Sunday, December 26, 2010

ဖိုးမောင်ရဲ့ ၂၀၁၀



နှစ်ထောင့်တစ်ဆယ်
အကွက်ကျယ်တယ်
ခွင်မကြမ်းပေမဲ့ အမြင်ဆန်းသလိုလိုနဲ့
အသွင်ကန်းနေတဲ့ ကမ်းလှမ်းချက်တွေက
ကလိမ်ကကျစ်တွေ၊
တမင်ညစ်တာသိပေမဲ့လဲ
အသွင်သစ် အမြင်သစ်တွေကို မှန်းလို့
ဖိုးမောင်တို့ လုံးရင်းပါးရင်း သုံးရင်းစားရင်း
ခပ်လန်းလန်းပါပဲ နောက်ဆုံးတော့
အပြတ်တွယ်ရအောင်ဆိုလဲ
အဖတ်ဆယ် မရအောင် မဖြစ်ခဲ့တာကိုပဲ
ကျေးဇူးတင်ရမယ်၊
သြော် ကလိမ်ကကျစ်တွေရဲ့ နှစ်ထောင့်တစ်ဆယ်။

နှစ်ထောင့်တစ်ဆယ်
အပေါက်ကျယ်တယ်
ပေါ်နေတာကို လုံအောင်မဖုံး
ကြော်ငြာတွေတောင် ဝေကသုံးလိုက်သေးတယ်
လိမ်ပြီးနိုင်ခဲ့သူတွေ ကြိမ်ပြီးလာပြောနေလဲ
တိမ်ထဲက ကဝေလို ဘဝင်ထတက်ပေလဲ
သီလပျက်လေတော့ လူသူကမလေးစား၊
အပြုံးတွေကိုဘေးဖယ် အမုန်းတံထွေးတွေဆေးခြယ်
အောင်ပွဲဆင်နေလိုက်တာ သောင်ထဲလွတ်နေသလားပဲ
အဖေ့အစား သမီးရှက်တယ် အဖိုးအစား မြေးရှက်သင့်တယ်
ရှက်တတ်ရင် တဆွေလုံးတမျိုးလုံး ရှက်ဘို့ကောင်းတယ်၊
အမြတ်ထွက်တာပဲ ဖိုးမောင်တို့လုပ်ရင်း
အပြတ်အသတ် နိုင်တယ်ပဲထားဦး
အရပ်က ဝိုင်းမပယ်တာကိုပဲ
ကျေးဇူးတင်ရမယ်၊
သြော် မရှက်တတ်သူတွေရဲ့ နှစ်ထောင့်တစ်ဆယ်။

နှစ်ထောင့်တစ်ဆယ်
လုံးလည်ချာလည်
အထာတွေအသစ်အဆန်းမရှိ ဘာတွေဖြစ်နေမှန်းလဲမသိ
ကြေညာချက်တွေ ထပ်တလဲလဲထုတ်
ခပ်မရဲတရဲလုပ်လို့ ဘယ်သူမှမခွဲပဲ ကိုယ့်ကိုကိုယ် ရှစ်ခြမ်းကွဲ
ကွဲပြဲနေလိုက်တာ ဝဲစွဲနေတဲ့သူ
သုံးယောက်နဲ့ တစ်ပိုင်းပဲကျန်တယ်
ကိုယ့်အကွဲအပြဲတောင် ကိုယ်မနိုင်တာကို
တို့ပြောတာ မင်းတို့ယုံသလားမေးရင်
အဖိုးတို့ရယ် အဖွားတို့ရယ်
ဆယ်ကျော်သက်က စခဲ့တဲ့ဇာတ်လမ်း
ဖိုးမောင်တောင် အသက်သုံးဆယ်ကျော်သွားခဲ့ပြီ၊
အများအတွက်လုပ်ရင် အများတွက်ပဲဖြစ်ရမှာပေါ့
အဖွဲ့အတွက်ပဲလုပ်ရင် အဖွဲ့အတွက်ပဲဖြစ်သွားမှာပေါ့
ဘာမှမဖြစ်ရင် ဘာမှမဖြစ်တာမို့
အများအထင် အများအမြင် အများလိုချင်တာတွေဖြစ်အောင်
အစွဲအမြင်တွေချွတ်လို့် အကွဲအပြင်တွေကြားကထွက်
အန်တီရယ် အများအားလုံးအတွက် လုပ်ပေးစမ်းပါ၊
အဟုတ်မေးကမ်းတာပါ တရုတ်ဈေးကွက်စမ်းသလို
တဖြုတ်ဖြုတ်နဲ့မသေတာကိုပဲ
ကျေးဇူးတင်ရမယ်၊
သြော် မသိတတ်သူတွေရဲ့ နှစ်ထောင့်တစ်ဆယ်။

နှစ်ထောင့်တစ်ဆယ်
အပြတ်မရှယ်
ဟိုတုန်းက ဘာဖြစ်ခဲ့တယ် ဒီတုန်းကညာဖြစ်ခဲ့တယ်
ရာဇဝင်ပါးစပ်နှင့် သမိုင်းလပ်လို့ အကြောင်းမလှခဲ့တဲ့ကပ်တွေ
အချစ်ရယ် နင့်ကိုငါသိပ်ချစ်တယ်၊
ထပါတော့လား လုပ်ပါတော့လား လားလားတွေနဲ့
မြှောက်ပေးနေကြတာ မဟားတယားနဲ့ မျောက်သေးပန်းသလိုပဲ
ဟောင်လွန်းတဲ့အပြင်ကခွေး
အချစ်ရယ် နင်နှင့်ငါအတူနေချင်တယ်၊
ကလေကချေ မီးမလင်းတဲ့အရပ်ကလူ
အခြေအနေ အထွေထွေပြောင်းလဲ ဘလောင်းဘလဲနဲ့သူ မင်းကရော ဘယ်မှာမွေးသလဲ
အရိပ်ရောင်းစားတဲ့သူ ဖြစ်မှာစိုးလို့ အတိတ်ကြောင်းတရားတွေလဲ
မပြောတော့ပါဘူး ဖြစ်ကြောင်းရယ်မှကုန်စင်၊
မတူမတန်ရအောင် ငါကငဇင်ကာလိုလူမဟုတ်ပါဘူး
အဖြူကိုပဲတမ်းတတယ်ဆိုရင် ငါ့အတွက်တော့ မင်းဟာနူနေတာနဲ့ မထူးဘူး
ပြောလိုက်စမ်းပါ နင့်ကိုငါအမုန်းဆုံးပဲ၊
အရိုင်းအစိုင်းတွေလို့ ပြောလို့ရအောင် အသိုင်းအဝိုင်းချင်း နှိုင်းကြမယ်ဆိုရင်
ပြောစမ်းပါဦး မင်းဘေးကလူတွေက ဘယ်လောက်ယဉ်ကျေးသလဲ
မဝင်ရ ဆိုတဲ့မှတ်ချက် ဖို့ဒ်ဝိန်းမှာဖြစ်သွားတာ သတိရမိ
သိရှိရမှာက သူတို့အမြင်မှာ မင်းလဲ မီးမလင်းတဲ့အရပ်ကလူပဲ၊
လက်ညိုးထိုးမှားနေတာကို ပါးစပ်ပိုးဆိုးစားနေသလို
ပေါက်ကရပြောနေ နောက်ကဗျောတွေ
အနားမှာမရှိလို့ ထရိုက်မမိတာကိုပဲ
ကျေးဇူးတင်ရမယ်၊
သြော် အချစ်မရှိတဲ့သူတွေရဲ့ နှစ်ထောင့်တစ်ဆယ်။





…………………………………………………..

ဖိုးမောင်ရဲ့ နှစ်ထောင့်တစ်ဆယ် ကတော့ လောလောဆယ် ပြီးဆုံးသွားပါပြီ။



Friday, December 17, 2010

လူသားသုံးဦး


(၁)
ရောဘတ်တစ်ယောက် သူရှေ့က လူအုပ်ကြီးကို ကြည့်လိုက်သည်၊ ကျောင်းသားတွေဟုပြောသည်၊ ဒါပေမဲ့တစ်ချို့သူများသည် ကျောင်းသားများ မဟုတ်ကြောင်း သိသာထင်ရှားလှသည်၊ ရောဘတ်တို့၏တာဝန်က ဒီလူအုပ်စုကြီး ဒီနေရာက ဖြတ်မကျော်သွားအောင် တန့်ထားရန် ဖြစ်သည်၊ ရောဘတ် ဒီလိုတာဝန်ကို ပထမဦးဆုံးအကြိမ် ထမ်းဆောင်ခြင်းမဟုတ်ပါ၊ ဒီထက်များသောလူအုပ်ကြီးကိုပင် Kittling တွန်းပို့နည်းဗျုဟာကိုသုံးပြီး ထိန်းချုပ်ခဲ့ဘူးသေးသည်။

ဒီနေ့တော့ ရောဘတ်နည်းနည်းအီသည်၊ ဒီလိုရပ်နေရတာ လေးနာရီပြည့်သွားပြီဖြစ်သည်၊ ကံဆိုးစွာပင် ဒီနေ့ သူ ရှေ့ဆုံးကထွက်ပိတ်ရသည်၊ ရှေ့ဆုံးတန်းနှင့် ဒုတိယတန်းသူတွေကို နည်းဗျုဟာအရ မလဲပေးချေ၊ ရပ်နေရင်းနဲ့ပင် ဒိုးနပ်နှစ်ခု အချိုရည်နဲ့ စားသောက်ခဲ့ပြီးပြီဖြစ်သည်၊ သေးခဏခဏပေါက်တတ်သော သူ့သူငယ်ချင်း ဒေါ်နယ်ကတော့ ရပ်နေရင်းနဲ့ပင် ပေါက်ချလိုက်မှာသေချာသည်၊ အရင်တစ်ခါ G20 တုန်းက တွန်းပို့ပြီး လူစုခွဲရတာမျိုး ရောဘတ်ပိုကြိုက်သည်၊ လူသက်သာသည်၊ အဲဒီတုန်းကမှတ်မိသေးသည် ပြင်သစ်လို့ထင်တဲ့ နှစ်ကောင်နှင့် အေရှန်နှစ်ယောက်လောက်ကို ကောင်းကောင်းသမ လိုက်သည်၊ မိမိတို့ဘက်က ဘယ်တော့မှမစ violence ဖြစ်လာအောင်စောင့် ဖြစ်လာလျှင် လူစုခွဲရန်အော်ပြီးမှ ဖြိုခွင်းလေ့ရှိသည်၊ ဒီတစ်ခါလည်း ရိုက်ခွင့်ပေးရင် ဘယ်သူကိုရိုက်ရမလဲ ပစ်မှတ်ရှာထားသည်၊ ရေကိုတစ်ပုလင်းလုံးကုန်အောင်သောက် ပြီးရင်ပုလင်းခွံနှင့် သူတို့ဆီကို လှမ်းလှမ်းပစ်နေတဲ့ ကျောင်းသူ၊ ထိပ်ဆုံးကလက်သီးလက်မောင်းတန်းပြီးအော်နေတဲ့ အကောင်၊ သူတို့တွေကို ရောဘတ် လက်စွမ်းခြေစွမ်းပြရမည်၊ ဒေါ်နယ်ကတော့ ခုနက သူ့ကို တံတွေးဖြင့်လာထွေးသွားသော ကျောင်းသူကိုမဲတော့မည်၊ ဒီတစ်ခါ violence ဖြစ်တဲ့ထဲမှာ ကျောင်းသူတွေတော်တော်များသည်။

တကယ်တော့ ရောဘတ်သည် Metropolitan Police's elite Territorial Support Group မှဖြစ်သည်၊ သူအကြောင်းကို ပြန်စဉ်းစားကြည့်လိုက်လျှင် ဘာဖြစ်လို့ပုလိပ်ဖြစ်လာသလဲ သေသေချာချာမသိပေ၊ နောက်ပြီး TSG ပုလိပ် ထဲဘယ်လိုရောက်သွားသလဲ ဆိုတာလည်း သူ သေသေချာချာမသိပေ၊ ခုသူအသက် ၂၅ နှစ်ရှိသွားပြီဖြစ်သည်၊ လက်မောင်းတွင် တစ်ရစ်ရထားလေပြီ၊ G20 နှိမ်နင်းရေးဂုဏ်ပြုလက်မှတ်လည်း ရရှိထားသည်။

ရောဘတ်ငယ်ငယ်က ကြီးလာလျှင် သူ့ဦးလေးလို ဘောက်ဆင်ထိုးမည်၊ ပြီးရင်ညကလပ်ဘ်တွေ ဘားတွေမှာ ဘောက်ဆာလုပ်မည် ဟုတွေးခဲ့ဘူးသည်၊ ပုလိပ်စုံထောက်လည်းဖြစ်ချင်သည်၊ ရောဘတ် ကိုယ်လုံးကိုယ်ပေါက်က မန်ချက်စတာက ဘောလုံးသမား ရော်နီထက်သန်သည်၊ ဒါကြောင့်မို့သူကို ဒီနေ့ရှေ့တန်းထုတ်ထားခြင်းဖြစ်မည်၊ မူလတန်းလောက်ထဲက ဘောလုံးကိုလိုက်စားခဲ့ပါက ဘယ်သူပြောနိုင်မလဲ သူဒီနေ့ ရော်နီလို ကြေးစားဘောလုံးသမား သန်းကြွယ်တစ်ယောက်ဖြစ်နေမည်လော၊ အထက်တန်းရောက်တော့လည်း စာစိတ်မဝင်စား ရန်ဖြစ် လျှောက်သွားနဲ့ နောက်ဆုံး အဖေနဲ့ရန်ဖြစ်ကာ ရဲထဲဝင်ဖြစ်သည်၊ ရဲအဖွဲ့ကလည်း သူ့ပုံစံကိုကြည့်ပြီး TSG ထဲပို့လိုက်သည်ဖြစ်မည်၊ ခုဆို ပုလိပ်ထဲမှာငါးနှစ်ပြည့်တော့မည်။

သင်တန်းတုန်းက အမေရိကန်က ပုလိပ်တွေအကြောင်းကြားရသိရတာနဲ့၊ ရုပ်ရှင်ထဲကြည့်ပြီး NYPD, LAPD တွေကို သဘောကြသည်၊ အမေရိကန်မှ ရဲတွေကမိုက်ကြေးခွဲသည်၊ လူငယ်တွေ အင်းမန့်ဂရမ်တွေဆီက အလကား sex ရယူသည်၊ အကွက်ဆင်ဖမ်း ဘလက်မေးလုပ်သည်၊ ဂိုဏ်း တွေနဲ့အပေးအယူလုပ်သည်၊ စသဖြင့် ဝင်ငွေဖြောင့် အနေအထိုင်ဖြောင့်လို့ အားကျမိသည်၊ ဒီမှာတော့ နိုင်ငံရေးသမားတွေရဲ့ လက်ကိုင်တုတ်ဖြစ်ရသည်၊ အကြမ်းဖက်သမားတွေကျေးဇူးကြောင့် ရောဘတ်တို့ ပုလိပ်တွေ နည်းနည်း အရေးပေးမှုရှိလာသည်။

ရောဘတ်လည်း မိန်းမယူချင်သည်၊ လောလောဆယ် ရှာတွေ့သော မိန်းခလေးများကို အကြိုက်မတွေ့သေး၊ TSG ပုလိပ်ဖြစ်နေ၍ တစ်ချို့မိန်းခလေးတွေ သူကိုပြန်မကြိုက်သည်လားတော့မသိ၊ နောက်နှစ်ကျ သူ city ပုလိပ်ကိုတောင်းပြောင်းကြည့်မည် မရက အလုပ်ထွက်မည်၊ ဘောက်ဆာ မဟုတ်ရင် သက်တော်စောင့်လုပ်မည်၊ city ပုလိပ်ဖြစ်သွားလျှင် အေးဆေးပင် အချိန်တန်ရာထူးတက်မည်၊ အကြီးအကဲကိုဖါးတတ်ဘို့ပဲလိုသည်၊ အငြိမ်းစားယူရင် ပင်စင်လုံလောက်စွာရဦးမည်၊ ဘာပဲဖြစ်ဖြစ် မိန်းမလှလေးတစ်ယောက်နဲ့ အိမ်ထောင်ထူထောင်ဖြစ်မည်။ ရောဘတ်လည်း လူထဲကလူသားတစ်ယောက်ဖြစ်သည် အချစ်ကိုရှာချင်မှာပေါ့။

(၂)

ရောဘတ် နေသော လန်ဒန်မြို့နှင့် မိုင်၁၉၀၀ ကျော်အကွာ ပုလိပ်အကယ်ဒမီ လေ့ကျင့်ရေးနားနေခန်းတွင် ဗီစလီ နှင့် စိတ်ပညာရှင် ကေ တို့ စကားစမြည်ပြောနေကြသည်။
ကေ က ဗီစလီ ကို ‘မင်းနေလို့ထိုင်လို့ ကောင်းနေပြီလို့ ငါထင်တယ်၊’
ဗီစလီ ကပြန်၍ ‘မဆိုးပါဘူး၊ ငါအပြင်တောင်ထွက်ဖြစ်သေးတယ်၊’

ကေ က ‘ဒါဆိုသည်နေ့ မင်းတို့ အလုပ်ခံစားချက်တွေကိုပြောပြစမ်းပါ၊ မင်းပြောချင်တာတွေ အကုန်လုံးပြောပစ်လိုက်စမ်းပါ’။
ဗီစလီ; ‘မင်းသိတဲ့အတိုင်းပဲ ငါဟာ (MAT EKAM) Special Police Force အဖွဲ့ဝင်တစ်ယောက်၊ ပုလိပ်ဆိုတာလည်း အစိုးရဝန်ထမ်းတစ်ယောက်ပါ၊ သာမန်ဆိုရင် ငါတို့တွေက သံရုံးတွေ၊ သံတမန်အိမ်တွေ၊ အရေးကြီးနေရာတွေမှာ အစောင့်လုပ်ရတယ်၊ ဆန္ဒပြပွဲတွေဖြစ်လာရင်တော့ ဖြိုခွင်းဘို့ အဆင်သင့်နေရတယ်၊ အမိန့်ပေးတဲ့အတိုင်းလုပ်ရတယ်၊ ငါ ဒီအလုပ်ကို လုပ်ဖြစ်တော့ တာဝန်ကြေအောင်လုပ်လာတယ်၊ နောက်ပိုင်းငါတို့ကို အကြမ်းဖက်သမား တိုက်ခိုက်ရေးအတွက် အထူးလေ့ကျင့်ပေးတယ်၊ ဆရာတွေကတော့ အမေရိကန်တွေပါ၊ သူတို့ကိုငါ အားကျမိတယ်၊ လစာများတယ် တော်တော်အခွင့်အရေးရတယ် အစိုးရကသူတို့ဘက်မှာ အမြဲရှိတယ်လို့ငါထင်မိတယ်၊ ငါတို့နဲ့တော့တခြားစီပဲ၊ ငါတို့အစိုးရကတော့ အမိန့်ပေးခိုင်းတုန်းကခိုင်းပြီး တစ်ခုခုဖြစ်လာရင် ငါတို့က scapegoat ဖြစ်လာရတာပဲ’။

ကေ; ‘မင်းရဲ့ စိတ်အကျဉ်းကျပ်ဆုံးအချိန်ကိုငါကိုပြောပြပါလား’။
ဗီစလီ; ‘မင်းသိတဲ့အတိုင်း ငါတို့ ဂရိမှာ ဖြစ်သွားရတာက ကမ္ဘာကျော်ပဲမဟုတ်လား၊ သတင်းသမားတွေအကြိုက်ပေါ့၊ အတိုက်အခံ နိုင်ငံရေးသမားတွေကြောင့် သတင်းသမားတွေကြောင့် ငါတို့အဖြစ်ပိုဆိုးသွားရတယ်၊ ပုံကြီးချဲ့ကြတာ၊ တစ်ခါတစ်လေ သူတို့သတင်းတွေက ရယ်စရာတွေပါ၊ ဒါပေမဲ့ ရူးသွပ်နေတဲ့လူတွေကတော့ စွတ်ယုံတော့တာပဲ၊ အစိုးရကလည်း သူတို့တည်မြဲရေးအတွက် ငါတို့ကိုအရေးယူပေးမယ်ဆိုလားပဲ’။

ကေ; ‘ဆက်ပြောပါဦး မင်းဟာ သူရဲကောင်းတစ်ယောက်လို့ လုပ်ဖေါ်ကိုင်ဘက်တွေကပြောကြတယ်’။
ဗီစလီ; ‘သူရဲကောင်းမဟုတ်ပါဘူး ငါတာဝန်ကို ငါထမ်းဆောင်တာ၊ ငါတို့ကာကွယ်လို့ ဗဟိုဘဏ်ကြီးရယ်၊ ဝန်ကြီးများရုံးရယ်၊ အရေးပေါ်သိုလှောင်ရေးစခန်းတွေရယ် ဘာမှမဖြစ်ခဲ့ဘူး၊ ဆန္ဒပြတဲ့သူတွေထဲမှာ လုဘို့လူတွေအများကြီးပါတယ်ဆိုတာ မင်းလည်းသိတယ်မဟုတ်လား၊ ဂရိဟာ ဥရောပမှာ စီးပွားရေးအကြပ်တည်းဆုံးနိုင်ငံ ဆိုတာမင်းလက်ခံတယ်မဟုတ်လား’။

ဗီစလီသည် လေပူပြင်းပြင်းတစ်ချက်ကို အပြင်သို့မှုတ်ထုတ်လိုက်သည်။

ဗီစလီ; ‘အဲဒီနေ့က ငါမြို့ငယ်လေးမှာတာဝန်ကျနေတယ်၊ အဲဒီမှာရှိတဲ့ တက္ကသိုလ်ကျောင်းကို ငါတို့ကောင်းကောင်းထိန်းနိုင်ခဲ့တယ်၊ ကျောင်းသားတွေကလည်း အေးချမ်းစွာ ဆန္ဒပြကြတာ၊ ည ၂နာရီမှာ ငါတို့အဖွဲ့ကို အေသင်ကို အမြန်လာဘို့ခေါ်လိုက်တယ်၊ မနက် ၅နာရီလောက်မှာ အေသင်ကိုရောက်တယ်၊ အဲဒီသုံးရက်လုံးမှာ ငါတို့ လေးနာရီပဲ အိပ်ရသေးတယ်၊ အေသင်ကိုရောက်တော့ မီးလောင်နေတဲ့နေရာတွေ အများကြီးပဲ၊ ရောက်ရောက်ချင်း ဗဟိုဘဏ်ရှေ့မှာ နေရာယူရတယ်၊ အရသာ ဘယ်လိုမှန်းမသိလိုက်တဲ့ အင်္ဂလိပ်တီးနှင့် ပေါင်မုန့်တွေစားလိုက်သောက်လိုက်ရတယ်၊ ဗျုဟာအတွက်ငါတို့ဆွေးနွေးဖြစ်တယ်၊ ၇ နာရီလောက်မှာ အော်သံတွေနဲ့အတူ လူအုပ်ကြီး ငါတို့ဆီရောက်လာတယ်၊ ငါတို့ကိုအဝေးကနေပစ်တယ်၊ ခဲတွေရော သံချောင်းတွေရော အစုံပဲ၊ တစ်နာရီလောက်နေတော့ ဓါတ်ဆီပုလင်းတွေနဲ့ပစ်တယ်၊ ငါတို့ထဲက အနည်းဆုံး ၅ယောက်လောက် မီးလောင်ခံရတယ်၊ အခွင့်ကောင်းယူပြီး သံတုတ်တွေ သစ်သားတုတ်တွေနဲ့ ဝင်ရိုက်တယ်၊ ငါတို့ကို အစိုးရကလက်နက်သုံးခွင့် မပေးထားတာ သူတို့သိတယ်၊ ငါတို့လည်းရှိတဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်တာ၊ ငါတို့ပုလိပ်ကဆင်းရဲတယ် မျက်ရည်ယိုဗုံးတွေတစ်ဖွဲ့မှာ အလုံး၃၀ကျော်ပဲရှိတယ်၊ ရက်ဆက်သုံးထားပြီးဆိုတော့ ကုန်သလောက်ရှိနေပြီ၊ ငါတို့လဲလူသားတွေပဲ ကိုယ့်ကိုထိလာရင်တော့ ခုခံကာကွယ်ရမှာပဲ၊ ငါတို့ဒဏ်ရာရသွားတာတွေ၊ ဝိုင်းရိုက်ခံနေရတာတွေ၊ မီးလောင်ခံရတာတွေ ဘယ်သတင်းမှာ ရေးကြီးခွင်ကျယ်မရေးဘူး၊ ကုန်တိုက်တွေဖေါက်ပြီး လုနေကြတာတွေလည်းမပါဘူး၊ ပုလိပ်တွေကပဲ အစာပြတ်ပြီးလုသယောင်ယောင်လုပ်သေးတယ်၊ ခေါင်းပေါက်သွားတဲ့ ကလေးတစ်ယောက်နဲ့ မျက်ရည်ယိုဗုံးမွန်နေတဲ့ ကျောင်းသူတစ်ယောက်ပုံတော့ ခေါင်းကြီးသတင်းမှာပဲ၊ ငါတို့ကြံ့ကြံ့ခိုင်ခဲ့ပါတယ် ဒီအဆောက်အဦးတွေ မပျက်စီးဘူး အလုမခံရဘူး’။

ကေ; ‘စကားမစပ် မင်း အဲလက်ဆီကို ပစ်လိုက်တဲ့ အရာရှိကိုသိသလား’။
ဗီစလီ; ‘ငါသူ့ကိုသိပါတယ် သူ့ကို ရမ်ဘိုလို့ခေါ်တယ်၊ သူအပြစ်ရှိမရှိငါတို့မသိသေးဘူး၊ ဘယ်အဖွဲ့အစည်း ဘယ်နေရာမှာဆို အမှားလုပ်တဲ့သူတော့ရှိစမြဲပဲ၊ သူကို အရေးမယူတာနဲ့၊ ကုန်တိုက်တွေဝင်လုတာတို့ အဆောက်အဦးတွေ ဖျက်ဆီးတာတို့ အများပိုင်နေရာတွေ ဖေါက်ခွဲမီးရှို့တာတွေကတော့ မဆိုင်ဘူးထင်တယ်၊ တစ်ခါတစ်လေ ငါတွေးမိတယ် သူတို့ ဂရိတွေမှ ဟုတ်ရဲ့လားလို့’။

ကေ; ‘စိတ်ဝင်စားလာပြီကွာ၊ ပုလိပ်အရာရှိဖြစ်လာတဲ့အကြောင်းလေး ပြောပြပါဦး ဗီစလီရေ’။
ဗီစလီ; ‘ငါမှာရွေးစရာလမ်းသိပ်မရှိခဲ့ဘူး၊ ငါက preveza ကဖြစ်တယ်၊ ငါတို့မိသားစုမှာ သားသုံးယောက်ရှိတယ်၊ ငါကအလတ်၊ ငါ့မိဘတွေက တက္ကသိုလ်ကျောင်းကြီးကို တစ်ယောက်ဘဲပို့နိုင်တယ်၊ အမှတ်ကောင်းတဲ့ ငါ့အစ်ကိုကဒီအခွင့်အရေးရသွားတယ်၊ သူအခုဘဏ်မန်နေဂျာဖြစ်နေပြီ၊ ငါက ကောလိပ်ပဲဆက်တက်ရတယ် တခြားတိုင်းပြည်တွေလို မဟုတ်ဘူး ကိုယ်သင်ချင်တဲ့ ဘာသာသင်ခွင့်မရဘူး၊ ကျောင်းပြီးတော့ငါ့အတွက်အလုပ်မရှိဘူး၊ အငယ်ကောင်ကလည်း တက္ကသိုလ်ကျောင်းကြီး တက်ချင်တယ်၊ ငါအေသင်ကိုရောက်လာတဲ့ အချိန်နဲ့တိုက်ဆိုင်စွာပဲ ပုလိပ်အရာရှိသင်တန်းခေါ်တာနဲ့ ကြုံနေတော့လျှောက်လိုက်မိတယ်၊ ဒီလိုနဲ့ငါ ပုလိပ်အကယ်ဒမီတက်ဖြစ်တယ်၊ ပုလိပ်အကယ်ဒမီကို အိမ်မက်မက်ကြည့်ဘူးတယ်၊ ဒီရောက်တော့ထင်ထားတာနဲ့ တခြားစီပဲ၊ စုတ်ပြတ်နေပုံများ။

ကေ; နေပါဦး ဗီစလီ မင်းကဘာလို့ စပါယ်ရှယ်ဖို့ Special Police Force ကိုရွေးရတာလဲ၊
ဗီစလီ; ငါရုံးထဲမှာ မထိုင်ချင်ဘူး၊ office politic ကို ငါကြားဖူးထားတယ် မကြိုက်ဘူး၊ တခြားတိုင်းပြည်တွေမှာ ပုလိပ်တွေဟာ ထိုက်သင့်တဲ့အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့် အာဏာရှိကြတယ်၊ ငါတို့ ဂရိမှာတော့ မရှိဘူး၊ ပုလိပ်ကိုနှိမ်ထားတယ်၊ ဒါမှ နိုင်ငံရေးသမားတွေကလိုရာ သုံးလို့ရမှာ၊ ငါတို့ရဲ့လစာကို မင်းသိတယ်မဟုတ်လား၊ လူမွေးမပြောင်ပါဘူး၊ ရမ်ဘိုကပေါက်ကွဲသွားတာလဲဖြစ်နိုင်တယ်၊ အမေရိကန်တွေ လာလေ့ကျင့်ပေးတုန်းက သူတို့ မီယာမီ Miami (FTAA) အရေးအခင်းတုန်းက ပုလိပ်တွေက ကောင်းကောင်းဆော်တာ ကျောင်းသားလား ဘာလားခွဲနေစရာမလိုဘူး၊ ဘယ်ပုလိပ်ကိုမှာ ခုံရုံးတင် တရားစွဲလို့မရဘူး စွဲလည်းမထူးဘူး၊ အစိုးရက ငွေအမြောက်အများသုံးခဲ့တယ်၊ ဒီလိုကာကွယ်ပေးတာ၊ လူ့အခွင့်အရေးသမားတွေထိုင်ငိုတဲ့ပွဲပေါ့၊ ဘယ်တတ်နိုင်မလဲ အမေရိကန်လေ၊ အမေရိကန်ပုလိပ်တွေ အသုံးပြုတဲ့ တန်ဆာပါလာကိုကြည့်ဦးလေ နောက်ဆုံးပေါ်တွေပဲ’။

ကေ; ‘ဗီစလီရေ လက်ဖက်ရည်သောက်လိုက်ပါဦး၊ မင်းတပ်ဖွဲ့ထဲမှာ ဆက်နေမှာလား’။
ဗီစလီ; ‘ဆက်နေရမှာပေါ့၊ No Choice နောက်ထပ်ရာထူးလေးတက်ဘို့ မျှော်မှန်းထားတယ်၊ အဲဒီအချိန်ကြရင် ငါလဲ ငါ့ရည်စားနဲ့ လက်ထပ်မယ်လေ၊ သူလည်း လေဆိပ် ဝန်ထမ်းတစ်ယောက်ပဲ’။

ကေ; ‘မင်းလူတွေကိုမုန်းတီးနေသေးသလား’၊
ဗီစလီ; ‘လူတွေ၊ ငါလည်းလူပဲလေ၊ ငါ့မိဘတွေက လက်လုပ်လက်စား၊ ငါအစ်ကိုက ကော်လာဖြူ လခစား၊ ငါ့ညီကလောလောဆယ် တက္ကသိုလ်ကျောင်းသား၊ ငါဘာလို့ မုန်းရမှာလည်း ကိုယ်တာဝန်ကိုယ်လုပ်ကြရမှာ မဟုတ်လား’။
(၃)

ဗီစလီနေသော နေရာနှင့် မိုင်ပေါင်းထောင်ချီဝေးသောနေရာ ရန်ကုန်မြို့တွင် ဗိုလ်နေလင်းအောင် တစ်ယောက် လမ်းမပေါ်တွင် တပ်ရင်းမှူး၏ အမိန့်ကို စောင့်နေသည်၊ ခဏနေကြာ တပ်ခွဲမှုးက တပ်စုနှစ်စုကိုခေါ်သွား၊ ရဲတွေနောက် ကိုက်၂၀ကွာမှာ နေရာဖြန့်ယူဆိုပြီး အမိန့်ပေးလိုက်သည်၊ တပ်စုနှစ်စုဆိုပေမဲ့ သူအပါအဝင် ၂၁ ယောက်ပဲရှိသည်၊ သူတို့တပ်ကိုပြန်လည်ဖွဲ့စည်းချိန်တွင် ကျိုက္ကဆံသို့ ရောက်လာခြင်းဖြစ်သည်၊ နေလင်းအောင် အခြေအနေကို လေ့လာကြည့်လိုက်သည်၊ ရဲတွေရဲ့ရှေ့တွင် အော်သံတွေနဲ့အတူ လူအုပ်ကြီးရှိသည်၊ ဘုန်းကြီးတွေလဲပါသည်၊ လူပေါင်းစုံ၊ ရှေ့ကပန်ချာပီကုလား ဘာအော်နေလည်းမသိ၊ ကုလားဒိန်ချာတိတ်တစ်ကောင်က ပုဆိုးလှန်ပြသည်၊ အေးမောင်က ပစ်ထည့်ရမလားဗိုလ်ကြီး၊ ငြိမ်ငြိမ်နေ အမိန့်ပေးတဲ့အတိုင်းလုပ်ဆိုပြီး တပ်ရင်းမှူးလေသံကို အတုခိုး၍ပြောလိုက်သည်။

နေလင်းအောင် အခြေအနေကိုဆက်ပြီး အကဲခတ်လိုက်သည်၊ တိုက်တွေပေါ်ကကြည့်နေတဲ့သူတွေကလည်း မနည်း၊ လမ်းဘေးကချောင်းနေသူတွေကလည်း အများသား၊ ဘုန်းကြီးကျောင်းနောက်ကွယ်မှာ ဘုန်းကြီးတွေကရှိသေးသည်၊
မင်းတို့ရဲ့ စောင့်….. စောင့်…ဖြစ်သွားမယ်၊ ကင်မရာကိုင်တဲ့သူတွေကို သတိထားဟု တပ်ရင်းမှူးက ဆဲဆို၍မှာလိုက်သေးသည်၊
ဟေ့ကောင်တွေ ကင်မရာကိုင်တဲ့သူတွေကို သတိထား တပ်ရင်းမှူးလေသံကို အတုခိုး၍ပြောလိုက်သည်၊ ဟုတ်ကဲ့ဗိုလ်ကြီးဆိုသည့်အသံ ကြားလိုက်ရသည်၊ တပ်သားထဲတွင် အေးမောင်နှင့် နေတိုးက သိပ်မပြည့်ချင်၊ ငှက်ထိထားတော့ပိုဆိုးသည်၊ ခုထွက်လာသည်ကိုကြည့်ဦး ဖိနပ်မစီးခဲ့၊ တပ်ခွဲမှုးနှင့် အိုင်အို ရောက်လာပြီး ရဲတွေကလူစုခွဲမယ်၊ ငါတို့ကခြောက်လှန့်ပစ်ပြီးတော့ လိုအပ်မှ ဆက်ပစ်ရန်၊ တက်ရဆုတ်ရမည့် အကွာအဝေးကိုအမိန့်ပေးသွားသည်၊ ဆရာတစ်ယောက်နဲ့ တပ်သားခြောက်ယောက်ကို ရဲတွေနားကပ်နေခိုင်းလိုက်သည်၊ ထိုအထဲတွင် အေးမောင်ပါသွားသည်၊ စိတ်ထဲကပြသာနာပဲလို့ တွေးလိုက်မိသည်။

တကယ်တော့ နေလင်းအောင် ရန်ကုန်ကို သုံးလေးခေါက်လောက်သာရောက်ဖူးသည်၊ စစ်သားဘဝနှင့်နှစ်ခါဖြစ်သည် ရန်ကုန်အကြောင်းသိပ်မသိ၊ ရေကျော်နှင့် လှိုင်ဘက်တွင် ဆွေမျိုးများရှိသည်၊ နေလင်းအောင် သထုံကဖြစ်သည်၊ သူ့တပ်စုတွင် နေတိုးကရန်ကုန်ကဖြစ်သည်၊ သိပ်မပြည့်တော့ခက်သည် မြောက်ဒဂုံကဟုဆိုသည်၊ အေးမောင်က ရခိုင်ကဖြစ်သည် ဘယ်လိုတပ်ထဲရောက်လာသည်မသိ၊ ခုတပ်ခွဲမှုးနဲ့ နေလင်းအောင်ရင်းနှီးသည် သောက်ဖေါ်သောက်ဘက်ဖြစ်လာသည်၊ တပ်ခွဲမှုးသည် ဗိုလ်ကြီးစိုးနိုင်ဖြစ်ပြီး မြင်းခြံကဖြစ်သည်၊ ပြီးခဲ့သည်သုံးလလောက်က သူတို့တပ် နယ်စပ်တွင်ရှိစဉ် ငြိမ်းချမ်းရေးတွေကို ဆဲဆိုကာ သေနပ်နှင့်သွားပစ်သဖြင့် အမှုတွဲနှင့်ဖြစ်သည်၊ ငြိမ်းချမ်းရေးတွေက တိုင်းမှုးတက်တိုင်သည်၊ ဒီအတွက် တတပ်လုံးပြန်ဆင်းရသည်၊ တပ်ရင်းမှူးကတော့ ခွင်ပျက်၍ တောက်ခပ်၍မဆုံး၊ ခုလည်းမူးမူးနဲ့ပင် ကွမ်းစားကာ အခြေအနေကို တမြုံ့မြုံ့ကြည့်နေသည်။

တပ်ရင်းမှူးက ဗိုလ်ကြီးစိုးနိုင်နှင့် ရောရောနေ၍ သူ့ကိုမကြည်၊ ဒါတောင်ခိုင်းတာ အကုန်လုပ်ပေးသည်၊ တကယ်တော့ ဗိုလ်ကြီးစိုးနိုင်ရော သူရော ကျောထောက်နောက်ခံမရှိ၍ဖြစ်သည်၊ ဟိုအမျိုးဒီအမျိုး၊ ဟိုဖါးဒီဖါးဆိုရင် အနေချောင်သည်၊ ဒီနေ့တာဝန်ပဲကြည့်ဦး ဗိုလ်ကြီးစိုးနိုင်နှင့်သူကိုတွဲပေးလိုက်သည်၊ နေလင်းအောင်ကစစ်ပဲတိုက်ချင်သည်၊ လူစုခွဲတာ မလုပ်တတ် အမိန့်နာခံဘို့ပဲဖြစ်သည်၊ ဗိုလ်ကြီးစိုးနိုင်ကတော့ မန္တလေးမြို့ပြင်တွင် လူစုခွဲသင်တန်းတက်ဘူးသည်ဆိုသည်။

နေလင်းအောင် သူစစ်ဗိုလ်ဖြစ်လာရပုံကို ပြန်တွေးတောမိသည်၊ ငယ်ငယ်က ရေကျော် ကဦးလေးတစ်ယောက်လို သင်္ဘောသားဖြစ်ချင်သည်၊ ကမ္ဘာနိုင်ငံစုံရောက်ဖူးချင်သည်၊  အိမ်ကစီးပွားရေးသိပ်မကောင်း၊ စစ်ဗိုလ်တွေထောနေတယ် ဆိုသဖြင့် ဆယ်တန်းအောင်သောအခါ လျှောက်လိုက်သည်၊ အရွေးခံရသည်၊ မေမြို့စစ်တက္ကသိုလ်တက် ဒုဗိုလ်ဖြစ်လာခဲ့သည်၊ ဖြစ်စက အမေဆီကတောင် ပိုက်ဆံလှမ်းတောင်းရသည်၊ အမေရေ သားဗိုလ်ဖြစ်ရင် အမေတို့အိုကေပြီဆိုတဲ့စကား သူမပြောနိုင်တော့၊ ဗိုလ်ဖြစ်လာသောအခါ တပ်နှစ်တပ်ပြောင်းပြီးပြီဖြစ်သည်၊ ထင်ထားတာတွေနဲ့ တခြားစီပင်၊ မနက်ကရဲသားလေးတွေ ထမင်းစားနေတာ ကြည့်တော့ ငပိထောင်းနဲ့ ထမင်းနီပြင်ခဲ၊ ဘာအရွက်ရည်မှန်းမသိတဲ့ အရည်တခွက်၊ သူရထားတဲ့ အာလူးဟင်းသွားဝေငှခဲ့သည်၊ မြစ်ဝကျွန်းပေါ်က ကရင်လေးတွေဖြစ်သည်၊ တပ်ထဲဝင်မလား၊ မဝင်ဘူး ရဲပဲလုပ်မယ်တဲ့၊ တပ်ထဲသွားရင် အေးချမ်းမေ သီချင်းဆိုနေရဦးမယ် (တစ်စစီကျိုးပဲ့နေတယ်)၊ ဗိုလ်ကြီးစိုးနိုင်လည်း စုစုဆောင်းဆောင်းဘာမှမရှိ သူလည်းစုစုဆောင်းဆောင်းဘာမှမရှိ ၊ ဒါကြောင့်မို့ ဗိုလ်ကြီးစိုးနိုင်တစ်ယောက် ညစ်သွားပြီး ကောင်းတာမကောင်းတာ အကုန်လုပ်၍ ရသမျှ ဝင်ငွေများဖြင့် ထောင်ထောင်လုပ်နေသော ငြိမ်းချမ်းရေးတွေကို ဆဲဆိုကာ သေနပ်နှင့်သွားပစ်ခြင်းဖြစ်မည်၊ သူဆဲတာကို သေချာနားလည်မည်ဆိုရင် ပစ်ခံရတာထက်နာဘို့ကောင်းသည်၊ မူးနေလို့ လုပ်မိတာပါဆိုပေမဲ့ တက်လမ်းမရှိတော့။

သတ်မှတ်ထားသော အချိန်ရောက်သော လူစုခွဲသည်၊ သတ်မှတ်နာရီအတွင်း အခြေအနေကိုထိန်းနိုင်ခဲ့သည်၊ တစ်ခုပဲရှိသည်၊ နိုင်ငံခြားသားတစ်ယောက် ဒဏ်ရာရသွားသည်၊ ထိုနောက်သေဆုံးသွားသည်၊ အေးမောင်လက်ချက်ပင်၊ စစ်ဖိနပ်မပါသော သေးသွယ်သော သူ၏ပုံ ကမ္ဘာအနှံ့ပြန့်ခဲ့သည်။

တပ်ရင်းမှူးကတော့ တိုင်းမှာလား စစ်ဒေသမှာလားမသိ ပြန်မရောက်လာသေး၊ ညစ်နေလောက်ပြီ၊ ဗိုလ်ကြီးစိုးနိုင်ကတော့ ကွမ်းတမြုံ့မြုံ့ဝါးနေဆဲ။ နေလင်းအောင် အရက်မသောက်နိုင်ပဲ အဝေးကိုကြည့်နေမိသည်၊ စိတ်ထဲမှာ အမေဆီ အမေ သားလဲလူပဲလေ ဒီလိုဘယ်ဖြစ်ချင်ပါမလဲ။

ကမ္ဘာ့နေရာ တစ်နေရာဆီက လူငယ်သုံးဦးတို့သည် သူတို့ဖြစ်ချင်တာတွေ မဖြစ်ခဲ့ကြပါ၊ ဖြစ်နေခဲ့ကြသည်များကလည်း သူတို့အတွေးထဲမှာတောင် မရှိခဲ့ပါ။ သူတို့သည် လူသားများကြားမှာ လူသားတွေဖြစ်ပါသည်။ အကြောင်းကြောင့် အကျိုးဖြစ်၍ ဒီလိုကြုံတွေ့ရင်ဆိုင်ခဲ့ရသည် ဆိုပေမဲ့၊ ရလဒ်အကျိုးကိုပြုပြင်လို့ရသော နည်းလမ်းများရှိနေသည်ကို သူတို့သိရှိကြလျှင်ပိုကောင်းပါလိမ့်မည်။

..........................................................................................

ရှင်သန်နေထိုင်ရေးအတွက် ဘဝမှာ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ခဲ့သူများလည်း ရှိကောင်းရှိပါလိမ့်မည်၊  ကျနော်ကတော့ ဒီနေရာမှာဘယ်လိုနေဖြစ်သွားသလဲ၊ ခုလုပ်နေတဲ့အလုပ်ကိုဘယ်လိုလုပ်ဖြစ်ခဲ့သလဲ၊ မရေရာခဲ့ပါ၊
အများစုမှာ သူတို့လုပ်နေသောအလုပ်၊ သူ့တို့ရောက်နေသောနေရာတွေကို စိတ်ကူးတောင် ယဉ်ခဲ့ဘူးကြမည့်သူများ ဟုတ်မည်မထင်ပါ။ ဘဝတွင်ရှင်သန်နေထိုင်ရေးအတွက်  ရေနှင့်မျှောရင်း ရောက်ရာကမ်းတွင် ရှင်အောင်နေထိုင် နေကြသူများ များသထက်များလာပေသည်။
- Robert Peel




ပြုပြင်နိုင်သော စစ်မှန်သော တရားတော်များကို ရရှိပါစေလို့ ဆုတောင်းရင်း။

ပြီးပါပြီ။


Getty Image julian.joyce; BBC news, AP
Interview with MAT officer Vasilis by Kathimerini,
Profile of captain SNT
Kirsten Anderberg; Miami FTAA protests,
တို့ကို ဆီလျှော်အောင်ပြန်ရေးပါသည်။







Saturday, November 27, 2010

လူသစ် အပိုင်း(၂)


(၄)
ကမ္ဘာကြီး၏ပြောင်းလဲလာမှုကို လူသစ်များရော ပါရာဆက်များပါ အစဉ်တစိုက်လေ့လာ ကြည့်ရှုနေကြသည်၊ ကမ္ဘာကြီး၏ ဝင်ရိုးစွန်းနှစ်ခုပေါ်တွင်ဖြစ်ပေါ်နေသော ခရမ်းအိုရောင်ဖြစ်ထွန်းမှုသည် တဖြည်းဖြည်းပိုဆိုးလာကြောင်း လူသားနှစ်ရပ်လုံးကသိရှိခဲ့သည်၊ ထိုအဖြစ်အပျက်ကို သိရှိပုံနှင့် ချည်းကပ်ပုံခြင်းတော့ မတူကြပေ၊ ခရမ်းအိုရောင်ဖြစ်ထွန်းမှုဆိုသည်မှာ ကမ္ဘာကြီး၏ အိုဇုန်းလွာပေါက်ပြဲမှုကြီးမားလာပြီး နေနှင့် အာကာသတို့မှာ အမျိုးအမည်မသိ ရောင်ခြည်များ စွမ်းအင်များဝင်ရောက်လာပြီး ကောင်းကင်တွင် ခရမ်းအိုရောင်ဖြစ်ထွန်းကာ လူနှင့်သတ္တဝါတို့နေထိုင်၍ မရသောဒေသများ ဖြစ်လာခြင်းဖြစ်သည်၊ ဝင်ရိုးစွန်းဒေသများတွင်စဖြစ်ခဲ့ခြင်းဖြစ်သည်။

ဝင်ရိုးစွန်း ခရမ်းအိုရောင်ဖေါက်ပြန်မှုကြောင့် ပါရာဆက်တို့၏ အလက်စကာနှင့် နယူးဇီလန်တွင်ရှိသော မြေပြင်စခန်းနှစ်ခု ပျက်သုန်းရသည်၊ ထိုစခန်းနှစ်ခုသည် ဗိဇနှင့်မျိုးပွားခြင်းဆိုင်ရာ ကိစ္စများကို အဓိက စမ်းသပ်မှုများပြုလုပ်ရာ နေရာများဖြစ်သည်၊ ဒီအန်အေတစ်ခုမှပင် မျိုးပြန်လည်ပွားယူနိုင်သော နည်းပညာအချို့ ဆုံးရှုံးရသည်၊ အော်တိုဒီ(AutoD) ခေါ်သော အချိန်ကိုက်အလိုအလျှောက် မျိုးပေါက်နိုင်သော ဒီအန်အေဘူးများလည်း ပျောက်ဆုံးကုန်၏၊ ၎င်းတို့ကို ထိုစခန်းနှစ်ခုရှိ အင်ကူဗေတာထဲတွင် ထည့်သိမ်းထားခြင်းဖြစ်သည်၊ တကယ်တော့ အော်တိုဒီ(AutoD) များကို ပါရာဆက်များ လူဦးရေနည်းလာသောအချိန်တွင် အသုံးပြုရန်ဖြစ်သည်။ ဝင်ရိုးစွန်း ခရမ်းအိုဒေသသို့ ဘယ်လိုမှ သွားလာ၍ မရသဖြင့် ပါရာဆက်တို့ လက်လျှော့ခဲ့ရသည်။

ပါရာဆက်များမှာ လူသစ်များနဲ့ အဓိကဆက်သွယ်ရခြင်း အကြောင်းရင်းသုံးချက်ရှိလေသည်၊ အစားအသောက်အသစ်များဖန်တီးရန်၊ လောင်စာစွမ်းအင်သစ်ကိုဖန်တီးရန်နှင့် နောက်ဆုံးအရေးကြီးအချက်မှာ မ အရေအတွက်လျှော့နည်းလာခြင်းကြောင့် မျိုးဆက်ပွားရန် အခက်အခဲဖြစ်လာရခြင်းကို ဖြေရှင်းရန်အတွက်ဖြစ်သည်။

လူသစ်များသည် ပါရာဆက်များ သူတို့လိုဘအရ လာကြခြင်းကိုသိရှိသော်လည်း၊ ဘိုးဘွားဘီဘင်တို့၏ အဆက်အနွယ်များဖြစ်၍၎င်း၊ မိမိတို့၏ မေတ္တာ စေတနာ မုဒိတာ များဖြင့် အရာရာအေးချမ်းမှုရှိစေရန် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ပါရာဆက်တို့၏ သဘောသဘာဝအရ ရှင်သန်ရေး၊ အောင်နိုင်ရေး၊ အရယူနိုင်ရေးအတွက် မတရားလုပ်တတ်ခြင်း၊ ကလိန်ကကျစ်လုပ်တတ်ခြင်း လိုအပ်လျှင်အကြမ်းဖက်တတ်ခြင်း များကို သိရှိထား၍လည်းဖြစ်သည်။

ပါရာဆက်များလိုအပ်သော ပထမနှင့် ဒုတိယအချက်များကို အသိပညာဖလှယ်ခြင်းနှင့် လက်ရှိနည်းပညာများကို ပေးအပ်ခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်၊ တတိယလိုအပ်ချက်မှာမှု ယနေ့လူသစ်များအတွက် အတော်အခက်အခဲကြုံရသည်၊ သဘာဝနှင့် နေထိုင်မှုစနစ်ပြောင်းလည်းနေပြီဟူ၍ ငြင်းရင်လည်း လက်ခံကြမဲ့သူများမဟုတ်၊ ပါရာဆက်တို့ စစ်လက်နက်များကို ပြင်ဆင်ထားပြီးဆိုတာကိုလည်း လူသစ်တို့သိရှိနေခဲ့သည်။

လူသစ်တို့ လူအဖွဲ့အစည်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို လူသစ်တို့ထဲမှ ဉာဏ်အနိမ့်ဆုံးသူများနဲ့ သီလနည်းသူများကသာ တာဝန်ယူထားကြ၍ တိုင်းတစ်တိုင်းတွင် ဆယ်ဦးရေထိသာရှိသည်၊ အဓိကအားဖြင့် ဘေးအန ္တရာယ်နှင့် တိရိစ္ဆာန်တို့၏ရန်မှ ဟန့်တားရန်ဖြစ်သည်၊ လူသစ်တို့သည် ရန်ဖြစ်ခြင်း စစ်ဖြစ်ခြင်းမရှိ၊ အငြင်းပွားခြင်းပင်မရှိပဲ ငြိမ်းချမ်းစွာ နေထိုင်ကြသူများဖြစ်သည်။

(၅)

ပြောင်းလဲလာသော ပထဝီမြေကြီး သဘာဝအရ လူသစ်များနေထိုင်သော ယနေ့ကမ္ဘာတွင် သေရည်သေရက် မူးယစ်ဆေးဝါးမရှိတော့ပေ၊ လူ၏ ပုံသဏ္ဍန်ပြောင်းလဲလာခြင်းကြောင့် မိန်းမ ယောင်္ကျား ကာမတဏုာစိတ်များမရှိကြ၊ မျိုးပွားခြင်းသည်လည်း အသွင်ပြောင်းလဲလာသည် မျိုးပွားချင်သော အမသည် အန့ံတစ်မျိုးထွက်ပေါ်စေသည်၊ ထိုအန့ံသည် သက်ဆိုင်သော အဖိုထံသို့သာ ရောက်ရှိသွားပြီး မျိုးပွားစပ်ယှက်ခြင်းပြုသည်၊ သာမန်အချိန်များတွင်ထွက်ပေါ်ခြင်းမရှိပေ၊ ကလေးမွေးဖွားခြင်းကိုလည်း အားလုံးအတွက်ကောင်းမွန်သော လုပ်ရပ်တစ်ခုအဖြစ် အမတို့ကခံယူကြသည်၊ ထိုအတွက် လူသစ်များအဖို့ နှစ်ပါးသီလကိုလုံခြုံပြီးဖြစ်ကြသည်၊ အမြဲတစေသီလကိုစောင့်ထိန်းကြပြီး လူသစ်များသည် အများအားဖြင့် ငါးပါးသီလမြဲသူများဖြစ်လာကြသည်။

လူသစ်များသည် သီလကိုအခြေခံပြီး ဘဝရတနာ ခုနှစ်ပါးဖြင့် ကျင့်ကြံနေထိုင်ကြသည်၊ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်သည်ကိုအခြေခံပြီး ဖြစ်ခြင်းပျက်ခြင်း အစားထိုးခြင်းကိုသိရှိ၍ အထူးရှုမှတ်ခြင်းနှင့် အချိန်မှန်အားထုတ်မှုဖြင့် နေ့စဉ်နှင့်အမျှ သစ္စာတရားကို ရှာဖွေနေကြသူများဖြစ်ကြသည်။

စစ်မက်ဖြစ်ပွားခြင်းကိုရှောင်ရှားရန် မေတ္တာ ဘာဝနာပွားကြသော်လည်း၊ တစ်ဘက်ပါရာဆက်များသည် အဆိုးတရားများဖြစ်သည်ကို လက်ခံနိုင်လောက်သည့် ဉာဏ်လည်းမရှိကြချေ၊ ထိုအပြင် အယူအဆ မတူကြသူများ ဖြစ်ကြသည်။

ပါရာဆက်များ၏ ဉာဏ်အဆင့်သည် လူသစ်များထဲမှာ ဉာဏ်အဆင့်အနိမ့်ဆုံးသူများထက်ပင် အဆ တစ်ထောင်လောက်ကွာခြားလေသည်၊ ထိုအတွက်လူသစ်များ ကောင်းမွန်ခြင်းတရားကို ရှေ့ရှုကာ လူကြီးလူငယ်ကျားမ မရွေး စုဝေး တိုင်ပင်ကြသည်၊ နောက်ဆုံး အမျိုးသမီး သူတော်ကောင်းများ ပေါ်လာခဲ့သည်၊ လူသားတို့ ဆင်းရဲဒုက္ခမှ ကင်းဝေးရန် ၎င်းတို့ကို အလှူအဖြစ် ပါရာဆက်များထံသို့ ပေးလှူလိုက်ကြလေသည်။

“ဤသို့ ငါ၏ကုသိုလ်ကောင်းမှုသည် ငါ၏ သစ္စာလေးပါး ကိုသိရှိနိုင်ရန် မှန်ကန်သောအကျင့်ကို ကျင့်ခြင်းကို ပါရမီတစ်ရပ်အဖြစ် အထောက်အကူ ဖြစ်ပါစေသတည်း။”

(၆)
လူသစ် အမျိုးသမီးများသည် သဘာဝမတူသော လူသားမျိုးနွယ်နှစ်ခုကို ပေါင်းစပ်ရန်အတွက် ပါရာဆက်များ၏ စမ်းသပ်မှုအမျိုးမျိုးကို ခနီ ္တတရား မေတ္တာတရားတို့ဖြင့် သည်းခံခဲ့သည်၊ နောက်ဆုံး သေဆုံးမှုအနည်းငယ်ဖြင့် မျိုးပွားနိုင်မှုအောင်မြင်ခဲ့သည်၊
ပါရာဆက်များသည်လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ လောက်ထဲက သဘာဝလွန်မျိုးစပ်ခြင်းများကို စတင်ခဲ့ကြပြီဖြစ်သည်၊ ထိုသဘာဝလွန်မျိုးစပ်ခြင်းများသည် မျှခြေပြောင်းလည်းမှုဖြစ်ရခြင်း အကြောင်းတရပ်ထဲတွင်ပါဝင်သည်၊ ပါရာဆက်များထဲတွင် မ အရေအတွက်ကျဆင်းလာရခြင်းသည် တဏှာမောဟ များကြောင့် မ အတွက် ရန်ဖြစ်ကြခြင်း၊ အကောက်ကြံကြခြင်း၊ မ များကိုအနိူင်အထက်ပြုခြင်း နှိပ်စက်ခြင်းများကြောင့်၊ ပါရာဆက် မိန်းမတို့သည် အသက်တိုခြင်း၊ ကိုယ့်ကိုကိုယ်လုပ်ကြံကြခြင်းများ များစွာပြုလုပ်ခဲ့ကြသောကြောင့်လည်းဖြစ်သည်။

ထိုပါရာဆက်များနှင့် လူသစ်တို့ပေါင်းစပ်မွေးလာသူများကို ‘ပါမန်း(pamen) ကြားလူ’ ဟုခေါ်ကြသည်၊ ယနေ့တွင် ပါရာဆက်များ၏ လူငယ်မျိုးဆက်သစ်များတွင် ပါမန်းများသည် တစ်ဝက်ကျော်မကရှိနေပြီဖြစ်သည်၊ ကြားလူ ပါမန်းများ၏ ဉာဏ်အဆင့်သည် ပါရာဆက်များထက် များစွာသာလွန်နေ၍ ပါရာဆက်လူငယ်လောကတွင် ပါရာဆက်လူငယ်များနှင့် ပါမန်းလူငယ်တို့၏ ပဋိပက္ခများရှိလာကြသည်။

ကြားလူ ပါမန်း များ၏အမှားအမှန်ကိုခွဲခြားနိုင်ခြင်းနှင့် သစ္စာတရားကိုကျင့်ကြံနိုင်သောဉာဏ် အဆင့်မြင့်ကြသည့်အတွက် လူသစ်များကို ပိုမိုနှစ်သက်သူများဖြစ်ကြသည်၊ လူသစ်များနှင့် ဆက်သွယ်ဆွေးနွေးမှုများကို အစဉ်တစိုက်ပြုလုပ်လာကြသည်၊ လူသစ်များက ပါမန်းများကို အကျင့်သီလကိုအခြေခံကာ အဓိပတိတရားလေးပါးနှင့် အညီနေထိုင်ရန် တိုက်တွန်းခဲ့သည်၊ အဓိပတိတရားလေးပါးသည် လက်ရှိဘဝကိုရော နောင်ကိုပါ ကောင်းမွန်ခြင်းကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။

ပါရာဆက်လူငယ်များနှင့် ပါမန်းလူငယ်တို့၏ ပဋိပက္ခများကို အစဉ်ပြေမှုရှိစေရန်အတွက်၊ လူသစ်များနှင့် ပါရာဆက်တို့ သဘောတူညီကြပြီး ပါမန်းလူငယ်အချို့ကို လူသစ်များဆီသို့ ရွေ့ပြောင်းစေခဲ့သည်၊ ထူးဆန်းစွာပင် လပိုင်းအတွင်းမှာပင် ပါမန်းများသည် လူသစ်များနှင့်မခြားနေထိုင်လာနိုင်ကြသည်၊ လူသစ်များလေ့လာအားထုတ်မှုများကိုလည်း လုပ်ကိုင်နိုင်ခဲ့ကြသည်။ ဆိုလိုသည်မှာ ပါမန်းများသည် လူသစ်များအဖြစ်ကူးပြောင်းနိုင်သူများဖြစ်သည်။

ပါရာဆက်များမှာ လူသစ်များနဲ့ အဆက်အသွယ်များလာသောအခါ လူသစ်များသည် ပါရာဆက်များကို မှန်ကန်သောနေထိုင်မှု မှန်ကန်သောအကျင့်ကိုကျင့်ကြံခြင်းများကို လမ်းညွှန့်ပြသနိုင်ခဲ့သည်။

ပါရာဆက်များကလည်း လူသစ်များကိုကြည့်ပြီး အကျင့်သီလ၏အရေးပါမှုကို သိရှိလာကြသည်။

(၇)

တစ်ချိန်တွင် ပါရာဆက်ထဲမှ မြန်မာအမျိုးအနွယ် ဒေါက်တာထွန်းအောင်ကျော် ၈(ရှစ်) ဆိုသူသည် ကိုဘအေးနှင့်ဆက်သွယ်လာသည်၊ မြန်မာလူသစ်များနဲ့တွေ့ရ၍ ဝမ်းသာကြောင်းပြောနေသော်လည်း သူ့ပုံက လူသစ်များ၏ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ရွံသလိုလို တစ်ခုခုဖြစ်မှာကို ကြောက်နေသည်၊ တကယ်တော့ လူသစ်များကို အမျိုးအနွယ်ခွဲရတာခက်သည် အသွင်ပုံသဏ္ဍန်အနည်းငယ်သာ ကွဲပြားသောကြောင့်ဖြစ်သည်၊ ထုတ်ဖေါ်ပြောမှသာသိနိုင်သည်၊ ယနေ့လူသစ်တို့ကလည်း မျိုးနွယ်ကိုအဓိကမထားတော့ပေ။

ဒေါက်တာထွန်းအောင်ကျော် ၈(ရှစ်) တွင် ထွန်းအောင်ကျော် ၉(ကိုး) ဆိုသော သားတစ်ယောက်ရှိသည်၊ ၎င်းသားသည် လူသစ်အမျိုးသမီးနှင့် ရထားသော ကြားလူ ပါမန်း တစ်ယောက်ဖြစ်သည်၊ သူသားထံမှသိရှိရသော လူသစ်တို့ နေထိုင်ကျင့်ကြံမှုကို ပိုမိုစိတ်ဝင်စားလာသဖြင့် ကိုဘအေးနှင့်ဆက်သွယ်လာခြင်းဖြစ်သည်။

လူသစ်များ လက်တွေ့ကျင့်ကြံနေသော မှန်ကန်သောအကျင့်သည်၊ တကယ်တော့ အသစ်မဟုတ်ပေ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ လောက်ကပေါ်ပေါက်ခဲ့ပြီး လူအများလက်ခံယုံကြည်ခဲ့သော ယုံကြည်မှုတစ်ခုပင်ဖြစ်သည်၊ ယနေ့အခါမှ လူသစ်များအားလုံး လက်တွေ့ကျင့်ကြံနေကြသည်မှာ ဒေါက်တာထွန်းအောင်ကျော်အတွက် အ့ံသြမှုတစ်ခုပင်ဖြစ်သည်။

လူသစ်များ သစ္စာလေးပါး ကိုသိနိုင်ရန် မှန်ကန်သောအကျင့်ကို ကျင့်ကြခြင်းသည်၊ ယနေ့ မင်္ဂတိုင်း နှင့် ပုဂတိုင်းဟု သိနေကြသော တစ်ချိန်က မြန်မာပြည်နဲ့ဆက်စပ်လျှက်ရှိနေသည်။

ထိုအချိန်က မြန်မာပြည်သည် သစ္စာလေးပါးတရားတော်ကို လမ်းညွှန်ဟောကြားခဲ့သော တရားတော်များကို ယုံကြည်ကိုးကွယ်ကြသူများ အများဆုံးရှိသောနေရာဖြစ်ခဲ့သည်။
ကိုဘအေး မြန်မာပြည်နှင့်ပတ်သက်၍ ဒေါက်တာထွန်းအောင်ကျော်ကို ရှင်းပြခဲ့သည်၊

(၈)
မြန်မာပြည်ကြီးတွင်ဖေါက်လွဲ ဖေါက်ပြန်ဖြစ်နေချိန်မှာပင် ထိုအရာများကို အကြောင်းအကျိုး သဘောအရကြည့်မြင်ပြီး အကျင့်သီလမြဲ၍ သစ္စာလေးပါးတရားတော်ကို ကိုယ်တိုင်လက်တွေ့ ကျင့်ကြံသောသူများရှိခဲ့ကြသည်၊ မြန်မာပြည်မှ ထိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တို့သည် သတ္တဝါအပေါင်း လူသားအပေါင်းတို့ကောင်းကျိုးအတွက် ကမ္ဘာ့မျှခြေပျက်နေချိန်မှာပင် ကမ္ဘာအရပ်ရပ်သို့ထွက်ခွာကာ မှန်ကန်သောကျင့်ကြံမှုများကိုဖြန့်ဝေခဲ့သည်။

အဖျားကြည်၍အလယ်နောက်မည်ဟူသော ဆိုစကားနှင့်အညီ ကော့ကေးဆပ်သားများသည် လျှင်မြန်စွာပင် ဉာဏ်အဆင့်တွေကိုရရှိခဲ့သည်၊ ထိုမှတဆင့် ယနေ့ကမ္ဘာတွင် လူသစ်အားလုံးသည် တူညီစွာ ထိုအကျင့်ကို ကျင့်ကြံနေခြင်းဖြစ်ပေသည်။ ထိုကြောင့် လူသစ်တို့၏ ယနေ့ကမ္ဘာသည် မေတ္တာပွားများခြင်း၊ သနားကြင်နာစိတ်များရှိခြင်း၊ သူတစ်ပါးချမ်းသာအောင်မြင်မှုကို မနာလိုမရှုစိတ်မရှိခြင်း၊ ချစ်ခြင်းမုန်းခြင်းဟု၍မရှိပဲ သတ္တဝါများအပေါ် လျစ်လျူရှုမှတ်ပွားခြင်းတို့ဖြင့် အေးချမ်းလျှက်ရှိသည်။

ကိုဘအေး ဆက်ရှင်းပြသည်မှာ ယနေ့ကမ္ဘာပေါ်ရှိ အတိုင်းတိုင်းအပြည်ပြည်တွင် ဉာဏ်ပညာပိုင်းတွင််အဆင့်မြင့်နေသူများ အများအပြားရှိသည်၊ ဤ မင်္ဂတိုင်းမှာပင် စေတီထဲတွင်နေထိုင်ကြသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ အများအပြားရှိသည်၊ လူသစ်များသည် ဉာဏ်ပညာအဆင့်အတန်းပေါ်မူတည်၍ အချင်းချင်း စိတ်ဖြင့်ဆက်သွယ်မှုများပြုလုပ်ကြသည်ကများသည်။

ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များထဲတွင် ရှေးဘဝတို့ကိုပြန်မြင်နိုင်သော၊ ဖြစ်လတ္တံတို့ကိုသိနိုင်သော၊ အပါယ်ငရဲတို့ကို မြင်နိုင်ကြားနိုင်သော၊ နတ်ပြည်တို့ကို မြင်နိုင်ကြားနိုင်သော ထိုးထွင်းဉာဏ်ရနေသူများ အများအပြားပင်ရှိသည်၊ ၎င်းတို့၏အဆုံးအမ ညွှန်ပြမှုများဖြင့် ငါတို့သည် မှန်ကန်သောအကျင့်ကို ကျင့်ကြံနေရခြင်း ဖြစ်သည်ဟု ကိုဘအေးကထပ်ရှင်းပြသည်။

ဖြစ်ခြင်းပျက်ခြင်း အစားထိုခြင်းတို့တွင် အစားမထိုးနိုင်သောအခါ ပျက်သုန်းရသည်၊ လူသားများပင်မဆိုနဲ့ ကမ္ဘာသည်လည်း ပျက်သုန်းရပေလိမ့်မည်၊ ကမ္ဘာပျက်ခြင်းနှင့်အတူ အပါယ်ဘုံသားတို့လည်း ပါဝင်သွားရပေမည်၊ ကမ္ဘာပျက်ချိန်တွင် မြင့်မြတ်သောဘုံသို့ရောက်နေဘို့လိုသည်၊ လူအဖြစ်ပျက်စီးရသည်ရှိသော် ကောင်းသောဘုံသို့တက်နိုင်စေရန်၊ ယခုကမ္ဘာ ပြန်လည်ရှင်သန်သည်ဖြစ်စေ၊ ကမ္ဘာသစ်ဖြစ်ပေါ်သည်ဖြစ်စေ၊ ကမ္ဘာသစ်သည် အသုညကမ္ဘာဖြစ်ပေလိမ့်မည်၊ ထိုအတွက် ထို ကမ္ဘာတွင် လူအဖြစ်ပြန်လည်ဖြစ်မြောက်ကာ သစ္စာလေးပါး ကိုသိနိုင်ရန် မှန်ကန်သောအကျင့်ကို ဆက်လက် ကျင့်ကြံရပါလိမ့်မည်။

(၉)

ဒေါက်တာထွန်းအောင်ကျော်တစ်ယောက် ဆုံးဖြတ်ချက်ရဲရဲချလိုက်သည်။
ပါရာဆက်များနှင့် ငါတို့မြန်မာလူမျိုးများသည် တော်တော်ဆိုးဆိုးဝါးဝါးပြူလုပ်ခဲ့ကြပါလား၊

ငါသည်လည်း ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ထံ ဆည်းကပ်၍ သစ္စာလေးပါး ကိုသိနိုင်ရန် မှန်ကန်သောအကျင့်ကို ကျင့်ကြံတော့မည်။

ခရမ်းအိုရောင်ဖုန်းလွှမ်း၍ ကမ္ဘာကြီးပျက်သုန်းခဲ့လျှင်လည်း သူတွင် အကြောက်တရားတို့ ရှိတော့မည်မဟုတ်ပေ။

ပြီးပါပြီ။

အားလုံးကိုကျေးဇူးတင်လျှက်၊



အမှားအယွင်းတို့ရှိခဲ့သော် စိတ်ကူးယဉ်ထားသော ကျနော်၏အမှားပင်ဖြစ်ပါသည်။

ဓမ္မာစေတီကျောက်စာကို ဖတ်ခဲ့ရခြင်း၊ ဆရာတော် ဦးသုနန္ဒ၏ တရားတော်များကို နားကြားမိခြင်းမှ အခြေခံပါသည်။


ကိုယ်ပိုင်ဓါတ်ပုံများဖြစ်ပါသည်။

Sunday, November 21, 2010

လူသစ်



(၁)

သောမာတိုဘာဂျီဂို တစ်ယောက် အလုပ်ခန်းသို့ စဝင်ပြီး ဆက်သွယ်ရေးနှင့်အချက်ပြစက်များ အခြေအနေကို ခဏမျှစောင့်ကြည့်လိုက်သည်၊ အားလုံးပုံမှန် အနေအထားတွင်ရှိသဖြင့် သူလေ့လာကျမ်းပြုနေသော ပြောင်းလဲလာသော လူဘဝနှင့် အကျင့်သိက္ခာများ အကြောင်း အဆုံးသပ်ချက်များကို ပြန်လည်စမ်းစစ်ရန် သူ၏ ဇီဇီးရိုးမှတ်စုစာအုပ်လေးကို ဖွင့်လိုက်သည်၊ ပထမဦးစွာ အနယ်နယ်အရပ်ရပ်မှ အကြံပေးသုံးသပ်ချက်များပေါ်လာသည်၊ တကယ်တော့ ဇီဇီးရိုးမှတ်စုစာအုပ်လေးသည် နောက်ဆုံးပေါ်နည်းပညာတွေ သုံးထားသည်၊ အီးဇီဆက်သွယ်မှုကွန်ယက်နှင့်၎င်း သူ၏ဦးနှောက်လှိုင်းများနှင့်၎င်း ဆက်သွယ်ထားသည်၊ သူ၏စိတ်တွင်ပေါ်လာသမျှ စိတ်ကမှတ်မိသမျှကို သိမ်းထားနိုင်သည်၊ လိုအပ်လျှင် အချက်အလက်များကို တခြားသူများထံမှလည်း ဆက်သွယ်တောင်းဆိုနိုင်သည် ဖလှယ်နိုင်သည်၊ အင်နာဂျီ မလိုပဲသုံးနိုင်သော ကရိယာတစ်ခုဖြစ်သည်။

သူ၏ကျမ်းပြုစုချက်သည် နှစ်ပေါင်း ၄၀၀ ကျော်က သူ့အမျိုးဆက်နှင့် ယခု သူနေထိုင်ရာ မီလမာတိုင်း ဘုံအိမ်စုမှ မိုင်တစ်ရာလောက်ဝေးသည့် ရောမမြို့ဟောင်းတို့နှင့် ပတ်သက်နေ၍လည်း အီးဇီဆက်သွယ်မှုကွန်ယက်တွင် လူစိတ်ဝင်စားဖွယ်ဖြစ်နေသည်။

တကယ်တော့ ဘာဂျီဂိုသည် ခပ်ညံ့ညံ့ဖြစ်၍လည်း ဒီ မီလမာတိုင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး တာဝန်ခံ အလုပ်ကိုလုပ်နေရခြင်းဖြစ်သည်၊ သီလနှင့်ဉာဏ်ပညာပိုင်းတွင် အနည်းငယ်အားနည်းမှု ရှိခဲ့ခြင်းကြောင့်ဖြစ်သည်၊ အဲဒီ့ အနည်းငယ်အားနည်းမှုက သူကို လက်ရှိအဆင့်ကို ရောက်ခဲ့စေခြင်းဖြစ်သည်။

သူ၏ကျမ်းပြုစုချက်နှင့် ပတ်သက်၍ဆက်သွယ်နေသူများထဲတွင် မင်္ဂတိုင်းမှ ကိုဘအေးနှင့် သူ အတိုင်အဖေါက်ညီသည်၊ ကိုဘအေးသည်လည်း သူ့လိုပဲ မင်္ဂတိုင်း၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး တာဝန်ခံ တစ်ယောက်ဖြစ်သည်၊ သီလနှင့်ဉာဏ်ပညာပိုင်းတွင် အနည်းငယ်အားနည်းမှု ရှိသူတစ်ယောက်လည်းဖြစ်သည်၊ ကိုဘအေးကလည်း ယနေ့ကမ္ဘာပေါ်တွင် လူတိုင်းနီးပါး လိုက်နာလေ့ကျင့်လိုက်စားနေသော အယူအဆသည် သူ၏အမျိုးဆက်တို့လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်က အများယုံကြည်ခဲ့ပြီး၊ လွန်ခဲ့သောနှစ် ၂၀၀ ကျော်က ဘာကြောင့်မှေးမှိန်သွားရကြောင်း လေ့လာရန်ကြိုးစားနေသူဖြစ်သည်။

ကိုဘအေးနေထိုင်ရာ မင်္ဂတိုင်းသည် နှစ်ပေါင်း ၄၀၀, ၃၀၀ ကျော်လောက်က မြန်မာပြည်ဟုခေါ်သော အရပ်ဖြစ်သည်၊ ကိုဘအေးနေထိုင်ရာ စေတီအိမ်စုနှင့် မိုင် ၁၀၀ အကွာတွင် ရန်ကုန်မြို့ဟောင်းတည်ရှိခဲ့သည်။

ကိုဘအေးရော ဘာဂျီဂိုပါ လာမည့် နောက်နှစ် ခရစ်နှစ် ၂၅၀၀ ပြည့်နှစ်တွင် သူတို့ကျမ်းများကို ပြီးစီးနိုင်မည်ဟု ယုံကြည်ထားကြသည်။


(၂)

အချိန်ကား ခရစ်နှစ် ၂၄၉၉ ခုဖြစ်သည်၊ ပြောင်းလဲနေသော ကမ္ဘာကြီးနှင့်အတူ လူတို့သည်လည်းပြောင်းလဲခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်က ကမ္ဘာပေါ်တွင် လောင်စာစွမ်းအင်အတွက် အဓိကသုံးသော ရေနံ ရှားပါးကုန်ခန်းခဲ့သည်၊ အစားထိုးလောင်စာများကိုအသုံးပြုရင်း ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်များ ပျက်သုန်းခဲ့သည်၊ ရှင်သန်ရေးကို အကြောင်းပြုပြီး လူသားအချင်းချင်း ရန်ပွဲများ စစ်ပွဲများ နေ့စဉ်နဲ့အမျှဖြစ်ပွားခဲ့သည်၊ ကမ္ဘာကြီးသည် တဖြေးဖြေးပူနွေးသထက်ပူနွေးလာပြီး နောက်ဆုံး ကမ္ဘာကြီး၏မျှခြေပါပျက်ရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ကမ္ဘာကြီး၏ပျမ်းမျှ နေ့အပူချိန်သည် ၅၀ ဒီဂရီ စင်တီဂရိတ်သို့ရောက်ခဲ့သည်၊ ပူနွေးမှုတက်နှုန်းကတော့ နှေးလာခဲ့သည်၊ မျှခြေမှာမရှိတော့သည်အတွက် အရင်တုန်းက သီအိုရီများ တွက်ချက်နည်းများ အားလုံးမှားယွင်းသွားခဲ့သည်၊ လူတို့သည် ရှင်သန်ရေးအတွက် နည်းပညာအသစ်များကို တီထွင်ကြံဆလာကြသည်။

ယနေ့ကမ္ဘာကြီးတွင် ရာသီဥတုဟူ၍ မိုးရွာခြင်းနဲ့ နေပူခြင်းသာရှိတော့သည်၊ နေ့နှင့်ည အပူချိန်ကွာခြားချက်သည် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိသည်၊ ပင်လယ်သမုဒ္ဒရာသည် ပိုကျယ်ပြန့်လာပြီး ပိုဖေါက်ပြန်မှုများဖြစ်ခဲ့သည်၊ လူတို့သည် ပင်လယ်သမုဒ္ဒရာကို ရှောင်ရှားလာသည်၊ ပင်လယ်သွားလာမှု ပင်လယ်ကမ်းခြေနားနေထိုင်မှုများ လုံးဝမရှိတော့၊ မြစ်ချောင်းအင်းအိုင်ဟူ၍ အတည်တကျ မရှိတော့ မိုးရွာလျှင် ရေလျှံကာ ဖြစ်သလိုစီးစင်းကြသည်၊ မီးတောင်မျိုးစုံကလည်း နေ့စဉ်ဆက်တိုက်ပေါက်ကွဲကြသည်၊ လေပြင်းမုန်တိုင်းများကလည်း နေ့တိုက်လိုက် ညတိုက်လိုက်နှင့်ဖြစ်သည်၊ ကုန်းတွင်းသွာလာမှုကိုလည်း လူတို့သည် အရေးကြီး မဖြစ်မနေမှသာ သွားလာကြသည်။

ကျွန်းနိုင်ငံများ၊ ကမ်းခြေဒေသများ ကွယ်ပျောက်သွားရသည်၊ ဟိုနှစ်ပေါင်းများစွာက ရွှေမဲခေါ်ရေနံထွက်ရှိရာဒေသတို့သည် ပင်လယ်ရေအောက်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။

ထိုမျှလောက် အပူချိန်မြင့်မားပြီး ဖေါက်ပြန်မှုများကြောင့် တိရိစ္ဆာန် တစ်ချို့ပျောက်သုန်းသွားခြင်း သို့မဟုတ် ပုံစံပြောင်းသွားခြင်းတို့ဖြစ်လာသည်၊ အပင်ဟူ၍ရှားပါးလာပြီး နွယ်ပင်များသာဖြစ်ထွန်းတော့သည်။

ရှင်သန်ရေးအတွက် လူတို့၏ အသွင်ပုံသဏ္ဍန်လည်းပြောင်းလဲခဲ့သည်၊ ရာသီဥတုဒဏ်ကိုခံနိုင်ရန်နှင့် ပထဝီအနေအထားပြောင်းလဲမှု၊ မျှခြေပြောင်းလဲမှုများကြောင့်ဖြစ်သည်၊ ဆံပင်တို့သည်ကောက်ကွေးကာ ကြီးမားလာသည်၊ နားရွက်သည်လည်းကပ်သွားခဲ့သည်၊ နှာခေါင်းသည်ပြားဝင်ကာ နှာခေါင်းဝများကျယ်ပြန့်လာသည်၊ နူတ်ခမ်းများထူထဲလာသည်၊ ကမ္ဘာကြီးပေါ်တွင် လူသားတို့ အသားရောင် သုံးမျိုးသာရှိလာသည်၊ အညို၊ အညိုဖျော့နှင့် အညိုရင့်တို့ဖြစ်သည်၊ အမြဲတမ်းရေဖုံးလွှမ်းနေသော ဝန်းကျင်၊ နေ့ပူလောင် ညအေးစက် ရာသီဥတု များကြောင့်လည်း လူသားတို့ နေထိုင်မှုနှင့် စားသုံးမှုများပြောင်းလဲလာသည်။

ဂျုံဆန်စပါးများ စိုက်ပျိုးလို့မရနိုင်တော့၊ အသစ်ဖြစ်ပေါ်လာသော နွယ်ပင်တစ်မျိုး၏ပင်စည်ကို အဓိကစားရသည်၊ ထိုပင်စည်ထဲတွင် ကာဘိုဟိုက်ဒရိတ် ကဇီဓါတ်တို့ အများဆုံးပါဝင်သည်၊ မိုးရွာအပြီး နေပူချိန်တွင် ပေါက်တတ်သော ရေညှိတစ်မျိုးကိုလည်းစားသုံးလာသည်၊ ထိုရေညှိတွင် ပရိုတိန်းဓါတ်အဓိကပါသည်၊ လူတို့နှင့်အတူ ခွေးတို့သည်လည်း ပုံသဏ္ဍန်ပြောင်းလဲခဲ့သည်၊ လူတို့ကိုအဓိက တိုက်ခိုက်သော သတ္တဝါဖြစ်လာသည်၊ ထိုအတူ ပုံသဏ္ဍန်လည်းပြောင်းလဲလာသော ကြွက်များ၊ ခြင်ကောင်များ နှင့် ပုရွတ်ဆိတ် အချို့သည် လူတွေကို ဒုက္ခအပေးဆုံးဖြစ်သည်၊ ရန်ကိုကာကွယ်ရင်း ဖမ်းဆီးရမိလာသော ခွေးများ၊ ကြွက်များကို လူတို့စားသုံးကြသည်။

လူတို့သည် ဘေးအန္တရာယ်နှင့် သဘာဝဝန်းကျင်ဒဏ်တို့ ခံနိုင်သောနေရာများကိုရွေးကာ စုစည်းနေထိုင်လာသည်၊ အရှေ့ပိုင်းဒေသတွင် စေတီပုံအိမ်များဖြင့်နေထိုင်လာကြသည်၊ ဆက်သွယ်လို့ရသော အိမ်စုများစုပေါင်းကာ တိုင်းနိုင်ငံများဖြစ်လာသည်၊ စေတီပုံအိမ်ဆိုသည်မှာ ခေါင်မိုးပေါ်တွင် စေတီလေးများတည်ထားပြီး အောက်ထဲတွင် လူများအစုလိုက် အစုလိုက်နေထိုင်ခြင်းဖြစ်သည်၊ အနောက်တိုင်းတွင်ကာ အမိုးတွင် အချွန်လေးများစွာ လုပ်ထားတာပဲကွာသည်၊ ဉာဏ် အကျင့်သီလပေါ်မှုတည်ပြီး အလုပ်ခွဲခြားလုပ်ကိုင်ကြသည်။

ကမ္ဘာကြီး၏ ပထဝီအနေအထားပြောင်းလဲဖြစ်ပေါ်မှုသည် လူတို့ကို တစ်နေရာနှင့်တစ်နေရာ သွားလာဆက်သွယ်ရေးကို ခက်ခဲစေခဲ့သည်၊ မိုက်ခရိုဝေ့၊ ရေဒီယိုဝေ့ ဆက်သွယ်မှုများသည် အသုံးမဝင်တော့ပေ၊ ထို့အတွက် သွားလာဆက်သွယ်ရေးနည်းအသစ်များကို တီထွင်ဖန်တည်းလာရသည်။

နှစ်ပေါင်းများစွာက လူနေအများဆုံးတိုင်းပြည်နေရာများမှာ ယခုအခါ နေလို့ထိုင်လို့ မရသောနေရာများဖြစ်လာသည်၊ လူနေထိုင်လို့ရသော တိုင်း တစ်တိုင်း နှစ်တိုင်းလောက်သာရှိသည်၊ ကော့ကေးဆပ်၊ ဆိုက်ဘီးရီးယား၊ ချီလီ၊ ဟင်းမလားရားအရှေ့ပိုင်းများတွင် လူနေများသော တိုင်းနိုင်ငံများ ပေါ်ပေါက်ခဲ့သည်။

ရှင်သန်နေထိုင်ရေးနှင့် သွားလာဆက်သွယ်ရေး အတွက် လူတို့သည် ပါရာဆက်များနှင့် ဆက်ဆံလာရသည်။

(၃)

ပါရာဆက်များသည်လည်း လူသားများဖြစ်သည်၊ ယနေ့အချိန်တွင် ကမ္ဘာပေါ်တွင် လူသားနှစ်မျိုးရှိနေသည်၊ ပါရာဆက်များက ယနေ့လူသားများကို ‘လူသစ်’ (newmen) များဟုခေါ်ကြသည်၊ ‘လူသစ်’ဆိုသော ယနေ့လူသားများသည်၊ ပါရာဆက်များသို ယခင်လူဟောင်းအနွယ်များဟုခေါ်ကြသည်၊ ပါရာဆက်သည် (preserved) မှ ဆင်းသက်လာခြင်းဖြစ်သည်။

ပါရာဆက်များ ကမ္ဘာသို့လာသည့်အခါ ဝတ်စုံ အသုံးအဆောင်များနဲ့လာရသည်၊ လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုနှင့် သဘာဝဒဏ်များကို ခံနိုင်ရန်ဖြစ်သည်၊
ပါရာဆက်များ ဘာကြောင့်ရှိနေရသနည်း မေးခွန်းတွေရှိနိုင်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က၊ လူသားတို့သည် တချိန်တွင် ကမ္ဘာကြီးပူပြင်းလာက ပထဝီမြေကြီးလည်းဖေါက်ပြန်လာနိုင်ကြောင်းသိရှိလေ့လာခဲ့ကြသည်၊ လူသားတို့ ဘယ်လိုနည်းနဲ့မှ မရှင်သန်နိုင်ဟုယုံကြည်ကြပြီး၊ လူသားမျိုးနွယ်မပပျောက်ရေးကို စီမံကိန်းများချဆောင်ရွက်ခဲ့သည်၊ ဒဏ်ခံနိုင်ရည်ရှိသော မြေပြင်နှင့် အာကာသစခန်းများတည်ဆောက်ခဲ့ပြီး၊ ထိုစခန်းများတွင် နည်းပညာပေါင်းစုံသိုလှောင်ထားပြီး၊ စဉ်ဆက်မပျက် သုသေတနများပြုလုပ်ခဲ့သည်၊ နှစ်ပေါင်း ၁၀၀ တွင်စီမံကိန်းအောင်မြင်ခဲ့ပြီး၊ ထိုစခန်းများရှိ လူသားများကို အပြင်နဲ့ဆက်သွယ်ထိစပ်မှုလုံးဝပေးမလုပ်ပေ၊ preserved လုပ်ထားခဲ့သည်၊ မျိုးဆက်များကို စခန်းအတွင်းမှာပင်ပေါက်ဖွားစေခဲ့သည်။

ကမ္ဘာကြီးပူပြင်းလာက ပထဝီမြေကြီးစဖေါက်ပြန်ပြီး ယနေ့အထိ ပါရာဆက်တို့ ထင်မြင်သကဲ့သို့ လူသားများ မပျောက်ဆုံးသွားပါ၊ ကမ္ဘာ့လူဦးရေ၏ ရှစ်ပုံတစ်ပုံခန့် ရှင်သန်ကျန်ရစ်ခဲ့သည်၊ ထိုအခါ ပါရာဆက်တို့သည် ယနေ့လူသားများနဲ့ ဆက်သွယ်ခဲ့ကြသည်။

ပါရာဆက်တို့သည် ၎င်းတို့အမြင် ကြမ်းတမ်းရုပ်ဆိုးသော ယနေ့လူသားများကို ‘လူသစ်’ ဟုခေါ်လာကြခြင်းဖြစ်သည်။

ပါရာဆက်တို့နောက်ထပ်သိရှိရသည်မှာ လူသစ်များသည် သူတို့နှင့် အသွင်ပုံသဏ္ဍန်၊ နေထိုင်စားသောက်ပုံ ကွာခြားသည်သာမက၊ ဉာဏ် ပညာနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင် သူတို့ထက်များစွာ သာလွန်နေကြောင်းသိလာရသည်၊ ဒီထက်ပိုသည်မှာ လူသစ်များသည် သီလ၊ သမာဓိ ပို၍မြဲနေသူများ ဖြစ်နေကြသောကြောင့်ဖြစ်သည်။

ပထမဦးဆုံးအကြိမ် ပါရာဆက် နှင့် လူသစ်များတွေ့ဆုံပွဲတွင်၊ ပါရာဆက်များလာမည်ကို ကမ္ဘာပေါ်ရှိ တိုင်းအသီးသီးက သိရှိနေခဲ့သည်၊ ဘယ်လိုသိရှိနေကြသနည်း၊ ပါရာဆက်များဆီက သူတို့ဘာလိုချင်ကြောင်းနဲ့ ပါရာဆက်များဘာလိုသနည်းကိုလည်း သိရှိနေကြသည်၊ ယခုလိုခေါင်းဆောင်များကို တွေ့ရ၍ ဝမ်းသာကြောင်းပြောရာ၊ ယနေ့ခေတ်တွင် ခေါင်းဆောင်မရှိတော့ကြောင်း ကိုယ်စားလှယ်များသာဖြစ်ကြောင်း လူသစ်များကပြောကြားခဲ့သည်၊ ပါရာဆက်များက ယုံကြည်မှုနှင့် ဘုရားရှင်များအကြောင်းပြောကြားသောအခါ၊ လူသစ်များက တုန်လှုပ်မှုမပြ၊
ယေရှုကိုသိပါသလား၊ မိုဟာမက်ကိုသိပါသလား၊ သီဝကိုသိပါသလားမေးသောအခါ သိကြသည်ဟုဖြေသည်၊ ထာဝရဘုရားသခင်၊ ဗုဒ္ဓဘုရားတို့ကိုသိပါသလား ဟုထပ်မေးသောအခါ နိူက်နိူက်ချွတ်ချွတ်သိပါသည်ဟုဖြေသည်၊ တည်ငြိမ်စွာနဲ့ပင်

"ငါတို့သည် ကိုယ်တိုင်လက်တွေ့ ကျင့်ကြံသောသူများ" ဖြစ်ကြောင်းဖြေကြားခဲ့သည်၊ ပါရာဆက်များက မည်သည့် အကျင့်များကို ကျင့်ကြံပါသနည်းဟုမေးသောအခါ၊

ငါတို့သည် သစ္စာလေးပါး ကိုသိနိုင်ရန် မှန်ကန်သောအကျင့်ကို ကျင့်ကြံကြပါသည်ဟု ပြန်ဖြေသည်၊
အဘယ်ကြောင့် ကမ္ဘာပေါ်ရှိ လူသစ်အားလုံးသည် တူညီစွာ ထိုအကျင့်ကို ကျင့်ကြံကြပါသနည်း။

ပါရာဆက်များအတွက်မေးခွန်းတွေများလှသည်၊ ကမ္ဘာကြီးကို အပေါ်ယံကပဲစောင့်ကြည့်ရင်း အကုန်သိသည်ထင်နေသော ပါရာဆက်များ အံ့သြမှုများကြုံရသည်။


……………………………..

ဆက်လက်ဖေါ်ပြပါမည်။

စိတ်ကူးစိတ်သန်းတစ်ခုဖြစ်ပါသည်

ပုံကိုဂိမ်းတစ်ခုမှယူပါသည်၊ ပန်းချီညံ့သဖြင့် လူသစ်များပုံကို မဆွဲပြနိုင်ပါ။
လာရောက်လည်ပတ် ဖတ်ကြသော မိတ်ဆွေ သူငယ်ချင်းများအားကျေးဇူးတင်ပါသည်။

Friday, November 5, 2010

အဘယ်ကြောင့်ဆိုသော်


(၁)



မှားယွင်းပါစေ အခုနေတော့ ငါမပြုပြင်…ဟိုင်း….
အဓိပ္ပါယ်မဖွင့်ဆိုနိုင် သိပ်နက်ရှိုင်းတာပဲ ငါသိတယ်
အသည်းနှလုံးကနေပြီး အို… တိုက်ရိုက်ကြိုးကိုင် စေခိုင်းသလား
ငါဘယ်လိုဖြစ်သွားလဲ မကြုံဘူးသေးလို့ ရူးတာလား
အဘယ်ကြောင့်ဆိုသော် အားကြီးလွန်းတဲ့ သက်ရောက်မှုတစ်ခုကြောင့်
အဘယ်ကြောင့်ဆိုသော် ခံစားမှုများဆွဲငင် အပြာရောင်စက်ကွင်းထဲ ဝင်ရောက်
အဘယ်ကြောင့်ဆိုသော် ဘုံဗိမာန်နဲ့ထောင်ချောက် ဘာဆိုဘာမှမသိ စွန့်စားချင်စိတ်တွေရှိပြီ
အဘယ်ကြောင့်ဆိုသော် သိပ်ချစ်လို့ပေါ့၊
ကမ်းစပ်မမြင်ဘဲ အတူတူမျောချင်လွင့်ချင်မိတာ အချစ်ပဲလား၊
မိုးသားပင်လယ် အပြောကျယ်မိလို့ အချစ်ကိုဘောင်ခပ်မထား
မတားနဲ့တော့လေ အဆိုးအမိုက်ကြိုက်သလိုဝေဖန်ပါ
ငါဝန်ခံဖြောင့်ချက်လေးပေး ငါတို့ဝေးများဝေးရင် ငါ့ရင်ကွဲရမယ်
အဘယ်ကြောင့်ဆိုသော်…. သိပ်ချစ်လို့ပေါ့၊

“ဘုန်း ဂျလွှမ်”

ခပ်ကြမ်းကြမ်းတံခါးပိတ်သံ၊ တစ်ခုခုကျသံ၊
သီချင်းကို နားထောင်လို့ကောင်းတုန်း အသံတွေဝင်လာသည်၊ နစ်ဝင်နေသော ဖြူဖြူကျော်သိန်း အသံကတော့ ကျမအနားကထွက်ပြေးသွားပြီ၊ စကြပြန်ပြီထင်တယ်ဟု စိတ်ထဲမှာပြောရင်း
ဒီတစ်ခါ ဘာများဖြစ်ကြတာပါလိမ့် ဆိုပြီး မိန်းမတို့သဘာဝ နားစွင့်လိုက်မိသည်၊
‘ကျမရှင့်ကို အစကပြောပြီးသား သီတင်းကျွတ် အဖေနှင့်အမေကို ကန်တော့မယ်လို့
မိဘကိုငွေလေး တစ်ရာလောက်ပိုပို့တာ အပြောခံရတယ်လို့၊ အရပ်ကသိရင်မကောင်းဘူး၊’
‘ငါပြောတာက ငါကိုအသိပေးဘို့ကောင်းတယ် မင်းကိုဆူနေတာမဟုတ်ဘူး၊’
‘ရှင်ပြောတဲ့ပုံစံက ဆူတာနဲ့ ဘာထူးသေးလဲ၊ ငွေဈေးတွေကကျနေလို့ ကျမလေးသိန်းအတိလုပ်လိုက်တာ၊’
‘နောက်လ ငွေတွေအများကြီးကုန်မှာ မင်းသိရက်သားနဲ့၊’
‘အို ဒါကရှင့်ကိစ္စ အိမ်အတွက်ငွေရှာရမှာ၊ ကျမက အမေတို့ကိုပေးချင်လို့ ကလေးတွေကိုကောင်းကောင်း ကျွေးချင်ဆင်ချင်လို့ မအားတဲ့ကြားက အလုပ်ထွက်ထွက်လုပ်နေတာ၊’
‘ဒါစင်္ကာပူကွ ဒီနေ့ ပိုက်ဆံမရှိရင် နောက်နေ့ဘာဖြစ်သွားမလဲ မင်းသိလား၊’
‘ဒါဆိုဘာဖြစ်လို့ နေနေသေးသလဲ၊ ပြန်ရမှာသိပ်ကြောက်မနေနဲ့၊’
‘ကလေးတွေရဲ့ ရှေ့ရေးအတွက်ကွ၊’
‘ဒီလိုပဲရှာရမှာပဲ ဘယ်မှာပဲဖြစ်ဖြစ်၊
ကလေးတွေပဲရှင် ဘယ်မှာပဲနေနေ သူဟာနဲ့သူ လူဖြစ်လာကြမှာပဲ
တကယ်တည်းရှင် စင်္ကာပူမှာနေမှ လူဖြစ်တယ်ထင်နေကြတယ်၊’
‘ငါက လက်တွေ့ကျကျပြောတာ၊’
‘ကျမကလည်း စိတ်ကူးယဉ် နေတာမဟုတ်ပါဘူး၊’
‘ပြန်ဆိုရင် ကျမက ဖုတ်ဖက်ခါကာ ပြန်လိုက်ယုံပဲ ရှင်သာဒီကလေးနှစ်ယောက်နဲ့နေခဲ့၊’
‘တောက် အိမ်မှာလည်းဆူပူ၊ ရုံးမှာလည်းဆူပူ၊’ “ဝုန်း”
တံခါးပိတ်သံနှင့်အတူ အသံတို့ ခဏတိတ်ဆိတ်သွားသည်။

ဒီလို နင်ပဲငဆ အသံတွေ ကျမကြားကြားနေရတာ ငါးနှစ်ရှိသွားပြီဖြစ်သည်၊ ရန်ဖြစ်နေကြတဲ့ လင်မယားနှစ်ယောက်ကတော့ ကျမအခန်းငှါးနေသော အိမ်ပိုင်ရှင် အစ်ကိုကြီးနှင့်အစ်မကြီးတို့ဖြစ်သည်။

ကျမ စင်္ကာပူစရောက်ကာစ အလုပ်ရှာတုန်းကတော့ သူငယ်ချင်းအခန်းတွင်ကပ်နေသည်၊ အလုပ်ရတော့ အလုပ်နဲ့နီးရာ ရှာနေရင်း ဒီအိမ်ကိုရောက်ခဲ့သည်၊ အခန်းတစ်ခုလုံးကို အပြီးအစီး ၅၅၀ နှင့်ငှါးထားသည်၊ အိမ်ဈေးတက်တက်ကျကျ အိမ်လခမပြောင်း၊ နေလာတာလည်း ငါးနှစ်ရှိသွားပြီဖြစ်သည်၊ အစ်မကြီးတို့ မိသားစုလေးယောက် နှင့်ကျမတစ်အိမ်လုံးတွင် လူငါးယောက်နေထိုင်သည်၊ အိပ်ခန်းသုံးခန်းပါသော လေးခန်းအိမ်ကလေးဖြစ်သည်၊ အစ်မကြီးတို့တွင် သမီးတစ်ယောက် သားတစ်ယောက်ရှိသည်၊ သမီးကအကြီး P5 ခေါ် မူလတန်း ငါးတန်းသို့ရောက်နေပြီ၊ သားလေးမှာခုမှ P1 တစ်တန်းစတက်သည်၊ အစ်မကြီးတို့ကတစ်ခန်း၊ ကလေးနှစ်ယောက်က တစ်ခန်းနှင့် ကျမကတစ်ခန်း၊ ကျမကို မာစတာအိပ်ခန်းပေးထားသည်၊ အစ်ကိုကြီးနှင့်အစ်မကြီးတို့ခဏခဏ ရန်ဖြစ် စကားများကြသည်၊ ပြင်းထန်သည်နေရက်များမှာတော့ ကျမ စတေးရှောင်ထွက်သွားရသည်။
………………………………………………………………………………………….

(၂)


အချိန်လေးရတိုင်း ကျမရဲ့ လက်တော့လေးကိုဖွင့် အွန်လိုင်း ရုပ်ရှင်တွေကြည့်၊ သီချင်းနားထောင် ဒီလိုနဲ့ အနားယူ အချိန်ကုန်လေ့ရှိသည်၊ နားချိန်ဆိုလည်း တနင်္ဂနွေ တစ်ရက်မှာသာ သိသိသာသာရှိသည်၊ ညနေပိုင်း အလုပ်ပြန်လာချိန်နဲ့ စနေနေ့တွေ အဝတ်လျှော် မီးပူတိုက် ဟိုဟာလုပ် ဒီဟာလုပ် ဘယ်လိုကုန်ဆုံးသွားမှန်းမသိတော့၊ တစ်လတွင် တစ်ခါလောက်တော့ ပင်နီဆူလားဘက် ဈေးဝယ်ဖြစ်သည်၊ ဟိုဟာလေးဖတ်ချင်၊ ဒီဟာလေးစားချင်နဲ့ တစ်ခါတစ်လေလည်း တစ်ယောက်ထဲ တစ်ခါတစ်လေလည်း အားတဲ့သူငယ်ချင်းတွေနဲ့၊ စင်္ကာပူမှာ အားတဲ့သူငယ်ချင်းဆိုတာရှားသည်၊ အားအားယားယား လျှောက်သွားနေသူတွေကိုတော့ အားကျမိသည်၊ သူငယ်ချင်းတွေဆုံမိကြရင်လည်း ဟဲ့နင်တစ်ယောက်ထဲပဲလား၊ အပျိုကြီး အချိန်လေးဘာလေးပေးဦး၊ ရင်းနှီးတဲ့သူတွေကတော့ ၃၅ ကျော်ရင် အပျိုဟိုင်းပြီနော်၊ ကျမလည်းဒီလ ၃၅ ပြည့်သည်၊ နောက်လဆို ဆီနီယာ အပျိုကြီးဖြစ်ပြီပေါ့၊ တစ်ခါတစ်လေလည်း စဉ်းစားမိသည် ဘယ်လိုအပျိုကြီးဖြစ်သွားသလဲ၊ နှစ်ယောက်လောက်လွဲခဲ့ဘူးတာနဲ့၊ လင်စိတ်သားစိတ်ကုန်နေတာလား၊ ဟုတ်သေးပါဘူး၊ တံခါးကို အပြည့်ဖွင့်ထားပါလျှက်နဲ့ ဖူးစာရေးနတ် ကျော်ကျော်သွားလေသလား၊ ဒီကြားထဲ အတူတူချင်း ငါတို့ စင်္ကာပူထွက်မလာရင် အပျိုကြီးဖြစ်ချင်မှဖြစ်မှာ ဆိုတဲ့သူကရှိသေးသည်၊ ကျမပြောလိုက်ပါတယ် ငါကတော့ ကိုယ့်ကိုယ်ကိုယ် အပျိုကြီးလို့ မခံယူဘူး လွတ်လပ်တဲ့ လူတစ်ယောက် အနေနဲ့ပဲ ခံယူတယ်၊ စိတ်တူကိုယ်တူ လက်တွဲဖေါ်ကိုရှာနေတာ၊ ကမ္ဘာပေါ်မှာ အသက် ၃၅နှစ်အထက် လူပျိုလူလွတ်တွေအများကြီးပဲ၊ စင်္ကာပူကလည်း လူလွတ် single အချိုး အများဆုံး နိုင်ငံထဲမှာပါတယ်၊ ဒါကြောင့် အစိုးရက လူလွတ် single တွေ အိမ်ဝယ်လို့ရအောင် လုပ်ထားပေးသည်၊ အဓိကကတော့ ကျမကိုယ်ကျမ လူလွတ်တစ်ယောက်လို့ ပြောချင်တာပါ။

အစ်ကိုကြီးနှင့်အစ်မကြီးတို့အရင်က ရန်ဖြစ်ရင်တိုးတိုး တိုးတိုးနဲ့ ရန်ဖြစ်ကြသည်၊ နောက်ပိုင်း ကျမနဲ့ရင်းနှီးလာလို့လား၊ ပိုပေါက်ကွဲလာကြတာလား မသိပါ၊ အသံတွေထွက်လာကြသည်၊ အစ်မကြီးသည် မိန်းမချင်းမို့ ကျမနှင့်ပိုရင်းနှီးလာသည်၊ စကားပြောဖေါ်ဖြစ်လာသည်၊ လင်ယူမမှားစေဘို့ ကျမကိုအမြဲပြောသည်၊ ဒါပေမဲ့ ကျမက အစ်မကြီး အစ်ကိုကြီးကိုယူမိတာမှားလားလို့ ကျမပြန်မမေးဖြစ်ခဲ့ပါ။


အစ်ကိုကြီးနှင့်အစ်မကြီးတို့ နှစ်ယောက်စလုံး ရန်ကုန်စက်မူတက္ကသိုလ်ခေါ် RIT မှ ကျောင်းပြီးသူများဖြစ်ကြပြီး၊ ကျမထက် ၁၀နှစ်လောက်ကြီးကြသည်၊ အစ်မကြီးသည် ရန်ကုန်တွင် အစိုးရအလုပ်လုပ်ခဲ့သော်လည်း ဒီမှာအလုပ်မလုပ် အိမ်အလုပ်သာလုပ်သည်၊ တစ်ခါတစ်လေ အချိန်ပိုင်း အရောင်းစာရေးဝင်လုပ်သည်၊ အိမ်ယူ autocad ဆွဲသည်၊ သမီးအကြီးသည် မြန်မာပြည်မှာမွေးပြီး သားငယ်လေးသည် စင်္ကာပူတွင်မွေးသည်၊ အစ်ကိုကြီးတစ်ယောက်ထဲဝင်ငွေနဲ့ မိသားစုတစ်စုလုံးကို ထိန်းထားနိုင်သည်။ကလေးတွေကလည်း အားနေရသည်မရှိ၊ အိမ်စာ ကျူရှင် ဟိုသင်တန်း ဒီသင်တန်းနဲ့ ကလေးတွေဘဝ သနားဘို့ကောင်းသည်၊ ချို့ယွင်းနေသော စင်္ကာပူပညာရေးစနစ်ဒဏ်ကို ခံရသည်၊ ခေတ်နှင့်အညီ ပြောင်းလဲပြစ်နေသော ပညာရေး စနစ်သစ်ကို အငယ်ကောင်လေး မှီကောင်းမှီလိမ့်မည်၊ စားမေးပွဲအခြေခံ၊ အဆင့်(grade) အခြေခံ ပညာရေးစနစ်ဖြစ်၍ ဗဟုသုတနည်းပြီး လူမှုရေးချို့ယွင်းကာ Talent များထွက်ပေါ်မှုနည်းလာကြောင်းဆိုသည်၊ ၇၅% စနစ်မှTalent အခြေခံ ပညာရေးစနစ်သို့ ပြောင်းမည်ဖြစ်ကြောင်း ဝန်ကြီးကထုတ်ဖေါ်ပြောခဲ့သည်၊ Foreign Talent ကို အားကိုးနေမှုကိုလျှော့ချမည်ဆိုသည်၊ စင်္ကာပူသည် ခေတ်မှီအဆင့်မြင့် ပညာရေးစနစ်ရှိသော်လည်း Talent ပေါ်ထွက်မှုတွင် မြန်မာနိုင်ငံထက်တောင်နိမ့်ကျသည်ဟု မြန်မာလေ့လာသူ အမေရိကန် တစ်ယောက်ကဆိုသည်။

စင်္ကာပူရဲ့ ပညာရေးစနစ် လူမှုရေးစနစ်အောက်မှာ လုံးလည်လိုက်နေသော အစ်ကိုကြီးနှင့်အစ်မကြီးတို့ မိသားစုအကြောင်းပြောပြဖြစ်သောအခါ သူငယ်ချင်းများက ကိုယ့်ကိုယ်ကိုယ်အရင် သနားဦးလို့ဆိုသည်။

ဒီအိမ်တွင် ကလေးမွေးနေ့ပွဲလုပ်သောအခါ၊ အလှူလုပ်သောအခါ မိသားစုများဆုံဖြစ်ကြသည်၊ ထိုအခါ သူတို့၏ ရင်ဖွင်သံများ ကြွားလုံးများသည် ကျမအတွက်မြှားနတ်မောင်ကို ခြေတစ်လှမ်း နောက်ဆုတ်ခိုင်းလိုက်မိသည်၊
စိတ်ဝင်စားစရာတွေကတော့ အစုံပင်၊ ပထမဦးဆုံး မှန်မင်းသမီးလေးအကြောင်းပြောပြမည်။

အဖေရော အမေရော အင်ဂျင်နီယာတွေဖြစ်ကြသည်၊ သမီးလေးတစ်ယောက်ထဲရှိသည် တော်တော်ချောသည်၊ သမီးလေးကို ထွန်းပေါက်စေချင်သည်၊ အချိန်ဇယားများဖြင့် နေထိုင်စေသည် စာတွေကို အမြဲတန်း A ရအောင် အထပ်ထပ်ကျက်စေသည်၊ သမီးလေး P4 လေးတန်းရောက်သောနှစ်တွင် လင်မယားနှစ်ယောက် သတိထားမိသည်မှာ သမီးလေးသည် အမြဲတန်းလိုလိုမှန်ကြည့်နေတတ်သည်၊ ကွန်ပါဘူးတွင်မှန်ပါသည် စားကြည့်စားပွဲတွင်မှန်ထားထားသည် ပိုက်ဆံအိတ်ကလေးတွင်မှန်ပါသည် ထမင်းစားရင်တောင်မှ မှန်ကြည့်စားသည့် မှန်မင်းသမီးလေးဖြစ်နေသည်၊ ဒီလိုနဲ့ သမီးလေး ၆တန်းရောက်လာသည် မူလတန်းနောက်ဆုံးနှစ်မို့ အရေးကြီးသည့်အတွက် မှန်ကိစ္စနဲ့ အမေနှင့်သမီးစကားများသည် တစ်ခါမှ ခံမပြောဘူးသောသမီးခံပြောသည် နောက်ဆုံး အမေက မှန်ကြည့်ချိန်ကို ဇယားထဲထည့်ပေးရသည်၊ အဘောတူညီမှုအရ သမီးလေးမှန်တွေမထားတော့၊ ဒါပေမဲ့ သမီးလေး ကွန်ပြူတာကို ပိတ်ထားတတ်သည်၊ Mobile ဖုန်းကိုအကြီးစားဝယ်ခိုင်းသည်၊ မှန်မကြည့်ပါ ပိတ်ထားသော ကွန်ပြူတာ screen ကိုကြည့်သည်၊ Mobile ဖုန်း screen ကိုကြည့်သည်၊ ချောမောလှပသော သူ့မျက်နှာလေးကိုကြည့်နေတတ်သည်၊ မှန်ကြည့်ပြီးသမီးဖြေလို့ A ရတာလို့ဆိုသည်၊ စဉ်းစားကြည့်ရင် ဒီမှန်မင်းသမီးလေး တစ်နေ့ စင်္ကာပူရဲ့ Top Model ဖြစ်မလာဘူးလို့ပြောမရ၊ စင်္ကာပူရဲ့ ကျန်ကျိယိ ဖြစ်မလာဘူးလို့ပြောမရ၊ နာမည်ကျော် အလှပြင်ဆရာမ ဖြစ်မလာဘူးလို့ပြောမရ၊ ဖြစ်လာရင်တော့ သန်းကြွယ်သူဌေးဖြစ်ပေဦးတော့မည်။

နောက်ထပ် အစ်မကြီးတစ်ယောက်ရဲ့ရင်ဖွင့်သံက၊ သမီးအငယ်ဆုံးလေးသည် ခုမှ P2 ခေါ် ဒုတိယတန်းရောက်သည်၊ သမီးလေးကို အင်္ကျီအဝတ်အစား ဝယ်ပေးလျှင် သူကိုယ်တိုင်ရွေးသည်၊ အဖေအမေ ရွေးပေးလို့မရ၊ မအေကမကြိုက်သော်လည်း အဖေကအလိုလိုက်သည်၊ အမေကအဖေကို ဘယ်လိုဆင်ထားတာလည်း၊ အရောင်တွေကို ဘယ်လိုစပ်ရတာ၊ အမေရွေးတာတွေက ရွာဆန်လိုက်တာ စသဖြင့်ဝေဖန်တတ်သည်၊ တစ်လကိုအဝတ်နှစ်စုံ အသစ်အမြဲဝယ်ပေးရသည်၊ ဒီသမီးလေးအသက် အငယ်ဆုံး ဒီဇိုင်းနာဖြစ်မလာဘူးလို့ ဘယ်သူပြောလို့ရမလဲ၊ ဖြစ်လာရင်တော့ သန်းကြွယ်သူဌေးဖြစ်ဦးတော့မည်။

သားတစ်ယောက် အကြောင်းညည်းသူတစ်ယောက်ကတော့၊ သားရုပ်ရည်ကအဖေနှင့် တော်တော်ဆင်၍ အမေကအချစ်ပိုသည်၊ အမေနဲ့အမြဲပူးပူးကပ်ကပ်နေသည်၊ ကျမသားလေးကတော့ ချွဲချွဲနွဲ့နွဲ့နိုင်လိုက်တာဟု အမေကကြွားသေးသည်၊ သားလေးသည် ထမင်းချက် ဟင်းချက်ဝါသနာပါသည်တဲ့၊ ၅ တန်းပဲရှိသေးသည် ထမင်းကြော်တတ်နေပြီ၊ နန်းကြီးသုပ်တတ်နေပြီ၊ breakfast ဆိုသူပဲပြင်သည်၊ နွဲ့ နေလိုက်ပုံက ကိုရင်ဝတ်ပေးတုန်းက ဆရာတော်ဘုရား ဟုခေါ်လိုက်ပုံက ဘုန်းကြီးတောင် ကြက်သီးထသွားတယ်ဟုဆိုသည်၊ အဖေလုပ်တဲ့သူ အဲဒီ့အထဲက ဘုန်းကြီးကျောင်းမရောက်တော့၊ ကလေးစာညံ့၍၎င်း ချွဲချွဲနွဲ့နွဲ့ နိုင်၍၎င်း အဖေနှင့်အမေတို့ ဒီသားအတွက် ခဏခဏ စကားများကြသည်ဆို၏၊ ဒီကလေးကြီးလာလျှင် Top chef ဖြစ်မလာဘူးလို့ပြောမရ၊ ဖြစ်လာရင်တော့ သန်းကြွယ်သူဌေးဖြစ်ပေဦးတော့မည်။

နောက်တစ်ယောက်အဖြစ်ကတော့ ကျမအသည်းယားမိသည်၊ အဲဒီအစ်မကြီးကပြောသာပြောနေသည် မျက်နှာကမကောင်း၊ သားလေးသည် P4 လေးတန်းရောက်နေပြီ၊ ကျောင်းကခေါ်သဖြင့် လိုက်သွားရာ ဆရာမက ကလေး၏ထူးဆန်းဖွယ် အဖြစ်ကိုသိရ၍ ခေါ်ပြောခြင်းဖြစ်ကြောင်းသိရသည်၊ သားလေးသည် စာဖတ်သောအခါတွင်၎င်း စာကျက်သောအခါတွင်၎င်း လက်တစ်ဘက်က ခေါင်းပေါ်ရှိ ဆံပင်ကို တစ်ချောင်းချင်း ဆွဲနုတ်လေ့ရှိသည်၊ နောက်ဆုံး ထိပ်တွင်အကွက်ကြီးဖြစ်နေသည်၊ မိဘနှင့် ဆရာမတွေတိုင်ပင်ကာ ကတုံးတုံးပေးလိုက်သည်၊ ဆံပင်မရှိ၍ မဆွဲနုတ်သော်လည်း၊ အိမ်တွင်ခေါင်းပေါ် ထိုင်ခုံတင်ကာ စာကြည့်စာဖတ်သည်၊ ကျောင်းတွင် စာအုပ်အထူကြီး ခေါင်းပေါ်တင်ကာနေသည်၊ ဆရာမကပြောသောအခါ နားရွတ်တစ်ဘက်ကို ဆွဲဆွဲနေတတ်သည်ဟုဆိုသည်၊ အဖေရော အမေပါ စိတ်ညစ်နေကြသည်၊ ဒီကလေးကြီးလာလျှင် အိုင်စတိုင်း ဖြစ်မလာဘူးလို့ပြောမရ၊ ဖြစ်လာရင်တော့ သန်းကြွယ်သူဌေးဖြစ်ပေဦးတော့မည်။

အိမ်က အစ်မကြီးသမီးလေးအကြောင်း ပြောရဦးမယ်၊ တစ်နေ့ကျမကို အန်တီမ အန်တီမ What is the meaning of boyfriend? What does boyfriend mean? အပျိုကြီးမဟုတ်လို့ ခံယူထားတဲ့ကျမ ဘယ်လိုဖြေရမလဲ၊ ဒီထက်ပိုဆိုးတာက When my breast will become bigger like you? မေးလာသည်၊
Ask your mother လို့ပြန်ဖြေလို့တော့မဖြစ်၊ သူတို့တွေကိုကြည့်ပြီး အပျိုကြီးလို့ပဲခေါ်ခေါ် single လို့ပဲခေါ်ခေါ်၊ တကိုယ်တည်းက ကျမအတွက်အကောင်းဆုံး မဟုတ်ပါလား။
…………………………………………………………………………..
(၃)

ဒီနေ့ တနင်္ဂနွေပေမဲ့ တိတ်ဆိတ်လွန်းသည်၊ မနေ့က ကလေးတွေ မွေးနေ့ပွဲသွားမည်ဆို၍ဖြစ်မည်၊ ဒီနေ့တော့ ဘယ်ကိုမှာမထွက် အခန်းထဲမှာပဲ နားဘို့ကျမစိတ်ကူးလိုက်သည်၊ အေးအေးဆေးဆေးလေး သီချင်းနားထောင် ပြီးရင် ရုပ်ရှင်တစ်ကားလောက်ကြည့်မည်ပေါ့၊ ဘယ်သီချင်းနားထောင်ရမလဲ ကျမစီဒီတွေကိုရှာနေတုန်း။

အိမ်ရှေ့ကသီချင်းသံ ကျယ်ကျယ်လောင်လောင်ထွက်လာသည်၊
နောက်တော့ ကာရာအိုကေ လိုက်ဆိုကြသံထွက်လာသည်၊
အစ်ကိုကြီးနှင့်အစ်မကြီးတို့ဖြစ်သည်၊ ကလေးတွေမရှိတုန်းမို့လည်းဖြစ်မည်၊ ကျမကိုလည်း အပြင်ထွက်သွားပြီထင်နေမည်၊

အေးအတူ ပူအမျှ တို့ဘဝလေးမှာ၊
သာယာစိုပြည် ချမ်းမြေ့တစ်လှည့်နဲ့
ပူပင်ဆူလောင် ပွက်ပွက်ညံခြင်းရယ်
သွားတစ်လှည့် လာတစ်လှည့်နဲ့
ခဏ ခဏ ကြုံမှာပဲမို့
စိတ်မညစ်နဲ့လေ အားပေးရင်းပေါ့
အေးအတူ ပူအမျှ တို့ဘဝလေးရယ်
အေးအတူ ပူအမျှ တို့ဘဝလေးရယ်
အေးအတူ ပူအမျှ ပေါ့ကွယ်…
ပူပင်စရာတွေ ထားရစ်ခဲ့ကွယ်
မစဉ်းစားနဲ့တော့လေ
ရင်မှာခိုဝင် နားစက်ရင်းနဲ့ ချွေးသိပ်ဖြေပါဦး
ကံကြမ္မာဆိုတာ မမြင်သာဘူးကွယ့်
မမြင်နိုင်တာ အမှန်ကွယ်…
တွေ့ကြုံလာသမျှ တို့ဘ၀ထဲမှာ
ပျော်စရာဆို မင်းအနားတိုးလို့
ပူပင်စရာဆို ဖုံးဖိကွယ်ထားမယ်
ပြုံးတစ်လှည့် ရယ်တစ်လှည့်နဲ့
အမြဲတမ်း ကြုံစေတော့လို့
အရိပ်တစ်ခုကဲ့သို့ နောက်ကလိုက်ကာ
အေးအတူ ပူအမျှ တို့ဘဝလေးရယ်
အေးအတူ ပူအမျှ ပေါ့ကွယ်…

သူတို့ ပျော်ရွှင်စွာ သီချင်းဆိုနေကြသံကို နားထောင်ရင်း
ကျမတွေဝေနေရပါပြီ၊

အဘယ်ကြောင့်ဆိုသော်!

။----။
................................................................

တကိုယ်တည်းနေသော သူငယ်ချင်းမမ၏ ပြောပြချက်များကို
ပြန်ရေးလိုက်ပါသည်။
ပျော်ရွင်ဖွယ်ရာ မိသားစုလေးများသို့...........






Friday, October 22, 2010

ပီကာဆို နှင့် ပုံမှန်မဟုတ်သူများကို ခံစားကြည့်ခြင်း



Art ကို မြန်မာလို အနုပညာလို့ ဆိုကြပါသည်၊ ဘေးကတစ်ယောက်ကငြင်းပါသည်၊ dictionary ထဲမှာ မဟုတ်ဘူးတဲ့၊ မဟုတ်ရင်ဘာလဲဆိုပြီးတော့၊ ကျနော်တို့မှာရှိတဲ့ တစ်အုပ်တည်းသော dictionary, မော်ဒန် အင်္ဂလိပ် မြန်မာ အဘိဓာန်ကို လှန်ကြည့်ကြမိသည်၊ ဘေးကတစ်ယောက် ပြောတာမှန်နေသည်၊ အဘိဓာန်ထဲတွင် art ကို လက်တွေ့ကျွမ်းကျင်မှု၊ စဉ်းလဲကောက်ကျစ်ခြင်း၊ လက်စွမ်းလက်စ၊ ဝိဇ္ဇာပညာဟုဆိုထားသည်၊ ကျနော်ကလည်း အလျှော့မပေး ဆက်ရှာသည်၊ artist ကို အနုပညာရှင်လို့ ဆိုသည်၊ art ကနေ artist ဖြစ်လာတာ ဆိုပြီး သူ့ကိုစောဒကတက်သည်၊ သူကတော့ ဒီမှာကြည့် art ကို မြန်မာလို အနုပညာလို့မပါဘူး၊ လက်တွေ့အရသူမှန်နေသည်၊ နောက်ဆုံး online ထဲက windows Myanmar translator ကိုဝင်ပြီး art ကိုရိုက်ထည့်လိုက်တော့ အနုပညာ ဆိုပြီးထွက်လာသည်၊ ဘေးကတစ်ယောက်က ဆက်မငြင်းတော့ အဘိဓာန်၏ အားနည်းချက်လို့ သဘောတူ သတ်မှတ်လိုက်ကြသည်၊ ချစ်သူမို့ အလျှော့ပေးလိုက်သည်လားတော့မသိ။
အနုပညာသည် အမျိုးမျိုးရှိသည်ဆို၏ အက၊ အဆို၊ အရေး၊ အပြော၊ အပြ စသဖြင့်ရှိမည်၊

အနုပညာကို ခံစားဘူးသလားမေးရင် အားလုံးနီးပါး ခံစားဘူးတာပေါ့လို့ ဖြေကြပါလိမ့်မည်၊

အကကောင်းလိုက်တာ အချိုးကိုပြေလို့၊ သီချင်းထဲမှာနစ်မျောသွားတာပဲ၊ ပြကွက်တွေသရုပ်ပါတော့ ငိုတောင်ငိုရတယ်၊ ကဗျာရွတ်သွားလိုက်တာ နားထောင်ပြီး ကြက်သီးတောင်ထတယ်၊ ဆွဲထားတာကြည့်ဦး အရောင်တွေက လှမှလှ စွဲလို့ကျန်ရစ်တယ် စသဖြင့် ခံစားပြီး ပြောကြပါလိမ့်မည်။

အနုပညာရှင်တွေကဘာလဲလို့မေးရင် ဖန်တီးရှင်တွေလို့ အများကဖြေကြပါလိမ့်မည်၊ လီယိုတော်စတွိုင်းကပြောသည် အနုပညာရှင်တွေဟာ ပုံမှန်မဟုတ်သူတွေ၊ ပုံမှန်မဟုတ်လို့လည်း အဆိုကောင်းတယ် သရုပ်ဆောင်ကောင်းတယ် အရေးကောင်းတယ် အတီးကောင်းတယ် ဆိုပြီး သာမန်တွေနဲ့ ခွဲထွက်လာခြင်းဖြစ်သည်။

ဒီမှာလည်း ပုံမှန်မဟုတ် နှင့် သာမန်မဟုတ်ကို ကျနော်တို့ အငြင်းပွားကြသည်၊ windows Myanmar translator ကိုဝင်ပြီး abnormal ကိုရိုက်ထည့်လိုက်တော့ ပုံမှန်မဟုတ်ဟု ဆိုပြီးထွက်လာသည်၊ အဘိဓာန်၏ အားနည်းချက်လို့ပဲ သတ်မှတ်လိုက်ပါသည်။

နောက်ဆုံး ဒေါက်တာလူစီယားက အနုပညာရှင်တို့၏ ဦးနှောက်သည် သူများထက်အခန်းပိုတွေပိုပါသည်၊ အနုပညာ ဖန်တီးမှုအတွက်ဖြစ်သည်ဟုဆိုသည်၊ အခန်းပိုမပါသူတွေကတော့ ဘယ်လောက်ပဲကြိုးစား ကြိုးစား အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ဟုဆိုသည်။

ထိုအတူ အနုပညာကို ခံစားဘို့အတွက် ဦးနှောက်ထဲတွင် သူ့အခန်းနဲ့သူရှိသည်ဟုဆိုသည်၊ ထိုသို့မဟုတ်ပါက ဘာမျှမခံစားရပေ ကမ္ဘာကျော်တယောဆရာ တယောထိုးပြနေသည်ကို ဒီကောင် တကျွီကျွီနဲ့ ဘာတွေတီးနေတာလည်းလို့ပြောလိမ့်မည်၊ မိုက်ကယ်ဂျက်ဆင်ကနေတာကို ဒီကောင်မျောက်လိုခုန်နေတယ်လို့ ဆိုကြပါလိမ့်မည်၊ ကဗျာတွေရေးထားတာကို ပေါက်တတ်ကရတွေ ရေးထားတာလို့ ပြောပါလိမ့်မည်။

ဒေါက်တာလူစီယား၏ အဆိုကို ကျနော်ဟာကျနော် ပြန်သုံးသပ်ကြည့်သည်၊ အနုပညာကို ငါတကယ် ခံစားတတ်ပါသလား?

ခံစားတတ်တာပေါ့၊ ရုပ်ရှင်ဆိုလည်းကြည့် အငြိမ့်ဆိုလည်းကြည့်၊ သီချင်းတွေဘာခံစားသလဲမမေးနဲ့ ကိုယ်မသိတဲ့ဘာသာနဲ့ ဆိုထားတဲ့ သီချင်းတွေတောင် နားထောင်လိုက်သေးသည်၊ စာပေဟောပြောပွဲ ကဗျာရွတ်ပွဲတွေလည်း နားထောင်ဖြစ်သည်၊ ကြိုက်သည် ခံစားရသည်။

ကျနော်မှာရှိသည့် မသေချာတာ တစ်ခုကတော့ ပန်းချီ ပန်းပုကိုခံစားကြည့်ခြင်းဖြစ်သည်၊ လက်ရာမြောက်လိုက်တာ၊ အရောင်တွေကစို လှလိုက်တာ ဒီလောက်ပဲဖြစ်သည်၊ သီချင်းတို့ ပြဇာတ်ရုပ်ရှင်တို့လို အထဲထိ ဝင်ရောက်မခံစားရ၊ ဒီမှာဘက်တွင် ကျနော် အခန်းလိုနေလိမ့်မည်၊
Emotion နှင့် Feeling ရောထွေးနေခြင်းဖြစ်မည်၊ ပန်းချီ ပန်းပုကိုခံစားတတ်သည် အခန်းမပါ၍၎င်း နည်းနေ၍၎င်း ဦးနှောက်က judge မလုပ်နိုင်တာလည်းဖြစ်နိုင်သည်။
ဒါပေမဲ့ ပန်းချီကားတစ်ချို့ကိုတော့ လှလို့ဝယ်ခဲ့ဘူးသည်၊ ဦးပိန်တံတားပေါ်မှ နှစ်ကား၊ ဘာလီနှင့် ပီကင်း ရောက်တုန်းက အမှတ်တရ တစ်ကားစီဝယ်ဖြစ်ခဲ့သည်၊

အဲဒီလို ပန်းချီ ပန်းပုကိုမခံစားတတ်သူတစ်ယောက်သည် ပီကာဆို ပန်းချီပြပွဲကို ရောက်ခဲ့သည်။

ပြောင်မြောက်တဲ့ အနုပညာရှင်တစ်ယောက်ဟာ အခန်းပိုတွေများသည် အတွက် ဖန်တီးနိုင်မူစွမ်းအား ပိုကောင်းသည်ဟုဆိုသည်၊ သာမန်ထက်ကျော်လွန်ခဲ့လျှင်မူ မျှခြေမှာမရှိပဲ အစွန်းရောက်သွာကြသည်ဟု ဒေါက်တာလူစီယားက ဆိုလိုက်ပြန်သည်၊ ထိုအထဲတွင် ပီကာဆိုလည်းပါဝင်သည်၊ အပြာခေတ် နှင်းဆီခေတ် အာဖရိကန်ခေတ် ဆိုပြီး အရောင်တွေမှ အစပြုကာ ကျူပဇင်း Cubism အပါအဝင် အသစ်သစ်တွေကို တီထွင်ဖန်တီးခဲ့သည်။

ပီကာဆို၏ သမိုင်းနဲ့ ကိုယ်ရေးအကျဉ်းချုပ်ကို တစ်စုံတစ်ယောက်က တက်ဖတ်နေသည်၊ စပိန်မှာမွေး ပြင်သစ်ကို အခြေခံသူ၊ Barcelona နှင့် Paris တွင်ကျင်လည်ခဲ့သူ၊ ကွန်မြူနစ် အနုပညာသည်ဟုခံယူထားသည်၊ လီနင်ငြိမ်းချမ်းရေးဆုကိုရခဲ့သည်၊ ဆယ်ကျော်သက် မိန်းခလေးများကို စိတ်ဝင်စားသူ၊ မွေးရာပါအခွင့်အရေးဟုဆိုကာ တစ်ခါတစ်လေ ဘာမှမဝတ်ဘဲ ပန်းချီဆွဲသူ စသဖြင့်ဂုဏ်ပြုပြောကြားသွားသည်၊ သေချာသွားပြီ ပီကာဆိုသည် အောင်မြင်သော အနုပညာရှင်၊ ဒါဆို ပုံမှန်မဟုတ်၊ ပန်းချီကားတစ်ခုတွင် ရေးထားသည်ကိုကြည့်ဦး ဇောက်ထိုးကြည့်ပါ။
ပုံမှန်မဟုတ်လို့ နာမည်ကြီးတာလား၊ နာမည်ကြီးလို့ ပုံမှန်မဟုတ်တာလား။ ပုံမှန်မဟုတ်သူတစ်ယောက်နဲ့ နေထိုင်ခြင်းကို သိလိုလျှင် Life with Picasso စာအုပ်တွင်ပါသည်။

ဒေါ်လာ သန်းရာနဲ့ချီတန်သော ပန်းချီကားတွေရှေ့ ကျနော်ရောက်ခဲ့သည်။

တွေးမိသည်မှာ ဒီပန်းချီကားကြီးကို ဒေါ်လာ သန်းရာနဲ့ချီ ပေးဝယ်ရတယ်လို့၊ ရုပ်လုံးကြွနေတာကလွဲလို့ ဘာမှ မထူးဆန်း၊ ဒီဘက်ကဟာကို သေချာနားမလည် မိန်းမပုံတော့ဖြစ်မည်၊ ဒေါ်လာ သန်းနှစ်ရာ ဆိုပါလား၊ ဟိုပန်းချီကားလေးကကောင်းသည် ကလေးလေးပုံ ဆွဲထားတာလှသည်၊ အဲဒါကြတော့ ဒေါ်လာတစ်သန်းပဲတန်သည်တဲ့၊

မယုံရင်ကျနော်ရိုက်လာတဲ့ပုံတွေကိုကြည့်ကြည့်ပါ တကယ်တန်သလားလို့။

အရင်တုန်းက ဟာသလေးတစ်ခုဖတ်ဘူးသည်၊ သားက အမေကို၊ အမေ ဒီမှာ ပန်းချီကားတစ်ချပ် ၅ သိန်းနှင့်ဝယ်လာတယ် ဘယ်လောက်လက်ရာမြောက်လည်း လာခံစားကြည့်ပါအမေ၊ အမေက လာကြည့်ပြီး၊ သားရယ်ဒီပုံကြီးများ ၅ သိန်းပေးရတယ်လို့၊ ကိုရီးယားမင်းသား၊မင်းသမီး ပုံတွေဝယ်လာတာက ပိုပြီး ကြည့်ပျော်ရှုပျော် ရှိဦးမယ်၊ သားလည်း တိန် ခနဲမြည်သွားသည်။

လီယိုတော်စတွိုင်းကဆိုပြန်တယ် ပန်းချီကားတိုင်းမှာ အနုပညာမရှိဘူး၊ ခံစားမှုပါမှ အနုပညာတဲ့၊ ဒီတစ်ယောက်က မခံစားပေမဲ နောက်တစ်ယောက်က ခံစားမိရင်ရောလို့ မေးခွန်းပြန်ထုတ်ကြပါတယ်၊

ဘေးကတစ်ယောက်ကဆိုသည် စာရေးတာလည်း အနုပညာပဲတဲ့၊ ဘလော့ဂ်ရေးတာလည်း စာရေးတာပဲတဲ့၊
ဘလော့ဂ်ရေးတာက ကိုယ်ရေးချင်တာရေးတာလေဟု ပြန်ဖြေလိုက်ပြီးမှ၊
တစ်ချို့ဖန်တီးထားတာလေးတွေ တော်တော်ကောင်းသည်၊ တစ်ချို့က စတိုင်လေးတွေရှိသည်၊ ကိုယ်ပိုင်ဟန်လေးတွေရှိသည်ကိုသတိရမိသည်၊ စဉ်းစားရခက်နေစဉ်၊ နောက်ထပ်မေးလာပြန်သည်၊
ဘလော့ဂ်ရေးသူတစ်ချို့ဟာ ဖန်တီးသူတွေပဲပေါ့၊ ဒါဆိုရင် ဘလော့ဂ်ရေးတဲ့သူတစ်ချို့တွေဟာ ပုံမှန်မဟုတ်ဘူး ဟုတ်တယ်မဟုတ်လား၊?

ခဏလေးငြိမ်ပြီး၊
အဲဒီ ဒေါက်တာမှားရင်မှားမှာပေါ့ ၊ ဒါမှာမဟုတ် အဘိဓာန်၏ အားနည်းချက်လည်းဖြစ်မှာပါ၊ ပြန်လည်ပြောလိုက်သည်၊

စိတ်ထဲမှာတော့ …………………..

(လသာည ကို မေးရင်ကောင်းမလား၊ သူကစိတ်ပညာရှင်)


ဘလော့ဂ်ရေးရတာမလွယ်ပါလား။

ဘာပဲဖြစ်ဖြစ် တစ်နှစ်ပြည့်သွားခဲ့ပြီ။




ပီကာဆို ဆုရသွားတဲ့ လက်ရာ ကိုရီးယားစစ်
ပီကာဆိုပြပွဲ လက်ကမ်းစာစောင် မှ ပုံများ၊

ပီကာဆို၏လက်ရာတစ်ချို့









 ပီကာဆို၏ပုံ

နာမည်ကျော်ပန်းချီးကားများ 
  





ဦးပိန်တံတားပေါ်က ပန်းချီကားဆိုင်၊



ခံစားနေကြသူများ၊

တစ်ချို့က အနီးကပ်၊ တစ်ချို့က ကိုင်ကြည်ချင်ကြတယ်၊



ပုံမှန်မဟုတ် သို့မဟုတ် သာမန်မဟုတ် (ဆင်တဲကဖေးက ပုံမှန် ကိုပြောခြင်းမဟုတ်)



Refer;
Art by Leo Tolstoy
Expressive Arts Therapist Dr. Lucia Capacchione
The Journal of Neuroscience;Brain Structures of artist
Brain Structures Differ between Musicians and Non-Musicians


Art
The activity of art is based on the fact that a man, receiving through his sense of hearing or sight another man's expression of feeling, is capable of experiencing the emotion which moved the man who expressed it. To take the simplest example; one man laughs, and another who hears becomes merry; or a man weeps, and another who hears feels sorrow. A man is excited or irritated, and another man seeing him comes to a similar state of mind. By his movements or by the sounds of his voice, a man expresses courage and determination or sadness and calmness, and this state of mind passes on to others. A man suffers, expressing his sufferings by groans and spasms, and this suffering transmits itself to other people; a man expresses his feeling of admiration, devotion, fear, respect, or love to certain objects, persons, or phenomena, and others are infected by the same feelings of admiration, devotion, fear, respect, or love to the same objects, persons, and phenomena.
by Leo Tolstoy (1828-1910),




ပီကာဆိုပြပွဲ လက်ကမ်းစာစောင် မှ ပုံများ၊ New York, USA
Museum of Modern Art, Metropolitan Museum of Art, New York, USA
LACMA Los Angeles, California USA.
National Gallery of Art, Washington DC, USA.
တို့မှ ရိုက်ကူးခဲ့သော ကိုယ်ပိုင်ဓါတ်ပုံများဖြစ်ပါသည်။

Saturday, October 9, 2010

မျက်ဝန်းလဲဲ့ပြာရီ (၄)


Reston သည် Virginia တွင်ရှိသော မြို့ငယ်လေးတစ်ခုဖြစ်သည်၊ ဘေးပတ်ဝန်ကျင်ကို နာရီဝက်လောက်ပတ်မောင်းလိုက်ရင် အစုံအလင်ရှိသည်ကိုတွေ့ရသည်၊ ရုပ်ရှင်ရုံ၊ ဆေးရုံ၊ ဟိုတယ်၊ ကုန်တိုက် တွေ နှင့် Sterling ဘက်တွင် မြန်မာစားသောက်ဆိုင်တောင်ရှိလိုက်သေးသည်၊ Sterling မြန်မာစားသောက်ဆိုင်တွင် သွားစားတုန်းက ကျနော်တို့ကို တရုတ်တွေထင်နေသည်၊ အဖြူတွေဦးစားပေးသည်ဟုထင်မိသည်၊ နန်းကြီးသုတ်ပဲ စားဖြစ်ကြသည်၊ စိိတ်ဝင်စားစရာနေရာကတော့ Reston town center ပဲဖြစ်သည်၊ ဒါပေမဲ့ Tysons corner ကိုပဲသွားတတ်သည်၊ ဝယ်လို့ ကောင်းသည်ဟု မျက်ဝန်းလဲဲ့ပြာရီကဆိုသည်၊ အနီးထက်အဝေးကို ကြိုက်ကြသည်မှာ ဓမ္မတာလားမသိ၊ မျက်ဝန်းလဲဲ့ပြာရီသည် အရင်က Reston ဆေးရုံတွင်လုပ်သည်၊ ခုတော့ သက်ကြီးရွယ်အိုစောင့်ရှာက်ရေးမှာ ဝင်လုပ်နေသည်။
မျက်ဝန်းလဲဲ့ပြာရီကတော့ ကျနော်ကို Virginia အပြင် West Virginia နှင့် Maryland တွေကိုလိုက်ပို့ပေးသည်၊ မြစ်ဆုံသို့မဟုတ်Golden triangle မျက်ဝန်းလဲဲ့ပြာရီ နာမည်ပေးထားသောHarpers Ferry park ကိုပါရောက်ဖြစ်သည်၊ ပြည်နယ်သုံးခုဆုံသည့်နေရာဖြစ်သည်၊ Potomac နှင့် Shenandoah မြစ်တို့ဆုံရာနေရာလည်းဖြစ်သည်၊ John Brown ပြတိုက်ကိုလည်း မျက်ဝန်းလဲဲ့ပြာရီကလိုက်ပြသည်၊ John Brown သည်ရှေးကျသော အမေရိကန်ကျွန်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ ထိုနေရာမှာပင်လူဖြူအစိုးရ၏ ကြိုးပေးခြင်းကိုခံရသည်၊ ထိုနေရာကို ဒီနေ့အထိ အမှတ်တရပြထားသည်၊ နွေရာသီဖြစ်သဖြင့် အလွန်အေးချမ်းလှပသည်၊ ပြီးနောက်ကျနော်တို့နှစ်ယောက် Potomac မြစ်ကမ်းဘေးက ကျောက်ခုံလေးပေါ်တွင်ထိုင်ဖြစ်ကြသည်။


မျက်ဝန်းလဲဲ့ပြာရီကို ကျနော်ကမြန်မာပြည်တုန်းက အကြောင်းလေးတွေ လှည်းတန်းမှာ စားသောက်ခဲ့တာလေးတွေကို သတိတရပြန်ပြောဖြစ်သည်၊ ‘အင်းလျားလမ်းကိုသတိရသေးလားလို့မေးလိုက်မိသည်၊’
‘အင်း’ ဆိုသည်အဖြေနှင့်အတူ မျက်ဝန်းလဲဲ့ပြာရီရဲ့စိတ်တစ်ချို့ ရန်ကုန်ပြန်ရောက်နေပြီဆိုတာကို သိလိုက်သည်၊
ကျနော်ကဖြည်းညင်းစွာဖြင့် ‘အိမ်နှင့် အဆက်အသွယ်ရသေးလား’ လို့မေးလိုက်သည်၊
မျက်ဝန်းလဲဲ့ပြာရီက ချက်ချင်းပင် ‘လုံးဝမဆက်သွယ်ဘူး၊ သူတို့ဆက်သွယ်တာကိုလည်း လက်မခံဘူး၊ ဘာလို့မေးတာလည်းမောင်’ ဟုကျနော်ကိုပြန်မေးလိုက်သည်၊
ကျနော်က ‘ဒီလိုပဲသတိရသွားလို့ပါ၊ ကျနော့် အဖေနှင့်အမေ စင်္ကာပူလာလည်ကြောင်း သူတို့အသက်တွေကြီးသွားကြပြီလို့ ပြန်ဖြေလိုက်သည်၊’
အသက်တွေကြီးသွားကြပြီ လို့ ကျနော်ကိုသံယောင်လိုက်ရင်း မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် တိတ်ဆိတ်သွားသည်၊ ကျနော်တို့နှစ်ယောက် ထိုင်ခုံမှထပြီး မြစ်ကမ်းဘေးအတိုင်း ဘူတာရုံအဟောင်းဘက် ဆက်လျှောက်လာကြသည်၊ ပျော်ရွင်နေသော မျက်ဝန်းလဲဲ့ပြာရီကို ကျနော်တွေဝေလိုက်စေပြီ၊
ခဏ နေတော့ မျက်ဝန်းလဲဲ့ပြာရီကစပြီး ‘တစ်ခုခုစားကြမယ်မောင်’ ဟုဆိုကာ စားသောက်ဆိုင်တွေရှိတဲ့ဘက်ကို လျှောက်လာကြသည်၊ စိတ်ကြိုက်ဆိုင်ရှာမတွေ့ ကျနော်တို့ Virginia ဘက်သို့ပြန်မောင်းလာသည်၊ တိတ်ဆိတ်နေသော မျက်ဝန်းလဲဲ့ပြာရီကို ကျနော်က West Virginia ရဲ့လှပပုံတွေကိုပြောပြဖြစ်သည်၊
‘နွေရာသီလေးပဲမောင် fall ရောက်ရင် အရွက်တွေကြွေ အပင်တွေပြိုင်းပြိုင်းနဲ့ ရာသီဥတုကလွမ်းစရာကောင်းတယ်၊ မောင့်ဂျာကင်အကျႌလေးကိုဝတ်ဖြစ်တယ်၊ ဟောင်းနေပြီမောင် အသစ်ဝယ်ပေးနော်၊ ဆောင်းရောက်ရင်တော့ နှင်းတွေ ရေခဲတွေနဲ့ အထီးကျန်ဆန်သလိုပဲ၊ ကျမရဲ့ရာသီဥတု ခံစားချက်တွေက သူများတွေနဲ့မတူဘူးမောင်၊’ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ပြောရင်းသူဟာသူ ပြုံးလိုက်သည်၊ သိပ်ချစ်စရာကောင်းတဲ့ အပြုံးတစ်ခုပါ၊ အဲဒီအချိန်မှာပဲ မိုးဖွဲဖွဲကျလာသည်၊
လမ်းဘေးမှာတော့ နွားခြံတွေ၊ မြင်းခြံတွေ၊ ခြံဝိုင်းအကျယ်ကြီးမှာ အိမ်အကြီးကြီးတွေ၊ အိမ်ရှေ့မှာလည်း နွေရာသီမို့လားမသိ ပြိုင်ကားတွေ ကားအကြီးကြီးတွေရပ်ထားကြသည်၊ ကျနော်က အေးချမ်းပြီး နေလို့ကောင်းမဲ့ နေရာတွေလို့ပြောလိုက်တော့၊ တစ်ချို့ကမကြိုက်ကြဘူး၊ ပျော်စရာမရှိဘူးဆိုပဲ၊ အဖိုးကြီးအဖွားကြီးတွေနေတာ များတယ်၊ ကျမ ပေးရှင့်တွေတောင်ရှိတယ်၊ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကားကို လမ်းတစ်လမ်းထဲချိုးဝင်သွားသည်၊ ‘မောင်ကြည့်ဒီလမ်းကအိမ်တွေကသိပ်လှတယ်၊ ခေတ်လည်းမှီတယ် classic လည်းဖြစ်တယ်၊ နောက်ဆို West Virginiaက ဓါတ်တော်ချိုင့်တို့ ပိတ်ချင်းမြှောင်တို့ကို မောင်ကိုလိုက်ပို့ဦးမယ်၊ အဲဒီဂူတွေရေတံခွန်တွေကို ကျမဟာကျမ နာမည်ပြောင်းပေးထားတာ၊’
ဒီလိုနဲ့ကျနော်တို့ Virginia ပြန်ရောက်လာသည်၊ Sterling က ဗီယက်နမ်ဆိုင်တွင် ခေါက်ဆွဲဝင်စားဖြစ်ကြသည်၊ ဆိုင်နာမည်က Taste of Vietnam ဖြစ်သည်၊ ပြီးတော့အိမ်ပြန်လာကြသည်၊ ဒီနေ့လည်းချစ်သူရဲ့မျက်နှာလေးကိုကြည့်ပြီး ပြောရမဲ့စကားတွေမပြောဖြစ်ခဲ့၊ အလေးအနက်ပြောချင်၍လည်း ကျနော်အချိန်အခါကို စောင့်လိုက်ခြင်းဖြစ်သည်။


ဒီလိုနဲ့ ကျနော်တို့ သုံးရက်လောက်လည်ပတ်ဖြစ်ခဲ့သည်၊ ဒီနေ့တော့ အိမ်မှာနားရအောင်လို့ ကျနော်အဆိုပြုလိုက်သည်၊ မျက်ဝန်းလဲဲ့ပြာရီက ဟုတ်ပြီ မောင့်ကိုတစ်ခုခုလုပ်ကျွေးမယ်၊ စပါတဂီလုပ်ကျွေးမယ်ဟုဆိုသည်၊ မနက်စာ နှင့်နေ့လည်စာကို ဒီနေ့ အမေရိကန်စတိုင် စားလိုက်ကြသည်၊ မျက်ဝန်းလဲဲ့ပြာရီ တော်တော်ချက်တတ်လုပ်တတ်နေပြီ၊ နေ့လည်စာစားပြီး တီဗီရှေ့တွင် နှစ်ဦးသား ထိုင်စကားပြောဖြစ်ကြသည်၊
‘မောင်မှတ်မိလား၊ မောင်ဆီကို ကျမပထမဦးဆုံးအကြိမ် အမေရိကားကနေ ဖုန်းဆက်တာ၊ မောင်က စင်္ကာပူူမှာလေ၊ မောင်ကကျမကို အစဉ်ပြေအောင်နေဘို့၊ လူတွေကိုနားလည်အောင်ကြိုးစားဘို့၊ ဘာကိုမှအရှုံးမပေးဘို့၊ အကောင်းဆုံးဖြစ်အောင်လုပ်ဘို့ မှာတယ်မဟုတ်လား၊ အဲဒီတုန်းက မောင်ကကျမကို သူငယ်ချင်းတစ်ယောက်အနေနဲ့ အားပေးနေတာ၊ ကျမကတော့ အင်အားတစ်ခုအနေနဲ့ မောင်အသံတွေကိုနားထောင်မိတယ်၊ မောင်ကျမကိုနားလည်ခွင့်လွတ်နိုင်တာကိုလည်း ဝမ်းနည်းမိတယ်၊’
‘မခွင့်လွတ်နိုင်စရာ အကြောင်းမှ မရှိဘဲကိုး’ ဟုပြန်ဖြေလိုက်မိသည်၊
‘မောင် Las Vegas နှင့် Grand Canyon ရောက်တုန်းက မောင်ကျမဆီမလာခဲ့ဘူး၊’
‘အမေရိကားက အကျယ်ကြီးမဟုတ်လား၊ နောက်ပြီး အစီအစဉ်နှင့်လာရတာဆိုတော့၊ သူတို့နောက်လိုက်ရတယ်၊ ပြန်ခါနီးဖုန်းဆက်လိုက်သေးတယ်မဟုတ်လား’ လို့ပြန်ပြောပြလိုက်သည်၊
‘အဲဒီတုန်းက ကျမအရူးတစ်ယောက်လိုပါပဲ၊ မောင့်ကိုတွေ့ချင်တာ၊ အဲဒီအကြောင်းတွေ ပြန်မပြောချင်တော့ပါဘူး၊’
ကျနော်တွေးမိလိုက်သည်မှာ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် အမေရိကားကနေ ကျနော့်ကို တောက်လျှောက်လိုက်ကြည့်နေသည်ထင်သည်၊ မျက်ဝန်းလဲဲ့ပြာရီကို ကျနော်ကြည့်လိုက်မိသည် မျက်နှာကိုတဘက်လှည့်ထားသည်၊ စိတ်ဆိုးနေသည့်ပုံစံ အရင်တုန်းကဟာတွေကို ခုစိတ်ထိုင်ဆိုးနေသည်က ချစ်စရာကောင်းနေသည်၊ ‘မျက်ဝန်းလဲဲ့ပြာရီ’ လို့ ကျနော်တိုးတိုးလေးခေါ်လိုက်တော့ ‘ဟင်း’ လို့ပြန်ထူးသည်၊
‘တကယ်လို့ ကျနော်က တခြားမိန်းခလေးတစ်ယောက်နှင့် လက်ထပ်တော့မယ်ဆို မျက်ဝန်းလဲဲ့ပြာရီ ဘယ်လိုထင်သလဲ၊’ ကျနော်သူ့ကိုမေးလိုက်သည်၊
မျက်ဝန်းလဲဲ့ပြာရီကချက်ချင်းပင် ‘မောင်ဘယ်သူကိုမှလည်း လက်ထပ်မှာမဟုတ်ဘူး၊ မောင်ဘယ်သူကိုမှလည်း ချစ်မှာမဟုတ်တော့ဘူး၊ မောင်ကျမကိုချစ်ပြီးသွားပြီ၊ ကျမနှလုံးသားထဲကသိခဲ့တဲ့အဖြေတစ်ခုပဲ၊ ကျမအမြဲတမ်းယုံကြည်နေတဲ့ ယုံကြည်ချက်တစ်ခုပေါ့၊
'တကယ်လို့ (If)' ဆိုတဲ့ စကားစုဟာ ကျမ အမုန်းဆုံး စကားစု တစ်ခုပဲ၊ မောင်လက်ထပ်ခဲ့ရင် လက်မထပ်ခင်ညမှာ ကျမမောင့်ဆီကို သေချာပေါက်ရောက်လာမှာပါ၊ ကျမက မျက်ဝန်းလဲဲ့ပြာရီပါ၊ မောင်သိတယ်မဟုတ်လား၊
ကျမလောကကြီးမှာမရှိခဲ့တော့ရင်၊ ကျမသေဆုံးသွားခဲ့ရင်တော့ တစ်မျိုးပေါ့လေ၊ I am very sure အသေချာဆုံးကတော့ ကျမအသက်ရှင်နေသရွေ့ မောင်ဘယ်သူကိုမှာ လက်ထပ်မှာ မဟုတ်ဘူး၊ ကျမရဲ့ အချစ်တွေက မောင့်ဆီမှာ နေရာယူထားပြီ၊ မောင့်နားမှာ အချိန်ပြည့်ရှိနေတယ်လေ၊’
ကျနော်သူကိုဘာမှ ပြန်မပြောနိုင်ပါ၊ သူ့ကိုယ်လုံးလေးကိုဆွဲယူ သူ့မျက်နှာလေးကို ရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်ထားလိုက်မိသည်။
သြော် ချစ်တတ်လိုက်တာ မျက်ဝန်းလဲဲ့ပြာရီ ရယ်။

ကျနော်တို့ တီဗီဆက်ကြည့်ဖြစ်ကြသည်၊ Channel တစ်ခုက ဇာတ်လမ်းတစ်ပုဒ်လာနေသည်၊ မိသားစုဇာတ်လမ်း၊ အဓိကကတော့ အဖိုးကြီးနှင့်အဖွားကြီးနှစ်ယောက်ဇာတ်လမ်း သားနှစ်ယောက်နှင့် သမီးနှစ်ယောက်ရှိသည်၊ ကြီးလာကြတော့ မြို့ကြီးတွေဆီ အလုပ်လုပ် အခြေချဘို့ထွက်သွားကြသည်၊ သူတို့ကတော့ အငြိမ်းစားယူပြီး မြို့ငယ်လေးကိုပြောင်းလာသည်၊ သားတစ်ယောက် ရည်းစားနှင့်ကွဲ ရင်ကွဲနာကျကာ ပြန်ရောက်လာသည်၊ နောက်တစ်ယောက်က bankrupt ဖြစ်ပြီးပြန်ရောက်လာသည်၊ သမီးတစ်ယောက်ဆေးစွဲ ထောင်ကြပြီးပြန်ရောက်လာသည်၊ နောက်သမီးတစ်ယောက် လင်နဲ့ကွဲကာပြန်ရောက်လာသည်၊ အဆင်ပြေသောအခါ သားသမီးတွေပြန်သွားကြသည်၊ သားသမီးတွေ အဆင်ပြေကြီးပွားနေချိန်တွင် အဖေနှင့်အမေကိုသတိမရကြ၊ ဒုက္ခရောက်ချိန် ပြန်ပြန်ရောက်လာကြသည်၊ ဒါပေမဲ့ အဖိုးကြီးနှင့်အဖွားကြီးနှစ်ယောက်ကတော့ အမြဲတမ်း အခန်းတွေကိုအဆင်သင့်ပြင်ထားကြသည်၊ ဇာတ်လမ်းပြီးသွားသောအခါ ကျနော် နှင့်မျက်ဝန်းလဲဲ့ပြာရီတို့ ဇာတ်လမ်းအပေါ်ပြောဆိုဆွေးနွေးဖြစ်သည်၊ မိသားစုနှင့်မိဘဆိုတာကို ကျနော်ကပိုပြောဖြစ်သည်၊ ကျောင်းတုန်းက မုံရွာ ချောင်းဦးကလိုက်လာတဲ့ အဖေကို ကျောင်းထဲလိုက်လာရပါမလားဆိုပြီး ရန်ဖြစ်နေတဲ့သမီး၊ အဖေကတောသား အမေကလယ်သူမ သူ့အတွက်ဂုဏ်နိမ့်မသွားပါဘူး၊ ခင်ဗျားအရက်သမား ကျုပ်အိမ်ဘယ်တော့မှ မလာခဲ့နဲ့လို့ နင်ထုတ်တဲ့ သင်္ဘောအင်ဂျင်နီယာချုပ်၊ တကယ်တော့ သူအင်ဂျင်နီယာဖြစ်ဘို့ သင်္ဘောလိုက်နိုင်ဘို့ အဖေကအလုပ်လုပ်ရင်း ဒဏ်ကြောင့် အရက်သောက်ဖြစ်ခဲ့တာ၊ အဖေတို့အသုံးမကျဘူး၊ အဖေတို့အတွေးအခေါ်တွေက စသဖြင့် ခံယူချက်တစ်ခုကြောင့် အဖေကိုလက်ညိုးထိုး ကက်ကက်လန်ရန်တွေ့နေတဲ့ အတိုက်အခံ နိုင်ငံရေးသမားလို့ခံယူထားတဲ့ အမျိုးသမီးတစ်ဦး၊ တကယ်တော့ အဖေဟာအဖေ၊ အမေဟာအမေပဲ ဆိုတာကိုသူတို့မေ့နေကြတာပါ၊ မိဘဆိုတာ တစ်ခါတစ်လေလည်း အမှားလုပ်မိမှာပါ၊ သူတို့လည်းလူသားတွေပဲ မဟုတ်လား၊ တစ်ချို့ဆိုရင် အဖေအမေကို တွေ့ချင်တယ်ဆိုရင်တောင် ရှိရက်နဲ့တွေ့ခွင့်မရှိ၊ တွေ့ခွင့်မကြုံဘူး၊ အကျဉ်းချခံထားရတယ်၊ တားမြစ်ခံထားရတယ်၊ ပြန်လို့မရဘူး၊ သွားလို့မရဘူး၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေက တားဆီးထားတယ်၊ တရားသဘောအရဆိုရင်တော့၊ လောဘ၊ ဒေါသ၊ မောဟတွေပါပဲ၊ အများအားလုံးသော မိဘတွေဟာ သားသမီးတွေကို အကောင်းဆုံးဖြစ်ချင်ကြတာပါ၊ ဒီတစ်ခါတော့ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ပြောနေတာကို မျက်လုံးလေးစင်းပြီးနားထောင်နေသည်။

ခဏကြာ ‘မောင်’လို့ခေါ်လိုက်ပြီး၊ ‘မောင်ကျမကို ကျမအိမ်နှင့်ပတ်သက်ပြီးတစ်ခုခုပြောစရာရှိလားဟင်၊ မောင်မှာရှိနေတယ်လို့ ကျမထင်လို့ပါ၊’
ကျနော်သူ့မျက်နှာလေးကိုပြန်ကြည့်လိုက်မိသည်၊ ကျနော်ကပဲ မျက်ဝန်းလဲဲ့ပြာရီကို နားလည်သည်ဟုထင်နေသည်၊ မျက်ဝန်းလဲဲ့ပြာရီသည် ကျနော့်အမူအကျင့်တွေကို ကောင်းကောင်းနားလည်း သိရှိနေပြီ၊ ကျနော်ကပှံမှန်လေးပင် မျက်ဝန်းလဲဲ့ပြာရီကို ပြန်ဖြေလိုက်သည်၊ ‘ဟုတ်တယ်’လို့၊ ပြန်ဖြေလိုက်မိသည်၊
‘ပြောပါမောင်၊ မောင်မှမပြောရင် ဘယ်သူပြောမလည်း၊’
‘မျက်ဝန်းလဲဲ့ပြာရီရဲ့ မိဘတွေနဲ့ကျနော်တွေ့ဖြစ်တယ်၊ ပြီးခဲ့တဲ့ ရှစ်လလောက်က ကျနော်အလုပ်ထဲကို မျက်ဝန်းလဲဲ့ပြာရီရဲ့ အဖေရောက်လာတယ်၊ သူဘယ်လိုလိပ်စာရသလဲတော့မသိဘူး၊ တွေ့ချင်တဲ့ ဧည့်သည်တစ်ယောက်ရောက်နေတယ် ဆိုတာနဲ့ ဆင်းတွေ့တော့ အန်ကယ်ဖြစ်နေတယ်၊ ကျနော်တို့ စကားပြောဖြစ်ကြတယ်၊ မျက်ဝန်းလဲဲ့ပြာရီနှင့်အဆက်အသွယ်ရှိလား တွေ့ဖြစ်လား မေးလာပါတယ်၊ အဓိကကတော့ မျက်ဝန်းလဲဲ့ပြာရီ အဆင်ပြေလား နေထိုင်ကောင်းလားကို သိချင်တာပါ၊ ကျနော်ကလည်း မတွေ့ဖြစ်ဘူး အဆက်အသွယ်ရှိပါတယ်၊ အဆင်ပြေ နေထိုင်ကောင်းပါတယ်လို့ ပြန်ဖြေလိုက်တယ်၊ ဟုတ်တယ်လေ အဲဒီမတိုင်ခင်လေးတင်က ကြယ်ကလေးရဲ့ ကလေးတစ်လပြည့်နေ့မှာ ဖုန်းပြောဖြစ်ကြသေးတယ် မဟုတ်လား၊ အဲဒီမှာ အန်ကယ်ငိုပါတယ်၊ ယောက်ျားကြီးတစ်ယောက် အဖိုးကြီးတစ်ယောက်က ကျနော်ရှေ့မှာငိုနေတာ ကျနော်ဘာလုပ်ရမှန်းကိုမသိဘူး၊ နောက်ပြီး မျက်ဝန်းလဲဲ့ပြာရီရဲ့အဖေ၊ ဒါကြောင့်ခံစားချက်တွေ ကျနော်ရင်ထဲကူးစက်လာခဲ့တယ်၊ သူ လူတွေကိုမေးတယ်တဲ့ မျက်ဝန်းလဲဲ့ပြာရီနှင့်အဆက်အသွယ်ရှိလား တွေ့ဖြစ်လားပေါ့ ဘယ်သူဆီကမှ အဖြေမရဘူး၊ ပထမဦးဆုံးအကြိမ် သမီးအကြောင်းကြားရလို့ဝမ်းသာလွန်းလို့ပါတဲ့၊ အန်တီကိုမေးတဲ့ အခါမှာ အန်တီကိုဆေးရုံလာပြတာဖြစ်နေတယ်၊ ဒါကြောင့် ကျနော်လည်း အန်ကယ်နဲ့လိုက်သွားပြီး တည်းတဲ့ဟိုတယ်မှာ အန်တီကိုလိုက်တွေ့ဖြစ်တယ်၊ ပူစူး (မျက်ဝန်းလဲဲ့ပြာရီရဲ့ညီမဝမ်းကွဲ) လည်းပါလာတယ်၊ အန်တီက တော်တော်အိုစာသွားတယ်၊ ရောဂါခံစားနေရလို့လည်းဖြစ်မယ်၊ တွေ့တော့ ကျနော်ကိုဖက်ငိုတယ်၊ သူကိုခွင့်လွတ်ပါတဲ့ သူ မျက်ဝန်းလဲဲ့ပြာရီကို စိတ်ဆင်းရဲ ဒုက္ခဆင်းရဲရောက်အောင် လုပ်ခဲ့မိတယ်တဲ့၊ ကျနော်လည်းအလိုက်သင့်ပဲ ပြီးခဲ့တဲ့ကိစ္စတွေပါ ရှေ့ကိုပဲကြည့်ကြတာပေါ့၊ အန်တီနေကောင်းအောင်နေလို့ အားပေးခဲ့တယ်၊ နောက် အန်တီအခြေအနေက ဆေးရုံတက်ရမယ်ဆိုတော့ ကျနော်စီစဉ်ပေးခဲ့ပါတယ်၊ အန်တီဆေးရုံ ဆယ်ရက်တက်ရတယ်၊ ဆေးရုံတက်တဲ့ရက်တွေမှာ ကျနော်ကို အမြဲတွေ့ချင်တယ်ဆိုလို့ နေ့တိုင်းကျနော်ရောက်ဖြစ်ပါတယ်၊ ကျနော် ကြယ်ကလေးနှင့် မဝေတို့ဆီက သိထားတဲ့မျက်ဝန်းလဲဲ့ပြာရီ အကြောင်းတွေ ပြောပြဖြစ်ပါတယ်၊ တကယ်တော့ အန်တီက ကျနော်ကိုတွေ့ချင်တာမဟုတ်ဘူး မျက်ဝန်းလဲဲ့ပြာရီကိုတွေ့ချင်တာပါ၊ ကျနော်က မျက်ဝန်းလဲဲ့ပြာရီရဲ့ ကိုယ်စားဖြစ်ခဲ့ရတာပါ၊ ကျနော် အန်ကယ်နဲ့ အန်တီတို့ကို မျှော်လင့်ချက်တွေပေးခဲ့တယ်၊
မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ပြောတာကို နားထောင်ရင်း မျက်ရည်တွေတလိမ့်လိမ့် စီးကျနေသည်၊ တရှိုက်ရှိုက်ငိုကြွေးနေသည့်အတွက် ကျနော်ပြောတာကို ခဏရပ်ထားလိုက်သည်။

သူ့ကျောပြင်ကိုပွတ်သပ်ရင်း မျက်ရည်တွေကိုသုတ်ပေးလိုက်သည်၊ မျက်ရည်တွေကတော့ကျနေဆဲပါပဲ၊
မောင်အခု မေမေ နေကောင်းသွားပြီလား၊ ကျနော်ကို အငိုတွေကြားကမေးလိုက်သည်၊
သက်သာလို့မြန်မာပြည်ပြန်သွားပါတယ်၊ ၆လပြည့်ရင် follow up လုပ်ရမှာပေါ့၊ ရင်သားမှာ ကင်ဆာဆဲတစ်ချို့တွေ့တယ်၊ နှလုံးလည်းသိပ်မကောင်းဘူး၊ ကင်ဆာဆဲတွေကို ခွဲစိတ်ထုတ်ဓါတ်ကင်လိုက်တယ်၊ နှလုံးကတော့ ရေရှည်ကုရမှာပေါ့၊ ဒါကြောင့်လည်း ဆရာဝန်ဖြစ်တဲ့သမီးကို ပိုသတိရတာနေမှာပေါ့၊
ခု ၆လကျော်သွားပြီမောင်၊ ကျနော်ကို အလန့်တကြား လှမ်းပြောလိုက်သည်၊
ဟုတ်တယ် သူ့တို့ follow up လာပြန်လုပ်တယ်၊ ကင်ဆာဆဲတွေအဆင်ပြေသွားပေမဲ့၊ နှလုံးကတော့ ရေရှည်ကုရမှာပေါ့၊
မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် သက်ပြင်းရှည်ရှည်တစ်ခုကို မှုတ်ထုတ်လိုက်ပြီးနောက်၊ ကျမ အဖေအမေကို တွေ့ချင်လိုက်တာ မောင်ရယ်၊ ကျနော့်လက်မောင်းကို သူ့လက်ချောင်းနုနုလေးတွေနဲ့ ဆုပ်ချေရင်းပြောလာသည်၊
ကျနော်ကလည်း အေးအေးဆေးဆေးပင် စီစဉ်ထားပါတယ်လို့ ပြောလိုက်သည်၊
ရှင် တကယ် ဆိုတဲ့ အ့ံသြသံရှည်ကြီးတစ်ခုမျက်ဝန်းလဲဲ့ပြာရီဆီက ထွက်ပေါ်လာသည်၊
ကိုယ်လည်း မြန်မာလူမျိုးတစ်ယောက်ပဲ၊ အစီအစဉ်တွေလုပ်တတ်ပါတယ်၊ (I also have a plan.) ပြောလိုက်တော့၊ ပြော ပြော ဘာတွေစီစဉ်ထားလည်းဆိုပြီး သူ့လက်သီးကလေးများသည် လက်မောင်းဆီမှ ကျောကုန်းသို့ရောက်လာပါသည်၊
နောက်နှစ်ရက်နေ အန်ကယ်နဲ့ အန်တီတို့ Washington Dulles လေဆိပ်ကို ရောက်မယ်လို့ ပြန်ပြောလိုက်သည်၊
‘မောင်လူဆိုး’ဟုပြောကာ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ရင်ခွင်ထဲသို့ ရောက်ရှိလာသည်၊ ထိုနေ့ညက မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် ကျနော်ကိုအတင်းဖက်တွယ်ကာ အိပ်ပျော်သွားသည်။

နောက်နေ့ မျက်ဝန်းလဲဲ့ပြာရီ အလုပ်သွားသည်၊ ကားပေးထားသည့်အတွက် ကျနော်တစ်နေကုန် Virginia တခွင်လျှောက်သွားရာ Maryland, Baltimore ထိရောက်သွားသည်၊ အပြန် မျက်ဝန်းလဲဲ့ပြာရီ တောင်ဝင်မခေါ်နိုင်၊ အိမ်ရောက်တော့ မျက်ဝန်းလဲဲ့ပြာရီက ဘာလို့ အဝေးကြီးသွားတာလည်း စိတ်ပူလိုက်ရတာ၊ GPS မှာနီးနီးလေးဟုဆိုကာ GPS ကိုအပြစ်ပုံလိုက်သည်၊ မျက်ဝန်းလဲဲ့ပြာရီကတော့ မနက်ဖြန်အတွက် ခုထဲကပင်ချက်ပြုတ်နေပြီ၊ စိတ်လှုပ်ရှားနေမည်မှာ အမှန်ပင်။

နောက်နေ့ နံနက် ၁ဝး၄၀ မှာ လေယာဉ်ဆိုက်မှာကို အိမ်က ရှစ်နာရီခွဲထဲကထွက်ချင်နေသည်၊ တကယ်တော့ Washington Dulles လေဆိပ်သည် Virginia Sterling တွင်ရှိသည်၊ Washington မှာမဟုတ်၊ Reston နှင့် နီးသည်၊ လေယာဉ်လက်မှတ် ဝယ်ကတည်းကတွက်ချက်ပြီးသားဖြစ်သည်၊ နောက်ဆုံး အိမ်ကနေ ၉ နာရီထွက်ဖြစ်ကြသည်၊ 267 လမ်းမကြီးအတိုင်းသွားလိုက်ရုံ၊ လေဆိပ်ရောက်တော့ SQ5914 /ANA က ၁ဝး၅၀ မှဆိုက်မည်၊ ဆယ်မိနစ်ပိုစောင့်ရမည်ပေါ့၊ လူတွေထွက်လာတော့ ဟောဟိုမှာ အန်တီနဲ့ အန်ကယ် ဆိုတာတောင် သွားပြေးမကြို ကျနော်ပဲသွားခေါ်လာရသည်၊ အနားရောက်မှ သားအမိသားအဖ သုံးယောက်ဖက်ကာ ငိုနေကြသည်၊ ကျနော်ကတော့ ကျနော်လာသည့် ကိစ္စတစ်ခု အောင်မြင်အောင်လုပ်နိုင်ခဲ့ပါပြီ၊ ထိုနေ့က Dulles လေဆိပ်တွင် အားရပါးရငိုကြွေးနေကြသော လူသားသုံးဦးကို ဘာဖြစ်တာပါလဲလို့ကြည့်သွားကြသူတွေ မနည်းပင်၊ မြန်မာဘုန်းကြီးတစ်ပါးပင် ပါလိုက်သေးသည်၊ အပြန်ခရီးတွင် GPS အားကိုးစွာ ကျနော် Driverဖြစ်ခဲ့သည်၊ အန်တီနဲ့ အန်ကယ်တို့ က ကျေးဇူးတင်ပါတယ်သားရယ်ဆိုတဲ့ ကျေးဇူးတင်စကား သုံးကြိမ်ထက်မနည်းပြောခဲ့ကြသည်။

နောက်သုံးရက်နေ ကျနော် ခရီးဆက်ရတော့မည်ဖြစ်သည်၊ ပျော်ရွင်နေသော မိသားစုကိုကြည့်ပြီး အမှန်ပင် ကျနော်ပီတိဖြစ်ရသည်၊ အဖေနဲ့အမေကြားမှာ မျက်ဝန်းလဲဲ့ပြာရီတစ်ယောက် အလုပ်ရှုပ်နေသည်၊ ဒါပေမဲ့ မျက်လုံးများက ကျနော်ကိုအလွတ်မပေး၊
စနေနေ့ည ထမင်းစားချိန်တွင် မျက်ဝန်းလဲဲ့ပြာရီက အဖေနှင့်အဖေတို့ မနက်ဖြန်မနက် အိမ်မှာအေးအေးဆေးဆေးနေကြ၊ မောင်မနက်ဖြန်ညနေ တိုရန်တိုသွားမှာမို့၊ သမီးမောင်နဲ့ တစ်နေရာသွားစရာရှိလို့၊ အေးအေး သမီးတို့ သွားစရာရှိတာသွားကြ အမေတို့ဖြစ်ပါတယ်၊ အန်တီနဲ့ အန်ကယ်တို့နှစ်ယောက် မျက်ဝန်းလဲဲ့ပြာရီက ကျနော်ကို မောင်လို့ ခေါ်သည့်အတွက် စဉ်းစားခန်းထုတ်နေကြသည်လားမသိ။

တနင်္ဂနွေနေ့ မနက်စောစော မျက်ဝန်းလဲဲ့ပြာရီ ကျနော်ကို Alexandria သို့ခေါ်လာခဲ့သည်၊
ဒီတက်အိမ်တန်းလေးထဲက အိမ်တစ်ခုထဲဝင်လိုက်တော့၊ အိမ်ထဲမှာ ဟိန္ဒူ ဘုရားတွေ ပူဇော်ထားသော ဟိန္ဒူကုလားဘုရားကျောင်းဖြစ်နေသည်၊ သီဝ၊ ဟာနူမန်၊ ရာမ၊ ကစ္စန krishna ဘုရားတွေတွေ့သည်၊ မျက်ဝန်းလဲဲ့ပြာရီသည် အိန္ဒိယလူမျိုး တစ်ယောက်နှင့် စကားတီတိုးသွားပြောပြီး ကျနော်ကို ကစ္စန ဘုရားရှေ့တွင်ထိုင်ခိုင်းသည်၊ ထို အိန္ဒိယလူမျိုးသည် အဝတ်စားလဲထွက်လာပြီး ကျနော်တို့နှစ်ယောက်ကို အုံစရီစရီတွေနဲ့ ရွတ်ဖတ်ပေးသည်၊ ဆီမီးအမွေးခွက်ဖြင့် ပတ်ပတ်လည်ဝိုင်းသည်၊ ပန်းကုန်းများစွတ်ပေးသည်၊ နောက်ဆုံးကျနော်ကိုရော မျက်ဝန်းလဲဲ့ပြာရီကိုပါ နဖူးတွင်အနီရောင်တို့ပေးပြီး လက်တွင်အနီရောင်ကြိုးကိုချည်ပေးလိုက်သည်၊ ပန်းကုန်းများကို ကစ္စနဘုရားတွင်သွားစွတ်ပေးလိုက်ရသည်၊ ဘာလုပ်တာလည်းလို့ မျက်ဝန်းလဲဲ့ပြာရီကိုမေးတော့ ဒီမှာချစ်သူတွေဒီလိုလုပ်လေ့ရှိတယ် ချစ်သူတွေ ကံဆိုးခြင်းကလွတ်အောင်ပေါ့၊ ထိုနောက် အလှူခံပုန်းထဲသို့ မျက်ဝန်းလဲဲ့ပြာရီ ဒေါ်လာ ၅၀ လောက်ထည့်လိုက်သည်ကိုတွေ့ရသည်၊ ကျနော်တို့ထွက်လာသောအခါ အဖြူလူငယ်စုံတွဲနှစ်တွဲ တန်းစီနေသည်ကိုတွေ့ရသည်၊ မောင် ဒီအနီရောင် လက်ပတ်ကြိုးကို ဖြစ်နိုင်ရင် မဖြုတ်ပါနဲ့၊ ဘာရယ်လို့မှ မဟုတ်ပါဘူး ကျမအမြဲ မောင့်အနားမှာရှိနေတဲ့ သဘောပေါ့၊ ကားပေါ်ရောက်တော့ မျက်ဝန်းလဲဲ့ပြာရီကို ကျနော် အထုပ်တစ်ထုပ်ပေးလိုက်သည်၊ ဘာလဲမောင် ဟိုနေ့က Baltimore ရောက်တုန်းဝယ်လာတာ ဂျာကင် အသစ်၊ အိုးပျော်လိုက်တာမောင်ဟုဆိုက ကျနော်ကို အနမ်းတစ်ခုပေးလိုက်သည်။

ညနေကျတော့ ကျနော်ကို လိုက်ပို့တဲ့သူသုံးယောက်တောင်၊ မျက်ဝန်းလဲဲ့ပြာရီနှင့် သူအဖေနှင့်အမေဖြစ်သည်၊ ဂိတ်ထဲမဝင်ခင် ကျနော်တို့နှစ်ယောက် နှစ်မိနစ်လောက် တင်းကျပ်စွာပွေ့ဖက်ထားမိကြသည်၊ နယူးယောက်မှာ ကျမပြောခဲ့တာကို မောင်မမေ့နဲ့ ကျနော်ကိုတီးတိုးမှာရင်း၊ take care လို့တစ်ယောက်ကိုတစ်ယောက်ပြောရင်း နူတ်ဆက်ခဲ့ကြသည်၊ နောက်လှည့်ကြည့်လိုက်တော့ အဓိပ္ပါယ်အများကြီးပါသော မျက်ဝန်းလဲဲ့ပြာရီရဲ့ အကြည့်ကိုတွေ့လိုက်ရသည်၊ လက်ပြနူတ်ဆက်ပြီးအထဲသို့ ဝင်လာခဲ့သည်။
တိုရန်တိုတွင် သုံးရက် seminarနှင့် အစည်းအဝေးတက်ပြီး စင်္ကာပူပြန်ရမည်ဖြစ်သည်။

တကယ်တော့ မျက်ဝန်းလဲဲ့ပြာရီကို သူ့မိဘတွေနဲ့ တွေ့ဆုံဘို့ နားချရန်အစီအစဉ်ဖြင့် မျက်ဝန်းလဲဲ့ပြာရီဆီကို ကျနော်လာခဲ့ခြင်းဖြစ်သည်၊ တကယ်တန်း မျက်ဝန်းလဲဲ့ပြာရီနဲ့တွေ့သောအခါ တိုက်ရိုက်ပြောဘို့ မဖြစ်ကြောင်းသိရှိခဲ့ရသည်၊ ပိုဆိုးသည်မှာ သိမ်းထားသော အချစ်တွေပြန်လည်ပေါက်ဖွားလာကာ အချစ်စွမ်းအင်တွေက စိတ်ကိုလွတ်လပ်ခွင့်ပေးကာ မျောပါသွားခဲ့သည်၊ မျက်ဝန်းလဲဲ့ပြာရီကို အမှန်တကယ်ချစ်မြတ်နိူးကြောင်း ကိုယ့်ကိုယ်ကိုယ်သိလိုက်ရသည်။

တဖက်တွင်လည်း အချစ်နှင့်ဘဝကို ကျနော်ဒွန်တွဲတွေးမိသည်၊ ဝန်ခံရလျှင် ကျနော်သည်မပြတ်သားသူ၊ မစွန့်စားဝ့ံသူဖြစ်ပေမည်၊ မျက်ဝန်းလဲဲ့ပြာရီသည် ကျနော်ကိုအမေရိကားတွင်နေထိုင်ဘို့ ပြောဘူးသည်၊ ခေါ်ဘူးသည်၊ ကျနော်ကမလှုပ် စင်္ကာပူတွင် ကိုယ့်ကိုယ်ကိုယ် အောင်မြင်ထားသည်ဟုခံယူထားသည်၊ ရရှိထားသော ရာထူးနှင့်ဝင်ငွေကို ကျေနပ်နှစ်သိမ့်မိသည်၊ ကျနော်အမေရိကားသွားခဲ့ရင် ကျနော်ဘာလုပ်မလဲ၊ ဒီလိုရာထူးဒီလိုဝင်ငွေရနိုင်မလား၊ မသေချာ ကိုယ့်ကိုယ်ကိုယ် မသေချာ၊ မိန်းမအနားမှီစားတဲ့ အလုပ်ကိုတော့ ကျနော်ဘယ်တော့မှမလုပ်၊ အစကပြန်မစချင်တော့လို့ ဆိုရင်ပိုမှန်ပါမည်၊ ဒီအတွက် ကျနော် မျက်ဝန်းလဲဲ့ပြာရီကို နှလုံးသားရဲ့တစ်နေရာမှာ သိမ်းထားလိုက်ခြင်းဖြစ်သည်။
မျက်ဝန်းလဲဲ့ပြာရီကိုလည်း စင်္ကာပူလာဘို့ ပြန်ခေါ်ဘူးပါသည်၊ သူကလည်းသူခံယူချက်နဲ့သူ၊ အမေရိကားကို အရှုံးမပေး၊ အခြေချနေထိုင်ဘို့ ဆုံးဖြတ်ပြီးသား၊ ဒီလိုနဲ့ကျနော်တို့ဝေးရသည်။

ဒီတစ်ခါ အမေရိကားက အပြန်မှာတော့၊ ကျနော်တွေဝေရပြီ၊ မဆုံဖြစ်တာကြာသော ချစ်သူနှစ်ဦး အတူနေဖြစ်တော့၊ သံယောဇဉ်ပိုတိုးလာသည်၊ အမှန်ကိုဝင်ခံရလျှင် ကျနော့်စိတ်တစ်ဝက်လောက်သည် Virginia မှာကျန်ရစ်ခဲ့ပြီဖြစ်သည်၊ တစ်ပတ်တစ်ခါအနည်းဆုံး ဖုန်းပြောဖြစ်၊ အီးမေးလ်တွေ ပလူပျံနေသော်လည်း၊ ကျနော်တို့နှစ်ယောက်တော့ ဝေးနေဆဲ၊ ကျနော်ကတော့ ပျံသန်းနေဆဲ၊ ပြန့်လွင့် နေဆဲပါ၊ ဘာဆက်လုပ်ရမလဲဆိုတာကို တစ်ယောက်ယောက်က အကြံဉာဏ်ကောင်းများပေးခဲ့လျှင် ကောင်းမှာပဲဆိုပြီး အဖြေကိုမရှာပဲ တွေဝေနေဆဲပါ။

ဒီလိုနဲ့ ကျနော်တစ်ယောက် စင်္ကာပူုပြန်ရောက်ပြီး အလုပ်ထဲတွင် သံသရာပြန်လည် နေပါတော့သည်။
အနီရောင် လက်ပတ်ကြိုးလေးကတော့ လက်မှာမြဲလျှက်ပါပဲ။
……………………………………………………………………………………………………………
Love never dies,
It just gets put aside
blurred by years of life.
It lives so quiet and deep in your heart
waiting for time, waiting for caring
waiting to renew passion and joy.
Love needs to be embraced
Love needs to shout
Love needs to hear whispers of caring.
Love never dies,
It’s a patient tenant of heart and soul.
………………………………………………………………………………………………………………

တစ်နေ့က စာတိုက်ပုံးကိုဖွင့်လိုက်သောအခါ အထဲတွင် ပုံမှန်မဟုတ်သောစာတစ်စောင်ရောက်နေသည်၊ အများအားဖြင့် လာသောစာများမှာ Bills တောင်းသောစာများသာဖြစ်ကြသည်၊ ကျနော်ဆီဘယ်သူမှ စာမထည့်၊ လိပ်စာကပုံနှိပ်ထားသော်လည်း အရပ်သုံးစာအိတ်နဲ့ဖြစ်သည်၊ နောက်ပြီး ဝါရှင်တန်က စာဖြစ်နေသည်၊
ဟုတ်ပါသည် မျက်ဝန်းလဲဲ့ပြာရီ ကျနော်ဆီရေးလိုက်သောစာ၊ ဟိုနေ့ကပင်ဖုန်းဆက်သေးသည်၊ စာအကြောင်းလုံးဝမပြော၊ အံ့အားသင့်စွာဖြင့် စာကိုဖတ်လိုက်မိသည်၊


မောင်

မောင်ပြန်သွားတာ လေးလပြည့်သွားပြီ၊မေမေတို့ပြန်သွားတာလည်း နှစ်လပြည့်တော့မယ်၊

သတိရတယ်မောင်၊ အတူတူနေကြရအောင်၊ ဖုန်းတွေအီးမေးလ်တွေက ကျမအတွက်မလုံလောက်ဘူး၊

ဒီစာကိုဖတ်ပြီးတဲ့ အချိန်မှာတော့၊ မောင်ကျမဆီကို အနှေးနှင့်အမြန်ရောက်လာမှာပါ၊

ဒီတစ်ခါ မောင်လာလို့ရှိရင် ကျမတစ်ယောက်ထဲလာကြိုမှာမဟုတ်ဘူး၊

မောင်နဲ့ကျမတို့ရဲ့ ကိုယ်ပွားလေးပါလာမှာပါ၊

မောင်ရဲ့အသွေးအသားလေး ကျမဆီမှာရှိသွားနှင့်ပြီ၊

မှတ်မိသလားမောင်၊ I am American, I plan it.

အခြေအနေ အကြောင်းကြောင်းကြောင့် မောင်မလာဖြစ်ခဲ့ရင်၊

ကျမတို့မောင့်ကိုလာခေါ်မှာပါ၊


မောင့်ကိုချစ်တဲ့

ပျော်ရွင်စရာမိသားစုလေးကို ပိုင်ဆိုင်ချင်တဲ့

မျက်ဝန်းလဲဲ့ပြာရီ



ပြီးပါပြီ။



အချစ်နဲ့ ပျော်ရွင်နိုင်ကြပါစေ။

LOVE IS HAPPINESS

ကိုယ်ပိုင်ဓါတ်ပုံများဖြစ်ပါသည်

Patricia Walter ရဲ့ ကဗျာ
poster from http://www.meaningsoflife.com/

မြစ်ဆုံ


























West Virginia သို့















Baltimore တစ်နေရာ















ဝါရှင်တန် ပြတိုက်ထဲက မြန်မာ့ကျောက်စိမ်း