ကျမစိတ်ဝင်စားတဲ့သူ
ကျမ၏ ပတ်ဝန်းကျင်တွင် ယောက်ျားတွေ အများကြီး ရှိပါသည်၊ အသက်အရွယ် အမျိုးစုံ၊ အလုပ်အကိုင် အမျိုးစုံ၊ အရည်အချင်း အမျိုးစုံ အပုံပုံ အစုံစုံပါ။
သူသည် သာမန်ထက် အရပ်မြင့်သော မြန်မာအမျိုးသား တစ်ယောက်ဖြစ်ပါသည်၊ အသားလတ်လတ် စိုပြေပါသည်၊ ဆံပင်ကို မတိုမရှည် အနောက်နိုင်ငံက မင်းသားတွေလို ထားတတ်ပြီး အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ ဖီးလိမ်းထားလေ့ရှိပါသည်၊ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ် နှုတ်ခမ်းလွှာ မပါးတစ်ပါးက အားလုံးထဲမှာ တည်ကြည်သော မျက်နှာပိုင်ရှင်လို့ သူ့ကို ကျမ ကောက်ချက်ချမိပါသည်၊ အားကစားနှင့် ကိုယ်ခံပညာ လိုက်စားသဖြင့် သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ယောက်ျားပီသလိုက်တာလို့ မိန်းကလေးများ တီးတိုးပြောရလောက်တဲ့သူ ဖြစ်ပါသည်။
စကားမပြောခင် အပြုံးလေးတစ်ခုပေးပြီးမှ စပြောလေ့ရှိပါသည်၊ စကားပြောလိုက်လျှင် အသံက ချိုသာယဉ်ကျေးပါသည်၊ ဆဲရေးတိုင်းထွာသော ကြမ်းတမ်းသော စကားများ သူ့ထံမှ ဘယ်တော့မှ ကြားရလိမ့်မည် မဟုတ်ပါ၊ စိတ်ဝင်စားစရာနှင့် ရယ်စရာကောင်းသော softy joke များကိုလုပ်လေ့ရှိပါသည်၊ ကျမ အရမ်းသဘောကျသော အရာတစ်ခုဖြစ်ပါသည်၊ စကားဝိုင်းထဲတွင် လိုက်လံဆွေးနွေးနိုင်သော ဗဟုသုတကြွယ်ဝသူ တစ်ယောက်လည်းဖြစ်ပါသည်၊ မေးလိုက်လျှင် အချက်အလက်နဲ့ စိတ်ရှည်သေချာစွာ ရှင်းပြတတ်ပြီး ကျနော်ကတော့ ဒီလောက်ထိပဲ သိတယ်နဲ့ အဆုံးသတ်ပေးလေ့ရှိပါသည်၊ စကားပြော ကောင်းသူတစ်ယောက်လို့ သူ့ကို ကျမက မှတ်ချက်ပေးမိပါသည်။
နောက်ပြီး သူက ဆေးလိပ်မသောက်ပါ၊ ကွမ်းလည်းမစားပါ၊ ဘီယာနှင့်အရက်ကိုတော့ လူမှုရေးအရ သောက်လေ့ရှိသည်လို့ ဆိုပါသည်၊ ဝိုင်တွေအကြောင်း အရက်တွေအကြောင်း ဝတ်စားဆင်ယဉ်မှုနှင့် ဧည့်ခံပွဲထုံးစံတွေကို ရှင်းပြသောအခါ သူ့ကို လူရာဝင်တဲ့သူလို့ ကျမ အမှတ်ပေးခဲ့ပါသည်။
နိုင်ငံရေးကို စိတ်ဝင်စားသော်လည်း နိုင်ငံရေးသမား တစ်ယောက် မဟုတ်ပါဟုဆိုသည်၊ တစ်ဘက်က မှားနေပါစေ ဆန့်ကျင့်ဘက်တွေကို မကောင်းသူတွေအဖြစ် မမြင်တတ်သော၊ အမြင်မတူတွေကို ပုတ်ခတ်ပြောဆိုပြီး အပြစ်ပြောကာ ဂုဏ်ယူတတ်သော လူမျိုးလည်း မဟုတ်ပါ၊ စစ်ပွဲတွေကို တစ်ဘက်ထဲကိုပဲ ရပ်လိုက်ပါ ရပ်လိုက်ပါလို့ မျက်စိမှိတ် ပြောလေ့ရှိသော လူမျိုးလည်း မဟုတ်ပါ၊ နှစ်ဘက်မျှကြည့်တတ်သော ရေရှည် အတွေးအခေါ်ရှိသော လူတစ်ယောက်လည်းဖြစ်ပါသည်၊ စွမ်းဆောင်နိုင်တဲ့ အရည်အချင်း တွေကြောင့် ဦးဆောင်နိုင်မဲ့လူလို့ သူ့ကို ကျမသတ်မှတ်ထားပါသည်။
ကျမအနားမှာ ကျမပတ်ဝန်းကျင်မှာ ဒီလို လူတစ်ယောက် ရှိနေတာကို ကျမ စိတ်မဝင်စားပဲ နေနိုင်မယ်လို့ ရှင်တို့ထင်ပါသလား။
ကျမ စိတ်ဝင်စားခဲ့ပါသည်၊
ကျမ သူ့အကြောင်းတွေ ပိုသိချင်လာသည်၊
ကျမ သူ့ကို ခင်မင်မိပါသည်။
ရှင်တို့ဆိုရင်ကော။
ကျမချစ်တဲ့သူ
ကျမတို့တစ်တွေ အများအားဖြင့် ငါ့ချစ်သူက ဘယ်လိုလူ၊ ငါ့ရီးစားထားရင်တော့ဖြင့် ဆိုပြီး၊ ချစ်သူတွေကို စိတ်ကူးယဉ်ခဲ့ဘူးပါလိမ့်မည်၊ ရင်ခုန်ကြည့်ချင်ကြတာလို့ ဆိုကြဦးမလား၊ ကျမကတော့ စိတ်ကူးယဉ်ခဲ့ပါသည်။
နောက်ပြီး ဘေးပတ်ဝန်းကျင်က ငါ့ကို ဘယ်သူကများ စိတ်ဝင်စားနေမလဲ ဆိုပြီး ဆန်းစစ်မှုတွေ လုပ်ခဲ့ဘူးမယ်လို့ ထင်ပါသည်၊
ကိုယ်ကြိုက်တဲ့သူတွေ့ရင် ရေလာမြောင်းပေး လုပ်သလို၊ အထာလာ အကြောင်းပေး ရှိခဲ့ဘူးကြပါလိမ့်မည်၊ ချစ်သူဟုတ်မဟုတ် ရင်ခုန်လား ရင်မခုန်ဘူးလားနဲ့ အစပြုခဲ့ကြတာ မဟုတ်ပါလား၊ အချစ်ဝထ္ထုတွေ အချစ်သီချင်းတွေ အချစ်ဇာတ်လမ်းတွေ ဖတ် နားထောင် ကြည့်ရှုနေတဲ့ အချိန်တွေတုန်းကပေါ့။
ထူးခြားတဲ့ အချစ်ဇာတ်လမ်း မဟုတ်ခဲ့ရင် ယောက်ျားလေးနဲ့ မိန်းကလေးတို့ သာမန် အချစ်ဇာတ်လမ်းဟာ စိတ်ဝင်စားမှုက စခဲ့တာပဲ မဟုတ်ပါလား၊ ကျမရဲ့ အချစ်ဇာတ်လမ်းမှာလည်း စိတ်ဝင်စားမှုက စခဲ့တာပါပဲ၊ ချစ်ချင်လို့ စိတ်ဝင်စားတာပါလို့ ပြောလာရင် ကျမဝန်ခံလိုက်ပါမည်။
ကျမစိတ်ဝင်စားတဲ့သူသည် ကျမနှင့် ခင်မင်ခဲ့ပါသည်၊ နောက်ပြီးပို၍ ရင်းနှီးခဲ့ပါသည်၊ ခင်မင်ဖြစ်အောင် ရင်းနှီးဖြစ်အောင် ကျမက စလုပ်ခဲ့သလားလို့ မေးလာရင်၊ တစ်ဝက်မှန်ပါလိမ့်မည်ဟု ကျမဖြေပါမည်၊ လူနှစ်ဦး ခင်မင်ရင်းနှီးမှုမှာ နှစ်ဦးစလုံးရဲ့ သဘောပါပါလိမ့်မည်၊ တစ်ဖက်သတ် ခင်မင်မှုတွေတော့ရှိနိုင်ပါသည် တစ်ဖက်သတ် ရင်းနှီးမှုတွေတော့ ရှိလိမ့်မည် မဟုတ်ပါ။
ကျမစိတ်ဝင်စားတဲ့သူသည် အချိန်နှင့်အမျှ ကျမအတွေးထဲမှာ၊ ကျမစိတ်ကူးထဲမှာ စိုးမိုးနေရာ ယူထားပါသည်၊ သူနဲ့တွေ့ရတဲ့ အချိန်လေးတွေသည် ကျမကို သာယာကြည်နူးမှုတွေ ပေးခဲ့ပါသည်၊ ဒီလိုနဲ့ သူနဲ့တွေ့ရမဲ့ အချိန်တွေကို ကျမတမ်းတစောင့်စားမိပါသည်၊ သာယာကြည်နူးမှုတွေကနေ ရင်ခုန်ခံစားမှုတွေအဖြစ် ပြောင်းပေးလိုက်နိုင်တဲ့ အခိုက်အတန့် တစ်ခုမှာတော့၊ ကျမရဲ့ အရာရာကို သူက စိုးမိုးထားစေချင်သည်၊ သူ့ရဲ့ အရာရာကို ကျမ လွှမ်းမိုးထားချင်သည်၊ သူနဲ့ ပတ်သက်ပြီး ရေချိုးခန်းထဲမှာ သီချင်းတွေ ညည်းဆိုတတ်လာတော့ သူ့ကို ကျမချစ်မိနေပြီဆိုတာ မျက်စိမှိတ် သိရှိခဲ့ပါသည်။
အစဉ်အလာ ဇာတ်လမ်းတွေကလို ကျမစိတ်ဝင်စားတဲ့သူသည် ကျမကို ချစ်တဲ့အကြောင်း ပြောလာသောအခါ၊ ကျမက ဘာပြန်ပြောမယ်လို့ ရှင်တို့တွေးကြည့်လိုက်ပါ၊ အနေကြာ အကြောင်းသိတွေ ဖြစ်လာတဲ့ အတွက်လည်း ကျမ သူ့ကိုချစ်နေခဲ့ပါတယ်လို့ အဖြေနှစ်ခါ မတောင်းရပဲ ကျမကြွေခဲ့ရပါသည်၊ ခုတော့ ကျမတို့ နှစ်ဦးက ချစ်သူတွေပေါ့၊ တကယ်တော့ ဟို တောင်ကုန်းမြင့်မြင့်ပေါ်တက်ပြီး ကြွေးကြော်ချင်တာပါ၊ ကျမချစ်ရတဲ့သူသည် ကျမချစ်သူ၊ ကျမကို ချစ်တဲ့သူသည် ကျမချစ်သူလို့။
ကိုကို ခေါ်ရမလား၊ မောင်မောင် ခေါ်ရမလား၊ ချစ်လေးလား အချစ်တုန်းကြီးလား ဝမ်းသာကြည်နူးမှုတွေက ပြောမကုန်ပါ၊ ဒီလိုနဲ့ ကျမတို့ အချစ်ဇာတ်လမ်းလေး အယုအယတွေနဲ့ သမုဒယပွားလို့ ချစ်ခြင်းကို ချစ်ခြင်းထပ်ခဲ့ကြပါသည်၊ ထပ်ခြင်းမြတ်အောင်လို့လည်း နားလည်သလား၊ နားလည်ပေးနိုင်သလား နားလည်သွားပြီလား ဆိုတဲ့ နားလည်မှုတွေကို တည်ဆောက်ခဲ့ကြပါသည်၊ ကျမဘဝရဲ့ ခံစားမှု အရှိဆုံးအချိန်တွေလို့ ကျမ မှတ်ယူပါသည်။
သူရဲကောင်း မပါတဲ့ အချစ်ဇာတ်လမ်းတွေမှာတော့ ချစ်သူတို့ရဲ့ ပန်းတိုင်တစ်ခုဟာ ရယူပိုင်ဆိုင်ခြင်းပါပဲ၊ အတူနေချင်ပြီနဲ့ စလာတဲ့ အချစ်ထပ်မံ ပေါက်ဖွားခြင်းတွေမှာတော့ ကျမအတွက် ဘဝ အမောတွေ စဝင်လာပြီလို့ ကျမ သိရှိခဲ့ပါသည်၊ ဒါပေမဲ့ နှစ်ကိုယ်တူ ချစ်သမျှကိုနဲ့ အလိုတူဖြစ်ခဲ့ရပါသည်၊ ကျမဘဝရဲ့ စွန့်စားဆုံးအချိန်တွေလို့ ကျမ ထုတ်ဖေါ်ပြောဆိုလိုပါသည်။
အဆင်သင့်ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆိုတဲ့ မေးခွန်းတွေနဲ့၊ သေချာမှလာမယ် ဆိုတဲ့ သူတွေနဲ့ ကျမတို့ သဘောခြင်း မတိုက်ဆိုင်ခဲ့ပါ၊
Zero Risk ဆိုတာ ဘယ်နေရာမှာမှ မရှိပါဘူး၊
ကိုကို အဆင်သင့်၊ မမ အဆင်သင့်တွေ မဟုတ်တဲ့အတွက်
ကျမချစ်ရတဲ့သူသည် ကျမချစ်သူ၊ ကျမကို ချစ်တဲ့သူသည် ကျမချစ်သူ ဆိုပြီး
ကျမစွန့်စားဝံ့ခဲ့ပါသည်။
ရှင်တို့ဆိုရင်ကော။
ကျမမြတ်နိုးတဲ့သူ
ကျမစိတ်ဝင်စားတဲ့သူ ကျမချစ်တဲ့သူသည် တူနှစ်ကိုယ် တဲအိုပျက်ဆိုသည်ကို လက်ခံသူ မဟုတ်ပါ၊ ကျမရဲ့ အိမ်မက်တွေကို ပွင့်လန်းစေမဲ့သူ ဖြစ်ပါသည်၊ ကျမရဲ့ စိတ်ကူးတွေ အကောင်အထည် ဖေါ်ရာမှာ ဦးဆောင်ပေးမဲ့ သူတစ်ယောက်ပါ၊ စိတ်ကူးနဲ့ လက်တွေ့တို့ရဲ့ ပေါင်းစပ်မှုတစ်ရပ်ပါပဲ၊ စိတ်ကူးမရှိရင် လက်တွေ့သမားသည် လားရာမဲ့နေပါမည်၊ လက်တွေ့သမား မရှိရင် စိတ်ကူးတို့သည် ရုပ်လုံးပေါ်လာမည် မဟုတ်ပါ၊ နှစ်ဦးနှစ်ဖက် ပေါင်းစပ်ရာတွင် နားလည်မှုက အရေးကြီးသည် မဟုတ်ပါလား၊ ဒီလိုနဲ့ ကျမတို့တွင် အလွန်သာယာဖွယ်ကောင်းသော အိမ်ကလေး တစ်လုံးကို ပိုင်ဆိုင်ခဲ့ပါသည်၊ ကျမကို အလိုလိုက်ဆုံးသူ၊ ကျမကို အလိုက်အသိဆုံးသူသည် သူဖြစ်လာခဲ့ပါသည်၊ အခက်အခဲ အားလုံးအတွက် ကျမအတွက် အဖြေတစ်ခုကို အမြဲရှာပေး နိုင်တဲ့ သူရယ်ပါ၊ သူသည် ကျမကို ကျမထက် ပို နားလည်ပေးနိုင်စွမ်းရှိသူဆိုတာကို ကျမဝန်ခံမိပါသည်။
သာယာချမ်းမြေ့သောဘဝ ဆိုတာ လူတိုင်းကိုရစေသော ဘဝ မဟုတ်ပါ၊ အကုန်လုံးပြည့်စုံနေတိုင်း သာယာချမ်းမြေ့သောဘဝ မဖြစ်နိုင်ပါ၊ သာယာချမ်းမြေ့စွာ နေထိုင်တတ်သော ကျမတို့အတွက် သာယာချမ်းမြေ့မှုကို ပိုင်ဆိုင်ရပါသည်၊ ယုံကြည်မှု၏ အရေးပါမှုကို ကျမသိရှိလာရပါသည်၊ လုံခြုံစိတ်ချစွာ နေနိုင်ရေးကို ပေးစွမ်းနိုင်သူသည် ယုံကြည်အားကိုးရတဲ့သူ မဟုတ်ပါလား။
ချစ်ခြင်းက အစပြုက အားကိုးယုံကြည်စွာဖြင့် မေတ္တာ ပိုလာရသည်ကို သံယောဇဉ်လို့ ကျမက ဆိုပါသည်၊ ကျမတို့နှစ်ယောက် ကူဖေါ်လောင်ဖက်၊ ဆေးပေးမီးယူ တွေလည်းဖြစ်ခဲ့ပါသည်၊ ကျမကို သူပေးနေသော သာယာပျော်ရွှင်မှုများကို၊ ကျမ၏ မြတ်နိုးယုယ ပြုစုခြင်းများဖြင့် တသက်လုံး ပေးဆပ်မည်ဟု ကျမ ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်၊
နားလည်းပေးနိုင်စွမ်းရှိသူ၊ ယုံကြည်အားကိုးရတဲ့သူကို ချစ်ခင်မြတ်နိုးသင့်သည် မဟုတ်ပါလား၊
ကျမ တစ်သက်လုံး မြတ်နိုးချစ်ခင် သွားမှာပါ။
ရှင်တို့ဆိုရင်ကော။
ကျမခင်ပွန်း ကျမအမျိုးသား
သူ ကျမကို စိတ်ဝင်စားခဲ့သလား ကျမကို ချစ်ခဲ့သလား ကျမ မသိပါ၊ သူသည် ကျမ၏ အိမ်ထောင်ဖက် ခင်ပွန်းဖြစ်ပါသည်၊ ကာမပိုင် လင်ယောက်ျားလို့ ဆိုကြပါသည်။
သူပုံပန်းက အမှတ်ရလွယ်ပါသည် အညာသားကွ ဘာဖြစ်လဲလို့ ပြောလေ့ရှိပါသည်၊ အရပ်က မမြင့်သည့်အပြင် ခပ်ဝဝသူ့မှာ ခုတစ်လော ဗိုက်ကထွက်လာပါသည်၊ သူ့မျက်နှာတွင် ထင်ရှားစေသည်မှာ ကွမ်းစားထားသော သွားများဖြစ်ပါသည်၊
သူ့အပြုံး ချစ်စရာ ကောင်းမကောင်း စဉ်းစားသာ ကြည့်ကြပေတော့။
အိမ်ငှါးခ ကုန်ကျစရိတ်တွေကတော့ သူ့လစာထဲကပေါ့၊ လောက်လား မလောက်လား ဘယ်တော့မှ သူမမေးပါ၊
ခေါင်းကိုက်နေတယ်လို့ ပြောမိရင်၊ ပယ်နယ်ဒေါသောက် မပျောက်ရင် အိမ်ဘေးက ဆေးခန်းသွား ဒီထက်မပိုပါ၊
ကျမ ထမင်းဟင်းချက်တာကို ဘာမှာ မဝေဖန်ပါ၊ တစ်ခါတစ်ရံ အပြင် သွားစားကြရအောင်လို့တော့ ဆိုပါသည်၊
ကျမနှင့် ပြိုင်ပြီး ဘယ်တော့မှ မငြင်းပါ၊ ငြင်းစရာမှ မရှိပဲကို၊ သူ့ဆီက ဗဟုသုတ ရဖို့နေနေသာသာ သူသည် တီဗီ သတင်းကြည့်ရင်တောင် သတင်းခေါင်းစဉ်ပဲ ကြည့်တတ်လေ့ရှိသည်၊
ကျမ ညည အိပ်မပျော်တာတို့ အင်တာနက်ထဲမှာ တစ်ညလုံးနေနေတာလည်း သူစိတ်မဝင်စားပါ၊
သူကတော့ မနက်ကျရင် အလုပ်ကို ထထ သွားစမြဲဖြစ်သည်၊
တစ်ခါတစ်လေ ကျမ အမေ့အိမ် မကြာခဏ ပြန်နေလည်း ဘာလို့ပြန်သလဲ မမေးပါ၊
ခုလည်း ကျမ youtubeက သီချင်းနားထောင်တော့၊ သူဆီက ယောက်သံတွေ ကြားနေရပါပြီ
ကျမနားထောင်နေတဲ့ သီချင်းလေးကတော့
Ev'ry night I dream a little dream;
And of course Prince Charming is the theme:
The he For me.
Although I realize as well as you
It is seldom that a dream comes true,
To me it's clear
That he'll appear.
Some day he'll come along,
The man I love;
And he'll be big and strong,
The man I love;
And when he comes my way,
I'll do my best to make him stay.
He'll look at me and smile--
I'll understand;
And in a little while
He'll take my hand;
And though it seems absurd,
I know we both won't say a word. Maybe I shall meet him Sunday,
Maybe Monday, maybe not
Still I'm sure to meet him one day
Maybe Tuesday will be my good news day
He'll build a little home
Just meant for two;
From which I'll never roam--
Who would? Would you?
And so all else above,
I'm waiting for
The man I love!
Maybe I shall meet him Sunday,
Maybe Monday, maybe not
Still I'm sure to meet him one day
Maybe Tuesday will be my good news day
From which I'll never roam, Who would, would you
And so all else above
I'm dreaming of the man I love"
တစ်ခါတစ်လေမှာ သီချင်းနားထောင်ပြီး စိတ်ကူးယဉ်ရတာ အရမ်းကောင်းပါသည်။
"The Man I Love" is a popular jazz song, with music by George Gershwin and lyrics by Ira Gershwin. I like sign by Barbra Streisand
Photo from The man I love youtube