Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Friday, September 23, 2011

ဧရာဝတီအတွက် မင်းတို့ဘာမှ ပြောစရာမလိုဘူး


ဟိုက်ဒရိုလောဂျီကိုသိလား
မသိဘူး၊

အပ်စထရင်း ဒေါင်းစထရင်းကိုသိသလား
မသိဘူး၊

အီကိုစစ္စတန်ကို သိလား
မသိဘူး၊

အင်ဗွိုင်မယ်တယ်ကို သိလား
မသိဘူး၊

ဆီတီမန်တန်းရှင်းကို သိလား
နားမလည်းဘူး၊

လျှပ်စစ်မီး မရှိတာသိသလား
သိပ်သိတာပေါ့၊

ပိုက်ဆံ မရှိတာသိသလား
သိပ်သိတာပေါ့၊

မြစ်ပေါ်မှာ ဆည်ဆောက်တာ ဆန်းသလား
မဆန်းဘူး၊

ဆည်ဆောက်ရင် ဘုံပျောက်တယ် ဆိုတာသိသလား
ပျောက်နေပြီလေ၊

အင်းလေးကန် ရေခန်းတာ ဆန်းသလား
မဆန်းတော့ဘူး၊

သံလွင် မှာ တစ်လုံးပြီးတစ်လုံး ဆောက်တော့မှာ ဆန်းသလား
ဆန်းတယ်၊ တစ်ယောက်နှစ်ယောက် လောက်ပဲငိုလို့၊

အဲဒါဆို ခုမှ ဘာကြောင့် ဆိုနေကြတာလဲ
သိဘူး၊

ဒါဆိုရင် သင်ခန်းစာ အစက ပြန်စကြစို့။

သင်ခန်းစာ (၁)


သူဆန်စား ရဲရမယ်ဆိုတာ ငါသိတယ်၊
မင်းဘယ်သူဆန်စားနေသလဲဆိုတာ
မင်းကိုယ်မင်း ပြန်ကြည့်လိုက်ပါ၊
သူများတွေပြောရင်တော့ အကြောင်းအကျိုးတွေပေါ့ ငါ့ရင်ထဲထိ လက်ခံရင် လက်ခံလိုက်မယ်၊
မင်းပြောရင်တော့ သူဆန်စား ပြောနေသလို နေတော့
နားကလောလာပြီး အဟုတ်တွေတောင် မဟုတ်ပါဘူးလို့ နဝေတိမ်တောင်ဖြစ်၊
ငါ မယုံဖြစ်တာပါ ဘာကြောင့်လဲဆိုတော့
မင်း ပြောတာဖြစ်နေလို့ပဲ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်း မပြောပါနဲ့။

၅ နှစ်ကျော်က စခဲ့တဲ့ဇာတ်လမ်း ခှု စခန်းထလာတော့
ငါတောင် တုန်တုန်ရီရီဖြစ်သွား အစက ဒေါသတွေထွက်
ပေါက်ကွဲရတော့မလိုနဲ့ တော်သေးရဲ့ အစအဆုံးပြန်ကြည့်မိလို့
အချိန်ရယ် တိုက်ဆိုင်လွန်းလိုက်တာ အပြောင်းအလဲတွေစပါပြီလို့ ပြောတဲ့အချိန်မှာမှ
အဟောသုတံ စလိုက်ပုံက မောင်းကိုထုပါလူစုပါ ထွက်ကြဝိုင်းကြ အဝေးကလှမ်းအော်၊
ဒါပေမဲ့ မပြောမဖြစ်လို့ ပြောရဦးမယ်
ဒီမှာက ပထွေးတွေမြောက်ပေးတိုင်း လိုက်ကတဲ့ ပဂေးတွေမဟုတ်ကြတော့ဘူး။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့မအော်ပါနဲ့။

ဟိုစာအုပ်လှန် ဒီစာအုပ်ဖတ် လုပ်မနေနဲ့ ဟိုရှာ ဒီရှာ ကဲ့ရဲ့အပြစ်အနာအဆာအတွက်လား
ခုမှပဲ ချစ်တတ်နေလိုက်တာ
ဆယ်ကျော်သက်တောင် အရှုံးပေးရမယ် မင်းရဲ့ အလုံးပေးမဲ့ဇာတ်လမ်းတွေအတွက်
မင်းတို့ကိုကြည့်ပြီး ငါ တရားတွေရ တောထွက်ရမလိုပါပဲ
ဒါပေမဲ့ မြန်မာပြည်မှာ တောကလည်းရှားနေပြီဆိုတော့
အမောလည်းပြေတဲ့ အဲကွန်းရိပ်သာတွေမှာပေါ့ နတ်လူသာဓု သွားခေါ်လိုက်ပါတယ်၊
သူများအော်လို့ လိုက်အော်မိတာပါ ဆိုပေမဲ့ အဓိပ္ပါယ်သိ အဓိပ္ပါယ်ရှိ တာဝန်သိသိ အော်
ရင်ထဲကလာတာမို့ ဘက်လဲကင်းတယ် အပြစ်လဲကင်းတယ် နောက်ကွယ်ကဘယ်သူမှ ကြိုးမကိုင်
ဒီမှာအော်တာက မင်းတို့ထက် အဆင့်အတန်းမြင့်။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့လာမရောပါနဲ့။

တရုတ်ကြီး လာထိုင်ရင် ယန်းကီးတွေလာယိုင် လိမ့်မယ်
အတို့အထောင်တွေနဲ့ လောက်ကောင်တွေကို အသုံးချကောင်း ချလိမ့်မယ်
သရုပ်ဆောင်နေကြတာ ဘယ်သူတွေလဲလို့ အချိန်ကြာလာတော့လည်း
လမ်းဘေးကခွေး သွားမေးရင်တောင် သိတယ်၊
ယန်းကီးလာပြန်တော့လည်း တရုတ်ကြီးအထာကိုင်လေတော့
ငါတို့မှာ သူတို့မွေးထားတဲ့ နယ်စပ်ကမျောက်တွေကို
ခုပဲထချရတော့မလို ခုပဲပြုံးပြရမလို စပ်ဖြီးဖြီး
ခပ်ဟီးဟီးနေရင်း ကြာလာတော့လည်း အနေတတ် ရေခပ်တတ်နေပြီ
မြန်ပြည်ကြီးမှာ ရူးချင်ယောင်ဆောင်နေတဲ့ သူတွေသိပ်များ၊
ကုလားတွေက ကြားဖြတ်လို့ ဝင်ရင်ဝင်၊ ယပလက် ကတစ်မျိုး အမျိုးမျိုး ချိုးနေတော့
လုံးပါးလည်းပါးခဲ့ပါပြီ၊ ဒီကြားထဲ ဘန်ဂါလီတွေကတစ်မှောင့်၊
ငါတို့ကလည်း အချင်းချင်းက မရင်းနှီးအောင် နေကြလေတော့
မိုးချုပ်ရင်မီးငြိမ်းရတဲ့အဖြစ်တွေပါ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့ဝင်မနှောက်ပါနဲ့။

သင်ခန်းစာ (၂)


အမ်အိုယူတွေ ဘာယူညာယူထားတာတွေ လျှော်ကြေးပြန်ပေးရမှ ကြောက်လို့
နောက်မဆုတ်ဘူး ပြောရင်လည်း မဟော်သဓါလို ပြောပေါ့
အို ဆောရီး မေ့သွားတယ် မင်းက မဟော်သဓါမှ မဟုတ်ပဲ
မဟော်သဓါက ငါအတတ်ဆုံးလို့ ဘယ်တော့မှ မပြောဘူး၊
မင်းတို့ယူထားတာတွေ ငါတို့အလှူစုခံပြီး ပြန်ပေးပါမယ်
နားလည်ပါတယ် ဘာမှအလကား မရဘူးဆိုတာ၊
ရပ်လို့မရ ဖျက်လို့မရရင်လည်း လျှော့ပေါ့ သီတာခုနှစ်တန် မလိုပါဘူး
သုံးပုံတစ်ပုံဆို လုံလောက်ပါပြီ
မင်းပြောတာတွေ ငါတို့နားလည်းပါတယ်
ငါတို့ပြောတာတွေ မင်းက နားလည်းအောင်ကြိုးစား
မပြောတတ်ရင် ကိုယ်ပါးကိုယ်ချသလိုပဲ နားထဲခါးလှတာမို့
မင်းပြောမှာကို မင်းအဖေတောင်ကြောက်နေပြီ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းနောက်ထပ်မပြောပါနဲ့။

ဧရာဝတီကို စလိုက်တာ ငါတို့ပဲ မင်းတို့ပါစရာမလိုပါဘူးလို့ မပြောလိုပါဘူး
ပြောချင်ရင်လာခဲ့ ဒီမှာ ငါတို့ပြောကြမယ် ဖိတ်ခေါ်ပြီးသားပါ
ဒါပေမဲ့ မနောမတူရင်နေပါ မင်းသဘောဖြူရမယ်
မင်းတို့ ခုတုံးလုပ်စရာမလိုပါဘူး အချစ်ဆုံးပါလို့ ခုမှလာပြောနေလို့တော့
မင်းတို့လည်း ဟိုလူတတ်ကြီးနဲ့ ဘာမှမထူးဘူး၊
မင်းပြောတာကိုလည်း ငါတို့နားထောင်မယ် ကြိုက်ရင် လက်ခုပ်တီးမယ်
ငါတို့ပြောတာကိုလည်း မင်းတို့နားထောင် ကြိုက်ရင် လက်ခုပ်တီးစရာမလိုဘူး
ငါတို့ရဲ့စကား ရင်ထဲကလာတာ၊
ဧရာဝတီအကြောင်းပြောလို့ သူရဲကောင်းလို့လဲ မဆိုဘူး၊ မပြောလို့ မကောင်းတဲ့သူလို့လည်း မဆိုဘူး
ပြောတိုင်းလည်း မင်းအဖွဲ့ကိုထောက်ခံမှာမဟုတ်ဘူး
မပြောလို့ မင်းအဖွဲ့ကို မထောက်ခံမှာလည်းမဟုတ်ဘူး
လူသားတိုင်းအတွက် လွတ်လပ်စွာပြောပါ အချည်အတုပ်ကင်းပါစေ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ ဧရာဝတီကို အသုံးမချပါနဲ့။

သူများပြောတာကိုလည်း လေးစားပါ ကိုယ်ပြောတာကိုလည်း အလေးထားပါ
ငါတို့ရဲ့ရှေ့ရေးကို မင်းတို့မငြိမ်ဆေးတွေ မတိုက်ကျွေးပါနဲ့
ခံရတာကလည်း ငါတို့ပါပဲ၊
ဒီမှာက အယ်ကေဒါး မကြောက်ဖုး သူတို့ကိုထိမှာပဲ ကြောက်တယ်
ဂျီဟတ်တွေ လူသတ်သင်တန်းတွေ တက်ထားပေမဲ့ မိသွားရင် သုံးနှစ်ထက် ပိုမကျ
သူတို့ကိုထိသွားရင်တော့ ကဗျာလေးပဲရေးရေး အီးမေးလ်လေးပဲပို့ပို့ နှစ်သုံးဆယ် အနည်းဆုံး
မင်းလည်းအသိဆုံးပါပဲ၊
မင်း ငါတို့ကို နားလည်ပါ၊ ငါတို့ကထွက်ပြေးတတ်တဲ့သူ တောင်းစားတတ်တဲ့သူ သူသူတွေမဟုတ်ဘူး၊
ကချင်ပြည်နယ်က ငါ့သူငယ်ချင်းပြောတာ မင်းနားထောင်ကြည့်စေချင်
ကေအိုင်အေ သတ်တာလည်းခံဘူးတယ် စစ်တပ်ရိုက်တာလည်းခံဘူးတယ်
ကေအိုင်အေကိုလည်း ဆပ်ကြေးပေးဘူးတယ် စစ်တပ်ကိုလည်း ပေါ်တာကြေးပေးဘူးတယ်
ဖါးကန့်မြို့ကြီးလည်း ပျက်စီးနေပါပြီ၊ အင်းတော်ကြီးမှာလည်း အာဆင်းနစ်တွေနဲ့
ဦးလေးလည်း မကယ်နိုင်ပါဘူး အရီးလေးလည်း မသယ်နိုင်ရှာဘူး
သူတို့သမီးလေးတောင် ဟိုဘက်ကို ရောင်းစား အကောင်းစားတွေဟာ သူတို့အတွက်မဟုတ်တော့
ဖြစ်နိုင်ရင် မိုးညှင်းမြို့ကို ကချင်ပြည်နယ်ကနေ ထုတ်ပစ်လိုက်ချင်တယ်
စုတ်ပြတ်သတ်နေတဲ့ ဒုက္ခတွေနဲ့ မဟုတ်မဟတ်တဲ့နေရာ နေနေရလေတော့
ဖြစ်နိုင်ရင် မန်စီမှာ မင်းဆယ်ရက်လောက် လာနေကြည့်စေချင်တယ်
အဲဒါဆို မင်း သူပြောတာကို လက်ခံသွားလိမ့်မယ်၊
ငါတို့ ဘယ်လို နေထိုင်စားသောက်ရတာသိသမို့
လျှပ်စစ်မီး မရရင်လဲနေပါစေ
မြစ်ကြီး ရေမစီးရင်လဲနေပါစေ
ပင်လယ်ရေရောက် ဒယ်လ်တာပျောက်လဲပျောက်ပါစေ
ငါးတွေမျိုးတုန်း ငှက်တွေမျိုးပျောက် စားစရာမလောက် မြေနုကျွန်းတွေမရှိစမ်းပါစေ
မိုးရွာရင် ရေကြီး နေပူရင်ခြောက်ကပ် အပင်တွေပုပြတ်ပြတ် ကမ်းတွေကမာဆတ်
ငလျင်ကြီးလှုပ် အုံးကနဲကျိုးပေါက် ဘေးအသီးသီး ရောက်ပါစေ
အေးအေးဆေးဆေး နေရမယ်ဆိုရင်
ငြိမ်းငြိမ်းချမ်းချမ်း နေရမယ်ဆိုရင်
တစ်ရက်လောက် အေးအေးငြိမ်းငြိမ်းလေး နေရမယ်ဆိုရင်
ဧရာဝတီကို စတေးပစ်လိုက်ချင်တယ်။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းသူတို့ကို အပြစ်မပြောပါနဲ့။

သင်ခန်းစာ (နိဂုံး)


ဧရာဝတီထိမှ နာတတ်ကြလိုက်တာလို့ မင်းပြောချင်ရင် ပြောလို့ရပါတယ်
မဟာတရုတ် ဆန့်ကျင်ရေးခွင်ထဲ လမ်းလွဲ ဝင်သွားနိုင်တယ်လို့ မင်းပြောချင်ရင် ပြောလို့ရပါတယ်
ဒါပေမဲ့ မင်းနဲ့မဆိုင်ဘူး ငါနဲ့မဆိုင်ဘူး မပြောပါနဲ့အဆွေ
ညီညွတ်မှုကို ငါတို့ ဧရာဝတီက စရမှာပဲလေ
အေးလေ မင်းဘာမှမပြောနဲ့ဆိုလို့
ငါဘာမျှမပြောတော့ပါဘူး၊

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဧရာဝတီကိုတော့ စတေးမပစ်လိုက်ပါနဲ့

ငါ ကိုလိုရာဒိုကို ဖက်တွယ်ထားရပေမဲ့ ငါစိတ်က အမြဲ ဧရာဝတီမှာဆိုတာ
မင်းသိစေချင်တယ်။

sosegado


ဧရာဝတီ အကြောင်းပြောကြရင်း ဒေါသသကြီးနဲ့ မင်းတို့ဘာမှပြောစရာမလိုဘူး၊ ပြောချင်ရင် ဒီမှာလာပြောလို့ စိတ်ဆိုးသွားတဲ့ ကချင်ပြည်နယ်က ကျောင်းနေဖက် သူငယ်ချင်းသို့ အမှတ်တရ။





မရွှေစင်၏ တက်ဂ်ပို့စ်

Monday, August 29, 2011

တိတ်ဆိတ်ခြင်းကို………..

ကိုအောင်(ပျူနိုင်ငံ) ရဲ့ တဂ်ပိုစ့် ဘလောဂ်ဒေးအမှတ်တရ

အနှစ်၃၀ နီးပါး သင်္ဘောလိုက်ခဲ့တဲ့မိတ်ဆွေ တစ်ယောက်ကပြောဘူးပါသည်၊ ဟိုးအရင် သင်္ဘောလိုက်စတုန်းက တိုင်းတပါးမှာ အိမ်လွမ်းစရာ မြန်မာပြည် သတိရစရာဆိုရင် ပါလာတဲ့ စာအုပ်တွေ အခါခါထုတ်ဖတ်၊ ပါလာတဲ့ တိပ်ခွေတွေ အခါခါဖွင့်နားထောင်၊ အချိန်တိုက်ဆိုင်ရင်တော့ နိုင်ငံခြား အသံလွှင့်ဌာနတွေကလွှင့်တဲ့ မြန်မာပိုင်း အစီအစဉ်တွေကို နားထောင်၊ ဒီလိုနဲ့ အလွမ်းတွေကိုဖြေ ပင်ပန်းဖိစီးမှုတွေကို ဖျောက်ခဲ့ကြတယ်လို့ဆိုပါသည်။

ယနေ့အချိန်မှာတော့ အားလုံးသိပြီးတဲ့အတိုင်း မြန်မာပြည်ဆိုတာ ကိုယ်ဘေးနားရှိနေသလိုပါပဲ၊ နည်းပညာတွေရဲ့ပြောင်းလဲတိုးတက်မှုက နေရာတွေကိုကျုံ့လိုက်သည်ဟုထင်ပါသည်၊ အကောင်းရော အဆိုးရောရှိတဲ့ ပြောင်းလဲတိုးတက်မှုတွေကို အကောင်းဘက်ကိုပဲ တွေးပြောကြည့်မိပါသည်။

မေဆွိ တကယ်သေမသေ နာရီပိုင်းအတွင်းမှာ သေချာသိနိုင်သလို၊ လူကြီးတစ်ယောက်ငိုပြတာကိုလည်း ဒီလူကြီးနှယ်ဆိုပြီး ခဏအတွင်း ပျံ့နှံ့သွားနိုင်ပါသည်၊ ဒီဆိုင်ကကောင်းတယ် ဒီပစ္စည်းကကောင်းတယ် ဒီဟင်းကိုဒီလိုချက်တယ်ဆိုပြီး သိသမျှ မျှဝေနိုင်ပါသည်၊ ငါ ရည်စားနဲ့ ကွဲသွားပြီဟေ့လို့ စက္ကန့်အတွင်းမှာ ကြေညာချက်ထုတ်နိုင်သလို၊ ငါ ဒီနေ့ဘာဝယ်ခဲ့တယ် ဆိုပြီး ပုံနှင့်တကွ ချက်ချင်းကြွားဝါနိုင်ပါပြီ၊ ဟုတ်ကဲ့ ဒစ်ဂျစ်တယ်ပါရာဒိုင်း အပြောင်းအလဲကို အကောင်းဘက်ကပဲ တွေးကြည့်ကြတာပေါ့။

ဒီအတွက် ပထမဦးဆုံးတော့ တီထွင်ဆန်းသစ်သူတွေကို ကျေးဇူးတင်ရပါမည်၊
မည်သို့ရည်ရွယ်ချက်ပဲရှိနေနေ ဘယ်အဖွဲ့အစည်းက နောက်ကရှိနေပါစေ၊ လွယ်ကူစွာ သုံးခွင့်ရအောင် အဖိုးအခသက်သာအောင် ပြုလုပ်ပေးသူများကိုလည်း ကျေးဇူးတင်ရပါမည်၊ Google ကိုကျေးဇူးတင်ပါသည်၊ ZawGyi ကိုကျေးဇူးတင်ပါသည်၊ FBကိုကျေးဇူးတင်ပါသည်၊ ----- တွေကိုကျေးဇူးတင်ပါသည်။

တကယ်တော့ ကျနော်က blog ဖတ်သူ တစ်ယောက်ပါ၊ blog ဖတ်ဖြစ်အောင် blog နှင့်မိတ်ဆက်ပေးသူ တစ်ယောက်ကို ကျေးဇူးတင်ပါသည်၊ blogတွေကို ဆက်ဖတ်ဖြစ်နေအောင် ကျနော်ကိုဆွဲဆောင်သွားတဲ့ blog ရေးသူနှစ်ယောက်ကတော့ ကိုမင်းဒင် နှင့် နိုင်းနိုင်းစနေ တို့ဖြစ်ပါသည်၊ ဖြစ်ပျက်ရှာပုံတော်နှင့် သက်ခိုင်ဇာတ်လမ်းတွဲတွေကနေ စနေအကြိုက် ဘဝအပိုင်းအစလေးများက ကျနော်ကို blog လည်ဖြစ်စေခဲ့ပါသည်၊ blog လည်ဖြစ်အောင်လည်း ခင်ဦးမေ နှင့် wesheme က လင့်တွေက လွယ်ကူစေခဲ့ပါသည်။

အလွန်အေးသော ဂျပန်ရဲ့ဆောင်းတစ်ညမှာတော့၊ တိတ်ဆိတ်ခြင်းက လူကိုပိုအထီးကျန်စေပါသည်၊ ရောက်နေတဲ့နေရာကလည်း ခပ်ချောင်ကျကျ ဂျပန်မြို့လေးတစ်မြို့ နေတာကလည်း အဲဒီမြို့လေးနဲ့ ၁၀ကီလိုမီတာလောက်ဝေးတဲ့ တောင်ကုန်းပေါ်က နေရာ၊ အပန်းဖြေ Resortဆိုပေမဲ့လည်း အများအားဖြင့် ဧည့်သည်တွေက အဖိုကြီးနှင့်အဖွားကြီးတွေ ဖြစ်ကြပါသည်၊ စနေ တနင်္ဂနွေတွေမှာတော့ လူငယ်အချို့ကိုတွေ့ရသည် ဂေါက်လာရိုက်ကြတာများသည်၊ cinema ရှိသည် karaoke ရှိသည် bar ရှိသည် ဒါပေမဲ့ ဂျပန်စကားကို ၁၂၃၄ ဟိုနား ဒါစား ပဲတတ်သော ကျနော် အတွက် ဖျော်ဖြေမှုမဖြစ်ခဲ့ပါ၊ နေလာတာကလည်း ၁၅ရက်လောက်ရှိပြီဆိုတော့ ပျင်းစ ငြီးငွေ့စပြုနေပါပြီ၊ နောက်ထပ် အနည်းဆုံး ရက်၃၀ လောက်ဆက်နေရဦးမည်ဆိုတော့ စဉ်းစားသာကြည့်ပေတော့၊ အလုပ်လာလုပ်သည် ဆိုပေမဲ့ တစ်နေ့နှစ်နာရီ သုံးနာရီလောက် သွားပြီးလျှင် ဒီResort ဟော်တယ်ပြန်ပို့သည်၊ ကိုယ်companyရဲ့ဖေါ်မြူလာဒီဇိုင်းဆိုပေမဲ့ ဂျပန်တွေကသူတို့နည်းသူတို့ဟန်နဲ့လုပ်ကြသည်၊ စီးပွားရေး လျှို့ဝှက်ချက်ဆိုတာကို နားလည်လိုက်ရပါသည်၊ တိုကျို မှာ အိုဆာကားမှာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိသည်၊ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ လုပ်လို့ရသည် ဘော်ဒါတွေရှိသည်၊ ဒီမှာတော့ ကျနော့်အတွက်ဒီညဘာလုပ်ရရင်ကောင်းမလဲ အတွေးက ညတိုင်းကို မိုးချုပ်စေခဲ့ပါသည်။

မျိုးကြီးရဲ့ သီချင်းထဲကလို ငါတစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်ကို အထပ်ထပ်အခါခါ ဆိုရမလိုပါပဲ၊
ဂျပန်က ဘော်ဒါတွေက ညဘက်အလုပ်လုပ်သူတွေနဲ့ နာရီအကြာကြီး အလုပ်လုပ်သူတွေများသဖြင့် သူတို့နဲ့ဖုန်းအကြာကြီးပြောဘို့ကို အားနာသည်၊ oversea အကြာကြီးပြောဘို့ကလည်း ဈေးကြီးသည်၊ Naruto ဆိုတဲ့မြို့လေးကိုညတိုင်းသွားဘို့ကလည်း Taxi ခ မတတ်နိုင်ပါ၊ အဲဒီမှာ ရုရှား၊ ဘရာဇီးနှင့်ဖဦးထုပ်မတွေ ရှိသည်ပြောသည်၊ နောက်ဆုံးတော့ Laptop လေးကိုပဲအသုံးချရသည်၊ အင်တာနက် ဂိမ်းကစား၊ ဟို site လိုက်ဖွင့် ဒီ site လိုက်ဖွင့်၊ blog တွေလိုက်ဖတ်၊ ထွက်သမျှနီးပါးဖတ်ဖြစ်ပါသည်၊ အားနည်းချက်တစ်ခုက chatting စကားပြောခြင်းပါပဲ၊ ဟိုဘက်ကလူကို အားနာသဖြင့် chatမလုပ်ဖြစ်ခဲ့တာများသည်၊

အဲဒီမှာ အတွေးတစ်ခုဝင်လာပါသည် blog တစ်ခုလုပ်ရင်ကောင်းမလား၊
ဘုမသိဘမသိနဲ့ blog တစ်ခုကို လုပ်ဖြစ်ခဲ့ပါသည်။

Saturngod၊ ကိုရန်အောင်၊ ကိုမောင်လှ site သုံးခုထဲနဲ့ sosegado ဖြစ်လာခဲ့ပါသည်၊ သူတို့ကိုမသိပေမဲ့ ကျေးဇူးတင်လိုက်ပါသည်၊
ကျနော့် ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်ခြင်းကို ကျနော် ဖြိုခွဲလိုက်ပါသည်၊


ကျနော်က စာရေးလေ့ရေးထရှိသူတစ်ယောက် မဟုတ်ပါ၊ ကျောင်းတုန်းက ကဗျာတွေကိုရေးဖူးပါသည်၊
တကယ်တော့ ခရီးသွားမှတ်တမ်းသဘောနဲ့ blogလေးကို လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ဒီလိုနဲ့ အဲဒီကစပြီး ပျော်စရာအလေ့အထလေးတွေရှိတဲ့ blogအသိုင်းအဝိုင်းမှာ လွင့်မြောနေမိပါသည်။



…………………………………………………………..


အမှတ်တရများ


ကျနော်က blog ဖတ်သူ တစ်ယောက်ဆိုတော့၊ အင်တာနက်ရနိုင်သည့် အချိန်များ နေရာများတွင် ထွက်လာသမျှ ပို့စ်တွေကို (ကိုကြီးကျောက်၊ ခင်ဦးမေ နှင့် နောက်ဆုံး ကိုဇော်ရဲ့ဘလောက်ဂါတွေရဲ့ပို့စ်များမှတဆင့်) ဖတ်မိပါသည်၊ စိတ်ဝင်စားသော ခင်မင်ရသော သူတွေရဲ့ ပို့စ်တွေကို တစ်ခါတစ်လေ တစ်ပတ်လောက်ကြာနေပါစေ သွားဖတ်ဖြစ်ပါသည်။

မှတ်မှတ်ရရ ကျနော့်ကို ပထမဦးဆုံး comment ပေးလာသူတွေကတော့ ဘလော့ဂ်ဂါ၊ MrDBA နှင့် ပေါ့ဆိမ့် တို့ဖြစ်ပါသည်။
ပထမဦးဆုံး C Box ထဲ ရေးလာသူတွေကတော့ nm ၊ khet myint myint၊ ဘွိုင်းဇ် ၊ zt နှင့် ကိုကိုဒီဘီ တို့ဖြစ်ပါသည်။
စကားပြောဖြစ်ကြတဲ့သူတွေကတော့ ကိုကြီးမင်းဒင်၊ ဂျစ်တူးမုံရွာ၊ မြတ်မွန်၊ ကိုရင်စည်သူ၊ ကိုကြီးကျောက် နှင့် သိင်္ဂါကျော် တို့ဖြစ်ပါသည်၊ သက်သေပြချက်ကတော့ ခေါင်းပါးတဲ့ ကျနော့်လူမှုရေးပါပဲ၊ တဘက်လူကို အားနာစရာ၊ ဆယ်ကြောင်းလောက် ရေးလိုက်ရင် ၂ ကြောင်းလောက်ပဲ ပြန်ရေးနိုင်ခဲ့ပါသည်။

အမှားများစွာနှင့် စခဲ့တဲ့ ကျနော်ကို လမ်းညွှန်ပေးကြသူတွေရှိပါသည်၊ ဟိုဟာကိုဖြုတ်လိုက်ပါ ဒီလိုလုပ်ရင်ကောင်းပါလိမ့်မည် ဆိုပြီး အကြံဥာဏ်ပေးခဲ့သဖြင့် လမ်းကြောင်းလေးမှန်ခဲ့ပါသည်၊ မရွှေစင်ဦး၊ ကိုကြီးကျောက်၊ မောင်ပါလ နှင့် လသာည တို့ဖြစ်ပါသည်၊ အသုံးဝင်စရာ မြန်မာ စာလုံးပေါင်း Reference ကိုတော့ ကိုဇော်ဆီမှရခဲ့ပါသည်။

ရေးအဖေါ်အပေါင်းများဖြစ်ကြသော မောင်မိုး၊ ကိုကိုးအိမ်၊ အဖြူလေး၊ လသာည၊ အင်းကြင်းသန့်၊ သိင်္ဂါကျော်၊ သဒ္ဒါလှိုင်း၊ ကိုအောင် (ပျူနိုင်ငံ)၊ အဖြူရောင်နတ်သမီး၊ မြတ်မွန်၊ မီးမီး၊ စိတ်၏ဖြေရာ၊ မောင်လေး၊ blackzone၊ နတ်ဆိုးလေး၊ ဆင်တဲအုပ်စု၊ ZT ၊ TYZ ၊ နေဝသန်၊ ကြည်ဖြူပိုင်၊ ပူးတေ၊ flowerpoem၊ မြသွေးနီ၊ ညအင်္လကာ၊ အုပ်ကြီး၊ အတွေးကမ္ဘာ၊ ဝက်ဝံလေး၊ Bravo၊ ချစ်ကြည်အေး၊ Rose of Sharon၊ ချင်းမလေး၊ ကိုပီတာ၊ ခနွဲ၊ ခင်မာလာအောင်၊ ကေသွယ်၊ သော်ဇင်စိုး၊ စန္ဒကူး၊ သက်တန့်ချို၊ ကိုရီး{ကိုကြီး}၊ sangpi၊ tharzoe၊ ဆောင်းယွန်းလ၊ သောစေယျံ၊ အင်္ဂါဟူး၊ မြလေးသျှင်၊ မေကျော်၊ july Dream၊ ငဝန်နဒီ နှင့် ညလင်းအိမ်
အသစ်ထွက်တိုင်းအမြဲရောက်ဖြစ်တဲ့ မချော၊ မြစ်ကျိုးအင်း၊ မေဓါဝီ၊ ဏီလင်းညို၊ အိမ်ချမ်းမြေ့၊ သက်ဝေ၊ ကိုဇော်၊ ပန်ဒိုရာ နှင့် ဆိုနာတာ ကာနာတာ

နောက်ပိုင်းမှာသွားဖြစ်တဲ့ အန်တီတင့် ၊ မဒမ်ကိုး၊ ဟန်ကြည်၊ Anglehlaing၊ တီတီဆွိ၊ ငယ်နိုင်၊ မန်းကိုကို၊ Jasmine၊ Rita၊ ငွေလမင်း၊ အေအေတီအို၊ ကေ၊ မိုးယံ၊ မေသိမ့်သိမ့်ကျော်၊ စော အဝါရောင်၊ ညိမ်းနိုင်၊ ရွှေပြည်သူ၊ Phyo Phyo Hlaing၊ ဗညားရှိန် နှင့် မေခင်

လာဖတ်လေ့ရှိသော
စည်းစိမ် ၊ Lwin lwin, Sint, Nyangyi, min min, yamin, kmo, gyidaw, SDL, N/A နှင့် အမည်မဖေါ်သောသူများ နှင့်

အမည်ကျန်ခဲ့သူများကို…..

အားလုံးကို ကျေးဇူးတင် အမှတ်တရရှိပါသည်။



Thursday, June 3, 2010

ပွဲကြီးပွဲကောင်းများ 2010


ဘောပွဲဆို ပွဲကြီးပွဲကောင်း အကြိတ်အနယ်ပွဲတွေက တော်တော်ကြည့်လို့ကောင်းပါတယ်၊ အဲဒီလိုပွဲမျိုးတွေ ထိုင်ရာက မထအောင်ကြည့်တာပါပဲ၊ ဒိုင်ကို မေတ္တာပို့လိုက်၊ ဂိုးသမားကို မေတ္တာပို့လိုက်၊ ဂိုးဝင်အောင် မသွင်းတဲ့သူကို မေတ္တာပို့လိုက်၊TV ကြည့်ပြီး release လုပ်တာပါပဲ။

ဘယ်ပွဲတွေကြည့်လို့ကောင်းမယ်ဆိုတာကို ကြိုမှတ်ထားပါတယ်၊ ဒီနှစ် ဖြစ်နိုင်တဲ့ ပွဲကြီးပွဲကောင်းတွေကို အောက်မှာ တွေ့နိုင်ပါတယ၊် ထင်တာတွေပါ။
  • Mexico နှင့် South Africa တို့ပွဲပါပဲ၊ ဘောရာလူရောကန်ကြမှာပါ၊
  • Group A နောက်ဆုံးပွဲစဉ်မှာ France က South Africa ကို ချော့ကစားလိမ့်မလား၊
  • Nigeria နှင့် South Korea တို့ပွဲကတော့ စိတ်ဓါတ်ချင်းပြိုင်ရမှာပါ၊
  • USA က England ကို ဂိုးသွင်းလိုက်တဲ့ပွဲပါပဲ၊ ဟာ၊ဟင် ဖြစ်ရမဲ့ပွဲပါ၊
  • Germany နှင့် Ghana တို့ ဘောလက်အတွက် လက်စားခြေတဲ့ပွဲပါပဲ၊ နောက်တစ်ပွဲကတော့ Serbia လူကိုကစားတာကို အော်ဆီတွေ ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရမှာပါ၊
  • Slovakia နှင့် Paraguay တို့ အကြိတ်အနယ်လုရမှာပါ၊ Paraguay ကို ပညာ အရ အထင်ပေးလိုက်တယ်၊
  • Group G မှာတော့ ပွဲတိုင်းဟာ ပွဲကြီးပွဲကောင်းပါပဲ၊
  • Chile နှင့် Switzerland တို့ အကြိတ်အနယ် နိုင်ရင်တက်မဲ့ပွဲ။
တဆင့်တက်သွားရင်
  • Argentina နှင့် South Africa တို့ပွဲပါပဲ၊ Argentina နိုင်ပေမဲ့ ပေးဆပ်ရမှာပါ၊ 
  • Germany နှင့် England တို့ရဲ့ မကျေပွဲပါပဲ၊ rematch of World War II ပါ၊
  • Netherlands နှင့် Paraguay၊ Spain နှင့် Ivory Coast ၊ Chile နှင့် Brazil တို့ ပညာတွေပြရမဲ့ပွဲတွေပါပဲ။ 
 ပြီးရင်
 
Argentina နှင့် France ၊ Germany နှင့် USA ၊ Netherlands နှင့် Italy ၊ Spain နှင့် Brazil တို့ရဲ့ ပွဲကြီးပွဲကောင်းတွေပါပဲ။
 
နောက်ဆုံးတော့
 
နောက်ဆုံး ပွဲကြီးပွဲကောင်းတွေဟာ ဥရောပ လက်ထဲမှာပါပဲ။
Germany နှင့် France ၊ Netherlands နှင့် Spain တို့ဖြစ်ပါတယ်။
 
ပြန်ခြုံကြည့်လိုက်ရင်
 
အုပ်စုပွဲမှာပင် ရော်နီတစ်ယောက် ခြေထောက်နာ၊ ကံမကောင်းရင် ဆက်ပါလို့မရတော့ဘူး၊ Algeria တွေကပေးလိုက်မှာဖြစ်ပါတယ်။
ရိုနယ်ဒို တစ်ယောက် အနီထိခံရကိန်းရှိပါတယ်၊ ပြီးခဲ့တဲ့ World cup တုန်းက သူက ရော်နီအနီထိအောင် လုပ်ခဲ့တာလေ၊ မာရာဒိုနာရဲ့ ပေါက်ကွဲသံတွေကြားရမှာပါ၊ ရော်ဘင်ရို တစ်ယောက် ရော်ဘင်ငိုအဖြစ် Quarter-final မှာငိုပါလိမ့်မယ်၊ နောက်ဆုံးတော့ ဥရောပ လက်ထဲမှာပါပဲ။

ဒီ World cup မှာ ပြဿနာ အများဆုံးဖြစ်မှာက FIFA ပါပဲ၊ ပြင်သစ် Semi ရောက်လာရင် ဟွန်နရီရဲ့ လက်စွမ်းကို FIFA ဘာမှ မလုပ်ခဲ့တာ ဝိုင်းပြောကြပါလိမ့်မယ်၊ World cup အပြီးမှာတော့ FIFA မှာဆူညံပါလိမ့်မယ်၊ ဥရောပ အသင်းတွေ လျှော့ပေးဘို့ အာဖရိကနှင့် အာရှကတောင်းဆိုကြပါလိမ့်မယ်၊ အာရပ်အသင်းတွေ ဒီနှစ်ထဲမပါပါဘူး၊ UKကလေးသင်း (Eng,Wa,Sco,NIre) ဝင်ပြိုင်တာကို တရုတ်က စောဒကတက်လို့ရသွားပါပြီ၊ ဘောလုံးအစ တရုတ်ကလို့ ဝါဒတွေဖြန့်နေပါပြီ၊ India က သူ့ ပြည်နယ်အားလုံးကို UKလို ဝင်ပြိုင်ခွင့်ရရင် ပွဲစည်ပြီပေါ့၊ ဂိုးစည်းဒိုင်၊ တက်ကနီကယ်ဒိုင်တွေ တောင်းဆိုကြမှာပါ၊

Fair Play ဆိုတဲ့ FIFA နောက်ထပ် World game တစ်ခုထပ်ဆွဲဘို့လိုလာပါပြီ။

 
 
 
ကိုအောင် Tag ထားတာကို ရေးချင်တာတွေရေးလိုက်ပါသည်၊ အမှားများစွာဖြင့်……
 
 
ပုံကို http://www.leekangkoog.org/funny/worldCupMoment.jpg ရသည်