Thursday, January 10, 2013

ဝယ်ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ် “ဒေါင်းကတဲ့နေ့”



ကဗျာ စာအုပ်လေးတစ်အုပ် ဝယ်ဖြစ်ခဲ့ပါသည်၊ ငယ်စဉ်ကပင် ကြိုက်နှစ်သက်ရသော ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ စာအုပ်လေးပါပဲ။

စင်္ကာပူမှာ ရိုက်နှိပ်ပြီး၊ Future Foundation ကထုတ်ဝေခြင်းဖြစ်သည်၊ ဒုတိယအကြိမ်ထုတ်စာအုပ် ဆိုပေမဲ့ ပထမအကြိမ်နဲ့ ခေါင်းစဉ်မတူ ကဗျာတွေပိုလို့ပါသည် ဟုဆိုသည်၊ ကဗျာ စာအုပ်လေး နာမည်ကတော့ “ဒေါင်းကတဲ့နေ့” ဖြစ်ပါသည်။

အတွင်းဒီဇိုင်းတွေကို မြင့်မောင်ကျော်က သရုပ်ဖေါ်ထားသည်၊ အချို့ ကဗျာများတွင် စာရွက် နောက်ခံအရောင်ကြောင့် ကဗျာစာသားများ မှိန်နေသည်ဟု ထင်မိပါသည်၊ တစ်ချို့ စာလုံးပေါင်းတွေလည်း စာစီကျန်ခဲ့သလား မသိပါ။

သူရဲကောင်းဆိုတဲ့ ကဗျာတိုလေးတွေနဲ့ အစပြုထားပြီး၊ မဟာသူရဲကောင်းများ၊ ဒေါင်းတို့ရဲ့စောင်း ကဗျာရှည်တွေနဲ့ အဆုံးသတ်ထားပါသည်၊ အချစ်အကြောင်း၊ ဘဝအကြောင်း နိုင်ငံရေးအမြင်တွေနဲ့ ပြည့်နေတဲ့ ကဗျာစာအုပ်လေးပါပဲ၊ စာပေဟောပြောပွဲ များတွင် ဆရာရွတ်နေကြ ကဗျာတွေလည်း ပါပါသည်။

ကျနော်ကြိုက်သော ကဗျာလေးနှစ်ပုဒ်ကို ကူးရေးလိုက်ပါသည်၊ ဒီနေ့အချိန်အခါနဲ့ ကိုက်ညီသည်ဟုထင်ရတဲ့ ကဗျာအပိုင်းအစလေးတွေကိုလည်း ကူးရေးလိုက်ပါသည်၊ ဖတ်ပြီး ခံစားရသော ကျနော်ခံစားချက်များသည် ဆရာရေးသော ခံစားချက်နဲ့ မတူနိုင်သလို တခြားဖတ်သူတွေရဲ့ ခံစားချက်နဲ့ တူနိုင်မည် မဟုတ်ပါ။

-----------------------------

ဘဝအဖေါ် မဖြစ်ပေမဲ့
ခဏအပျော်ချစ် မဟုတ်ခဲ့ပါ။

မာနသိက္ခာ အရှုံးထား
နှလုံးသားမှာ ကမ္ဗည်းထိုး
မြတ်နိုးတွယ်တာ။

မခေါ်သင့်ပါဘူး
မျှော်လင့်လျှင် မျှော်သူအမှားရယ်လို့
ကိုယ်တရားနဲ့ ကိုယ်ဖြေကာ
ဝေဒနာက မြားလိုစူး။

သူသိမှာလား
အပူရှိသူ ဘယ်လိုမောတယ်လို့
ဘယ်လိုပြော ဘယ်လိုကြည့်
ဘယ်လိုထိ ဘယ်လိုတွေ့
သူ့ကိုယ်ငွေ့မှာ ကိုယ်ပျော်ဝင်
သူ့ဆံပင်မှာ မျက်နှာအပ်
တစ်သက်တာ အမှတ်တရတွေ….ထင်..ထင်…ထင်ရဲ့
ရင်…ရင်မှာ သမုဒယဆူးတွေကြောင့်
အချစ်ရယ်….
အခုဘဝတော့ ရူး….။

ကဗျာလေးက ‘အခါလွန်မိုး’ ဖြစ်ပါသည်။
နောက်ပြီး ‘လွမ်းရက်’ နှင့် ‘ရှင်ခန်းဖြတ်’ ကဗျာတို့ကိုလည်း တိုက်ဆိုင်ခံစားမိပါသည်။

---------------------------------

ဒူးမတုန်နဲ့ ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘဝရဲ့ ပထမခြေလှမ်း
မင်းစပြီး လှမ်းရမှာ။

ကြောက်စိတ်မဝင်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင် ပြဲမယ်
လဲရင် ပြန်ရပ်
နောက်ထပ် ခြေလှမ်းတွေ စမယ်။

လေးဖက်တွားရင်း ကျေနပ်
ထပြီး မရပ်ပဲ နေမယ့်အစား
ရပ်စမ်း လဲစမ်း
ရဲရဲလှမ်း ကလေး
ပြီးရင်
ပြေးလမ်းပေါ်တက်ကြရအောင်။

ဒီ ‘ပန်းတိုင်ရှိရာ’ ကဗျာလေးကိုတော့ ကျနော်က ဒီနေ့မြန်မာပြည်ကို ပြောနေတာရယ်လို့ ခံစားလိုက်ပါတယ်။ ‘မျက်မှန်’၊ ‘သမုဒယကျောင်း’နှင့် ‘နရပတိစည်သူ’ ကဗျာလေးတွေကိုလည်း ကြိုက်နှစ်သက်မိပါသည်။

---------------------------

“ဒီမိုကရေစီ”
ရောင်နီပျို့အက်၊ အာရုဏ်တက်ပြီ…..
လက်တကမ်းမှာ၊ အလင်းဖြာလိမ့်
အာရုဏ်ကို ရိုကျိုး
မြတ်နိုးစွာ ထိန်းသိမ်း
ငြိမ်းချမ်းစွာ စောင့်ရှောက်
ဒီကမ္ဘာမှာ….

‘ပြည်သူလောက် ကြီးမြတ်သောအရာသည် မရှိ’ …….

စသဖြင့် ဆရာရဲ့ ၁၉၈၈ နောက်ခံ “မဟာသူရဲကောင်းများ”၊ ကဗျာရှည်ကြီးကိုလည်း မြင်ကွင်းမှာ ပြန်မြင် နေရသလို ခံစားလိုက်ရပါကြောင်း။


sosegado