်းဖြစ်ခဲ့တာတွေကရှိသည်မဟုတ်လား၊ အစိုးရက Baby Bonus တွေပေးနေပါစေဦး၊ law တွေ rule တွေ ရှိနေပါစေဦး၊ အလုပ်မြဲဲရေးကိုသာ ဦးစားပေးကြသည်၊ ထိုအတွက် လူဦးရေနှင့် နှိုင်းယှဉ်လျှင် ကလေးမွေးဖွားနူန်းက အရမ်းကိုနည်းပြီး၊ ကိုယ်ဝန်ဖျက်ချမှုက အများဆုံးဖြစ်နေသည်၊ စင်္ကာပူတွင် ၂၀၀၉ ခုနှစ်ထဲမှာပင် တရားဝင် abortions ပေါင်း ၁၂၀၀၀ ကျော်ရှိသည်၊ 
ကလေးထပ်ယူဦးမလားလို့မေးလာရင် ကျမရဲ့ အဖြေကလည်း Not sure ပင်၊ 
နောက်တော့ ကျမနည်းနည်းလျှော့လိုက်သည်၊ ဒီတစ်နှစ်အတွင်းမှာတော့ သေချာတယ် ငါကလေးထပ်မယူပါဘူး လို့ အဖြေကိုပြောင်းပေးလိုက်ရသည်၊ 
ဒါပေမဲ့ ကျမ လနှင့်ချီ အလုပ်ရှာသော်လည်း အလုပ်မရခဲ့၊ 
တိုက်ဆိုင်မှုလို့ပြောရမလားပင် ကျမအလုပ်ပြန်လုပ်ရန် အလုပ်ရှာနေသည်ကို၊ ကျမရဲ့အရင်အလုပ်ဟောင်းကသိသွားပြီး သူတို့ဆီမှာ လာပြန်လုပ်ရန်ခေါ်သည်၊ အရင်လခထက်လည်း ၃၀၀ ပိုပေးမည်တဲ့၊ တကယ်တော့ တက်လာတဲ့ကုန်စျေးနူန်းတွေကြောင့် လစာနူန်းထားများပြောင်းသွားခြင်းသာဖြစ်သည်၊ 
ဒီလိုနဲ့ ကျမ လုပ်ခဲ့ဘူးသော အလုပ်မှာပင် လုပ်ခဲ့ဘူးသော အလုပ်တွေကိုပြန်လုပ်ရသည်။ 

အလုပ်ပြန်လုပ်တော့လည်းမလွယ်၊ အဓိကက သမီးလေးရဲ့ကျောင်းချိန်ပါပဲ၊ သမီးလေးကို ကျောင်းပို့နိုင်ပေမဲ့၊ သမီးလေးကျောင်းဆင်းချိန် အလုပ်ကမဆင်းသေး၍ သွားမကြိုနိုင်၊ သမီးလေးကို တစ်ယောက်ထဲ ကျူရှင်သွားခိုင်းဘို့ကလည်း ငယ်သေးသည်ဟု ထင်နေမိသည်၊ ကျမအလုပ်ပြန်လုပ်မည်ဟုပြောသောအခါ သမီးအဖေ သူက ဒီဟာအခက်အခဲရှိနိုင်ကြောင်း ပြောထားပြီးဖြစ်သည်၊ ဘယ်လိုလုပ်ရမလဲလို့ အကြံအိုက်နေတုန်း သူကပင်အကြံတစ်ချို့ပေးလာသည်၊ ကလေးထိန်းပေးတဲ့ သူတွေရှိတယ်၊ ကလေးအကြိုအပို့လုပ်ပေးတဲ့သူတွေရှိတယ်တဲ့၊ မြန်မာတွေထဲမှာလည်း ရှိတယ်တဲ့၊ သူ့သဘောက မြန်မာကလေးထိန်းနဲ့ပဲ ထားချင်နေသည်ကို သိလိုက်ရသည်၊
စင်္ကာပူတွင်ဘဝရပ်တည်ရေးအတွက် လင်ရောမယားရော အလုပ်လုပ်ရတဲ့ မိသားစုတွေ အများကြီးရှိပါသည်၊ ဒီမိသားစုအတွက် ကလေးတစ်ယောက်ယူရေးသည်မလွယ်၊ အဓိကအချက်က ကလေးကို ဘယ်သူထိန်းပေးမလဲဖြစ်သည်၊ Maidနဲ့လည်းစိတ်မချ Maid ဘိုးလည်းမတတ်နိုင်သည်ကများသည်၊ ကလေးကိုထိန်းပေးသည့် ဌါနများရှိသော်လည်း ကန့်သန့်ချက်တွေနဲ့ စားရိတ်ကလည်းကြီးသည်၊ မိဘရှိသော စလုံးလင်မယားတွေ မိဘကိုတတ်နိုင်သလောက်ပေးပြီး ကလေးထိန်းခိုင်းစေသည်၊ မိဘကလည်း အလုပ်လုပ်နေသော စလုံးလင်မယားတွေ အတွက် ကလေးထိန်းကိုရှာကြရသည်၊ ထိုအတွက် ပိုက်ဆံယူကလေးထိန်းပေးသော လုပ်ငန်းတစ်ခုပေါ်လာခဲ့သည်၊ တရားမဝင်တာတွေကများသည်၊ မနက်စောစော ကလေးကို ကလေးထိန်းအိမ်ပို့၊ ပြီးရင်အလုပ်သွား၊ အလုပ်ကအပြန် ကလေးကိုဝင်ခေါ်ကြသည်၊ ဒီလိုနဲ့မွေးစကလေးလေးသည် ကြီးပြင်းလာခဲ့သည်၊ မွေးကာစအရွယ်ကစ ကိုယ်ကလေးကို ကလေးထိန်းလက်ကို စိတ်ချသည်ဖြစ်စေ စိတ်မချသည်ဖြစ်စေ အပ်ထားရသည်၊ လွယ်လွယ်တော့ မဟုတ်ပေ၊ ပြဿနာတွေကတော့ရှိကြသည်၊ ကလေးထိန်းနဲ့မိဘတွေ အငြင်းပွားမှုများသည် တရားရုံးထိရောက်သည်၊ ကလေးထိန်းတွေကလည်း မလွယ် တစ်ခုခုဖြစ်သွားလျှင် အရေးယူခံထိဘို့ကများသည်။ 

သမီးလေး ကံတစ်ဝက်ကောင်းသည်လို့ဆိုရမလား၊ သုံးတန်းရောက်မှ ကလေးထိန်းဆီပို့ရတော့မည်၊ သိပ်မစဉ်းစားတော့ပါ၊ လက်တွေ့အရ ဒီလိုဖြစ်လာရတာလို့ပဲ မှတ်လိုက်ပါသည်၊ တကယ်တော့ ကလေးထိန်းလို့သာဆိုရသည် ကြားသုံးနာရီလောက် သမီးလေးအဆင်ပြေ လုံခြုံစေရန်အတွက်ဖြစ်သည်၊သမီးအဖေ သူ့အဆက်အသွယ်နဲ့ ကျမတို့စိတ်ချရသော သမီးလေးကိုကြိုပို့ထိန်းပေးမဲ့သူ ရရှိခဲ့သည်၊ အသက်၅ဝကျော် အန်တီRosy ဆိုသော မြန်မာအမျိုးသမီးကြီးတစ်ဦးဖြစ်သည်၊ တစ်ချိန်ကနာမည်ကြီး ရန်ကုန်အထက်တန်းကျောင်းတစ်ကျောင်းက ဆရာမတစ်ဦးဖြစ်သည်၊ ခုတော့ ကလေးထိန်းခြင်းအလုပ်ဖြင့် တစ်ဘက်တစ်လမ်းက ဝင်ငွေရှာနေခြင်းဖြစ်သည်၊ အန်တီRosyက သမီးလေးကိုကျောင်းကြိုပေးမည် နောက်သူ့အိမ်တွင်ထားထားမည်၊ ကျမတို့အလုပ်ကပြန်တဲ့အချိန် ဝင်ခေါ်လိုက်ရုံပင်ဖြစ်သည်၊ သမီးလေးသည် အန်တီRosyအိမ်တွင်အိပ်မည်၊ နိုးလာလျှင် မုန့်စား မိုင်လိုသောက်၊ ကလေးTVဇာတ်လမ်းတွေ ကြည့်ကာ၊ ကျမတို့လာခေါ်သည့် အချိန်ကိုစောင့်နေရုံပင်ဖြစ်သည်၊ မုန့်နှင့်မိုင်လိုကို ကျမတို့ကဝယ်ပေးရသည်၊ ကလေးကိုရေချိုးပေးစေချင်ရင် ၃၀ ပိုပေးရသည်၊ ကျမကတော့ သမီးလေးကိုကျမကိုယ်တိုင် ချိုးပေးချင်သဖြင့် ရေမချိုးခိုင်းတော့ပါ၊ တကယ်တော့ မြန်မာကလေးထိန်း နှစ်ယောက်ထဲက အန်တီRosyကို ရွေးလိုက်ခြင်းဖြစ်သည်၊ ရွေးရခြင်းမှာ သူက ကလေးငါးယောက်ထက် ပိုလက်မခံသောကြောင့်ဖြစ်သည်၊ ဟိုမိန်းမဝဝကြီးဆီမှာတော့ ကလေးတွေ တစ်ပြုံတစ်ခေါင်းပင်၊ ဘုစုခရုတွေလည်းပါသည်၊ ထိုအတွက် မိန်းမဝဝကြီးဆီမှာ မထားခြင်းဖြစ်သည်၊ နောက်ပြီး အန်တီRosyက တစ်ခါတစ်လေ မြန်မာမုန့်တွေလုပ်ကျွေးပြီး မြန်မာပုံပြင်တွေလည်း ပြောပြစေသည့်အတွက်ဖြစ်သည်၊ သမီးအဖေ အကြိုက်တွေ့စေခဲ့သည်။ 

သမီးလေးအလုပ် အိမ်အလုပ် ရုံးအလုပ်တွေကို balance လုပ်ရသည်၊ အစပိုင်းမှာ ကသီလင်တတွေရှိသော်လည်း နောက်ပိုင်းမှာပုံမှန်ဖြစ်လာသည်၊ အလုပ်လုပ်ခါစ လပိုင်းတွေမှာ ကျမ blogging လဲမလုပ်နိုင်၊ face book လဲမဖွင့်နိုင်ခဲ့ပါ၊ အစောကြီးထ အားလုံးအတွက် ကျောင်းသွား ရုံးသွားဘို့ပြင်ဆင်၊ သမီးကျောင်းပို့၊ ရုံးသွား၊ ရုံးဆင်း၊ စျေးဝင်ဝယ်၊ သမီးလေးကိုဝင်ခေါ်၊ အိမ်ရောက်ရင် အိမ်အလုပ် သမီးအလုပ်တွေလုပ်၊ ဒီလိုနဲ့ တစ်လတစ်လတို့သည် ဘယ်လိုကုန်ဆုံးသွားလည်း မသိတော့ပါ၊ သူကတော့ စနေ တနင်္ဂနွေများတွင် သမီးရဲ့တာဝန်များကိုယူထားသည်၊ ဒီအတွက်ကျမ မီးပူတိုက်တာကအစ အိမ်အလုပ်တွေကိုပြီးစေခဲ့သည်၊ သမီးလေးနှင့်သူ့အဖေတို့သည် နှစ်ပတ်ခြားတစ်ခါ မြန်မာဆိုင်တွေရှိသော ပင်နီဆူလားသို့ ဂျာနယ်တွေဝယ်ရန် အကြောင်းပြချက်ဖြင့်သွားလေ့ရှိသည်၊ သွားသည့်အခါတိုင်း ကျမအတွက် မုန့်ဟင်းခါး မဟုတ်ရင် ရှမ်းခေါက်ဆွဲ ဝယ်လာတတ်သည်၊ သမီးလေးသည် ပဲပြုတ်ထမင်းကြော်၊ လက်ဖက်သုပ်၊ ဂျင်းသုပ် မုန့်ဟင်းခါးတွေကိုကြိုက်တတ်နေပြီ၊ ကျမအတွက်တော့ အဲဒီလိုသွားစရာမလို အွန်လိုင်းထဲမှာပင် ရောက်ဖူးသွားဖူးစားဖူး အကုန်သိနေရသည် မဟုတ်ပါလား။ 

တစ်နေ့ အွန်လိုင်းဝင်နေတုန်း၊ သူငယ်ချင်းတစ်ယောက်က အထူးဧည့်သည်ရောက်နေ၍ gathering လုပ်ရန်စီစဉ်နေကြောင်းပြောသည်၊ စီစဉ်တဲ့သူငယ်ချင်းက ကျမရဲ့အရင်းဆုံးသူဆိုတော့ ကျမငြင်းလို့မရပေ၊ နောက်ပြီးသူငယ်ချင်းက ပင်နီဆူလားဂျပိုး တစ်ပတ်ကို သုံးရက်လေးရက်လောက်ရောက်နေသူ၊ မနက်ဖြန် အင်းလေးစားသောက်ဆိုင်မှာ တွေ့မယ်လို့ချိန်းလိုက်သည်၊ သိပ်ပြီးမကြာ ဖုန်းဆက်လာပြန်သည်၊
KK မှာလုပ်နေတဲ့ မကြီးကျယ် တစ်ယောက်က ပင်နီဆူလားဆိုမလာဘူး လုပ်နေ၍၊ Orchard အော်ချဒ်ကိုပြောင်းချိန်းလိုက်သည်၊ 
သူကိုတော့မနက်ကြရင် ကျမတို့ gathering အကြောင်းပြောပြပြီး ညနေကလေးတာဝန်ကို ယူခိုင်းရပါလိမ့်မည်။
…………………………………………………………….

 Orchard ကိုမရောက်တာ တော်တော်ကြာခဲ့ပြီဖြစ်သည်၊ ဘူတာရုံမှာ ချိန်းထားသည့်အတိုင်း သူငယ်ချင်းနဲ့တွေ့သည်၊ ဘယ်မှာ စားကြမှာလဲမေးလိုက်တော့ Ion Orchard မှာလို့ဆိုသည်၊ ယုံမည်လားတော့မသိဘူး Ion Orchard ကိုမရောက်ဖူးဘူး၊ ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ပဲ လိုက်လာခဲ့သည်၊
ပထမဦးဆုံးအကြိမ် Ion Orchard ကိုရောက်ဖူးခြင်းဖြစ်သည်၊ သူငယ်ချင်းကပြောလာသည် နင်ကတော့ အရင်တုန်းက သမီးအလုပ် အိမ်အလုပ်၊ ခုတော့ အလုပ်ကလဲထွက်လုပ်တော့ MRTရထား စီးတတ်လို့တော်သေးတာပေါ့၊ ငါတော့ နင့်အကြောင်း မစဉ်းစားချင်ပါဘူးတဲ့၊သြော်သူတို့က လင်မယားနှစ်ယောက်ထဲကိုလို့ စိတ်ထဲကပြောလိုက်မိသည်၊ 
စားသောက်ဆိုင်က အပေါ်ဆုံးထပ်မှာရှိသည် Australia စတိုင် ဂျပန်စားသောက်ဆိုင်ဖြစ်ဖို့များသည်၊ Salt grill & Sky Bar တဲ့၊
ကျမက သူငယ်ချင်းကို နင်ဟာက Bar ကြီးပဲဟုပြောလိုက်တော့ အစားအသောက်လည်း ရောင်းပါသည်ဟုဆိုသည်၊ 
ဒီလိုအစားအစာမျိုးကို ကျမမကြိုက်၊ သူငယ်ချင်းက ဂျပန်စာတွေလဲရှိပါသည်ဟုဆိုသည်၊ 
စားသောက်ဆိုင်ရှေ့ရောက်တော့ ကျမပိုအံ့အားသင့်ရသည်၊ ၉ ယောက်စာ Booking လုပ်ထားတာတဲ့၊ ပြေးကြည့်မှ စလုံးမှာ ခင်ရသောသူငယ်ချင်း ၅ယောက်ပဲရှိသည်၊ နင်ဟာကဘယ်လိုလဲလို့ မေးလိုက်တော့၊ ၄ ယောက်က မြန်မာပြည်က သူငယ်ချင်းတွေလေဆိုတော့ အင်းအင်းပဲ လုပ်လိုက်ရသည်။ 

ကျမတို့နှစ်ယောက် ပထမဦးဆုံးရောက်ကြသူများဖြစ်သည်၊ စားသောက်ဆိုင်က ကျမတို့အတွက်နေရာကို သီးသန့်စီစဉ်ထားပေးသည်၊ Sky view ကတော့မဆိုး၊ အမြင်အာရုံအဆန်းဖြစ်စေပါသည်၊ Orchard ပတ်ဝန်းကျင်ကို အပေါ်ဆီးကလှမ်းမြင်ရသည်၊ သမီးလေးကို ခေါ်ပြချင်စိတ်တွေ ဖြစ်ပေါ်လာသည်၊ 
Menu တွေကိုကြည့်မိလိုက်တော့ ကျမလန့်သွားမိသည်၊ Modern Australia Concept, Ginza Japanese Concept, Menu of This month ကျမအတွက်အထူးအဆန်းတွေပါပဲ၊ 
‘နောက်လူတွေကိုစောင့်လိုက်ဦးမယ်လို့’ သူငယ်ချင်းနှစ်ယောက် ပြိူင်တူဖြေမိလို့ ရီလိုက်ရသေးသည်၊ ဒီဆိုင်မှာစားမယ်ဆိုတာ
SGH တို့ KK တို့က မကြီးကျယ်တွေရဲ့ လက်ချက်ပဲဖြစ်မယ်၊ ဒါမျိုးကကျမတို့ရဲ့ Limit ကိုကျော်နေပြီ၊
စားပွဲထိုးတစ်ယောက်က ကျမတို့ကို ထိုင်စောင့်နေတုန်း အစအနေဖြင့်
‘sour apple, bianco, amaretto disaronn’ ထဲကဘာသောက်မလဲလို့ မေးလာတဲ့အခါ 
‘No’ ‘No’ လို့အမြန်ဖြေလိုက်မိသည်၊ ဒါဆို Starting Light မဟုတ်ရင် Shooters လုပ်ပါလို့ဆိုသည်၊ 
‘Lemon juice’ လို့သူငယ်ချင်းကမှှာလိုက်သည်၊
ကျမက သေချာကြည့်ပြီး ‘Non Alcoholic လိုင်ချီး’ လို့မှာလိုက်သည်၊ သူငယ်ချင်းကပြာပြာသလဲဖြစ်သွားပြီး ငါဟာအရက်ပါနေလားဟုမေးသည်၊ ကျမကမသိဘူးလို့ဖြေလိုက်သည်၊ သူငယ်ချင်းက ချက်ချင်းပင် စားပွဲထိုးလေးကို 
‘Same same, I also want same like her’ ဆိုပြီး Singlish လို အမြန် ပြန်ပြောလိုက်၍၊ နှစ်ယောက်သား ထပ်ရီဖြစ်ကြသည်၊ တကယ်တော့ ကျမတို့နှစ်ယောက် Bar အသုံးအနှုံးတွေကို နားမလည်ကြခြင်း မယှဉ်ပါးကြခြင်း ဖြစ်ပါသည်။  

စလုံးမှာနေတဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်၊ နင်တို့ဒီနေရာဘာလို့ စီစဉ်တာလဲ စျေးကြီးလိုက်တာ ငါတို့မတတ်နိုင်ဘူးနော်၊ ငါတို့စီစဉ်တာမဟုတ်ဘူးလို့ ပြန်ဖြေလို့ အံ့အားသင့်နေချိန်မှာပင်၊ ဟိုမှာ စီစဉ်တဲ့သူတွေရောက်လာပြီဆို၍၊ အားလုံးကဝင်လာတဲ့သူတွေ ကြည့်လိုက်မိသည်၊ စုစုပေါင်းလေးယောက်၊ ကျမအတွက်အံ့့သြမှုကပို၍သွားခဲ့သည်၊ လုံးဝမထင် ကျမဘယ်လိုမှာ မထင်ထားသော သူတစ်ယောက်နှင့် နောက်က ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ပြီးတော့ ကျမတို့မသိသော ကောင်မလေးချောချော နှစ်ယောက်၊ လက်ထဲမှာလည်း နာမည်ကြီး shopping အိတ်တွေနဲ့ LV, BVLGARI အိတ်တွေ ကျမတို့ကနာမည်ပဲကြားဖူးပါသည်၊ သူတို့ဝယ်လာတာကိုကြည့်ပြီး အရင်အလုပ်လုပ်တုန်းက ဝယ်ထားတဲ့ ကျမရဲ့ COACH အိတ်အဟောင်းလေးကို ငုံ့ကြည့်လိုက်မိသည်။ 

ကျမဘယ်လိုမှာ မထင်ထားသောသူဆိုသည်မှာ တစ်ချိန်က ကျမရည်စားပင်ဖြစ်ပါသည်၊ 
ကျမနာမည်ကိုခေါ်ပြီး နေကောင်းတယ်မို့လား၊ မတွေ့ဖြစ်တာ တော်တော်ကြာသွားပြီနော်၊ ဆိုပြီးလက်ဆွဲနှုတ်ဆက်လာသည်၊
လက်ဆွဲနှုတ်ဆက်နေတာ လိုသည်ထက်ပိုကြာနေသည်ဟု ကျမထင်လိုက်မိသည်၊ 
အားလုံးက ကျမတို့ကို ဝိုင်းကြည့်နေကြမည်ဟု ကျမထင်လိုက်မိသည်၊
ကျမကိုပြည့်လာတယ်နော်လို့ပြောပြီးနောက် ကျမတို့ထိုင်ဖြစ်သည်၊ 
တော်သေးတာပေါ့ ဝ နေလိုက်တာလို့ မပြောလို့ ဟုစိတ်ထဲကမှတ်ချက်ချလိုက်သည်၊
ပြီးနောက် သူတို့နှင့်ပါလာတဲ့ သူတွေကို မိတ်ဆက်ပေးသည်၊ ဒါကဘယ်သူပါ ဒီလောက်ပဲဖြစ်သည်၊ သူမိတ်ဆက်ပေးသော ကောင်မလေးမှာ ကျမတို့ထက် ၁၀ နှစ်ကျော်ငယ်မည်၊ တန်ဘိုးကြီးသော ခေတ်မှီသော အဝတ်အစားများကို သူနဲ့လိုက်ဖက်အောင် ဝတ်ဆင်ထားသည်၊ ဖီးထား လိမ်းထား ဆင်ထားတာတွေက ခုခေတ်ကောင်မလေးတွေ ကျမတို့ခေတ်ထက်ပိုလှလာသည်ဟု ကောက်ချက်ချမိခဲ့သည်၊ 
နောက်သူငယ်ချင်းတစ်ယောက်က ဆေးကျောင်းနေဘက် ဆရာဝန်ဖြစ်ပြီး ဆရာဝန်အလုပ်မလုပ်ပဲ စီးပွားရေးလုပ်ငန်းတွင် အောင်မြင်နေသူတစ်ဦးဖြစ်ပါသည်၊ သူနဲ့ပါလာတဲ့ ကောင်မလေးကိုတော့ သူ့ Assistant ဆိုပြီးမိတ်ဆက်ပေးသည်၊ ဒီဆိုင်ကို အဲဒီ့ Assistantက Booking လုပ်ထားတာဆိုသည်၊
မိတ်ဆက်ပေးသည့် ကိစ္စများပြီးသွားသောအခါ အစားအသောက်များမှာကြမယ်ဆိုပြီး မှာယူစားသောက်ကြသည်၊
ထိုနေ့က ကျမဘာမှ မမှာပါ၊ သူငယ်ချင်းတွေမှာထားတာကိုပဲ စားသောက်ဖြစ်ခဲ့သည်၊
ရှေ့တွင် ကိုကို ရော့၊ ကိုကို ဒီမှာ၊ ကိုကိုဒါလေး စသဖြင့် ကိုကိုချင်းထပ်နေသော ကိုကိုဇာတ်လမ်းကိုကြည့်နေရသည်၊ အစားအသောက်တွေထည့်ပေးနေသော ကောင်မလေးရဲ့ လက်ကလေးကို ကျေးဇူးနော်ဆိုပြီး သူကနမ်းလိုက်ပြန်သည်၊ ဟိုကဆံပင်တွေကိုပြန်နမ်းလိုက်ပြန်သည်၊ အကဲပိုတယ်လို့ သူတို့ကိုသူတို့ထင်မိပုံမပေါ်၊ ပုံမှန် လုပ်နေကြသလားပင်၊ ကျမတို့ထဲက အပျိုကြီးနှစ်ယောက်တော့ ဘယ်လိုနေမယ်မှန်းမသိ၊ 
သူ့ကောင်မလေးက ကိုကိုက Cocktail ကြိုက်သည်တဲ့ ‘Daiquiri on the rocks’ ဆိုပြီး သူ့ကိုကိုအတွက် အရက်မှာပေးသည်၊
ကျမဘက်လှည့်ကာ အစ်မလည်း လိုင်းချီးကြိုက်တယ်နော် လို့ပြောပြီး သူ့အတွက် Sparkers လိုင်းချီးကိုမှာလိုက်သည်၊ သူ့လိုင်ချီးနှင့် ကျမလိုင်းချီးတို့ကတူမည်မဟုတ်ပါ၊
ဟိုနှစ်ယောက်ကလည်း ဒီလိုပဲ ‘Long Island Ice Tea’, ‘Margarita’ အသီးသီး မှာပေး မှာယူနေတာတွေ့ရသည်၊ 
Assistant အလုပ်ကမလွယ်ပါလားဟုတွေးနေမိသည်။ 

စားရင်းသောက်ရင်းပြောနေကြသည်များမှာ ကျောင်းတုန်းကအကြောင်း အရင်တုန်းကအကြောင်းများသိပ်မပါ၊ လက်ရှိဖြစ်ပျက်နေသော အရာများ၊ သူတို့၏အောင်မြင်သော စီးပွားရေးလုပ်ငန်းများ အကြောင်းသာဖြစ်သည်၊ ရတနာပုံ တယ်လီပို့မှာ အစုရှယ်ယာဝင်ထားတယ်၊ SIM cards တွေရောင်းဘို့ကြိုးစားနေတယ်၊ ခု M1နဲ့လာဆွေးနွေးတာ၊ ဟိုခြံကို ၂၀၀၀ နဲ့ဝယ်ပြီး ၅ဝဝဝနဲ့ ပြန်ရောင်းလိုက်တယ်၊ ထားဝယ်မှာမြေကွက်ကြီးတစ်ချို့ ဝယ်ပြီးထားပြီ၊ မောင်းမကန် ရီဆို့ကို ၆ နှစ်နဲ့ အပြီးဆောက်မယ်၊ အခြေအနေကောင်းတာနဲ့ ဗန်းမော်ကိုဝင်မယ် စသည်ဖြင့် စသည်ဖြင့် သူတို့စကားလုံးတွေကြောင့် ကျမတို့ထဲက တစ်ယောက်ကသာ စင်္ကာပူ ဆေးရုံတွေအကြောင်း နည်းနည်းပြောဖြစ်သည်ကလွဲလို့ နားထောင်သူများဖြစ်ခဲ့ကြပါသည်၊ စားသောက်ဆိုင်တွင် ရှင်းတော့ ကျောင်းနေဘက်ဆရာဝန် စီးပွားရေးလုပ်ငန်းရှင်က အကုန်ရှင်းသွားခဲ့သည်၊ 
ဒီအတွက် သူကတော့ ကျမတို့အားလုံးကို Nippon-Ya က ဂျပန်မုန့်တွေ တစ်ယောက်သုံးအိတ်လောက် ဝယ်ပေးလိုက်သည်၊
အပြန်တွင် ကျမတို့အချင်းချင်းပြောဖြစ်သည်က ငါတို့ စလုံးမှာနေရင်းနဲ့ ခေတ်နောက်ကြနေပြီထင်တယ်၊ မြန်မာပြည်က အရက်သောက်တဲ့ ကောင်မလေးတွေများ စီးပွားရေး နိုင်ငံရေးတွေ လောလောဆယ်ဖြစ်ပျက်နေတာကို ကျမတို့ထက်တောင်ပိုသိနေသေးတယ်လို့ ဖြစ်သည်၊
နောက်တော့ ကျမတို့အချင်းချင်း ဒီလိုဆိုင်မျိုး ရန်ကုန်မှာ ရှိသလား၊ ရှိတာပေါ့ နေပြည်တော်မှာတောင် ရှိနေပြီ၊ ကမ္ဘာအေးဘုရားလမ်းက ဆိုင်ဆိုပိုနာမည်ကြီးတယ်၊ LE PLANTEUR ကိုပြောတာလား၊ မသိဘူး၊ နင်ရောက်ဖူးလား၊ ဒီလောက်စျေးကြီးတာ၊ ဘယ်ရောက်ဖူးမလဲ ကြားဘူးတာ ဟုဆိုကြသည်၊
သူငယ်ချင်းအရင်းကြီးက ‘နင်တို့သိသွားပြီ မဟုတ်လား၊’ ဆိုပြီးကျမတို့ကို မေးခွန်းထုတ်လိုက်သည်၊
‘ဘာကိုလဲလို့၊’ ပြိူင်တူပြန်မေးလိုက်ကြသည်၊
‘စပွန်ဆာ ဆိုတာကိုလေ၊’
ကျမတို့အားလုံးရယ်မိလိုက်ကြသည်၊
နောက်ဆုံး အားလုံး ဂျပန်မုန့်တွေ သုံးအိတ်ဆွဲကာ အိမ်ပြန်ဖြစ်ကြသည်၊
ဘာပဲဖြစ်ဖြစ် တွဲခဲ့ဘူးသူတစ်ယောက်လည်း အောင်မြင်နေတာကို ဝမ်းသာပါသည်၊
ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် အောင်မြင်နေတာကို ဝမ်းသာပါသည်၊ 
ကျမကို ရင်ကိုပြန်ခုန်စေခဲ့ပါသလားလို့မေးလာခဲ့ရင် မခုန်ခဲ့ပါဘူးလို့ဖြေရပါမည်၊ 
ဒါပေမဲ့ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ကျန်ရစ်ခဲ့သည်၊
တိုးတိုးလေးပြောသွားတဲ့ စကားတစ်ခုက Keep in touch လုပ်ကြမယ်တဲ့။
…………………………………………………………….

အိမ်ပြန်ရောက်သောအခါ တီဗီကြည့်ရင်းစောင့်နေကြသော သမီးနဲ့သူ့အဖေကိုတွေ့ရသည်၊ ဒီမှာ မေမေသူငယ်ချင်းတွေ ဝယ်ပေးလိုက်တဲ့ မုန့်တွေကိုလာကြည့်၊ ဟာဂျပန်မုန့်တွေ သမီးတစ်ခါမှ မတွေ့ဖူးဘူး၊ မစားဖူးဘူး၊ သမီးအတွက်ပေါ့၊ ဟုတ်လား၊ မေမေ့သူငယ်ချင်းကို ကျေးဇူးတင်လိုက်တာ၊ သမီးလေးကဝမ်းသာအားရဖြစ်နေသည်၊ သားအမိနှစ်ယောက် စကားပြောနေရာမှ သူဘက်ကိုကြည့်လိုက်တော့ စိတ်ဝင်စားပုံမပြ၊ ခဏနေကြတော့ အိပ်တော့မယ်ဆိုပြီး အခန်းထဲဝင်သွားသည်၊ 
သူနဲ့ကျမ ကလေးကိစ္စကလွဲလို့ စကားသိပ်မပြောဖြစ်ကြပါ၊
ကျမရေချိုးပြီးသောအခါ သမီးလေးနဲ့အိမ်စာတွေနည်းနည်းလုပ်ပြီး သိပ်လိုက်တော့ သမီးအိပ်သွားခဲ့သည်၊ 
ကျမအခန်းထဲလာပြီး ကွန်ပြူတာစဖွင့်လိုက်သော အချိန်မှာတော့ သူသည် အိပ်မောကြ၍နေပြီဖြစ်သည်၊
Face book ကိုဖွင့်လိုက်တဲ့အခါမှာတော့ ခုနသူငယ်ချင်းတစ်ယောက်က Ion Orchard စားသောက်ဆိုင်က အစားအသောက်ပုံတွေကို တင်ထားလို့နေပြီ၊ တော်တော်မြန်တဲ့ ကောင်မလို့ စိတ်ထဲကပြောလိုက်မိသည်၊ ‘Margarita’ ခွက်ကို သူသောက်သလိုဘာလိုနဲ့ တင်ထားလိုက်သေးသည်၊ 
ဟိုတစ်ယောက်၏ Friend request လုပ်လာသည်ကိုတွေ့လိုက်ရသည်၊ မြန်လွန်းလိုက်တာ ဘာမှမလုပ်မိ၊ 
သြော် Keep in touch တဲ့လား၊
စားလာသောက်လာလို့လားမသိ အိပ်ချင်နေတာတော့အမှန်ပဲ၊
ကွန်ပြူတာကို ပိတ်ပြီး ကျမအိပ်ယာထဲ ဝင်လိုက်သည်၊
ဟောက်သံကိုကြားရသည်၊ 
အိပ်နေသောသူ့ကို ကျမ သေသေချာချာ စိုက်ကြည့်မိသည်၊ 
ကျမယောကျ်ားတဲ့၊
ကျမတို့ လင်လိုမယားလို မနေတာဘယ်လောက်ကြာသွားခဲ့ပြီလဲ၊
ရန်ဖြစ်စကားမများခင်ထဲကပါ၊
ကျမကို သူမနမ်းတာဘယ်လောက်ကြာသွားပြီလဲ၊
သူ့အနမ်းများကလည်း ကျမအတွက် ဘယ်တုန်းကမျှ ချိုမြိန်ခဲ့ခြင်း သာယာခဲ့ခြင်း မရှိခဲ့ပါ၊
ယုယတယ် ကြင်နာတယ် ဆိုတာဘာလဲရှင်ရယ် သိပါရဲ့လားလို့ နှိုးပြီးမေးလိုက်ချင်သည်၊
ကျမကရော သူကို စိတ်ရောကိုယ်ရော ဘယ်နှစ်ခါနမ်းဘူးလို့လဲ၊
သူနဲ့ခရီးထွက်ဖြစ်ခဲ့တဲ့ အချိန်တွေပဲ အမှတ်ရဖြစ်သည်၊
တကယ်တော့ ကျမယောကျ်ားဆိုတဲ့ သူဟာ လွမ်းစရာ မကောင်းတဲ့သူ၊
လင်ယောကျ်ား ဆိုတာ မိန်းမတစ်ယောက်အတွက်ဘာလဲ၊
ကလေးအမေကျမ သေချာမသိခဲ့ပါ၊
ကျမထင်မိနေတာ စိတ်ထဲမှာဖြစ်နေရတာတော့
သေချာပါသည့် သူဟာ ကျမယောကျ်ားမဟုတ်ဘူး၊ 
ကျမကလေးရဲ့ အဖေပဲ၊
ကျမ
မျက်စိကိုအကြာကြီး မျက်တောင်မခတ်ပဲဖွင့်ထားလိုက်၊ အကြာကြီး မျက်တောင်ပိတ်ရုံလေးပိတ်ထားလိုက်နဲ့ 
ဒီလိုဖွင့်လိုက် ပိတ်လိုက်နဲ့ ဘဝ ဆိုတာကို စဉ်းစား စဉ်းစားရင်း………….. 
လေပူများစွာကို ထုတ်ပစ်မိပါသည်၊

ထိုညက ကျမသည် ညနေက ကိုယ်ရှေ့က ကိုကိုဇာတ်လမ်းကို ပြန်တွေးပြီး အိပ်ပျော်သွားခဲ့ပါသည်။



ဆက်လက်ဖေါ်ပြပါမည်၊

Friday, August 5, 2011

ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောကျ်ားမဟုတ်ဘူး (၂)


သမီးလေးရဲ့ကျောင်းအတွက် ကြိုးပမ်းရင်းနဲ့ ကျမ စလုံးအိမ်ရှင်မ housewife တစ်ချို့နဲ့ ရင်းနှီးခွင့်ရခဲ့သည်၊ စင်္ကာပူတွင် ကျမတို့လို အမျိုးသမီးများအား ခွဲခြမ်းကြည့်လျှင်၊ ကျမထင်သည် tai tai လို့ခေါ်တဲ့ သူဌေးကတော်များ၊ housewife, working housewife နှင့် single ma ma များတို့ဖြစ်သည်၊ ကျမသိကျွမ်းခဲ့ရသူတို့ကတော့ နောက်ဆုံးသုံးမျိုးပင်ဖြစ်သည်၊ ကျမ Taxi စီးတဲ့အခါတိုင်းမှာလည်း Taxi မောင်းသူတွေက စပ်စုကြသည်၊ ကျမကိုဘာလုပ်သလဲပေါ့၊ ကျမကအိမ်ရှင်မပါ housewife လို့ပြောတဲ့အခါ၊ မင်းတို့သိပ်ကောင်းတာပဲ ကလေးကျောင်းပို့ပြီးလျှင်် စျေးဝယ်ထွက်လို့ရပြီ၊ သွားချင်တဲ့နေရာသွားလို့ရပြီ၊ အလုပ်ရှင်တို့ လုပ်ခတို့ပူပင်စရာမလိုဘူး၊ ကျမကလည်း အော်ဦးလေးကြီးရယ် ကျမမှာအချိန်တွေ အဲဒီလောက်အားနေရင် ဦးလေးရဲ့ Taxi တောင်ငှါးမစီးပါဘူး၊ Bus နဲ့ပဲသွားမယ်၊ ပိုက်ဆံလည်းသက်သာတယ်၊ ကျမက ထိုက်ထိုက် tai tai မဟုတ်ဘူးလေလို့ ပြန်ပြောတော့ ဦးလေးကြီးနှင့် ကျမတို့အတူရယ်မိကြသည်၊ တကယ်တော့ ကျမတို့က ဘာပဲဝယ်ဝယ် price tags လေးတွေကို အရင်ကြည့်တတ်တဲ့ သူတွေမဟုတ်ပါလား။

အစစ်အမှန်ကတော့ ယောက်ျားတစ်ယောက်ရဲ့ ဝင်ငွေတစ်ခုထဲနှင့် ရပ်တည်နိုင်ဘို့သည် သာမန်လူတွေအတွက် ဒီနိုင်ငံမှာမလွယ်၊ အိမ်လခ၊ စားစရိတ်၊ ရေဖိုးမီးဖိုး၊ ကျောင်းစရိတ် နှင့် အခြားကုန်ငွေတွေက ကျမတို့အတွက် သံရုံးတွင် အခွန်ဆောင်ရန်ပင် မကျန်တော့၊ တစ်နှစ်တစ်ခါ Bonus ရလာရင် ဘာလုပ်လိုက်မယ်ဆိုတဲ့ ကျမ၏ကြိုတင်စိတ်ကူးများသည် သမီးအတွက် မထင်မှတ်သော အပိုကုန်ငွေများ၊ အခွန်များက အရယူသွားခဲ့လေသည်၊ ဒါတောင် ကျမတို့နှစ်ယောက် မြန်မာပြည်ရှိ မိသားစုများကို ထောက်ပ့ံရန်မလို၍ တော်သေးသည်ဟုဆိုရပေမည်၊ တစ်နှစ်မှာ နှစ်ခါ သီတင်းကျွတ်နှင့် သင်္ကြန်တို့တွင် နှစ်ဖက်မိဘကို ကန်တော့ဖြစ်ကြသည်က လွဲလို့ပေါ့၊ အိမ်ငှါးခတွေတက်လာသောအခါ ကျမတို့အိမ်လခ အိမ်ရှင်ကိုပေးနေမည့်အစား ကိုယ်ဟာကိုယ် အိမ်ဝယ်ရန်ဆုံးဖြတ်ဖြစ်ခဲ့ကြသည်၊ တကယ်တော့ ဒီနိုင်ငံမှာ အိမ်ဝယ်ကားဝယ်တဲ့သူတွေဟာ အရစ်ကြပြန်ပေးရသော installment ဖြင့် အကြွေးဝယ်ထားကြသူများ အများဆုံးဖြစ်သည်၊ ဝင်ငွေမရှိသော တစ်နေ့တွင် ဒီအိမ်ကို ဘဏ်ကသိမ်းမည်လော၊ အစိုးရဌါနက ပြန်သိမ်းမည်လော၊ ထိုလောလော စိုးရိမ်စိတ် pressure များသည် ဒီနိုင်ငံက လူတော်တော်များများ၏ ခံစားနေရမှုဖြစ်သည်၊ ထို့အတူ အလုပ်တည်မြဲရေး အလုပ်ရှိနေရေး stress သည်လည်း ဒီနိုင်ငံကလူတော်တော်များများ၏ အစိုးရိမ်ဆုံးအရာတစ်ခုပင်ဖြစ်သည်၊
ထိုအားနည်း ချို့ယွင်းချက်များသည် နိုင်ငံရေးသမားများ၏ အသုံးချခံဖြစ်ခဲ့ရသည် မဟုတ်ပါလား၊ ထိုသူတို့၏ pressure, stress များသည် ကျမတို့လို လာရောက်နေထိုင် အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသားများကို လက်ညှိးထိုးစရာဖြစ်ခဲ့ပါသည်၊
PR နှင့် နိုင်ငံသား အခွင့်အရေး ခြားနားချက်ကိုမြှင့်တင်လိုက်သော အခါတွင်၊ ကျမတို့၏ ထွက်ငွေသည် ပို၍တက်သွားခဲ့ရပါသည်၊ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ဘူးသည့်အတိုင်း ဝင်ငွေထွက်ငွေသည် Anatomy နဲ့ ကွာခြားမှန်းသိသလို ခွဲခြမ်းမိနေတာတော့ အမှန်ပါ။

ကျမ၏ သမီးလေးအပေါ်လွန်ကဲနေမှုသည် ဘေးပတ်ဝန်းကျင်အတွက် သိသာထင်ရှားနေသည်လားတော့မသိ၊ သူငယ်ချင်းတစ်ယောက်က သမီးချည်းပဲ လုပ်မနေနဲ့ဦး ယောက်ျားဘက်လှည့်ဦး တော်ကြာ ပါသွားဦးမယ်လို့ပြောမှ ကိုယ်ကိုကိုယ် Reassessment လုပ်ကြည့်ဘို့ သတိရတော့သည်၊
ဒါဆိုရင် ငါဟာအမြဲတမ်း ငါ့သမီးအတွက် အားလပ်နေရမယ် အဆင်သင့်ဖြစ်နေရမယ် ဆိုတဲ့ ကျမရဲ့ခံယူချက်တွေမှားနေပြီလားမသိ၊ ပြန်လည်စဉ်းစားရင်း တွေးမိလိုက်သည်မှာ ကျမဝါသနာပါတဲ့ photography and blogging တွေကို ကျမရဲ့ အိပ်ချိန်တွေထဲကနေ ပေးဆပ်ထားရတယ်ဆိုတာ သူတို့မသိကြဘူး၊
အလုပ်လုပ်တုန်းက ဝင်ငွေနဲ့ဝယ်ထားတဲ့ Canon EOS ကင်မရာလေးဟာ ဟောင်းနေလွန်းပါပြီ၊ အသစ်ဝယ်ချင်တဲ့ စိတ်တွေပေါ်လာတိုင်း သမီးနှင့်ယောက်ျားမျက်နှာကိုမြင်ပြီး သက်ပြင်းချခဲ့တဲ့ ကျမသက်ပြင်းတွေ မရေတွက်နိုင်ခဲ့ပါ၊
အဲဒီလိုပဲ ကျမဝယ်ချင် သိမ်းထားချင်သောပစ္စည်းတွေဟာ စိတ်ကူးတွေသာဖြစ်ခဲ့ရသည်၊
ထွက်ခဲ့ဘူးတဲ့ ခရီးတွေကို သတိရမိသည်၊ ခရီးထွက်ချင်ပါသည် ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံလိုက်ရိုက်ချင်ပါသည်၊ သမီးနှင့်သူ့အဖေကို ဟင်းငါးမျိုးလောက် ချက်ကျွေးချင်ပါသည်၊ သမီးအတွက် ကစားစရာတွေ လိုအပ်တာတွေ အများကြီးဝယ်ပေးချင်ပါသည်၊ မိသားစုလိုက် မြန်မာပြည်က ဘုရားတွေလိုက်ဖူးချင်ပါသည်၊ တစ်ပတ်တစ်ခါ မိသားစုလိုက် ကမ်းခြေမှာ အနားယူ ပျော်မြူးချင်ပါသည်၊
ဒါပေမဲ့ကျမရဲ့ “ချင်ပါသည် ချင်ပါသည်” ဆိုတာတွေသည် ရင်ထဲမှာ ကိန်းအောင်းနေသော အိမ်မက်များသာ ဖြစ်ပါလိမ့်မည်၊ မက်ခွင့်ပင်မရသော အိမ်မက်တွေဆိုရင် ပိုမှန်ပါပေလိမ့်မည်။

ဝါသနာအရ အွန်လိုင်းဝင်တတ်သော ကျမသည် သမီးနှင့်သူ့အဖေ အိပ်ပြီးကြာမှာ အိပ်ရာဝင်တတ်ပါသည်၊ မနက်ဆိုလည်း ငါးနာရီထ သမီးကျောင်းသွားဘို့ပြင်ဆင်၊ ဟိုဟာကို မိနစ် ၂၀ နဲ့အပြီးလုပ်၊ ဒီဟာကို ၁၀ မိနစ်နဲ့ အပြီးလုပ် စက်ရုပ်တစ်ရုပ်အလား၊ ၆နာရီဆို သမီးနှင့်သူ့အဖေ အတွက် အဆင်သင့်ဖြစ်လို့နေပါပြီ၊ သူ့အဖေ အလုပ်ထွက်သွားတဲ့အချိန်မှာ ကျမက သမီးကိုကျောင်းပို့ ပြီးရင်ပြန်လာ ဆေးကြော၊ ညက သမီးနှင့်အဖေ ဖွထားတာတွေ သပ်သပ်ယပ်ယပ်ပြန်လုပ်၊ တစ်အိမ်လုံးသန့်ရှင်းရေးလုပ် ဒီလိုနဲ့မနက်သည် အချိန်နှောင်းသွားခဲ့ပါသည်၊ နေ့လည်ထမင်းမြန်မြန်စား၊ ခဏလေးနားပြီးတာနဲ့ သမီးကိုကြိုဘို့ထွက်ရသည်၊ လိုအပ်ရင် စျေးဝင်ဝယ်၊ ပြန်ရောက် သမီးကို ရေမိုးချိုးခိုင်း၊ ပြီးရင် ကျူရှင်မဟုတ်ရင် သင်တန်းလိုက်ပို့ ညနေစာအတွက် ချက်ပြုတ်၊ ကျမ ရေဝင်ချိုးပြီးတဲ့ အချိန်မှာတော့ အဖေနှင့်သမီးတို့ ပြန်ရောက်နေကြပါပြီ၊ ညစာစား ပြီးနောက် သမီးနှင့်အတူ အိမ်စာအတူတူလုပ်ပြီးတဲ့ အချိန်မှာတော့ ညသည်မိုးချုပ်သွားခဲ့ပါပြီ၊ တစ်နေ့တာမောခဲ့ရတာတွေကို အွန်လိုင်းထဲဝင်အပန်းဖြေရင်း ကျမ၏ညသည် ကုန်ဆုံးသွားခဲ့ရပါသည်၊ ဒါဆိုရင် ကျမသမီးအတွက်နဲ့ အချိန်တွေကုန်ဆုံးနေတာလား၊ ဟုတ်မည်ဟု ကျမမထင်ပါ၊ ကျမမှာ အားနည်းချက်တစ်ခုရှိပါသည်၊ လင်ယောက်ျားကို ချွဲနွဲမပြောတတ်ခြင်းပင်၊ နောက်ပြီး ကျမသည် sweet wifely action ရှိသောသူ တစ်ယောက်လည်း မဟုတ်ပါပေ။

ပတ်ဝန်းကျင်၏ စကားများကို ကျမသည် တော်ရုံတန်ရုံ အလေးထားတတ်သူမဟုတ်ပါ၊ ကိုယ်လုပ်စရာရှိတာကိုသာ လုပ်လေ့ရှိတတ်သူ တစ်ယောက် ဖြစ်ပါသည်၊ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ အမြဲစဉ်းစားတတ်သူ တစ်ယောက်ဖြစ်ပါသည်၊ “ယောက်ျားဘက်လှည့်ဦး” ဆိုပြီးဒီလိုသူငယ်ချင်းတွေက ပြောလာသောအခါ ကျမတကယ်ဝမ်းနည်းမိပါသည်၊ ဘာကိုဝမ်းနည်းသလဲဆိုတာတော့ သေချာမသိပါ၊
အထူးသဖြင့် အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ရန်ကုန်ဆေးတက္ကသိုလ်(၁)က ပေးလိုက်တဲ့ ကျမဘွဲ့လက်မှတ်လေးရဲ့မှန်ဘောင်ကို ဖုန်သုတ်ရင်းနဲ့ပေါ့၊ ကျမမျက်ရည်တွေဝဲခဲ့ရတဲ့ အကြိမ်ကြိမ်တွေကို ဘယ်သူမှလည်းသိကြမှာ မဟုတ်ပါဘူး၊ ဂရုစိုက်မိကြလိမ့်မယ်လည်း မထင်ပါဘူး၊
ကိုယ်ခံစားမှုက အဓိကမကျပါဘူးလေဆိုပြီး ကျမရင်ထဲမှာသိမ်းထားခဲ့ရပါသည်၊
အချိန်တွေအတွက် Balance လုပ်ဘို့ သမီးလေးရဲ့ အဖေ သူနဲ့ တိုင်ပင်မိကြသည်၊ စနေနှင့်တနင်္ဂနွေတွေမှာ သမီးလေးရဲ့ တာဝန်တွေသူ့အတွက်ထားလို့ ခပ်ပေါ့ပေါ့ပဲပြောလိုက်သည်ကို ကြားရမိသောအခါ စိတ်ထဲမှာ ကျမဘယ်လိုမှ ရှောရှောရှူရှူဖြစ်မသွားခဲ့ပါ၊

ကျမတို့၏ဝင်ငွေသည် သမီးလေးအတွက် insurance ဝယ်နိုင်လောက်အောင်မရှိမှန်း သိလိုက်ရသောအခါ ကျမစိတ်ဓါတ်တွေမကျအောင် ထိန်းထားလိုက်ရသည်၊
စိတ်ဓါတ်တွေကိုထိန်းရင်း ကျမသည် ပထမဦးဆုံးအကြိမ် အဝေးကြီးကို မျှော်ကြည့်လိုက်မိသည်၊
လောလောဆယ် အခြေအနေကိုပဲကြည့် လောလောဆယ်အဆင်ပြေအောင် လုပ်ကြတာပေါ့လို့ ဆိုလိုက်တဲ့ သူစကားဟာ၊ သူနဲ့ကျမ ဘယ်လောက်ထိဝေးကွာနေသလဲဆိုတာကို ကျမသိလိုက်ရတော့သည်။


………………………………………………………………………….



ဒီလိုနဲ့ သမီးလေး တစ်တန်းကနေနှစ်တန်း၊ သုံးတန်းရောက်တဲ့နှစ်မှာပင် သမီးနဲ့ပတ်သက်ပြီး မကျေမလည်ဖြစ်ကြသည်၊ တကယ်တော့ အဲဒီနေ့ဟာ သမီးရဲ့မွေးနေ့ပါ၊

သမီးရဲ့မွေးနေ့ဆိုပြီး သူကအိမ်မှာ Pizza ပီဇာမှာစားသည်၊ ခဏနေကြာNoel မှ ဝက်ဝံအရုပ်ကြီးနဲ့ပန်းတွေရောက်လာသည်၊ အလွန်ကြီးသော ဝက်ဝံရုပ်ကြီးကို သမီးသဘောကျနေသည်၊
သူသည် ကျမကို ဘာမွေးနေ့လက်ဆောင်မှ မပေးခဲ့ဘူးပါ၊ ပန်းစည်းမပြောနဲ့ ပန်းတစ်ပွင့်တောင် မပေးခဲ့ဘူးပါ၊
ကျမသည်လည်း လိုအပ်သည် အဝတ်အစားများမှအပ သူကိုဘာမှ မဝယ်ပေးခဲ့ဘူးပါ၊
သူမွေးနေ့တစ်ရက်မှာတော့ ကျမစီစဉ်ပြီး ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ဘူးပါသည်၊
သူက “သမီးရေ မနက်ဖြန် အဖေတို့ မိသားစု ပါဆီရစ် theme park သွားမယ်ဟေ့၊”
ဟေးလို့ သမီးကဝမ်းပါတသာ အော်ကြွေးလိုက်သည်၊
ကျမအံ့အားသင့်သွားသည်၊ တကယ်ဆိုသူသည် ကျမကိုကြိုပြောသင့်သည်၊ တိုင်ပင်သင့်သည်၊ ကျမတော်တော်တင်းသွားသည်၊
‘မဖြစ်ဘူးထင်တယ် မနက်ဖြန်သမီးသင်တန်းတွေတက်စရာ အများကြီးပဲ၊’ ကျမ ပြောလိုက်သည်၊
“အဲဒီသင်တန်းတွေဖျက်လိုက်လေ၊”
‘ဘာရယ်၊’ ကျမ အသံတင်းတင်းနဲ့အတူ၊ ကျမတို့ စကားများဖြစ်ခဲ့သည်။

သူကသမီးကို ကျမကပုံစံတစ်ခုထဲကိုရိုက်သွင်းနေသည်ဟု စွပ်စွဲသည်၊ ကျမကလည်း ဒါသမီး၏နောင်ရေး စင်္ကာပူရဲ့ ပညာရေးစနစ်ဟာ ဒီလိုပဲ MOULDING THE FUTURE လို့ချေပလိုက်သည်၊ ကျမကသမီးလေးကို အရာရာမှာတော်စေချင်သည်၊ ထိပ်ဆုံး ၁၀ ယောက်ထဲတွင်ပါစေချင်သည်၊ ထိုအတွက် အထောက်အပ့ံဖြစ်စေရန် ကျုရှင်တွေသင်တန်းတွေ တက်စေသည်၊ စာကြည့်တိုက်ဆိုလဲ စာကြည့်တိုက်သွား၊ ပြတိုက်ဆိုလည်းပြတိုက်သွား၊ ဦးနှောက်နှစ်ဘက်စလုံး အသုံးပြုနိုင်မှုသင်တန်း၊ အင်္ဂလိပ်နှင့် တရုတ်အသံထွက် အထူးသင်တန်းတွေပါပေးသည်၊ ရေကူး၊ ပီယာနိုတွေတောင်ပါလိုက်သေးသည်၊
“ကလေးကိုပေးတဲ့ သင်တန်းတွေများနေပြီလို့ တို့ထင်တယ်၊”
‘လိုအပ်လို့ ကျမပေးနေရတာပါ၊’
“လိုအပ်သည်ထက်ပိုနေပြီလို့ တို့ထင်တယ်၊”
‘ဒါအခြေခံတွေပါ၊ ကျမတို့သမီးတစ်ယောက်ထဲ ဒီသင်တန်းတွေတက်နေတာ မဟုတ်ဘူး၊’
“မဟုတ်ဘူးလေ၊ အရေးကြီးတဲ့ PSLE မူလတန်းအောင် စာမေးပွဲ၊ GCE စာမေးပွဲတွေအတွက်ဆိုထားလိုက်ပါတော့၊ ခုဟာကအခြေခံအတန်းပဲ ရှိသေးတာ၊ နောက်ပြီး ဦးနှောက်သင်တန်းတို့ အသံထွက်သင်တန်းတို့ မဟုတ်သေးပါဘူး၊”
‘အို သမီးကိုထိပ်ဆုံးမရောက်တောင် သူများနဲ့တန်းတူဖြစ်စေချင်တယ်၊’
“ဟွန်း ဒီဦးနှောက်အသုံးချတတ်တော့ သမီးကဘာဖြစ်လာမှာတုန်း၊ အမေရိကန်တစ်ယောက်လို၊ ပြည်ကြီးတရုတ်တစ်ယောက်လို စကားသံထွက်တတ်တော့ သမီးကဘာဖြစ်လာမှာတုန်း၊ မင်းကွာ…”
“သမီးလေးဟာ ကလေးဆိုတာကို သတိထားဦး၊ နောက်သမီးဟာလူသားတစ်ယောက်ကွ၊”
“ကလေးဆိုတာဆော့ရမယ်၊ ကစားရမယ်၊ တစ်ချိန်လုံး စာအုပ်ရှေ့ ကွန်ပြူတာရှေ့ သင်တန်းတွေနဲ့ ပတ်ချာရိုက်နေရင်တော့၊ မင်းပြောတာတွေဖြစ်လာမှာ မဟုတ်ဘူး”
ကျမကိုဒေါသသံဖြင့်ပြန်ပြောနေသော သူ့ကိုတွေ့လိုက်ရသည်၊ နောက်ပြီး မင်းနဲ့ငါနဲ့ ပြောလာသည်၊ ကျမလည်း ဒေါသတွေထွက်သွားမိသည်၊
‘ရှင်ကဒေါသထွက်တာပေါ့လေ၊ ရှင်သင်တန်းကြေးတွေ မပေးချင်တိုင်း ဒီလိုပြောတာပေါ့၊’
“မပေးချင်လို့ပြောတာမဟုတ်ဘူး လွန်နေလို့ပြောတာ၊ တော်တော်ကိုလွန်နေလို့”
‘ရှင်ကသမီးလေးကို မတော်စေချင်ဘူးပေါ့၊ မတတ်စေချင်ဘူးပေါ့’
‘ရှင်သင်တန်းကြေးတွေ မပေးရင်လဲနေ၊ ကျမစုဆောင်းထားတာတွေနဲ့ သမီးကိုသင်တန်းတွေပို့ရမှာပဲ’
“မင်းဘာသိသလဲ၊ တော်တာတတ်တာကို မင်းဘာသိသလဲ၊ ငါက သမီးလေးကို မတော်စေချင်လို့ မဟုတ်ဘူး သမီးလေးကို ကောင်းစားစေချင်လို့၊ A*တွေရလို့ ဂုဏ်ထူးတွေထွက်လို့ ဒါတွေဟာ ဘဝမှာ သိပ်အရေးမပါလှဘူးဆိုတာ မင်းခုထိမသိသေးဘူးလား၊ တစ်ခါလာလဲ ပညာရေးစနစ်နဲ့ပဲ ငါကိုကိုင်ပေါက်နေတယ်၊ ကျူရှင်တွေသင်နေရတယ်ဆိုတဲ့ ပညာရေးစနစ်ဟာ အကောင်းဆုံးလို့ မင်းပြောမလား၊ ဒီနိုင်ငံ အဖွဲ့အစည်းကြီးတွေရဲ့ CEO တွေ ထိပ်ဆုံးကသူတွေ ဟာဘယ်သူတွေလဲ ဘယ်လိုလူတွေလဲဆိုတာ မင်းနားလည်ဘို့ကောင်းတယ်၊ A*တွေရတဲ့ ဂုဏ်ထူးတွေထွက်တဲ့သူတွေ အများအားဖြင့် သူများခိုင်းတာလုပ်နေရတယ်၊ ဘာမှမဖြစ်လာဘူး၊”
“မင်းကြားခဲ့ဘူးမှာပါ၊ ပုံစံတစ်ခုထဲ ဇွတ်သွင်းနေရင် နဂိုရှိရင်းစွဲတွေပါပျောက်ကုန်တယ်ဆိုတာ၊ ငါအတွက်တော့ သမီးလေးကို သူ Talent ရှိတာကိုပဲ မြေတောင်မြောက်ပေးချင်တယ်၊ မြောက်ပေးမှာပဲ၊”
ကျမဒေါသတို့သည် အထွတ်အထိပ်သို့ ရောက်လာပေသည်၊ ကျမဘာကိုမှ မစဉ်းစားမိတော့၊ တုန်ရီလို့နေပြီ၊ သူကျမကိုစော်ကားလိုက်တာ ကျမဆယ်တန်းကို ဘာသာစုံဂုဏ်ထူးထွက်ခဲ့တာ သူသိတယ်၊ နောက်ပြီးကျမက အတန်းထဲမှာ အမြဲတမ်း ပထမ မဟုတ်ရင် ဒုတိယရနေကြ၊
‘ရှင်တော်တော့၊’ ကျမအသံကုန်နီးပါးအော်လိုက်မိသည်၊
“မတော်နိုင်ဘူးကွာ၊ ဆက်ပြောရမှာပဲ၊ ဟိုသင်တန်းတွေ၊ ဒီသင်တန်းတွေနဲ့ မင်းသမီး ဘုရားတောင်ရှိခိုးတတ်ရဲ့လား၊ ဘုန်းကြီးနှင့် လူကြီးမိဘတွေကို စကားပြောတတ်လား၊ ဖေဖေ မေမေလို့ မြန်မာလိုခေါ်တတ်တာနဲ့ မင်းအတွက်လုံလောက်သွားပြီလား၊”
“ငါကတော့ မနက်ဖြန် မင်းမလိုက်လဲ၊ သမီးနဲ့သွားမှာပဲ၊”
ကျမရှိုက်ကြီးတငင်ငိုချလိုက်မိသည်၊
သူသည် ကျမကိုမချော့ပါ၊ အိမ်ရှေ့ခန်းသို့ထွက်သွားခဲ့သည်၊
ကျမဆက်၍ ငိုကြွေးနေမိသည်၊
သမီးကလေးသည် ကျမကိုဖက်ကာ လိုက်ငိုနေသည်၊
ကျမ scarifies လုပ်ထားရတာတွေ အနစ်နာခံခဲ့တာတွေ ဘယ်သူမှ နားမလည်ကြဘူး၊
“Don`t cry May May. I am not going anywhere tomorrow because you are crying.”
သမီးလေး အသံကိုကြားရတော့ ကျမအငိုတိတ်ခဲ့ရသည်၊
ကျမဘဝတွင် သူနဲ့ပထမဦးဆုံးအကြိမ် စကားများခြင်းဖြစ်ပါသည်၊
သမီးလေးရှေ့တွင် ကျမတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ပထမဦးဆုံးအကြိမ် ဒေါသဖြစ် ရန်ဖြစ်ကြခြင်းဖြစ်ပါသည်၊
သမီးလေးရှေ့တွင် ကျမ ပထမဦးဆုံးအကြိမ် ငိုခဲ့ခြင်းလည်းဖြစ်ပါသည်။


…………………………………………………………….
နောက်တစ်နေ့တွင်ကျမတို့ ပါဆီရစ်သို့ မသွားဖြစ်ခဲ့ပါ၊
သမီးလေးကိုလဲ ဘယ်သင်တန်းမှ ကျမ မပို့ဖြစ်ခဲ့ပါ၊
သမီလေးဆန္ဒကို ရယူပါဆိုသော နှစ်ယောက်ဆုံးဖြတ်ချက်အရ၊ သမီးလေးကို ဦးနှောက်အသုံးချသင်တန်းမှထွက်စေခဲ့သည်၊ အသံထွက်သင်တန်းကို ဆက်ရှင်အပြီးအထိ သင်ယူရန်နဲ့ ကျူရှင်ကိုတော့ ဆက်လက်သင်ယူရန် သဘောတူညီမှု ရခဲ့ကြပါသည်၊
သူသည်ကျမကို မတောင်းပန်ခဲ့သလို၊ ကျမသည်လည်း သူ့ကို မတောင်းပန်ခဲ့ပါ၊
မင်းဘာမှမသိဘူးလို့ ပြောတဲ့စကားလောက် ကျမအတွက်ခံပြင်းတာမရှိပါ၊ မင်းဘာမှမဟုတ်ဘူးလို့ ပြောလိုက်တာက ပိုဆိုးသေးသည်၊
ငွေရေးကြေးရေးသည် ကျမတို့အတွက် စကားပြောလာပြီကို ကျမသိရှိခဲ့ပါပြီ၊
ကျမအလုပ် ပြန်လုပ်ရန်ဆုံးဖြတ်ခဲ့ပါသည်၊
ကျမရင်ထဲတွင် အစိုင်အခဲ တစ်ခုရှိနေပြီဆိုတာကိုတော့ ဝန်ခံမိပါသည်၊
ဒေါ်အောင်ဆန်းစုကြည်ကပြောဘူးပါသည်၊ သူ scarifies လုပ်ခဲ့တာ မဟုတ်ဘူး၊ သူ choose လုပ်ခဲ့တာပါတဲ့၊
ဒီလိုပါပဲလေ ကျမလည်း ကျမရွေးချယ်ခဲ့တာပဲ မဟုတ်ပါလား။



ဆက်လက်ဖေါ်ပြပါမည်၊