Friday, February 1, 2013

ဟိုဘက်က ဒီဘက်က


မိုးရွာထဲမှာပင် လွယ်ထူး တစ်ယောက် နောက်ထပ် မျှစ်ထုပ်ကြီးတစ်ခု ထပ်တွေ့ပြန်သည်၊ မျှစ်ထုပ်ကြီးတွေ ရရှိသောကြောင့် ဖြစ်ပေါ်လာသော ဝမ်းသာမှုသည် သူ့ပတ်ဝန်းကျင်ကို ခဏမေ့သွားခဲ့သည်၊ ပြီးမှ ဒီနေရာကို ဟိုဘက်က ကောင်တွေလည်း လာနိုင်သေးသည်ကို သတိရပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်မိသည်၊ အဲဒီအချိန်မှာတော့ အပင်တွေကြားမှာ ကာဘိုင်တစ်လက်ဖြင့် သူ့ကိုချိန်ထားသော သူတစ်ယောက်ကို တွေ့လိုက်ရသည်၊ သူ ဘာမှလုပ်လို့မရ ပုဆိုးစလွယ်သိုင်းထဲတွင် မျှစ်တွေ၊ အင်ဥတွေနှင့် အရွက်တစ်ချို့၊ လက်ထဲတွင်လည်း မျှစ်ထုပ်ကြီးသုံးထုပ်နှင့် သူရဲ့ အမ်၁၆ သေနတ်က နောက်ကို လွယ်ထားမိသည်။

‘မင်း ဟိုဘက်က မဟုတ်လား’ဆိုပြီး၊ သူ့ကို သေနတ်နဲ့ ချိန်ထားသောသူက သူနားလည်သော ဘာသာစကားနဲ့ မေးလာသည်၊ ဟုတ်တယ်လို့ ပြန်ဖြေလိုက်ပြီး ထိုသူကိုကြည့်နေလိုက်မိသည်၊ ‘မင်းဘာလာလုပ်တာလည်း’ ဗမာလိုမေးပြန်သည်၊
“ငါ အစာလိုက်ရှာနေတာ”လို့ ပြန်ဖြေလိုက်သည်၊
‘ငါလည်း ဟင်းစားလိုက်ရှာနေတာ’ဆိုပြီး ချိန်ထားတဲ့ သေနတ်ကိုချကာ ထိုသူအပင်တွေကြားက ထွက်လာသည်၊
ဒီအခါမှသာ လွယ်ထူး သက်ပြင်းချလိုက်မိသည်၊ မိမိတို့သည် ရန်သူများ မဟုတ်ကြပါလား။

ထွက်လာသူက ဟိုဘက်က နှစ်ရစ်ရှိသောသူ တစ်ယောက်ဖြစ်သည်၊ သူ့နောက်ပလိုင်းထဲမှာတော့ အရွက်တစ်ချို့ကို တွေ့ရ၍ ဟင်းစားလိုက်ရှာနေတာ ဖြစ်နိုင်သည်၊ ထိုအချိန်တွင် မိုးတွေ သဲကြီးမဲကြီး ရွာချလိုက်ပြန်သည်၊
ထိုသူက ‘ကောင်လေး လာ ဟိုအပင်ကြီးအောက် သွားခိုရအောင်’ ပြောလာသဖြင့် လွယ်ထူးလည်း မိုးခိုရန်လိုက်သွားမိသည်၊ လွယ်ထူးတို့နှစ်ယောက် အပင်မြစ်စုံတွင် ထိုင်ကာမိုးခိုနေကြသည်၊ သူ့ရဲ့မျှစ်တွေကိုကြည့်ပြီး ‘မင်းတော်တော်ရနေပြီပဲ’လို့ ထိုသူကမေးလာသည်၊
“ဒီနေရာက ငါရှာနေကြလေ” လွယ်ထူးကပြန်ဖြေလိုက်သည်၊
“ဒါနဲ့ မင်း ငါတို့စကား တတ်သလား” လွယ်ထူးက မေးလိုက်သည်၊
‘ငါကမြစ်ဝကျွန်းပေါ်ကလေ’ ထိုသူပြန်ဖြေလေသည်၊
“ဟုတ်လား” ဆိုပြီး ခေါင်းငြိမ့်လိုက်သည်၊ တကယ်တော့ မြစ်ဝကျွန်းပေါ်ဆိုတာ ဘယ်နားမှာလဲ လွယ်ထူးမသိပါ။

ခဏကြာ ထိုသူသည် သူ့လက်ကျန် ဆေးပေါ့လိပ်ကို မီးညှိပြီးဖွာလေသည်၊ မီးခိုးတွေ ထွက်လာတိုင်း လွယ်ထူး မနေနိုင် မထိုင်နိုင်ဖြစ်နေမိသည်၊ ဆေးလိပ်ပြတ်နေတာ မိုးတွေတအား စရွာတဲ့နေထဲကပေါ့၊ ထိုသူက မိမိကို ကြည့်ပြီး ဆေးလိပ်တိုကို လှမ်းပေးလိုက်သည်၊ ‘ဖွာလေကွာ အချမ်းပြေပေါ့’ လို့ ပြောလိုက်သေးသည်၊ လက်ကလှမ်းယူပြီး ပါးစပ်က ဟုတ်ကဲ့လို့ ထွက်သွားမိသည်၊ လွယ်ထူး အဆက်မပြတ် ဖွာနေမိသည်၊ “ငါတို့ဆီ ဆေးလိပ်၊ ကွမ်းပြတ်နေတာ တစ်လလောက်ရှိပြီ”၊ လွယ်ထူး ထိုသူကိုပြောလိုက်မိသည်၊
‘ငါတို့ က ဟင်းစားပြတ်နေတာ တစ်လမကတော့ဘူး မွေးထားတာတွေလည်း မိုးများလို့သေကုန်ပြီ ငါးပိနဲ့ ညားနေတာကြာလို့၊ ငါ အရွက်တွေ ဥတွေ ဘာတွေ ရမလားလို့ လိုက်ရှာတာ’၊ ထိုသူကဆိုလာသည်၊
“ဒီနှစ်ကမိုးများတယ်” လွယ်ထူးက ပြန်ပြောလိုက်သည်၊
“ငါတို့က ဆန်တောင် မရှိတော့ဘူး၊ လူနာအတွက်ချန်ထားတာပဲ ရှိတော့တယ်၊ ငါတို့ ထမင်း ကောင်းကောင်းမစားရတာ တစ်လလောက်ရှိပြီ၊ မျှစ်တွေဥတွေပဲ၊ တစ်ခါတစ်လေ ဆန်ပြုတ်ပေါ့” လွယ်ထူးက ဆက်ပြောလိုက်သည်၊
‘မိုးတအားသည်းနေတော့ ရိက္ခာဖြည့်လည်း မရောက်လာဘူးလေ လာမယ်လာမယ်နဲ့ နှစ်လကျော်သွားပြီ၊’ ထိုသူကပြောလိုက်သည်၊
လွယ်ထူးက “ဟုတ်တယ် ရွာကလည်းဝေးတယ်လေ ရွာတွေကလည်း နည်းနည်းပြောင်းလည်းနေပြီ ငါတို့သွားရင် လူကြီးတွေကို တိုင်လားတောလား လုပ်တယ်၊ လူကြီးတွေကလည်း ငါတို့ကို လှမ်းကြိမ်းတော့တာပါ၊ အရင်နဲ့ မတူတော့ဘူး”၊
‘ရွာတွေက ခုအတိုင်အတော ထူလာကြပြီ၊ ခုတလော သမ္မတဆီကို ဥက္ကဋ္ဌဆီကို လှမ်းတိုင်တာတွေ ခေတ်စားနေတယ်၊ မိုးမတိုင်မှီ တစ်စုပြန်သွားလို့ ငါတို့တော့ ဆန်တွေလုံလောက်တယ်၊ ငါ့အကောင်တွေလည်း ငါးပိသတ်သတ်လွတ်ဖြစ်နေပြီ’၊ ထိုသူပြောတာကို နှစ်ယောက်လုံး ဘာရယ်မဟုတ် ရယ်လိုက်မိကြသည်။

မိုးသည် နည်းနည်းစဲသွားပြီဖြစ်သည်၊ ဘယ်အချိန် ပြန်သည်းလာမည် မသိနိုင်ပါ၊ ဒီဒေသသည် မိုးတွင်းတွင် မိုးအဆက်မပြတ်ရွာသော ဒေသမဟုတ်ပါလား၊ ‘မိုးစဲပြီကွာ ရော့ပေါ့လိပ်နှစ်လိပ် ငါဆက်ရှာလိုက်ဦးမယ်’၊ ထိုသူက ဆေးပေါ့လိပ်တွေ ထုတ်ပေးရင်းပြောသည်၊
လွယ်ထူးကလည်း “ဒီမျှစ်ထုပ်ကြီး နှစ်ထုပ်ယူသွားလေ”၊
‘ဒါဆိုယူသွားမယ် ငါ့အကောင်တွေတော့ ဒီနေ့ ဝမ်းသာတော့မယ်ဟေ့’၊ ထိုသူပြောရင်းထွက်သွားသည်၊ တစ်လှမ်းနှစ်လှမ်း လှမ်းပြီး ထိုသူ လွယ်ထူးထံသို့ ပြန်လှည့်လာသည်၊ ပြီးနောက် လွယ်ထူးကို တိုးတိုးနဲ့စကားတွေပြောကာ ထွက်သွားတော့သည်။

--------------------------------

ထွက်သွားသော ဟိုဘက်ကသူကို ကြည့်ပြီး၊ လွယ်ထူး ခေါင်းထဲ အတွေးတွေ ဝင်လာတော့သည်၊ ဒီအဖွဲ့အစည်းထဲကို လွယ်ထူး ၁၄နှစ်သားထဲက ရောက်လာခြင်း ဖြစ်ပါသည်၊ အထူးအဆန်းတော့မဟုတ်ပါ သူတို့တစ်ရွာလုံးသည် ဒီအဖွဲ့အစည်းဝင်တွေ မဟုတ်ပါလား၊ မွေးကတည်းက ရွာသည် အကြိမ်ပေါင်းများစွာ ပြောင်းခဲ့ရသည်၊ ပြီးခဲ့သော လေးနှစ်က လွယ်ထူး ဒီဘက်ကိုရောက်လာခဲ့သည်၊ စခန်းတွေ တစ်စခန်းပြီး တစ်စခန်း ပြောင်းရသည်၊ ခု ဟိုဘက်ကသူ နေနေသော စခန်းသည် အရင်တုန်းက သူတို့စခန်းကြီးဖြစ်သည်၊ လူရှစ်ဆယ်လောက် နေလို့ရသည်၊ ပြီးခဲ့သောနှစ်ပိုင်း တိုက်ပွဲတွေမှာ စခန်းတွေ ဟိုဘက်ကို ကျသွားခဲ့သည်၊ ခုနေသော စခန်းကိုပင် ပြောင်းဖို့လုပ်ပြီးမှ ပြောင်းစရာ မလိုတော့၊ တစ်ချိန်ထဲမှာပင် ဟိုဘက်ကို သွားပစ်စရာ သွားတိုက်စရာမလိုတော့၊ ဟိုဘက်ကလည်း လာတိုက်မည်မဟုတ်ဟု လူကြီးတွေ အကြောင်းကြားလာသည်၊ အပစ်အခတ်ရပ်လိုက်တာလို့ စခန်းက ဖထီးကဆိုသည်၊ ရပ်ခါ စက ပစ်ကြခတ်ကြသေးသည်၊ လူကြီးတွေက ဖထီးကို အပြင်းအထန် သတိပေးလာသည်၊ နောက်ထပ်အကြောင်းမကြားမချင်း မတိုက်ရဆိုသည်၊ ဒီလို ဒီလိုနဲ့ မိုးတွင်းကိုရောက်လာခဲ့သည်၊ အရင်တုန်းက တိုက်ရင်းခိုက်ရင်း ရွာတွေကိုဖြတ်ရ၍ ရွာတွေက ရိက္ခာရသည်၊ ခုတော့ ရိက္ခာကို စီစဉ်ပေးမည် ဆိုသော်လည်း မရောက်လာ၊ ရောက်လာသော်လည်း အနည်းငယ်သာဖြစ်နေသည်၊ ရွာပြန်ချင်တယ် ပြောသူတွေလည်း များလာသည်၊ ဖထီးလည်း လူနှစ်ဆယ်ကျော်ကို ထိန်းထားရသည်။

လွယ်ထူးသည် ဟိုဘက်က သူပြောလိုက်သော စကားကို ဖထီးကို ပြန်ပြောလိုက်သည်၊ ဖထီးသည် သူပေးလိုက်သော ဆေးပေါ့လိပ်ကို ဖွာပြီးစဉ်းစားနေသည်၊ ပြီးနောက် ဖထီးက မင်းပဲ ရော်ဂျာတို့ကို ခေါ်ပြီးသွားလိုက် ဘာတွေယူသွားရမယ်ဆိုတာ နောက်မှငါပြောမယ် ဆိုသည်၊ ထိုနေ့ညက လွယ်ထူး မမက်စဖူး အိမ်မက်မက်လေသည်၊ အိမ်မက်ထဲတွင် မရောက်ဖူးသော တစ်နေရာသို့ လွယ်ထူး ရောက်သွားသည်၊ နိုးလာတော့ အိမ်မက်ထဲက နေရာသည် မြစ်ဝကျွန်းပေါ်ဆိုတာ ဖြစ်မယ်လို့ လွယ်ထူး စိတ်ထဲက ထင်ပစ်လိုက်သည်။
……………………………….

အချိန်းအချက်လုပ်ထားသော နေရာသို့ ဟိုဘက်က သူတွေထက် အရင်ရောက်အောင်သွားမည်ဟု လွယ်ထူး ဆုံးဖြတ်လိုက်သည်၊ ဒီအတွက် လွယ်ထူးတို့ စောစောပင် ထွက်လာကြသည်၊ ချိန်းထားသော အချိန်ထက် နှစ်နာရီလောက် စောရောက်နေသည်၊ လွယ်ထူးကတော့ အေးအေးဆေးဆေးပင် နားနေလိုက်သည်၊ ပါလာသော နှစ်ယောက်က ကင်းပုန်းဝပ်နေကြသည်၊ တစ်နာရီလောက်နေတော့ ရော်ဂျာက ဟိုဘက်ကတက်လာပြီ ဆိုပြီး အဆင့်သင့် နေရာယူလိုက်သည်၊ လွယ်ထူးလည်း သွားကြည့်လိုက်ရာ တစ်ယောက်ထဲ တောတိုးလာနေသော ဟိုဘက်ကသူကို တွေ့ရသည်၊ တဖြည်းဖြည်းနဲ့ ဟိုဘက်ကသူ လွယ်ထူးတို့နား ရောက်လာသည်၊ လွယ်ထူးတို့ဝပ်နေသည်ကို မြင်သည့်အလား ‘ကောင်လေး’ဆိုပြီး အော်ခေါ်လိုက်သည်၊ လွယ်ထူးလည်း “ဝေး” လို့ထူးပြီး ဝပ်နေရာက ထလာသည်၊ ရော်ဂျာတို့ကို မင်းတို့တွေနေခဲ့ဦး ဆိုပြီး မှာခဲ့သည်။

ဟိုဘက်ကသူက ‘မင်းတို့ရောက်နေတာ ကြာပြီလား’ “မကြာသေးပါဘူး”လို့ ပြောကြရင်း နှစ်ယောက် မျက်နှာချင်းဆိုင်မိကြသည်၊ ‘အဆင်ပြေတယ်မဟုတ်လား’ ဟိုဘက်ကသူက မေးလိုက်သည်၊
“အဆင်ပြေတယ်လေ” လွယ်ထူးပြန်ဖြေလိုက်သည်၊ ဟိုဘက်ကသူက လေချွန်သံ နှစ်ချက်ပေးလိုက်ရာ  တောထဲက ဟိုဘက်ကနှစ်ယောက် ထပ်ထွက်လာသည်၊ သူတို့သယ်လာသော ပစ္စည်းတွေကို လွယ်ထူးရှေ့တွင် ချလိုက်သည်၊ လွယ်ထူးလည်း ရော်ဂျာတို့ဘက်လှည့်ရင်း ဟေ့ကောင်တွေ သယ်ထုတ်ခဲ့တော့လို လှမ်းပြောလိုက်သည်၊ ရော်ဂျာတို့လည်း ပါလာသော ပစ္စည်းတွေကို ဟိုဘက်ကသူရှေ့ ချပေးလိုက်သည်။

ပစ္စည်းတွေကိုကြည့်ပြီး အားလုံးပျော်ရွှင်နေကြသည်၊ ‘ကောင်းကွာ ကျေးဇူးကွာ’ ဆိုပြီး၊ လွယ်ထူးနှင့် ဟိုဘက်ကဆရာတို့ တစ်ယောက်နဲ့ တစ်ယောက်ဖက်လိုက်ကြသည်၊ တကယ်တော့ လွယ်ထူးတို့ဘက်က ဝက်တစ်ကောင်နှင့် အသားခြောက်များ၊ ဟိုဘက်က ဆန်တစ်အိတ်နဲ့ အလဲအလှယ်လုပ်ဖို့ စီစဉ်ခဲ့ကြခြင်းဖြစ်သည်၊  “ဒီကြက်နှစ်ကောင်က မင်းတို့ ဆရာကြီးအတွက် ဖထီးထည့်ပေးလိုက်တာ”၊ လွယ်ထူးက ပြောလိုက်တော့၊
ဟိုဘက်ကသူကလည်း ‘ဒီမှာလည်း ကွမ်းတွေနဲ့ ဆေးပေါ့လိပ်နှစ်စီး မင်းဖထီးအတွက်’ ဆိုပြီး အထုပ်တစ်ထုပ်လှမ်းပေးလိုက်သည်၊ ‘ရော့ ဒီမှာ ငါလက်ဘက်ရည် ဖျော်လာတာ တစ်ယောက်တစ်ငုံစီသောက်ကြ အမောပြေပေါ့’၊ ဟိုဘက်ကသူက ဆိုလိုက်သည်၊ ဟမ်းကောချိုင့်ထဲက လက်ဘက်ရည်ကို တစ်ယောက်တစ်လှည့်စီ အားလုံးသောက်နေကြသည်၊ ဟိုဘက်ကသူက သူ့လူတွေကို ‘ဟိုဘက်ကကောင်တွေကို များများပေးသောက်လိုက်လေ မင်းတို့က ငါဖျော်တာသောက်နေကျ မဟုတ်လား’ လှမ်းပြောလိုက်သည်။

မကြာခင် ဟိုဘက်ကသူက ထရပ်လိုက်ပြီး၊ ‘ထစမ်းကောင်လေး ခုငါက မင်းကို ဟိုဘက်ကလို့ ပြောတယ်၊ မင်းကလည်းငါကို ဟိုဘက်ကလို့ ပြောတယ်၊ တကယ်တော့ ငါတို့က တစ်ဘက်စီ ရပ်နေကြတာကို၊ ဒါကြောင့် ဟိုဘက် ဒီဘက် ဖြစ်နေကြတာပေါ့’၊
‘ခုမင်းနဲ့ငါ တူတူရပ်လိုက်ပြီ၊ အတူတူဖြစ်သွားရင် ဟိုဘက်ကဆိုတာ ရှိဦးမလား၊ ဒီဘက်ကပဲ ဖြစ်သွားတာပေါ့’၊
‘ငါထင်ပါတယ်လေ မကြာခင် အချိန်အတွင်းမှာတော့ မင်းနဲ့ငါနဲ့ အလံတစ်ခုအောက်မှာ အတူတူဖြစ်ကြမှာပါ အသွင်တစ်မျိုးနဲ့ ဖြစ်ရင်ဖြစ်မှာပေါ့၊ အချိန်အခါက တောင်းဆိုနေပြီ၊ အတူတူဖြစ်သွားကြတဲ့အခါ ဟိုဘက်ဒီဘက်ဆိုတာ မရှိတော့ဘူးလေ’၊
“ဟုတ်လား ဒါဆို ငါ မင်းပြောတဲ့ မြစ်ဝကျွန်းပေါ်ကို သွားကြည့်လို့ ရပြီပေါ့”၊ လွယ်ထူးက မေးလိုက်သည်၊
‘ရပြီပေါ့ ကောင်လေး၊ ဒီနိုင်ငံအတွင်းမှာ ဘယ်နေရာမဆို မင်းသွားလို့ရပြီပေါ့’၊ ဟိုဘက်ကသူက ဆက်ပြောပြန်သည်၊
‘ကောင်လေး ငါတို့ အတူတူဖြစ်သွားတဲ့ အချိန်မှာ “ဟိုဘက်က” ဆိုတာ ပြောင်းသွားပြီ၊ မင်းဒီတောင်တန်းတွေကို ကျော်ပြီးကြည့်တတ်ရင် အဲဒီမှာ ဟိုဘက်ကရှိလိမ့်မယ်၊ သူတို့ တစ်နိုင်ငံလုံးက ငါတို့ဆီက စွမ်းအင်တွေနဲ့မီးလင်းနေတာ၊ ငါတို့ အချင်းချင်းကို ဟိုဘက်ဒီဘက် အမြဲဖြစ်ချင်နေတဲ့ သူတွေပေါ့’၊
‘အဲဒီလိုပဲ အပေါ်ဘက်မှာ မဟာအင်အားကြီး ဟိုဘက်ကတွေ ရှိတယ်၊ သူတို့လည်း သူတို့အကျိုးအတွက် ငါတို့ အချင်းချင်းကို ဟိုဘက်ဒီဘက် ဖြစ်ချင်ကြတယ်’၊
‘အနောက်ဘက်မှာတော့ ကလိန်ကကျစ် ဟိုဘက်က ဆိုတာရှိတယ်၊ သူ့လူတွေကို ငါတို့လူတွေဆိုပြီး လိမ်ညာသွင်းနေတဲ့ စက်ဆုပ်စရာကောင်းတဲ့ ဟိုဘက်ကပေါ့’၊
‘အဲဒီ ဟိုဘက်ကတွေကို ယှဉ်နိုင်ဖို့ရာ ငါတို့ အချင်းချင်းက ဟိုဘက်ဒီဘက် မဟုတ်ပဲ အတူတူဖြစ်ဖို့ အရေးကြီးတယ်၊ အတူတူဆိုတာ မင်းလည်းအတူတူ၊ ငါလည်း အတူတူ၊ တန်းတူရည်တူကိုခေါ်တာ’၊ 
 ‘ဒါ ငါနားလည်သလို မင်းကိုပြောပြတာ’၊
ထိုအချိန်တွင် ဟမ်းကောချိုင့်ထဲက လက်ဘက်ရည်ကတော့ တစ်ယောက်တစ်ငုံစီ သောက်လို့ကုန်သွားခဲ့ပါပြီ။

ရန်သူဖြစ်ကြသော သူတို့သည် ဆန်ထဲတွင် အဆိပ်ခတ်ထားမည်၊ အသားခြောက်တွေထဲတွင် အဆိပ်ခတ်ထားမည် မစဉ်းစားမိကြတော့ပါ၊ ဒီအရာကို ယုံကြည်မှုလို့ ခေါ်ရမည် ဖြစ်ပါသည်၊
သူတို့ နှစ်ယောက်၏ ယုံကြည်မှုသည်၊ သူတို့တစ်စု၏ ယုံကြည်မှုကိုဖြစ်စေသည်၊ တစ်စု၏ ယုံကြည်မှုသည် တစ်ဖွဲ့လုံးကို ဖြစ်စေသည်၊ ထိုသည်မှသည် အားလုံး၏ ယုံကြည်မှုကို ဖြစ်စေပါလိမ့်မည်။


တနင်္သာရီ တောတွင်း တစ်နေရာတွင် သေဆုံးသွားသော သူငယ်ချင်း စောတင်စိုးသို့ အမှတ်တရ၊ 

အမှတ်တမဲ့ ရိုက်ဖြစ်ခဲ့သော ဓါတ်ပုံများဖြစ်ပါသည်။

sosegado